မေးခွန်း
ရဟန်းတော်များ နှင့် ခေတ်ပညာ၊ ဘာသာစကား၊ ဘာသာခြားစာပေ၊ ယူနေကြသော ဘွဲ့ များ၏ ပန်းတိုင်၊ မူလပန်းတိုင်မှ ဖီလာဖြစ်မဖြစ် အစရှိသည့် အချက်များကို ဂရုဏာရှေ့ထား ရှင်းပေးပါဦး ဘုရား။ Comment by min thaik han 2 hours ago
မေးခွန်းရဲ့ ဆိုလိုဟန်
အထက်ဖော်ပြပါ မေးခွန်းသည် သီတဂူစတားရဲ့ http://mysing.ning.com/profile/sitagustar2010 web page မှာ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။ ဒီမေးခွန်းကတော့ ကိုဝိမုတ္တိသုခကို မေးရမည်ထင်ပါတယ်၊ ကိုဝိမုတ္တိသုခရဲ့ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလားဆိုတဲ့ ပို့စ်နှင့်လည်း ဆက်စပ်နေပါတယ်။ ဆိုလိုတာက ရဟန်းတော်များ လောကီပညာများသင်နေလျှင် မူလပန်းတိုင်နှင့်ဖီလာ ဖြစ်မနေဘူးလား ဖြစ်ပါတယ်။ မူလပန်းတိုင်ဆိုသည်မှာ နိဗ္ဗာန်ကိုပဲ ဆိုလိုဟန် တူပါသည်။
ဗုဒ္ဓဘာသာဝင်များ၏ နောက်ဆုံးပန်တိုင်သည် အို နာ သေ ဆိုတဲ့ သံသရာက လွတ်ရာ နိဗ္ဗာန်ပဲဖြစ်ပါသည်။ ထိုပန်းတိုင်သို့ ရောက်ရန် မြတ်ဗုဒ္ဓသည် နည်းလမ်းများစွာကို ညွှန်ပြထားပါသည်။ အထင်ရှားဆုံးကတော့ အလယ်လမ်း ပါဠိလို မဇ္ဈိမ ပဋိပဒါ၊ Middle way သို့မဟုတ် Eightfold Noble Path ဆိုပြီး ဘာသာပြန်ဆိုကြပါတယ်။ မဂ္ဂင် ၈ပါးကို ဆိုလိုပါသည်။
မိတ်ဆက်
ခေတ်က တောင်းဆိုလာတော့ ရဟန်းတော်များ ခေတ်ပညာတွေသင်ယူနေကြရာဝယ် ဤကဲ့သို့ မေးခွန်းမျိုးပေါ်ပေါက်လာခြင်းသည် သင့်မြတ်၏ဟု ဆိုရမည်။ မေးသင့်မေးထိုက်သည့် မေးခွန်းဖြစ်ပါသည်။ သင်ကောင်းလား မသင်ကောင်းလား၊ သင်သင့် မသင်သင့် စသည်ဖြင့် သံသယစိတ်တွေ ရှိနေကြမည်မှာ အမှန်ပင်။ ထိုသံသယတွေအတွက် ဤပို့စ်လေးက အနည်းငယ် အထောက်ကူပြုပေးလိမ့်မည်ဟု မျှော်လင့်မိပါသည်၊ ထိုအတွက် အထောက်အကူပြုနေရင် ကျေနပ် ၀မ်းသာမိမှာ အမှန်ဖြစ်ပါသည်။
ရဟန်းတော်၏ တာဝန်နှစ်ရပ်
သာသနာသည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ နှင့် ပဋိဝေဓ သာနာဟူ၍ သုံးမျိုးရှိသည်၊ နံပါတ်သုံး ပဋိဝေဓသာသနာသည် အကျိုးပြ သို့မဟုတ် ရလာဒ် သာသနာဖြစ်သည်၊ ရှေးနှစ်မျိုးကတော့ အကြောင်းပြ သာသနာဖြစ်သည်၊ ပထမဆုံး ပရိယတ္တိသာသနာကိုတော့ အကြောင်း၏ အကြောင်းပြ သာသနာ သို့မဟုတ် မူလအကြောင်းပြ သာသနာ သို့မဟုတ် အခြေခံအုတ်မြစ် သာသနာဟူ၍မှတ်သားရပေမည်။
ရှေးဦးစွာ မူလပန်းတိုင် (အကျိုးပြသာသနာ)ကို ခဏ ဘေးဖယ်ထားပြီး ရဟန်းတော်များသည် သာသနာတော်အတွက် ဘာတွေလုပ်မလဲ? ဘာတာဝန်တွေ ထမ်းဆောင်ရမလဲ ဆိုတာကို သိထားဖို့လိုပါသည်။ မြတ်ဗုဒ္ဓသာသနာတော်မှာ ၀င်ရောက်လာသူတိုင်း တာဝန် ၂ ရပ် သို့မဟုတ် ကိုယ်စွမ်းရာ တာဝန်တစ်ရပ်ကို ထမ်းဆောင်ရပါမည်။ ပရိယတ္တိ ၀န်ဆောင်မှုနှင့် ပဋိပတ္တိဝန်ဆောင်မှုများဖြစ်ပါသည်။ Learning စာပေသင်ကြားခြင်း ပို့ချခြင်း၊ ဟောပြောခြင်း နှင့် meditation ကမ္မဋ္ဌာန်းတရား၊ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ အလုပ်ဆိုတဲ့ ပဋိပတ်အလုပ် ၂ခုလုံးကိုပဲဖြစ်စေ ကိုယ် အားသန်ရာ တစ်ခုကိုပဲ ဖြစ်စေ မဖြစ်မနေ ထမ်းဆောင်ရပါမည်။ ဒါကိုပဲ ဓူရ နှစ်ဖြာဟူ၍ ခေါ်ဆိုပါသည်။
ပရိယတ္တိ Learning အရေးပါပုံ
အဘယ့်ကြောင့် စာပေသင်ကြားခြင်းသည် မူလပန်းတိုင် သို့မဟုတ် နိဗ္ဗာန်အတွက် အရေးပါသနည်းဟူ၍ မေးဘွယ်ရှိသည်။ ပရိယတ္တိသည် သာသနာတော်၏ အခြေခံ ရေသောက်မြစ်ဖြစ်သည်၊ ပရိယတ္တိမပါဘဲ လိုရာပန်းတိုင်သို့ ဖြောင့်တန်းစွာ လျှင်မြန်စွာ မရောက်နိုင်။ အမှန်တရားကို ချဉ်းကပ်နိုင်ဖို့ရာ ဦးစွာ လေ့လာ မှတ်သား သင်ယူရပါတယ်။ ထိုသို့ လေ့လာမှတ်သားရန်မှာ ဆရာကို ချဉ်းကပ်ရပါသည်၊ ထိုသို့ချဥ်းကပ်နိုင်ရန်မှာလည်း ဆရာ့အပေါ်ယုံကြည်နိုင်တဲ့ သဒ္ဓါတရားရှိရမယ် စသည်ဖြင့် အမှန်တရားကို သိရှိဖို့ရန် လမ်းစဉ် အဆင့်ဆင့်ကို မဇ္ဈိမနိကာယ် စင်္ကီသုတ်တွင် လေ့လာနိုင်ပါသည်၊ အကျယ်မရေးလိုတော့ပါ။ ဆိုလိုသည်မှာ စာပေသင်ကြားခြင်းသည် အမှန်တရား သို့မဟုတ် မူလပန်းတိုင်သို့ ရောက်ရန် ပဲ့ထိန်း တက်မနှင့်တူသည်။ ပဋိပတ္တိ meditation ကမ္မဋ္ဌာန်းအားထုတ်ခြင်းသည်ကား လှော်ခတ်နေခြင်းနှင့်တူသည်။ အဲဒီတော့ သူတို့နှစ်ခု ဟန်ချက်ညီညီ အလုပ်လုပ်ဖို့ပဲလိုပါသည်။
ဘုရားရှင် လက်ထက်
ဘုရားရှင်လက်ထက်တော် အခါက ဘုရားနှင့် ခေတ်ပြိုင် ဘာသာရေးဆရာကြီး ယခုအခါ (အတွေးအခေါ်ပညာရှင်) ဆရာကြီး ၆ ယောက်ရှိခဲ့ဖူးသည်၊ ထို ၆ ယောက်ထဲတွင် နိဂဏ္ဍနာဋပုတ္တ ခေါ် မဟာဝီရ ၂၄ ယောက်မြောက် ဂျိန်းဆရာကြီး၏ ၀ါဒ (Jainism) သာ ကျန်တော့သည်၊ ကျန်ဆရာကြီး ၅ယောက်၏ အယူဝါဒကား ကွယ်ပျောက်သွားလေပြီ။ ထိုမဟာဝီရဆရာကြီးသည် အဲဒီခေတ် အဒီအခါက ဆရာတစ်ဆူ သို့မဟုတ် သူ၏တပည့်များ၏ ဘုရားတစ်ဆူဟူ၍ပင် ဖြစ်သည်။ သို့သော် သူတို့တတွေ အားလုံး ဘာတရားထူးမှ ရမသွားကြပါ။
မြတ်ဗုဒ္ဓသည်ပင် ဘုရားမဖြစ်မီက ဆရာပေါင်း များစွာထံ သင်ယူ လေ့လာ မှတ်သားရင်း အားထုတ်ခဲ့ဖူးပါသည်။ ထိုဆရာကြီးများက နည်းမှန် လမ်းမှန် မပေးနိုင်ခဲ့သောကြောင့် စွန့်လွှတ်ခါ နောက်ထပ် ဆရာတစ်ယောက်ထံ ချဉ်းကပ်ပေမဲ့ ဘာမှ ထူးမလာ။ ဤနည်းအားဖြင့် ဆရာများစွာကို စွန့်လွှတ်ပြီး နည်းမမှန်သောကြောင့် ဘုရားဖြစ်ဖို့ ဒုက္ကရစရိယ အကျင့် ၆ နှစ်တိုင်တိုင် ကျင့်ခဲ့ရဖူးသည်။ ဘုရားရှင်၏ တပည့်သာဝကများသည် ဘုရားထံ နည်းမှန်လမ်းမှန်များ လေ့လာ သင်ယူ ကျင့်ကြံခဲ့ကြခြင်းကြောင့် တရားထူး သို့မဟုတ် မူလပန်းတိုင်သို့ ရောက်ရှိကြသည်။ ထို့ကြောင့် စာပေသင်ကြားခြင်းသည်၊ စာပေ တတ်မြောက်ခြင်းသည် မူလပန်းတိုင်သို့ ရောက်ရန် primary method အခြေခံ နည်းလမ်းဖြစ်သည်။ ပဋိပတ္တိသည်ကား ထို စာပေပရိယတ္တိ အပေါ်အခြေပြုသော secondary method ဒုတိယ နည်းလမ်းဖြစ်သည်။
မေးစရာရှိလာတာက ပရိယတ္တိ စာပေမသင်ကြားဘဲ မူလပန်းတိုင်သို့ ရောက်နိုင်ပါသလား ဆိုတာပဲ ဖြစ်ပါသည်။ ဆရာမရှိဘဲ တရားထူးရသွားသူကတော့ သယမ္ဘူ မြတ်ဗုဒ္ဓပဲ ရှိပါသည်ဟု စာမှာမှတ်သားခဲ့ရပါသည်။ ဘုရားကလွဲရင် အဂ္ဂသာဝကသည်ပင် ဆရာရှိရပါသည်၊ ဆရာ့ထံ လေ့လာရပါသည်။ ထို့ကြောင့် စာပေသင်ကြားခြင်း learning သည် မူလပန်းတိုင်သို့ရောက်ရန် မူလအခြေခံ အုတ်မြစ်ဖြစ်လေတော့သည်။
ဘာသာစကားနှင့် မူလပန်းတိုင်
ရှေးဦးစွာ ဘာသာစကားအကြောင်း လေ့လာကြစို့။ ဘာသာစကား (language) သည် အသိဥာဏ် (knowledge) ရရန် အဆက်အသွယ် သို့မဟုတ် ပေါင်းကူး တံတား (communication or media) သဖွယ် ဖြစ်သည်။ ထိုဘာသာစကား မပါဘဲ အသိဥာဏ် ဗဟုသုတ ရနိုင်ဘို့ရန် မလွယ်။ ရှေးခေတ်က ပထမပြန်ပြဌာန်းစာတွေတွင် အင်္ဂလိပ်စာ သင်္ချာ ထည့်သွင်းရန် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အဆိုတင်သွင်းခဲ့ဖူးသည်၊ သို့သော်လည်း တိရစ္ဆာန ၀ိဇ္ဇာ ဟူ၍ဆိုကာ ပယ်မြစ်ခံခဲ့ရဖူးသည်။ တိရစ္ဆာန ၀ိဇ္ဇာ ဆိုသည်မှာ စာမှာတော့ တိရစ္ဆာန ၀ိဇ္ဇာ နာမ ယံ ကိဉ္စိ ဗာဟိရကံ အနတ္ထသံဟိတံ ဟု ဖွင့်ဆိုပါသည်။ ဆိုလိုတာက မဂ် ဖိုလ်နိဗ္ဗာန်နှင့် မဆက်ဆံ၊ ဖီလာဆန့်ကျင်ရာကား အကျိုးမများဟုဆိုလိုသည်။ ဘာသာစကားသည် တိရစ္ဆာန ၀ိဇ္ဇာ ဆိုလိုလျှင် မြန်မာစကား၊ တရုပ်စကား ပါဠိစကား စသည်တို့သည်လည်း အင်္ဂလိပ်စကားကဲ့သို့ ဘာသာစကားများ ဖြစ်သဖြင့် တိရစ္ဆာန ၀ိဇ္ဇာထဲ ထည့်သွင်းရလိမ်မည်။ ဤကဲ့သို့ဆိုလျှင် language ဘာသာစကားကို တိရစ္ဆာန ၀ိဇ္ဇာ ဟု လက်ခံနိုင်မည်လော? စာမှာဆိုသော တိရစ္ဆာန ၀ိဇ္ဇာကား ဘာသာ စကား သက်သက်ကို ရည်ညွှန်းဟန် မတူ ဘာသာ စကား နောက်ကွယ်တွင် ရည်ရွယ်ချက် ရှိပါလိမ့်မည်။ ထိုရည်ရွယ်ချက်သည်သာ အဓိက ဖြစ်ပါလိမ့်မည်။
အင်္ဂလိပ်စကား တတ်တော့ အင်္ဂလိပ်လို ဟောနိုင်ပြောနိုင်သည်၊ တရုပ်လိုတတ်တော့ တရုပ်လူမျိုးတို့အား အသိဥာဏ်များ ပေးနိုင်သည်၊ မြန်မာစကားတတ်တော့ မြန်မာလူမျိုးတို့အား အသိလိမ္မာ စာပေနှင့် မူလပန်းတိုင်သို့ ရောက်နိုင်ရန် နည်းမှန် လမ်းမှန်များ ဟောနိုင် ပြောနိုင်သည် ဖြစ်၍ကား ဘာသာစကား သင်ခြင်းသည်လည်း အကျိုးများသည့်အတွက် တိရစ္ဆာန ၀ိဇ္ဇာ ဟု မခေါ်လိုပဲ မူလပန်းတိုင်သို့ သွယ်ဝိုက်သောအားဖြင့် ထောက်ပံ့ခြင်း အကျိုးပြုခြင်းများဖြစ်သဖြင့် မူလပန်းတိုင်နှင့် မဖီဆန်ပါဟူ၍သာ ဖြေကြားလိုပါသည်။ ရည်ရွယ်ချက် (intention) ယောနိသော မနသိကာရ သည်သာ အဓိကဟူ၍ မှတ်ချက်ပြုလိုက်ပါသည်။
ဘွဲ့များနှင့်ပန်းတိုင်
ယခုအခါ ရဟန်းတော်များရော လူဝတ်ကြောင်တွေပါ ဘွဲ့ရရန် အလွန်ပင်ပန်းစွာ အားထုတ်နေကြရပါသည်။ ထိုဘွဲ့များကို ရဖို့ရန် အားထုတ်သူတွေရဲ့ သန္တာန်မှာ မတူညီသော ရည်ရွယ်ချက် (intention) များ ရှိကြပါလိမ့်မည်။ ထိုဘွဲ့ဖြင့် ဂုဏ်ပကာသန ရချင်လို့လား? ကျော်ကြားချင်လို့လား? ဒါမှမဟုတ် အလုပ်ရဘို့ရန်အတွက်လား? သို့မဟုတ် ရာထူးဌာန တွေ ရဖို့လား? စသည့် ရည်ရွယ်ချက်များစွာရှိပါသည်။ လောကီနယ်ပယ်တွင် လောကီဘ၀ လောကီဆန္ဒများဖြစ်နေပါက မူလပန်းတိုင်နှင့် ဆန့်ကျင်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး များမကြာမီမှာ သာသနာပြုစေလွတ်ရာဝယ် ပထမဆုံး မိန့်တော်မူသော စကားတွင် ဗဟုဇန ဟိတာယ သုခါယ ဟူ၍ ပါပါသည်။ ထိုစကားတော်အရ ဘာပညာပဲ သင်သင် ဘာစကားပဲ သင်သင် လောကလူသားတို့ အကျိုးစီးပွားအလို့ငှါ ဆိုတဲ့ ရည်ရွယ်ချက် ရှိဘို့လိုပါသည်၊ တကယ်လည်း အကျိုးရှိရပါမည်။ သို့သော်လည်း လောက လူသားတို့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး နယူကလီးယား လက်နက်တည်ထွင်လို့ ဘယ်ဖြစ်မလဲ။ ရည်ရွယ်ချက်တိုင်းသည်လည်း တကယ့် အကြောင်းအကျိုးကောင်းရှိနေရပါမည်။ ဒီနေရာမှာ ရည်ရွယ်ချက် ဆန္ဒလေး ကတော့ ကောင်းပါပေမဲ့ အသိပညာမပါတဲ့ အတွက်အကြောင့် ထိုရည်ရွယ်ချက်က အဖျက်သဘောသို့ ဦးတည်နေတတ်ပါသည်။ ဆိုလိုသည်မှာ သဒ္ဓါနှင့်ပညာ အပြန်အလှန် ထိန်းကွပ်ပြီး ဟန်ချက်ညီနေဖို့ လိုပါသည်။ ထို့ကြောင့် ဘွဲ့များရရန်အားထုတ်နေသော သူများသည် ရည်ရွယ်ချက်မှန်ကန်ခြင်းကြောင့် မူလပန်းတိုင်နှင့် မဖီဆန်ပါ။ သွယ်ဝိုက်ပြီး အကျိုးကျေးဇူးပြုနေပါသည်။ မူလပန်းတိုင်ကို တိုက်ရိုက် ထိတွေ့ နိုင်တာကတော့ ပရိယတ္တိခြေခံသော ပဋိပတ္တိပင်ဖြစ်ပါသတည်း။
ဘွဲ့ ဒီဂရီများ
အမှန်တကယ် ဘွဲ့ ဒီဂရီ certificate များသည် အသိမှတ်ပြု အမည်သညာ lable မျှသာဖြစ်ပါသည်၊ ထိုဘွဲ့နှင့်လျော်ညီသော အရည်အချင်းလဲ ရှိကောင်းရှိနိုင်ပါလိမ့်မည်။ စင်္ကီသုတ်လာ သဒ္ဓါဇာတော ဥပသင်္ကမိ အရာ ဆရာကို ချဉ်းကပ်သူသည် သို့မဟုတ် တပည့်ခံလိုသူသည် ဆရာ၏ အရည်အချဉ်းများကို ဘွဲ့ ဒီဂရီများဖြင့် တိုင်းတာ၍ ချဉ်းကပ်ကြသည့်အတွက် ယုံကြည်ချက်ရှိမှ ချဉ်းကပ်ကြပါလိမ့်မည်။ ထိုယုံကြည်ချက်ဖြစ်စေဘို့ရာ ဘွဲ့တွေ ဒီဂရီတွေက ခေတ်ကာလ အရ လိုအပ်လာသည်။
တောင်မြို့ ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက သီတဂူစတား၏ ဆရာဖြစ်သူအား စကား တစ်ခွန်း ပြောဖူးသည်။ ထိုစကားမှာ ဦးဇနပတိ ဒီနှစ် သကျသီဟ အဘိဝံသဘွဲ့အတွက် စာမေးပွဲတွေ ၀င်ဖြေပါ၊ နောင်တချိန် သာသနာပြုရာမှာ အကျိုးများပါလိမ့်မည်ဟူ၍ပင် ဖြစ်ပါသည်။ ကမ္ဘာအေး မဟာဂန္ဓာရုံ တိပိဋကဆရာတော် တောင်မြို့မှာ နေစဉ်က ကြုံးဝါးခဲ့သော စကားတစ်ခွန်းရှိပါသေးသည်။ ဒို့က နောက်က အမြီးပါမှ ဆရာတော်မည်။ ဆိုလိုသည်မှာ နောက်က အဘိဝံသ ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေပါမှ ဆရာအဖြစ် အသိအမှတ်ပြုနိုင်သည်ဟု ပြောခဲ့ဖူးသည်။ တောင်မြို့ဆရာတော်ကြီး ကိုယ်တိုင်က ထိုဘွဲ့များရထားသဖြင့် သူ၏ကျမ်းစာတွေကိုလည်း နောက်လာ နောက်သားများက ပိုမိုယုံကြည်သည်၊ ယုံကြည်မှုကို ပိုမိုခိုင်မာစေသည်။ ထိုဘွဲ့များသည် ဗဟုဇန ဟိတ သုခ အတွက် များစွာ အထောက်အကူပြုနိုင်သလို သဒ္ဓါဇာတော ဥပသင်္ကမိ စသော စင်္ကီ သုတ်အရ နောက်ဆုံး မူလပန်းတိုင်အထိ မျက်မှောက်ပြုနိုင်ကြောင်းကိုပါ အထောက် အကူပြုနိုင်ပါသည်။
ဘာသာခြား စာပေနှင့် မူလပန်းတိုင်
သာနာပြုရာဝယ် ရဟန်းတော်များအနေနှင့် ဘာသာခြားစာပေများကိုလည်း လေ့လာသင့်ပါသည်။
ဘုရားလက်ထက်တော်အခါက ၀ါဒရေးရာတွင် နာမည်ကျော် အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူးသည်။ နာမည်က ကုဏ္ဍလကေသီ လို့ ထင်ပါသည်။ ၀ါဒပေါင်းများစွာတတ်ကျွမ်းသည်ဖြစ်၍ သူနှင့်ဝါဒ ယှဉ်ပြိုင်နိုင်သူမရှိလောက်အောက်ကို နာမည်ကျော်ကြားခဲ့သည်။ နောက်ဆုံး အရှင်သာရိပုတ္တရာနှင့်တွေ့သည်။ အရှင်သာရိပုတ္တရာသည်ကား သူတတ်ကျွမ်းသည့် ၀ါဒများကိုရော ဗုဒ္ဓ၀ါဒများကိုပါ ကျွမ်းကျင်သူဖြစ်ရကား ကုဏ္ဍကေသီကို သာသနာ့ဘောင်ရောက်အောင် ဆွဲခေါ်နိုင်ခဲ့သည်။ တတိယ သင်္ဂါယနာတင် ဦးဆောင်သူ၊ ဗြဟ္မဏမျိုးနွယ်တွင် မွေးဖွား၍ ဗြဟ္မဏ၀ါဒလွမ်းမိုးခံနေရသော အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့် နောက်ပိုင်း အရှင်နာဂသိန် (မိလိန္ဒပညှာ) (ဘာသာခြား မိလိန္ဒမင်းကြီးကို သာသနာတော် စောင့်ရှောက်သူ ဗုဒ္ဓဘာသာမင်းကြီး ဖြစ်အောင် လမ်းပြပေးသူ) မထေရ်နှစ်ပါးတို့သည် သာသနာ့ဘောင်သို့ ၀င်ရောက်လာပြီး သာသနာတော်ကြီး ယနေ့ထိ ထင်ရှား ကျော်ကြားပြီး ခိုင်မာစွာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ ထိုမထေရ် ၂ပါးတို့သည် ငယ်စဉ်က ဗြဟ္မဏ၀ါဒ မိသားစုတွင်မွေးဖွားပြီး ထိုဝါဒများကို ကျွမ်းကျင်နိုင်နှင်းစွာ ဟောပြောနိုင်ခဲ့ကြသည်။ ထိုဝါဒလွမ်းမိုးခံ မထေရ်လောင်းလျာနှစ်ပါးကို သာသနာ့ဘောင်ရောက်အောင် ဆွဲခေါ်နိုင်ခြင်းသည် ထိုလောင်းလျာ နှစ်ပါးကို တာဝန်ယူသော မထေရ်နှစ်ပါးတို့ ၏ အခြားဝါဒနှင့်ဘာသာစာပေများကို တတ်ကျွမ်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း စာပေမှာ တွေ့ရသည်။ ဤကဲ့သို့သော အလားတူ ဖြစ်ရပ်မှန်တွေကို စာပေမှာ များစွာတွေ့နိုင်ပါသည်။ ထိုကြောင့် ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ဘာသာခြား စာပေများကို သင်ယူခြင်းသည်လည်း ဗဟုဇန ဟိတ သုခ ကိုဖြစ်စေပါသောကြောင့် သွယ်ဝိုက်သောအားဖြင့် မူလပန်းတိုင်နှင့် ဖီလာ မဖြစ်ပါဟု မှတ်ချက်ပြုလိုက်ပါသည်။
နိဂုံး
အချုပ်ဆိုရသော် အတတ်ပညာ သင်ယူရာဝယ် ကိုယ့်ရဲ့ ရည်ရွယ်ချက် intention ခေါ် ယောနိသော မနသိကာ positive result ကောင်းကျိုးဖြစ်စေတဲ့ ရည်ရွယ်ချက် ရှိဘို့က အဓိကဖြစ်ပါသည်။ ကိုယ်လိုရာလေးတွေကို ဆွဲယူ၍တွေးတောကာ တင်ပြထားခြင်းဖြစ်ပါသည်။
ဤကား သီတဂူစတား၏ မပြောပလောက်သော အသိပညာဖြင့် တင်ပြသော ဘာသာစကား၊ ဘွဲ့များနှင့် ပန်းတိုင်တည်း။ လူတစ်ယောက် အတွေးတစ်မျိုးရှိသည်အတွက် သီတဂူစတား၏ အတွေး၊ အယူအဆများသည် စာဖတ်သူတို့၏ အတွေးနှင့် တူလိမ့်မည်ဟူ၍ မမျှော်လင့်ပါ။ ဤကဲ့သို့သော ပို့စ်များက စာအရေး လေ့ကျင့်လိုသော သီတဂူစတားအတွက် တွေးရင်း ရေးရင်း လေ့ကျင့်ခြင်းဖြင့် ဘလော့ဂ်မှာ အချိန်ကုန်စေပါသည်။ ပို့စ်တစ်ခုစာသာ ရေးရသဖြင့် သိပ်ပြည့်စုံမည် မထင်၊ များစွာ လိုအပ်ပါသေးသည်၊ ဖြည့်ပြီး ကိုယ်လိုရာ တွေးတောကြလေကုန်သတည်း-----------။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၆-၆-၂၀၁၀
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment