စာရေးသူ ဘုံဘေရောက်နေသည်မှာ ယခု ၅-၆-၂၀၁၁ နေ့ဆို ၂ လပြည့်မည်။ ဘယ်ကိုမှလဲ မသွားဖြစ်၊ ခရီးလဲသွားချင်သည်၊ မရောက်သေးတဲ့ နေရာတွေ ရောက်ချင်သည် လေ့လာချင်သည်၊ သို့သော် အဲလို ခရီးထွက်လိုက်ရင် ကိုယ်လုပ်နေကျ အလုပ်တွေ ပျက်သွားသည်၊ မိမိစိတ်ကို စုစည်းလို့ မရဖြစ်ပြီး သမာဓိပျက်သွားသည်၊ အာရုံတွေ ထွေလာသဖြင့် ကိုယ်ရေးနေသည့် ကျမ်းစာမှာ အာရုံမစူးစိုက်နိုင်ဘဲ ရှိသည်။
မနေ့ညက စာရေးသူကို မွေးဖွားပေခဲ့သော တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်မှ အရှင်မြတ်တစ်ပါးက မေးသည်၊ အရှင်ဘုရား မြန်မာပြည်မှာနေတုန်းကလို စာတွေ သိပ်မရေးတော့ဘူးနော်တဲ့။ ဟုတ်ပါသည်။ ဘုံဘေရောက်ကထဲက ပို့စ်ရေးဖို့ စိတ်အားမထက်သန်ခဲ့၊ အကြောင်းကတော့ စာရေးသူသည် အိန္ဒိယကို ကြာကြာ မနေချင်၊ မိမိကျမ်းစာ မြန်မြန်ပြီး မြန်မြန် ပြန်ချင်သည်။ ကျမ်းစာကိုပဲ အားစိုက်နေရသဖြင့် တဖက်က စာအရေးပျက်ခဲ့ရသည်။ ကျမ်းစာကို အားစိုက်ရေးနေတဲ့အချိန်မှာ အပြင်ထွက်ဘို့ အကြောင်းလေးတွေကလဲ တခါတရံ ဖန်လာတတ်သည်။ ဒီနေ့လဲ မနက် ၉ နာရီကထဲက ထွက်သွားတာ အဆောင်ကို ညနေ ၄ နာရီလောက်မှ ရောက်သည်၊ အရမ်းပင်ပန်းသွားသည်။ ထိုနေ့တစ်နေလုံး စာအရေးပျက်သွားသည်။ တာဝန်ပျက်ကွက်သည်ဟု ခံစားမိသည်။
စဉ်းစားမိ၍ သနားခြင်း
ဘုံဘေမြို့အပြင်ဘက် ၂ နာရီနီးပါး ကားစီးပြီး ရောက်ရသည့် ဒွန်ဘီဗာလီ (Dombivali) ဆိုသည့် မြို့ကလေးသို့ ရောက်ဖြစ်သည်။ မြန်မာပြည်အနေအထားအရဆို တောမြို့ကလေးဖြစ်သည်။ မထင်မရှား တောမြို့ကလေးဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းမွန်ပြီး လျှပ်စစ်မီး အလျှံအပယ် သုံးနိုင်သည့် မြို့ကလေးဖြစ်သည်။ လမ်းတလျှောက် ကားစီးသွားရင်း စဉ်းစားမိသည်၊ အိန္ဒိယပြည်ကြီး အရမ်းကျယ်ဝန်းနေပေမဲ့ အိန္ဒိယအစိုးရက လမ်းတွေကောင်းအောင်၊ ဆက်သွယ်ရေးတွေကောင်းအောင် စီမံပေးနေသည်မှာ ချီးကျူးစရာပင်ဖြစ်သည်။ လူဦးရေ အလွန်ထူထပ်ပေမဲ့ လုံလောက်သော ကား ရထားများကို ပြည်တွင်းထုတ်၍ စီမံပေးထားသည်။ ကားကောင်း ဆိုင်ကယ်ကောင်းတွေ ဈေးနှုံးသက်သာသဖြင့် လူအများစု စီးနိုင်သည်၊ အိန္ဒိယမှာရှိသည့် ကားဈေးနှုံး ဆိုင်ကယ်ဈေနှုံးမျိုး ဆိုလျှင် စာရေးသူတို့နိုင်ငံက ပြည်သူတွေ အများစု စီးနိုင်မည်ထင်သည်။ လူဦးရေ များလွန်းပြီး ဘ၀အနိမ့်အမြင့် အရမ်းကွာလွန်းသည့် နိုင်ငံဖြစ်ပေမဲ့ အနိမ့်ဆုံးလူစားသည်ပင် ဟန်းဖုန်းကိုင်နိုင်သည်ကို အံ့သြစရာ၊ စာရေးသူတို့ အဆောင်မှာ သန့်ရှင်းရေးလုပ်နေသော အဖွားအိုတစ်ယောက် ကိုယ်ပိုင် ဟန်းဖုန်းဖြင့် သား သမီးများထံ ဆက်သွယ်ပြောနေသည်ကို ကြည့်ပြီး ကိုယ့်အမျိုးတွေကို သတိရပြီး သနားမိသည်။ ရူပီး ၁၅၀ (မြန်မာကျပ်ငွေ) ၂၀၀၀၀ (နှစ်သောင်း) ကျော်ရှိရင် ဟန်းဖုန်းကိုင်နိုင်သည်၊ ထိုဖုန်းသည် စာရေးသူတို့ နိုင်ငံ ဆယ်ဆမက ကျယ်ဝန်းနေပေမဲ့ တနိုင်ငံလုံးဆက်သွယ်နိုင်သည်။ ပြည်တွင်းပြည်ပ ပြောနိုင်သည်၊ ခက်ခက်ခဲခဲ ကျပ်ငွေ ငါးသိန်းကျော်ပေးပြီး နေရာကွက်ကြားသာ ပြောလို့ရသည်မဟုတ်။ လမ်းဘေး အသီးအနှံချရောင်းသည့် လူတန်းစားများ၊ အိမ်သာကျင်း မြေတူး မြေသယ် နေရသည့် လူတန်းစားများသည်ပင် ဟန်းဖုန်းကိုင်နေသည်ကို စာရေးသူတို့ အမျိုးတွေအတွက်တော့ မနာလိုစရာပင်။ ပြည်တွင်းပြည်ပ ဆက်နိုင်သည်ဆိုရာမှာ-- အိန္ဒိယကနေ တခြားနိုင်ငံတွေကို ခေါ်လျှင် တစ်မီးနစ် ၆ ရူပီး၊ ၄ ရူးပီး ကုန်ကျပေမဲ့ မြန်မာပြည်ကို ခေါ်လျှင်တော့ ၁၅ ရူပီး (မြန်မာကျပ်-၃၅၀ ၀န်းကျင်) ကုန်ကျသည်။ မြန်မာပြည်သားတွေအတွက်တော့ အရှုံးတွေများနေရသည်။ တခါတရံ ခေါ်ရင်း ဘယ်ဘက်က ဖုန်းလိုင်းမကောင်းလို့ရယ်မသိ စကားတောင် မပြောလိုက်ရဘူး ၁၅ ရူပီးနုတ်သွားသည်၊ ကိုယ့်ရပ်ကိုယ့်ပြည်ကို ဖုန်းဆက်ရမှာ ကြောက်သွားသည်။
၂၀၀၈ ခုနှစ် အိန္ဒိယရောက်၊ ပူနေးမြို့ ပူနေးတက္ကသိုလ် ဒဿနိကဌာနမှာ M.A (အမ်အေ)တန်း စတက်ချိန်က တယ်လီဖုန်းတစ်လုံးနဲ့ မော်ကြွားမော်ကြွားနဲ့ စာရေးသူ ကိုယ့်အဖြစ်ကို ကိုယ်တွေးမိပြီး ရှက်မိခဲ့သည်၊ ကိုယ့်နေရာမှာ အပြန်စား အကောင်းစားနေလာခဲ့ရသည့် စာရေးသူမှာ ဒီရောက်မှ တယ်လီဖုန်းကိုင်နိုင်သည့်အဖြစ်။ သူတောင်းစားတောင် ကိုင်နိုင်နေသည့်ခေတ်မှာ ကိုယ်က အခုမှ ကိုယ်ပိုင်ကိုင်ရသည့်အဖြစ်ကို တွေးပြီး ရှက်မိသည်။ သူငယ်ချင်းတစ်ယောက်လည်းဖြစ် စာရေးသူ၏ ကျေးဇူးရှင်လဲဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသက (ဓမ္မကထိက) အိန္ဒိယရောက်လာစဉ် စာရေးသူထံ ဖုန်းဆက်သည်၊ စာရေးသူလည်း အိန္ဒိယရောက်ခါစ ဆိုတော့ ဖုန်းမ၀ယ်ဖြစ်သေး။ သူငယ်ချင်းဖုန်းကနေ တဆင့် စာရေးသူနဲ့ ပြောချင်သည်ဆိုသဖြင့် စကားတွေ ပြောဖြစ်သည်။ စကားများစွာထဲက သူပြောလိုက်သည့်စကားတစ်ခွန်းမှာ-- ‘‘ဦးကောရေ-- တယ်လီဖုန်း မ၀ယ်သေးဘူးလား၊ ၀ယ်ဖြစ်အောင်ဝယ်ပါ၊ ဒီမှာ သူတောင်းစားတောင် ကိုင်နေတာဆိုတော့ ၀ယ်ဖြစ်အောင်ကို ၀ယ်လိုက်ပါ’’ဟူ၍ အားပေးရှာသည်။
ဖုန်းဆက်နေတဲ့ လမ်းဘေးကဈေးသည်
ဝမ်းသာမိခြင်း
စဉ်းစားရင်းနဲ့ ဒွန်ဘီဗာလီမြို့သို့ ရောက်လာပါပြီ။ ဟိုရောက်တော့ သူဌေးရပ်ကွက်ဖြစ်နေသည်၊ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ ဒီလိုချမ်းသာ ကြွယ်ဝနေတာကိုတော့ တွေ့ရတော့ ၀မ်းသာမိသည်။ အိန္ဒိယနိုင်ငံ၏ ဇာတ်စနစ် (cast system) အရ လူတန်းစားခွဲခြားသည့် ၀ါဒသည် အခုချိန်ထိ ပြင်းထန်နေဆဲဖြစ်သည်။ မြိုကြီးပြကြီးတွေမှာတော့ သိပ်မရှိပေမဲ့ စီးပွားရေး ပညာရေး မထွန်းကားသည့် မြို့နယ် ခရိုင်မြို့တွေမှာတော့ ပြင်းထန်နေဆဲပင်ဖြစ်သည်။ ဇာတ်နိမ့်ဟု ယူဆထားသော လူတန်းစားတို့သည် အနှိမ်ခံဘ၀ဖြင့် အသက်ရှင်နေကြရသည်၊ (ထိုအကြောင်းရာနှင့်ပတ်သက်ပြီး ဒေါက်တာအမ်ဘေဒကာနှင့် ဇာတ်စနစ် ပို့စ်အမည်ဖြင့် လွန်ခဲ့သော တစ်နှစ်ကျော်လောက်က တင်ပြပြီးဖြစ်သည်။) ဒေါက်တာအမ်ဘေဒကာ ဦးဆောင်၍ ဇာတ်နိမ့်ဟု အနှိမ်ခံလူတန်းစားများသည် လူတန်းစာမခွဲခြားဘဲ တန်းတူအခွင့်ရေးပေးသည့် ဗုဒ္ဓဘာသာဘက်သို့ များစွာ ပြောင်းလာကြသည်။ အများစုက ဆင်းရဲကြသည်၊ နောက်ပိုင်း ချမ်းသာကြွယ်ဝသူများ တိုးပွားလာသည်ကို တွေ့ရသည့်အပြင် နိုင်ငံတော်ကို ဦးဆောင်သည့် လူကြီးပိုင်း ပညာရေးပိုင်းများတွင် ဗုဒ္ဓဘာသာဝင် လူတန်းစားများ နေရာယူလာကြသည်မှာလဲ ၀မ်းသာစရာ ဖြစ်သည်။
အခုလည်း ၂၅ နှစ်ပြည့် လက်ထပ်မင်္ဂလာနှစ်ပတ်လည်ပွဲ ကျင်းပသည့် ဗုဒ္ဓဘာသာ မိသားစုများသည်လည်း ချမ်းသာကြွယ်ဝသည်၊ ပညာတတ်သည်။ ဟိန္ဒူဘာသာ အားကောင်းသည့် အသိုင်းအ၀ိုင်းကြားမှ တိုးထွက်လာနိုင်ခဲ့ကြသည့် ဗုဒ္ဓဘာသာ မိသားစုများဖြစ်သည်။ ထိုမိသားစုကို စာရေးသူ ပူနေးကျောင်းတက်စဉ်က အသိကျွမ်းဖြစ်ခဲ့ အေရဘမ် ဆိုသည့် အိန္ဒိယ ဗုဒ္ဓဘာသာတစ်ယောက်က မိတ်ဆက်ပေးသည်။ သူကိုယ်တိုင်ပဲ ဖုန်းဆက်ပြီး ပင့်သည်၊ ၃ ပါးလောက်ပင့်ချင်ဟု ဆိုသော်လဲ အိန္ဒိယ function တွေကို ကောင်းကောင်း အတွေ့ကြုံရထားပြီးဖြစ်သည့်အတွက် ကျန်ကျောင်းသား ရဟန်းများကို ပင့်ဖို့ အားနာနေသည်၊ ထို့ကြောင့် စာရေးသူနဲ့အတူနေ အားမနာရသည့် သူငယ်ချင်းတစ်ပါးကိုပဲ ပင့်ခဲ့သည်။ နောက်တစ်ပါးမပင့်ခဲ့လို့ တော်သေးသည်၊ လာပင့်လာသူက ပုဇွန်လုံးလောက်ရှိ ကားသေးသေးဖြင့် လာသည်၊ အထဲမှာလဲ ကုလားမနှစ်ယောက် ရှိနေသည်။ ထိုင်ဘို့ အတော်ခက်ခဲသည်၊ စာရေးသူတို့နှစ်ပါးတောင်မှာ ထိုကုလားမနှစ်ယောက်နှင့် ကျပ်တည်းစွာ နောက်အခန်းကနေ ထိုင်ခဲ့ရသည်။ သုံးပါးဆို မလွယ်။ ကားစီးရင်း ရယ်မိသည်။ စာရေးသူလဲ လိုက်ပါလာသော ကုလားမနှစ်ယောက်ကို အကဲခတ်မိသည်၊ အတော်မည်းတာပဲ၊ အသားအရေပြောတာပါ။ သူတို့လက်နှင့် ကိုယ့်လက် ယှဉ်ကြည့်တော့ ကိုယ့်လက်က အတော်ဖြူနေတာပဲ၊ ငါ တော်တော် အသားဖြူလာတာပဲ လို့ တွေးပြီး ဘ၀င် လေဟပ်နေသည်၊ သူငယ်ချင်းနှင့်ယှဉ်လိုက်မှ အမည်းဟာ အမည်းပါပဲလားလို့ တွေးပြီး ရယ်မိသည်။
အစီအစဉ်များ
၂၅ နှစ်ပြည့် လက်ထပ်မင်္ဂလာ နှစ်ပတ်လည် အခန်းအနား စပါပြီ။ အခန်းအနား မစမီ ရောက်ရောက်ခြင်း နံက်စာအတွက် အိန္ဒိယ အစားအစာများဖြင့် ကပ်သည်၊ ၁၁-၃၀ နာရီ ရောက်နေသဖြင့် တဆက်တည်း နေ့လည်စာ တမျိုးလာချပြန်သည်။ အိန္ဒိယအစားအစာ လုံးဝမကြိုက်သော စာရေးသူတော့ ဒုက္ခရောက်ပြီ၊ သူတို့ကျေနပ်အောင် တို့ကာ ဆိတ်ကာ အနဲငယ်မျှစားပြီး ပြည့်စုံပြီးဖြစ်ကြောင်းပြောကာ နေမြဲ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ ၁၂ နာရီကျော်လောက်မှာ အခမ်းအနား စသည်။ ရှေးဦးစွာ ပရိသတ်များက ဘုရား တရား သံဃာ အား အရိုအသေပေးသည်၊ ပြီးမှ ၅ ပါးသီလဆောက်တည်သည်၊ သီလဆောက်တည်ရာဝယ် မြန်မာပြည်မှာကဲ့သို့ ရဟန်းတော်များထံ တည်ဆောက်သည်မဟုတ်၊ ဘုရားရှေ့မှာ ကိုယ့်ဘာသာ ဆောက်တည်သည့် Self-observing နည်းစနစ်ပင် ဖြစ်သည်။ မြန်မာပြည် တချို့နေရာဒေသမှာကဲ့သို့ ပန်းဒကာ သို့မဟုတ် ဘာသာရေးပွဲတွင် ရှေ့က ဦးဆောင်သူဟု ဆိုသူက ရှေ့ကနေ အခမ်းအနားတစ်ခုလုံး ဦးဆောင်လုပ်သွားသည်။ ဘုရားရှိခိုးခြင်း၊ သီလယူခြင်း၊ ဒေါက်တာအမ်ဘေဒကာ အား ရှိခိုးခြင်းနှင့် ဘာသာရေးအဓိဌာန် ရွတ်ဆိုခြင်း များပြုလုပ်သည်၊ အဲဒီနောက်မှ ထိုပန်းဒကာက စာရေးသူတို့ ၂ ပါးအား ထိုဇနီးမောင်နှံအား ဆုတောင်းမေတ္တာပို့ (chanting and blessing) ပြုလုပ် မေတ္တာရပ်ခံသည်၊ ထိုအစီအစဉ်ပြီးတာနဲ့ ပန်းဒကာက ဘာသာရေးအကြောင်းပြောသည်ထင်သည်၊ မာရတီဘာသာဖြင့် ပြောနေသည်ဖြစ်၍ နားမလည်၊ မြန်မာပြည်မှာ ရဟန်းတော်များအခန်းအနေနဲ့ မင်္ဂလာတရားဟောခြင်းနေရာ ထိုပန်းဒကာက နေရာဝင်ယူဟန်တူသည်။
စာရေးသူလည်း ထိုမင်္ဂလာအတွက် ဟောဖို့ ညကထဲက မင်္ဂလာအကြောင်း ပြောဖို့ အစီစဉ်ရှိသည်၊ စာရေးသူ သိထားတာက အိမ်တက်မင်္ဂလာ သွားခါနီး လာပင့်တဲ့ ကုလားလေး မေးကြည့်လိုက်တော့မှ ၂၅ နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်ပွဲတဲ့ လာပင့်တဲ့ ကုလားလေးက lecture အနဲငယ်ပေးရပါမယ်ဟု ပြောထားသည်။ သို့သော် ကားပေါ်ရောက်တော့မှ ဘာဟောရလျှင်ကောင်းမလဲ ဟု သူငယ်ချင်းကို အကြံတောင်းတော့ နကုလပိတာနှင့် နကုလမာတာတို့အကြောင်း ဟောပါလားတဲ့၊ အာ--ဟုတ်လိုက်တာ ဒါနဲ့ တက္ကသိုလ်ကနေ မြို့ပြင်မထွက်ခင်အထိ တစ်ယောက်တည်းစကား မပြောဘဲ ထိုဇာတ်ကြောင်း ဟောဖို့ အင်္ဂလိပ်လို စီကြည့်နေသည်၊ ၁၀ မိနစ်စာလောက် ပြောဖို့ အဆင်ပြေပြီဆိုမှ ဖြတ်သွားခဲ့တဲ့ လမ်းအကြောင်းတွေ ပြောဖြစ်။
ဘ၀ဆက်တိုင်း
မှန်ပါသည်။ ဘ၀ပေါင်း ၅၀၀ ဘုရားရှင်၏ အဖေ အမေ၊ ဘ၀ ၅၀၀ ဘုရားရှင်၏ ဦးလေး ဒေါ်လေး၊ ဘ၀ ၅၀၀ အဘိုးအဖွား စသည်အားဖြင့် ဘ၀ပေါင်း ၁၅၀၀ ဇနီးမောင်နှံအဖြစ် ဘ၀သံသရာမှာ ပျော်ရွှင်ခဲ့ကြပြီး စာရေးသူတို့ ဘုရားလက်ထက်မှာ အရိယာများ ဖြစ်သွားကြသည့် နကုလပိတာနှင့် နကုလမာတာ အကြောင်း ဟောဖို့ လမ်းတလျှောက် စဉ်းစားလာခဲ့ရသည်။ ဘ၀ဆက်တိုင်း ရေစက်ဆုံလိုသူများအတွက် မှတ်သားစရာလေး တစ်ခုဖြစ်သည်။
ငွေရတုမှ ရွှေရတု, စိန်ရတုယ ပတ္တမြားရတု စသည့် ရတုများစွာ ဇနီးမောင်နှံ ၂ ယောက်တို့သည် သက်ဆုံးတိုင် သို့မဟုတ် ဘ၀ဆက်တိုင်း သံသရာကို ပျော်ပျော်ကြီး ဖြတ်သန်းလိုပါလျှင် ထို ဇနီးမောင်နှံ ၂ ယောက်လုံးမှာ တူညီသော အရည်းအချင်း ၄ ရပ် ပြည့်စုံဖို့လိုသည်။ ထို ၄ ရပ်မှာ-
(၁) သမ သဒ္ဓါ-တူသော ခံယူချက် (ယုံကြည်ချက်)
(၂) သမ သီလာ-တူသော အကျင့် (အမူရာ)
(၃) သမ စာဂါ-တူသော စွန့်လွတ်မှု (ပေးကမ်းမှု)
(၄) သမ ပညာ-တူသော အသိဥာဏ် (အတွေးခေါ် ဗဟုသုတ) တို့ဖြစ်သည်။
ဤကား စာရေးသူ ထိုမင်္ဂလာပွဲအတွက် လမ်းပေါ်မှာ စဉ်းစားထားသော မင်္ဂလာတရား အကျဉ်းချုပ်ကလေးဖြစ်သည်။ သို့သော် ဟောခွင့်မသာလိုက်ရခြင်းက စာရေးသူနှင့် ထိုမိသားစု ထိုလေးချက် တခုခု မတူခဲ့လေရော့လားဟု တွေးမိလေတော့သည်။
ထိုဇနီးမောင်နှံလည်း အလွန်ကောင်းသည့် စာရေးသူ၏ တရားကောင်းတစ်ပုဒ် နာကြားခွင့် မရသဖြင့် Great Opportunity အခွင့်ကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရသော ဇနီးမောင်နှံ ဖြစ်ရရှာတော့သည်။ အစီအစဉ်တွေပြီးတော့ ဇနီးမောင်နှံ ၂ ယောက် တစ်ယောက်တစ်လှည့် မိထားခေါ် အချိုမုန့်များဖြင့် ခွန့်ကျွေးကြသည်၊ လက်ခုပ်တီးကြသည်၊ နောက်တော့ တဦးတည်းသော သမီးအား ခွန့်ကျွေးသည်၊ ဇနီးဖြစ်သူက ကျန်နေသေးသော ဘ၀ကို ရှေ့ဆက် လက်တွဲပြီး လျှောက်လှမ်းမည်ဆိုတဲ့ အကြောင်း ဟာသနှောထည့်ကာ ပြောသည်၊ ပရိသတ် တ၀ါးဝါးနဲ့ အားပေးသည်၊ သမီးဖြစ်သူကလဲ ဖေဖေ မေမေတို့အကြောင်းနှင့် ဒီဖေဖေ မေမေတို့နှင့် ယခုလိုပဲ ပျော်ပျော်ကြီး နေချင်ကြောင်း တစ်သက်လုံး အဖေအမေကို လုပ်ကြွေးမည်ဟူသော အကြောင်းများကို ပြောပြသဖြင့် ပရိသတ် သဘောတွေ့သွားကြသည်။ အဲဒီနောက်တော့ အမကြီးဖြစ်သူက ဆုံးမစကားပြောသည်၊ အစီအစဉ် အားလုံးပြီးတော့ စာရေးသူတို့အလှည့်ရောက်လာပြန်သည်၊ ထိုမိသားစုနှင့် အမျိုးများကို ပရိတ်ချည်များကို သူတို့၏ လက်မှာ ချည်ပေးရသည်၊ အန္တရာယ်ကင်းအဆောင် သဘောပင်ဖြစ်သည်။
နောက်ဆုံး အကောင်းဆုံး အစီအစဉ်ကတော့ ထိုမိသားစုက စာရေးသူတို့ ၂ ပါးအား အသီးအနှံများနှင့် အနာမာသ အကပ္ပိယ ရူပီးလေးများ လှူဒါန်းသည့် အခန်းပဲ ဖြစ်ပါသည်။ppppppppp
ခြုံ၍သုံးသပ်သော်
ဗုဒ္ဓဘာသာ စတင်မွေးဖွားရာ အိန္ဒိယပြည်ကြီးသည် ဗုဒ္ဓဘာသာ လုံးဝနီးပါး ပျောက်ကွယ်ခဲ့။ တဖြေးဖြေးနဲ့ ပြန်လည် ဦးမော့လာသည်၊ ထိုဦးမော့လာသော ဗုဒ္ဓဘသာသည် ဗုဒ္ဓဘာသာ စတင်ပေါက်ဖွားရာ မဟာဗောဓိပင်ရှိရာ ဂယာ၊ ဘုရားရှင် မွေးဖွားရာ လုမ္ဗိနီ၊ ကမ္ဘာကျော် ဓမ္မစင်္ကြာတရား ဟောရာ ဗာရာဏသီ၊ နောက်ဆုံး မြတ်ဗုဒ္ဓ ခန္ဓာချရာ ကုဿိနာရုံတို့မှာ မဟုတ်ဘဲ ဒေါက်တာအမ်ဘေဒကာ မွေးဖွားရာ မဟာရဋ္ဌပြည်နယ်မှ နာဂပူ၊ စောလပူ၊ ပူနေးနှင့် ဘုံဘေမြို့တို့ဖြစ်သည်။ ထိုမြို့များမှ ဆက်ပွားလာရာမှ ဒွန်ဘီဗာလီမြို့ကဲ့သို့ အခြားမြို့ကလေးများသို့လည်း ပြန့်နှံ့လာခဲ့သည်။ ဗုဒ္ဓဘာသမဟုတ်ဘဲ ဒေါက်တာအမ်ဘေဒကာ ဘာသာဖြစ်နေသည်။ မှန်ပါသည်၊ ဒေါက်တာအမ်ဘေဒကာ ရေးသည့် The Buddha and his teaching အမည်ရှိ စာအုပ်တွင်‘‘ လူတစ်ယောက် သေးပြီးနောက် နောက်ထပ် ဒီလူအဖြစ် တစ်ယောက်တည်း ပြန်ဖြစ်နိုင်ဘို့ မလွယ်၊ အကြောင်းကား လူပြန်ဖြစ်သည် ဆိုသည်မှာ- သေပြီးနောက် ကျန်ရစ်သော ရုပ်မှုံကလေးတွေက ပြန်လည် စုစည်းပြီး လူပြန်ဖြစ်လာသည်၊ ရုပ်မှုံကလေးများသည် ဒီလူတစ်ယောက်တည်းမဟုတ်၊ မရေတွက်နိုင်သော လူတွေရဲ့ ရုပ်မှုံကလေးများ ရောနေသဖြင့် သေသည့်လူ တစ်ယောက်တည်း ပြန်မဖြစ်နိုင်’’ဟု ရေးထားတာ တွေ့ရသည့်အတွက် ဒဿနိကဗေဒက ဆရာကြီးတစ်ယောက်အား မေးကြည့်တော့ ဒေါက်တာအမ်ဘေဒကာ ဘာသာလို့ပဲ မှတ်လိုက်ပါကွာတဲ့။ ဗုဒ္ဓ၀ါဒနှင့်ဆန့်ကျင်သည့်အတွေးများ တွေ့နေရသည်။
ထို့ကြောင့် ဦးမော့လာသော ထိုဗုဒ္ဓဘာသာများသည်၊ ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်း မသိကြသေး၊ သူတို့သည် ဗုဒ္ဓဘာသာသည် အခြားဘာသာများကဲ့သို့ ကိုးကွယ်ရုံသက်သက် ဘာသာတရားဟု ခံယူထားဟန်ရှိသည်၊ အသိ (၀ိဇ္ဇာ) မပါ၊ အကျင့် (စရဏ)မပါဘဲ သာရေး၊ မင်္ဂလာအခမ်းအနားနှင့် နာရေးပွဲတွေ စည်ကားရုံအတွက် ပြပွဲတစ်ခုလိုဖြစ်နေသည်။ တကယ်တော့ ဗုဒ္ဓဘာသာသည် ကိုးကွယ်ရုံသက်သက်သော religion ခေါ် ဘာသာတရားမဟုတ် ကိုယ်တိုင်သိ ကိုယ်တိုင်ကျင့် (၀ိဇ္ဇာ စရဏ) ပါသော ဘာသာတရားဖြစ်သည်။ သို့သော်လည်း တစ်ခုကောင်းနေသည်မှာ သူတို့တတွေ ဘုရားတိုင်း၏နှုတ်တော်က ထွက်လာသော ‘‘သဗ္ဗပါပဿ အကရဏံ ကုသလဿူပသမ္ပဒါ’’ စသော သြ၀ါဒစကားကို ကလေးရော လူကြီးပါ အလွတ်ဆိုနိုင်ကြသည်။ အကုသိုလ်ဟူသမျှ မပြုရ၊ ကုသိုလ်မှန်သမျှ ပြုလုပ်အားထုတ်ကြဆိုတဲ့ ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်အဓိပ္ပါယ်ရှိသည့် ထိုစာတမ်းလေးတွေကို နှုတ်တိုက်ရနေသည်မှာတော့ ၀မ်းသာစရာပင်ဖြစ်သည်။ ဗုဒ္ဓဘာသာအမည်ခံ လူတိုင်းနီးပါး အလွတ်ဆိုတတ်ကြသည်။
ရဟန်းတော်များ အိန္ဒိယစကား ကောင်းကောင်းတတ်လျှင်တော့ အဆင်ပြေသည်။ ဘာသာစကားတစ်ခု ကြားခံ၍ ပြောနေရခြင်းသည် ထိရောက်မှုမရှိသလို နားလည်မှုတွေလဲ လွဲမှားနိုင်သည်။ အိန္ဒိယလူဝတ်ကြောင်များက ဘာသာရေး အခမ်းအနားတွေမှာ တခြားဘာသာများကဲ့သို့ ဆောင်ရွက်နေသည်၊ လူဝတ်ကြောင်ဟောသော ပြောသောစကားကိုပဲ သူတို့တတွေ နားထောင်ကြရသည်။ ရဟန်းတော်များလောက် ဗုဒ္ဓစာပေအပေါ် ယုံကြည်မှု သဒ္ဓါ၊ အားထုတ်မှု ၀ီရိယ မရှိသော ထိုလူဝတ်ကြောင် ဟောသော တရားသည် နက်နက်နဲနဲ မရှိဘဲ အပေါ်ယံမျှသာဖြစ်၍ ထိရောက်သော သာသနာပြု မဖြစ်နိုင်။ သို့သော်လည်း ဗုဒ္ဓဘာသာဆိုတဲ့ အမည်လေးကိုပဲ ထိန်းသိမ်းထားနိုင်တာကိုပဲ ကျေးဇူးတင်ပေးရပါမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၆-၂၀၁၁
2 comments:
ကောင်းပါတယ်ဘုရားအဲလိုအစီအစဉ်တွေများများလေးတင်ပြီးဝေငှပေးပါဘုရား။
ဘုန်းဘုန်းကိုယ်စိတ်နှဖြာကျန်းမာချမ်းသာပါစေဘုရား..........
ဓလေ့ထုံးစံ အယူဝါဒများ နှင့် အတွေးအခေါ်အချို့ ကွဲပြားခြားနားမှုကို ဖတ်ရှုမှတ်သား သွားပါတယ် ဘုရား။ အရှင်ဘုရားလည်း စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပြီး ချမ်းသာသုခ ပြည့်စုံစွာဖြင့် သာသနာ့အကျိုး ရွက်ဆောင်နိုင်ပါစေ။
Post a Comment