ရှားရှားပါးပါး အလှူ
ပြီးခဲ့တဲ့ စနေနေ့က သီးတင်းသုံးဖော် စောမယကောလိပ် Ph.D ကျောင်းသား ငါးပါး ရှားရှားပါးပါး အလှူတစ်ခုသို့ သွားခဲ့ကြသည်။ ဘုံဘေမြို့ မြန်မာပြည်သားအိမ်မှာ အလှူတစ်ခုလုပ်တယ်ဆိုတာ အလွန်ရှားပါးသည့် အလှူပဲဖြစ်မှာပါ။ အလှူ့ရှင်များက လွန်ခဲ့သာရက်ပိုင်းကမှ ဘင်္ဂလောဘက်ကနေ ဘုံဘေမြို့သို့ပြောင်းလာသော လေယာဉ်အင်ဂျင်နီယာ မိသားစုပဲ ဖြစ်သည်။ သူတို့မိသားစုက အလုပ်ကိစ္စနဲ့ အိန္ဒိယမှာ နေလာခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ဗုဒ္ဓဘာသာကို အလွန်ယုံကြည်သော မိသားစုများ ဖြစ်ရကား ဘုန်းကြီးရဟန်းများနှင့် ကင်း၍ မနေနိုင်ခဲ့သဖြင့် ဘင်္ဂလောဘက်မှာ နေစဉ်က အခက်အခဲရှိခဲ့သည်ဆိုသည်မှာလဲ မြန်မာ ရဟန်းတော်များကို ဖူးမျှော်ခွင့်မရခြင်းပဲဖြစ်သည်။ စောမယကောလိပ်ကျောင်းသားများ အတွက် ထိုမိသားစု၏ ရှားရှားပါးပါး အလှူတစ်ခုအကြောင်းကို သူများလှူတာ တစ်ဝက်ပိုင် သာဓုခက်မြိုင်မြိုင် ဆိုသည့်အတိုင်း အလှူတစ်ဝက် ရစေရန်အတွက် သာဓုအနုမောဒနာ ပြုနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ထူးထူးဆန်းဆန်းဖုန်း
ထိုမိသားစု ဘုံဘေမြို့ကို ပြောင်းလာပြီး မကြာ၊ သီတဂူစတားလဲ ဘုံဘေသို့ ရောက်သည်မှာ မကြာသေးမီ ထူးထူးဆန်းဆန်း မြန်မာစကားဖြင့် ဖုန်းဆက်လာသဖြင့် အံ့သြနေမိသည်။ ထိုသူက တခြားမဟုတ် ထိုလေယာဉ်အင်ဂျင်နီယာ မိသားစုများပင်ဖြစ်သည်။ ဟဲလို-ဘုန်းဘုန်းဘုရား- တပည့်တော် ကျော်ဆွေပါဘုရားဟု အစချီကာ ဘုံဘေရောက်လာခဲ့ပုံ၊ စာရေးသူ ပူနေးတက္ကသိုလ်မှာ ကျောင်းတက်နေစဉ်က အသိမိတ်ဆွေဖြစ်ခဲ့သော လေယာဉ်မှူး ဒကာအောင်သန်းက မိတ်ဆက်ပေးပုံ၊ သူနဲ့ မြန်မာပြည်မှာ အလုပ်အတူလုပ်ခဲ့ပုံ၊ ဘုန်းဘုန်းရဲ့ဖုန်းနံပါတ်ကို သီတဂူစတားဆိုက်မှာ သမီးဖြစ်သူက ရှာပေးသဖြင့် ရရှိပုံနှင့် နောက်တစ်ပတ် စနေနေ့မှာ ဘုန်းဘုန်းဆီ လာဖူးတွေ့မည်ဆိုတဲ့အကြောင်း ပြောသွားသည်။
နောက်တစ်နေ့ စနေနေ့မှာပဲ ထိုမိသားစု ရောက်လာပါသည်၊ တစ်ခေါက်မှ မရောက်ဖူးသေးသော သူများလဲဖြစ်။ ကောလိပ်၏ လုံခြုံရေးနှင့် အဆောင် လုံခြုံရေးတို့ အစစ်ဆေး အမေးအမြန်းထူသဖြင့် စိုးရိမ်နေရာကား အောက်ထက် ဆင်းစောင့်နေမိသည်။ အဆောင်လုံခြုံရေးအားလည်း ငါ့မိသားစုလာလိမ့်မယ်၊ ငါတို့မြန်မာကျောင်းသားများ နေရာ အခန်းကို ခေါ်သွားချင်တယ် ခွင့်ပြုနိုင်မလား၊ သိပ်မကြာပါဘူး ၅ မိနစ်လောက်ပါပေါ့၊ ကုလား one မိနစ်ဆို တစ်နာရီလောက်ကြာသကိုး၊ ဒါ့ကြောင့် ၅ မိနစ်ထဲပါလို့ပြောပြီး ခွင့်တောင်းခဲ့သဖြင့် အားလုံးအဆင်ပြေသည်။
အစားအစာများဖြင့်ရောက်လာ
ရောက်လာကြပါပြီ။ သယ်လာလိုက်တဲ့ အစားစာတွေလဲ စုံလို့ပါပဲ။ ဒကာမကြီးက တရုပ်အစပ် မုဒုံသူဖြစ်၍ ထင်သည် တရုပ်အစားအစာ အလွန်ချက်ကောင်းသည်။ ကျောင်းသားအားလုံး ထောမနာပြုကြသည်။ ထိုမိသားစုနှင့် ကျောင်းသားများ မိတ်ဆက်ပေးလိုက်သည်၊ အားလုံးက ၀ိုင်းဝန်း စကားပြောကြသည်။ သူတို့မှာ ဘုန်ကြီးရဟန်းများနှင့် အကြာကြီးကွဲကွာနေရသဖြင့် ဘုန်းကြီးရဟန်းများကို ဖူးမျှော်ချင်ကြသည်၊ မိမိ၏ မြို့မှာ ရဟန်းသံဃာများ ဆွမ်းလောင်း ဆွမ်းကပ်နေကြသူများ ဖြစ်သဖြင့် ဆွမ်းကပ်ချင်သည် စသည်ဖြင့် ပြောသည်။ အရှင်ဘုရားများကိုလဲ အိမ်မှာ ထိုင်ခုံ အခင်းစသည် အိမ်၏အသုံးဆောင်များ တပ်ဆင်ခင်းကျင်းပြီးပါက ပင့်၍ ဆွမ်းကပ်လိုပါကြောင်း လျှောက်ထားသည်၊ လုံခြုံရေးထံမှ ၅ မိနစ်စာ ခွင့်တောင်းထားပြီး ၂ နာရီနီးပါး စကားပြောခွင့် ရလိုက်ကြသည်။
အိမ်အရောက်ပင့်
နောက်များမကြာမီမှာပဲ အိမ်မှာ လိုအပ်တာများ တပ်ဆင်ပြီးဖြစ်သည်။ ဖုန်းဆက်လာပြန်ပါသည်၊ အရှင်ဘုရား လာမည့်စနေနေ့ သံဃာ ၅ ပါး အိမ်မှာပင့်လိုပါကြောင်း လျှောက်ထားသည်။၂၈-၅-၂၀၁၁ စနေနေ့မှာပဲ မနက် ၁၀ နာရီ အဆောင် အရောက်လာပင့်သည်။ ကျန်ကျောင်းသား ရဟန်းတော်များအတွက် စားဖွယ်သောက်ဖွယ်များ ပိုပိုလျှံလျှံ သယ်လာပြန်သည်။ ထိုနေ့အတွက် ကျောင်းသားရဟန်းတော်များ မီးခိုးတိတ် စားဖွယ်သောက်ဖွယ်ကောင်းများ ဘုန်းပေးခွင့်ရသည်။ စာရေးသူအပါအ၀င် ရဟန်းတော် ၅ ပါး အိမ်သို့လိုက်သွားသည်၊ အဆောင်နှင့် မိနစ် ၄၀ လောက် ကားမောင်းရသည်။ အိမ်ထဲမှာ ခင်းကျင်းထားသည်မှာလဲ သပ်သပ်ရပ်ရပ် ရှိလှသည်။ ဘုရားခန်းကိုလည်း သီးသန့် သပ်ရပ်လှပစွာ ပြင်ဆင်ထားသည်မှာလဲ အားရကျေနပ်စရာကောင်းလှသည်။ စာရေးသူတို့ ၅ ပါး ထိုဘုရားခန်းတွင်တည်ထား ကိုယ်ကွယ်ထားသော ရုပ်ပွားဆင်းတုတော်မြတ်ကို ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် ဆွမ်းမကပ်သေးမီ မြန်မာပြည်ထုံးတမ်းစဉ်လာအတိုင်း သီလယူ တရားနာ အမျှဝေခြင်းကိစ္စ ဆောင်ရွက်သည်။ ထိုကိစ္စကို သီတင်းသုံးဖော်များက စာရေးသူအား တိုက်တွန်းသဖြင့် သီလပေးတရားနှင့် အနုမောဒနာ နာရီဝက် တရား ချီးမြင့်ပေးလိုက်ရသည်။ ကြွလာသော အရှင်မြတ်များအား လိုအပ်ရာ သုံးစွဲနိုင်ရန် န၀ကမ္မများ လှူဒါန်းပြီး ကျောင်းသားသံဃာများအတွက် ဆီတစ်ပုံး၊ ဆန် (ဘာစမာတီ) ၁၀ ကေဂျီကိုပါ လှူဒါန်းလိုက်သေးသည်။ ဤကား ရှားပါး ထူးခြားသော အလှူတစ်ခုဖြစ်ပါသည်။
ပို၍ထူးခြား
ဘုံဘေမြို့ စောမယကောလိပ်တွင် Sanskrit ဌာနနှင့် Buddhist study ဌာနနှစ်ခု Ph.D ကျောင်းသား ဒေါက်တာ အလောင်းအလျာများကို တစုတဝေးတည်း လှူခွင့်ရသည်မှာ ပို၍ပို၍ပင် ထူးခြားနေပါသည်။ ထိုကဲ့သို့ Ph.D ကျောင်းသား တစ်စုတဝေးတည်းမှာ လှူခွင့်ရဖို့ဆိုတာ မလွယ်ကူလှပါ။ Ph.D ကျောင်းသား အားလုံးသည် အမိမြေမှာဆိုရင် စာချများ၊ ဓမ္မကထိကများ၊ ကျောင်းထိုင် ဘုန်းကြီးများ ဖြစ်ကြသည်။
ပြီးပြည့်စုံသော အလှူဒါန တစ်ခု ဖြစ်ဖို့အတွက် (၁)သဒ္ဓါတရား အခြေခံရှိရပါမည်။ (၂) အလှူတစ်ခု ပြီးမြောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ လှူချင်တဲ့ အလှူဝတ္ထု ပြည့်စုံနေရပါမည်။ (၃) မိမိ၏ အလှူကို အလှူခံထိုက်သူ ရှိနေရပါမည်။ ပြည်ပရောက်နေသူတွေရဲ့ အခက်အခဲကတော့ နံပါတ် (၃) အချက် ဖြစ်ပါလိမ့်မည်။ အထက်မှာ ပြဆိုထားသည့် မိသားစုတို့သည် ဗုဒ္ဓဘာသာများ ဖြစ်ကြသည့်အတွက် သဒ္ဓါတရား အားကောင်းသူများ ဖြစ်ကြသည်။ ပညာတတ် အလုပ်ကောင်း ရှိနေသူတွေအတွက် အလှူဝတ္ထုဆိုတာလဲ ခက်ခဲလိမ့်မည် မဟုတ်။ သို့သော်ကား အလှူရှင်တို့ ရည်မှန်းထားသည့် အလှူခံပုဂ္ဂိုလ်ကား အလွန်ခက်ခဲ၏၊ ဘုရားသာသနာနှင့် ကြုံနေတဲ့ အခိုက်တန့်မှာတောင် ဤကဲ့သို့ ခက်ခဲနေပါလျှင်-- ဘုရားမပွင့်သည့်ကမ္ဘာ သာသနာပခေတ်ကာလတို့၌ကား ပြောဖွယ်ရာ မရှိခြေ။ ဤကား သဒ္ဓါရှိသူတို့၏ ခက်ခဲသော အလှူပင်ဖြစ်သည်။
သဒ္ဓါရှိသူများ
သူတော်ကောင်း သို့မဟုတ် သဒ္ဓါရှိသူဆိုသည်မှာ အချက် ၃ ချက် ရှိပါသည်။ စာရေးသူ၏ ဆိုက်ထဲမှာပဲ အလှူ့ရှင်ဂုဏ်ရည် အမည်ရှိ ပို့စ်တစ်ခုမှာ တင်ပြထားပြီး ထင်ပါသည်။ ကောင်းကောင်း မမှတ်မိတော့ပါ။ သို့သော် အနဲငယ်မျှ တင်ပြပါဦးမည်။
၁။ ဒဿန ကာမော သီလ၀တံ- ကိုယ်ကျင့်တရားရှိသူများ သို့မဟုတ် သူတော်စင်များကို ဖူးမျှော်လိုသော ဆန္ဒ၊ တွေ့လိုသော ဆန္ဒရှိသူသည် သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
၂။ သဒ္ဓမ္မံ သောတုမိစ္ဆတိ- သူတော်ကောင်းတရား သို့မဟုတ် သူတော်စင်များထံမှ အဆုံးအများကို နာယူလိုသော ဆန္ဒ၊ ထိုသူတော်စင်များနှင့် သူတော်ကောင်းတရားများ ဆွေးနွေးလိုသော ဆန္ဒရှိသူသည် သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
၃။ ၀ိနယေ မစ္ဆေရမလံ-၀န်တို နှမြော မစ္ဆေရ အညစ်ကြေး ကင်းသူများကို သူတော်ကောင်း သဒ္ဓါရှိသူဟူ၍ ခေါ်သည်။
မစ္ဆေရ အညစ်ကြေး ကင်းသူများကို စာပေက ဒါနသံဝိဘာဂရတော့ -အလှူဒါနပြုရာဝယ် စီမံခန့်ခွဲရတာကိုပဲ ပျော်နေသူ၊ အလှူဒါပြုရာ၌ ပျော်နေသူ၊ အလှူဒါန လက်နှင့်မကွာသူများဟု ဖွင့်သည်၊ ထို့ထက် ပို၍စိတ်ဝင်စားစရာ ကောင်းသည်မှာ ပယတ္တပါဏိ ဟု လှပသော စကားလုံးဖြင့် တန်ဆာဆင်ထားသည်။ ဆိုလိုသည်မှာ လက်ကို ဆေးကြောပြီးဖြစ်ရကာ ဖြူစင်သန့်ရှင်းသော လက်ရှိသူဟုဆိုသည်။ လက်၏ ကိစ္စ Function မှာ ယူခြင်း ပေးခြင်းဆိုသည့် အလုပ်နှစ်ခုကို လုပ်သည်၊ သူများပစ္စည်းကို ယူရာ၌ လက်မှာ တဏှာ လောဘ အညစ်အကြေး ကပ်နေသည်၊ စွန်းနေသည်၊ ညစ်ပတ်နေသည်။ သို့သော် ပေးရာ အခါ၌ကား ထိုအညစ်အကြေး (မစ္ဆေရ,လောဘ) များကို ဆေးကြောပြီး သန့်စင်ပြီး ဖြစ်၍ ဖြူစင်သော လက်ကို ပိုင်ဆိုင်သူများ သို့မဟုတ် သူတော်ကောင်း သဒ္ဓါရှိသူများဟူ၍ ခေါ်သည်။
ဒဿန၀တော သီလ၀တံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သ ဝေ ‘သဒ္ဓေါ’တိ ၀ုစ္စတိ။ (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ)
သဒ္ဓါဆွမ်းကပ်လှူသော ထိုမိသားစုအား သဒ္ဓါရှိသူဟူသော ပို့စ်ဖြင့် အနုမောဒနာပြုလိုက်ပါသည်။
အလှူရှင်-
ဦးကျော်ရွှေ+ဒေါ်သန်းသန်းဋ္ဌေး
သား-ရဲကျော်ဖြိုး၊ သမီး-ယဉ်သူဇာကျော်
ဘုံဘေမြို့
အလှူရှင်-
ဦးကျော်ရွှေ+ဒေါ်သန်းသန်းဋ္ဌေး
သား-ရဲကျော်ဖြိုး၊ သမီး-ယဉ်သူဇာကျော်
ဘုံဘေမြို့
‘‘သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်’’
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၅-၂၀၁၁
2 comments:
တပည့်တော်လဲ အဲလိုအလှူမျိုးလေးလှူချင်လိုက်တာဘုရားလှူရပါလို့၏လို့ဘဲ
ဆုတောင်းရပါတယ်ဘုရား...သာဓုခေါ်ပါတယ်ဘုရား(သာဓု)၃။
သာဓုသာဓုသာဓု ပါဘုရား
Post a Comment