သီတဂူစတား

သီတဂူစတား

11 January 2012

စာမူများဖိတ်ခေါ်ခြင်း

စာမိတ်ဆက်
ဓားမ,ဟာ မသွေး မခုတ်ဘဲ ပစ်ထားလျှင် သံချေးတက်၍ အသုံးမ၀င်သော ဓားတုံးပဲ ဖြစ်မည်၊ မိမိ ဦးနှောက်၊ အတွေး၊ အသိပညာများကို အသုံးမချဘဲ ပစ်ထားလျှင် သီတဂူဆရာတော်ကြီးပြောသလို Idea to Action မဖြစ်ဘူးဆိုလျှင် ဦးနှောက် ချေးတက်သွားနိုင်သည်၊ စမ်းရေ ချောင်းရေတို့သည် တသွင်သွင် စီးလျှက် လှုပ်ရှားနေမှသာလျှင် ကြည်လင်သော ရေဖြစ်နိုင်မည်၊ အလားတူပင် များများတွေး များများ ရေးပြီး ဦးနှောက်ကို များများ အလုပ် ပေးနေမှသာလျှင် အသိပညာများလည်း ကြည်လင်ပြတ်သားပြီး အတွေးသစ် အမြင်သစ်များ တီထွင် ဖန်တီးနိုင်မှာ ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ကလောင်ဓားကို သွေးလိုသော မိမိ၏ ဦးနှောက်ကို လှုပ်ရှားမှုများ ပေးလိုသော ကလောင်ရှင်များကို အောက်ပါ စာစောင်ဖြစ်မြောက်ရေးအဖွဲ့က ကြိုဆိုနေပါသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြန်မာကျောင်းသားများ ကျောင်းဆောင်


စာစောင်ဖြစ်မြာက်ရေး
အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ MMWAI (Myanmar Monk’ students Welfare Association of India)၏ ဒွါဒသမ (၁၂ကြိမ်မြောက်)နှစ်၊ နှစ်ပတ်လည် အထိမ်းအမှတ်စာစောင် ဖြစ်မြောက်ရေးအဖွဲ့

ဆက်သွယ်လိပ်စာများ
မြန်မာစ/English စာမူ= info@mmwai.org
မြန်မာစာမူ = vicittajoti@gmail.com
English စာမူ = အရှင်ဇ၀န yebawgyi.masoeyein@gmail.com

နောက်ဆုံးထားပို့ပေးရန်
စာမူများကို မတ်လ (March) ၁၅-ရက် နောက်ဆုံးထားပြီး အထက် အီးမေးလ် Email သို့ ရေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၁-၁-၂၀၁၂

09 January 2012

မွေးနေ့မင်္ဂလာ


မွေးနေ့မင်္ဂလာ
ဒီကနေ့ (၈-၁-၂၀၁၂) တနင်္ဂနွေမှာ စာရေးသူတို့ အဆောင် (စောမယကောလိပ်၊ ဘုံဘေ) ရှိ Ph.D ကျောင်းသား ရဟန်းတော်များကို ထုံးစံအပြင် မထုံးစံပါ လာရောက် အလှူဒါန ပြုသည်။
ထုံးစံဆိုတာ- ဘုံဘေရှိ မြန်မာမိသားစုတစ်စု ဖြစ်ကြသော ဒကာဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့က စနေနေ့တိုင်း တစ်ပတ်ခြား၍ နေ့ဆွမ်းကပ်လေ့ ထုံးစံရှိသည်။ ယခုဆို အကြိမ်ပေါင်း ၁၄ ကြိမ်ကျော်ပြီထင်သည်၊ စာရေးသူပင် ကောင်းကောင်း မမှတ်မိတော့။
မထုံးစံ- ထုံးစံအတိုင်း မဟုတ်ဘဲ တခါတရံ ကြိုကြားအလှူမျိုးဖြစ်သည်၊ ယခုလည်း မြန်မာနိုင်ငံမှာ ရှိနေသည့် သားဖြစ်သူ မောင် ရဲကျော်ဖြိုး၏ (၂၂)နှစ်ပြည့် မွေးနေ့အဖြစ် စာရေးသူတို့ အဆောင်ရောက်လာကာ နေ့ဆွမ်းအလှူ ပြုလုပ်သည်။ သားတော်မောင်အတွက် မွေးနေ့မင်္ဂလာ ပြုလုပ်ပေးသည်။

မင်္ဂလာ
မင်္ဂလာဆိုတာ စာရေးသူတို့ ငယ်ငယ်က သိထားသည့် လောကီ မင်္ဂလာ ၁၂ ခန်း ဆိုတာ ရှိသည်။ မွေးနေ့မင်္ဂလာ၊ မွေးသည့်နောက် ၇ ရက် ဆံရိပ်မင်္ဂလာ၊ အမည်ပေးမင်္ဂလာ၊ ရက်တစ်ရာပြည့်မင်္ဂလာ၊ ပုခက်တင်မင်္ဂလာ၊ ထမင်းခွန့်မင်္ဂလာ၊ ထိန်းမြှားမင်္ဂလာ စသည်ဖြင့် ၁၂ ခုရှိသည်ဟု ကြားဖူးသည်။ ထိုမင်္ဂလာများသည် လောကီ မင်္ဂလာများပင် ဖြစ်သည်။ ဘုရားရှင် မပွင့်ခင်ကထဲက ထိုမင်္ဂလာများကို ပြုလုပ်လေ့ရှိကြသည်။ ဘုရားရှင်လက်ထက်ရောက်လာတော့ ထိုလောကီမင်္ဂလာ များကို အကြောင်းပြုပြီး လောကုတ္တရာမင်္ဂလာတွေ ပြုကြသည်။

မင်္ဂလာစစ်စစ်
ထိုလောကီမင်္ဂလာပွဲတွေမှာပဲ ဘုရားအမှူးရှိ သံဃာတော်များကို ပင့်ဖိတ်၍ မင်္ဂလသုတ်လာ လောကုတ္တရာမင်္ဂလာများ ရယူကြသည်။

မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလာဟု အဆိုရှိသည်နှင့်အညီ မကောင်းတာ ရှောင် ကောင်းတာ ဆောင်ခြင်းကို မင်္ဂလာဟုဆိုသည်။

အများစုသိကြတဲ့ အတိုင်း အနောက်တိုင်းလူများရော အရှေ့တိုင်းလူမျိုးများပါ နှုတ်ဆက်သည့် စကားရှိသည်၊ Good morning တို့ Good afternoon တို့ Good evening တို့ ဖြစ်သည်။ အချိန်အလိုက် နှုတ်ဆက်သည့် ယဉ်ကျေးမှု စကားလုံး (Just greeting) သာဖြစ်သည်၊ တကယ့် မင်္ဂလာ အစစ်တော့ မဟုတ်။
တကယ့်မင်္ဂလာ စစ်စစ်ကတော့ အထက်မှာ ပြဆိုသည့် အတိုင်း အကျဉ်းအားဖြင့် မကောင်းမှုမှန်သမျှ ရှောင် ကောင်းမှုမှန်သမျှ ဆောင်ခြင်းပင် ဖြစ်သည်။ အင်္ဂုတ္တရနိကာယ် ပုဗ္ဗဏှသုတ်မှာကား ‘‘ သတ္တာ ပုဗ္ဗဏှသမယံ ကာယေန သုစရိတံ စရန္တိ၊ ၀ါစာယ သုစရိတံ စရန္တိ၊ မနသာ သုစရိတံ စရန္တိ၊ သုပုဗ္ဗဏှော တေသံ သတ္တာနံ’’ ဟု ပြဆိုထားသည်။ ဆိုလိုသည်မှာ- နံနက် မိုးလင်းလို့ အိပ်ယာထ ချိန်ကစပြီး ကောင်းတဲ့အလုပ်၊ ကောင်းတဲ့စကား၊ ကောင်းတဲ့ အတွေးနဲ့ အစပြုလျင် သုပုဗ္ဗဏှ (Good morning) တကယ့် မင်္ဂလာရှိသော နံနက်ခင်းဖြစ်သည်။
အလားတူ နေ့လည်အခါမှာ ကောင်းတဲ့အလုပ် ကောင်းတဲ့ အပြော၊ ကောင်းတဲ့ အတွေးဖြင့် နေလျင် သုမဇ္ဈနိက (Good afternoon) တကယ့် မင်္ဂလာရှိသော နေ့လည်ခင်းဖြစ်သည်။ ညနေခင်း အချိန်မှာလဲ ထိုနည်းတူစွာပဲ နေမည်ဆိုပါက သုသာယနှ (Good evening) တကယ့်မင်္ဂလာရှိသော ညနေခင်း ဖြစ်သည်။ စာထဲမှာ မပါသော ကောင်းသော မင်္ဂလာရှိသော ညခင်းကိုတော့ ညချမ်း အိပ်ယာဝင်ချိန်မှာ အနန္တောအနန္တငါးပါးကို ရှိခိုး မေတ္တာပွားများ အိပ်ခြင်းစသော ကောင်းတာလုပ် ကောင်းတာဆို ကောင်းတာတွေးခြင်းသည် တကယ့်မင်္ဂလာရှိသော နေ့၏ နောက်ဆုံး သုရတ္တိံ (Good night) ဖြစ်သည်ဟုပင် ပြောရမည်ထင်။

မင်္ဂလာစစ်စစ်ကို ရယူနိုင်ခြင်း
ဒီကနေ့ သားတော်မောင် မွေးနေ့အတွက် ရောက်လာကြတဲ့ မိသားစုများသည် သားအတွက်ရော မိမိတို့အတွက်ပါ တကယ့်မင်္ဂလာ စစ်စစ်ကို ရအောင် ယူလိုက်ကြခြင်းဖြစ်သည်။ မနက် နေ့လည် ညနေပိုင်း အချိန်သုံးချိန်းလုံးမှာ သံဃာတော်များ ဆွမ်းဟင်းများကပ်ဖို့ ၀ယ်ကြခြမ်းကြ၊ ချက်ကြပြုတ်ကြ၊ သွားရလာရခြင်း စတဲ့ ကာယကံမြောက် ကောင်းတဲ့အမှုကို ပြုကြခြင်းဖြင့် မင်္ဂလာစစ်စစ် ယူကြသည်၊ သားလေးမွေးနေ့အတွက် သံဃာတော်များကို ဆွမ်းကပ်မယ်ဆိုတဲ့ ကောင်းတဲ့ အတွေးများ တွေးကြခြင်းဖြင့်လည်း မင်္ဂလာစစ်စစ် ယူကြသည်၊ ထို အလှူမင်္ဂလာနဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြခြင်းဖြင့်လည်း မင်္ဂလာ စစ်စစ် ယူကြသည်။
ဤသို့အားဖြင့် မင်္ဂလာရှိအောင် မင်္ဂလာတွေ ပြုနေကြသူတို့ မြတ်ဗုဒ္ဓ၏ သာသနာတော်မှာ ကောင်းကျိုး ချမ်းသာများ ရကြသည်။ ထို အလှူရှင်အပေါင်းတို့သည် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့နှင့်တကွ ရောဂါကင်းရှင်း ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း။။။

‘‘ တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဥာတိဘိ။’’ (ပုဗ္ဗဏှသုတ်)

စာရေးသူတို့အတွက် အကောင်းဆုံးမင်္ဂလာကတော့ ဒီကနေ့ အလှူရှင်များကပ်တဲ့ ဘဲပေါင်း၊ ပုဇွန်ချက်၊ ပြည်ကြီးငါး၊ အသီးစုံချဉ်ရည်များနှင့် စားရခဲ့မျှ မုံ့လုံးရေပေါ်၊ အဖျော်ရည်၊ စသည် စသည်တို့ကို မြိန်ရည်လျှက်ရည် ဘုန်းပေးလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။ (ppppppppp)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁-၂၀၁၂

07 January 2012

ချက်တင်စကားဝိုင်း (၃) မလေးရှား


ဒီအမေး အဖြေ ပို့စ်လေးက အတော်ကို ကြာနေပါပြီး မနေ့က ဟိုရှာ ဒီရှာရင်းနဲ့ ပြန်တွေ့လို့ တင်လိုက်ပါသည်။

မလေးရှားမှာ အလုပ်လုပ်နေတဲ့ ဒကာလေးတစ်ယောက်က မလေးမှာ မြန်မာတွေရဲ့ ဘ၀ကို ပြောပြတယ်၊ မလေးမှာ ဖြစ်နေတဲ့ လူမှုရေးစရိုက်အကြောင်းတွေကို ပြောပြတယ်၊ အထူးသဖြင့် ကိုယ့်လူမျိုးတွေရဲ့ စရိုတ်တွေဖြစ်တယ်။ လူတွေရဲ့ ပင်ကိုယ်စိတ်ကိုက မကောင်းတဲ့ဘက်မှာ ပျော်မွေ့တတ်တာ သဘာဝဖြစ်ပါတယ်။ (ပါပသ္မိံ ရမတိ မနော)။ သို့သော်လည်း ဒါကိုပဲ လွဲချပြီး ကိုယ့်စိတ်ကို အလိုလိုက်နေမယ်ဆိုရင် လူမှုရေးပျက်ပြားမှုတွေ စီးပွားရေပျက်ပြားမှုတွေ ကျန်းမားရေး ပျက်ပြားမှုတွေ ပညာရေးပျက်ပြားမှုတွေ စသည်ဖြင့် အပျက်ပေါင်း များစွား ကြုံတွေ့လာနိုင်ပါတယ်။ ဓမ္မစကြ်ာတရားတော်အရ ပြောရမယ်ဆိုရင် အစွန်းရောက်မှုပဲ။ ကာမသုခလ္လိကာနုယောဂ ပေါ့။


ဒကာတော် (မလေး): အရှင်ဘုရား တစ်ခုလောက် မေးလျောက်ပါရစေ။
သီတဂူစတား: အေးအေး၊ မေးပါ၊ တစ်ခုမက မေးနိုင်ပါတယ်။

ဒကာတော် (မလေး): ဒီမှာလေဘုရား ယောက်ျားလေးရော မိန်းခလေးတွေ ကိုယ်ကျင့်တရား သိပ်မထိမ်းသိမ်းတော့ဘူးဘုရား။ တချို့ဆို မြန်မာပြည်မှာ အိမ်ထောင်ရှိတယ်ဘုရား၊ အဲဒါဘာကြောင့်လဲ ဘုရား။ ဒီမှာ ဖြစ်ချင်တိုင်းဖြစ်နေကြတယ်ဘုရား။
သီတဂူစတား မလေးမှာလား
ဒကာတော် (မလေး): တင်ပါး မလေးမှာဘုရား။

သီတဂူစတား ဒါက လူတွေရဲ့ ပတ်ဝန်းကျင်နဲ့ နေရာကြောင့် ပါသလို ကိုယ့်စိတ်ကိုကလဲ အပျော်အပါးဘက် ညွှတ်ကိုင်းနေလို့ပဲ။ စာလိုပြောရရင် သပ္ပုရိသနိဿျတို့ ပဋိရူပဒေသ၀ါသ တို့ မဟုတ်တဲ့ နေရာဖြစ်နေတော့ တံငါနားနီးတော့ တံငါ၊ မုဆိုးနာနီး မုဆိုး ဆိုတာလို ဖြစ်နေတာပါ။ မလေးမှာမှ မဟုတ်ပါဘူး ဘယ်နိုင်ငံမှာ မဆိုဖြစ်တတ်ပါတယ်။ လူတွေရဲ့ စိတ်ကိုက မကောင်းတဲ့ဘက်မှာ ယိုင်နေတော့ အဲဒီလို နေရာမျိုးတွေ ရောက်နေတော့ ပျက်စီးဖို့ ပိုအခွင့်သာသွားတယ်။ ဒါမျိုးနေရာမျိုးဆိုတာ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်၊ ကိုယ်ကိုယ်တိုင်က မစောင့်ရှောက်နိုင်ရင် ဒီလိုပဲ ပျက်စီးတတ်ပါတယ်။ ကိုယ့်မြေ ကိုယ့်ပြည် ကိုယ့်ရပ်ရွာမှာကား ပတ်ဝန်းကျင်ကောင်းလို့ ပဋိရူပဒေသ လို့ပြောလို့ရတယ်။ ထိုပတ်ဝန်းကျင်ကို ငဲ့ပြီး ကိုယ့်ကိုယ်ကို ထိန်းဖြစ်သွားတယ်။

ဘုန်းဘုန်းကြားဖူးတယ်၊ ပြည်ပရောက်နေတဲ့ တချို့ ဘုန်းဘုန်းတို့လူမျိုးတွေက တခြားနိုင်ငံတွေရဲ့ စရိုတ်တွေ ကူးစက်လာတယ်၊ သူတို့က ပြောသေးတယ် ‘‘ ကိုယ့်လူမျိုးတွေနဲ့ မတွဲချင်ဘူး၊ ကိုယ့်လူမျိုးနဲ့တွဲရင် ကိုယ့်အကြောင်း ကိုယ့်နိုင်ငံကလူတွေ သိမယ်၊ အထင်သေးမယ်၊ နိုင်ငံခြားသားနဲ့ တွဲရင် ဘယ်သူမှ မသိဘူး’’တဲ့။ ဒါပေမဲ့ ကိုယ့်ကိုယ်တော့ သိနေမှာပါ၊ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုတော့ အထင်းသေးနေရင် သူများက ပိုပြီး အထင်သေး အမြင်သေးလိမ့်မည်ကိုကား သူမသိ။ ဘုန်းဘုန်းတို့ အိန္ဒိယ ဟိုက်ဒရာဘက်မှာလဲ မြန်မာ အမျိုးသမီးတစ်ယောက် စကောလရှ်နဲ့ ကျောင်းလာတက်နေတာ ရှိတယ်။ တိုင်းရင်းသူတစ်ယောက်ပဲ။ သူဆိုရင် နိုင်ငံခြားသားနဲ့ တွဲနေတာပဲ။ မြန်မာကျောင်းမှာလာပြီး သူ့ကောင်နဲ့ ထမင်းပုဂံတစ်လုံးတည်း အတူစားနေသည်တဲ့၊ အမြင်မကောင်းလို့ ဘုန်းကြီးက ပြောလွတ်လိုက်ရသည်တဲ့။ လူတွေရဲ့ သဘောကိုက လွတ်လပ်တဲ့ နေရာ ရောက်သွားရင် ပင်ကိုယ် အပျော်ဘက် ညွှတ်ကိုင်းတဲ့ စိတ်အတွက် မထိန်းနိုင်တော့ဘဲ အခွင့်ရေးတွေ ပေးလိုက်ကြသည်၊ ကိုယ့်ပြည်ရှိ မိဘ ဆွေမျိုး၊ ဇနီး မယား စသည်ကို မေ့သွားတတ်သည်။ နိုင်ငံခြား လူမျိုးခြား ဘာသာခြား အထင်ကြီးသူတွေ အတွက် သားမယားများစွာ ရှိသော သူနဲ့ တွေ့ပြီး ဒုက္ခရောက်နေသူတွေလဲ မနဲလှပေ။ မိဘတွေကတော့ ကိုယ့် သမီး ကိုယ့်သား ပညာသင်နေတာပဲဆိုပြီး ရှိသမျှ ထုခွဲပြီး ထောင့်ပံ့ရေးတွေ ပို့ပေးနေရသည်၊ ဒါပေမဲ့ သူကတော့ ဒီမှာ ပျော်လို့ မိဘတောင် သတိရမယ် မထင်။

ဒကာတော် (မလေး): သူတို့တွေ အပြစ်မသိလို့လား မကြောက်တာလား မသိတော့ပါဘုရား။
သီတဂူစတား: တချို့လဲ အပြစ်ဆိုတာသိတယ်၊ အပြစ်ရှိတယ်ဆိုတာ သိလျှက်နဲ့ ကျူးလွန်းတာ များပါတယ်။ အရင်က နေလာတာက ကိုယ့်မိဘ အသိုင်းအ၀ိုင်း၊ ဆွေမျိုး ပတ်ဝန်းကျင် အားလုံးက ကိုယ့်ကို ထိန်းသိန်းပေးနေပေမဲ့၊ ထိုပတ်ဝန်းကျင်ကနေ လွတ်လပ်သော ယဉ်ကျေးမှုမတူသော ဘာသာမတူသော နေရာသို့ ရောက်လာတဲ့အခါ ပတ်ဝန်းကျင်ကိုလဲ ကြောက်စရာ ရှက်စရာမလိုတော့၊ ကိုယ့်စိတ်ကိုယ်တိုင်ကလဲ ထိုပတ်ဝန်းကျင်ကြောင့် ထိန်းချုပ်ထားစရာမလိုတော့ စိတ်ရှိတိုင်း စိတ်ပါတိုင်း ကာယကံမြောက် ကျူးလွန်းမိကြတာ ဖြစ်ပါတယ်၊ အထူးသဖြင့် ကာမဂုံကိစ္စတွေမှာ ပိုဆိုးတာပေါ့။ နောက်တစ်ခုက အပြစ်ဆိုတာထက် အပြစ်ကြောင့်ဖြစ်လာမည့်ဆိုးကျိုးတွေကိုလည်း မေ့ထားပါတယ်။

ဒကာတော် (မလေး): တင်ပါးဘုရား။
သီတဂူစတား: ပတ်ဝန်းကျင်က ကိုယ့်ပတ်ဝန်းကျင် မဟုတ်တော့ဘူးလေ၊ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး ရှက်စရာ မလိုဘူး ဖြစ်သွားတယ်။
ဒကာတော် (မလေး): တခါတခါ တပည့်တော်လေ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အိမ်ထောင်ဘက်တွေကို သနားတယ်၊ သူတို့လဲ စောင့်ထိမ်းတဲ့သူတွေဆိုရင်ပေါ့လေ။
သီတဂူစတား: ဟုတ်တယ်၊ အမှန်ပဲ။

ဒကာတော် (မလေး): ဒီမှာက စည်းကမ်းမဲ့တွေ တွေ့နေရတော့ တဘက်ကသူအပေါ် ကိုယ်ချင်းစာမိတယ်၊ တချို့ဆို သမီးရည်းစားဘဝမှာ တစ်ယောက်က ကောင်းတယ်၊ နောက်တစ်ယောက်က ပွေတယ် ရှုပ်တယ်။ တစ်ယောက်က ဘာမှမသိဘူး။ အဲ့ဒီလိုတွေမှာရော အပြစ်ဖြစ်ပါသလားဘုရား။ သူတို့ကိုပြောတော့ လက်မှမထပ်ရသေးတာတဲ့။
သီတဂူစတား: သမီးရည်စားဘ၀မှာ ကာမပိုင်မရှိသေးပါဘူး၊ ဒါပေမဲ့ မိဘ အုပ်ထိန်းမှုအောက်မှာရှိတယ်၊ မပြစ်မှားကောင်းသော မိန်းမ ၂၀ ထဲမှာ မာတုရက္ခိတာ-အမေ၏စောင့်ရှောက်မှုအောက်မှာ ရှိသောမိန်းမ၊ ပိတုရက္ခိတာ- အဖေ၏စောင့်ရှောက်မှုအောက်မှာ ရှိသောမိန်းမ၊ ဘာတုရက္ခိတာ- အစ်ကို၏စောင့်ရှောက်မှုအောက်မှာ ရှိသောမိန်းမ စသည်တို့ကို ပြစ်မှားမိရင် အပြစ်ဖြစ်သည်။ သူတို့က သဘောမတူရင် အပြစ်ဖြစ်တာပေါ့။

ဒကာတော် (မလေး): ဒါပေမယ့် လက်ထပ်ဘို့ ဆုံးဖြတ်ထားတယ်ဘုရား။ ကာမဂုံမှာ သစ္စာမဲ့သူဟာ နောင်လဲ မဲ့တတ်ပါသလားဘုရား။
သီတဂူစတား:လက်ထပ်ဘို့ ရည်ရွယ်ထားတဲ့သူတွေဟာ တရားဝင် လက်မထပ်ရသေးခင်မှာ နှစ်ယောက်လုံးက သတိထားပြီး စောင့်ထိန်းသင့်ပါတယ်။ ကိုယ့်ချစ်သူအပေါ် တကယ် ချစ်တဲ့သူတွေက တရားမ၀င်သေးဘဲ မကျူးလွန်မိအောင် စောင့်ထိန်းကြပါတယ်၊ သစ္စာလဲ ရှိကြပါတယ်။ တကယ် မချစ်သူတွေကတော့ သစ္စာမဲ့တတ်ပါတယ်။ နောက်ပြီး သစ္စာမဲ့တဲ့သူက သစ္စာ ဘယ်တော့ ရှိလာမှာ မဟုတ်ဘူး။ တစ်ခါ သစ္စာမဲ့ဖူးသူဟာ နောင် ညာဖို့ လိမ်ဖို့ သစ္စာမဲ့ဖို့ဆိုတာ သူ့အတွက် အလွယ်လေး။
မကောင်းမှုဟာ အစမလုပ်မိဖို့ အရေးကြီးတယ်၊ တစ်ခါ လုပ်ဖူးရင် နောက်တစ်ခါ လုပ်ဖို့ မခဲရင်းတော့ဘူ။ တစ်ခါမှ မကောင်းမှု မလုပ်ဖူးသူဟာ အပြစ်တစ်ခု ကျူးလွန်မှာကို ကြောက်သည်၊ သူများသိမှာကိုလဲ ရှက်သည်၊ တစ်ခါလောက် အစမ်းလုပ်ကြည့်လိုက်တော့ ဘာမှ မဖြစ်၊ ဘယ်သူမှ မသိဘူးဟ ဆိုပြီး နောက်ထပ် ဆက်တိုက် ကျူးလွန်မိတော့သည်။

ဘုန်းဘုန်းရဲ့ ကိုယ်တွေ့တစ်ခုပြောပြမယ်၊ စာသင်တိုက်ကို စရောက်တုန်းက ကလေးပဲ ရှိပါသေးတယ်၊ အပေါင်းအသင်းတွေက ရုပ်ရှင်သွားကြည့်ဘို့ ခဏခဏ ခေါ်တယ်။ အဲဒီတုန်း အလွန် စည်းကမ်းကြီးတဲ့ တိုက်ကြီးထဲမှာ အဲဒီလို ရုပ်ရှင် ခိုးကြည့်ရမှာကို အလွန်ကြောက်တယ်။ ဆရာသမားတွေကိုလဲ ကြောက်တယ်၊ ပတ်ဝန်းကျင်ကိုလဲ ရှက်နေတယ်၊ ဒါပေမဲ့ သူငယ်ချင်းတွေက ခဏခဏ ခေါ်တော့ တစ်ခါ ပါသွားတယ်။ အဲဒီတစ်ခါတည်း နောင် ခဏခဏ သွားဖို့ ဖြစ်လာတော့တာပဲ။ ဘာမှ မဖြစ်ဘူးဟ ဆိုပြီး သတ္တိတွေတောင် ဖြစ်လာသေးတယ်။ ဒါ့ကြောင့် မကောင်းမှုဆိုတာ တစ်ခါလေးတောင် မကျူးလွန်မိဘို့ သတိထားရပါတယ်။

ဒကာတော် (မလေး): သမီးရည်းစားဘဝတည်းက တဘက်အပေါ်သစ္စာစောင့်ခဲ့တယ်၊ ဒါပေမယ့် သစ္စာမဲ့နဲ့ တွေ့ရတယ်ဘုရား။...အဲဒါ ဝဋ်ကြွေလားဘုရား။
သီတဂူစတား: ၀ဋ်ကြွေးချည်း လွဲချလို့ မရပါဘူး၊ ကိုယ်နဲ့ ရေစက်မပါခဲ့လို့ပဲ မှတ်ရမှာပေါ့။ ဘုရားလက်ထက်က ဘုရားရှင်၏ မယ်တော် ခမည်းတော် ဘ၀ ၅၀၀၊ ဦးလေး ဦးကြီး ဒေါ်လေး ဒေါ်ကြီးဘ၀ ၅၀၀ ဖြစ်ခဲ့ဖူးတဲ့ နကုလာပိတာနှင့် နကုလမာတာတို့သည် ဘ၀ပေါင်း ထောင်ချီပြီး တစ်ဦးအပေါ် တစ်ဦး သစ္စာရှိခဲ့ကြသည်။ ရှေး ရေစက်ကြောင့်ပင် ဖြစ်သည်။ ရှေးဘ၀များစွာကထဲက သူတို့နှစ်ဦးသည် တူညီသော ယုံကြည်မှု၊ တူညီသော ကိုယ်ကျင့်တရား၊ တူညီသော အသိဥာဏ်နှင့် တူညီသော ပေးကမ်း စွန့်ကြဲမှုများ ရှိခဲ့ကြသည်။ ဒါကိုပဲ ပုဗ္ဗေ၀ါ သန္နိဝါသေန ဟုဆိုသည်။ ရှေးရေစက်ပေါ့။
ဒကာတော် (မလေး): ဒါပေမယ့် ညားတယ်ဘုရား၊ ကွဲသွားကြမလားတော့ မပြောတတ်ဘူဘုရား။
သီတဂူစတား: အဲဒါတော့ ကိုယ့်အပေါ် သစ္စာမဲ့မှန်း သိရက်နဲ့ ယူလိုက်တာတော့ ခံရမှာပေါ့ ကိုယ်ညံ့လို့ပဲ၊ နေရာတိုင်းမှာ ၀ဋ်ကြွေးလို့ အတိတ်ကံတို့ကိုပဲ လွဲမချသင့်ဘူး၊ လက်ရှိဘ၀ရဲ့ ကံ ဥာဏ် ၀ီရိယ ကိုလဲ အားကိုးသင့်တယ်။ အတိတ်ကံကိုပဲ အားမကိုးနဲ့ ပစ္စုပ္ပန်ကံကို အားကိုး။ ကံဆိုတာ အလုပ် ၀ီရိယပေါ့။ ချစ်လို့ ယူထားကြတာပဲ၊ ကွဲမယ် မကွဲဘူးဆိုတာကတော့ တစ်ယောက်နှင့်တစ်ယောက် တာဝန်ကျေမှု မကျေမှုတွေ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိမှု မရှိမှုအပေါ်မှာ မူတည်ပါတယ်။ ရေစက်မပါဘဲ မေတ္တာ သစ္စာမရှိဘဲ ယူထားလျှင်တော့ ကွဲဖို့ အလားအလာ ပိုများတယ်၊ တစ်ယောက်အပေါ် သစ္စာ မေတ္တာမှ မရှိတာ ဘယ်လိုလုပ်ပြီး ရေရှည် လက်တွဲနိုင်ကြမလဲ၊ ကာမအလိုဆန္ဒပြည့်ဖို့ သက်သက်ဆိုရင်တော့ တဒင်္ဂ ခဏတာမျှသာ ဖြစ်ကြပါလိမ့်မည်။

ဒကာတော် (မလေး): တချို့က ပြောကြသေးတယ်ဘုရား။ နေချင်သလိုနေပြီးမှ ကံပါလာလို့တဲ့။
သီတဂူစတား: အတိတ်ကံကိုချည်း အပြစ်ပုံချတာ လူညံ့ပဲလေ။

ဒကာတော် (မလေး): ဖေါက်ပြန်တာတို့ အိမ်ထောင်ရေးပြိုကွဲတာတို့က ကံနဲ့ဆိုင်ပါသလားဘုရား။
သီတဂူစတား: ဘုန်းဘုန်း အထက်မှာ ပြောပြီးပြီလေ၊ ကံဆိုတာ အလုပ်လေ၊ အိမ်ထောင်ရေးတစ်ခုမှာ ဇနီးမောင်နှံတို့၏ ကိုယ်စီတာဝန်တွေ ရှိကြတယ်လေ၊ ဒါကိုပဲ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် ခေါ်တာပေါ့။ တာဝန်တွေ အလုပ်တွေ ကျင့်ဝတ်တွေဆိုတာ ကိုယ်လုပ်ရမည့် ကံတွေပဲ၊ အဲဒီကံတွေ ချို့ယွင်းနေရင် အိမ်ထောင်ရေး ပြိုကွဲမှာပဲ။ ဖောက်ပြန်မှုတွေလဲ ဖြစ်ဖို့ များစွာ အခွင့်လမ်းရှိလာမယ်။ တချို့က ပင်ကိုယ်ဗီဇကထဲက လောလီမှုတွေလွန်ကဲတော့ အလိုမပြည့် ဖြစ်တတ်တယ်၊ အဲဒီအလိုမပြည့်မှုတွေရဲ့ အလိုကို လိုက်နေရင် အိမ်ထောင်ရေး ပြိုကွဲမှာ အမှန်ပင်၊ ကိုယ့်မိသားစုအပေါ် ချစ်တယ်ဆိုရင် ကိုယ့်အိမ်ထောင်ရေး သာယာချင်တယ်ဆိုရင်တော့ သတိနဲ့ ကိုယ့်ရဲ့ အလိုမပြည့်တဲ့ ဆန္ဒတွေကို ထိန်းနိုင်ရမှာပေါ့၊ အဲဒီလို ထိန်းနိုင်ခြင်းသည်လည်း ကံခေါ်တာပါပဲ။ ယခုဘ၀မှာ နှစ်ဦးလုံးရဲ့ အလုပ်ကြောင့်
ကွဲနိုင်သလို အဆင်လဲပြေနိုင်တယ်။ ကွဲနိုင်တဲ့ အလုပ် (ကံ)တွေလုပ်နေရင် ကွဲမှာပဲ၊ ပြေလည်စေတဲ့ အလုပ်ကို လုပ်ကြရင်တော့ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်မှာပဲ။


ဒကာတော် (မလေး): တင်ပါဘုရား။ အိမ်ထောင်ရေးဖေါက်ပြန်ကြသူတွေမှာ ဘယ်လိုအပြစ်မျိုးတွေ ရနိုင်ပါသလဲဘုရား။
သီတဂူစတား: အလွယ်ဆုံးပြောရရင် ကာမေသု မိစ္ဆာစာရကံပေါ့။ ကာမေသု မိစ္ဆာစာရ အပြစ်တွေ ခံရမှာပေါ့။
ဒကာတော် (မလေး):: တင်ပါဘုရား။

သီတဂူစတား:ဒကာတော်ရေ-တစ်ခုတည်းကိုပဲ ထိန်းနိုင်ရင် အောင်မြင်ပါတယ်။ ထိုတစ်ခုတည်းကို ထိန်းနိုင်တဲ့သူဟာ လူစွမ်းကောင်းပါပဲ။ အဲဒီတစ်ခုဆိုတာကတော့ စိတ် ပါပဲ။ ကိုယ့်ဂုဏ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့မျိုး၊ ကိုယ့်ဆွေမျိုး စသည်စသည်တို့ကို သတိရကာ အထိန်းရအခက်ဆုံး ကိုယ့်စိတ်လေးတစ်ခုကိုပဲ ထိန်းနိုင်ရင် အားလုံး သာယာ ၀ပြော အဆင်ပြေပါလိမ့်မည်။ (စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ) (ဓမ္မပဒ)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၀-၁၁-၂၀၁၁

03 January 2012

သီတဂူဆရာတော်သြ၀ါဒ (ဂယာ-အပိုင်း-၂)

သီတဂူဆရာတော်သြ၀ါဒ (အပိုင်း-၂)
နေရာ-ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း
အချိန်- ၁-၁၂-၂၀၁၁၊ ည ၈ နာရီ

တက်ရောက်နာကြားသူ- အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော်များ၏ ကိုယ်စား မဂဓတက္ကသိုလ်ကျောင်းသားများ။

၂။ နောက်တစ်ခုက ဘာပြောလဲဆိုတော့ အပေါ်ယံ အ၀တ်တွေရဲ့ အရောင်အသွေးတယ်ပဲ။ အင်္ကျီဝတ်တာတွေ ဘောင်းဘီဝတ်တာတွေ၊ အပြာရောင်တွေ အ၀ါရောင်တွေ အနီအရောင်တွေ အညိုရောင်တွေ၊ ခေါင်းဆောင်းတာတွေ ခေါင်းမဆောင်းတာတွေ၊ အဲဒီအပေါ်အယံက အသွင်အပြင်တွေ လျှောက်ပြောတယ်၊ ဒါတွေက Outer-shell အကာတွေပဲ၊ inner-core ကွ၊ အတွင်းပိုင်းက အနှစ်သာရ ဘာလဲ၊ သီလ သမာဓိ ပညာပါပဲ။ သီလ သမာဓိ ပညာဖြင့် အတွင်းပိုင်းကို ငြိမ်းချမ်းအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီသာသနာမှာ ဘယ်ယာနမှာပဲ နေနေ ဒီပုဂ္ဂိုလ်ရဲ့ဘ၀ဟာ မပြီး မပြည့်စုံဘူးတဲ့၊ သူ့လူတွေကိုလဲ ဒီအတိုင်းပြောတာ၊ အဲဒီတော့ သီလ သမာဓိ ပညာကို မကျင့်ဘဲနဲ့ ဘာယာနတွေပဲ ထောင်ထားထား၊ ဘာအ၀တ်တွေပဲ ၀တ်ထားထား ဒီပုဂ္ဂိုလ်ရဲ့ ဘ၀ဟာ သာသနာတော်ထဲကို ရောက်သည် မမည်ဘူး။ ဒလိုင်းလားမား ပြောတာ၊ မင်းတို့ကို ငါ ဒါလေးပြန်ပြီးတော့ ကမ်းလှမ်းတယ်။
အဲတော့ အဲဒီမှတ်စုလေးတွေကို မှတ်ရင်း မှတ်ရင်းနဲ့ ဘယ်တုန်းကမှတ်ထားမှန်းမသိသော ငါ့မှတ်စုလေးတွေ ငါ့စာအုပ်ထဲမှာ သွားတွေ့တာ၊ အဲဒါလေးတွေ ဖတ်ပြပြီးရင် ဒီကနေ့ည မင်းတို့အတွက် စကားလက်ဆောင်ပေါ့နော်။

သင်ကြားရုံမျှနဲ့မပြည့်စုံ
အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? (သင်နေရမှာ- သံဃာများ ဖြေ)၊ သင်နေသမျှ ဘာဖြစ်ကြမှာလဲ? (အသက်ရှင်နေရမှာ-သံဃာများ ဖြေ)။ သင်နေရင်တော့ အသက်ရှင်နေအုန်းမှာ မသင်ရင်တော့- သေမှာ။ အားလုံး သေအောင် မခေါ်ကြပါနဲ့အုန်း။ (သံဃာများ ရယ်သံ)။ သင်ကြားကြအုန်းပေါ့ ဟုတ်လား။ သာသနာတော်အတွက် သင်ကြားကြရမှာနော်၊ အဲဒီတော့ မှတ်တမ်းလေးတွေ ငါ့ဘာငါ ကြုံသလိုရေးထားတာ မနဲ ပြန်ဖတ်ယူရတယ်၊ Learning alone would not make a man to be a wise. ဘာတဲ့လဲ? (ရဟန်းအချို့ဖြေ၊ မရှင်လင်း)။ သင်ကြားနေရုံမျှနဲ့၊ ဆရာတော်ကြီးမိန့်ကြားသွားတာ ပရိယတ်နဲ့ ပဋိပတ်ပဲမဟုတ်လား၊ သင်ကြားတာ ပရိယတ်၊ ပရိယတ်တစ်ခုတည်းကို သင်ကြားရုံမျှဖြင့် မင်းတို့ငါတို့ ဘာမဖြစ်နိုင်ဘူးလဲ? (ပညာရှိ မဖြစ်နိုင်-သံဃာများ ဖြေ)။ would not be a man to be a wise. ပညာရှိမဖြစ်နိုင်ဘူး။ သင်နေရုံနဲ့ ဘယ်လောက်ပဲ သင်သင် ပညာရှိ တကယ် မဖြစ်သေးဘူး၊ သင်တယ်ဆိုတာ ဘာလုပ်တာလဲ? Collection of information ပဲမဟုတ်လား၊ reading and collecting many books ဒီလို မဟုတ်လား၊ စာအုပ်တွေဖတ်ပြီး ဟိုကဖတ် ဒီကဖတ် အကြောင်းအရာတွေကို စုတာပဲ မဟုတ်လား၊ Ph.D ဆိုလို့ရှိရင် စုတယ်လေ၊ ဟိုစာအုပ်က ဖတ်၊ ဒီစာအုပ်ကဖတ် သူများရေးပြီးသားတွေ စု၊ စုပြီးတော့ ပြန်စီတယ်လေ၊ အဲဒါ ဒို့ professor ဒေါက်တာ ခင်မောင်ညွှန့်က ပြောတယ်၊ ‘‘ခိုးချတဲ့ စာစု ကျမ်းကြီး ဖြစ်မှာပဲ’’တဲ့။ (ရယ်သံ) သူများစာတွေ ခိုးချပြီးတော့ ကိုယ့်စာ လုပ်တာပဲ။ ဒေါက်တာ ခင်မောင်ညွှန့်က ဒို့တက္ကသိုလ်မှာ Ph.Dနှင့် M.A ကျောင်းသားတွေကို စာသင်ရင်းနဲ့ အဲဒါ ပြောတာ။

အဲဒီတော့ ဒီမှာ Learning alone would not make a man to be a wise. သင်ကြားနေရုံမျှဖြင့်တော့ မင်းတို့ ငါတို့ ပညာရှိ တစ်ယောက် မဖြစ်နိုင်။ သင်ရင် ဒို့ဘာရလဲဆိုတော့။ Just collection of knowledge ပေါ့။ Knowledge နဲ့ Wisdom မတူဘူးနော်၊ Knowledge ကို ဒို့က ဗဟုသုတလို့ ပြောရမှာ၊ Wisdom ကို ဘာပြောလဲ၊ ပညာလို့ပြောတယ်၊ ဗဟုသုတဆိုတာ ဟိုဟာဖတ်တာ ဒီဟာဖတ်တာ ဟိုဟာကြည့်တာ ဒီဟာကြည့်တာ၊ နဲနဲနဲ့ သိတယ်၊ အရေးကြီးတာက Knowledge comes but wisdom lingers. အဲဒီလို စာတွေ အများကြီး ဖတ်ဖတ်ပြီးတော့ မှတ်မှတ်ထားလို့ရှိရင်တော့ general knowledge ဗဟုသုတတွေတော့ ရမှာပေါ့၊ wisdom lingers ပညာကတော့ မလာသေးဘူး၊ ရဖို့ ကြာလိမ့်အုန်းမယ်။
ကျောင်းသားကျောင်းဆောင် သြ၀ါဒ အခမ်းအနား


တတ်သည့်ပညာနဲ့ကိုယ်နဲ့တစ်သားတည်း
ဟေ့-who learns the rules and wisdom ပညာတွေ နည်းစနစ်တွေ အချက်အလက်တွေ အများကြီးသင်ထားတယ်၊ without confirming to them and this life. အဲဒီ သင်ကြားထားတာတွေ လူနဲ့ တစ်ထပ်တည်း ဖြစ်အောင် မလုပ်နိုင်သေးဘူးဆိုရင်။ In the life a man who plot his filed but does not sow လယ်သာ ထွန်းတက်ပြီး လက်မစိုက်တတ်တဲ့သူနဲ့ တူတယ်၊ သင်ကြားထားလို့ မှတ်သားထားလို့ စာတွေ တတ်ထားတယ်၊ အများကြီးကို ဖတ်ထားတယ်၊ တကိုယ်လုံး encyclopedia ကြီးလိုကို ဖြစ်နေတာ။ Britannica encyclopedia ကို မျိုထားသလိုပဲ။ ဟိုဟာလဲ သိတယ် ဒါလဲသိတယ်၊ အဲဒီတတ်ထားတဲ့ စာတွေ ပညာတွေ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ တစ်ထပ်တည်းဖြစ်အောင် မကျင့်နိုင်သေးသမျှတော့ အဲဒီပုဂ္ဂိုလ်ဟာ ဘာနဲ့တူလဲ? လယ်ကို ထွန်ရုံသာ ထွန်ပြီးတော့ မစိုက်ပျိုးတဲ့ လယ်သမားလို ဖြစ်မယ်။ ကြားလား အားလုံး လယ်ကို ထွန်လဲ ထွန်ကြပါ၊ စိုက်လည်း စိုက်ပျိုးကြပါ၊ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်ဖို့ကတော့ ခက်လိမ့်မယ်၊ Ph.D အောင်ရင် ငါ ဘာတွေ လုပ်လိုက်မယ်ပေါ့လေ၊ တွေးတော့ တွေးတယ်၊ တကယ်လုပ်ရင်တော့ သိပ်တော့ မလွယ်ဘူး။

တက္ကသိုလ်တည်ထောင်လိုစိတ်
ငါ Ph.D ဘယ်တက္ကသိုလ်ကမှ မအောင်ခဲ့ဘူး၊ ဒါပေမဲ့ တက္ကသိုလ်တည်ထောင်ချင်တဲ့ စိတ်က တော်တော် ဖြစ်တယ်။ ဖြစ်ချင်ဆုံးနှစ်ကို ငါပြောရမယ်ဆိုရင် ၁၉၆၂။ ၁၉၆၂ ဆိုတာ မင်းတို့ သိလား၊ နိုင်ငံတော်ရဲ့ အကြီးအကျယ် ပြောင်းတဲ့နှစ်လေ။ ဓမ္မာစရိယအောင်တာ ၁၉၆၁ ကွ၊ ၁၉၆၂ မှာ ကမ္ဘာအေး သံဃာ့တက္ကသိုလ်သွားတာ၊ သံဃာ့တက္ကသိုလ် ဧပြီလ စာရင်းသွင်းထားတယ်၊ အဲ ဆောရီး ဖေဖော်ဝါရီလကထဲက စာရင်းသွင်းထားတယ်၊ မတ်လကျတော့ ဘာဖြစ်လဲ? ၆၂ မတ်လ ၂ ရက်နေ့ ဘာဖြစ်တာလဲ? ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းတာလေ။ အာဏာသိမ်းတော့ ပါလီမန် ဒီမိုကရေစီအစိုးရကို တည်ဆောက်ခဲ့တဲ့၊ ဦးနုတို့လက်ထက်က တည်ထောင်ခဲ့တဲ့ ဓမ္မာစရိယ အဒ်ဥပဒေ၊ ပါဠိပထမပြန် အဒ်ဥပဒေ၊ ၀ိနိစ္ဆယအဒ်ဥပဒေ၊ အဒ်တွေ အများကြီးပဲ၊ ဗုဒ္ဓသာသနာအဖွဲ့ အဒ်ဥပဒေ၊ ပါဠိတက္ကသိုလ် အဒ်ဥပဒေ။
နောက်ပြီး ကမ္ဘာအေးမှာ ရှိသေးတယ်၊ International Institute for Advanced Buddhist Study ဆိုပြီးတော့၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိတယ်၊ အဲဒီအောက်မှာ သံဃာ့တက္ကသိုလ်ရှိတယ်၊ အဲဒါတွေ အကုန်ဖျက်ပြစ်တာ။ ကျောင်းစဖွင့်မှာက မေ၊ ကဆုန်လပြည့်ကျော် ဂျွန်လဆန်းလောက်မှ စဖွင့်တာ၊ မတ်လမှာ သာသနာနှင့်ဆိုင်တဲ့ အဒ်တွ ဥပဒေတွေ အကုန်လုံး ပျက်ကုန်ပြီမဟုတ်လား။ အဲတော့ ငါ ဘာနဲ့တူလဲဆိုတော့ သေမည့်နေ့ စစ်ထဲလိုက်သလို ဖြစ်သွားတယ်၊ (သံဃာများ ရယ်သံ)။ အဲဒီနေ့ သံဃာ့တက္ကသိုလ် ကျောင်းစ တက်ရတာကွ။

ဘာ့ကြောင့် သံဃာ့တက္ကသိုလ်တက်လဲ ဆိုတော့--
၁။ ကမ္ဘာအရပ်ရပ်မှာ သာသနာ၊ ခရစ်ယာန်ဘုန်းကြီးတွေ ကမ္ဘာအရပ်ရပ်က ဒို့တိုင်းပြည် လာလုပ်ကြတာ အများကြီးပဲ။ ဒို့တိုင်းပြည်က ဘုန်းကြီးတွေ ကမ္ဘာလှည့်ပြီးတော့ ခရစ်ယာန်တွေလို ဘယ်သူတွေများလုပ်ကြသလို ရှားရှားပါးပါး ရှာဖွေကြည့်တော့ အရှင်သေဋ္ဌိလပဲတွေ့တယ်၊ နောက် အရှင်အရိယဓမ္မဆိုတဲ့ တောင်တွင်းကြီးက ဆရာတော်တစ်ပါးတွေ့တယ်၊ ပြင်သစ်မှာ ကားတိုက်လို့ ကွယ်လွန်တော်မူရှာတယ်၊ နောက်တစ်ခုက သီဟိုဠ်ကျွန်းမှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်တွေ အများကြီးရှိတယ် အိန္ဒိယမှာလဲ တက္ကသိုလ်တွေ အများကြီးရှိတယ်၊ ဒို့တိုင်းပြည်မှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်မရှိဘူးကွ၊ ငါလဲပဲ တက္ကသိုလ်တော့ ထောင်ဦးမယ်ဆိုပြီး အဲဒီကထဲက စိတ်ကလေး ဖြစ်လာတာ။ ၁၉၆၂ ခုနှစ်က စိတ်ကူးဟာ ၆၃-၆၄-၆၅ ဘယ်နှစ်နှစ်လောက် စိတ်ကူးယူရလဲ မင်းတို့ စဉ်းစားကြည့်။ ငါ စစ်ကိုင်း တက္ကသိုလ်ထောင်တာ အခုမှ ၁၅ နှစ်လောက်ရှိသေးတယ်။

လူစွမ်းကောင်းဆိုတာ
အဲတော့ ဘုရားလောင်းရဲ့ ဘုရားဖြစ်ဖို့ ဆုပန်တာတွေရဲ့ ရှေ့နားက စိန္တိတံ သတ္တသံဟိတံ စာလေး ဒို့ ရထားဖူးတယ်နော်၊ ကြံစီတွေးတော့ခဲ့တာ ဘယ်လောက်ကြာလဲ? သိပ်ကြာတဲ့ပေါ့ကွာ။ အဲဒီမှာ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်တဲ့အခါမှာတော့ ခက်တယ်တဲ့။ အဲဒါကို ကြောက်ရင် မင်းတို့ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး၊ To act according to one’s thinking is hard. အတွေးနဲ့ အလုပ် တစ်ထပ်တည်းဖြစ်အောင် လုပ်ဖို့ဆိုတာကတော့ ခက်ခဲဆုံးပဲတဲ့။ တွေးထားတဲ့အတိုင်း တစ်ထပ်တည်းကျအောင် လုပ်ဖို့ဆိုတာ ကမ္ဘာမှာ အခက်ဆုံးပဲ။ အခက်ဆုံးအလုပ်ကို လုပ်နိုင်ရင် မင်းတို့ လူစွမ်းကောင်းပဲ။ အဲဒါသိစေချင်ပါတယ်။

Sitagu International Buddhist Academy (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ဒို့ ၃ ခုတော့ အခု လုပ်ထားပြီးပြီ၊ အဲဒီတော့ Learning is not merely acquisition of information. သင်ကြားနေတယ်ဆိုတာဟာ အချက်အလက် စုဆောင်းနေရုံမျှမဟုတ်ဘူး၊ Learning is lifelong continuous process. သင်ကြားတယ်ဆိုတဲ့ ကိစ္စဟာ အသက်ရှင်နေသမျှကာလပတ်လုံး ဆက်ပြီးအလုပ်လုပ်နေရမှာ၊ အဲဒါလေး မမေ့ကြနဲ့။ သင်ကြားနေတဲ့ဆိုတာနဲ့ တပြိုင်နက်ထဲမှာ တစ်သက်လုံး အလုပ် လုပ်နေရမယ်။
ဗုဒ္ဓရှင်တော်ရဲ့ဘ၀ကို ပြန်သုံးသပ်ရင်-- အလုပ်လုပ်ရင်း ဘ၀ခရီးဆုံးသွားတာပဲ၊ နောက်ဆုံး ဗုဒ္ဓရှင်တော်ရဲ့ ဆောင်ရွက်ချက်ဟာ သုဘဒ္ဒဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဘ၀ခရီးထဲကနေ ကယ်သွားသေးတယ် မဟုတ်လား၊ အဲဒါကြောင့် တပည့်တွေအားလုံး As long as we live, we must learn. As long as we learn, we must live. အဲဒီတော့ Learning ဆိုတဲ့ ဥစ္စာကို အနဲ့ငယ် detail လေး ပြောရမယ်ဆိုရင် Learning ထဲမှာ ဘာပါလဲ၊ Idea ပါတယ်၊ ဘာပါလဲ? (သံဃာများ ဖြေသံ)၊ ကျက်မှတ်ထားရုံနဲ့ မပြီးဘူး၊ ခုနက ဒလိုင်းလားမား ဆရာကြီးပြောတဲ့ စကားဟာနော်၊ နောက်ဆုံး ပြောသွားတာ ဘာလဲ? အ--ဲ နောက်ဆုံး ပြောသွားတဲ့ စကား တစ်လုံးကျန်သေးတယ်။

ငြိမ်းချမ်းရေးဆိုတာ
၃။ ကမ္ဘာ့ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး ပြောနေကြတယ်။ everyone is talking world peace but they don’t have any peace within their heart, any minimum amount of peace within their heart. ကမ္ဘာလုံးငြိမ်းချမ်းရေးလုပ်မည်ဆိုတဲ့ လူတွေရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းရေးလေးဟာ နဲနဲလေးမှတောင် မရှိဘူး။ Without individual peace, we would not contribute the peace to the world. မိမိကိုယ်တွင်း ငြိမ်းချမ်းရေးမရှိဘဲ တကမ္ဘာလုံး ငြိမ်းချမ်းရေး ဘယ်လိုလုပ် လုပ်ပေးနိုင်မှာလဲ၊ အဲလိုမို့လား၊ အဲဒါပါပဲ၊ အဲတော့ မင်းတို့နှလုံးသားထဲမှာ Knowledge လောက်နဲ့ ကျေနပ်မနေကြနဲ့၊ ဘာလုပ်ရမလဲ? Wisdom အထိ လုပ်ရမယ်၊ wisdom ဆိုလို့ရှိရင် ဘယ်လိုလုပ်ရမလဲဆိုတော့ လယ်ကို ထွန်လဲထွန်ပါ စိုက်လဲစိုက်ပါ။ ထွန်တာလဲ ခက်ပါတယ်၊ စိုက်တာလဲ ခက်ပါတယ်၊ ခက်တဲ့ အလုပ်ကို လုပ်နိုင်တဲ့သူသည် ဘာတဲ့လဲ? လူစွမ်းကောင်း၊ အဲတော့ Idea ဟုတ်လား၊ ဒလိုင်းလားမား ပြောတဲ့ စကားသည်ပင် မင်းတို့ ငါတို့အတွက် Idea ပဲ။

Idea မှ Action
သင်ကြားနေရုံမျှဖြင့် မင်းတို့ ငါတို့နှလုံးသားထဲ peace ကို ဘယ်လိုလုပ် ရမလဲ၊ သင်ရုံနဲ့တော့ peace မရဘူး၊ ဘယ်တော့မှ ရလဲ? ကျင့်မှရတယ်၊ အဲတော့ ဒို့သာသနာပိုင်ဆရာတော်ကြီး ခုနက ပြောသွားတယ်၊ နံပါတ် ၁- Idea၊ အဲဒီ Idea ကို Idea အတိုင်း မထားနဲ့၊ Action ဖြစ်အောင်လုပ်၊ အဲဒီ Action က မိမိရဲ့ Attitude ကို ပြောင်းနိုင်တာ။

ဝိသာခ ဆိုတဲ့ သူဌေး မြတ်စွားဘုရားကျောင်းတော် သွားပြီး တရားနာတယ်၊ တရားနာပြီးလို့ ပြန်လာတယ်၊ အိမ်ပေါက်ကနေ ဓမ္မဒိန္နာက ဆီးကြိုတယ်လေ၊ အလှပြင်ပြီးတော့ မိန်းမက ယောက်ျားကို ဆီးကြိုတာလေ၊ ပွေ့တောမလိုလို၊ ဖတ်တော့မလိုလို၊ နမ်းရှုပ်တော့မလိုလို ဒီလို မဟုတ်လား၊ ဟိုလူက ဘယ်လိုပြန်လာလဲ သိလား? မျက်လွှာချပြီး ခေါင်းငိုက်စိုက်ကျလို့ အိမ်ဘက်လဲ မကြည့်ဘူး၊ မိန်းမက ဆီးကြိုတာလဲ သူ Welcome မလုပ်တော့ဘူး၊ ဘာဖြစ်သွားတာလဲ? Attitude ပြောင်းသွားတာ၊ ဘုရားထံမှာ သင်ရုံသာ သင်လာတာ မဟုတ်ဘူး၊ နာရုံသာ နာလာတာမဟုတ်ဘူး၊ wisdom ကို နှလုံးသားထဲမှာ ထည့်ပြီးပြီလေ။ အနာဂါမိမဂ်နှင့် ယှဉ်သော wisdom မဟုတ်လားကွ၊ မှန်ပါဘုရား.(သံဃာများအသံ)။ ဘာနဲ့ဘာကို ပယ်လိုက်လဲ? (သံဃာဖြေသံ)၊ ကာမရာဂနှင့်ဗျာပါဒကို အနာဂါမိမဂ်က ပယ်ပြီးပြီဆိုတော့ မိန်းမက ဖတ်ရမ်း နမ်းရှုပ်မလို့ လုပ်တာ၊ သူက ဒါကို လက်မခံဘူး၊ Attitude က ပြောင်းသွားပြီ။

အဲတော့ ဆိုလိုချင်တာက ပညာတတ်ရင် အမူအရာတွေ attitude တွေ ဘာဖြစ်သွားလဲ? ပြောင်းသွားတယ်။ ဘယ်လိုပြောင်းသွားလဲ? Stability ပေါ့၊ ဘ၀က တည်ငြိမ်ပြီးတော့ ဣနြေ္ဒရသွားတယ်၊ တစ် Idea နှစ် Action သုံး attitude လေးကတော့ way-နည်းလမ်းတွေ၊ Idea ရပြီ Action ရှိပြီ၊ Attitude ရှိပြီ၊ ဘာလုပ်မလဲ? အဲဒီအထဲ နည်းလမ်းရှာ၊ How to establish a University? How to establish a fundamental Buddhist School? Primary School in Villages? ပေါ့။ ဟုတ်လား၊ ရွာတွေမှာ ဗုဒ္ဓဘာသာ အခြေခံကျောင်းတွေ ဘယ်လို တည်ထောင်မလဲ? ကြည့်လေ ခရစ်ယာန်တွေ ဘယ်လိုလုပ်လဲ? အစ္စလာမ်တွေ ဘယ်လိုလုပ်လဲ? ဟိန္ဒူတွေ ဘယ်လိုလုပ်လဲ? နည်းနော်၊ Way of life ကို အဲဒီမှာ ရှာရမယ်။
အဲဒါကြောင့် Idea ရမယ်၊ အဲဒီ Idea ကို action ဖြစ်အောင် သရုပ်ဖော်ရမယ်၊ အဲမှာ နည်းလမ်းတွေရမယ်၊ မိမိရဲ့ဝဘကလဲ ပညာတွေ တက်လာလေလေ ဘ၀ရဲ့ အမူရာအရာတွေကလဲ ငြိမ်သွားမယ်။ အိန္ဒိယမှာ မာစတာ (Master) သင်တုန်းကလဲ ဘိုင်စကယ်လေးနဲ့ ဂျုတ်ဂျုတ်နဲ့သွား၊ Ph.D ရပြီးတော့ မြန်မာပြည်ပြန်သွား ဘိုင်စကယ်လေးနဲ့ဆိုတော့ ဟန်မကျသေးဘူး။ အဲလိုအဲလို ဘ၀က attitude တွေ အကုန်ပြောင်းပြစ်ရမှာ။
နောက်ပြီးတော့ မင်းတို့ ငါတို့မှာ Initiative power ရှိရမည်။ လုပ်နိုင်စွမ်းရှိရမည်၊ အဲဒီသင်ကြားတဲ့ အထဲက Initiative power တွေ ရအောင် လုပ်ယူရမှာ။ Initiative power ရှိလာလို့ရှိရင် နောက်ထက် Creative power တကယ်လုပ်သည်။ အဲဒါပါပဲ။ Idea, Acts, Attitude, way, Initiative power, Creative power. လုပ်နိုင်စွမ်းလဲရှိတယ်၊ Creative power တကယ်လဲ လုပ်လိုက်ကြပြီ။

Ph.D inflation မဖြစ်အောင်
ဒီကနေ့ ဒို့လှူတဲ့ ၁၀၀ ကို အလှူခံတဲ့ ရဟန်းတော် သီလရှင်တွေ ၅၂၈ ပါးပဲ အကုန်လုံး Ph.D အောင်ကြည့်စမ်းပါ၊ စိတ်မဆိုးနဲ့ Ph.D inflation ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ အဲဒီတော့ inflation မဖြစ်အောင် Idea ရအောင်သင်၊ Action မြောက်အောင် လုပ်၊ Attitude တွေပြောင်း၊ way of action- လုပ်ရမည့် နည်းလမ်းတွေရှာ၊ Initiative power ကို ရအောင် စုဆောင်း၊ ပြီးတော့ တကယ် တိုင်းပြည်နဲ့ နိုင်ငံ သာသနာကို မင်းတို့ Creat လုပ်ပါ။ ဘာလုပ်မလဲ? တောက Primary school လေးကို International school ဖြစ်အောင် မင်းတို့ ဘယ်လို creat လုပ်မလဲ? Creative power ရအောင် ဆက်ကြိုးစားရမည်။ အဲဒါ ပြောချင်တာပဲနော်။

နိဂုံး
အဲတော့ ငါ့မှတ်စုလေးတွေ အကုန်မဖတ်ပါဘူးကွာ၊ ဒီတော့၊ နိဂုံးတော့ ငါဘာပြောမလဲဆိုတော့၊ They say that if you want to change society, if you want to change country ပေါ့၊ if you want to change Sasana လား အများကြီးပဲ။ if you want to change Myanmar education system. ပြောင်းချင်တယ်ဆိုတာတွေ မြန်မာပြည်မှာ သိပ်ပြောနေကြတယ်လေ၊ ပြောင်းချင်တယ် ပြောင်းချင်တယ် သိပ်ပြောတယ်၊ နိုင်ငံရေးမပြောပါဘူး၊ ဘာပြောင်းချင်တာလဲ? ပါဠိပထမပြန် စာမေးပွဲထဲမှာ အင်္ဂလိပ်စာ ထည့်သင်ရင်ကောင်းမယ်၊ ခေတ်မီမီစနစ်အတိုင်း၊ change သိပ်လုပ်ချင်တယ်။

အိုဘာမားရဲ့ Changing
အမေရိကန်သမ္မတ အိုဘားမားလေ သူပေါ်လစီက တစ်လုံးတည်း၊ We need to change. ရွေးကောက်ပွဲဝင် ဟာ--အမေရိကန် စီးပွားရေးစနစ်၊ အလုပ်လက်မဲ့စနစ်၊ George export စနစ်၊ George export စနစ်ဆိုတာ သိလား? စက်ရုံ အလုပ်ရုံတွေ အကုန်လုံး နိုင်ငံခြား ရောင်းစားပြစ်တာလေ၊ တရုပ်ပြည်က အကုန်ဝယ်သွားတယ်၊ မင်းတို့သိလား? (မသိပါဘုရား-သံဃာများဖြေသံ)။ အမေရိကန်က စက်ရုံအလုပ်ရုံ အကြီးကြီးတွေ အကုန်လုံး ၈၀ ရာခိုင်နှုံး တရုပ်ပြည်ရောက်သွားတာ။ အဲဒါ George export ခေါ်တယ်။ အဲတော့ ဘာဖြစ်ကုန်လဲ? စက်ရုံတစ်ရုံ တစ်ရုံရဲ့ အလုပ်သမားအရေအတွက် ဘယ်လောက်ရှိမလဲနော်၊ စက်ရုံကြီးတွေ တရုပ်ပြည်ထဲ ပြောင်းသွားရော၊ စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀၀ (တစ်ထောင်) ရှိတယ်ထား၊ တရုပ်တစ်ထောင် အလုပ်ရသွားပြီး အမေရိကန် ၁၀၀၀ ဘာဖြစ်သွားလဲ? အလုပ်လက်မဲ့ဖြစ် (သံဃာများ ဖြေ)၊ အဲဒါပဲကွနော်။ သူကတော့ ဟုတ်မလားဆိုပြီး လုပ်လိုက်တာ သူ့တိုင်းပြည် အလုပ်လက်မဲ့ကြီး ဖြစ်သွားတာ။ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တော့ အဲဒီအလုပ်လက်မဲ့တွေကို ဘယ်လို ထမင်းကျွေးမလဲ? ဒို့တိုင်းပြည်လို မဟုတ်ဘူး၊ ကိုယ့်ဘာသာ ရှာစား တောင်းစား၊ ဟိုမှာ အဲလိုမဟုတ်ဘူး၊ အလုပ်လက်မဲ့အတွက် အလုပ်လုပ်နေတဲ့သူတွေဆီက အခွန်ကောက်ပြီး ထမင်းကျွေးတာ၊ Social security system ဆိုတာ ဟိုမှာ တော်တော်စနစ်တကျ လုပ်ထားတာ။ အလုပ်မလုပ်တဲ့ လူတွေရဲ့ ထမင်းကို ဘယ်သူက ရှာပေးရလဲ? (အလုပ်လုပ်တဲ့သူက ရှာပေး-သံဃာများဖြေသံ)။ အလုပ်လုပ်တဲ့သူတွေက ရှာပေးတာ၊ အလုပ်လုပ်တဲ့သူတွေအပေါ်မှာ အခွန်ထုပ်က အခွန်က ၂ဆ ၃ဆ တက်မသွားဘူးလား။ အလုပ်လက်မဲ့ များလာလေလေ အခွန်တွေတက်လာလေလေ ဒီလို ဖြစ်ကုန်တာ။ အဲတော့ အမေရိကန် စီးပွားရေးကျဆိုတာ အဲဒါကွ။ ငါဟာ စီးပွားရေးသမား နိုင်ငံရေးသမားတော့ မဟုတ်ဘူး Learn ကွနော် သင်ထားတာ၊ လျှောက်ကြည့်ထားတာ ဘာဖြစ်ကုန်ပြီလဲ။
အဲဒီတော့ တရုပ်ပြည် စက်ရုံကြီးသွားထောင်တော့ မြေကြီးဘယ်ကရလဲ? တရုပ်ဆီက ၀ယ်ရတာပဲ မဟုတ်လား? ချက်ချင်းမ၀ယ်နိုင်တော့ အကြွေး၊ ချက်ချင်း ပိုက်ဆံပေးမ၀ယ်နိုင်တော့ အကြွေး၊ ဒီစက်ရုံတွေက အမေရိကန်စက်ရုံတွေ တရုပ်မှာထောင်တော့ အမေရိကန်စက်ရုံတွေ အပေါ်မှာ တရုပ်က အခွန်ထုပ် မကောက်ဘဲ နေမလား? အခွန်ထုပ်ကိုလဲ ပေးရအုန်းမယ်၊ မြေကြီးလဲ ဘာဖြစ်လဲ အကြွေး၊ အကြွေးဆိုတော့ အတိုးကော မတက်ဘူးလား? အမေရိကန်အပေါ်မှာ တရုပ်အကြွးဟာ ဒေါ်လာ ၁၅ Trillion တရုပ်အကြွေးက အမေရိကန်အပေါ်ရောက်နေပြီ၊ လောကကြီးက ပြောင်းပြန်ကြီးဖြစ်သွားပြီ။

အဲဒါကြောင့် မင်းတို့ ငါတို့တတွေ သူ့ရဲ့ စလောဂန် (slogan) လေး ဘာတဲ့လဲ we need to change. အမေရိကန်က ပြောင်းပြစ်မယ်၊ ပြောင်းမယ်ဆိုတဲ့ကောင်က ဘာပြောင်းလဲ? အဖြူသမ္မတကနေ အမည်းသမ္မတဖြစ်တာ၊ ဒါပဲပြောင်းတာ၊ ကျန်တာ ဘာမှ မပြောင်းဘူး၊ အီရန် အီရက် အာဖဂန် တိုက်မြဲတိုက်မြဲပဲ၊ ကျူးကျော်မြဲ ကျူးကျော်မြဲပဲ၊

ဒီအတိုင်းပါပဲဒီအတိုင်းပဲ
အဲဒီတော့ မင်းတို့ငါတို့တတွေ ခေတ်မီ ပညာတွေ သင်ပြီးတော့ နိုင်ငံတော်ရဲ့ ကျေးလက်ပညာရေး စနစ်တွေ၊ ပါဠိပထမပြန်ပညာရေး စနစ်တွေ၊ High school, Primary School, College, University ပညာရေးစနစ်တွေကို ပြောင်းမယ်လို့ဆိုရင် You want to change society လူ့အဖွဲ့အစည်းကြီးကို မင်းတို့ ပြောင်းချင်တယ်ဆိုရင်၊ You have to change yourself first. မင်းတို့ ငါတို့ ကိုယ်တိုင် ရှေးဦးစွာ ပြောင်းရမယ်၊ သူများကို ပြောင်းမယ်ကြံရင် ကိုယ်ကိုယ်တိုင် ဘာလုပ်ရမလဲ? ပြောင်းပါ။ ကိုယ်ကတော့ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သီချင်းလေသံဖြင့် ဆိုပြ)။ ကောင်းလေးတွေ ဆိုတဲ့ သီချင်းလေ ငါတခါတခါ ဆိုပြတယ်။
မန္တလေးက တရားပွဲအပြန် ၁၀-၁၁ ခွဲလောက် ပြန်လာတယ်၊ တခါတလေ မိုးလေးက ဖွဲဖွဲနဲ့ ဓာတ်မီးတိုင်အောက်မှာ ကောင်လေးတွေ ဂီတာတီးနေတာ၊ ကောင်းလေး ၄-၅ ယောက် ဂီတာတီးနေတာ၊ ဘိန်းမူးနေတဲ့ ကောင်လေးတွေပါ၊ ဖြည်းဖြည်း ကားလျှော့မောင်းခိုင်းတယ်၊ ဟေး-မော်တော်ကားမောင်းတဲ့ သူ ၀င်းဇော် လျှော့ကွာ လျှော့ကွာ၊ ဓာတ်တိုင်နားကျ ဖြည်းဖြည်းလေး မောင်းတာ၊ မှန်တံခါးလေးဖွင့်ကြည့်လိုက်တော့--ဟာ--သီတဂူဆရာတော်ကြီးဟေ့ဆိုပြီး အကုန် ကုန်းဦးချတယ်၊ ဟေ့ကောင်တွေ ဆက်တီးကွာ- ငါ နားထောင်ချင်လို့ပါ၊ အားပါးတရ တီးတယ်ဟေ့ ဆရာတော်က မြောက်ပေးတယ်ဆိုတော့၊ ဘာတီးတယ်အောင့်မေ့လဲ? ဘာပဲ ပြောပြော--ဒီအတိုင်းပဲ၊ (သံဃာများ ရယ်သံ)၊ ပါပဲလုပ်လုပ် ဒီအတိုင်းပဲ--ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သံဃာများ ရယ်သံ)။ ပထမပြန်အောင်လဲ ဒီအတိုင်းပဲ-ဓမ္မာစရိယအောင်လဲ ဒီအတိုင်းပဲ၊ Ph.D အောင်လဲ ဒီအတိုင်းပဲ၊ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (ရယ်သံ)။
အေး---နိုင်ငံတော်ကို ပြောင်းချင်ရင် မင်းတို့ကိုယ်တိုင် အရင်ပြောင်းကြပါကွာ၊ Learning into Action. Learning into Practice. ဟုတ်လား၊ သင်ကြားခြင်းမှ ကျင့်သုံးခြင်းသို့၊ အဲဒါပြောပြီးတော့ ဒို့များရဲ့စကားလက်ဆောင် ဒီမှာ နဂုံးချုပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

(သာဓု သံများ)

ထို့နောက် မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွန့်အေးက တက္ကသိုလ်အသီးသီးရှိ ရဟန်း သီလရှင် ၅၂၈ ပါး၏ ကိုယ်စားလှယ်များအား အမေရိကန်ဒေါ်လာ ၅ သောင်း ၂ ထောင် ၈ ရာ (၅၂၈၀၀) တိတိကို လှူဒါန်းပြီး ရေစက်ချ အမျှဝေသည်။

ဝန်ခံချက်။ ။ အသံဖိုင်မှ စားသားအဖြစ် သီတဂူစတား တည်းဖြတ်သည်၊ အသံဖိုင်မှ ကူးယူရသဖြင့် သက်ပုံ ၀ါကျနှင့် အထူးသဖြင့် အင်္ဂလိပ်စာများ အမှား ပါနေပါက စာရေးသူ၏ အမှားသာ ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃၁-၁၂-၂၀၁၁

31 December 2011

သီတဂူဆရာတော် သြ၀ါဒ (ဂယာ)


သီတဂူဆရာတော်သြ၀ါဒ
နေရာ-ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း
အချိန်- ၁-၁၂-၂၀၁၁၊ ည ၈ နာရီ

တက်ရောက်နာကြားသူ- အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော်များ၏ ကိုယ်စား မဂဓတက္ကသိုလ်ကျောင်းသားများ။


ရွှေကျင်ဆရာတော်ကြီးသြ၀ါဒအပြီးမှာပဲ သီတဂူဆရာတော်ကြီးက ဆက်လက်ပြီး မဂဓတက္ကသိုလ်ကျောင်းသားများအား သြ၀ါဒ ချီးမြင့်သည်။




အနှစ်ချုပ်
သာသနာပိုင်ဆရာတော်ကြီး၏ သြ၀ါဒမှာ တပ်မတော်နှင့်တိုင်းပြည်ကို စံထားပြီးတော့ သာသနာတော်နှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ပြောသွားတဲ့စကားဟာ မင်းတို့ ငါတို့အတွက် မှတ်သားဖွယ်၊ မှတ်သားရုံမကဘဲ လိုက်နာဖွယ်ဖြစ်တယ်။

ငါသည် သာသနာအတွက် ဖြစ်ရမည်၊ သာသနာသည် ငါ့အတွက် မဖြစ်ရဘူး။ အဲဒါ သံမှုနှပ်ပြီးတော့ ခေါင်းထဲမှာ စွဲနေအောင် ထားပါ။ ဒို့ဆရာ အနီးစခန်းပြောတာ တစ်ခုရှိတယ်၊ အခု သာသနာပိုင်ဆရာတော်ကြီးပြောတာနဲ့ အဓိပ္ပါယ်တော့ အတူတူပဲ။ ‘‘ သာသနာ့ဝန်ထမ်းဆိုတာ သာသနာတော်ရဲ့ တာဝန်ကို ထမ်းရမှာ၊ သာသနာက မင်းတို့ ငါတို့ကို ထမ်းပြီးတော့ ၀န်လေးမသွားစေနဲ့’’တဲ့ သာသနာရဲ့ တာဝန်ကို ထမ်းရမှာ သာသနာက ဒို့တာဝန်ကို ထမ်းရမှာ မဟုတ်ဘူး။ အဲဒါတော့ ဒို့ဆရာ အနီးစခန်း ပြောသွားတာ။
ဧရာဝတီသက်သေတည်
အဲဒီတော့ ဒီကနေ့ ၅၂၈ ပါးသော အိန္ဒိယပြည်ရောက် မြန်မာပတ်စပို့ကိုင်၍ ကျောင်းတက်ကြသော မြန်မာ့ သံဃာ အားလုံး မွန်ရော ရှမ်းရော ရခိုင်ရော ဗမာရော စသည်ဖြင့် အကုန်လုံးပဲ ငါ ဗမာ (မြန်မာ)လို့ပဲ တမျိုးတည်း သဘောထားတည်။ ပြည်ထောင်စု မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဒီမြေကြီးအပေါ်မှာ မွေးကြတာ။
မေခနဲ့ မလိခ ၂ခုရဲ့ အထက်နား လိုက်ကြည့်တယ်၊ မြစ်ကလေးတွေ ချောင်းကလေးတွေ အများကြီးပဲ ဟို--တိဗတ်ကုန်မြေထဲကစ ဟို--တရုပ်ပြည်ထဲကစလို့ ဆင်းလာခဲ့တာ၊ ချောင်းငယ်လေးတွေ အများကြီး ပေါင်းပေါင်းပြီးတော့မှ မေခနဲ့ မလိခဆိုတာ မြစ်နှစ်ခု ဖြစ်လာတာ၊ အဲဒီ မြစ်နှစ်ခုဟာလဲ မပေါင်းနိုင်ရင် မစုံနိုင်ရင် ဧရာဝတီမြစ် မဖြစ်ဘူးကွဲ့၊ မေခနဲ့မလိခ ပေါင်းမရရင် ဧရာဝတီမဖြစ်ဘူး။

အဲဒီတော့ မင်းတို့တတွေ ရှမ်းကတမျိုး မွန်တမျိုး ရခိုင်တမျိုး ဗမာတမျိုး ကရင်တမျိုး ချင်းတမျိုး ကယား ကချင်တစ်မျိုး၊ ဒီလို မလုပ်ကြနဲ့။ မေခ မလိခ နာမည် ဖယ်လိုက်ရင် ဒီအထဲမှာ ရေပဲရှိတာ။ မြစ်နှစ်ခုဆုံတဲ့နေရာ မြစ်ဆုံဆိုတဲ့ နေရာမှာ ရောလိုက်ပြီးတော့ ဧရာဝတီထဲ ရောက်တဲ့ အခါမှာ ဧရာဝတီနာမည်ခံပြီးတော့ ဆက်စီးတဲ့အခါမှာ အဲဒီရေတွေကို ဓာတ်ခွဲခန်းထဲယူပြီး မေခနဲ့ မလိခရေ ခွဲကြည့်လို့ ရသေးလား၊ (မရပါဟု-သံဃာများ၏ အသံ)။ Harmony ဆိုတာ အဲဒီလို အားလုံး နှစ်လုံးသားချင်းက ဆက်ပြီးတော့ ပေါင်းနေကြရမှာ။

အဲဒါကြောင့် ဒို့များတော့ ကရင်တမျိုး ကချင်တမျိုး မွန်တမျိုး ရခိုင်တမျိုး ရှမ်းတမျိုး ဆိုတဲ့စိတ်ဓာတ် ရည်ရွယ်ချက် ငယ်ငယ်ကထဲက မရှိခဲ့တာ၊ အခုထိ မရှိတာ၊ နောင်လဲ ရှိမှာ မဟုတ်ဘူး၊ အဲဒီတော့ ဒို့များ တတ်နိုင်သလောက် လှူလာတဲ့ အလှူဒါနဟာ ဗမာနိုင်ငံဖွား ဗမာ့စာသင်သား အားလုံး ဗမာ့သာသနာအတွက် အလုပ်လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ တတ်နိုင်တာလေးတွေ စုပြီးတော့ တစ်နှစ်တစ်ခါ လာလှူတာ။

မသင်ရင် သေပြီ
အဲဒီတော့ ဒီကနေ့ စာသင်သားဆိုတော့ Leaner. As long as we're alive- အသက်ရှင်နေသမျှ ကာလပတ်လုံး We must learn ပဲ၊ သင်နေရမယ်။ As long as we learn-ဒို့တတွေ သင်ယူနေသမျှကာလပတ်လုံးလည်း၊ We are alive- အသက်ရှင်နေကြမှာ။ အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? သင်ဟု (သံဃာများ ဖြေ)၊ သင်နေသမျှလဲ? ရှင်နေရမယ် (သံဃာများ ဖြေ)။ မသင်ရင်တော့ သေပြီးပဲ၊ အဲဒါကြောင့်သင်ကြ။

မှတ်စုစာအုပ်လေးနဲ့ သီတဂူဆရာတော်
မှတ်စုစာအုပ်လေးတစ်ခု ဆောင်ထားပြီးတော့ (ဆရာတော် စာအုပ်ကလေး ဖွင့်နေစဉ်) ကြုံရာကြုံရာစာအုပ်တွေကို ဖတ်တိုင်းဖတ်တိုင်း မှတ်ထားပြီး ရေးထားလေ့ရှိတယ်၊ အခုလဲပဲ အစည်းအဝေးကြီးမှာ ၄၆ နိုင်ငံကတက်တဲ့ Global Buddhist Confederation (GBC) ဆိုတဲ့ အစည်းအဝေးကြီးမှာ ဘယ်သူတွေ ဘာပြောတယ်ဆိုတာလေးတွေ မှတ်ဖို့ မှတ်စုစာအုပ်လေးယူထားပြီးတော့ မှတ်ထားတာရှိတယ်။ မှတ်စရာက များများ မရဘူးကွ၊ မှတ်စရာ များများမရဘူးဆိုလို့ရှိရင် အစည်းအဝေးတက်လာတဲ့ လူတွေကို ဘုန်းကြီးတွေကို မင်းတို့ ခန့်မှန်းကြည့်လိုက်တော့ ဟုတ်လား၊။

ဒလိုင်းလားမားပြောသော စကားသုံးခွန်း
တိဗတ်ရဟန်းမင်းကြီး ဒလိုင်းလားမား၊ သူပြောထားတာလေးတွေထဲက ဒို့က ၃ လုံးတော့ သေသေချာချာ မှတ်ထားလိုက်တယ်။

၁။ တစ်လုံးက ဘာလဲဆိုတော့၊ ဗုဒ္ဓစာပေမှာ ပါဠိစာပေဟာ အရင်းအမြစ်ကျဆုံးပဲ။ အဲဒီစကားလုံးထွက်လာနိုင်တဲ့ တိဗက်ဘာသာရေးခေါင်းဆောင်ရဲ့ နှလုံးသားကို မှန်းကြည့်လိုက်၊ Very Honest အလွန်ရိုးသားတဲ့ စိတ်ထားရှိတယ်လို့ ခန့်မှန်းလို့ ရတယ်၊ Tibetan Buddhism ဆိုတာဟာ ဆန်စခရစ် (Sanskrit Buddhism) ပဲ၊ မင်းတို့ အိန္ဒိယပြည်ကြီးမှာ ကျောင်းတက်နေတာဆိုတော့ သင်ပြီးသား ဖြစ်မှာပေါ့၊ ဘုရားသာသနာ နှစ် ၅၀၀ လောက်မှာ ကန္ဓာရတိုင်း ကသ္မီရဒေသ ဒီကနေ့ပြောတော့ ကသျှမီးပေါ့၊ ကနိသျှအင်ပါရာကြီးဟာ ရုရှားပြည် တစ်ခြမ်း အနောက်ဘက် အာဖဂန်နစ္စတန်တို့ ဂရိတို့အထိ ရောက်တယ်၊ မြောက်ဘက်ဆို ရုရှားပြည် တောင်ဘက်ခြမ်း တစ်ခြမ်းလုံးပဲ၊ စတန် (stan)၊ စတန် စတန်ဆိုတဲ့ နာမည်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ သိလား? ။ တာဂျစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ စတန်စတန် စတန်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ? (သံဃာများ တုဏှီ)။ As long as we're alive, we must learn.
အသက်ရှင်သမျှကာလပတ်လုံး သင်နေရမှာ၊ အားလုံး ၇ ခုရှိတယ်။ အဲဒါတွေ အားလုံးက Buddhist Countries တွေချည်းပဲ၊ မင်းတို့ကို ငါပြောမှာက သာသနာ နှစ် ၅၀၀ လောက်မှာ အဲဒီကသျှမီးဒေသ ဟိမ၀န္တာတောင်ခြေမှာ ကနိသျှကဘုရင်ကြီး၏ အထောက်အပံ့နဲ့ သံဂါယနာ တစ်ခုတင်သွားတယ်၊ သံဂါယနာပွဲ ခေါင်းဆောင်းတဲ့သူက အဿဃောသ၊ ၀သုဗန္ဒု၊ ဂိုဏ်းက သဗ္ဗတ္ထိဝါဒဂိုဏ်းက ခေါင်းဆောင်တာ၊ ယောဂစာရ ဂိုဏ်းထဲပါတယ်။ ယောဂစာရ ဂိုဏ်းသည် သဗ္ဗတ္ထိဝါဒဂိုဏ်းထဲက ခွဲထွက်သွားတာ။ အဲဒီ သံဂါယနာတင်ပွဲမှာ သံဃာ ၁၀၀၀ ပါတယ်။

ဘာလုပ်သလဲ တိုတိုပြောရရင် ပါဠိနဲ့ ထိန်းထားတဲ့ ပိဋကတ်ကို သက္ကဋအဖြစ်ပြောင်းတာ၊ အဲဒီမှာ ပြောင်းတာ၊ ပါဠိပိဋကတ်ကို သက္ကဋနဲ့ပြောင်းပြီးတော့ သုတ္တန်ရော အဘိဓမ္မာရော ၀ိနည်းရော အကုန်လုံး အသစ်ပြန်ရေးပြစ်လိုက်တာ၊ သံဂါယနာတင်လိုက်တာ၊ ဘုရားလက်ထက်ကတော့ ရဟန်းတစ်ပါး ပိဋကတ်တော်တွေကို သက္ကတနဲ့ရေးမယ်ဆိုတော့ ဘုရားကတားတာ သိက္ခာပုဒ် မင်းတို့ သိပါတယ်။ ဒါပေမဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းနဲ့ ယောဂါစာရဂိုဏ်းက ပိဋကတ်ကို အကုန်လုံး သက္ကဋဘာသာနဲ့ ပြန်ရေးပြစ်လိုက်တာ၊ ၀ိဘာသာဆိုပြီးတော့ နာမည်ပြောင်းသွားတယ်၊ အဲဒီလို သက္ကဋဘာသာနဲ့ ရေးထားတဲ့ ကနိသျှကမင်း အထောက်အပံ့နဲ့ အဿဃောသခေါင်းဆောင် တင်တဲ့ သံဂါယနာက သက္ကဋပိဋကတ်ကို Sanskrit Buddhism ကို ဘိက္ခုဗောဓိက တရုပ်ဘာသာပြန်တာ၊ ဘိက္ခုဗောဓိက ဘယ်အရပ်သားလဲ? (သံဃာများ တုဏှီ)၊ As long as you're alive, you must learn. တမီနာရူး (Taminaru)သား၊ တမီးကုလား ဘိက္ခုဗောဓိ၊ သူက အဲဒီဘက်ရောက်ပြီးတော့ အဲဒီသံဂါယနာပိဋကတ်ကို တရုပ်ဘာသာပြန်ပြစ်လိုက်တာ၊ တရုပ်နဲ့တိဘက် ဟိမ၀န္တာကျော်ချသွားတာ ဟိုမြောက်ဘက် ဂျပန်အထိ ရောက်သွားတာ။

အဲဒီလိုတိဗက်ကရလာတဲ့ Buddhism က စင်တင် သံဂါယနာမှ ဖြစ်ပေါ်လာသော သက္ကဋပိဋကတ်ကို ဘိက္ခုဗောဓိက ဘာသာပြန်ပေးတာ၊ ဘာသာပြန်မှ တဆင့် သူတို့ ရရှိကြတာ၊ အဲဒါကြီးကို ဒလိုင်းလားမားဆိုတဲ့ ပုဂ္ဂိုလ်က ကောင်းကောင်းသိတယ်၊ သက္ကဋဘာသာပြန်၊ သက္ကဋမှ တရုပ်၊ တရုပ်ဘာသာမှ တိဗက်ဘာသာပြန်၊ အဲဒီလို အမျိုးအမျိုး ဘာသာပြန်သွားတာကို သူသိတယ်၊ အခု သူဘာပြောလဲ?

မြန်မာသာသနာပိုင်ဆရာတော်ကို ဖူးချင်တဲ့ တိဗတ် ဒလိုင်းလားမား
ဒို့တည်းနေတဲ့ ဟိုတယ်ကို သာသနာပိုင်ဆရာတော်ကြီးကို ဖူးတွေ့ချင်ပါတယ်၊ လာအို့သာသနာပိုင်ဆရာတော်နဲ့ မြန်မာပြည်က သာသနာပိုင်ဆရာတော်ကို ဖူးတွေ့ချင်တယ်ဆိုတဲ့ သတင်းကို သူတို့ တိဗက်ဘုန်းတော်ကြီးတွေကနေ တဆင့် ဒို့တပည့် ဒေါက်တာကုမာရဆီကို လာတယ်၊ ဒေါက်တာကုမာရက ငါ့ကိုလာလျှောက်တယ်၊ အေး-ဖူးချင်ရင် ဒို့ရှိတဲ့နေရာလာ၊ ဒို့က တွေ့ချင်လို့ လိုက်ရှာတာ မဟုတ်ဘူး၊ သူတွေ့ချင်ရင် ဒို့ဆီ လာခဲ့၊ ငါက အဲလို ပြောလိုက်တာ။ ဒို့တည်းတဲ့အခန်းထဲလာပြီး အေးအေးဆေးဆေးတွေ့ပြီး နာရီဝက်လောက်ကြာအောင် စကားပြောသွားတယ်၊ ဒို့ကလိုက်တွေ့တာ မဟုတ်ဘူး၊ သူလာတွေ့တာနော်။

အဲတော့ သူပြောတယ်၊ တစ်က ဘာလဲ? ဗုဒ္ဓသာသနာမှာ ပါဠိစာပေသည် အရင်းအမြစ်အကျဆုံးပဲ။ ဘယ်နေ့ ဘယ်နေရာ ဘယ်ချိန်မှာ ပြောတယ်ဆိုတာလေးကို မှတ်ထားလိုက်တယ်။ ပြီးတော့မှ ဆန်စခရစ် (Sanskrit) တို့ တန္တရစ် (Tantric) တို့ကတော့ အပေါ်ယံကသွားကြတာ။ (Sanskrit) တို့ တန္တရစ် (Tantric)၊ ၀ါဇီရာယာနတို့ မဟာယာနတို့ ဟီနယာနတို့ ဒါတွေဟာ so call name ပဲ၊ နာမည်မျှပဲကွ၊ အနှစ်သာရကတော့ သီလ သမာဓိ ပညာပဲ။ ဟော-မှတ်သားစရာ ကောင်းတယ်။

သဘောထားကြီးကြ
အဲတော့ ခုနက ငါပြောတာ မင်းတို့ မေ့သွားပြီလား၊ ဘာမြစ်နဲ့ ဘာမြစ် မပေါင်းရင် ဘာမဖြစ်ဘူးလဲ? (မေခနဲ့မလိခ မြစ် မပေါင်းရင် ဧရာဝတီမြစ် မဖြစ်ဟု သံဃာများ ဖြေ)။ အဲဒါ broad mind သဘောထား ကြီးကြဖို့ပဲ။

သင်ကြားဆိုတာ ဘယ်နေရာက ဘာပဲရရ အကုန်သင်ထား၊ ထေရ၀ါဒနဲ့ မဟာယာန ၀ဇိရာယာန၊ အဲဒါတွေ ဘာပဲပြောပြောပါ၊ သီလ သမာဓိ ပညာသည်သာ အနှစ်သာရပါ။

(အပိုင်း(၂) ဆက်ပါဦးမည်--မျှော်)

မှတ်ချက်။ ။ အသံဖိုင်မှ စာအဖြစ် သီတဂူစတား တည်းဖြတ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃၁-၁၂-၂၀၁၁

27 December 2011

သီတဂူမျက်စိဆေးရုံသတင်း (အတိုအထွာ)

မြစ်ကြီးနား၊ အောက်တိုဘာ ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့  တောင်တန်းသာသနာပြုကျောင်းဝင်း အတွင်း၌ နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည့် သီတဂူဆေးရုံကြီးတွင် ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များကို ပြည်ပမှ မျက်စိပါရဂူ ဆရာဝန်ကြီးများနှင့် ပြည်တွင်းမှ မျက်စိအထူးကု ဆရာဝန်ကြီးများဖြင့် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရပ်ဝေးမှ လာရောက်ကုသမည့် မျက်စိဝေဒနာရှင်များကိုလည်း နေရေးထိုင်ရေး စားသောက်ရေးတို့ကို တာဝန်ယူစီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါမျက်စိဆေးရုံကြီးသို့ တက်ရောက်ကုသလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးများသို့ စာရင်းများပေးသွင်းနိုင်ကြောင်း သက်ဆိုင်ရာမှ ကျေးရွာအုပ်ချုပ်ရေးရုံးများသို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
ကျန်းမာရေးစစ်တမ်းများအရ ကမ္ဘာပေါ်တွင် ၅ စက္ကန့်တိုင်း၌ လူတစ်ဦးနှုန်း မျက်စိကွယ်လျက်ရှိပြီး ၅၀ % မှာ အာရှတိုက်မှဖြစ်ကြောင်း သိရသည်။ အာရှတွင် မျက်စိရောဂါများ အဖြစ်များရခြင်းမှာ မျက်စိကျန်းမာရေးအတွက် ဂရုတစိုက် စောင့်ရှောက်ထိန်းသိမ်းမှု နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အောက်တိုဘာ ၁၃ ရက်နေ့အား ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ပြည်သူများ မျက်စိကျန်းမာရေးအတွက် ကျန်းမာရေး စီမံဆောင်ရွက်မှုများကိုလည်း နှစ်စဉ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဤနေရာမှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၂-၂၀၁၁

နမ့်ခမ်းမြို့

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ဇေယျသုခ-ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဝင်း အတွင်း၌ သီတဂူစက္ခုဒါန (မျက်စိ) အထူးကုဆေးရုံကြီး တည်ဆောက်မည် ဖြစ်ကြောင်း ၂၉-၆-၂၀၁၁ ရက်က သိရသည်။ ထိုဆေးရုံကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်ဉာဏိဿရ၏ လမ်းညွှန်လှူဒါန်းချက် အရ တည်ဆောက်ခြင်း ဖြစ်ပြီး ဆေးဝါးများ၊ ခွဲစိတ် ကိရိယာများကို ဆရာတော်က တာဝန်ယူ၍ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ မျက်စိ ဆေးရုံကြီး၌ လူမျိုးဘာသာ မရွေး၊ နေရာဒေသ မရွေးမှ လာရောက်သည့် မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသ ပေးမည် ဖြစ်ပြီး သုံးလ တစ်ကြိမ် အင်္ဂလန်မှ ပါရဂူကြီးများက လာရောက် ခွဲစိတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

"မျက်စိ ဆေးရုံကို ၁၄-၆-၂၀၁၁ ရက်က ပန္နက်တင်ခဲ့ပြီး ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ထပ်ခွဲဆောင် အဖြစ် တည်ဆောက်မှာပါ။ ဆေးရုံ တည်ဆောက်ဖို့ အတွက် ကျပ်သိန်း ၂၅၀၀ ကုန်ကျမှာ ဖြစ်ပြီး လှူဒါန်းချင်တဲ့ အလှူရှင်တွေ အနေနဲ့လည်း ထည့်ဝင် လှူဒါန်းနိုင်ပါတယ်။

မျက်စိဆေးရုံ ပြီးသွားလို့ မျက်စိရောဂါရှင်တွေကို ခွဲစိတ်ကုသပေးတဲ့အခါမှာလည်း သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါတွေကိုပါ ကုသပေးပြီး ခွဲစိတ်တဲ့အထိ အားလုံး အခမဲ့ ပါပဲ " ဟု အဆိုပါ ဇေယျသုခ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ၀ိနယာစာရ က မိန့်ကြားခဲ့သည်။

လှူဒါန်းနိုင်သည်
ယင်း နမ့်ခမ်းမြို့ သီတဂူစက္ခုဒါန (မျက်စိ) အထူးကုဆေးရုံအတွက် ပါဝင် လှူဒါန်းလိုသူများ အနေဖြင့် မျက်စိ ခွဲစိတ်ခန်း၊ အမျိုးသား၊ အမျိုးသမီး လူနာဆောင်၊ ဆရာဝန် နားနေခန်း၊ ဆေး စတိုခန်းနှင့် စမ်းသပ်ခန်း၊ လူနာများ စောင့်ဆိုင်းရန် နေရာ၊ စာဖတ်ခန်း၊ ပြတင်းပေါက်၊ အမိုးသွပ်၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် နှင့် ဆေးရုံသုံး ပရိဘောဂများ စသည်တို့ကိုလည်း ပါဝင် လှူဒါန်း နိုင်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံသို့ လှူဒါန်းနိုင်သောအလှူခံ ဌာနများမှာ
၁။ နမ့်ခမ်းမြို့ ဇေယျသုခ ကျောင်းတိုက် ဖုန်း-၀၈၂-၆၁၀၁၂ ၊ ၀၉၄၇၃၂၂၄၅၃ ၊
၂။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (နမ့်ခမ်းမြို့) ဖုန်း-၀၈၂-၆၁၆၉၉ ၊
၃။ စိုင်းအုန်းမြ(မန္တလေး)ဖုန်း-၀၉၂၀၂၄၆၆၁ နှင့်
၎။ ရန်ကုန်မြို့ ဖုန်း-၅၅၈၄၄၇ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။
ဤနေရာမှ ကူးယူဖော်ပြသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၂-၂၀၁၁

26 December 2011

ဝါဆိုဆရာတော်ကြီး သြ၀ါဒ (ဂယာ)

ဝါဆိုဆရာတော်ကြီး သြ၀ါဒ
၁-၁၂-၂၀၁၁ ည ၇ နာရီ
ကျောင်းသားများ ကျောင်းဆောင်
ဗုဒ္ဓဂယာ၊ အိန္ဒိယ
ရှေးဦးစွာ မဂဓတက္ကသိုလ်ရှိ ကျောင်းသားများ ကန်တော့၊ သီတဂူဆရာတော်ကြီးက ဆုပေး။
ထို့နောက် အိန္ဒိယနိုင်ငံ တက္ကသိုလ် အသီးအသီးတွင် ပညာသင်ကြားနေကြသော ရဟန်း သီလရှင် ၅၂၈ ပါး ရှိကြောင်း ကျောင်းသားများအဖွဲ့ လက်ရှိ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇ၀နက ကြော်ငြာသည်။
ထို့နောက် သီတဂူဆရာတော်က ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး စကားနဲနဲ ပြောပေးရန် လျှောက်ထားသည်၊ ကျောင်းသားများကိုလည်း ‘‘ဆရာတော်ကြီး၏ အဆုံးအမ နာကြားခွင့်ရခြင်းသည် မင်းတို့တတွေ သိပ်ကံကောင်းတယ်’’ဟု အမိန့်ရှိသည်။ ထို့နောက်မှာတော့ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ၀ါဆိုဆရာတော်ကြီးက သြ၀ါဒပေးသည်။

ရွှေကျင်ဆရာတော်နှင့် မဂဓတက္ကသိုလ်ကျောင်းသားများ


ဝါဆိုဆရာတော်ကြီး၏ သြ၀ါဒ
ဒါနအမျိုးမျိုး
သီတဂူဆရာတော်နှင့်၊ ကျောင်းအမကြီးများ၏ ပညာဒါန၊ ပညာပါရမီ ကုသိုလ်ပွဲကို နောက်ကနေပြီး လိုက်ကြည့်ရတာ သြ၀ါဒ ပေးစရာ သိပ်မလိုပါဘူး။
နောက်ကနေကြည့်ပြီး ၀မ်းသာတာပါ။ ၀မ်းမြောက်ပါတယ် သဘောတူပါတယ်။ သဘောတူတယ်ဆိုတာ နောက်ကနေ လိုက်ပြီး သဘောတူတာ ဘုန်းကြီးတို့ နဲနဲ ချောင်တာပေါ့၊ သီတဂူလိုတော့ တာဝန်မရှိဘူးပေါ့၊ နောက်ကနေ သဘောတူတယ်ဆိုတာလဲ ဒါနပဲ။ ဒါနဆိုတာ ကိုယ်တိုင် သာဟတ္ထိက ဆိုတာရှိတယ်။ သူတပါးကို တိုက်တွန်းတာ အာဏတ္တိကဒါန၊ သီတဂူဆရာတော်တို့ကတော့ သာဟတ္ထိကဒါနပဲ။ ၀ဏ္ဏဘာသနာဆိုတာ ရှိသေးတယ်၊ ၀ဏ္ဏဘာသနဆိုတာ ချီးမွမ်းတာ၊ သီတဂူကို ချီးမွမ်းတာ သီတဂူအလှူကို ချီးမွမ်းတာလည်းပဲ သီတဂူအလှူလှူသလို ကိုယ်က အလှူရှင်ထဲ ပါသွားတာပေါ့။ နောက်ကနေ ချီးမွမ်းတာ အလှူရှင် အစစ်မဟုတ်ပေမဲ့ အချောင် အလှူရှင်ဖြစ်တယ်။ အလှုရှင် အချောင်ပေါ့ဗျာ (သံဃာများ ရယ်သံ)
သမနုညဆိုတာ ရှိသေးတယ်၊ သမနုညဆိုတာ စိတ်တူတယ် သဘောတူတယ် သာဓုခေါ်တယ်။ အဲဒီတော့ ဒို့က သာဟတ္ထိက အာဏတ္တကဒါန သမားတော့ မဟုတ်ဘူး၊ ၀ဏ္ဏာဘာသန ဒါန သမားတော့ ပါတယ် (ရယ်၍ ပြော)။ သမနုညထဲလဲ ပါတယ်၊ သီတဂူအလှူလှူတဲ့ အလှူကို နောက်ကနေ လိုက်ပြီး ချီးမွမ်းတော့ သီတဂူအလှူနဲ့ ကုသိုလ် အတူတူပဲ၊ ဒို့လည်း ကုသိုလ်ရတာပဲ အချောင် ကုသိုလ်ရတာပဲ (ရယ်ပြော)။ သမနုည-သဘောတူ။

ကျောင်းသား ရဟန်းတော်များ
အဲဒီတော့ ကျောင်းသား ကျောင်းသားဆိုပေမဲ့ ရဟန်းတော်တွေပါ၊ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေပဲ၊ သာသနာ့ဝန်ထမ်းတွေ ဘာလုပ်ကြတာလဲ မေးရင် ပညာသင်တာပဲ။ ပညာသင်တာဆိုရင် ပရိယတ်လား ပရိပတ်လား မေးရင်တော့ ပရိယတ်ထဲပါတယ်၊ ဦးဇင်းတို့က ကိုယ့်ကိုယ်ကို အထင်မသေးကြနဲ့၊ သဒ္ဒါ သင်ဂြိုဟ် သင်မှ ပရိယတ်မဟုတ်ဘူး၊ မာတိကာ ဓာတုကထာတွေ သင်မှ ပရိယတ် မဟုတ်ဘူး၊ ဦးဇင်းတို့ အခု သင်နေတာ ပရိယတ်တွေပဲ။
ပရိယတ်မှ ပရိပတ်
ပရိယတ်ဆိုတာ ဘယ်သွားဖို့လဲ ပရိပတ်သွားဖို့ပဲ၊ အချိန်ရှိခိုက်လုံးလစိုက်ဆိုတာလိုပဲ၊ အခု အချိန်ရှိတုန်းမှာ သဒ္ဒါ သင်ဂြိုဟ်တွေတင် မဟုတ်ဘဲနဲ့ စွယ်စုံ ပရိယတ္တိကျအောင် စနစ်ကျကျသင်၊ ပညာတွေ တတ်အောင်သင်၊ မိဝေး ဖဝေး ဒီလာပြီးတော့ သင်ရတာ၊ အဲဒါ သာသနာ စိတ်တော့ လက်မလွတ်နဲ့၊ ဒီသာသနာတော်ကြီးဟာ ငါ့အတွက် ပေါ်လာတာလို့ အောင့်မမေ့နဲ့၊ ဘုရားသာသနာတော် ဖြစ်တယ်၊ ဘုရားသာသနာတော်အတွက် ငါဖြစ်လာတာ၊ ဘုရားသာသနာတွေအတွက် ငါ ရဟန်းတော်တစ်ပါးအနေနဲ့ လူတစ်ယောက် ဖြစ်လာတယ်ဆိုတော့ သာသနာတော်ကြီး ကြီးပွားအောင်၊ ဒို့တတွေ ပညာတွေ တတ်အောင်သင်မယ်၊ ပညာတွေ တတ်ရင် ဘယ်လိုကြီးပွားအောင် လုပ်မလဲ၊ မေတ္တာရပ်ခံ တောင်းပန်ချင်တာက အဲဒါ မြန်မာပြည် ပြန်ရောက်ပြီးတော့ စာတွေ ဘာတွေ ပြန်ချ၊ စာချတဲ့ နေရာလိုက်ရှာ၊ ဒီလိုပညာတွေကို ဘယ်လို အသုံးချမလဲ ဆိုတာကို ဟိုဟို ဒီဒီ စိတ်မကူးပါနဲ့၊ ဖြစ်ချင်တဲ့ အခါ ဖြစ်သွားမှာပေါ့။ အခြေအနေ ပေးလို့တော့ ဖြစ်ချင် ဖြစ်လာမှာပေါ့။ ကျောင်းတော့ မှန်မှန် တက်ကြ၊ စာတော့ အံကြ လုပ်စရာရှိတာ လုပ်ကြ၊ ဟိုဟာ ဒီဟာလုပ်မယ် စိတ်မကူးကြနဲ့။
(ငါသည် သာသနာအတွက် ဖြစ်လာတာ၊ သာသနာသည် ငါ့အတွက် ဖြစ်လာတာမဟုတ်)

မနေနိုင်လူထွက်
မင်းတို့ ကျောင်းပေါက် ထွက်သွားလို့ ကလေးမလေး တစ်ယောက်က ကိုယ့်တော့ကို မရရင် တပည့်တော်မ သေရပါတော့မယ် ဆိုရင်တော့ လူထွက် ယူလိုက်ပေါ့ (သံဃာများ ရယ်သံ)။ မယူနိုင်ရင် သူနဲ့ မတွေ့အောင် နေပေါ့၊ သူနဲ့ မတွေ့မခြင်းကတော့ စာအံရမှာပဲ (သံဃာများ ရယ်သံ)၊ အဲဒီ အခြေအနေလေးတွေကို နဲနဲ သိဖို့ အရေးကြီးတယ်၊ ဟိုစိတ်ကူး ဒီစိတ်ကူး မကူးနဲ့၊ ငါဟာ သာသနာအတွက်ပဲ၊ ငါဟာ သာသနာအတွက် ပေါ်လာတာပဲ၊ သာသနာသည် ငါ့အတွက် ဒီလိုမဟုတ်ဘဲနဲ့ ငါသည် သာသနာအတွက်၊ ငါတည်းဟုသော အကြောင်းကြောင့် သာသနာတော်ကို ကြီးပွားအောင် လုပ်မယ်လို့ စိတ်ကူးပြီးတော့ သင်ကြပါ၊ ပရိယတ်ပါ၊ ပရိယတ်မို့လို့ သီတဂူဆရာတော်က အားပေးနေတာပါ၊ သီတဂူဆရာတော်လည်း နောက်ဘ၀ သံသရာ ဘ၀တိုင်းဘ၀တိုင်း ပညာတတ်ဖို့ ပညာတွေ အထက်တန်းကျဖို့ အကျိုးလိုလားပြီးတော့ လှူဒါန်းတာ၊ အဲဒါ ခုနကပြောတဲ့ ၀ဏ္ဏဘာသန ဒို့က အချောင် ကုသိုလ်ရနေတာ။ သမနုည-စိတ်တူတယ် သဘောတူတယ်၊ သီတဂူလှူတဲ့ အလှူကို ဒို့က သဘောတူတယ် ၀မ်းမြောက်တယ်၊ အလှူ့ရှင်ထဲ ပါသွားတာပဲ၊ အလှူရှင်နဲ့တူတာတော့ သီတဂူလုပ်တဲ့ အလုပ်တွေကို ဒို့က နောက်ကနေ ၀မ်းမြောက် ၀မ်းသာတယ်၊ အားပေးနေတယ်၊ သီတဂူအစား သီတဂူရဲ့ ကိုယ်စား ဒို့က မင်းတို့ကို သြ၀ဒါပေးတာ၊ ဒါ ပရိယတ်အလုပ်ပါ၊ ဒို့ကတော့ ထောက်ခံတယ်။

ကိုယ့်စာပေကို ချစ်ပါ
ဦးဇင်းတို့ သင်ကြားနေတဲ့ ပရိယတ်ကို ထောက်ခံတယ်၊ သင်ပါ သင်ကြားသင့်ပါတယ်၊ သင်ကောင်းပါတယ် တတ်ကောင်းပါတယ်၊ တတ်ပါ၊ ဘာသာ တစ်ခုတည်း မဟုတ်ဘဲနဲ့ ဘယ်နှစ်ခုတတ်တတ်၊ အင်္ဂလိပ်တင် မဟုတ်ဘူး ကုလားလဲ တတ်အောင်သင်ခဲ့၊ ကုလားစကားလဲ တတ်အောင်သင် နောက် ကုလားနဲ့တွေ့ရင် သြ၀ါဒပေးရအောင် တရားဟောရအောင် (သံဃာများ ရယ်သံ)။ ဒီအထဲ တရုပ်လဲ တတ်ရင် ကောင်းတာပဲ၊ ပြင်သစ်စကားလဲ ကောင်းတာပဲ၊ ချစ်တာတော့ ကိုယ့်စာပေကို ချစ်ပါ။ ကိုယ့်စာကိုယ့်မျိုး ကိုယ့်သာသနာကို ချစ်ပါ။

‘‘ကိုယ့်မျိုး ကိုယ့်စာ၊ ကိုယ့်မြို့ရွာ ကိုယ်ပါ ချစ်၍ မြတ်နှိုးမယ်’’

ကိုယ့်မျိုးကို ချစ်ပါ၊ ကိုယ့်စာကို ချစ်ပါတဲ့၊ အဲဒါ မြန်မာရက်စွဲလေးတွေ မမေ့စေနဲ့၊ အရှင်ဘုရားတို့ မြန်မာ ရက်စွဲ ချစ်ပါ၊ သုံးတာတော့ ဘာပဲ ဖြစ်ဖြစ် သုံးပါ၊ မြန်မာနိုင်ငံမှာ ရေဒီယိုတွေ ဘာတွေမှာ ကြော်ငြာတယ်၊ သတင်းစာတွေမှာ ထွက်နေတယ်၊ မြန်မာရက်စွဲလဲ ပါတာပဲ။ အင်္ဂလိပ် ရက်စွဲလဲ ပါတာပဲ၊ ကမ္ဘာသုံးတဲ့ ရက်စွဲ ပါရမှာပေါ့။ တဘက်သက်တော့ မလုပ်ပါနဲ့၊ အင်္ဂလိပ်စကားလေး နဲနဲတတ်တော့ ခေတ်မီတယ်ပေါ့၊ တချို့ အင်္ဂလိပ်စကား ဘာမတတ် ညာမတတ်နဲ့ အလကားနေရင်း သူတို့ကို သူတို့ ခေတ်မီနေတယ် ထင်နေယ်၊ ရှိသေးတယ် ဦးဇင်းလေးတစ်ပါး မန္တလေးမှာ တွေ့ရတယ်၊ ဘယ်လမှန်းမသိ၊ တခူးလမှန်းမသိ ကဆုန်လမှန်းမသိ ၀ါဆိုလမှန်းမသိနဲ့ သူများဝါဆိုလို့သာ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ ၀ါဆိုလိုက်ရတယ် (သံဃာများ ရယ်သံ)၊ သူများ ပ၀ါရဏာပြုလို့သာ သီတင်းကျွတ်လပြည့် ပ၀ါရဏာပြုလိုက်ရတာ၊ ဘာမှ မသိဘူး။
ဦးဇင်းလေးတစ်ပါး ငါ့ဆီလာပြီး ရဟန်းခံလာပင့်တယ်၊ ‘‘ဆရာတော်ဘုရား၊ တပည့်တော် ရဟန်းခံမယ်မလို့ ဆရာတော် လိုက်ပြီး ချီးမြောက်ပေးပါဦးဘုရား၊ ဘယ်တော့လဲ မေးတော့ ဖေဖေ၀ါရီလ ၂ ရက်တဲ့ (သံဃာများ ရယ်သံ)၊’’ ဖေဖော်ဝါရီလတွေ ဘာတွေ ငါမသိဘူးကွ၊ ငါ ပြန်တွက်ကြည့်ရအုန်းမှာ၊ ပြောပေါ့ မြန်မာလို၊ အဲတော့မှ တပည့်တော် ပြန်တွက်အုန်းမယ်ဘုရားတဲ့။ ငါ့ပင့်တော့ ဖေဖော်ဝါရီလ ၂ ရက်တဲ့၊ အဲဒါ မကောင်းဘူး၊ နဲနဲ ကျော်နေတယ်၊ နဲနဲ လွဲနေတယ်၊ အမှန်ကတော့ ဖေဖော်ဝါရီလ ၂ရက်တို့ ၃ ရက်တို့ နောက် သိရမှာ၊ ကိုယ့်မြန်မာလ ရက်ကိုတော့ အရင် ဦးအောင် လုပ်ထားရမှာပေါ့။ ကိုယ့်စာကိုတော့ ချစ်ပါ၊ တတ်အောင်သင်ပါ၊ ကိုယ့်စာကို တတ်မှ ဘာစာဖြစ်ဖြစ် တတ်အောင်သင်ပါ၊ တတ်လေ ကောင်းလေပဲ၊ မင်းတို့ အိန္ဒိယကနေ ပြန်လာတယ်၊ မြန်မာပြည်ရောက်တယ်၊ ဘာတွေ တတ်လာတယ်၊ တပည့်တော်ဘုရား အမ်အေ (M.A) တန်းအောင်ခဲ့တယ်ဘုရား၊ ၀မ်းသာတယ်၊ အာ-တပည့်တော် ပီအိပ်ချီ(Ph.D) ဘွဲ့တွေ ရခဲ့တယ်ဘုရား၊ ၀မ်းသာတယ်၊ ဘာလုပ်မှာလဲဆိုတော့ ကိုယ့်ကိုယ်ကို စဉ်းစားပေါ့၊ မြန်မာလူမျိုး ဖြစ်တယ်၊ မြန်မာဘုန်းကြီးဖြစ်တယ်၊ မြန်မာနိုင်ငံမှာ မိမိတို့ကျောင်း အသီးအသီး ရှိကြတယ်၊ ကိုယ့်မိခင်ကျောင်းကို ပြန်ကြည့် ဘာလိုတယ်၊ စာဝင်ချရမယ်၊ စာလုပ်မယ် ဘာလုပ်မယ်။

ပရိယတ်မှ ဈေးဆိုင်သို့
သီတဂူဆရာတော့်တပည့်တွေလဲ ပြည့်လို့၊ ဒေါက်တာဘွဲ့တွေ ဘာတွေရတာ သီတဂူရဲ့ အစီးအစဉ်အတိုင်း စာတွေချနေရတယ်၊ စာတွေ ပြနေရတယ်၊ အဲဒါ သိပ်ကောင်းတာ၊ ပရိယတ်က ပရိယတ်နယ်ပယ်က မထွက်ဘူး၊ အဲဒီက ထွက်ရင် ပဋိပတ်ကို ကူးရမှာ၊ ပရိယတ်နယ်ပယ်က ထွက်ပြီးတော့ ဒီပြင်နယ် ကူးသွားရင် မကောင်းဘူး၊ ပရိယတ်မှ ပဋိပတ္တိသို့၊ ပရိယတ်မှ ဘယ်ရပ်ကွက်သို့ ဘယ်ဈေးဆိုင်သို့ (သံဃာများ ရယ်သံ)၊ ဆိုက်ကားနှင်းမည့်သူကလဲ ဘယ်ဆိုက်ကားသို့ (သံဃာများ ရယ်သံ)။ ဒို့က ပရိယတ်ထဲမှာဆိုတော့ ပဋိပတ်ထဲကို တက်ရမှာ၊ အဲဒါလေးတွေ သတိထားပြီး ကြိုးစားကြဖို့ပဲ။ အဲဒါ ‘‘ကိုယ့်မျိုး ကိုယ့်စာ၊ ကိုယ့်မြို့ရွာ ကိုယ်ပါ ချစ်၍ မြတ်နှိုးမယ်’’ တဲ့၊ ကိုယ်တည်းဟုသော အကြောင်းကြောင့် ဆရာသမားတွေ နာမည် မပျက်အောင်၊ သီတဂူကိုလဲ အားပေးရင်း သီတဂူရဲ့ ဂုဏ်ကျေးဇူးတွေကို အာရုံပြုပြီး ကြိုးစားကြ။ ပရိယတ်လုပ်နေတာ၊ တနေ့ကျရင် စာပြန်ချရမယ်၊ ဘယ်လိုသာသနာပြုမယ်၊ ကိုယ့်ရွာကို ပြန်ကြည့်၊ ကိုယ့်မြို့ကို ပြန်ကြည့်၊ ကိုယ့်စာသင်တိုက်ကို ပြန်ကြည့်၊ ဘာလိုတယ် ညာလိုတယ် အဲဒါတွေ သတိထား။ အခြေအနေကတော့ အခြေအနေရပေါ့၊ အခြေအနေမှ မရောက်သေးဘူး စောစောကထဲက အချိန်ကုန်လာတာ မကောင်းဘူး။

ဗိုလ်ချုပ်နှင့်သမီးရည်းစား
ဗိုလ်အောင်ဆန်း ပြောသလိုပဲ၊ ဗိုလ်ချုပ်အောင်ဆန်းက သမီးရည်းစားထားတဲ့ အချိန်တွေ အကုန်မခံဘူး၊ နောက်တော့ ဆေးရုံတက်ရင်းနဲ့ ဒေါ်ခင်ကြည်နဲ့ တွေ့လို့ တစ်ယောက်နဲ့ တစ်ယောက် လက်စွပ်ခြင်း လဲပြီး လင်မယားဖြစ်သွားတာ (သံဃာများ ရယ်သံ)။ သမီးရည်းစား ဖြစ်တဲ့ အချိန်လေး ဘာမှ မရှိလိုက်ဘူး၊ သမီးရည်းစား ဖြစ်တဲ့ အချိန် တစ်ရက်နှစ်ရက်ပဲ၊ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းပါရမီဆက်သွားကြတာ။ အခု သူမွေးလာတဲ့သူတွေက လူစွမ်းကောင်းတွေချည်းပဲ၊ ဒေါ်အောင်ဆန်းစုကြည်ဆိုလဲ ကမ္ဘာကျော်နေတာ၊ နိုဘယ်လ်ဆုတွေ ရတာ။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းလို လုပ်။

ဒါမှမဟုတ် အလကားနေမည့်အစား ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်ကို တိုက်တယ် ခိုက်တယ်ဆိုတာ တိုက်တာ ခိုက်တာ မဟုတ်ဘူး၊ အင်္ဂလိပ်ကို ကန့်ကွက်တာ၊ အင်္ဂလိပ်က မဆီမဆိုင် သခင်လုပ်ပြီးတော့ မြန်မာကို ကျွန်လုပ်ပြီးတော့ကို နေလို့၊ မြန်မာကို ကျွန်အဖြစ် အကြာကြီးမလုပ်ပါနဲ့ ခင်များတို့ကို ကျုပ်တို့ ကန့်ကွက်တယ်၊ ဒါ ကန့်ကွက်တာ။ ကန့်ကွက်တာ တမျိုး တိုက်တာခိုက်တာက တမျိုး၊ အဲဒါ သေနပ်ကိုင်ပြီးတော့ တိုက်တာ ခိုက်တာ မလုပ်ချင်ဘူး၊ တက္ကသိုလ်မှာလဲ သူ့အပေါင်းအသင်းတွေကို အင်္ဂလိပ်စကားတတ်အောင် သင်စေတယ် သူကိုယ်တိုင်ကလဲ တတ်အောင်လုပ်တယ်၊ ဒို့က အင်္ဂလိပ်ကို တော်လှန်ဖို့ အင်္ဂလိပ်စကား တတ်မှ ဖြစ်မယ်၊ ဒါ့ကြောင့် ဘာဖြစ်ဖြစ် တတ်ရင်ကောင်းတယ်။ အင်္ဂလိပ်စကား တတ်အောင်သင်၊ တိဗတ်က ဦးဇင်းတွေ မနက်ကလာလို့ အဲဒါပြောတယ်၊ တရုပ်ကို တိုက်တယ်ခိုက်တယ် မလုပ်နဲ့ပေါ့ တရုပ်တွေကို ကိုယ့်တိုင်းပြည်ကို လာမအုပ်ချုပ်အောင် ကန့်ကွက်ပေါ့လို့။ ကန့်ကွက်နိုင်အောင် တိဗက်စာ များများတတ်အောင် လုပ်ရတယ်၊ တရုပ်စာကို များများတတ်အောင် လုပ်ရတယ်လို့၊ အဲဒါ စာများများတတ်ဖို့ အရေးကြီးတယ်။ ဘာစာတတ်တတ် ကောင်းပါတယ်၊ ပညာတွေတတ်တာ ကောင်းပါတယ်ဆိုတဲ့ အကြောင်းကို ပြောတာပါ။ ဒါ့ကြောင့် ကိုယ့်မျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကြီးပွားအောင် လုပ်ပါ။

တပ်မတော်သည် တိုင်းပြည်အတွက်
မန္တလေးမှာဆိုပြောတယ် ‘‘တပ်မတော်သည် နိုင်ငံအတွက် ဖြစ်တယ်၊ နိုင်ငံတော်သည် တပ်မတော်အတွက်ဆို သွားရော’’လို့ အဲဒါပြောတယ်၊ (သံဃာများ ရယ်သံ)။ တပ်မတော်သည် ထင်ရာလုပ်တော့မှာလေ၊ (သံဃာများ ရယ်သံ)။ ငါလည်း အစိုးရတွေ ဘာတွေ ကြားအောင် ပြောတာ။ တပ်မတော်သည် ဘာလဲ မင်းတို့သိတဲ့အတိုင်း ကတ္တားလေးက အလွန်အရေးကြီးတယ်၊ တပ်မတော်သည် တိုင်းပြည်သည် ငါသည် အဲဒီကတ္တားလေးက တော်တော် အရေးကြီးတယ်။

အမှန်ကတော့‘‘ တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်ရမယ်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဟုတ်ဘူး’’ ထို့အတူပဲ သာသနာတော်သည် ငါ့အတွက်မဟုတ်၊ ငါသည် သာသနာအတွက်၊ သာသနာတော် ကြီးပွားအောင်၊ ငါ့မိခင်တိုက်ပြီးရင် တိုးတက်ပြီးရင် ကိုယ့်ရွာ ကိုယ့်မြို့ ပြန်ပြီး သာသနာပြုမယ်၊ ဘယ်သူတွေ မျက်စိပွင့်အောင် ဘယ်လိုပြောမယ် ဘယ်လို ဆိုမယ်၊ ဘယ်လို စည်းရုံးမလဲ။

ဘုန်းကြီးခေါင်းဆောင်မှ
မြန်မာနိုင်ငံမှာ မင်းတို့ သိတဲ့အတိုင်းပဲ တောရွာတွေက ဘုန်းကြီးတွေ မပါရင် မဖြစ်ဘူး၊ ဘုန်းကြီးတွေ ခေါင်းဆောင်မှဖြစ်တာ၊ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မယုံကြဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စရာ သိပ်မရှိဘူး (သံဃာများ ရယ်သံ)။ ဂေါပကတွေ ဘာတွေဖွဲ့ ဘာဖွဲ့ ညာဖွဲ့နဲ့ တော်ကြာ ပိုက်ဆံတွေပျောက်နဲ့ (သံဃာများ ရယ်သံ)။ ရွာတစ်ရွာရောက်တော့ မေးကြည့်တယ်၊ မင်းတို့ရွာမှာ ဘုရားခန်းတွေ ဘုရားကျောင်းတွေမှာ ဘယ်လို လုပ်ကြလဲ၊ ဂေါပကတွေ ဘာတွေ မရှိဘူးလား မေးတော့၊ တပည့်တော်တိုဆီ ဂေါပကတွေ မရှိဘူးဘုရား၊ ဂေါပကတွေ နဂိုကတော့ ရှိတယ်ဘုရားတဲ့၊ အခု ဘာဖြစ်ကုန်လဲ မေးတော့ ဂေါပကတွေက ဂေါပကုတ်တွေ ဖြစ်ကုန်ပြီတဲ့ (သံဃာများ ရယ်သံ)။ လူတွေက ဘုန်းကြီးတွေကို အားကိုးနေတာ၊ ဦးဇင်းတွေ ခေါင်းဆောင်နေရတာ။

နိဂုံးချုပ်
ဦးဇင်းတို့လဲ ဒီလာနေကြရတာ ပညာတတ်အောင် သင်ဖို့၊ ပရိယတ်တတ်အောင် သင်ဖို့၊ ပရိယတ္တိကနေ ပဋိပတ္တိသို့ သွားဖို့၊ ငါသည် သာသနာ့အတွက် ဖြစ်ဖို့ ငါ့ရပ်ရွာ ကောင်းစားဖို့၊ ငါ့မြို့ ကောင်းစားဖို့၊ ငါ့မိခင် စာသင်တိုက်ကြီး ကောင်းစားဖို့၊ ငါ ဓမ္မာစရိယ အောင်ခဲ့တဲ့ နေရာ၊ ငါ ပထမကြီး အောင်ခဲ့တဲ့ နေရာ၊ ဘာလိုနေလဲ၊ ငါပြန် စာချရမယ် စာသင်ပေးရမယ် ဒီလို စိတ်တွေ ထားပြီးတော့ ပြစ်မထားဖို့ ကိုယ့်ဘ၀တစ်သက်တာ ကိုယ့်ဘ၀ကို မမေ့ဖို့၊ ကိုယ့်ရွာက ဆရာသမားတွေ ကိုယ့်မိဘ ကိုယ့်အမျိုးတွေကို အားကိုးပြိးတော့ ဒီလာကြတာ၊ သီတဂူက အဲဒီကိစ္စမှာ လမ်းဖြောင့်အောင်လို့ လမ်းဖြောင့်သွားရအောင်လို့ ထောက်ပံ့တာ။ အဲဒါ ယုံကြည်ချက်ချပြီး ကိုယ့်အတွက်ရော သာသနာတော်ကြီး အတွက်ပါ ကောင်းစားအောင် သာသနာအတွက် ကြိုးစားအောင် သာသနာတော်ကြီး တိုးပွားအောင် ကြိုးစား အားထုတ် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။။။။။။
(သံဃာအားလုံး ရဲ့ သာဓုသံ)

မှတ်တမ်းတင်သူ ။ ။ အသံဖိုင်ကို သီတဂူစတားက စာအဖြစ်ရောက်အောင် စာစီသည်၊ သီတဂူဆရာတော်ကြီး သြ၀ါဒ လာပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၀-၁၂-၂၀၁၁

22 December 2011

သီတဂူဆေးရုံ (လွိုင်ကော်)



သီတဂူတက်လမ်းစက္ခုဒါန ဆေးရုံတော်ကြီး (လွိုင်ကော်မြို့)

သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
သီတဂူဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီ မိသားစုတို့ လှူဒါန်းသော အမှတ်စဉ် (၁၅)သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ (လွိုင်ကော်)ကို
(၂၀-၁၂-၂၀၁၁)နေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာရ၀တီကျောင်းတိုက်ရှိ ဆေးရုံတည်နေရာတွင် ဖွင့်လှစ်ကျင်းပပါသည်။
လွိုင်ကော်ရောက် သီတဂူဆရာတော်ကြီး

အစီအစဉ်
၁။ ရှေးဦးစွာ တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းက ဆေးရုံဆောက်လုပ်
ဖြစ်ပေါ်လာမှုကို တင်ပြပါသည်၊
၂။ နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်၊
၃။ သီတဂူ ဆရာတော်ကြီးမှ သြ၀ါဒ စကားမိန့်ကြားပါသည်၊
၎။ ပြည်နယ်တာဝန်ရှိသူများ၊ ပြည်နယ်သံဃာနာယက ဆရာတော်များ၊ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ (ထိုအချိန်တွင် အမြှောက် (၉)ချက်ဖေါက်ပြီး ဂုဏ်ပြုပါသည်၊
၅။ ထိုနောက် ပြည်နယ် ၀န်ကြီးချုပ်က ဆေးရုံဆိုင်းဘုတ်ကို
စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပါသည်၊
၆။ ထို့နောက် ဆေးရုံဖွင်ပွဲ အထိမ်းအမှတ်အလံများနဲ့ ပြည်နယ်ဝန်ကြီးချုပ်က
အမှတ်တရ လက်ဆောင်ပေးအပ်ပါသည်၊
၇။ ၎င်းနောက် ဆေးရုံမော်ကွန်းကျောက်စာကို သီတဂူဆရာတော်နဲ့ ပြည်နယ်မှ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းတို့က နံ့သာရေများ ပက်ဖြန်းပေးသည်၊
ကြွရောက်လာသော ဆရာတော် သံဃာတော်များက ဇယန္တော ဗောဓိယာမူလေ အစချီပြီး မင်္ဂလသုတ် မေတ္တာသုတ် ပုဗ္ဗဏှသုတ်များ ရွတ်ဖတ်ကြ ပူဇော်ကြသည်။
၈။ ကြွရောက်လာသော သံဃာတော်များနှင့် ဧည်သည်တော်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု့
ကြကာ ဖွင့်ပွဲအခန်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
တိုင်းရင်းသားများနဲ့ ဆေးရုံတော်ကြီး ဖွင့်ပွဲ

ကုန်ကျစရိတ်
သီတဂူသာသနာပြုအဖွဲ့မှ ဆေးရုံသုံးပစ္စည်းများနှင့် မီးစက်အတွက် အလှုငွေ
ကျပ်သိန်ပေါင်း (၂၀၀၀)ကျော်နှင့် တက်လမ်းဆောက်လုပ်ရေးမှ အဆောက်အဦးအတွက် သိန်းပေါင်း(၃၀၀၀) ကျော်ဖိုး အကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့ကြပါသည်။
တိုင်းရင်းသူများ (ဆေးရုံတော်ဖွင့်ပွဲအမှတ်တရ)
ပြည်သူ့ဆေးရုံကြီးအတွက် အလှူတော်
၉။ နေ့လည်ပိုင်းတွင်လဲ သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည်
လွိုင်ကော် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ သိန်း(၁၅၀၀)ကျော်မှ တန်ဘိုးရှိသော ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့ကြပါသေးသည်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ။
လှဆန်းယဉ်မိသားစု
၂၀-၁၂-၂၀၁၂
ဆေးရုံတော်၏ အတွင်းပိုင်း

ကိုယ်တိုင်လိုက်သွားပြီး သတင်းဓာတ်ပုံများ ပေးပို့သော ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၁-၁၂-၂၀၁၂

18 December 2011

တောင်းပန်ခြင်း

သီရိလင်္ကာမှာ နေဖူးသူ အရှင်မြတ်တစ်ပါးက ဘုန်းဘုန်းအရှင်ကောဝိဒသိရီသို့ ဆိုတဲ့ ပေးစာနဲ့ ပတ်သက်ပြီး စာရေးသူကို ပြောပါတယ်၊ စင်္ကာပူဒကာမ၏ စာရေးသူကိုမေးသော မေးခွန်းသည် ပိုဂ္ဂိုရေးအတွက် ထိခိုက်နိုင်ပါတယ်တဲ့၊ မေးလာသူ ဒကာမဆီကိုပဲ အီးမေးလ်ကနေ ပြန်ဖြေကြားသင့်ကြောင်း အကြံပြုလာပါတယ်။ အကြံပြုချက်အတွက် များစွာ ကျေးဇူးတင်ပါသည်။

အဲဒီလို တစ်ဦးတစ်ယောက်ကြောင့်၎င်း၊ ဤပို့စ်ကြောင့်သော်၎င်း ထိုတိုင်းပြည် ထိုဒေသမှာ ကျောင်းတက်နေကြတဲ့ အရှင်များအတွက် ထိခိုက်စရာ ဖြစ်လာတယ်ဆိုရင် တောင်းပန်ပါသည်။ စာရေးသူလဲ ရေးသင့် မရေးသင့် အကြိမ်ကြိမ် စဉ်းစားပါသည်။ စာရေးသူ၏ ရည်ရွယ်ချက်က ထိခိုက်လိုသော ဆန္ဒမပါ၊ ထိခိုက်လိမ့်မည်ဟူ၍လည်း မထင်ခဲ့။ မေးလာသူနဲ့ စာဖတ်ပရိသတ်အတွက် ဗဟုသုတ ပေးရုံသာ ဖြစ်ပါသည်။

စာရေးသူ ရည်ရွယ်ချက်
စာရေးသူ အဖြေမှာတော့ ဗဟုသုတဖြစ်ဖွယ်ရော၊ စိတ်နေစိတ်ထား ထားတတ်အောင်ပါ ရေးထားသဖြင့် သူ့အတွက်ရော လူဝတ်ကြောင် စာဖတ်ပရိသတ်အတွက်ပါ အကျိုးများမည်ထင်၍ တင်လိုက်ရခြင်း ဖြစ်ပါသည်။ စာရေးသူအနေနဲ့ ကိုယ့်ပေါင်ကို ကိုယ်လှန် ထောင်းသလို ကိုယ့်သာသနာအတွက် သိက္ခာကျစရာ ဖြစ်လာရင် တောင်းပန်ပါကြောင်း ထပ်လောင်း လျှောက်ထားပါသည်။

တကယ်တော့ စာရေးသူ စေတနာက လူဝတ်ကြောင်တွေအတွက် ဒီလိုအဖြစ်မျိုးတွေ ကြုံလာရင် ဒီလို စိတ်ထားမျိုး ထားတတ်အောင် ရေးထားခြင်း ဖြစ်သည်။ ဒီလို အဖြစ်မျိုးတွေက ဗုဒ္ဓဘာသာ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုတာလဲ သိစေချင်းကြောင်းပါ။

ဒီလို ဖုန်းတွေ အင်တာနက်တွေ မရှိသေးခင် ဘုရားလက် ထက်တော်ကထဲက ဒီလိုစကားမျိုးတွေ ပြောခဲ့ကြလို့ ကထာဝတ္ထု ၁၀ ပါးကနေ ၃၂ အထိ ဟောထားခဲ့ကြောင်းကို ထောက်ဆ၍ ဒီကနေ့ ဒီလို အဖြစ်မျိုးတွေကို ကြုံတွေ့လာတဲ့ အခါ ဘာမှ မဟုတ်ကြောင်း နားလည်ပေးစေလိုကြောင်း အဓိပ္ပါယ် များစွာ ပါပါသည်။

စာရေးသူ၏ ပြန်စာကို ဖတ်ပြီး စိတ်ကောင်းထားတတ်အောင် လိုက်နာပါမည် ဖြစ်ကြောင်း၊ နေ့စဉ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်နေကြောင်းပါ လျှောက်ထားသည်။ ဒီလို ပြုပြင်သွားတတ်ခြင်းသည် စာရေးသူတို့အတွက် အမြတ်အစွန်းပဲ ဖြစ်သည်။ စာရေးသူတိုင်းက သူတို့ပေးသော စာသည် လူတစ်ဦးတစ်ယောက်အတွက် အသိ တစ်ခု ရသွားခဲ့တယ်ဆိုရင် အဲဒီ ပီတိက သူတို့ရဲ့ အာဟာရပဲ ဖြစ်သည်။

စာရေးသူနဲ့ စာဖတ်ပရိသတ်
စာရေးသူ၏ Gtalk ဘောက်ထဲမှာ ရဟန်းတွေရော ယောက်ျား မိန်းမ များစွာရှိပါသည်၊ တချို့လည်း မိသားစုလို ခင်မင်သူများ ရှိသည်၊ အားလုံးက စာရေးသူကို ခင်မင်ကြသူများသာ ဖြစ်ပါသည်၊ စာရေးသူ၏ စာဖတ်ပရိသတ်လို့ ပြောရင်လဲ မမှားပါ။ ထိုသူတွေနဲ့ စာရေးသူကိုယ်တိုင် ဘာသာရေး လူမှုရေး နိုင်ငံအရေးတွေကို ကြုံသလို ပြောဖြစ်သည်၊ တခါတရံ မာကြောင်း သာကြောင်း ဂေဟဿိတ စကားတွေကိုတောင် ပြောဖြစ်သည်။ စာရေးသူ အသိရှိသလောက် ဝေငှဖြစ်သည်။ ခေတ်စကားနဲ့ ပြောရရင် ဒါကို ကြူတယ်လို့ ခေါ်နိုင်မလား၊ သို့မဟုတ် စာသံပေသံနဲ့ ဆွေးနွေတယ် ပြောမလား၊ အသိပေးတယ် ပြောမလား၊ အဆင်ပြေသလို စာရေးသူအပေါ် ခေါင်းစဉ်တပ်၍ ပြောနိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁၂-၂၀၁၁

16 December 2011

ဘုန်းဘုန်း အရှင်ကောဝိဒသိရီ သို့




ဒီ မေးထားတဲ့ မေးခွန်းကိုတော့ အဖြေနဲ့တကွ မေးသူထံပို့ပြီး ဆွေးနွေးပြီးသားဖြစ်သည်၊ သူလဲ ကျေနပ်သွားသည်၊ လောကမှာ ဖြစ်တတ်သည့် သဘောပါလားဆိုတာ အတွေးတစ်ခုလဲ ရနိုင်ကောင်းပါသည်၊ ထိုအတွက် စာရေးသူ၏ပို့စ်ထဲမှာ ဖြစ်တတ်သည့်သဘာဝကို ပြသော ရဟန်းတော်နှင့် အမျိုးသမီး အမည်ရှိ ပို့စ်လည်း ရှိပြီးသားဖြစ်ပါသည်။ ပို့စ်အဖြစ် တင်ရကောင်းမလားဆိုတာကိုတော့ အကြိမ်ကြိမ် အခါအခါ စဉ်းစားခဲ့သည်၊ ဘယ်သူ့ကိုမှ ထိခိုက်စရာမပါသဖြင့်၎င်း၊ အဖြေကို ဖတ်လိုက်ရခြင်းကြောင့် ဗဟုသုတတစ်ခု ရနိုင်သည်ဟု ယူဆရသောကြောင့်၎င်း တင်လိုက်ရပါသည်။
======

ဘုန်းဘုန်း ကောဝိဒသိရီ ဘုရား
တပည့်တော်မသည် ဘုန်းဘုန်း ဧ။် သီတဂူစတား Web Site ကို အမြဲတမ်း ဖတ်ရှု လေ့လာသော အရှင် ဘုရား ဧ။် ဘလော့ ပရိတ်သတ် တယောက်ပါ ဘုရား။ ဘုန်းဘုန်းကို မေးစရာ မေးခွန်းလေးများ ရှိနေပါ သဖြင့် အီးမေးရေးရခြင်း ဖြစ်ပါသည် ဘုရား။ ဦးစွာ ပထမ တပည့်တော်ဧ။် အရေး အသားထဲတွင် အမှားပါခဲ့ပါက ရိုသေစွာ တောင်းပန်အပ်ပါသည် ဘုရား။


တပည့်တော်မသည် စင်ကာပူမှာ နေ၍ အလုပ်လုပ်ရင်းဖြင့် မိဘများကို ကျေးဇူးဆပ်နေပါသည်ဘုရား။ တပည့်တော် မတို့ စင်ကာပူမှာ နေသည်မှာ အရှင်ဘုရားလဲ သိပါလိမ့်မည်ဘုရား။ တအိမ်လုံး ငွေ ကုန်ကြေး ကျခံကာ မငှားဘဲနဲ့ တစ်ခန်းလျင် ၂ ယောက် သို့မဟုတ် ၃ ယောက် မိန်းခလေးများ စု နေကြပါသည် ဘုရား။ ထိုသို့နေထိုင်ကြသည့် အအခါ တဦးကိုတဦး လေးစား၍သော်လည်းကောင်း ကိုယ်ချင်းစာ၍သော် လည်းကောင်း အဆင်ပြေအောင်ကြိုးစား၍ နေကြ ရပါသည်ဘုရား။

ယခု တပည့်တော်မ နေထိုင်သည့် အခန်ုးမှာ အနည်းငယ် နေသာ ထိုင်သာ ရှိပါသဖြင့် အိမ်ခန်း ငှားခ သက်သာစေရန် တခန်းတည်းမှာ မိန်းခလေး ၄ ယောက် နေပါသည်ဘုရား။ ထိုသို့ နေထိုင်ကြသည်မှာ တစ်လ မပြည့်ခင်မှာပင် အခန်းထဲမှ အခန်းဖော် အမျိုးသမီးမှာ သူဧ။် အမျိုး ဦးပဇင်း ဆိုသူနှင့် ညတိုင်း ဖုန်း ပြော, Gtalk ပြောသည်မှာ ကျန်သည့် အခန်းဖော်များ အားလုံး အနှောက်အယှက် ဖြစ်ကြရပါသည်ဘုရား။
ဦးပဇင်း ဆိုသည့် ဘုန်းကြီးသည် သိရီလင်္ကာသို့ မာစတာဘွဲ့ ယူရန် ဆိုလား ဒေါက်တာဘွဲ့ ယူရန်ဆိုလား ကျောင်းသား အဖြစ်နှင့် ရောက်နေပါသည်တဲ့ဘုရား။ တပည့်တော်မတို့မှာ တစ်ညတလေဆို အရှင်ဘုရားကို အချိန်တို့ကို အကုန်ခံ ခိုင်းနေစရာ မလိုပါဘုရား။ အခုဟာက ညတိုင်းဘုရား။ တစ်လ ပြည့်တော့မယ်။ တပည့်တော်မတို့ ညတိုင်း အိပ်ရေး ပျက်ကြရပါသည်ဘုရား။ အိပ်ရေး ပျက်ရုံတင် မကတော့ဘဲ အခုက တပည့်တော်တို့မှာ ငရဲ ကြီးနေကြပါပီဘုရား။

ဒီဘက်က ဒကာမက ပြောနိုင်သည်ထားဦး သိရီလင်ကာဘက်မှ ဦးပဇင်းကရော အဲလို အချိန်ကုန်ခံပီး ပြောရကောင်းလား ဆိုပီး တပည့်တော်တို့မှာ ညတိုင်း စိတ်နှင့် ပြစ်မှား နေကြရပါသည်ဘုရား။
တပည့်တော် မေးလိုသည် မှာ …..
၁။ စာသင်သား ဘုန်းဘုန်းများသည် ဒကာ ဒကာမများနှင့် အရေးမပါသည့် လူမှုရေး ဆွေမျိုး အကြောင်းများကို ထို ကဲ့သို့ ပြောနေလို့ ရပါသလားဘုရား။ ညတိုင်း ပြောနေကြသည်မှာ ည ဂ နာရီခန့်မှ နေ၍ အနည်းဆုံး မပြောဘူး ဆိုသောညသည် ည ၁၂ နာရီထိ ပြောပါသည်ဘုရား။ ထို့ကြောင့် မေးမြန်း ပါရစေပါဘုရား။
၂။ ထိုသို့ ပြောနေကြသည့် ဘုရားအကြောင်း တရားအကြောင်း မဟုတ်သော အလာပ သလာပ စကားများ ပြောနေသည်ကို ကာယကံရှင်မှ စပီကာဖွင့် ပြောနေသဖြင့် ၂ ဖက် စလုံးဧ။် စကားများကို တပည့်တော် မတို့က မကြားချင်မှ အဆုံးပါဘုရား။ ထို့ကြောင့် တပည့်တော်မတို့မှာ စာသင်နေသည် ဆိုသည့် ဘုန်းကြီးကလဲ အဲလောက်တောင် ပြောနိုင်ရကောင်းလားဆိုပီး ညတိုင်း စိတ်နှင့် ဒေါသထွက်နေကြရပါ သဖြင့် တပည့်တော်မတို့မှာ အဘယ်ကဲ့သို့သော အပြစ်များ ရောက်နိုင်ပါသလဲဆိုတာ ဖြေကြား ပေးတော်မူပါဘုရား။
၃။ သိရီလင်ကာမှ ဦးပဇင်း (ဘွဲ.နာမည် မသိပါ အညာဘက်မှ ဖြစ်ပါသည် )ကိုလဲ သိစေချင်ပါသည်ဘုရား။
ထိုကဲ့သို့သော ဦးပဇင်းများဧ။် လုပ်ရပ်များကြောင့် ဗုဒ္ဓဘာသာကို အကြည်အညိုပျက် အရိုအသေ ပျက်စေ သည်ဟု မြင်ပါသည်ဘုရား။ တပည့်တော်မဧ။် အမြင်မှားနေပါက ပြင်ပေးတော်မူပါဘုရား ။တပည့်တော်မဧ။် စာကို ဘုန်းဘုန်း အဆင်ပြေသလို တည်းဖြတ်၍ ဖြေကြားပေးတော်မူပါဘုရား။
တပည့်တော်ဧ။် နာမည်ကို မရေးပါနှင့်ဘုရား
အရှင်ဘုရား အစဉ်အမြဲ ကျန်းမာ ရွှင်လန်းပါစေဘုရား။
(ဒကာမ-စင်္ကာပူ)

၁၁-၁၂-၂၀၁၁
ဟလို-ဟလို----

00000000000000000

သို့ စင်္ကာပူမှ ဒကာမလေး
ရှေးဦးစွာ ဘုန်းဘုန်းဆိုက်ကို အားပေးဖော်ရတဲ့ သီတဂူစတား၏ ပရိသတ်တစ်ယောက် ကျေးဇူးအထူးတင်ပါသည်။ ဘုန်းဘုန်း၏ ဆိုက်ထဲမှာ ရဟန်းနဲ့အမျိုးသမီး ပို့စ်တွေ အပိုင်း (၁-၂) တင်ပြီးသားရှိပါတယ်။ အဲဒါ အရင် ဖတ်ကြည့်ပါအုန်း။
မေးခွန်းတွေကို မဆွေးနွေးခင် လူမှုရေးအသိအကြောင်းလေး ပြောကြရအောင်၊ စောစောက ဒကာမပြောပြတဲ့ ဇာတ်လမ်းထဲက ဘုန်းဘုန်းက အညာသားဆိုတော့ ဘုန်းဘုန်းက ရီချင်သွားတယ်၊ ဘာလို့လဲဆိုတော့ ဘုန်းဘုန်းကလဲ အညာသားလေ၊ စစ်ကိုင်းသားဆိုတော့ အညာသားစစ်စစ်ကြီးပေါ့နော်။ ဘုန်းဘုန်းများ ဖြစ်နေမလားppppp။

အချင်းချင်းနားလည်မှု
တခန်းတည်းမှာ အတူနေသူတွေဆိုတာ တစ်ဦးအပေါ်တဦး နားလည်ပေးသင့်ပါတယ်၊ အိပ်ချိန် အနားယူချိန်မှာ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ကြောင့် သူတစ်ပါးအတွက် အနှောက်အယှက် မဖြစ်စေရဘူး။ အိပ်ချိန်မှာ Gtalk ကနေ စကား အကျယ်ကြီးပြောတာတို့ တယ်လီဖုန်းနဲ့ အကျယ်ကြီးပြောတာတို့ အနားယူနေသူတွေကို အနှောက်အယှက်ဖြစ်စေတာ အမှန်ပါ။ မဖြစ်သာလို့ ပြောချင်ရင်တောင် အပြင်ဘက် ထွက်ပြောသင့်ပါတယ်။ အချင်းအချင်း လေးစားခြင်း စာနာခြင်း အားနာခြင်း စတဲ့ တဦးအပေါ်တဦး နားလည်တဲ့စိတ်ရှိရပါမည်။ ဘုန်းကြီးနဲ့ အချိန်မတော် စပီကာဖွင့်ပြီး တယ်လီဖုန်းပြောနေတာကတော့ လူမှုရေး နားမလည်လို့လား၊အရွဲ့  တိုက်တာလား၊ တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို ထင်ယောင်ထင်မှားဖြစ်အောင် ကြွားနေတာလား၊ တဖက်လူကို ဂရုမစိုက်တာလား ဆိုတဲ့ လားများစွာ ရှိနေပါတယ်။
ဘုန်းဘုန်းတို့လည်း ဘုံဘေမှာ တစ်ခန်းကို ၄ ပါးနေရပါတယ်၊ ပိုက်ဆံပေးပြီး အပြင်မှာ အိမ်ခန်းငှါးမနေနိုင်လို့ တက္ကသိုလ်က ပေးတဲ့ Local အဆောင်မှာပဲ အခန်းကျင်းလေးထဲ ၄ပါး နေရပါတယ်၊ တပါးနဲ့တပါး တစ်တောင်လောက်ရှိတဲ့ စားပွဲခုံလေးတစ်လုံးပဲ ခြားထားပါတယ်၊ ဒီအထဲ တစ်ယောက်ယောက်က လေအကျယ်ကြီး လည်လို့ မနဲအောင့်အီးနေရတာပါ။ ကိုယ်ကိုယ်တိုင်ကတော့ ပတ်ဝန်းကျင်ကို အသံကော တခြားနှောက်ယှက်စေတဲ့ အရာကို မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းပါတယ်။ ဒါလဲ လူ့ကျင့်ဝတ်တစ်မျိုးဖြစ်ပါတယ်။

ဒကာမအနေနဲ့ အဝေးက ဘုန်းကြီးကို လှမ်းပြောနေမဲ့အစား အနီးဆုံးလူကို နားလည်အောင်ပြောသင့်ပါတယ်၊ တချို့က လူမှုရေးတွေ သိပ်အလေးထားတာ မဟုတ်ဘူး၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ အားမနာပါနဲ့၊ ပြောစရာရှိတာ ပြောလိုက်ပါ။ ဘုန်းကြီးနဲ့ ဒကာမ ဆွေးမျိုးပဲ တော်သည်ပဲဖြစ်စေ၊ မတော်သည်ဖြစ်စေ၊ ဘယ်လိုပဲတော်စပ်တော်စပ် ဘာပဲ ပြောပြော သူတို့ဘာသာ ပြောပါစေ၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်လာပြီဆိုရင်တော့ သူဘာပဲ ဖြစ်ဖြစ် ပြောသာ ပြောလိုက်ပါ။ The man who is unable to live in society must be a beast or God. ဒီအင်္ဂလိပ်စာ စာပိုဒ်ကလေးက ဒကာမအတွက် အသုံးဝင်မှာပါ၊ လူအဖွဲအစည်း, ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေတတ်သူဟာ အသိဥာဏ်ကင်းမဲ့တဲ့ တိရိစ္ဆာန်ပဲ ဖြစ်ရမည်၊ ဒါမှမဟုတ် လူသားမဟုတ်တဲ့ ဘုရားလျှင်လဲ ဖြစ်ရမည်တဲ့။ သူငယ်ချင်းတစ်ယောက် Gtalk ဘောက်ထဲမှာ ရေးထားတာ တွေ့တာနဲ့ ကူးယူထားလိုက်တာပါ။ ဒကာမရဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး တစ်ခုချင်းကို ပြောပြပါ့မယ်။

အမေး (၁)
၁။ စာသင်သား ဘုန်းဘုန်းများသည် ဒကာ ဒကာမများနှင့် အရေးမပါသည့် လူမှုရေး ဆွေမျိုး အကြောင်းများကို ထို ကဲ့သို့ ပြောနေလို့ ရပါသလားဘုရား။ ညတိုင်း ပြောနေကြသည်မှာ ည ဂ နာရီခန့်မှ နေ၍ အနည်းဆုံး မပြောဘူး ဆိုသောညသည် ည ၁၂ နာရီထိ ပြောပါသည်ဘုရား။ ထို့ကြောင့် မေးမြန်း ပါရစေပါဘုရား။

အဖြေ
စာသင်သားပဲ ဖြစ်ဖြစ် တရားအားထုတ်နေတဲ့ ဘုန်းကြီးပဲ ဖြစ်ဖြစ် လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် အရေမရ အဖတ်မရ အရေးမပါသည့် စကားပြောနေရင်တော့ မုသာဝါဒ ၄ မျိုးထဲက သမ္ဖပ္ပလာပ၀ါစာ ခေါ်တာပေါ့။ ၀ိနည်းသိက္ခာပုဒ်အရ အပြစ်မရှိဘူးဆိုရင်တောင် သုတ္တန်သဘောအရ အဘိဓမ္မာ သဘောအရ ဘုန်းကြီးရော လူဝတ်ကြောင် ဒကာမရော အပြစ်ဖြစ်ပါတယ်။ တိရစ္ဆာနကထာ ၁၀ မျိုးရှိပါတယ်၊ မဂ်ဖိုလ်နိဗ္ဗာန်မှ သွေဖယ်သော စကားမျိုးဖြစ်သည်အတွက် အပြစ်ဖြစ်၊ ဂေဟဿိတပေမ၊ ဂေဟဿိတ တဏှာကို ဖြစ်စေနိုင်သောကြောင့်လည်း အကုသိုလ်က ဖြစ်ပြန်။ လူတစ်ကိုယ် သိုလ်နှစ်ခုတဲ့၊ လူတစ်ကိုယ်မှာ ကုသိုလ်နဲ့ အကုသိုလ်ပဲ ရှိတာ၊ အကုသိုလ်မဖြစ်ရင် ကုသိုလ်ဖြစ်ပေါ့။ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်ပေါ့၊ ကုသိုလ် မဖြစ်စေတဲ့ စကားတွေ ပြောနေကြရင် နှစ်ယောက်လုံး အကုသိုလ်ဖြစ်မှာပေါ့။ ကုသိုလ်ဖြစ်စေတဲ့ ဘာသာရေးအကြောင်း၊ ဘာသာရေးနဲ နှီးနွယ်နေတဲ့ စကားတွေ ပြောနေရင်တော့ အကုသိုလ်မဖြစ်ဘူးပေါ့။
စာပေမှာ ပြဆိုထားတဲ့ ဘုန်းကြီးပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် မဂ်ဖိုလ်နိဗ္ဗာန်လမ်းကြောင်းကို လျှောက်ချင်သူတိုင်း မပြောသင့်သော စကားများဟူ၍ ပြဆိုထားသည်။ တိရစ္ဆာနကထာ ဟူ၍ဆိုအပ်၏။

တိရစ္ဆာနကထာ (၁၀)
စာပေက အနိယျာနိကတ္တာ-၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း စကားလဲမဟုတ်၊ သဂ္ဂမောက္ခမဂ္ဂါနံ တိရစ္ဆာနဘူတံ- နတ်ပြည် မဂ်ဖိုလ် နိဗ္ဗာန်တို့ လမ်းကြောင်းမှ ဖီလာကန့်လန့် ဆန့်ကျင်သော သဘောရှိသောကြောင့် တိရစ္ဆာနကထာဟု ဆို၏။ သံယုတ်ပါဠိတော်မှ လာသော ကထာ ဆယ်မျိုးကို အောက်ပါအတိုင်းမှတ်ပါလေ။

၁။ ရာဇကထာ-ဘယ်မင်းက ဘယ်လို၊ ဘယ်သမ္မတက ဘယ်လို၊ ဘယ်ဝန်ကြီးချုပ်က ဘယ်လို စသည်ဖြင့် နိုင်ငံ့အကြီးဆုံးဟုဆိုသော သူတို့၏ အကြောင်းကို ပြောခြင်း။
၂။ စောရကထာ- သူခိုး ဓားပြ တို့၏ အကြောင်း ပြောခြင်း။
၃။ မဟာမတ္တကာ-၀န်ကြီးများ အမတ်ကြီးများ အကြောင်းကို ပြောခြင်း။
၎။ သေနာကထာ-စစ်တပ်နှင့်ပတ်သက်သော အကြောင်း ပြောခြင်း။
၅။ ဘယကထာ-ကြောက်စရာ လန့်စရာ အကြောက်တရားနှင့်စပ်ပြီး ပြောခြင်း။
၆။ ယုဒ္ဓကထာ-စစ်ပွဲအကြောင်း ရန်ပွဲအကြောင်း တိုက်ပွဲအကြောင်းများ ပြောခြင်း။
၇။ အန္နကထာ-အစားအစာနှင့် ပတ်သက်သော အကြောင်း ပြောခြင်း။
၈။ ပါနကထာ- သောက်ဖွယ်နှင့်ပတ်သက်ပြီး ပြောခြင်း။
၉။ ၀တ္ထကထာ- အ၀တ်အစားနှင့်ပတ်သက်ပြီး ပြောခြင်း။
၁၀။ သယနကထာ- အိပ်ယာနေရာနှင့်ပတ်သက်ပြီး ပြောခြင်းများ နှင့် အဋ္ဌကထာဆရာက ဆိုသေးတယ်၊ ဥာတိကထာ- ဆွေမျိုးများအကြောင်း၊ ဂါမကထာ- နိဂမကထာ-နဂရကထာ- မြို့ရွာအကြောင်း။ ဣတ္ထိကထာ- အမျိုးသမီးများအကြောင်း စသည်ဖြင့် လူတို့နှင့်စပ်သော စကားများ ၃၂ ခုထိ ပြဆိုထားသည်။

ထိုစကားကများသည် မဂ်ဖိုလ် နိဗ္ဗာန် တို့နှင့် မဆက်စပ်ဘဲ အိမ်၌နေသူတို့၏ စကားများနှင့်သာ ဆက်စပ်၍ ပြောခြင်းကို ဆိုလိုသည်။ စာအလိုအရ ဂေဟဿိတ ကထာများ ဟု ခေါ်သည်။ ဒီတော့ ဒကာမ မေးတဲ့ အမေးကို ဤကထာ ၁၀ မျိုးနဲ့ တိုင်းတာကြည့်ပါ၊ ဘယ်သူတွေ ဘာတွေ ပြောပြောနေ ကိုယ် မပြောဖို့က အဓိကဖြစ်သည်။ ရဟန်းပဲ ဖြစ်ဖြစ် လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် ပြောချင်တာ ပြောပါစေပေါ့။ သူ့အကြောင်းနဲ့သူ သွားမှာလေ။ ကိုယ်က အနေသာကြီးပါ၊ သို့သော်လည်း ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်လာရင်တော့ အကျိုးအကြောင်း နားလည်အောင် ပြောပြရမှာပေါ့။

လူမှုရေးတွေ ပရဟိတတွေ လုပ်နေသူတွေကတော့ မေတ္တာ ကရုဏာတရားတို့ အခြေခံပြီး တချို့ လူမှုရေးစကားတွေ ပြောကြရသည်။ ဒါတွေက လောကအပြစ်မဟုတ်သဖြင့် အပြစ်မဟုတ်ဟု ယူဆပါသည်။ သူတပါးလည်း မထိခိုက် ကိုယ့်ကိုယ်ကိုလည်း မထိခိုက်ဘူးဆိုရင် အပြစ်မဖြစ်ပါ။ မိမိကိုယ်ပဲ ဖြစ်ဖြစ် သူတပါးကိုပဲ ဖြစ်ဖြစ် ထိခိုက်နေရင်တော့ အပြစ်ဖြစ်သည်။ ဒါကို အန၀ဇ္ဇ ဟုခေါ်သည်။ နောက်တစ်ခုက သုခ၀ိပါက- မိမိအတွက်သော်၎င်း၊ သူတပါးအတွက်၎င်း အကျိုးရှိစေမယ်ဆိုရင် ပြောသင့်ပါသည်။ ဒီလောက်ဆိုရင် ဒီမေးခွန်းအတွက် အဆင်ပြေမယ်ထင်ပါတယ်။

အမေး (၂)
၂။ ထိုသို့ ပြောနေကြသည့် ဘုရားအကြောင်း တရားအကြောင်း မဟုတ်သော အလ္လာပ သလ္လာပ စကားများ ပြောနေသည်ကို ကာယကံရှင်မှ စပီကာဖွင့် ပြောနေသဖြင့် ၂ ဖက် စလုံးဧ။် စကားများကို တပည့်တော် မတို့က မကြားချင်မှ အဆုံးပါဘုရား။ ထို့ကြောင့် တပည့်တော်မတို့မှာ စာသင်နေသည် ဆိုသည့် ဘုန်းကြီးကလဲ အဲလောက်တောင် ပြောနိုင်ရကောင်းလားဆိုပီး ညတိုင်း စိတ်နှင့် ဒေါသထွက်နေကြရပါ သဖြင့် တပည့်တော်မတို့မှာ အဘယ်ကဲ့သို့သော အပြစ်များ ရောက်နိုင်ပါသလဲဆိုတာ ဖြေကြား ပေးတော်မူပါဘုရား။
အဖြေ
စပီကာ ဖွင့်ပြောတာကတော့ နားသိပ်မကောင်းလို့နဲ့ တူပါတယ် pppppp။ ဒါမှမဟုတ် ဒီလိုမိတ်ဆွေမျိုး သူ့မှာ ရှိတယ်ဆိုတာ ကြွားချင်လို့လား။ တခုခုပေါ့နော်။ အဲဒါကတော့ သူမကိုယ်တိုင်ကိုပဲ မေးကြည့်မှ ရမယ်ထင်တယ်၊ စာသင်နေသည့် ဆိုသည့် ဘုန်းကြီးကတော့ သူ့မှာ ပြောမကုန်တဲ့ ဗဟုသုတတွေ များနေလို့ ဖောက်သည်ချနေတာ နေမှာပါ ppppp။ ဒကာမအနေနဲ့ သူတို့ပြောတာတွေကြားပြီး ဒေါသထွက်နေတာကတော့ အေးချမ်းနေတဲ့ ကိုယ့်ကိုယ်ကို မီးမြိုက်နေသလိုပါပဲ၊ ယောနိသော မနသိကာရ မထားတတ်ရင် အဲဒီလို အပူလောင်ခံနေရမှာပါ။ အဲဒီလို အပူလောင်မခံရအောင် မေတ္တာ များများ ပွားလိုက်ပါ။ သူတို့မှာ ပြောမကုန်တဲ့ ဗဟုသုတတွေ ဖလှယ်နေကြတာပါလားလို့ အကောင်းဘက်က တွေးပြီး မေတ္တာသာ နာနာ ဖိပို့လိုက်။ ဒိထက်မက ပြောနိုင်ကြပါစေပေါ့ ppppp။ ဘုန်းဘုန်းမှာလဲ ပြောမကုန်တဲ့ စကားတွေ ရှိပါတယ် ဒါပေမဲ့ နားထောင်ပေမဲ့ သူမရှိတာရယ်၊ ဖုန်းဖိုးမတတ်နိုင်ရယ်ကြောင့် ပြောမကုန်တဲ့ စကားတွေ ဒီလိုပဲ အလကား ဖြစ်ကုန်ပြီထင်ပါရဲ့။ သို့သော်လည်း ပါးစပ်က မပြောပေမဲ့ စာတွေနဲ့ ရေးပြီး ပို့စ်မှာ စာဖတ်ပရိသတ်ကို အများကြီး ပြောထားပါတယ်။ ဒကာမရေ- ဘယ်သူ့အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုတော့ အကုသိုလ် အဖြစ်မခံပါနဲ့။

အမေး (၃)
၃။ တတိယ မေးခွန်းကတော့- သိရီလင်ကာမှ ဦးပဇင်း (ဘွဲ့နာမည် မသိပါ အညာဘက်မှ ဖြစ်ပါသည်) ကိုလဲ သိစေချင်ပါသည်ဘုရား။

အဖြေ
အညာသားဆိုတော့ သီတဂူစတားများ ဖြစ်နေမလားppppp။ သီတဂူစတားလဲ အညာသားပဲလေ၊ အညာသားဆိုတော့ အညာသားသတ္တိ ပြနေတာ နေမှာပါ။ သီတဂူစတားတော့ ဘာသတ္တိမှ မရှိလို့ မပြရဲပါဘူး။
ဒကာမရေ- ဖြေတာလေးတွေကို ပျော်စေ ပျက်စေ ဖြေထားတယ် ဆိုပေမဲ့ အမှန်တရားမဟုတ်ဘူးလို့တော့ မတွေးလိုက်ပါနဲ့နော်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၃-၁၂-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes