အနှိုင်းမဲ့အနုပညာရှင် အပိုင်း (၂)
အနုပညာဇာတ်ပွဲမှ သံဝေဂ
တခါက ဥပတိဿရွာနှင့်ကောလိတရွာသား နှစ်ယောက်ဖြစ်တဲ့ ဥပတိဿနှင့်ကောလိတ သူငယ်ချင်း နှစ်ယောက် သူငယ်ချင်း ၅၀၀ စီ အခြံအရံဖြင့် ရာဇဂြိုဟ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဇာတ်ပွဲကို သွားကြည့်ကြသည်။ ပွဲကြည့်ရင်းတရားရ။ များစွာသော ပွဲကြည့်ပရိသတ်တွေမှာ လူရွှင်တော်ပျက်လုံးတွေကြောင့် တဟားဟား ရယ်သူက ရယ်၊ အလွမ်းခန်းရောက်တော့လဲ ငိုသူကငို၊ ကြောက်စရာ လန့်စရာတွေ ပါတော့လည်းလဲ ထိတ်ထိတ်ပြာပြာ ဖြစ်တဲ့သူကဖြစ်၊ ဤနည်းအားဖြင့် တစ်နေ့တာ ကုန်သွားပြန်သည်။ ဥပတိဿနှင့်ကောလိတ သူငယ်ချင်းနှစ်ယောက်သားကတော့ ထို ပွဲကြည့်ရင်း အမျိုးအမျိုး ပြောင်းလဲနေတာကို ကြည့်ပြီး သံဝေဂရနေကြသည်။ မကြည့်တတ်ရင် တဏှာ၊ ကြည့်တတ်ရင် ဘာဝနာပင်ဖြစ်သည်။ ‘‘တကယ်တော့ ဒီလိုဇာတ်ပွဲမှာ ဘာမှ ကြည့်သင့်ကြည့်ထိုက်တာ မရှိ၊ ကျွန်ုပ်တို့အပါဝင် ယခု ရယ်လိုက် ပြုံးလိုက် ငိုလိုက် ကြောက်လိုက် လန့်လိုက် အော်လိုက် ဆဲလိုက် ဆိုလိုက် အသွင်အမျိုးမျိုးပြောင်းနေတဲ့ အနုပညာဖျော်ဖြေသူရော အားပေးသူပရိသတ်ပါ အားလုံး နှစ် ၁၀၀ အတွင်း သေကြရမည်မှာ ဧကန်ဖြစ်သည်။ ငါတို့ ဒီအတိုင်းတော့ အချိန်မကုန်သင့် ထိုသေခြင်းမှ လွတ်ရာ မောက္ခဓမ္မကို ရှာမှ သင့်တော့မည်’’ဟု သတိသံဝေဂရ၍ တရားရှာထွက်ခြင်း ဓမ္မခရီးအစီအစဉ် စတင်တော့သည်။ အရင်တရားထူးရသူက ပြန်ဟောစတမ်းဟုသော ကတိဝတ်ဖြင့် ဓမ္မခရီးကို တစ်လမ်းစီသွားရာ ဥပတိဿသည် လမ်းခရီးမှာ ပဉ္စ၀ဂ္ဂီ ၅ ဦးထဲက အရှင်အဿဇိ မထေရ်၏ ‘‘ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ’’ တရားအကျဉ်းလေးဖြင့် ဘ၀ကို ပြောင်းလဲသွားသည်၊ နောက်ပိုင်း ကောလိတလဲ ဥပတိဿထံမှ ထိုတရားအကျဉ်းနဲ့ပဲ နာယူရပြီး ဘ၀ကိုပြောင်းလဲကြီး ပြောင်းသွားသည်။ ပွဲကြည့်ရင်းကနေ မြတ်ဗုဒ္ဓသားတော်တစ်ယောက်ထံမှ တရားအကျဉ်းကလေးကို နားယူပြီး သူတို့ရဲ့စိတ်ကို လိုသလို ပုံဖော်နိုင်ခဲ့ကြသောကြောင့် သောတာပန်များဖြစ်သွားကြပြီ၊ နောက်ပိုင်း ဥပတိဿသည် အရှင်သာရိပုတ္တရာဖြစ်လာသည်၊ ကောလိတကတော့ အရှင်မောဂ္ဂလာန်ဖြစ်လာသည်။ ဤကား လောကီအနုပညာဇာတ်ပွဲက ပေးလိုက်သော လောကုတ္တရာ အနုပညာများဖြစ်သည်။အနုပညာဇာတ်ပွဲမှ သံဝေဂ
ဂျွမ်းဘားအနုပညာရှင်
တခါက ရာဇဂြိုဟ်မြို့မှာ ဘုရင်းမင်းမြတ်အတွက် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲ ၇ ရက်တိုင်တိုင်ပွဲလမ်းသဘင်ကျင်းပသည်။ ထိုပွဲတွင် ဆပ်ကပ်ပွဲလည်း ပါသည်၊ ဆပ်ကပ်၏ဂျွမ်းဘားအဖွဲ့ထဲက အမျိုးသမီးတစ်ယောက်ကို ရာဇဂြိုဟ်သူဋ္ဌေးသား မောင်ဥဂ္ဂသေနတစ်ယောက် အစွဲလမ်းကြီးဖြစ်နေသည်၊ အတောင် ၆၀ လောက်မြင့်တဲ့ ၀ါးလုံးတိုင်ထိပ်က သူမ၏ အဆို အကနှင့် ကောင်းကင်ပေါ်မှာ ပြေးလွားနေတဲ့ သူမဟန်ပန်တွေကို သဘောကျနှစ်သက်နေမိသည်။ သူမကို မရရင် သေရတော့မည့်အဆင့်ထိ ချစ်မီးလောင်ခံနေရသည်။ ဒီလိုနဲ့ သူဋ္ဌေးသားမိဘများကလဲ အဆင့်အတန်းမတူ ဂုဏ်ရည်မတူတဲ့ အမျိုးသမီးတစ်ယောက်ကို လက်မခံနိုင်သော်လည်း သူတို့သား အသက်ဘေးကလွတ်ရေးအတွက် လက်ထပ်ခွင့်ပေးလိုက်သည်။ သူဋ္ဌေးသားလဲ တမြို့ဝင် တမြို့ထွက် ကပြဖျော်ဖြေပြီး အသက်မွေးဝမ်းကြောင်း ပြုနေသော ကချေသည်မ သွားရာ တကောက်ကောက် လိုက်နေရသည်။ ကလေးတစ်ယောက်ရ၊ ဂျွမ်းဘားမယ်က ဘာမှ မလုပ်တတ်မကိုင်တတ် လူပိုကြီးဖြစ်နေသော သူဋ္ဌေးသားကို ရွဲ့စောင်းပြီး ‘‘အထုပ်ထမ်းသမား၏ သား အိပ်ပါတော့လား’’ ဟု မခံချင်စိတ်ဖြစ်အောင် ကလေးချော့သတဲ့။သူဋ္ဌေးသားလဲ နေ့စဉ်ကြားနေရတော့ မခံချင်စိတ်တွေဖြစ်လာ၊ သူ့ယောက္ခမထံ ဂျွမ်းဘားပညာများသင်၊ နောက်တစ်နှစ် ရာဇဂြိုဟ်မြို့ပွဲ တစ်ပတ်ပြန်လည်လာပြန်သည်။ ဒီနှစ်တော့ ရာဇဂြိုဟ်သူဋ္ဌေးသား ဥဂ္ဂသေန ဂျွမ်းဘားပညာများ ပြသဖျော်ဖြေမည်တဲ့ ဆိုတဲ့ သတင်းက ရာဇဂြိုဟ်မြို့တစ်မြို့လုံးပြန့်နှံ့သွားတော့သည်။ ဇာတ်ပွဲရုံလဲ ခုံအလွတ်မရှိ ပြည့်လျှံသွားသည်။
ဘုရားရှင်ဥာဏ်ကွန်ယက်ထဲ ဥဂ္ဂသေန ၀ါးတိုင်ထိပ်တွင်မှာပဲ ရဟန္တာဖြစ်မည့်အရေးကို မြင်တော်မူသည်ဖြစ်၍ ဘုရားရှင်သည် သံဃာအခြံအရံဖြင့် ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံဝင်လာသည်။ ဥဂ္ဂသေနသည် အတောင် ၆၀မြင့်ဝါးတိုင်ထိပ်သို့တက်ပြီး ကပြဖျော်ဖြေတော့မည်ဟု လက်ဖျောက်တီးပြီး ပရိသတ်ကို အချက်ပေးသည်၊ သို့သော် ပရိသတ်က ဂျွမ်းဘားအနုပညာရှင် ဥဂ္ဂသေနကိုမကြည့်ဘဲ ဘုရားရှိသို့ မျက်နှာမူကြသည်။ ဘုရားအမိန့်နဲ့ အရှင်မောဂ္ဂလာန်က ဥဂ္ဂသေနအား ပရိသတ်ကို ဆက်လက်ဖျော်ဖြေရန် မိန့်သည်။ ဂျွမ်းဘားပညာရှင်လဲ အားရနှစ်သက်ကာ ဖျော်ဖြေလေတော့သည်၊ ပရိသတ်၏ လက်ခုပ်သံ အားပေးသံလဲ တခဲနက်ရရှိသည်။ ၁၄ ကြိမ်လောက် ဖျော်ဖြေအပြီးမှာ ဘုရားက သူ၏စိတ်ကို ဆုပ်ကိုင်လိုက်သည်။
‘‘အရင်ကလဲ ခန္ဓာအပေါ်မှာ ငြိကပ်တွယ်တာခဲ့မိလို့ ယခုလို အမိဝမ်းထဲမှာ ဂျွမ်းထိုးခဲ့ရပြီ (ပဋိသန္ဓေနေရခြင်းကိုဆိုလိုသည်)၊ နောင်လဲ ယခုလို တွယ်တာနေဦးမယ်ဆိုရင် အမိဝမ်းထဲမှာ ဇာတိဒုက္ခတွေ ခံနေရဦးမှာပဲ။ ထို့ကြောင့် ယခုပစ္စက္ခဘ၀မှ ခန္ဓာကို မတွယ်တာ မမက်မောတော့ဘဲ ခန္ဓာမှ လွတ်ရာသို့ရောက် သွားလော’’ ဟု ဘုရားက မိန့်လိုက်သည်။ ခန္ဓာ အာယတနတို့မှ လွတ်ရင် အို၊နာ၊သေ ခြင်းဆိုတဲ့ သံသရာသို့ မလာနိုင်တော့ပေ။ အရင်ကထဲက ပါရမီဓာတ်ခံပါလာသော ဂျွမ်းဘားပညာရှင်သည်လည်း မိမိ၏ လောကီအနုပညာမှ လောကုတ္တရာအနုပညာသို့ ရောက်အောင် အားထုတ်နိုင်ခဲ့ပြီး ၀ါးတိုင်ထိပ်မှာပဲ ရဟန္တာဖြစ်ပြီး ဘုရားထံရဟန်းပြုခွင့်ရသွားသည်။ ဘုရားရှင်၏ လူတစ်ယောက်အပေါ် ကိုယ်လိုသလို ပြောင်းလဲ ပြုပြင်နိုင်သည့် အနုပညာကို မအံ့သြသူ မည်သူရှိဦးမလဲ။
(၂၀၀၉ ခုနှစ်က အိန္ဒိယနိုင်ငံ ပူနေးတက္ကသိုလ်က Speech ပေးရန် ပင့်၍ ကြွလာစဉ်က ပူနေးမြို့ရှိ လှိုဏ်ဂူတစ်ခုတွင် လေ့လာစဉ်)
(ရှေးဟောင်းသုတေသန ပါမောက္ခတစ်ယောက် ရှင်းပြနေစဉ်)
(ရှေးဟောင်းသုတေသန ပါမောက္ခတစ်ယောက် ရှင်းပြနေစဉ်)
သီတဂူဆရာတော်နှင့်ဗိသုကာ
အနုပညာအကြောင်းကို ရေးနေတာဆိုတော့ စာရေးသူ၏ ကျေးဇူးရှင် လောကုတ္တရာဖခင် သီတဂူဆရာတော်ကြီး အကြောင်း ထည့်ရေးဖို့လိုလာသည်။ ဆရာတော်ကြီးသည် တကယ့်ဗိသုကာ အနုပညာရှင်ကြီးဖြစ်သည်။ နိုင်ငံတကာ လှည့်လည်ပြီး ရှေးဟောင်း ဂူ၊ ကျောင်း၊ ပြာသာဒ်၊ ပန်းချီ၊ ပန်းပု၊ ပန်းတမော့စတဲ့ အနုပညာရပ်များကို လေ့လာသည်၊ ထို ရှေးဟောင်း ပညာရပ်များကပေးတဲ့ ပြောပြတဲ့ ဘယ်ခေတ်၊ ဘယ်မင်း၊ ဘယ်ဟန်၊ ဘယ်ပုံ၊ ဘယ်ရည်ရွယ်ချက် ဆိုတာတွေကို ကောင်းကောင်း ဖတ်နိုင်သလို ရဲရဲကြီး အသုံးချနိုင်သည်။ စာရေးသည်၊ ပုံဖော်သည်၊ ဆရာတော်၏ ကျောင်း၊ ဗိမာန်၊ တက္ကသိုလ်၊ ရိပ်သာ၊ ဆေးရုံစတဲ့ အဆောက်အဦးတွေကို ကိုယ်တိုင်ပုံဖော်ပြီး ရှေးဟောင်း ခေတ်သစ်အနုပညာ ပန်းချီ ပန်းပု လက်ရာများကို ပေါင်းစပ်ကာ ရှေးဟန်တမျိုး ကိုယ်ပိုင်ဟန် တစ်ဖုံဖြင့် တည်ထွင်နိုင်သည်။ဆရာတော်သည် အသက်မဲ့ရုပ်ဝတ္ထုတွေကိုသာ ကိုယ်လိုသလို ပုံဖော်နိုင်သည်မဟုတ်၊ အသက်ရှိ လူသားတွေကိုလဲ ကိုယ်လိုသလို ပုံဖော်နိုင်ခဲ့သည်။ ယနေ့အထိ နှစ်ပေါင်း ၄၀ ကျော် ပြည်တွင်းပြည်ပရှိ သူတော်စင်များအား သဒ္ဓါမရှိသူတွေ သဒ္ဓါရှိလာအောင် သဒ္ဓါတရားရှိပြီးသူတွေ ပိုပြီး ထက်သန်လာအောင်၊ ဘာသာရေးအသိ လူမှုရေး အသိနဲတဲ့သူတွေ အသိဥာဏ်တိုးလာအောင်၊ အသိဥာဏ်ရှိပြီးသူတွေကိုလဲ အသိမှ အကျင့်ဘက်ပါလာအောင် လိုသလို ပုံဖော် အသွင်ပြောင်းပေးနိုင်ခဲ့သည်။ ဆရာတော်ကြီး၏ ဟောချက်ပြောချက် သင်ကြား ပို့ချချက်တို့ကြောင့် ပုံစံ အသွင် အသိဥာဏ် ပြောင်းလာတဲ့သူတွေ အမြောက်အမြားရှိသည်။ စာရေးသူပင် ဆရာတော်ကြီးအနား နှစ်များစွာ နေလာတော့ ဆရာတော်ကြီး စိတ်ဓာတ်များ တဖြည်းဖြည်း စိမ့်ဝင်လာသည်။ ဆရာတော်ကြီး ဟောချက် ပြောချက်နှင့် ပို့ချချက်တို့ကြောင့် အသိများစွာ ၀င်လာသလို အတွေးများစွာလဲ ၀င်လာသည်။ ဤကား စာရေးသူ၏ဘ၀ကို များစွာ ပုံစံပြောင်းသွားစေသည်မှာ ဆရာတော်ကြီး၏ ဗိသုကာ အနုပညာရပ်များပင် ဖြစ်သည်။
နိဂုံး
မြတ်ဗုဒ္ဓကတော့ သူကိုယ်တိုင် ဘ၀များစွာ ဘ၀ကို ကိုယ်လိုသလို ပုံဖော်နိုင်ခဲ့ပြီးလို့ ဘုရားအဖြစ်ကို ရရှိခဲ့ပြီ။ ထိုကဲ့သို့ သူ့ဘ၀ကို လိုသလိုပုံဖော်ရာဝယ် ‘‘တိဏ္ဏော တာရေယျံ၊ မုတ္တော မောစေယျံ’’ ‘‘သံသရာအတွင်း နစ်မျောနေတဲ့ သတ္တ၀ါတွေကိုလဲ ကယ်တင်လို၍ ပုံဖော်ပေးရမည် ဟူသော ရည်ရွယ်ချက်ဖြင့် သူ့ဘ၀ကို ဘုရားဖြစ်တဲ့အထိ ပုံဖော်ခဲ့သည်၊ (အဋ္ဌသာလိနီ)။ ထို့ကြောင့် မြတ်ဗုဒ္ဓသည်သာ သူများမလုပ်နိုင်တာကို လုပ်နိုင်ခြင်း၊ သူများ မဖန်တီးနိုင်တာကို ဖန်တီးနိုင်ခြင်း၊ လောကအားလုံးကို ကိုယ်လိုသလို ပုံဖော်ပေးနိုင်ခြင်းတို့ကြောင့် အနှိုင်းမဲ့ အနုပညာရှင်ကြီး ဖြစ်ပါပေသတည်းးးး။ဤပို့စ်က စာရေးသူတို့လို ပုထုဇဉ်တွေအတွက် များစွာ သင်္ခန်းစာပေးပါတယ်၊ စာရေးသူတို့အားလုံးလဲ အနုပညာသမားတွေပါပဲ။ လောဘဖြစ်တဲ့အခါ တဒင်္ဂပဲဖြစ်ဖြစ် လောဘမဖြစ်အောင် တားဆီးနိုင်ကြတယ်၊ ပြောင်းနိုင်ကြတယ်၊ ဒေါသဖြစ်တဲ့ သတိဖြင့် ဒေါသကို ထိန်းနိုင်ကြတယ်၊ အဒေါသ-မေတ္တာဘက်သို့ပြောင်းနိုင်ကြတယ်၊ ကြမ်းတမ်းတဲ့ ဣဿာစိတ်ဝင်လာရင် နူးညံ့တဲ့ မုဒိတာစိတ်အဖြစ် ပြောင်းလဲနိုင်ကြတယ်၊ မစ္ဆရိယစိတ်တွေ ၀င်လာတဲ့အခါ ပေးကမ်းခြင်း၊ သနားခြင်း စာနာခြင်း စတဲ့ နူးညံ့တဲ့ စိတ်အဖြစ် ပြောင်းလဲနိုင်ကြတယ်။ ထို့အားလုံး ကိုယ့်ရဲ့ ကြမ်းတမ်းတဲ့စိတ်ကို ကိုယ်လိုသလို နူးညံ့တဲ့စိတ်ဖြစ်အောင် ပုံဖော်နိုင်တဲ့ အနုပညာရှင်ကောင်းများ ဖြစ်နိုင်ကြပါစေသတည်း။။။
ဤပို့စ်ဖြင့် သီတဂူဆရာတော်ကြီး၏ (၇၅)နှစ်ပြည့် မွေးနေ့အတွက် အထူးပူဇော်သည်။
ရွှင်လန်းချမ်းမြေ့ပါစေသီတဂူစတား
၁၇-၁၀-၂၀၁၁
0 comments:
Post a Comment