စာမိတ်ဆက်
ဆရာကြီး ဦးဂိုအင်ကာ၏ ရိပ်သာနာမည်က နေရာနှင့် အလွန် ပံနာရသည်၊ ဓမ္မဂီရိ တဲ့၊ ဓမ္မ-တရား၊ ဂီရိ-ဂိရိ-တောင်။ နေရာကား မြို့စွန်က တောင်ခြေဆိုပေမဲ့ တောင်ကုန်းပေါ် တဖြည်းဖြည်းရင်း တက်သွားရသည်။ တရားတောင်၊ သို့မဟုတ် တရားရှိရာတောင်၊ သို့မဟုတ် တရားဖြင့်ပျော်မွေ့ရာတောင်၊ သို့မဟုတ် သူတော်ကောင်းတို့ နေရာ။ ဤကဲ့သို့ ဘာသာပြန်နိုင်သည်။ ဓမ္မရှိရာ တောင်အားလုံးကို ဓမ္မဂီရိ ခေါ်နိုင်သည်။
ပဏ္ဍ၀တောင်ခြေက ဆန်ချီစေတီကိုယ်ပွား ဗုဒ္ဓ၀ိဟာရနှင့်အတွင်းက ရုပ်ပွားဆင်းတုတော်
ဆရာကြီး ဦးဂိုအင်ကာ၏ ထိုဓမ္မဂီရိကမ္မဋ္ဌာန်းဌာနအတွင်း လေ့လာပြီး အိဂပူရိ မြို့ပြင်ဘက်က စားသောက်ဆိုင် ကောင်းကောင်း တစ်ခုမှာ စာရေးသူတို့ သူငယ်ချင်းတစ်စုကို ဒကာကြီး ဦးကျော်ဆွေက နေ့ဆွမ်းကပ်သည်။ ထိုစားသောက်ဆိုင်မှ ကီလိုမီတာ ၂၀ လောက် ကားဖြင့် သွားလိုက်သော အခါ Nasik နာဆစ်မြို့အ၀င်က ဗုဒ္ဓ၀ိဟာရ တစ်ခုသို့ ရောက်သည်။ အိဂပူရိ (Igapuri) နှင့် နာဆစ်ခ် (Nasik) မြို့တို့သည် ပူနေးမြို့ကဲ့သို့ တောင်ပေါ်မြို့များဖြစ်သည်၊ ဘုံဘေမှ တောတောင်တွေကို ဖြတ်ကျော်ပြီး မောင်းရသည်။ နာဆစ်ခ် Nasik ကို တချို့နေရာတွေမှာ နာရှစ်ခ် Nashik ဟု တွေ့ရသည်။ Nasik or Nashik နှစ်မျိုးလုံး မှတ်လေ။
ဗုဒ္ဓ၀ိဟာရ
ဗုဒ္ဓ၀ိဟာသည် ဆန်ချီ စေတီပုံသဏ္ဌာန် တည်ထားပြီး အတွင်းမှာ လှိုဏ်ခေါင်းအသွင်ဖန်တီထားပြီး ရုပ်ပွား ဆင်းတုတော်အကြီး တစ်ဆူပဲ ကိုးကွယ်ထားသည်။ ပဏ္ဍုလီန (pundulena) တောင်ခြေတွင်ရှိသည်။ ပန်းခြံပါ တွဲထားသဖြင့် သာယာသည်။ တောတောင်သည်လည်း သစ်ပင်တောရိပ်တို့ဖြင့် ထူထပ် လှပသည်။ ထိုဗုဒ္ဓ၀ိဟာရစေတီတော်ကြီး ၀န်းအတွင်းမှာ ဒေါက်တာအမ်ဘေဒကာ နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ပုံပါ ကြော်ငြာစာတမ်းကိုလဲ တွေ့ရသည်။ ဒေါက်တာအမ်ဘေဒကာ၏ တပည့်များကို တည်ထားကိုးကွယ်ထားသည်ဟု ဆိုနိုင်သည်။
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ပဏ္ဍ၀တောင်မှ ဂူတန်းများနှင့်အမှတ်တရ
ပဏ္ဍုလီန (pundulena)
ထိုနေရာကနေ တောင်ပေါ်သို့ မိနစ် ၂၀ နီးပါးလောက် တက်လိုက်လျှင် အလွန်လှပသည့် ပဏ္ဍုလီန (pundulena) ခေါ် ပဏ္ဍ၀ (pandava) လှိုဏ်ဂူအတန်းကြီးကို လှပစွာ တွေ့ရမည်။ ၀င်ကြေးကတော့ နိုင်ငံခြားသား ရူပီး ၁၀၀ ပေးရသည်၊ စာရေးသူတို့က ကျောင်းသားဖြစ်၍ Local ကြေး ၅ ရူပီးပဲ ပေးဆောင်ရသည်။ ထိုလှိုဏ်ဂူပေါင်း ၂၄ ခုသည် ဗုဒ္ဓဘာသာ ဂူများဖြစ်ကြသည်။ ဂူတန်းများ၏ သက်တန်းသည် လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်ကဟု ဆိုထားသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ရဟန်းတော်များ သတင်းသုံးသွားသည့် ဂူများဖြစ်ဟန်တူသည်။ တချိန်က သူလဲ ဓမ္မဂီရိတောင်ဟု ခေါ်ဆိုနိုင်ခဲ့သည့် နေရာဖြစ်သည်။ သူတော်ကောင်းတွေ စခန်းချရာ နေရာဖြစ်သော တောင်ဖြစ်၍ ဓမ္မဂီရိတောင်ဟု ခေါ်ဆိုရမည်။
ထိုဂူများကို ဂျိန်းဘုရင်က First Century BC နှင့် Second Century AD အကြားလောက် တည်ဆောက်ထားသည် ဟု သမိုင်းအရ သိရသည်။ နံပါတ် ၃ နှင့် နံပါတ် ၁၀ ဂူများကတော့ အကောင်းဆုံးဖြစ်သည်။ ၀ိဟာရ-ကျောင်းအသွင်ဖြစ်သည်။ ကျောက်နံရံထွင်း ရုပ်လုံးရုပ်ကြွများဖြင့် ဟိုဘက်ဒီဘက် နံရံများ မျက်နှာချင်းဆိုင်ထားသည်၊ ထိုဂူများသည် ဘုံဘေနှင့် ပူနေးမြို့ အကြားက လောဏ၀န (Lonavala.) အနီးက ကာလ လိုဏ်ဂူ (Karla Cave) ရှေးကျသလောက် ဖြစ်ဟန်တူသည်ဟု သမိုင်းကဆိုထားသည်။ တချို့ဂူထဲမှာတော့ ဘုရားလောင်းရုပ်ထု၊ ဂျိန်း Teerthankara Vrishabhdeo, Veer Manibhadraji, Ambikadeve စတဲ့ ရုပ်ကြွတွေကို ကျောက်နံရံမှာပဲ အလွန်ကျွမ်းကျင်စွာ ထွင်းထုလုပ်ထားသည်ကို တွေ့ရသည်။
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ကျောက်နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်များ
ဂူတွေထဲက ဘုရားရုပ်ထုတွေကို ကြည့်ပြီး အတွေးတစ်ခု ၀င်လာသည်၊ မြန်မာပြည်က ခေတ်အဆက်ဆက်က ဘုရားများသည် များသောအားဖြင့် တင်ပလ္လင်ခွေထိုင် ပုံများသာရှိသည်၊ ခြေနှစ်ချောင်း အောက်ချသည့် ပုံမျိုးက အလွန်ရှားသည်၊ သို့သော်လဲ မြန်မာပြည်မှာ တစ်ဆူတည်းသာရှိသော ခြေနှစ်ချောင်းချ၊ လက်နှစ်ဖက်ချ ရုပ်ပွားဆင်းတုတော်ကိုကား ကျိုက်မရောမြို့က ဆုတောင်းပြည့်ဘုရားကြီး ဖြစ်သည်။ ထိုဘုရား၏ သမိုင်းအရ မြန်မာသက္ကရာဇ် ၆၈၀ နှစ်က အတ္ထရံမြစ်ရေလွမ်းပြီး ဘုရားများစွာ မျောပါလာသည့်အထဲက ခြေနှစ်ချောင်းချ ရုပ်ပွားတော်သည် ယခုဘုရားတည်ရာ ကုန်းမြင့်ပေါ်တွင် တင်ကျန်ခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သော အနှစ် ၇၀၀ နီးပါးက ဆိုတော့ကား အိန္ဒိယပင်လယ်ဘက်က မျှောပါလာတာပဲ ဖြစ်နိုင်သည်။
ကျောက်နံရံထွင်း လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်နှင့် အမှတ်တရ
အိန္ဒိယနိုင်ငံမှာရှိ လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်သက်တမ်းရှိ လှိုဏ်ဂူထဲက ဘုရားရုပ်ပွားဆင်းတုတော် အများစုက ခြေနှစ်ဖက်ချ အသွင် များသည်။ စာရေးသူထင်သည်၊ အိန္ဒိယလူမျိုးတွေက ဘောင်းဘီအရှည်ဝတ်ကြတာ များသည်၊ ဘောင်းဘီရှည်ဝတ်ထားသူသည် တင်ပလ္လင်ခွေ ထိုင်ဘို့ အလွန်ခက်ခဲသည်၊ ခြေတောက် နှစ်ဖက် အောက်ချ၍ ထိုင်မှသာ သက်သောင့်သက်သာ ရှိမည်။ လွန်ခဲ့သည့် အနှစ် ၂၀၀၀ က ဘယ်လို အ၀တ်စားမျိုးဝတ်သည်မသိ၊ ဘောင်းဘီအရှည်တော့ မဟုတ်လောက်ဘူးထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပုဆိုးကွင်း အ၀တ်များသဖြင့် တင်ပလ္လင်ခွေ ထိုင်ဘို့ အဆင်ပြေသည်။ ဘယ်အကြောင်းကြောင့် ဘုရားဆင်းတုတော်တွေကို ဤကဲ့သို့ ကွဲပြားနေသလဲဆိုတာ မသိပေမဲ့ ဘုရားရှင်ကတော့ ဣရိယာပုထ် မျှတစွာ ထိုင်မည်ဖြစ်ရာ ယနေ့ခေတ်နဲ့ တွေးကြည့်က ကုလားထိုင်ပေါ်ကနေ ခြေချ ထိုင်တာမျိုးလဲ ရှိနိုင်မည်။
တချို့ ၀ိဟာရ-ကျောင်းအသွင်ဂူများသည် ပေ ၄၀ ပတ်လည်ဝန်းကျင် ရှိသည်၊ ဘုရားခန်းနှင့် နားနေခန်းများ ပါသည်။ ကျောက်တောင်ကြီးကို ထွင်းထားသည့် လှိုဏ်ဖြစ်ပေမဲ့ အတွင်းထဲမှာတော့ ယခုခေတ် လေးထောင့် (square) အဆောက်အဦးမျိုးဖြစ်သည်။ Ajanta အဂျင်တာ Ellora အလိုရာ လှိုဏ်ဂူတန်းတွေလောက် မကြီးကျယ်ပေမဲ့ သူ့နေရာနဲ့ သူ့တောင်တန်းမှာတော့ ပံနာရနေသည်။ အဂျင်တာ အလိုရာ တို့နှင့် တစ်ခေတ်တည်း ဖြစ်သည်။ အိန္ဒိယပြည်နယ်၏ ရှေးဟောင်းလေ့လာစရာ ဌာန (archaeological site) တစ်ခု ဖြစ်သလို archaeology လေ့လာသူများအတွက် နေရာကောင်းတစ်ခု ဖြစ်သည်။
ပဏ္ဍ၀တောင်ပေါ်မှ နာဆစ်ခ်မြို့ရှုခင်းနှင့် ပဏ္ဍ၀တောင်ဂူတန်းများ သမိုင်းဆိုင်းဘုတ်
ထိုဂူတန်းများကို လေ့လာခြင်းအားဖြင့် တချိန်က ဗုဒ္ဓဘာသာ ခိုင်ခိုင်ခံ့ခံ့ ဤနေရာမှာ ထွန်းကားခဲ့ကြောင်း၊ ယနေ့ဗုဒ္ဓဘာသာသည် ဒဏ္ဍာရီမဟုတ်ကြောင်း ခိုင်မာသော သမိုင်းသက်သေများနှင့် ထိုခေတ်က ပန်းချီ ပန်းပု ကျွမ်းကျင်သည့် အနုပညာရှင်များ ထွန်းကားခဲ့ကြောင်းများကို ဤတောင်တန်းရှိ ဂူတန်းများက ပြောပြနေသည်။
ထိုတောင်ပေါ်က ကြည့်လိုက်ရင်တော့ ၈ ကီလိုမီတာလောက် ဝေးတဲ့ နာဆစ်ခ် (Nasik) မြို့ကို လှပစွာ မြင်ရသည်။ တောင်ခြေက ဗုဒ္ဓ၀ိဟာရကျောင်းကိုလဲ အပေါ်စီးမှ မြင်ရသဖြင့် လှပသည်။ ထို့ကြောင့် အိဂပူရိကို ရောက်လျှင်တော့ ထိုတောင်တန်းက ဂူတန်းများကို လေ့လာသင့်ကြောင်း စကားလက်ဆောင်ပါးလိုက်ပါသည်။
ကင်မရာပိုး
စာရေးသူလဲ ကင်မရာပိုး (Camera-crazy) ရှိနေသည်၊ ငယ်ငယ်ကထဲက ရှိစုမဲ့စုတွေ ထုခွဲပြီး ကင်မရာအစုတ်ကလေးဖြင့် မှတ်တမ်းတင်လေ့ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်တော့ ထိုကင်မရာပိုးက ပိုထလာသည်။ ဆရာတော်ကြီးကိုယ်တိုင်ကလဲ ကင်မရာပိုးရှိနေသည်။ ခေတ်အမျိုးမျိုး တိုးတက်လာတာနဲ့ ကင်မရာကိုလဲ update ဖြစ်အောင် ကိုင်လေ့ရှိသည်။ ဆရာတော်ကြီး၏ လက်ထဲမှာ အမြဲတန်းရှိနေသည်ကား Latest Model ပဲ။ စာရေးသူတို့ စရောက်ခါစက သူ၏မွေးနေ့ပွဲမှာတောင် ကင်မရာ အကောင်းစားတွေ မဲထည့်ဖောက်လေ့ရှိသည်။ သူ့နား နေသည့်တပည့်များလဲ ကင်မရာ မရှားပေ။ ဆရာတော်၏လက်ကျ ရတဲ့သည်၊ တခါတရံ စိတ်ကူးပေါက်သည့်အခါ ကင်မရာဝယ်ပြီး တပည့်တွေအား လှူလေ့ရှိသည်။ စာရေးသူလဲ ကင်မရာအစုတ်ကလေးကနေ အခုတော့ ဆရာလက်ကျ ကင်မရာအကောင်းစားလေးနဲ့ ယားယား ဖြစ်နေသည်။
အငမ်းမရ မှတ်တမ်းတင်နေသည့် သီတဂူစတား (ဓာတ်ပုံ-ဦးကျော်ဆွေ)
ဆရာတော်က ကင်မရာပိုးရှိရုံတင်မဟုတ်ဘူး အနုပညာပိုးပါ ရှိနေသည်။ ကမ္ဘာပတ်ပြီး ရောက်လေရာအရပ်မှာ ရှေးဟောင်းလက်ရာများကို မြတ်မြတ်နိုးနိုး သူကိုယ်တိုင် ကင်မရာဖြင့် မှတ်တမ်းတင်သလို ကင်မရာပညာရှင်များကိုလဲ မှတ်တမ်းတင်စေသည်။ ထို့ကြောင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ကျောင်းများ အထူးသဖြင့် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးက ဆရာတော်ကြီး အနုပညာပိုးရှိကြောင်း ပြနေသည်။ အနုစိတ်လက်ရာများဖြင့် တန်ဆာ ဆင်ထားသည်။ ထိုမှတ်တမ်းတင်တဲ့ ကင်မရာပိုးကြောင့် ဆရာတော်အထံမှာ အလွန်ဖိုးတန်သည့် မှတ်တမ်းဓာတ်ပုံများ ကျန်နေသည်၊ အခါအခွင့်သင့်ရင် ဓာတ်ပုံပြပွဲများ လုပ်တတ်သည်။ တက္ကသိုလ်အတွင်းမှာလဲ ဓာတ်ပုံများစုစည်းရာ Photo Gallery ဆိုတာရှိသည်။ တစ်ခါက ဆရာတော်က ပြောဖူးတယ် ‘‘ ငါရှာဖွေလို့ရလာတဲ့ ကျောင်းဆောင်တွေက သံဃာအတွက်၊ သံဃိကပစ္စည်းတွေပါ၊ ငါပိုင်တာ တစ်ခုပဲရှိတယ်၊ အဲဒါကတော့ ကင်မရာပဲ’’။ ဆရာတော်ကြီးကိုယ်တိုင် စီမံထားသော အဆောက်ဦးများကို လေ့လာသောအားဖြင့် ဆရာတော်ကြီးမှာ အနုပညာပိုးရှိနေသည်ဆိုတာ သိနိုင်သည်။
ဆရာတော်ကြီးအနား နေသော စာရေးသူလဲ တဖြည်းဖြည်းနဲ့ ကင်မရာပိုးပါမက အနုပညာပိုးပါ ကူးစက်ဝင်လာသည်၊ ရှေးဟောင်းနေရာတွေကို စိတ်ဝင်စားတတ်လာသည်။ ရှေးဟောင်းတွေကို မြတ်နိုးတတ်လာသည်။ ရောက်လေရာရာမှာ ကင်မရာတစ်လုံးနဲ့ မှတ်တမ်းတင်တဲ့ အလေ့ရှိလာသည်အတွက် ဓာတ်ပုံအမြောက်အမြား စုမိဆောင်းမိသည်။ ကင်မရာဆိုင်ရောက်ရင်တော့ ၀ယ်နိုင်သည်ဖြစ်စေ မ၀ယ်နိုင်သည်ဖြစ်စေ ကင်မရာဆိုင်မှာ ကင်မရာကောင်းကောင်းကို အငမ်းမရ ရှာကြည့်တတ်သည်။ ကင်မရာပိုးပဲ ဖြစ်ဖြစ် အနုပညာပိုးပဲ ဖြစ်ဖြစ် ၂ ခုလုံးက ဆက်စပ်နေသည်၊ ကောင်းသော အကျိုးရှိသော ပိုးဖြစ်သည့်အတွက် မွေးမြူထားလေ။
လှိုဏ်ဂူအတွင်းက ပုံစံငယ်စေတီ (ကင်မရာ-ဒကာကျော်ဆွေ)
ဆက်လက်လေ့လာမည့် ဘုံဘေမှ ကီလိုမီတာ ၄၂၀ လောက် ဝေးသည့် Ajanta အဂျင်တာ Ellora အလိုရာ လှိုဏ်ဂူတန်းတွေ အကြောင်း အပိုင်း (၃) တွင် ဆက်လက် ဖော်ပြဖို့ရှိသည်။
ခရီးစဉ်အတွက် စပွန်ဆာ (အလှူ) ပေးသော ဒကာ ဦးကျော်ဆွေအား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၀-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
0 comments:
Post a Comment