အင်တာနက်ဖိုင်ဘာ အသုံးပြုခြင်း
---------------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ အင်တာနက်အသုံးပြုရန်အတွက် ဖိုင်ဘာ (Fiber Internet) ဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေးမှ ၀ယ်ယူပြီး (၂၀-၅-၂၀၁၅)နေ့ ညပိုင်းမှ စတင် အသုံးပြုနေပါသည်။ ယခင်က စကိုင်းနက်က လှူဒါန်းထားသည့် အင်တာနက်နှင့် IPstar Broadband ကိုပဲ အသုံးပြုလာသည်၊ အင်တာနက် အသုံးပြုသူကလည်း များပြားလာသဖြင့် အင်တာနက် speed နှေးလာသည့်အတွက် ၀ယ်ယူအသုံးပြုရခြင်းဖြစ်ပါသည်။
ဆရာတော်ကြီး၏မေတ္တာ
-------------------
ဆရာတော်ကြီးသည် မိမိ၏တပည့်များ နိုင်ငံတကာနှင့်ယှဉ်လျင် နောက်မကျစေလို၊ ဆရာတော်ကြီးတည်ထောင်ထားသော တက္ကသိုလ် ၃ခုလုံးမှာ တက္ကသိုလ်တွေမှာ ရှိသင့်ရှိထိုက်သည့် သင်ထောက်ကူပြု ခေတ်မီပစ္စည်းများကို အပြည့်အစုံတပ်ဆင်ပေးထားသည်။ မြန်မာနိုင်ငံ အင်တာနက်ပေါ်ခါစ၊ ပြည်သူလူထု အသုံးပြုခွင့်ရခါစ ၂၀၀၅ခုနှစ်က စစ်ကိုင်းတိုင်းတစ်ခုလုံးမှာတောင် မရှိသေးသည့် အင်တာနက်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) က အသုံးပြုနေပါသည်။
ယခုလည်း ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ အင်တာနက်ကောင်းကောင်း အသုံးပြုနိုင်အောင် ၂၀၁၃ခုနှစ်ကထဲက ဘယ်လောက်ကုန်ကုန် ခွင့်ပြုထားပြီးဖြစ်သည်၊ သို့သော်လည်း ဖိုင်ဘက်ဆက်ကြောင်းရောက်နေသည့် သင်္ကန်းကျွန်းမှ မြောက်ဒဂုံအထိ ဖိုင်ဘာကြိုများသွယ်တန်းပါက အကုန်အကျ (ကျပ်သိန်း ၁၀၀ခန့်) အလွန်များသွားမည် ဖြစ်သဖြင့် ခဏစောင့်ဆိုင်းနေခဲ့သည်။
ဖိုင်ဘာဖြင့် အသုံးပြုခွင့်တောင်းခြင်း
-----------------------
ဖိုင်ဘာဆက်ကြောင်းများသည် နေရာတိုင်းမှာ မရောက်သေး၊ လူနေမှုစတင် ထူထပ်လာသည့် မြောက်ဒဂုံလိုနေရာမျိုးမှာတောင် မရောက်သေး။ ဆရာတော်ကြီး၏ဘုန်းကံကြောင့်ပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတခန်းမဆောင်ကြီးတွင် အခါအားလျှော်စွာ ကြီးကျယ်သော အခမ်းအနားများ ပြုလုပ်ရာဝယ် စကိုင်းနက်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်အစီစဉ်ကုသိုလ်ပြုနေသဖြင့် ဖိုင်ဘာကြိုးများတပ်ဆင်ထားသည်။
ထိုဖိုင်ဘာဆက်ကြောင်းအပေါ်မှာ အင်တာနက်အသုံးပြုခွင့်ရရန် မြန်မာ့ဆက်သွယ်ရေးရုံးကို စာတင်ရသည်၊ အချိန် ၅ လလောက်စောင့်ပြီးမှ အသုံးပြုခွင့်စာထွက်လာသည်၊ အစိုးရရုံးကိစ္စဖြစ်၍ ထုံးစံအတိုင်း တစ်နေရာတည်း တစ်ချိန်တည်း မပြီး၊ ၈ မိုင် ဆက်သွယ်ရေးရုံး၊ ဆူလေဘုရားနားက မြန်မာ့ဘဏ်ခွဲ ၂၊ ဟံသာဝတီအ၀ိုင်းနားက ဆက်သွယ်ရေးဌာနတို့သို့ သွားရသည်။ ကားကြပ်သည့် ရန်ကုန်မြို့ တြိဂံအနေအထားကို ခေါက်တုန့်ခေါက်ပြန် ပြေးရသည်။ ကနဦး တစ်လစာအပါဝင်- ၁၀ သိန်းကျပ်နီးပါး ပေးဆောင်ထားရသည်။
အင်တာနက်လိုင်း ကောင်းမကောင်းတော့ မသိပါဘူး၊ တစ်လ ၂သိန်း ငါးထောင်တော့ လစဉ်ကုန်နေမှာတော့ အမှန်ပဲ။ အခုတော့ User ကနဲနေသေးလို့ လိုင်းကောင်းနေပါတယ်။ ကျောင်းဖွင့်ချိန်မှာတော့ User ၂၀၀ ကျော်လောက် တစ်ပြန်တည်းသုံးကြမှာဆိုတော့ ဘယ်လိုလဲ မသိနိုင်သေးပါဘူး။
လှူဒါန်းနိုင်ပါသည်
------------------
(က) အင်တာနက် တစ်လ (2mbps) ၂သိန်းကျပ်နှင့် တစ်နှစ်စာ ထိမ်းသိန်းခ ခြောက်သောင်းကျပ်
(တစ်နှစ်လျှင် ၂၄ သိန်း ခြောက်သောင်းကျပ် ကျမည်)
(ခ) thesitagu.org ၀က်ဘဆိုက်အတွက် မြန်မာ့အင်တာနက်ကုမ္ပဏီသို့ပေးဆောင်ရသည့် ထိမ်းသိန်းစောင့်ရှောက်ခ တစ်လ ၁သိန်းကျပ် (တစ်နှစ် ၁၂သိန်းကျပ်ပေးဆောင်ရသည်)
အို--သူတော်ကောင်းတို့--
အခွင့်ကောင်းကို ချောင်းနေသူများအတွက် အကျိုးမျှော်၍ အခွင့်ကောင်းများကို ဖော်ထုတ်ပေးလိုက်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၅-၂၀၁၅
www.thesitagu.org
www.sitagustar2020.net

0 comments:
Post a Comment