မိတ်ဆက်
အရှင်မြတ်ကတော့ သီတဂူစတား ဘလော့ဂ်ကို ပထမဆုံးအကြိမ်ရောက်ဖူးသူ ဖြစ်ပြီး ဤကဲ့သို့ မှတ်ချက်ပေးပြီး စိတ်ဝင်းစာတာတွေ မေးထားခြင်းဖြစ်ပါတယ်၊ နဂိုက ပို့စ်အဖြစ်တင်ဖို့ စိတ်ကူးမရှိပါဘူး သို့သော်လည်း ဤကဲ့သို့မေးခွန်းမျိုး မေးလာသူက တစ်ယောက်မက ဖြစ်နေတာကြောင့် သူ့လိုပဲ ပြည်ပပညာတော်သင် စိတ်ဝင်စားသူတွေ ရှိနေမှာပဲ။ သိလည်းသိချင်နေကြမှာပဲဆိုပြီး အတွေးတစ်ခု ၀င်လာတာနဲ့ ဤပို့စ်တင်ဖြစ်သွာခြင်းဖြစ်ပါတယ်။ သူမေးလာတဲ့ မေးခွန်းက---
ဆရာတော်ဘုရား....
တပည့်တော်ဟာ အခုမန္တလေး မစိုးရိမ်တိုက်သစ်မှာ ဓမ္မာစရိယတန်းသင်ကြားနေဆဲ ဦးဇင်းတစ်ပါးပါဘုရား ဒီ(၁၃၇၂)ခုနှစ်မှာတော့ ကျမ်းပြီုးအောင်လုပ်မယ်လို့လည်း အားခဲထားပါတယ်ဘုရား ကျမ်းပြီးရင်နိုင်ငံခြားကို (M.A) ဆက်တက်ဖို့လည်း ရည်မှန်းထားပါတယ်ဘုရား တပည့်တော်သိချင်တာက သီရိလင်္ကာနဲ့ အိန္ဒိယ ဘယ်ကပိုပြီးသင့်တော်မလဲ ဥပမာ..ပညာသင်စရိတ် ပညာသင်ကြားမှု အခြေအနေ စသည်ဖြင့်ပေါ့ဘုရား.....
တပည့်တော် တွေ့ရသလောက်တော့ ကျမ်းပြီးလို့(M.A)သွားတက်ကြတဲ့ ဘုန်းကြီးတွေက သီရိလင်္ကာကို ကြွသွားကြတာများတယ်.....လောလောဆယ်တော့ နိုင်ငံခြားပညာသင်ကြွသွားကြတာတွေ စုံစမ်းနေတုန်းမို့ ဆရာတော်ဆီကို အခုလို အကြံညာဏ်တွေတောင်းရတာပါဘုရား.....
myochit kyi
အရှင်ရေ-
ရှေးဦးစွာ ကျေးဇူးတင်ပါတယ်ဟု လျှောက်ထားပါသည်။
အကောင်းဆုံးက ပြည်ပ ပညာတော်သင်သွားတာ စာချတန်း အနဲဆုံးပြီးမှ သွားတာအကောင်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် ပြည်ပမှာ ပညာလာသင်သူတွေက စာချတန်းပြီးမှ လာတာ နည်းပါတယ်ဘုရား။ စာပေပရိယတ် ခိုင်မာတဲ့ အခြေအနေရောက်ကာမှ ပြည်ပပညာတော်သင် ထွက်တာ အကောင်းဆုံးလို့ မြင်ပါတယ်ဘုရား။ အရှင်ဘုရား အခုလို စာချတန်းပြီးမှ ပြည်ပကို ထွက်မယ်၊ စာချတန်းပြီးကို ပြီးရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေတာကိုက လူတော်တစ်ယောက်ဟု ဆိုနိုင်ပါတယ်ဘုရား။
ကိုယ့်ဘက်က ခိုင်မာတဲ့ စာပေရှိမှ အခြားဘာသာရပ်တွေ တိုးချဲ့သင်ကြားခြင်းသည် ကိုယ့်အတွက် ဘ၀အသစ် စိတ်အသစ် အတွေးအသစ် အမြင်အသစ်တွေနဲ့ လောကကြီးထဲသို့ ၀င်ဆန့်နိုင်ပါမှာဘုရား။ လောကကြီးက သင်စရာတွေ များလှပါတယ်ဘုရား၊ ထို့ကြောင့် တပည့်တော်တို့ ရဟန်းတော်များ ဧ၀ံ မေ သုတံ နှင့်ပဲ အချိန်ကုန်ပြီး ဟိုမရောက် ဒီမရောက်ဖြစ်နေကြတော့ ကိုဝိမုတ္တိသုခရဲ့
ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်မျိုးတွေ ပေါ်ပေါက်လာတာပေါ့ဘုရား။ အဲဒါလဲ သူ့မှာ အပြစ်မရှိသလို ဘ၀ပေး အခြေအနေကြောင့်ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် ထိုဝဲဂယတ်ထဲက ရုန်းမထွက်နိုင်ကြတဲ့ သူတွေရဲ့ အပြစ်လို့လဲ မဆိုလိုပါဘူးနော်၊ လျှော့လျှော့ပေါ့ပေါ့တွေးရင်တော့ ကံကိုပဲ လွှဲချရာမှာပေါ့။ ကံကိုလွှဲချပြန်ရင်လဲ ကိုယ် ညံ့ရာကျမည်၊ ကံဆိုတာကိုက ကိုယ့်ရဲ့ အလုပ်ကိုး၊ ဒီနေရာနှင့်ပတ်သက်ပြီး Bill Gate ရဲ့ စကားလေးကို အမှတ်ရမိတယ်။ သူကပြောတယ်
‘‘သင်လူဆင်းရဲ လူမွဲဘဝဖြင့် မွေးဖွားလာခြင်းသည် သင်ညံ့၍မဟုတ်... သင်လူဆင်းရဲ လူမွဲဘဝဖြင့် သေဆုံးသွားလျှင်သာ သင်ညံ့၍ဖြစ်သည်..’’တဲ့။
ဘယ်သူ့ကိုမှ မရည်ရွယ်
အရှင်ဘုရားရဲ့ အကြံအဥာဏ်တောင်းတာနှင့် ပတ်သက်ပြီး တပည့်တော် ပို့စ်တစ်ခုတင်ရင်ကောင်းမလား ဆိုတဲ့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း စိတ်ကူးမိတယ်၊ ကိုယ်က တကယ့်ကို လိုလားသူတွေအတွက် ပို့စ်ကို ရေးတင်ပေးမယ့် အခြားသူတွေအတွက် ထိခိုက်သွားမှာကိုလဲ စိုးရိမ်ရတယ်ဘုရား။ ဒါ့ကြောင့် ဖေးဖေးမမလေး ခေတ်လိုပြောရင်တော့ ပါးပါးလေးပဲ ရေးပြီးတင်လိုက်ပါတယ်ဘုရား။ တစုံတရာကြောင့် တစ်ဦးတစ်ယောက်ကို ဤပို့စ်က ထိခိုက်နှစ်နာသွားတယ် ဆိုရင်တော့ တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲပဲ ရှေးဦးစွာ တောင်းပန်ထားပါတယ်။ ကိုဝိမုတ္တိသုခရဲ့ ပို့စ်ကိုဝေဖန်ထားတဲ့ အရှင်မြတ်များ ပြောသလိုပဲ တပည့်တော်တို့ မြန်မာနိုင်ငံမှာ ပရိယတ်မဟုတ် ပဋိပတ်မဟုတ် ယောင်ဝါးဝါးတွေ များနေတယ်ဆိုတာလဲ အမှန်ပါ။ အဲဒီအကြောင်း အကျယ် ရေးပြန်ရင်လည်း ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းနေသလိုပဲ၊ ကိုယ်ပဲ နာတော့မယ်။ သို့သော်မလည်း လမ်းဘေးနေ လမ်းဘေးစားနေတဲ့ သင်္ကန်းဝတ်တွေလည်းတွေ့နေရတယ်။ မနက် ဆွမ်းခံ နေ့လည်မှာတော့ အလှူခံပြီး ညမှာ သာသနာတော်ကို ဖျက်နေတဲ့ ရဟန်းအတုတွေလည်း များစွာတွေ့နေရပါတယ်။ ဒါတွေကိုတော့ သုတ်သင်ရှင်းလင်းဖို့လိုပါသည်၊
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုတာလို သူတစ်ယောက်ကြောင့် သာသနာတော်တစ်ခုလုံးကို အရုပ်ဆိုးအကျည်းတန်စေပါသည်။
ပြည်ပရောက် ကျောင်းသားများ
မြန်မာနိုင်ငံမှ ပြည်ပအသီးသီးသို့ ပညာတော်သင်ထွက်လာသော ရဟန်းတော်များမှာ ၁၀၀၀ (တစ်ထောင်) ကျော်ထိ ရှိနေပါပြီ။ အချို့လည်း ရဟန်းဘ၀ရသင့်ရထိုက်သော အထွဋ်ထိပ်ဘွဲ့များ (သ စ အ) ဓမ္မာစရိယကဲ့သို ဘွဲ့များ ရရှိ ပြီးမှထွက်လာကြသည်၊ အချို့လည်း ဘွဲ့တစ်ခုခုရပြီးထွက်လာကြသလို ဘာဘွဲ့မှ မရခဲ့ဘဲ ထွက်လာသူတွေလည်းရှိပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် စွန့်စားထွက်လာတာကိုက ချီးကြူးရပါမည်။ သူငယ်ချင်းတွေ စုမိတဲ့အခါမှာပဲ ဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် စပ်မိစပ်ရာပြောကြရာဝယ် အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ အကြောင်း ပြောမိကြသည် ဆွေးနွေးဖြစ်ကြသည်။ တက္ကသိုလ်တစ်ခုတွင် မြန်မာရဟန်းတော် ၁၀၀ ကျော် ကျောင်းတက်နေကြောင်း၊ ထို ၁၀၀ကျော်သော ကျောင်းသားများတွင် ဓမ္မာစရိယ (စာချတန်း) ပြီး ရဟန်းတော် ၂ ပါးသာ ပါကြောင်း သိလိုက်ရသည်။ အခြားအခြား တက္ကသိုလ်တွေမှာလဲ ထိုနည်းတူစွာ ရှိဟန်တူသည်ဟု တွေးမိသည်၊ သီတဂူစတားကတော့ အကောင်းဘက်ကနေ တွေးကြည့်မိသည်၊ အကယ်၍ အဲဒီရဟန်းတော် (စာချတန်းမပြီးသေးသော ရဟန်း) တွေ မြန်မာပြည်မှာဆိုရင် ယောင်ဝါးဝါး ဖြစ်သွားနိုင်သည်၊ ပြည်ပထွက်လာတော့ အတွေ့အကြုံနှင့် စာပေအသိကနေ စိတ်ကူးတွေပြောင်းကာ ဘ၀ကို ရင့်ကျက်သွားစေလိမ့်မည်ဟု မျော်လင့်မိပါသည်။
ရည်ရွယ်ချက်သာ အဓိက
အရှင်ဘုရားက မေးတယ် သီရိလင်္ကာနှင့် အိန္ဒိယ ဘယ်တက္ကသိုလ်တွေက ပိုကောင်းသလဲပေါ့၊ ဘယ်တက္ကသိုလ်က ကောင်းတယ် မကောင်းဘူးလို့ ဖြေလိုက်ရင် တပည့်တော်တို့ အိန္ဒိယနှင့် သီရိလင်္ကာ ရန်ဖြစ်ရပါလိမ့်မယ်။ တက္ကသိုလ်တိုင်းမှာ အားနဲချက် အားသာချက်တွေ ရှိကြပါတယ်။ တပည့်တော် သိရသလောက်ပြောပြပါ့မယ်၊ အကယ်၍ မှားသွားရင်လဲ နားလည်ခွင့်လွတ်တော်မူကြပါဘုရား။
ဘယ်တက္ကသိုလ် ဘယ်တိုင်းပြည်က ကောင်းလဲဘုရားဆိုတဲ့ မေးခွန်းကိုတော့ အများစုကတော့ ကိုယ်တက်နေတဲ့ တက္ကသိုလ်သည်သာ အကောင်းဆုံးလို့ ဖြေကြပါလိမ့်မယ်ဘုရား။ အဲဒီတော့ အရှင်ဘုရား၏ ရည်ရွယ်ချက်အပေါ်မှာလည်းမူတည်ပါတယ်ဘုရား၊ အရှင်ဘုရားက ဘွဲ့ (certificate) သက်သက်ပဲ လိုချင်တာလား? ဒါမှမဟုတ် အင်္ဂလိပ်စာတတ်ချင်တာလား? ဒါမှ မဟုတ် ဗုဒ္ဓစာပေတွေကို လေ့လာချင်တာလား? ဒါမှမဟုတ် အခြား စိတ်ဝင်းစားစရာကောင်းတဲ့ ဘာသာရပ်တွေကို လေ့လာချင်တာလား? ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဘုရား။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံ မြန်မာဘုန်းကြီးတွေက သူများနိုင်ငံမှာ ဘာ့ကြောင့် ဗုဒ္ဓစာပေတွေ သွားသင်ကြသလဲဆိုတဲ့ ကိုရီယားသီလရှင်ရဲ့ မေးခွန်းကလဲ စဉ်းစားစရာပါဘုရာ။
မတူညီသော တက္ကသိုလ်များ
တက္ကသိုလ်တွေက တစ်ခုနှင့် တစ်ခု မတူညီကြပါဘူးဘုရား။ သိရိလင်္ကာ အမ်အေတန်းက one year course ဖြစ်ပါတယ်ဘုရား။ အိန္ဒိယတက္ကသိုလ်တွေက two years course တွေပဲများပါတယ်ဘုရာ။ နှစ်ကွာတာနဲ့ ကုန်ကျစရိတ်တွေလဲ ကွာသွားပါလိမ့်မယ်ဘုရား။ လေယာဉ်စရိတ်အလွတ် ဒေါ်လာ ၁၀၀၀ လောက်ပါရင် သိရီလင်္ကာတက္ကသိုလ် စရိတ် လုံလောက်သည်ဟု သိရပါသည်၊ သီရိလင်္ကာမှ အမ်အေတန်းပြီးသော သူငယ်ချင်း အပြောအရဖြစ်ပါသည်၊ သီရိလင်္ကာမှာကျောင်းတက်နေသော မြန်မာကျောင်းသားတွေအား တနှစ်ကို ဒေါ်လာ ၃၀၀ ကျော် လောက် စပွန်ဆာ ပေးနေသူတွေလည်း ရှိသည်ဟုမှတ်သားရပါသည်။ သီရိလင်္ကာက အမ်အေ ကျောင်းပြီးပါက ဒေါက်တာဘွဲ့အတွက် အများစုက အိန္ဒိယမှာပဲ လုပ်ကြပါသည်။ သို့သော်လည်း ပူနေးတက္ကသိုလ်က သီရိလင်္ကာ အမ်အေ certificate ကို one year course ဖြစ်သဖြင့် Ph.D အတွက် ပိတ်ပင်ထားပါသည်၊ လွန်ခဲ့သော ၃ နှစ်ကအထိ လက်ခံပါသေးသည်၊ သို့သော်လည်း သီရိလင်္ကာမှ အမ်အေ ပြီးလာသော ရဟန်းတော်တစ်ပါးနှင့် ကျောင်းသားရေးရာ ဌာနက ဒါရိုက်တာဟုထင်ပါသည် အပြန်အလှန် စကားပြောရင်း one year course ဆိုတာ သိသွားသဖြင့် သီရိလင်္ကာ အမ်အေ လက်မှတ်ကို အပိတ်ခံလိုက်ရသည်။ ဒါလဲ ဗဟုသုတအဖြစ် မှတ်သားစရာဖြစ်ပါသည်။ ကိုယ်တစ်ယောက်ကြောင့် အခြားကျောင်းသားတွေ အတွက် အခွင့်အရေးများ ဆုံးရှုံးသွားစေပါသည်။ ပူနေးကတက္ကသိုလ်က လွဲရင် အခြားတက္ကသိုလ်တွေမှာတော့ ကြည်ဖြူစွာ လက်ခံပါသည်။ သို့သော်လည်း စောစော ရဟန်းတော်တစ်ပါးလို ပြဿနာမဖြစ်ဘို့ အရေးကြီးပါသည်။
သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓစာပေထွန်းကားရာနိုင်ငံဆိုတော့ ဗုဒ္ဓစာပေကို သင်ချင်သူတွေအတွက်တော့ အိန္ဒိယထက် ပိုကောင်းမယ်လို့ ယုံကြည်မိပါသည်။ ပညာရေးစနစ်ဘယ်လိုလဲ ဆိုတာတော့ သီတဂူစတား မပြောတတ်ပါ။ ပူနေးတက္ကသိုလ်က ပါဠိဌာနမှာတော့ ကျောင်းသားတွေသည် အတော်လေး လုပ်ရပါသည်၊ Internal test နှင့် External test ဟူ၍ သီတဂူစတား တက်နေသော ဒဿနိကဗေဒ ဌာနကဲ့ procedure တွေနှင့် အလားတူဖြစ်ပါသည်။ အင်္ဂလိပ်စာတတ်ဘို့ကတော့ မြန်မာပြည်ကထဲက အခြေခံ ကောင်းကောင်းတတ်လာဘို့ အရေးကြီးပါသည်၊ ပြည်ပမှာက listening,speaking လောက်ပဲ ကောင်းကောင်း ရနိုင်ပါလိမ့်မယ်။
အိန္ဒိယတက္ကသိုလ်များ
အိန္ဒိယနိုင်ငံကြီးသည် အလွန်ကျယ်ဝန်းလှပါသည်၊ အိန္ဒိယပြည်ကြီးကို တောင်ပိုင်း မြောက်ပိုင်းဟူ၍ ၂ ပိုင်းခွဲကြည့်လျင် မြန်မာပြည်သူတွေ ဘုရားဖူးပဲဖြစ်ဖြစ်၊ သို့မဟုတ် ကျောင်းတက်ခြင်းပဲဖြစ်ဖြစ် အိန္ဒိယ မြောက်ပိုင်းမှာ အများဆုံးရှိကြသည်။ ခန့်မှန်းခြေ ကျောင်းသား ၃၀၀ နီးပါရှိမည်ထင်ပါသည်။
တက္ကသိုလ်တွေရဲ့ အခြေအနေမတူသလို အကုန်အကျလဲ အရမ်းကွာခြားပါတယ်။ မြောက်ပိုင်းတက္ကသိုလ်များဖြစ်သော နာလန္ဒ၊ မာဂဓ၊ ဗာရာဏသီက ဆန်စခရစ်တက္ကသိုလ်များသည် တောင်ပိုင်းတက္ကသိုလ်များထက် ဈေးအရမ်းသက်သာပါသည်၊ အင်္ဂလိပ်စာတိုးတက်ဘို့ အခွင့်လမ်းနည်းနိုင်သည်ဟု ဗာရာဏသီကျောင်းသားတစ်ယောက် အပြောအရ သိရပါသည်၊ အများစုက ဟိန္ဒီစကားပဲပြောကြသည့်အတွက် အဲဒီမှာ ပညာသင်ကြားနေသော ရဟန်းတော်များသည် ဟိန္ဒီစကား ကောင်းကောင်းပြောနိုင်ကြသည်။ မြန်မာပြည်မှာကထဲက အင်္ဂလိပ်စာပါခဲ့သူများကတော့ ပိုတိုးတက်နိုင်သည်ဟူ၍လည်း ပြောပါသည်။ အိန္ဒိယတက္ကသိုလ် အများစုက ပရော်ဖဆာတွေက ဗုဒ္ဓစာပေနှင့်ပတ်သက်လာလျှင် ကိုယ်တတ်ထားသလောက် မတတ်ကြပါ၊ အကြီးတန်းပြီးထားတဲ့ မြန်မာကျောင်းသားသည် အဲဒီတက္ကသိုလ်တွေက ပရော်ဖဆာ အရည်အချင်းရှိပါသည်။ မြန်မာရဟန်းတော်များ ၃၀၀ ၀န်းကျင်လောက် အဲဒီမြောက်ပိုင်းမှာ စုနေကြပါသည်။ ပြည်ပကျောင်းတက်သူတိုင်း အမ်အေဘွဲ့တွေရ ဒေါက်တာဘွဲ့တွေ ချိတ်ထားပြီး အရည်းအချင်းရှိသည်ဟူ၍မဆိုနိုင် အချို့လည်း ဘွဲ့ရမည်ကာမတ္တပဲ ဖြစ်မည်ထင်ပါသည်။ တက္ကသိုလ်တွေ အဆင့်အတန်းကွာခြင်းကြောင့်မဟုတ် ပင်ကိုယ်အရည်အချင်းနှင့် ကိုယ့်ရဲ့ လုပ်အားပေါ်မှာ မူတည်ပြီး ဘွဲ့ရခြင်းတူစေကာမူ အရည်အချင်းတွေ ကွာနေကြခြင်းဖြစ်ပါသည်။ ပတ်ဝန်းကျင်ရဲ့ အနေအထားကြောင့်လဲ ပါဝင်ပါသည်။
တပည့်တော် အတွေးနော်၊ ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး မြောက်ပိုင်းတက္ကသိုလ်တွေ အကြောင်း ကောင်းကောင်းမသိပါ။ သို့သော် သီရိလင်္ကာကျောင်းစရိတ်သည် မြောက်ပိုင်းတက္ကသိုလ်များ၏ ကုန်ကျစရိတ်နှင့် သိပ်ကွာလိမ့်မည်မထင်ပါ။ အိန္ဒိယကျောင်းသားများသည် စပွန်ဆာအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၁၅၀လောက်သာ ရမည်ထင်ပါသည်။ သီတဂူစတားတော့ ၁၅၀ပဲရသည်၊ သီတဂူဆရာတော်ကြီးအဖွဲ့က ၁၀၀နှင့် အိန္ဒိယနိုင်ငံ မြန်မာရဟန်းတော် ကျောင်းသားများဖွံဖြိုးရေးအဖွဲ့မှ ၅၀ ရရှိပါသည်။ ဤကား မြောက်ပိုင်းတက္ကသိုလ်များနှင့် ပတ်သက်ပြီး သီတဂူစတားသိသော အနည်းငယ်သော အကြောင်းရာများသာတည်း၊ အကယ်၍ အမှားပါက နားလည်ပေးတော်မူကြပါ။
တောင်ပိုင်းတက္ကသိုလ်များ
အိန္ဒိယတောင်ပိုင်းတက္ကသိုလ်များမှာ ဒေလီ၊ ဘုံဘေ၊ ဟိုက်ဒရာဘက်၊ ပူနေး စသောတက္ကသိုလ်ကြီးများသည်။ ပညာရေးကောင်းသလို ဈေးတွေလည်းအရမ်းကြီးပါသည်။ ပညာတတ်ပေါသော နေရာများဖြစ်၍ အများစုက အင်္ဂလိပ်စကားပဲ ပြောကြသည့်အတွက် အင်္ဂလိပ်စကား တိုးတက်ဘို့ အခွင့်ရေးများစွာ ရနိုင်ပါသည်။ တက္ကသိုလ်များအဆင့်တန်းမြင့် ပတ်ဝန်းကျင်က ပညာတတ်အသိုင်းအ၀ိုင်းများ ဖြစ်ပေမဲ့ ကိုယ်က မကြိုးစားရင်တော့ ဘာမှ ဖြစ်လာမည်မဟုတ်။ ဘွဲ့ရမည်ကာမတ္တတွေပဲ ဖြစ်မှာအမှန်ပင်။
ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး တောင်ပိုင်းတက္ကသိုလ်များတွင် တစ်ခုနှင့်တစ်ခု သိပ်အကွာကြီးမဟုတ်လှ။ အများစုသော တက္ကသိုလ်များမှာ အမ်အေတန်း ၂ နှစ်စာအတွက် ကုန်ကျစရိတ် အနည်းဆုံး ဒေါ်လာ ၄၀၀၀ (လေးထောင်)ကျော်မှာရှိပါသည်။ ချွေတာသုံးဘို့လိုပါသည်။ ဈေးကြီးသလို တကယ်လည်း လုပ်ရတဲ့တက္ကသိုလ်တွေ ဖြစ်ပါသည်။ ပူနေးတက္ကသိုလ်အကြောင်းကိုတော့ တပည့်တော်ရဲ့ ၀က်ဘဆိုက်မှာ ဖတ်ကြည့်ပါဘုရား။ များစွာ အထောက်ကူပေးပါလိမ့်မယ်ဘုရား။ တက္ကသိုလ်ဝင်ခွင့်၊ ဗီဇာကိစ္စ၊ ကျောင်းစာတွေနှင့်ပတ်သက်တာတွေကို ကျွန်ုပ်နှင့်ဖီလိုဆိုဖီ အပိုင်း ၁ မှ ၃ အထိတင်ထားပါသည်၊ ပူနေးကျောင်းသားဘ၀ ဆိုတဲ့ ပို့စ်တွေမှာလည်း လေ့လာနိုင်ပါသည်။
နိဂုံး
ဘယ်တက္ကသိုလ်က ကောင်းတယ် မကောင်းဘူး၊ ဘယ်တက္ကသိုလ်က အဆင့်တန်းမြင့်တယ် မမြင့်ဘူးဆိုတာထက် ကိုယ်ကိုတိုင် ကြိုးစားဘို့လိုကြောင်း၊ နဂိုရှိမှ နဂိုင်းထွက်မည်ဆိုတာလို ပင်ကိုယ်အရည်အချင်းရှိဘို့က အဓိကဖြစ်ပါသည်။ ဘယ်တက္ကသိုလ်က ဘယ်ဘွဲ့ပဲရရ အရည်အချင်းရှိဘို့နဲ့ အလုပ်လုပ်နိုင်ဘို့သာ အဓိကဖြစ်ပါသည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ် ပါချုပ်ဆရာတော်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မော်ကွန်းထိန်းနှင့် မန္တလေး နပသ ပါချုပ်ဆရာတော်တို့သည် အမ်အေကို သီရိလင်္ကာမှ၎င်း ဒေါက်တာဘွဲ့ကိုတော့ အိန္ဒိယ မဂဓတက္ကသိုလ်မှ၎င်း ပြီးခဲ့ကြပါသည်။ ဆိုလိုသည်မှာ ပင်ကိုယ်က (သ စ အ) ဓမ္မာစရိယနှင့် သာမဏေကျော်ဘွဲ့များ ရထားခြင်းတို့ကြောင့် ပင်ကိုယ်ကိုက အရည်အချင်းရှိနေပါသည်။ ထို့ကြောင့် ရဟန်းတော်များအနေနှင့် အနည်းဆုံး ဓမ္မာစရိယ (စာချတန်း) လောက်တော့ ပြီးထားသင့်ပါကြောင်းလည်း ထပ်လောင်း အကြံပြုပါသည်။
မှတ်ချက်။ ။ မည်သည့် တက္ကသိုလ်မှာတက်ဖို့ပဲဖြစ်ဖြစ် ကြိုတင်ပြီး အင်္ဂလိပ်စာ ကောင်းကောင်းသင်ခဲ့ဘို့လိုပါသည်၊ အထူးသဖြင့် အင်္ဂလိပ်လို စာများများ သွက်သွက် ရေးနိုင်ဘို့နှင့် နားကြားစွမ်းရည်များ လေ့ကျင့်ခဲ့ဘို့ လိုပါသည် ဘုရား။ ဤကား သီတဂူစတား၏ အတွေ့နှင့်အသိတည်း။
ရွင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
ပူနေးတက္ကသိုလ်၊ အိန္ဒိယ
၅-၆-၂၀၁၀
Posted in: အမေး+အဖြေ
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment