သီတဂူစတား

သီတဂူစတား

23 June 2010

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက်



မိတ်ဆက်
ဤကလိဂ်စစ်မြေပြင်က စာတစ်ရွက် ပို့စ်အဖြစ်တင်ဖို့ရန် သီတဂူစတား၏ ဆရာလည်းဖြစ် နောင်တော်လည်းဖြစ်သော သီတဂူ ဒေါက်တာ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) ကို မေတ္တာရပ်ခံခဲ့ပါသည်။ နောင်တော်ကလည်း ၀မ်းမြောက်ဝမ်းသာ ကြည်ကြည်ဖြူဖြူ ခွင့်ပြုသဖြင့် ပို့စ်တစ်ခုအဖြစ် တင်ကာ ကလိင်္ဂ ဗဟုသုတ တစ်ခု မျှဝေလိုက်ပါသည်။

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက်
'ကလိင်္ဂ' ဆိုတဲ့ ဤနာမည်ကို ငယ်ငယ်ကတည်းက ကြားဘူးသည်၊ သို့သော် မည့်သည့်အရပ်ဒေသမှန်း မသိ၊ ပုံ ပြောကောင်းသောလူကြီး များ၏ ဒဏ္ဍာရီ ပုံပြင်တစ်ခုသဘွယ် မှတ်ထင်ခဲ့သည်။ အခုတော့ ဤ 'ကလိင်္ဂ' စစ်မြေပြင်ဟောင်းနေရာကို မိမိ အမှန်တကယ် ရောက်နေပြီ။ မိမိခြေချမိသော နေရာကား- စစ်နိုင်သောဘုရင်ကြီးတစ်ပါး လက်နက်စွန့်လွှတ်သော 'ဒေါလီ' (Dauli) တောင်ကုန်းလေးတစ်ခု ဖြစ်သည်။ သီတဂူအဖွဲ့ကို လိုက်လံပို့ဆောင်ပေးစဉ် ရောက်ရှိခြင်းဖြစ်သည်။ နေ့ရက်ကား ၂ဝ၁ဝ-ခုနှစ် ဧပြီလ ၁၂ ရက်နေ့ဖြစ်သည်။

တောင်ကုန်းပေါ်ရှိ ငြိမ်းချမ်းရေး စေတီယင်ပြင်ပေါ်မှ ဒယာ မြစ်ကို မျှော်ကြည့်နေစဉ် ဤစစ်ဘုရင်ကြီး၏ အကြောင်းကား တရေးရေးဖြင့် မိမိ၏ အတွေးထဲ၌ ပေါ်လာသည်။ အင်မတန် ရက်စက်သော ဘုရင်ကြီး ဖြစ်ခဲ့ပါတကား။ တိုင်းပြည်အာဏာကို လုံးဝ ဆုပ်ကိုင်နိုင်ဘို့အတွက် ဆန့်ကျင်သူ အားလုံး ကို ရှင်းပစ်ဖို့ ဝန်လေးခဲ့သူ မဟုတ်။ အာဏာအတွက် ညီအစ်ကိုရင်းတွေကိုတောင် သုတ်သင်ခဲ့၏၊ သူအား သစ္စာ မခံသော တိုင်းပြည်တွေက ခုခံသူတွေကို သတ်ဖြတ် သုတ်သင်ပြီး တိုင်းတစ်ပါး နယ်မြေတွေကို သိမ်းပိုက်ခဲ့သည်။ သို့သော် အနိုင်မခံ အရှုံးမပေး၊ လက်နက်မချသော တိုင်းပြည် တစ်ခုကား 'ကလိင်္ဂ' တိုင်းပြည်ဖြစ်သည်။ စစ်ဘုရင်အနေနဲ့ ဖခင်ကြီးလက်ထက်က တိုက်ခိုက်သိမ်းပိုက်၍ အနိုင်မရခဲ့သော ဤ 'ကလိင်္ဂ' တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ယူရန် လုံးဝ ဆုံးဖြတ်ထားခဲ့သည်။ လွယ်လွယ်နှင့် မရနိုင်မှန်းလဲ သိထားခဲ့ သည်။ သို့ဖြစ်၍ ဘုရင်အဖြစ် အဘိသိက်သွန်းပြီး (၈) နှစ်ကြာသောအခါကျမှ ကလိင်္ဂ တိုက်ပွဲကို ဆင်နွဲခဲ့ သည်။ စစ်ဘုရင်ဖြစ်သည့်အလျှောက် 'အနိုင်ရဘို့သာ အဓိက' ဖြစ်သည်။ တရားမျှတမှု ရှိ မရှိ၊ လူတွေ သေကြေ ပျက်ဆီး ဆုံးရှုံး ငိုကြွေးကြရတာ သူနှင့်မဆိုင်သလိုမျိုး ယူဆထားခဲ့ဟန်ရှိသည်။ ထိုကြောင့် ခြေလျင် တပ်သားပေါင်း (၆ဝဝဝဝဝ) ခြောက်သိန်း၊ မြင်းစီးတပ်သားပေါင်း (၁၃ဝဝဝဝ) တစ်သိန်းသုံးသောင်း၊ ဆင် ကောင်ရေ (၉ဝဝဝ) ကိုးထောင်နှင့် ဆင်စီးတပ်သားပေါင်း (၃၆ဝဝဝ)၊ ထို့အပြင် တိုက်ပွဲသုံး မြင်းရထားများ နှင့်တကွ ကိုယ်တိုင် ချီတက်ပြီး ခုခံသူ ကလိင်္ဂတိုင်းသူပြည်သားတွေကို သတ်ဖြတ်ခဲ့သည်။ အကြမ်းတမ်းဆုံး အရက်စက်ဆုံးနှင့် အနိုင်အရှုံးအဆုံးအဖြတ်ပေးသည့် တိုက်ပွဲဖြစ်သည်။ အချိန်ကား ဘီစီ ၂၆၂-ခုနှစ် ဖြစ်သည်။ ဤတိုက် ပွဲနေရာကား ယခုခေတ် သြရိဿပြည်နယ် (ယခင်အခေါ် ကလိင်္ဂတိုင်းပြည်) ၏ မြို့တော် ဘူဘန်နေရွှာနှင့် (၅) မိုင် အကွာ ဒေါလီတောင်ကုန်းနှင့် ဒယာ မြစ်ကမ်းအနီး (Bhubaneswar, Orissa State, India) ဖြစ်သည်။


ယင်းတိုက်ပွဲတွင် 'ကလိင်္ဂ' တိုင်းသူပြည်သား တစ်သိန်းကျော်နှင့် စစ်ဘုရင်ကြီး၏ စစ်သား တစ်သောင်းကျော် သေဆုံးကြရသည်။ ထိခိုက်ဒဏ်ရာရသူတို့ကား ထို့ထက်အဆပေါင်း များစွာရှိခဲ့သည်။ စစ်သုံ့ပန်း တစ်သိန်းခွဲကျော်ကို ဖမ်းဆီးထားခဲ့ရသည်။ ဤစစ်ပွဲကို ဦးဆောင်တိုက်ခဲ့သော စစ်ဘုရင်ကြီးကား ဤအဖြစ်အပျက်တွေကို 'ဒေါလီ'တောင်ကုန်းခံတပ်ပေါ်ကနေ ကိုယ်တိုင်တွေ့မြင်နေရသည်။ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို 'ဒယာ' မြစ်ထဲမှာ လွှင့်ပစ်နေကြသည်။ ဒဏ်ရာရသူတွေ အော်ဟစ် ငိုကြွေးနေကြသည်။ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေက မိဘတွေကို တမ်းတ ငိုယိုနေကြသည်။ မုဆိုးမ ဖြစ်သွားကြရတဲ့ အမျိုးသမီးတွေရဲ့ ဟစ်ကြွေးရေရွတ်သံတွေကိုလည်း ကြားနေရသည်။ တိုက်ဆင်၊ တိုက်မြင်းတွေရဲ့ အလောင်းတွေနှင့်အတူ လူသေအလောင်းတွေကို မြင်တွေ့နေရသည်။ လင်းတ ငှက်တွေနှင့်အတူ တခြားသော အသားစားငှက်တွေ၊ ခွေးတွေလည်း အလုအယက်ပြေးလွှာ စားသောက်နေကြသည်ကို အိမ်မက်အလား မြင်နေရသည်။ 'ဒယာ' မြစ်ရေတွေ၊ မဟီ (ယခုအခေါ် မဟာနဒီ) မြစ်ရေတွေလည်း ယခင်ကလို ကြည်လင်မနေတော့ဘဲ သွေးတွေနှင့် နီရဲနေသည်။ ရေပေါ် မြေပေါ်က ထွက်လာသော သွေးညှီနဲ့၊ အပုပ်နံ့တွေကိုလည်း စစ်ဘုရင်ကြီးကိုယ်တိုင် ရှုရှိုက်နေရသည်။
'ဒေါလီ' တောင်ကုန်းပေါ်မှ မြင်နေရသော အဖြစ်အပျက် အားလုံးသည် စစ်ဘုရင်ကြီးကို 'စစ်အောင်နိုင်သူ' အဖြစ် ဂုဏ်ယူဝင့်ကြွားလိုမှုကို မဖြစ်ပေါ်စေခဲ့။ ဤအနိဋ္ဌာရုံ အားလုံးကို အဓိက ဖန်တီးသူမှာ တခြားသူ မဟုတ်ဘဲ မိမိကိုယ်တိုင် ဖြစ်နေသည်၊ ထို့ကြောင့် အများသူငါတို့သည် မိမိကို 'အကြမ်းဖက်သမားကြီး အသောက (စဏ္ဍာသောက)' ဟု ခေါ်ကြသည်ကို အမှတ်ရမိနေခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်မှုသည် မိမိ သူတစ်ပါး နှစ်ဦးစလုံးအတွက် ချစ်ခင်ယုံကြည်မှုတွေ၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု စသည်တွေကို မဖြစ်ပေါ်စေသည့်အပြင် ဖျက်ဆီးပစ်ရာ ရောက်သည်ဟု စစ်ဘုရင်ကြီး နားလည် သဘောပေါက်လာသည်။ 'သတ်ဖြတ်မှု၊ ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှု စသည့် အကြမ်းဖက်လုပ်ရပ်' တို့ဖြင့် လူသားတို့၏ နှလုံးသားကို လွှမ်းမိုးအနိုင်ယူဖို မဖြစ်နိုင်သည်ကို ကောင်းကောင်း သဘောပေါက်လာခဲ့သည်။ ထိုကြောင့် နောင် ဘယ်သောအခါမျှ ဤကဲ့သို့သော 'စစ်ပွဲ' မျိုး မဖြစ်ပေါ်အောင် ဖန်တီးမည်ဟု ဆုံးဖြတ်ချက်ချသည်၊ မဂဓတိုင်း ပါဋလိပုတ်နေပြည်တော်မှာ နန်းစံစဉ်က ကြားဘူးသလိုလို ရှိသော ဗုဒ္ဓ၏ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သတိရတမ်းတမိသည်။ ဤ လမ်းစဉ်တွေကို ကမ္ဘာ့လူသားတို့၏ နှလုံးသား၌ ထည့်ထားနိုင်လျှင် ဤကဲ့သို့သော စစ်ပွဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဟု ယုံကြည်မှတ်ယူသည်။

''ဆုပ်ကိုင်ထားသော လက်နက်ကို ချလိုက်၏၊ အကြမ်းဖက်မှုကို လုံးဝစွန့်လွှတ်လိုက်၏''၊ ''လက်နက်နှင့် အကြမ်းဖက်မှုကို စွန့်လွှတ်ကြောင်း ဤ 'ဒေါလီ'တောင်ကုန်းကို အသိသက်သေပြု၍ သစ္စာဆိုသည်၊ တရားမျှတ သော၊ သနားကြင်နာမှု အပြည့်ရှိသော၊ ငြိမ်းချမ်းမှုကို သယ်ဆောင်ပေးနိုင်သော၊ အကြမ်းဖက်မှုကို အားမပေး သော၊ ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သော လမ်းစဉ်ဖြင့်သာ တိုင်းသူ ပြည်သား တို့ကို အုပ်ချုပ်ချင်သည်။ မိဘက သားသမီးများအပေါ် မေတ္တာစေတနာထားသကဲ့သို့ တိုင်းသူပြည်သားတို့ အပေါ် စိတ်ကောင်းစိတ်ထားမြတ်ဖြင့် ပြုမူဆက်ဆံချင်သည်။ 'အကြမ်းဖက်သမား စစ်ဘုရင်ကြီးအဖြစ်မှ တရားမျှတစွာ ကျင့်ကြံအားထုတ် အုပ်ချုပ်သော သူတော်ကောင်းဘုရင်ကြီး' အဖြစ်ကို အသောကဘုရင်ကြီး ပြောင်းပစ်နိုင်ခဲ့သည်။
ဘုရင်အသောကသည် နှလုံးသားမှ အမှန်တကယ်ပေါက်ဖွားလာသော၊ တိုင်းသူပြည်သားတို့အပေါ် ထားသော မိမိ၏ စစ်မှန်သော စိတ်တွင်းသဘောကို အများပြည်သူ သိစေရန် ကျောက်သားပြင်ပေါ်တွင် ရေးသားထွင်းထုခဲ့သည်။ အသောက ကျောက်စာပေါင်းများစွာတို့တွင် ဤဒေါလီတောင်ခြေ ကျောက်ပြားပေါ်၌ ရေးသားထားသော ဗြဟ္မီအက္ခရာတို့သည် မူရင်းအတိုင်း ယနေ့တိုင် မြင်တွေ့နိုင်ပါသည်။

ဤအသောကကျောက်စာကို ကျောက်စာအမှတ် ၁၃-ဟု သတ်မှတ်ထားသည်၊ ဘီစီ ၂၅၆ ရာစုမှာ ရေးထိုးထားသည်ဟု ပညာရှင်များယူဆကြသည်။ ဤ ကလိင်္ဂစစ်မြေပြင်၌ ရှိသော အသောကကျောက်စာများ၏ ပြီးပြည့်စုံသော အဓိပ္ပါယ်ကို သိချင်လိုတဲ့ စိတ်က မိမိ၏ ရင်ထဲမှာ ဝင်ရောက် လှုံ့ဆော်နေသည်။ လက်ထဲ၌ အသင့်ပါလာသော 'အသောက ကျောက်စာပေါင်းချုပ် စာအုပ်' ကလေးကို ကမန်းကတန်းဖွင့်၍ အင်္ဂလိပ် ဘာသာပြန်ထားသော စာပိုဒ်တွေကို တစ်ခုချင်းစီ လိုက်ဖတ်ကြည့်မိသည်-
Beloved-of-the-Gods says that the Mahamattas of Tosali who are judicial officers in the city are to be told this: I wish to see that everything I consider to be proper is carried out in the right way. And I consider instructing you to be the best way of accomplishing this. I have placed you over many thousands of people that you may win the people's affection.

နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော (ဒေဝါနံပိယ၊ ပိယဒဿီ) မင်းတရားကြီးသည် မြို့၌ တရားရေးရာ အရာရှိ တိုဆလီ (ဒေါလီ) အမတ်ကြီးများကို မိန့်မှာတော်မူသည်ကား- မှန်မှန်ကန်ကန် ဆောင်ရွက်ကြသည်ကို ငါဘုရင်မင်းမြတ် မြင်လိုတော်မူသည်။ ထိုအမှုကိစ္စတို့ ပြီးမြောက်အောင်မြင်အောင် အကောင်းဆုံး နည်းလမ်းတို့ကို သင်တို့အား ညွှန်ကြားထားသည်ဟု ငါဘုရင်မင်းမြတ် သိထားတော်မူသည်။ တိုင်းပြည် ပြည်သားတို့၏ ချစ်ခင်မြတ်နိုးထောက်ခံမှုကို အောင်မြင်ရယူနိုင်အောင် သင်တို့ကို ထောင်ပေါင်း များစွာသော လူတို့အထက်၌ ငါဘုရင်မင်းမြတ် နေရာပေးခန့်ထားတော်မူသည်။

ပို့စ်တင်ရန် ခွင်ပြုပေးသော ဘုန်းဘုန်း ဒေါက်တာ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) အား အထူးကျေးဇူးတင်ပါသည်။

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် အပိုင်း(၂) ကို ဆက်လက်တင်ပြပါဦးမယ်။

သီတဂူစတား
၂၃-၆-၂၀၁၀

20 June 2010

ပြည်ပပညာတော်သင် ရဟန်း တစ်ပါး၏ ရည်ရွယ်ချက်

မိတ်ဆက်
ဒီအရှင်မြတ်ကတော့ မစိုးရိမ်တိုက်သစ်မှာ စာချတန်းစာပေများ သင်ယူနေဆဲဖြစ်ပြီး စာချတန်းပြီး၍ ပြည်ပြ ပညာတော်သင်ထွက်လိုသူဖြစ်ပါတယ်။ သီတဂူစတားကို ဘယ်တက္ကသိုလ်တက်ရလျှင် ကောင်းမလဲဘုရားဟု အကြံဥာဏ်တောင်းလာသူလည်းဖြစ်ပါတယ်၊ ထိုအရှင်ရဲ့ စာကို အကြံပြုစာတမ်း အပိုင်း(၂)မှာ ဖော်ပြပြီးဖြစ်ပါတယ်။ ယခုအခါ တိုင်းရင်းသား ထိုရဟန်းတော်တစ်ပါးရဲ့ ပြည်ပ ပညာတော်သင် ထွက်လာရခြင်းအကြောင်း၊ သာသနာပြုစိတ်နှင့် သာသနာပြုရာဝယ် အကြံပြုချက်များကို သူ၏ သီတဂူစတားထံ ပို့သော စာအတိုင်း ဖော်ပြလိုက်ပါသည်။ အကျိုးများမည့် ပေးစာဖြစ်သဖြင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သူလျှောက်ထားသည်ကား----

ဆရာတော်ဘုရား....
အခုလိုစေတနာများစွာနဲ့ အကြံညာဏ်တွေ ပေးလာသည့်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဘုရား။ တပည့်တော်က ကယားပြည်နယ်က လူမျိုးစုနည်းတဲ့ ကယန်းတိုင်းရင်းသား လူမျိုးတစ်ယောက်ပါဘုရား။ တပည့်တော်တို့ တောင်ပေါ်ဒေသတွေမှာ ဘာသာခြား(ခရစ်ယာန်)တွေ ပေါများတာတော့ ဆရာတော်ဘုရားလည်း သိရှိပြီးဖြစ်မှာပါဘုရား။ ရှိနေတဲ့ဗုဒ္ဓဘာသာတွေကလည်း ဘာသာအယူဝါဒကို သိသင့်သလောက် သိသူတွေနည်းပါးပါတယ်ဘုရား။ နတ်တွေနဲ့ရောနှောပြီး ကိုးကွယ်ကြပါတယ်ဘုရား။

အဲဒါကြောင့်မို့ တပည့်တော်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က...သူတို့တွေရဲ့ လောကမျက်စိ ဓမ္မမျက်စိတွေကို တတ်နိုင်သလောက် ဖွင့်ပေးဖို့ပါပဲဘုရား။ ဒါကရည်မှန်းချက်ပေါ့။ အဲဒီအတွက်လမ်းစဉ်က အသိပညာ အတတ်ပညာတွေကို တတ်နိုင်သလောက် ဆည်းပူးရမှာပေါ့ဘုရား။ သူတို့တတွေရဲ့ဓမ္မမျက်စိတွေကို ဖွင့်ပေးဖို့အတွက် ဗုဒ္ဓစာပေတွေဟာ တပည့်တော်တို့နိုင်ငံမှာ အပြည့်အ၀ အခိုင်အမာရှိနေပေမဲ့ လောကမျက်စိကို ဖွင့်ပေးဖို့အတွက်ကြတော့ တပည့်တော်တို့ရဲ့ လက်ရှိ ပတ်ဝန်းကျင်နဲ့ မလုံလောက်ဘူးလို့ တပည့်တော်ထင်ပါတယ်ဘုရား။
အထက်ကလျှောက်ခဲ့ပြီးအတိုင်း ဘာသာခြားတွေကလည်း ရှိနေသေးတော့ တချို့နေရာတွေမှာ သူတို့နဲ့အပြိုင်အဆိုင် အလုပ်လုပ်ရတာမျိုး လည်းရှိပါတယ်ဘုရား။ သူတို့က လောကီပညာတွေမှာ တော်ကြတယ်။ အထိရောက်ဆုံးနည်းနဲ့ သာသနာပြုနေကြပါတယ်ဘုရား။

တိုတိုနဲ့လိုရင်းကိုလျှောက်ရရင်တော့.......
(၁) တပည့်တော်တို့ တိုင်းရင်းသားလူးမျိုးတွေရဲ့လောကမျက်စိ ဓမ္မမျက်စိတွေကို ထိရောက်ပြီး တွင်ကျယ်တဲ့နည်းနဲ့ ဖွင့်ပေးနိုင်အောင်....
(၂) ပြိုင်ဘက် ဘာသာခြားတွေနဲ့ ယှဉ်နိုင်အောင်......
(၃) အလုပ်လုပ်တဲ့ နေရာမှာ ရှေ့ပြေးဖြစ်တဲ့ ဘွဲ့ဒီဂရီတွေလည်း ရရှိအောင်......
(၄) ကိုယ်တိုင်လည်း လောကမျက်စိ ဓမ္မမျက်စိတွေပွင့်ပြီး အရာအားလုံးကို ယထာဘူတကျကျ သုံးသပ်နိုင်ပြီး ဘ၀နဲ့သံသရာမှာ ကောင်းကျိုးများပေးနိုင်အောင်......စတဲ့ရည်မှန်းချက်တွေကြောင့် ပညာတော်သင်ထွက်ဖို့ စဉ်းစားထားရတာပါဘုရား။

ဆရာတော်ဘုရား လိုရာဆန္ဒပြည့်ဝပါစေ..........

ပဏ္ဍိတ မစိုးရိမ်တိုက်သစ်
မန္တလေး
(19.6.2010)


မှန်ပါသည်
အရှင်မြတ်တင်ပြသွားတာတွေသည် မှတ်သားသင့်ပါသည်၊ ယနေ့ခေတ်ကြီးကိုက အရာရာကို စိန်ခေါ်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ဆီသို့ မရောက်ရောက်အောင် အားထုတ်နေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ ယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးပေါ့။ ဘာသာရေးဘက်မှာလည်း ထိုနည်းတူစွာ အပြိုင်အဆိုင်တွေ ရှိကြပါသည်။ လောက ကောင်းကျိုးပြုရန်အတွက် အပြိုင်အဆိုင် အားထုတ်နေကြသော ဘာသာဝင် အမျိုးမျိုးတို့၏ စိန်ခေါ်မှုကား လူမှုရေး ဘာသာရေး ပညာရေး စသည်တို့မှာ သွေးအေးမနေကြဘို့ သတိပေးနေသည်မှာလည်း သတိထားသင့်လှပါသည်။ ထို့ကြောင့် အချိန်ရှိခိုက် တတ်သင့်တတ်ထိုက်တဲ့ ပညာရပ်များကို တတ်မြောက်အောင်သင်ခြင်း ထိုအတတ်ပညာများဖြင့် လောကကြီးအတွက် တစ်ဖက်တစ်လမ်းကနေ အုတ်တစ်ချက် သဲတစ်ပွင့် အနေနဲ့ ကောင်းကျိုးပြုနိုင်ကြပါစေသတည်း။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

သီတဂူစတား
၁၉-၆-၂၀၁၀

18 June 2010

ဘုန်းဘုန်းထံ ပေးစာ (၄)

ဦးဇင်းလေးဘုရား
နေကောင်းလားဘုရား၊ ယခု လောလောဆယ် ကျင်းပပြီးခဲ့သော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အခမ်းအနား တစ်ခုအကြောင်းကို လျှောက်ထားချင်ပါတယ်ဘုရား။

မနေ့က (၁၅-၆-၂၀၁၀) ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် မှာ (၂၀၁၀-၂၀၁၁)စာသင်နှစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်ဘုရား၊ စာသင်သားရဟန်းတော် တစ်ရာကျော် တက်ရောက်ခွင့်ရတယ်လို့ သိရပါတယ်ဘုရား။
ယခုနှစ် ၂၀၁၀-၂၀၁၁ စာသင်နှစ်ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်သံဃာ့မဟာနာယကမှ ဆရာတော်ကြီးများ၊ တိုင်းသံဃာ့မဟာနာယကဆရာတော်ကြီးများ၊ ထေရ၀ါဒ တက္ကသိုလ်မှ ဆရာတော်ကြီးများ၊ သီတဂူအဓိပတိ ဆရာတော်ကြီး အမှူးပြုသော ပါမောက္ခချူပ်ဆရာတော်၊ မော်ကွန်းထိန်းဆရာတော်၊ သင်ကြားစီမံ ဆရာတော်များ၊ စာသင်သား ရဟန်းတော်များ၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ သီတဂူသာသနာပြုအဖွဲ့ဝင်များနှင့် အလှူ့ရှင်များ တက်ရောက် ကြည်ညိုကြပါတယ်ဘုရား။

အခန်းအနားကို နမော တဿ (၃)ကြိမ် ရွတ်ဆိုခြင်းဖြင့် ဘုရားရှိခိုးကာ အခမ်းအနားကို စတင်ဖွင့်လှစ်လိုက်ပြီး
ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများကို ကျောင်းသား ရဟန်ေးတ်ာများ၊ ဒကာဒကာမများက သြကာသ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ကန်တော့ကြပါတယ်ဘုရား။
ထို့နောက် ရှေးဦးစွာ သင်ကြားစီမံဆရာတော် ဒေါက်တာအရှင်ပညာသီဟာလင်္ကာရက ၂၀၁၀-၂၀၁၁ ပညာသင်နှစ် ကျောင်းဝင်ခွင့်ရသော ကျောင်းသားစာရင်းချုပ်ကို ရှင်းလင်းလျှောက်ထားပါတယ်ဘုရား၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်မှ ကျောင်းသားသစ်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာ စကားမြွက်ကြားပြီးနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်က ကျောင်းသားရဟန်း တော်များအား တစ်ပါးစီ ကျောင်းသားကဒ်များကို ပေးအပ်ပါတယ်ဘုရား။

အခမ်းအနားသို့ ကြွရောက်လာသူ အားလုံးက နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယဥက္ကဋ္ဌ (၁) ကျိုက်ပိဆရာတော်ထံမှ သြ၀ါဒခံယူကြရပါတယ်ဘူရား။ ထို့နောက်မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်က သြ၀ါဒစကားများကို ဆက်လက် ချီးမြင့်ပါတယ်ဘုရား။ တိုင်းမှူးနဲ့ သာသနာရေးဌာမှ ဒုဝန်ကြီးတို့ကလဲ ၀မ်းမြောက်ကြောင်းနဲ့ သာသနာရေးဆိုင်ရာတွေကို လျှောက်ထားကြ ပါသေးတယ်ဘုရား။

ထို့နောက်မှာတော့ ဆရာတော်ကြီးများနှင့် ကျောင်းသား ရဟန်းတော်များအား လှူဖွယ်ပစ္စည်းများကို အလှူ့ရှင် အသီးသီးက ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းကြပါတယ်ဘုရား။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးက နိဂုံးချုပ်အနေနဲ့ သြ၀ါဒများကို ချီးမြင့်ခြင်းဖြင့် လှုဒါန်းမှု့အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေပေးပြီး ကြွရောက်လာကြသော ပရိသတ်အားလုံးက သီတဂူအဓိဌာန်ကို အသံပြိုင် ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြပါတယ်ဘုရား။

အလားတူ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မန္တလေးနဲ့ စစ်ကိုင်းတို့မှာလဲ ကျောင်းဖွင့်ပွဲ အခမ်းအနားများကို ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားကြမှာဖြစ်ပါတယ်ဘုရား။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

ပန်းစပယ်(လှဆန်းယဉ်)

ကျောင်းအမ မပန်းစပယ်ရေ- ကောင်းသတင်းတွေ များများပို့ပေးနေတဲ့ အတွက် အထူးကျေးဇူးတင်နေပါတယ်။

သီတဂူစတား
၁၇-၆-၂၀၁၀

17 June 2010

ဘာသာစကားနှင့် မူလပန်းတိုင်ရဲ့ ရောင်ပြန်

ဤ ဘာသာစကားနှင့် မူလပန်းတိုင်ရဲ့ ပို့စ်နှင့်ပတ်သက်ပြီး ရောင်ပြန်ဟပ်လာသော အကြံပြုချက်လေးဖြစ်ပါတယ်။ စင်္ကာပူရောက် မြန်မာအဖွဲ့မှ ဖြစ်ပါတယ်။ သူအကြံပြုသွားတာက---

ဒီ post ကို ဖတ်ပြီး တပည့်တော် တခါတုန်းက စင်္ကာပူက တရားပွဲတခုမှာ အောက်ပါစိတ်ကူးလေးတွေ ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ အဲဒီတရားပွဲမှာ ဆရာတော်က အင်္ဂလိပ်လိုဟော တရုတ်ဒကာတစ်ယောက်က တရုတ်လို ဘာသာပြန်နဲ့ တရားပွဲတစ်ပွဲအတွက် တော်တော်လေးကို အချိန်ယူရပါတယ်ဘုရား။ စိတ်ကူးလေးပေါ်ခဲ့မိတာက ငါတို့ ရဟန်းတော်များသည်လဲ တရုတ်လို ဟောတတ်ရင် မူရင်းအာဘော်လဲမပျက် မိမိဟောချင်ရာကို ထိထိမိမိ ဟောနိုင်သဖြင့် အချိန်လဲသက်သာ သာသနာအတွက်လဲ အကျိုးပိုများလိမ့်မယ်လို့ စိတ်ကူးဖြစ်မိပါတယ်ဘုရား။

ဒီနေရာမှာ အရှင်ဘုရားတို့ ကို တရုတ်လို သင်ဖို့ ဆိုလိုခြင်းမဟုတ်ပါ။ ဘာသာစကား အရေးကြီးကြောင်းကို ဖော်ပြလိုခြင်းပါ။ ဘယ်ဘာသာစကားမဆို တတ်မြောက်လျှင် အဲဒီ media ကို အသုံးချပြီး ဗုဒ္ဓသာသနာထွန်းကားရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်မယ်ဆိုရင် အတိုင်းထက်အလွန် အကျိုးများပါတယ်။ ဒါကြောင့် ဘာသာစကားသည် လူတစ်ဦးက တခြားသူတစ်ဦးကို တစ်စုံတစ်ရာ သိစေဖို့ မရှိမဖြစ် လိုအပ်တဲ့ communication ဖြစ်ပါတယ်။ အခုခေတ် မြန်မာရဟန်းတော်တွေရဲ့ ပရိယတ္တိ ကြိုးစားအားထုတ်မှုကြောင့် ထိုက်သင့်သလောက် အမေရိကန်၊ ပြင်သစ်၊ သြစတေးယား၊ တရုတ်၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံရပ်ခြားမှာ ကြိုးကြိုးစားစား ခက်ခက်ခဲခဲ ပင်ပန်းစွာဖြင့် သာသနာပြုနိုင်တာကို ၀မ်းသာဂုဏ်ယူမိပါတယ်ဘုရား။ တပည့်တော်အနေဖြင့် အရှင်ဘုရားတို့ လို ပညာတတ်မြောက်တဲ့ ရဟန်းတော်များ မြောက်မြားစွာ ပေါ်ပေါက်လာပါစေ။ အဲဒါမှ သာသနာအကျိုးကို ရောက်တဲ့နေရာမှာ ဒီထက်မက ထိရောက်စွာ သယ်ပိုးဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်ဘုရား။
အရှင်ဘုရားတို့ ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ရှိခိုးပူဇော်ပါ၏။။။
Comment by saisamsai 59 minutes ago

အခုလိုတင်ပြပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ဘုရား..တပည့်တော်လည်း ထို့အတူစွာ အတွေးရှိပါတယ်ဘုရား..
Comment by Chantala 17 hours ago

ဒကာတော်ရေ-- ဤကဲ့သို့ အမျှော်အမြင်လေးရှိပြီး စိတ်ကူးကောင်းလေးတွေကို ဖော်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒကာ၏ အကြံပြုချက်သည် ပို့စ်တစ်ခုစာလည်းဖြစ် အကျိုးလည်းများစေတာကြောင့် ဘုန်းဘုန်းရဲ့ ဘလော့ဂ်မှာ ပို့စ်တစ်ခုအနေနဲ့ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

တပည့်တော်တို့ သာသနာအတွက် အရမ်းကိုကောင်းတဲ့ပို့စ်ပါ။ ဗဟုသုတလည်း အများကြီးရရှိပါတယ်ဘုရား။ ဒါပေမယ့် ၀ါတော်၊ သက်တော်ငယ်တဲ့ ရဟန်းတော်များအတွက်တော့ ဆန့်ကျင်ဘက်ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်ဘုရား။
Ma Aye Chan Comment by Ma Aye Chan 1 hour ago

အခုလိုတင်ပြပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ဘုရား..တပည့်တော်လည်း ထို့အတူစွာ အတွေးရှိပါတယ်ဘုရား..
aggesaya@gmail.com အောင်အောင် Comment by အောင်အောင် 4 hours ago

ရွင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၈-၆-၂၀၁၀

16 June 2010

ဘာသာစကားနှင့် မူလပန်းတိုင်

မေးခွန်း
ရဟန်းတော်များ နှင့် ခေတ်ပညာ၊ ဘာသာစကား၊ ဘာသာခြားစာပေ၊ ယူနေကြသော ဘွဲ့ များ၏ ပန်းတိုင်၊ မူလပန်းတိုင်မှ ဖီလာဖြစ်မဖြစ် အစရှိသည့် အချက်များကို ဂရုဏာရှေ့ထား ရှင်းပေးပါဦး ဘုရား။ Comment by min thaik han 2 hours ago

မေးခွန်းရဲ့ ဆိုလိုဟန်
အထက်ဖော်ပြပါ မေးခွန်းသည် သီတဂူစတားရဲ့ http://mysing.ning.com/profile/sitagustar2010 web page မှာ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။ ဒီမေးခွန်းကတော့ ကိုဝိမုတ္တိသုခကို မေးရမည်ထင်ပါတယ်၊ ကိုဝိမုတ္တိသုခရဲ့ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလားဆိုတဲ့ ပို့စ်နှင့်လည်း ဆက်စပ်နေပါတယ်။ ဆိုလိုတာက ရဟန်းတော်များ လောကီပညာများသင်နေလျှင် မူလပန်းတိုင်နှင့်ဖီလာ ဖြစ်မနေဘူးလား ဖြစ်ပါတယ်။ မူလပန်းတိုင်ဆိုသည်မှာ နိဗ္ဗာန်ကိုပဲ ဆိုလိုဟန် တူပါသည်။

ဗုဒ္ဓဘာသာဝင်များ၏ နောက်ဆုံးပန်တိုင်သည် အို နာ သေ ဆိုတဲ့ သံသရာက လွတ်ရာ နိဗ္ဗာန်ပဲဖြစ်ပါသည်။ ထိုပန်းတိုင်သို့ ရောက်ရန် မြတ်ဗုဒ္ဓသည် နည်းလမ်းများစွာကို ညွှန်ပြထားပါသည်။ အထင်ရှားဆုံးကတော့ အလယ်လမ်း ပါဠိလို မဇ္ဈိမ ပဋိပဒါ၊ Middle way သို့မဟုတ် Eightfold Noble Path ဆိုပြီး ဘာသာပြန်ဆိုကြပါတယ်။ မဂ္ဂင် ၈ပါးကို ဆိုလိုပါသည်။

မိတ်ဆက်
ခေတ်က တောင်းဆိုလာတော့ ရဟန်းတော်များ ခေတ်ပညာတွေသင်ယူနေကြရာဝယ် ဤကဲ့သို့ မေးခွန်းမျိုးပေါ်ပေါက်လာခြင်းသည် သင့်မြတ်၏ဟု ဆိုရမည်။ မေးသင့်မေးထိုက်သည့် မေးခွန်းဖြစ်ပါသည်။ သင်ကောင်းလား မသင်ကောင်းလား၊ သင်သင့် မသင်သင့် စသည်ဖြင့် သံသယစိတ်တွေ ရှိနေကြမည်မှာ အမှန်ပင်။ ထိုသံသယတွေအတွက် ဤပို့စ်လေးက အနည်းငယ် အထောက်ကူပြုပေးလိမ့်မည်ဟု မျှော်လင့်မိပါသည်၊ ထိုအတွက် အထောက်အကူပြုနေရင် ကျေနပ် ၀မ်းသာမိမှာ အမှန်ဖြစ်ပါသည်။

ရဟန်းတော်၏ တာဝန်နှစ်ရပ်
သာသနာသည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ နှင့် ပဋိဝေဓ သာနာဟူ၍ သုံးမျိုးရှိသည်၊ နံပါတ်သုံး ပဋိဝေဓသာသနာသည် အကျိုးပြ သို့မဟုတ် ရလာဒ် သာသနာဖြစ်သည်၊ ရှေးနှစ်မျိုးကတော့ အကြောင်းပြ သာသနာဖြစ်သည်၊ ပထမဆုံး ပရိယတ္တိသာသနာကိုတော့ အကြောင်း၏ အကြောင်းပြ သာသနာ သို့မဟုတ် မူလအကြောင်းပြ သာသနာ သို့မဟုတ် အခြေခံအုတ်မြစ် သာသနာဟူ၍မှတ်သားရပေမည်။

ရှေးဦးစွာ မူလပန်းတိုင် (အကျိုးပြသာသနာ)ကို ခဏ ဘေးဖယ်ထားပြီး ရဟန်းတော်များသည် သာသနာတော်အတွက် ဘာတွေလုပ်မလဲ? ဘာတာဝန်တွေ ထမ်းဆောင်ရမလဲ ဆိုတာကို သိထားဖို့လိုပါသည်။ မြတ်ဗုဒ္ဓသာသနာတော်မှာ ၀င်ရောက်လာသူတိုင်း တာဝန် ၂ ရပ် သို့မဟုတ် ကိုယ်စွမ်းရာ တာဝန်တစ်ရပ်ကို ထမ်းဆောင်ရပါမည်။ ပရိယတ္တိ ၀န်ဆောင်မှုနှင့် ပဋိပတ္တိဝန်ဆောင်မှုများဖြစ်ပါသည်။ Learning စာပေသင်ကြားခြင်း ပို့ချခြင်း၊ ဟောပြောခြင်း နှင့် meditation ကမ္မဋ္ဌာန်းတရား၊ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ အလုပ်ဆိုတဲ့ ပဋိပတ်အလုပ် ၂ခုလုံးကိုပဲဖြစ်စေ ကိုယ် အားသန်ရာ တစ်ခုကိုပဲ ဖြစ်စေ မဖြစ်မနေ ထမ်းဆောင်ရပါမည်။ ဒါကိုပဲ ဓူရ နှစ်ဖြာဟူ၍ ခေါ်ဆိုပါသည်။

ပရိယတ္တိ Learning အရေးပါပုံ

အဘယ့်ကြောင့် စာပေသင်ကြားခြင်းသည် မူလပန်းတိုင် သို့မဟုတ် နိဗ္ဗာန်အတွက် အရေးပါသနည်းဟူ၍ မေးဘွယ်ရှိသည်။ ပရိယတ္တိသည် သာသနာတော်၏ အခြေခံ ရေသောက်မြစ်ဖြစ်သည်၊ ပရိယတ္တိမပါဘဲ လိုရာပန်းတိုင်သို့ ဖြောင့်တန်းစွာ လျှင်မြန်စွာ မရောက်နိုင်။ အမှန်တရားကို ချဉ်းကပ်နိုင်ဖို့ရာ ဦးစွာ လေ့လာ မှတ်သား သင်ယူရပါတယ်။ ထိုသို့ လေ့လာမှတ်သားရန်မှာ ဆရာကို ချဉ်းကပ်ရပါသည်၊ ထိုသို့ချဥ်းကပ်နိုင်ရန်မှာလည်း ဆရာ့အပေါ်ယုံကြည်နိုင်တဲ့ သဒ္ဓါတရားရှိရမယ် စသည်ဖြင့် အမှန်တရားကို သိရှိဖို့ရန် လမ်းစဉ် အဆင့်ဆင့်ကို မဇ္ဈိမနိကာယ် စင်္ကီသုတ်တွင် လေ့လာနိုင်ပါသည်၊ အကျယ်မရေးလိုတော့ပါ။ ဆိုလိုသည်မှာ စာပေသင်ကြားခြင်းသည် အမှန်တရား သို့မဟုတ် မူလပန်းတိုင်သို့ ရောက်ရန် ပဲ့ထိန်း တက်မနှင့်တူသည်။ ပဋိပတ္တိ meditation ကမ္မဋ္ဌာန်းအားထုတ်ခြင်းသည်ကား လှော်ခတ်နေခြင်းနှင့်တူသည်။ အဲဒီတော့ သူတို့နှစ်ခု ဟန်ချက်ညီညီ အလုပ်လုပ်ဖို့ပဲလိုပါသည်။

ဘုရားရှင် လက်ထက်
ဘုရားရှင်လက်ထက်တော် အခါက ဘုရားနှင့် ခေတ်ပြိုင် ဘာသာရေးဆရာကြီး ယခုအခါ (အတွေးအခေါ်ပညာရှင်) ဆရာကြီး ၆ ယောက်ရှိခဲ့ဖူးသည်၊ ထို ၆ ယောက်ထဲတွင် နိဂဏ္ဍနာဋပုတ္တ ခေါ် မဟာဝီရ ၂၄ ယောက်မြောက် ဂျိန်းဆရာကြီး၏ ၀ါဒ (Jainism) သာ ကျန်တော့သည်၊ ကျန်ဆရာကြီး ၅ယောက်၏ အယူဝါဒကား ကွယ်ပျောက်သွားလေပြီ။ ထိုမဟာဝီရဆရာကြီးသည် အဲဒီခေတ် အဒီအခါက ဆရာတစ်ဆူ သို့မဟုတ် သူ၏တပည့်များ၏ ဘုရားတစ်ဆူဟူ၍ပင် ဖြစ်သည်။ သို့သော် သူတို့တတွေ အားလုံး ဘာတရားထူးမှ ရမသွားကြပါ။

မြတ်ဗုဒ္ဓသည်ပင် ဘုရားမဖြစ်မီက ဆရာပေါင်း များစွာထံ သင်ယူ လေ့လာ မှတ်သားရင်း အားထုတ်ခဲ့ဖူးပါသည်။ ထိုဆရာကြီးများက နည်းမှန် လမ်းမှန် မပေးနိုင်ခဲ့သောကြောင့် စွန့်လွှတ်ခါ နောက်ထပ် ဆရာတစ်ယောက်ထံ ချဉ်းကပ်ပေမဲ့ ဘာမှ ထူးမလာ။ ဤနည်းအားဖြင့် ဆရာများစွာကို စွန့်လွှတ်ပြီး နည်းမမှန်သောကြောင့် ဘုရားဖြစ်ဖို့ ဒုက္ကရစရိယ အကျင့် ၆ နှစ်တိုင်တိုင် ကျင့်ခဲ့ရဖူးသည်။ ဘုရားရှင်၏ တပည့်သာဝကများသည် ဘုရားထံ နည်းမှန်လမ်းမှန်များ လေ့လာ သင်ယူ ကျင့်ကြံခဲ့ကြခြင်းကြောင့် တရားထူး သို့မဟုတ် မူလပန်းတိုင်သို့ ရောက်ရှိကြသည်။ ထို့ကြောင့် စာပေသင်ကြားခြင်းသည်၊ စာပေ တတ်မြောက်ခြင်းသည် မူလပန်းတိုင်သို့ ရောက်ရန် primary method အခြေခံ နည်းလမ်းဖြစ်သည်။ ပဋိပတ္တိသည်ကား ထို စာပေပရိယတ္တိ အပေါ်အခြေပြုသော secondary method ဒုတိယ နည်းလမ်းဖြစ်သည်။

မေးစရာရှိလာတာက ပရိယတ္တိ စာပေမသင်ကြားဘဲ မူလပန်းတိုင်သို့ ရောက်နိုင်ပါသလား ဆိုတာပဲ ဖြစ်ပါသည်။ ဆရာမရှိဘဲ တရားထူးရသွားသူကတော့ သယမ္ဘူ မြတ်ဗုဒ္ဓပဲ ရှိပါသည်ဟု စာမှာမှတ်သားခဲ့ရပါသည်။ ဘုရားကလွဲရင် အဂ္ဂသာဝကသည်ပင် ဆရာရှိရပါသည်၊ ဆရာ့ထံ လေ့လာရပါသည်။ ထို့ကြောင့် စာပေသင်ကြားခြင်း learning သည် မူလပန်းတိုင်သို့ရောက်ရန် မူလအခြေခံ အုတ်မြစ်ဖြစ်လေတော့သည်။

ဘာသာစကားနှင့် မူလပန်းတိုင်
ရှေးဦးစွာ ဘာသာစကားအကြောင်း လေ့လာကြစို့။ ဘာသာစကား (language) သည် အသိဥာဏ် (knowledge) ရရန် အဆက်အသွယ် သို့မဟုတ် ပေါင်းကူး တံတား (communication or media) သဖွယ် ဖြစ်သည်။ ထိုဘာသာစကား မပါဘဲ အသိဥာဏ် ဗဟုသုတ ရနိုင်ဘို့ရန် မလွယ်။ ရှေးခေတ်က ပထမပြန်ပြဌာန်းစာတွေတွင် အင်္ဂလိပ်စာ သင်္ချာ ထည့်သွင်းရန် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အဆိုတင်သွင်းခဲ့ဖူးသည်၊ သို့သော်လည်း တိရစ္ဆာန ၀ိဇ္ဇာ ဟူ၍ဆိုကာ ပယ်မြစ်ခံခဲ့ရဖူးသည်။ တိရစ္ဆာန ၀ိဇ္ဇာ ဆိုသည်မှာ စာမှာတော့ တိရစ္ဆာန ၀ိဇ္ဇာ နာမ ယံ ကိဉ္စိ ဗာဟိရကံ အနတ္ထသံဟိတံ ဟု ဖွင့်ဆိုပါသည်။ ဆိုလိုတာက မဂ် ဖိုလ်နိဗ္ဗာန်နှင့် မဆက်ဆံ၊ ဖီလာဆန့်ကျင်ရာကား အကျိုးမများဟုဆိုလိုသည်။ ဘာသာစကားသည် တိရစ္ဆာန ၀ိဇ္ဇာ ဆိုလိုလျှင် မြန်မာစကား၊ တရုပ်စကား ပါဠိစကား စသည်တို့သည်လည်း အင်္ဂလိပ်စကားကဲ့သို့ ဘာသာစကားများ ဖြစ်သဖြင့် တိရစ္ဆာန ၀ိဇ္ဇာထဲ ထည့်သွင်းရလိမ်မည်။ ဤကဲ့သို့ဆိုလျှင် language ဘာသာစကားကို တိရစ္ဆာန ၀ိဇ္ဇာ ဟု လက်ခံနိုင်မည်လော? စာမှာဆိုသော တိရစ္ဆာန ၀ိဇ္ဇာကား ဘာသာ စကား သက်သက်ကို ရည်ညွှန်းဟန် မတူ ဘာသာ စကား နောက်ကွယ်တွင် ရည်ရွယ်ချက် ရှိပါလိမ့်မည်။ ထိုရည်ရွယ်ချက်သည်သာ အဓိက ဖြစ်ပါလိမ့်မည်။
အင်္ဂလိပ်စကား တတ်တော့ အင်္ဂလိပ်လို ဟောနိုင်ပြောနိုင်သည်၊ တရုပ်လိုတတ်တော့ တရုပ်လူမျိုးတို့အား အသိဥာဏ်များ ပေးနိုင်သည်၊ မြန်မာစကားတတ်တော့ မြန်မာလူမျိုးတို့အား အသိလိမ္မာ စာပေနှင့် မူလပန်းတိုင်သို့ ရောက်နိုင်ရန် နည်းမှန် လမ်းမှန်များ ဟောနိုင် ပြောနိုင်သည် ဖြစ်၍ကား ဘာသာစကား သင်ခြင်းသည်လည်း အကျိုးများသည့်အတွက် တိရစ္ဆာန ၀ိဇ္ဇာ ဟု မခေါ်လိုပဲ မူလပန်းတိုင်သို့ သွယ်ဝိုက်သောအားဖြင့် ထောက်ပံ့ခြင်း အကျိုးပြုခြင်းများဖြစ်သဖြင့် မူလပန်းတိုင်နှင့် မဖီဆန်ပါဟူ၍သာ ဖြေကြားလိုပါသည်။ ရည်ရွယ်ချက် (intention) ယောနိသော မနသိကာရ သည်သာ အဓိကဟူ၍ မှတ်ချက်ပြုလိုက်ပါသည်။

ဘွဲ့များနှင့်ပန်းတိုင်
ယခုအခါ ရဟန်းတော်များရော လူဝတ်ကြောင်တွေပါ ဘွဲ့ရရန် အလွန်ပင်ပန်းစွာ အားထုတ်နေကြရပါသည်။ ထိုဘွဲ့များကို ရဖို့ရန် အားထုတ်သူတွေရဲ့ သန္တာန်မှာ မတူညီသော ရည်ရွယ်ချက် (intention) များ ရှိကြပါလိမ့်မည်။ ထိုဘွဲ့ဖြင့် ဂုဏ်ပကာသန ရချင်လို့လား? ကျော်ကြားချင်လို့လား? ဒါမှမဟုတ် အလုပ်ရဘို့ရန်အတွက်လား? သို့မဟုတ် ရာထူးဌာန တွေ ရဖို့လား? စသည့် ရည်ရွယ်ချက်များစွာရှိပါသည်။ လောကီနယ်ပယ်တွင် လောကီဘ၀ လောကီဆန္ဒများဖြစ်နေပါက မူလပန်းတိုင်နှင့် ဆန့်ကျင်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး များမကြာမီမှာ သာသနာပြုစေလွတ်ရာဝယ် ပထမဆုံး မိန့်တော်မူသော စကားတွင် ဗဟုဇန ဟိတာယ သုခါယ ဟူ၍ ပါပါသည်။ ထိုစကားတော်အရ ဘာပညာပဲ သင်သင် ဘာစကားပဲ သင်သင် လောကလူသားတို့ အကျိုးစီးပွားအလို့ငှါ ဆိုတဲ့ ရည်ရွယ်ချက် ရှိဘို့လိုပါသည်၊ တကယ်လည်း အကျိုးရှိရပါမည်။ သို့သော်လည်း လောက လူသားတို့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး နယူကလီးယား လက်နက်တည်ထွင်လို့ ဘယ်ဖြစ်မလဲ။ ရည်ရွယ်ချက်တိုင်းသည်လည်း တကယ့် အကြောင်းအကျိုးကောင်းရှိနေရပါမည်။ ဒီနေရာမှာ ရည်ရွယ်ချက် ဆန္ဒလေး ကတော့ ကောင်းပါပေမဲ့ အသိပညာမပါတဲ့ အတွက်အကြောင့် ထိုရည်ရွယ်ချက်က အဖျက်သဘောသို့ ဦးတည်နေတတ်ပါသည်။ ဆိုလိုသည်မှာ သဒ္ဓါနှင့်ပညာ အပြန်အလှန် ထိန်းကွပ်ပြီး ဟန်ချက်ညီနေဖို့ လိုပါသည်။ ထို့ကြောင့် ဘွဲ့များရရန်အားထုတ်နေသော သူများသည် ရည်ရွယ်ချက်မှန်ကန်ခြင်းကြောင့် မူလပန်းတိုင်နှင့် မဖီဆန်ပါ။ သွယ်ဝိုက်ပြီး အကျိုးကျေးဇူးပြုနေပါသည်။ မူလပန်းတိုင်ကို တိုက်ရိုက် ထိတွေ့ နိုင်တာကတော့ ပရိယတ္တိခြေခံသော ပဋိပတ္တိပင်ဖြစ်ပါသတည်း။

ဘွဲ့ ဒီဂရီများ
အမှန်တကယ် ဘွဲ့ ဒီဂရီ certificate များသည် အသိမှတ်ပြု အမည်သညာ lable မျှသာဖြစ်ပါသည်၊ ထိုဘွဲ့နှင့်လျော်ညီသော အရည်အချင်းလဲ ရှိကောင်းရှိနိုင်ပါလိမ့်မည်။ စင်္ကီသုတ်လာ သဒ္ဓါဇာတော ဥပသင်္ကမိ အရာ ဆရာကို ချဉ်းကပ်သူသည် သို့မဟုတ် တပည့်ခံလိုသူသည် ဆရာ၏ အရည်အချဉ်းများကို ဘွဲ့ ဒီဂရီများဖြင့် တိုင်းတာ၍ ချဉ်းကပ်ကြသည့်အတွက် ယုံကြည်ချက်ရှိမှ ချဉ်းကပ်ကြပါလိမ့်မည်။ ထိုယုံကြည်ချက်ဖြစ်စေဘို့ရာ ဘွဲ့တွေ ဒီဂရီတွေက ခေတ်ကာလ အရ လိုအပ်လာသည်။
တောင်မြို့ ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက သီတဂူစတား၏ ဆရာဖြစ်သူအား စကား တစ်ခွန်း ပြောဖူးသည်။ ထိုစကားမှာ ဦးဇနပတိ ဒီနှစ် သကျသီဟ အဘိဝံသဘွဲ့အတွက် စာမေးပွဲတွေ ၀င်ဖြေပါ၊ နောင်တချိန် သာသနာပြုရာမှာ အကျိုးများပါလိမ့်မည်ဟူ၍ပင် ဖြစ်ပါသည်။ ကမ္ဘာအေး မဟာဂန္ဓာရုံ တိပိဋကဆရာတော် တောင်မြို့မှာ နေစဉ်က ကြုံးဝါးခဲ့သော စကားတစ်ခွန်းရှိပါသေးသည်။ ဒို့က နောက်က အမြီးပါမှ ဆရာတော်မည်။ ဆိုလိုသည်မှာ နောက်က အဘိဝံသ ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေပါမှ ဆရာအဖြစ် အသိအမှတ်ပြုနိုင်သည်ဟု ပြောခဲ့ဖူးသည်။ တောင်မြို့ဆရာတော်ကြီး ကိုယ်တိုင်က ထိုဘွဲ့များရထားသဖြင့် သူ၏ကျမ်းစာတွေကိုလည်း နောက်လာ နောက်သားများက ပိုမိုယုံကြည်သည်၊ ယုံကြည်မှုကို ပိုမိုခိုင်မာစေသည်။ ထိုဘွဲ့များသည် ဗဟုဇန ဟိတ သုခ အတွက် များစွာ အထောက်အကူပြုနိုင်သလို သဒ္ဓါဇာတော ဥပသင်္ကမိ စသော စင်္ကီ သုတ်အရ နောက်ဆုံး မူလပန်းတိုင်အထိ မျက်မှောက်ပြုနိုင်ကြောင်းကိုပါ အထောက် အကူပြုနိုင်ပါသည်။

ဘာသာခြား စာပေနှင့် မူလပန်းတိုင်

သာနာပြုရာဝယ် ရဟန်းတော်များအနေနှင့် ဘာသာခြားစာပေများကိုလည်း လေ့လာသင့်ပါသည်။
ဘုရားလက်ထက်တော်အခါက ၀ါဒရေးရာတွင် နာမည်ကျော် အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူးသည်။ နာမည်က ကုဏ္ဍလကေသီ လို့ ထင်ပါသည်။ ၀ါဒပေါင်းများစွာတတ်ကျွမ်းသည်ဖြစ်၍ သူနှင့်ဝါဒ ယှဉ်ပြိုင်နိုင်သူမရှိလောက်အောက်ကို နာမည်ကျော်ကြားခဲ့သည်။ နောက်ဆုံး အရှင်သာရိပုတ္တရာနှင့်တွေ့သည်။ အရှင်သာရိပုတ္တရာသည်ကား သူတတ်ကျွမ်းသည့် ၀ါဒများကိုရော ဗုဒ္ဓ၀ါဒများကိုပါ ကျွမ်းကျင်သူဖြစ်ရကား ကုဏ္ဍကေသီကို သာသနာ့ဘောင်ရောက်အောင် ဆွဲခေါ်နိုင်ခဲ့သည်။ တတိယ သင်္ဂါယနာတင် ဦးဆောင်သူ၊ ဗြဟ္မဏမျိုးနွယ်တွင် မွေးဖွား၍ ဗြဟ္မဏ၀ါဒလွမ်းမိုးခံနေရသော အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့် နောက်ပိုင်း အရှင်နာဂသိန် (မိလိန္ဒပညှာ) (ဘာသာခြား မိလိန္ဒမင်းကြီးကို သာသနာတော် စောင့်ရှောက်သူ ဗုဒ္ဓဘာသာမင်းကြီး ဖြစ်အောင် လမ်းပြပေးသူ) မထေရ်နှစ်ပါးတို့သည် သာသနာ့ဘောင်သို့ ၀င်ရောက်လာပြီး သာသနာတော်ကြီး ယနေ့ထိ ထင်ရှား ကျော်ကြားပြီး ခိုင်မာစွာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ ထိုမထေရ် ၂ပါးတို့သည် ငယ်စဉ်က ဗြဟ္မဏ၀ါဒ မိသားစုတွင်မွေးဖွားပြီး ထိုဝါဒများကို ကျွမ်းကျင်နိုင်နှင်းစွာ ဟောပြောနိုင်ခဲ့ကြသည်။ ထိုဝါဒလွမ်းမိုးခံ မထေရ်လောင်းလျာနှစ်ပါးကို သာသနာ့ဘောင်ရောက်အောင် ဆွဲခေါ်နိုင်ခြင်းသည် ထိုလောင်းလျာ နှစ်ပါးကို တာဝန်ယူသော မထေရ်နှစ်ပါးတို့ ၏ အခြားဝါဒနှင့်ဘာသာစာပေများကို တတ်ကျွမ်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း စာပေမှာ တွေ့ရသည်။ ဤကဲ့သို့သော အလားတူ ဖြစ်ရပ်မှန်တွေကို စာပေမှာ များစွာတွေ့နိုင်ပါသည်။ ထိုကြောင့် ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ဘာသာခြား စာပေများကို သင်ယူခြင်းသည်လည်း ဗဟုဇန ဟိတ သုခ ကိုဖြစ်စေပါသောကြောင့် သွယ်ဝိုက်သောအားဖြင့် မူလပန်းတိုင်နှင့် ဖီလာ မဖြစ်ပါဟု မှတ်ချက်ပြုလိုက်ပါသည်။

နိဂုံး
အချုပ်ဆိုရသော် အတတ်ပညာ သင်ယူရာဝယ် ကိုယ့်ရဲ့ ရည်ရွယ်ချက် intention ခေါ် ယောနိသော မနသိကာ positive result ကောင်းကျိုးဖြစ်စေတဲ့ ရည်ရွယ်ချက် ရှိဘို့က အဓိကဖြစ်ပါသည်။ ကိုယ်လိုရာလေးတွေကို ဆွဲယူ၍တွေးတောကာ တင်ပြထားခြင်းဖြစ်ပါသည်။

ဤကား သီတဂူစတား၏ မပြောပလောက်သော အသိပညာဖြင့် တင်ပြသော ဘာသာစကား၊ ဘွဲ့များနှင့် ပန်းတိုင်တည်း။ လူတစ်ယောက် အတွေးတစ်မျိုးရှိသည်အတွက် သီတဂူစတား၏ အတွေး၊ အယူအဆများသည် စာဖတ်သူတို့၏ အတွေးနှင့် တူလိမ့်မည်ဟူ၍ မမျှော်လင့်ပါ။ ဤကဲ့သို့သော ပို့စ်များက စာအရေး လေ့ကျင့်လိုသော သီတဂူစတားအတွက် တွေးရင်း ရေးရင်း လေ့ကျင့်ခြင်းဖြင့် ဘလော့ဂ်မှာ အချိန်ကုန်စေပါသည်။ ပို့စ်တစ်ခုစာသာ ရေးရသဖြင့် သိပ်ပြည့်စုံမည် မထင်၊ များစွာ လိုအပ်ပါသေးသည်၊ ဖြည့်ပြီး ကိုယ်လိုရာ တွေးတောကြလေကုန်သတည်း-----------။

ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၁၆-၆-၂၀၁၀

13 June 2010

ရဟန်းတော်နှင့် အင်တာနက်၏ ပဲ့တင်သံ များ

မိတ်ဆက်
စင်္ကာပူရောမြန်မာများနှင့် ချောကလပ်မြို့တော်မှ ညီအစ်ကိုမောင်နှမများရဲ့ ရဟန်းတော်နှင့် အင်တာနက် ပို့စ်ရဲ့ တုန့်ပြန်မှုလေးတွေဖြပါတယ်။ http://mysing.ning.com/ နှင့် http://chocolatemyotaw.ning.com/ ဆိုက်တွေမှာ သီတဂူစတားရဲ့ စာမျက်နှာများ ဖွင့်လှစ်ထားပါတယ်။ ထို စင်္ကာပူရောက် မြန်မာများနှင့် ချောကလပ်မြို့မှ သီတဂူစတား၏ ညီအစ်ကိုမောင်နှမများမှ မှတ်ချက်ပေါင်း ၇၀ ကျော်ရှိပါသည်။ သို့သော် စာသားများများဖြင့် ပြန်လည်တုန့်ပြန်သော ညီအစ်ကို မောင်နှမများရဲ့ မှတ်ချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်၊ thank you so much စသည့် တစ်ကြောင်းစ နှစ်ကြောင်းစ တုန့်ပြန်မှုများကိုတော့ ဖော်မပြတော့ပါ၊ ပို့စ် နေရာကျယ်သွားမည်ဆိုးသဖြင့် ချန်ထားခဲ့ရတာကိုပဲ စိတ်မကောင်းဖြစ်မိပါသည်။

ဤပို့စ်တင်လိုက်ရခြင်းဖြင့် ဒကာ ဒကာမတွေသည် အင်တာနက်ဆိုင်တွေမှာပဲ ဖြစ်ဖြစ် အွန်လိုင်းပေါ်မှာပဲပဲ ဖြစ်ဖြစ် ရဟန်းတော်များ တွေ့နေရသဖြင့် မရှင်းမလင်းဖြစ်နေသည်။ သံသယစိတ်တွေ ဖြစ်နေသည်။ ရဟန်းတော်များ အင်တာနက် သုံးအပ် မသုံးအပ်ဆိုသည့် မေးခွန်းကို သိချင်နေသော ညီအစ်ကိုမောင်နှမများလည်း နားလည် သဘောက်သွားကြသဖြင့် များစွာ ကျေနပ် နှစ်သက်မိပါသည်။ လောကမှာ အမှားမကင်းသူ မရှိသလောက် ဖြစ်သလို စုန်းပြူးလေးတွေလဲ ဘယ်နေရာမဆိုရှိတတ်ပါတယ်။ အနည်းငယ်သော စုန်းပြူးလေးတွေကြောင့် ကိုယ့်ရဲ့ ယုံကြည်စိတ်နှင့် သဒ္ဓါတရားစိတ်တွေ မပျောက်ပြတ်သွားဘို့ အရေးကြီးပါသည်။ ဆိုလိုတာကတော့ သူများ ဘာလုပ်လုပ် ကိုယ်မလုပ်မိဘို့က ပို၍အရေးကြီးပါသည်။ ကိုယ့်ရဲ့ ယုံကြည်ချက်ကို မြင့်သထက်မြင့်အောင် အားထုတ်ရန်သာဖြစ်ပါသည်။

စင်္ကာပူရောက် မြန်မာများ အဖွဲ့မှ ပဲ့တင်သံများ
http://mysing.ning.com/ ဆိုက်မှ သီတဂူစတားရဲ့ စာမျက်နှာများတွင် သီတဂူစတား၏ ညီအစ်ကိုမောင်နှမများကား ဤသို့ဆိုကြ၏--------
၁။ တင်ပါဘုရား...ဆရာတော်ပြောသလိုပဲ သွားကောင်းသောနေရာ မသွားကောင်းသောနေရာရှိသလို အဓိကအားဖြင့်တော့ အသုံးပြုသူတွေပေါ်မှာ မူတည်ပါတယ်ဘုရား၊ ဘုန်းကြီးတွေမဆိုထားနဲ့ သာမန်လူတွေလဲပဲ အင်တာနက်ကို အသုံးပြုတဲ့နေရာမှာ သွားသင့်တဲ့နေရာ မသွားသင့်တဲ့နေရာဆိုတာ ရှိသင့်ပါတယ်ဘုရား၊ အကျိုးရှိရှိအသုံးပြုရင် အကျိုးရှိမယ်ဆိုတာ သိနေပေမဲ့ အသိခေါက်ခက်အ၀င်နက်နေတဲ့လူတွေလဲရှိပါတယ်ဘုရား၊ လူငယ်တွေအများအားဖြင့်..(အထူးသဖြင့်မြန်မာ) အင်တာနက်ဆိုတာ..ရည်းစားရှာဖို့လောက်သာ အသုံးပြုနေကြတာကို တွေ့နေရပါတယ်ဘု့ရား(ကိုယ်တွေ့ပါ) အခုသူများ တိုင်းပြည်ကို ရောက်တော့မှ...တပည့်တော်လဲ..အင်တာနက်ဆိုတာကို အကျိုးရှိရှိ အသုံးပြုတတ်လာတာကို ၀န်ခံပါတယ်ဘုရား..ဒီလိုအသိဥာဏ်တိုးစေမဲ့ စာမျိုးများများရေးပေးတော်မူပါဘုရား..

၂။ မှန်လှပါဘုရားးးးး ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်ဆိုတဲ့ စကားပုံလေးလိုပဲ.....တချို့ တချို့ သောရဟန်း၊သံဃာ တွေကြောင့် အရှင်ဘုရားတို့ လိုရဟန်းကောင်း ရဟန်းမြတ်တွေ အတွက် သိက္ခာကြစရာလေးတွေ ရှိနေပါတယ်.....ဘုရားးးး အရှင်ဘုရားးတို့ အနေနဲ့တားဆီးးပိတ်ပင်လို့ ပေးလို့ ရမယ်ဆိုရင်တားဆီးပေးပါဘုရားးး တပည့်တော်ခုလိုပြောမိတဲ့အတွက်မှားးယွင်းးခဲမယ်ဆိုရင်လဲအရှင်ဘုရားတို့ အနေနဲ့ ဆုံးမသွန်သင်ပေးပါဘုရားးးး Comment by aungnaingwin@gmail.com 40 minutes ago

၃။ မှန်ပါ့ ဘုရား။ ရဟန်းတော်တွေအားလုံး ကွန်ပျူတာတတ်သင့်ပါတယ်။ အွန်လိုင်းသုံးသင့်ပါတယ်။ ဒါပေမယ့် ရဟန်းတော်တွေအတွက် အလွန်အန္တ၇ာယ်ကြီးပါတယ်။ ငယ်ရွယ်တဲ့ရဟန်းပျိုတွေအဖို့ မသုံးခင်ကတည်းက သီလအတွက်အားတင်းထားရပါမယ်။ one click အတွင်းမှာကို မသင့်တော်တာတွေကို ရောက်လွယ် ရလွယ်နေလို့ပါ။ရဟန်းဖြစ်စေ လူဖြစ်စေ မကောင်းမှုဘက်မှာ နစ်မွန်းလွယ်တယ်လို့ တပည့်တော်ယူဆမိလို့ပါဘုရား။ Comment by Thura 3 minutes ago

၉။ ဘုန်းကြီးတွေသင်တဲ့ အတန်းလိုက် စာမေးပွဲတွေမှာတောင် English စာကို အတန်းလိုက်
ထည့်ပြီး သင်စေချင်တယ် ဘုရား ခောတ်အလိုက် တပည့်တော်တို့ ကိုးကွယ်ကြတဲ့ ဘုန်းဘုန်းတွေလဲ
ခေတ်နဲ့ အညီ တိုးတက်နေစေချင်တဲံ့ ဆန္ဒပါ ဘုရား၊ Comment by မိုးတိမ် 6 hours ago

၁၀။ ဘာပဲဖြစ်ဖြစ် အကောင်း အဆိုး အပြစ် ဆိုတာ မိမိသာလျှင် တည်မှီပါသည်။ Comment by zawminaung 13 hours ago

ချောကလပ်မြို့သူများရဲ့ ပဲ့တင်သံများ
http://chocolatemyotaw.ning.com/ ချောကလပ်မြို့တော်မှ ညီအစ်ကိုမောင်နှမများရဲ့ မှတ်ချက် ကလေးတွေဖြစ်ပါတယ်။

Comment by Tide 6 minutes ago ……….ကျေးဇူးတင်ပါတယ် ဆရာတော်ဘုရား ဗုဒ္ဓသာသနာတော်ကြီး ပိုမိုထွန်းကား ပြန့်ပွားအောင် ခေတ်မီနည်းပညာတွေကို အသုံးပြုရမှာဖြစ်ပါတယ် ။ အရှင်ဘုရားတို့လို ထူးချွန်ထက်မြက်တဲ့ သာသနာပြု ရဟန်းတော်တွေကို တပည့်တော် အလွန် လေးစားကြည်ညိုပါတယ် ။ ဘယ်အရာမျိုးမဆို ဆေးနဲ့ ဘေးဆိုတာဖြစ်တတ်ပါတယ် ။ ဆရာတော်တို့ကျတော့ ဆေးအတွက် သုံးတာဖြစ်ပါတယ်လို့ တပည့်တော် မလွဲမသွေယုံကြည်ပါတယ် ။ ဗုဒ္ဓဘာသာဝင်တွေကို ဦးဆောင်နေတဲ့ အရှင်ဘုရားတို့လို ရဟန်းသံဃာတွေ ခေတ်မမီခဲ့ရင် အားလုံးနောက်မှာ ကျန်နေခဲ့မှာပါ တပည့်တော်ယုံကြည်ပါတယ် ။ ရိုသေလေးစား ဂါရ၀တရားဖြင့် ဦးခိုက်လျက် ---- တပည့်တော် . . . . Tide

Comment by khinelay 1 minute ago ကျေးဇူးတင်ပါတယ်အရှင်ဘုရား။ ဒီမေးခွန်းကိုသိချင်နေတာကြာပါပြီဘုရား။ အင်တာနက်ဆိုင်တွေမှာရဟန်းတော်တွေ တွေ့နေရတော့လေ ခုလိုမျိုးရှင်းပြတော့ တပည့်တော်မတို့လည်း စိတ်ရှင်းတာပေါ့ဘုရား။ ဘုန်းဘုန်းလည်း သာသနာအကျိုးကို ဒီထက်စွမ်းဆောင်နိုင်ပါစေဘုရား။

Comment by Ma Nyein 3 minutes ago ဘုန်းဘုန်း အားပေးနေပါမယ့် ...ဆက်လက်ပြီးလည်း လူငယ်နဲ့သာသနာ ပတ်သက်တဲ့ Posts များတင်ခြင်းဖြင့် သာသနာပြုပေးပါဘုရား..
.
Comment by သီတဂူစတား 41 minutes ago ဤပို့စ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးသွားကြတာ ကျေးဇူးအထူးတင်ပါတယ်။ ဘုန်းဘုန်းရဲ့ အီမေးလ်က sitagustar.0073@gamil.com ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ဆိုက်ကိုလည်း လာလည်ကြဘို့ ဖိတ်ခေါ်ပါတယ်။ http://www.sitagustar.net/ သို့လာလည်နိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား

Comment by mayzinh 57 minutes ago တပည့်တော် အရှင်ဘုရား ရဲ့ အကောင့် သိပါရစေ
Comment by lusoe 1 hour ago ဆ၇ာတော်ဘုရားကို အရမ်းကျေးဇူးတင်ပါတယ်ဘုရား ။ ဗဟုသုတလည်း ရပါတယ်ဘုရား။ ဆရာတော်ရဲ့ တရားတော်တွေလည်း ကြားနာချင်ပါတယ်ဘုရား။ နောင်လည်း အကျိုးရှိမယ့် စာတွေ တင်ပါ့ဘုရား။

Comment by sithuminhan 2 hours ago
ကျေးဇူးကြီးလှပါတယ်ဘု၇ား...............အ၇ှင်ဘု၇ားအကောင့်ကို၇၇င်လိုချင်ပါတယ်ဘု၇ာ့.......

Comment by မုံရွာသား 2 hours ago မှန်ပါတယ်ဘုရား။။။ ဒါမှ ဗုဒ္ဓသာသနာကို ကမ္ဘာက သိအောင်လုပ်လို.လွယ်လိမ်.မယ်ထင်တယ် ဘုန်းဘုန်း။ နောက်လဲ စောင်.ဖတ်နေမယ်။ မကြာခဏ တင်ပေးပါဘုန်းဘုန်းရယ်။ ဘုန်းဘုန်းရဲ့ အကောင်.ပေးလို.ရရင် လ်ုချင်ပါတယ်ဘုရား။

Comment by mochi 3 hours ago ဆရာတော် ဟောပြောသွားတဲ့ ဒီစာသားတွေထဲမှာ မှတ်စရာလေးတွေ သတိပြုမိပါတယ် ဘုရား။ ခုလို လူငယ်လေးတွေ အတွက် ထောက်ပြပေးလို့ ကျေးဇူးလည်းတင်ပါတယ် ဘုရား။ တပည့်တော်တို့ မှတ်သားလိုက်နာပါ့မယ်။ အောက်က ဒေါ်အိကူးးးးးး နောက်တောက်တောက်နဲ့နော် ဟွန်းးးးးး :)

Comment by ECUE 4 hours ago ဘုရားဟောတဲ့အထဲမှာ............ ရဟန်းများ အင်တာနက်မသုံးရလို့မှ မပါတာလို့ တစ်ခွန်းတည်းတာ ပြန်ပြောလိုက်ပါ ဘုရားးးးးး ဟိဟိ

Comment by ခိုင်ဇင် 5 hours ago ဆရာတော်ရဲ့ဗဟုသုတ ရဖွယ်မှတ်သားဖွယ်ရာများကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါသည်အရှင်ဘုရား ။

Comment by မာယာ 5 hours ago ခုလိုသိခွင့်ရတာကျေးဇူးတင်ပါတယ်အရှင်ဘုရား
အောင်မြင်ပါစေ။

Comment by နှိင်ကွန်ရော့ 5 hours ago ဆရာတော်ရဲ့ဗဟုသုတလေးတွေကို မှတ်သားပါမယ် အရှင်ဘုရား ကျေးဇူးတင်ပါတယ် အရင်ဘုရား။

Comment by ငုဝါ 6 hours ago ဆ၇ာတော် ဘု၇ားရဲ့ ဗဟုသုတတွေကို မှတ်သားပါ့မယ်ဘု၇ား ...ကျေးဇူးကြီးမားလှပါတယ်ဘု၇ား။

Comment by အိမ်ရှေ့မင်းသားလေး 7 hours ago ဆရာတော်ဘလော့လေး ဖတ်ရတာဗဟုသုတ ရပါတယ်ဘုရား...နောက်လဲဆက်ရေးပါဘုရား။

Comment by nyi 8 hours ago မြတ်စွာဘုရားတော်ရဲ့ဟာ အဘက်ဘက်ကပြည့်စုံပြီးသားပါ။ ဘာအင်တာနက်မှလည်း မလိုဘူးလို့ ထင်ပါတယ်။ အမြင်ကျဉ်းရင်လည်းကျဉ်းမှာပေါ့။ မြတ်စွာဘုရားလက်ထက်တော်က ဘာအင်တာနက်မှမရှိလည်း နိဗ္ဗာန်မျက်မှောက်ရှုနိုင်တဲ့ ပုဂ္ဂိုလ်အများကြီးပါ။

Comment by မြို့ စားလေး 8 hours ago ခုလိုပြည်ပြည့်စုံစုံ တင်ပြပေးသွားတဲ့ အတွက် ကျေးဇူးပါဘုရား။ သာသနာအကျိုးဆထက်တိုးလို့  ထမ်းရွက်နိုင်စေကြောင်း တောင်းဆုပြုလိုက်ပါတယ်ဘုရား။

Comment by soe soe aye hlaing 6 minutes ago ....ဘယ်အ၇ာ မဆို သူံးတတ် ၇င်ဆေး မသုံး တတ်၇င် ဘေးပါဘဲ။

Comment by noenoe 16 minutes ago အရှင်ဘုရားရေးသလိုတွေးရင်..အသုံးချရင်ကောင်းပါတယ်ဘုရား
net မှာQq..လုပ်သူများ တကယ်တွေ့ဖူးပါတယ်ဘုရား..ရန်ကုန်မှာဆိုင်ထိုင်တုန်းကပါ။

Comment by helen 32 seconds ago ------thank u so much met a monk in internet, he is now attending school in india, he lie 2 me,he said he is a student not a monk,pls take care,if someone who say he attend in india or srilanka they may be 70 percent a monk,monks shouldn;t do like that,that is no good for Buddha and his sons, they disgrace .

Comment by Saw Yu May 56 minutes ago တင်ပါ့ဘုရား။ အင်တာနက်က တပည့်တော်တို့ကို ပညာအလင်းရောင်ကို ပေးတာပါဘုရား။ အခုခေတ်လူငယ် တော်တော်များများက လမ်းမှားနေကြတယ်။ အခုလို တင်ပြထားတာကို ဖတ်မိတဲ့ လူငယ်တွေ အမှန်မြင်နိုင်ပါစေ။

Comment by ko sai 1 hour ago တင်ပါ့ဘု၇ား တပည့်တော်တို့ တောင် ကောင်းသောဘက်မှာပဲ သုံးသင့်ပါတယ်လို့ တပည့်တော်မြင်ပါတယ်ဘု၇ား ။

Comment by susulwin 54 minutes ago ကောင်းပါတယ် အရှင်ဘုရား လူငယ်တွေ တော်တော်များများကတော့ အင်တာနက်ကို လွဲမှားစွာသုံးစွဲနေကြပါတယ် ကိုယ့်အတွက် အကြိုးရှိတာတွေကို လေ့လာဖို့ထက် မဟုတ်တာတွေကို လေ့လာနေကြပါတယ် အခုလိုစာလေးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား။

Comment by Saw Yu May 11 hours ago တင်ပါ့ဘုရား။ အင်တာနက်က တပည့်တော်တို့ကို ပညာအလင်းရောင်ကို ပေးတာပါဘုရား။ အခုခေတ်လူငယ် တော်တော်များများက လမ်းမှားနေကြတယ်။ အခုလို တင်ပြထားတာကို ဖတ်မိတဲ့ လူငယ်တွေ အမှန်မြင်နိုင်ပါစေ။

Comment by မယဉ်ကျေး 1 day ago အလွန်ကောင်းပါတယ် ဘုရား။ဖတ်ရတာအကျိုးရှိပါတယ်။တပည့်တော်မကတော့ ချမ်းမြေ့ယောဂီဆိုတော့ ယခုလက်ရှိ ချမ်းမြေ့ပဒေသာရိပ်သာ ဆရာတော်ဥူးဝါသ၀ရဲ့ ကျောင်းတိုက် FMI City ပဒေသာပင်မြို.တော် မှာ အချိန်ပိုင်းဝေယျာဝစ္စကုသိုလ်ယူနေပါတယ်။အင်တာနက်ကို စနစ်တကျအသုံးပြုရင်း ယခုလို ကုသိုလ်ပွားများနိုင်ကြောင်း၊တရားစမ္မများကို လေ့လာနိုင်ကြောင်းပြောချင်ပါတယ်။အရှင်ဘုရားလည်း ကျန်းမာချမ်းသာပြီး သာသနာ့တာဝန်ကိုကြာရှည်စွာ ထမ်းနိုင်ပါစေ ဘုရာ့။

Comment by yeminsoe 2 hours ago တကယ်ကို ရေးသင့်တဲ့ ပို့စ်တပုဒ်ပါပဲ ဘုရား..။တပည့်တော်လဲ အရင်က အဲလိုမျိုး ရဟန်းတော်နဲ့အင်တာနက် သင်တော်ပါ့မလားလို့ စဉ်းစားကြည့်ဖူးလို့ပါဘုရာ..။တပည့်တော်တို့ လူငယ်တွေကို နားလည်အောင် ရှင်းပြနိုင်တဲ့ အတွက် ကျေးဇူးများလှပါတယ် ....။ အရှင်ဘုရားတို့လို စာတတ်ပေတတ် ဆရာတော်တွေ ရှိလို့ အနာဂတ်သာသနာအတွက် စိတ်တော့အေးရပါတယ်ဘုရား။

Comment by MMA336 10 hours ago ဟုတ်သိခွင့် ရလို့ ကျေးဇူးတင်ပါတယ် ဘုရား။ဘာသာရေး စာပေတွေကိုလည် ebook ဖြင့် များများ တင်ပေးနှိင်လျှင် ပိုဝမ်းမြောက်မိမှာပါဘုရား ။

ဤကား ရဟန်းတော်နှင့်အင်တာနက် ပို့စ်ကို တုန့်ပြန်သော မှတ်ချက်ပေါင်း ၇၀ ကျော်မှ စာသားများတာလေးတွေကို ထုတ်နုတ်ပြီး ဝေငှလိုက်ခြင်းဖြစ်ပါသည်။
သီတဂူစတားဆိုက်ကို လာရောက် ဖတ်မှတ် ကိုယ်ထင်ရာ မြင်ရာလေးတွေကို မှတ်ချက်ပေးသွားကြတာကို အထူးပဲ ကျေးဇူးတင်နေပါတယ်၊ အားလုံးက အကောင်းမြင်ဝါဒလေးတွေနှင့် သုံးသပ်သွားကြတာဖြစ်ပါတယ်။

မေးထားတဲ့ ဘာသာစကားနှင့် မူလပန်းတိုင် ပို့စ်တင်ပါဦးမည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၃-၆-၂၀၁၀

10 June 2010

ရဟန်းတော်နှင့် အင်တာနက်

သီတဂူစတား ဘလော့ဂ်တစ်ခု စတင်ဖန်တီးစဉ်က ဓာတ်ပုံလေးပါ။


မိတ်ဆက်
ဒီပို့စ်လေးကို ရေးချင်နေတာ ကြာပါပြီ။ ရေးပြန်ရင်လည်း အလွန်ကျယ်ပျံ့သည့်ခေါင်းစဉ်ဖြစ်နေသည် သို့သော် ခြုံမိ ငုံမိအောင်တော့ ရေးရပေအံ့။ သီတဂူစတားကို ကောင်လေးတွေ ကောင်မလေးတွေက မေးတဲ့ မေးခွန်းတွေကို အခြေခံပြီး ဤပို့စ် ရေးဖို့ စိတ်ကူးရှိခဲ့တာကြာပါပြီ။ သီတဂူစတား ဘလော့ဂ် မတည်ထောင်ခင်ကထဲက အစပျိုးခဲ့တာဖြစ်ပါတယ်။ သူတို့လေးတွေက ဘုန်းဘုန်းတွေ အင်တာနက် သုံးကောင်းလားဘုရား? ရဟန်းတော်တွေနှင့် အင်တာနက် အပ်စပ်ပါသလားဘုရား? သူတို့လေးတွေက သီတဂူစတားဆိုတာကို ဘုန်းကြီးတစ်ပါးမှန်းလဲ မသိကြပါဘူး၊ သီတဂူစတားက ဘုန်းကြီးမှန်းသိရအောင်လို့ကို အကောင့်မှာ ၀က်ဘဆိုက်လိပ်စာပါ တင်ထားရတယ်။ ဂျီတော့ G-talk အသုံးပြုခါစဆိုတော့ ချက်ချင်း သို့မဟုတ် ကြူ ချင်တော့ မိတ်ဆွေ ရှာနေချိန်မှာ forward ကနေ အင်ဗိုက် (invite) လုပ်ပြီး သီတဂူစတားထံ ရောက်လာကြခြင်းဖြစ်ပါတယ်။ ဘောက် (box) ထဲရောက်လာတော့ ဘုန်းဘုန်းတစ်ပါးဖြစ်မှန်း သိတော့၊ ကန်တော့ဘုရား မသိလို့ အင်ဗိုက်လုပ်လိုက်မိတာပါဘုရားတဲ့။ သီတဂူစတားလဲ ဘယ်ရမလဲ ပြန် talk တာပေါ့ ရပါတယ်ဗျာ ရောက်လာတာ ကျေးဇူးတင်ပါတယ်၊ တွေ့ရတာ ၀မ်းသာပါတယ် စသည့် လောကွတ်လေးတွေ talk လိုက်တယ်။ သိပ်ကြေနပ်ပုံမပေါ်သေးဘူး သူက ဆက်ပြီးတော့ ဘုန်းဘုန်းတွေ ချက်လို့ရလားတဲ့။ ဟားးးးး ရတာပေါ့ မချက်ဘဲ ဘယ်လိုစားရမှာလဲပေါ့၊ ဟုတ်ဘူးဘုရား တပည့်တော် ပြောတာ ဂျီတော့ ချက်လို့ ရလားဘုရားတဲ့။ အဲဒီတုန်းကတော့ အချိန်သည် ငွေဖြစ်နေ၍ အများကြီး မပြောလိုက်မိဘူး အနည်းငယ်သာ ပြောလိုက်သည်။ အခုမှ ကိုယ်ပိုင် ဘလော့ဂ်လေးကလည်း ရှိလာတာက တစ်ကြောင်း၊ စာလည်း ရေးတတ်ချင်တာက တစ်ကြောင်း၊ သင်ရင်းကျင့်ဆိုတာလို လေ့ကျင့်ရင်း ပညာပေးခြင်း ပညာယူလိုခြင်းတို့ကြောင့် ပို့စ်တစ်ခုအဖြစ် ရေးချင်လာသည်။ ဤပို့စ်လေးကို သီတဂူစတား၏ ဘ၀နှင့်ယှဉ်ပြီး သို့မဟုတ် အတွေ့အကြုံလေးနှင့် ယှဉ်ပြီးဖော်ပြလိုပါတယ်။ အထူးသဖြင့် ချက်တင်း (chatting) ဖြင့်သာ အချိန်ကုန်စေပြီး အင်တာနက်၏ ကောင်းကျိုးဆိုးကျိုးကို မသိကျိုးကျွန်ပြုမိနေသော ညီငယ် ညီမငယ်တို့အတွက် သတိပေးစကားလေးလည်း ဖြစ်နိုင်ပါလိမ့်မယ်လို့လည်း မျှော်လင့်မိပါသည်။

လောကကြီးနဲ့ ဝေးးးးး
အင်တာနက်ခေတ် မြန်မာပြည် စရောက်လာတဲ့အချိန် သီတဂူစတားတို့ လူ့လောကထဲ မရောက်သေးဘူးလို့ ဆိုရပါ့မယ်၊ အဲဒီခေတ် အဲဒီအချိန်ခါက စာသင်သားရဟန်း သာမဏေတို့၏ဘ၀က စာသင်တိုက်ကြီးထဲမှာ စာကျက်၊ စာဝါတက်၊ ဘုရားဝတ်တက်၊ အချိန်ပိုင်း တရားထိုင်၊ နေ့စဉ် သြ၀ါဒ နာကြား စသည့် သာသနာ့ဝန်ထမ်းတို့ရဲ့ အလုပ်တွေနဲ့ ဘ၀ကို နှစ်မြုပ်ခဲ့ကြရပါတယ်။ ပြင်ပလောကကြီးနှင့် အဆက်အသွယ်မရှိခဲ့၊ လက်နှိပ်စက်ခေတ်ကုန်စ ကွန်ပျူတာ ပေါ်ခါစခေတ်ပေါ့။ ရလဒ်က အပြင်ပက လူဝတ်ကြောင်တွေနှင့် တွေ့မှာကိုပင် ရှက်သလို ကြောက်သလို ဖြစ်ခဲ့။ သူတို့နှင့်လည်း အံဝင်ခွင်ကျအောင် စကားတွေလည်း မပြောရဲ မပြောတတ်။ သို့သော်လည်း တစ်ခုကောင်းတာက လောဘ ဒေါသတွေ နည်းစေပြီး သမာဓိ ပိုရစေသည် ထင်ပါသည်။ အကယ်၍သာ အဲဒီခေတ် အဲဒီအချိန်တုန်းက လောကကြီးထဲမှာ ယခုလို အင်တာနက်ခေတ်ပေါ့ တွေ့ကြုံခဲ့မယ်ဆိုရင် သီတဂူစတား ဘ၀သည်လည်း အပြောင်းအလဲလေး တစ်ခုတော့ ဖြစ်သွားနိုင်ဖွယ်ရှိတယ်၊ ဘယ်လို ဘယ်ပုံစံ ပြောင်းသွားမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ တစ်ခုခုတော့ ဖြစ်မယ်ထင်သည်။ ယခုတွေ့တော့ကော ဘာမှ ထူးပါဘူး၊ ဟီးးးးးးးး။ ကွန်ပျူတာခေတ်ရောက်လာပါပြီ။

ကွန်ပျူတာ
ကွန်ပျူတာခေတ်ဆိုတာ သီတဂူစတားအတွက်ပြောတာပါ၊ မြန်မာပြည် ခေတ်စားနေတာ ၅ နှစ်လောက်ကြာပြီးမှ သီတဂူစတား ကွန်ပျူတာ စမြင်ဖူးတာပါ။ မှတ်မှတ်ရရ ၁၉၉၅ ခုနှစ်က ထင်ပါသည် ဆရာဘုန်းကြီးက ကွန်ပျူတာသင်ခိုင်းတာနဲ့ စာစီစာရိုက်ပညာ တစ်လကျော်ကျော် သင်လိုက်ရသေးသည်၊ ကွန်ပျူတာသည် မရှိမဖြစ် လိုအပ်တာပါလားဆိုတာ သိလိုက်ရသည်။ အဲဒီအချိန်က ကွန်ပျူတာ မပြောနဲ့ ကွန်ပျူတာသုံး Diskette အပြားလေးတောင် မသုံးနိုင်ခဲ့။ ကျောင်းတိုက်ကြီးထဲမှာ အင်္ဂလိပ်စာတောင် ခိုးသင်ရတဲ့ခေတ် ကွန်ပျူတာဆိုတာဝေး တဲ့အချိန်က သီတဂူစတားတို့ ဘုန်းတော်ကြီးက လူကသာ အလွန်ရိုးတာ ဒီလိုခေတ်ပညာရပ်တွေကိုတော့ အလွန်စိတ်ဝင်စားသည်။ တိုက်ထဲမှာ သူတစ်ယောက်သာလျှင် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာ အဟောင်းလေးတစ်လုံးဖြစ်အောင် ဖန်တီးခဲ့သဖြင့် သီတဂူစတားတို့ ကွန်ပျူတာ စအသုံးပြုခွင့်ရခဲ့သည်။ Diskette အပြားသေးသေးလဲထဲမှာ စာမျက်နှာ သောင်းနှင့်ချီရှိတဲ့ ပိဋကတ်စာတွေ ထည့်ထားနိုင်ကြောင်း ဆရာဘုန်းကြီးက ပြောပြသဖြင့် အံ့သြခဲ့ရဖူးသည်။ နောက်ပိုင်း စီဒီပြားတွေခေတ်စား ထိုနောက် rewrite စီဒီပြားတွေ ခေတ်စားလာပြန် အဲဒီနောက်တော့ memory stick အချောင်းလေးတွေပေါ်လာသဖြင့် နောက်ပိုင်း ကွန်ပျူတာတွေမှာတောင် ထို diskette ထည့်စရာ နေရာတောင် မပါတော့။ အခုတော့ GB ရာနှင်ချီရှိတဲ့ memory stick တွေပေါ်နေပြန်သည်။ ကွန်ပျူတာတွေလည်း တစ်နှစ်နှင့် အသစ်ဆန်းတွေ ပေါ်နေသည်။ နည်းပညာရပ်တွေက ရှေ့ကပြေးနေသေည် သီတဂူစတားတို့က နောက်ကနေ ဖတ်ဖတ်မောနေအောင် လိုက်နေရသည်။ ယခုတော့ ကွန်ပျူတာသည် သီတဂူစတား၏ ဘ၀ဖြစ်နေသည်။ ကွန်ပျူတာ မရှိရင် မနေတတ် သို့သော်လည်း ကိုယ်တိုင်လည်း မ၀ယ်နိုင်ခဲ့။ ကွန်ပျူတာပညာ တီးမိခေါက်မိ ရှိလာတော့ အင်တာနက်ခေတ် ရောက်လာပြန်သည်။

အင်တာနက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာတော့မှ ကွန်ပျူတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ရသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာသူတိုင်း ကွန်ပျူတာပညာသည် မဖြစ်မနေတတ်ကိုတတ်ရမည်ဟု ဆရာတော် အမိန့်ရှိထားသဖြင့် ကျောင်းသားအားလုံး ကွန်ပျူတာ အထိုက်အလျောက် ကျွမ်းကျင်ကြသည်။ အချို့လည်း ပညာရှင်အဆင့်အထိ ကျွမ်းကျင်ကြသည်၊ အချို့ graphic design , Photoshop တွေအထိ နိုင်နိုင်နင်းနင်းရှိကြသည်သဖြင့် တက္ကသိုလ်အတွက် အားထားရသည်။ နောက် များမကြာမီမှာပဲ အင်တာနက်ပါ တပ်ဆင်လိုက်သည်၊ အဲဒီခေတ်အခါက အင်တာနက်သည် စစ်ကိုင်းမြို့မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာပဲ ရှိသည်။ အခုတော့ မြို့ထဲမှာ cybercafe တစ်ခု ရှိနေပြီဟု သိရပါသည်။ အင်တာနတ် သီတဂူကမ္ဘာ့တက္ကသိုလ်တွင် မတပ်ဆင်မီက အင်တာနက်ဆိုတာ ဘာမှန်းမသိခဲ့၊ မသိလို့ပဲ အသုံးပြုရကောင်းမှန်းမသိခဲ့။ ကွန်ပြူတာသည်လည်းအင်တာနက်ဖြင့် တွဲအသုံးပြုကာမှ သူ့ရဲ့တံဖိုးက ပိုမြင့်လာသည်။ အင်တာနက်ကို အသုံးပြုလာသောအခါမှ အော်--ကမ္ဘာကြီးက အတော်ကို ကျဉ်းသွားတာပါလား၊ ကမ္ဘာကြီး၏ အရှေ့ အနောက်၊ တောင်နှင့်မြောက်သည် ရွာတစ်ရွာလောက်တောင် မကျယ်တော့ပါလား။ အင်တာနက်ကနေ ချက်ချင်း လူလူချင်းမျက်နှာချင်းဆိုင် စကားပြောလို့ရသည်။ လူလူချင်းတစ်ယောက်နှင့်တစ်ယောက် ကြည့်၍ မျက်နှာချင်းဆိုင် ပြောလို့ရသည်။

အွန်လိုင်းမိတ်ဆွေ
အရင်တုန်းကလို စာတိုက်ပုံးတွေ သုံးစရာမလိုတော့ဘဲ စက္ကန့်ပိုင်းအတွင်း တစ်ယောက်နှင့် တစ်ယောက် ထိထိရောက်ရောက် ဆက်သွယ်လို့ရသည်။ အချို့သိပ်ကျွမ်းကျင်သူတော့ အွန်လိုင်းကနေပဲ အဖော်ကောင်းတွေဘာတွေရလို့။ သီတဂူစတားတော့ မဟုတ်ဘူးနော် သို့သော်လည်း သီတဂူစတားအတွက် ညီအစ်ကို မောင်နှစ်မလို ခင်ရသည့် မိတ်ဆွေတော့ ရလာပါသည်။ ဒါကိုကြည့်ပြီး အချို့ကလေးမလေးတွေက မေးသည်မှာ ဘုန်းဘုန်းတွေ အွန်လိုင်း သုံးလို့ရလားဘုရား? အပ်စပ်ပါသလားဘုရား?တဲ့။ အော်-- ဟုတ်မှာပဲ သူ့အတွေးက အင်တာနက်ကို နှစ်ယောက် ချက်တင်း (chatting) စကားပြောလို့ပဲရတယ်လို့ထင်ပုံပဲ၊ သူသင်ထားတဲ့ အင်တာနက်ကလဲ gtalkနှင့် chatting လောက်ပဲ တတ်ထားပုံပဲ၊ အင်တာနက်ကို ကျယ်ကျယ်ပျံ့ပျံ့ အသုံးမပြုနိုင်တော့ ဤကဲ့သို့ပဲ တွေးဟန်တူပါသည်။ ကိုယ့်ရဲ့ အိပ်ခန်းထဲကနေပဲ့ အင်တာနက်ကို အသုံးပြုခါ ကမ္ဘာနှင့်ချီပြီး စီးပွားရှာလို့ရတယ်ဆိုတာ သိဟန်မတူ။ ယနေ့ခေတ် ပြည်ပမှာ ခရီးသွားတဲ့အခါမှာတောင် ရထားလက်မှတ်၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ် ဘုတ်ကင် လက်မှတ်တို့ကို ရုံးတွေမှာ အချိန်အကြာကြီးစောင့်ပြီး သွားတိုးနေစရာမလို၊ တန်းစီနေစရာမလိုဘဲ အင်တာနက်ကနေ e-ticket တွေအလွယ်တကူ ၀ယ်ယူနိုင်သည်၊ ပိုက်ဆံကဒ်စနစ်ရှိဘို့တော့လိုသည်၊ အင်တာနက် အွန်လိုင်း ဈေးကွက်သည် ကဒ်ကို အသုံးပြုရပါသည်၊ ကဒ်စနစ်အသုံးမပြုနိုင်သော နိုင်ငံတွေအဖို့ အွန်လိုင်းဈေးကွက်စနစ်ကို အသုံးမပြုနိုင်တဲ့အတွက် အင်တာနက်သည်လည်း သူတို့အတွက် အသုံးဝင်မှု နည်းပါးသည်။ တကမ္ဘာလုံး အင်တာနက်စနစ်ကို ကျယ်ကျယ်ပျံ့ပျံ့ သုံးနိုင်ပေမဲ့ အချို့နိုင်ငံတွေအတွက် အင်တာနက်အခန်းက နည်းပါးနေသဖြင့် ပြည်သူတွေလဲ အင်တာနက်ကို ကောင်းကောင်းအသုံးမပြုနိုင်ဘဲရှိနေသည်။

ရဟန်းတော်များနှင့်အင်တာနက်
အင်တာနက်သည် မီးနှင့်တူပါသည်။ မီးသည် သုံးသူအပေါ်မှာမူတည်ပြီး အကောင်း အဆိုး အကျိုး၂မျိုးကို ပေးနိုင်သလို အင်တာနက်သည်လည်း အကောင်း အဆိုး နှစ်မျိုးကိုပေးနိုင်ပါသည်။ အဆိုးကျိုးကိုသာ ပေးနိုင်သည့် အင်တာနက်ကိုတော့ ရဟန်းတော်များ မအပ်စပ်ဘူးလို့ဆိုနိုင်ပါသည်။ ကောင်လေး ကောင်မလေးတွေ အွန်လိုင်းက သမီးရီးစားပြောသလို၊ ဒါတင်မကသေးဘူး အွန်လိုင်းကနေ အမနာပ စကားတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ပြောခြင်း၊ ဆဲဆိုခြင်း၊ ကိုယ်ကျင့်တရားကို ပျက်ပြားစေသည့် ဆိုက်တွေကို ကြည့်ခြင်း၊ အွန်လိုင်းကနေ လိမ်လည် လှည့်ပတ်ခြင်း စသော အကျိုးမများတဲ့ အင်တာနက်ကိုတော့ ရဟန်းတော်များ မသုံးအပ်ဟူ၍ယူဆပါသည်။ ဘုရားလက်ထက်တော်က အင်တာနက်မပေါ်သေး၍ အင်တာနက်နှင့်ပက်သက်ပြီး ၀ိနည်းမှာတော့ ပညတ်ထားသည့် သိက္ခာပုဒ်များမရှိသော်လည်း အပြောအဆိုနှင့်ပတ်သက်၍၎င်း (၀စီကံ) ကြည့်ရှုခြင်း (ကာယကံ) စသည်တို့နှင့်ဆက်နွယ်သော စည်းကမ်းဥပဒေတော်တွေအရသော်၎င်း အင်တာနက်ကို ပြဆိုခဲ့သည့် အကျိုးမဲ့စေသည့် အသုံးပြုနည်းကိုတော့ ရဟန်းတော်များ အပ်စပ်ဟန် မတူ။

တစ်ဖက်ကကြည့်ပြန်ရင်တော့ အင်တာနက်သည် အလွန်အကျိုးများပါသည်။ သီတဂူစတား အသုံးပြုတာကိုပဲ ထောက်ပြပါ့မယ်၊ သီတဂူစတားတို့လို ပြည်ပကျောင်းတက်နေသူတွေအတွက်ပဲဖြစ်ဖြစ် အလုပ်နဲ့ ပြည်ပရောက်နေသူပဲဖြစ်ဖြစ် အလွန် လိုအပ်သည့် မီဒီယာတစ်ခုဖြစ်ပါသည်။ တိုင်းတပါးကနေ ကိုယ့်ရဲ့ မိဘဆွေမျိုး သူငယ်ချင်းတွေနဲ့ နေ့စဉ် ဆက်သွယ်လို့ရသည်။ တိုင်းပြည်ခြားနားပေမဲ့ မိသားစုနှင့် မျက်နှာချင်းဆိုင် စကားလက်စုံပြောလို့ရသည်။ ပြည်ပကျောင်းသွားတက်ချင်သူတွေအတွက် ဘယ်တက္ကသိုလ်က ဘယ်လိုအခြေအနေရှိတယ်၊ ကုန်ကျစရိတ်နှင့် တက္ကသိုလ်နှင့်ပတ်သက်သည့် သတင်း အင်ဖော်မေးရှင်း(information) တွေကို အင်တာနက်ကနေပဲ ရှာနိုင်သည်။ နောက်တစ်ခုက ကျောင်းသားတစ်ယောက်ဖြစ်ဖို့ ပြည်ပတက္ကသိုလ်တွေစီ ကိုယ်တိုင်သွားစရာမလိုတော့ဘဲ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလတ်တွေကို စကန် (scan) ဖတ်ပြီး ကိုယ့်သူငယ်ူချင်း (ကိုယ့်တက်မည့်တက္ကသိုလ်တွင် ရှိနေသူ) ထံ မေးလ်ကနေ ပို့လိုက်ရုံဖြစ်ပါသည်။ အရင်ခေတ်က စာတိုက်ကို အသုံးပြုရသဖြင့်၎င်း လူကြုံနဲ့ပို့ရသဖြင့်၎င်း ကြာလည်းကြာသည်၊ တခါတရံ လမ်းမှာပဲ ပျောက်သွားသည့်အတွက် စိတ်မချရပေ။ ကိုယ်ကိုတိုင် သွားပြန်ရင်လည်း အပြန်အသွား ၁၀ သိန်းလောက် ပိုကုန်လိမ့်ဦးမည်။ ဤကား အင်တာနက်၏ မီဒီယာအဖြစ် အသုံးဝင်နေသည်အတွက် ရဟန်းတော်များအတွက် မရှိမဖြစ်လိုအပ်နေပြန်သည်။ တောထဲ တောင်ထဲ၊ ကျေးရွာ သို့မဟုတ် အေးအေးဆေဆေး နေချင်သူတွေအတွက်တော့ လိုဟန်မတူ။

အွန်လိုင်း ပညာရေး
ပညာရေးကို လိုက်စားနေသူတွေအတွက် အလွန်တန်ဖိုးရှိပါသည်။ အွန်လိုင်းကနေပဲ ဘွဲ့ယူတဲ့အထိရအောင် ဖန်တီးပေးထားသည်။ ဘာသာစကား အမျိုးမျိုး သင်နိုင်သည်။ အထူးသဖြင့် စီးပွာရေးပညာ professional subject ပဲဖြစ်ဖြစ် non-professional subject နှင့် ပဲဖြစ်ဖြစ် သုတေသန လုပ်နေသူတွေအတွက် အင်တာနက်သည် မရှိမဖြစ်လိုအပ်နေသည်။ သုတေသန ကျောင်းသား ဖြစ်စ သီတဂူစတား M.A ကျောင်းသားဘ၀က ကျောင်းစာတွေအတွက် အင်တာနက်ကို ပယ်ပယ်နယ်နယ် အသုံးပြုခဲ့ရသည်။ သီတဂူစတား ယူထားသော ဘာသာရပ်သည် non-professional subject (philosophy) ဖြစ်သည်။ သို့သော်လည်း ထိုဘာသာရပ်သည်ပင် အင်တာနက်နှင့် ကင်း၍မရပါ။ ဆရာ ဆရာမတွေသည်ပင် သူတို့၏ topic များကို သင်သည့်အခါ အင်တာနက်ကို ညွှန်းလေ့ရှိသည်၊ လေ့လာရန် လင့်ခ် link များ ပေးလေ့ရှိသည်။ ကိုယ်လိုချင်သော ခေါင်းစဉ်ကို စာအုပ်တွေမှာ ရှာလို့ကော မရနိုင်ဘူးလားဆိုတော့ ရနိုင်ပါသည်၊ သို့သော် စာအုပ်သည် အလွန်ကျယ်ပြန့်သလို စာအရေးအသားတွေလည်း နားလည်ဘို့ အရမ်းခက်ခဲပါသည်။ အင်တာနက်ကပေးသော explanation များသည် တိုတိုနှင့် ရှင်းရှင်းလင်းလင်းရှိသည်၊ ကျောင်းသားတစ်ယောက်အဖို့ နားလည်ရန် လွယ်ကူသည်။ စီးပွားရေးပညာနှင့် သိပ္ပံပညာရပ်များ ယူသော ကျောင်းသားများသည်ကား အင်တာနက်ကို လုံးဝကို အားကိုးရတော့သည်။ အင်တာနက်မှာ စာရှာရတာ အရမ်းလွယ်ကူပါသည်။ ကိုယ်လိုချင်တဲ့ စာလုံး သို့မဟုတ် article ဆောင်းပါးကို Google search ကနေ အလွယ်တကူ ရှာနိုင်ပါသည်။ အဲဒီတော့ အမ်အေ ကျောင်းသားတစ်ယောက်သည်ပင် အင်တာနက်သည် ဤမျှလောက် လိုအပ်နေပါလျှင် အရေးပါနေပါလျှင် သုတေသန ကျောင်းသားတစ်ယောက် အတွက် ပြောပြဘွယ်ပင် မလိုတော့ပေ။ အင်တာနက်အကြောင်းကား အရမ်း ကျယ်ပြန့်ပါသည်။ အင်တာနက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အင်တာနက် သို့မဟုတ် internet ဆိုပြီ Google Search မှာ ရိုက်ထည့်ပြီး ရှာနိုင်ပါသည်။ သီတဂူစတားတင်ပြသော အင်တာနက်ကား ရဟန်းတော်များနှင့် အင်တာနက်ဖြစ်ပါသည်၊ နည်းပညာ၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ပတ်သက်သည့် အင်တာနက်ကိုကား နားမလည်ပါ။

နိဂုံး
အချုပ်အားဖြင့်ပြောရလျှင် အင်တာနက်ဟူသည် အကောင်းရော အဆိုးတွေပါ ရရှိနိုင်တဲ့ ရွာကြီးတရွာဖြစ်ပါသည်၊ ရဟန်းတော်များသည် မြို့ထဲ ရွာထဲ ရပ်ကွက်ထဲတွင် မသွားကောင်းသော နေရာ သွားကောင်းသော နေရာများ ရှိသလို အင်တာနက်တည်းဟူသော ထိုရွာတွင်လည်း မသွားသင့်သောနေရာ သွားသင့်သော နေရာများ ရှိပါသည်။ user တွေရဲ့ ရည်ရွယ်ချက်နှင့် အသုံးပြုမှုပေါ်မှာ အခြေခံပြီး အကောင်း အဆိုးရလာဒ်များလည်းဖြစ်နိုင်ပါသည်။

ဤကား သီတဂူစတား မြင်သော အင်တာနက်တည်း။

ရွှင်လမ်းချမ်းမြေ့ပါစေ
သီတဂူစတား
10-6-2010

07 June 2010

ရင်ဘတ်ထဲက ပီတိစကားများ

၂၀၀၇ နှစ်က ပုဂံအမှတ်တရ ပုံလေးပါ

ရင်ဘတ်ထဲက ပီတိစကားများ

သီတဂူစတား ဘလော့ဂ်ကိုလာလည်ကြတဲ့ ဓမ္မညီအစ်ကိုမောင်နှမများရဲ့ ရင်တွင်းဖြစ် ပီတိစကားလေးတွေပါ။ ဒီနေ့ ဘာ ပို့စ်အသစ်တင်ရရင် ကောင်းမလဲ လို့ စဉ်းစားပေမဲ့ ဘာမှ အဖြေထွက်မလာ။ အော်--ကိုယ့်ဘလော့ဆီ ရောက်လာကြတဲ့ ညီအစ်ကို မောင်နှမများကို ကျေးဇူးဆပ်တဲ့အနေနဲ့ စီဘောက်က မတူညီတဲ့ သူတို့လေးတွေရဲ့ ပီတိစကားဖြစ်သလို သီတဂူစတားအတွက် ခွန်အား၊ အားဆေးလေးတွေဖြစ်တဲ့ ရင်တွင်းဖြစ်ပီတိလေးတွေကို စုစည်းပြီး ဂုဏ်ပြုသောအားဖြင့်တင်လိုက်ရရင် ကောင်းမယ်လို့ စိတ်ကူးပေါ်သည့်အတိုင်း ချက်ချင်းပဲ တင်လိုက်ပါတယ်။ ရှေးပိုင်းက စီဘောက်ကို သန့်ရှင်းရေးလုပ်စဉ်က များစွာသော ညီအစ်ကိုမောင်နှမများရဲ့ ရင်တွင်းဖြစ်စကားလေးတွေကို ဖျက်မိလို့ စိတ်မကောင်းဖြစ်မိသည်။ ယခုတော့ လောလောလတ်လတ် ရောက်လာကြတဲ့ အကို၊ ညီ၊ အမ ညီမတို့ရဲ့ ပြောစကားလေးတွေကိုပဲ တင်လိုက်ရပါသည်။ အချို့လည်း နေ့စဉ်နီးပါး မှတ်မှတ်ရရ ရေးသွားကြတယ်။ နာမည်တွေ ထပ်သွားမည်စိုးသဖြင့် တစ်ခုစီသာ ဖော်ပြလိုက်ပါသည်။

မမပန်း: ဦးဇင်းလေးစတားက အရမ်းတော်တာဘဲနော်၊ ပို့စ်အသစ်ကို ဘယ်လိုဖန်တီးရမလဲဆိုတာ ဖြတ်ထိုးဥာဏ်ကောင်းမှကောင်း။ ဆက်ပြီးခက်ခဲတဲ့ပို့စ်အသစ်တွေ တင်နိုင်ပါစေ

ကောင်းမွန်: အင်း စတားတို့များ စာမရှားဘူးနော်. လုပ်တတ်တာကို ပြောပါတယ်

Ma Gyi: I visit your site.

အရှင်အာဒိစ္စ: အရှင်ဘုရား တပြည့်တော် လာရောက်လေ့လာ သွားပါတယ်ဘုရား၊ အရှင်ဘုရားရဲ့ဆိုက်မှ ဗဟုသုတတွေ ဝေေ၀ဆာဆာနဲ့တော်တော်လေးကို ကောင်းပါတယ်ဘုရား၊ ရှေ့ဆက် ဒီထက်ကောင်းအောင် ကျိုးစားပေးပါဦးဘုရား....

အမေ့သားလတ်(စကားဝါမြေ): တပည့်တော်...စာလာဖတ်သွားပါတယ်ဘုရား...ဗဟုသုတများစွာရရှိပါသည်ဘုရား...နောက်လည်း ဆက်လက် ရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဘုရား...

ဂျာယာမဏီသဟာေ: အလယ်အလတ်လမ်းဖြစ်တဲ့ ပျားလည်းစွဲသာ ရှဥ့်လည်း လျှောက်သာ အဖြေလည်း မှတ်သားသွားပါတယ်။ လေးစားစွာ။

ကောင်းမွန်: ပြောနေတာတွေကိုဘဲ နားထောင်နေတော့မယ်ဗျာ ဘာမှ မပြောတတ်တော့ဘူး

ဝိမုတ္တိသုခ
တပည့်တော် ပို့ စ်ကို ထပ်လာဖတ်သွားပါတယ်ဘုရား။

ဂုံနွယ်(ပင်းတယ): ဖွင့်ကြည့်ရတာအကျိုးများတယ်ဘုရား။

ဂျာမဏီသဟာယော: အဲ ပညာတော်သင် တာ အတော်တတ်နေပြီပေါ့ ဘုရား... သီတဂူစတား တဲ့ကွ...။

အမေ့သားလတ်(စကားဝါမြေ)
ဘုန်းဘုန်း...တပည့်တော် လာလည်သွားပါတယ်ဘုရား...စာတွေလည်းတစ်ဝကြီး ဖတ်သွားပါတယ်.... ကောင်းပါတယ်ဘုရား... နောက်လည်းကျောင်းတက်ရတဲ့ အတွေ့အကြုံလေးတွေကို ထပ်ပြီးတော့ ရေးတင်ပါအုံးဘုရား...

အရှင်သြသဓ
တပည်.တော် ဒီဆိုဒ်ကို ရောက်ဖို.တော်တော်လေး ရှာရတယ်ဘုရား ဘယ်လိုကြည်.ရမလည်းဆိုတာ လမ်းညွန်ပေးပါအုံးဘုရား။

ညခင်း
ဘုန်းဘုန်းစာလာဖတ်ပါတယ်။ ဘုန်းဘုန်းကျန်းမာပါစေ။

flowrepoem www.awdlibrary.co.cc
ဘုန်း၂ တပည့်တော် အလည်လာပါတယ် ဘုရား

တောသားလေး www.futurelife29.com
တပည့်တော် ပိုစ်အသစ်ကိုလာဖတ်သွားပါတယ်ဘုရား။

မင်းလှသားလေး minhlatharlay@gmail.com
ဘုန်းဘုန်း ကျန်းမာပါစေဘုရား

ကဗျာမလေး www.hninzaw.blogspot.com
ပထမဆုံး အကြိမ် လာရောက်ခြင်းပါ။

အမေ့သားလတ်(စကားဝါမြေ)
ဘုန်းဘုန်းတပည့်တော် စာဖတ်သွားပါတယ် ဘုန်းဘုန်းရေထားတာလေးတွေက အားကျဖို့ကောင်းလိုက်တာ ဘုန်းဘုန်းရဲ့ရည်မှန်းချက်တွေ အဆင်ပြေပါစေ...

မင်းလှသားလေး
ဘုန်းဘုန်း Ph.D အတွက်အစစ အရာရာ အဆင်ပြေပါစေဘုရား...

ဇွန်မ www.zonma.co.cc
တပည့်တော်မ လာရောက် ဦးတင်ပါတယ် ဘုရား။ ဘုန်းဘုန်း စာမေးပွဲကို အခက်အခဲမရှိ အေးချမ်းစွာ ဖြေဆို အောင်မြင်ပါစေဘုရား။

yamin www.hlayamin.com
နှစ်သစ်မှာ ပိုမိုအောင်မြင်ပြီး ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေနော်။

kyawtkyawt
တပည့်တော်သီတာ၈ဂုစတားကိုလာလည်သွားပါတယ်ဘုရား။

မမင်း
ပူးနေးပုံရိပ်က ကျောင်းသားဘဝ နေ့ရက်များကို အမှတ်ရစေသလို၊ မရောက်ဖူးတဲ့ ပူးနေးကို ရောက်ဖူးသွားသလိုလိ၊ ပူးနေးဆိုရင်ပဲ ရင်းနှီးသွားသလိုလို ခံစားရပါတယ်။ ကျေးဇူးတင်ပါတယ် ဘုန်းဘုန်း။

ေ၀၇
လှဆန်းယဉ်က မမစပယ်၇ဲ့အိပ်ဖွင့်ပေးစာလေး ဖတ်ခဲ့ပါတယ် ၀မ်းသာပါတယ်။

မြမွန်
ဖြေနိုင်ပါစေလို့ ဆုတောင်းပေးနေတယ်နော်

ရွှေလမ်းငွေလမ်းဝင်းကြည်
ကြည်ညိုလေးစားစွာ လာရောက်သည်ဘုရား။

ဦးနန္ဒာစာရ
သီတဂူစကားဆိုတဲ့အမည်ကိုတွေ့ဘူးနေတာကြာပြီ ဆိုက်ကိုတော့ အခုမှရောက်ဖူးပါတယ် အရမ်းသဘောကျမိပါတယ် ပိုမိုအောင်မြင်ပါစေ။

မော်ကွန်းသစ် www.newmawkun.blogspot.com
ဘဘဦးလေး နောင်တော် ဘုန်း နေကောင်းစာမေးပွဲ အောင်စေရာသတည်း။ အိမ်အပြန် အောက်ဆုံးအပိုဒ်ကလေး သဘောကျမိပါသည်။

သွယ်
ဒီမှာ သင်္ကြန်ရုံးပိတ်ရက်လေ- စာမေးပွဲပြီးတော့ ဘာတွေလုပ်နေလဲဘုန်းဘုန်း။

မောင်အောင်ထက် ဘုန်းဘုန်းဖြေနိုင်ပါစေ။

flowerpoem www.awdlibrary.co.cc စာမေးပွဲ တွေ ဂုဏ်ထူးနဲ့ အောင်ပါစေ ဘုရား

မြလေးသျှင်
စာမေးပွဲဖြေဆိုမယ့် ဦးဇင်းလေး အောင်အောင်မြင်မြင် ဖြေဆိုနိုင်ပါစေနော်..တပည့်တော်လည်း ဇွန်မှာဖြေရတော့မယ်...ပိုစ့်တွေစာမေးပွဲပြီးမှ တင်တာ ကောင်းပါတယ်ဘုရား..

အောင်ကျော်တိုး ကပ္ပိယ လာသွားတယ်...ခိခိ

ကိုညီ ဘုန်းဘုန်းကျန်းမာချမ်းသာပါစေဘုရား

မဗေဒါ ရောက်လာခဲ့သည်ဘုရား..

ရွှေမြန်မာ www.hlayamin.com
လာရောက်လည်ပတ် ဖတ်မှတ်သွားပါတယ်ရှင်။

မမပန်း
ဦးဇင်းလေးစာမေးပွဲ ကောင်းကောင်းဖြေနော်၊ ဘလော့်မှာ စာမေးပွဲတင်ထားတာ ၀ိုင်းဖြေပေးမဲ့သူကို ရှာတာလား ကျန်းမာရေးလဲ ဂရုစိုက်အုံးနော်။

shinoakkantha shinoakkantha@gmail.com
ဦးဇင်း တပည်တော် ဦးဇင်းကို အားကျလိုက်တာ တနေ့ ဦးဇင်းလို ဖြစ်အောင်လုပ်မယ်လို့ ကတိပေးတယ်ဗျာ၊ ခုတော့ရန်ကုန်မှာ အငယ်တန်းတောင် မအောင်သေးဘူးဘုရား၊ ဘ၀မှာ အောင်မြင်ခြင်းတွေကို အစဉ်အမြဲ လှမ်းကိုင်ဆွတ်ခူးနိုင်ပါစေလို့။

မှတ်ချက်။ ။ စီဘောက်မှ ပီတိစကားများကို ပြုပြင် ပြင်ဆင်ခြင်းမရှိဘဲ မူရင်းအတိုင်း ကော်ပီဆွဲတင်ထားသည်။ ရှေးပိုင်းက စီဘောက်သန့်ရှင်းရေးထဲ ပါသွားတဲ့ ပီတိစကားလေးတွေကို နှမျှောတသဖြစ်မိပါတယ်။


အားလုံး အထူးကျေးဇူးတင်ပါသည်။ ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၆-၆-၂၀၁၀

05 June 2010

အကြံပြုစာတမ်း အပိုင်း(၂)


မိတ်ဆက်

အရှင်မြတ်ကတော့ သီတဂူစတား ဘလော့ဂ်ကို ပထမဆုံးအကြိမ်ရောက်ဖူးသူ ဖြစ်ပြီး ဤကဲ့သို့ မှတ်ချက်ပေးပြီး စိတ်ဝင်းစာတာတွေ မေးထားခြင်းဖြစ်ပါတယ်၊ နဂိုက ပို့စ်အဖြစ်တင်ဖို့ စိတ်ကူးမရှိပါဘူး သို့သော်လည်း ဤကဲ့သို့မေးခွန်းမျိုး မေးလာသူက တစ်ယောက်မက ဖြစ်နေတာကြောင့် သူ့လိုပဲ ပြည်ပပညာတော်သင် စိတ်ဝင်စားသူတွေ ရှိနေမှာပဲ။ သိလည်းသိချင်နေကြမှာပဲဆိုပြီး အတွေးတစ်ခု ၀င်လာတာနဲ့ ဤပို့စ်တင်ဖြစ်သွာခြင်းဖြစ်ပါတယ်။ သူမေးလာတဲ့ မေးခွန်းက---

ဆရာတော်ဘုရား....
တပည့်တော်ဟာ အခုမန္တလေး မစိုးရိမ်တိုက်သစ်မှာ ဓမ္မာစရိယတန်းသင်ကြားနေဆဲ ဦးဇင်းတစ်ပါးပါဘုရား ဒီ(၁၃၇၂)ခုနှစ်မှာတော့ ကျမ်းပြီုးအောင်လုပ်မယ်လို့လည်း အားခဲထားပါတယ်ဘုရား ကျမ်းပြီးရင်နိုင်ငံခြားကို (M.A) ဆက်တက်ဖို့လည်း ရည်မှန်းထားပါတယ်ဘုရား တပည့်တော်သိချင်တာက သီရိလင်္ကာနဲ့ အိန္ဒိယ ဘယ်ကပိုပြီးသင့်တော်မလဲ ဥပမာ..ပညာသင်စရိတ် ပညာသင်ကြားမှု အခြေအနေ စသည်ဖြင့်ပေါ့ဘုရား.....
တပည့်တော် တွေ့ရသလောက်တော့ ကျမ်းပြီးလို့(M.A)သွားတက်ကြတဲ့ ဘုန်းကြီးတွေက သီရိလင်္ကာကို ကြွသွားကြတာများတယ်.....လောလောဆယ်တော့ နိုင်ငံခြားပညာသင်ကြွသွားကြတာတွေ စုံစမ်းနေတုန်းမို့ ဆရာတော်ဆီကို အခုလို အကြံညာဏ်တွေတောင်းရတာပါဘုရား.....
myochit kyi

အရှင်ရေ-
ရှေးဦးစွာ ကျေးဇူးတင်ပါတယ်ဟု လျှောက်ထားပါသည်။


အကောင်းဆုံးက ပြည်ပ ပညာတော်သင်သွားတာ စာချတန်း အနဲဆုံးပြီးမှ သွားတာအကောင်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် ပြည်ပမှာ ပညာလာသင်သူတွေက စာချတန်းပြီးမှ လာတာ နည်းပါတယ်ဘုရား။ စာပေပရိယတ် ခိုင်မာတဲ့ အခြေအနေရောက်ကာမှ ပြည်ပပညာတော်သင် ထွက်တာ အကောင်းဆုံးလို့ မြင်ပါတယ်ဘုရား။ အရှင်ဘုရား အခုလို စာချတန်းပြီးမှ ပြည်ပကို ထွက်မယ်၊ စာချတန်းပြီးကို ပြီးရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေတာကိုက လူတော်တစ်ယောက်ဟု ဆိုနိုင်ပါတယ်ဘုရား။
ကိုယ့်ဘက်က ခိုင်မာတဲ့ စာပေရှိမှ အခြားဘာသာရပ်တွေ တိုးချဲ့သင်ကြားခြင်းသည် ကိုယ့်အတွက် ဘ၀အသစ် စိတ်အသစ် အတွေးအသစ် အမြင်အသစ်တွေနဲ့ လောကကြီးထဲသို့ ၀င်ဆန့်နိုင်ပါမှာဘုရား။ လောကကြီးက သင်စရာတွေ များလှပါတယ်ဘုရား၊ ထို့ကြောင့် တပည့်တော်တို့ ရဟန်းတော်များ ဧ၀ံ မေ သုတံ နှင့်ပဲ အချိန်ကုန်ပြီး ဟိုမရောက် ဒီမရောက်ဖြစ်နေကြတော့ ကိုဝိမုတ္တိသုခရဲ့ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်မျိုးတွေ ပေါ်ပေါက်လာတာပေါ့ဘုရား။ အဲဒါလဲ သူ့မှာ အပြစ်မရှိသလို ဘ၀ပေး အခြေအနေကြောင့်ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် ထိုဝဲဂယတ်ထဲက ရုန်းမထွက်နိုင်ကြတဲ့ သူတွေရဲ့ အပြစ်လို့လဲ မဆိုလိုပါဘူးနော်၊ လျှော့လျှော့ပေါ့ပေါ့တွေးရင်တော့ ကံကိုပဲ လွှဲချရာမှာပေါ့။ ကံကိုလွှဲချပြန်ရင်လဲ ကိုယ် ညံ့ရာကျမည်၊ ကံဆိုတာကိုက ကိုယ့်ရဲ့ အလုပ်ကိုး၊ ဒီနေရာနှင့်ပတ်သက်ပြီး Bill Gate ရဲ့ စကားလေးကို အမှတ်ရမိတယ်။ သူကပြောတယ် ‘‘သင်လူဆင်းရဲ လူမွဲဘဝဖြင့် မွေးဖွားလာခြင်းသည် သင်ညံ့၍မဟုတ်... သင်လူဆင်းရဲ လူမွဲဘဝဖြင့် သေဆုံးသွားလျှင်သာ သင်ညံ့၍ဖြစ်သည်..’’တဲ့။

ဘယ်သူ့ကိုမှ မရည်ရွယ်
အရှင်ဘုရားရဲ့ အကြံအဥာဏ်တောင်းတာနှင့် ပတ်သက်ပြီး တပည့်တော် ပို့စ်တစ်ခုတင်ရင်ကောင်းမလား ဆိုတဲ့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း စိတ်ကူးမိတယ်၊ ကိုယ်က တကယ့်ကို လိုလားသူတွေအတွက် ပို့စ်ကို ရေးတင်ပေးမယ့် အခြားသူတွေအတွက် ထိခိုက်သွားမှာကိုလဲ စိုးရိမ်ရတယ်ဘုရား။ ဒါ့ကြောင့် ဖေးဖေးမမလေး ခေတ်လိုပြောရင်တော့ ပါးပါးလေးပဲ ရေးပြီးတင်လိုက်ပါတယ်ဘုရား။ တစုံတရာကြောင့် တစ်ဦးတစ်ယောက်ကို ဤပို့စ်က ထိခိုက်နှစ်နာသွားတယ် ဆိုရင်တော့ တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲပဲ ရှေးဦးစွာ တောင်းပန်ထားပါတယ်။ ကိုဝိမုတ္တိသုခရဲ့ ပို့စ်ကိုဝေဖန်ထားတဲ့ အရှင်မြတ်များ ပြောသလိုပဲ တပည့်တော်တို့ မြန်မာနိုင်ငံမှာ ပရိယတ်မဟုတ် ပဋိပတ်မဟုတ် ယောင်ဝါးဝါးတွေ များနေတယ်ဆိုတာလဲ အမှန်ပါ။ အဲဒီအကြောင်း အကျယ် ရေးပြန်ရင်လည်း ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းနေသလိုပဲ၊ ကိုယ်ပဲ နာတော့မယ်။ သို့သော်မလည်း လမ်းဘေးနေ လမ်းဘေးစားနေတဲ့ သင်္ကန်းဝတ်တွေလည်းတွေ့နေရတယ်။ မနက် ဆွမ်းခံ နေ့လည်မှာတော့ အလှူခံပြီး ညမှာ သာသနာတော်ကို ဖျက်နေတဲ့ ရဟန်းအတုတွေလည်း များစွာတွေ့နေရပါတယ်။ ဒါတွေကိုတော့ သုတ်သင်ရှင်းလင်းဖို့လိုပါသည်၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုတာလို သူတစ်ယောက်ကြောင့် သာသနာတော်တစ်ခုလုံးကို အရုပ်ဆိုးအကျည်းတန်စေပါသည်။

ပြည်ပရောက် ကျောင်းသားများ

မြန်မာနိုင်ငံမှ ပြည်ပအသီးသီးသို့ ပညာတော်သင်ထွက်လာသော ရဟန်းတော်များမှာ ၁၀၀၀ (တစ်ထောင်) ကျော်ထိ ရှိနေပါပြီ။ အချို့လည်း ရဟန်းဘ၀ရသင့်ရထိုက်သော အထွဋ်ထိပ်ဘွဲ့များ (သ စ အ) ဓမ္မာစရိယကဲ့သို ဘွဲ့များ ရရှိ ပြီးမှထွက်လာကြသည်၊ အချို့လည်း ဘွဲ့တစ်ခုခုရပြီးထွက်လာကြသလို ဘာဘွဲ့မှ မရခဲ့ဘဲ ထွက်လာသူတွေလည်းရှိပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် စွန့်စားထွက်လာတာကိုက ချီးကြူးရပါမည်။ သူငယ်ချင်းတွေ စုမိတဲ့အခါမှာပဲ ဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် စပ်မိစပ်ရာပြောကြရာဝယ် အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ အကြောင်း ပြောမိကြသည် ဆွေးနွေးဖြစ်ကြသည်။ တက္ကသိုလ်တစ်ခုတွင် မြန်မာရဟန်းတော် ၁၀၀ ကျော် ကျောင်းတက်နေကြောင်း၊ ထို ၁၀၀ကျော်သော ကျောင်းသားများတွင် ဓမ္မာစရိယ (စာချတန်း) ပြီး ရဟန်းတော် ၂ ပါးသာ ပါကြောင်း သိလိုက်ရသည်။ အခြားအခြား တက္ကသိုလ်တွေမှာလဲ ထိုနည်းတူစွာ ရှိဟန်တူသည်ဟု တွေးမိသည်၊ သီတဂူစတားကတော့ အကောင်းဘက်ကနေ တွေးကြည့်မိသည်၊ အကယ်၍ အဲဒီရဟန်းတော် (စာချတန်းမပြီးသေးသော ရဟန်း) တွေ မြန်မာပြည်မှာဆိုရင် ယောင်ဝါးဝါး ဖြစ်သွားနိုင်သည်၊ ပြည်ပထွက်လာတော့ အတွေ့အကြုံနှင့် စာပေအသိကနေ စိတ်ကူးတွေပြောင်းကာ ဘ၀ကို ရင့်ကျက်သွားစေလိမ့်မည်ဟု မျော်လင့်မိပါသည်။

ရည်ရွယ်ချက်သာ အဓိက
အရှင်ဘုရားက မေးတယ် သီရိလင်္ကာနှင့် အိန္ဒိယ ဘယ်တက္ကသိုလ်တွေက ပိုကောင်းသလဲပေါ့၊ ဘယ်တက္ကသိုလ်က ကောင်းတယ် မကောင်းဘူးလို့ ဖြေလိုက်ရင် တပည့်တော်တို့ အိန္ဒိယနှင့် သီရိလင်္ကာ ရန်ဖြစ်ရပါလိမ့်မယ်။ တက္ကသိုလ်တိုင်းမှာ အားနဲချက် အားသာချက်တွေ ရှိကြပါတယ်။ တပည့်တော် သိရသလောက်ပြောပြပါ့မယ်၊ အကယ်၍ မှားသွားရင်လဲ နားလည်ခွင့်လွတ်တော်မူကြပါဘုရား။

ဘယ်တက္ကသိုလ် ဘယ်တိုင်းပြည်က ကောင်းလဲဘုရားဆိုတဲ့ မေးခွန်းကိုတော့ အများစုကတော့ ကိုယ်တက်နေတဲ့ တက္ကသိုလ်သည်သာ အကောင်းဆုံးလို့ ဖြေကြပါလိမ့်မယ်ဘုရား။ အဲဒီတော့ အရှင်ဘုရား၏ ရည်ရွယ်ချက်အပေါ်မှာလည်းမူတည်ပါတယ်ဘုရား၊ အရှင်ဘုရားက ဘွဲ့ (certificate) သက်သက်ပဲ လိုချင်တာလား? ဒါမှမဟုတ် အင်္ဂလိပ်စာတတ်ချင်တာလား? ဒါမှ မဟုတ် ဗုဒ္ဓစာပေတွေကို လေ့လာချင်တာလား? ဒါမှမဟုတ် အခြား စိတ်ဝင်းစားစရာကောင်းတဲ့ ဘာသာရပ်တွေကို လေ့လာချင်တာလား? ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဘုရား။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံ မြန်မာဘုန်းကြီးတွေက သူများနိုင်ငံမှာ ဘာ့ကြောင့် ဗုဒ္ဓစာပေတွေ သွားသင်ကြသလဲဆိုတဲ့ ကိုရီယားသီလရှင်ရဲ့ မေးခွန်းကလဲ စဉ်းစားစရာပါဘုရာ။

မတူညီသော တက္ကသိုလ်များ
တက္ကသိုလ်တွေက တစ်ခုနှင့် တစ်ခု မတူညီကြပါဘူးဘုရား။ သိရိလင်္ကာ အမ်အေတန်းက one year course ဖြစ်ပါတယ်ဘုရား။ အိန္ဒိယတက္ကသိုလ်တွေက two years course တွေပဲများပါတယ်ဘုရာ။ နှစ်ကွာတာနဲ့ ကုန်ကျစရိတ်တွေလဲ ကွာသွားပါလိမ့်မယ်ဘုရား။ လေယာဉ်စရိတ်အလွတ် ဒေါ်လာ ၁၀၀၀ လောက်ပါရင် သိရီလင်္ကာတက္ကသိုလ် စရိတ် လုံလောက်သည်ဟု သိရပါသည်၊ သီရိလင်္ကာမှ အမ်အေတန်းပြီးသော သူငယ်ချင်း အပြောအရဖြစ်ပါသည်၊ သီရိလင်္ကာမှာကျောင်းတက်နေသော မြန်မာကျောင်းသားတွေအား တနှစ်ကို ဒေါ်လာ ၃၀၀ ကျော် လောက် စပွန်ဆာ ပေးနေသူတွေလည်း ရှိသည်ဟုမှတ်သားရပါသည်။ သီရိလင်္ကာက အမ်အေ ကျောင်းပြီးပါက ဒေါက်တာဘွဲ့အတွက် အများစုက အိန္ဒိယမှာပဲ လုပ်ကြပါသည်။ သို့သော်လည်း ပူနေးတက္ကသိုလ်က သီရိလင်္ကာ အမ်အေ certificate ကို one year course ဖြစ်သဖြင့် Ph.D အတွက် ပိတ်ပင်ထားပါသည်၊ လွန်ခဲ့သော ၃ နှစ်ကအထိ လက်ခံပါသေးသည်၊ သို့သော်လည်း သီရိလင်္ကာမှ အမ်အေ ပြီးလာသော ရဟန်းတော်တစ်ပါးနှင့် ကျောင်းသားရေးရာ ဌာနက ဒါရိုက်တာဟုထင်ပါသည် အပြန်အလှန် စကားပြောရင်း one year course ဆိုတာ သိသွားသဖြင့် သီရိလင်္ကာ အမ်အေ လက်မှတ်ကို အပိတ်ခံလိုက်ရသည်။ ဒါလဲ ဗဟုသုတအဖြစ် မှတ်သားစရာဖြစ်ပါသည်။ ကိုယ်တစ်ယောက်ကြောင့် အခြားကျောင်းသားတွေ အတွက် အခွင့်အရေးများ ဆုံးရှုံးသွားစေပါသည်။ ပူနေးကတက္ကသိုလ်က လွဲရင် အခြားတက္ကသိုလ်တွေမှာတော့ ကြည်ဖြူစွာ လက်ခံပါသည်။ သို့သော်လည်း စောစော ရဟန်းတော်တစ်ပါးလို ပြဿနာမဖြစ်ဘို့ အရေးကြီးပါသည်။

သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓစာပေထွန်းကားရာနိုင်ငံဆိုတော့ ဗုဒ္ဓစာပေကို သင်ချင်သူတွေအတွက်တော့ အိန္ဒိယထက် ပိုကောင်းမယ်လို့ ယုံကြည်မိပါသည်။ ပညာရေးစနစ်ဘယ်လိုလဲ ဆိုတာတော့ သီတဂူစတား မပြောတတ်ပါ။ ပူနေးတက္ကသိုလ်က ပါဠိဌာနမှာတော့ ကျောင်းသားတွေသည် အတော်လေး လုပ်ရပါသည်၊ Internal test နှင့် External test ဟူ၍ သီတဂူစတား တက်နေသော ဒဿနိကဗေဒ ဌာနကဲ့ procedure တွေနှင့် အလားတူဖြစ်ပါသည်။ အင်္ဂလိပ်စာတတ်ဘို့ကတော့ မြန်မာပြည်ကထဲက အခြေခံ ကောင်းကောင်းတတ်လာဘို့ အရေးကြီးပါသည်၊ ပြည်ပမှာက listening,speaking လောက်ပဲ ကောင်းကောင်း ရနိုင်ပါလိမ့်မယ်။

အိန္ဒိယတက္ကသိုလ်များ

အိန္ဒိယနိုင်ငံကြီးသည် အလွန်ကျယ်ဝန်းလှပါသည်၊ အိန္ဒိယပြည်ကြီးကို တောင်ပိုင်း မြောက်ပိုင်းဟူ၍ ၂ ပိုင်းခွဲကြည့်လျင် မြန်မာပြည်သူတွေ ဘုရားဖူးပဲဖြစ်ဖြစ်၊ သို့မဟုတ် ကျောင်းတက်ခြင်းပဲဖြစ်ဖြစ် အိန္ဒိယ မြောက်ပိုင်းမှာ အများဆုံးရှိကြသည်။ ခန့်မှန်းခြေ ကျောင်းသား ၃၀၀ နီးပါရှိမည်ထင်ပါသည်။
တက္ကသိုလ်တွေရဲ့ အခြေအနေမတူသလို အကုန်အကျလဲ အရမ်းကွာခြားပါတယ်။ မြောက်ပိုင်းတက္ကသိုလ်များဖြစ်သော နာလန္ဒ၊ မာဂဓ၊ ဗာရာဏသီက ဆန်စခရစ်တက္ကသိုလ်များသည် တောင်ပိုင်းတက္ကသိုလ်များထက် ဈေးအရမ်းသက်သာပါသည်၊ အင်္ဂလိပ်စာတိုးတက်ဘို့ အခွင့်လမ်းနည်းနိုင်သည်ဟု ဗာရာဏသီကျောင်းသားတစ်ယောက် အပြောအရ သိရပါသည်၊ အများစုက ဟိန္ဒီစကားပဲပြောကြသည့်အတွက် အဲဒီမှာ ပညာသင်ကြားနေသော ရဟန်းတော်များသည် ဟိန္ဒီစကား ကောင်းကောင်းပြောနိုင်ကြသည်။ မြန်မာပြည်မှာကထဲက အင်္ဂလိပ်စာပါခဲ့သူများကတော့ ပိုတိုးတက်နိုင်သည်ဟူ၍လည်း ပြောပါသည်။ အိန္ဒိယတက္ကသိုလ် အများစုက ပရော်ဖဆာတွေက ဗုဒ္ဓစာပေနှင့်ပတ်သက်လာလျှင် ကိုယ်တတ်ထားသလောက် မတတ်ကြပါ၊ အကြီးတန်းပြီးထားတဲ့ မြန်မာကျောင်းသားသည် အဲဒီတက္ကသိုလ်တွေက ပရော်ဖဆာ အရည်အချင်းရှိပါသည်။ မြန်မာရဟန်းတော်များ ၃၀၀ ၀န်းကျင်လောက် အဲဒီမြောက်ပိုင်းမှာ စုနေကြပါသည်။ ပြည်ပကျောင်းတက်သူတိုင်း အမ်အေဘွဲ့တွေရ ဒေါက်တာဘွဲ့တွေ ချိတ်ထားပြီး အရည်းအချင်းရှိသည်ဟူ၍မဆိုနိုင် အချို့လည်း ဘွဲ့ရမည်ကာမတ္တပဲ ဖြစ်မည်ထင်ပါသည်။ တက္ကသိုလ်တွေ အဆင့်အတန်းကွာခြင်းကြောင့်မဟုတ် ပင်ကိုယ်အရည်အချင်းနှင့် ကိုယ့်ရဲ့ လုပ်အားပေါ်မှာ မူတည်ပြီး ဘွဲ့ရခြင်းတူစေကာမူ အရည်အချင်းတွေ ကွာနေကြခြင်းဖြစ်ပါသည်။ ပတ်ဝန်းကျင်ရဲ့ အနေအထားကြောင့်လဲ ပါဝင်ပါသည်။
တပည့်တော် အတွေးနော်၊ ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး မြောက်ပိုင်းတက္ကသိုလ်တွေ အကြောင်း ကောင်းကောင်းမသိပါ။ သို့သော် သီရိလင်္ကာကျောင်းစရိတ်သည် မြောက်ပိုင်းတက္ကသိုလ်များ၏ ကုန်ကျစရိတ်နှင့် သိပ်ကွာလိမ့်မည်မထင်ပါ။ အိန္ဒိယကျောင်းသားများသည် စပွန်ဆာအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၁၅၀လောက်သာ ရမည်ထင်ပါသည်။ သီတဂူစတားတော့ ၁၅၀ပဲရသည်၊ သီတဂူဆရာတော်ကြီးအဖွဲ့က ၁၀၀နှင့် အိန္ဒိယနိုင်ငံ မြန်မာရဟန်းတော် ကျောင်းသားများဖွံဖြိုးရေးအဖွဲ့မှ ၅၀ ရရှိပါသည်။ ဤကား မြောက်ပိုင်းတက္ကသိုလ်များနှင့် ပတ်သက်ပြီး သီတဂူစတားသိသော အနည်းငယ်သော အကြောင်းရာများသာတည်း၊ အကယ်၍ အမှားပါက နားလည်ပေးတော်မူကြပါ။

တောင်ပိုင်းတက္ကသိုလ်များ
အိန္ဒိယတောင်ပိုင်းတက္ကသိုလ်များမှာ ဒေလီ၊ ဘုံဘေ၊ ဟိုက်ဒရာဘက်၊ ပူနေး စသောတက္ကသိုလ်ကြီးများသည်။ ပညာရေးကောင်းသလို ဈေးတွေလည်းအရမ်းကြီးပါသည်။ ပညာတတ်ပေါသော နေရာများဖြစ်၍ အများစုက အင်္ဂလိပ်စကားပဲ ပြောကြသည့်အတွက် အင်္ဂလိပ်စကား တိုးတက်ဘို့ အခွင့်ရေးများစွာ ရနိုင်ပါသည်။ တက္ကသိုလ်များအဆင့်တန်းမြင့် ပတ်ဝန်းကျင်က ပညာတတ်အသိုင်းအ၀ိုင်းများ ဖြစ်ပေမဲ့ ကိုယ်က မကြိုးစားရင်တော့ ဘာမှ ဖြစ်လာမည်မဟုတ်။ ဘွဲ့ရမည်ကာမတ္တတွေပဲ ဖြစ်မှာအမှန်ပင်။
ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး တောင်ပိုင်းတက္ကသိုလ်များတွင် တစ်ခုနှင့်တစ်ခု သိပ်အကွာကြီးမဟုတ်လှ။ အများစုသော တက္ကသိုလ်များမှာ အမ်အေတန်း ၂ နှစ်စာအတွက် ကုန်ကျစရိတ် အနည်းဆုံး ဒေါ်လာ ၄၀၀၀ (လေးထောင်)ကျော်မှာရှိပါသည်။ ချွေတာသုံးဘို့လိုပါသည်။ ဈေးကြီးသလို တကယ်လည်း လုပ်ရတဲ့တက္ကသိုလ်တွေ ဖြစ်ပါသည်။ ပူနေးတက္ကသိုလ်အကြောင်းကိုတော့ တပည့်တော်ရဲ့ ၀က်ဘဆိုက်မှာ ဖတ်ကြည့်ပါဘုရား။ များစွာ အထောက်ကူပေးပါလိမ့်မယ်ဘုရား။ တက္ကသိုလ်ဝင်ခွင့်၊ ဗီဇာကိစ္စ၊ ကျောင်းစာတွေနှင့်ပတ်သက်တာတွေကို ကျွန်ုပ်နှင့်ဖီလိုဆိုဖီ အပိုင်း ၁ မှ ၃ အထိတင်ထားပါသည်၊ ပူနေးကျောင်းသားဘ၀ ဆိုတဲ့ ပို့စ်တွေမှာလည်း လေ့လာနိုင်ပါသည်။

နိဂုံး
ဘယ်တက္ကသိုလ်က ကောင်းတယ် မကောင်းဘူး၊ ဘယ်တက္ကသိုလ်က အဆင့်တန်းမြင့်တယ် မမြင့်ဘူးဆိုတာထက် ကိုယ်ကိုတိုင် ကြိုးစားဘို့လိုကြောင်း၊ နဂိုရှိမှ နဂိုင်းထွက်မည်ဆိုတာလို ပင်ကိုယ်အရည်အချင်းရှိဘို့က အဓိကဖြစ်ပါသည်။ ဘယ်တက္ကသိုလ်က ဘယ်ဘွဲ့ပဲရရ အရည်အချင်းရှိဘို့နဲ့ အလုပ်လုပ်နိုင်ဘို့သာ အဓိကဖြစ်ပါသည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ် ပါချုပ်ဆရာတော်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မော်ကွန်းထိန်းနှင့် မန္တလေး နပသ ပါချုပ်ဆရာတော်တို့သည် အမ်အေကို သီရိလင်္ကာမှ၎င်း ဒေါက်တာဘွဲ့ကိုတော့ အိန္ဒိယ မဂဓတက္ကသိုလ်မှ၎င်း ပြီးခဲ့ကြပါသည်။ ဆိုလိုသည်မှာ ပင်ကိုယ်က (သ စ အ) ဓမ္မာစရိယနှင့် သာမဏေကျော်ဘွဲ့များ ရထားခြင်းတို့ကြောင့် ပင်ကိုယ်ကိုက အရည်အချင်းရှိနေပါသည်။ ထို့ကြောင့် ရဟန်းတော်များအနေနှင့် အနည်းဆုံး ဓမ္မာစရိယ (စာချတန်း) လောက်တော့ ပြီးထားသင့်ပါကြောင်းလည်း ထပ်လောင်း အကြံပြုပါသည်။
မှတ်ချက်။ ။ မည်သည့် တက္ကသိုလ်မှာတက်ဖို့ပဲဖြစ်ဖြစ် ကြိုတင်ပြီး အင်္ဂလိပ်စာ ကောင်းကောင်းသင်ခဲ့ဘို့လိုပါသည်၊ အထူးသဖြင့် အင်္ဂလိပ်လို စာများများ သွက်သွက် ရေးနိုင်ဘို့နှင့် နားကြားစွမ်းရည်များ လေ့ကျင့်ခဲ့ဘို့ လိုပါသည် ဘုရား။ ဤကား သီတဂူစတား၏ အတွေ့နှင့်အသိတည်း။

ရွင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
ပူနေးတက္ကသိုလ်၊ အိန္ဒိယ
၅-၆-၂၀၁၀

02 June 2010

အကြံပြုစာတမ်း

ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်နိုင်ပါသည်။

ဒကာတော် ၀ိမုတ္တိသုခ
ဒကာတော်ရဲ့ဆောင်းပါးကို ဖတ်ကြည့်ပြီးပါပြီ။ ဖတ်ပြီး ဝေဖန် အကြံပြုပေးပါဦးဆိုလို့ မှတ်ချက်ပေးပါတယ်။ အားလုံးကောင်းပါတယ်။ ထောက်ပြသွားတာတွေလည်း မှန်ကန်ပြီး လက်တွေ့ကျပါတယ်။ ဘုန်းဘုန်းရဲ့ အတွေ့အကြုံနှင့် အမြင်သဘောလေးတော့ နဲနဲပြောပါဦးမယ်၊ ဘုန်းဘုန်းက ဗဟုသုတနည်းပါတယ်၊ စာဖတ်လဲနည်းတယ်၊ အမြင်အားဖြင့်လဲ မထက်မြတ်ဘူး။ ထို့ကြောင့် ဒကာတော်၏ တောင်းဆိုမှုအရ စာရေးရတာပါ။ မပြည့်မစုံ သို့မဟုတ် မလိုအပ်ပါက ပယ်သင့်တာပယ်ပြီး ဖြည့်သင့်တာ ဖြည့်စွက်တွေးပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ကြီးပြင်းလာတဲ့ အခြေအနေ မတူညီသလို အတွေးအခေါ် အယူဆနှင့် ခံယူချက်တွေလည်း မတူညီကြပါဘူး။ ဘုန်းဘုန်းရဲ့ ခံယူချက်သည်လည်း အများနှင့် တူမည်ဟူ၍ မယုံကြည်ပါဘူး။

သာသနာတော် ၀င်ရောက်လာသူများ
မြတ်ဗုဒ္ဓလက်ထက်တော်ကထဲက မြတ်ဗုဒ္ဓ၏နောက်လိုက် အဖြစ်ဝင်ရောက်လာ သူတွေကတော့ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေရီ၊ သိက္ခမာန်နှင့် ဥပါသကာတွေပဲ ဖြစ်ကြပါတယ်။ ဆိုလိုတာက မြတ်ဗုဒ္ဓ၏ တပည့်သာဝက အဖြစ် ရဟန်းဘောင်နှင့် လူ့ဘောင်ရယ်လို society နှစ်ခုဖြစ်လာပါတယ်။

သာသနာ့ဝန်ထမ်းနှင့် သာသနာတော်ကို ထောက်ပံ့သူရယ်လို့ အဖွဲ့စည်း ၂ရပ်ဖြစ်ပါတယ်။ ဒကာတော်ရဲ့ ပို့စ်နှင့်ပက်သက်ပြီး သာသနာတော်ကို ထောက်ပံ့သူတွေအတွက် ဆွေးနွေးစရာမလိုဘဲ သာသနာ့ဝန်ထမ်းတွေအတွက် ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒကာတော် ပြောသလိုပါပဲ မြတ်ဗုဒ္ဓလက်ထက်တော်ကထဲက သာသနာတော်ကို ၀င်ရောက်လာသူတွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ဖြစ်ပါတယ်။ မထူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ၀င်ရောက်လာကြတာဖြစ်ပါတယ်။ ယနေ့ မျက်မှောက်ခေတ်မှာလဲ ထိုနည်းတူစွာပဲ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ၀င်ရောက်လာကြတာဖြစ်ပါတယ်။ အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒ၊ အရှင်မဟာကဿပ စသော များစွာသော မထေရ်များသည် မင်းမျိုးမင်းနွယ်များ၊ ဇာတ်မြင့်များ၊ ဗြဟ္မဏမျိုးနွယ်များ၊ ကုန်သည် ပွဲစားများ၊ သူဌေးနွယ်များမှ ၀င်ရောက်လာသူများ ဖြစ်ကြသလို ဆင်ရဲနွမ်းပါးတဲ့ ဘ၀မှရောက်လာသူတွေလဲ ရှိကြပါတယ်။ စာထဲမှာတော့ မထေရ်အများစုဟာ မင်းမျိုး သူကြွယ်မျိုးများမှ ၀င်ရောက်လာတွေဖြစ်ကြပါတယ်။ ရာဓပုဏ္ဏားကဲ့သို့သော လယ်သမား ယာသမား သူဆင်းရဲဘ၀မှာ ၀င်ရောက်လာတဲ့ သူတွေလဲများစွာရှိပါတယ်။ ဘ၀အဆင့်အတန်းမတူပေမဲ့ ဘ၀သံသရာ လွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းဖြစ်ပါတယ်။ သို့သော်လည်း ရာဓပုဏ္ဏားကြီးသည် ဆင်းရဲနွမ်းပါး၍ ရဟန်းတော်များ၏ စားကြွင်းစားကျန်များကိုသာ စားရင်း ရဟန်းဘောင်ရောက်ကာ ရည်ရွယ်ချက်မရှိတဲ့ လွတ်မြောက်မှု ရသွားပါတယ်။ ဆိုလိုတာက ရည်ရွယ်ချက် မရှိပေမဲ့ သာသနာ့ဘောင်အတွင်း ရောက်လာတာနဲ့ အသွင်အပြင် ပြောင်းလဲကာ စိတ်နေစိတ်ထားတွေလဲ ပြောင်းလဲလာနိုင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အတွေ့အကြုံကြောင့်သော်၎င်း စာပေကပေးတဲ့ အသိစိတ်ကြောင့်သော်၎င်း ရည်ရွယ်ချက်သည်လည်း မြင့်မားလာနိုင်တာတွေလဲ အများအပြားတွေ့နိုင်ပါတယ်။

သီတဂူစတားဘဝ
သီတဂူစတားရဲ့ ဘ၀အကြောင်းလေးနဲ့ ပြောပြပါ့မယ်။ သီတဂူစတားက လေးတန်းကျောင်းသား ဘ၀ကနေပဲ သာသနာ့ဘောင် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဘ၀က တောမှာမွေးတော့ လယ်သမား ယာသမားမိသားစု ဘ၀ဆိုတော့ ဆင်းရဲတယ်လို့ပြောရမှာပေါ့။ အဲဒီခေတ်အခါက ယခုလို ပညာရေးလိုက်စားတဲ့ ခေတ်ကာလ မဟုတ်သေးတော့ လေးတန်းအောင်တာနဲ့ ကျောင်းထွက် အလုပ်လုပ်ကြတာများပါတယ်။ အခုခေတ်မှာတော့ ရဟန်းရော လူဝတ်ကြောင်ရော ဘွဲ့ရ ကျောင်းပြီးတွေ များလာပါတယ်။ ဘွဲ့ရပေမဲ့ ဘွဲ့နှင့်ထိုက်တန်တဲ့ အလုပ်မရကြပါဘူး၊ တောမှာပဲ လယ်လုပ်စားကြခြင်းဖြစ်ပတယ်၊ ဘွဲ့ရ လယ်သမားကြီးတွေနှင့် ဘွဲ့ရ လက်သမားဆရာတွေပေါ့။

သီတဂူစတား လေးတန်းကျောင်းတက်နေချိန်အခါက သူငယ်ချင်းတွေက တစ်ယောက်ပြီးတစ်ယောက် စာသင်ကျောင်းကထွက် ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ် စာသင်ကြတော့ သီတဂူစတားလဲ ကိုရင် (သာမဏေ) ၀တ်ချင်စိတ်ပေါက်လာတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်မှာပဲ အမရပူရက အဖေ့၏ အမက အလှူကြီးပေးတော့ မောင်ရှင်လောင်းဝတ်ပြီး သာမဏေ တစ်ခါတည်းဝတ်ဖြစ်ခဲ့ပါတယ်။ သာမဏေဘ၀မှာ အရမ်းကို ပျော်နေပါတယ်။ စာသင်ကျောင်းက ကျောင်းအုပ်ဆရာကြီးရော ဘုန်းဘုန်းရဲ့ မယ်တော်ကြီးရော ကျောင်းရောက်လာကြပါတယ်။ ကိုရင့်ကို လူထွက်ခိုင်းဘို့ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒ မအောင်မြင်ကြပါဘူး။ ယနေ့ဆိုရင် သီတဂူစတားဘ၀သည် အထိုက်အလျောက် ရဟန်းတော်များ ရသင့်ရထိုက်တဲ့ အဆင့်အတန်း မဆိုသလောက်သော ဘွဲ့ကလေးများရရှိထားပြီးဖြစ်ပါသည်။ ယခုတဖန် ခေတ်ပညာအနေနဲ့ Diploma in English, B.A (Buddhist Philosophy, M.A (Philosophy) ဘွဲ့တွေလဲ ရပြီးဖြစ်လို့ သိပ်မဆိုးသေးဘူးလို့ ပြော နိုင်ပါတယ်။
အဲဒီတော့ သီးတဂူစတားသည် ဘာရည်ရွယ်ချက်နဲ့ သာသနာ့ဘောင်ရောက်လာသလဲ ဆိုတဲ့ မေးခွန်းကို အတော် ဖြေရခက်ပါလိမ့်မယ်။ ဘ၀သံသရာ လွတ်မြောက်ဘို့ဆိုတာ အဲဒီအရွယ်မှာ ဘာမှ မသိသေးပါဘူး၊ ဆင်းရဲနွမ်းပါးလို့ ၀တ်တယ်လို့ ပြောရအောင်လဲ တောသဘာဝအလျောက် မဆင်းရဲခဲ့ပါဘူး၊ ဘာရည်ရွယ်ချက်မှ မရှိခဲ့ပေမဲ့ သူငယ်ချင်းတွေ များစွာရှိနေတော့ သာသနာ့ဘောင်မှာ ပျော်နေပါတယ်။ ယခုအချိန်အထိ ဆိုပါတော့။ ရှေးပါရမီကြောင့်ပဲလား မပြောတတ်ပါ။ ရည်ရွယ်ချက်မရှိခဲ့သော သီတဂူစတားတော့ အခုအချိန်မှာ ကိုယ်စွမ်းရာဖြင့် ကိုယ့်သာသနာ ကိုယ့်ပြည်ရွာကို တိုးတက် သာယာစေချင်တဲ့ ဆန္ဒ အပြည့်အ၀ရှိနေပါတယ်။ သီတဂူစတားလိုပဲ များစွာသော ရဟန်းတော်တွေလဲ အဲဒီဆန္ဒမျိုး ရှိကြပါသည်၊ အထိုက်လျောက်လဲ ကိုယ်တပိုင်တနိုင်သော်၎င်း သီတဂူစတားတို့လို အဖွဲ့အစည်းတရပ်အောက်မှာသော်၎င်း အလုပ်လုပ်နေကြပါတယ်။
သို့သော်လည်း ဒကာတော် ပြောသလိုပဲ မြန်မာပြည်အနှံ့အပြားမှာတော့ အသက်ကြီးမှ သာသနာ့ဘောင် ၀င်ရောက်လာသူတွေရော၊ ငယ်ငယ်ကထဲက ၀င်ရောက်လာသူတွေရော များစွာတွေ့မြင်နိုင်ပါတယ်။ ဘ၀အမျိုးမျိုး အသွင်အမျိုးမျိုး ရည်ရွယ်ချက်အမျိုးအမျိုးနဲ့ပေါ့။ စာသင်တိုက်ကြီးတွေနှင့် ရိပ်သာကြီးတွေကလွဲ၍ အချို့သော ကျောင်းငယ်လေးတွေမှာ ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါးဘ၀နဲ့ ဘ၀ကို ရုန်းကန်နေသူတွေလည်း များစွာတွေ့မြင်နေရပါတယ်။ စာသင်တိုက်ကြီးတွေကပဲ ဖြစ်ဖြစ် စာသင်တိုက်သေးသေးလေးတွေကပဲ ဖြစ်ဖြစ် အခြားကျောင်း ပုံစံကပဲဖြစ်ဖြစ် အကြောင်းအမျိုးအမျိုးကြောင့် သာသနာ့ဘောင်ကနေ စွန့်ခွါသွားသူတွေလည်း များစွာ တွေ့မြင်နေရပါတယ်။

ပြဿနာ
ပြဿနာက ဒကာတော်ပြောသလိုပါပဲ သာသနာဘောင်ကို စွန့်ခွါသွားသောအခါ လူဝတ်ကြောင်ဘ၀မှာ ကိုယ်တက်ထားတဲ့ ပညာရပ်တွေက အံခွင်အံကျ မဖြစ်ပဲကိုး။ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ ရခဲ့လည်း ရေးတတ်ဖတ်တတ် စာရင်းထဲ ထည့်သွင်းခံရတာပဲ။ ထိုဘွဲ့သည် ရဟန်းဘ၀မှာတော့ အမြင့်စားဘွဲ့ထူးထဲတွင်ပါဝင်သည်။ အဲဒီတော့ ဒကာတော်က ထို လူပျံတော်များအတွက် ရည်ရွယ်၍သော်၎င်း သာသာနာတော်၏ အကျိုးအတွက်သော်၎င်း၊ လူ့ဘောင်လူလောက အဖွဲ့အစည်းကြီး၏အကျိုးအတွက် ၎င်း ရည်ရွယ်သည်ဆိုတာလည်း အလွန်ကောင်းပါသည်။ စာပေထွန်းကားသော နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် စီးပွားရေးဘွဲ့ပညာ မဟုတ်သော ပါဠိစာပေနဲ့ပဲဖြစ်ဖြစ်၊ ဆန်စကရစ်ဘာသာနဲ့ပဲဖြစ်ဖြစ် ဘွဲ့တစ်ခုရရှိပါက ထိုဘွဲ့နှင့်တန်သော အလုပ်ရကို ပေးနိုင်သည်။ ဘွဲ့မရွေး ပုဂ္ဂိုလ်မရွေး သူ့အရည်ချင်းနှင့်တန်သည့် အလုပ်ကတော့ ရမှာ အသေအချာပင်ဖြစ်သည်။ ဒါ့ကြောင့် ဒေလီတက္ကသိုလ်တွင် ဗုဒ္ဓစာပေဌာနမှူးသည် ရဟန်းတော်တပါးဖြစ်ပါသည်၊ လစာ ကောင်းကောင်းပေးထားသည်။ အလုပ်မပေးနိုင်သော နိုင်ငံတွေအတွက်တော့ ဘာဘွဲ့နှင့်ပဲ ကျောင်းပြီးပြီး အလုပ်တစ်ခုရဘို့ ပိုက်ဆံများစွာကုန်ရသည့်အပြင် တခါတရံ ရဖို့ပင်မလွယ်၊ စီးပွားရေးနှင့်ဆက်နွယ်မှုမရှိသော ရဟန်းတော်များရရှိသော ဘွဲ့ကဲ့သို့သော ဗုဒ္ဓစာပေဆိုင်ရာ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ဒဿနိကဗေဒစသော ဘွဲ့များကိုတော့ အသက်မွေးဝမ်းကျောင်း အလုပ်အတွက် ထည့်သွင်းစဉ်းစားလိမ့်မည် မဟုတ်။ သို့သော်လည်း စာပေးကိုတန်ဖိုးထားသည့် နိုင်ငံတွေကတော့ မည်သည့်ဘွဲနှင့်လာလာ ဘွဲ့နှင့်ထပ်တူ အလုပ်ကိုတော့ ရမှာမလွဲဧကန်။ ဤကဲ့သို့သော ပြဿနာမျိုးကို ဘယ်သူတွေ ဖြေရှင်းပေးနိုင်သလဲ? ဘယ်လို ဖြေရှင်းကြမလဲ? ဆိုတာ စဉ်းစားဖို့လိုပါသည်။

ပညာရေး
အဲဒီတော့ ဒကာတော်၏ ပို့စ်သည် ပညာရေးအပြောင်းအလဲဖြင့် ရည်ရွယ်ချက်တွေ မျှော်လင့်ချက်တွေ ပြောင်းလဲစေပြီး society နှစ်ခုအတွက် အကျိုးများစေမယ်လို့ ဆိုပါတယ်။ ပညာရေးဖြင့် မြှင့်တင်ဘို့ဆိုတာ နိုင်ငံတော်အစိုးရ၏ အကူအညီ များစွာ လိုအပ်ပါသည်၊ လူအများစု စိတ်ဝင်းစား အသိအမှတ်ပြုသည့် ပညာရေးသည် နိုင်ငံတော်က ထိန်းချုပ် စီမံသည့် စာမေးပွဲ ပညာရေးစနစ်ဖြစ်သည့်အားလျော်စွာ အစိုးရ၏အထောက်အပံ့ များစွာလိုအပ်ပါသည်။ ဥပမာ- နိုင်ငံတော်ကကျင်းပသည့် ပထမပြန်နှင့် ဓမ္မာစရိယ ပညာရေးစနစ်ကိုပဲ ကြည့်ပါ။ ပညာရေးအပြောင်းအလဲသည် ထိုပညာရေးကို ချုပ်ကိုင်ထားသော နိုင်ငံတော် အစိုးရမှာ မူတည်ပါသည်။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးသည် ပထမပြန်စာမေးပွဲများတွင် အင်္ဂလိပ်စာနှင့် သချာင်္ဘာသာရပ်များ ထည့်သွင်း သတ်မှတ်ဘို့ တင်သွင်းခဲ့ဘူးသည်။ အကြီးအကျယ် ကန့်ကွက်ခံရဖူးသည်။ သို့သော်လည်း ခေတ်ကာလက တောင်းဆိုလာတော့ ထိုစာမေးပွဲများထဲတွင် ထည့်သွင်း မသတ်မှတ်ခဲ့ပေမဲ့ ယနေ့ခေတ်တော့ ထိုခေတ်ပညာရပ်များကို တွင်တွင်ကျယ်ကျယ်ကြီး လိုက်စားလာသည်ကို တွေ့နိုင်ပါသည်။

၂၀၀၈ ခု မေလက ရန်ကန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (နပသ)တွင် ပါဠိပညာတိုးတက်ရေးအတွက် ပညာရေးနှီးနှောဖလှယ်ပွဲတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကိုယ်စား သီတဂူစတား စာတမ်းတစ်ဆောင်တင်သွင်းပြီး ၀င်ရောက် ဆွေးနွေးခဲ့သည်၊ တက္ကသိုလ်ပေါင်းစုံက ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက ဆရာ ဆရာများတက်ရောက်ကြသည်။ အဲဒီပွဲမှာ စာတမ်းရှင်တစ်ယောက်က ပထပြန်စာမေးပွဲများထဲတွင် အင်္ဂလိပ်စာ ထည့်သွင်းဘို့တင်သွင်းခဲ့ပြန်ပါတယ်။ သို့သော်လည်း ညွှန်ချုပ်က ပြောသည်မှာ တပည့်တော်တို့ စာမေးပွဲ ပြဌာန်းစာတွေ ပြင်ဆင် ဖြည့်စွက် ပြောင်းလဲဘို့ဆိုတာ သိပ်မလွယ်ကူပါဘူးဘုရား၊ အချိန်တော်တော် ယူရပါမည်ဘုရားဟူ၍ ပြန်လည်လျှောက်ထားလိုက်သည်မှာ အားရစရပင်။ ယနေ့ခေတ် လူငယ်အများစုကတော့ အပြောင်းအလဲလေး ဖြစ်စေချင်နေကြသည်၊ အထူးသဖြင့် ပညာရေးသည် ရှေးရိုးလမ်းစဉ်ဖြစ်နေသည် ခေတ်မမီတော့ ဟူ၍ ဝေဖန်နေသူတွေလဲ တွေ့ရပါသည်။ တစ်ခုကို ယူရင် တစ်ခုခုတော့ စွန့်လွတ်ရပါလိမ့်မယ်။

ဘယ်အရာကိုယူမလဲ?

အားနဲမှု အားသာမှုတွေ ရှိပါတယ်။ နှစ်ခုလုံး တပြိုင်တည်းတိုးတက်ဖို့ဆိုတာ မလွယ်ကူလှပါ။ တစ်ခုကို ဇောင်းပေးလျင် တစ်ခုက အားနဲပြီး မှေးမိန် ပျောက်ကွယ်သွားပါလိမ့်မယ်။ သာသနာတော်ဘက်က ကြည့်လျင် ထိုခေတ်ပညာရေးများထည့်သွင်းလာပါက သာသနာတော်အတွက် အားနည်းမှုများဖြစ်လာပါလိမ့်မည်ဟူ၍ ပါမောက္ခချုပ်ဆရာတော်ကြီးက ပြောဖူးသည်။ ခေတ်ပညာများ ထည့်သွင်းလာပါက စာသင်သားများသည် သူတို့၏ အာရုံ နှလုံးသွင်းမှုကိုလည်း ထိုဘာသာရပ်များအပေါ် နှစ်မြုပ်ရပါလိမ့်မည်။ ဗုဒ္ဓစာပေများသည် သို့မဟုတ် ဘုန်းတော်ကြီးသင် ပညာရေးများသည် ကိုယ်ကျင့်တရား၊ သဒ္ဓါတရားနှင့် အသိပညာများကို တိုးတက်စေဘို့အဓိက ရည်ရွယ်ချက်ဖြစ်သည်။ ထိုခေတ်ပညာရပ်များ ထည့်သွင်းလိုက်ပါက ဗုဒ္ဓစာပေဘက် အာရုံစူးစိုက်မှုနည်းသွားရုံမက spiritual စိတ်ဓာတ်ပိုင်းဆိုင်ရာတွေလဲ ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ- သီရိလင်္ကာပညာရေးကို စဉ်စားကြည့်ကြစို့၊ သီရိလင်္ကာပညာရေးသည် လောကီ လောကုတ် နှစ်မျိုးလုံးရောယှက် သင်ယူကြရသည်။ ဘုန်းတော်ကြီးများသည် ကျောင်းဆရာ၊ တက္ကသိုလ်ဆရာများအပြင် နိုင်ငံတော်၏ ၀န်ကြီးအဆင့်ရာထူးပါ ရနိုင်ပါသည်၊ လူဝတ်လဲသွားသည်ဖြစ်စေ မလဲဘဲ ရဟန်းဘ၀နဲ့ပဲ နေသည်ဖြစ်စေ ရာထူးအပြောင်းအလဲမရှိပါ။ အကျိုးရလာဒ်က မြန်မာနိုင်ငံမှာကဲ့သို့ တိပိဋက အာဂုံဆောင်နှင့် ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို သင်ယူရာ၌ နှံ့စပ်မှု နဲသွားသည်။ သို့သော် ခေတ်ပညာတက်သောကြောင့် သီရိလင်္ကာဆရာတော် စာရေးဆရာများသည် ကမ္ဘာ့မျက်နှာပြင်မှာတော့ ပိုပေါ်လွင်နေသည်ဟု ဆိုနိုင်ပါသည်။

အရှိအရှိအတိုင်း

ရဟန်းတော်များသည် သာသနာဘောင်၌ ပျော်လို့ပဲ နေနေ၊ မဖြစ်သာလို့ အောင့်အီးပြီးပဲ နေနေ၊ သာသနာအတွက် အနဲဆုံးအထောက်အကူတစ်ခုတော့ ရပါလိမ့်မည်။ အများဆုံးသော ရဟန်းတော်များသည် ပုထုဇဉ်များဖြစ်ကြသဖြင့် ၀ိသဘာဂ အာရုံတွေကြောင့် စိတ်အပြောင်းအလဲဖြစ်တာ မဆန်းပါ။ အသက်အရွယ် ကိုယ့်ရဲ့ပတ်ဝန်းကျင် နှင့် ဂုဏ်ဒြပ်တွေက ကိုယ့်ကိုယ်ကို ပြန်ထိန်းသိမ်းသွားနိုင်ပါတယ်။

ယနေ့ခေတ်တွင် ရဟန်းတော်အများစုသည် ခေတ်ပညာအချို့တက်ကျွမ်းနေကြပါပြီ၊ နိုင်ငံတကာတက္ကသိုလ်ကြီး ၂ ခုနှင့် သာသနာ့တက္ကသိုလ်ကြီး ၂ ခုမှ ခေတ်ပညာတတ် ရဟန်းတော်များ မွေးထုတ်ပေးနေပါပြီ။ ဒါ့ပြင် ပြည်ပ ပညာတော်သင် ရဟန်းတော်များသည်လည်း ၁၀၀၀ (တစ်ထောင်)ကျော် ရှိနေပါပြီ။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အင်တာနက် စသည် မရှိမဖြစ် တတ်ကျွမ်းရမည့် ပညာရပ်တွေလည်း တတ်မြောက်နေကြပါပြီ။ ကိုယ့်ဝါသနာ၊ ကိုယ့်ပါရမီအလျောက် ကိုယ့်ရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ နိုင်ငံတကာ အစည်အဝေးကြီးများလဲ ရဟန်းတော်များ ဦးစီးပြီး မြန်မာနိုင်ငံတွင် ၃ ကြိမ် ကျင်းပပြုလုပ်ပြီးဖြစ်ပါတယ်။ ထေရ၀ါဒရဟန်းတော်များတွင် မြန်မာရဟန်းတော်များက ဦးဆောင်နေကြခြင်းဖြစ်ပါတယ်။ အစိုးရ ပထမပြန်စာမေးပွဲတွင် ခေတ်ပညာများ မပြဌာန်းပေမဲ့ ၀ါသနာ၊ ဆန္ဒရှိတဲ့ သူများက လွတ်လွတ်လပ်လပ် ခေတ်ပညာများ သင်ယူခွင့်ရှိနေပါပြီ။ အကယ်၍ ထိုပညာရပ်များကို အစားထိုးပြီး ပထမပြန်တန်းတွေမှာ ပြဌာန်းပြီဆိုကြပါစို့၊ ထိုပညာဖြင့်အောင်မြင်ပြီးသော ရဟန်းတစ်ပါး လူဝတ်ကြောင်ဘ၀ ရောက်သွားသည့်အခါ သူ့အတွက် လုပ်တစ်ခု ဘယ်သူက ဖန်တီးပေးမလဲ? ဘယ်သူက အသိမှတ်ပြုပေးမလဲ? မြန်မာနိုင်ငံအခြေအနေသည် အခြား ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ သီရိလင်္ကာနိုင်ငံတို့နှင့် မတူညီပါ။ ရဟန်းဘ၀က ဘာဘွဲ့ပဲရရ လူဝတ်ကြောင်ရောက်က ရေးတတ်ဖတ်တတ်အဆင့်သာ စာရင်းသွင်းသည်။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများတွင် ရဟန်းတော် တစ်ပါး လူဝတ်လဲသွားပါက သူ ရခဲ့သော ဘွဲ့များဖြင့် အစိုးရအလုပ်တွေမှာပဲ ဖြစ်ဖြစ် အခြားပုဂ္ဂလိက အလုပ်တွေမှာပဲပဲ ဖြစ်ဖြစ် အလုပ်တွေက အဆင်သင့်ရှိနေသည်။ အဲဒီလိုဖြစ်ပြန်ရင်လဲ စီးပွားရေးနယ်ပယ်က ကောင်းပေမဲ့ သာသနာတော်အတွက် အနှုတ်လက္ခဏာပြနေသည်။ အိန္ဒိယမှာ ကျောင်းတက်နေသော ထိုင်းရဟန်းတော် ၈၅ ရာခိုင်နှုန်းသည် ကျောင်းပြီးသောအခါ လူဝတ်လဲ အလုပ်လုပ် အိမ်ထောင်ပြုကြဘို့ပဲ ဦးတည်နေသည်။
အဲဒီတော့ ရှေးဟောင်းနည်းလမ်းကိုလည်း မပယ်ဘဲ လမ်းသစ်တစ်ခုထွင်ပြီး ကိုယ်ဝါသနာပါရာ၊ ကိုယ်စွမ်းရာ ကိုယ်တတ်ရာ ပညာများကို ကိုယ်ပါရမီရှိသလောက် လွတ်လပ်စွာ သင်ယူစေတာ အကောင်းဆုံးဖြစ်သည်ဟုလဲ တွေးမိပြန်ပါသည်။ လမ်းဟောင်းပေါ် လမ်သစ်ဆင့်နည်းကို ကျင့်သုံးဖို့ပဲဖြစ်ပါသည်။ သာသနာတော်အတွက် သို့မဟုတ် ဘာသာရေး ရှုထောင့်ကို ဦးစားပေးမလား? စီးပွားရေး နှင့် လူမှုရေး ရှုထောင့်ကို ဦးစားပေးမလား?

သီတဂူုစတား၏ ဝေဖန် အကြံပြုချက်များသည် တိုက်ဆိုင်မှု မရှိခဲ့သော် ပယ်သင့်တာ ပယ်၊ ဖြည့်သင့်တာဖြည့်ပြီး နားလည်ပေးစေလိုပါသည်။

ရွင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၂-၆-၂၀၁၀


ဘုန်းဘုန်းဘုရား

ပြန်လည်ဝေဖန်အကြံပြုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဘုရား။
ဘုန်းဘုန်း ပြန်လည်ဆွေးနွေးထားတဲ့ အချက်တွေဟာ တော်တော်လေးကို စဉ်းစားဖို့  ကောင်းနေပါတယ်။
တပည့်တော် နောက်ထပ် ဘာသာရေး အကျိုးပြုဆောင်းပါး ထပ်ရေးဖို့  ကုန်ကြမ်းရစေပါတယ်ဘုရား။
ကျေးဇူးတကယ်တင်ပါတယ်ဘုရား။

ရိုသေစွာဖြင့်

ဝိမုတ္တိသုခ


ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes