Saturday, September 26, 2009
သီတဂူစတား (sitagustar)
No comments
မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင်ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။
ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။
ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြားတော်မူသည်။
ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုမိမိတို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။
လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ်ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ မိမိတို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ မိမိတို့ဘာသာရေးခေါင်းဆောင်များ ဓမ္မကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္ဓနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။
သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက်မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာတစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသော ယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သောလောကနှင့် ဓမ္ဓကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာသည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။
(၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။
ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု မိမိတို့ယုံကြည်မျှော်လင့်ပါသည်။ ခနေ့မျက်မှောက်ခေတ်တွင် မိမိတို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် မိမိတို့အားထုတ်ကြရမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း။ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္ဓကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။
(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်းပြုခဲ့ပါသနည်း)
အရှင်ရဋ္ဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။
(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)
မင်းကြီးကဆိုပါသည်။
(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော်သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)
တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ မိမိတို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။
သီတဂူဆရာတော်
သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။
အပိုင်း (၂) ဆက်လက်ဖော်ပြသွားပါမည်။
Posted in: မိန့်ခွန်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment