သီတဂူစတား

သီတဂူစတား

22 August 2009

အနှစ်ကိုးပါး (အပိုင်-၅)


နှစ်ဘက်လှဖို့ အရေးကြီး

သီဟိုဠ်ဘုန်းကြီးတွေကို စကားနိုင်အောင်သာ အဲဒီလို ပြောလိုက်တာပါ၊ တကယ်တော့ ပိဋကတ်စာပေ တတ်ဖို့လိုသလို အင်္ဂလိပ်စာစတဲ့လောကီစာပေတွေကို လည်း တတ်ဖို့ လိုပါတယ်။
လောကီစာပေတွေကို တတ်ရင် ဆက်သွယ်မှု မီဒီယာတွေကို ကောင်းကောင်း အသုံချနိုင်တယ်။ အဲဒီလို အသုံးချနိုင်တော့ ကိုယ်လုပ်ချင်တဲ့ သာသနာပြု လုပ်ငန်း တွေ ပိုပြီးတော့ လျင်လျင်မြန်မြန်နှင့် အောင်မြင်တာပေါ့။
ဗမာဘုန်းကြီးတွေရဲ့ အားနည်းချက်ဟာ လောကီ စာပေတွေကို မတတ်ခြင်းပဲ။ ပိဋကတ်စာပေနှင့် ပတ်သက် လာရင် မြန်မာပြည်က ဘုန်းကြီးတွေကို ဘယ်သူကမှ မကျော်နိုင်ဘူး။ နိုင်ငံခြားစာပေတွေကို မတတ်တော့ နိုင်ငံ တကာကို မထိုးဖောက်နိုင်တော့ဘူး။
ဒါကြောင့် ဘုန်းကြီးက စစ်ကိုင်းတောင်မှာ ဗုဒ္ဓ တက္ကသိုလ်ကြီး တည်ဆောက်ဖို့ စိတ်ကူးထားပါတယ်။ အဲဒီ ဗုဒ္ဓတက္ကသိုလ်ကြီးကနေပြီးတော့ ပိဋကတ်စာပေနှင့် ဘာသန္တရစာပေတွေကို တတ်ကျွမ်းတဲ့ ရဟန်းတော်များကို မွေးထုတ်ပေးမှာ ဖြစ်ပါတယ်။
နီပေါနိုင်ငံမှာ ဟောတဲ့မေတ္တာတရားတော်
ဘယ်လိုမှကျေနပ်အောင် ပြောလို့မရခဲ့တာ တစ်ခု ရှိတယ်။ နီပေါနိုင်ငံမှာ တရားဟောတုန်းကပဲ။ အဲဒီမှာ ဘုန်းကြီးက မေတ္တာတရား ဟောတယ်။ အဲဒီမေတ္တာ တရား ပွဲအပြီးမှာ ''ကိုင်း မေးချင်တဲ့ မေးခွန်းတွေ မေး'' ဆိုတော့ လူပေါင်း ၁၂-ယောက်က မေးခွန်းပေါင်း ၃၅-ခု ဘုန်းကြီး ကို မေးကြတယ်။
ညနေ ၃-နာရီကစပြီး ဖြေလိုက်ရတာ ည-၇နာရီ ထိုးရော။ အဲဒီနေ့က အမောဆုံးပဲ။ ပျော်စရာလဲ အလွန် ကောင်းတယ်။ တခါတည်း အကြိတ်အနယ်ပဲ။ အပြန် အလှန် ပြောနေကြရတာ။
အသက် ၆ဝ-လောက်ရှိတဲ့ လူတစ်ယောက်က ''အရှင်ဘုရား မေတ္တာတရား ဟောတာ အလွန်ကောင်း ပါတယ်၊ တပည့်တော် တစ်ခု မေးပါ့မယ်။ မေတ္တာတရား ဟောသွားတဲ့ အရှင်ဘုရားဟာ အသားစားပါသလား''တဲ့။
ဘုန်းကြီးက ချက်ချင်းမဖြေပဲနဲ့ အဲဒီလူမျက်နှာကို ကြည့်လိုက်တယ်။ မျက်နှာက တော်တော် တင်းမာနေတယ်။ ''အင်း သူတော့ ငါ့ကို မကျေနပ်ဘူး။ ငါ့ကိုတွယ်ချင်လို့ သူ မေးတာ'' လို့ သိတယ်။ ငါ့တွယ်ချင်လို့ သူမေးတာ။
ကိုယ်ကိုယ်ကို ပြန်ပြီးတော့ ချက်ချင်း သတိပေး လိုက်တယ်။ ''အကြိတ်အနယ် ဒီလိုစကား ပြောတဲ့ နေရာမှာ မင်း စိတ်မတိုနဲ့၊ စိတ်တိုယင် ရှုံးမယ်၊ ဟောထားတာက မေတ္တာတရား။ မင်းစိတ်မတိုနဲ့''ဆိုပြီး သတိပေးလိုက်တယ်။
မေတ္တာဟောတဲ့ဘုန်းကြီး အသားစားသလားလို့ ဆိုလာကတည်းကိုက သူက မကျေနပ်လို့ ဒါ တက်လာ တာ။ အဲဒါ ကျေနပ်အောင် ဖြေမှ။ သူ့မျက်နှာကြည့် လိုက်တော့ တင်းတင်းမာမာ ဖြစ်နေတယ်။ တင်းတင်းမာမာ ကြီးဖြစ်နေ တော့ ဘုန်းကြီးက သိပြီ။ ဒီလူဟာ စိတ်ဆိုးလို့ ငါ့ အပေါ်မှာ မကျေနပ်လို့ သူမေးတာ။
မေတ္တာတရားကို မယုံဘူး
ငါကတော့ မေတ္တာတရားဟောတဲ့ ဘုန်းကြီး ဆို တော့ မေတ္တာနဲ့ပဲဖြေမှ ဖြစ်မယ်၊ စိတ်ဆိုးတဲ့အမူအရာ ငါ ပြလို့တော့မဖြစ်ဘူး။
''ကောင်းပါပြီ ဒကာကြီး ဖြေပါ့မယ်၊ မဖြေသေးခင် တစ်ခု မှတ်သားထားပါ''။
''မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ရ ဘူးဆိုတာလေးကို ဒကာကြီး ရှေးဦးစွာမှတ်သားထားပါဦး။ မေတ္တာ ရှိတယ်, မရှိဘူးဆိုတာကို အစားအစာနဲ့ ဒကာကြီး သတ်မှတ်မယ်လို့ မကြံပါနဲ့''လို့ ဘုန်းကြီးက ပြောလိုက် တယ်။
အဲဒီတော့မှ သူပိုပြီးတော့ ဒေါသထွက်လာတယ်။တခါတည်း ခေါင်းတွေ ထောင်လာပြီးတော့ 'အရှင်ဘုရား တပည့်တော်မေးတာကို ဖြေပါ၊ အရှင်ဘုရား အသားစား သလား, မစားဘူးလားဆိုတာကိုပဲ သိချင်ပါတယ်''တဲ့။
ဘုန်းကြီးက ''ဟုတ်ပါတယ်၊ ငါ မေတ္တာတရားလဲ ဟောပါတယ်၊ အသားရော ငါးရော အကုန်လုံး စားပါ တယ်''လို့ပြောလိုက်တော့ သူက I don't believe in your lovingkindness ''အရှင်ဘုရားဟောတဲ့ မေတ္တာတရားကို တပည့်တော် မယုံဘူး''တဲ့။
အဲဒီတော့ ဘုန်းကြီးက သဘောကျသွားတယ်။ ဟုတ်ပြီ၊ ''ဒီလူကြီးကို ငါနိုင်ပြီ''လို့ သဘောကို ကျနေတယ်။ ဘာကြောင့်လဲဆိုတော့ သူက စိတ်ဆိုးနေတာကိုး။ ''ဒီလူဟာ သက်သက်လွတ်သမားဖြစ်ရမယ်၊ သက်သက်လွတ်ဝါဒကို အလွန်စွဲနေတဲ့ ဟိန္ဒူတစ်ယောက် ဖြစ်ရမယ်''လို့ဘုန်းကြီးက တွေးမိတယ်။
ဒီက ''အသားစားတယ်''လို့ ပြောလိုက်ကတည်း ကိုက သူ ဒေါနဲ့မောနဲ့ တက်လာတယ်။ ''ငါတော့ ဒီလူကို အနိုင်ချမယ်၊ နိုင်ကိုနိုင်ရမယ်''လို့ ဘုန်းကြီး သိလိုက်တယ်။
''အရှင်ဘုရား အသားစားတယ်ဆို ပြီးတော့ မေတ္တာ တရားလဲဟောတော့ အရှင်ဘုရားရဲ့မေတ္တာ တပည့်တော် မယုံနိုင်ဘူး''လို့ ပြောတော့ ဘုန်းကြီးက ''ကောင်းပါပြီ၊ မင်း ယုံဖို့ ငါ ပြောနေတာ မဟုတ်ပါဘူး၊ မေတ္တာတရား ဘယ်လိုပွားရမယ် ဆိုတာသာ ငါ ပြောနေ တာပါ''။
အဲဒီလိုပြောပြီးတော့မှ ဘုန်းကြီးက ရှင်းပြတယ်။ ''မေတ္တာတရားရဲ့သဘောကို ဒကာကြီး သဘောပေါက်ဖို့က မေတ္တာတရားဆိုတာဟာ မိမိနှလုံးသားထဲက ဒေါသကို ပယ် ဖျောက်ဖို့, ဒေါသကို နှိမ်နင်းဖို့သာ လိုရင်း ဖြစ်တယ်ဆိုတာ ကို ဒကာကြီး နားလည်ထားစမ်းပါ''။
''ဒေါသကိုပယ်ဖို့ရန် မေတ္တာပွားရတယ် ဒကာကြီး။ ဗုဒ္ဓက ဟောထားတယ်။ မေတ္တာဘာဝနာဟာ ဘာအတွက် လဲ။ ဒေါသကို နှိမ်နင်းဖို့ဖြစ်တယ်။ ဒီတော့ အသားတွေ ဘယ်လိုပဲ စားစေကာမူ အဲဒီအသားကို စနစ်ကျကျ စားပြီး တော့ ဒေါသကို နှိမ်နင်းနိုင်ရင် ဒီပုဂ္ဂိုလ်ဟာ မေတ္တာ လုပ် ငန်းမှာ အောင်မြင်တယ်''။
အပိုင်း (၆)မျှော်

ဗုဒ္ဓဝါဒဟူသည်


ဗုဒ္ဓဝါဒသည် Religion လား? Philosophy လား?
ဗုဒ္ဓဝါဒသည် Religion လား? Philosophy လား? ဟူသောမေးခွန်းကို မကြာခဏမေးကြ၏။ မေးခွန်းရှင်တို့က Religion-လို့ပဲခေါ်ခေါ်၊ Philosophy-လို့ပဲခေါ်ခေါ် မည်သို့ ခေါ်စေကာမူ ထိုအမည်နာမသည် အရေးကြီးကိစ္စမဟုတ်ပေ။ မေးခွန်းရှင်တို့ မည်သို့အမည်နာမည်ကိုပဲ တပ်တပ်၊ မည်သို့ အမည်ကဒ်ကိုပဲကပ်ကပ်၊Buddhism-သည် ဗုဒ္ဓ၏အဆုံးအမ အဖြစ် ရပ်တည်နေမည်သာဖြစ်သည်။
နာမပညတ်သည် အထည်ကိုယ်ဒြဗ်မရှိ၊ ကျွန်ုပ်တို့ ပေးထားသော ဤ Buddhism-အမည်နာမသည် ဗုဒ္ဓ၏ အဆုံးအမများအတွက် အလွန်အရေးကြီးသော ကိစ္စမဟုတ်၊ သို့သော် မည်သည့်အရာဝတ္ထုမဆို ခေါ်ဝေါ်ပြောဆိုဖို့ အမည် နာမတစ်ခုတော့ လိုအပ်ပါသည်။
'နှင်းဆီပန်း'ဟု ကျွန်ုပ်တို့ ခေါ်ထားသောအမည်တစ် ခု၌ အဘယ်ရာဝတ္ထုသည် နှင်းဆီပန်းဖြစ်ပါသနည်း။ အရောင်ကိုခေါ်မည်လော၊ အနံ့ကိုခေါ်မည်လော၊ ပန်းပွင့်ဒြဗ် ကိုခေါ်မည်လော၊ ပန်းပွင့်ပုံသဏ္ဍာန်ကို ခေါ်မည်လော၊ အခြားအမည်ဖြင့် ခေါ်ကြသော အခြားပန်းပွင့်တို့မှာလည်း နှင်းဆီကဲ့သို့သော မွှေးကြိုင်သည့်ရနံ့ ရှိကြမည်သာဖြစ်သည်။ သို့သော် ပုံသဏ္ဍာန်နှင့် ဖွဲ့စည်းပုံတို့ကတော့ တူကြမည်မဟုတ် ပေ။
ထို့ကြောင့် သစ္စာ၌ အမည်နာမ မလိုပေ၊ သစ္စာကို အမည်ပေးရန်မရှိ၊ သစ္စာသည် ဗုဒ္ဓဘာသာလည်းမဟုတ်၊ ခရစ်ယာန်ဘာသာလည်း မဟုတ်၊ မူဆလင်ဘာသာလည်း မဟုတ်၊ သစ္စာသည် Philosophy-လည်းမဟုတ်၊ Psychology-လည်းမဟုတ်၊ ဘာသာရေးလည်းမဟုတ်။ သစ္စာသည် ထိုအမည် နာမအားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။
သစ္စာကို မည်သည့်ဘာသာဝါဒတို့ကမျှ ဆုတ်ကိုင် ထားနိုင်ခြင်းမရှိ၊ ဘာသာဝါဒစွဲတစ်ခုကြောင့် ဖြစ်ပေါ် လာသော အမည်နာမတို့သည် သစ္စာတရားကို ရှာဖွေခြင်းနှင့် လွတ်လပ်စွာ သိမြင်ခြင်းတို့၏ အတားအဆီး အနှောက် အယှက် များဖြစ်ကြကုန်၏။ ထိုအမည်နာမအမျိုးမျိုးသည် လူသားတို့၏စိတ်၌ အန္တရာယ်များသော အပိတ်အပင်အ တားအဆီးတို့ကို ဖြစ်စေကြကုန်၏။
ဤအမည်နာမတို့ကြောင့် လူသားအချင်းချင်း ဆက်ဆံရေး၌လည်းကောင်း၊ စိတ်ဓာတ်ရေးရာ၌လည်း ကောင်း၊ အသိဥာဏ်ပညာရေးရာ၌လည်းကောင်း အတား အဆီး အနှောက်အယှက် မြောက်များစွာဖြစ်ရကုန်၏။ ဥပမာ- ကျွန်ုပ်တို့သည် လူတစ်ယောက်ကိုတွေ့မြင်၏။ထိုအခါ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွေ့ရသော ထိုလူကို လူသား တစ်ယောက်ပါပဲဟူ၍ မရှုကြည့်ကြပဲ ကျွန်ုပ်တို့သည် ထိုလူ့အ ပေါ်၌ Loving-အမည်နာမအမျိုးမျိုး ကပ်ကြလေ၏။
ဥပမာ- လူတစ်ယောက်ကိုတွေ့၏။ ဘာလူမျိုးလဲ၊ အင်္ဂလိပ်လူမျိုးလား၊ အမေရိကန်လူမျိုးလား၊ အာရပ်လူမျိုး လား၊ တရုတ်လူမျိုးလား၊ ကုလားလူမျိုးလား စသည်ဖြင့် အမည်နာမ အမျိုးမျိုး တပ်ကြလေကုန်၏။
ထို့ကြောင့် ကျွန်ုပ်တို့စိတ်ထဲ၌ ထိုလူနှင့်ပတ်သက် သည့် အမည်နာမအမျိုးမျိုးကြောင့် များစွာ အနှောက်အ ယှက် ဖြစ်ကြကုန်၏။ အင်္ဂလိပ်ဆိုရင် ဒို့ကမကြိုက်ဘူး၊ အမေ ရိကန်လူမျိုးမှ ကြိုက်သည် စသည်ဖြင့်- ကြိုက်/မကြိုက်နှစ် မျိုးဖြစ်ရခြင်းသည် လူဆိုသည့်အပေါ်၌ အင်္ဂလိပ်-အမေရိ ကန်ဟူသော အမည်တပ်လိုက်ခြင်းကြောင့်ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပေးထားသော ထိုအမည်နာမအမျိုးမျိုးတို့ကြောင့် ဖြစ်ရသည့် အတားအဆီး အနှောက်အယှက် ပဋိပက္ခအပေါင်းတို့မှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါသည်။
လူသားတို့သည် အမည်နာမ ခွဲခြားမှုမရှိသည့် သဘောကို ကြိုက်နှစ်သက်ကြသည်။ လူသားတို့သည် လူသားတို့၏ အရည်အချင်း , ဂုဏ်သိက္ခာ , အကျင့်သီလ , အသိပညာ စိတ်ဓာတ်အားဖြင့်တန်းတူညီမျှ ဖြစ်သည့် သဘောကို ကြိုက်နှစ်သက်ကြသည်။
လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ နေထိုင်သည့်ရေ မြေ မည်သို့ပင် အမည်အမျိုးမျိုးအောက် ရောက်နေကြသော် လည်း တိုင်းပြည်အသီးသီးရှိ လူမျိုးအသီးသီး၏နှလုံးသားဝယ် ကိန်းအောင်းနေသည့် ချစ်ခြင်း မုန်းခြင်း ညှင်းဆဲခြင်း သည်းခံခြင်း အစရှိသော စိတ်တို့၏သဘောမှာ တူညီသော သဘောလက္ခဏာ ရှိကြကုန်၏။
အဖျားဖြတ်ဆေးတစ်လက်ကို ဖော်စပ်ပုံတူညီပါ လျှက် အမေရိကန်မှာလုပ်သည်ဆိုလျှင် လူတကာအထင်ကြီး ကြသော် လည်း ထိုဖော်စပ်ပုံအတိုင်းပင် မြန်မာပြည် မှာလုပ်သည်-ဟုတံဆိပ်ကပ်လျှင်အထင်မသေးသင့်။ အမှတ်တံဆိပ် ကွာပေမယ့် ဖော်စပ်ပုံတူညီသောကြောင့် စွမ်း ရည်သတ္တိတို့လည်း တူညီကြကုန်၏။ အဖျားပျောက်သည်မှာ အတူတူပင်ဖြစ်သည်။
သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာ-ဒါန သီလ ဘာဝ နာ၊ ခရစ်ယာန်-ဒါန သီလ ဘာဝနာ၊ အစ္စလာမ်- ဒါန သီလ ဘာဝနာ စသည်စသည်ဖြင့် သူတော်ကောင်းအကျင့်တို့ အပေါ်၌ အမည်နာမမျိုးစုံတို့ ကပ်ရောက်သွားလျှင် အတွင်းရှိ အစွမ်းသတ္တိကို မေ့လျော့ကာ အပေါ်ယံအမည်၌ ငြင်းခုံနေ ကြမည်သာဖြစ်ကုန်၏။

သို့ဖြစ်ခြင်းကြောင့် သစ္စာတရား၌ ဘာသာရေး အမည်ဆိုင်းဘုတ် မလို၊ ဓမ္မ၌လည်း ဘာသာရေးဆိုင်း ဘုတ် ထိုးရန်မလို။သီလ သမာဓိ ပညာတို့သည် စံနစ်တကျ ဖော်စပ်ထားသော ဆေးသမားကြီး၏ ဆေးစွမ်းကောင်းများ ဖြစ်ကြကုန်၏။ ထိုဆေး စွမ်းကောင်းတစ်လက်ကို အပေါ်မှာ တပ်ထားသော အမည် အမျိုးမျိုးကြောင့် ရောဂါသည်အ ပေါင်းတို့ မငြင်းခုံသင့်။ ရှောင်လွှဲ မသွားသင့်။ နာမပညတ်ကို ကျော်ဖြတ်၍ ဓမ္မဆေးကို သောက်ရန်သာဖြစ်သည်။
ထို့ကြောင့် ဓမ္မသည် Religion-လည်းမဟုတ်၊ Philosophy- လည်းမဟုတ်။ သူ့ကိုတပ်ရန် မည့်သည့်အမည် နာမည်မျှ မလို၊ လူသားထုတစ်ရပ်လုံး စွဲကပ်သည့် ကိလေသာ ရောဂါဆိုးကြီးကို ဖြေဖျောက်ပေးမည့် ဆေးစွမ်းကောင်း တစ် လက်သာဖြစ်၏။
ဓမ္မဆေးကို ဗုဒ္ဓက ဖော်စပ်ပေးခြင်းကြောင့် ဗုဒ္ဓ၏တပည့်သာဝကတို့သည်သာ ပိုင်ဆိုင်ကြသည်မဟုတ်၊ ချစ်ခြင်း မုန်းခြင်း အစရှိသော နာတာရှည်ရောဂါဆိုးကြီး စွဲကပ်နေကြသည့် လူသားတိုင်းက ပိုင်ဆိုင်ကြသည်သာဖြစ် ၏။
ထို့ကြောင့် ဓမ္မသည် သစ္စာ၊ သစ္စာသည် Religion-မဟုတ်၊ သစ္စာသည် နေရာတိုင်း လူသားတိုင်းမှာရှိသည်။ လူသားတိုင်း သည် သစ္စာကို သိမြင်ပိုင်ခွင့်ရှိသည်။
သစ္စာတရားကိုရှာဖွေစဉ် ရှာဖွေသူထံသို့ ရရောက် လာသော အတွေးအကြံမှန်သမျှ တို့သည် အမည်နာမနှင့် ရုပ်ဒြဗ်တို့ မဟုတ်ကြလေကုန်။ တကယ်စင်စစ်တော့ စိတ်ဓာတ်နှင့် အသိဥာဏ်တို့သာဖြစ်ကုန်၏။
စိတ်ဓာတ် အတွေးအကြံ အသိဥာဏ် ဖွံ့ဖြိုးတိုး တက်ခြင်းနှင့် ထို၏အကြောင်းရင်းသည် ပညာသာ ပဓာန ဖြစ်၏။ တကယ် စင်စစ် သစ္စာကိုသိနားလည်ဖို့ရန်အလို့ငှါ ထိုသစ္စာကို ဘယ်သူသင်ပြသည်၊ ဘယ်လူမျိုးဟောကြားသည်၊ ဘယ်တိုင်းပြည်ကလာသည်- စသည့်အချက်တို့ကို သိရန်မ လို၊ သစ္စာ၌ တိုင်းပြည် လူမျိုး ပုံသဏ္ဍာန် အရွယ်အစား အရောင်အသွေးမရှိ။သစ္စာတရားသည် ထိုကဲ့သို့သော အ တားအဆီး အနှောင်အဖွဲ့တို့မှ လွတ်မြောက်ပြီးဖြစ်၏။

21 August 2009

အနှစ်ကိုးပါး(အပိုင်း-၄)




အရည်အချင်းရှိဖို့က ပဓာန
''ဒါကြောင့် ကမ္ဘာလှည့် သာသနာပြုတဲ့ အခါမှာ အရည်အချင်းရှိဖို့က အရေးကြီးပါတယ်။ တပည့်တော်တို့ မြန်မာပြည်ကနေ ဒီကနေ့ ကမ္ဘာလှည့် သာသနာပြု အလွန် တရာထင်ရှား ကျော်ကြား တော်မူတဲ့ တောင်ပုလုဆရာ တော်ဘုရားကြီးဆိုတာ အမေရိကန်တခွင်မှာ သာသနာ လှည့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တက္ကသိုလ်ကမှ ဘွဲ့ မရခဲ့ ပါဘူး၊ အမေရိကန်ပြည်မှာ တောင်ပုလုဆရာတော်ကြီးရဲ့ 'ကမ္မဌာန်းရိပ်သာကြီး'ဟာ ဒီကနေ့ အထင်အရှား ရှိနေ ပါပြီ''။
''မဟာစည်ဆရာတော် ဘုရားကြီးတို့ဆိုတာလဲ ဘယ်တက္ကသိုလ်ကမှ ဘွဲ့မရခဲ့ပါဘူး၊ ဒါပေမယ့် မဟာစည် သာသနာ့ရိပ်သာ ဆိုတာ ကမ္ဘာမှာ နေရာတိုင်းမှာ ရှိနေပါ တယ် ဘုရား''။
''အရှင်ဘုရားတို့ သီဟိုဠ်ဘုန်းကြီးတွေ ဒေါက် တာဘွဲ့ တွေအများကြီးရပြီးတော့ ကမ္ဘာမှာ ကမ္မဋ္ဌာန်းရိပ် သာ ဘယ်နှစ်ခု ဖွင့်နိုင်တုန်းပြောစမ်းပါ။ တခုမှ မရှိဘူး''။
ဘုန်းကြီးကို သူတို့ ဘာမှ ပြန်မပြောနိုင်ဘူး။ ဘုန်းကြီးနိုင်တာပဲ မဟုတ်လား။ အဲဒီလို နိုင်အောင် ပြော ရတယ်။ ဘုန်းကြီးက ဆက်ပြောလိုက်တယ်။
''အရှင်ဘုရားတို့ နိုင်ငံမှာ ဒေါက်တာဘွဲ့ရ ဆရာ တော်တွေ အများကြီးရှိတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သီဟိုဠ်ဘုန်းကြီးကျောင်းတွေ ရှိပါတယ်။ အင်္ဂလန်မှာ ရှိ တယ်။ အမေရိကန်မှာ ရှိတယ်။ ဂျပန်မှာလဲရှိတယ်။ စင်္ကာပူ မှာလဲရှိတယ်။ မလေးရှားမှာလဲရှိတယ်။ အိန္ဒိယတခွင်လဲ သီဟိုဠ်ကျောင်းတွေ အများကြီးပဲ''။
''အဲဒီလောက် သာသနာပြုတွေထွက်ပြီးတော့ ကမ္မဋ္ဌာန်းဌာန ဘယ်နှစ်ခု ဖွင့်ပြီးပြီလဲ။ အင်္ဂလန်နဲ့ အမေရိ ကန်မှာဆိုတော့ မဖွင့်ရသေးပါဘူးတဲ့။ ကျောင်းတိုက် တစ် ခု အနေနဲ့ တည်ပြီးတော့ တရားသာ ဟောနေတာ၊ ကမ္မ ဋ္ဌာန်း ဌာနရိပ်သာတော့ မရှိသေးပါဘူး''။
''တပည့်တော်တို့ မြန်မာပြည်မှာ ဥရောပကရော၊ အမေရိကန်ကရော၊ အင်္ဂလန်ကရော လာပြီးတော့ ကမ္မ ဋ္ဌာန်း အားထုတ်ကြပါတယ်ဘုရား၊ ရိပ်သာတွေ အပြည့်အဝ ရှိပါတယ်။ ဒီကကြွပီးတော့လဲပဲ ဆရာတော်တွေ ကမ္ဘာ အရပ်ရပ်မှာ ကမ္မဋ္ဌာန်းတရားတွေပြလို့ ကမ္မဋ္ဌာန်း ရိပ်သာ တွေ ဖွင့်ထားပါတယ်ဘုရား''။
''ဒါကြောင့် အရှင်ဘုရားတို့ B.A, M.A, Ph.D ဘွဲ့တွေရမှ သာသနာပြုနိုင်မယ်ဆိုတာ မျိုးတော့ မပြောပါ နဲ့''လို့ ဘုန်းကြီးက ပြောလိုက်တယ်။
ဒီတော့ သူတို့က ''ဘွဲ့တွေရမှ သာသနာပြုဖြစ် လိမ့်မယ် ဆိုတာတော့ မပြောပါဘူးဘုရား။ ဒါပေမဲ့ တခု တော့ မေးဦးမယ်။ အရှင်ဘုရား မဖြေသေးဘူးတဲ့။ ဗမာ ဘုန်းကြီးတွေ ဘာ့ကြောင့် အင်္ဂလိပ်စာတတ် နည်းရသလဲ'' လို့ မေးတယ်။
ဘုန်းကြီးကလဲ ''တတ်သလောက် ပြောပါရစေ''လို့ ရိုးရိုးသားသားလေး ဝန်ခံပြီး ပြောလိုက်ပါတယ်။
''ပိဋကတ်စာကိုသာ သင်ပြီး အင်္ဂလိပ်စာကို လုံးဝ မသင်ကြလို့ ဗမာဘုန်းကြီးတွေ အင်္ဂလိပ်စာ မတတ်ကြ တာ၊ အရှင်ဘုရားတို့ သီဟိုဠ်ကျွန်းဟာ ကိုလိုနီဖြစ်တာ ဘယ်လောက် ကြာလဲ''။
''အနှစ် ၄ဝဝ- ကြာပါတယ်ဘုရား''။
''တပည့်တော်တို့ မြန်မာပြည်ဟာ အင်္ဂလိပ်လက် အောက် ရောက်ရတယ်ဆိုတာ မှန်ပါတယ်။ နှစ်ပေါင်း ၆ဝ-ပဲ ကိုလိုနီဖြစ်ခဲ့တာ။ ဒါပေမဲ့ နှစ် ၆ဝ-လုံးလုံး ကျေကျေ နပ်နပ်နဲ့ လက်ခံနေတာ မဟုတ်ဘူး။ အဲဒီအင်္ဂလိပ်တွေကို ဘာသာစကားရော, လူမျိုးတွေကိုရော, အုပ်ချုပ်ပုံတွေကို ရော တခုမှ မကျေနပ်ပဲနဲ့ နှစ်ပေါင်း ၆ဝ-လုံးလုံး တို့က တော်လှန်နေတာ''။ ပြီးတော့ ဘုန်းကြီးက ဆက်ပြောလိုက် သေးတယ်။
''မင်းတို့ကတော့ အဲဒီအင်္ဂလိပ်တွေကို ထိပ်ပေါ်မှာ ဘုရားလို ကိုးကွယ်ပြီးတော့ နေကြတာ၊ ဟုတ်တယ်မို့လား၊ သီဟိုဠ်ကျွန်းကို ဗြိတိသျှဘုရင်မ အလည်လာတယ်ဆိုရင် သီဟိုဠ်တစ်ပြည်လုံးက ကြိုလိုက်ကြတာ။ လက်အုပ် ချီပြီးတော့ ကြိုကြတယ်။ our qeen, our queen 'ငါတို့ရဲ့ ဘုရင်မ၊ ငါတို့ရဲ့ဘုရင်မ' ဆိုပြီးတော့ လက်အုပ်ချီပြီးကြိုကြ တယ်။ ဒါကို ကြည့်ရင် သိသာတယ်။ တော်တော်တော့ ကျွန်စိတ် မကုန်သေးတဲ့ လူတွေပဲဆိုတာ''။
''တို့က လက်အောက်ခံ နေခဲ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်စိတ် မရှိဘူး။ ဒီတော့ အင်္ဂလိပ်စာကိုလည်း ကောင်းကောင်း မသင်တော့ဘူး။ မဖြစ်လို့သာ သူတို့ရဲ့ အုပ်ချုပ်မှုကို ခံနေရတာ၊ ဒါကြောင့် ဗမာဘုန်းကြီးတွေ အင်္ဂလိပ်စာ မတတ်ကြတာ၊ မင်းတို့ကတော့ ကျွန်သက်ရှည် တော့ အင်္ဂလိပ်စာ တတ်တာပေါ့''လို့ ပြောပစ်ခဲ့တယ်။
ဒီတော့ ပြောမယ် ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် နိုင် အောင် ကြံပြီးတော့ ပြောရတယ်။ ကိုယ့်ဘက်က ယုတ္တိကို သေသေချာချာ ရှာပြီးတော့ နိုင်အောင် ပြောရတယ်။ ဘုန်းကြီးတော့ ဘယ်မှာမှ မရှုံးခဲ့ဘူး။ အနိုင်ချည်းပဲ။

အပိုင်း (၅)ဆက်လက်ဖက်ရန်

19 August 2009

``မဟာလူသား မြတ်ဗုဒ္ဓ´´


``မဟာလူသား မြတ်ဗုဒ္ဓ´´

Religion ဆိုသောစကားရပ်သည် လူတို့၏ ကိုး ကွယ်ရာ ဘာသာရေးဟူသော အဓိပ္ပါယ်အားဖြင့် ယနေ့ ကမ္ဘာတွင် ထင်ရှားပေါ်လွင်လျက်ရှိသည်။
မိမိတို့သည် မြတ်ဗုဒ္ဓကို ဘာသာရေးတည်ထောင်သူ-Founder of Religion-ဟု ခေါ်ဆိုနိုင်ခွင့်ရှိပါလျှင် ဘာသာရေးတည် ထောင်သူအားလုံးတို့တွင် မြတ်ဗုဒ္ဓသည် သာလျှင် လူသားတို့၏ဆရာ Teacher of mankind ဖြစ်သည်။
မြတ်ဗုဒ္ဓကို သန့်ရှင်းသော, ရိုးသားသော လူသား တစ်ယောက်ထက်ပို၍ ပြောဆိုကြေငြာနိုင်ဖွယ်မရှိပါ။
အခြား သော ဘာသာတရားကို တည်ထောင်သူတို့မှာ God (ထာဝရသခင်) လည်း ဖြစ်နိုင်သည်။ God ဝင်စားသူလည်း ဖြစ်နိုင်သည်။ God၏သားလည်းဖြစ်နိုင် သည်။God၏တမန်တော်လည်း ဖြစ် နိုင်သည်။
မြတ်ဗုဒ္ဓမှာမူ သန့်ရှင်းစင်ကြယ်သော လူသားတစ် ယောက်ဖြစ်ရုံမျှမက သန့်ရှင်းစင်ကြယ်သော နည်းလမ်းကို တည်ထောင်သူ၊ ထိုနည်းလမ်းကို ပြသူ၊ အမှန်တရားနှင့် ငြိမ်းချမ်းရေးကို ထုတ်ဖော်ပေးသူလည်းဖြစ်သည်။
မြတ်ဗုဒ္ဓသည် ထိုဝိသုဒ္ဓိလမ်းစဉ် , ဝိမုတ္တိလမ်းစဉ် , သန္တိလမ်းစဉ် , သစ္စာလမ်းစဉ်တို့ကို ဖော်ထုတ်ပြသရာ၌ ပြင်ပ မမြင်ရသည့် တန်ခိုးရှင်တို့၏ တန်ခိုးပါဝါနှင့် အကူ အညီကို လုံးဝ ရယူခဲ့ခြင်းမရှိပေ။
ဇွဲ ,သတ္တိ , လုံ့လ , ဥာဏ်ပညာတို့ကို အသုံးချအလုပ်လုပ်ကာ အထက်ပါ လမ်းစဉ်တို့ကို ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။
မြတ်ဗုဒ္ဓသည် သူသိသမျှ , မြင်သမျှ , ရရှိပိုင်ဆိုင် ထားသမျှ သစ္စာ (အမှန်တရား) ,သန္တိ (ငြိမ်းချမ်းရေး), ဝိသုဒ္ဓိ (စင်ကြယ်ခြင်း) , ၀ိမုတ္တိ (လွတ်မြောက်ခြင်း)တို့ကို သဒ္ဓါ ဝီရိယ ပညာရှိကြသည့် လူသားတိုင်းအား ဖြန့်ဝေပေးခဲ့လေ သည်။
ထို့ကြောင့် ကမ္ဘာ့တခွင်ရှိ ပညာရှင်တို့က ယနေ့ကမ္ဘာ၌ အလွန် ထင်ရှားပေါ်လွင်သော ဘာသာ တရား တည်ထောင်သူတို့တွင် မြတ်ဗုဒ္ဓကို "မဟာလူသား" ဟူ၍ အသိမှတ်ပြုလာကြ သည်။

လူသားတိုင်း ဘုရားဖြခွင့်ရှိ
ဘုရားအဖြစ်ကိုပင် သင့်လျော်သော လူသားတိုင်း အား ဖြစ်ခွင့်ပေးထား ပါသည်။ ပုဂ္ဂိုလ်တိုင်း ဘုရားဖြစ်ခွင့်ရှိပါသည်။
လူသားတစ်ယောက် (လူသားစင်စစ်)သည်သာလျှင် မြတ်ဗုဒ္ဓအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ လူသားတိုင်း၏သန္တာန်၌ ဗောဓိဥာဏ် ( သစ္စာ ၄-ပါးကို သိသည့် ဉာဏ်) သို့မဟုတ် သဗ္ဗညုတဥာဏ်( အရာခပ်သိမ်းကို ထိုးထွင်း သိမြင်သည့် ဉာဏ်) ကို ရပိုင်ခွင့်သည် ကိန်းအောင်းလျက်ရှိသည်။
``ဘုရားအဖြစ်´´ကို တစ်ဦးတစ်ယောက်ကသာ ပိုင်ဆိုင်သည်မဟုတ်။ ထိုလူသား သည် တကယ်စင်စစ် ဥာဏ်နှင့်ယှဉ်၍ အားထုတ်လို သော ဆန္ဒရှိလျှင် ဘုရားအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ ဘုရားဖြစ်ချင်သော သူမှန်သမျှ ဖြစ်နိုင်ခွင့်ရှိပေသည်။
ထိုက်တန်သော အရင်းအနှီးကို ပေးနိုင်သည့်သူမှန်သမျှသည် ထိုက်တန်သော အကျိုးအမြတ်ကို ရရှိနိုင်ပေသည်။ ဤကား သဘာဝနိယာမပင်တည်း။
ကမ္ဘာ့အမွေဆိုင် ``ဓမ္မ´´
မြတ်ဗုဒ္ဓကို လူသားအားလုံး တို့ထက် ထူးခြားသောလူသား၊ ဘာသာရေး တည်ထောင်သူ တို့ထက် ထူးမြတ်သော ဘာသာရေးတည်ထောင်သူ-ဟုဆို နိုင်သည်။
လူ့ဘဝ လူ့လောက၌ သူသည် အကျင့်ပိုင်း , အသိ ပိုင်း အရာရာတိုင်း၌ အလွန်ပြည့်စုံသူဖြစ်သည်။
မြတ်ဗုဒ္ဓ၏အဆုံးအမဖြစ်သော ဓမ္မသည် လူသား အားလုံး တို့၏ဘဝနှင့် တစပ်တည်းဖြစ်သည်။ လူသားအားလုံးတို့၏ ဘဝလိုအပ်ချက်နှင့်လည်း ကိုက်ညီလျက်ရှိသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ- ဓမ္မကို လူလောကကြီးတစ်ခုလုံးက ပိုင်ဆိုင်ခွင့်ရှိထားသည်။ ရိုးသားသောယုံကြည်မှုနှင့် ကျိုး ကြောင်းသိမြင် ဆင်ခြင်တတ်သော အသိဥာဏ်ရှိသူတိုင်းသည် ဓမ္မကို တစ်ကမ္ဘာလုံး၏ (လူသားတစ်ရပ်လုံး၏) အမွေဆိုင်ဟု ဆိုကြသည်။

အနှစ်ကိုးပါးတရားတော် (အပိုင်း-၃)





သီဟိုဠ်နိုင်ငံ ပညာရေးစနစ်

ကောလိပ်သုံးခုကို ဘုန်းကြီးရောက်ခဲ့တယ်။ ထို ကောလိပ်တွေမှာ အုပ်ချုပ်တဲ့ ဆရာတော်တွေ အတွင်း ရေးမှူးတွေ တွေ့ဆုံပြီးတော့ မေးမြန်းကြည့်တယ်။ အဲဒီက ပြဋ္ဌာန်းတဲ့ကျမ်းစာတွေ အကုန်လုံး ဘုန်းကြီးတို့ယူလာခဲ့ပါ တယ်။မြန်မာပြည်က ပညာရေးစနစ် ဆောင်ရွက်တော်မူကြ တဲ့ ဆရာတော်သံဃာတော်များကိုပြဖို့ သာသနာရေးဌာန တင်ပြဖို့ ဆိုပြီးတော့ ယူခဲ့တယ်။
ဘာတွေသင်ကြားသလဲဆိုတော့ အကြမ်းအားဖြင့် အင်္ဂလိပ်စာကို နံပါတ်(၁)အနေနဲ့ ထားတယ်။ အဲဒီနောက် နားမှာ ဟိန္ဒူဘာသာနဲ့ သက္ကတဘာသာ။ နောက်ပြီးတော့မှ နိုင်ငံရေးသိပ္ပံတို့ ရာဇဝင်တို့ဆိုတာ အဲဒီနောက်နားကရှိတယ်။ ပြီးတော့မှ ပါဠိဘာသာဆိုတာ ရှိတယ်။
ပိဋကတ်သုံးပုံကို ဘယ်လိုလုပ် သင်သလဲဆိုတော့ သုတ္တန်တခုစီ တခုစီ ရွေးထုတ်ပြီးတော့ ကောက်နုတ်ချက် လောက်ပဲ သင်တယ်။
ဥပမာ- ဒီဃနိကာယ်ထဲက ''မဟာသတိပဋ္ဌာန်'' သုတ်ကို နုတ်လိုက်မယ်။ မဇ္ဈိမနိကာယ်ထဲက ''သဗ္ဗာသဝ သုတ်'' တခုလောက် ထုတ်လိုက်မယ်။ သံယုတ္တနိကာယ်ထဲက ''အာသီဝီသောပမာသုတ်''စသည် ထုတ်လိုက်မယ်။ အဲဒီလို ထုတ်နုတ်ပြီး သုတ္တန်ကောက်နုတ်ချက်လောက်ပဲ သူတို့က သင်ကြတယ်။
ပါဠိဘာသာကိုလဲ ဘာသာရပ်အနေနဲ့သာ သင်ကြ တယ်ဆိုတော့ သူတို့ရဲ့ ပညာသင်ကြားရေးစနစ်မှာ ပိဋ ကတ်သုံးပုံဟာ နောက်တန်းက ဖြစ်နေတယ်။ အနှစ်အသား ပါတဲ့ သင်ကြားတဲ့စနစ်မျိုး မဟုတ်ကြဘူး။ အဲဒါကို ဘုန်းကြီး တို့ တွေ့ရတယ်။
အဲဒီလို တွေ့လိုက်ရတော့ ဘုန်းကြီးတို့ ပြောဖို့ အခွင့်အလမ်း ရသွားတယ်။ ''အရှင်ဘုရားတို့ ပညာ သင် ကြားရေး စနစ်က ကမ္ဘာလှည့်ဖို့ကို ဦးတည်ပြီးတော့ ခေတ် ပညာကို ရှေ့တန်းတင်ထားတယ်၊ ပိဋကတ်စာပေကိုတော့ နောက်တန်းမှာ ထားတယ်။ အဲဒါ သီဟိုဠ်နိုင်ငံပညာရေး စနစ်ရဲ့ အားနည်းချက်ပါပဲ''။

မြန်မာနိုင်ငံ ပညာရေးစနစ်
''တပည့်တော်တို့ မြန်မာပြည် သံဃာတော်များ ပညာသင်ကြားရေး စနစ်ကတော့ ဘုရားသားတော်ပီပီ ဘုရားဟောတဲ့ပိဋကတ်သုံးပုံကိုပဲ ဇောက်ချပြီးတော့ သင် ကြရပါတယ်ဘုရား''လို့ ဘုန်းကြီးက ပြောလိုက်တယ်။
''ဘုရားသားတော်ပီပီ''ဆိုတဲ့ စကားလေး ကိုယ်က ထည့်သုံးလိုက်တယ်။ အဲဒါနိုင်အောင် ပြောတာပဲ။
ဒီတော့ သူတို့က ခေတ်ပညာကို ဦးစားပေးသင် တော့ ဘုရားသားတော် မပီသလိုလို ဒီလိုဖြစ်သွားတယ်။ သီဟိုဠ်ဘုန်းကြီး ချက်ချင်း နားလည်တယ်။ သူ့မျက်နှာ ပျက်သွားတယ်။
''ဘုရားသားတော်ပီပီ ပိဋကတ်သုံးပုံကို တပည့် တော်တို့က ဦးစားပေးသင့်ပါတယ်ဘုရား''။
ဒါဖြင့် ပိဋကတ်သုံးပုံ ဘယ့်နှယ်သင်တုန်းဆိုတော့ မြန်မာပြည်က ''ပထမပြန်စနစ်'' ''ဓမ္မာစရိယစနစ်'' ''တိ ပိဋက'' စာမေးပွဲကြီးတွေအကြောင်း၊ ''နိကာယ်'' စာမေး ပွဲကြီးတွေ အကြောင်း ဘုန်းကြီးက အကျယ် ပြောပြတော့ မျက်လုံးပြူး ပြီးတော့ နားထောင်ကြတယ်။
''ပိဋကတ်သုံးပုံကို အဲဒီလောက် သင်ရင် အရှင် ဘုရားတို့ တိုင်းပြည်မှာ ပိဋကတ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ရှိသလား''။
''ရှိပါသော်ကော ဘုရား၊ ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ် ဘယ်နှစ်ပါး ရှိတယ်။ နှစ်ပုံဆောင်ပုဂ္ဂိုလ် ဘယ် လောက်ရှိတယ်။ တစ်ပုံဆောင်ပုဂ္ဂိုလ် ဘယ်လောက်ရှိတယ်'' ဆိုပြီး စာရင်းနဲ့ ဘုန်းကြီးက ချပြီးတော့ အကုန်ပြောပြ လိုက်တယ်။
''အဲဒါတွေဟာ ရှေးတုန်းက ရှိတာလား၊ အခုရှိ တာလား''တဲ့။ မယုံနိုင်ဘူး၊ သူတို့က။
''အရှင်ဘုရားတို့ လေယာဉ်ပျံ၊ လက်မှတ်သာ ပို့ လိုက်ပါ။ အဲဒီပိဋကတ်သုံးပုံဆောင် ကိုယ်တော်တွေကို တပည့်တော် သီဟိုဠ်ကို အခုပင့်ပေးပါမယ်''လို့ ပြောလိုက် တယ်။
''ရှေးတုန်းကရှိတာလား၊ အခုရှိတာလား''ဆိုတော့ သူတို့က ပိဋကတ် သုံးပုံဆောင်ဆိုတာကို တခါတည်း မယုံ နိုင်လောက်အောင် ဖြစ်နေကြတယ်။ သူတို့မှာ အံ့သြစရာ ဖြစ်နေတယ်။
အမှန်တကယ်က မြန်မာနိုင်ငံမှာ ပိဋကတ်စာပေ တစ်ခုတည်းသာ မဟုတ်ပဲ ဘာသန္တရစာပေနှင့် ရောပြီး သင်ပေးနေပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံမှန်သမျှ ပိဋကတ်စာပေကို ရှေး တန်း၊ ဘာသန္တရ လောကီစာပေကို နောက်တန်းမှာ ထားပြီး သင်ကြားသင့်ပါတယ်။ ဒီစနစ်ဟာ အကောင်းဆုံးစနစ် ပါပဲ။
B.A. M.A, Ph.D မရရင် သာသနာပြုလို့ ဖြစ်ပါ့မလား
သီဟိုဠ်တိုင်းပြည်သံဃာတော်များရဲ့ ပရိယတ္တိ အရည်အချင်းဟာ ဘယ်လိုအခြေအနေ ရောက်သွားပြီ ဆိုတာကို ဘုန်းကြီးတို့ ပရိသတ် သဘောပေါက်လောက် ပါပြီ။
သူတို့ဆီမှာတော့ B.A M.A. Ph.D ဘွဲ့တွေ ချိတ်ပြီးတော့ ဂုဏ်ယူနေကြတယ်။ အရည်အချင်းထက် ဘွဲ့ ဒီဂရီတွေကို ဦးစားပေးနေကြတယ်။
သူတို့က ဘာပြောတုန်း ဆိုတော့ ''အရှင်ဘုရားတို့ ပိဋကတ်သုံးပုံကိုသာ သင်ယူပြီး လောကီစာပေတွေကို မသင်ဘူးဆိုရင် (ဒါမှမဟုတ်) B.A M.A. Ph.D ဘွဲ့တွေ မရဘူးဆိုရင် ကမ္ဘာလှည့်ပြီးတော့ သာသနာပြုဖို့ ကိုယ်တော် တို့ ဘယ်လို လုပ်မလဲ''တဲ့။
''အင်္ဂလန်တို့,အမေရိကတို့,ဥရောပတို့ သြစတေ လျတို့ သွားပြီး သာသနာပြုကြဖို့ ဖြစ်ပါ့မလား''လို့ သူတို့က ပြောကြတယ်။
ဒီတော့ ဘုန်းကြီးက သူတို့ကို အခုလို ပြောလိုက် တယ်။ ''တတိယသင်္ဂါယနာတင်ပွဲကြီး အပြီး သာသနာ သက္ကရာဇ် ၂၃၆-ခုနှစ်က သီရိဓမ္မာသောကမင်း တရားကြီး က ၉-တိုင်း၊ ၉-ဌာနကို သာသနာပြုလွှတ်တယ်''။
''အဲဒီ၉-တိုင်း ၉-ဌာန သာသနာပြုလွှတ်တော့ ဟောဒီ အရှေ့ဘက် သုဝဏ္ဏဘုမ္မိဆိုတဲ့ (မလေး, ဆူမတ္တရာ, ဂျားဗားနဲ့ ယိုးဒယား, မြန်မာ) ဒီအရပ်ဒေသကို သောဏ, ဥတ္တရမထေရ်ကြီး နှစ်ပါးကြွတယ်ဘုရား''။
''ဒီမထေရ်ကြီးနှစ်ပါးခေါင်းဆောင်တဲ့ သာသနာပြု အဖွဲ့ကြီးတွေ ကြွတယ်။ အရှင်ဘုရားတို့ သီဟိုဠ်ကျွန်းကို တော့ အရှင်မဟိန္ဒထေရ်နှင့် သင်္ဃမိတ္တာ ရဟန္တာထေရီမတို့ ကြွတော်မူကြတယ်။ အခြားတိုင်းပြည်တွေလဲ သူ့အစီအစဉ် နဲ့သူြ<ွကတော်မူကြပါတယ်''။ ''ထိုကဲ့သို့ ၉-တိုင်း ၉-ဌာနသာသနာပြုလွှတ်တဲ့ အခါတုန်းက ထိုမထေရ်သူမြတ်တို့ဟာ ဘယ်တက္ကသိုလ်ကမှ ဘွဲ့မရခဲ့ပါဘူး''။
အပိုင်း (၄)မျှော်






အပိုင်း

16 August 2009

အနှစ်ကိုးပါးတရားတော် (အပိုင်း-၂)




သီဟိုဠ်နိုင်ငံ ရောက်ခဲ့စဉ်က

ဘုန်းကြီးတို့ကတော့ ရောက်တဲ့နေရာမှာ ကိုယ့် ဟာကိုယ် ယုတ္တိရှာပြီးတော့ အကုန်လုံး နိုင်အောင်ချည်း ပြောခဲ့တာပဲ။ ဘယ်ဘက်ကမှ အရှုံးမပေးခဲ့ဘူး။
သီဟိုဠ်ရောက်လည်း သီဟိုဠ်ဘုန်းကြီးတွေနဲ့ ဒီလို ငြင်းတဲ့ အခါ ဒီလိုပဲ အနိုင်ချည်းကျဲတာပဲ။ သူတို့ ဘာမှ ပြန်မပြောနိုင်ဘူး။
သီဟိုဠ်မှာ ဘုန်းကြီးတို့တရားပွဲ (၅)ပွဲ ဟောတယ်။ (သီရိလင်္ကာမှာ)။ တရားပွဲတွေ အကုန်လုံးမှာ ဘုန်းကြီးက ဗမာလိုချည်းပဲဟောတယ်။ သီဟိုဠ်ဘာသာ ကောင်းကောင်း ပြန်ပေးမဲ့ ဗမာစကား ကောင်းကောင်းတတ်တဲ့ သီဟိုဠ် ဆရာတော်နှစ်ပါး ဘုန်းကြီးတို့ရဲ့မိတ်ဆွေ ဟိုမှာ ရှိတယ်။ အဲဒီ ဆရာတော်နှစ်ပါးလဲ အလဲအလှည်နှင့် လိုက်ပြီးတော့ ဘာသာ ပြန်ပေးတယ်။
အလွတ်သဘောအနေနဲ့ ထိုင်ပြီးတော့ တစ် ယောက်နှင့် တစ်ယောက် ဆွေးနွေးတဲ့အခါမှာတော့ ပါဠိလို ပြောပါတယ်။ အင်္ဂလိပ်လိုလဲပြောပါတယ်။ တရားပွဲဟော ကြစို့ ဆိုရင်တော့ ဘုန်းကြီးက ''ကိုယ်တော်တို့ ဘာသာပြန် ပေး'' ဆိုပြီး မြန်မာလိုချည်း ဟောပါတယ်။ အင်္ဂလိပ်လို ဟောပြန်တော့လဲ သီဟိုဠ်ဘာသာနဲ့ ထပ်ပြန်ရသေးတာပဲ မထူးဘူး။
အင်္ဂလိပ်လိုပြောလဲ အင်္ဂလိပ်လိုမတတ်တဲ့ လူတွေ က အများကြီးတက်လာတာဆိုတော့ သီဟိုဠ်ဘာသာနဲ့ ပြန် ဟောပေးရသေးတယ်။ အဲဒီတော့ မထူးပါဘူး။ ကိုယ်ကလဲ အင်္ဂလိပ်လိုဟော။ မြန်မာပြည်မှာ တစ်ခါမှမဟောဖူးတဲ့ အင်္ဂလိပ်ဘာသာကို ဟိုကျမှ သွားဟောတော့ မနည်းကြီး ကြိုးစားပြီးတော့ ဟောရတာ။
အဲဒီလို မနည်းကြိုးစားပြီး ဟောရတဲ့ အင်္ဂလိပ် ဘာသာကို သီဟိုဠ်ဘာသာနဲ့ တခါထပ်ပြီး ပြန်ဟောတော့ ပြီးရော။
မပြည့်စုံတဲ့အပေါ်မှာ မပြည့်စုံတဲ့ဘာသာပြန် ဖြစ် နေမှာ။ ဒါကြောင့် ''မြန်မာလိုဟောတာပဲ ကောင်းတယ်'' ဆိုပြီးတော့ သဘောကျလို့ ဘာသာပြန်ဆရာတော်နဲ့ ဘုန်း ကြီးတို့ တိုင်ပင်ပြီးတော့ ဟောကြရတာ။

အင်္ဂလိပ်စာတတ် ဗမာဘုန်းကြီးတွေ နည်းပါး
တရားပွဲပြီးသွားတော့ ဒကာကြီး တစ်ယောက်နဲ့ သီဟိုဠ်ဆရာတော်တစ်ပါးက ဘုန်းကြီးတို့အနား ချည်းကပ် လာပြီးတော့ 'အရှင်ဘုရားတို့ မြန်မာနိုင်ငံက တိုင်းတစ်ပါး ထွက်ထွက်လာကြတဲ့ ဆရာတော်တွေဟာ အင်္ဂလိပ်စာတတ် အလွန်နည်းတယ်၊ အင်္ဂလိပ်လို အဟောအပြောလဲ အလွန် နည်းတယ်၊ အဲဒါဘာဖြစ်လို့လဲ''လို့ မေးပါတယ်။
အဲဒီလိုမေးတော့ ဘုန်းကြီးက ပြန်ပြီးတော့ မေး လိုက်ပါတယ်။ ''အရှင်ဘုရားတို့ သီဟိုဠ်ဆရာတော်တွေ အင်္ဂလိပ်စာတော်တော်တတ်ကြတယ်။ M.A တွေလဲ အများကြီးပဲ၊ Ph.D တွေလဲ အများကြီးပဲ၊ ကိုယ်တော်တို့ အင်္ဂလိပ်စာ ဘာကြောင့် တတ်ကြတာတုန်း''လို့ ဘုန်းကြီး ကလဲ ပြန်မေးလိုက်တယ်။ ကိုယ့်အဖြေတော့ မပေးသေးဘူး။ သူတို့ကို ပြန်မေးတယ်။
စကားပြောယင် အဲဒါကိုတော့ တတ်ထားရတယ်။ သူတို့ကိုပြန်မေးလိုက်တော့မှ ကိုယ်ကဖြေဖို့ လမ်းစဟာ ပိုပြီးတော့ကောင်းသွားတယ်။ ဒီတော့ သူတို့က ပြောတယ်။
''တပည့်တော်တို့ အင်္ဂလိပ်စာ တတ်တာကတော့ တပည့်တော်တို့ တိုင်းပြည်မှာ သံဃာတော်တွေ ပညာသင် ကြားတဲ့ကျောင်းတွေမှာ သံဃာတော်များ အုပ်ချုပ်တဲ့ ကောလိပ်တွေ တပည့်တော်တို့ဖွင့်ထားတယ်။ ထိုကောလိပ် တွေကနေ ပြီးတော့ အောင်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ အစိုးရ ရဲ့ တက္ကသိုလ်မှာ သွားပြီးတော့ ပညာသင်ခွင့်ရတယ်''။
''သံဃာတော်များ ဖွင့်လှစ်အုပ်ချုပ်တဲ့ ကောလိပ် ရယ်၊ အစိုးရဖွင့်ထားတဲ့ တက္ကသိုလ်ရယ်၊ ထိုကောလိပ်၊ တက္ကသိုလ် နှစ်ခုမှာ တက်ရောက်ပညာသင်ကြားပြီးတဲ့ သံဃာတော်တွေဟာ အနည်းဆုံး M.A အောင်ကြပြီဆိုလို့ ရှိယင် အင်္ဂလိပ်လို ကောင်းစွာ ရေးတတ် ပြောတတ်တယ်။ M.A တို့ Ph.D တို့ဆိုယင်တော့ ပြောစရာမရှိဘူး။ ကမ္ဘာ လှည့်ပြီးတော့ သာသနာပြုတဲ့အထိပါပဲ၊ ပညာသင်ကြား ရေးစနစ်က အဲဒီလို ရှိပါတယ်ဘုရား။''
ဒါဖြင့်ရင် အဲဒီပညာသင်ကြားရေး စနစ်မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းတဲ့ကျမ်းစာတွေကို ပြောပြစမ်းပါ ဆိုတော့ ပြဋ္ဌာန်းတာတွေကို ပြောပြတယ်။
ဆက်လက်ဖော်ပြသွားပါမည်

14 August 2009

အနှစ်ကိုးပါးတရားတော် (အပိုင်း-၁)



အနှစ်ကိုးပါးတရားတော်

ဒီနေ့ဟာ ၁၃၄၃-ခုနှစ်၊ တပေါင်းလပြည့်နေ့ ဖြစ် ပါတယ်။ ဘုန်းကြီး ဟောမည့်တရားက ''အနှစ်ကိုးပါ''။ ဒီကနေ့ဟာ တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားရှင်ကိုယ် တော်မြတ် ကပိလဝတ် ရွှေမြို့တော်ကို ခရီးစတင်သောနေ့ ပါပဲ။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ ရတနာရံသီ စေတီ တော်, မြချမ်းသာ စေတီတော်၊ စေတီတော်ကြီး နှစ်ပါးအား ပူဇော်သည့်အနေအားဖြင့် ဆင်ယင်ကျင်းပသည့် ''စေတီယ ပူဇာ ဓမ္မသဘင်''။
မိများ, ဖများ, ညီအစ်ကို မောင်နှမများ, ဆွေတော် မျိုးတော်များနဲ့ ကွဲကွာပြီးတော့ နေခဲ့ရတာ ဘုရားကိုယ် တော်မြတ် (၇)နှစ်။ ၇-နှစ် ခွဲခွာခဲ့ရသည့် မြတ်စွာဘုရား ဆွေတော် မျိုးတော်များရဲ့ ပင့်လျှောက်ချက် အရ ဆွေတော် မျိုးတော်များနဲ့ ပြန်လည်ဆုံတွေ့ဖို့ရန် ကပိလဝတ်ရွှေနန်းကို ယခုလို တပေါင်းလပြည့်နေ့မှာ ပြန်လည်ပြီးတော့ြ<ွကမြန်း တော်မူတယ်။ ကာဠုဒါယီမထေရ်သူမြတ်က ဘုရားကိုယ်တော် မြတ်ကို ကပိလဝတ် ရွှေနန်ြး<ွကမြန်းဖို့ရန် ပင့်လျှောက်ခဲ့ တယ်။ ''ကာဠုဒါယီဘုရားပင့်''ဆိုပြီးတော့ ဂါထာပေါင်း ၆၂-ဂါထာ ရှိပါတယ်။ ဘုရားပင့်ဝါသနာပါတဲ့ ဒကာကြီးများကို တိုက် တွန်းချင်ပါတယ်။ ဘုရားပင့် ဂါထာကို ကျက်ချင်ရင်တော့ ''ကာဠုဒါယီဘုရားပင့် ဂါထာ''များကိုသာ ကျက်ကြတော့။ ဒီတော့ ဒီကနေ့လဲပဲ အကယ်၍ ဘုရားပင့်လေး တစ် ပုဒ်လောက်ကိုယ်တော် ရွတ်ပါဦးဆိုရင် အဲဒီခြောက် ဆယ်ကျော်သောဘုရားပင့်နဲ့ ဘုန်းကြီးတို့တရားပွဲဖွင့်ရရင် ဘုရားပင့်နဲ့ပဲ မိုးများလင်းမလား မသိဘူး။ ဒီတော့ ဘုရားပင့်နဲ့ မိုးမလင်းရလေအောင် ဘုရား ရှင်ကိုယ်တော်မြတ် ဘုန်းကြီးတို့ ပရိသတ်အပေါင်း သူတော် ကောင်းတို့ရဲ့ နှလုံးအိမ်မှာြ<ွကမြန်းပြီးသားပဲလို့ ဒီလို သဘောထားလိုက်ကြပါ။ ရတနာအပြည့်ရှိတဲ့ နှလုံးအိမ် ဘုန်းကြီးတို့ပရိသတ်အပေါင်း သူတော်ကောင်း တို့ရဲ့ နှလုံးအိမ်ထဲမှာ ဘုရားကိုယ်တော်မြတ်လဲပဲြ<ွကပြီး သား၊ ဘုရားကိုယ်တော်မြတ်ြ<ွကလာတယ် ဆိုကတည်းကိုက တရားတော်တွေလဲ ကိန်းဝပ်ပြီးသား၊ တရားတော်တွေ ကိန်းနေပြီဆိုကတည်းက ထိုတရားတော်တွေကို ဆောင် တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များလဲပဲ ဘုန်းကြီး တို့ပရိသတ်ရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်ပြီးသား။ ဘုန်းကြီးတို့ပရိသတ်ရဲ့နှလုံးအိမ်မှာ ဘုရားလဲ ကိန်း၊ တရားလဲကိန်း၊ သံဃာလဲကိန်းဝပ်ပြီးသား ဖြစ်ခြင်း ကြောင့် ဘုန်းကြီးတို့ ပရိသတ်ရဲ့ နှလုံးအိမ်ဟာ ရတနာ အနှစ်တို့ဖြင့် ပြည့်သော နှလုံးသားလို့ ဘုန်းကြီးတို့ ဒီလိုပဲ ဆိုလိုက်ချင်ပါတယ်။ ''တန်ဖိုးအလွန်ရှိတယ်''တဲ့၊ ဗုဒ္ဓဘာသာဖြစ်ရတာ။ နှလုံးအိမ်ထဲမှာ ရတနာသုံးရပ်တို့ ကိန်းခြင်းကြောင့် ထေရ ဝါဒ ဗုဒ္ဓဘာသာတို့ရဲ့ နှလုံးအိမ်သည် အဖိုးအနဂ္ဃ ထိုက်တန် ပါတယ်။ ထေရဝါဒဗုဒ္ဓသာသနာကို ကြည်ညိုသိမှတ် ဆည်း ကပ်ကြတဲ့ သူတော်စင်တို့ရဲ့ နှလုံးအိမ်မှာ ထိုရတနာသုံးပါး ကို ကြည်ညိုတဲ့ သဒ္ဓါသည် အပြည့် အဝရှိနေလို့ ''ရတနာ နှလုံးအိမ်ကြီး''ပါပဲ။ နေရာဌာနတိုင်းမှာ ပညာရှိ မရှိနိုင်
တောထဲတောင်ထဲမှာ ကျောက်တောင်ကြီးတွေ ထဲမှာ သွားပြီးတူးတဲ့အခါကျတော့ ''စိန်'' ဆိုတဲ့ရတနာ။ ကျောက်တကာ ကျောက်တို့တွင် အမာဆုံး၊ ''ပတ္တမြား''ဆိုတဲ့ ရတနာ၊ နီရဲပြီးတော့ အလွန်လှတယ်။ ''ကျောက်စိမ်း''ဆိုတဲ့ ရတနာ၊ စိမ်းပြီးတော့ သူလဲ အလွန်လှတယ်။
အဲဒီ ကျောက်စိမ်းတွေ ကျောက်ဖြူတွေ ကျောက်နီ တွေဆိုတဲ့ ထိုရတနာအမျိုးမျိုးတို့ဟာ လောကလူသားတွေ အထွတ်အမြတ်ထားတဲ့ ရတနာတွေပဲ။
လူသားအားလုံးတို့ အထွတ်အမြတ်ထားတဲ့ ထို ''စိန်'' ရတနာ၊ ''ရွှေ'' ရတနာဆိုတဲ့ ရတနာတွေဟာ မြို့ အလည်မှာ တူးလို့မရဘူးတဲ့။ တောထဲ တောင်ထဲမှာ တူးရ တာ။ သို့သော် တောတိုင်းတောင်တိုင်းတော့ ပတ္တမြား မထွက် ဘူးနော်။
တောတိုင်း တောတိုင်းမှာ စန္ဒကူးမထွက်ဘူး။ တောင်တိုင်း တောင်တိုင်းက ကျောက်ကောင်းမထွက်ဘူး။ ဆင်တိုင်းဆင်တိုင်းမှာ ''အမြူတေ''မရှိဘူး။ လောကနီတိ က ပြောတာ။
ဝနေ ဝနေ န စန္ဒနံ၊ တောတိုင်း တောတိုင်း စန္ဒကူးမထွက်ဘူး။
သေလေ သေလေ၊ တောင်တိုင်း တောင်တိုင်းမှာ။ န မဏိကံ၊ ပတ္တမြား မထွက်နိုင်ပါဘူး။
ဂဇေ ဂဇေ၊ ဆင်တိုင်း ဆင်တိုင်းမှာ။ န အမတံ၊ အမြူတေ မရနိုင်ပါဘူး။
ဌာနေ ဌာနေ န ပဏ္ဍိတံ၊ အရပ်ဌာနတိုင်း အရပ် ဌာနတိုင်းမှာ ပညာရှိ မရှိနိုင်ဘူး။
ဘုရားရတနာ တရားရတနာ သံဃာရတနာဆိုတဲ့ အဲဒီရတနာဟာလဲ တိုင်းပြည်တိုင်းမှာ မရှိဘူး။ လူမျိုး တိုင်းမှာ မရှိဘူး။ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ရတနာ သုံးပါး မရှိနိုင်ဘူး။ လူမျိုးတိုင်း လူမျိုးတိုင်းမှာ ရတနာ သုံးပါး မကိန်းဝပ်နိုင်ပါဘူး။
ဗုဒ္ဓဘာသာတိုင်းပြည်လို့ဆိုပင် ဆိုငြားသော်လဲပဲ အချို့ဗုဒ္ဓဘာသာတိုင်းပြည်မှာ ရတနာသုံးပါး အပြည့်အစုံ မရှိပါဘူး။ ရတနာသုံးရပ်ကို ကြည်ညိုတဲ့ ဗုဒ္ဓဘာသာလို့ အမည်ခံပင်ခံသော်လဲ ထိုအမည်ခံတဲ့ ဗုဒ္ဓဘာသာ သူတော် စင်တို့ရဲ့ နှလုံးအိမ်တိုင်း နှလုံးအိမ်တိုင်းမှာ ရတနာသုံးပါး အပြည့်အစုံမရှိပါဘူး။
ဘုန်းကြီးတို့ မြန်မာပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ရဲ့ နှလုံးအိမ်မှာတော့ ဘုရား တရား သံဃာ အကုန်လုံး အစုံရှိတယ်။
ကောင်းတဲ့နေရာဆိုတာ
''အရပ်''ကောင်းမှာ လူဖြစ်ခွင့် ရလို့ အသိÓဏ် ကောင်းကို ရထားတာ။ အရပ်ကောင်းမှာ လူဖြစ်ခွင့် မရရင် အသိÓဏ် ကောင်းကို မရနိုင်ကြဘူး။ အရပ်ကောင်း, နေရာကောင်း ဆိုတာကို မင်္ဂလာတရားတော်က ''ပတိရူပ ဒေသ''လို့ ဆိုပါတယ်။
၁။ ရတနာသုံးပါး ရှိတဲ့ အရပ်,နေရာ၊
၂။ ကုသိုလ်လုပ်ခွင့်ရတဲ့ အရပ်,နေရာ၊
၃။ သူတော်ကောင်းတရား ကျင့်ခွင့်ရတဲ့ အရပ်, နေရာတွေကို ''အရပ်ကောင်း, နေရာကောင်း'' လို့ဆိုပါ တယ်။
စီးပွားရေးကောင်းတိုင်း၊ ပညာရေးကောင်းတိုင်း မိုးထိအောင် တိုက်ကြီးတွေထောင်ပြီးတော့ တက်နေလို့၊ ဟို မြေပြင်ရော ရေပြင်ရော ဝေဟင်ရော မိနစ်ပိုင်း စက္ကန့်ပိုင်း အတွင်းမှာ ဟူးကနဲ ဟူးကနဲ အရှေ့ အနောက် တောင် မြောက် လူးလာတုံ့ခေါက် ယာဉ်အမျိုးမျိုးနဲ့ သွားနိုင်တယ် ဆိုပေမဲ့ အဲဒီလို အရပ်မျိုးတွေကို ဘုန်းကြီးတို့ကတော့ ''ပတိရူပဒေသ- အရပ်ကောင်း, နေရာကောင်း''လို့ မဆို ချင်ပါဘူး။
ကုသိုလ်ကောင်းမှုပြုခွင့်ရတဲ့အထဲမှာ ဒါနကောင်း မှုလဲပြုခွင့်ရတယ်။ သီလ ဆောက်တည်ခွင့်ရတယ်။ သမထ ကမ္မဋ္ဌာန်း စီးဖြန်းကြိုးကုတ် အားထုတ်ခွင့်လည်း ရတယ်။ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းဖို့ အခွင့်အရေးတွေလည်း ရတယ်။
''အခွင့်အရေးတွေ ရနေတယ်၊ ဘာကျန်နေလဲ''
''ကျင့်ဖို့ပဲ ကျန်ပါတော့တယ်ဘုရား''။
''ဘုန်းကြီးက ဗမာပြည် အဲဒါမကျန်တော့ဘူး ထင် နေတာ။ ဒကာကြီးတွေ ပြောမှပဲသိရတော့တယ်၊ ကျန်သေး တယ်တဲ့။ ကိုယ်က နိုင်ငံခြာြး<ွကားမလို့ဆိုပြီးတော့ သူတို့ကို မေးကြည့်တာ၊ ကျင့်ဖို့ ကျန်သေးတယ်ဆိုတော့ ဟိုသွား မြ<ွကားရဲတော့ဘူး''။ ကုသိုလ်ကောင်းမှုပြုခွင့်ရတယ်၊ ပြုလဲပြုနေတယ် လို့ ဘုန်းကြီးက ဒီလိုဆိုချင်တာ။ ခုတော့သူတို့က ကုသိုလ် ကောင်းမှု ပြုခွင့်ရပေမယ့် ကျင့်ဖို့ကျန်သေးတယ် ဆိုတော့ နောက်တစ်ခေါက် သွားရင် ဘုန်းကြီးြ<ွကားဖို့ တော်တော် ခက်နေတယ်။ ဒါပေမဲ့ ကျုံပျော်ကသာ ဒီလိုပြောတာပါ။ ရန်ကုန် တို့ မန္တလေးတို့ကတော့ ''တပည့်တော်တို့ အပြည့်အစုံကျင့် သုံး နေပါတယ်''လို့ ဒီလို လျှောက်လိုက်တယ်။ ကျုံပျော်က လူတွေ မလျှော့ပါနဲ့။ လျှောက်လိုက်ကြစမ်းပါ၊ ''တပည့်တော် တို့လည်း ကျင့်သုံးနေကြပါတယ်ဘုရား''လို့။ ၃ရက် ခြား (သို့) ၄ ရက်ခြား ဆက်လက်ဖော်ပြသွားပါမည်။

“ဗုဒ္ဓဘာသာ(၅)မျိုး”




ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ
မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်
နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ
တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ

လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား
ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ
မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား
ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။
အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်
ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့
ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ
အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ။
ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်း
စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား
ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး
နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား
ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို
သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်
တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊
နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့
တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့
ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ပိဋကသုံးပုံ
ကို သံဃာတော်တွေက စောက်ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ
ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊
ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု
ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ
သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ
တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့ အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို
ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။
တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို
သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ
ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားက
မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်
လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ
ဖြစ်ပါသည်။
သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရမဆို အစွန်းမရောက်စေဘို့ပါဘဲ။

13 August 2009

11 August 2009

ဘာဝနာ ဘာလဲ ဘယ်လဲ


အိန္ဒိယနိုင်ငံ, နယူးဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ တီဟာအကျဉ်းထောင်သည် လူမဆန် အကြင်နာကင်းမဲ့သည့်အရာမှာ ထိပ်တန်းကပြေးလျက်ရှိ၏။ ပြဿနာပေါင်းကလည်း သောင်းခြောက် ထောင်။ ထို့ကြောင့် နာမည်ကျော်ကြားလှ၏။ ``လောကငရဲ´´ဟူသတတ်။
ထိုကဲ့သို့သောအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်က ပြောလိုက်သည့် စကား တစ်ခွန်းမှာ ကိုယ့်နားကိုပင် မယုံကြည်စရာ ဖြစ်လောက်ပါပေ၏။
``ကျွန်တော် အကျဉ်းထောင်ထဲမှာ ဘာဝနာရှုမှတ်နေပါတယ်´´တဲ့။
လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ ``လုံးဝ မဖြစ်နိုင်´´ ဟုထင်သည့်အရာ များက ကိုယ့်ရှေ့မှာပင် ထင်ထင်ရှားရှားဖြစ်နေ၏။ ၁၉၉၃-ခုနှစ်၌ ဆရာကြီးဂိုအင်ဂါသည် ထို တီဟာ ထောင်အတွင်းမှာ ၁၀-ရက်တရားစခန်းပွဲ ကျင်းပခဲ့၏။ ထောင်အုပ်ချုပ်ရေးမှူး အမျိုးသမီး ရဲအရာ ရှိကြီး ဘေဒီ၏တိုက်တွန်းတောင်းပန်ချက်ကြောင့် ဆရာကြီးဂိုအင်ဂါက ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
´´ဘာဝနာဆိုတာ မျက်စိမှိတ်ပြီး ရှာဖွေရေးခရီးထွက်တာပါ´´
´´ဘာဝနာရဲ့လက်ငင်းအကျိုးကတော့ ကောင်းမွန်တဲ့ဘ၀တစ်ခုမှာ နေထိုင်သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်´´
အကျဉ်းထောင်အတွင်းမှာ ကျင်းပသည့် ဆရာကြီးဂိုအင်ဂါ၏တရားစခန်းမှ ထွက်ပေါ်လာသည့် အသံများဖြစ်ပါသည်။ (ဤအကြောင်းအရာအားလုံးကို VCDဖြင့်မှတ်တမ်းတင်ထားပါသည်။ စိတ်ဝင်စားသူ များ လေ့လာကြည့်ရှုနိုင်ပါသည်။ မိမိသည် ဤVCDကိုကြည့်လိုက်သည့်အခါ စိတ်ထဲမှာ အံ့သြခြင်း ကြည်နူးခြင်း တို့ဖြစ်ရပါသည်။ )
တရားစခန်းပြီးသောအခါ ဘာသာပေါင်းစုံကိုးကွယ်နေသည့် အကျဉ်းသားများ၏ စိတ်ဓာတ် သည် ပြောင်းလဲသွားကြ၏။ ယခင်ကလို မရိုင်းစိုင်းတော့။ ထို့ကြောင့် ထောင်အရာရှိများနှင့် ဆက်ဆံ သည့်အခါ ပိုပြီးအဆင်ပြေသည်ကို တွေ့ရ၏။ အကျဉ်းသားအချို့သည် ထောင်မှ လွတ်မြောက်သွား သည့်အခါ လူကြီးလူကောင်းဆန်ဆန် နေထိုင်သွားကြလေ၏။ ဤကား ဘာဝနာ၏စွမ်းအင်ပင်တည်း။
ဘာဝနာသည် အကျဉ်းသားများကိုတောင် နူးညံ့သိမ်မွေ့အောင်လုပ်နိုင်သည်ဆိုလျှင် အရပ် ထဲမှာ ရှိသည့် လူတို့အတွက်မှာမူကား အဘယ်ဆိုဘွယ်ရာရှိပါအံ့နည်း။
လူကြီးလူငယ်မဟူ လူမှုရေး, စီးပွားရေးစသည့်အလုပ်များကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ အလိုမကျမှု၊ ဂနာမငြိမ်မှု၊ အပြောင်းအလွဲမြန်မှု၊ အားငယ်မှု၊ စိတ်ညစ်မှု၊ မထိန်းချုပ်နိုင်မှု၊ ပတ်ဝန်း ကျင်တစ်ခုလုံးကို အဆိုးမြင်နေမှု၊ သည်းမခံနိုင်မှုစသည့် အကျင့်ဆိုး, စရိုက်ဆိုးများ တခါတရံ ဖြစ်ပေါ် လာတတ်ပါသည်။
ယင်းအကျင့်ဆိုးများ ရှိနေသမျှကာလပတ်လုံး ဘ၀မှာ ငြိမ်းချမ်းမှု, သာယာမှုတို့ မဖြစ်နိုင် တော့ပေ။ ထို့ကြောင့် ယင်းအကျင့်ဆိုးများကို ဖယ်ရှားပစ်ရပေမည်။ ဘာဖြင့် ဖယ်ရှားမည်နည်း။ ``နည်းလမ်း´´ လိုနေ၏။ ယင်းနည်းမှာ အခြားမဟုတ်၊ ဘုရားမြတ်စွာ၏ ``ဘာဝနာ´´ တည်း ဟူသော နည်းပင် ဖြစ်ပေသည်။ (သတ္တာနံ ၀ိသုဒ္ဓိယာ)
ဤနေရာ၌ ဘာဝနာဟုဆိုသော်ငြားလည်း ယခုဘ၀မှာပင် သံသရာဤဘက်ကမ်းမှ ပြည်နိဗ္ဗာန် ဟိုဘက်ကမ်းကို ချက်ချင်းရောက်နိုင်မည့် ဘာဝနာကို မဆိုလိုသေးပါ။ (ယင်းဘာဝနာကိုတော့ ထိုထို ကမ္မဋ္ဌာန်းဆရာများထံ၌ နည်းခံကြပါတော့)။ လူတို့နေ့စဉ်ဘ၀မှာ အလွယ်တကူ ကျင့်သုံးနိုင်သော ဘာဝနာကို ဆိုလိုပါသည်။ (အိမ်တွင်းဘာဝနာဟုပြောနိုင်ပါသည်။) ယင်းဘာဝနာဆိုတာ ဘာလဲ။ ဘယ်လဲ။
သမထဘာဝနာ (သမထကမ္မဋ္ဌာန်း) ကို ဘယ်လိုအားထုတ်ရမလဲ
စိတ်ကို ဖြူစင်အောင်, မြင့်မြတ်အောင် အဆင့်ဆင့်မြှင့်တင်ပေးသည့်ကျင့်စဉ်ကို ``ဘာဝနာ´´ ဟုခေါ်၏။ (ဘာဝနာနှင့်ကမ္မဋ္ဌာန်းအတူတူပင်)။ ယင်းဘာဝနာသည် သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာ ဆိုပြီး ၂-မျိုးရှိပါသည်။ သမထ ဘာဝနာ ဆိုသည်ကား ၀င်လေထွက်လေ(အာနာပါန) စသည့် အာရုံတစ်ခုခုကို စိတ်တည်ငြိမ်မှု ``သမာဓိ´´ ရရှိအောင် တစိုက်မတ်မတ် ရှုတ်မှတ်ခြင်းပင်တည်း။
မည့်သည့်အာရုံကိုပဲ ရှုရှု (ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကိုပဲ အာရုံပြုပြု၊ မေတ္တာ - လူနတ် တိရစ္ဆာန်များအား မေတ္တာကိုပဲ ပို့ပို့) တည်ငြိမ်မှု သမာဓိရဖို့သာ အဓိကဖြစ်၏။ ယင်းသို့တည်ငြိမ်နေလျှင် အကုသိုလ် တရားဆိုးများ ဖြစ်ခွင့်မရှိတော့။ ယင်းသို့ဖြစ်ခွင့် မရှိလျှင် စိတ်သည် ငြိမ်းအေးနေ၏။ ထိုသို့ ငြိမ်းအေး စေတတ်သောနည်းကိုပင် ``သမထ´´ဟုခေါ်ရ ပေသည်။
``ဦးဇင်းဘုရား၊ တပည့်တော် ဘာဝနာကို ဘယ်လို ရှုမှတ်ရသလဲဆိုတာကို သိချင်တာနဲ့ တရားစာအုပ်တွေကို ဖတ်တယ်၊ ဆရာတော်ပေါင်းမြောက်မြားစွာရဲ့ တရားတော်တွေကို နာတယ်၊ ဒါပေမဲ့ ယောင်ဝါးဝါး ဖြစ်နေတယ်၊ အတိအကျ ကောက်ချက်ချလို့မရဘူးဖြစ်နေတယ်၊ ဟို ဆရာတော်က တစ်မျိုးရေးလိုက် ဒီဆရာတော်က တစ်မျိုးဟောလိုက်နဲ့ဆိုတော့ အယူအဆတွေက အမျိုးမျိုးဖြစ်နေတယ်ဘုရား၊ ဒီတော့ ဘာဝနာကို ဘယ်လိုရှုမှတ်ရမလဲဆိုတာကို ရှင်းရှင်း လင်းလင်း မသိဘူးဖြစ်နေတယ်ဘုရား´´ဟု တက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ၏ ခံစားချက်ကို မိမိအား လျှောက်ထားလေ၏။
သူပြောသည့်စကားမှာ သဘာဝကျလှ၏။ လူမမည်ကလေးတစ်ယောက်အဖို့ အလွန်ကြီးကျယ် ခန်းနားသော ဈေးကြီးထဲသို့ရောက်သွားသောအခါ ဘယ်နားရောက်လို့ ရောက်မှန်းမသိ၊ ကိုယ် လိုချင်သည့် ပစ္စည်း ဘယ်နားမှာ ရှိလို့ရှိမှန်းမသိ ဖြစ်သကဲ့သို့ တရားကို စိတ်ဝင်စားကာစ လူငယ် လူရွယ်တစ်ယောက်အဖို့ ပိဋကတ်စာပေကျမ်းဂန်ကြီးများ၊ သုတ္တန်တရားတော်များကို လေ့လာ ဖတ်ရှု နာယူသောအခါ ကမ္မဋ္ဌာန်း, ဘာဝနာ, သမထ, ၀ိပဿနာ, သတိပဋ္ဌာန် ဆိုသည့်စကားလုံးများ၏ အဓိပ္ပါယ်ကို ဘယ်လိုမှတ်လို့ မှတ်ရမှန်းမသိ၊ တရားကို ဘယ်လို အားထုတ်လို့အားထုတ်ရမှန်းမသိ၊ ဖြစ်ကုန်တော့ သည်။
ထို့ကြောင့် လယ်တီဆရာတော်စသော ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများ၏ တရား ရှုမှတ်ပုံနည်းများကို အခြေခံကာ လူငယ်လူရွယ်များအား ရည်ရွယ်၍ နေ့စဉ်ဘ၀မှာ ကျင့်သုံးနိုင်သော ဘာဝနာရှုမှတ်ပုံကို တင်ပြလိုက်ပါသည်။
ဘာဝနာကိုပွားများအားထုတ်သော (သို့မဟုတ်) ကမ္မဋ္ဌာန်းစီးဖြန်းသောသူသည် ထိုင်ခြင်း၊ သွားခြင်း၊ ရပ်ခြင်း၊ လျောင်းအိပ်ခြင်းတည်းဟူသော ဣရိယာပုထ် (မျှတအောင်နေနည်း) ၄-မျိုး တို့တွင် မိမိတို့ကြိုက်နှစ်သက်သလို ရှုမှတ်နိုင်ပါသည်။ သို့သော် တရားစခန်းပွဲ၌ကား စုပေါင်း၍ အားထုတ်သည့်အတွက် ထိုင်၍ အားထုတ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
သမထကို အားထုတ်သောသူသည် ရှေးဦးစွာ ခါးကိုဖြောင့်ဖြောင့်ထားပြီး ထိုင်ပါ။ (အိပ်ရာပေါ် ၌ လှဲလျောင်း၍လည်း ရှုမှတ်နိုင်၏။) ထို့နောက်မှ - - -
• မိမိ၏စိတ်ကို နှာသီးဖျားဖြစ်စေ၊ နှုတ်ခမ်းဖျား၌ဖြစ်စေ ခိုင်မြဲစွာကပ်ထားပြီး ၀င်လေ ထွက်လေကို အာရုံပြုပါ။
• ၀င်လေထွက်လေကို မှန်မှန်ရှူပါ။ ၀င်လာပြီ ထွက်သွားပြီဟုနှုတ်က ဆိုစရာမလိုပါ။
• အခြားမည်သည့်အာရုံအပေါ်မှာပဲဖြစ်ဖြစ် စိတ်မရောက်စေဘဲ ၀င်တိုင်းထွက်တိုင်း သိအောင် ရှုမှတ်ပါ။
• နှာသီးဖျား (သို့) နှုတ်ခမ်းဖျား၌ ၀င်လေထွက်လေ ထိထိနေတာကို သိသိနေပါ။
• ညောင်းလည်းမပြင် ယားလည်းမကုတ်ပဲ နာရီဝက်၊ တစ်နာရီစသည်ဖြင့် မိမိသတ်မှတ် ထားသည့် အချိန်ကာလထိ ရှုမှတ်ပါ။
အချိန်ကြာကြာ ရှုမှတ်သည့်အခါ စတင်အားထုတ်ခါစထက် စိတ် တည်ငြိမ်မှု ပို၍ပို၍ ရှိလာ၏။ စိတ်ကလည်း ပို၍ထက်သန်လာလေ၏။ ထိုကဲ့သို့ အရှိန်ရလာလျှင် -
• မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေထွက်လေကို တစ်ကြိမ်မျှ မလွတ်စေရအောင် ဂရုတစိုက် ရှုမှတ်ပါ။
ယင်းသို့အားထုတ်ပါက ၀င်လေထွက်လေသည် သိမ်မွေ့သည်ထက် သိမ်မွေ့လာပါလိမ့်မည်။ အသက်ရှူလို့ရှူမှန်း မသိလောက်အောင်ကို ဖြစ်တတ်ပါသည်။ ထိုသမာဓိမျိုးရရှိပါက အလွန်ငြိမ်းချမ်း သော ခံစားမှုမျိုးကို ရနိုင်ပါသည်။
၁၀-ရက်တရားစခန်းဝင်သည့် ဘာသာခြားတစ်ယောက်က ``နှာသီးဝမှာ စိတ်ကလေး ငြိမ်နေ ဘို့ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်၊ အတွေးတွေဟာ ရောက်ရောက် လာတယ်၊ အမှတ်ရတာတွေ, မျှော်လင့်တာတွေ ၀င်လာပါတယ်၊ ၃-ရက်လောက်ကြာမှ သတိမြဲလာ တယ်၊ အတွေးတွေဟာ တိမ်တွေလိုပဲ လွင့်သွားပါတယ်၊ သိမ်မွေ့နူးညံ့တဲ့ ၀င်လေ ထွက်လေကို သိလာပါတယ်´´ဟု သူ့အတွေ့အကြုံကို ပြောပြလေ၏။
တချို့ ဇွဲကောင်းသော သူများကား ၃-နာရီ၊ ၄-နာရီထိ မရပ်မနား ရှုမှတ်ကြပါသည်။ အချိန် ကာလမှာ မိမိတို့ သတ်မှတ်သည့်အပေါ်မှာ မူတည်ပါသည်။ တချို့ကမ္မဋ္ဌာန်းဆရာများက ၅-ရက်, ၇-ရက်, ၁၀-ရက် တရားစခန်းများ၌ သင့်လျော်သလို ၃-ရက် ၄-ရက် လောက်ထိ သမထ သက်သက် ကိုသာ အားထုတ်ခိုင်းပါသည်။ သမာဓိအားကောင်းဖို့ အတွက်ပင်တည်း။ သဘာဝကျလှ၏။ မိမိတို့ ကြိုက်နှစ်သက်သလို ပြုလုပ်နိုင်ပါသည်။ ပါရမီနုသောသူများကား သမာဓိအားကောင်းဖို့အတွက် သမထကို အချိန်ကြာကြာ အားထုတ်သင့်ပေသည်။ ဘာ့ကြောင့်နည်း။ သမာဓိအားကောင်းမှသာလျှင် ၀ိပဿနာရှုမှတ်သည့်အခါ ပို၍ လွယ်ကူမည်ဖြစ်သောကြောင့်တည်း။
မည်သို့ဖြစ်စေ၊ သမထရှုမှတ်သည့်အတွက် မကောင်းသည့်စိတ်များ ဖြစ်ချင်သလို ဖြစ်ခွင့် မရှိသည်ကတော့ သေချာလှ၏။ အဆက်မပြတ်ရှုမှတ်နေသည့်အတွက် အကုသိုလ်စိတ်များ သောင်း ကြမ်းချင်သလောက် သောင်းကြမ်းခွင့်မရတော့ရကား စိတ်အေးငြိမ်းမှု ရရှိနိုင်သည်မှာ ပြောဘွယ် မလိုတော့ပေ။
ဒကာတစ်ယောက်က ဘာဝနာရှုမှတ်လိုက်သည့်အတွက် ရရှိသည့်အကျိုးတရားကို ဤသို့ ပြောပြ၏။ `` ချမ်းသာသုခဆိုတာ မိမိကိုယ်ထဲမှာ ရှိတယ်ဆိုတာကို သိလာပါတယ်´´ဟူ၏။
(ဤနေရာ၌ သမထကမ္မဋ္ဌာန်းနည်းပေါင်း ၄၀- ထဲမှ အသုံးများသော ``အာနာပါန´´ဟုခေါ်တွင်သော ၀င်လေထွက်လေ ကိုသာ တင်ပြထား၏။ ဘုရားအဆူဆူတို့သည်လည်း ဤအာနာပါနဖြင့် ဈာန်ရအောင် အားထုတ်ပြီးမှ မဂ်ဖိုလ်ရအောင် အားထုတ်ကြပါသည်။)
ဝိပဿနာဘာဝနာ (၀ိပဿနာကမ္မဋ္ဌာန်း) ကို ဘယ်လိုအားထုတ်ရမလဲ
´´၀ိပဿနာဆိုတာ အရှိကိုအရှိအတိုင်း, အမှန်ကို အမှန်အတိုင်း တွေ့မြင်သိရှိစေနိုင်တဲ့ ဉာဏ်မျက်စိပဲ ဖြစ်ပါတယ်´´။ (ဆရာကြီးဂိုအင်ဂါ)
``ကျွန်တော် လူတွေကို မယုံကြည်ဘူး၊ လူတွေက ကျွန်တော်ကို ကောင်းကောင်း မဆက် ဆံဘူး၊ ဒီတော့ လူတွေကို မုန်းတယ်၊ ကျွန်တော့်ဆီမှာ ဗုံးတစ်လုံးသာ ရှိမယ်ဆိုရင် သူတို့ထဲမှာ ပစ်ထည့်လိုက်ချင်တယ်၊ ကျွန်တော်တရားမထိုင်ခင်က ဖြစ်တဲ့စိတ်ပါ၊ အခု ကျွန်တော် တရားရှုမှတ် လိုက်တော့ အဲဒီစိတ်တွေ လျော့သွားတယ်၊ ဘာဝနာဟာ အဒီလိုလောက်မုန်းတီးခြင်း မလိုတမာ ဖြစ်ခြင်းစတဲ့ စိတ်တွေကနေ ဝေးရာကို တဖြေးဖြေးနဲ့ ခေါ်ခေါ်သွားပါတယ်၊ ဒါကြောင့် တရား အားထုတ်မှုဟာ ဘ၀ရဲ့ နေနည်းတစ်ခုပါ´´တဲ့။ (တပည့် ယောဂီ)
သမထကို ရှုမှတ်ပွားများသောသူသည် သမာဓိ (စိတ်တည်ငြိမ်မှု) ရရှိလာ၏။ ထိုအခါ ၀ိပဿနာကို ပြောင်း၍ ရှုမှတ်ရတော့မည်။ မည်မျှလောက် သမာဓိ (တည်ငြိမ်မှု) ရှိရမည်ဟု သတ်မှတ်ချက် မရှိ။ မိမိကြိုက်နှစ်သက်သည့် အတိုင်းပင်တည်း။
သမထဆိုသည်ကား စိတ်တည်ငြိမ်မှုရအောင် အာရုံတစ်ခုခုအပေါ်မှာ စိုက်ပြီး ရှုမှတ်ရပါသည်။ ၀ိပဿနာဆိုသည်ကား ရုပ်နှင့် နာမ်(စိတ်)တို့၏ ဖြစ်ပေါ်ပြီး ပျက်, ပျက်သွားသည့် သဘောကို ရှုမှတ် ရပေသည်။ (ရုပ်ဆိုသည်ကား မသိတတ်သည့်သဘောတည်း။ မြေရေလေမီး၊ ကိုယ်၊ ၀င်လေ ထွက်လေစသည့် အရာဝတ္တုများ။ နာမ်ဆိုသည်ကား- သိတတ်သော သဘောတည်း။ စိတ်နှင့် ဝေဒနာ လောဘ ဒေါသ သဒ္ဓါ ပညာစသည့် တရားများ။)
နောက်တစ်မျိုးမှတ်ရန်ကား သမထဆိုသည်မှာ တစ်နေရာတည်းမှာ စိုက်ပြီး ရှုမှတ်ရ၏။ ၀ိပဿနာဆိုသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ရ၏။
အလွန်အလေးဂရုပြုထိုက်သော ဆရာတော်ကြီးများ၏ ၀ိပဿနာရှုနည်းကို လေ့လာကြည့် သည့်အခါ မိမိအကြိုက် ၂-နည်း တွေ့ရပါသည်။ အခြားသောနည်းများလည်းရှိသေး၏။ ထိုထို ကျမ်းဂန်များ၌ ကြည့်ကြပါတော့။ ယင်း ၂-နည်းမှာ - - -
၁။ ``မြင်ရင် မြင်တယ်၊ ကြားရင်ကြားတယ်´´ဟု စသည်အားဖြင့် ပေါ်လာသမျှအာရုံကို ရှုမှတ်ခြင်း၊
၂။ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ရှုမှတ်ခြင်းတို့ဖြစ်ပါသည်။
အမှတ် (၁)နည်းအရ ၀ိပဿနာကို အားထုတ်သောသူသည် - - -
• မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေထွက်လေအာရုံပြုပါ၊ အာရုံပေါ်မှာ စိတ်တည်ငြိမ်မှု ရှိအောင်ကြိုးစားပြီး အားထုတ်ပါ။
• စိတ်တည်ငြိမ်မှု သမာဓိရလာသောအခါ ခန္ဓာကိုယ်ပေါ်မှာ စိတ်ကို ဖြန့်ကျက်ပြီး ထင်ရှားသည့်အာရုံကို မမြဲသည့်သဘောဖြင့်တင်ပြီး ရှုမှတ်ပါ။ ဝေဒနာထင်ရှားလျှင် ဝေဒနာကို ရှုပါ၊ ဒေါသထင်ရှားလျှင် ဒေါသကို ရှုပါ။ ထင်ရှားသည့် အာရုံတစ်ခုခုကို ရှုမှတ်ပါ။
• နာကျင်မှုစသော ဝေဒနာများ (နာမ်) ပေါ်လာလျှင် ``နာလျှင် နာတယ်၊ ကျင်လျှင် ကျင်တယ်´´ ဟု သတိဖြင့် စိုက်ပြီး ရှုမှတ်ပါ။
• စိတ်က ဟိုဟိုဒီဒီ ကြံစည်တွေးတောမိလျှင်လည်း ထိုစိတ် (နာမ်တရား) ကို စိုက်၍ ရှုမှတ်ရမည်။ စိတ်ကူးလျှင် ``စိတ်ကူးတယ်´´၊ ကြံလျှင် ``ကြံတယ်´´ဟု ရှုမှတ်ပါ။
• ထိုသို့ ရှုမှတ်နေစဉ် အသံ(ရုပ်တရား) ကြားလျှင် ``ကြားတယ်၊ကြားတယ်´´ဟု သတိဖြင့် မှတ်ပါ။ သမာဓိအားကောင်းကောင်းနှင့် မှတ်လျှင် ကြားရသည့်အသံ မမြဲဆို သည်ကို သိလာပါလိမ့်မည်။
• အသံနောက်ကို စိတ်က မလိုက်မိအောင် သတိထားပါ။ ကြားကာမျှပဲ ရှုမှတ်ပါ။
• သွားတဲ့အခါမှာလည်း ``သွားတယ်´´၊ ရပ်တဲ့အခါမှာလည်း ``ရပ်တယ်´´၊ ထိုင်တဲ့ အခါမှာလည်း ``ထိုင်တယ်´´ဟု မိမိလှုပ်ရှားတိုင်း ရှုမှတ်ပါ။ စားရင်းသောက်ရင်းနှင့် လည်း ``စားတယ်၊ သောက်တယ်´´ဟု ရှုမှတ်ပါနိုင်ပါသည်။
အလုပ်ပေးတရားခွေတစ်ခု၌ တရားပြဆရာတော်ကြီးက ယောဂီ(တရားအားထုတ်သူ)များအား ဤကဲ့သို့ လမ်းညွှန်ထား၏။
``လိုရင်းအနှစ်ချုပ်မှာ ကိုယ်အမူအရာ (ရုပ်တရား) ဖြစ်တိုင်း, စိတ်ခံစားမှုဖြစ်တိုင်း ထင်ရှားသည့် အာရုံတစ်ခုခုကို သတိဖြင့် ရှုမှတ်နေဖို့ပါပဲ၊ သမာဓိအားကောင်းကောင်းနဲ့ ရှုမှတ်လျှင် ဖြစ်ပေါ်ပြီး ပျောက် ပျောက်သွားသည့် ရုပ်, စိတ်တို့ကို အလိုလို သိမြင်လာပါတယ်၊ ရုပ်တရားဟာ ရေမြှုပ်, ရေပွက်များလို ပျောက်ပျက်သွားတာကို စိတ်ထဲမှာ ထင်မြင်လာပါတယ်၊ ဖြစ်ပေါ်ပြီး ပျောက် ပျက်နေသည့် သဘောကို မမြင်လျှင်လည်း ဆက်အားထုတ်ပါ၊ သမာဓိအားနည်းလို့ မမြင်တာပါ၊ သမာဓိအား ကောင်းလာလျှင် မြင်လာပါလိမ့်မည်´´ဟူ၍ မိန့်တော်မူထားသည်မှာ မှတ်သားဖွယ် ကောင်းလှ၏။
``အမှတ် (၂)နည်းအရ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ပုံ´´ကိုတော့ ပို၍နားလည်, သဘောပေါက်လွယ်အောင် ဆရာတော်တစ်ပါး၏ ကိုယ်တွေ့ ရှုမှတ်နည်းကို တင်ပြလိုက်ပါ၏။
• ``ရှေးဦးစွာ ၀င်လေထွက်လေကို သတိကပ်ပြီး ရှုမှတ်ပါတယ်။ သမာဓိရလာတဲ့အခါမှာ နှာသီးဝမှာ တလှုပ်လှုပ်တရွရွ ဖြစ်လာပါတယ်၊ ပုရွက်ဆိတ်လေးများ တက်လာသလို ခံစားရပါတယ်၊ အဲဒီသဘောလေးကတော့ အခုမှတ် အခုတွေ့ပါတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ အားထုတ်နေကျ, ရှုမှတ်နေကျ ဖြစ်လို့ပါ။´´
• ``အဲဒီအချိန်မှာ ရှုမှတ်စိတ်ကို ငယ်ထိပ်ပေါ်ကို တင်လိုက်ပါတယ်၊ ငယ်ထိပ်ပေါ်မှာ ပူမှု အေးမှု လေးတွေ ထင်ထင်ရှားရှားဖြစ်ပေါ်လာတယ်၊ ရံဖန်ရံခါမှာ တလှုပ်လှုပ် တရွရွနဲ့ ယားယံမှုလေးတွေ ဖြစ်လာပါတယ်။ တခါတရံမှာလည်း တင်းတင်းကျပ်ကျပ် ခံစား ရပါတယ်´´။
• ``စိတ်စိုက်ပြီး မမြဲတဲ့သဘောကို ရှုမှတ်လိုက်တဲ့အခါမှာ ငယ်ထိပ်တ၀ိုက်မှာ ဖြစ်ပေါ် လာပြီး ပျောက်ပျက်သွားတဲ့ ရုပ်မှုန်လေးတွေကို ထင်ထင်ရှားရှား မြင်လာပါတယ်၊ ရေပြင်ကို တုတ်နှင့် ရိုက်ပုတ်လာသည့် အခါ ရေများဖြာထွက်သကဲ့သို့ ရုပ်ကလာပ်, ရုပ်မှုန်လေးများ အလွှာလိုက် အလွှာလိုက် ပျက်စီးသွားတာကို မျက်လုံးဖြင့် မြင်ရသလို ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။´´
• ``အဲဒီကနေတဆင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်မှာပဲ ကြည့်လိုက်လိုက်၊ လက်ကိုပဲ ကြည့်ကြည့်၊ ခြေထောက်ကိုပဲကြည့်ကြည့် ရုပ်ကလာပ်, ရုပ်မှုန်လေးများ တဖွားဖွားနဲ့ ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားတာကို စိတ်ထဲမှာ မြင်တွေ့ရပါတယ်း။´´
• ``ပြီးတော့ စိတ်ကို စိုက်ကြည့်လိုက်ရင်လည်း ရှေးစိတ်က ပျောက်ပျောက်သွားလိုက်၊ နောက်စိတ်က ပေါ်ပေါ်လာလိုက်၊ အဲဒီပေါ်တဲ့စိတ်က ပျောက်သွားရင်လည်း နောက် နောက်စိတ်က ပေါ်လာပြန်ရော၊ အဲဒီလိုနဲ့ စိတ်အစဉ်အတန်းကြီးဟာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာကို တွေ့ရပါတယ်၊ ဒါဟာ အနိစ္စလက္ခဏာကို လက်တွေ့ မြင့်တွေ့ ခြင်းပဲ ဖြစ်ပါတယ်´´။
ဤကား လက်တွေ့အားထုတ်နေသည့်ဆရာတော်က မိမိကို ပြောပြခြင်းဖြစ်ပါသည်။ ထိုဆရာ တော်သည် အခု သြစတေးလျနိုင်ငံ၌ သာသနာပြုလျက်ရှိ၏။ မိမိသည် တရားစခန်းပွဲ ၂-ကြိမ် ၀င်ဖူးပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ထိုဆရာတော်ကဲ့သို့ အနိစ္စလက္ခဏာကို ကောင်းကောင်း မမြင်ခဲ့ရပါ၊ ယင်းသို့မမြင်ခြင်းမှာ သမာဓိအား နည်းသောကြောင့်တည်း။
တရားရှုမှတ်ရသည်မှာ မလွယ်ကူလှ။ မိမိစိတ်ကို ၀င်လေထွက်လေအပေါ်မှာ တင်လိုက် လျှင်ပင် အတွေးများက တသီတတန်းကြီး အလျှိုအလျှိုပေါ်ထွက်လာပါတော့သည်။ စိတ် တည်ငြိမ်မှု ရဖို့ကိုပင် မနည်း ကြိုးစားရပေသည်။ ထိုသို့ကြိုးစားခြင်းဖြင့် စိတ်၏တည်ငြိမ်မှုကိုရရှိနိုင်ပါသည်။
ဝိပဿနာရှုမှတ်သောသူသည် ရုပ်, စိတ်တို့၏ ဖြစ်ပေါ်ပြီး ပျောက်ပျောက်သွားသည့် သဘော ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း စိတ်တည်ငြိမ်မှုကတော့ ထိုက်သလောက် ဖြစ်နေပါ၏။ ထို့ကြောင့် အလိုမကျမှု, ကြောင့်ကြမှုစသော အပေါ်ယံ စိတ်အညစ်အကြေးများ ၀င်ရောက်ခွင့် မရှိ တော့ပါ။ ဤကား လက်ငင်းရနိုင်သောအကျိုးတရားတည်း။ (သတိပဋ္ဌာန်ဆိုသည်မှာလည်း ၀ိပဿနာ ပင်တည်း၊ အတူတူပင်။)


ဘာ့ကြောင့် ဘာဝနာကို ပွားများရသလဲ

ရုပ်ခန္ဓာကိုယ်ကြီးသည် အစားအစာတည်းဟူသော အာဟာရလိုအပ်သကဲ့သို့ စိတ်သည်လည်း အာဟာရလိုအပ်ပေသည်။ စိတ်ထဲ၌ ပူပန်မှု ကြောင့်ကြမှု အလိုမကျမှု မနာလိုမှု ၀န်တိုမှု အလို ရမက်ကြီးမှု မသိနားမလည်မှုစသည်တို့ လွန်လွန်ကဲကဲဖြစ်နေလျှင် စိတ်သည် ပင်ပန်း ဆင်းရဲနေ၏။ ယင်းပန်းဆင်းရဲမှုကို ``စိတ်၏ဖိစီးမှု´´ဟုပြောကြ၏။
``စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ကိုယ်ကြေ´´ ဆိုသည့်အတိုင်း ယင်းသို့ စိတ် ဖိစီးမှု များနေလျှင် နေလို့ထိုင်လို့မကောင်းတော့။ အခန့်မသင့်လျှင် ရောဂါများပင် ၀င်ရောက်နိုင်၏။ တချို့ ဆိုလျှင် စိတ်ဖိစီးမှုများ လွန်ကဲနေသည့်အတွက် လုံးဝ အိပ်လို့မရ။ သမထ (သို့) ၀ိပဿနာကိုသာ အားထုတ်လိုက်စမ်းပါ။ လုံးဝ အဆင်ပြေသွားနိုင်ပါသည်။
ထို့ကြောင့် စိတ်ဖိစီးမှုများ ကျဆင်းဖို့အတွက် စိတ်၏အာဟာရသဖွယ်ဖြစ်သော သမထ (သို့) ၀ိပဿနာကိုသာ တတ်စွမ်းသမျှ အားထုတ်သင့်လှပေသည်။ ဆေးသိပ္ပံပညာရှင်များက စိတ်ဖိစီးမှု ကျဆင်းဖို့အတွက် ဘာဝနာကို ပွားများအားထုတ်သင့်ကြောင်း အကြံပြုထား၏။
အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက ``သူ့မှာရောဂါဖြစ်စဉ် ဒုက္ခဝေဒနာ၏ဒဏ်ကို အလူးအလှိမ့်ခံခဲ့ရကြောင်း၊ အလွန်ပြင်းထန်သော ထိုဒုက္ခဝေဒနာကို ဘာဝနာဖြင့် ခုခံခဲ့ရကြောင်း၊ ဘာဝနာသာ ပွားများမှုမရှိလျှင် အခုလို အသက်ရှည်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လူမှုဒုက္ခတွေကို ခံနိုင်ရည်ရှိဖို့အတွက် တစ်ရက်လျှင် ၁-နာရီဝန်းကျင်လောက် ဘာဝနာကို အားထုတ်သင့်ကြောင်း´´ စသည်ဖြင့် မဟာစည်ဆရာတော်၏ ဟောတရားစာအုပ်နိဒါန်း၌ သူကိုယ်တိုင် ရေးသားတိုက်တွန်း ခဲ့ပါသည်။
သမထ (သို့) ၀ိပဿနာကို ရှုမှတ်စဉ်အတွင်း၌ စိုးရိမ်မှု ကြောင့်ကြမှု ပူပန်မှုတို့ မရှိတော့ရကား စိတ်၏ တည်ငြိမ်မှု, ငြိမ်းအေးမှုကိုလည်း အပြည့်အ၀ ရရှိနိုင်ပါသည်။ ထို့ကြောင့် လောကဓမ်တို့၏ ထိုးနှက်မှုကိုလည်း ခုခံနိုင်စွမ်းရှိပါသည်။
နောက်ပြီး မိမိစိတ်၏ အကြောင်းကိုလည်း ပို၍သိမြင်လာပါသည်။ ကိုယ့်စိတ်အကြောင်း ကိုယ် သိမှလည်း ပြင်လို့ရမည်ဖြစ်ပါ၏။ တချို့ဆိုလျှင် တရားရှုမှတ်ပြီးနောက် မိမိ၏အမှားများကို သိရှိပြီး ကိုယ်ပြစ်မှားမိခဲ့သူများကို ခွင့်လွှတ်ဖို့ပင် တကူးတက သွား၍ တောင်းပန်ကြ၏။ ဤသည်တို့ကား မျက်မှောက်ဘ၀၌ ဘာဝနာ၏ လက်တွေ့အသုံးဝင်ပုံတို့ပင်တည်း။
လူငယ်လေးတစ်ယောက်ကတော့ ပြော၏။ ``တရားရှုမှတ်လိုက်သည့်အတွက် ကိုယ် ဘာ လုပ်ရမယ်, ဘာလုပ်သင့်တယ်ဆိုတဲ့ အဖြေကို ရလာပါတယ်´´ဟူ၏။
ထို့အပြင် ဘာဝနာရှုမှတ်ခြင်းကြောင့် မျက်မှောက်ဘ၀၌ ဈာန်, မဂ်, ဖိုလ်များကို မရရှိတောင် နောက်နောင်ဘ၀များ၌ အလွယ်တကူ ရရှိနိုင်ပါသည်။ ဤကား ဘာဝနာရှုမှတ်ခြင်းကြောင့် ရရှိနိုင် သည့်အကျိုးတရားများဖြစ်ပါသည်။
ဘာနှင့်ပစ်ပစ် ပစ်မှတ်မှန်ဖို့က အရေးကြီးပါတယ်
လူငယ်လေးတစ်ယောက်က ``ဘာဝနာကို ၁-နာရီလောက်ပဲ ရှုမှတ်ချင်သည်ဆိုလျှင် သမထနှင့် ၀ိပဿနာကို ဘယ်လို အချိန်ခွဲခြားပြီး ရှုမှတ်ရမည်လဲ´´ဟု မေး၏။
တချို့ကား ၁-နာရီဆိုသည့်အချိန်သည် အလွန်တိုတောင်းသည့်အတွက် ``သမာဓိဖြစ်ဖို့ အရေးကြီးတယ်´´ဆိုပြီး ``သမထ´´သက်သက်ကိုသာ ရှုမှတ်၏။ သမထဆိုပြီး အထင်မသေးသင့်။ အကျိုးကျေးဇူးကား ကုန်နိုင်ဘွယ်မရှိ။ ဘာဝနာအလုပ် မဆိုးထားဘိ၊ နေ့စဉ်ပြုလုပ်နေရသည့် အလုပ် ကိစ္စများမှာတောင် စိတ်တည်ငြိမ်မှု(သမာဓိ) ရှိဖို့ လိုအပ်၏။ စိတ်မတည်ငြိမ်လျှင် အမှားအမှား အယွင်း ယွင်းဖြစ်ကုန်တော့သည်။ ထို့ကြောင့် သမထသည် အလွန်အရေးကြီးလှပါသည်။
ဘုရားမြတ်စွာ၏ အရေးကြီးဆုံးဖြစ်သည့် ``သီလ သမာဓိ ပညာ´´ဟူသော ကျင့်စဉ် သုံးမျိုးတွင် သမာဓိ (သမထ) ကျင့်စဉ်သည် ဒုတိယကျင့်စဉ်ဖြစ်သောကြောင့် သမထကို အချိန် ရသလောက် အားထုတ်သင့်၏။ သမထအရေးကြီးပုံကို ဆရာတော်ကြီးတစ်ပါးက အောက်ပါအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးတော်မူထား၏။
Sometimes, when we find it difficult to concentrate the mind by means of vipassana meditation, we have to use samatha for some time so that we can concentrate our mind well on the object of meditation. Having attained deep concentration of the mind, we return to vipassana and observe whatever arises in body and mind as it really occurs.
``တခါတရံ ၀ိပဿနာကိုရှုမှတ်သည့်အခါ ဘယ်လိုမှ ရှုမှတ်လို့ မရ၊ ထိုအခါ သမထကို ရှုမှတ်ရ၏၊ သမထကို ရှုလိုက်တော့မှ စိတ်သည် သမာဓိရလာပြီး တည်ငြိမ်လာ၏၊ စိတ်တည်ငြိမ်မှ ၀ိပဿနာကို ပြန်လည်ရှုမှတ်ရပါသည်။´´(ဘာသာပြန်)
တချို့သမာဓိအားကောင်းသူများကတော့ ၀ိပဿနာကိုပဲ အားထုတ်ကြ၏။ ၀ိပဿနာဟု ဆိုသော်လည်း သမာဓိ (သမထ)ကတော့ ပါဝင်ရပေသည်သာ။ ၀ိပဿနာဘာဝနာမှာ ``ဉာဏ် ပညာက ခေါင်းဆောင်၊ သတိ သမာဓိတို့က နောက်လိုက်´´ဆိုသည်ကို မေ့မပစ်ပါနဲ့။ ဘာကိုပဲ မှတ်မှတ် မှတ်ကောင်းဖို့ပဲ အရေးကြီးပါသည်။
တချို့လူများက အချိန် ၁-နာရီအတွင်းမှာ သမထကို နာရီဝက်၊ ၀ိပဿနာကို နာရီဝက် ဟုခွဲခြားပြီးလည်း ရှုမှတ်ကြ၏။ မည်သို့ မှတ်မှတ် ဘာဝနာပင်တည်း။ သမထနှင့် ၀ိပဿနာကို တစ်ခုစီ အချိန်သတ်မှတ်ဖို့ရန် အရေးမကြီးပါ။ မိမိဆန္ဒအပေါ်မှာမူတည်ပါသည်။ အဓိက ပန်းတိုင်မှာ ယုတ်မာ သည့်စိတ်, သေးသိမ်သည့်စိတ်, ကြမ်းတမ်းသည့်စိတ်, ရိုင်းစိုင်းသည့်စိတ်တို့ မဖြစ်ဖို့ ပင်တည်း။
ဤမျှလောက်ဆိုလျှင် မိမိတို့နေ့စဉ်ဘ၀မှာ လူမှုကိစ္စများကို လုပ်ကိုင်ဆောင်ရွက်ရင်းနှင့် အချိန်ရသလောက် လိုက်နာကျင့်သုံးနိုင်သော - - -
``ဘာဝနာဆိုတာ ဘာလဲ ´´
``ဘာဝနာသည် ဘယ်လဲ ´´ ဆိုသည့် မေးခွန်းကို ဖြေဆိုနိုင်လောက်ပါပြီ။ လက်ခံနိုင်ဖို့ ခက်ခဲနေသလား။ ``အမှန်တရားသည် လက်တွေ့နောက်မှာရှိ၏´´ဟူသော ဆိုရိုးစကားကို သင် ကြားဖူးပါလိမ့်မည်။ ထို့ကြောင့် လက်တွေ့ကြိုးစားကြည့်စေချင်ပါသည်။
``ဧဟိပဿိကော - လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´ဟု ဓမ္မက သင့်ကို ကြိုဆိုနေလျက်ပါ။
-------------------

(ဤဆောင်းပါးသည် လက်တွေ့ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြသည့်ဆရာတော်ကြီးများ၏ ရှုမှတ် နည်းများ, ယခု အားထုတ်နေဆဲဖြစ်သည့် သီတင်းသုံးဖေါ်ရဟန်းတော်များ၏ အတွေ့အကြုံများ, တရား စခန်းဝင် ယောဂီ လူပုဂ္ဂိုလ်များ၏ အတွေ့အကြုံများကို အခြေခံလျက် ရေးထားခြင်းဖြစ်ပါသည်။ လူမှုရေး စီးပွား ရေး သားရေးးသမီးရေးတို့ဖြင့် ရုန်းကန်လှုပ်ရှားနေကြသော လူငယ်လူရွယ်များအား မိမိတို့အချိန်ရသလောက် ဘာဝနာရှုမှတ်ပြီး သောကကင်းဝေးသော, ငြိမ်းချမ်းသာယာသော ဘ၀တစ်ခုကို တည်ဆောက်နိုင်ဖို့ အဓိက ရည်ရွယ်ပါသည်။ မရှင်းလင်းသည့် အဓိပ္ပါယ်များ, အကြောင်းအရာများ၊ သံသယဖြစ်စရာ အချက်အလက် များကို မေးမြန်းလိုပါက ashindevindabhivamsa@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။)
``သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ´´

မှတ်ချက်။ ။ သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆောင်းပါးကိုမျှဝေပါသည်။

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes