အချစ်နွံထဲမှ လွတ်မြောက်သူ
စာမိတ်ဆက်
ညက သူငယ်ချင်းတစ်ယောက်က ဦးဇင်း “သူ့မိဖုရားသေလို့ သောကရောက်နေတဲ့ ဘုရင်းကြီးတစ်ယာက် အကြောင်း၊ သူ့မိဖုရားက နွားချေးပိုး (နောက်ချေးပိုး) မလေး သွားဖြစ်တဲ့အကြောင်း” ဇာတ်တော် ဘယ်ထဲပါလဲ ဘုရားတဲ့။ စာရေးသူလည်း ခဏခဏသာ ကြာဖူးတယ်၊ တခါက လူနှစ်ယောက်ကိုတောင် ပြောပြဖူးသေးတယ်။ ဒါပေမဲ့ ဘယ်ဇာတ် ဘယ်နေရာမှာ ပါလည်းဆိုတာ ချက်ချင်းမပြောနိုင်လိုက်ဘူး။ ဒါနဲ့ စာတွေလိုက်ရှာလိုက်တော့ အဿကမင်းကြီးအကြောင်း အဿကဇာတ်တော်ကို တွေ့သည်။ ဖတ်ရင်း စဉ်းစားရင်း မှတ်မိအောင် စာရေးချင်စိတ်ပေါက်လာသည်။ မှတ်စုအဖြစ် ရေးချလိုက်သည်။
အချစ်နဲ့ မကင်းသူ
အနာဂါမ် ရဟန္တာကလွဲရင် လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြတာ အမှန်ဖြစ်သည်၊ နဲတာနဲ့ များတာသာ ကွာမည်၊ အချစ်ကတော့ ရင်ထဲ စိတ်ထဲ နှလုံးထဲ ကိန်းနေမည်။ ဘယ်လောက်ပင် မာကြောနေစေကာမူ အချစ်နဲ့ ထိတွေ့ခံလိုက်ရသူတိုင်း နုသွားသည်၊ သိမ်မွေ့သွားသည်လို့ ပြောကြသည်။ သူတို့ပြောသလို နုညံ့သွားသလား ဆိုတာတော့ မသိ၊ သေချာတာ တစ်ခုကတော့ ပူလောင်မည်ဟု ထင်ပါသည်။ အချစ်လို့ ဆိုလိုက်တာနဲ့ အများစုက ချစ်သူအချစ် လင်မယားအချစ်လို့ တိုက်ရိုက် မြင်ကောင်း မြင်လိမ့်မည်။ တကယ်တော့ သူငယ်ချင်း အချစ်၊ ညီအစ်ကို မောင်နှမ အချစ်၊ ရွှေချစ်၊ ငွေချစ်၊ အိမ်ချစ်၊ ကျောင်းချစ် စသည်စသည် အားဖြင့် သက်ရှိအချစ် သက်မဲ့ အချစ်တွေ များစွာရှိသည်။ ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် အားလုံးသည် အချစ် (ပိယ၊ ကာမ၊ တဏှာ) ဆိုတဲ့ နာမည်တစ်ခု အောက်မှာ ရောက်သွားသည်။
အနာဂါမ် ရဟန္တာကလွဲရင် လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြတာ အမှန်ဖြစ်သည်၊ နဲတာနဲ့ များတာသာ ကွာမည်၊ အချစ်ကတော့ ရင်ထဲ စိတ်ထဲ နှလုံးထဲ ကိန်းနေမည်။ ဘယ်လောက်ပင် မာကြောနေစေကာမူ အချစ်နဲ့ ထိတွေ့ခံလိုက်ရသူတိုင်း နုသွားသည်၊ သိမ်မွေ့သွားသည်လို့ ပြောကြသည်။ သူတို့ပြောသလို နုညံ့သွားသလား ဆိုတာတော့ မသိ၊ သေချာတာ တစ်ခုကတော့ ပူလောင်မည်ဟု ထင်ပါသည်။ အချစ်လို့ ဆိုလိုက်တာနဲ့ အများစုက ချစ်သူအချစ် လင်မယားအချစ်လို့ တိုက်ရိုက် မြင်ကောင်း မြင်လိမ့်မည်။ တကယ်တော့ သူငယ်ချင်း အချစ်၊ ညီအစ်ကို မောင်နှမ အချစ်၊ ရွှေချစ်၊ ငွေချစ်၊ အိမ်ချစ်၊ ကျောင်းချစ် စသည်စသည် အားဖြင့် သက်ရှိအချစ် သက်မဲ့ အချစ်တွေ များစွာရှိသည်။ ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် အားလုံးသည် အချစ် (ပိယ၊ ကာမ၊ တဏှာ) ဆိုတဲ့ နာမည်တစ်ခု အောက်မှာ ရောက်သွားသည်။
အချစ်ဆိုတာ လောကလူသားတွေအတွက် “မရှိတောင်းတ၊ ရှိ ကြောင်းကြ၊ မရှိမကောင်း ရှိမကောင်း” ဆိုတဲ့ အရာတစ်ခု ဖြစ်သည်။ မရှိလို့ ရအောင်ရှာကြသည်၊ ရှိပြန်တော့လည်း ကြောင်းကြမှုတွေနဲ့ ပူလောင်လှသည်။ တချို့အရာတွေက လောက လူသားတွေအတွက် မရှိမဖြစ်လိုအပ်သလို၊ ရှိပြန်တော့လည်း သူတို့အတွက် လုံခြုံအောင် စောင့်ရှောက်ရ၊ ကြောင်းကြရတဲ့ ဒုက္ခက မသေးလှ၊ သို့သော်လည်း လောကလူသားတွေက အချစ်ကြောင့် ဖြစ်ရတဲ့ ခံစားမှုကို သုခလို့ပဲ ထင်နေသည်၊ ပူပန်ရမှုတွေ ကြောင်းကြရမှုတွေသည်လည်း သူတို့အတွက် သုခ ဖြစ်နေသည်။ ပူဆွေးရတာကိုပဲ ကြိုက်စရာ ဖြစ်သည်၊ ၀မ်းနဲနေရတာကိုပင် သာယာစရာ တစ်ခုဖြစ်နေသည်။ အ၀ိဇ္ဇာမျက်မှန်စိမ်း တပ်ထားတော့ ဒုက္ခ မြက်ခြောက်ကို သုခ မြက်စိမ်းလို့ ထင်နေသည်။ ဒါကိုပဲ ဘ၀ကို သာယာတဲ့ တဏှာပင်ဖြစ်သည်၊ ကိုယ်ရထားတဲ့ ဘ၀လေးကို နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ သာယာနေသည်မှာ သဘာဝ ဖြစ်သည်။ နိမ့်နေတဲ့ သူကလဲ နိမ့်နေတဲ့ သူ့ဘ၀ကို သာယာနေသည်၊ မြင့်နေတဲ့သူကလည်း သူ၏မြင့်နေတဲ့ ဘ၀ကို မက်မက်မောမော ရှိသည်။ အိမ်သာထဲက ပိုးလောက်က နတ်ဘ၀ကို မလိုချင်သလို၊ နွားချေးပိုးမလေးကလည်း လူ့ဘ၀ လူ့စည်းစိမ် မိဖုရားဘ၀ကို မတောင်းတတော့ပဲ လက်ရှိ ပိုင်ဆိုင်နေတဲ့ ဘ၀လေးကိုပဲ မက်မက်မောမော ရှိလှသည်။ ဒါကိုပဲ အချစ်ဟု ခေါ်သည်။
အချစ်ဆူးနဲ့ရူးနေသူ
တကယ်တော့ အချစ်က ဆူးတစ်ချောင်း ဖြစ်သည်။ အချစ်ဆူးတစ်ချောင်း ရင်ဘက်ထဲ ဆူးနှစ်သွားလျှင် ထိုသူသည် ဘယ်လောက်ထိ ပူလောင်၊ နာကျင်မည်နည်း၊ သို့တည်းမဟုတ် သာယာစရာ ခံစားစရာ မက်မောစရာ အဖြစ် ခံစားမည်နည်း။ တခါက သန္တတိအမတ်ကြီး တိုင်းပြည်အတွက် ဂုဏ်ဆောင်သဖြင့် ဘုရင်က သူ့အတွက် သိပ်လှတဲ့ မင်းသမီးလေးတစ်ယောက်ကို ပျော်ပါးစေတယ်၊ မင်းသမီးလေးလဲ သူမရဲ့ မော်ဒယ်လ် ခန္ဓာကိုယ် အလှပျက်မှာစိုးသဖြင့် အစာမစားဘဲ နေသည်။ ထိုနေ့ တစ်ညလုံး အမတ်ကြီးအတွက် ကပြဖျော်ဖြေရင်း အစာမရှိသဖြင့် ၀မ်းဗိုက်ထဲက လေနာထကာ နှလုံးကွဲကာ ပါးစပ် မျက်လုံး အဟောင်းသားနဲ့ ဆုံးသွားရှာသည်။ အမတ်ကြီးသည် သိပ်ချစ်လှသော မင်းသမီးလေး၏ အဖြစ်ဆိုး မြင်လိုက်ရသဖြင့် (၇)ရက်လုံး အမူး သောက်ထားသည် အရက်သည်လည်း တခဏလေးဖြင့် မီးအိုးခင်းအပူပေါ်က ရေပျောက်လေးလို ချက်ချင်း ပျောက်သွားတော့သည်။ အချစ်ကြောင့် ဖြစ်သော သောကသည် ဤမျှလောက် ခံစားရသည်၊ “ငါ့ရင်ဘက်ထဲ ဆူးဝင်နေတဲ့ အချစ်ကြောင့်ဖြစ်သော သောက အပူကို ဘုရားရှင်မှ တပါး ဘယ်သူမှ မငြိမ်းနိုင်”ဟု ယူဆပြီး ဘုရားရှင်ထံ ရောက်လာသည်။ “ဤကလေးမလေး သေလို့ ငိုခဲ့ရတဲ့ သင်၏မျက်ရည်တွေဟာ ဟောဒီ မဟာသမုဒ္ဒရာကြီး လေးစင်းထဲက ရေတွေထက် ပိုများပါတယ်” လို့ ဘုရားရှင် မိန့်သောအခါမှ သောက အပူတွေ လုံးဝ ငြိမ်းသွားတော့သည်။
တလောက ပြည်ပမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်က စာရေးသူထံ ရင်ဖွင့်လာသည်၊ သူ၏ ကောင်မလေးသူငယ်ချင်းတစ်ယောက်နဲ့ပတ်သက်ပြီး ရင်ဖွင့်သည်။ တပည့်တော်ဘုရား- တပည့်တော် ကောင်မလေးတစ်ယောက်ကို တအားချစ်တာဘုရား၊ တစ်ဘ၀လုံး တစ်သက်လုံး လက်တွဲဖို့ တပည့်တော်က ဆုံးဖြတ်ပြီးသားပါဘုရား၊ တပည့်တော် သူ့အတွက်ဆို ဘာမဆို ပေးဆက်ဖို့ အရန်သင့်ပါဘုရား၊ ဒါပေမဲ့ သူက တပည့်တော်ကို ပစ်ထားပြီး တခြားကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်ဘုရား။ တပည့်တော် မခံစားနိုင်ဘူးဘုရား၊ နေ့တိုင်း ဒီသူ့အတွက်နဲ့ မစားနိုင် မသောက်နိုင် ဖြစ်ရပါတယ်ဘုရား၊ အလုပ်လုပ်ရတာလဲ စိတ်မပျော်တော့ အဆင်မပြေဘူးဘုရား။ တပည့်တော် ၀ဋ်ကျွေးလားဘုရား? အရှင်ဘုရား အားတဲ့အခါ တပည့်တော် တရားတစ်ပုဒ်လောက် ဟောပေးပါ့လားဘုရားတဲ့။
သူ့လိုပဲ ကောင်မလေးတစ်ယောက်က စာရေးသူအား ဒီအဖြစ်အပျက်မျိုးပဲ ပြောဖူးတယ်။ သူ့ကောင်းလေးအပေါ် သူက ချစ်သလောက် သူက သူ့အပေါ် သစ္စာဖောက်ပြီး တခြား ကောင်မလေးနဲ့ ယူသွားတယ်ဘုရား၊ သူလည်းပဲ နုတ်၍မရသော ဆူးတစ်ချောင်း ရှိနေပြီ။ စာရေးသူလဲ သူတို့တတွေကို “မောင်ရင်တို့၊ မရင်တို့ ဖြစ်နေတာ ကြည့်ပြီး စိတ်မသက်သာလိုက်တာ၊ တကယ်တော့ကွာ အခုလို မစားနိုင် မသောက်နိုင်၊ အလုပ်ပျက်၊ အအိပ်ပျက် ဖြစ်နေတာ ချမ်းသာတယ်လို့များ ထင်နေလား၊ ဒုက္ခမှ အကြီးကြီးပဲ၊ အချစ်ကြောင့် ဖြစ်တဲ့ ဒုက္ခပဲ။
လွမ်းတာကို နာတာနဲ့ဖြေ
“မောင်ရင်တို့ကသာ မအိပ်နိုင် မစားနိုင်ဖြစ်နေတဲ့ အချိန် မောင်ရင်တို့ ချစ်သူတွေက ဟင်းကောင်းတွေ ထမင်းကောင်းတွေ အစားအစာကောင်းတွေနဲ့ တအားစားနေကြတာ၊ မောင်ရင် အိပ်မရတဲ့အချိန် သူတို့က အိပ်မက်လှလှလေးမက်ပြီး အိပ်ကောင်းနေလိုက်ကြတာ။ မောင်ရင်တို့ အလုပ်ပျက်နေတဲ့ အချိန် သူတို့တတွေ ပန်းခြံတွေ၊ ရှော့ပင်းမောတွေ၊ ရုပ်ရှင်ရုံတွေမှာ လက်ချင်းချိတ်ပြီး ပျော်နေကြမှာ။ လွမ်းတာရှိရင် ပန်းတာလေးနဲ့ဖြေလိုက်၊ ဆွေးတာရှိရင် နာတာလေးနဲ့ ဖြေလိုက်ပါ” ဟု ပြောလိုက်သည်၊ အောက်ပါ ဇာတ်လမ်းလေးကိုလဲ ပြောပြလိုက်ဖူးသည်။
တခါက ရဟန်းတပါး သူ့ရဲ့ အရင်က မိန်းမကို တမ်းတ လွမ်းဆွေးပြီး လူထွက်ချင်နေတဲ့ ရဟန်းကို မြတ်စွာဘုရားကလည်း ဒီလိုပဲ လွမ်းတာ ဆွေးတာတွေကို နာကျည်းခြင်းနဲ့ ဖြေဖျောက်ဖို့ ထိုရဟန်း၏ အတိတ်ဘ၀က ဇာတ်လမ်းတစ်ပုဒ်ကို ဟောပြခဲ့သည်။
ထိုရဟန်း၏အတိတ်ဘ၀သည် အဿကအမည်ရှိ ဘုရင်ကြီးတစ်ယောက်ဖြစ်ခဲ့သည်၊ သူသည် သိပ်ချော သိပ်လှတဲ့ ဥပရီအမည်ရှိ မိဖုရားကို အလွန်အကျွန်ချစ်သည်၊ တနေ့တော့ သူချစ်လှစွာသော မိဖုရား ဆုံးသွားသည်။ ဘုရင်ကြီး အချစ်ကြောင့် ပူဆွေးသောကကို မထိန်းနိုင်မသိန်းနိုင်ဖြစ်ရသည်။ သူ့မိဖုရား အလောင်းကိုလဲ မသင်ဂြိုဘဲ ကြာရှည်ခံနိုင်အောင် ဆေးရေ စိမ်ထားသည်၊ ထိုမိဖုရားအလောင်းနားမှာဘဲ မစားနိုင်မသောက်နိုင် မအိပ်နိုင်ဘဲ ရှိနေသည်။ မိဘဆွေမျိုး သူငယ်ချင်းတွေက ဖျောင်းဖြလဲမရဖြစ်နေသည်။ ထိုအချိန်ဝယ် ဈာန်အဘိဥာရ ဘုရားအလောင်း ရသေ့က “ဒီဘုရင်တော့ အချစ်ဆူး၍ ရူးနေသည်၊ သူ၏သောကကြောင့် အားကိုးရာ မဲ့နေသည်၊ ငါ ကယ်မှ ဖြစ်မည်”ဟု ကရုဏာဖြင့် ဘုရင်ကြီး ဥယျာဉ်ထဲ ရောက်လာသည်။ ဘုရင်ကြီး၏ ပုဏ္ဏားငယ်လေးနဲ့ တွေ့သည်၊ သူနှင့် ဘုရင်ကြီး နေကောင်းလား စသည်ဖြင့် အလ္လာပသလ္လာပ စကားစမြည်း ပြောဖြစ်ကြသည်။ ဘုရင်ကြီးအခြေအနေကို သူကုသပေးမည်ဟု အာမခံချက်ဖြင့် ဘုရင်ကြီးထံ ခေါ်လာသည်။ ဘုရင်ကြီးကို သူ့မိဖုရားဘ၀ပြောပြသည်၊ “သင်၏ ချစ်လှစွာသော မိဖုရား နွာချေးပိုးမ ဘ၀ရောက်နေကြောင်း” ပြောပြတော့ ဘုရင်ကြီး မယုံကြည်နိုင်ဖြစ်နေသည်။
တကယ်တော့ သူ၏ မိဖုရားသည်၊ သူမ၏ အလှအပကို ယဇ်မူးနေသူဖြစ်သည်၊ အလှမာန်ဖြင့် ဘ၀ကို မေ့နေသည်၊ ကောင်းမှုကုသိုလ်တွေ မေ့ထားသည်၊ ထို့ကြောင့်ပင် ဤဥယျာဉ်ထဲမှာ နွားချေးပိုးမ လာဖြစ်ရသည်။
ကောင်းပြီး သင်မယုံနိုင်ဘူးဆိုရင် လက်တွေ့ပြမယ်၊ “ဟိုမှာ-နွားချေးပိုးကောင် နှစ်ကောင်ကို သင် မြင်တယ်မဟုတ်လား၊ နွားချေးပိုးအထီး နောက်ကနေ တကောက်ကောက် လိုက်နေတဲ့ နွားချေးပိုးမက သင်ဘုရင်ကြီးကို စွန့်လွတ်သွားတဲ့ သင့်ရဲ့ အချစ်တော်လေးပဲ” ဆိုတော့ ဘုရင်ကြီး လုံးဝ မယုံကြည်နိုင်ဖြစ်ရပြန်သည်။ ကောင်းပြီ သင်ယုံအောင် နောက်တဆင့် ပြမယ်၊ ရသေ့လည်း သူ၏ တန်ခိုးဖြင့် တိရစ္ဆာန် နွားချေးပိုးမ လူစကား နားလည်အောင် လူစကား ပြောတတ်အောင် ဖန်တီးလိုက်ပြီး “ဥပရီ မိဖုရား”လို့ ခေါ်လိုက်တော့၊ “အရှင်ဘုရား ဘာများဘာလိမ့်” ဟု လူစကားနဲ့ပြောသည်။ သင်၏ အရင်ဘ၀အကြောင်းကို ပြောပြပေးပါလား ဆိုတော့၊ အရင် လူ့ဘ၀ဖြစ်စဉ်က အဿကမင်းကြီး၏ မိဖုရား ဥပရီ ဖြစ်ခဲ့ဖူးတယ်။ “အခု သင် ဘုရင်ကြီးအဿကကို ချစ်သေးလား”၊ “အရှင်ဘုရား၊ အမှန်အတိုင်း ပြောရရင် ဘုရင်ကြီး၏ လည်ချောင်းသွေးနဲ့ တပည့်တော်မ ယောက်ျား နွာချေးပိုးဖိုရဲ့ ခြေထောက်ကို ဆေးကြောပေးချင်ပါတယ်ဘုရား၊ ဘုရင်ကြီးကို ချစ်တဲ့ အချစ်ထက် အဆတစ်ရာ မက နွားချေးပိုးဖိုကို ချစ်ရပါတယ်ဘုရား”။ သုခ အသစ်သည် သုခအဟောင်းကို ဖုံးလွမ်းထားသည်၊ အလားတူပဲ ဒုက္ခအသစ်သည် ဒုက္ခအဟောင်းကို မေ့ပျောက်ထားသည်ကား သဘာဝပင် ဖြစ်သည်။ အချစ်အသစ်သည် အချစ်ဟောင်း သတိမရတော့၊ မေ့ပျောက်သွားသည်။ နွားချေးပိုးမလေး၏ အချစ်အသစ်သည် အချစ်ဟောင်း အဿကမင်းကို မေ့ပျောက်စေသည်။ (နဝေန သုခဒုက္ခေန ပေါရာဏံ အပိဓီယတိ)
နွားချေးပိုးမလေးက “ထိုကဲ့သို့ သူ့ထက် အချစ်အသစ်ကို အဆတစ်ရာမက ပိုချစ်သည်၊ သူ၏လည်ချောင်းသွေးကိုတောင် အချစ်သစ်၏ ခြေတော်ကို ဆေးကြောပေးချင်သည်”ဟု ဆိုတော့ ဘုရင်ကြီး ချက်ချင်းပဲ ချစ်သူအပေါ်ထားတဲ့ ချစ်စိတ်တွေ ပျောက်သွားသည်၊ အချစ် ယဇ်မူးပြီး သောကတွေနဲ့ ကုန်ခဲ့တဲ့ အချိန်တွေကိုလည်း နှမျောမိနေသည်။ “သစ္စာမရှိသော မိဖုရား”ဟု နှလုံးသွင်းကာ သူ၏ အချစ်ကို နာကျင်မှုလေးနဲ့ဖြေသိမ့်နိုင်သွားသည်။
တကယ်တော့ လက်ရှိဘ၀ကို ဘယ်ဘ၀နဲ့မှ မလဲနိုင်ကြ၊ ကိုယ်ရနေတဲ့ ဘ၀ကိုပဲ နှစ်သက်ကြသည်၊ မိဖုရားစည်းစိမ် ဘယ်လောက်ပင် ကြီးကျယ်စေကာမူ နွားချေးပိုးမ ဘ၀လောက် မမက်မောခြင်းက ရနေတဲ့ ဘ၀ကို သာယာတဲ့ ဘ၀နိကန္တိက လောဘ တဏှာပင်ဖြစ်သည်။ သံသရာကို ရှည်ကြာစေတာ ထိုဘ၀တဏှာကြောင့်ပင်ဖြစ်သည်။ ဘုရင်ကြီးကတော့ ဆူးနေတဲ့ အချစ်ဆူးတစ်ချောင်းကို နာကျည်းခြင်းတည်းဟူသော ညှပ်ဖြင့် ဆွဲနုတ်နိုင်ခဲ့သည်။ ဘုရင်ကြီး (၇)ရက်တိုင်တိုင် မစားနိုင် မသောက်နိုင် ဖြစ်နေတဲ့ အချိန် သူ၏မိဖုရားက ဘ၀သစ်၊ လင်သစ် နွားချေးပိုးထီးနှင့် ဥယျာဉ်ထဲမှာ ပျော်လို့နေသည်။
ထို့ကြောင့် အချစ်ကြောင့် ဖြစ်တဲ့ သောက၊ ပူဆွေးမှု၊ ပူလောင်မှု၊ ပင်ပန်းမှုတွေကို ဘုရင်ကြီးအဿက ထုံး နှစ်လုံးမူ၊ သန္တတိအမတ်၏ ဘ၀ကို သတိရကာ ကိုယ့်ကိုယ်ကို ကုသပေးနိုင်သည်။ ဤသည်ပင် အကောင်းဆုံး ဆေးကောင်းတစ်ခွက်ဖြစ်သည်။ ဒါ့ပြင် စာရေးသူ၏ ဖေ့ဘုတ်တွင် “အချိန်တန်ဖိုး” ခေါင်းစဉ်နှင့် Note ကလေးတစ်ခု ရေးဖူးသည်။ “ကိုယ့်ကို မချစ်မနှစ်သက်တော့လို့ စွန့်ခွါသွားသူအတွက် ကြေကွဲနေရင် ကိုယ့်ကို တကယ်ချစ်တဲ့သူအတွက် အချိန်တွေ နည်းသွားလိမ့်မည်...။ ဒီလိုပါပဲ ဘ၀မှာ အရေးမကြီးတာတွေကို အချိန်ကုန်မည့်အစား အရေးကြီးတာတွေကို အချိန်ပေးရမှာ ဖြစ်သည်။” ဟူသတည်း။ ဖေ့ဘုတ်စာမျက်နှာမှ တွေ့သော ရှေ့ပိုင်းဝါကျလေးကို မှီကာ နောက်ဝါကျလေးတစ်ကျောင်း ဆက်ပေးထားလိုက်ခြင်းသာ ဖြစ်သည်။
ပေမတော ဇာယတိ သောကော- အချစ်ကြောင့် ပူဆွေးမှုဖြစ်။ တဏှာယ ဇာယတိ သောကော-တဏှာကြောင့် ၀မ်းနဲမှုတွေဖြစ်၊ ပူလောင်မှုတွေ ဖြစ်ကြရသည်၊ ဘ၀ကို ရှည်လျားစေသည်၊ သံသရာကို ဆွဲဆန့်စေသည်။ ဘ၀ရှိနေ၍ သောကတွေ ရှိနေရသည်။ ဘ၀လွတ်မြောက်မှုကို ရလိုသူသည် ဘ၀ကို လိုချင်တဲ့ တဏှာ သတ်နိုင်ဖို့လိုသည်၊ တဏှာပြတ်မှ နိရောဓ သစ္စာဆိုက်မည် ဖြစ်သည်။ ဤပို့စ်ဆောင်းပါးသည် အချစ်ကြောင့် ပင်ပန်းနေသူတွေ အတွက် ဖြေဆေးတစ်ခု ဖြစ်နိုင်သလို သံသရာဒုက္ခခံစားနေရသူတွေ အတွက် ထွက်ပေါက် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်လျှင် အတိုင်းမသိ ၀မ်းသာမိမှာ အမှန်ဖြစ်ပါတော့ သတည်းးးးးးးးးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၀၂-၂၀၁၃
0 comments:
Post a Comment