Tuesday, October 18, 2011
sitagustar
No comments
စာမိတ်ဆက်
ဘုန်းဘုန်းပြောပြလို့ စာရေးချင်စိတ်ဖြစ်လာတာ၊ ဒါပေမယ့်မရေးတတ်တော့ ဘာရေးရမှန်းမသိဘူး၊
စာပေ ၃မျိုး ပို့စ်ထဲက ဘုန်းဘုန်းရဲ့(comment)ကို ဖတ်ပြီးဘုန်းဘုန်းရဲ့ မေတ္တာနဲ့စေတနာကြောင့် ရေးဖြစ်သွားတာ။ စာဖတ်ရတာလွယ်သလောက် စာရေးရတာခက်တယ်နော်၊ ဘယ်အရာမဆိုကိုယ်တိုင်လုပ်ကြည့်မှ သိတယ်။ ဘုန်းဘုန်းဦးဒေ၀ိန် (အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ)ရဲ့ ကျေးဇူးတရားတွေကို အမှတ်ရပြီး ကိုယ့်ကိုယ်ကို ဆုံးမတဲ့အနေနဲ့ ရေးကြည့်တာပါ။ စာမရေးတတ်ပါဘူး။ တစ်ခါမှလည်းမရေးဖူးဘူး။ ဘယ်အလုပ်မဆို လုပ်ကိုင်ချင်စိတ်ရယ် ကျွမ်းကျင်မှုရယ် လုပ်ကိုင်နေကျဆိုရင်လွယ်ကူသွားပါပြီ။ ဒါတွေအားလုံး စာဖတ်သူအားလုံး သိပြီးသားတွေများမှာပါ။ သတိပေးသလိုဖြစ်ရင်ကျေနပ်ပါပြီ။ ဘုန်းဘုန်းဦးဒေ၀ိန်ဟောခဲ့တဲ့ တရားကို ဥာဏ်မှီသလောက် ပြန်ရေးလိုက်တာပါ။
ရခဲလှတဲ့လူ့ဘ၀ကိုရခိုက် လူ့အဖိုးတန်လူမြတ်တစ်ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်။ လောကကြီးမှာ လူ့အဖိုးတန်တစ်ယောက်ဖြစ်ဖို့ စွမ်းရည်လေးမျိုးလိုအပ်ပါတယ်တဲ့။
စွမ်းရည်လေးမျိုး
၁။ နားထောင်နိုင်ရမယ်။
၂။ သတ်နိုင်ရမယ်။
၃။ ခံနိုင်ရည်ရှိရမယ်။
၎။ သွားနိုင်ရမယ်။ ထိုလေးမျိုးတွင်--
၁။ နားထောင်နိုင်ရမယ်
ဓမ္မဆိုတဲ့သူတော်ကောင်းတရားကို နားထောင်နိုင်ရမယ်။ နားထောင်ထားတဲ့အတိုင်း လုပ်နိုင်ရမယ်တဲ့၊ ဓမ္မဆိုတဲ့တရားကိုကျင့်သုံးရင် တရားကကိုယ်ကိုပြန်စောင့်ရှောက်ပါတယ်၊ ကိုယ်ရဲ့ကိုယ်စောင့်တရားဟာ ဓမ္မပဲ။ နားထောင်နိုင်စွမ်းမရှိရင် ဘယ်နည်းနဲ့မှ လူ့အဖိုးတန် လူမြတ်တစ်ယောက်မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဓမ္မဆိုတဲ့သူတော်ကောင်းတရားသည် ဘ၀လမ်းညွှန်ပဲ။ ပညာရှိသူတော်ကောင်း ဆရာသမား မိဘတို့ရဲ့ ဆုံးမသြ၀ါဒဟာ ဘ၀လမ်းညွှန်ပဲ။ ပညာရှိသူတော်ကောင်းတို့ရဲ့ စကားကိုနားထောင်လို့ ဒုက္ခ ရောက်တဲ့သူမရှိပါဘူး။ နားမထောင်လို့ ဒုက္ခရောက်ကြတာ။ ဘ၀မှာဘယ်လိုသွားရမယ် ဘယ်လိုလာရမယ် ဘယ်လိုတက်ရမယ် ဘယ်လိုဆင်းရမယ် ဘယ်လိုကွေ့ရမယ်ဆိုတာ သိရှိဖို့ လမ်းညွှန်လိုအပ်ပါတယ်။ အဲဒီလမ်းညွှန်ဟာ မြတ်စွာရှင်ဘုရားဟောကြားခဲ့တဲ့ တရားဓမ္မတွေပါပဲ။ ဓမ္မဆိုတဲ့တရားဟာ အချိန်တိုင်း ပုဂ္ဂိုလ်တိုင်း ဒေသတိုင်းလိုအပ်တယ်။ မလိုအပ်တဲ့အချိန် ပုဂ္ဂိုလ် ဒေသဆိုတာမရှိပါဘူး။ ဒါကြောင့်ဓမ္မဆိုတဲ့ သူတော်ကောင်းတရားကို နားထောင်နိုင်ရမယ်။ နားထောင်မှ အသိတိုးတာ၊ အသိတိုးမှ ဘ၀ချမ်းသာတိုးတက်အောင်လုပ်နိုင်မှာ။ အသိမရှိရင် လောကီလောကုတ္တရာချမ်းသာ တိုးတက်အောင်မလုပ်နိုင်ပါဘူး။ တရားဓမ္မနားထောင်ခြင်းဖြင့် မိမိတို့ရဲ့နားကို အလှဆင်နိုင်ရမယ်။ စိန်နားကပ်ပန်ထားလို့ လောကအနေနဲ့ ထိုက်သလောက်လှပေမယ့် ဒုစရိုက်မျိုးစုံလုပ်နေရင် နားကို အလှဆင်ရာမရောက်ပါဘူး။ စိန်နားကပ်လည်းပန် ဒါန သီလ ဘ၀နာလည်း လုပ်နေရင်တော့ အတိုင်းထက်အလွန်ကောင်းပါတယ်။
အကုသိုလ်က နှစ်မျိုးရှိပါတယ်တဲ့။ ကယကံအကုသိုလ် (ကိုယ်ထိလက်ရောက် လွန်ကျူးတာ)၊ ၀စီကံအကုသိုလ် (နှုတ်နဲ့လွန်ကျူးတာ)။ ဘယ်ဟာအဖြစ်များလဲ ၀စီကံအကုသိုလ်က ပိုပြီးအဖြစ်များပါတယ်။ ပြသနာအစ ပါးစပ်ကတဲ့၊ လျှာတစ်ချောင်း အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။ အသုံးမပြုတတ်တော့ ပြသနာမျိုးစုံဖြစ်နေကြတာ။ ဒါကြောင့် သဘာဝတရားကြီးက နားကို နှစ်ဖက်ပေးထားပြီး ပါးစပ်ကိုတစ်ပေါက်ထဲ ပေးထားတာ။ ဘာအဓိပ္ပာယ်လဲဆိုရင် များများနားထောင် နဲနဲပြောရမယ်တဲ့။
ဓမ္မဆိုတဲ့သူတော်ကောင်းတရားဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဘ၀တသက်တာကာလပတ်လုံး ငြိမ်းချမ်းအောင် ဘယ်လိုနေရမယ်ဆိုတာ ဓမ္မထဲမှာပါ ပါတယ်။ စိတ်ရဲ့သဘာဝက မကောင်း၌မွှေ့လျော်တတ်သည့်အတွက် လွှတ်ထားရင် ပိုဆိုးပါတယ်။ မကောင်းတဲ့အရာကို ပထမချေလှမ်းမစမိဖို့ အရေးကြီးပါတယ်။ ဒီအလုပ် လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ဒီအလုပ်လုပ်လိုက်လို့ မိမိသူတပါးအကျိုးရှိမယ်ဆိုတဲ့ အသိအတွက်ကျတော့ တရား (ဓမ္မ)အဆုံးအမ လိုအပ်ပါတယ်။ တရား ဓမ္မနာကြားခွင့်မရရင် မိမိလျှောက်လှမ်းရမည့် လမ်းမရွေးချယ်တတ်ဘူး။ မေ၇ွးချယ်တတ်ရင် လမ်းမှန်မရောက်နိုင်ပါဘူး။ လမ်းမှန်မရောက်ရင် လူတော်လူမြတ် လူ့အဖိုးတန်တစ်ယောက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နဲနဲပြောပြီးများများနားထောင်နိုင်ရမယ်။ နားထောင်ထားတဲ့အတိုင်း လေ့လာမှတ်သားလိုက်နာကျင့်သုံးရင် လူ့အဖိုးတန်တစ်ယောက်ဖြစ်လာမှာပါ။
၂။ သတ်နိုင်ရမယ်
ကိလေသာတည်းဟူသော ရန်သူအစစ်တွေကို သတ်နိုင်ရမယ်။ ရန်သူဆိုတာနှစ်မျိုးရှိပါတယ်။ မြင်ရတဲ့ရန်သူနဲ့ မမြင်ရတဲ့ရန်သူတဲ့။ မြင်ရတဲ့ရန်သူက ရှောင်လို့ရပေမယ့် မမြင်ရတဲ့ရန်သူက ကိုယ်ကိုတိုင် မမြင်ရသည့်အတွက် မရှောင်နိုင်ပါဘူး။ မြင်ရတဲ့ရန်သူက ဒီတစ်ဘ၀ပဲ ဒုက္ခရောက်အောင် နှိပ်စက်နိုင်ပါတယ်။ မမြင်ရတဲ့ရန်သူဆိုတာ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေပါပဲ။ ဘ၀သံသရာ အဆက်ဆက် ဒုက္ခရောက်အောင် လိုက်နှိပ်စက်နေတဲ့ ကိလေသာရန်သူ အစစ်တွေပါ။ ဒါကြောင့် ကိလေသာမ၀င်စေနဲ့ ၀င်ခဲ့ရင် မိမိကအရင်ဦးအောင်သတ်နိုင်ရမယ်တဲ့။ မိမိတို့ ရရှိထားတဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာ မိမိတို့ပိုင်ဆိုင်တဲ့ရုပ်ခန္ဓာမဟုတ်ပါဘူး။ ဒါကြောင ရုပ်ခန္ဓာပေါ်မှာ တွယ်တာမက်မောနေတဲ့ တဏှာဆန္ဒကို ပယ်စွန့်နိုင်ရမယ်။ ရုပ်ခန္ဓာပေါ်မှာ တွယ်တာနေသည့်အတွက် ငါတည်းဟူသောအတ္တစိတ် လွှမ်းမိုးလာတော့ ကိလေသာတွေဖြစ်လာတာ။ လူနဲ့ တရိစ္ဆှာန် ကွာခြားတာဒီအချက်ပဲ။ တရိစ္ဆာန်က သူ့အတွက်ပဲ သူသိတယ်။ လူဆိုရင် သူတစ်ပါးအတွက် ထိုက်သလောက်သိဖို့လိုပါတယ်။
အတ္တစိတ်မလွန်ကဲအောင် သတိထားသင့်ပါတယ်။ ရုပ်တရားကြီးဟာ သဘာဝအတိုင်းသွားနေတယ်၊ ဖြစ်ပြီး ပျက်နေတာ၊ အချိန်ကုန်တာနဲ့အမျှ သေမင်းဆီကို မနားတမ်းသွားနေတာ၊ ဒီအတိုင်းမသိဘဲ ဆက်သွားရင် ဘ၀နိဂုန်းချုပ်တဲ့အခါ ပန်းခင်းသောလမ်း မဖြစ်နိုင်ပါဘူး။ သဘာဝအတိုင်း ပြောင်းလဲနေတဲ့ န္ဓာကိုယ်ကြီးကို ဥာဏ်ကြည့်ရမယ်။ မပြောင်းလဲသောနိယာမ တစ်ခုရှိပါတယ်။ အဲဒါပြောင်းလဲခြင်းပါပဲ။ လူ့အဖိုးတန်တစ်ယောက်ဖြစ်ဖို့ ရန်သူအစစ်ဖြစ်တဲ့ ကိလေသာတွေကို ၀ိပသနာဥာဏ်နဲ့ သတ်နိုင်ရပါမယ်။
၃။ ခံနိုင်ရည်ရှိရမယ်
ဘ၀မှာခံနိုင်ရှိဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ ပင်လယ်နဲ့ တူတယ်။ လောကဓံဆိုတာ မုန်တိုင်းနဲ့တူပါတယ်။ ပင်လယ်ရေပြင်ဟာ အမြဲငြိမ်မနေပါဘူး။ မုန်တိုင်းထန်ရင် လှိုင်းထလာပါတယ်။ ပင်လယ်ရေပြင်ငြိမ်မနေသလို ဘ၀ရေပြင်ဟာလည်း ငြိမ်မနေပါဘူး၊ အမြဲတမ်းလှုပ်ရှားနေပါတယ်။ ဘာလို့လဲဆိုတော့ လောကဓံဆိုတဲ့ မုန်တိုင်းတိုက်ခတ်နေလို့ပါပဲ။ ဘ၀ဆိုတာရလာရင် ဒုက္ခဆိုတာတွေ့မှာပဲ၊ ဒုက္ခတွေ့ရင် စိတ်ဓာတ်မကျဖို့ အရေးကြီးပါတယ်။ ပျော်စရာတွေ့လို့လဲ ၀မ်းမသာနဲ့၊ စိတ်ညစစ်စရာတွေ့လို့လည်းဝမ်းမနဲနဲ့၊ ပုံမှန်စိတ်လေးထားပြီး နေနိုင်အောင်ကြိုးစားရမယ်။ ဘ၀ဟာ လှုပ်ရှားနေတာ သဘာဝပဲ၊ ကိုယ့်စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းနိုင်ဖို့ လိုအပ်တယ်၊ ဘာနဲ့ထိန်းမလဲ၊ မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မနဲ့ ထိန်းရမယ် ဘ၀မှာ ဘယ်လောက်ဆိုးတဲ့ အခြေနေတွေနဲ့ တွေ့ပင်တွေ့ငြားသော်လည်း ငါ အမြဲတမ်း ဒီလိုမဖြစ်နိုင်ပါဘူးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုအားပေးနိုင်ရမယ်။ အခက်ခဲတွေ၊ ဒုက္ခတွေ၊ ဆုံးရှုံးမှုတွေဟာ လူ့ဘ၀ကို မှန်ဘီလူးနဲ့ ကြည့်ရသလို အခွင့်ရေးမျိုးကို ပေးတယ်တဲ့၊ ကိုယ့်ဘ၀ကို အနီးကပ်ကြည့်ခွင့်ရတယ်၊ ဘ၀နဲ့ပတ်သက်တဲ့ အမှန်တရားတွေက ဘာတွေလဲ၊ ပျော်ရွှင်မှုဆိုတာ ဘာတွေလဲ၊ ဘယ်ဟာ ကျေနပ်စရာအကောင်းဆုံးလဲ၊ ဘ၀မှာ တန်ဖိုးအရှိဆုံးအရာတွေဟာ ဘာတွေလဲ ဆိုတာ သိလာတယ်။ ဒါကြောင့် ဒုက္ခတွေ အခက်ခဲတွေဟာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေဖြစ်ပါတယ်။ အကောင်းပဲတွေ့တွေ့ အဆိုးပဲကြုံကြုံ၊ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ဒါ လောကအတွက် သိပ်ကိုအရေးကြီးပါတယ်။
၎။ သွားနိုင်ရမယ်
လောကမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် သွားနိုင်ရမယ်။ ကိုယ်ရည်မှန်းတဲ့ပန်းတိုင်က ဘာလဲ။ ဘ၀သံသရာတည်းဟူသော ၀ဋ်ဆင်းရဲကလွတ်မြောက်ဖို့ပဲဖြစ်တယ်။ ဘ၀သံသရာဆိုတာ သံယောဇဉ်တွေ ဥပါဒါန်တွေနဲ့ နှောင်ဖွဲ့ထားတဲ့နှောင်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဒီအနှောင်ဖွဲ့တွေကြောင့် လောဘ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ မီးတွေနဲ့ ရင်ဆိုင်နေကြရတာ။
ဒုက္ခက လွတ်မြောက်ဖို့ အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပြီး လွတ်မြောက်တဲ့ဆီကို သွားနိုင်ရမယ်။ ဘ၀သံသရာလည်နေတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်၊ ဒုက္ခရောက်နေလား၊ စိတ်ဆင်းရဲနေလား၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာ တရားခံရှာကြည့်ပြီး ဖြတ်တောက်ပစ်နိုင်ရမယ်။ ဒါဆိုရင် ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို ရောက်ပါလိမ့်မယ်။ ရောက်အောင်သွားနိုင်ပါမှ လူ့အဖိုးတန်တစ်ယောက်ဖြစ်လာမှာ။ ကိုယ်ကိုယ်တိုင် လူ့အဖိုးတန်တစ်ယောက်ဖြစ်အောင် ကြိုးစားနေရင်း အားလုံးကိုလည်း လူ့အဖိုးတန်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ရေးသားလိုက်ပါတယ်။
ကေသွယ် (စင်္ကာပူ)
၁၇-၁၀-၂၀၁၁
ပို့စ်လေးက တော်တော်လေးကို ကောင်းပါတယ်၊ စာရေးသူ (သီတဂူစတား)၏ အရင်းနှီးဆုံးသူငယ်ချင်း အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ ဟောကြားထားတဲ့ တရားကို နာကြားပြီး ရေးထားတဲ့ ပို့စ်ဖြစ်ပါတယ်။ သူမှတ်မိသလောက် သူ့ပုံစံနဲ့ ပြန်ရေးထားတာ ဖြစ်ပါတယ်။ စွမ်းအင်လေးမျိုး ကိုယ့်သန္တာန်မှာ ရှိနေရင် လူ့အဖိုးတန်ဖြစ်ပြီပေါ့၊ လူ့အဖိုးတန် ဖြစ်လိုသူများအတွက် ဒီပို့စ်လေးက ကောင်းကောင်း လမ်းညွှန်ပေးပါလိမ့်မည်။ အလွန်အကျိုးများစေမည့် ပို့စ်ဖြစ်လို့ စာရေးပေးတဲ့ မကေသွယ်အား အထူးကျေးဇူးတင်ပါသည်။
အားလုံး လူ့အဖိုးတန်များ ဖြစ်နိုင်ကြပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၀-၂၀၁၁
Posted in: ဆောင်းပါး
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment