သီတဂူစတား

သီတဂူစတား

01 August 2013

“မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသား”သို့

မြစ်တို့သည် မြင့်ရာမြင့်ရာအရပ်မှ နိမ့်ရာနိမ့်ရာသို့ စီးသွားကြမြဲဖြစ်ကြကုန်၏။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် အီကွေတာစက်ဝိုင်း၏ မြောက်ဖက်၌ရှိသောကြောင့် ကမ္ဘာ့မြောက်ခြမ်း၌ တည်ရှိပေသည်။ သို့သော် အိန္ဒိယပြည်နှင့်တရုတ်ပြည်ကြီးတို့၏ အစိတ်အပိုင်းအချို့သည် မြန်မာနိုင်ငံမြောက်ဖက်စွန်းဒေသကို အရှေ့အနောက် နှစ်ဖက်ညှပ်၍ ဆက်စပ် ဝိုင်းပတ်ထားကြသည်။ သို့ဖြစ်ခြင်းကြောင့် အိန္ဒိယပြည် အရှေ့မြောက်ဒေသ၊ တရုတ်ပြည် အနောက်တောင်ဒေသ အစိတ်အပိုင်း အသီးသီး၌ စီးသွားကြကုန်သော မြစ်အားလုံးတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသတို့မှ မြန်မာနိုင်ငံအတွင်းသို တောတောင် လျှိုမြောင် အသီးသီးတို့မှ တိုးလျှိုး စိမ့်ဝင် စီးဆင်းလာကြကုန်၏။
 
ဒုဋ္ဌဝတီမြစ်၊ သံလွင်မြစ်တို့သည် တရုတ်ပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့မှ စီးဝင်လာကြလျှက် ရှမ်းကုန်းပြင်မြင့် တစ်ခွင်ကို ဖြတ်သန်းကာ ဧရာဝတီသို့ ဝင်ရောက်ပူးပေါင်းကြကုန်၏။ မေခမြစ်သည်လည်း တရုတ်ပြည် အနောက်တောင်ပိုင်းမှ ရှမ်းနှင့် ကချင်နယ်မြေတို့ကို တိုးလျှိုး စီးဝင်ကာ ဧရာဝတီသို့ ဝင်ရောက်ကြကုန်၏။ မလိခမြစ်သည်လည်း တရုတ်ပြည်အနောက်တောင် တိဘက်နှင့် အိန္ဒိယပြည်အရှေ့မြောက် အာသံနယ်များကို ဖြတ်သန်း၍ မြင့်မောက်သည့် ကချင်တောင်တန်းကြီးများ အကြားမှ စီးဝင်ကာ ဧရာဝတီသို့ပင် ပူးပေါင်းစီးဝင်ကြသည်။

တရုတ်ပြည်၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကြီးတစ်ခုလုံးနီးပါးက မြစ်ငယ်၊ ချောင်းငယ် အားလုံးတို့သည် ရွှေလီမြစ်သို့ စီးဝင်ကြကုန်လျှက် ထိုရွှေလီ မြစ်သည်လည်း ယူနန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နယ်စပ်များကို ကွေ့လျှက် လိမ်လျှက် မြွေကြီးကောင်ရှည်ကဲ့သို့ တလွန့်လွန့် တလူးတလူး မြန်မာမြေသို့ စီးဝင်ကာ ကချင်ပြည်နယ် ဗန်းမော်မြို့အောက်နား မိုးတားမြို့အနီး၌ ဧရာဝတီသို့ စီးဝင်ပူးပေါင်းခဲ့လေသည်။ ယူနန်နယ်က တာပန်ဆိုသော မြစ်ငယ် တစင်းသည်လည်း မြန်မာပြည်တွင်းသို့ စီးဝင်ကာ ဗန်းမော်မြို့ အထက်နား၌ ဧရာဝတီသို့ပင် ပူးပေါင်းဝင်ရောက်ခဲ့လေသည်။

“ဗမာ”ဟူသည်
ရှေးဟောင်းသမိုင်းဆရာများ ရေးသားခဲ့ကြသည့် သမိုင်းအချက်အလက်အချို့ကို မှတ်သားမိသည်မှာ “ဗမာ”ဟူသည် တိဘက်တိုဘားမင်း (Tibeto-burman) မျိုးနွယ်မှ ဆင်းသက်လာသည်။ မွန်ခမာတို့သည် သံလွင်မြစ်ကြောင်းမှ ဝင်ရောက်လာသည်။ ရှမ်း ပလောင်တို့သည် ယူနန်နယ်မှ ဝင်ရောက်လာကြသည်ဟု ရေးသားကြသည်ကို ကြားဖူးဖတ်ဖူးပါသည်။

နယ်စပ်နယ်ခြားရှိ တောင်ကြား, တောင်ကြားလမ်းများနှင့် မြစ်ရေစီးကြောင်းများသည် တနယ်မှာရှိသော လူမျိုးစုများသည် အခြားနယ်မှာ ရှိသော လူမျိုးစုများနှင့် ကူးလူးရောယှက်ရန် လမ်းကြောင်းများ ဖြစ်ခဲ့ကြလေသည်။ ယူနန်ပြည်နယ်တစ်ခွင်၌ အခြေကျကျကြာမြင့်စွာ နေလာကြကုန်သော လူမျိုးတို့၏ လူနေမှုစနစ်, ဓလေ့ထုံးစံ, စရိုက်, ပြောဆိုသည့်ဘာသာစကား, ၀တ်စားဆင်ယင်မှု ဓလေ့ထုံးစံအများစုသည် ရှမ်းပြည်နယ်အရှေ့ပိုင်း, မြောက်ပိုင်းက ရှမ်း, ပလောင်မျိုးနွယ်များ, ကချင်ပြည်နယ်က ဂျိန်းဖောမျိုးနွယ်များနှင့် အများဆုံးရောယှက် တူညီနေသည်ကို တွေ့ရပေမည်။ မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်စသည့်မြို့များတစ်ခွင်သို့ ယူနန်တရုတ်တို့ ကာလကြာမြင့်စွာက စိမ့်ဝင်ရောနှော မြန်မာမှုပြုပြီး နေခဲ့ကြသည်ကို မေခ မလိခ, ရွှေလီစသည့်တရုတ်မြစ်တို့က ရေတို့သည် ဧရာဝတီမှာ ပေါင်းသကဲ့သို့ ဖြစ်ပေသည်ဟု စဉ်းစားမိပေသည်။
(နမ်းခမ်း သီတဂူစက္ခုဒါနဆေးရုံ)

 ဧရာဝတီမှ ရွှေလီသို့ အဆန်
မြန်မာနယ်စပ် ရွှေလီမြစ်အနီးက ရွှေလီမြို့သို့ ဓမ္မဒူတခရီးအဖြစ် နှစ်ခေါက်သုံးခေါက် ရောက်ခဲ့ရာ မန္တလေးက တရုတ်တန်း၊ ရန်ကုန်မြို့က လသာလမ်းတို့မှာ တရုတ်လူမျိုးတွေ ရောင်းဝယ် ဖောက်ကား စီးပွားရှာနေကြသလိုပင် မြန်မာပြည်အနှံ့က မြန်မာတို့သည်လည်း ရွှေလီမြို့မှာ မြန်မာရပ်ကွက်၊ မြန်မာလမ်း၊ မြန်မာဆိုင်းဘုတ်နှင့် ဆိုင်တွေ ဖွင့်၍ ရောင်ဝယ်ဖောက်ကား နေကြသည်ကို မြင်ရပြန်လေသည်။ ထိုသို့ဆိုလျှင် ရွှေလီမှ ဧရာဝတီသို့ ဟူသောစကားကို ဧရာဝတီမှ ရွှေလီသို့ဟု အဆန်စကား ပြောကြားရပေမည်။

အံ့ဖွယ် ရှမ်းတို့၏စိတ်ဓာတ်
အင်္ဂလိပ်ကိုလိုနီခေတ်က ဗုဒ္ဓဘာသာမစ်ရှင်တို့ အရောက်အပေါက်မရှိခဲ့ကြသည့် တောကြား၊ တောင်ကြား၊ နယ်ခြားဒေသများသို့ ခရစ်ယာန်သာသနာပြုမစ်ရှင်များ နေရာအနှံ့ရောက်ခဲ့ကြသည်။ အမေရိက, ဥရောပမှ လာကြကုန်သော ခရစ်ယာန်မစ်ရှင်တို့၏ စွန့်စားခြင်း၊ စွန့်လွှတ်ခြင်း၊ စူးစမ်းခြင်းနှင့် ဇွဲသတ္တိတို့မှာ အံ့ချီးဖွယ်ကောင်းပါသည်။ မိမိငယ်စဉ်က (အသက် ၂၅-နှစ်) နမ့်ခမ်းမြို့သို့ အလည်အပတ် တစ်ခေါက် ရောက်ခဲ့သည်။ ယနေ့အထိ နမ့်ခမ်းသို့ ဆယ်ခေါက်ထက်မနည်း ရောက်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သောနှစ် - ၅၀ ခန့်က နမ့်ခမ်းမြို့နှင့် ယနေ့နမ့်ခမ်းမြို့တို့ မှတ်သားမိသလောက် နှိုင်းယှဉ်ကြည့်မိရာ လူနေမှုစနစ်, ယဉ်ကျေးမှုဓလေ့ထုံးစံ, ဘာသာရေး, လူမျိုးရေးအလွန်ကြီး ကွာခြားမှုမရှိ၊ ပကတိမူလအတိုင်းလောက်နီးနီးပင် တည်ရှိနေသည်ကို တွေ့ရသည်မှာ အံ့သြဖွယ်ဖြစ်သည်။

မိုင်-၂၀ သာသာကလေးမျှသာဝေးသော နယ်ခြားဝင်ပေါက်ထွက်ပေါက်မြို့ မူဆယ်မှာ ထူးထူးခြားခြား ပြောင်းလဲတိုးတက်မှုတွေကြောင့် ရှမ်းဗုဒ္ဓဘာသာတို့၏ မူရင်းအနှစ်သာရအပေါ်မှာ ယဉ်ကျေးမှု စရိုက်မျိုးစုံတို့ ၀ိုင်းအုံလွှမ်းခြုံနေသည့်အဖြစ်ကို မူဆယ်ရှမ်းတို့ ကြံ့ကြံ့ခံခုခံနေရပေသည်။ နမ့်ခမ်းမှာမူ မူရင်းရှမ်းဗုဒ္ဓဘာသာတို့၏ ယဉ်ကျေးမှု, လူမှုရေး, ဘာသာရေးအနှစ်သာရတို့ကို မပျောက်ပျက်စေဘဲ မူရင်းဘာသာရေး, ယဉ်ကျေးမှု အနှစ်သာရအပေါ်၌ ခေတ်ဆန်သော ခေတ်မှီသော လူနေမှုစနစ်နှင့်စရိုက်တို့ လွှမ်းမိုးခြင်းမခံရအောင် ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြသည့် နမ့်ခမ်း ရှမ်းတို့၏စိတ်ဓာတ်ကို အံ့ဩချီးကျူးမိပေသည်။
(ပထမဆုံးပေါ်ပေါက်လာသော သီတဂူအာယုဒါနဆေးရုံ-စစ်ကိုင်း)

သီတဂူဆေးရုံများ၏ မျိုးစေ့
စာသင်သားဘ၀ နမ့်ခမ်းမြို့ကို ရောက်တုန်းက ဘက်ပတစ် ဘုန်းတော်ကြီး ဒေါက်တာ ဆီးဂရေး၏ တောင်ကုန်းကလေးပေါ်က ဆေးရုံကြီးကိုကြည့်ပြီး အားကျမိခဲ့ပေသည်။ သူ၏ဆေးရုံမှာ သံဃာတော်များ၊ သီလရှင်များ ဆေးကုသမှုခံယူနေကြသည်ကို မြင်ခဲ့၍လည်း “ငါ့အချိန်ရောက်လာလျှင် ငါဆေးရုံဆောက်တော့မည်” ဟူသော ဆေးရုံမျိုးစေ့ကို စတင်ရယူခဲ့မိလေသည်။ ဆီးဂရေးဆေးရုံပေါ်က မြောက်ဘက်သို့ကြည့်လျှင် မိုးကာလဖြစ်လို့ ရှမ်းတို့စိုက်ပျိုးထားသော လယ်ကွင်းများမှာ စိမ်းညို့ညို့ရှိပေသည်။ ကောက်ပင်လေးတွေ အတော်ရင့်ကုန်၍ မြင့်နေပြီဖြစ်လို့ လေများတိုက်လိုက်တိုင်း အစိမ်းရောင်လှိုင်းတံပိုးကို တအိအိမြင်ရသည်။ ရွှေလီမြစ်ပေါ်က ဖြတ်တိုက်လာသော လေသည် အေးမြမြရှိပေသည်။ ရွှေလီသည် ယူနန်ကိုကျော်၍ ရှမ်းမြေထဲသို့ တိုးဝင်လာသည်။ ဧရာဝတီမှာ ပေါင်းသွားသည်။ သို့သော် ယနေ့ ဧရာဝတီသည် ရွှေလီသို့ဆန်လာခဲ့ပြီ။ နမ့်ခမ်းမြို့ ဇေယျသုခပရဟိတကျောင်းတိုက် ရှမ်းလူမျိုး ဆရာတော် ဦးဝိနယစာရ နှင့် သီတဂူဆရာတော်တို့ ရွှေလီမြစ်အနီးမှာ ဆုံမိကြရာ နမ့်ခမ်းမှာ သီတဂူစက္ခုဒါနဆေးရုံ ပေါ်ပေါက်လာခဲ့ပေပြီ။ စက္ခုဒါနဆေးရုံတော်ကို ဇေယျသုခပရဟိတကျောင်းထဲမှာ တည်ဆောက်ခဲ့သည်။ ဆေးရုံအဆောက်အဦးဆောက်လုပ်ခြင်း ကိစ္စတို့ကို နမ့်ခမ်းက ရှမ်းအားလုံးတို့ တာဝန်ယူလှူဒါန်းခဲ့ကြသည်။ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုးခန့်ရှိမည်။ ဆရာဝန်သုံး ပစ္စည်းအားလုံးတို့ကို သီတဂူတော်ဝင် ဦးကိုကိုထွေး မိသားစုက လှူဒါန်းကြသည်။ သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိမည်။ ဂိလာနအသုံးအဆောင်ပစ္စည်း အားလုံးတို့ကို သီတဂူဆရာတော်က လှူဒါန်းသည်။ သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိသည်။ မေခ, မလိခ, ရွှေလီမြစ်အားလုံးတို့ ဧရာဝတီမှာ ပေါင်းကြသလို သီတဂူနှင့် တော်ဝင်ပြည်သူအားလုံးတို့၏ စက္ခုဒါနသည် ကြည်ကြည်ဖြူဖြူ ရွှေလီမှာပေါင်းခဲ့ကြပါပြီ။

ဒေါက်တာဆီးဂရေး အသက်ရှင်လျှက်ရှိနေသေးလျှင် ပြလိုက်ချင်ပါသည်။ ဆေးရုံတော်ကို ၁၄-၁၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ စမ်းသပ်စစ်ဆေးခံ လာရောက်သူပေါင်း၂၅၀၀- ယောက်ရှိသည်။ ခွဲစိပ်ကုသမှုခံယူပြီး မြင်ရသူပေါင်း ၃၇၅-ရောက် ရှိပါသည်။ ယခုနှစ် ၂၄-၇-၂၀၁၃ နေ့က သီတဂူမျက်စိ အထူးကုအဖွဲ့ ဒုတိယအကြိမ် သွားရောက်ခဲ့ကြသည်။ ၅- ရက်ကြာ ခွဲစိပ်ကုသခဲ့ကြသည်။ လာရောက်စမ်းသပ်ခံယူသူပေါင်း ၁၀၀၀-ကျော်ရှိသည်။ မျက်စိအလင်းရသူပေါင်း ၁၅ဝ- ယောက်ရှိသည်။ နမ့်ခမ်းဟူသော ရွှေမြစ် မြို့လေးသည် ရိုးရိုး ငြိမ်ငြိမ် အေးအေး ချမ်ချမ်း ရှိသည်။ ချစ်စဖွယ်ကောင်းသည်။ မြောက်ဘက်လက်တစ်ကမ်းမှာ တရုတ်ပြည်ရှိသည်။ အနောက်ဘက် ခြေတစ်လှမ်းမှာ ကချင်ပြည်နယ်ရှိသည်။ နမ့်ခမ်းရှမ်းတို့သည် မြန်မာ့ယဉ်ကျေးမှု စရိုက်တို့ကို ကောင်းကောင်းကြီး စောင့်ရှောက်ထားနိုင်ခဲ့ကြသည်။

ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့
သီတဂူ မျက်စိအထူးကု ဆေးရုံသို့ ယူနန်က တရုတ်တို့လည်း လာရောက် မျက်စိခွဲစိပ်ကုသမှု ခံယူသွားခဲ့ကြသည်။ အားလုံးကို ကုသိုလ်ဖြစ် အခမဲ့ ခွဲစိပ်ကုသပေးလိုက်ကြသည်။ ကချင်ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကိုလည်း ဒေါက်တာဆီးဂရေး၏ တပည့် အစဉ်အဆက် ဘရားသာ, ဖားသာ, ဘစ်ရှော့ဘုန်းတော်ကြီးများက ၅ဝ-တစ်စု ၁ဝဝ-တစ်စု ခေါ်လာ ခေါ်လာ ကြသည်။ ဇေယျသုခ ပရဟိတ ဆရာတော်က ကျောင်းမှာ အိပ်ယာ နေရာ ပေးသည်။ ထမင်းကျွေးသည်။ သီတဂူက ကြည်ကြည် ဖြူဖြူ မျက်စိကုသပေးပါသည်။ ယ္ခုနှစ် ကချင် ခရစ်ယာန် ညီအကို မောင်နှမ ပေါင်း ၁၆ဝ- ယောက်တို့ လာရောက်ကြရာ ၁၂- ယောက်တို့ကို မျက်စိခွဲစိပ် ကုသပေးလိုက်ပါသည်။

အချို့သော မျက်စိ ဝေဒနာရှင်များမှာ ကချင်လွတ်မြောက်ရေး စစ်ပြန်များ ဖြစ်ကြပါသည်။ သူတို့လည်း ဘုန်းကြီးကျောင်းမှာ ပျော်ပျော် ပါးပါး အိပ်အိပ် စားစား နေသွားကြသည်။ ကချင်စစ်ပြန်ကြီး တစ်ယောက် ဝတ်ထားသော အင်္ကျီ၏ ရင်ဘတ်ကတံဆိပ်ကို အမှတ်မထင် သတိပြုမိသည်။ ဆက်လက်၍ စူးစူး စိုက်စိုက် ကြည့်မိပါသည်။ ရေးထားသည်မှာ “Heart to Heart” “နှလုံးသားမှ နှလုံးသားသို့” ဟု ရေးထားသည်ကို ကျေနပ်စွာ တွေ့လိုက်ရသည်။ ပို၍ ချစ်စဖွယ်ကောင်းသော စာတမ်းတစ်ခုမှာ “တရားမျှတမှ ထာဝရငြိမ်းချမ်းရေး ရမည်” ဟူ၍ ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် ဤစာတမ်း၏ ခေါင်းစဉ်ကို “ဇေယျာပြည် ဧရာဝတီမှ ရွှေလီသို့“ ဟု ပြင်လိုက်ချင်ပါသည်။ မေတ္တာဟူသည် ရေနှင့်တူသည်။ ရေသည် သောက်သုံးသူတို့၏ နှလုံးကို အေးချမ်းစေသည်။ ချိုးသုံးသူတို့၏ ကိုယ်ကို သန့်ရှင်း ရွှင်လန်းစေသည်။ ရွှေလီက လူတွေရော ဧရာဝတီက လူတွေပါ အားလုံး မေတ္တာလွှမ်းခြုံ၍ သန့်ရှင်းသော စိတ်ဓာတ်, ရွှင်လန်းသော စိတ်ဓာတ်, အေးချမ်းသောစိတ်ဓာတ်တို့ဖြင့် ဘဝခရီးကို ရွှေလီနှင့် ဧရာဝတီကဲ့သို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်းဟု ဆုတောင်းပါသည်။

Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့
ဇူလိုင် ၂၇- ရက်နေ့လည်ခင်းမှာ ဖားသားတို့ ဘရားသားတို့နှင့်တကွ လွယ်ကျယ်မှ ရောက်လာကြသော ကချင်လူမျိုး ၁၂ဝ- တို့ အထုပ်ကိုယ်စီ ပိုက်၍ သီတဂူစက္ခုဒါန ဆေးရုံတော်မှ ရွှေလီမြစ်ကို ဖြတ်၍ နေရပ်သို့ ပြန်သွားကြရာ မိမိသည် နောက်ကျောမှ ကြည့်ရင်း တဒုံးဒုံး နှင့် ဒုန်းစိုင်း မောင်းနှင်သွားကြသည့် သူတို့၏ ထော်လာဂျီ အိပ်ဇောသံများသည် မိမိနားကို ဖောက်ထွင်းခြင်းငှာ မစွမ်းနိုင်ကြ၊ စူးစိုက်၍ စဉ်းစားနေမိသည်ကား ရွှေလီနှင့် ဧရာဝတီစသည့် မြစ်တို့သည် အမည်နာမ မျှသာ ကွာပြားကြကုန်၏။ အမည်နာမကို လွန်မြောက် အတွင်းပေါက်အောင် ကြည့်လိုက်လျှင် မြစ်အားလုံးတို့မှာ ရေတစ်ခုတည်းသာရှိုပေသည်။ တကယ်တော့ ဧရာဝတီဟူသော အမည်နာမနှင့် ရွှေလီဟူသော အမည်နာမတို့ ပေါင်းစည်းကြသည်မဟုတ်၊ ရေနှင့် ရေတို့သာ ပေါင်းစည်းကြသည်သာ ဖြစ်၏။ ဤမြေမှာ ရှိကြသည့် လူသားအားလုံးတို့သည် ရွှေလီနှင့် ဧရာဝတီက ရေတို့ အချင်းချင်း ရောနှော စီးဆင်းကြသလို မေတ္တာရေစီးကြောင်းမှာ အေးချမ်း ကြည်လင် သန့်ရှင်းသော စိတ်ဓာတ်ဖြင့် ပေါင်းစည်း ညီညွတ်ကြပါစေကုန်သတည်း ဟု မေတ္တာဆုတောင်းလိုက်ပါသည်။

“Heart to Heart” “မေတ္တာနှလုံးသားမှ မေတ္တာနှလုံးသားသို့”

သိတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ…….
သီတဂူဆရာတော်
၂၇ - ၇ - ၂ဝ၁၃

+++++++++++

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၈-၂၀၁၃

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes