ရဟန်းနှင့် ဘွဲ့ဒီဂရီ
စာမိတ်ဆက်
အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ အမေရိက၊ အင်္ဂလန် စသည်နိုင်ငံတွေကဲ့သို့ ကမ္ဘာတလွားမှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ခေတ်နဲ့လျော်ညီသော B.A, M.A, Ph.D စတဲ့ ဘွဲ့ဒီဂရီတွေ အတွက်ပညာရပ်များကို သင်ကြားနေကြသော မြန်မာ ရဟန်းတော်များစွာ ရှိသည်။ မြန်မာရဟန်းတော် ကျောင်းသားများက ကိုယ့်နိုင်ငံအသီးအသီးရှိ အဖွဲ့၏နှစ်စဉ်အမှတ်တရ မဂ္ဂဇင်းစာစောင်များ ထုတ်ဝေလေ့ရှိသည်။ ထိုင်းနိုငံရောက် မြန်မာရဟန်းတော် မိတ်ဆွေတစ်ပါးက “အရှင်ဘုရား ဆောင်းပါးတစ်ပုဒ်လောက် ချီးမြင့်ပါဘုရား”ဟု မိန့်သဖြင့် ပညာရေးနဲ့ပတ်သတ်ပြီး အွန်လိုင်း ဒကာမတစ်ယောက် အမေးကို စုစည်းပြီး အမေးအဖြေ ဆောင်းပါးတစ်ပုဒ် ဖန်တီးလိုက်ရပါသည်။
စာရေးသူကို ဖေ့ဘုတ်မှာရော ဂျီမေးလ်မှာရော ဂျီတော့ခ်မှာပါ ရဟန်းရော လူတွေနဲ့ပါ စကားပြောဖြစ်သည်။ အများစုကတော့ ဘာသာရေးအကြောင်း၊ လူမှုရေးအကြောင်း အိန္ဒိယပညာရေးအကြောင်းနှင့် နိုင်ငံရေးအကြောင်းတွေပါ မေးတတ်ကြသည်။ အခုခါတော့ မန္တလေးမှ ဒကာမတစ်ယောက်က စာရေးသူတို့ ရယူနေတဲ့ ဘွဲ့ဒီဂရီတွေနဲ့ပတ်သက်ပြီး မေးထားသည်။ သူလဲ တကယ်တော့ စာဖတ် စာရေးသူ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူနဲ့အပြန်အလှန် ပြောခဲ့တဲ့ စကားတွေကို စုစည်းပြီး ပိုပြီး နားလည်လွယ်အောင် ဖြည့်သင့်တာ ဖြည့်ပြီး ထိုင်းနိုင်ငံ မြန်မာကျောင်းသားရဟန်းတော်များ မဂ္ဂဇင်းတွင် ထည့်ရန် ဖြစ်လာသည်။
ဒကာမး မြန်မာပြည် ဘယ်တော့လောက် ပြန်ကြွလာမှာလဲဘုရားး
သီတဂူစတားး လောလောဆယ်တော့ မကြွဖြစ်သေးဘူး၊ ပြန်လာရင်လဲ ဖြစ်တော့ဖြစ်ပါတယ်၊ ပြန်လာခြင်းကြောင့် စရိတ်ကုန်တာပဲ အဖတ်တင်တာပဲဆိုပြီး မလာတော့တာပါ။ စပွန်ဆာပေးမဲ့သူရှိရင်တော့ ပြန်ဖြစ်ကောင်း ပြန်နိုင်တယ်၊ pppppp.
ဒကာမးးပီအိပ်ခ်ျဒီ ရပြီးပြီလားဘုရားး.. အဲဒီအတွက်သွားတာ မဟုတ်လားဘုရားး
သီတဂူစတားး အင်းဟုတ်ပါတယ် အဲဒါအတွက် လုပ်နေဆဲလေ၊ မပြီးသေးပါဘူး၊ အခုမှ Ph.D သက်တမ်းက ၆ လပဲ ရှိပါသေးတယ်။ စာရှာ စာရေးဆဲပေါ့။ နောက်ထက် ၂ နှစ် အနဲဆုံး ဆက်နေရဦးမယ်လေ။
ဒကာမးး အဲဒိဘွဲ့က အရေးကြီးလားဘုရားး.. ဘုရားသာသနာမှာ အဲဒီဘွဲ့ထက် အရေးကြီးတာတွေရှိသေးလားဘုရားး.. ဘွဲ့ရရင် ဘာလုပ်မလဲဘုရား.. တပည့်တော်သိချင်တာလေး ရှိနေတယ်ဘုရားး

သီတဂူစတားး အရေးကြီးတာထက်ခေတ်ကာလ အလျောက် လိုအပ်လာလို့ လုပ်တာပါ။ အရေးကြီးလားမေးတော့ ဖြေရအုန်းမှာပေါ့။ ဘုန်းဘုန်းတို့လောကမှာ စာသင်စာချ တရားဟော သင်တန်းပေးခြင်းစတဲ့ ပရိယတ္တိ Learning နှင့် ထိုသင်ထားသမျှအတိုင်း လက်တွေ့ ကျင့်သုံးတဲ့ apply learning ပြောမလား ဒါမှမဟုတ် လူအသိများတဲ့ ကမ္မဋ္ဌာန်းအားထုတ်ခြင်းဆိုတဲ့ ပဋိပတ် ဆိုတဲ့အလုပ်လို့ပဲ ပြောရမလား၊ ဘာပဲဖြစ်ဖြစ်ပေါ့ အဲဒီ ၂မျိုးရှိတယ်၊ အဲဒီ ၂မျိုးလုံးက သာသနာမှာ အရေးကြီးတာချည်းပဲ၊ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ ပြောဖို့မလိုဘူး၊ ၂ ခုလုံးအရေးကြီးတာချည်းပဲ။ သင်ကြား လေ့လာမှု ပရိယတ္တိမပါဘဲ သဒ္ဓါတရားနှင့် ပညာ မရနိုင်ဘူး ထိုတရား ၂ ခုမပါဘဲ ပဋိပတ္တိဆိုတာ မဖြစ်နိုင်ဘူး။ ပဋိပတ်မရှိတော့ ပဋိဝေဓ penetrating ဆိုတာ မရနိုင်ပါဘူး၊ ဒီတော့ သင်ရင်း ကျင့်ရင်း ၂ မျိုးလုံးက သာသနာမှာ အရေးကြီးတာချည်းပါပဲ။ ကိုယ်တစ်ယောက်တည်း သို့မဟုတ် ကိုယ့်အတွက်ပဲ ကြည့်ပြီး စာလိုပြောရရင် အပ္ပေါသုက္ကော ပေါ့၊ ဆိုလိုတာက ကိုယ်အတွက်ပဲ ကြည့်ပြီး အများအကျိုးအတွက် မကြည်သူများအတွက်ကတော့ အဲလို ဘွဲ့တွေ ဒီဂရီတွေ မလိုဘူးပေါ့၊ တစ်ပါးသူအတွက် သို့မဟုတ် သာသနာ ရည်ရှည်အတွက် စဉ်းစားပေးသူများအတွက်တော့ အဲဒီဘွဲ့တွေဟာ လိုအပ်လာတယ်လို့ ပြောရမှာပဲ။
(ဘွဲ့ဒီဂရီတွေကို သဘောမကျတာလား၊ ကိုယ်တိုင်ကော ဘွဲ့တစ်ခုခု မရခဲ့လို့လား၊ ရခဲ့ရင်တောင် ဘာလို့ အဲဒီဘွဲ့ ယူခဲ့သလဲဆိုတာ ပြန်မသုံးသပ်ဘူးလား မပြောတတ်။)
အဲဒီတော့ ဘွဲ့တွေကကော အရေးကြီးလားဆိုတော့ သူ့ခေတ်အလျောက် ပေါ်လာတဲ့ဘွဲ့ဒီဂရီများသည် သူ့ခေတ်သူ့ကာလအတွက် အရေးကြီးသည်ဟု ပြောရပါလိမ့်မည်။
‘‘သဒ္ဓါဇာတော ဥပသင်္ကမိ’’ ဆိုတဲ့ စင်္ကီသုတ်နဲ့ပြောရရင် လူတွေဆိုတာ ဆရာကို ချဉ်းကပ်တယ်၊ ကိုယ့်ကို ချဉ်းကပ်တယ်ဆိုတာ ယုံကြည်မှုရှိမှ ချဉ်းကပ်တာပါ။ အဲဒီလို သူတို့ ယုံကြည့်မှုရအောင် ဘွဲ့တွေဆိုတာ ပေါ်လာတာပဲ။ ဘုရားလက်ထက်ကထဲက ဘုရားကိုယ်တိုင်ပဲ ရာထူးတွေပေး၊ ဘွဲ့တွေ ပေးလာတာပဲလေ။ ယုံကြည့်မှုကြောင့် ချဉ်းကပ်လာတော့မှ ကိုယ်က တဆင့်တက်ပြီး နည်းလမ်းတွေကို ညွန်ပြလို့ရမယ်။ ယုံကြည်မှုမရှိသူကို ဘယ်လောက်ပဲ အာပေါက်အောင် ပြောပြော ကိုယ်ပြောတာ သူတို့ လက်ခံမည် မဟုတ်။ တက္ကသိုလ်ဆရာလုပ်မှာဆိုတော့ တက္ကသိုလ်မှာ ယုံကြည်နိုင်လောက်တဲ့ ဘွဲ့တွေ ရအောင် လုပ်ကြတာပဲ၊ စာသင်တိုက်မှာလဲ ဓမ္မာစရိယဘွဲ့တွေ ရအောင် လုပ်ကြတာပဲ၊ ဘုန်းဘုန်းလဲ စာသင်တိုက်က ဘွဲ့တွေ ရပြီးမှ ထွက်လာတာပါ။
တခါက တောင်မြို့မဟာဂန္ဓာဆရာတော်ကြီးက မနက်ပိုင်း ခေါင်းရိပ်ပေးနေတဲ့ တပည့်ကြီးဖြစ်တဲ့ ဘုန်းကြီးဦးဇနပတိ (စာရေးသူ၏ဆရာ၊ ယခု မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ) ကို မိန့်ဖူးတယ်၊ ‘‘ ဦးဇနပတိ--မန္တလေး သကျသီဟ အသင်း အဘိဝံသဘွဲ့ကို ၀င်ဖြေပါ့လား၊ နောင်တချိန် သာသနာပြုရာမှာ အကျိုးများပါလိမ့်မည်’’။ သို့သော် စာရေးသူ၏ ဆရာကတော့ ဘွဲ့တွေကို အလေးမထားဘဲ ကိုယ် စာတတ်ရင် ပြီးတာပဲဆိုပြီးနေလိုက်သည်။ မဟာဂန္ဓာရုံဆရာတော်ကြီး ပြောသည်မှာ အလွန့်လွန်ကို မှန်သည်၊ ခေတ်လူတွေက စာတတ်,မတတ်ကို ဘွဲ့တွေ ဒီဂရီတွေနဲ့ တိုင်းတာကြသည့်အတွက် စာတတ်နေပေမဲ့ ဘွဲ့တွေရနေသူတွေလောက် အလုပ်လုပ်တဲ့နေရာမှာ မတွင်ကျယ်ဖြစ်နေသည်။ ယုံကြည်မှ ချဉ်းကပ်ကြသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။
တခါက တိပိဋကဆရာတော် (တောင်မြို့ မဟာဂန္ဓာရုံထွက်) က မိန့်ဖူးတယ်‘‘ ငါတို့က နောက်က အမြီးပါမှ ဆရာတော်နိုင်တာကွ’’တဲ့။ အမြီးဆိုတာ- မိမိဘွဲ့နောင် အဘိဝံသဆိုတဲ့ ဘွဲ့ထူးတပ်ထားခြင်းကို ဆိုသည်၊ ဥပမာ-အရှင်ကုဏ္ဍလ သည် အဘိဝံသဘွဲ့ရသော် အရှင်ကုဏ္ဍလာဘိဝံသ ဆိုတဲ့ အမြီးပါလာသည်။
တက္ကသိုလ်တစ်ခုက ကျောင်းသားရဟန်းတွေက ဘာပြောလဲဆိုတော့‘‘ဒို့တက္ကသိုလ်က ပါချုပ်သည် အလုပ် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အရေးမကြီးဘူး၊ ဒို့တက္ကသိုလ်အတွက် ဒေါက်တာဘွဲ့ရပြီး ပညာတတ်တဲ့ပုဂ္ဂိုလ် ပါချုပ်အဖြစ် ရလိုက်တာကိုပဲ ဂုဏ်ယူပါသည်’’တဲ့။
ယနေ့ခေတ် အလုပ်ရုံ ကုမ္ပဏီတွေမှာလဲ အလုပ်လုပ်လျှောက်သူတိုင်းကို ဘွဲ့ဒီဂရီ (certificate)နဲ့ တိုင်းတာသတ်မှတ်ခေါ်သည်၊ ဘွဲ့ဒီဂရီသည် ယုံကြည်မှုရရန် ပြယုဂ်တစ်ခုဖြစ်သည်။ တခါက သီတဂူဆရာတော်ကြီးက သူ့တပည့်တစ်ပါးက အမ်အေပြီး ပြန်လာတယ်၊ Ph.D အတွက် ဆက်မလုပ်တော့လို့ “ဟေးးး ငါ့ရှင်က ဘာလို့ Ph.D ပြီးအောင် ဆက်မတက်သလဲ”လို့မေးတော့ ထိုအရှင်က တပည့်တော် အဲဒီဘွဲ့ ခံစားလို့ မရလို့ပါဘုရား”ဟု ဖြေသတဲ့။ ဆရာတော်က ဘာမှ မပြောဘူး။ နောက်နေ့ရောက်တော့ တခြားတပည့်တွေကို ပြောပြတယ်၊ ဒီကောင်က- ခံစားမရလို့ Ph.D ဆက် မလုပ်တာတဲ့ကွာ၊ ဒီဘွဲ့ကြီးကို ထိုင်ကြည့်ပြီး ခံစားဖို့ မဟုတ်ဘူးကွ၊ အလုပ် လုပ်ဖို့ကွဟု မိန့်သတဲ့။
အဲဒီဘွဲ့တွေရရင် ဘာလုပ်မလဲဆိုတော့ သူက တကယ်ပဲ မသိလို့မေးတာလား၊ စကားပဲကပ်ချင်လို့ မေးတာလား၊ စာရေးသူကို စမ်းသပ်ချင်လို့ မေးလာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ မေးတာတွေက ကောင်းပါတယ်၊ ဒီလိုမေးခွန်းတွေနဲ့ပတ်သက်ပြီး စာရေးသူ ဘလော့ဂ်စတည်ဆောက်ခါစကထဲက မေးထားလို့ ဖြေဖူးခဲ့ပါတယ်။ အဲဒီတော့ တက္ကသိုလ်ဘွဲ့ရတော့ တက္ကသိုလ်မှာ စာပြန်သင်ပေးမှာပေါ့။ စာသင်တိုက်တွေမှာ ဓမ္မာစရိယဘွဲ့ရတော့ စာချဆရာခန့်အပ်လို့ စာပြန်ချသလိုပေါ့။ ကထိက စာချ ပါမောက္ခအဖြစ် ယုံကြည်နိုင်ဖို့ ထိုဘွဲ့တွေက စံနှုန်းတစ်ခုဆိုတာ ယနေ့ခေတ်မှာ ပိုပြီး သိသာမြင်သာလွန်းလှသည်။
ခေတ်နှင့်လျှော်ညီစွာ
သင်ကြားရေး
(ပရိယတ္တိ)အပိုင်းတွင် ဘုန်းတော်ကြီးကျောင်းသင် ပညာရေးစနစ်အရ ဗုဒ္ဓစာပေကို လေ့လာရာမှာ
အလွန်ကောင်းပါသည်၊ အလွန်ခိုင်မာသော အုဉ်မြစ်ဖြစ်ပါသည်၊ မရှိမဖြစ် လိုအပ်သော
စနစ်ဖြစ်သည်။ သို့သော်လည်း ယနေ့ခေတ် ပညာရေးအပိုင်းတွေမှာလည်း နိုင်ငံတကာနှင့်
ချိတ်ဆက်နေသဖြင့် နိုင်ငံတကာ ကွန်ယတ်ထဲ ၀င်ဆန့်အောင် သင်ကြားရေးစနစ်တွေ၊
ပေးသည့်ဘွဲ့ပုံစနစ်တွေက နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုလားသည်။
ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင် စနစ်လဲမမေ့အပ်သလို ရှေ့ဆက်ပြီး
ခေတ်နဲ့လျော်ညီသော လေ့လာနည်းတွေကိုပါ တက်လှမ်းဖို့လိုလာသည်။
ဥပမာ-သာသနာ့ဓဇဓမ္မာစရိယဘွဲ့၊ အဘိဝံသဘွဲ့၊ တိပိဋကဓရဘွဲ့များသည် မြန်မာနိုင်ငံမှာရော
ဗုဒ္ဓစာပေလောကမှာပါ ထိပ်တန်းက ဖြစ်နေပေမဲ့ ဗုဒ္ဓဘာသာနိုင်ငံများတွင်သာ အသိများသည်၊
တချို့ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့ ထိုဘွဲ့တွေကို မသိသည့် နိုင်ငံလည်း ရှိနေသေးသည်။
သူတို့သိသည်ကား B.A, M.A, Ph.D စတဲ့ ဘွဲ့များဖြစ်သည်။
ထို့ကြောင့် ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလို၍ပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်ပညာရေးစနစ်ကို စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ်၊ ခေတ်နဲ့လျော်ညီချင်လို့ပဲ ဖြစ်ဖြစ် ထိုဘွဲ့များကို ရအောင် တဆင့် တက်လှမ်းနေကြသည်ကား အလွန်ကောင်းပါသည်။
ဗိုလ်ချုပ်နေ၀င်းတက်ခါစက အက်ဥပဒေများစွာကို ပြောင်းလဲပြစ်လို့ သံဃာ့တက္ကသိုလ်တွေ ပျောက်ခဲ့ရတယ်။ သီတဂူုဆရာတော်ကြီး ဓမ္မာစရိယပြီးခါစ သံဃာ့တက္ကသိုလ်တက်သည့်နှစ်ပေါ့။ ဆရာတော်က မကြာမကြာ ပြောလေ့ရှိတယ်၊ ဘာ့ကြောင့်တက္ကသိုလ်တက်ခဲ့ရလဲဆိုတာရယ်၊ နောက်ပိုင်း တက္ကသိုလ်ကြီးတစ်ခု တည်ထောင်လိုစိတ် ပေါ်လာတာရယ် ဆိုတဲ့ အကြောင်းကို စာရေးသူ၏ဆိုက်ထဲတွင် မဂဓတက္ကသိုလ်ကျောင်းသားများအား ပေးသော သြ၀ါဒတွင် သိနိုင်သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်နှင့် မော်ကွန်းထိန်းဆရာတော် (ယခု နပသ မန္တလေး ပါချုပ်) တို့သည် စာရေးသူတို့လို ပြည်ပမှာ ထွက်ပြီး အမ်အေဘွဲ့တွေ Ph.D ဘွဲ့တွေ ရယူထားသူများ ဖြစ်ကြသည်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ‘‘ ဒီလိုဘွဲ့တွေ ရယူတယ်ဆိုတာ ရွှေကျင်သာသနာမှာ ဒီလိုပုဂ္ဂိုလ်တွေ ရှိပါသေးလားဆိုတဲ့ ရွှေကျင်ဂိုဏ်း၊ သာသနာတွေအတွက် ဂုဏ် တစ်ခုအတွက်ဖြစ်သည်’’ဟု ပြောဖူးသည်။ ဒါနဲ့ပတ်သက်ပြီး တစ်ဆက်တည်း အင်္ဂလိပ်စာ သင်ရခြင်း ရည်ရွယ်ချက်တွေကိုပါ ပြောသွားသည်။
အင်္ဂလိပ်စာ
ဘာ့ကြောင့်သင်
အင်္ဂလိပ်စာသည် ကမ္ဘာမှာ အလွယ်ဆုံးဘာသာဟု ပြောရမလားမပြောတတ်၊
နိုင်ငံတကာသုံးဘာသာ စကားဖြစ်လာသည်။ နိုင်ငံအချင်းချင်း ဘာသာအယူဝါဒ အချင်းချင်း
ဆက်နွယ်ရာမှာ အသုံးပြုနိုင်ရန် Media ဖြစ်လာသည်။ ဘာသာပေါင်းစုံ နိုင်ငံပေါင်းစုံကနေ
ပါဠိဘာသာသို့ ကူးလာနိုင်ရန် သို့မဟုတ် ပါဠိဘာသာမှ တခြားသော ဘာသာများသို့
ကူးလူးဆက်ဆံနိုင်ရန် အင်္ဂလိပ်စာကို ဆက်သွယ်ရေး တံတားအဖြစ် အသုံးပြုကြရသည်။
တိရစ္ဆာနအတတ်ပညာဟုသော စွဲချက်ဖြင့် အင်္ဂလိပ်စာကို မသင်ရဟူသော ရှေးရိုးစွဲဝါဒသည် ယနေ့
ပျောက်ပျယ်သွားသည်ဟု ဆိုနိုင်သည်။ ခေတ်နှင့်လျော်ညီသော B.A, M.A, Ph.D ကို
အင်္ဂလိပ်ဘာသာစကားကိုပဲ Media အဖြစ် အသုံးပြုပြီး ရရှိလာကြသည်။ တကယ်တော့ ထိုဘွဲ့တွေ
ဒီဂရီတွေဆိုတာလဲ စကား စကားကြီးစကားကျယ်နဲ့ ပြောရရင် နိုင်ငံတကာနဲ့
ရင်ဘောင်တန်းနိုင်အောင်ပင် ဖြစ်သည်။
(အဲဒီတော့ ဒကာမကိုပဲ ပြန်မေးရဦးမယ်၊ ဒကာမကော ဘွဲ့တွေ ရထားပါသလား? ဘာအတွက် ဘွဲ့တွေ ရယူထားသလဲ? စာတတ်ရုံသက်သက်ပဲ ကျောင်းတက်ခဲ့သလား? ဒါဆိုရင် ကျောင်းမတတ်ပဲ ကိုယ့်ဘာသာ အပြင်မှာ တက်ပါ့တော့လား၊ စသည်ဖြင့် တသီးကြီး မေးစရာတွေ၊ သို့ပေမဲ့ အဖြေကတော့ အတူတူပါပဲ အလုပ်လုပ်ဖိုပဲ။ အဲဒီလို နားလည်ထားရင် ဒီဒကာမလဲ စာရေးသူကို မေးစရာတောင် မလိုဘူး၊ ကိုယ့်ကိုယ်ကိုပဲ မေးရမှာ ဖြစ်ပါတယ်။)
ဒကာမးး တပည့်တော်မသိလို့မေးအုံးမယ်ဘုရား... ဒါဆိုရင် ဦးဇင်းက မြန်မာပြည်မှာ ဘုရားတရားတော်တွေ သင်စရာတွေ အကုန်သင်ပြီးသွားပြီလို့ အဲဒီဘွဲ့ကို ယူဖို့ ဆုံးဖြတ်လိုက်တာလားဘုရား...
သီတဂူစတားး စာရေးသူကို အကဲစမ်းတာလားတော့ မပြောတတ်။ အကုန် မသင်ရသေးပါဘူး၊ သင်သင့်သလောက် သင်ပြီးပါပြီ၊ သင်သင့်သလောက် သင်ခဲ့လို့ စာသင်တိုက်ကြီးမှာ နေစဉ်ကထဲက စာချဘွဲ့တွေလဲ ရသင့်သလောက် ရခဲ့ပါတယ်၊ စာချအဖြစ်လဲ ၅ နှစ်လောက် ထမ်းဆောင်ခဲ့ပါတယ်။ စာရေးသူ၏ သီတဂူစတားအမည်ရှိ ဆိုက်ထဲက “ကိုယ်တိုင်ရေးတဲ့ ကိုယ်ရေးရာဇ၀င်” ဆိုတဲ့ စာသားကို ဖတ်ရင် သိနိုင်ပါတယ်၊ ဒါကြွားတာမဟုတ်ပါဘူး။ ဘုရားတရာတွေက ၀ါကျပေါင်း ရှစ်သောင်း လေးထောင်ကျော်ရှိပါတယ်၊ ဘုရားရှင်တောင် ၄၅ နှစ်ဟောရတာပါ။ ဘုရားတောင် ၄၅ နှစ်ဟောထားတာ ဆိုတော့ သာမန်ပုဂ္ဂိလ်က အဲဒီစာတွေ ကုန်အောင် နံ့စပ်အောင် သင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး၊ စာသင်ရင်း သက်တမ်းသာ ကုန်သွားတယ် ဘုရားစကားက မကုန်နိုင်ပါဘူး။ သို့သော်လည်း အချိန်တိုင်း သင်ယူလေ့လာနေကြရတာပါ။ ရပ်နေလို့ မရပါဘူး၊ သင်ရင်းနဲ့ သေသွားကြရတာပါ။ ဒါ့ကြောင့် သင်ရင်းနဲ့ပဲ သေနိုင်အောင် ကြိုးစားပါ။ မသေခင်ထိ သင်ယူသွားကြဟူ၍ပင်ဖြစ်သည်။

အမှန်တကယ်တော့ ထိုဒကာမပြောတာလဲ မှန်ပါသည်၊ စာရေးသူတို့ ရဟန်းတော်တွေသည် မိမိတို့၏ အဓိက သင်ကြားရေးဘာသာရပ်ကို မေ့မထားသင့်၊ ထိုဘာသာရပ်ဖြင့်သာ အလုပ်လုပ်ကြရမှာ ဖြစ်သည်အတွက် ဗုဒ္ဓစာပေများကို အခြေခံ စနစ်တကျနှင့် ပါဠိ-အဋ္ဌကထာများကိုတော့ နှံ့စပ်ထားဖို့တော့ လိုသည်။ ထိုကဲ့သို့မဟုတ်ဘဲ တခြားဘာသာစာပေ စကားများကို အလွန်အကျွန်အားစိုက်မိပြန်ရင်လည်း သဒ္ဓါတရားအခြေခံသော ကိုယ်ကျင့်တရားတွေပါ အားနဲသွားနိုင်သည်၊ သဒ္ဓါအသိ ပညာအသိ စရဏအသိတွေ အားနဲသွားနိုင်သသည်၊ အခြေခံအုဋ္ဌ်မြစ်မခိုင်သဖြင့် အစွန်းရောက်သွားနိုင်သလို နောင်လာနောက်သား မျိုးဆက်အသစ်တွေအတွက်လဲ အလွဲသံသရာထဲက မရုန်းနိုင်အောင် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သဒ္ဓါအခြေခံသော ရှေးဟောင်း စာသင်နည်းစနစ်ကိုလဲ မပယ်ဘဲ ထက်လောင်းပြီး ခေတ်နဲ့လျော်ညီသော ပညာရပ်တွေကိုလည်း သင်သင့်ပါသည်။
ဒကာမးး တပည့်တော် တရားနာရတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ဆရာတော်ဘုရားတွေထဲမှာ ဆရာတော်အရှင်ဒေါက်တာနန္ဒမာလာရဲ့ တရားတော်တွေကို နှစ်သက်နေမိတယ်ဘုရား...
သီတဂူစတားး အင်း--ကောင်းပါတယ်။ ဒါဆိုအဲဒီဆရာတော်ကို သွားမေးလျှောက်ကြည့်လိုက်ပါလား၊ အရှင်ဘုရား ဘာလို့ ဒေါက်တာဘွဲ့ ရအောင် လုပ်ခဲ့လဲလို့၊ အရှင်ဘုရားမှာ ဘွဲ့တွေ ရထားတာ အများကြီးပဲ အဲဒီဘွဲ့တွေထက် အရေးကြီးတာ မရှိဘူးလားလို့ မေးလျှောက်ကြည့်လေ၊ ဆရာတော်လဲ ဘုန်းဘုန်းတို့လိုပဲ ပြည်ပက အမ်အေ ဒေါက်တာဘွဲ့တွေ ရထားတာပဲလေ။
ဒကာမးး ဦးဇင်းက တကယ်ကို အမေးစကားကို အဖြေကောင်းနဲ့ဖြေလိုက်တာပဲ..
ဤမျှဖြင့် စာရေးသူလဲ ကလေးမလေးတစ်ယောက်က တရားနာချင်ပါတယ်ဆိုလို့ ကိုယ်လဲ စာဖတ်ဖြစ်အောင်ဆိုပြီး ဖတ်ထားတာလေးတွေ ဂျီတော့ခ်ကနေ ပြောပြချင်တာနဲ့ သူနဲ့ ပြောလက်စ စကားစပ်ဖြတ်လိုက်တယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁-၂၀၁၂
0 comments:
Post a Comment