သီတဂူစတား

သီတဂူစတား

17 March 2012

ကိလေသာ ၃ မျိုးနှင့်မှတ်ဖွယ်

(ကိလေသာ ရှင်းခန်း)

ကိလေသာ ၃ မျိုးနှင့်မှတ်ဖွယ်

အမေး

ဘုန်းဘုန်း နေကောင်းလား။ ဘုန်းဘုန်း ၀ီတိက္ကမကိလေသာ၊ ပရိယုဋ္ဌာနကိလေသာ၊ အနုသယကိလေသာ အဲဒီ၃မျိုးကို အသေးစိတ်သိချင်လို့ ပြောပြပေးပါလား။ အရင်ကတော့နာဖူးတယ် အခုမေ့သွားပြီ။ နောက်တစ်ခုက ဗုဒ္ဒဘာသာ မြန်မာအစစ်ဆိုရင် ဘာအရည်ချင်းတွေနဲ့ ပြည့်စုံရမှာလဲ။

ရိုသေလေးစားစွာဖြင့်

စင်္ကာပူ ဒကာမ

---------

မေးသူက စင်္ကာပူမှ မြန်မာအမျိးသမီးတစ်ယောက်ဖြစ်သည်။ မေးထားတဲ့ မေးခွန်းက ၂ မျိုးဖြစ်ပါသည်၊ ကိလေသာ ၃ ပါးနှင့် ဗုဒ္ဓဘာသာ စစ်စစ်ဟူသည် ဟူသော မေးခွန်း နှစ်မျိုးဖြစ်သည်။ အပိုင်း ၁ ကိလေသာ ၃မျိုးကို ဦးစွာ တင်ပြပါမည်။
အပိုင်း (၁) ကိလေသာ ၃ မျိုး
ကိလေသာ ဆိုတာ

ညစ်နွမ်းစေတတ်သော သဘောတရားကို ကိလေသာဟုဆိုသည်၊ သတ္တ၀ါတို့၏ ပင်ကို စိတ်သည် အလွန်ဖြူစင်သည်၊ အပြင်ပအာရုံနှင့်ထိတွေ့သော အခါ ဧည့်သည် (အာဂန္တုက) အကုသိုလ်တို့၏ အစွမ်းကြောင့် ပင်ကိုဖြူစင်နေသော စိတ်သည် မည်းညစ်သွားသည်။ ထိုမည်းညစ်စေတတ်သော သဘောတရားကိုပင် ကိလေသာဟု ခေါ်သည်။ ကိလေသာ ၁၀ ပါးရှိသည်၊ ထိုကိလေသာ ၁၀ ပါးကို အပိုင်း ၃ ပိုင်းခွဲလိုက်သော အခါ ကိလေသာ အဆင့် ၃ မျိုးထွက်လာသည်။

၁။ အနုညံ့ဆုံး ကိလေသာ

၂။ သာမန်ကြမ်းတမ်းတဲ့ ကိလေသာ

၃။ အကြမ်းတမ်းဆုံး ကိလေသာ

၁။ အနုညံ့ဆုံး ကိလေသာဟူသည်

အနုညံ့ဆုံးကိလေသာဆိုတာ အနုသယ ကိလေသာကို ဆိုလိုသည်၊ အစမထင်သံသရာကထဲ့ ကိုယ့်သန္တာန်မှာ ကိန်းဝပ် တည်ရှိနေတဲ့ ကိလေသာဖြစ်သည်။ အလွန်သိမ်မွေ့သဖြင့် ပယ်ဖို့ရန် ခက်ခဲသည်။ အာရုံတစ်ခုခုနှင့် ထိတွေ့သော အခါ ထလာ (ပရိယုဋ္ဌာန) ဖို့ရန်နှင့် အားထုတ်ဖို့ရန် သို့မဟုတ် လွန်ကျူး(၀ီတိက္ကမ)ဖို့ရန် စောင့်ဆိုင်းနေသော ကိလသာသည် အနုသယသဘောဖြစ်သည်။ သူ့ကို ကိလေသာ မျိုးစေ့လို့လဲ ပြောလို့ရသည်၊ ကိုယ့်သန္တာန်မှာ ရှိနေမှန်းမသိ တည်ရှိနေတဲ့ ကိလေသာပဲ။ လွန်ကျူးမှုသို့လည်း မရောက် ထကြွလာခြင်းသို့လည်း မရောက်ဘဲ မီးခဲပြာဖုံးထားသလို သတ္တ၀ါတွေ ကိုယ်တွင်းသန္တာန် တည်ရှိခြင်းမျိုးဖြစ်သည်။ သတ္တကနိပါတ် အနုသယသုတ်မှာတော့ အနုသယ ၇ မျိုးပြဆိုထားသည်။ ကာမရာဂ အနုသယ၊ ပဋိဃ အနုသယ၊ မာန အနုသယ၊ ဒိဋ္ဌိ အနုသယ၊ ၀ိစိကိစ္ဆာ အနုသယ၊ ဘ၀ရာဂ အနုသယ ဟူပင်တည်း။

ပုထုဇဉ်တစ်ယောက်သည် ကိန်းနေသော ကိလေသာများ မထတဲ့အခါ မသောင်းကြမ်းတဲ့အခါ ကောင်းမှုပါရမီ ပြုနိုင်ကြသည်၊ သို့ပေမဲ့ မဂ်ဖြင့် မပယ်သတ်နိုင်သေးသရွေ့ ကိုယ်တွင်းသန္တာန်မှာကား ကိလေသာရှိနေဆဲပင်၊ ထိုကိလေသာကို အနုသယဟုခေါ်သည်။

ယမကအဋ္ဌကထာမှာတော့ အဘယ်သဘောကြောင့် အနုသယမည်သနည်း၊ သတ္တ၀ါတွေ သန္တာန်မှာ ကိန်းနေသောကြောင့်တည်း၊ အဘယ့်ကြောင့် ကိန်းနေသနည်း? မဂ်ဖြင့် မပယ်သတ်နိုင်သေးသော ကြောင့် အနုသယမည်သည်။ ဆိုလိုသည်မှာ ကာမရာဂ မပယ်သတ်နိုင်သရွေ့ ကာမရာဂ အနုသယရှိနေဦးမည်၊ အလားတူ ကျန်အနုသယများလည်း မပယ်သတ်နိုင်သေးသမျှ အနုသယကိလေသာ ရှိနေဦးမည်သာ။ စာပေမှာတော့ အနုရုပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇတိ- သင့်လျော်တဲ့ တစုံတရာအကြောင်း ရပြီးမှ ဖြစ်လာတဲ့ ကိလေသာကို အနုသယကိလေသာ ဟုဆိုသည်၊ အကြောင်းတစုံတရာ ရမှ ဖြစ်ပေါ်လာသောကြောင့် အနာဂတ် ကိလေသာလို့လဲ ခေါ်သည်။

၂။ သာမန်ကြမ်းတမ်းတဲ့ ကိလေသာ

သာမန်ကြမ်းတမ်းတဲ့ ဒုတိယအတန်းစား ကိလေသာကတော့ ပရိယုဋ္ဌာန ကိလေသာ ဖြစ်သည်။ ပရိယုဋ္ဌာန ၇ မျိုးရှိသည်။ ကာမရာဂ ပရိယုဋ္ဌာန၊ ပဋိဃ ပရိယုဋ္ဌာန၊ မာန ပရိယုဋ္ဌာန၊ ဒိဋ္ဌိ ပရိယုဋ္ဌာန၊ ၀ိစိကိစ္ဆာ ပရိယုဋ္ဌာန၊ ဘ၀ရာဂ ပရိယုဋ္ဌာန၊ အ၀ိဇ္ဇာ ပရိယုဋ္ဌာန၊ ဟူ၍ ၇ မျိုးကို ၀ိဘင်္ဂပါဠိတော်မှာ ပြဆိုထားသည်။

အနိစ္စ မမြဲခြင်းသဘောတရား၊ အသုဘ မတင့်တယ်ခြင်းသဘောတရားများကို ပွားများနေပါသော်လည်း ရာဂ-လိုချင်တပ်မက်မှုဖြစ်နေရင် ကာမရာဂ ပရိယုဋ္ဌာန မည်သည်။ (ပဉ္စပကရဏ အဋ္ဌကထာ)

သို့သော် ဤအနုသယ အမျိုးစားက ကိန်းနေရာကနေ ထလာခြင်းမျိုးဖြစ်သည်၊ ဥပမာ- မိမိက အနိစ္စ အသုဘ စသည် ရှုမှတ် ပွားများ နှလုံးသွင်းနေပေမဲ့ လှပတဲ့ အာရုံ အခြေအနေတစ်ခုနဲ့တွေ့သော အခါ သာယာမိသည် တပ်မက်မိသည်၊ လိုချင်မှု ဖြစ်လာသည်။ ဒါကိုပဲ ကာမရာဂ ပရိယုဋ္ဌာန ဟုခေါ်သည်။ ကျန် ပရိယုဋ္ဌာနကိလေသာများကိုလည်း ဤနည်းအတူ မှတ်လေ။

၃။ အကြမ်းတမ်းဆုံး ကိလေသာ

နောက်ဆုံးအဆင့် ကိလေသာကား အကြမ်းတမ်းဆုံး ကိလေသာ ဖြစ်သည်၊ ၀ီတိက္က ကိလေသာဟု ခေါ်သည်၊ ၀ီတိက္က-လွန်ကျူးခြင်း၊ ကိုယ် အားဖြင့်သော်၎င်း နှုတ်ဝစီအားဖြင့်သော်၎င်း လွန်ကျူးခြင်းဖြစ်သည်၊ ကိုယ့်သန္တာန်မှာ ကိန်းနေသော ကိလေသာတို့သည် ထလာရာမှ တဆင့် လွန်ကျူးခြင်း အဆင့်သို့ ရောက်ခြင်းပဲ ဖြစ်သည်၊ လောဘနဲ့ဆိုင်သော အနုသယ ဓာတ်ခံရှိသော သူတို့သည် လိုချင် မက်မော တပ်မက်မှုကနေ တဆင့် ကိုယ်အားဖြင့်သော်၎င်း နှုတ်အားဖြင့်သော်၎င်း ရအောင် အားထုတ်ခြင်းဖြစ်သည်။ အဒိန္ဒာဒါနကံမျိုး ကျူးလွန်တတ်သည်။ ထို့အတူ ဒေါသနှင့်ဆိုင်သော အနုသယဓာတ်ခံ ရှိသော သူတို့သည် ဒေါသ ဖြစ်စရာ အာရုံနှင့်တွေ့ပါက ငြင်းဆဲခြင်း၊ သတ်ဖြတ်ခြင်း၊ ဆဲဆို ကြိမ်းမောင်းခြင်း စတဲ့ လွန်ကျူးမှုများ ဖြစ်လာတတ်သည်၊ ပါဏာတိပါတကံမျိုးကို ဖြစ်စေတတ်သော ကိလေသာဖြစ်သည်။ ထိုလွန်ကျူးမှုမျိုးတို့ကို ၀ီတိက္ကကိလေသာ ဟုခေါ်သည်။ အနုသယအဆင့်ကနေ ထလာပြီ ကျုးလွန်းတတ်သော ကိလေသာ ဖြစ်သည်။

မှတ်လွယ်အောင် ချမ်းမြေ့ဆရာတော်ကြီး၏ ကိလေသာ ၃ မျိုး ကဗျာကို အောက်ပါအတိုင်း မှတ်လေ။

လွန်ကျူး ထကြွ စဉ်ကိန်းက သုံးဝ ကိလေသာ။

ကိုယ်နှုတ် နှစ်ဝ လွန်ကျူးထ ၀ီတိက္ကမကိလေသာ။

စိတ်တွင် ထကြွဖြစ်ပေါ်က ပရိယုဋ္ဌာန ကိလေသာ။

မဂ်မပယ်ရ စဉ်ကိန်းက အနုသယကိလေသာ။ (ချမ်းမြေ့ဆရာတော်)

တည်တောဆရာတော်ကြီးကတော့ ‘‘ အနုသယကိလေသာဆိုတာ ဥပါဒ်, ဌီ, ဘင် အားဖြင့် ထင်ရှားမဖြစ်ပေါ်ဘဲ အိပ်ပျော်နေတဲ့ ကိလေသာမျိုးကိုခေါ်တယ်။ ပရိယုဋ္ဌာန ကိလေသာ-ဆိုတာဟာ ဒွါရနှင့်အာရုံ တိုက်ကြုံမိပြီး အတွင်းသန္တာန်မှာ ထကြွသောင်းကျန်းလာတဲ့ ကိလေသာမျိုးကို ခေါ်တယ်။ အိပ်ပျော်ရာက နိုးလာတဲ့ ကိလေသာပေါ့။အဲဒီ ပရိယုဋ္ဌာန ကိလေသာက မိမိစိတ်အတွင်းမှာသာ သောင်းကျန်းထကြွလာတာဖြစ်လို့ အပြင်လူ အနေနဲ့ သိပ်မသိသာဘူး။ အကဲခတ်ကြည့်မှ သိသာတဲ့ ကိလေသာမျိုးပေါ့။ ၀ီတိက္ကမ ကိလေသာ-ဆိုတာက စိတ်အတွင်း သောင်းကျန်းရုံမကဘူး။ စိတ်မှာ မှီခိုတဲ့ ကိလေသာက စိတ်ကိုပါမက ခန္ဓာကိုယ်ကိုပါ နိုင်ပြီး လွန်ကျူးမိတဲ့ ကိလေသာမျိုးဖြစ်တယ်။
ဒီကိလေသာသုံးမျိုးဟာ ရုပ်အစဉ် နာမ်အစဉ်မှာ ကိန်းအောင်းတယ်’’လို့ ပြောသည်။

အယောင်ကောင်း

မြတ်ဗုဒ္ဓ၏တပည့်မ သောတာပန် ဓနဉ္စာနီ ပုဏ္ဏေးမသည် ခလုပ်တိုက်မိတိုင်း ယောင်တတ်သည်။ အယောင်ကောင်းဖြစ်သည်၊ ခလုပ်တိုက်မိတိုင်း ‘‘နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’’ ဟု ယောင်ပြီး ဘုရာရှင်၏ဂုဏ်တော်ကို ရှိခိုးပြီးရက်သား ဖြစ်သည်။ စာထဲမှာတော့ ဥဒါန်းကျူးသည်ဟုဆိုသည်။ ဥဒါန်းကျူးသည် ဖြစ်နိုင်ပါလိမ့်မည်၊ ယောင်ရမ်းပြီး ထွက်လာသော အာမေဋိတ်စကားသည် ဤမျှလောက် ရှည်လိမ့်မည်မဟုတ်။ ရှည်သည် တိုသည်ကား အရေးမကြီး၊ ယောင်ရမ်းသည်ဟု ဆိုလိုက်ကြစို့။

တချို့ကျ ခါးကို ထိလိုက်တာနဲ့ ‘‘ဗုဒ္ဓေါ’’ဟု ယောင်တတ်သည်၊ တချို့ကျပြန်တော့ မကြားကောင်းမနာသာ စကားထွက်လာသည်၊ တချို့ကျ ပါးစပ်က အသံမထွက်ဘဲ လက်ဖြင့် တခုခု လုပ်တတ်သည်၊ ယောင်ခြင်း အမျိုးမျိုးထဲမှ ဘုရားရှင်၏တပည့်မကတော့ အယောင်ကောင်းဖြစ်သည်၊ ကိုယ့်ရဲ့ အလေ့အထ၊ အလေ့ကျင့်တစ်ခု ဖြစ်ဟန်တူသည်။

တနေ့တော့ သူမသည် မိစ္ဆာဒိဋ္ဌိ အယူရှိသူ သူမ၏ အမျိုးသား ဘာရဒွါဇပုဏ္ဏာရဲ့ ရှေ့မှောက်မှာ ခလုပ်တိုက်မိပြီး ‘‘နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’’ ဟု ယောင်ပါလေတော့သည်၊ နဂိုက ဒေါသအနုသယ ဓာတ်ခံရှိနေသူ ဘာရဒွါဇပုဏ္ဏာသည် သူတော်ကောင်းအသံတည်းဟုသော အာရုံကြောင့် ပဋိဃ (ဒေါသ) ပရိယုဋ္ဌာန ကိလေသာ ထလာသည်။ ထို ပဋိဃ ပရိယုဋ္ဌာနမှ တဆင့် ‘‘ဟဲ့ အယုတ်ကောင်မ၊ ချော်လဲတာနဲ ကတုံးစုတ်ကို တမ်းတရသလား’’ဆိုပြီး ဆဲဆိုခြင်းဖြင့် ၀စီ-နှုတ်ဖြင့် ၀ီတိက္ကမကိလေသာ- လွန်ကျူးပါတော့သည်။ သူတော်ကောင်းတွေကတော့ ထိုကဲ့သို့ အနုသယကိလေသာ ပရိယုဋ္ဌာနကိလေသာများ ရှိနေပေမဲ့ သတိအမြဲရှိကာ သီလဖြင့် လွန်ကျူးမှု ၀ီတိက္ကမကိလေသာ မဖြစ်အောင် ထိန်းနိုင်ကြသည်။

ဘုရားတပည့်မ သာမာဝတီ အမျိုးသမီးသည် သူ့ကို ချောက်တွန်း (ဂုံးတိုက်)သော မာဂဏ္ဍီမိဘုရားအပေါ်၌၎င်း၊ သူမကို အထင်လွဲပြီး သတ်မည်ကြံသော ဥတေနဘုရင်ကြီးအပေါ်၌၎င်း အမျက်ဒေါသဖြင့် မတုန့်ပြန်ခဲ့။ တကယ်ဆို ဒေါသ (ပဋိဃာနုသယ) ရှိနေသေးသော သာမာဝတီသည် သတိဖြင့် သူ၏ ဒေါသကို ထိန်းထားနိုင်ခဲ့သည်၊ သူ၏သီလဖြင့် သူ့အပေါ် ကျူးလွန်ကြသော သူတို့အပေါ် ပြန်လည် တုန့်ပြန်ခြင်း (၀ီတိက္ကမ) မဖြစ်ခဲ့။ ဒေါသဖြစ်စရာနဲ့ ကြုံတွေ့နေတာတောင် ဒေါသပရိယုဋ္ဌာန-ဒေါထလာခြင်းမျိုးကိုတောင် မဖြစ်ခဲ့၊ သူမ၏ မေတ္တာသမာဓိစွမ်းအားကို ထိုဒေါသအနုသယက မလွန်ဆန်နိုင်ခဲ။

(ကိလေသာ ငြိမ်းအောင်)

ပဋိဃာအနုသယပယ်ပြီးသူ

ပဋိဃာအနုသယ (ဒေါသ)ကို ပယ်သတ်ပြီး ဖြစ်တဲ့ အနာဂါမ် ရဟန္တာများကတော့ သူ့သန္တာန်မှာ ကိန်းနေတဲ့ ဒေါသအနုသယ မရှိတော့သောကြောင့် ထို၏ပရိယုဋ္ဌာန ကိလေသာနှင့် ၀ီတိက္ကမကိလေသာတို့လဲ လုံးဝမရှိတော့ပေ။ တခါက လူတွေက သူတို့ရဲ့ဆရာဖြစ်သူ အရှင်သာရိပုတ္တရာအကြောင်းကို ချီးမွမ်းနေကြသည်။ ‘‘ငါတို့ရဲ့ ဆရာက သည်းခံခြင်း ခန္တီပါရမီနှင့် အလွန်ပြည့်စုံသည်၊ သူ့ကို ဆဲဆို ရိုက်နှက် ပါသော်လည်း နဲနဲလေးမှ အမျက်မထွက် ဒေါသမထွက်တတ်’’ ဟုသတည်း။ ထိုစကားကို ကြားသော မိစ္ဆာဒိဋ္ဌိပုဏ္ဏားသည် သူတို့ချီးမွမ်းနေသောစကား မှန်မမှန် စမ်း သပ်လိုသည်၊ တခါတော့ အရှင်သာရိပုတ္တရာသည် မြို့ထဲ ဆွမ်းခံကြွစဉ် ထိုမိစ္ဆာဒိဋ္ဌိပုဏ္ဏားက နောက်က အသာလေးလိုက်ပါပြီး အရှင်မြတ်၏ နောက်ကျောကို လက်သီးနဲ့ အားကုန်လွဲ၍ ထုလိုက်ပါတော့သည်။ အရှင်မြတ်ကတော့ ဒေါသ (ပဋိဃာနုသယကိလေသာ) ကို လုံးဝ ပယ်သတ်ပြီး ဖြစ်ရကား ဘာဖြစ်တာပါလိမ့်ဟု တွေးရုံကလွဲ၍ ဘာမှ ပြန်မပြော၊ လှည့်တောင် မကြည့်ဘဲ သွားလမ်းအတိုင်း သွားလေတော့သည်။ အထုခံရသူမှာ ဘာမှ မဖြစ်ပေမဲ့ ထုလိုက်ရတဲ့ ပုဏ္ဏားမှာတော့ ခန္ဓာကိုယ်တခုလုံး မနေနိုင်အောင် ပူလောင်နေတော့သည်၊ သူမှားသွားပြီဆိုတာ သိလိုက်ရတော့ မနေနိုင်အောင် စိတ်ထဲမှာ ပူလောင်မှုဖြစ်နေတော့သည်။ နောက်ဆုံး ၀န်ချတောင်းပန်သည်။

ပယ်နိုင်ခြင်း

ထိုကိလေသာ သုံးပါးကို အကျဉ်းအားဖြင့် သီလ သမာဓိ ပညာ ဟူသော သိက္ခာ ၃ ပါးက ပယ်သည်၊ သီလသည် လွန်ကျူးမှု ၀ီတိက္ကမ ကိလေသာကို ထိန်းချုပ်နိုင်သည်၊ သမာဓိကတော့ ပရိယုဋ္ဌနာ-ထကြွလာမည့် ကိလောသာကို ထိန်းထားနိုင်သည်၊ ပညာကတော့ ထို ကိန်းနေသော အနုသယကိလေသာကို ပယ်သတ်နိုင်သဖြင့် ၀ီတိက္ကမနှင့်ပရိယုဋ္ဌာနကိလေသာ ၂ မျိုးလုံးကိုလည်း ပယ်သတ်ပြီးသား ဖြစ်သွားသည်။ ပညာဟူသည် ၀ိပဿနာပညာနှင့် မဂ်ပညာကို ဆိုလိုသည်၊ မဂ်ပညာသည် အမြစ်ပြတ် ပယ်သတ်နိုင်သည်။

အပိုင်း (၂) တွင် ဗုဒ္ဓဘာသာ စစ်စစ် အကြောင်း ဆက်လက်ဖော်ပြပါဦးမည်။

မေးခွန်းများ မေးပေးအတွက် အထူးကျေးဇူးတင်ပါသည်။
(ဓာတ်ပုံ အင်တာနက်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၆-၁၁-၂၀၁၁

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes