နှစ်လည်အထိမ်းအမှတ် အလှူ
စာမိတ်ဆက်
ဒီနေ့သည် ၂၀-၅-၂၀၁၂ တနင်္ဂနွေနေ့ ဖြစ်သည်။ လာလှူနေကျ မိသားစုအတွက် ပို့စ် မရေးဖြစ်တာ ကြာပြီ၊ လာလှူကြတဲ့ မိသားစုရဲ့ စေတနာ မေတ္တာ အလှူတွေကလဲ ပြောလို့ မကုန်နိုင်အောင်ပါပဲ။ ဘာလုပ်လုပ် ဘုန်းကြီးရဟန်းတွေ အတွက်ပဲ စဉ်းစားတတ်တဲ့ မိသားစုဖြစ်ပါသည်။ ဘယ်သွားသွား ပြန်လာရင် ဘုန်းကြီး ရဟန်းတွေအတွက် လှူဖို့ တနင့်တပိုးကြီး သယ်လာတတ်သည်။ ကောင်းမှုကုသိုလ်ကိုလဲ အကြောင်း အမျိုးမျိုးရှာပြီး ပြုလေ့ရှိသည်။ ဒါဟာလဲ သဒ္ဓါတရားရှိသူတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲလို့ ပြောရမှာ ဖြစ်သည်။ စာရေးသူတို့ ဘုံဘေမြို့ စောမယကောလိပ် သုတေသနဌာနတွင် Ph.D အတွက် သုတေသန စာတမ်းရေးနေကြတဲ့ မြန်မာရဟန်းတော် ၂၀ ၀န်းကျင်တို့အား တစ်ပတ်ခြား ဆွမ်းဟင်းများ၊ စားစရာများ၊ ဆန်များ စသည်တို့ကို လာရောက် လှူလေ့ရှိသည်။ ယခုအခါလဲ အကြိမ်အရေတွက်လဲ မမှတ်မိတော့ပြီ၊ တနှစ်လဲပြည့်သွားပြီ၊ တစ်လ ၂ ကြိမ် လာရောက်လှူလေ့ရှိသည့် မိသားစုအတွက် ဂုဏ်ပြုပို့စ်အဖြစ် ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးလိုက်ရပါသည်။ မိသားစုထဲက တစ်ယောက်ယောက်၏ မွေးနေ့အတွက် လာလှူလိုက်၊ သူငယ်ချင်းမွေးနွေ့အတွက် လာလှူလိုက်နဲ့ အကြိမ်လဲ မရေမတွက်နိုင်အောင်ပါပဲ။ ကနေ့တော့ လွန်ခဲ့တဲ့ ၂၄ နှစ်က ကွယ်လွန်သွားတဲ့ အဖေဖြစ်သူ ဒကာကြီး ဦးတင်လှအတွက် အထူးအလှူဖြစ်ပါသည်။ ထိုမိသားစုအတွက် အလှူဒါနသည် သံသရာ အတွက် လမ်းဖြောင့်စေသည့် ဓမ္မဒါနပို့စ်ဖြင့် ဂုဏ်ပြုလိုက်ရပါသည်။စာမိတ်ဆက်
စာရေးသူ၏ ဘလော့ဂ်တွင် ဘလော့ဂါတစ်ယောက်၏မွေးနေ့မှာ တစ်သက်တာအမှတ်ရစေမည့် အရာများကို ရေးခဲ့ဖူးသည်။ ထိုထဲတွင် သတ္တ၀ါအားလုံးသေရမည်ဆိုတာ အမှတ်တရဖြစ်စေရမည် ဆိုတာလဲပဲ ဖြစ်သည်။ ထိုပို့စ်ထဲတွင် လူတွေက ကိုယ့်ရဲ့ မွေးနေ့ကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ပြီး မွေးနေ့ကို အမှတ်တရဖြစ်စေကြသည် ဆိုတဲ့အကြောင်း ရေးခဲ့ဖူးသည်။ သို့သော်လည်း သေရမည့်အရေးကိုတော့ အမှတ်တရဖြစ်စေမည့် ပုံရိပ်ကိုတော့ ပုံဖော်၍ လုပ်လေ့ရှိသူ အနဲအကျဉ်းတော့ရှိကြမည်။ “လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သတ္တ၀ါတွေသည် နှစ်တစ်ရာအတွင်း သေရမည်ဆိုတာကို လွန်ခဲ့သော ၂၄နှစ်က ဆုံးသွားသော ဒကာဦးလှထွန်းက ပြောပြသွားသည်။ ဒီကနေ့ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့က သေရမည်ဆိုတာကို မမေ့ကြ၊ ထိုသို့မမေ့အောင်လဲ စောမယကောလိပ်ရှိ ဒေါက်တာအလောင်းအလျာတို့အား ဆွမ်းအစရှိသော လှူဖွယ်တို့ဖြင့်ဆက်ကပ်ခြင်း သီလယူခြင်း ပရိတ်တရားများနာယူခြင်း ၃၁ ဘုံသားတို့အား ကောင်းမှုအစုစုတို့ကို ဝေငှခြင်းစတဲ့ ကောင်းမှုတို့ဖြင့် ဖခင်ဖြစ်သူရဲ့ ၂၄ နှစ်မြောက် သေနေ့ကို အမှတ်တရဖြစ်စေသည်။ ဒါကိုပဲ မရဏဿတိ ဘာဝနာကို ပွားများပြီးဖြစ်သည်။ ထိုမရဏဿတိ- သေခြင်းသဘောတရားကို အမှတ်ရခြင်းသည် သေခြင်းကို ရင်ဆိုင်ရာဝယ် လက်နက်ကောင်း တစ်ခု ဖြစ်သည်။ ရှောင်လွဲလို့ မရတဲ့ လမ်းကျဉ်းလေးမှာ လက်နက်မပါ သော ယောက်ျားတစ်ယောက် အဆိပ်ပြင်းမြွေနဲ့ ရင်ဆိုင်ရသလို ချွေစီးချွေပေါက်များကျလျက် ကြောက်ဒူးတုန်နေသလို မရဏဿတိတည်းဟုသော ဘာဝနာလက်နက်မပါလာပါက သေမင်းနဲ့ ရင်ဆိုင်ရသော် အကြောက်တရားကြောင့် ယောင်ယောင်ကမ်းကမ်း ဖြစ်တတ်သည်။ ထိုဘာဝနာ လက်နက်ပါသူမှာကား သေခြင်းသဘောတရားကို အကြောက်တရားကင်းစွာ ကောင်းကောင်း ရင်ဆိုင်နိုင်သည်။ ဒီကနေ့ အလှူရှင်များက ထိုသေခြင်းတရားကို အလှူဒါနပြုခြင်း သီလဆောက်တည်ခြင်း စသော ကောင်းမှုများဖြင့် ပုံဖော်အမှတ်ရစေသည်မှာ အကြောက်တရားကင်းစွာ သေခြင်းကို ရင်ဆိုင်နိုင်တဲ့ လက်နက်ကောင်းတစ်ခု ရယူလိုက်ခြင်းဖြစ်သည်။
လမ်းဖြောင့်စေသော ဒါန
ဘ၀သံသရာ ကျင်လည်ကြရာဝယ် ပေးကမ်းခြင်း (ဒါန)သည် ဘယ်အတိုင်းအတာအထိ အရေးပါသနည်းဆိုတာ စဉ်းစားဖို့လိုအပ်သည်။ တကယ်တော့ စာရေးသူ၏ဆိုက်ထဲမှာ တော်တော်များများ ရေးခဲ့ပြီးပြီဖြစ်သည်။ သံသရာကို ရှည်စေတဲ့ ဒါန သံသရာကိုပျက်စေတဲ့ သို့မဟုတ် တိုစေတဲ့ ဒါန အကြောင်းကို ၀ဋ္ဋနိဿိတကုသိုလ် ၀ိဝဋ္ဋနိဿိတ ကုသိုလ်ဖြင့် ရေးထားပြီး ဖြစ်သည်။ပေးကမ်းခြင်းက လမ်းဖြောင့်စေတယ်ဆိုတာလဲ အမှန်ဖြစ်သည် (ဒါနံ ဥဇုဂတံ မဂ္ဂံ)။ သတ္တ၀ါတွေဆိုတာ ပေးကမ်းရင် ကြိုက်ကြသည်၊ ချစ်ကြသည်။ နေရာ အတော်များများမှာ ပေးကမ်းပြီး သွားရင် ကိုယ်သွားချင်တဲ့ လမ်းကြောင်း ဖြောင့်နေတတ်သည်။ အတားအဆီး အပိတ်အပင်နေရာတွေမှာလဲ ပေးကမ်းလိုက်ရင် လမ်းကြောင်းက ပွင့်သွားသည်။ လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာ ထိုနည်းသည် အကောင်းဆုံးဖြစ်သည်။
စာရေးသူတို့အဆောင်မှာကား လုံခြုံရေးတင်းကျပ်သည်၊ သူစိမ်းဧည့်သည် ၀င်ထွက်လို့ မလွယ်ကူ၊ အဆောင်သည် ၇ ထပ်အဆောင်ဖြစ်သည်၊ အောက်ဆုံး မြေညီထပ်မှာကား Mess ထမင်းစားဆောင်နှင့် ရုံးခန်းရှိသည်၊ ပထမထပ်နှင့်ဒုတိယထပ်မှာကား အမျိုးသမီးကျောင်းသူလေးများသာ ဖြစ်သည်၊ ကျန်အပေါ်ထပ်များသည် အမျိုးသားကျောင်းသားအတွက်ဖြစ်သည်၊ ထိုအဆောင်တစ်ခုတည်းမှာပင် ကျောင်းသား ၃၀၀ နီးပါးရှိမည်။ အသား ငါး မချက်ရ၊ ကွမ်းမစားရ၊ အရက်သေရည် မသောက်ရ၊ ဆေးလိပ်မသောက်ရဆိုတဲ့ စည်းကမ်းကလဲ အလွန်တင်းကြပ်သည်။ စာရေးသူတို့အဖွဲ့မှာ တစ်ရက်ခြား အသားဟင်းများ ချက်စားလေ့ရှိသည်၊ တခါက အမှတ်တမဲ့နဲ့ ငါးအရိုးတွေ အများသုံး အမှိုက်ပုံထဲ ထည့်မိရာက ပြဿနာ အကြီးအကျယ်ဖြစ်ဖူးသည်။ ဒါရိုက်တာတွေထိ ရောက်သွားသည်။ သို့သော်လည်း အထက်က နိုင်ငံခြားသားဖြစ်နေ၍ သိပ်ပြီး မတင်းကြပ်ပဲ ခက်လျှော့လျှော့တော့ ပြောသည်၊ အိန္ဒိယ ကျောင်းသားများကို တင်းကြပ်စွာ သက်မှတ်ထားသည်၊ တခါတရံ အခန်းတွေ ၀င်စစ်တတ်သလို အဆောင်အ၀င်မှာ အိပ်တွေ ဖွင့်ပြခိုင်းတတ်သည်။ ထိုအခက်ခဲတွေ အဆင်ပြေအောင် လုံခြုံရေးနှင့် သန့်ရှင်းရေးသမားကို စားစရာလေးတွေ ပေးကမ်းရသည်။ ဒါလဲ လမ်းဖြောင့်စေသည်။ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့မိသားစုက တစ်ပတ်ခြား အဆောင်ကို လာလေ့ရှိသည်၊ လာရင် အသားဟင်း ၃ ခွက်လောက် အပါး ၂၀ စာ ပါလာသည်။ လမ်းဖြောင့်အောင် အဆောင် လုံခြုံရေးကို မုံ့ထုတ်လေးတွေ ပေးတော့ လမ်းကို ဖြောင့်လို့နေတာပဲ။ ဒါလဲ ပေးသူ၏ စေတနာနဲ့ တာဝန်ရှိသူတို့ စေတနာ အပြန်အလှန် နားလည်ပေးလိုက်ခြင်းပဲ ဖြစ်သည်။
အဆောင်၏အပေါက်မှာသာ လုံခြုံရေး ရှိသည်မဟုတ်သေး ကောလိပ်တစ်ခုလုံးရဲ့ ၀င်ပေါက်ထွက်ပေါက်တွေမှာ လုံခြုံရေးတွေရှိသည်၊ ကျောင်းသားမဟုတ်ရင် ကောလိပ်ထဲ ၀င်ခွင့်မရှိ၊ အိန္ဒိယကျောင်းသားတွေဆို စစ်ဆေးလေ့ရှိသည်၊ ကျောင်းသားကဒ် အမြဲဆောင်ထားရသည်။ သို့သော် စာရေးသူတို့မှာက အဲဒီအခွင့်ရေးရပြန်သည်၊ ကားပေါ်ကနေ ခေါင်းလေးထုတ်ပြပြီး လက်ပြလိုက်ရင် လုံခြုံရေးက ဘယ်အချိန်မဆို တံခါးဖွင့်ပေးသည်။ ဤကား စာရေးသူတို့အဖွဲ့ရဲ့ တခါတရံ ငှက်ပျောသီးများ ၀ယ်ပြီး ပေးကမ်းတတ်တဲ့ အစွမ်းကြောင့်ပင်ဖြစ်သည်။ ပေးသူ လက်ခံသူတို့၏ အပြန်အလှန် စေတနာတွေကြောင့် လမ်းဖြောင့်သည်။ ထိုနည်းတူစွာ နေရာတိုင်းမှာလဲ ပေးကမ်းရင် လမ်းဖြောင့်နေတာတော့ အမှန်ပင်ဖြစ်သည်။
သံသရာတကွေ့မှာလဲ ထို့အတူပဲ ပေးကမ်းသူတွေအတွက် သံသရာမှာ ဘာအနှောက်အယှက်မရှိဘဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်သို့ ဖြောင့်မတ်စွာ ရောက်နိုင်သည်။ ဒါနံ သဂ္ဂဿ သောပါနိံ- ပေးကမ်းခြင်းသည် ကောင်းမြတ်တဲ့ဘုံဘ၀အတွက် အဆင်သင့်တက်နိုင်ဖို့ရန် လှေခါးပဲ ဖြစ်သည်။ ပေးကမ်းမှုမရှိသည့်အတွက် မပြည့်စုံ မလုံလောက်တဲ့ ဘ၀ကိုရရှိ၊ အူမတောင့်မှ သီလစောင့်ဆိုတာလို မပြည့်စုံ မလုံလောက်နေသူအတွက် သီလမစောင့်နိုင်၊ စားဝတ်နေရေးအတွက် တိုက်ရသည်၊ ခိုးရသည်၊ လိမ်ညာရသည်၊ အသိဥာဏ်မဲ့တဲ့ ဘ၀ကိုရောက်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ဖြစ်တော့သည်။ ထိုဘ၀မှာကား သူ့အတွက် လမ်းက မဖြောင့်၊ ကြမ်းတမ်း၏။ နောက်ဘ၀ရောက်သော် ကောင်းသော ဂတိရောက်ဖို့ဆိုတာ မလွယ်ကူ၊ အပါယ် ၄ ဘုံရောက်သော ပုဂ္ဂိုလ်တစ်ယောက် အပေါ် ပြန်တတ်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပြန်သည်။ ထိုသူအတွက် ဘ၀သံသရာ လွတ်မြောက်ရေးအတွက် မဂ်ဖိုလ်ဆိုတာ ဝေး၍ ပန်းတိုင်မှ လုံးဝသွေဖယ်ရတော့သည်။ ပေးကမ်းခြင်းမရှိသည်အတွက် ဘ၀ကား ဤမျှ အဟန့်အတားများကြုံရတတ်သည်။ ပန်းတိုင်ရောက်ဖို့ရန် လမ်းက အလွန်ဝေးသည့်အပြင် ကောက်ကွေ့လှ၏။ ထို့ကြောင့် ပေးကမ်းခြင်း ဒါနသည် ဤဘ၀ထိုဘ၀နှင့် ဘ၀ပန်းတိုင်တို့အတွက် လမ်းဖြောင့်စေသည်ကား သေချာသွားတော့သည်။
ဒီကနေ့ ကောင်းမှုလာပြုကြတဲ့ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့ မိသားစုက မိမိတို့၏ ဖခင်အတွက်ရော မိမိတို့အတွက်ပါ ဘ၀သံသရာမှာ ဘာအဟန့်အတားမှ မရှိစေဘဲ ပန်းတိုင်သို့ လမ်ဖြောင့်လမ်းမှန်ဖြင့် ရောက်ဖို့ရန် ကောင်းမှုပါရမီများ ပြုလုပ်ကြခြင်း ဖြစ်သည်။
ဒါနပြုသူ+မပြုသူ
တခါက ကောသလ မင်းကြီး၏ သမီးတော်လေး သုမန ဘုရားထံရောက်လာသည်။ မေးခွန်းတစ်ခု လာမေးဖို့ ရောက်လာခြင်းဖြစ်သည်၊ ဘုရားရှင်သာ ဖြေဆိုနိုင်မည့် မေးခွန်းဖြစ်နေသည်။ မွေးကင်းစ သူမ၏ မောင်လေး မွေးနေ့ တစ်နေ့မှာ စိန်စီပုခက်ပေါ်အိပ်နေတဲ့ သူ့မမောင်လေးက ဘေးနားမှယှဉ်လျှက်ရှိသော အိမ်က အလုပ်သမားရဲ့ သားပုခက်ထဲက ကလေးကို လှမ်းစကားပြောသတဲ့။ “သူငယ်ချင်း- ကြည့်စမ်း အခုတော့ ကောင်းကြသေးရဲ့လား၊ အရင်တုန်းက လှူပါဟဲ့လို့ တိုက်တွန်းခဲ့တုန်းက မလိုပါဘူးလို့ ပြောခဲ့တယ်၊ အခုတော့ ကြည့်စမ်း၊ ငါ့မှာက စိန်စီပုခက်၊ မင်းမှာက အသားပုခက်” ဟုပြောလိုက်တော့ တစ်ဖတ်က ကလေးကလဲ “ဘာထူးလဲကွာ-- မင်းပုခက်ရော ငါ့ပုခက်ပါ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ၊ အတူတူပါပဲကွ” ဆိုတော့ သုမန မင်းသမီးလေးက မွေးကင်းစ ကလေးနှစ်ယောက် စကားပြောတာကို ကြားလိုက်ရသည်၊ စကားက သာမန်စကားမျိုး မဟုတ်ဘဲ ဓာတ်သံ ပရမတ်သံတွေနဲ့၊ ဧကန္တ- ဘုန်းကြီးဝင်စားဖြစ်ရမယ်၊ ခမည်းတော် မယ်တော်တို့ကို ပြောပြရင်လဲ ယုံမှာမဟုတ်၊ ဘီလူးလေးတွေပဲဆိုပြီး သုသာန်ထုတ် သတ်မှာ စိုး၊ ဘုရားမှပဲ ကောင်းကောင်းသိလိမ့်မယ်ဟူသော ယုံကြည်ချက်ဖြင့် ဘုရားထံရောက်။အဲဒီမှာပဲ ဘုရားက ပေးကမ်းခြင်း ဒါနအလေ့ရှိတဲ့ ပုဂ္ဂိုလ်က နတ်ပဲ ဖြစ်ဖြစ် လူပဲ ဖြစ် အသက်ရှည်ခြင်း အဆင်းလှခြင်း၊ ချမ်းသာခြင်း အချွေရံ ပရိသတ်ပေါများခြင်းနှင့် သြဇာအာဏာ ပါဝါ ပိုသာလွန်ခြင်းဆိုတဲ့ အကြောင်းဟောကြားသည်။ ပေးကမ်းတဲ့သူကို လူတိုင်းက ချစ်ကြသည်၊ မြတ်နိုးကြသည်။ ပေးကမ်းတတ်သူဆီမှာ တပည့်ခံချင်ကြသည်၊ အလုပ်လုပ်ချင်ကြသည်၊ မိတ်ဆွေတော်ချင်ကြသည်။ သူ့စကားသည်လည်း အရေးပါ အရာရောက်သည်။ ပေးကမ်းသူ၏စကားကို ယုံကြည်ကြသည်။
ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးကြီးနှင့် ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့သည် သာသနာတော်အတွက် ပေးကမ်းလှူဒါန်းသူများထဲတွင် အများဆုံးဖြစ်မည်။ သံဃာ့မေတ္တာ ရရှိသူများထဲတွင် ထိပ်ဆုံးကပဲဖြစ်မည်။ သာသနာမှာ လူဝတ်ကြောင်များတွင် အရှိန်အ၀ါ သြဇာအရှိဆုံး လူဝတ်ကြောင်များ ဖြစ်နိုင်သည်။ တခါက ကောဏ္ဍဓာန မထေရ်သည် ဆွမ်းခံသွားတိုင်း ၀ဋ်ကြွေးကြောင့် နောက်က မိန်းမတစ်ယောက် လိုက်ပါလေ့ရှိသည်ကို ပတ်ဝန်းကျင်က မြင်သည်၊ သူကားမမြင်။ ရဟန်းတွေက ဒီကျောင်းမှာ သီလမရှိတဲ့ ဒီလို ပုဂ္ဂိုလ် မထားသင့်ဘူးဆိုပြီး ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးကြီးနှင့် ကျောင်းအမ ၀ိသာခါတို့ထံ သွားပြီး သတင်းပို့သည်။ ဤကျောင်းတိုက်မှ နှင်ထုတ်ပေးရန် တိုင်တန်းသည်။ သာသနာအတွက် လိုလေသေးမရှိ ပေးကမ်း လှူဒါန်းသည့် ဒါနအရှိန်သည် သာသနာတော်မှာ သြဇာအာဏာဖြစ်လာသည်။ ဒါနကား ဤမျှမကာ စွမ်းအားကြီးလှပါသည်။
ရဟန်းဖြစ်တော့လဲ ရဟန်းဘ၀မှာ ၀တ်စရာ၊ စားစရာ၊ နေစရာ၊ ကျန်းမာရေးအတွက် ဆေးပစ္စည်းဆိုတဲ့ သာသနာသုံးပစ္စည်း ၄ ရပ် ကို မတောင်းဘဲ မတဘဲ ရနိုင်ပေမဲ့ ဒါနမပါခဲ့သူကတော့ ထိုအတွက် အလှူခံထွက်ရသည်။ ဒါနပါခဲ့သူကတော့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မေတ္တာကို သူများထက် ပိုရရှိသည်။
မြန်မာပြည်သူပြည်သားတွေ သီတဂူဆရာတော်ကြီးကို အဘယ့်ကြောင့် သူများထက် လေးစားကြည်ညိုသနည်း၊ သူများထက် အဘယ့်ကြောင့် ပြည်သူ့ထံမှ ပိုမေတ္တာရရှိသနည်း၊ မေတ္တာ စေတနာဖြင့် ပေးကမ်းခြင်းကြောင့်ကား ၇၅ ရာခိုင်နှုန်းပါမည် ထင်သည်။ ဆရာတော်ကြီးသည် ရသမျှကို အကုန်ပေးသည်။ ဆေးရုံများစွာဆောက်ပြီး ပေးသည်။ ဆေးရုံသုံးပစ္စည်းတွေ ပေးသည်။ တက္ကသိုလ်တွေ ဆောက်၍ပေးသည်။ စာသင်ကျောင်းတွေ ဆောက်ပေးသည်။ ကွန်ပြူတာစသည့် ပညာရေး အထောက်ကူပြု ပစ္စည်းများ ပေးသည်။ သောက်ရေ သုံးရေအတွက် ပေးသည်။ သာသနာတော်အတွက်သာမက လူမှုရေးအတွက်ပါ ပေးကမ်းခြင်းကြောင့် သူများထက် ပိုပြီး မေတ္တာရရှိသည်။ အလားတူ နာရေးကူညီမှုအသင်းအဖွဲ့လိုမျိုး သူတပါးအား ပေးကမ်းသူများက သူတပါးထက် ပိုပြီး မေတ္တာတွေ ရရှိကြသည်။ ထို့ကြောင့် ပေးကမ်းခြင်းသည် သူတပါးထက် ပိုပြီး မေတ္တာရရှိသည်။
နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အရတ္တမဂ် အရဟတ္တဖိုလ်ကိုတော့ သဒ္ဓါ သီလ ပညာ ရှိသူတိုင်း အတူရောက်နိုင်သည်။ ဒါနကား သက်သောင့်သက်သာ ရောက်ခြင်းနှင့် ပင်ပန်းကြီးစွာရောက်ခြင်းသာ ကွာခြားသွားစေသည်။
ဘ၀ရိက္ခာ သို့မဟုတ် လမ်းစရိတ်
ခရီးသွားသူတစ်ယောက် ပိုက်ဆံအိပ် ပါးနေရင် စိတ်ပူရ၊ ခရီးသွားရင်း သူများဝယ်စားသလို မစားနိုင်၊ စိတ်အားငယ်ရသည်။ ပိုက်ဆံ မရှိဘဲ ကား၊ ရထားမစီးနိုင်၊ စီးပြန်နိုင်ရင်လဲ အဆင့်တန်းမြင့်မြင့် မစီးနိုင်ရကား မျက်နှာငယ်ရပြန်သည်၊ “ဒါန မပါ သံသရာ မျက်နှာ ငယ်ရသည်”တဲ့။ အိပ်ဖောင်းနေသူအတွက်ကတော့ အဆင့်တန်းမြင့်မြင့် စားနိုင်၊ အဆင့်တန်းမြင့်မြင့် စီးနိုင်သည်၊ အဆင့်တန်းမြင့်မြင့် သွားနိုင်သည်၊ ရဲရဲရင့်ရင့် သွားနိုင်သည်။ အလားတူပဲ သံသရာ ခရီးသွားသူများ သံသရာစရိတ် ဒါန မပါခဲ့ပါက မျက်နှာငယ်စွာ နေရတတ်သည်၊ ဒါနပါခဲ့မှသာ ပြီးပြည့်စုံတဲ့ ဘ၀သမ္ပတ္တိကို ရရှိမည်၊ သံသရာမှာ မျက်နှာမငယ်ရ၊ ရွာရိုးကိုးပေါက် ထီးထမ်းလျှောက်လျက် ယောင်လည်လည်ဘ၀မျိုး မကြုံရ၊ မော်မော်ကြွားကြွား မော်တော်ကားဖြင့် အငြိမ့်စား အပြန်စား သွားနိုင် လာနိုင်မည်။ “ဒါနပါမှ နောင်ဘ၀ ခေါင်က နေရမည်“ တဲ့။ ခေါင်က ထိပ်က နေချင်သူများ အတွက် ဒါနသည်သာ အကောင်းဆုံး ဖြစ်သည်။ ဒါ့ပြင် ဒါနံ ပါထေယျ မုတ္တမံ- သံသရာ ရိက္ခာအတွက် သို့မဟုတ် သံသရာခရီးစရိတ်အတွက် ဒါနသည် အကောင်းဆုံးဟု ဆိုရမည်။“ပေးကမ်းခြင်းသည် လမ်းဖြောင့်သည်၊ ပေးကမ်းခြင်းသည် အထက်ထက်သို့တက်ရန် လေးခါးဖြစ်သည်၊ ပေးကမ်းခြင်းသည် လူချစ်လူခင် ပေါသည်၊ ပေးကမ်းခြင်းသည် လူကြည်ညို လူလေးစားခံရသည်။ ပေးကမ်းခြင်းသည် မျက်နှာမငယ်ရ။ ပေးကမ်းခြင်းသည် ခေါင်အထိပ်က နေရမည်၊ ပေးကမ်းခြင်းသည် အကောင်းဆုံး ဘ၀ရိက္ခာဖြစ်သည်။” ထို့ကြောင့် ဘ၀သံသရာမှာ မျက်နှာမငယ်ရလေအောင် အကောင်းဆုံး ဘ၀စရိတ်ပါအောင် ပေးကမ်းခြင်းဖြင့် ပျော်မွေ့နိုင်ကြပါစေသတည်းးးးးးးးး။။။။။။။။။။
++++++++++++++
ဒီနှစ်လည်အတွက် ပို့စ်လေးက ပြီးခဲ့တဲ့ တနင်္ဂနွေ- ကဆုန်လကွယ်နေ့က ဖခင်ဖြစ်သူအတွက် လာလူတဲ့နေ့ကို ရည်ရွယ်ပြီးရေးထားတာ ဖြစ်ပေမဲ့ ရေးပြီးမတင်ဖြစ်ခဲ့ဘူး၊ တစ်ပတ်တောင် ကြာသွားပြီ၊ အခုလဲ ထိုမိသားစုကပဲ ပြီးတဲ့တစ်ပတ်က “ဘုန်းဘုန်းများကို မြန်မာပြည် အလွမ်းပြေ ကြာဇံဟင်းကပ်ချင်ပါတယ်”ဟုသော ကတိအတိုင်း ဒီတစ်ပတ် (၂၆-၅-၂၀၁၂) စနေနေ့ မှာ ရောက်လာပြန်ပါပြီ။ ကြာဇံဟင်းများ၊ ကြာဇံမကြိုက်တဲ့သူတွေ အတွက် ပုဇွန်နဲ့ အသီးစုံ ထမင်းကြော်၊ အဖျော်ရည်များ လာကပ်သွားသည်။ နှစ်ပတ်စာ အလှူအတွက် ဂုဏ်ပြု ပို့စ်ဖြစ်သွားပါတော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၅-၂၀၁၂