စာမိတ်ဆက်
တရားရှိရာတောတောင်တန်း(ဓမ္မဂီရိ)များကို အမှတ်တရ သွားရောက်လေ့လာရာတွင် ဒီတစ်ပတ်တော့ အဂျင်တာ (Ajanta)နှင့်အလိုရာ (Ellora) ခရီး မှတ်တမ်းအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။ တစ်နေ့က ကလေးမလေးတစ်ယောက်က မေးတယ် ‘‘ဘုန်းဘုန်းကလဲ ကျောင်းဟောင်းတွေ ဂူဟောင်းတွေပဲ သွားလည်နေတယ်’’တဲ့။ သူပြောတာလဲ မှန်တော့မှန်နေသားပဲ။ ဟုတ်နေတာပဲလေ အဟောင်းတွေကိုပဲ သွားရောက် လေ့လာနေတာ။ ပြောပြလိုက်ပါတယ် ‘‘ဘုန်းကြီးပဲလေဟာ၊ လှော်ကားဥယျာဉ် အင်ယားကန်တို့လိုနေရာတွေမှာ သွားလေ့လာလို့ ဘယ်သင့်မလဲ၊ ရှေးနှစ်များစွာက ကိုယ်နဲ့ ဘ၀တူတွေ ဘယ်လို ဘယ်ပုံ နေခဲ့ကြသလဲဆိုတာရယ်၊ သူတို့တတွေ သာသနာကို ဘယ်လောက်အထိ အလုပ် လုပ်နိုင်ခဲ့ကြသလဲဆိုတာရယ်၊ ပြီးတော့ ရှေးက လူနေမှုစနစ်တွေကို သွားလေ့လာရတာပေါ့ဟ’’လို့။ အော်-ဟုတ်မှာပဲ ရှေးဟောင်းအနုပညာကို မခံစားတတ်သေးတော့၊ ကိုယ်လဲ ခံစားတတ်သေးတာတော့ မဟုတ်ပေမဲ့ တန်ဖိုးတော့ ထားတတ်လာတယ်။ တကယ်တော့ ထိုကျောင်းဟောင်း ဂူဟောင်း ပန်းချီ ပန်းပုစတဲ့ အနုပညာတွေက အဲဒီခေတ်က လူနေမှုဘ၀ကို ပြောပြနေသည်၊ ထိုခေတ်ရှိခဲ့လို့လဲ ယနေ့ခေတ်ဆိုတာရှိလာရသည်။
အသွားခရီးလမ်းခုလပ်မှာ နေ့ဆွမ်းစားသည် စားသောက်ဆိုင်
စာရေးသူက ခရီးစဉ်အတွက် စပွန်ဆာပေးသူ ဒကာကြီးဦးကျော်ဆွေ ကောင်းမှုဖြင့် ရှေးနှစ်များစွာက ဗုဒ္ဓသာသနာ့မှတ်တိုင်များကို လေ့လာခွင့်ရခဲ့သည်။ ရှေးနှစ်ထောင်ချီက လူနေမှုဘ၀ကို ပြောပြနေသော ရှေးဟောင်း အနုပညာများကိုလေ့လာခွင့်ရသည်။ စာရေးသူသွားသမျှ မြင်တွေ့လာသမျှ မှတ်လာသမျှ အတွေ့ကြုံများကို ထိုဒေသသို့ မရောက်ဖူးသေးသူများအတွက် ဗဟုသုတဖြစ်ဖို့ရော စာရေးသူအတွက် မှတ်တမ်းကျန်ဖို့ပါ ဤခရီးသွားမှတ်တမ်းကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
မြင်းခွာသဏ္ဌာန်ရှိ ဂူတန်း ဆိုင်းဘုတ်
အဂျင်တာနှင့်အလိုရာသို့ လမ်းခရီး
အဂျင်တာလို့ပြောလိုက်ရင် အလိုရာပါ တွဲပြီး ‘‘အဂျင်တာအလိုရာ’’ဟု ခေါ်လေ့ရှိကြသည်၊ တကယ်တော့ အဂျင်တာနှင့်အလိုရာက ကီလိုမီတာ ၁၀၄ ၀န်းကျင်လောက် ဝေးသည်၊ ကားဖြင့် ၂ နာရီလောက်မောင်းရသည်၊ လမ်းခရီးလဲကြမ်းသည်၊ ကြမ်းတယ်ဆိုပေမဲ့ ရွှေပြည်ကြီးက လမ်းတွေထက်တော့ သာသေးသည်။ ဘုံဘေမြို့ စာရေးသူတို့ နေတဲ့ အဆောင်ကနေ (7-10-2011, Friday)မနက် ၇-၃၀ လောက်က စထွက်လာရာ ညနေ ၅ နာရီ ထိုးမှ အလိုရာ (Ellora) လိုဏ်ဂူများသို့ ရောက်သည်။ အဂျင်တာအလိုရာသည် သြရန်ဂဘက် (Aurangbad) မြို့တွင်တည်ရှိသည်၊ မဟာရဋ္ဌပြည်နယ်အတွင်းမှာပဲ ရှိသည်။ ဘုံဘေမြို့မှ ကီလိုမီတာ ၄၅၀ ကျော် အဝေးရှိသည်။ စာအုပ်တွေထဲမှာနှင့် အင်တာနက်မှာ ပြဆိုထားသည် ကီလိုမီတာ တွက်ချက်ထားတာတွေ တစ်ခုနှင့်တစ်ခု မတူညီကြဘဲ မတိကျဖြစ်နေသည်၊ ဒကာကြီးဦးကျော်ဆွေက စာရေးသူတို့သွားသည့် ကားမှာ ပြဆိုထားသည့် ကားသွားနှုံး ကီလိုမီတာနဲ့တွက်ကြည့်လာသဖြင့် တိကျသော ကီလိုမီတာမှာ ၅၁၆ ရှိသည်။
မှတ်ချက်။ ကီလိုမီတာမှာ ၅၁၆သည် ပူနေးဘက်ကနေသွားသည့်လမ်းဖြစ်သည်၊ အပြန်မှာတော့ နာဆစ်ခ် (Nasik) မြို့ကို ဖြတ်လာရသည့် လမ်းတစ်ဖတ်ကနေ ပြန်လာသောအခါ ကီလိုမီတာ ၄၅၁ ရှိသည်။
အိန္ဒိယပြည်ကြီး၏ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ကောင်းမွန်ပါသည်၊ အဝေးပြေးလမ်း (High way) နှစ်မျိုးရှိသည်၊ ၄-လမ်းသွား Local High way နှင့် ၆-လမ်းသွား National High way ဟူသတည်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း နှစ်မျိုးလုံးရှိသည်၊ လမ်းခရီးတစ်လောက်လုံး ဘုံဘေ-ပူနေး လမ်းခွဲကနေသွားသည့်လမ်းသည် အလွန်ကောင်းမွန်သည်။ အလိုရာကနေ အဂျင်တာ သွားသည့် ကီလိုမီတာ ၁၀၀ ၀န်းကျင်မျှရှိခရီးသည်သာ လမ်းအနဲငယ်ကြမ်းသည်။ စာရေးသူလဲ လမ်းခရီးတလျှောက် အဝေးပြေးလမ်းတွေ ကြည့်ရင်း စိတ်ကူးမိသည်၊ ကိုယ့်ပြည်ကြီးလဲ ဒီလိုလမ်းတွေ များများစားစား ရှိလာလျှင်ဆိုတဲ့ အတွေးက ၀င်လာသည်။ ဒီလောက် လူဦးရေများပြားပြီး လူနေမှုစနစ်အနိမ့်အမြင့် များလှ သည့် နိုင်ငံလိုမှာတောင် ဒီလောက် လမ်းကောင်းသည့် အဝေးပြေလမ်းတွေ အမြောက်အမြားရှိနေရင်-- ဆိုတဲ့ အတွေးတွေ တစ်ခုပြီးတစ်ခု စိတ်ကူးယဉ်မိသည်။ တောရွာဘက်က ဖြတ်သွားရတဲ့ တောလမ်းတွေမှာတော့ လမ်းသိပ်မကောင်းပေမဲ့ ထိုလမ်းသည်ပင် ကိုယ့်ပြည်ကြီးထက်တော့ သာနေသေးသည်။
စာရေးသူတို့အဖွဲ့အား ပြုစုစောင့်ရှောက်သည့် ဒကာ ဦးကျော်ဆွေနှင့်အမှတ်တရ
စာရေးသူတို့ ၄ပါးနှင့် ဒကာကြီးဦးကျော်ဆွေတို့ အဖွဲ့ အဆောင်မှ မနက် ၇-၃၀ လောက် စထွက်သည်၊ ပူနေးမြို့သွားသည့် High way လမ်းအတိုင်း သွားရာ လမ်းခုလပ်မှာ ဒကာကြီး ဦးကျော်ဆွေက မနက်စာ ကပ်သည်။ ပူနေးမြို့ မရောက်မီ လမ်းခုလက်မှာပဲ သြရန်ဂဘက် (Aurangbad) မြို့သို့သွားသည့် လမ်းခွဲမှဆက်သွားရာ နေ့လည် ၁၁-၃၀ လောက်မှာ Hotel Rajyog မှာ ဒကာကြီး ဦးကျော်ဆွေက နေဆွမ်းကပ်သည်။ နောက်ထက် လမ်းခုလက်မှာ ၂ ခါလောက် ဆိုင်မှာ အအေးဝင်သောက်ရင်း အနားယူခြင်းများ ပြုလုပ်သည်မှအပ တောက်လျှောက် သြရန်ဂဘက် (Aurangbad) မြို့သို့ မောင်းနှင်သည်။ သြရန်ဂဘက် (Aurangbad) မြို့မှ ကီလိုမီတာ ၃၀ လောက်ဝေးသည့် Ellora Caves ကို ညနေ ၅ နာရီထိုမှ ရောက်သည်။
စာရေးသူသည် ၂၀၀၄ ခုနှစ်က သီတဂူဆရာတော်ကြီးနဲ့ အတူ စာရေးသူတို့ သူငယ်ချင်း ၇ ယောက် ဆရာတော်ကြီး၏ ကျေးဇူးနဲ့ အဂျင်တာ (Ajanta)နှင့် အလိုရာ (Ellora) သို့ ပထမအကြိမ်ရောက်ဖူးသည်၊ သို့သော်လည်း ယခုအခါ လမ်းကြောင်းက ပြောင်းပြန်သွားနေရတာရော နှစ်ကြာသွားတာရော စာရေးသူ မှတ်ဥာဏ်မကောင်းတာတွေကြောင့် အသစ်အဆန်းပြန်ဖြစ်နေသည်။ လမ်းခရီးကို မမှတ်မိ ဖြစ်နေသည်။ နေရာရောက်မှပဲ မှတ်မိနေသည်။
Ellora Caves (အလိုရာ) ဂူများအကြောင်းကို စတင်လေ့လာခဲ့ပေမဲ့ အဂျင်တာ (Ajanta Caves) အကြောင်း အရင် မှတ်တမ်းပြုချင်ပါသည်။
သစ်တောများဖြင့် လှပနေသော ဂူတန်း
အဂျင်တာ (Ajanta Caves)
Ellora Caves (အလိုရာ) ဂူများအကြောင်းကို အလောတကြီးလေ့လာပြီး ညနေ ၆ နာရီသာသာလောက်မှာ ထိုမှ ကီလိုမီတာ ၁၀၃ ၀န်းကျင်လောက် ရှိသည့် အဂျင်တာ (Ajanta Caves) ဘက်သို့သွားခဲ့သည်။ ထို အဂျင်တာ (Ajanta Caves)၏အနီးနားက ၂ မိနစ်ခန့် ကားဖြင့်သွားက ရောက်နိုင်သည့် MTDC တည်းခိုခန်းသို့ ည ၈-၃၀ လောက်ရောက်သည်။ တည်းခိုခန်းလေးက ဈေးသက်သာသည်၊ နှစ်ယောက်ခန်းတစ်ခန်း တစ်ည ရူပီး ၈၀၀ မျှသာရှိသည်၊ AC မဟုတ်ပေမဲ့ ယခုရာသီမှာ သင့်တော်သည့် အနေထားမှာရှိသည်။ (Ajanta Caves) လှိုဏ်ဂူနားမှာတော့ AC ပါသည့် တည်းခိုခန်းရှိသည်၊ တစ်ခန်း ရူပီး ၂၈၀၀ ရှိသည်။ AC ကြိုက်သူများအတွက်တော့ အသင့်ဖြစ်သည်။ ထိုတည်းခိုခန်းလေးက တစ်ညတာမျှ ပန်းသမျှ နွမ်းသမျှတို့ကို ပြေစေသည်။ မနက်အိပ်ယာထ ရေချိုး၊ လမ်းလျှောက်မေတ္တာသုတ်စသည့် ပရိတ်များရွတ်ဖတ်ပြီး ဒကာကြီးဦးကျော်ဆွေက မနက်စာ ဘုန်းပေးရန် လာပင့်၊ မနက်စာစာပြီး ၈-၃၀ လောက်မှာ Ajanta Caves ဘက်သို့ လာခဲ့ကြသည်။ (Ajanta Caves) အဂျင်တာစခန်းသည် အင်တာနက်စာမျက်နှာမှာတော့ မနက် ၉နာရီဖွင့် ည ၅ နာရီးပိတ်၊ တနင်္လာနေ့ တစ်နေကုန်ပိတ်ဟု ရေးထားပေမဲ့ လက်ကမ်းစာအုပ်လေးမှာတော့ မနက် ၆ နာရီဖွင့် ညနေ ၆ နာရီပိတ်၊ တနင်္လာနေ့ တစ်နေကုန်ပိတ်ဟု ရေးထားသည်။
ဝင်ခွင့်လက်မှတ်များစတင်ဝယ်၊ လက်မှတ် ၄ မျိုးဝယ်ရသည်၊ ပထမလက်မှတ်မှာ ဈေးတန်း၊ အိမ်သာ ပန်းခြံများ အသုံးပြုခွင့်လက်မှတ် တစ်ယောက် တစ်စောင် ၁၂ ရူပီး၊ ဂူတန်းများဆီသို့သွားရန် AC Bus ကား အတွက် တစ်ယောက်ကို အသွား တစ်စောင် ၁၂ ရူပီး၊ အပြန်တစ်စောင် ၁၂ ရူပီးနှင့် ဂူတန်းများဝင်ခွင့် ၁၀ ရူပီး။ ထိုဂူတန်းများဝင်ခွင့်မှာ နိုင်ငံခြားသားများအတွက် ၂၅၀ ရူပီးပေးရပေမဲ့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ နီပေါ၊ ဘင်္ဂလာဒေ့ရှိတို့မှာ အိန္ဒိယနိုင်ငံသားများလို ၁၀ မျှသာ ပေးရသည်၊ ပတ်စပို့ပါသွားဖို့လိုအပ်သည်။
အလွန်လက်ရာမြောက်သည့် မျက်နှာပြင်က အနုစိတ်လက်ရာများ
လှိုဏ်ဂူများနှင့်မြင်ကွင်း
ဝင်ပေါက်ကနေ ကားဖြင့် ၁၀ မိနစ်လောက် တောင်ပေါ်တက်လိုက်သောအခါ ၀င်ခွင့်လက်မှတ်ဝယ်ပြီး ခြေလျှင်ဖြင့် ဂူတန်းများစီသို့ သွားနိုင်သည်၊ အသက်ကြီးသူများကတော့ ထမ်းစင်ဖြင့်တက်နိုင်သည်။ ဂူတန်းများသည် အလွန်လှပပါသည်၊ တောတောင် သစ်ပင် စမ်းရေးတို့ဖြင့် အလွန်အေးချမ်းသည့် နေရာဖြစ်သည်။ ယခုအခါ သွားလမ်းများ တံတားများ ပြန်လည်ပြုပြင်ထားသဖြင့် သန့်ရှင်းသပ်ရပ်သည်၊ ဂူတန်းများ၏ သဏ္ဌာန်မှာ မြင်းခွာ (horse-shoe-shape) ပုံဖြစ်သည်။ မျက်နှာပြင်ကို နေထွက်ရာ အရပ်သို့ မျက်နှာ မူထားသဖြင့် အလင်းရောင်ရနေသည်၊ မျက်နှာမူထားသောဘက်တွင် အလွန်မြင့်မားသော တောင်ကြီး ကာရံထားသဖြင့် လေဒဏ်ကို ကာကွယ်ထားသည်။ ထိုတောင်ကြီးနှင့် ဂူတန်းများအကြားတွင် တောင်ပေါ်ကကျ တောင်ကြားမှ စိမ့်ထွက်လာသော ရေကြည်များ တဝေါဝေါ စီးဆင်းလျှက်ရှိသဖြင့် သောက်ရေ သုံးရေအတွက် မပူပင်ရ။ သစ်ပင် သစ်ဥ သစ်ဖု အမျိုးစုံရှိသဖြင့် စားစရာ မပူပင်ရ။ ဤသို့အားဖြင့် အဖတ်ဖတ်က ပြည့်စုံအောင် ဖန်တီးခဲ့သော ရှေးက ရဟန်းများ၏ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဗိသုကာပညာသည် မည်မျှလောက်ရှိမည်ဟု ခန့်မန်းနိုင်သည်။ ဝေ့၀ိုက်နေသဖြင့် တစ်ဖက်ကလည်း စမ်းရေချောင်းများ တဝေါဝေါ ကျနေသော စမ်းရေအသံများ ငှက်သံ တောသံ တောင်သံများဖြင့် အလွန့်အလွန်ကို ပံနာရသည်။ ၀နသညာ တောအတွေ့ တောအထိ တောအသိ ကောင်းကောင်း ရနိုင်သောကြောင့် ကမ္မဋ္ဌာန်းတရားအားထုတ်ဖို့ရန် အလွန်သင့်မြတ်လှသည်။ အိန္ဒိယမှာတော့ အလှပဆုံး ဂူတန်းများဖြစ်သည်။
ဂူကျောင်းများ၏အတွင်းပိုင်းက ပန်းချီ ပန်းပုလက်ရာများ (ကင်မရာ-သီတဂူစတား)
ကင်မရာ-ဒကာဦးကျော်ဆွေ၏ လက်ရာ (အတွင်းပိုင်းမှာ မီးဖွင့်ပြီး ဓာတ်ပုံရိုက်ခွင့်မရှိ၊ မှောင်နေသဖြင့် ဓာတ်ပုံရိုက်ဖို့ ခက်ခဲ)
ဂူတန်းများနှင့်သမိုင်း
အဂျင်တာဂူတန်းများသည် အလွန်ထူထပ်သည့် တောတန်းတောင်တန်းများဖြစ်သည်၊ သြရန်ဂဘက် (Aurangbad) မြို့နဲ့ ကီလိုမီတာ ၁၀၀ ကျော်ဝေးသည်။ အနီးအနား ရပ်ကွက်များ မရှိ လူသူအလွန်ဝေးသော နေရာဖြစ်သည်။ ၁၈၁၉ ခုနှစ်က အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက် တောလိုက်ရင်းက ဒီတောအုပ်ကြီးထဲက လှိုင်ဏ်ဂူတန်းကို ရှာတွေ့သည်ဟု ဆိုတော့ ထိုဂူတန်းများရှာတွေ့ချိန်သည် ယနေ့ နှစ်ပေါင်း ၁၉၂ နှစ်ရှိပြီ။ ထိုဂူများ၏ သက်တမ်းသည် သက်တမ်း ၂ မျိုးပိုင်ဆိုင်ထားသည်။ သမိုင်းတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် သုတေသန လုပ်ထားတာ မတူညီတော့ ကွာဟမှုအနဲငယ်ရှိသည်။ တစ်ချို့က ဒီလှိုဏ်ဂူကြီးကို မဟာယာနဗုဒ္ဓဘာသာ ရဟန်းတော်များက ထွင်းထုထားခဲ့သည်ဟု ဆိုသည်၊ တချို့ကြပြန်တော့ ထေရ၀ါဒရဟန်းတော်များက ပြုလုပ်ခဲ့သည်ဟု ဆိုပြန်သည်၊ ယခုလောလောဆယ် ထိုလှိုဏ်ဂူလမ်းညွှန်ဆိုင်းဘုတ်မှာတော့ ပထမ ထေရ၀ါဒဗုဒ္ဓဘာသာ ရဟန်းတော်များက ဘီစီ (BC) ဒုတိယ ရာစုနှစ်မှ အေဒီ (AD) ပထမ ရာစုအထိ နေသွားခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်း မဟာယာနဗုဒ္ဓဘာသာများ တိုးတက်လာရာက အေဒီ ၅ ရာစုကနေ ၆ ရာစုနှစ်အထိ နေသွားခဲ့သည်ဟု ဆိုသည်။
စေတိယဃရဟ ခေါ် စေတီပါရှိသော ကျောင်း
တချို့ကျောက်ထွင်းရုပ်ထုတွေမှာလဲ မယ်တော်မာယာဒေ၀ီနှင့် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလေး ကျောက်ထွင်းရုပ်များ (ထေရ၀ါဒဟန်)တွေ့ရသလို ဘုရားအလောင်းဟုဆိုသည့် ဘုရင်လိုလို နတ်သားလိုလို ကျောက်ထွင်းရုပ်ကြီး (မဟာယာနဟန်) ကိုလဲ တွေ့ရသည်။ ဆေးရေးပန်ချီအများစုကတော့ မဟာဟာယာန ဟန်များသည်။ ဘယ်ဗုဒ္ဓဘာသာကပဲ နေသွားနေသွား ပြဿနာမဟုတ်၊ ဗုဒ္ဓဘာသာအနေနဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်သည်။
ဂူတန်းများ၏ အမျိုးအစားမှာ မီးတောင်ကျောက်များဖြစ်သဖြင့် မာသည်၊ ခိုင်ခန့်သည်။ ထို့ကြောင့် ထိုဂူတန်းများကို ရဟန်းတော်များနေသည့် သက်တမ်းမှာ ဘီစီ (BC) ဒုတိယ ရာစုနှစ်မှ အေဒီ ၆ ရာစုနှစ်အထိဖြစ်သည်၊ စုပေါင်း နှစ်ပေါင်း ၈၀၀ လူနေ လိုဏ်ဂူများအဖြစ် ရပ်တည်ခဲ့သည်။ ထို အေဒီ ၆ ရာစုမှ ၁၈၁၉ နှစ်အတွင်း ထိုဂူတန်းများ ပျောက်ဆုံးနေသည်၊ လူသူမဲ့ဘ၀ဖြင့် နှစ်ပေါင်း ၁၁၁၈ ရပ်တည်နေခဲ့သည်။ ထို့ကြောင့် ထိုဂူတန်းမျာ၏ လူနေမှုနောက်ပိုင်း သက်တမ်းမှာ နှစ်ပေါင်း ၁၄၁၁ ရှိနေပြီ။ စတင်နေချိန်ကနေ ယနေ့အထိ ထိုဂူတန်းများ၏ သက်တမ်းမှာ နှစ်ပေါင်း ၁၈၁၁ ရှိနေပြီဖြစ်သည်။
မဟာပရိနိဗ္ဗာန်အခန်းပါသော ဂူကျောင်းဆောင်
ဂူပေါင်း ၃၀
ထိုဂူတန်းများတွင် ကျောက်ထွင်း ဂူပေါင်း ၃၀ ရှိသည်၊ ဂူနံပါတ် ၉,၁၀,၁၉, ၂၆,၂၉ ငါးလုံးတို့သည် အတွင်းမှာ စေတီပါရှိသည်၊ တချို့မှာ စေတီသက်သက်၊ တချို့မှာတော့ ရပ်တော်မူ၊ ထိုင်တော်မူ ရုပ်ပွားတော်ကပ်လျက်ပါသည့် စေတီရှိသည်၊ ထိုကြောင့် ထိုဂူများကို စေတိယဃရဟ ဟု ခေါ်သည်။ ကျန်ဂူများမှာ ရဟန်းတော်များ သတင်းသုံးသည့် ဂူများဖြစ်သဖြင့် ၀ိဟာရဟုခေါ်သည်။ ဂူနံပါတ် ၁, ၉,၁၀,၁၆,၁၇ ဂူတို့မှာ ဘုရားရှင်၏ ဘ၀ဖြစ်စဉ် ပန်းချီများဖြင့် တန်ဆာဆင်ထားသည်။ နံပါတ် ၂၆ ဂူမှာတော့ ဘုရားရှင် မဟာပရိနိဗ္ဗာန အခန်းကို ပြထားသည်၊ နံရံကပ်ပဲ ဖြစ်သည်၊ အလည်ဗဟိုလ်တိုင်းမှာတော့ ခြေနှစ်ဖက်ချက် ထိုင်တော်မူ ရုပ်ပွားတော်အကြီး တစ်ဆူပါမြဲဖြစ်သည်။ တချို့နေရာတွေမှာတော့ တင်ပလ္လင်ခွေထိုင်ရုပ်ပွားကိုလဲ တွေ့ရသည်။ ယနေ့ခေတ် မြန်မာနိုင်ငံက ဘုန်းတော်ကြီးကျောင်းများအတွင်း ကျောင်းဦးကျောင်းထိပ်မှာ ဘုရားခန်းပါရှိသလို။
တစ်ခုသော ဂူမှာ မပြီးသေဘဲ လုပ်နေဆဲ ဖြစ်နေသည်၊ အောက်ကြမ်းပြင်မှာ အဖုအထစ်များတို့ဖြင့် ၀င်ထွက်ဖို့ အစဉ်မပြေနိုင်၊ ဖြစ်နိုင်ခြေမှာ ထိုဂူကို တူးနေဆဲ အချိန်မှာပဲ ရဟန်းတော်များ အန္တရာယ်တစ်ခုခုနှင့် ကြုံဖွယ်ရှိသည်၊ မပြီးသေးဘဲ ထွက်ပြေးရသည့်ဟန် ဖြစ်နေသည်။
မပြီးမပြတ်သေးဘဲ လုပ်လက်စဖြင့် ထားရစ်ခဲ့သော ဂူကျောင်းဆောင်
စိတ်ဝင်းစားစရာ
အိန္ဒိယမှာ ရှေးဟောင်းသုတေသနပညာရှင်များ စိတ်ဝင်းစားစရာ အကောင်းဆုံး နေရာဖြစ်သည်၊ အလွန်ကြီးကျယ်သော ကျောက်တောင်စောင်းကြီးကို ကျောင်းတော်ကြီးဖြစ်အောင် ထွင်းထုကြသည့် ရဟန်းတော်များ၏ ဇွဲ လုလ္လ ၀ီရိယတို့သည် အလွန်အံ့သြစရာပင်၊ ထိုခေတ်က ခေတ်မီသော လက်နက်ပစ္စည်းများမပါဘဲ ဤမျှလောက်ကြီးကျယ်သော ပေ ၄၀ ၀န်းကျင် ပတ်လည်ရှိသော ကျောက်တောင်ကြီးကို တူးနိုင်သည်မှာ မည်သူမျှ မအံ့သြဘဲ မနေနိုင်၊ ဂူတစ်လုံးဖြစ်ဖို့ကို နှစ်များစွာ အချိန်ပေးရလိမ့်မည်။ ထိုဂူများအတွင်းမှာ ကျောက်နံရံထွင်း ရုပ်ပွားတော်များ၊ ဘုရားအလောင်းပုံများ၊ ဘုရားဖြစ်တော်စဉ် ဇာတ်တော်များကလဲ ရှေးရဟန်းတော်များ၏ ပန်းပု ပန်းတမော့ ပညာသည် အံ့မခန်းဖြစ်ခဲ့သည်။ အထက်မျက်နှာကြပ်နှင့် ဘေးပတ်ပတ်လည်မှာ ရေးဆွဲထားသည် ဘုရားဖြစ်တော်စဉ် ဆေးရေးပန်းချီများကို ကြည့်ခြင်းအားဖြင့် ရှေးဟန်းတော်များ ပန်းချီအနုပညာနှင့် နှစ်ပေါင်း ထောင်ချီခံနိုင်ရည်ရှိအောင် ဆေးဖော်စပ်သည့် ဓာတုဗေဒပညာရပ်တွေကလဲ အံ့မခန်းပင်ဖြစ်သည်။ လိုဏ်ဂူများဆိုပေမဲ့ မြန်မာပြည်ရှိ လှိုဏ်ဂူများလို ကျဉ်းကျဉ်းလေးနဲ့ ရှေလျားသည့် ဂူမျိုးကား မဟုတ်၊ အတွင်းပိုင်းမှာ လေးထောင့်အသွင် လူနေကျောင်းပုံဖြစ်သည်။ တချို့ဂူကျောင်းတွေမှာ တစ်ယောက်စာ အိပ်ယာအခန်းတွေပါ ပါရှိသည်။ ပွတ်တိုင်လုံးကြီးများကဲ့သို့ တိုင်လုံးကြီးများ၊ အထက်အောက် အနိမ့်အမြင့်များနှင့် မျက်နှာပြင် ရုပ်လုံးရုပ်ကြွများဖြင့် ဒီဇိုင်းတို့ကို ကြည့်သော အခါ ထိုခေတ် ရဟန်းတော်များ၏ ဗိသုကာပညာသည် အံ့သြထောမနာလောက်အောင် ဖြစ်ရသည်။ မြေနေရာ ရွေးချယ်မှုမှာလဲ အလွန်တော်သည်ဖြစ်ရာကား ဘူမိဘေဒပညာ ပထ၀ီပညာရပ်တွေမှာလဲ အလွန်ကျွမ်းကျင်ပုံရသည်။
စာရေးသူတို့အဖွဲ့ နေပူကျဲကျဲမှာ ၂ နာရီကျော်ကြာ လေ့လာပြီး အောက်ဆင်းခဲ့ကြသည်၊ စားသောက်ဆိုင်မှာ ဒကာကြီး ဦးကျော်ဆွေက နေ့ဆွမ်းကပ်သည်။ တကယ်ဆို ထိုလိုဏ်ဂူများဝန်းကျင်မှာလဲ လေ့လာစရာ အမြောက်အမြားကျန်နေသေးသည်၊ အချိန်များစွာယူပြီး လေ့လာပါမှ အဆင်ပြေမည်။ စာရေးသူတို့အဖွဲ့လဲ အပြန်ခရီးကား အလွန်ဝေးသဖြင့် အချိန်ကား မရ၊ ထို့ကြောင့် စားသောက်ဆိုင်မှာ စားသောက်ပြီး၊ နေ့လည် ၁၂-၃၀ လောက်မှာ ပြန်လာခဲ့ကြသည်၊ အပြန်လမ်းမှာတော့ အလာလမ်းတိုင်းမဟုတ်ဘဲ ကီလိုမီတာ ၇၀ လောက် သက်သာသောကြောင့် နာဆစ်ခ် (Nasik) မြို့ဘက်သွားသည့်လမ်းခရီးကနေ ပြန်ခဲ့ကြသည်၊ တောလမ်းတွေ ပါနေသဖြင့် ခရီးတိုသော်လဲ လမ်းကား ကြမ်းသည်၊ National High way လမ်း ရောက်ဖို့ တော်တော် အချိန်ပေးရသည်။ အဆောင်ကို ည- ၁၀-၃၀ မှ ပြန်ရောက်သည်။
တောင်ခြေက စားသောက်ဆိုင်မှာ ဒကာဦးကျော်ဆွေ ဆွမ်းကပ်
အခွင့်သာရင်တော့ ဓမ္မဂီရသို့ ခရီး အပိုင်း (၄) မှာ အလိုရာ (Ellora) လိုဏ်ဂူများအကြောင်းကို ဆက်လက်ဖော်ပြပေးပါဦးမည်။
ခရီးစဉ်တလျှောက် အစအစအရာအရာ ပြုစုစောင့်ရှောက်သော ဒကာကြီး ဦးကျော်ဆွေအား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၀-၂၀၁၁
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment