မယဉ်သူဇာကျော် မွေးနေ့
ကောင်းမှုဆိုတာ အကြောင်းရှာ ပြုတတ်ရသည်
‘‘နာနာရမ္မဏံ အာရဗ္ဘ ဒဇ္ဇေ ဒါနံ မလာဘိဘူ’’ ဆိုတဲ့ စာပိုဒ်လေးသည် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က နံနက်ခင်း သြ၀ဒမှာ နာယကချုပ်ဆရာတော်၏ အလှူရှင်များအား ပြောလေ့ရှိသည့် စကားဖြစ်သည်။ စာလုံး အနည်းငယ် မှားချင်မှားလိမ့်မယ်၊ အဓိပ္ပါယ်ကတော့ အတူတူပင် ဖြစ်သည်။ ‘‘အလှူဒါန ကောင်းမှုဆိုတာ အကြောင်းရှာပြီး ပြုတတ်ရတယ်၊ သဒ္ဓါရှိသူတို့ကလည်း ကောင်းမှုကို အကြောင်းမျိုးမျိုးပြပြီး ပြုလေ့ရှိကြသည်’’ တဲ့။ယနေ့ (၂၉-၁-၂၀၁၂)လည်း ထုံးစံအတိုင်းပဲ သမီးဖြစ်သူ မယဉ်သူဇာကျော်၏ အသက် ၁၈ နှစ်ပြည့် မွေးနေ့ကို အကြောင်းပြုပြီး ဒကာဦးကျော်ဆွေး+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မွေးနေ့ရှင် မယဉ်သူဇာကျော်တို့က ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့၏ မျက်မှောက်မှာ မွေးနေ့ အလှူလာလုပ်ကြပါတယ်။ မွေးနေ့က မြန်မာလို မွေးနေ့ပါတဲ့။ ဒီကနေ့ အလှူသည် ၁၅ ကြိမ်မြောက်ဟု ထင်ပါသည်။
အစာအာဟာရအလှူအနေနဲ့ စောမယကောလိပ် Ph.D ကျောင်းသားရဟန်းတော်များ ဘုန်းပေးရခဲတဲ့ ကောက်ညှင်း၊ ငါးဟင်း၊ ၀က်သားဟင်း၊ ကြက်သား+ဗူးသီး အသားပြွန်းဟင်းချို၊ ပဲတီ အသားတု ကြော်၊ ၀က်-ကြက်အူချောင်း၊ ရေခဲမုံ့၊ ကိတ်မုံ့၊ ဆန်၊ ဆီ များ။ ဆေးပစ္စည်းအတွက် အဖျော်ရည်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အ၀တ်အထည်အလှူအတွက် မျက်နှာသုပ်ပ၀ါ တဘက်အကြီး စသည်ဖြင့် သံဃာတော်အရှင်မြတ်များအား လှူဒါန်းကြသည်။
ဒါနသူရဲကောင်း
တခါက သီဟစစ်သူကြီးက ဘုရားထံရောက်လာပြီး မေးခွန်းတစ်ခု မေးဖူးတယ်။ အရှင်ဘုရား-- ဒါနပြုတဲ့ပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်မြင်နိုင်တဲ့ အကျိုးကို ပြောပြနိုင်ပါသလား? သီဟစစ်သူကြီးသည်လည်း ဒါနသူရဲကောင်း ဒါယကဂုဏ်၊ အလှူ၏ အရှင်သခင် ဒါနပတိ ဂုဏ်၊ သံဃာကို ပြုစုစောင့်ရှောက်တတ်သော သံဃုပဋ္ဌာကဂုဏ်တို့ဖြင့် ကျော်ကြားသူဖြစ်သည်။ဘုရားရှင်ရဲ့ အဖြေမှာတော့- စစ်သူကြီး-- ငါ့ဘုရား ပြောပြနိုင်တာပေါ့ဟု ဖြေဆိုသည်၊ ဒါန၏ မျက်မှောက်မြင်နိုင်သော အကျိုး ၄ မျိုးနှင့် မမြင်နိုင်သော သံသရာအကျိုးတို့ကို ဟောပြပါတယ်။ သို့သော်လည်း ဒါပြုသူ၏ အရည်အချင်းကိုလဲ စကားလုံး ၂ လုံးနဲ့ ထုတ်ဖော်ပြထားသေးတယ်။ ဒါယကနှင့် ဒါနပတိ ဟုပင်ဖြစ်သည်။
၁။ ယုံကြည်ယုံ သဒ္ဓါတရားရှိနေရုံနှင့် မလုံလောက်ဘူး၊ ပေးကမ်းရဲ၊ စွန့်လွတ်ရဲတဲ့ သူရ သတ္တိလို့ ခေါ်တဲ့ ဒါယကဂုဏ်ရှိရမည်။ တချို့က ယုံကြည်ချက် သဒ္ဓါရှိကာမျှသာ ဖြစ်သည်၊ ပေးရဲ ကမ်းရဲ စွန့်လွတ်ရဲတဲ့ သတ္တိမျိုးကား မရှိ၍ အလှူတစ်ခု မအောင်မြင်ဘဲ ရှိတတ်၏။ ထို့ကြောင့် ဒါန သူရဲကောင်းဖြစ်ဖို့ ဒါယကဂုဏ် လိုသည်။
၂။ ကိုယ်စားသလို၊ သို့မဟုတ် ကိုယ်မစားနိုင်တဲ့ အညံ့စားမျိုးကို ပေးလှူ စွန့်လွတ်ခြင်းမျိုး မဟုတ်ဘဲ ကိုယ်စားနေ သုံးနေတာထက် ပိုမွန်မြတ်တဲ့အရာကို ပေးကမ်းရဲ စွန့်လွတ်ရဲတဲ့ ဒါနပတိဂုဏ် လည်းရှိရမသည်။ ဒီနေရာမှာ ဒါန အဆင့်အတန်း သုံးမျိုး သိဖို့လိုသည်။
ဒါန ၃ မျိုး--
၁။ ကိုယ်တောင် မသုံးနိုင် မစားနိုင်တဲ့ အညံ့စားများကို ပေးကမ်းခြင်းသည် ဒါနဒါသဟု ခေါ်သည်၊ အစေခံ အလုပ်သမားများအား ပေးကမ်း ကျွေးသလိုမျိုး အနိမ့်စား အလှူမျိုးကို ဆိုလိုသည်။၂။ ကိုယ်စားသည့် ကိုယ်သုံးနေသည့် အရာကို ကိုယ်နဲ့ တန်းတူထားပြီး ပေးကမ်းခြင်း စွန့်လွတ်သည့် အလှူသည် ဒါနသဟာယ ဟုခေါ်သည်၊ ကိုယ်စားသလို ကိုယ်သုံးသလို မိတ်ဆွေများကို ပေးသည့် အလှူမျိုးကို ဆိုလိုသည်။
၃။ ကိုယ်တိုင်လည်း မသုံးရက် မစားရက်ဘဲ သူတပါးအား မွန်မြတ်သည့် အလှူကို ပေးလှူခြင်းသည် ဒါနပတိဟုခေါ်သည်။ ကိုယ်ကတော့ ရှိတာလေးနဲ့ တင့်တိမ် ရောင်ရဲ မျှမျှတတ နေသည်၊ သူများကိုတော့ အကောင်းစား အမြင့်စားတွေပဲ ပေးတတ်သူကို ဒါနပတိ ဟုဆို၏။ ဒါနကို အကြီးအမှူး အရှင်သခင်အဖြစ် ပေးလှူတတ်သောကြောင့် အလှူ့ရှင်, အလှူ၏ အရှင်သခင် (ဒါနပတိ) မည်သည်။
ထိုဒါန သုံးမျိုးထဲက ဒါနသူရဲကောင်းဆိုတာ နောက်ဆုံး အလှူမျိုးကို ဆိုလိုသည်၊ ထိုနောက်ဆုံး အမြတ်စား အမြင့်စား ဒါနပတိ အလှူရှင်မျိုးသည်သာ ဘုရားပြောသော မျက်မှောက် မြင်တွေ့ရသည့် အကျိုးခံစားခွင့်နှင့် မျက်မှောက်မမြင်နိုင်သော သံသရာ အကျိုးခံစားခွင့်ကို ရမှာ ဖြစ်သည်။ ထို အကျိုးများကား--
မျက်မှောက်ဒါနအကျိုး
၁။ လောကမှာ ပေးရဲ ကမ်းရဲ စွန့်ကြဲရဲတတ်သူကို လူတိုင်းက ချစ်ကြသည်၊ လူတိုင်းက လေစားကြသည်။ လူတိုင်းရဲ့ ချစ်ခင်ခြင်း လေးစားခြင်းကို ရခြင်းသည် မျက်မှောက် ဒါနအကျိုးဖြစ်သည်။၂။ သူတော်ကောင်းတွေက ပေးရဲကမ်းရဲ စွန့်လွတ်ရဲတဲ့ ဒါနပတိကို ဆည်းကပ်ကြသည်၊ အပေါင်းသင်း မိတ်ဖွဲ့ကြသည်၊ အလေးထား ဆက်ဆံကြသည်။ ထိုကဲ့သို့ အခြံအရံ ပရိသတ်များရခြင်း မိတ်ကောင်းဆွေကောင်း ရခြင်းသည်လည်း မျက်မှောက်ဒါနအကျိုးပင်ဖြစ်သည်။
၃။ သူတော်သတင်း ပျံ့နှံ့သည်။ ပန်းရနံ့တို့သည် လေညာသို့သာ သွားသည်၊ လေယူရာ ပါကြသည်၊ ပေးကမ်းရဲသော ဒါနပတိ အလှူရှင်တို့၏ ဂုဏ်ရနံ့က လေစုန် လေညာ အထက်အောက် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သည်။ ဤကဲ့သို့ မိမိ၏ ကောင်းသတင်း ဂုဏ်သတင်းသည်လည်း မျက်မှောက် ဒါနအကျိုးဖြစ်သည်။
၎။ ဒါနသူရဲကောင်းတို့သည် ပရိသတ်အလည် လွန်တင့်တယ်၏၊ ရဟန်းပရိသ်တ်၊ မင်းပရိသတ်၊ ဂုဏ်သရေရှိပရိသတ် မည်သည့်ပရိသတ်ကြားမဆို ရဲရင့်၏၊ သြဇာပါဝါရှိ၏၊ ၀မ်းမြောက်စွာ နေနိုင်၏။ ဒါနမရှိခဲ့ ဒါနမရှိတဲ့သူတွေကတော့ မျက်မှောက်မှာရော သံသရာမှာပါ မျက်နှာငယ်ရသည်၊ ပရိသတ်ကြားမှာလဲ အားငယ်နေတတ်သည်။ ဘယ်နေရာမဆို အပေးအကမ်းလေးနဲ့ ၀င်ထွက်ရင် ပြေလည်တတ်သည်၊ မျက်နှာမငယ်ရ။ ‘‘ဒါန မပါ သံသရာ မျက်နှာ ငယ်တတ်သည်’’ ဒါနပါမှ နောင်ဘ၀ ခေါင်က နေရမည်’’ ဟု ငယ်ငယ်က နာခဲ့ဖူးသော နံနက်ခင်း ဒါနကဗျာလေးဖြစ်သည်။ ဤသို့အားဖြင့် မျက်မှောက်ဒါနအကျိုး ၄ မျိုးကို ပြထားသည့်အပြင် မျက်မှောက်မှာ မမြင်နိုင်သော သံသရာအကျိုးတစ်ခုပါ ရနိုင်သေးကြောင့် ဘုရားရှင် မိန့်သည်။ ထိုအကျိုးကား---
သံသရာဒါနအကျိုး
ဒါနပတိ ဒါန သူရဲကောင်းတို့သည် ဒါနစေတနာအစွမ်းကြောင့် သုဂတိဘုံဘ၀သို့ ရောက်ရ၏။ ဤကား သီဟစစ်သူကြီးအား ဘုရားဟောသော ဒါနသူရဲကောင်းတို့၏ ဒါနအကျိုးဖြစ်သည်။ ထို့ကြောင့် အသိလိမ္မာရှိသူ သူတော်ကောင်းများက မစ္ဆေရအညစ်ကြေးကို ဒါနစေတနာဖြင့် ဆေးကြောကာ ထိုထိုသော ချမ်းသာသုခကို ရှာမှီးကြကုန်၏။ (တသ္မာ ဟိ ဒါနာနိ ဒဒန္တိ ပဏ္ဍိတာ၊ ၀ိနေယျ မစ္ဆေရမလံ သုခေသိနော။)မွေ့နေ့ရှင်အတွက် ဆုမွန်
‘‘ယနေ့ မွေ့နေ့မှသည် နှစ်များစွာ ဒီ ဖေဖေ ဒီမေမေ ဒီ ညီအစ်ကို မောင်နှမ ဆွေမျိုးများနှင့်အတူ ကျန်းမာပျော်ရွှင်လျှက် သာသနာအကျိုး လောကအကျိုး မိသားစုအကျိုးစီပွားများ ဆောင်ရွက်နိုင်သော အတိဇာတပုတ္တ ခေါ် အဖေ့ထက်သာသော သမီးရတနာ ဖြစ်ပါစေ’’လို့ စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော်များကား ဆုတောင်းပေးလျှက်ဖြစ်ပါသည်။ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၁-၂၀၁၂


Monday, January 30, 2012
sitagustar
Posted in:
0 comments:
Post a Comment