သီတဂူစတား

သီတဂူစတား

10 June 2011

ဒွန်ဘီဗာလီ


စာရေးသူ ဘုံဘေရောက်နေသည်မှာ ယခု ၅-၆-၂၀၁၁ နေ့ဆို ၂ လပြည့်မည်။ ဘယ်ကိုမှလဲ မသွားဖြစ်၊ ခရီးလဲသွားချင်သည်၊ မရောက်သေးတဲ့ နေရာတွေ ရောက်ချင်သည် လေ့လာချင်သည်၊ သို့သော် အဲလို ခရီးထွက်လိုက်ရင် ကိုယ်လုပ်နေကျ အလုပ်တွေ ပျက်သွားသည်၊ မိမိစိတ်ကို စုစည်းလို့ မရဖြစ်ပြီး သမာဓိပျက်သွားသည်၊ အာရုံတွေ ထွေလာသဖြင့် ကိုယ်ရေးနေသည့် ကျမ်းစာမှာ အာရုံမစူးစိုက်နိုင်ဘဲ ရှိသည်။
မနေ့ညက စာရေးသူကို မွေးဖွားပေခဲ့သော တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်မှ အရှင်မြတ်တစ်ပါးက မေးသည်၊ အရှင်ဘုရား မြန်မာပြည်မှာနေတုန်းကလို စာတွေ သိပ်မရေးတော့ဘူးနော်တဲ့။ ဟုတ်ပါသည်။ ဘုံဘေရောက်ကထဲက ပို့စ်ရေးဖို့ စိတ်အားမထက်သန်ခဲ့၊ အကြောင်းကတော့ စာရေးသူသည် အိန္ဒိယကို ကြာကြာ မနေချင်၊ မိမိကျမ်းစာ မြန်မြန်ပြီး မြန်မြန် ပြန်ချင်သည်။ ကျမ်းစာကိုပဲ အားစိုက်နေရသဖြင့် တဖက်က စာအရေးပျက်ခဲ့ရသည်။ ကျမ်းစာကို အားစိုက်ရေးနေတဲ့အချိန်မှာ အပြင်ထွက်ဘို့ အကြောင်းလေးတွေကလဲ တခါတရံ ဖန်လာတတ်သည်။ ဒီနေ့လဲ မနက် ၉ နာရီကထဲက ထွက်သွားတာ အဆောင်ကို ညနေ ၄ နာရီလောက်မှ ရောက်သည်၊ အရမ်းပင်ပန်းသွားသည်။ ထိုနေ့တစ်နေလုံး စာအရေးပျက်သွားသည်။ တာဝန်ပျက်ကွက်သည်ဟု ခံစားမိသည်။
စဉ်းစားမိ၍ သနားခြင်း
ဘုံဘေမြို့အပြင်ဘက် ၂ နာရီနီးပါး ကားစီးပြီး ရောက်ရသည့် ဒွန်ဘီဗာလီ  (Dombivali) ဆိုသည့် မြို့ကလေးသို့ ရောက်ဖြစ်သည်။ မြန်မာပြည်အနေအထားအရဆို တောမြို့ကလေးဖြစ်သည်။ မထင်မရှား တောမြို့ကလေးဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းမွန်ပြီး လျှပ်စစ်မီး အလျှံအပယ် သုံးနိုင်သည့် မြို့ကလေးဖြစ်သည်။ လမ်းတလျှောက် ကားစီးသွားရင်း စဉ်းစားမိသည်၊ အိန္ဒိယပြည်ကြီး အရမ်းကျယ်ဝန်းနေပေမဲ့ အိန္ဒိယအစိုးရက လမ်းတွေကောင်းအောင်၊ ဆက်သွယ်ရေးတွေကောင်းအောင် စီမံပေးနေသည်မှာ ချီးကျူးစရာပင်ဖြစ်သည်။ လူဦးရေ အလွန်ထူထပ်ပေမဲ့ လုံလောက်သော ကား ရထားများကို ပြည်တွင်းထုတ်၍ စီမံပေးထားသည်။ ကားကောင်း ဆိုင်ကယ်ကောင်းတွေ ဈေးနှုံးသက်သာသဖြင့် လူအများစု စီးနိုင်သည်၊ အိန္ဒိယမှာရှိသည့် ကားဈေးနှုံး ဆိုင်ကယ်ဈေနှုံးမျိုး ဆိုလျှင် စာရေးသူတို့နိုင်ငံက ပြည်သူတွေ အများစု စီးနိုင်မည်ထင်သည်။ လူဦးရေ များလွန်းပြီး ဘ၀အနိမ့်အမြင့် အရမ်းကွာလွန်းသည့် နိုင်ငံဖြစ်ပေမဲ့ အနိမ့်ဆုံးလူစားသည်ပင် ဟန်းဖုန်းကိုင်နိုင်သည်ကို အံ့သြစရာ၊ စာရေးသူတို့ အဆောင်မှာ သန့်ရှင်းရေးလုပ်နေသော အဖွားအိုတစ်ယောက် ကိုယ်ပိုင် ဟန်းဖုန်းဖြင့် သား သမီးများထံ ဆက်သွယ်ပြောနေသည်ကို ကြည့်ပြီး ကိုယ့်အမျိုးတွေကို သတိရပြီး သနားမိသည်။ ရူပီး ၁၅၀ (မြန်မာကျပ်ငွေ) ၂၀၀၀၀ (နှစ်သောင်း) ကျော်ရှိရင် ဟန်းဖုန်းကိုင်နိုင်သည်၊ ထိုဖုန်းသည် စာရေးသူတို့ နိုင်ငံ ဆယ်ဆမက ကျယ်ဝန်းနေပေမဲ့ တနိုင်ငံလုံးဆက်သွယ်နိုင်သည်။ ပြည်တွင်းပြည်ပ ပြောနိုင်သည်၊ ခက်ခက်ခဲခဲ ကျပ်ငွေ ငါးသိန်းကျော်ပေးပြီး နေရာကွက်ကြားသာ ပြောလို့ရသည်မဟုတ်။ လမ်းဘေး အသီးအနှံချရောင်းသည့် လူတန်းစားများ၊ အိမ်သာကျင်း မြေတူး မြေသယ် နေရသည့် လူတန်းစားများသည်ပင်  ဟန်းဖုန်းကိုင်နေသည်ကို စာရေးသူတို့ အမျိုးတွေအတွက်တော့ မနာလိုစရာပင်။ ပြည်တွင်းပြည်ပ ဆက်နိုင်သည်ဆိုရာမှာ-- အိန္ဒိယကနေ တခြားနိုင်ငံတွေကို ခေါ်လျှင် တစ်မီးနစ် ၆ ရူပီး၊ ၄ ရူးပီး ကုန်ကျပေမဲ့ မြန်မာပြည်ကို ခေါ်လျှင်တော့ ၁၅ ရူပီး (မြန်မာကျပ်-၃၅၀ ၀န်းကျင်) ကုန်ကျသည်။ မြန်မာပြည်သားတွေအတွက်တော့ အရှုံးတွေများနေရသည်။ တခါတရံ ခေါ်ရင်း ဘယ်ဘက်က ဖုန်းလိုင်းမကောင်းလို့ရယ်မသိ စကားတောင် မပြောလိုက်ရဘူး ၁၅ ရူပီးနုတ်သွားသည်၊ ကိုယ့်ရပ်ကိုယ့်ပြည်ကို ဖုန်းဆက်ရမှာ ကြောက်သွားသည်။
၂၀၀၈ ခုနှစ် အိန္ဒိယရောက်၊ ပူနေးမြို့ ပူနေးတက္ကသိုလ် ဒဿနိကဌာနမှာ M.A (အမ်အေ)တန်း စတက်ချိန်က တယ်လီဖုန်းတစ်လုံးနဲ့ မော်ကြွားမော်ကြွားနဲ့ စာရေးသူ ကိုယ့်အဖြစ်ကို ကိုယ်တွေးမိပြီး ရှက်မိခဲ့သည်၊ ကိုယ့်နေရာမှာ အပြန်စား အကောင်းစားနေလာခဲ့ရသည့် စာရေးသူမှာ ဒီရောက်မှ တယ်လီဖုန်းကိုင်နိုင်သည့်အဖြစ်။ သူတောင်းစားတောင် ကိုင်နိုင်နေသည့်ခေတ်မှာ ကိုယ်က အခုမှ ကိုယ်ပိုင်ကိုင်ရသည့်အဖြစ်ကို တွေးပြီး ရှက်မိသည်။ သူငယ်ချင်းတစ်ယောက်လည်းဖြစ် စာရေးသူ၏ ကျေးဇူးရှင်လဲဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသက (ဓမ္မကထိက) အိန္ဒိယရောက်လာစဉ် စာရေးသူထံ ဖုန်းဆက်သည်၊ စာရေးသူလည်း အိန္ဒိယရောက်ခါစ ဆိုတော့ ဖုန်းမ၀ယ်ဖြစ်သေး။ သူငယ်ချင်းဖုန်းကနေ တဆင့် စာရေးသူနဲ့ ပြောချင်သည်ဆိုသဖြင့် စကားတွေ ပြောဖြစ်သည်။ စကားများစွာထဲက သူပြောလိုက်သည့်စကားတစ်ခွန်းမှာ-- ‘‘ဦးကောရေ-- တယ်လီဖုန်း မ၀ယ်သေးဘူးလား၊ ၀ယ်ဖြစ်အောင်ဝယ်ပါ၊ ဒီမှာ သူတောင်းစားတောင် ကိုင်နေတာဆိုတော့ ၀ယ်ဖြစ်အောင်ကို ၀ယ်လိုက်ပါ’’ဟူ၍ အားပေးရှာသည်။
ဖုန်းဆက်နေတဲ့ လမ်းဘေးကဈေးသည် 
ဝမ်းသာမိခြင်း
စဉ်းစားရင်းနဲ့ ဒွန်ဘီဗာလီမြို့သို့ ရောက်လာပါပြီ။ ဟိုရောက်တော့ သူဌေးရပ်ကွက်ဖြစ်နေသည်၊ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ ဒီလိုချမ်းသာ ကြွယ်ဝနေတာကိုတော့ တွေ့ရတော့ ၀မ်းသာမိသည်။ အိန္ဒိယနိုင်ငံ၏ ဇာတ်စနစ် (cast system) အရ လူတန်းစားခွဲခြားသည့် ၀ါဒသည် အခုချိန်ထိ ပြင်းထန်နေဆဲဖြစ်သည်။ မြိုကြီးပြကြီးတွေမှာတော့ သိပ်မရှိပေမဲ့ စီးပွားရေး ပညာရေး မထွန်းကားသည့် မြို့နယ် ခရိုင်မြို့တွေမှာတော့ ပြင်းထန်နေဆဲပင်ဖြစ်သည်။ ဇာတ်နိမ့်ဟု ယူဆထားသော လူတန်းစားတို့သည် အနှိမ်ခံဘ၀ဖြင့် အသက်ရှင်နေကြရသည်၊ (ထိုအကြောင်းရာနှင့်ပတ်သက်ပြီး ဒေါက်တာအမ်ဘေဒကာနှင့် ဇာတ်စနစ် ပို့စ်အမည်ဖြင့် လွန်ခဲ့သော တစ်နှစ်ကျော်လောက်က တင်ပြပြီးဖြစ်သည်။) ဒေါက်တာအမ်ဘေဒကာ ဦးဆောင်၍ ဇာတ်နိမ့်ဟု အနှိမ်ခံလူတန်းစားများသည် လူတန်းစာမခွဲခြားဘဲ တန်းတူအခွင့်ရေးပေးသည့် ဗုဒ္ဓဘာသာဘက်သို့ များစွာ ပြောင်းလာကြသည်။ အများစုက ဆင်းရဲကြသည်၊ နောက်ပိုင်း ချမ်းသာကြွယ်ဝသူများ တိုးပွားလာသည်ကို တွေ့ရသည့်အပြင် နိုင်ငံတော်ကို ဦးဆောင်သည့် လူကြီးပိုင်း ပညာရေးပိုင်းများတွင် ဗုဒ္ဓဘာသာဝင် လူတန်းစားများ နေရာယူလာကြသည်မှာလဲ ၀မ်းသာစရာ ဖြစ်သည်။
အခုလည်း ၂၅ နှစ်ပြည့် လက်ထပ်မင်္ဂလာနှစ်ပတ်လည်ပွဲ ကျင်းပသည့် ဗုဒ္ဓဘာသာ မိသားစုများသည်လည်း ချမ်းသာကြွယ်ဝသည်၊ ပညာတတ်သည်။ ဟိန္ဒူဘာသာ အားကောင်းသည့် အသိုင်းအ၀ိုင်းကြားမှ တိုးထွက်လာနိုင်ခဲ့ကြသည့် ဗုဒ္ဓဘာသာ မိသားစုများဖြစ်သည်။ ထိုမိသားစုကို စာရေးသူ ပူနေးကျောင်းတက်စဉ်က အသိကျွမ်းဖြစ်ခဲ့ အေရဘမ် ဆိုသည့် အိန္ဒိယ ဗုဒ္ဓဘာသာတစ်ယောက်က မိတ်ဆက်ပေးသည်။ သူကိုယ်တိုင်ပဲ ဖုန်းဆက်ပြီး ပင့်သည်၊ ၃ ပါးလောက်ပင့်ချင်ဟု ဆိုသော်လဲ အိန္ဒိယ function တွေကို ကောင်းကောင်း အတွေ့ကြုံရထားပြီးဖြစ်သည့်အတွက် ကျန်ကျောင်းသား ရဟန်းများကို ပင့်ဖို့ အားနာနေသည်၊ ထို့ကြောင့် စာရေးသူနဲ့အတူနေ အားမနာရသည့် သူငယ်ချင်းတစ်ပါးကိုပဲ ပင့်ခဲ့သည်။ နောက်တစ်ပါးမပင့်ခဲ့လို့ တော်သေးသည်၊ လာပင့်လာသူက ပုဇွန်လုံးလောက်ရှိ ကားသေးသေးဖြင့် လာသည်၊ အထဲမှာလဲ ကုလားမနှစ်ယောက် ရှိနေသည်။ ထိုင်ဘို့ အတော်ခက်ခဲသည်၊ စာရေးသူတို့နှစ်ပါးတောင်မှာ  ထိုကုလားမနှစ်ယောက်နှင့် ကျပ်တည်းစွာ နောက်အခန်းကနေ ထိုင်ခဲ့ရသည်။ သုံးပါးဆို မလွယ်။ ကားစီးရင်း ရယ်မိသည်။ စာရေးသူလဲ လိုက်ပါလာသော ကုလားမနှစ်ယောက်ကို အကဲခတ်မိသည်၊ အတော်မည်းတာပဲ၊ အသားအရေပြောတာပါ။ သူတို့လက်နှင့် ကိုယ့်လက် ယှဉ်ကြည့်တော့ ကိုယ့်လက်က အတော်ဖြူနေတာပဲ၊ ငါ တော်တော် အသားဖြူလာတာပဲ လို့ တွေးပြီး ဘ၀င် လေဟပ်နေသည်၊ သူငယ်ချင်းနှင့်ယှဉ်လိုက်မှ အမည်းဟာ အမည်းပါပဲလားလို့ တွေးပြီး ရယ်မိသည်။
အစီအစဉ်များ
၂၅ နှစ်ပြည့် လက်ထပ်မင်္ဂလာ နှစ်ပတ်လည် အခန်းအနား စပါပြီ။ အခန်းအနား မစမီ ရောက်ရောက်ခြင်း နံက်စာအတွက် အိန္ဒိယ အစားအစာများဖြင့် ကပ်သည်၊ ၁၁-၃၀ နာရီ ရောက်နေသဖြင့် တဆက်တည်း နေ့လည်စာ တမျိုးလာချပြန်သည်။ အိန္ဒိယအစားအစာ လုံးဝမကြိုက်သော စာရေးသူတော့ ဒုက္ခရောက်ပြီ၊ သူတို့ကျေနပ်အောင် တို့ကာ ဆိတ်ကာ အနဲငယ်မျှစားပြီး ပြည့်စုံပြီးဖြစ်ကြောင်းပြောကာ နေမြဲ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ ၁၂ နာရီကျော်လောက်မှာ အခမ်းအနား စသည်။ ရှေးဦးစွာ ပရိသတ်များက ဘုရား တရား သံဃာ အား အရိုအသေပေးသည်၊ ပြီးမှ ၅ ပါးသီလဆောက်တည်သည်၊ သီလဆောက်တည်ရာဝယ် မြန်မာပြည်မှာကဲ့သို့ ရဟန်းတော်များထံ တည်ဆောက်သည်မဟုတ်၊ ဘုရားရှေ့မှာ ကိုယ့်ဘာသာ ဆောက်တည်သည့် Self-observing နည်းစနစ်ပင် ဖြစ်သည်။ မြန်မာပြည် တချို့နေရာဒေသမှာကဲ့သို့ ပန်းဒကာ သို့မဟုတ် ဘာသာရေးပွဲတွင် ရှေ့က ဦးဆောင်သူဟု ဆိုသူက ရှေ့ကနေ အခမ်းအနားတစ်ခုလုံး ဦးဆောင်လုပ်သွားသည်။ ဘုရားရှိခိုးခြင်း၊ သီလယူခြင်း၊ ဒေါက်တာအမ်ဘေဒကာ အား ရှိခိုးခြင်းနှင့် ဘာသာရေးအဓိဌာန် ရွတ်ဆိုခြင်း များပြုလုပ်သည်၊ အဲဒီနောက်မှ ထိုပန်းဒကာက စာရေးသူတို့ ၂ ပါးအား ထိုဇနီးမောင်နှံအား ဆုတောင်းမေတ္တာပို့ (chanting and blessing) ပြုလုပ် မေတ္တာရပ်ခံသည်၊ ထိုအစီအစဉ်ပြီးတာနဲ့ ပန်းဒကာက ဘာသာရေးအကြောင်းပြောသည်ထင်သည်၊ မာရတီဘာသာဖြင့် ပြောနေသည်ဖြစ်၍ နားမလည်၊ မြန်မာပြည်မှာ ရဟန်းတော်များအခန်းအနေနဲ့ မင်္ဂလာတရားဟောခြင်းနေရာ ထိုပန်းဒကာက နေရာဝင်ယူဟန်တူသည်။
 စာရေးသူလည်း ထိုမင်္ဂလာအတွက် ဟောဖို့ ညကထဲက မင်္ဂလာအကြောင်း ပြောဖို့ အစီစဉ်ရှိသည်၊ စာရေးသူ သိထားတာက အိမ်တက်မင်္ဂလာ သွားခါနီး လာပင့်တဲ့ ကုလားလေး မေးကြည့်လိုက်တော့မှ ၂၅ နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်ပွဲတဲ့ လာပင့်တဲ့ ကုလားလေးက lecture အနဲငယ်ပေးရပါမယ်ဟု ပြောထားသည်။ သို့သော် ကားပေါ်ရောက်တော့မှ ဘာဟောရလျှင်ကောင်းမလဲ ဟု သူငယ်ချင်းကို အကြံတောင်းတော့ နကုလပိတာနှင့် နကုလမာတာတို့အကြောင်း ဟောပါလားတဲ့၊ အာ--ဟုတ်လိုက်တာ ဒါနဲ့ တက္ကသိုလ်ကနေ မြို့ပြင်မထွက်ခင်အထိ တစ်ယောက်တည်းစကား မပြောဘဲ ထိုဇာတ်ကြောင်း ဟောဖို့ အင်္ဂလိပ်လို စီကြည့်နေသည်၊ ၁၀ မိနစ်စာလောက် ပြောဖို့ အဆင်ပြေပြီဆိုမှ ဖြတ်သွားခဲ့တဲ့ လမ်းအကြောင်းတွေ ပြောဖြစ်။
ဘ၀ဆက်တိုင်း
မှန်ပါသည်။ ဘ၀ပေါင်း ၅၀၀ ဘုရားရှင်၏ အဖေ အမေ၊ ဘ၀ ၅၀၀ ဘုရားရှင်၏ ဦးလေး ဒေါ်လေး၊ ဘ၀ ၅၀၀ အဘိုးအဖွား စသည်အားဖြင့် ဘ၀ပေါင်း ၁၅၀၀ ဇနီးမောင်နှံအဖြစ် ဘ၀သံသရာမှာ ပျော်ရွှင်ခဲ့ကြပြီး စာရေးသူတို့ ဘုရားလက်ထက်မှာ အရိယာများ ဖြစ်သွားကြသည့် နကုလပိတာနှင့် နကုလမာတာ အကြောင်း ဟောဖို့ လမ်းတလျှောက် စဉ်းစားလာခဲ့ရသည်။ ဘ၀ဆက်တိုင်း ရေစက်ဆုံလိုသူများအတွက် မှတ်သားစရာလေး တစ်ခုဖြစ်သည်။
ငွေရတုမှ ရွှေရတု, စိန်ရတုယ ပတ္တမြားရတု စသည့် ရတုများစွာ ဇနီးမောင်နှံ ၂ ယောက်တို့သည် သက်ဆုံးတိုင် သို့မဟုတ် ဘ၀ဆက်တိုင်း သံသရာကို ပျော်ပျော်ကြီး ဖြတ်သန်းလိုပါလျှင် ထို ဇနီးမောင်နှံ ၂ ယောက်လုံးမှာ တူညီသော အရည်းအချင်း ၄ ရပ် ပြည့်စုံဖို့လိုသည်။ ထို ၄ ရပ်မှာ-
(၁) သမ သဒ္ဓါ-တူသော ခံယူချက် (ယုံကြည်ချက်)
(၂) သမ သီလာ-တူသော အကျင့် (အမူရာ)
(၃) သမ စာဂါ-တူသော စွန့်လွတ်မှု (ပေးကမ်းမှု)
(၄) သမ ပညာ-တူသော အသိဥာဏ် (အတွေးခေါ် ဗဟုသုတ) တို့ဖြစ်သည်။
ဤကား စာရေးသူ ထိုမင်္ဂလာပွဲအတွက် လမ်းပေါ်မှာ စဉ်းစားထားသော မင်္ဂလာတရား အကျဉ်းချုပ်ကလေးဖြစ်သည်။ သို့သော် ဟောခွင့်မသာလိုက်ရခြင်းက စာရေးသူနှင့် ထိုမိသားစု ထိုလေးချက် တခုခု မတူခဲ့လေရော့လားဟု တွေးမိလေတော့သည်။
ထိုဇနီးမောင်နှံလည်း အလွန်ကောင်းသည့် စာရေးသူ၏ တရားကောင်းတစ်ပုဒ် နာကြားခွင့် မရသဖြင့် Great Opportunity အခွင့်ကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရသော ဇနီးမောင်နှံ ဖြစ်ရရှာတော့သည်။ အစီအစဉ်တွေပြီးတော့ ဇနီးမောင်နှံ ၂ ယောက် တစ်ယောက်တစ်လှည့် မိထားခေါ် အချိုမုန့်များဖြင့် ခွန့်ကျွေးကြသည်၊ လက်ခုပ်တီးကြသည်၊ နောက်တော့ တဦးတည်းသော သမီးအား ခွန့်ကျွေးသည်၊ ဇနီးဖြစ်သူက ကျန်နေသေးသော ဘ၀ကို ရှေ့ဆက် လက်တွဲပြီး လျှောက်လှမ်းမည်ဆိုတဲ့ အကြောင်း ဟာသနှောထည့်ကာ ပြောသည်၊ ပရိသတ် တ၀ါးဝါးနဲ့ အားပေးသည်၊ သမီးဖြစ်သူကလဲ ဖေဖေ မေမေတို့အကြောင်းနှင့် ဒီဖေဖေ မေမေတို့နှင့် ယခုလိုပဲ ပျော်ပျော်ကြီး နေချင်ကြောင်း တစ်သက်လုံး အဖေအမေကို လုပ်ကြွေးမည်ဟူသော အကြောင်းများကို ပြောပြသဖြင့် ပရိသတ် သဘောတွေ့သွားကြသည်။ အဲဒီနောက်တော့ အမကြီးဖြစ်သူက ဆုံးမစကားပြောသည်၊ အစီအစဉ် အားလုံးပြီးတော့ စာရေးသူတို့အလှည့်ရောက်လာပြန်သည်၊ ထိုမိသားစုနှင့် အမျိုးများကို ပရိတ်ချည်များကို သူတို့၏ လက်မှာ ချည်ပေးရသည်၊ အန္တရာယ်ကင်းအဆောင် သဘောပင်ဖြစ်သည်။
နောက်ဆုံး အကောင်းဆုံး အစီအစဉ်ကတော့ ထိုမိသားစုက စာရေးသူတို့ ၂ ပါးအား အသီးအနှံများနှင့် အနာမာသ အကပ္ပိယ ရူပီးလေးများ လှူဒါန်းသည့် အခန်းပဲ ဖြစ်ပါသည်။ppppppppp
သမီးတော်လေး ကဏှာ (မမည်းလေး)
ခြုံ၍သုံးသပ်သော်
ဗုဒ္ဓဘာသာ စတင်မွေးဖွားရာ အိန္ဒိယပြည်ကြီးသည် ဗုဒ္ဓဘာသာ လုံးဝနီးပါး ပျောက်ကွယ်ခဲ့။ တဖြေးဖြေးနဲ့ ပြန်လည် ဦးမော့လာသည်၊ ထိုဦးမော့လာသော ဗုဒ္ဓဘသာသည် ဗုဒ္ဓဘာသာ စတင်ပေါက်ဖွားရာ မဟာဗောဓိပင်ရှိရာ ဂယာ၊ ဘုရားရှင် မွေးဖွားရာ လုမ္ဗိနီ၊ ကမ္ဘာကျော် ဓမ္မစင်္ကြာတရား ဟောရာ ဗာရာဏသီ၊ နောက်ဆုံး မြတ်ဗုဒ္ဓ ခန္ဓာချရာ ကုဿိနာရုံတို့မှာ မဟုတ်ဘဲ ဒေါက်တာအမ်ဘေဒကာ မွေးဖွားရာ မဟာရဋ္ဌပြည်နယ်မှ နာဂပူ၊ စောလပူ၊ ပူနေးနှင့် ဘုံဘေမြို့တို့ဖြစ်သည်။ ထိုမြို့များမှ ဆက်ပွားလာရာမှ ဒွန်ဘီဗာလီမြို့ကဲ့သို့ အခြားမြို့ကလေးများသို့လည်း ပြန့်နှံ့လာခဲ့သည်။ ဗုဒ္ဓဘာသမဟုတ်ဘဲ ဒေါက်တာအမ်ဘေဒကာ ဘာသာဖြစ်နေသည်။ မှန်ပါသည်၊ ဒေါက်တာအမ်ဘေဒကာ ရေးသည့် The Buddha and his teaching  အမည်ရှိ စာအုပ်တွင်‘‘ လူတစ်ယောက် သေးပြီးနောက် နောက်ထပ် ဒီလူအဖြစ် တစ်ယောက်တည်း ပြန်ဖြစ်နိုင်ဘို့ မလွယ်၊ အကြောင်းကား လူပြန်ဖြစ်သည် ဆိုသည်မှာ- သေပြီးနောက် ကျန်ရစ်သော ရုပ်မှုံကလေးတွေက ပြန်လည် စုစည်းပြီး လူပြန်ဖြစ်လာသည်၊ ရုပ်မှုံကလေးများသည် ဒီလူတစ်ယောက်တည်းမဟုတ်၊ မရေတွက်နိုင်သော လူတွေရဲ့ ရုပ်မှုံကလေးများ ရောနေသဖြင့် သေသည့်လူ တစ်ယောက်တည်း ပြန်မဖြစ်နိုင်’’ဟု ရေးထားတာ တွေ့ရသည့်အတွက် ဒဿနိကဗေဒက ဆရာကြီးတစ်ယောက်အား မေးကြည့်တော့ ဒေါက်တာအမ်ဘေဒကာ ဘာသာလို့ပဲ မှတ်လိုက်ပါကွာတဲ့။ ဗုဒ္ဓ၀ါဒနှင့်ဆန့်ကျင်သည့်အတွေးများ တွေ့နေရသည်။
ထို့ကြောင့် ဦးမော့လာသော ထိုဗုဒ္ဓဘာသာများသည်၊ ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်း မသိကြသေး၊ သူတို့သည် ဗုဒ္ဓဘာသာသည် အခြားဘာသာများကဲ့သို့ ကိုးကွယ်ရုံသက်သက် ဘာသာတရားဟု ခံယူထားဟန်ရှိသည်၊  အသိ (၀ိဇ္ဇာ) မပါ၊ အကျင့် (စရဏ)မပါဘဲ သာရေး၊ မင်္ဂလာအခမ်းအနားနှင့် နာရေးပွဲတွေ စည်ကားရုံအတွက် ပြပွဲတစ်ခုလိုဖြစ်နေသည်။ တကယ်တော့ ဗုဒ္ဓဘာသာသည် ကိုးကွယ်ရုံသက်သက်သော religion ခေါ် ဘာသာတရားမဟုတ် ကိုယ်တိုင်သိ ကိုယ်တိုင်ကျင့် (၀ိဇ္ဇာ စရဏ) ပါသော ဘာသာတရားဖြစ်သည်။ သို့သော်လည်း တစ်ခုကောင်းနေသည်မှာ သူတို့တတွေ ဘုရားတိုင်း၏နှုတ်တော်က ထွက်လာသော ‘‘သဗ္ဗပါပဿ အကရဏံ ကုသလဿူပသမ္ပဒါ’’ စသော သြ၀ါဒစကားကို ကလေးရော လူကြီးပါ အလွတ်ဆိုနိုင်ကြသည်။ အကုသိုလ်ဟူသမျှ မပြုရ၊ ကုသိုလ်မှန်သမျှ ပြုလုပ်အားထုတ်ကြဆိုတဲ့ ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်အဓိပ္ပါယ်ရှိသည့် ထိုစာတမ်းလေးတွေကို နှုတ်တိုက်ရနေသည်မှာတော့ ၀မ်းသာစရာပင်ဖြစ်သည်။ ဗုဒ္ဓဘာသာအမည်ခံ လူတိုင်းနီးပါး အလွတ်ဆိုတတ်ကြသည်။ 
အန္တရာယ်ကင်း ပရိတ်ခြည်
ရဟန်းတော်များ အိန္ဒိယစကား ကောင်းကောင်းတတ်လျှင်တော့ အဆင်ပြေသည်။ ဘာသာစကားတစ်ခု ကြားခံ၍ ပြောနေရခြင်းသည် ထိရောက်မှုမရှိသလို နားလည်မှုတွေလဲ လွဲမှားနိုင်သည်။ အိန္ဒိယလူဝတ်ကြောင်များက ဘာသာရေး အခမ်းအနားတွေမှာ တခြားဘာသာများကဲ့သို့ ဆောင်ရွက်နေသည်၊ လူဝတ်ကြောင်ဟောသော ပြောသောစကားကိုပဲ သူတို့တတွေ နားထောင်ကြရသည်။ ရဟန်းတော်များလောက် ဗုဒ္ဓစာပေအပေါ် ယုံကြည်မှု သဒ္ဓါ၊ အားထုတ်မှု ၀ီရိယ မရှိသော ထိုလူဝတ်ကြောင် ဟောသော တရားသည် နက်နက်နဲနဲ မရှိဘဲ အပေါ်ယံမျှသာဖြစ်၍ ထိရောက်သော သာသနာပြု မဖြစ်နိုင်။ သို့သော်လည်း ဗုဒ္ဓဘာသာဆိုတဲ့ အမည်လေးကိုပဲ ထိန်းသိမ်းထားနိုင်တာကိုပဲ ကျေးဇူးတင်ပေးရပါမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၆-၂၀၁၁

05 June 2011

သီတဂူအထူးသတင်း


သီတဂူဆရာတော်ကြီးသည် ပညာရေးအခန်းကဏ္ဍတွင် စစ်ကိုင်း မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ တည်ဆောက်လျက် ပညာသင်ကြားပေးနေသည်မှာ အောင်မြင်ကျော်ကြားလျက်ရှိသည်။ စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွင် ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် စတင်တော့မည်ဖြစ်သည်၊ ဒီပလိုမာ (Diploma)တန်း၊ ဘီအေး (B.A) တန်းများနှင့် အမ်အေ (M.A)တန်းများကို ဖွင့်လှစ်ပြီး သင်ကြားပေးခဲ့သည်မှာ အောင်မြင်လျက်ရှိသည်၊ ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ သုတေသန (Ph.D) ကျောင်းသားများကို စတင်လက်ခံနေပြီဟု သိရသည်။ အသေးစိတ်ကိုတော့ ထိုတက္ကသိုလ်ရှိ မော်ကွန်းထိန်းဌာနနှင့် ပြန်ကြားရေးရုံးများတွင် စုံစမ်းနိုင်သည်။ မန္တလေးမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာတော့ ယခု၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဒီပလိုမာတန်း အတန်းစုံသင်ကြားပေးလျက်ရှိသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာတော့ ယခု၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဒီပလိုမာတန်းများ အစုံသင်ကြားပေးသည့်အပြင် ဘီအေ (B.A)တန်း ပထမနှစ်ပါ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးမည် ဖြစ်သည်။ အသေးစိတ်သိလိုပါက ထိုတက္ကသိုလ်ရှိ ပညာရေးတာဝန်ခံ ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရနှင့် ပြန်ကြားရေးရုံးတွင် စုံစမ်းနိုင်ပါသည်။
ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ယခင်က ကားပါ့ကင် (ကားထားရာ) နေရာ၌ စာသင်ပေးနေရသဖြင့် အသံများ ဆူညံခြင်း၊ လူဝင်လူထွက်များခြင်းကြောင့် အာရုံပျက်ခြင်းစသော အခက်အခဲများကို ဖြေရှင်းရာဝယ် သီတဂူကျောင်းဒကာ ဒကာမများနှင့် အနယ်အနယ်အရပ်ရပ်မှ အလှူရှင်များ၏ ကုသိုလ်ဖြင့် သုံးထပ်စာသင်ကျောင်းဆောင်ကြီးကို တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ ထိုအတွက် အောက်ပါ အစီအစဉ်များ ရှိနေသည်ကိုလည်း သီတဂူချစ်ခင် ပရိသတ်အားလုံးကို သိစေပါသည်။
ကျောင်းအလှူရှင်များသိစေရန်
သီတဂူသာသနာပြုလုပ်ငန်းကို အားပေး ကြည်ညိုကြကုန်သော အလှူရှင်အပေါင်းတို့၏ အလှူငွေများဖြင့် ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သုံထပ်စာသင်ဆောင်ကြီးကို လွန်ခဲ့သောနှစ် နယုန်လပြည့် (၂၇-၅-၂၀၁၀)က စတင် တည်ဆောက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ပါသည်။ ထိုစာသင်ဆောင်ကြီးကို ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်း ၆ ခန်း၊ operator အခန်း၊ အဓိပတိရုံးခန်း၊ ပါမောက္ခချုပ် ရုံးခန်း၊ မော်ကွန်းထိန်း ရုံးခန်း၊ အခြား ပြန်ကြားရေး ရုံးခန်း ၂ ခန်းနှင့် ဆရာများ၏ အခန်းများ၊ အစည်းဝေးခန်းမ၊ seminar room အခန်း၊ ထမင်းစားခန်း၊ ဓာက်လှေခါးတို့ တပ်ဆင်ကာ မြန်မာမှုအနုပညာ လက်ရာများဖြင့် ခြယ်မှုံးထားသဖြင့် လှပထည်ဝါ ခန့်ညားလျက် တည်ရှိနေပြီ ဖြစ်ပါသည်။
ဖိတ်ကြားအပ်ပါသည်
 ယခုနှစ် နယုန်လပြည့်နေ့ ( ၁၆-၆-၂၀၁၁) တွင် ထိုကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၍ ၂၀၁၁/၂၀၁၂ ပညာသင်နှစ် ဒီပလိုမာကျောင်းသားများနှင့် ဘီအေ ကျောင်းသားများကို ထိုကျောင်းတော်ကြီးအပေါ်တွင် စတင် သင်ကြား ပို့ချပေးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မည်သူမဆို မိမိတို့အတွက် သာဓုအနုမောဒနာပြုနိုင်ရန် ကျောင်းတော်ကြီး ဖွင့်လှစ်သည့် အခမ်းအနားသို့ ကြွရောက်ကြပါရန် ဖိတ်မန်အပ်ပါသည်။
အစီအစဉ်များ----------------
(၁) ၁၆.၆.၂၀၁၁။ ။ သံဃာ့မဟာနာယက ဆရာတော်ကြီးများ အစီအစဉ်
သံဃာမဟာနာယကကြီးများ၊ သံဃာ့အဖွဲ့အစည်းများမှ ဥက္ကဌ၊ အတွင်းရေးမှုးသံဃာတော်များ သီတဂူ သာသနာပြု အဖွဲ့ဝင်များနှင့်မိသားစုဝင်များ။ (ဘုရား အနေကဇာတင် )
(အလှု့ရှင် သီတဂူ ဦးသန်းလွင်+ ဒေါ်ခင်ခင်သိန်း မိသားစု) မှကျွေးမွေး လှုဒါန်းမည်၊
ဒေါ်ရွှေဥ (ရာစုသစ် ရွှေဥ ရွှေဆိုင်)က ကြွလာတဲ့ ဆရာတော်များအား 3 သုံးလုံး သင်္ကန်းတစ်စုံစီနဲ့ န၀ကမ္မ တစ်ပါး တစ်သိန်းစီ လှူဒါန်းမည်။

 (၂) ၁၇.၆.၂၀၁၁။ ။ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြား သံတမန်များ အစီအစဉ်
နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အကြီးအကဲများ၊ သံရုံးများမှသံတမန်များ (ဖွင့်ပွဲ အခန်းအနားပါမည်)
သီတဂူ သာသနာပြုအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊
(အလှု့ရှင် သီတဂူ ဦးဝင်းအောင်+ ဒေါက်တာ ဒေါ်ခင်ဝင်းကြည် မိသားစု) မှ ကျွေးမွေးလှုဒါန်းမည်၊

(၃) ၁၈.၆.၂၀၁၁။ ။ ဘာသာရေး, သာသနာရေး, လူမှုရေး, နိုင်ငံရေး အသင်းအဖွဲ့များ အစီအစဉ်
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နင့် သီတဂူသာသနာပြုအဖွဲ့ဝင်များ မိသားစုဝင်များ
 (အလှု့ရှင်  မန္တလေးကျောင်းအမ သီတဂူ ဒေါ်ညွှန့်ညွှန့်အေး) မှ ကျွေးမွေး လှုဒါန်းမည်။

(၄) ၁၉.၆.၂၀၁၁။ ။ ကျောင်းအလှူရှင်၊ ကျောင်းဒကာ/ဒကာမများ အစီအစဉ်
ကျောင်းဆောင်အလှု့ရှင် အားလုံးနှင့် သီတဂူသာသနာပြုအဖွဲ့ဝင်များ မိသားစုဝင်များ(ဂုဏ်ပြုလွှာများ ပေးအပ်မည်)
(အလှု့ရှင် သီတဂူဦးတင်ဦး+ဒေါ်လှမြင့်(ရွှေစင် ရတနာ) မိသားစု ) မှကျွေးမွေး လှုဒါန်းမည်၊
ထိုအစီအစဉ်၌ (က) နေ့လည်စာဖြင့် ဧည့်ခံခြင်း (ခ) ရေစက်ချတရားနာခြင်း (ဂ) သီတဂူသာသနာပြု မော်ကွန်းဝင် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်း။
(၅) ၂၀.၆.၂၀၁၁
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာအောင်သံဃာကျောင်းသားများအား အောင်လက်မှတ် အပ်နှင်းခြင်း၊ ကျောင်းသားအသစ်များ လက်ခံကြိုဆိုခြင်းနှင့် ကျောင်းသားကဒ်များ အပ်နှင်းခြင်း (Graduation and Fresher Welcome) တို့ဖြစ်ပါသည်။
(၂၀၁၁-၂၀၁၂ ) စာသင်နှစ်   ကျောင်းသားများ နှင့် ဆရာတော်အပါအ၀င် စုစုပေါင်း အပါး(၃၀၀)ပါး)တို့အား (သင်္ကန်းအစုံ(၃၀၀) လှူဒါန်းမည်)

(အလှု့ရှင် သီတဂူ ဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်) မိသားစု) မှ ကျွေးမွေးခြင်းနှင့် သင်္ကန်း အစုံ (၃၀၀) လှူဒါန်းပါမည်။ 
သတင်းအချက်အလတ်နှင့်ဖိတ်စာ ပို့ပေးသော ကျောင်းအမ မပန်းစပယ် အားအထူးကျေးဇူးတင်ပါသည်။ 
ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ထားသော်လည်း ပြည်မြန်မာမှ ဓာတ်ပုံများကြည့်ခွင့်မရဖြစ်နေသည်၊ ကျော်ခွကြည့်မှ ကြည့်လို့ရသည်ဟု သိရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၅-၂၀၁၁

01 June 2011

ရှားရှားပါးပါး အလှူ


ရှားရှားပါးပါး အလှူ
ပြီးခဲ့တဲ့ စနေနေ့က သီးတင်းသုံးဖော် စောမယကောလိပ် Ph.D ကျောင်းသား ငါးပါး ရှားရှားပါးပါး အလှူတစ်ခုသို့ သွားခဲ့ကြသည်။ ဘုံဘေမြို့ မြန်မာပြည်သားအိမ်မှာ အလှူတစ်ခုလုပ်တယ်ဆိုတာ အလွန်ရှားပါးသည့် အလှူပဲဖြစ်မှာပါ။ အလှူ့ရှင်များက လွန်ခဲ့သာရက်ပိုင်းကမှ ဘင်္ဂလောဘက်ကနေ ဘုံဘေမြို့သို့ပြောင်းလာသော လေယာဉ်အင်ဂျင်နီယာ မိသားစုပဲ ဖြစ်သည်။ သူတို့မိသားစုက အလုပ်ကိစ္စနဲ့ အိန္ဒိယမှာ နေလာခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ဗုဒ္ဓဘာသာကို အလွန်ယုံကြည်သော မိသားစုများ ဖြစ်ရကား ဘုန်းကြီးရဟန်းများနှင့် ကင်း၍ မနေနိုင်ခဲ့သဖြင့် ဘင်္ဂလောဘက်မှာ နေစဉ်က အခက်အခဲရှိခဲ့သည်ဆိုသည်မှာလဲ မြန်မာ ရဟန်းတော်များကို ဖူးမျှော်ခွင့်မရခြင်းပဲဖြစ်သည်။ စောမယကောလိပ်ကျောင်းသားများ အတွက် ထိုမိသားစု၏ ရှားရှားပါးပါး အလှူတစ်ခုအကြောင်းကို သူများလှူတာ တစ်ဝက်ပိုင် သာဓုခက်မြိုင်မြိုင် ဆိုသည့်အတိုင်း အလှူတစ်ဝက် ရစေရန်အတွက် သာဓုအနုမောဒနာ ပြုနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ထူးထူးဆန်းဆန်းဖုန်း
ထိုမိသားစု ဘုံဘေမြို့ကို ပြောင်းလာပြီး မကြာ၊ သီတဂူစတားလဲ ဘုံဘေသို့ ရောက်သည်မှာ မကြာသေးမီ ထူးထူးဆန်းဆန်း မြန်မာစကားဖြင့် ဖုန်းဆက်လာသဖြင့် အံ့သြနေမိသည်။ ထိုသူက တခြားမဟုတ် ထိုလေယာဉ်အင်ဂျင်နီယာ မိသားစုများပင်ဖြစ်သည်။ ဟဲလို-ဘုန်းဘုန်းဘုရား- တပည့်တော် ကျော်ဆွေပါဘုရားဟု အစချီကာ ဘုံဘေရောက်လာခဲ့ပုံ၊ စာရေးသူ ပူနေးတက္ကသိုလ်မှာ ကျောင်းတက်နေစဉ်က အသိမိတ်ဆွေဖြစ်ခဲ့သော လေယာဉ်မှူး ဒကာအောင်သန်းက မိတ်ဆက်ပေးပုံ၊ သူနဲ့ မြန်မာပြည်မှာ အလုပ်အတူလုပ်ခဲ့ပုံ၊ ဘုန်းဘုန်းရဲ့ဖုန်းနံပါတ်ကို သီတဂူစတားဆိုက်မှာ သမီးဖြစ်သူက ရှာပေးသဖြင့် ရရှိပုံနှင့် နောက်တစ်ပတ် စနေနေ့မှာ ဘုန်းဘုန်းဆီ လာဖူးတွေ့မည်ဆိုတဲ့အကြောင်း ပြောသွားသည်။
နောက်တစ်နေ့ စနေနေ့မှာပဲ ထိုမိသားစု ရောက်လာပါသည်၊ တစ်ခေါက်မှ မရောက်ဖူးသေးသော သူများလဲဖြစ်။ ကောလိပ်၏ လုံခြုံရေးနှင့် အဆောင် လုံခြုံရေးတို့ အစစ်ဆေး အမေးအမြန်းထူသဖြင့် စိုးရိမ်နေရာကား အောက်ထက် ဆင်းစောင့်နေမိသည်။ အဆောင်လုံခြုံရေးအားလည်း ငါ့မိသားစုလာလိမ့်မယ်၊ ငါတို့မြန်မာကျောင်းသားများ နေရာ အခန်းကို ခေါ်သွားချင်တယ် ခွင့်ပြုနိုင်မလား၊ သိပ်မကြာပါဘူး ၅ မိနစ်လောက်ပါပေါ့၊ ကုလား one မိနစ်ဆို တစ်နာရီလောက်ကြာသကိုး၊ ဒါ့ကြောင့် ၅ မိနစ်ထဲပါလို့ပြောပြီး ခွင့်တောင်းခဲ့သဖြင့် အားလုံးအဆင်ပြေသည်။
အစားအစာများဖြင့်ရောက်လာ
ရောက်လာကြပါပြီ။ သယ်လာလိုက်တဲ့ အစားစာတွေလဲ စုံလို့ပါပဲ။ ဒကာမကြီးက တရုပ်အစပ် မုဒုံသူဖြစ်၍ ထင်သည် တရုပ်အစားအစာ အလွန်ချက်ကောင်းသည်။ ကျောင်းသားအားလုံး ထောမနာပြုကြသည်။ ထိုမိသားစုနှင့် ကျောင်းသားများ မိတ်ဆက်ပေးလိုက်သည်၊ အားလုံးက ၀ိုင်းဝန်း စကားပြောကြသည်။ သူတို့မှာ ဘုန်ကြီးရဟန်းများနှင့် အကြာကြီးကွဲကွာနေရသဖြင့် ဘုန်းကြီးရဟန်းများကို ဖူးမျှော်ချင်ကြသည်၊ မိမိ၏ မြို့မှာ ရဟန်းသံဃာများ ဆွမ်းလောင်း ဆွမ်းကပ်နေကြသူများ ဖြစ်သဖြင့် ဆွမ်းကပ်ချင်သည် စသည်ဖြင့် ပြောသည်။ အရှင်ဘုရားများကိုလဲ အိမ်မှာ ထိုင်ခုံ အခင်းစသည် အိမ်၏အသုံးဆောင်များ တပ်ဆင်ခင်းကျင်းပြီးပါက ပင့်၍ ဆွမ်းကပ်လိုပါကြောင်း လျှောက်ထားသည်၊ လုံခြုံရေးထံမှ ၅ မိနစ်စာ ခွင့်တောင်းထားပြီး ၂ နာရီနီးပါး စကားပြောခွင့် ရလိုက်ကြသည်။
အိမ်အရောက်ပင့်
နောက်များမကြာမီမှာပဲ အိမ်မှာ လိုအပ်တာများ တပ်ဆင်ပြီးဖြစ်သည်။ ဖုန်းဆက်လာပြန်ပါသည်၊ အရှင်ဘုရား လာမည့်စနေနေ့ သံဃာ ၅ ပါး အိမ်မှာပင့်လိုပါကြောင်း လျှောက်ထားသည်။၂၈-၅-၂၀၁၁ စနေနေ့မှာပဲ မနက် ၁၀ နာရီ အဆောင် အရောက်လာပင့်သည်။ ကျန်ကျောင်းသား ရဟန်းတော်များအတွက် စားဖွယ်သောက်ဖွယ်များ ပိုပိုလျှံလျှံ သယ်လာပြန်သည်။ ထိုနေ့အတွက် ကျောင်းသားရဟန်းတော်များ မီးခိုးတိတ် စားဖွယ်သောက်ဖွယ်ကောင်းများ ဘုန်းပေးခွင့်ရသည်။ စာရေးသူအပါအ၀င် ရဟန်းတော် ၅ ပါး အိမ်သို့လိုက်သွားသည်၊ အဆောင်နှင့် မိနစ် ၄၀ လောက် ကားမောင်းရသည်။ အိမ်ထဲမှာ ခင်းကျင်းထားသည်မှာလဲ သပ်သပ်ရပ်ရပ် ရှိလှသည်။ ဘုရားခန်းကိုလည်း သီးသန့် သပ်ရပ်လှပစွာ ပြင်ဆင်ထားသည်မှာလဲ အားရကျေနပ်စရာကောင်းလှသည်။ စာရေးသူတို့ ၅ ပါး ထိုဘုရားခန်းတွင်တည်ထား ကိုယ်ကွယ်ထားသော ရုပ်ပွားဆင်းတုတော်မြတ်ကို ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် ဆွမ်းမကပ်သေးမီ မြန်မာပြည်ထုံးတမ်းစဉ်လာအတိုင်း သီလယူ တရားနာ အမျှဝေခြင်းကိစ္စ ဆောင်ရွက်သည်။ ထိုကိစ္စကို သီတင်းသုံးဖော်များက စာရေးသူအား တိုက်တွန်းသဖြင့် သီလပေးတရားနှင့် အနုမောဒနာ နာရီဝက် တရား ချီးမြင့်ပေးလိုက်ရသည်။ ကြွလာသော အရှင်မြတ်များအား လိုအပ်ရာ သုံးစွဲနိုင်ရန် န၀ကမ္မများ လှူဒါန်းပြီး ကျောင်းသားသံဃာများအတွက် ဆီတစ်ပုံး၊ ဆန် (ဘာစမာတီ) ၁၀ ကေဂျီကိုပါ လှူဒါန်းလိုက်သေးသည်။ ဤကား ရှားပါး ထူးခြားသော အလှူတစ်ခုဖြစ်ပါသည်။
ပို၍ထူးခြား
ဘုံဘေမြို့ စောမယကောလိပ်တွင် Sanskrit ဌာနနှင့် Buddhist study ဌာနနှစ်ခု Ph.D ကျောင်းသား ဒေါက်တာ အလောင်းအလျာများကို တစုတဝေးတည်း လှူခွင့်ရသည်မှာ ပို၍ပို၍ပင် ထူးခြားနေပါသည်။ ထိုကဲ့သို့ Ph.D ကျောင်းသား တစ်စုတဝေးတည်းမှာ လှူခွင့်ရဖို့ဆိုတာ မလွယ်ကူလှပါ။ Ph.D ကျောင်းသား အားလုံးသည် အမိမြေမှာဆိုရင် စာချများ၊ ဓမ္မကထိကများ၊ ကျောင်းထိုင် ဘုန်းကြီးများ ဖြစ်ကြသည်။
ပြီးပြည့်စုံသော အလှူဒါန တစ်ခု ဖြစ်ဖို့အတွက် (၁)သဒ္ဓါတရား အခြေခံရှိရပါမည်။ (၂) အလှူတစ်ခု ပြီးမြောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ လှူချင်တဲ့ အလှူဝတ္ထု ပြည့်စုံနေရပါမည်။ (၃) မိမိ၏ အလှူကို အလှူခံထိုက်သူ ရှိနေရပါမည်။ ပြည်ပရောက်နေသူတွေရဲ့ အခက်အခဲကတော့ နံပါတ် (၃) အချက် ဖြစ်ပါလိမ့်မည်။ အထက်မှာ ပြဆိုထားသည့် မိသားစုတို့သည် ဗုဒ္ဓဘာသာများ ဖြစ်ကြသည့်အတွက် သဒ္ဓါတရား အားကောင်းသူများ ဖြစ်ကြသည်။ ပညာတတ် အလုပ်ကောင်း ရှိနေသူတွေအတွက် အလှူဝတ္ထုဆိုတာလဲ ခက်ခဲလိမ့်မည် မဟုတ်။ သို့သော်ကား အလှူရှင်တို့ ရည်မှန်းထားသည့် အလှူခံပုဂ္ဂိုလ်ကား အလွန်ခက်ခဲ၏၊ ဘုရားသာသနာနှင့် ကြုံနေတဲ့ အခိုက်တန့်မှာတောင် ဤကဲ့သို့ ခက်ခဲနေပါလျှင်-- ဘုရားမပွင့်သည့်ကမ္ဘာ သာသနာပခေတ်ကာလတို့၌ကား ပြောဖွယ်ရာ မရှိခြေ။ ဤကား သဒ္ဓါရှိသူတို့၏ ခက်ခဲသော အလှူပင်ဖြစ်သည်။
သဒ္ဓါရှိသူများ
သူတော်ကောင်း သို့မဟုတ် သဒ္ဓါရှိသူဆိုသည်မှာ အချက် ၃ ချက် ရှိပါသည်။ စာရေးသူ၏ ဆိုက်ထဲမှာပဲ အလှူ့ရှင်ဂုဏ်ရည် အမည်ရှိ ပို့စ်တစ်ခုမှာ တင်ပြထားပြီး ထင်ပါသည်။ ကောင်းကောင်း မမှတ်မိတော့ပါ။ သို့သော် အနဲငယ်မျှ တင်ပြပါဦးမည်။
၁။ ဒဿန ကာမော သီလ၀တံ- ကိုယ်ကျင့်တရားရှိသူများ သို့မဟုတ် သူတော်စင်များကို ဖူးမျှော်လိုသော ဆန္ဒ၊ တွေ့လိုသော ဆန္ဒရှိသူသည် သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
၂။ သဒ္ဓမ္မံ သောတုမိစ္ဆတိ- သူတော်ကောင်းတရား သို့မဟုတ် သူတော်စင်များထံမှ အဆုံးအများကို နာယူလိုသော ဆန္ဒ၊ ထိုသူတော်စင်များနှင့် သူတော်ကောင်းတရားများ ဆွေးနွေးလိုသော ဆန္ဒရှိသူသည် သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
၃။ ၀ိနယေ မစ္ဆေရမလံ-၀န်တို နှမြော မစ္ဆေရ အညစ်ကြေး ကင်းသူများကို သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
မစ္ဆေရ အညစ်ကြေး ကင်းသူများကို စာပေက ဒါနသံဝိဘာဂရတော့ -အလှူဒါနပြုရာဝယ် စီမံခန့်ခွဲရတာကိုပဲ ပျော်နေသူ၊ အလှူဒါပြုရာ၌ ပျော်နေသူ၊ အလှူဒါန လက်နှင့်မကွာသူများဟု ဖွင့်သည်၊ ထို့ထက် ပို၍စိတ်ဝင်စားစရာ ကောင်းသည်မှာ ပယတ္တပါဏိ ဟု လှပသော စကားလုံးဖြင့် တန်ဆာဆင်ထားသည်။ ဆိုလိုသည်မှာ လက်ကို ဆေးကြောပြီးဖြစ်ရကာ ဖြူစင်သန့်ရှင်းသော လက်ရှိသူဟုဆိုသည်။ လက်၏ ကိစ္စ Function မှာ ယူခြင်း ပေးခြင်းဆိုသည့် အလုပ်နှစ်ခုကို လုပ်သည်၊ သူများပစ္စည်းကို ယူရာ၌ လက်မှာ တဏှာ လောဘ အညစ်အကြေး ကပ်နေသည်၊ စွန်းနေသည်၊ ညစ်ပတ်နေသည်။ သို့သော် ပေးရာ အခါ၌ကား ထိုအညစ်အကြေး (မစ္ဆေရ,လောဘ) များကို ဆေးကြောပြီး သန့်စင်ပြီး ဖြစ်၍ ဖြူစင်သော လက်ကို ပိုင်ဆိုင်သူများ သို့မဟုတ် သူတော်ကောင်း သဒ္ဓါရှိသူများဟူ၍ ခေါ်သည်။
ဒဿန၀တော သီလ၀တံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သ ဝေ ‘သဒ္ဓေါ’တိ ၀ုစ္စတိ။ (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ)
သဒ္ဓါဆွမ်းကပ်လှူသော ထိုမိသားစုအား သဒ္ဓါရှိသူဟူသော ပို့စ်ဖြင့် အနုမောဒနာပြုလိုက်ပါသည်။
အလှူရှင်-
ဦးကျော်ရွှေ+ဒေါ်သန်းသန်းဋ္ဌေး 
သား-ရဲကျော်ဖြိုး၊ သမီး-ယဉ်သူဇာကျော်
ဘုံဘေမြို့

‘‘သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်’’

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၅-၂၀၁၁

27 May 2011

နယူးယောက် မိန့်ခွန်း

တူညီသော လမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်ကြပါစို့


၂၀၁၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီး ၌ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ တင်သွင်းဖတ်ကြားခဲ့သော စာတမ်း။



အလွန်အရိုသေပြုအပ်ပါသော ရဟန်းသံဃာတော်များ၊
ဂုဏ်သရေရှိ သံတမန်များအဖွဲ့ဝင်များ၊
ချစ်ခင်လေးစားရပါသော ပရိသတ်အားလုံးကို လှိုက်လှဲစွာ နှုတ်ခွန်းဆက်ပါတယ်။
          ဒီနေ့ဟာ ၀ိသာခပုဏ္ဏမာရယ်လို့ ဗုဒ္ဓဘာသာလောကမှာ လူသိများထင်ရှားတဲ့ မေလရဲ့ လပြည့်နေမှာ မြတ်ဗုဒ္ဓဖွားမြင်တော်မူခြင်း၊ သစ္စာတရားကို ဖော်ထုတ်သိမြင်၍ ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်းနှင့် ဘ၀နှင့်ခန္ဓာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (ပရိနိဗ္ဗာန်စံခြင်း) ဟူသော ထူးမြတ်သည့် ဖြစ်ရပ်ကြီးများ ဒီတနေ့တည်းမှာပဲ ကျရောက်ခဲ့တာဖြစ်လို့ ဗုဒ္ဓဘာသာလောကတစ်ခုလုံးမှာ အလွန်ထူးမြတ်သော နေ့ထူးတစ်ခု ဖြစ်ပါတယ်။
          ယခုလို လူနတ်လောကကြီးတစ်ခုလုံး၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို အောင့်မေ့တသ ပူဇော်သောအားဖြင့် နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူးကျင်းပတဲ့ နှစ် (၂၆၀၀)ပြည့် ဗုဒ္ဓနေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးမှာ တက်ရောက်ပါဝင် စကားပြောခွင့်ရတဲ့အတွက် အလွန်နှစ်သက် ကျေနပ်ရုံမျှမက တကယ့်ကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဤကဲ့သို့ ဘုရားဖြစ်သည့် နှစ် (၂၆၀၀) ပြည့်မြောက်သည့်အခါတော်ဝယ် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှ နေ၍ ကျွန်ုပ်၏ဖြူစင်သောနှလုံးသားမှ ကောင်းမြတ်သောဆု ဆန္ဒမွန်များ အေးချမ်းသောမေတ္တာတော်များ၊ ငြိမ်းချမ်းသော ကရုဏာဓာတ်များကို ကမ္ဘာတစ်ဝှမ်းလုံးရှိ သတ္တ၀ါအားလုံးထံ ပို့လွတ်ပါတယ်။ သတ္တ၀ါလောကတစ်ခုလုံး စစ်ဘေးနှင့် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။ ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ အမြန်ဆုံး ရရှိနိုင်ကြပါစေ။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးသည့်နောက် ဗုဒ္ဓအဖြစ်ဖြင့် (၄၅) နှစ် နေခဲ့ပါတယ်။ (၄၅) နှစ် အတွင်းမှာ ဟောပြောဆုံးမသွားတဲ့ စကားရပ်အားလုံးဟာ ‘‘ဓမ္မ’’ ဆိုတဲ့ လှပတဲ့စကားလုံးထဲမှာ ပါဝင်ပါတယ်။ ဗုဒ္ဓရဲ့ဓမ္မဟာ religious system မျိုး မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မဆိုတာဟာ သင်ဘို့၊ ကျင့်ဘို့၊ လေ့ကျင့်ဘို့၊ သိနားလည်ဘို့ ဖြစ်ပါတယ်။ ဘ၀ရဲ့စာမျက်နှာသစ်တစ်ခုလုံးကို ဖွင့်လှစ်ဘို့ စိတ်အား သန်ကြတဲ့ လူတွေဟာ ဓမ္မကို သင်ကြ ကျင့်ကြပါတယ်။ လောကရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ဓမ္မဟာ တန်ခိုးစွမ်းအားကြီးမားသည့် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်ပေါင်း မြောက်များစွာတို့ဟာ လူသားတွေရဲ့ ဘ၀ပြဿနာတွေကို ဖြေရှင်းဘို့ မြောက်များစွာသော အသင်းအဖွဲ့တွေကို ဖွဲ့စည်းကြပါတယ်။ ဒီကုလသမဂ္ဂအသင်းကြီးဟာ စံနမူနာယူလောက်တဲ့ တစ်ခုတည်းသော အသင်းကြီးဖြစ်ပါတယ်။
 သို့-- ညီညွတ်ခြင်းထဲမှ ကွဲပြားခြင်း၊ ကွဲပြားခြင်းထဲမှ ညီညွတ်ခြင်း၊ ချစ်ခြင်းထဲမှ မုန်းခြင်း၊ မုန်းတီးခြင်းထဲမှ ချစ်ခြင်း၊ လက်တွဲခြင်းထဲမှ လမ်းခွဲခြင်း၊ လမ်းခွဲခြင်းမှာ ပြန်တွဲခြင်းဆိုတဲ့ ဒွန္ဒ၀ါဒ၊ နှစ်ခုတွဲသဘောတွေဟာ အပြန်အလှန်ရှိနေကြပါတယ်။ ဘယ်သူ ဘယ်အဖွဲ့ကမှ ကမ္ဘာ့လူသားတို့၏ ပြဿနာများရဲ့ နောက်ဆုံးအဖြေကို ယနေ့အထိ ရှာဖွေလို့ မတွေ့နိုင်ကြသေးဘူး။ သိပ္ပံပညာ နည်းပညာတို့ဆိုတာဟာလည်း  လူ့စိတ်နှင့်ဆိုင်သော အဆုံးသတ်အဖြေကို ရှာဖွေ မပေးနိုင်ပါဘူး။ သုတေသနတွေ ဘယ်လိုပဲ လုပ်လုပ် သိပ္ပံနည်းပညာသည် ရုပ်ဝတ္ထုအဖြေကိုသာ ရှာဖွေနိုင်ကြတာ ဖြစ်ပါတယ်။ သိပ္ပံနည်းပညာအရ သုတေသန အကြိမ်ကြိမ်လုပ်၍ ရုပ်ဝတ္ထု၏အဖြေကို ရှာဖွေရာမှာပင် နောက်ဆုံးပြီးနောက်ဆုံး နောက်ဆုံးပြီး နောက်ဆုံးတွေပဲဖြစ်နေပါတယ်။ အပြီးသတ် အဖြေကို သိပ္ပံမှာ ရှာမရဘဲ ဖြစ်နေပါတယ်။
လူသားတွေရဲ့ဘ၀ဟာ ရုပ်ဝတ္ထုတစ်မျိုးတည်းနှင့် ဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုနှင့် စိတ်စေတသိတ်တို့ ဟန်ချက်ညီညီ ဖွဲ့စည်းပေါင်းစပ် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖွဲ့စည်းတည်ဆောက်ရာမှာ ရုပ်ကတော့ လေယာဉ်၊ ရေယာဉ်၊ ကုန်းယာဉ် တစ်ခုလို ဖြစ်ပါတယ်။ စိတ်စေတသိတ်ဆိုတဲ့ နာမ်တရားတွေကတော့ ယာဉ်မောင်းသမားနဲ့ တူပါတယ်။ ယာဉ်တွေကို ကောင်းကောင်း နိုင်နိုင် မကိုင်နိုင်တဲ့ ယာဉ်မောင်းသမားဟာ ယာဉ်စီးတဲ့ ခရီးသည်တွေကိုသာမက သူကိုယ်တိုင်ကိုပါ သတ်ဖြတ်နှိပ်စက်သူ ဖြစ်တယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဗိသုကာ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး သတင်းစကား များစွာထဲက စကားတစ်ခွန်းလောက် ပြောပြချင်ပါတယ်။
‘‘မနော ပုဗ္ဗင်္ဂမာ ဓမ္မာ’’ ဆိုတဲ့စကားပါပဲ။ ‘‘စိတ်သည် လူ့ဘ၀၏ ရှေ့ဆောင် ခေါင်းဆောင်’’ ဖြစ်ပါတယ်။ စိတ်သည် ဆင်းရဲချမ်းသာ အကောင်းအဆိုး အားလုံးကို ဖန်ဆင်းပါတယ်။ ဒါ့ကြောင် ကောင်းစိတ်သည် ဘ၀ကောင်း တစ်ခုကို ဖန်ဆင်းမှာ ဖြစ်ပြီး မကောင်းသော စိတ်သည် ဘ၀ဆိုးတစ်ခုကို ဖန်ဆင်းပါလိမ့်မယ်။ လူသားတွေရဲ့ ဘ၀ဗိသုကာဟာ လူသားတွေရဲ့ စိတ်ပါပဲ။ လှပသောဘ၀တစ်ခု တည်ဆောက်လိုလျှင် စိတ်ကို လှပအောင် ပြုပြင်ရမှာ ဖြစ်ပါတယ်။ စိတ်ဆိုးလျှင်တော့ အရုပ်ဆိုးသော ဘ၀ကိုရကြမှာပဲ။ ယနေ့ ကမ္ဘာလောကကြီးဟာ ညစ်ညမ်းမှုတွေ၊ ပြစ်မှုတွေ အမည်းစက်တွေ၊ လုယတ်လွန်ကြူးမှုတွေ၊ သောင်းကျန်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ စစ်ပွဲတွေနဲ့ အပြည့်ပါပဲ။ ဒီလို အရုပ်ဆိုးနေတဲ့ လောကကို စိုးရိမ်ပူဆွေးခြင်း၊ ဆင်းရဲခြင်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကို ဘယ်ဘုရားသခင်ကမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ ထို့ကြောင့် ငြိမ်းချမ်းသော သာယာ လှပသော ကမ္ဘာကြီးကို ဖန်ဆင်းဘို့ကတော့ ဆိုးသွမ်းသော စိတ်ဓာတ်ကို ကောင်းမြတ်သော စိတ်ဓာတ်သို့ ပြောင်းဘို့ လိုပါတယ်။
အလွန်စိတ်ဆင်းရဲဖွယ် ငြီးငွေ့ဖွယ်ကောင်းတဲ့ ဖြစ်ရပ်ကြီးတွေနဲ့ စီးပွားရေးနှင့် လက်နက်ပြိုင်ဆိုင်မှုတွေဟာ အတ္တသန်သောကမ္ဘာမှာ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်က စတင်ကြတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးစကားများစွာထဲက စိတ်ဝင်စားဖွယ်ကောင်းသော စကားတစ်ခွန်းမှာ ‘‘အတ္တမှ အနတ္တသို့ ပြောင်းလဲမှု’’ပဲ ဖြစ်ပါတယ်။ ပြီးတော့ ‘‘ဣဿာမှ မုဒိတာသို့’’ ‘‘ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့’’ ဟူသော ဘ၀စာမျက်နှာသစ် ဖွင့်လှစ်ဘို့ အကြိမ်ကြိမ် မိန့်ကြားခဲ့ပါတယ်။
ဤယနေ့ဟာ နှစ်ပေါင်း (၂၆၀၀) ပြည့်မြောက်သည့် ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဤထူးမြတ်သည့် အခါတော်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံခန်းမဆောင်ကြီးမှာ အစည်းအဝေးသို့ ရောက်ရှိလာကြကုန်သော ဘာသာရေးခေါင်းဆောင်များအားလုံး နိုင်ငံရေးခေါင်ဆောင်များအားလုံး သံတမန်များ အားလုံး လူ့လောကကြီး၏ အတွင်းရန်သူကြီးဖြစ်တဲ့ ယုတ်မာသော စိတ်ဓာတ် (ပဒုဋ္ဌစိတ်)ကို မွန်မြတ်သော စိတ် (ပသန္နစိတ်)သို့ ၀ိုင်းဝန်းကြိုးပန်း ပြောင်းလဲကြပါစို့ဟု တိုက်တွန်းလိုပါသည်။ မြတ်ဗုဒ္ဓ၏ငြိမ်းချမ်းရေး တည်ဆောင်မှုအတွက် နောက်ထပ် သတင်းစကားတစ်ခုကတော့ ခန္တီတရားပဲဖြစ်ပါတယ်။ အက္ခန္တီ (၀ိဟိံသ)တရားသည် ဘာသာရေး နိုင်ငံရေး လူမှုရေးအားလုံးတို့၏ ရန်သူကြီးတစ်ပါးဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သူ၏တပည့်တွေကို အမြဲတန်းပြောတာကတော့ မည်သူက မည်သို့ပင် မကောင်းစေကာမူ ထိုသူကို စိတ်မဆိုးဘို့၊ မကျေမနပ်မဖြစ်ဘို့ပင်ဖြစ်ပါသည်။ အကယ်၍ မိမိအား မကောင်းပြု မကောင်းပြော မကောင်းကြံလာသော သူအား အမျက်ထွက်လျှင် ‘‘ မိမိသည်ပင် မိမိကိုယ်ကို စိတ်ဓာတ်ရေးရာမှာ ဆုံးရှုံးခြင်းဟူသော အန္တရာယ်အတွင်းထဲသို့ ပို့လိုက်ပြီ ဖြစ်သည်ဟု မှတ်ယူရမည်။
အခြားလေးနက်သော မြတ်ဗုဒ္ဓ၏ဆုံးမချက်များမှာ- သတ္တ၀ါအမျိုးအစား မခွဲခြားဘဲ မေတ္တာတရား ဖြန့်ချီထားရခြင်းပင်ဖြစ်သည်။ မေတ္တာနှင့် ခန္တီ စိတ်ဓာတ်နှစ်ပါးကို ဘာသာရေး နိုင်ငံရေးခေါင်းဆောင် အားလုံး တည်ဆောက်ရမည်။ ညီအစ်ကို မောင်နှမစိတ်၏ အခြေခံအုဌ်မြစ်ဖြစ်ကြောင်း အကြိမ်ကြိမ် အလေးအနက် ညွှန်ပြခဲ့သည်။ မေတ္တာ ခန္တီ ကရုဏာ တရားတို့ရဲ့ အရည်အသွေးကို ပညာဖြင့် တောက်ပြောင်စေဘို့ အစဉ်တစိုက် ဆုံးမတော်မူသည်မှာလည်း ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓပင်ဖြစ်သည်။ ဤမေတ္တာ ကရုဏာ ခန္တီ ပညာတရားများဟာ လောကသားတို့ရဲ့ ကယ်တင်ရှင်များပါပဲ။ ဤတရားများဖြင့် လူမျိုး လူတန်းစား ခွဲခြားမှုဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အတားအဆီးများကို ရှင်းလင်းဖယ်ရှားနိုင်ပါတယ်။
ဘာသာရေး ယုံကြည်ချက်နှင့် နိုင်ငံရေး လူမျိုးရေး ယဉ်ကျေးမှုများ မတူခြားနားကြသော်လည်း မွန်မြတ်သောစိတ်များဖြစ်ကြသည့် ခန္တီ မေတ္တာ ကရုဏာ ပညာဟူသော ဤကျင့်စဉ်များအပေါ်မှာ အားလုံးသော ကျွန်ုပ်တို့လူသားတွေ လက်တွဲလမ်းလျှောက်ကြရမှာ ဖြစ်လို့ ဘုံလမ်းကြောင်းတစ်ခု (Common Platform) လို့ ဆိုလိုချင်ပါတယ်။ အကယ်၍သာ ဒီလမ်းကြောင်းပေါ်မှာ ကျွန်ုပ်တို့ နိုင်ငံရေး ဘာသာရေး လူမှုရေးခေါင်းဆောင်များဟာ ခန္တီ မေတ္တာ ကရုဏာ ပညာ ဟူသော မွန်မြတ်သော စိတ်ဓာတ် (ပသန္နစိတ်)တို့ဖြင့် မတွေ့ဆုံနိုင်၊ တွဲမလျှောက်နိုင်ကြဘူးဆိုလျှင် ကျွန်ုပ်တို့ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေဟာ မအောင်မြင်ရုံမျှမက ဆုံးရှုံးသွားကြဘွယ်သာ ရှိပါတယ်။
ရိုသေလေးစားအပ်ပါသော ဘာသားရေးခေါင်းဆောင်များ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ အထူးသဖြင့် ဤအစည်းဝေးကြီးကို ဦးဆောင်စည်းရုံးခဲ့တဲ့ သီရိလင်္ကာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတန်းသံအမတ်ကြီး ‘‘ဒီလုပ ဥာဏယကရ’’၊ ထို့ပြင် နိုင်ငံ (၁၆) နိုင်ငံမှ ကိုယ်စားလှယ်တော်များ၊ တက်ရောက်လာကြသော မြန်မာမိသားစု ပရိသတ်အားလုံးကို ပြောချင်ပါတယ်။ ကျွန်ုပ်တို့ အားလုံးမှာ မတူညီသော အချက်တွေ များစွာ ရှိပေမဲ့ ခန္တီ မေတ္တာ ကရုဏာ ပညာ ဆိုတဲ့အပေါ်မှာ ဘာမှငြင်းခုံစရာ မရှိပါဘူး။ ဒီတရား လေးပါးဟာ ကျွန်ုပ်တို့လူသားအားလုံးရဲ့ ဘုံလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီဘုံလမ်းကြောင်းကို ၀ိုင်းဝန်းတည်ဆောက်ကြပါစို့၊ ဤဘုံလမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်လှမ်းကြပါစို့။ လူသားလောကကြီးတစ်ခုလုံးရဲ့ အတားအဆီး အနှောက်အယှက် ရန်သူမှန်သမျှ ၀ိုင်းဝန်းကာကွယ် တားဆီးကြပါစို့-ဟု တိုက်တွန်းတောင်းဆိုလိုက်ရပါကြောင်း။   ။
လူသားအားလုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စစ်ဘေး စစ်ဒဏ် အန္တရာယ်အပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ လွတ်မြောက်ကြပါစေ။

ဒေါက်တာအရှင်ဥာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာနိုင်ငံ
ထို ညီလာခံကြီး၏ ဓာတ်ပုံကဏ္ဍများကို ဖူးမျှော်လိုက ဤလင့်ခ်သို့ သွားနိုင်ပါသည်။

ထို ညီလာခံ (pdf) စာဖိုင်နှင့် ဓာတ်ပုံများ ပို့ပေးသော အမေရိကမှ ကိုခွန်သီရိအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၅-၂၀၁၁

19 May 2011

သီတဂူ ဗုဒ္ဓနေ့ (ပေးစာ-၁၁)

ဘုန်းဘုန်း ဘုရား
           နေကောင်းပါလားဘုရား၊ တပည့်တော် တို့ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ ၁၂လရာသီ ပွဲတော်တွေထဲက ထင်ရှားထူးခြားလှတဲ့ ပွဲတော်တစ်ခုကိုအကြောင်းပြုပြီး ကျင်းပတဲ့  အခမ်းအနားလေး တစ်ခုအကြောင်းကို လျှောက်ထား တင်ပြချင်ပါတယ်ဘုရား။
       တပည့်တော်မတို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ ကိုးကွယ်ဆည်းကပ် အားထားရာ ဘုရားရှင်ကိုတော်မြတ်ကို မွေးဖွားရာနေ့၊ ဗောဓိပင်နဲ့ရွှေပလ္လင်မှာ မာရ်ငါးပါးကို အောင်မြင်တော်မူသောနေ့၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်သောနေ့ဆိုတဲ့ (ဖွား ပွင့် ဟော စံ) ထူးခြားလှတဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု တကမ္ဘာလုံးက အသိအမှတ်ပြုပြီး ပွဲတော်များ ကျင်းပလျက်ရှိပါသည်ဘုရား။ ဘုရားတပည့်တော်မတို့ သီတဂူသာသနာပြုအဖွဲ့ကလည်း သီတဂူဓမ္မဗိမာန်တော် (ရန်ကုနု)မှာ ဗုဒ္ဓနေ့ ပူဇော်ပွဲအခမ်းအနားနဲ့ ညောင်ရေသွန်းလောင်းပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ အကြောင်းကိုတင်ပြ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။
 
သီတဂူ ရုံးမှူး ဦးကျော်ရှိန် လျှောက်ထားစဉ်
ပထမပိုင်း အခမ်းအနား
                 ပူဇော်ပွဲအခမ်းအနားကို အပိုင်း(၂)ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်ဘုရား။
နေရာ။ ။ပထမပိုင်း အစီအစဉ်ကို သီတဂူဓမ္မဗိမာန် ကျောင်းအပေါ်ထပ် ဓမ္မသဘာ ဘုရားခန်းမှာ ကျင်းပပြုလုပ်ပါတယ်ဘုရား။
အစီအစဉ်။     ။
(၁) ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုပူဇော်ကြကာ  အခမ်းအနုားကို ဖွင့်လှစ်ခြင်း။
 (၂) ဒေါက်တာ အရှင်အဂ္ဂဓမ္မ ထံမှ ရှစ်ပါးသီလဆောက် တည်ကြပါတယ်ဘုရား၊
 (၃) ရုံးအဖွဲ့မှုး သီတဂူ ဦးကျော်ရှိန်မှ ဒီပူဇော်ပွဲအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို တင်ပြလျှောက်ထားပါတယ်။ ဒီအခမ်းအနား ကို သီတဂူဆရာတော်ဘုရားက ရန်ကုန်မှာ ကျင်းပစေချင်ကြောင်း  ဒေါက်တာ အရှင်သုန္ဒရနှင့် ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ  တို့ကို မိန့်မှာသွားခဲ့တာကိုလဲ လျှောက်ထားပြောကြားသွားပါတယ်ဘုရား၊                     
                                                        
ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သီတဂူ ဆရာတော်ဘုရားကလဲ အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ချုပ် (U.N ) ခန်းမအတွင်းမှာ မြတ်ဗုဒ္ဓအကြောင်းကို ကမ္ဘာက သိအောင် ဟောပြော၍ သာသနာပြု လျှက်ရှိပါတယ်၊ သီတဂူမှ ရဟန်းတွေကလဲ အိန္ဒိယနိုင်ငံ၊  ထိုင်းနိုင်ငံတွေမှာပါ ကျင်းပတဲ့ ဗုဒ္ဓနေ့ အခမ်းအနားတွေကို နိင်ငံတော်ကိုယ်စား တက်ရောက် သာသနာပြုနေကြပါတယ်ဘုရား။ အဲလို ရဟန်းသံဃာတွေကလဲ မိမိဒကာ/မတွေကို မသိသေးရင်လဲသိအောင် သိပြီးလျှင်လဲ တိုးပွားအောင် ဗုဒ္ဓကိုဗုဒ္ဓမှန်း၊ ဓမ္မကို ဓမ္မမှန်း၊ သံဃာကို သံဃာမှန်း သိအောင် ကောင်းမှု့ကိုညွန်ပြ မကောင်းမှု့ကို ရှောင်ဖို့ ဆုံးမပြီး သာသနာပြုနေကြသလို မိဘတွေကလဲ အိမ်တွင်းမှာ သားသမီးတွေကို ပြန်လည်ပြောဆို ဆုံးမရင်းနဲ့ အိမ်တွင်းသာသနာပြု လုပ်လေးကိုပါ လုပ်ကြဖို့ တိုက်တွန်းကြောင်း ပြောကြားလျှောက်ထားပါတယ်ဘုရား၊ (ခရစ်တော်ရဲ့ မွေးနေ့ ခရစ်စမတ် နေ့တွေကိုသာ ယနေ့ လူငယ်တော်တော် များများက သိကြပေမဲ့ ကိုယ့်ဗုဒ္ဓနေ့  ကိုတော့သိသူ အလွန်နဲပါးကြောင်းလေးကိုပါ ပြောကြားသွားပါတယ်၊)
 (၄) သီတဂူ အတွင်းရေးမှူး အဘဟန်က ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်းလေးနဲ့ ဗုဒ္ဓဘာသာအား ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာအဖြစ် အသိအမှတ်ပြုခံရခြင်းအကြောင်းလေးကိုပါ ၀မ်းမြောက်စွာ လျှောက်ထားတင်ပြခဲ့ပါတယ်ဘုရား၊ အဘဟန် လျှောက်ထားပြောကြားသွာတာကတော့-                      
‘‘၂၀၀၉ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် ဂျီနီဗာမြို့ အခြေစိုက်သော နိုင်ငံတကာ ဘာသာပေါင်းစုံ မဟာမိတ် ဖြစ်ပေါ်တိုးတက်ရေးအသင်းကြီး (ICARUS)က နိုင်ငံတကာမှ ဘာသာရေး ဦီးဆောင်မှု့ပြုသူများအား ဖိတ်ကြား၍ မိမိတို့ ကိုးကွယ်ရာ ဘာသာအကြောင်း ဆွေးနွေးစေခဲ့သည်။ ထို့နောက် ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာအသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို မဲပေး၍ ရွေးချယ်စေခဲ့ကြပါတယ်။
 ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။ ထို (ICARUS ) အသင်းကြီး ဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ မဖြစ်စလောက် အနည်းငယ်သာ ပါဝင် နိုင်ခဲ့ပါတယ်။
 သို့သော် စာပွဲဝိုင်းဆွေးနွေးပွဲ ပြီးနောက် ကမ္ဘာ့ အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ကြရာတွင် မယုံကြည်နိုင်လောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာအဖြစ် မဲဆန္ဒပေးခြင်းခံရပါတယ်ဘုရား။ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ ကိုးကွယ်ရာဘာသာကို မဲဆန္ဒ မပေးဘဲ ဗုဒ္ဓဘာသာကိုပဲ မဲဆန္ဒပေးခြင်း ဖြစ်ပါသည်ဘုရား။ ဤသို့ မဲဆန္ဒပြုရခြင်းနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်မှု့မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်ဘုရား။
သူတို့အားလုံးရဲ့ ဗုဒ္ဓဘာသာကိုမြင်တဲ့ အမြင်တွေက အတူတူပဲလေ  သူတို့ဘာသာတွေမှာ ဘာသာရေး စစ်ပွဲတွေဖြစ်ကြ၊ လူအချင်းချင်း သတ်ဖြတ်ကြ၊ အမှားတစ်ခုလုပ်ရင် တိုက်ဖို့ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြ၊ လူတွေ အချင်းချင်းဘာသာရေးကို အခြေခံပြီး သွေးမြေကျမှုတွေ၊ ဒေါသအာဃာတတွေ ရှိကြတယ်ဆိုတာ တွေ့ကြရတယ် ၊ ဗုဒ္ဓဘာသာမှာတော့ ဘာသာရေးစစ်ပွဲတွေကို မတွေ့ကြရဘဲ ငြိမ်းချမ်းရေး လမ်းစဉ်တွေကို ဗုဒ္ဓဘာသာဝင်တွေအားလုံး လိုက်နာ ကျင့်သုံး နေကြောင်းထုတ်ဖေါ် ပြောကြတယ်ဆိုတာ ကိုပါ ထဲ့သွင်းလျှောက် ထားသွားပါတယ်ဘုရား၊
ဒါကြောင့် တပည့်တော်တို့တွေလဲ ကိုယ်ကို ကို ဗုဒ္ဓဘာသာ ကိုးကွယ်သော နိုင်ငံနဲ့ ဗုဒ္ဓဘာသာကို လေးစားကြည်ညိုပြီး တကယ့်ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကိုးကွယ် ကျင့်ကြံသော မိဘတွေရဲ့ ၀မ်းထဲ ၀င်စားရတာ ဂုဏ်ယူစရာ ကောင်းပြီး ရခဲသောလူ့ဘ၀လေးမှာ မိရိုးဖလာ ကိုးကွယ်ရာ အဖြစ်မကိုးကွယ်ဘဲ၊ တကယ့် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် အခုထက်ပိုပြီး ကျင့်ကြံ အားထုတ်မယ်လို့ သန္နိဋ္ဌာန်ချနေမိ ပါတယ် ဘုရား။
(၅) ထို့နောက် အလှုရှင်များက လှုဖွယ် ပစ္စည်းများကို ဆက်ကပ်လှုဒါန်း ကြပြီး ရေစက်ချတရားကိုနားကြား ကုသိုလ်အစုစုကို အမျှဝေကာ ပထမပိုင်း အခမ်အနားကို သီတဂူအဓိဌာန် ဖြင့် သံပြိုင် ရွတ်ဆိုကာ ရုပ်သိမ်း ခဲ့ကြပါတယ်ဘုရား။
 
သီတဂူအတွင်းရေး ဦးဟန် လျှောက်ထားစဉ်
ဒုတိယပိုင်း အခမ်းအနား
 ဒုတိယပိုင်း အစီစဉ်ကိုတော့ သီတဂူဗိမာန်ရှေ့တွင် သီတဂူသာသနာပြုဗိမာန် အောင်ပွဲ အထိမ်းအမှတ်အဖြစ် စိုက်ပျိုး ပူဇော်ထားသော ဘုရားရှင် ရုပ်ပွားတော်နှင့် ဗောဓိညောင်ပင်တော်တို့ကို ရေသပ္ပါယ်ခြင်း အခမ်းအနားကို ကျင်းပကြပါတယ်ဘုရား။ တက္ကသိုလ်ရှိ သံဃာတော်များက  ဇယန္တော ဗောဓိယာ မူလေ ဂါတာကို (၃)ခေါက်ရွတ်ဆို ပူဇော်စဉ် သီတဂူသာသနာပြု အဖွဲ့ဝင်များနှင့် အလှု့ရှင်များက မြတ်စွာဘုရား အားရေသပ္ပါယ်ခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြပါတယ်ဘုရား။
 ထိုနောက် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှုဒါန်းကြပြီး ဧည့်ပရိသတ်များကို မြန်မာဘူဖေးစံနစ်ဖြင့် တည်ခင်း ကျွေးမွေးကြပါတယ်ဘုရား။
 ဘုန်းဘုန်းဘုရား တပည့်တော် မှတ်မိထားသလောက်လေးကို လျှောက်ထားတင်ပြပေးတာပါဘုရား၊ အမှားတွေပါရင်လဲ သီးခံပေးပြီး ပြင်ဆင်ပေးပါလို့  ရိုသေစွာလျှောက်ထားပါသည်ဘုရား။
 ဘုန်းဘုနုးလဲ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ တပည့်တော် ဆုတောင်း မေတ္တာပို့လိုက်ပါတယ်ဘုရား၊
                  သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ၊
 ပန်းစပယ်(လှဆန်းယဉ်)

 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၅-၂၀၁၁

14 May 2011

နို့နှစ်လုံးဖိုးကျေသူများ


စာမိတ်ဆက်
တနေ့က မနက် ၃ နာရီမှ အိပ်ဖြစ်တယ်၊ ဘုံဘေရောက်ကာမှ အိပ်ချိန်တွေ ပြောင်းပြန်ဖြစ်နေတယ်။ ပူနေးမှာ ကျောင်းတက်စဉ်ကတော့ မြန်မာပြည်မှာတုန်းကလို ပုံမှန် အလုပ်လုပ်၊ စားချိန် အိပ်ချိန် မှန်လေ့ရှိတယ်၊ အထူးသဖြင့် အိပ်ချိန် သိပ်မှန်တာ၊ pppppp။ အိန္ဒိယသည် မြန်မာပြည်ထက် ၁ နာရီမျှသာ နောက်ကျသည်။ ဘုံဘေမြို့မှာ ရာသီဥတုက ပူတော့ အိပ်မပျော်တာလဲပါသည်။ အဲနေ့ည နို့နှစ်လုံးဖိုးကျေပါစေ ဆိုတဲ့ဇာတ်ကား အစအဆုံး ကြည့်ဖြစ်လိုက်တယ်။ အစပိုင်း ရယ်စရာ ဟာသတွေနဲ့ ဖွဲ့စည်းထားပေမဲ့ နောက်ပိုင်း ဘိုးတော် ဘွားတော်ကို ကိုးကွယ်မှုနှင့် နတ်လမ်းဓာတ်လမ်းကို လျှောက်နေကြသော မိဘများကို ၀ိပဿနာလမ်း ရတနာသုံးပါး လမ်းမှန်သို့ ရောက်အောင် ဟာသနှောကာ ပို့ပေးတဲ့ အကောင်းဆုံး မိဘကျေးဇူးဆပ်နည်း ဇာတ်ကားကောင်း တစ်ခုဖြစ်ပါသည်။
နိုင်းနိုင်းနှင့် ပန်းဖြူ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်၊ နိုင်းနိုင်း ပြောတဲ့ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို သမ္မာဒိဋ္ဌိ ၆၂ ပါးဟူ၍၎င်း ကိလေသာ ၁၀ ပါးကို ၈ ပါးဟု မှား ပြောလိုက်မိခြင်းကလွဲ၍၎င်း အားလုံးကောင်းသည်။ ချစ်သူ ရီးစားစကား ပြောတာသည်ပင် ဓာတ်သံ ပရမတ်သံတွေ ပါနေသဖြင့် ပညာပေး ဟာသဇာတ်ကားကောင်း တစ်ခု ဖြစ်၍ မိဘ ကျေးဇူးအထူးဆပ်လိုသူများ ကြည့်သင့်ပါကြောင်း မိတ်ဆက်လိုက်ပါသည်။
မိဘကျေးဇူး ကြီးမားပုံ ရေးဖွဲ့ထားသည့် စာပေ များစွာရှိပါသည်။ စာရေးသူကိုယ်တိုင်ပင် မိဘကျေးဇူးအကြောင်း ပို့စ်တစ်ခု တင်ခဲ့ဖူးသေးသည်၊ မမှတ်မိတော့ပါ။ သို့ပေမဲ့ ကိုယ်ကိုယ်တိုင်ကလဲ အဖေကို ကောင်းကောင်း မမှတ်မိလိုက်၊ ရှိနေသော အမေအိုတစ်ယောက်ကိုလည်း ယနေ့အချိန်ထိ ကောင်းကောင်း မပြုစုနိုင်ခဲ့သေး။ ထို့ကြောင့် မိဘကျေးဇူးနှင့်ပတ်သက်တာလေးတွေ ရေးချင်စိတ်ဖြစ်မိသည်။ မိဘကျေးဇူးကို အမွှန်းတင်လွန်းပြီး ဘုရားရှင်တောင်မှ အမေ့နို့နှစ်လုံးဖိုး မကြေဟု ပြောကြ ရေးနေကြသည်ကိုလည်း တွေ့နေရသည်။ အမွန်းတင်ခြင်းက မမှားပေမဲ့ အစွန်းရောက်သွားရင် ဘယ်ဟာမဆို မှားနိုင်သည်။
မိဘကျေးဇူးကြီးမားခြင်း
အင်္ဂုတ္တိုရ်ပါဠိတော်တွင် ‘‘ဗြဟ္မာတိ မာတာပိတရော ပုဗ္ဗာစရိယာတိ ၀ုစ္စရေ’’ ဟု အဆိုရှိသည်။ ဆိုလိုသည်မှာ- အမေနှင့် အဖေသည် ---
(၁) ဗြဟ္မာကြီးနှင့်တူ၏၊ ဗြဟ္မာကြီးများသည် မေတ္တာ,ကရုဏာ, မုဒိတာ, ဥပေက္ခာ ဟိုဆိုအပ်သော သူတော်ကောင်းတို့၏ အကျင့်မြတ် ၄ ပါးဖြင့် နေကြသည်။ အမေနှင့် အဖေ ၂ ယောက်တို့၏ နှလုံးသားထဲတွင်လည်း သားသမီးတို့ အပေါ် ထို ၄ပါးလုံး အကြွင်းအကျန်မရှိ တည်ရှိနေသည့်အတွက်ကြောင့် ဗြဟ္မာကြီးများ ဖြစ်ကြသည်။ မေတ္တာသုတ် ပွားရာသည်ပင် လောကကြီးကို အမေ့မေတ္တာမျိုးထား ပွားရမည် (မာတာ ယထာ နိယံပုတ္တ, မာယုသာ ဧကပုတ္တ မနုရက္ခေ) ဟုပင် ဆိုထားသည်။ အမေသည် တစ်ဦးတည်းသော သားကို အသက်ဖြင့် ပေးဆပ်၍ပင် စောင့်ရှောက်သည်။ ထိုမေတ္တာမျိုးသည် လူသားပင်မဟုတ် တိရစ္ဆာန်များသည်လည်း ရှိကြသည်။ ထိုသို့သော ကြီးမားသော မေတ္တာကြောင့် နီရဲသော သွေးသည်ပင် သားသမီးအတွက် ဖြူဖွေးသော နို့ရည် ဖြစ်လာရသည်။
(၂) လက်ဦးဆရာများ ဖြစ်ကြသည့် အမေ အဖေတို့သည် မိမိ ရင်သွေးငယ်ကလေးများကို ထိုသို့ အသက်ပေးကာ မေတ္တာဖြင့်စောင့်ရှောက်ရုံသာမက လူတစ်လုံး သူတစ်လုံးဖြစ်အောင် အတတ်ပညာများ သင်ပေးရသည်။ ရှေးဦးစွာ ထနိုင်အောင် လမ်းလျှောက်နိုင်အောင် စားနိုင်အောင် ပြောနိုင်အောင် သင်ပေးကြသည်။ ဒါက အဖေ, ဒါက အမေ, သူကကတော့ ဦးလေးလို့ခေါ်တယ်ကွဲ့ ဟိုဟာကတော့ ဦးကြီး ဒေါ်လေး အကို အမ လို့ ခေါ်ရသည်ဟု စသည်ဖြင့် ခေါ်တတ်အောင် ပြောတတ်အောင် သင်ပေးကြသည်။ ပညာသင်ချိန်ရောက်တော့ ပညာသင်ပေးရသည်၊ အိမ်ထောင်တစ်ခု တည်ထောင်နိုင်သည်အထိ ပါဝင်ကြရသည်၊ ထို့ပြင် စီးပွားရေးကအစ ဖန်တီးပေးကြရသည် ဟူ၍ ပြော၍ ရေး၍ မကုန်နိုင်လောက်အောင် များပြားသော မေတ္တာတွေ၊ တိုင်းတာလို့ မရသော ကြီးမားသော မေတ္တာတွေ ပေးကြသည့်အတွက် မိဘများသည် လက်ဦးဆရာများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘတို့သည် အာဟုနေယျ- သားသမီးတို့၏ အပူဇော်ခံထိုက်သော အလှူခံထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည့် အားလျော်စွာ ပူဇော်ကြပါ အရိုသေပေးကြပါ၊ နမေဿယျ- ရှိခိုးကြပါဟူသတည်း။
ကျေးဇူး သိတတ်သူများ
ဘုရားရှင်က လောကမှာ သူတော်ကောင်း ဟူသည် ကျေးဇူးကို သိတတ်သူ (ကတညူ)နှင့် ကျေးဇူးကို ဆပ်သူ (ကတ ဝေဒီ) များဖြစ်ကြသည်။ မိဘများ၏ ကျေးဇူးကို မဆပ်နိုင်သေးစေကာမူ သိတတ်နေရင်ပဲ သူတော်ကောင်း ဖြစ်နေသည်။ ထို့ထက် တတ်နိုင်ပါက ထိုကျေးဇူးကို သိသည့်အတိုင်း ပြုသူဖြစ်က ပိုတော်သော သူတော်ကောင်း ဖြစ်သည်။ (သမစိတ္တ၀ဂ်၊ အင်္ဂုတ္တရနိကာယ)
ထိုသူတော်ကောင်းသည် မိဘကို ကျေးဇူးဆပ်မည်ဟု ဆုံးဖြတ်ချက်ချကာ အမေကို လက်ျာပုခုံးပေါ်မှာထား၊ အဖေကိုတော့ လက်ဝဲပုခုံးပေါ်မှာ တင်ထားပြီး အသက်ထက်ဆုံး ပြုစုသည်။ ထိုမိမိ ပုခုံးပေါ်မှာပဲ ခြေလက်သုပ်သင်သမှုပြု၊ ကျင်ကြီး ကျင်ငယ်စွန့်စေကာ၊ သက်တမ်းရှိသလောက် ပြုစုစေကာမူ မိဘကျေးဇူး မကျေနိုင်ဟု ဆိုသည်။ ဤကဲ့သို့ ဆပ်ပေမဲ့ အကျေ မဆပ်နိုင်စေကာမူ သူတော်ကောင်း တစ်ယောက်ဖြစ်သည်၊ ပညာရှိများ ချီးမွမ်းကြသည်၊ ပြုစု စောင့်ရှောက်လိုက်ရသဖြင့် စိတ်၏ ကြည်လင် အေးချမ်းခြင်းကို ရသည်၊ နတ်ပြည် နတ်ရွာ ရောက်နိုင်သည်။
ဤနေရာတွင် စကားစပ်၍ အမေနှင့် အဖေ၊ အဖေနှင့် အမေဟူ၍ အသုံးအနှုံးရှိကြသည်၊ အများစုကတော့ အဖေ အမေဟု အဖေကို ရှေ့ကထား ဆိုပေမဲ့ ပါဠိသဒ္ဒါကျမ်းတွေမှာ မာတာပိတု၊ မာတာပိတရော (မာတာ စ ပိတာ စ) ဟု အမေက ဂုဏ်ရည်အားဖြင့် ပိုမြတ်သဖြင့် ရှေ့ကထားရသည်ဟု ဆိုသည်။
နို့နှစ်လုံးဖိုးကျေသူများ
ဘယ်ပုံဘယ်နည်းဖြင့် ဆပ်က မိဘ ကျေးဇူး ကျေနိုင်မည်နည်း?
(၁) သဒ္ဓါတရားမရှိသူကို သဒ္ဓါတရား ရှိလာအောင် ပြုစုပေးခြင်း။ ကျောင်းကန် ဘုရား မသွားနိုင်သော မိဘများကို ရောက်အောင် ပို့ပေးခြင်း၊ သူတော်ကောင်းတရားများ နာယူနိုင်အောင် ဆောင်ရွက်ပေးခြင်း ဘုရားတရား သံဃာနှင့်ဝေးနေသော မိဘများကို နီးစပ်အောင် ဖန်တီးပေးခြင်း စသည့် သူတော်ကောင်း အလုပ်များ လုပ်နိုင်အောင် ဖန်တီးပေးခြင်းတို့ဖြစ်သည်။
သာသနာဝယ် ဘုရားရှင် အားကိုးရဆုံးသော တပည့်ကြီး ပထမအဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပရိနိဗ္ဗာန်စံခါနီး မိဘကျေးဇူးဆပ်လိုသည်။ သူ၏ ကျေးဇူးကြောင့် ဘာသာခြားအယူဝါဒများ လွမ်းမိုးခံရသော ညီအမများဖြစ်သော စာလာ ဥပစာလာ သီသူပစာ ညီမသုံးယောက်၊ ညီတော်များ ဖြစ်သော စုန္ဒနှင့် ရေ၀တတို့ အားလုံးကို သာသနာ့ဘောင် ရောက်အောင် ဆွဲခေါ်ယူနိုင်ပြီး ရဟန္တာပုဂ္ဂိုလ်ကြီးများ ဖြစ်စေနိုင်ခဲ့သည်။ နောက်ဆုံးကျန်ရှိသူမှာ မိခင်ကြီးဖြစ်သည်။ သားသမီးများကို ဆွဲခေါ်သွားသော သားဖြစ်သူ အရှင်သာရိပုတ္တရာ အား အမျက်မပြေသေးဘဲ ရှိနေသေးသည်။ သို့သော်လည်း မထေရ်ကြီးသည် မိခင်ကြီးကို ကျေးဇူးဆပ်လိုလှသည်ဖြစ်၍ နောက်ဆုံး မိမိ ပရိနိဗ္ဗာန်ပြုမည့် အချိန်ကလေးမှာပင် မယ်တော်ကြီးအား ဘာသာခြားအယူမှ ရတနာသုံးပါး ကြည်ညိုတတ်သော ဥပါသိကာမကြီး ဖြစ်အောင် အားထုတ်နိုင်ခဲ့ပြီး နောက်ဆုံး အပါယ်ဘုံဘ၀မှ လုံးဝလွတ် သောတာပန်ဘ၀သို့ရောက်အောင် ပို့နိုင်သဖြင့် အမေ့နိုးဖိုး အကျေဆပ်နိုင်ခဲ့သည်။
တောင်မြို့ဂန္ဓာရုံဆရာတော်ကြီး၏ တပည့်များဖြစ်သော မဟာနာယကဆရာတော်ကြီးတစ်ပါးသည် မိမိ၏ မယ်တော်ကြီး ကျောင်းမှာခေါ်ထားပြီး ပြုစုသည်၊ သီတဂူဆရာတော်ကြီးသည် မိမိမယ်တော်ကြီးကို စစ်ကိုင်းမှာ ခြံနှင့်အိမ်တစ်လုံးတို့ကို ပေးကာ အနီးအနားမှာ ခေါ်၍ပြုစုခြင်းပင်ဖြစ်သည်။
ထိုနည်းတူစွာ မလုပ်နိုင်ပေမဲ့ ရဟန်းတော်များသည် ရဟန်းဘ၀မှာ ကောင်းကောင်း နေပြခြင်းဖြင့် မိဘအား အလိုလို ကျေးဇူးဆပ်ရာ ရောက်သည်။ မိမိသားရဟန်းကို အကြောင်းပြုပြီး ရဟန်းခမည်းတော် မယ်တော် ဆိုသည့် ဂုဏ်ပုဒ်နှင့် အညီ နေပြကြရသည့်အတွက် ကောင်းရာကောင်းကြောင်းများ လုပ်ဖြစ်သည်၊ မကောင်းသော အလုပ်ဟု သက်မှတ်ထားသော အမှုများကိုလည်း ရှောင်ကျဉ်ဖြစ်သည်။
(၂) ပညာနဲသော မိဘများကို ပညာ အသိပညာများ ရရှိအောင် သူတော်ကောင်းတရားများကို များများ နားယူနိုင်အောင် ဖန်တီးပေးခြင်း၊ မုဓပ္ပသန္န-အကျိုးမဲ့တွေ ယုံကြည်နေကြသော၊ နတ်လမ်း ဓာတ်လမ်းတွေကို ယုံကြည်နေကြသော မိဘများကို အသိပညာများ ပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။
ဘုရားရှင်သည် မွေးဖွားပြီး ၇ ရက်မှာ နတ်ရွာစံသွားသော မယ်တော် မာယာဒေ၀ီမှ သန္တုသိတ နတ်သားဖြစ်သော မယ်တော်ကို အဘိဓမ္မာတရားတော်များ ဟောကြားခြင်းဖြင့် သောတာပန်တည်စေပြီး ကျေးဇူးတရား အကျေဆပ်နိုင်ခဲ့သည်။
(၃) သီလမရှိသော မိဘများ သီလရှိလာအောင်၊ ဥပုသ်သီတင်းများ ဆောက်တည်နိုင်အောင် ဖန်တီးပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ သီလယူနေကျ မိဘများကို မပင်မပန်းဆောက်တည်နိုင်စေရန် ဖန်တီးပေးခြင်းဖြင့်လည်း ဆပ်နိုင်သည်။
(၄) စွန့်ကြဲပေးကမ်းမှု နဲနေသော၊ မစ္ဆရိယတရား အလွန်များနေသော မိဘများကို လှူတတ် ပေးတတ် ကမ်းတတ် စွန့်ကြဲတတ်အောင် နည်းလမ်းအမျိုမျိုးပေး၍ ဖန်တီပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ ဤသို့အားဖြင့် သူတော်ကောင်းတရားများ နှလုံးသားဝယ် တည်နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မိဘကျေးဇူးများ ဆပ်နိုင်ပါသည်။
ဘုရားရှင်တောင် နို့တစ်လုံးဖိုး ကျေ မကျေ ပြဿနာ
ဘုရားရှင်က အမေ့ကျေးဇူးဆပ်နည်းတွေတော့ ဟောထားတယ် သူကိုယ်တိုင်က အမေ့နို့ဖိုး တစ်လုံးတောင် အကျေမဆပ်နိုင်ခဲ့ဟု စာထဲမှာ ဖတ်ရပါသည်ဘုရား၊ အဲဒါ ဟုတ်ပါသလားဘုရားဟု လူငယ်တစ်ယောက်က စာရေးသူအား မေးဖူးသည်။ လွန်ခဲ့သော ၂ လကျော်လောက်က ဖြစ်ပါသည်။ အိန္ဒိယပြန်သွားဖို့ ပြင်ဆင်နေရချိန်ဖြစ်၍ ပြန်မဖြေလိုက်မိခဲ့။ ထိုဇာတ်ကားလေး ကြည့်လိုက်မှ ထိုအဖြေပေးဖို့ သတိပြန်ရလာသည်။
အမေရင်းဖြစ်သူ သန္တုသိတ နတ်သားအား အဘိဓမ္မာတရားများ ဟောကြားခြင်းဖြင့် အပါယ်တံခါးပိတ်စေပြီး ထိုမှ အဆင့်ဆင့် အထက်မဂ်ဖိုလ်များ ရသွားနိုင်ပြီး ဘ၀ဒုက္ခ သံသရာဆင်းရဲမှ လွတ်စေနိုင်သည်ဖြစ်ရကား အမေ့နို့ဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပါသည်။
ဘုရားလောင်းကို မွေးဖွားပြီး ၇ရက်အကြာ ဘုရားလောင်း၏ မယ်တော်ရင်း နတ်ရွာစံပြီးချိန်က စပြီး နို့ချိုတိုက်ကျွေး ကျွေးမွေးစောင့်ရှောက်ခဲ့သော အဒေါ်ဖြစ်သူ မိထွေးတော် ဂေါတမီကိုလည်း ဘုရားရှင်သည် ကျေးဇူးများကို အကျေဆပ်နိုင်ခဲ့သည်။ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်မပြုမီ သားတော်ဘုရားအား နောက်ဆုံးလျှောက်ထားသော စကားများကလည်း စိတ်ဝင်စားစရာကောင်းပါသည်။ 
ရဟန္တာ (ကျား) များ ပရိနိဗ္ဗာန်ပြုခါနီး ဂါထာများဖြင့် လျှောက်ထားသော စကားများကို ထေရအပါဒါန်ဟု ခေါ်သည်၊ ရဟန္တာ (မ) များ လျှောက်ထားသော ဂါထားများကိုတော့ ထေရီအပါဒါန်ဟု ခေါ်သည်။
ထိုထေရီအပါဒါန်တွင် မိထွေးတော်ဂေါတမီက ဤကဲ့သို့အောက်ပါအတိုင်း လျှောက်ထားသည်ကို တွေ့ရပါသည်။
  အဟံ သုဂတ တေ မာတာ၊ တွဉ္စ ၀ီရ ပိတာ မမ။
  သဒ္ဓမ္မသုခဒ နာထ၊ တယာ ဇာတာမှိ ဂေါတမ။
  သံဝဒ်္ဓိတောယံ သုဂတ၊ ရူပကာယော မယာ တ၀။
“မြတ်စွာဘုရား … အရှင်ဘုရားကို တပည့်တော်က သဘာဝ (လောက) နို့ရည် တိုက်ကျွေးခြင်းဖြင့် အရှင်ဘုရားရဲ့ ရုပ်ခန္ဓာ ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် တပည့်တော်မဟာ အရှင်ဘုရားရဲ့ မိခင် ဖြစ်ပါတယ် ဘုရား။”
 အနိန်္ဒိတော ဓမ္မကာယော မမ သံဝဒ်္ဓိတော တယာ။
 မုဟုတ်္တံ တဏှာသမဏံ၊ ခီရံ တွံ ပါယိတော မယာ။
 တယာဟံ သန္တမစ္စန္တံ၊ ဓမ္မခီရဥှိ ပါယိတာ။
“တပည့်တော်ကို အရှင်ဘုရားက တရားနို့ရည် (ဓမ္မ ခီရ) တိုက်ကျွေးခြင်းဖြင့် တပည့်တော်မရဲ့ အေးချမ်း တည်ငြိမ်သော တရားကိုယ်ထည် (ဓမ္မကာယ) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက်ကြောင့် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ဖခင် ဖြစ်ပါတယ် ဘုရား။”
 ဗန္ဓနာရက္ခနေ မယှံ၊ အဏဏော တွံ မဟာမုနေ။
ပုတ္တကာမာ ထိယော ယာစံ၊ လဘန်္တိ တာဒိသံ သုတံ။
“အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာအနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် (ဗန္ဓနာရက္ခနေ) တပည့်တော်အပေါ်မှာ အရှင်ဘုရားနို့ဖိုးကြွေး (အဏဏော) လုံးဝမကျန်တော့ပါဘုရား။ မိခင်ရဲ့ နို့နှစ်လုံးဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား။”

ထိုဇာတ်ကားလင့်ခ် (http://www.youtube.com/watch?v=B2UGZIUE3N8&feature=related) အပိုင်း (၁-မှ-၁၂ ထိ) ရှိသည်ထင်သည်၊ ယခုအခါ အပိုင်း ၁ ကိုဖွင့်ကြည့်တာနဲ့ ကျန်လင့်များ ပေါ်လာပါလိမ့်မည်၊ မြန်မာပြည် တွင် youtube ဖွင့်မရ၊ လိုင်းမကောင်းသဖြင့် ကြည့်ရလိမ့်မည် မထင်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၅-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes