အနှိုင်းမဲ့အနုပညာရှင်
စာမိတ်ဆက်
တစ်နေ့တော့ မြန်မာဇာတ်ကားတစ်ကား ကြည့်မိတယ်၊ ထိုဇာတ်ကားထဲမှာ အလွန်စိတ်ဆက်ပြီး ၀ုန်းဒိုင်းကြဲတတ်တဲ့ သူတစ်ယောက် တစ်နေ့တော့ သူ့ညီမက သူ့အကို လူကြမ်းကြီးကိုနုးညံ့သွားအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားတဲ့အခါမှာ သူ့အကိုရုပ်ရှင်မင်းသားရူးနေတာကိုလဲ သိတော့ ဒါရိုက်တာတစ်ယောက် အကူညီနဲ့ မင်းသားအဖြစ်တင်ရိုက်မယ်ဆိုပြီး သူ့ကို ငိုရတဲ့ အခန်းတွေ ရယ်ရတဲ့ အခန်းတွေ အသက်ဝင်အောင် သရုပ်ဆောင်ခိုင်းတော့သည်။ ထိုလူကြမ်းကြီးလဲ နဂိုကမှ စိတ်က မာကျောပြီး စိတ်ဆတ်တဲ့သူဆိုတော့ မငိုတတ်ဖြစ်နေသည်။ အဲဒီအချိန်မှာ ဒါရိုက်တာက အနုပညာရဲ့  သဘောတရားကို ရှင်းပြတယ်။စာမိတ်ဆက်
အနုပညာဆိုတာ လူကို နုးညံ့ ပျော့ပြောင်းစေသလို ပွဲကြည့်သူပရိသတ်တွေကိုလဲ နုးညံ့စေတယ်၊ မိမိရဲ့ စိတ်ကို လိုသလို ပုံဖော်နိုင်ရမည်၊ ငိုဆို ငိုရမည်၊ တခါတရံ သင်္ဂြိုင်းက သူများအုဋ္ဌ်ဂူကို ဖက်ပြီး ကိုယ့်အဖေ အမှတ်နဲ့ စိတ်ကို သွင်းပြီးတော့ မျက်ရည် စိမ့်ထွက်လာပြီး တပေါက်ပေါက်ကျလာအောင် ငိုပြရတယ်၊ တခါတရံ ငိုရင်းကနေ ရယ်နိုင်အောင် လုပ်ပြရပြန်တယ်၊ တခါတရံတော့လဲ မငိုမရယ် ပြရပြန်တယ်၊ ကိုယ့်စိတ်ကို လိုသလို ပုံဖော်နိုင်တာ၊ ကိုယ့်စိတ်ကို လိုသလို ထိန်းချုပ်နိုင်တာကို အနုပညာလို့ ခေါ်သတဲ့။
စာရေးသူလဲ ဓမ္မဂီရိ ခရီးစဉ်များ သွားရင်းက ရှေးဟောင်းဂူတွေ ပြသာဒ်တွေ၊ ပန်းပုတွေ၊ ပန်းချီတွေ လေ့လာရင်း ရှေးရဟန်းများ၏ လောကီအနုပညာများကို လေ့လာခွင့်ရခဲ့သည်။ ပြဆိုအပ်ခဲ့ဇာတ်ကားလေးကြည့်ပြီး အရိယာတွေရဲ့ လောကုတ္တရာအနုပညာ ပညာရပ်ကို သွားသတိရမိသည်၊ စာရေးချင်စိတ်လဲ ပေါက်လာတာနဲ့ အဲဒီနေ့ကဇာတ်ကောင်တွေပြောတဲ့ စကားတွေကို နောက်သတိရတဲ့အခါ ရေးချင်ရင် ရေးလို့ရအောင် မှတ်စု (Note) ကလေးထဲမှတ်ထားလိုက်မိတယ်။ နောက်နေ့ စိတ်ကူးထက်ပေါ်လာတဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားသည်။
(အူမတောင့်မှ သီလစောင့်ဆိုတာလို သီလလုံအောင် အစားအစာပေး၍လဲ သာသနာပြုသည်။ ကချင်ပြည်နယ် ပူတာအိုမှာ သီတဂူမျက်စိခွဲစိတ် ကုသမှုအစီအစဉ်က ပုံ)
အနုပညာ
ပန်းပု ပန်းတမော့ ဆရာတွေလဲ အလွန်မာတဲ့ကျောက်ရိုင်းတုံးတွေ အသားတုံးတွေကို ကိုယ့်ရဲ့စိတ်ကူးပုံအတိုင်း လိုသလို ပုံဖော်နိုင်ကြတယ်၊ ဗုဒ္ဓရုပ်ပွားတော်၊ နတ်သားရုပ် နတ်သမီးရုပ်၊ ဘုရင်ရုပ်၊ ဘုရင်မရုပ်၊ သကြားရုပ်၊ ဗြဟ္မာရုပ်၊ ဆင် မြင်းစတဲ့ တိရိစ္ဆာန်ရုပ်တွေကို ကိုယ်စိတ်ကူးထဲကအတိုင်း ပုံဖော်နိုင်ကြတယ်။ ပန်းချီဆရာတွေကလဲ စာရွက်ပေါ်မှာ ကိုယ်စိတ်ကူးအတိုင်း လိုသလို ဆေးရည်ဖြင့် ပုံဖော်နိုင်ကြတယ်။ ရွှေပန်းတိမ်ဆရာတွေနှင့် ကျောက်သွေးပညာရှင်တွေကလဲ ရွှေရိုင်း ကျောက်ရိုင်းတုံးတွေကို လူတွေရဲ့ အမြတ်တနိုးထားတဲ့ ဘုရားရှင်၏ နဖူးသင်းကျစ်၊ ဦးခေါင်းတော်၊ ထီးတော် စိန်ဖူးတော်၊ ငှက်မျက်နားတော်တို့၏ တန်ဆာဖြစ်သလို လူတွေအတွက် အလှအပ ရတနာအဖြစ် ဖန်တီးပေးနိုင်ကြသည်။ ဒါကိုပဲ အနုပညာလို့ ခေါ်တာတဲ့။ဂီတပညာသမားတွေကလဲ စိတ်ကူးထဲကအတိုင်း အသက်မဲ့ထဲကနေ ကိုယ်လိုချင်တဲ့ အသံကို ရအောင် ပုံဖော်နိုင်ကြတယ်၊ အသံနိမ့်၊ အသံမြင့်၊ အသံတို၊ အသံရှည်၊ အသံသေး၊ အသံလုံး၊ အသံပြား၊ အသံသြ၊ (အသံအကြောင်းနားမလည်) စသည်ဖြင့် ဖန်တီးနိုင်ကြတယ်။ အဆိုတော်တွေကလဲ မိမိစိတ်ကူးအတိုင်းပဲ အနိမ့်အမြင့် အတို အရှည် အဖြောင့် အကွေး အလုံး အပြား အလုံ စတဲ့အသံအမျိုးမျိုးကို ထုတ်နိုင်ကြတယ်။ အကပညာရှင်တွေကလဲ မိမိရဲ့ လက်၊ ခြေ၊ ခေါင်း၊ ခါး၊ ခန္ဓာတစ်ခုလုံးကို စိတ်ကူးအတိုင်း လိုသလို စည်းချက်နှင့်အညီ ကွေးနိုင်တယ်၊ ကောက်နိုင်တယ်၊ ဆန့်နိုင်တယ်။ ဗိသုကာပညာရှင်တွေကလဲ မြို့ရွာ အိမ်တွေကို ကိုယ့်စိတ်ကူးအတိုင်း ပုံဖော်နိုင်ကြတယ်။ သက်မဲ့ အရာဝတ္ထုတွေကို ကိုယ့်ရဲ့ စိတ်ကူးအတိုင်း လိုသလို ပုံဖော်နိုင်တာကို အနုပညာခေါ်သလို ကိုယ့်ရဲ့စိတ်ကိုလည်း လိုသလို ပုံဖော်နိုင်တဲ့ပညာလည်း အနုပညာပင်ဖြစ်ပါသည်တဲ့။
အနှိုင်းမဲ့အနုပညာသမား
အနု+ပညာ ဆိုပြီး မြန်မာစကားမှာ စကားလုံး ၂ လုံးပေါင်းထားသည်၊ အနုဆိုတာက ကြမ်းနေတဲ့ အရာ၊ ရိုင်းနေတဲ့ အရာ နုသွားအောင် ယဉ်သွားအောင်၊ ပညာ- ပုံဖော်နိုင်တဲ့ အတတ်ပညာ။ သူတပါးကိုပဲ ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ပဲ ဖြစ်ဖြစ် နုသွားအောင် ယဉ်သွားအောင် လုပ်နိုင်တဲ့ အတတ်ပညာရှိနေရင် အနုပညာရှင်ဖြစ်သည်၊ ဆရာသမားများက ကိုယ့်ရဲ့ တပည့်ကို ကိုယ်လိုသလို ပုံဖော်နိုင်တဲ့ အတတ်ပညာရှိကြသည်၊ မိဘများကလဲ ကိုယ့်ရဲ့ သားသမီးကို ကိုယ်လိုသလို ပုံဖော်နိုင်ကြသည်၊ အလားတူပဲ ဘုရားရှင်သည်လည်း သူကိုယ်တိုင် ဘုရားဖြစ်ဖို့ လိုသလို ပုံဖော်ခဲ့တာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပင်ဖြစ်သည်၊ ဘုရားဖြစ်တော့လည်း လောက လူသားသတ္တ၀ါတွေကို လိုသလို ပုံဖော်ပေးခဲ့သည်၊ ထို့ကြောင့် အနုပညာရှင်များပင်ဖြစ်ကြသည်။ ရိုင်းစိုင်းတဲ့ သတ္တ၀ါ ယဉ်သွားအောင် ကြမ်းတမ်းတဲ့ သတ္တ၀ါ နုသွားအောင် ပုံဖော်နိုင်ခဲ့သည်။ အလွန်ရိုင်းစိုင်း ကြမ်းတမ်းပြီး လူပေါင်းများစွာကို လိုက်သတ်နေသည့် အင်္ဂုလိမာလ၏ စိတ်ရော လူကိုပါ နုသွားအောင် ယဉ်သွားအောင် ပုံဖော်နိုင်ခဲ့သည်၊ ကိုယ့်ကို သတ်ဖို့ ပြေးဝင်လာတဲ့ နာဠာဂီရိ ဆင်ပြောင်ကြီးကို ယဉ်သွားအောင် ဖန်တီးနိုင်သည်။ သန်းပေါင်းများစွာသော အရိုင်းစိုင်း၊ ကြမ်းတမ်းသော သတ္တ၀ါတွေကို နုသွားအောင် ယဉ်သွားအောင် ပုံဖော်နိုင်သော ကြောင့် ဘုရားရှင်သည် အနှိုင်းမဲ့ အနုပညာရှင်ကြီးဖြစ်သည်။ ကိုယ့်ရဲ့စိတ်ကူးအတိုင်း လောကကမ္ဘာကြီးကို ပုံဖော်နိုင်ခဲ့သောကြောင့် အနှိုင်းမဲ့ဗိသုကာ ပညာရှင်ကြီးဖြစ်သည်။ ဗြဟ္မဏ၀ါဒ အတ္တ၀ါဒ အရိုးစွဲနေတဲ့ အိန္ဒိယအင်ပါယာ (မဇ္ဈိမဒေသ) ကို ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓနိုင်ငံ ဖြစ်အောင် ပုံဖော်နိုင်ခဲ့သည်။အရိယာအနုပညာသမားများ
တခါက သူဆင်းရဲဘ၀ကနေ သူဋ္ဌေးသားဖြစ်လာသော မောင်ပဏ္ဍိတဆိုတဲ့ လူငယ်လေးတစ်ယောက် ရှင်ပဏ္ဍိတဘွဲ့အမည်ရှိ သာမဏေ (ကိုရင်)ဘ၀ရောက်လာတယ်။ တနေ့တော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးနဲ့ ဆွမ်းခံအတူကြွရင်း လယ်တော ယာတောတွေထဲက ဖြတ်သွားရတယ်၊ လယ်သမား ယာသမားတွေက တူးမြောင်းတွေ တူးနေတာကို မြင်တော့ ‘‘အရှင်ဘုရား ဒီလူတွေက ဘာလုပ်နေကြတာလဲဘုရား’’ဟု မေးတော့ ဆရာဖြစ်သူက ‘‘ငါ့ရှင်-ဟိုက ဒီက လာတဲ့ ရေတွေကို ကိုယ့်လယ်ခင်း ယာခင်းထဲရောက်အောင် ယူနေကြတာဖြစ်တယ်’’ဟု မိန့်သည်။ ‘‘ဒါဆို အရှင်ဘုရား-ရေမှာ စိတ်ရှိသလားဘုရား’’ဟု မေးပြန်သည်။ ဘယ်ရှိမလဲ ငါ့ရှင်။ အဲဒီတော့ ကိုရင်ပဏ္ဍိတ စဉ်းစားတယ် ‘‘အော်--စိတ်မရှိတဲ့ ရေကို ကိုယ်လိုသလို ပုံဖော်နိုင်တယ်၊ ကိုယ်လိုတဲ့ နေရာ ရောက်အောင် ဆောင်ယူနိုင်ကြတယ်၊ စိတ်ရှိနေတဲ့ သူတွေက ကိုယ့်ရဲ့စိတ်ကို လိုရာသို့ ဘာလို့မဆောင်နိုင်ကြသလဲ’’ဟုပင်တည်း။ စိတ်မရှိတဲ့ ရေကို ကိုယ်လိုသလို ယူနိုင် အသုံးချနိုင်ကြတဲ့ စိုက်ပျိုးရေးသမား (agriculture) တွေလည်း အနုပညာရှင်တွေ မည်ပါတော့သည်။ဒီလိုနဲ့ ရှေ့ဆက်သွားရင်း လေးသမားတွေ မြှားလုပ်နေတာကို တွေ့ရပြန်တယ်။ လေးသမားတွေက မြှားလုပ်ရန် လေးအချောင်းလေးတွေကို မီးအပူပေးနေသည်ကို မြင်သောအခါ ဒီလူတွေကကော ဘာလုပ်နေကြတာလဲဘုရားဟု မေးပြန်သည်။ ဆရာဖြစ်သူကလဲ ‘‘ငါ့ရှင်--ဒီလူတွေက မြှားလုပ်ဖို့ရန် မီးအပူပေးပြီး ဒုတ်ချောင်းလေးတွေကို ကိုယ်လိုသလို ကွေးလိုက် ကောက်လိုက် ဖြောင့်လိုက် လုပ်နေကြတာ’’ ဟု ဖြေကြားပေးလိုက်သည်။ ဒါဆို အဲဒီ ဒုတ်ချောင်းလေးတွေမှာကော စိတ်ရှိသလားဘုရား၊ ဘယ်ရှိမလဲ ငါ့ရှင်။ ကိုရင်လေးလဲ အံ့သြကြီးစွာနဲ့ ‘‘ကြည့်စမ်း--အံ့သြစရာပဲ စိတ်မရှိတဲ့ ဒုတ်ချောင်းလေးတွေကိုတောင် ကိုယ်လိုသလို ကွေးနိုင် ကောက်နိုင် ဖြောင့်နိုင်သေးတာပဲ၊ စိတ်ရှိတဲ့ ငါတို့တတွေက ဘာလို့ ကိုယ့်ရဲ့စိတ်ကို ကိုယ်လိုသလို မလုပ်နိုင်ကြတာလဲ’’ လေးသမား မြှားသမားတွေသည်လဲ စိတ်မရှိတဲ့ ဒုတ်ချောင်းလေးတွေကို ကိုယ်လိုသလို ပုံဖော်နိုင်ကြလို့ အနုပညာရှင်တွေပါပဲလား။
နောက်တခါကျတော့ သစ်ရွေးသမား (တစ္ဆက) ခေါ် လက်သမားတွေက သစ်သားတွေကို လှည်းဘီးမှာပါတဲ့ လှည်းစပုတ်တိုင်ခေါ် ဒေါက်၊ ပုံတောင်းချက်မ၊ ဘီးခွေ စသည်ဖြင့် လှည်းတစ်ဆင်းမှာ ပါတဲ့ အရာတွေအတွက် သစ်သားတွေ့ကို ရွေ (ထွင်း)နေတာကို မြင်တော့ မေးပြန်သည်၊ အရှင်ဘုရား ဒီလူတွေကကော ဘာလုပ်နေကြတာလဲဘုရား၊ ‘‘ ငါ့ရှင်- သူတို့တတွေက လက်သမား (ရွေသမား)တွေ ဖြစ်ကြတယ်၊ လှည်းဘီးတစ်ခုမှာ ပါတဲ့ အရာတွေအတွက် သစ်တွေကို ရွေနေကြတာလေ’’ဟု ဆရာဖြစ်သူ အရှင်သာရိပုတ်က စိတ်ရှည်စွာနဲ့ တပည့်ဖြစ်သူအား ရှင်းပြသည်။ ဒါဆို အရှင်ဘုရား
အဲဒီသစ်သားတွေမှာကော စိတ်ရှိလားဘုရား ဟု ကိုရင်လေးက ကလေးပီပီ သိချင်တာတွေ မေးသည်။ ဘယ်ရှိမလဲ ငါ့ရှင်။ ကိုရင်လေးလဲ လမ်းခရီးတလျှောက် အံ့သြပြီးခြင်း အံ့သြနေရသည်။ အသိစိတ်မရှိတဲ့ သစ်သားတွေကို ကိုယ်လိုသလို ပုံဖော်နိုင်ကြလျှင် အသိစိတ်ရှိတဲ့ ငါတို့တတွေက ငါတို့၏စိတ်ကို ကိုယ်လိုသလို ပုံမဖော်နိုင်ရမှာလဲ ဟု တွေးကာ ကိုယ့်ရဲ့စိတ်ကို ကိုယ်လိုသလို ပုံဖော်နိုင်ရန် ရဟန်းတရားအားထုတ်တော့မယ် ဆိုပြီး ဆရာ့ရဲ့ သပိတ်သင်္ကန်းတွေကို ဆရာ့အား ပြန်အပ်သည်။ ဆရာဖြစ်သူကလဲ သူ့တပည့်ကို စောင့်ရှောက်သည်။ နတ်မင်းကြီး ၄ ယောက်ကို ခေါ်ပြီး ငှက်အသံ တောအသံတွေ မကြားစေရအောင် စောင့်ရှောက်စေသည်၊ နေနတ်သား လနတ်သားတွေကိုလဲ နေမကျအောင် လမထွက်လာ အောင် ယာယီဆိုင်းငံ့စေသည်၊ အကြောင်းကား- ကိုရင်လေးမှာ နေ့ဆွမ်း မဘုန်းပေးရသေး၊ နေမလွဲသွားအောင် ယာယီဆိုင်းထားစေခြင်းဖြစ်သည်။
ဒီလိုနဲ့ ဟိုဟိုဒီဒီ ပြေးလွားပြီး ဂနာမငြိမ်တဲ့ စိတ်ကို ဖမ်းချုပ်ကာ အာရုံတစ်ခုတည်းအပေါ်မှာတင်ထားပြီး ရဟန်းတရားကို အားထုတ်လိုက်တာ နေ့ဆွမ်းမစားမီမှာပဲ သုံးမဂ် သုံးဖိုလ် ဆိုတဲ့ အဆင့် ၃ ကနေ ဆက်ပြီး အားထုတ်ရာ အမြင့်ဆုံး ပဋိသမ္ဘိဒါ ၄ပါးနှင့် တကွ အရဟတ္တဖိုလ် (ရဟန္တာ) အဖြစ်ကို ရရှိသွားသည်။ ဤကား ကိုယ့်ရဲ့စိတ်ကို ကိုယ်လိုသလို ပုံဖော်နိုင်သောကြောင့် လောဘ ဒေါသ မောဟ စတဲ့ ကိလေသာ အညစ်အကြေးရှိတဲ့ စိတ်ကို ကိလေသာ အညစ်အကြေး မရှိသော စိတ်ဖြစ်အောင် ပုံဖော်နိုင်သော အရိယာ အနုပညာရှင်ဖြစ်ပါသည်။
စိုက်ပျိုးရေးသမားများက စိတ်မရှိသော ရေကို ကိုယ်လိုသလို ယူနိုင်သည်၊ လေးသမား မြှားသမားတွေက ကောက်ကွေးနေတဲ့ ဒုတ်ချောင်းလေးတွေကို ဖြောင့်ဖြူးအောင် ပြုလုပ်နိုင်သည်၊ သစ်ရွေးသမား လက်သမားတွေက သစ်သားတွေကို ကိုယ်လိုသလို ပုံဖော်နိုင်သည်။ ပညာရှိ သူတော်ကောင်းတွေကတော့ ဟိုဟိုဒီဒီ ပြေးလွားနေတဲ့ စိတ်ကို အာရုံတစ်ခုတည်းအပေါ်မှာ ထားနိုင်ကြပြီး ကိလေသာတို့ဖြင့် ကြမ်းတမ်းနေတဲ့ စိတ်ကို မဂ်ဖိုလ်တို့ဖြင့် နုသွားအောင် ယဉ်သွားအောင် လုပ်နိုင်ကြသောကြောင့် တကယ့် အနုပညာရှင်ကြီးများ ဖြစ်ကြသည်။ (ဓမ္မပဒ)
အပိုင်း (၂) ဆက်လက်ဖော်ပါဦးမည်။
ဤပို့စ်ဖြင့် သီတဂူဆရာတော်ကြီး၏ (၇၅)နှစ်ပြည့် မွေးနေ့အတွက် အထူးပူဇော်သည်။
ဤပို့စ်ဖြင့် သီတဂူဆရာတော်ကြီး၏ (၇၅)နှစ်ပြည့် မွေးနေ့အတွက် အထူးပူဇော်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၀-၂၀၁၁
0 comments:
Post a Comment