သီတဂူစတား

သီတဂူစတား

30 September 2009

သီတဂူစတားရဲ့ ဓမ္ဓဓူတခရီးမှတ်တမ်း (အပိုင်း-၄)





အကအခုံများဖြင့် ပူဇော်
ညနေပိုင်းတွင်း ဗုဒ္ဓဘာသာမိန်းကလေးငယ်လေးများက ရိုးရာအကဖြင့် နဖူးမှာ သာသနာ့အလံများ စည်းကာ အကဖြင့်ပူဇော်ကြသည်၊ ညပိုင်းတွင် အမျိုးသားငယ်လေးမှာက တစ်မြို့လုံးလှည့်လည်ကာ ရိုးရာအကဖြင့်ပူဇော်ကြည်သည်မှာ မြန်မာနိုင်ငံ ကထိန်းပွဲလှည့်သည်ပမာ၊ ရက်ကွက်တစ်ခုပအတွက် အုပ်စုတစ်စုရှိသည်၊ ထိုအုပ်စုတိုင်းတွင်း ရှေ့က ကားကြီးများအပေါ်တွင် ရုပ်ပွားဆင်းတုတော်ကြီးများ ပင့်ဆောင်ကာ နောက်ကားများမှာတော့ အကအခုံတွေနှင့်အလွန်စည်းစည်ကားကား ပူဇော်ကြသည်။

သီတဂူစတားရဲ့ ဓမ္ဓဓူတခရီးမှတ်တမ်း (အပိုင်း-၃)






တရားနာယူစဉ်

မြန်မာပြည် နှစ်ဆန်းတစ်ရက် နေ့ တွင် ရက်ကွက် ဓမ္မာရုံးတိုင်းမှာ သီလယူသလို တရားနာကြသလိုမျိုး ဆောင်ရွက်နေကြသည်မှာ မြန်မာပြည် ပြန်ရောက်သလို အောင့်မေ့မိသည်၊ သီတဂူစတားနှင့် ကောင်းမွန် (အရှင်ကုသလ)၊ အရှင်စန္ဒာဝရတို့ အလှည့်ကျ တရားဟောရသည်၊ အိန္ဒိယသား ဒကာလေး တစ်ယောက်က မာရတီလိုဘာသာပြန်ပေးသည်၊ (မဟာရဋ္ဌ ပြည်နယ် စကားသည် မာရတီစကားဖြစ်)၊ ဘာသာပြန်နှင့်ဟောရသဖြင့် သိပ်အဆင်မပြေလှပါ၊ တိုက်ရိုက်ဟောနိုင်လျင်ပိုအဆင်ပြေသည်၊သီတဂူစတားတို့ရဲ့ပထမဆုံး အင်္ဂလိပ်လိုဟောခွင့်ရသည့် အတွေ့ကြုံလည်းဖြစ်သည်၊ သီတဂူစတားသည် ပထမပွဲတွင် the essence of Buddhism အကြောင်းဟောသည်၊ ဒုတိယပွဲတွင် Buddhist karma theory ( ကံအကြောင်း) ဟောခဲ့သည်။ အရှင်ကုသလ (ကောင်းမွန်) သည် ဓမ္မစကြာနှင့် ဒုတိယပွဲတွင် မြန်မာနိုင်ငံဗုဒ္ဓဘာသာအကြောင်း နှင့် အရှင်စန္ဒဝရ အရှင်မြတ်ကတော့ ပထမပွဲနှင့် ဒုတိယပွဲတွင် ငါးပါးသီလအကြောင်းဟောခဲ့ကြသည်။ ညပိုင်းတရားပွဲမှာကိုတော့ မိုးပြင်းထန်စွာ ရွာချသဖြင့် တရားပွဲတစ်ပွဲ နားလိုက်သည်။

သီတဂူစတားရဲ့ ဓမ္ဓဓူတခရီးမှတ်တမ်း (အပိုင်း-၂)



သံဃာရှားပါး


သို့သော် ဘုန်းကြီးကျောင်းမရှိ၊ ရဟန်းသံဃာမရှိဖြစ်နေသည်၊ သီတဂူစတား တို့အဖွဲ့ရောက်သွားတော့ စောဠပူသားတွေ တအံ့တသြဖြစ်နေကြသည်၊ လာပြီးဦး တိုက်ကြသည်၊ သီတဂူစတားတို့ဆီပြေးလာကြပြီး ခြေဖမိုးကိုး နဖူးနှင့်တိုက်သည်၊ လက်နှင့်ပွတ်သည်၊ အလွန်းသနားစရာကောင်းပါသည်။

သီတဂူစတားရဲ့ ဓမ္ဓဓူတခရီးမှတ်တမ်း (အပိုင်း-၁)



သီတဂူစတားနှင့်အဖွဲ့သည် ၂၇-၉-၂ဝဝ၉ တနင်္ဂနွေနေ့ညနေမှ စတင်၍ ရထားဖြင့်ခရီးစတင်ထွက်ခဲ့ကြသည်။ သီတဂူစတားတို့ခရီးသည်ကား အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်၏ ခြောက်ခုမြောက်မြို့ဖြစ်သည့် စောဠပူရ အမည်ရှိ ခရိုင်မြို့တစ်မြို့ပင်ဖြစ်သည်။ ဝမ်းမြောက်စရာကောင်းသည်မှာ ထိုမြို့ရှိလူဦးရေ ၄၆ရာခိုင်နုန်းသည်ကား ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊ ဘုရားပွင့်ရာအိန္ဒိယနိုင်ငံသည် ဘုရား တရား သံဃာ ရတနာသုံးပါးတို့ဖြင့်ကင်းကွာလာသည်မှာ ရာစုနှစ်ပေါင်းပင် ကြာခဲ့လေပြီ၊ အများစုလူဦးရေမှာ ဟိန္ဒူဘာသာဝင်တွေလွမ်းမိုးနေပါသည်၊ ရတနာသုံးပါးအဖျက်ဆီးခံရသည်မှာလဲ ထိုဟိန္ဒူဘာသာဝင်တွေရဲ့လွမ်းမိုးမှုလည်း ပါဝင်ပါသည်၊ သီတဂူစတားတို့နေသည့် ပူနေးမြို့မှာ ရထားဖြင့် လေးနာရီအကြာ စီးရသည်၊ ထိုမြို့ရဲ့လူဦးရေမှာ ၅သိနိးကျော်ကျော်ရှိ၊ တက္ကသိုလ်တစ်ခုနှင့် ကောလိပ်ပေါင်း ၁ဝဝကျော်ရှိသည်၊ အိန္ဒိယနိုင်ငံသည် ပညာရေးကိုဦးစားပေးသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ တက္ကသိုလ်ကြီးတွေ ကောလိပ်တွေ များစွာရှိသည်။ နိုင်ငံရဲ့ Fund ငွေကိုလည်း ပညာရေးအတွက် အသုံးများသည်ဟုသိရပါသည်။ သီတဂူစတားနှင့် အဖွဲ့သည် ညနေ ၆နာရီရထားဖြင့် ထွက်ခဲ့ရာ စောဠပူရ မြို့သို့ ည ၁ဝ နာရီရောက်သည်၊ ဟိုတယ်မှာ တည်းခိုဘို့ စီစဉ်ပေးသည်၊ ခရီးသည်ကား ပင်ပန်းပေမည့် သီတဂူစတားတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပင်ဖြစ်သည်။ နံက် ၉-၃ဝ ကနေ ဟိုတယ်ကနေ ထွက်လိုက်တာ ည ၁ဝကျော်မှ ဟိုတယ်မှာ ပြန်အနားယူရသည်။ ပွဲကျင်းပပုံမှာ တမူထူးခြားသည်၊ မြန်မာနိုင်ငံလို ရက်ကွက်တိုင်းမှာ ဓမ္မာရုံတစ်ခုစီရှိသည်။ တချို့ ဓမ္မာရုံတွေသည် အဖြစ်သဘောမျှသာ၊ တချို့သည် ကြီးကျယ်သည့် ဓမ္မာရုံတွေရှိ ကြသည်။

27 September 2009

ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ ပန်ကြားလွှာ (အပိုင်း-၂)



အရှင်ရဋ္ဌပါလာ၏အဖြေမှာ-----

၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။
သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။
အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-
အရှင်ရဋ္ဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္ဓဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ချန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္ဓဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟုပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ကိုယ်ပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္ဓအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြသောလည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္ဓဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္ဓဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။

သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို မိမိတို့ဘာသာရေးခေါင်းဆောင်များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်ကာ မိမိတို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လုမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဋ္ဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဋ္ဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ မိမိတို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ မိမိတို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို မိမိတို့ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက်ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည်ဖြစ်ပါသည်။ ထိုသည်ကား မိမိ၏ တောင်ဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသောကမ္ဘာမှာ မိမိတို့သည် မီး၏သတ်တကားကျားသဖွယ် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ မိမိတို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။

သီတဂူဆရာတော်
သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

ဥပေက္ခာ သမ္ဗောဇ္ဈင်

နောက်ဆုံး ဗောဇ္ဈင်တရားသည် ဥပေက္ခာ သမ္ဗောဇ္ဈင် ဖြစ်၏။ ဥပေက္ခာ သဘောသည် စိတ်၏ မတိမ်းမစောင်း ညီညာသည့် သဘော၊ တည်ကြည်သည့် သဘောကို ဆိုလိုသည်။ အမှုခပ်သိမ်းတို့တွင် အဆင်ပြေ အဆင်ချောနေသည့် အခါတွင်လည်း အရမ်း စိတ်တက်ကြွခြင်း၊ ပလွှားခြင်းမျိုးလည်း မဖြစ်၊ အမှုခပ်သိမ်း အဆင်မပြေ အဆင်မချောသည့် အခါမှာလည်း အရမ်း စိတ်ဓါတ်ကျခြင်း မရှိ၊ ပကတိ တည်ကြည်ခိုင်မြဲသော စိတ်ဖြင့် အမှုခပ်သိမ်းကို အညီအမျှ သဘောထား၍ ဆက်ဆံတတ်ခြင်းသည် ဥပေက္ခာ မည်ပါသည်။ ဥပေက္ခာကို ဥပမာအားဖြင့် ကမ္ဘာမြေကြီးပေါ်၌ ထွန်းပလျက်ရှိသော နေနှင့် နှိုင်းယှဉ်ပြလေ့ ရှိ၏။ နေသည် တစ်ချို့သော သူကိုသာ ထွန်းလင်းစေပြီး တခြားသော သူတို့ အပေါ်မှာမူ မထွန်းလင်းဟူသော သဘောမရှိ။ နေမင်းသည် အရာခပ်သိမ်းတို့ အပေါ်ဝယ် အညီအမျှသာလျှင် ထွန်းလင်းသည်။ နေမင်းသည် ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ အပေါ်တွင် မခွဲမခြား တစ်သဘောတည်း ထား၍သာ ဆက်ဆံသည်။ ဥပေက္ခာသည် အရာခပ်သိမ်းတို့ အပေါ် သဘောထား တစ်မျိုးတည်းဖြင့် လက်ခံခြင်း၊ သိမ်းဆည်းခြင်း သဘောသာ ဖြစ်သည်။ ငြင်းဆန်သည့် သဘော၊ လက်မခံဘဲ မျက်နှာလွှဲသည့် သဘော မဟုတ်ချေ။

လျစ်လျူရှုသည် ဆိုသော မြန်မာစကားသည် အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း လက်ခံခြင်း သဘောဖြစ်၏။ ဥပေက္ခာ သဘောကို ဆင်ခြင်၍ ဆက်ဆံရာသည်။ ထို့ကြောင့် အလွန်ပျော်ရွှင် ချမ်းသာဖွယ် အခြေအနေ အခါအခွင့်နှင့် ရင်ဆိုင်ရသော အခါမှာလည်း ကျွန်ုပ်တို့သည် အသင့်အတင့် နှလုံးသွင်း၍ ထိုချမ်းသာ ပျော်ရွှင်ဖွယ် အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်သည်။ သူတို့သည် သူတို့ အတိတ်က စိုက်ပျိုးသည့် ကံမျိုးစေ့တို့၏ အသီး အပွင့်များကို ရိတ်သိမ်း သုံးဆောင် နေကြရခြင်းသာ ဖြစ်သည်ဟု သဘောထားနိုင်သည်။ သို့မဟုတ်မူ၍ အကြင်သူသည် အတိဒုက္ခ ရောက်နေသည်ကို ကြုံတွေ့ရသော အခါမှာလည်း ထိုသူတို့အပေါ် ကရုဏာစိတ် ပွားများခြင်းဖြင့် ကမ္မနိယာမ၏ အကျိုးပေးခြင်း သဘောကို ဆင်ခြင်၍ စိတ်နှလုံး တုန်လှုပ်ခြင်း ကင်းစွာ နေနိုင်ပါတော့သည်။ ဥပေက္ခာသည် ဂရုမစိုက် အရေးမထားသည့် သဘော မဟုတ်ပါ။ ဥပေက္ခာသည် အရာရာကို ညီမျှသော ခိုင်ခံ့သော အင်အားကောင်းသော စိတ်ဖြင့် အသင့်အတင့် နှလုံးသွင်းလျက် ဆက်ဆံခြင်း၊ လက်ခံခြင်းမျိုးသာ ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရား အားထုတ်သော အခါ စိတ်သည် မရမာဏုမြူအဆင့် ရုပ်နာမ်ခ ပ်သိမ်းတို့၏ ခဏမစဲ တသဲသဲ တလှုပ်လှုပ် တဖြုတ်ဖြုတ်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲ ဖြစ်ပေါ်နေသည့် အခြင်းအရာကို ထိုးထွင်း သိမြင်သော ကာလ ဤဥပေက္ခာ သမ္ဗောဇ္ဈင်သည် စိတ်ကို ထိုရုပ်နာမ်တို့၏ ဖြစ်ပျက်နေမှုကား ငါမဟုတ်၊ ငါ့ဟာမဟုတ်၊ သူ့သဘော သူဆောင်၍သာ ဖြစ်ပျက်နေကြ ကုန်သည်ဟု အသင့်အတင့် နှလုံးသွင်း၍ ရှုနေနိုင်အောင် ထိန်းကျောင်းပေးပါသည်။

ဤကား ဗောဇ္ဈင်ခုနစ်ပါး မြတ်တရား ဖြစ်၏။ ထို ဗောဇ္ဈင်ခုနစ်ပါးကို ခိုင်မာ ရင့်ကျက်လာအောင် ကျွန်ုပ်တို့၏ တရားအားထုတ်မှု ကမ္မဋ္ဌာန်းခွင်ထဲတွင် လေ့ကျင့် အားထုတ်ရပါသည်။ ဗောဇ္ဈင် ခုနစ်ပါးတွင် သုံးပါးသော ဗောဇ္ဈင် တရားသည် စိတ်ကို နှိုးဆွသော ဗောဇ္ဈင်တရားများ ဖြစ်ပါသည်။ အခြား သုံးပါးသော ဗောဇ္ဈင် တရားကား စိတ်ကို ဆိတ်ငြိမ်စေသော ဗောဇ္ဈင် တရားများ ဖြစ်ပါသည်။ ဓမ္မ၀ိစယ (ပညာ) သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်နှင့် ပီတိ သမ္ဗောဇ္ဈင် တို့သည် စိတ်ကို နိုးကြားအောင်၊ စိတ်ကို ရှင်သန် ဖျတ်လတ်မှုရှိအောင် နှိုးဆွနိုင်သော သတ္တိရှိသည့် ဗောဇ္ဈင် တရားများ ဖြစ်ပါသည်။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်နှင့် ဥပေက္ခာ သမ္ဗောဇ္ဈင် တို့သည် စိတ်ကို တည်ကြည်အောင်၊ ငြိမ်သက်အောင်၊ ခိုင်ခံ့အောင် ပြုလုပ်ပေးသော ဗောဇ္ဈင် တရားများ ဖြစ်ကြပါသည်။

ထို ဗောဇ္ဈင်တရား ခြောက်ပါးတို့သည် အချင်းချင်း အညီအမျှ သဟဇာတ ဖြစ်ဖို့ လိုပါသည်။ အကယ်၍ စိတ်ကို လှုံ့ဆော်မှုဘက်က အရှိန် ပြင်းထန်လွန်း လျှင်လည်း စိတ်သည် မငြိမ်မသက် မရပ်မနားဘဲ လှုပ်ရှားနေတတ် ပါသည်။ စိတ်ကို ငြိမ်သက် တည်ကြည်စေသော ဗောဇ္ဈင် တရားများ ဘက်က အားကောင်းသွားပြန် လျှင်လည်း စိတ်မှာ သုန်မှုန် ထိုင်းမှိုင်းပြီး အိပ်ပျော်သွားတတ် ပါသည်။ ထိုသို့ စိတ်တက်ကြွလွန်းပြီး မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်ခြင်းမှ လည်းကောင်း၊ စိတ်ထိုင်းမှိုင်း လေးလံပြီး အိပ်ပျော်သွားခြင်းမှ လည်းကောင်း ကင်းဝေးစေပြီး နိုးကြားစွာ အခြားသော ဗောဇ္ဈင် တရားများ ကိုလည်း အားကောင်းအောင် ထိန်းသိမ်းပေးသော တရားမှာ သတိ သမ္ဗောဇ္ဈင် ဖြစ်၏။

ဤသို့ စိတ်အစဉ် ဖြစ်ပေါ် တိုးတက်မှု ဖြစ်စဉ်သည် ဤမဂ်လမ်းတွင် တရားအားထုတ်သူ၏ စိတ်ကို နှိုးဆော်မှုများ၊ အားပေးမှုများဖြင့် ပြည့်နှက်စေပါသည်။ သတိ သမ္ဗောဇ္ဈင်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်၊ ဥပေက္ခာ သမ္ဗောဇ္ဈင် စသော ဗောဇ္ဈင် ခုနစ်ပါးနှင့် ပြည့်စုံအောင် အားထုတ်ထားသော စိတ်အခြေ အနေကို စဉ်းစားကြည့်ပါ။ ထိုစိတ်သည်ကား အရောင်အ၀ါ ထွန်းပသော ၀မ်းမြောက်ခြင်း များဖြင့် ပြည့်စုံသောစိတ် ဖြစ်နေပါပြီ။ ထိုစိတ်မျိုး ဖြစ်ပေါ်လာအောင် ယခု ဤနေရာမှာ ကျွန်ုပ်တို့ အားထုတ်နေကြခြင်း ဖြစ်ပါသည်။

ဗောဓိဉာဏ်ကို ဖြစ်စေသော ဤ ဗောဇ္ဈင် တရားများသည် မျက်မှောက် ခဏအတွက်သာ စိတ်ချမ်းသာမှု သုခကို ပေးစွမ်းနိုင်သည် မဟုတ်ပါ။ နိဗ္ဗာန်သို့ လည်းကောင်း၊ သဗ္ဗညုတ ဉာဏ်သို့ လည်းကောင်း၊ သံသရာမှ လွတ်မြောက်ကြောင်း ၀ိမုတ္တိသို့ လည်းကောင်း လျှောကျ သက်ဝင်စေနိုင် ပါသည်။

တစ်ခါတစ်ရံ နေ့စဉ်ရက်ဆက်ပင် ခန္ဓာကိုယ်မှာ နာကျင်မှု၊ ကိုက်ခဲမှုတွေ ဖြစ်ပေါ်ပြီး စိတ် ယောက်ယက်ခတ် နေခြင်းဖြင့်သာ ရင်ဆိုင်နေရသည့် အတွက် ကျွန်ုပ်တို့ ဘာလုပ်နေကြသလဲ ဆိုသည်ကိုပင် အလွယ်တကူ မေ့သွားတတ်ကြ ပါသည်။

သို့သော မမြင်နိုင်ဘဲလျက် ခဏတိုင်း ခဏတိုင်းမှာ သေချာပေါက် ဖြည်းဖြည်းချင်းသာလျှင် ဤ ဗောဇ္ဈင်တရား ခုနစ်ပါးသည် ဖွံ့ဖြိုး တိုးတက်လျက် နေပါသည်။ ကျွန်ုပ်တို့ လုပ်ခဲ့ပြီးသမျှ အလုပ်များသည် ကြီးကျယ်သော အလုပ်များ ဖြစ်ခဲ့ပါပြီ။ ဤကား စိတ်၏ အမြင့်မြတ်ဆုံး ဆင့်ကဲ တိုးတက်နေမှုဖြစ်စဉ်ပင်ဖြစ်ပါသည်။

ဗောဇ္ဈင် (၇)ပါးတရား အပြီးတည်း

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။

အဖြူရောင်မေတ္တာဘလော့ဂ်ရယူပါသည်။

26 September 2009

ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များသို့ပန်ကြားလွှာ (အပိုင်း-၁)




မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင်ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။

ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။
ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြားတော်မူသည်။

ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုမိမိတို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။

လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ်ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ မိမိတို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ မိမိတို့ဘာသာရေးခေါင်းဆောင်များ ဓမ္မကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္ဓနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။

သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက်မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာတစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသော ယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သောလောကနှင့် ဓမ္ဓကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာသည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။

(၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။
ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု မိမိတို့ယုံကြည်မျှော်လင့်ပါသည်။ ခနေ့မျက်မှောက်ခေတ်တွင် မိမိတို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် မိမိတို့အားထုတ်ကြရမည်ဖြစ်ပါသည်။


မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း။ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္ဓကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။
(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်းပြုခဲ့ပါသနည်း)
အရှင်ရဋ္ဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။
(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)
မင်းကြီးကဆိုပါသည်။
(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော်သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)

တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ မိမိတို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။

သီတဂူဆရာတော်
သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

အပိုင်း (၂) ဆက်လက်ဖော်ပြသွားပါမည်။

မိမိသည်သာ မိမိ၏ အရှင်သခင်



ဗုဒ္ဓဝါဒအရ လူသား၏အဆင့်သည် အမြင့်ဆုံးဖြစ်သည်။ လူသားတစ်ယောက်သည် သူကိုယ်တိုင်၏ ကိုယ်ပိုင် အရှင်သခင်ဖြစ်သည်။ သူကိုယ်တိုင်ထက် ပိုလွန်သော, သူ့ဘဝကို လွှမ်းမိုးအုပ်စိုး၍ထားသော , သူ့ဘဝပန်းတိုင်ကို ဆုပ်ကိုင်၍ ထားသော သူ့အထက်က တန်ခိုးရှင် အာဏာရှင် မရှိ ပေ။ လူသားတစ်ယောက်၏ ကိုယ်ပိုင်ကိုးကွယ်ရာသည် ထိုလူ သားကိုယ်တိုင်ပင်ဖြစ်သည်။ တခြားကိုးကွယ်ရာမရှိ-ဟု မြတ် ဗုဒ္ဓက လူသားတို့၏ဘဝကို လွတ်လပ်စွာကိုးကွယ်ခွင့် အဆင့် မြင့်မြင့်ပေးထားသည်။


မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ဆုံးမရာ၌ "ကိုး ကွယ်ရာကို မိမိတို့ကိုယ်တွင်းမှာ ရှာကြ၊ အပြင်ပမှာ (သို့) တခြားသူတို့ထံမှာ ကိုးကွယ်ရာ ရှာ၍မရ" ဟု တိုက်တွန်းလေ့ရှိသည်။

မြတ်ဗုဒ္ဓသည် လူသားတိုင်း ဘဝတိုးတက်ရေးနှင့် လွတ်မြောက်ရေးအတွက် သူ့ကိုအတုယူကြဖို့ အစဉ်အားပေး ဆုံးမလေ့ရှိသည်။
"မိမိတို့ ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ကိုယ် တိုင်ပင် အားထုတ်ရမည်၊ မိမိတို့ရောဂါပျောက်ရေးအတွက် မိမိတို့ ကိုယ်တိုင် ပင် ဆေးသောက်ရမည်"ဟု ဆုံးမလေ့ရှိသည်။

သို့သော် ဆေးဆရာကောင်းကို မှီဝဲရမည်။ ထိုသမား ကောင်း၏ တားမြစ်ချက်, ညွှန်ကြားချက်တို့ကို လိုက်နာရမည်။ ထိုသမားတော် ပေးသည့်ဆေးကို မှန်မှန်မှီဝဲရမည်။

မြတ်ဗုဒ္ဓသည် ဆေးသမား၊ မြတ်ဓမ္မသည် ဆေးဝါး ဖြစ်သည်။ လူသားတစ်ယောက်၏ အနှောင်အဖွဲ့တို့မှ လွတ်မြောက်ရေး အတွက် ထိုလူသားကိုယ်တိုင်၏ ကိုယ်ပိုင်သဒ္ဓါ , ဝီရိယ ,ပညာတို့သည်သာ တကယ်စင်စစ် ထိုလူသား၏ ကယ် တင်ရှင်တို့ဖြစ်ကြသည်။

မြတ်ဗုဒ္ဓကဆို၏။ "ဗုဒ္ဓတို့မည်သည် လမ်းညွှန်ဆရာတို့သာ ဖြစ်ကုန်၏။ လူတို့သည် ဆရာတို့ ညွှန်ပြသည့်အတိုင်း အလုပ်လုပ်အားထုတ်ကြရမည်" ။

အကယ်၍ လူတို့က မြတ်ဗုဒ္ဓကို "ကယ်တင်ရှင်"ဟု ဆိုချင်လျှင် ဝိသုဒ္ဓိလမ်း , ဝိမုတ္တိလမ်း , သစ္စာနှင့်သန္တိတို့ကို ဖော်ထုတ် ညွှန်ပြပေးသော အဓိပ္ပါယ်ဖြင့်သာလျှင် မြတ်ဗုဒ္ဓကို "ကယ်တင်ရှင်"ဟု ဆိုနိုင်သည်။

သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကယ်တင်ရှင် မြတ်ဗုဒ္ဓ ပြပေးသော လမ်းကြောင်း တို့ကို ဖြောင့်ဖြောင့်မှန်မှန် လျှောက်လှမ်းသွားရမည်သာ ဖြစ်သည်။

မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ညွှန်ပြသည့် ဝိသုဒ္ဓိ , ဝိမုတ္တိ (သန့်ရှင်းခြင်းနှင့် လွတ်မြောက်ခြင်း) ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်းစီ၏ တာဝန်နှင့် ကျင့်ကြံ အားထုတ်မှုပေါ်မှာတည်သည်။

မဟာပရိနိဗ္ဗာနသုတ်တော်၌ " မိမိကိုယ်ကို မိမိတို့ မှီခို၍နေကြ၊ မိမိတို့ကျင့်သုံးသော ဓမ္မသည် မိမိတို့မှီခိုရာဖြစ်သည်။ ငါဘုရားသည် သင်ရဟန်းတို့ကို အုပ်စိုး၍နေမည် မဟုတ်" စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။

မြတ်ဗုဒ္ဓသည် သူ၏တရားထဲ၌ မည်သည့်လျှို့ဝှက် ချက် ကွယ်ဝှက်ချက်ကိုမျှ မထား၊ ဆရာစား , ဆရာ့လက်ဆုပ် တရားငုတ်ကိုမျှလည်း မည်သို့မျှမထား၊ နာကြားသူတို့ လက်ခံနိုင်သမျှ အကြွင်းမရှိ ပွင့်ပွင့်လင်းလင်း ဟောပြခဲ့သည်။

မြတ်ဗုဒ္ဓသည် ဘာသာရေးသမိုင်းတစ်လျှောက်၌ မကြားစဖူး , မရှိစဖူး ထူးဆန်းသည့် လူသားတို့အတွေးအခေါ် လွတ်လပ်ခွင့်တို့ကို ခွင့်ပြုတော်မူခဲ့သည်။ လူ့အတွေးအခေါ်၏ လွတ်လပ်ခွင့်သည် လူသားတို့ ဘဝလွတ်မြောက်ရေးအတွက် အထူးပင်လိုအပ်ပေသည်။

မြတ်ဗုဒ္ဓ၏အလိုတော်အရ လူသားတို၏ လွတ် မြောက်မှုသည် လူသားတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သစ္စာကို ထိုးထွင်းသိခြင်းပေါ်၌ တည်သည်။ ပြင်ပတန်ခိုးရှင်GOD-ဘုရားသခင်တို့၏ သနားခြင်း ခွင့်လွှတ်ခြင်း မျက်နှာသာပေးခြင်း ကယ်တင်ခြင်းတို့အပေါ်၌ လုံးဝ တည်ခြင်း မှီခိုခြင်း မရှိပေ။

ပြင်ပတန်ခိုးရှင် ဘုရားသခင်တို့ကို ရိုသေကျိုးနွံစွာ ဆုတောင်းခြင်း၊ ထိုဘုရားသခင်တို့ သနားချီးမြှင့်သော ဆုလာဘ်ကို ရရှိခြင်းဖြင့်လည်း လူသားတို့၏ ဘဝလွတ် မြောက်မှုသည် မဖြစ်နိုင်ချေ။ သစ္စာကို မျက်မှောက်ပြုခြင်း သည်သာ ဘဝလွတ်မြောက်ရေး၏ ဂိတ်ပေါက်ဖြစ်သည်။

24 September 2009

အနှစ်ကိုးပါး (အပိုင်း-၁၆)



ဗုဒ္ဓဘာသာသည် religion မဟုတ်

ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂျင်း)လို့ ဆိုနိုင်ပါသလား''လို့မေးတယ်။ religion ဆိုတာ ''ဘာသာတရား''လို့ ဒီလိုဆိုကြတာကိုး။

Buddhism is not religion.
ဗုဒ္ဓဘာသာဟာ ရီးလီးဂျင်းမဟုတ်ဘူး။
''Religion. မဟုတ်ရင် အရှင်ဘုရား ဘာလို့ ပြောချင်တုန်း''။ ဒီတော့ ဘုန်းကြီးက ပြောလိုက်တယ်။ ''ဗုဒ္ဓ ဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ''။
''Religion ကတော့ ကျင့်စဉ်မဟုတ်ဘူးလား'' တဲ့ သူက ထပ်မေးတယ်။
Religion ဟာ ကျင့်စဉ်မဟုတ်ပါဘူး။ Religion ဆိုတဲ့ ဘာသာမှာ ကျင့်စဉ်ကို မပါဘူး။ Religion လို့ခေါ်တဲ့ ဘာသာတိုင်းမှာ ကျင့်စဉ်မပါဘူး။
Religion မှာ ယုံကြည်ခြင်း၊ ရှိခိုးခြင်း၊ ဆုတောင်းခြင်းတို့ပဲရှိတယ်။
မကောင်းတာတွေအကုန်လုပ်၊ အပြစ်မှလွတ်ဖို့ရန် ဆုတောင်း။ ကောင်းမှုတွေလုပ်ချင်လဲလုပ်၊ မလုပ်ချင်လဲနေ၊ ချမ်းသာသုခကို ဘုရားသခင်က ချပေးပါလို့ ဆုတောင်း။
ယုံကြည်မှုနှင့် ဆုတောင်းခြင်းသာလျှင် ပဓာန ထားတဲ့ဘာသာကို Religionလို့ ခေါ်ပါတယ်။
ယုံကြည်မှုနှင့်ဆုတောင်းမှုကို ပဓာနမထားပဲနဲ့ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာသည် ဗုဒ္ဓဘာသာပါ။

အဲဒီလူက ထပ်မေးတယ်။ ''ဗုဒ္ဓဘာသာသည် Philosophy (ဖီလိုဆိုဖီ) လို့ ဆိုရင်ကော ဆိုနိုင်ပါသလား''တဲ့။
''မဆိုနိုင်ပါဘူး။ ဗုဒ္ဓဘာသာကို Philosophy လို့လဲ တစ်ဘက်သတ် မပြောနိုင်ပါဘူး။ Philosophy ဆိုတာ အသိ သက်သက်ပဲ ဖြစ်တယ်။ Philosophy မှာ အကျင့် (စရဏ)မပါဘူး''။
Religion က ယုံကြည်မှုသက်သက်။ Philosophy က အသိဥာဏ်သက်သက်။ အဲဒီနှစ်ခုစလုံးမှာ ''အကျင့် တရား'' မပါကြဘူး။
ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနှင့် အသိဥာဏ် ပေါင်းစပ်ပြီးတော့ ကျင့်ရတဲ့တရား။
ယုံကြည်မှုနဲ့ အသိဥာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိရဲ့နှလုံးသားထဲက ယုတ်မာတဲ့ ကိလေသာတွေ အကုန်လုံး ရှင်းသွားတယ်။ အဲဒီယုတ်ညံ့တဲ့ ကိလေသာတွေ ရှင်းသွားတဲ့အခါ ချမ်းသာသုခကို တကယ်ရတာပါပဲ။
''မိမိရဲ့ယုတ်ညံ့မှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင် လုပ်ရပါတယ်။ မိမိစိတ်ဓာတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင်ကြိုးစား ယူရပါတယ်။ အလွန်တန်ခိုး ထက်မြက်တဲ့ စိတ်စေတသိက်တို့ကို အသုံးချကျင့်ရတာဟာ ဗုဒ္ဓဘာသာပဲ''လို့ ဘုန်းကြီးက ပြောလိုက်ပါတယ်။

နယူးဒေလီမှာ နေ့ခင်းပိုင်း ဟောတဲ့တရားပွဲမှာ အဲဒီမေးခွန်းကို ဖြေပြီးတော့ အဲဒီနေ့မှာပဲ အိန္ဒိယရေဒီယို အသံလွှင့်ဌာနက လာပြီးတော့ တောင်းတယ်။ ''တပည့်တော်တို့ ရေဒီယိုမှာ အသံလွှင့်ချင်လို့ အရှင်ဘုရား တရား တစ်ပုဒ်တော့ အသံသွင်းပေးခဲ့ပါဘုရား''တဲ့။
ဒီတရားပွဲလဲပြီးရော အဲဒီမေးခွန်းကို အခြေခံ ပြီးတော့ ဘုန်းကြီးက စာတမ်းတစ်ခု ဘုန်းကြီးရေးတယ်။ ည ၁ဝ-နာရီအထိ မပြီးဘူး။
မပြီးတော့ အသံလွှင့် ဌာနကို ''မနက်ဖန်ခါကျမှ အသံသွင်းကြစို့''လို့ပြောလိုက်ပြီး ဆက်ရေးတယ်။ အရုဏ် တက်ခါနီး ၃-နာရီလောက်ကျတော့မှ ဒီစာတမ်းဟာ ပြီးသွားပါတယ်။ စာမျက်နှာ ၇-မျက်နှာ ရှိတယ်။
နောက်တစ်ရက် ညနေစောင်းတော့ အိန္ဒိယ ရေ ဒီယိုမှာ အဲဒီမေးခွန်းကို အခြေခံပြီးတော့မှ ဗုဒ္ဓဘာသာသည် Religion မဟုတ်ဘူးဆိုတဲ့အကြောင်းကို ရှင်းလင်း ဖော်ပြတဲ့ ဟောပြောချက်ကို အသံသွင်းပေးခဲ့တယ်။
အဲဒီနေ့ညနေ (၁၃၄၃-ခု၊ တပေါင်းလပြည့်နေ့ ညနေ)က အဲဒီတရားတွေလွှင့်သွားတယ်။ တပေါင်းလ ပြည့်နေ့လွှင့်တော့ ဘုန်းကြီး သိပ်ကြိုက်သွားတယ်။ ဘုန်းကြီးရဲ့ မွေးနေ့ကိုး။

ယုံကြည်မှုတွေ လွန်ကဲရင် အလွဲယုံကြည် တယ်။
အသိဥာဏ်တွေ လွန်ကဲရင် ကောက်ကျစ် တယ်။
သဒ္ဓါ၊ ပညာ၊ ဤနှစ်ဖြာ ညီညွတ်စွာ ပေါင်း စပ်ပြီးတော့ အကျင့်နဲ့သွားရတယ်။

သဒ္ဓါ ပညာ ညီမျှစွာတွဲ။ ပြီးတော့မှ ''စရဏ (အကျင့်)''နှင့် ထပ်မံ၍ ပေါင်းစပ်တဲ့အခါ ကျတော့ ''ဝိမုတ္တိ'' ဆိုတဲ့ လွတ်မြောက်မှုကို ကောင်းစွာရတယ်။
ကိုယ်တိုင်ကျင့်ရတဲ့ စရဏကို အသာလေး ဖယ် ထား၊ ကိုယ်တိုင်ဘာမှမကျင့်ပဲနဲ့ ဆုချည်းထိုင်တောင်း နေ မယ်ဆိုရင် ဗုဒ္ဓဘာသာက လက်မခံဘူး။

ဒါဖြင့် ဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးတော့ ဆုမတောင်းဘူးလားလို့ မေးရင်၊ တရား ပွဲတွေမှာ မေးလဲ မေးတ
တ်ပါတယ်။ ''ဗုဒ္ဓဘာသာမှာ ဆုတောင်း ရှိတာပေါ့''လို့ ဘုန်းကြီးတို့က ဖြေပါတယ်။
''ဒါပေမဲ့ ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းဆိုတာဟာ တန်ခိုးရှင်တစ်ယောက်ထံမှာ တောင်းတဲ့ဆု မဟုတ်ဘူး။ ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ထံမှာ တောင်းတာ မဟုတ်ဘူး။ ဘုရားရှင် ကိုယ်တော်မြတ်ထံက တစ်စုံတစ်ခုကို မျှော်လင့်လို့ ''တပည့်တော်ကို ဒါလေးပေးပါ၊ တပည့်တော်ကို ဒါလေးပေးပါ''လို့ တောင်းတာ မဟုတ်ဘူး''။

(အပိုင်း-၁၇)မျှော်

21 September 2009

အနှစ်ကိုးပါး(အပိုင်း-၁၅)



ဥုံ မဏိ ပဒ္မေ ဟုံနှင့် ပစ္စယော
ဒီတော့ ဒီတိဘက်ကိုယ်တော်ကြီး တစ်ကိုယ်လုံး နံနေတာ တခြားမဟုတ်ဘူး။ ချမ်းလွန်းလို့ ရေမချိုးတာရယ်၊ မုန်ညင်းဆီ တကိုယ်လုံး လိမ်းထားတာရယ်၊ အဝတ်တွေက အထူကြီးထပ်ပြီးတော့ ဝတ်ထားတာရယ်၊ အဲဒီအကြောင်း သုံးပါးကြောင့် ဒီကိုယ်တော်ကြီး နံနေတာလို့ ဘုန်းကြီးက သဘောကျသွားတယ်။
နံပေမယ့် သူ့မန္တာန်ရချင်တာနဲ့ အနားကပ်ပြီးတော့ နားစွင့်လိုက်တော့မှ မန္တာန်ရဲ့အသံကို ဘုန်းကြီး ရလိုက်ပါတယ်။
''ဥုံ မဏိ ပဒ္မေ ဟုံ''တဲ့။
အဲဒါ တိဘက်ဘုန်းကြီး ရွတ်တဲ့မန္တာန်။ ထပ်ခါ ထပ်ခါ ရွတ်ပြီးတော့ လက်ထဲက သတ္ထုဗူးကလေးကို ယမ်းပြီးတော့ သူက လှုပ်နေတာ။ ဒါပဲ ထပ်ခါ ထပ်ခါ ရွတ်နေတယ်။ ''မန္တာန်တော့ရပြီ''ဆိုပြီးတော့ ဒိုင်ယာယီထဲ ရေးမှတ်ထားလိုက်တယ်။
မှတ်ထားပြီးတော့ ဘုန်းကြီးလဲ ဒီရတနာဃရ ရွှေအိမ်ထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို ပဋ္ဌာန်းဒေသနာတော်နဲ့ ပူဇော်ချင်တာ။ ဒီကိုယ်တော်ကြီးကလဲ ပြီးပဲ မပြီးနိုင်ဘူး။ သူဘယ်တော့ ပြီးမလဲလို့ စောင့်နေတာ မပြီးဘူး။
''မပြီးလဲနေတော့ကွာ၊ ငါလဲ တစ်ထောင့်ကထိုင်၊ မင်းလဲ တစ်ထောင့်က ထိုင်'' ဆိုပြီး ၁၂-တောင်လောက်ရှိတဲ့ တိုက်ကလေးထဲ သူက တစ်ထောင့်က ထိုင်၊ ဘုန်းကြီးလဲ ထောင့်တစ်နေရာ ဝင်ထိုင်ပြီးတော့ ဘုရားကိုယ်တော်မြတ် ကို အားပါးတရ ရှိခိုးပူဇော်ကန်တော့ပြီး ဗောဓိပင်ဘက် လှည့်ပြီးတော့ ဘုန်းကြီးက ပဋ္ဌာန်းဒေသနာကို ရွတ်ပါ တယ်။
''ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော''လို့ ရွတ် လိုက်တာ။
လွန်လေပြီးတဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ဘုရားရှင်ကိုယ်တော်မြတ် ဤနေရာမှာ ထိုင်နေ တော်မူပြီးတော့ ပဋ္ဌာန်းဒေသနာတော်ကို ဒီလို ဆင်ခြင် သုံးသပ်တော်မူခဲ့လို့ ရောင်ခြည်တော်ခြောက်ပါး ကွန့်မြူးတော်မူခဲ့ ပါတယ်။ အာရုံယူပြီးတော့ ဘုန်းကြီးက ပဋ္ဌာန်းကို ခပ်တိုးတိုး ရွတ်နေတာ။
ဟိုဘက်က ကိုယ်တော်ကြီး ရွတ်နေတဲ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''က နားထဲဝင်ဝင်လာတယ်။ ကိုယ်ရွတ်နေတဲ့ ပဋ္ဌာန်း ပျောက်ပျောက်သွားတယ်။ ခက်တော့တာပဲ။ ''ဥုံ မဏိ ပဒ္ဒမေ ဟုံ'' အသံက ကျယ်ကျယ်လာ၊ ကိုယ့်ပဋ္ဌာန်းက ပျောက်သွား။
''ငါတော့ သူ့ကိုနိုင်အောင်ချမှ ဖြစ်မယ်'' ဆိုပြီးတော့ ယခုပလ္လင်ပေါ်က ရွတ်သလိုပေါ့။ အသံကို ခပ်ကျယ်ကျယ် ထုတ်ပြီးတော့ ဘုန်းကြီးက တအား အော်တော့တာကိုး။
ဟေတုပစ္စယောတိ ဟေတူ ဟေတုသမ္ပယုတ္တကာ နံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စ ယော။
တိုက်ကလေးထဲမှာ သူက ''ဥုံ မဏိ ပဒ္မေ ဟုံ''၊ ဒီဘက်က ''ပစ္စယော'' ''ပစ္စယော'' နဲ့ တအားကြီး ချနေတော့ သူ စိတ်ပျက်သွားတယ် ထင်တယ်။ လက်ထဲက ခုနက အုန်းမှုတ်ခွက်လိုဟာလေး အသာချ၊ တင်ပျဉ်ခွေ ထိုင်ပြီး တော့ ဘုန်းကြီးကို ကြည့်နေတယ်။

''ဥုံ မဏိ ပဒ္မေ ဟုံ''ရဲ့ အဓိပ္ပာယ်
သူ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''ကို မရွတ်တော့ဘူး။ ထိုင်ကြည့်နေတယ်။ အဲဒီတော့မှ ဘုန်းကြီးက မြတ်စွာဘုရားအား အားပါးတရ ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဆိုပူဇော်ပြီး ထပြီးတော့ သူ့ကို နှုတ်ဆက်တယ်။
''ကိုယ်တော် ဘယ်တိုင်းပြည်က လာသလဲ'' လို့ အင်္ဂလိပ်လို မေးကြည့်တော့ သူ ပြန်မပြောဘူး။ သူလဲ မတတ်ဘူး။ ဘုန်းကြီးကလဲ တိဘက်စကား မတတ်ဘူး၊ ပါဠိလို မေးကြည့်တော့လဲ မရဘူး။
ရတနာဃရ ရွှေအိမ်က ထွက်လာခဲ့ပြီးတော့ တည်းခိုတဲ့ကျောင်း ရောက်တဲ့အခါ နီပေါက ဘုန်းကြီးတို့နဲ့ အတူတူ လိုက်လာတဲ့ နီပေါဘုန်းကြီးတစ်ပါးကို ဘုန်းကြီးက မေးကြည့်တယ်။
''အရှင်ဘုရား တပည့်တော် တိဘက်ကိုယ်တော်ကြီးဆီက မန္တာန်တစ်ခုရခဲ့တယ်။ အဲဒီမန္တာန်ရဲ့အဓိပ္ပာယ်ကို ပြောပြစမ်းပါ'' ဆိုတော့ သူက ပြောပြတယ်။
''ဥုံမဏိ ပဒ္မေ ဟုံ ဆိုတာ အခြားမဟုတ်ပါဘူး၊ မဏိဆိုတာ အရှင်ဘုရားတို့ သိပါတယ်။ ပတ္တမြား။ မြေကြီး ကထွက်တဲ့ ကျောက်မျက်ရတနာအားလုံးတို့တွင် ပတ္တမြားဆိုတဲ့ ကျောက်မျက်ရတနာဟာ သူတို့ တိဘက်တိုင်းပြည် မှာတော့ ''အမြတ်ဆုံးရတနာပဲ''တဲ့။
''မြေကြီးထဲကထွက်တဲ့ ကျောက်အားလုံးတို့တွင် ပတ္တမြားဆိုသောကျောက်သည် အမြတ်ဆုံး ဖြစ်သလိုပဲ လူသားထဲက ပေါက်ဖွားလာတဲ့ ဗုဒ္ဓဟာလဲပဲ လူသားတကာ လူသားတို့တွင် အမြတ်ဆုံးလူသားတစ်ယောက်ပဲ၊ အဲဒါကြောင့် ''မဏိ''ဆိုတာ မြတ်ဗုဒ္ဓကို တင်စားပြောတာ''တဲ့။အလွန်လျှို့ဝှက်တဲ့ဂါထာ။
ပဒ္မေဆိုတာက ပဒုမ္မာကြာ၊ ''ပဒုမ''ကို သူတို့က ပီပီ မရွတ်ဘူးတဲ့။ ပဒ္မေလို့ ရွတ်တယ်တဲ့။ ''ဟုံ''ဆိုတာက ''ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်''တဲ့။ ပဒ္မေ-ပဒုမ္မာကြာထဲ ကနေ။ ဟုံ-ဖြစ်လာတယ်။
ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ပေါ်ပေါက်လာပါတယ်။ မယ်တော် မာယာက ဖွားတာမဟုတ်ပါဘူး။ သူတို့က ပဒုမ္မာကြာထဲက ပေါ်ပေါက်လာပါတယ်တဲ့။
''ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ဖြစ်ထွန်းပေါ်ပေါက်လာသလိုပဲ အကျွန်ုပ်ရဲ့ နှလုံးအိမ်မှာလဲပဲ ဗောဓိဥာဏ်သည် ဖြစ်ထွန်းပါစေ''။ ''အဲဒီ အဓိပ္ပာယ်ကိုဆောင်တဲ့ မန္တာန်ပါပဲ''တဲ့။
''အဲဒီမန္တာန်ရွတ်ပြီးတော့ ဗောဓိဓာတ် ယူတာ။ သူတို့က ဗောဓိ ဥာဏ်ရဖို့ရန် သူတို့က မန္တာန်ရွတ်တာ''တဲ့။
''မန္တာန်ရွတ်လို့ ဗောဓိဥာဏ် ရမယ်တဲ့လား''။ စဉ်း စားကြည့်။ သဘာဝ မကျဘူး။
ဗောဓိဥာဏ်ရအောင် ဘာလုပ်ရမလဲ။ ဗုဒ္ဓရဲ့ အကျင့် ကိုကျင့်ပေါ့။ မဂ္ဂင်ရှစ်ပါး၊ သိက္ခာသုံးပါး ကျင့်ပေါ့။
သိက္ခာသုံးပါးကို အကျင့်တရား ဘေးဖယ်ထားပြီး တော့ အဲဒီတိဘက်ကိုယ်တော်ကြီးက ဗောဓိÓဏ်ကို မန္တာန် နဲ့ ယူတယ်တဲ့။ ဘာမှ အဓိပ္ပါယ်မရှိဘူး။
သူတို့ ပုတီးစိပ်လဲ အဲဒါပဲ။ တိဘက်ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျားအားလုံး ပုတီးနဲ့ချည်းပဲ။ ဗောဓိ ပင်တပတ်လည် ပုတီးစိပ်လဲ တခြားဘာမှ မစိပ်ဘူး။
''ဥုံ မဏိ ပဒ္မေ ဟုံ''ဆိုပြီး ပုတီး လုံးရေတွေကို ချနေတာပဲ။ ဘုန်းကြီးတို့ကတော့ ''အရဟံ...အရဟံ''နဲ့ ဒီလိုသွားတာ။
ဒီတော့ ပုတီးစိပ်တာလဲ မန္တာန်ပဲ။ ဗောဓိဥာဏ် ရအောင် အားထုတ်တာလဲ မန္တာန်ပဲ။ ဘယ်မှာလဲ၊ သိက္ခာ သုံးပါးဆိုတာ။
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဆိုတာ ဟန်ပဲရှိတယ်၊ တကယ်အမှန် မရှိဘူး။
ဒါကြောင့် ဘုန်းကြီးတို့ ပရိသတ်များရဲ့ နှလုံးသား ထဲမှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးစုံ ရှိပါတယ်။
ဟိုမှာကတော့ သိက္ခာသုံးပါးရှိတယ်ဆိုပေမဲ့ တချို့ ရှိတယ်။ တချို့မရှိဘူး။ အပြည့်အစုံ မရှိရှာကြဘူး။

ချီးကျူးစရာ အချက်တော့ရှိတယ်
ဘာကိုတော့ ကျေးဇူးတင်ရမလဲဆိုလို့ရှိရင် ဘုရား ကိုယ်တော်မြတ်ကို ကြည်ညိုတယ်ဆိုတဲ့ နေရာမှာတော့ သူတို့ကို ချီးကျူးရမယ်။
အဲဒီလို ဘုရားကို ကြည်ညိုတဲ့စိတ်ကလေး ရှိနေတာသည်ပင်လျှင် သူတို့အတွက် အဖိုးတန်လှပြီလို့ ချီးကျူးရမယ်။
အဲဒီစိတ်ကလေး ပျောက်ရင်တော့ ကုန်ရော။ ဗုဒ္ဓ ဘာသာဟာ မကျန်တော့ဘူး။ အဲဒီစိတ်ဓာတ်ကတော့ သူတို့ မှာ သိပ်ခိုင်မာကြတယ်။
ဘာကြောင့် ဘုရားကို ကြည်ညိုတဲ့စိတ် ပြင်းပြ သလဲ ဆိုလို့ရှိရင် ဘုရားကိုယ်တော်မြတ်ကို ရှိခိုးတဲ့နေရာမှာ ခုနက ပြောပြထားတယ်။
မတ်တပ်ရပ်ကနေပြီးတော့ ခေါင်းပေါ် မြှောက်၍ လက်အုပ်ချီ နဖူးသို့ တစ်ဆင့်ချ၊ မေးစေ့သို့ တစ်ဆင့်ချ၊ ရင်ဘတ်သို့ တစ်ဆင့် လျှော့ပြီးတော့ လက်နှစ်ဘက်ကို ဆန့် ပြီးတော့ ရှေ့ပစ်ပြီး၊ ဝမ်းလျားမှောက်ချလိုက်တာ။
နောက်တစ်ခါ ပြန်ထ၊ ဒီအတိုင်း ရှိခိုး။ နောက် တကြိမ် ပြန်ထ ဒီအတိုင်းရှိခိုး၊ အဲဒါမြေကြီးပေါ်က သမံ တလင်းပေါ်မှာ။
မြက်ပေါ်မှာဆိုရင် ရှေ့ပိုင်းတစ်ကိုယ်လုံးဟာ ပေ ကျံနေတာပဲ။ ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးနဲ့ အဲဒီလိုရှိခိုး နေတဲ့ လူတွေ ဗောဓိပင်နားမှာ အများကြီးပဲ။
မတ်တတ်ထလိုက်၊ ဖုံးကနဲ ဝမ်းလျားမှောက်လိုက် မတ်တတ်ထလိုက် ဖုံးကနဲ ဝမ်းလျားမှောက်လိုက် ဒီလို လုပ် နေကြတဲ့လူတွေဟာ နည်းတာ မဟုတ်ဘူး။ အင်္ဂလိပ်တွေ လဲ အဲဒီအထဲဝင် လုပ်ကြတာပဲ။ အမေရိကန်တွေလဲ ဒီဂိုဏ်း ထဲဝင် ဒီလိုလုပ်ကြတာပဲ။
အဲဒီလို ရှိခိုးနေကြတဲ့ လူထုကြီးတွေကိုကြည့် ပြီး တော့ ဘုန်းကြီး စဉ်းစားမိတယ်။ ''သြော် သဒ္ဓါတရားများ ကောင်းလိုက်တာ၊ ဘုရား ကြည်ညိုလို့ ရှိခိုးတယ်ဆိုတဲ့နေရာ မှာ ဒီလောက်ကို သူတို့က အားပါးတရကြီး ရှိခိုးကြတာပဲ'' လို့ တွေးမိတယ်။
ဘုန်းကြီးတို့ မြန်မာများ ရှိခိုးတာကတော့ တံ တောင်ဆစ်ဟာ မြေကြီးကိုထိချင်မှထိ၊ ဒူးကလဲ ထိချင်မှထိ၊ အဆင်မပြေဘူး။
တစ်ချို့ရှိခိုးကြတာဆိုရင် နွေရာသီ ပူပူလောင် လောင် လမ်းပေါ်က ရေညှောင့်ကောင်နဲ့ တယ်ပြီးတော့ တူတာပဲ။ ကြည့်လို့ မကောင်းဘူး။
ထိခြင်း ၅-ပါးဆိုတဲ့ ရှိခိုးနည်း ပေးထားတယ် မဟုတ်လား။ သူတို့ ရှိခိုးတာက ဝမ်းလျားမှောက်ထားတာ။ ငါးပါး မကဘူး၊ အကုန်လုံးထိနေတယ်။
ဘုန်းကြီးတို့ ပရိသတ်များလဲ ထိခြင်း ၅-ပါး ထိ အောင် ကြိုးစားကြစမ်းပါ။
''လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချ လေ''။
ဒကာကြီးများဆိုလို့ရှိရင် ဆောင့်ကြောင့်ထိုင်ပြီး တော့ လက်အုပ်ချီလိုက်၊ ပြီးတော့မှ လက်ချ၊ လက်ဖဝါး နှစ်ဘက်ထောက်ပြီးတော့ ဒူးနှစ်ဘက်ချ။ ပြီးတော့မှ တံ တောင် နှစ်ဘက် ကျပါစေ။
အဲဒီတံတောင်နှစ်ဘက်သာမကျရင် ခုနက ရေ ညှောင့်ကောင်အတိုင်းပဲ။
ဘုန်းကြီးတို့ မြန်မာတွေ သဒ္ဓါတရား ဘယ်လောက် ပဲ ကောင်းတယ်ပြောပြော၊ တိဘက်က ဒကာတွေ ဒကာမ တွေ ဦးချတာမျိုးကိုတော့ မလုပ်နိုင်ကြဘူး။

ရှစ်သောင်းလေးထောင် ဦးချနိုင်ယင်
ဦးချတဲ့နေရာမှာ အဲဒီလို သဒ္ဓါတရား သိပ်ကောင်း တော့ တစ်ချို့လူများကိုတော့ ဘုန်းကြီးက သနားမိတယ်။
ဗိုက်စူစူကြီးတွေနဲ့ ဝပြီးနေတဲ့ တိဘက်အဘိုးကြီး တွေ အဘွားကြီးတွေ အဲဒီဘုရားအနားမှာ ရှိခိုးတာကြည့် ပြီးတော့ ဘုန်းကြီးသနားတယ်။
မတ်တတ်ရပ်ပြီးတော့ ခုနက ပြောသလို လက် နှစ်ဘက်မြောက်၊ လက်အုပ်ချီ၊ နဖူးပေါ် တင်ပြီးတော့မှ မေးစေ့ချ။
ပြီးတော့ ရင်ဘတ်ထိအောင်ချ၊ ရှေ့လက်ပစ်ပြီး တော့ ဝမ်းလျားလဲ မှောက်လိုက်ရော။ အဲဒီ ဗိုက်ကြီး စူပြီး ဝနေတဲ့ အဘိုးကြီးနဲ့အဘွားကြီးဟာ တကတဲ တစ်မျိုးကြီးကို ဖြစ်နေတာပဲ။ ဘောလုံးပေါ်မှာ တက်ပြီးတော့ မှောက်ထား သလို ဖြစ်နေတယ်။ လိမ့်တိမ့် လိမ့်တိမ့်နဲ့ ဖြစ်နေတယ်။
သူတို့က ဂါဝန်အရှည်ကြီးတွေဝတ်ကြတာဆိုတော့ တစ်မျိုးကြီးပဲ။ သူတို့ရှိခိုးနေတာ နောက်ကနေ သွားပြီးတော့ မကြည်ညိုလိုက်ကြပါနဲ့။
ရှေ့ကနေကြည့်ပြီး ကြည်ညိုမယ်ဆိုရင် တော် တော် ကြည်ညိုစရာကောင်းတယ်။ ရှေ့နားမှာ ပုတီးလေးက ချထားတယ်။ လက်ဖျားနဲ့ ထိပ်နားမှာ ပုတီးလုံးလေးက ချထားတယ်။ တစ်ကြိမ်ဦးချပြီးရင် သူတို့က ပုတီးတစ်လုံးဆွဲ လိုက်တယ်။ တစ်ကြိမ်ပြီးတိုင်း ပုတီးတစ်လုံး ဆွဲလိုက်တယ်။
တော်တော်လေး အချိန်ကြာတော့ အဘိုးကြီး တစ် ယောက် နဖူးက ချွေးတွေ ကျလာတယ်။ နဖူးက ချွေးတွေ သုတ်ပြီးတော့ ဦးချ။ ဒီတိဘက်အဘိုးကြီးတွေ အဘွားကြီး တွေကို ငါမေးလို့ ရမှာမဟုတ်ဘူး။ သူတို့က တိဘက်လိုပြော ရင် ငါက တိဘက်လိုနားမလည်တော့ မဖြစ်သေးဘူး။
မေးလို့ရတဲ့ အီတလီက လူကို သွားမေးမှပဲဆိုပြီး တော့ မေးလိုက်တယ်။
''ဒါလောက်တောင် မင်းတို့က ကြိမ်ဖန်များစွာ တစ်မနက်လုံး တစ်နေ့လုံး တစ်ညလုံး ရှိခိုးနေကြတာဟာ့ ဘာကြောင့်လဲ။ အကြိမ်တွေ များလိုက်တာ'' လို့။
အဲဒီလူက ''တပည့်တော်တို့ ဆရာက သင်ပေး ထားတယ်၊ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင် ရှိခိုးနိုင် ရင် အပါယ်လေးပါး တံခါးပိတ်တယ်''လို့ ပြောတယ်။
သူတို့ သဒ္ဓါတရားက ဒီလိုလာတာ။ အချို့များ ရှစ်သောင်းလေးထောင်ကျော်လို့ တစ်သိန်းတောင်ရောက် နေပြီ။
သူတို့ရဲ့ သဒ္ဓါတရား ဘယ်လောက် ကောင်းသလဲ။ ''အသက်ခန္ဓာ စွန့်ချင်စွန့်ရပါစေ''ဆိုတဲ့ စိတ်ဓာတ်နှင့် ရှိခိုး နေကြတာ။ သို့သော် ဥာဏ်မပါဘူး။

အသိဥာဏ်မပါသော ယုံကြည်မှု
ဗလဝသဒ္ဓေါ၊ သဒ္ဓါတရားအားကောင်းပြီးတော့။ မန္ဒပညော၊ ပညာနည်းကြပြီဆိုရင်။ မုဓပ္ပသန္နော၊ အချည်း နှီး အကျိုးမရှိတဲ့နေရာမှာ ယုံကြည်တတ်သည်။ ဟောတိ၊ ဖြစ်ပါပေ၏။
သဒ္ဓါတရားက အလွန်အားကောင်းပြီးတော့ အသိ ဥာဏ်နည်းရင် အကျိုးမရှိ အချည်းနှီးကိစ္စတွေမှာ ယုံကြည် တတ်ကြတယ်။
ရှစ်သောင်းလေးထောင် ဝမ်းလျားမှောက်၍ ရှိခိုး ခြင်းဖြင့် အပါယ်လေးပါးမှ သူတို့ လွတ်တယ်လို့ ယုံကြည် ထားကြတယ်။ သူတို့ရဲ့ စရဏ (အကျင့်)ဆိုတာဟာ အဲဒီ လောက်ပဲ ရှိပါတယ်။

ကံကောင်းကြတဲ့ မြန်မာ
မြန်မာပြည်က ပုဂ္ဂိုလ်တွေရဲ့ စရဏပိုင်းကျတော့ ရုပ်နာမ်ရဲ့လက္ခဏာဖောက်ထွင်းသိမြင်နိုင်တဲ့အထိ ဆင်ခြင် သုံးသပ်နိုင်ကြတယ်။ အဲဒီလို အသိဥာဏ်ကောင်းစွာရတဲ့ လူ့အဖြစ်ကို ဘုန်းကြီးတို ရရှိနေကြတယ်။
အသိဥာဏ်မပါသော ယုံကြည်မှုကို အကန်းယုံ ကြည်မှုလို့ ခေါ်တယ်။ ယုံကြည်မှုမပါပဲနဲ့ အသိဥာဏ်သက် သက်ပဲဆိုလို့ရှိရင် ပန်းတိုင်မရောက်နိုင်ဘူး။
အသိဥာဏ်ဘက်ကို သိပ်ဦးတည် သွားတယ်၊ သဒ္ဓါ တရားမပါဘူးဆိုရင်လဲပဲ အဲဒါ အကျင့်ထဲ မရောက်တော့ ဘူး။ ဝေဖန်နေတာနဲ့ သူအချိန်ကုန်တယ်။
အပိုင်း (၁၆) ဆက်ရန်----

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes