သီတဂူစတား

သီတဂူစတား

26 March 2012

မွေးနေ့အလှူ (Happy Birthday)

ရှားရှားပါးပါး အလှူ အပိုင်း (၅)
စာမိတ်ဆက်
ဒီကနေ့ တန်ခူးလဆန်း (၃) မြန်မာ နှစ်၏ နှစ်အစလ (၂၅-၃-၂၀၁၂) တနင်္ဂနွေနေ့ ဖြစ်သည်။ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေး သမီး မယဉ်သူဇာကျော်တို့က ထုံးစံအတိုင်း တစ်ပတ်ခြားပြီး ဘုံဘေမြို့၊ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့အား ဒကာ ဆွမ်းဟင်းများ လာကပ်သည်မှာ (၁၃) ကြိမ်လား (၁၄) ကြိမ်လား မသိ ဖြစ်သည်။ ဒီကနေ့တော့ အထူးဖြစ်သည်မှာ-လာမည့် (၂၈-၃-၂၀၁၂) နေ့ဆို ဒကာမကြီး ဒေါ်သန်းသန်းဋ္ဌေး၏ ၄၃ နှစ်ပြည့်မွေးနေ့ဖြစ်သလို မြန်မာပြည် ပြက္ခဒိန်၏ နှစ်ဆန်းလဲ ဖြစ်သည်။ ထို့အတွက် မွေးနေ့အလှူလဲ ဖြစ် မြန်မာနှစ်သစ်ကူးလဲ ဖြစ်သည်အတွက် မွန်ရိုးရာ သင်္ကြန်ထမင်း ဟင်းနှင့် ရွှေယဉ်အေးများ လာကပ်သည်။ ထို့ပြင် ပစ္စည်းလေးပါးအတွက် န၀ကမ္မအား တပါးလျှင် ရူပီ တစ်ထောင်ကျပ်စီ လှူဒါန်းသွားသည်။ မွေးနေ့ရှင် ဒကာမကြီး ဒေါ်သန်းသန်းအလှူအတွက် ဂုဏ်ပြုသော အားဖြင့် ဒါနနှင့်စပ်ဖွယ် ပို့စ်တစ်ခု ရေးဖို့ ဖြစ်လာပါသည်။ ထိုပို့စ်ကိုလည်း ပေတ၀တ္ထုလာ ဒါနအကြောင်း တစေ့တစောင်း ဟု အမည်တွင်စေပါသည်။

ဒါနအကြောင်း တစေ့တစောင်း
၁။ ခေတ္တူပမာ အရဟန္တော-
၂။ ဒါယကော ကဿကူပမာ-
၃။ ဗီဇူပမံ ဒေယျဓမ္မံ-
အလှူခံပုဂ္ဂိုလ်များသည် လယ်မြေနှင့်တူ၏ မြေဆီ မြေလွှာတို့ဖြင့် ကြွယ်ဝသော ကောင်းသော သြဇာရှိသော လယ်မြေထဲ မျိုးစေ့များ ကျဲချ စိုက်ပျိုးကြဲလိုက်လျင် အရွက် ဖားဖား အသီးကားကား အပွင့်အာအာနဲ့ ဖြစ်ထွန်းမှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း မျိုးစေ့ မအောင်ပြန်ရင်လဲ၊ သို့မဟုတ် စိုက်ပျိုးသူ လယ်သမား မကျွမ်းကျင်ပြန်ရင်လဲ အသီးအနှံ ရသင့်သလောက် ရမည်မဟုတ်။ မျိုးစေ့တွေလဲ အောင်၊ စိုက်ပျိုးသူ လယ်သမားလဲ ကျွမ်းကျင်ပေမဲ့ လယ်ယာမြေကောင်း မဟုတ်ပြန်လျင်လဲ ကြပ်တည်းကုန်းဖြစ်သည့်အတွက် ၃ တင်းကျဲမှ ၁ တင်းသာ ရသည့် လယ်မြေဖြစ်မည်။ ထို့ကြောင့် အရွက် ဖားဖား အသီးကားကား အပွင့်အာအာ အသီးအနှံများ ဖြစ်ထွန်းလိုပါလျင် ၁။ လယ်ယာမြေကောင်းဖြစ်ရခြင်း၊ ၂။ စိုက်ပျိုးသူ လယ်သမား ကျွမ်းကျင်မှု့ရှိခြင်း၊ ၃။ မျိုးစေ့ကောင်း ဖြစ်ခြင်း အချက်သုံးချက် ညီညွတ်စွာ ရှိနေရပါမည်။

၁။ ခေတ္တူပမာ အရဟန္တော-
အလားတူ-လယ်ယာမြေနှင့်တူသော အလှူခံပုဂ္ဂိုလ်က မစင်ကြယ် (အသုဒ္ဓ၊ အပရိသုဒ္ဓ) ဖြစ်နေလျှင်၊ ကိုယ်ကျင့်တရား မရှိလျှင် ထိုလယ်ယာမြေတည်းဟုသော အလှူခံ ပုဂ္ဂိုလ်မှာ စိုက်ပျိုးကြဲချ လှူဒါန်းလျှင် ‘‘၃ တင်းကျဲမှ ၁ တင်းသာ ရ’’ ဆိုတာမျိုး အကျိုးအမြတ် မရဘဲ အရှုံးရနိုင်သည်၊ အဆိပ်ပင် ရေလောင်းသလို အကျိုးမဲ့ပါလိမ့်မည်။ ကိလေသာ အညစ်ကြေးကင်းစင်သည့် သံဃာတည်းဟူသော လယ်ယာမြေကောင်းမှာ ကြဲချ စိုက်ပျိုးမှသာလျှင် ဒါန၏အကျိုး အသီးထွားထွား အပွင့်ကားကားများ ဖြစ်ထွန်းမှာ ဖြစ်သည်။
တခါက အလွန်ဆင်းရဲသော လယ်သမား မောင်ပုဏ္ဏတို့ ဇနီးမောင်နှံရှိခဲ့ဖူးသည်။ လယ်ထွန်နေသော မောင်ပုဏ္ဏအတွက် စားစရာယူလာသော ဇနီးသည် မယ်ဘဒ္ဒါတစ်ယောက် အရှင်သာရိပုတ္တရာ ဆွမ်းခံကြွလာခြင်းနဲ့ဆုံမိသည်။ ‘‘ မရှိလို့ မလှူနိုင်၊ မလှူနိုင်လို့လဲ မရှိ၊ ဒီအစားစာသည် ငါ့တို့အတွက် ဒီနေ့အတွက် ဒီတစ်ဘ၀စာအတွက်မျှသာ ဖြစ်သည်၊ အကယ်၍ အရှင်မြတ်အား လှူလိုက်ရင် တစ်သံသရာလုံးအတွက် ဖြစ်မည်’’ဟု အတွေးဝင်၍ ပါလာသော ခင်ပွန်းသည် မောင်ပုဏ္ဏအတွက် စားစရာတွေကို အရှင်မြတ်အား လှူလိုက်သည်။ လယ်ကွင်းထဲရောက်သော အခါ ခင်ပွန်းသည်အား အကျိုးအကြောင်း ပြောပြ၍ ‘‘မယ်ပြုသမျှ မောင်ကြည်ဖြူ’’ ဆိုတာလို ၀မ်းသာလွန်း၍ သာဓုခေါ်လိုက်ခြင်းကြောင့် လယ်သမားဇနီးမောင်နှံတို့သည် သူဆင်းရဲဘ၀မှ သူဌေးရာထူးအထိ ရသွားကြသည်။ အလှူခံဖြစ်သည့် ကိလေသာကင်းစင် ဖြူစင်သော အရှင်သာရိပုတ္တရာသည် ဖလသမာပတ်ဝင်းစားရာမှ ထလာအချိန်ဖြစ်ရကား အလွန်သန့်ရှင်းသော လယ်မြေဖြစ်သည်၊ ချက်ချင်းစိုက် ချက်ချင်း အသီး အပွင့် ထွက်လာမည့် လယ်ယာမြေကောင်း ဖြစ်လေသည်။

၂။ ဒါယကော ကဿကူပမာ-
အလှူပေးသူသည် လယ်သမားနှင့် တူသည်၊ စိုက်ပျိုးကျွမ်းကျင်ဖို့လိုသည်၊ စိုက်ပျိုး ကျွမ်းကျင်မှု မရှိလျှင် ပွင့်လာမည့် အပွင့် သီးလာမည့် အသီးတို့သည် ပိန်ဖျင်းပြီး သုံးမရဖြစ်မည်။ ကျွမ်းကျင်သည့် လယ်သမားနှင့်တူသော အလှူပေးပုဂ္ဂိုလ်တို့သည် ကံ၊ ကံ၏အကျိုးနှင့် ရတနာသုံးပါး၏ ဂုဏ်ရည်တို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့်လှူဒါန်းတတ်ရမည် (သဒ္ဓါ-ဒါန)။

အလှူဝတ္ထုကိုရော အလှူခံပုဂ္ဂိုလ်ကိုပါ တလေးတစား လှူတတ်ရသည် (သက္ကစ္စ-ဒါန)။

အချိန်အခါ အားလျော်စွာ လှူတတ်ရသည်၊ အစားအစာ လိုအပ်နေချိန် အစားအစာလှူဒါန်းခြင်း၊ အ၀တ်အစား လိုအပ်ချိန် အ၀တ်အစားလှူဒါန်းတတ်ရသည်၊ ဆေးလိုချိန် ဆေးလှူတတ်ရသည်၊ စသည် လိုအပ်သည့်အခါ လှူတတ်ရသည် (ကာလ-ဒါန)။

လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ရသည်၊ သန့်ရှင်းသောအလှူ အနှောင်ဖွဲ့ကင်းသော အလှူဖြစ်ရမည်၊ တချို့က ကိုယ့်ခင်အောင် ချစ်အောင် လှူတတ်သည်၊ တချို့ကတော့ ရုပ်ချောအောင် သူများအထင်ကြီးအောင် လာဘ်တစ်ခုခု ရအောင် လှူတတ်သည်၊ အကျိုးလိုလို့ ညောင်ရေလောင်းသည် အလှူမျိုးဖြစ်သည်။ သူတပါးထံမှ ဘာကိုမှ မမျော်လင့်ဘဲ လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ရသည်၊ အကျိုးလိုလို့ ညောင်ရေလောင်းဆိုတာမျိုး မဖြစ်စေရ၊ (အနုဂ္ဂဟိတစိတ္တ-ဒါန)။

ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကိုပါ မထိခိုက်စေဘဲ လှူတတ်ရသည်။ သူတစ်ပါးဂုဏ်ကို ချေဖျက်ပြီး ကိုယ့်ဂုဏ်ကိုမြှောက်လို၍ လှူဒါန်းခြင်းသည် သူတစ်ပါးကို ထိခိုက်စေသေည်။ သမင်မွေးဘိ ကျားစားဘိ ဆိုတာလို တစ်ယောက်ကို တစ်ယောက် အနိုင်လို၍ ဆုတောင်းမှားခဲ့သောကြောင့် ကြောင်နှင့်ကြက်၊ ကျားနှင့်သမင်၊ ဘီလူးမနှင့်လူမိန်းမ သံသရာမှာ တစ်လှည့်စီ အနိုင်ယူနေကြသည်။ မိမိ သူတစ်ပါးကို ထိခိုက်စေသော ဒါနမျိုးဖြစ်သည်။ ထိုကဲ့မဟုတ်ဘဲ ယုံကြည့်ချက်ဖြင့်ပင် ဆင်းရဲဒုက္ခအပေါင်းလွတ်လိုသော ဆန္ဒဖြင့် လှူဒါန်းတတ်ရသည် (အနုပဟစ္စ-ဒါန)။

ဤကဲ့သို့ လှူတတ်ခြင်းကြောင့် အကျိုးအမျိုးမျိုး ရသည်၊ (၁)သဒ္ဓါ-ဒါနကြောင့် ချမ်းသာ ကြွယ်ဝသည် ရုပ်ရေလှပသည်။
(၂) သက္ကစ္စ-ဒါနကြောင့် ချမ်းသာမည်၊ ကိုယ့်သြဇာ အရှိန်အ၀ါရှိမည်၊ သား သမီး အလုပ်သမား စတဲ့ သူတွေက ကိုယ့်စကားကို တသွေမတိမ်း နားထောင်ကြမည်။
(၃) ကာလ-ဒါနကြောင့် ချမ်းသာမည်၊ ဖြစ်လိုရာဘ၀ လိုတရ ဘ၀ရရှိမည်။
(၄) အနုဂ္ဂဟိတစိတ္တ-ဒါနကြောင့် ဖြစ်လေရာဘ၀မှာ ချမ်းသာသည့်အပြင် ကောင်းသည့် မွန်မြတ်သည့် အရာမှန်သမျှကို မြတ်နိုးခြင်း ခံစားရခြင်းဘ၀ ရရှိမည်၊ ထိုဒါနမျိုး ချို့တဲ့ခဲ့သော ကောသလတိုင်းက သူဋ္ဌေးတစ်ယောက် အလွန်ကြွယ်ဝ ချမ်းသာသော စည်းစိမ်တွေ မသုံးရက် မစားရက် ဖြစ်နေသည်၊ သူဋ္ဌေးဖြစ်ပေမဲ့ စားတော့ ဆန်အကြမ်း၊ ဆောင်းတော့ ထီးအစုတ်၊ ၀တ်တော့ အ၀တ်အဟောင်း၊ စီးတော့ ရထားအို ဖိနပ်အစုတ်၊ သူသေသွားသော် အမွေခံ သားသမီး၊ ဆွေမျိုးများမရှိ၍ မင်းဘဏ္ဍာအဖြစ် အသိမ်းပိုက်ခံရသည်။ ထိုဒါနမျိုးပါလာသူအတွက်တော့ ရောက်လေရာမှာ ကောင်းကောင်းစား ကောင်းကောင်းနေ ကောင်းကောင်းဝတ်စသည်ဖြင့် အကောင်းစားများဖြင့် ခံစားနေရတတ်သည်။
(၅) အနုပဟစ္စ-ဒါန ကြောင့် ချမ်းသာကြွယ်ဝမည်၊ မိမိပိုင် စည်းစိမ်များကို ရေကြီး၍လဲ မဖျက်စီးခံရ၊ မီးလောင်၍လဲ မပျက်စီး၊ ရေမျှော၍လည်း မပါနိုင်၊ သူခိုးဓားပြလဲ မခိုးနိုင်။ မချစ်မနှစ်သက်တဲ့သူတွေရဲ့ အနှောက်အယှက်ကလဲ လွတ်မည်၊ မင်းဘဏ္ဍာအဖြစ်လဲ အသိမ်းမခံရသဖြင့် သူတစ်ပါး အနှောက်အယှက်မှ လွတ်ကင်းမည်။ ရန်သူမျိုးငါးပါးအနှောက်အယှက်မှ လွတ်လိုလျှင် ထိုဒါနမျိုး လှူရသည်။
ဤသို့အားဖြင့် ကျွမ်းကျင်သော လယ်သမားနှင့် တူသော အလှူရှင်သည် ထိုကဲ့သို့ လှူတတ်ဖို့လိုသလို မိမိကိုယ်တိုင်ကလဲ သုဒ္ဓ-ပရိသုဒ္ဓ-စင်ကြယ်ဖို့လိုသည်။

၃။ ဗီဇူပမံ ဒေယျဓမ္မံ-
မျိုးစေ့ကောင်းမှ အသီး အပွင့်ကောင်းမည်၊ လယ်မြေကောင်းပြီး ကျွမ်းကျင်တဲ့ လယ်သမားဖြစ်ပေမဲ့ မျိုးစေ့က ညံ့နေရင် အသီးအပွင့်ကောင်း ထွက်ဖို့မဖြစ်နိုင်။ ထို့အတူပဲ မျိုးစေ့နဲ့တူသော လှူဖွယ်ဝတ္ထုသည်လည်း စင်ကြယ်ဖို့လိုသည်။ အလှူခံက သုဒ္ဓ-ပရိသုဒ္ဓ-စင်ကြယ်ပြီး ကောင်းမြတ်သော လယ်မြေဖြစ်ပေမဲ့ လှူဖွယ်ဝတ္ထုတည်းဟုသော မျိုးစေ့ မကောင်းတော့ ရသင့်သလောက် အကျိုး မဖြစ်ထွန်းနိုင်။ သမ္မာအာဇီဝဖြင့် ရအပ်သော အလှူဝတ္ထုဖြစ်ဖို့လိုသည်၊ ပါဏံ ဟန်တွာ (တွာနဲ့ဆင့်) ဒါနံ ဒေတိ-သူများအသက် သတ်ပြီး ဒါနကုသိုလ်ဖြစ်ပေမဲ့ ထိုအလှူဝတ္ထုက မစင်ကြယ်ရကား ရသင့်သလောက် ကုသိုလ်မဖြစ်၊ ခိုးယူခြင်း လုယတ်ခြင်းကြောင့် အလှူသည်လည်း ထိုနည်းတူစွာပဲ ပဋ္ဌာန်းတရားတော်အရ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်၏ ဟုဆိုပေမဲ့ အကျိုးကား မများနိုင်။ ထို့အတူ မလှူကောင်းသော ဒါနများ-- အလှူ-ဣတ္ထိဒါန-မိန်းမအလှူ၊ မဇ္ဇဒါန-အရက်အလှူ၊ သမဇ္ဇဒါန-ပွဲလမ်းသဘင်အလှူ၊ ဥသဘဒါန-နွားလားဥသဘအလှူ-တိရစ္ဆာန်အလှူ၊ စိတ္တကမ္မဒါန-မိန်းမရုပ်စသည် ခြယ်သထားသော ပန်းချီကားအလှူများဖြစ်သည်၊ ဒါန-စွန့်လွတ်နိုင်ပေမဲ့၊ အပုည- ကုသိုလ်ဟု မဆိုနိုင်တဲ့ အလှူမျိုးဖြစ်သည်။ အလားတူ မရှာကောင်းသော စီးပွားကား-လက်နက်ကုန်ကူး၊ အဆိပ် ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ သေရည်အရက်ရောင်းဝယ်ခြင်း၊ မံသ-အသားဟင်းအတွက် စီမံရန်တွက် အသားသတွာ ရောင်းဝယ်ခြင်းတို့မှ ရလာသော စီးပွားဥစ္စာတို့သည်လည်း မစင်ကြယ်ရကား မျိုးစေ့မကောင်းသော အလှူဝတ္ထုဖြစ်သည်။ ထို့ကြောင့်အလှူ၏ အကျိုးကောင်းဖြစ်ဖို့ရန်မှာ အလှူခံ၊ အလှူပေး၊ လှူဖွယ်ဝတ္ထုများ စင်ကြယ်ဖို့လိုကြောင်း လိုပါသည်။
ခေတ္တူပမာ အရဟန္တော၊ ဒါယကော ကဿကူပမာ။
ဗီဇူပမံ ဒေယျဓမ္မံ၊ ဧတ္တော နိဗ္ဗတ္တတေ ဖလံ။
ခုဒ္ဒကနိကာယ်၊ ပေတ၀တ္ထုလာ ခေတ္တူပမပေတ၀တ္ထု ကို အမှီပြုပြီး ဤပို့စ်ကို ဖန်တီးသည်။

ဆုတောင်းပဋ္ဌနာ
အလှူရှင်မိသားစု အထူးအားဖြင့် မွေးနေ့ရှင် ဒကာမကြီး ဒေါ်သန်းသန်းဌေးအား မွေးနေ့မှ သည် နှစ်များစွာ မိသားစုနဲ့အတူ ကျန်းမာ ချမ်းသာစွာဖြင့် ဘာသာ သာသနာအကျိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ရဟန်းတော်များက မေတ္တာပို့ ဆုတောင်းပေးနေပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၂

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes