သီတဂူစတား

သီတဂူစတား

24 October 2011

ရတနာဂီရိသို့ အမှတ်တရ

စာမိတ်ဆက်
စာရေးသူတော့ အခုတလော ဒကာကြီး ဦးကျော်ဆွေရဲ့ ကောင်းမှုနှင့် ဓမ္မဂီရိ (တရားရှိရာတောင်) ခရီးတွေကို သွားခွင့်ရသည်၊ မှတ်တမ်းများလည်း ကောင်းကောင်းရသည်။ ယခုတစ်ခေါက်တော့ ရတနာရှိရာ သို့မဟုတ် ရွှေတောင် ဟု အဓိပ္ပါယ်ရှိသည့် ရတနာဂီရိ ခရီးဖြစ်သည်၊ ရတနာဆိုတော့ ဘာရတနာရှိမှန်းတော့ မသိ၊ ရွှေရောင်လို မြေရှိနေသည်တော့ အမှန်ဖြစ်သည်။ တောတောင်တစ်ခုလုံး၏ မြေရောင်သည် ရွှေရောင်ပေါက်နေသည်၊ ထို့ကြောင့်ပဲ ရတနာဂီရိဟု ခေါ်လေသလား မပြောတတ်။ နောက်တစ်ခုက စာရေးသူတို့အမျိုး၊ စာရေးသူတို့နိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်း ဦးခေါင်းချရာ နေရာဖြစ်လို့ ရတနာရှိရာမြို့ ရတနာဂီရိဟု အမည်ပေးလိုက်ရင်တော့ ကြွားရာကျနေမလား။ လမ်းခရီးက အလွန်ဝေးပေမဲ့ တစ်ချိန်က ကိုယ့်လူမျိုးတို့ရဲ့ ဥသျှောင် အဖြစ် လေးစားခဲ့ကြတဲ့ ကိုယ့်မင်းရှိရာနေရာသို့ ပင်ပန်းမှုတွေ အသာထားပြီး သွားခဲ့ရတဲ့ ခရီးစဉ်လေးကို အမှတ်တရရှိစေဘို့ မှတ်စုမှတ်ရာအဖြစ် ရေးတင်လိုက်ရပါသည်။

ကျေးဇူတင်ခြင်း

၂၂-၁၀-၂၀၁၁ စနေနေ့က မနက် ၅-၃၀ အိပ်ရာထ၊ မျက်နှာသစ် ရေချိုး၊ ခရီးထွက်ဖို့ ပြင်စရာရှိတာပြင်ဆင်ပြီး အောက်ဆင်းစောင့်နေကြသည်။ ဒကာကြီး၏ကားတစ်စီးနှင့် ဒကာကြီးကပဲ လိုက်ချင်တဲ့ ရဟန်းတော်များ လိုက်လို့ရအောင် ကားတစ်စီး ထပ်လှူသည်၊ ကားအပြင် နံက်စာ နေ့လည်စာဆွမ်းများပါ ခရီးစဉ်အားလုံး အစဉ်ပြေအောင် ဒကာကြီးကပဲ လှူသည်။ ရောက်ဖို့ သိပ်ခက်ခဲတဲ့နေရာကို ပို့ပေးတဲ့ ဒကာကြီး ဦးကျော်ဆွေအား ရဟန်းတော်များကိုယ်စား အထူးကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။
ရတနာဂီရိသို့ ကီလိုမီတာ ၉၀ ကျန်သေးသော နေ့ဆွမ်းစားရာ Makhjan မြို့ကလေးမှာ

ရတနာဂီရိခရီးစတင်ခြင်း

စာရေးသူတို့အဖွဲ့ ဒကာကြီး ဦးကျော်ဆွေ၏ ကောင်းမှု (စပွန်ဆာ) ဖြင့် ရတနာဂီရိ ခရီးသို့ ၂၂-၁၀-၂၀၁၁ စနေနေ့ စာရေးသူတို့နေသည့် စောမယကောလိပ်ရှိ Polytechnic Hostel မှ မနက် ၆ နာရီမှ စတင်ထွက်ခဲ့သည်။ ရတနာဂီရိသည် မဟာရဋ္ဌပြည်နယ်တွင်းမှာပဲ ရှိသည်၊ မဟာရဋ္ဌပြည်နယ်သည် တောတောင် ပေါသည့်ပြည်နယ်ဖြစ်သည့်အပြင် ပင်လယ်တို့ဖြင့်ကာရန်ထားသည်။ ခရီးကား အိန္ဒိယမြေပုံလမ်းညွှန်များအရ ဘုံဘေမှ ရတနာဂီရိ ကီလိုမီတာ ၃၅၆ ရှိသည်၊ ချစ်ဦးညို၏ ရတနာဂီရိအကျဉ်းသား စာအုပ်တွင် မိုင်ပေါင်း ၁၂၀ ဟု ဖော်ပြပေမဲ့ သီပေါမင်းမြေးဖြစ်သူ တော်ဘုရားကလေး (သီပေါမင်းနှင့် စုဖရားလတ်တို့၏ စတုတ္ထသမီးတော်၏ သား) ၏ ရတနာပုံမှ ရတနာဂီရိသို့ ဆိုတဲ့ စာအုပ်မှာတော့ ဘုံဘေ-ရတနာဂီရိ မိုင်ပေါင်း ၂၅၀ ဟုရေးထားသည်။ စာရေးသူတို့ ကိုယ်တွေ့ သွားကြည့်သောအခါ တော်ဘုရားကလေး ပြောသည့် မိုင်ပေါင်း ၂၅၀ က မှန်နိုင်ပါသည်။ အပြန်အသွား မိုင်ပေါင်း ၅၀၀ ခရီးဖြစ်သည့်အပြင် အများစုက တောင်တက်လမ်းဖြစ်သဖြင့် ခရီးကား အချိန်များစွာယူရလိမ့်မည်၊ ထို့ကြောင့် အချိန်တိုနိုင်သမျှတိုအောင် မနက်စာရော နေ့လည်စာအတွက်ပါ ဒကာကြီး၏ကောင်းမှုနဲ့ပဲ အဆောင်မှာကထဲက ပြင်ဆင်သွားခဲ့ကြသည်။

ဘုံဘေမြို့အထွက်ကနေ စိမ်းလန်းစိုပြေနေတဲ့ တောတောင်တန်းတွေ စဖြတ်သည်၊ လမ်းတွေ အရမ်းကောင်းသည်။ ၇ နာရီထိုးတော့ ကားသမားများက မနက်ကထဲ မျက်နှာသစ်ခြင်းစသည့် ကိုယ်လက်သန့်ရှင်းခြင်း ကိစ္စမလုပ်ခဲ့သေးသဖြင့် စားသောက်ဆိုင်တစ်ခုမှာ ခဏ နားကြသည်၊ ပါလာတဲ့ နွားနို့ကိတ်မုန့်တို့ဖြင့် မနက်စာကိစ္စ အဲဒီနေရာမှာ ပြီးခဲ့သည်။ ထိုမှ ခရီးဆက်ခဲ့ရာ တောလမ်းတောင်တက်လမ်း ဆိုပေမဲ့ အရမ်းကောင်းသည်၊ ချောမွေ့နေသည်၊ သို့ပေမဲ့ ပန်း (Pen) မြို့နှင့်ဝန်းကျင်မှာတော့ ချိုင့်ခွက်တွေများသည်၊ ကုန်ကားများ မောင်းနှင်ထားသဖြင့် လမ်းများ ပျက်စီးနေသည်၊ လမ်းခုလပ် တစ်ဝက်လောက်မှာ တစ်နေရာ လမ်းနဲနဲကြမ်းသည်ကိုတွေ့ရသည်၊ ၇ ကီလို ၈ ကီလို ၀န်းကျင်လောက်သာ လမ်းဆိုးတာကလွဲလို့ ကီလိုမီတာ ၃၅၆ ဝေးသည့်ခရီးသည် လမ်းကောင်း လမ်းချောဖြစ်သည်။

ကီလိုမီတာ ၂၀၀ လောက်က တောင်တက်လမ်းဖြစ်သည်၊ တောင်ထိပ်ရောက်လေ S အကွေ့ကောက်တွေ များလာသည်၊ ကားထဲမှာ ခလောက်ဆန်နေသည်၊ သူငယ်ချင်းအချို့လဲ ကားမူးသဖြင့် စားသမျှ အန်ထုတ်ပြစ်ရသည်။ စာရေးသူလဲ အတော်ကို ကြိတ်မိတ်ထားရသည်၊ နေ့လည် ၁၁-၃၀ လောက်ရောက်တော့ ရတနာဂီရိရောက်ဖို့ ကီလိုမီတာ ၉၀ လောက် လိုသေးသည့် မြို့လေးမှာ နေ့လည်စာ စားရန် အနားယူကြသည်၊ မြို့နာမည်က Makhjan ဟု ထင်သည်။ ထိုမြို့လမ်းဘေးဝဲယာမှာ စားသောက်ဆိုင်တော်တော်များများ ရှိသည်၊ စာရေးသူတို့အဖွဲ့လည်း အဆောင်က ကြက်သားဟင်းချက်လာသဖြင့် Non-Vegetable ဆိုင်ကို ရွေးရသည်။ အဆင်ပြေသည်၊ ထိုဆိုင်မှာပဲ စခန်းချပြီး ဆိုင်မှ တချို့ဟင်းများကို မှာပြီး အဆောင်မှ ချက်ယူလာသော ဆွမ်းနှင့် ဟင်းအချို့တို့ကို ဒကာကြီး ဦးကျော်ဆွေက ကပ်သည်။

ရတနာဂီရိသို့ရောက်ခြင်း

နေ့ဆွမ်းအပြီး ခရီးဆက်ရာ တောင်တက် တောင်ဆင်းတွေ ရှိနေသေးပေမဲ့ အဆင်းလမ်းများသည်။ လမ်းတလျှောက် ငေးမောလာမိသည် တောတွေ တောင်တွေ စမ်းချောင်းတွေဖြင့် အရမ်းလှပါသည်၊ သာယာသည်၊ မြန်မာပြည် သီပေါမြို့ကို သွားသည့် နောင်ချို- ကျောက်မဲလမ်း ခြောက်ထက်ကွေ့ လမ်းပုံစံလဲ တွေ့ရသည်။ တောတွေ တောင်တွေ လမ်းတွေကို ငေးမောကြည့်ရင်း စဉ်းစားလာမိသည်၊ အိန္ဒိယအစိုးရသည် အလွန်တော်ပါသည်၊ သစ်တောတွေကို ကောင်းကောင်းထိမ်းသိမ်းနိုင်သည်၊ တောရောမြို့ရှိ ပြည်သူတွေကို လျပ်စစ်မီး လုံလုံလောက်လောက် ပေးနိုင်သောကြောင့် တောရွာများက ထင်းမီးမသုံး၊ မြို့ပေါ်တွေက လူတွေကလဲ မီးသွေးမသုံးဘဲ လျပ်စစ်နဲ့ ဂက်စ်မီးကိုသာ သုံးနေကြသည်။ ထိုကဲ့သို့ လျပ်စစ် မီးနှင့် ဂက်စ် စနစ်ကောင်းကြောင့် တောတောင်တွေ သစ်ပင်တွေ ယခုကဲ့သို့ တွေ့မြင်ရတာ ဖြစ်နိုင်သည်။ ဤမျှလောက် ဝေလံခေါင်သော နေရာတွေမှာ လမ်းတွေ ကောင်းအောင် တည်ဆောက်ပေးနေသော အစိုးရကို ကျေးဇူးတင်ရမှာ အမှန်ပင်ဖြစ်သည်။ တချို့လမ်းဆိုးသောနေရာတွေမှာ ကားဘီးခွန်ကောက်လျှင် ကားသမားများက မပေးကြ၊ လမ်းတော့ ကောင်းအောင် မပြင်ဘဲ ပိုက်ဆံတော့ တောင်းသည်ဟု ပုံစံမျိုးနဲ့ မပေးသည်ဟု ထင်သည်။ စာရေးသူတို့နိုင်ငံ မန္တလေးမှ မုံရွာ ရွှေဘို၊ ပဲခူးမှ မော်လမြိင်၊ ဘားအံတို့လို၊ ရန်ကုန်မှ မအူပင်၊ ဖျာပုံစတဲ့ ခရီးမျိုးဆိုရင် high way လမ်းဖြစ်သည်၊ အဲဒီလောက်ဝေးသည့် လမ်းခရီးမျိုးဆိုရင် အိန္ဒိယ မဟာရဋ္ဌပြည်နယ်မှာ ရှယ်လမ်းတွေ ဖြစ်သည်။ ၆ လမ်းသွား National high way လမ်းဖြစ်သည်။

တောတွေ တောင်တွေ စမ်းချောင်းတွေ ကွေ့ကောက်နေသော လမ်းတွေကို ငေးမောရင် ပင်လမ်းကမ်းခြေက ရတနာဂီရိမြို့သို့ နေ့လည် ၂ နာရီကျော်လောက်မှာ ရောက်သည်။ အရင်ဆုံး သီပေါမင်း၏ စံအိမ် သို့မေးမြန်းပြီး သွားခဲ့ကြသည်။ စံအိမ်သို့ရောက်ပါပြီ၊ စံအိမ်သမိုင်းနောက်ခံလေးကိုတော့ ဤသို့မှတ်သားရသည်။

သီပေါမင်းနှင့်အိန္ဒိယခရီး
သီပေါမင်းကို ၁၈၈၅ ဒီဇင်ဘာလမှာ အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရသည်။ ထိုလ ၁၀ ရက်နေ့မှာ ရန်ကုန်သင်္ဘောဆိပ်ကနေ အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ချနိုင်းမြို့ (ယခင် မဒ္ဒရစ်မြို့) သို့ ထိုလ ၁၄ ရက်နေ့မှာပဲ ရောက်သည်၊ ပင်လယ်ခရီး ၄ရက်ကြာသည်။ ထိုအချိန်မှာ ဘုရင့်မိဘုရား စုဘုရားလတ်မှာ တတိယသမီးတော် ဖွားခါနီး ကိုယ်ဝန်ရှိနေသည်။ တတိယသမီးတော်ကို ချနိုင်းမှာတွင် မွေးဖွားပြီး မကြာမီမှာပဲ အင်္ဂလိပ်အစိုးရ ပြင်သစ်ကို စိုးရိမ်နေတာကြောင့် ချနိုင်းမြို့မှာ ကြာကြာမထားဘဲ ရတနာဂီရိသို့ ၁၈၈၆ ဧပြီလမှာ ပို့သည်။ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပင်လယ်ခရီး ၆ ရက်ကြာသည်။ ချနိုင်းမြို့သည် ယခုအခါ အိန္ဒိယပြည်ကြီး၏ မြို့တော် ၅ ခုတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ အိန္ဒိယမြေပုံအရ အိန္ဒိယပင်လယ်အနီးရှိ ချနိုင်းမြို့မှ အာရဗျပင်ပင်လယ်ရှိ ရတနာဂီရိသည် ပင်လယ်လမ်းကြောအတိုင်း သွားလျင် ရသော်လည်း ကွေ့ကောက် ၀င်ရသည်။ ဘုံဘေမှဆိုလျှင်တော့ ဖြောင့်တန်းလျှက်ရှိသည်။ ကုန်းကြောင်းကသွားရင်တော့ ကားနှင့် ရထား အဆင်ပြေသည်၊ သို့သော တောင်တက် တောင်ဆင်းလမ်းများဖြစ်သည်။


သီပေါမင်းစံအိမ် (သို့) နန်းတော်

သီပေါမင်း စံအိမ်ကား ထိုရတနာဂီရိမြို့ပြင်က ပင်လယ်ကမ်းခြေမှာ တည်ရှိသည်။ ဒီခေတ်မှာတောင် ထိုစံအိမ်ရှိရာ ရတနာဂီရိမြို့သည် အလွန်ဝေးလံခေါင်သည့် ဒေသဖြစ်သည်။ ထိုခေတ်ကဆို ဒိထက်မက ခေါင်ပါလိမ့်မည်။ တောထူထပ်ပြီး တောရိုင်းတိရစ္တာန်တွေ ပေါနိုင်သည်။ ဆိုးခိုး တိုက်ခိုက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ ပုန်းအောင်တဲ့ နေရာဖြစ်သည်၊ မြို့ထဲရွာထဲ ထားလို့ မသင့်တော်တဲ့ နူနာစွဲနေတဲ့ ရောဂါသည်တွေ နေရာဖြစ်သည်။ ထိုနေရာကို အပို့ခံရသော တိုင်ပြည်၏ဥသျှောင်မဆိုထားနဲ့ သာမန်လူတန်းစားတောင် စိတ်ဓာက်ကျစရာ နေရာဖြစ်သည်။ မည်သူမဆို ထိုနေရာ ရောက်သူတိုင်း ကြောက်ရွံ့ ထိတ်လန့် စိုးရိမ်စိတ်တွေနဲ့ပဲ နေကြရလိမ့်မည်။

သီပေါမင်းသည် ထိုရတနာဂီရိ ရောက်ခါစက အင်္ဂလိပ်အစိုးရက ငှါးရမ်းပေးထားသည့် တစ်လုံးနှင့်တစ်လုံး ကိုက် ၄၀၀ လောက်ဝေးသည့် Outram hall နှင့် Baker’s Burgalow အိမ်နှစ်လုံးတို့မှာ ဘုရင်မိဖုရား နေကြရသည်။ ဆယ်နှစ်စာ ငှါးထားသည်ဟုဆိုသည်။ ထိုအငှါးစံအိမ်တော်နှစ်လုံးမှာ ၁၈၈၆ ခုနှစ်ကနေ ၁၉၁၀နှစ်အထိ ၂၄ နှစ်ကြာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရသည်ဟုဆိုသည်။ အဲဒီအချိန်မှာ ထိုဒေသရှိလူတွေ ပလိပ်ရောဂါခံစားနေကြရပြီ ဖြစ်သည်။ သီပေါမင်းသည်လည်း အငှါးစံအိမ်ကျဉ်းကျဉ်းလေးမှာပဲ၂၄ နှစ်လုံးလုံး အဲဒီဒဏ်တွေ ခံခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်း ကိုယ်ပိုင် ၁၉၁၀ ခုနှစ်မှာမှ စံအိမ်တော်ကြီးမှာ ၉ နှစ်လောက်သာ နေခွင့်ရပြီး ထိုရောဂါတွေနဲ့ပဲ နတ်ရွာစံသည်ဟုဆိုသည်။

စံအိမ်အသစ်

သီပေါမင်းပါတော်မူခြင်း၊ ထိုစံအိမ်မှာ ပြည်နှင်ဒဏ်ပေးခြင်း စတဲ့ အကြောင်းတွေကို တော်ဘုရားကလေး (အောင်ဇေ)၊ ချစ်ဦးညိုတို့လို စာရေးဆရာတွေ တော်တော်များ ရေးထားကြသည်။ တော်ဘုရားကလေးကတော့ ရတနာဂီရိမှာ ရှိတဲ့ စံအိမ်ကို အိန္ဒိယမီဒီယာနှင့် အင်္ဂလိပ်က သီပေါနန်းတော် (Thibaw Palace) ဟု သုံးထားပေမဲ့ သီပေါမင်းစံအိမ် (Royal residence)။ ဒါ့ပြင် အင်္ဂလိပ်အစိုးရက King thibaw ဟု သုံးရမည့်အစား King ကိုဖြုတ်ပြီး Thibaw ဟု သုံးတာကိုလဲ မကြိုက်။ မှန်ပါသည် ကိုယ်လေးစား ကြည်ညိုတဲ့ ဘုရင်ကို မည်သူမဆို ဒီလိုပဲ ဖြစ်ပါလိမ့်မည်။
မြန်မာဘုရင်ကို အိန္ဒိယမှာ နေအိမ်အကျယ်ချုပ်ချထားသလို အိန္ဒိယ၏ နောက်ဆုံး ဘုရင် ဇဖားရှား (Zafar Shah) ကိုလဲ King ဆိုတဲ့ ဂုဏ်ထူးဆိုတာကို ဖြုတ်ပြီး မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ထားသည်။ ဇဖားရှားလမ်း (zafar shah road) အမည်ပေးကာ လမ်းနာမည်လဲ ထားခဲ့သည်။

အင်တာနက် စာမျက်နှာပေါ်မှာ ‘‘စံအိမ်အသစ် ဧရိယာမမှာ ဧက ၂၃ရှိသည်၊ နန်းတော်ဟု ဆိုသော စံအိမ်အသစ်ကို ကျွန်းသားများ နေရောင်ပြန် အီတလီ ရောင်စုံမှန်ပြတင်းများဖြင့် လှပစွာတည်ဆောက်ထားသည်ဟု ရေးထားတာတွေ့ရသည်။ အိမ်၏ပုံစံသည်လည်း Pagoda style နှင့် ထိုအိမ်၏တည်ဆောက်ရေးကာလသည် ၂ နှစ်ဟု ရေးထားသည်။ Main building ပင်မအဆောက်အဦးကြီးမှာ ပေ-၁၉၇ အလျားရှိပြီး အနံမှာ ၁၄၁ ပေရှိသည်ဟုလဲ ဖော်ပြထားသည်။ သီပေါဘုရင်နှင့် သူ၏မိဘုရားတို့သည် ထိုစံအိမ်မှာ စိတ်ဓာတ်ကျခြင်း ငြီးငွေ့စွာ နေခဲ့ရရှာသည်၊ သိပေါမင်း မန္တလေးကို ပြန်ပို့ဖို့ စာအကြိမ်ကြိမ်ရေးပြီး အာဏာရှင်တွေထံ ပေးခဲ့သည်၊ ဒေလီဒါဘာပွဲသို့ အိန္ဒိယ မင်းသားတွေအနဲ့ အတူတက်ရောက်ဖို့ရန်လည်း မေတ္တာရပ်ခံခဲ့သည်၊ ထိုမေတ္တာရပ်ခံချက်အားလုံး ပယ်ခံရသည်။ နောက်ပြဿနာတစ်ခုက ငွေရေးကြေးရေးပင်ဖြစ်သည်၊ သီပေါမင်းနှင့် စုဘုရားလတ်တို့ ပါလာသည့် ကျောက်မျက်ရတနာတွေလဲ ထုခွဲရောင်းချလို့ ၁၈၉၀ နှစ်လောက်ကထဲက ကုန်နေပြီ။ သူတို့အတွက် ပေးသည့် ပင်စာလစာကလဲ အလွန်နဲသည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရထံ အသုံးစရိတ်ကို အကြိမ်ဖန်များစွာ တောင်းခဲ့ပေမဲ့ မပေးတဲ့အပြင် သူ၏အသုံးစရိတ်ကိုပါ ထိန်းချုပ်ခံရသည်။
၁၉၀၆ ခုနှစ်က သမီးတွေချည်း မွေးထားတဲ့ ဘုရင်ကြီးမှာ စိတ်မကောင်းစရာ သတင်းတစ်ခုကြားလိုက်ရတာ၊ သမီး ၄ ယောက်ထဲက ပထမသမီးတော်သည် ဂိတ်စောင့် အိန္ဒိယလူမျိုး Gopal Bhaurao Sawant နှင့် ကိုယ်ဝန်ရနေခြင်းပဲဖြစ်သည်။ အင်္ဂလိပ်အစိုးရက သမီးတော်လေးပါးကို တိုင်းတပါးသားတွေနဲ့ အိမ်ထောင်ကျအောင် တမင်လွတ်ထားခြင်းဖြစ်သည်ဟု တော်ဘုရားကလေးက ဆိုထားသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့သည်လည်း သမီးတော်လေး လေးယောက်အတွက် တိုင်းတပါးသားတွေရဲ့ ရန်ကြောင့် စိတ်မအေးဖြစ်နေရသည်။
သမီးတော်လေးတို့အကြောင်း အပြည့်အစုံကိုတော့ ရတနာပုံမှရတနာဂီရိ အမည်ရှိ တော်ဘုရားကလေး ရေးတဲ့ စာအုပ်တွင် အပြည့်စုံဖတ်နိုင်ပါသည်၊ သီပေါမင်းရဲ့ မြေးတော် မြစ်တော်များ ဖြစ်ကြတဲ့ တော်ဘုရားကလေးတို့ ကိုယ်တိုင် ရတနာဂီရိကို သွားပြီး မှတ်တမ်းတင်ခဲ့တဲ့ ခရီးသွားမှတ်တမ်း စာအုပ်ကလေးဖြစ်သည်။ အလွန်ကောင်းပါသည်။ ထိုစာအုပ်တွင် ဖတ်နိုင်ပါသည်။ စာရေးသူတို့ကိုယ်တိုင် ရောက်ခဲ့တဲ့ အကြောင်းကိုပဲ ဖော်ပြပါတော့မည်။
သီပေါမင်းစံအိမ် ယနေ့မြင်ကွင်း
စာရေးသူတို့ရောက်သော စံအိမ်အသစ်
ယခုအခါ စာရေးသူတို့အဖွဲ့ Thibaw Palace သီပေါနန်းတော်ဟု ဆိုသည့် တစ်ချိန်က သီပေါမင်း စံအိမ်အသစ်ဆီသို့ ရောက်ခဲ့သည်။ ထိုသီပေါမင်းနန်းတော်သည် နောက်ပိုင်း ရာစုနှစ်တစ်ခုအထိ အစိုးရရုံးတစ်ခု ဖြစ်ခဲ့သေးသည်။ ထို့နောက် ဘုံဘေတက္ကသိုလ်၏ အခွဲ တက္ကသိုလ်တစ်ခုလဲ ဖြစ်ခဲ့သေးသည်။ နောက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့ နှစ်စဉ် အိန္ဒိယရူပီး ၂ သောင်းပေးပြီး ပြန်တောင်းသည်၊ ၁၉၉၉ ခုနှစ်မှ ပိုက်ဆံ မပေးရတော့ဘဲ သုတေသနအဖွဲ့ကနေ ထိမ်းသိမ်းခွင့်ရသည်။ ယခုအခါ ရှေးဟောင်းသုတေသန၏ ထိမ်းသိမ်းရေးအောက်မှာ ရှိသည်။
ပညာရေးစင်တာ တစ်ခုဖြစ်ခဲ့သောကြောင့် ထိုနန်းတော်ထဲမှာ သီပေါမင်းနဲ့ပတ်သက်ပြီး ဘာမှမရှိတော့၊ အဆောက်အုံကြီးသာ ကျန်တော့သည်၊ ယခုမြင်တွေ့နေရသော စံအိမ်ရှိ မျက်နှာစာအလှများသည် ပညာရေးစင်တာဖြစ်တုန်းက ပန်းခင်းအလှများဖြစ်ဟန်တူသည်၊ ဘယ်ညာ နားနေဆောင် ၂ ခုလဲ မပြီးသေးဘဲ ထားခဲ့ပုံရသည်။
သီပေါမင်း အစဉ်အဆက် အသုံးပြုခဲ့သော ဒေါင်းတံဆိပ်

မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့ နားလည်မှုအရ ရှေးဟောင်းသုတေသနအဖွဲ့က ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုထားသည်။ အခုမြင်တွေ့နေရတဲ့ အဆောက်ဦးကြီးကတော့ နန်းတော်၏ နှစ်ထပ် ပင်မစံအိမ် ဖြစ်သည်၊ ထိုပင်မအဆောင်ကြီးကို ယခုအခါ ပိတ်ထားသည်၊ ဘယ်သူမှ မ၀င်ရ၊ နောက်မှ တွဲထားသည် အခန်း သုံးခန်းပါသည့် အဆောင်ငယ်တစ်ခုကို အပေါ်လှေခါးဖြင့် ဆက်စပ်ထားသည်၊ ထိုအခန်း ၃ ခန်းတွင် ဘယ်ဘက်အခန်းမှာ အိန္ဒိယလူမျိုးများ ကိုးကွယ်သည့် နတ်ဘုရားရုပ်များကိုထည့်ထားပြီး ပြတိုက်အဖြစ်ထားသည်။ အလယ်ခန်းကိုတော့ သီပေါမင်း ဓာတ်ပုံကြီးတစ်ပုံ၊ ကုလားထိုင်များနှင့် ပထမသမီးတော်နှင့်အိန္ဒိယသားနဲ့ ရသောမြေးတော် တုတု ပုံကလွဲ ဘာမှမရှိ။ ညာဘက်အခန်းမှာတော့ ဟိန္ဒူများ ကိုးကွယ်တဲ့ ရှီဝလိင်ကြီး တင်ထားသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ အဆောင်နှစ်ခုအကြား အပေါ်ကနေ အောက်ငုံ့ကြည့်လိုက်ရင် ရေပန်းအလှကန်တစ်ခုကို တွေ့ရသည်။
မီးဖိုဆောင်နှင့် အဆောင် ၂ တွဲ၏အလယ်က ရေပန်းနှင့်ရေကန်
နောက်တွဲအဆောင် အောက်ထက်မှာတော့ ရုံးခန်းအဖြစ်ထားသည်၊ ရှေ့ပင်မအဆောင်၏ အောက်ထက်တစ်ခုလုံးရော အပေါ်ထပ်ပါ ပိတ်ထားသည်။ အမှတ်ရစရာဆိုလို့ အဆောက်ဦးကြီးသာ ကျန်တော့သည်။ မြန်မာ့အဆောက်ဦးပုံစံနဲ့တော့ တူသည်၊ အထူးသဖြင့် လှေခါးများကို ကျွန်းသားများဖြင့် ပြုလုပ်ထားခြင်းပဲ ဖြစ်သည်၊ အိန္ဒိယမှာ များသောအားဖြင့် ကျွန်းသားမသုံးဘဲ သံ စတီးလ် အုဋ္ဌ် အင်္ဂတေများကိုသာ အသုံးများသည်။ ထိုပင်မဆောင်ကြီး၏ အောက်ထက်နှင့်ဆက်သွယ်ထားသော အနောက်ဘေးမှာ မီဖိုဆောင်ရှိသည်။
နောက်ဆက်တွဲ အဆောင် ၃ခန်းမှ တည်ခင်းပြသထားသော ပုံများ
ဓာတ်ပုံနှင့် ကုလားထိုင်များသာကျန်
စိတ်မကောင်းစရာ မြင်ကွင်း


သံဝေဂ

အဆောက်ဦးများကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်ခဲ့မိသည်။ တစ်ချိန်က ကိုယ့်မြေ ကိုယ်ပြည်မှာ စိတ်တိုင်းကျ ခြယ်လှယ်နိုင်တဲ့ဘ၀ကနေ သူတပါး၏ သွားဆိုသွား စားဆိုစား ထားမှနေရ ကျွေးမှ စားရမည့် သူများ၏ ‘‘စေ’’တစ်လုံးအောက်အခြေနေသို့ ရောက်သွားခဲ့ရသည်။ ဘ၀မှာ ဘာမှ ထာဝရပိုင်ဆိုင်တာမရှိ၊ တန်ခိုးအာဏာ စည်းစိမ်တို့သည် ကိုယ့်အလိုသို့ မလိုက်နိုင်ပေ၊ အိန္ဒိယအင်ပါယာကြီးတစ်ခုလုံးကို လွမ်းမိုး ခြယ်လှနိုင်သော ဘုရင်အသောကမင်းသည် သေခါနီးအချိန် ဆီဖြူသီးတစ်ခြမ်းသာ ပိုင်ဆိုင်သွားသည်။ ကိုယ့်နောက် အရိပ်ပမာ ပါနိုင်သည်ကား ချစ်ခင်လေးစားတတ် နုညံ့သော မေတ္တာတရား၊ ကြင်နာတတ် စာနာတတ်သော ကရုဏာ၊ သူတပါး၏အောင်မြင်မှုအပေါ် ၀မ်းသာနိုင်တဲ့ မုဒိတာ စတဲ့ ကောင်းမြတ်တဲ့ စိတ်ထားနဲ့ ကုသိုလ်တရားများပင်ဖြစ်သည်။
သားအဖနှစ်ယောက်၏ အုဋ္ဌ်ဂူ

ထိုစံအိမ်တော်ကြီးနဲ့ မလှမ်းမကမ်းမှာ အသက် ၅၈နှစ်အရွယ်မှာ နတ်ရွာစံသွားတဲ့ သီပေါမင်း အုဋ္ဌ်ဂူနှင့် ပထမသမီးတော်တို့ အုဋ္ဌ်ဂူ နှစ်ခုကို ယှဉ်တွဲလျက်တွေ့ရသည်၊ အုဋ္ဌ်ဂူနှစ်ခုကိုလည်း ပုံစံတူ အရွယ်တူ လုပ်ထားသည်။ ထိုဂူနှစ်ခုသည် ယခုအခါ လူနေအိမ်ရပ်ကွက်ထဲမှာ သံစကာများ ကာရံပြီး စောင့်ရှောက်ထားသည်။ လူနေအိမ်များ၏ အလည်မှာ သူတို့ ၂ ယောက်တည်း အထီးကျန်စွာ နေနေရသည်ကို တွေး၍ စိတ်မကောင်းဖြစ်မိသည်။ အာဏာရှိစဉ်က ဘုရင်ကြီးသီပေါမင်းသည် ယခုလို အဖြစ်မျိုးနဲ့ကြုံပြီး တိုင်းတပါးမှာ ဒီလို လာပြီ ဒီပုံစံနဲ့ သေရလိမ့်မယ်ဟု တခါမှ တွေးထားလိမ့်မည်မဟုတ်။ သံဝေဂ ရစရာပင် လောကမှာ ကြိုတင်မသိနိုင်တဲ့ အရာ ၅ မျိုးရှိသည်။

ကြိုတင် မသိနိုင်တဲ့ အရာ ၅ မျိုး

၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့ တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။ (ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။)
ကြိုတင်မသိနိုင်တဲ့ အခြေအနေတွေမှာ ကိုယ့်မှာ ထာဝရ ဘာပိုင်ဆိုင်ထားတာ ရှိနေသလဲ? လောကနဲ့ သာသနာအတွက် ဘာသမိုင်းကောင်းတွေ ချန်ထားနိုင်မလဲ ဆိုတာတွေကိုပဲ ကြိုတင် စဉ်းစားသင့်လှသည်။
ခရီးစဉ်ကို စပွန်ဆာပေးသော ဒကာဦးကျော်ဆွေနှင့် ရတနာဂီရိကမ်းခြေ အမှတ်တရ
ရတနာဂီရိ ကမ်းခြေကိုလည်း ရောက်ခဲ့ပါသည်

မှတ်ချက်။ ။ သီပေါမင်းပါတော်မူခြင်း story သည် ကျယ်ဝန်းလှသည်၊ စာရေးသူ၏ ပို့စ်တွင် ရောက်ခဲ့သည့် အမှတ်တရဖြစ်ရုံလောက်သာ မှတ်စုရေးခြင်းမျှသာ ဖြစ်သည်။

ရွှင်လမ်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၁

21 October 2011

စောမယကောလိပ် Ph.D ကျောင်းသား

စောမယကောလိပ် Ph.D ကျောင်းသား
ဒီကနေ့ (၂၁-၁၀-၂၀၁၁) မှာ ဘုံဘေမြို့ စောမယကောလိပ် (Somaiya College) ရှိ ဆန်စခရစ်ဌာန Department of Sanskrit တွင် Ph.D စာတမ်းရေးနေကြသော အဝေးရောက်ကျောင်းသားများကို သတင်းစကား လက်ဆောင်တစ်ခု ပါးထားပါသည်။ ၀မ်းသာရမလား ၀မ်းနဲရမလား မပြောတတ်၊ စာရေးသူအတွက်ကတော့ နဲနဲဝမ်းသာပြီး များများ ၀မ်းနဲမိ။
၂၀၁၀ ခုနှစ်က Ph.D အတွက် စာရေးသူနှင့်အတူ Registration လုပ်ထားသော ကျောင်းသားအားလုံးအတွက် Approval Letter ခေါ် Confirmation Letter ကျလာပြီဖြစ်သည်။ ဌာနက ဖုန်းဆက်ပြောသဖြင့် ကြားကြားချင်း ၀မ်းသာမိသည်။ ဌာနကိုလဲ ရောက်ရော စိတ်မကောင်းဖြစ်မိသွားသည်။ ၀မ်းသာခြင်း ပျောက်ဆုံးသွားသည်။ စာရေးသူတို့ Registration လုပ်ခဲ့တာ ၃-၈-၂၀၁၀ ကဖြစ်သည်၊ အခု Approval Letter ခေါ် Confirmation Letter ကျလာတော့ ၃-၈-၂၀၁၁ ရက်စွဲနဲ့ဖြစ်နေသည်။ တစ်နှစ်စာ ရှုံးသွားသည်၊ အဲဒီ ၁ နှစ်စာအတွက် ကျောင်းဝင်ကြေး ဒေါ်လာ ၃၀၀ နှင့်အတူ Registration အတွက် ဒေါ်လာ ၂၀၀၊ ၀င်ခွင့်အတွက် ၇၅ ဒေါ်လာ သွင်းခဲ့ပြီး ဖြစ်သည်။ Registration ရက်စွဲကို ၃-၈-၂၀၁၁ ကနေ စပေးခဲ့တော့ ပြီးခဲ့တဲ့ ၁ နှစ်စာအတွက် နစ်နာသွားသည်။

ကျောင်းဝင်ကြေးပေးရန်

ယခု ၃-၈-၂၀၁၁ ရက်စွဲက စပြီး ၆ လ တစ်ကြိမ် ၇၅ ဒေါ်လာ သွင်းရမည့်အပြင်၊ ဌာနအတွက် ၁ နှစ်စာအတွက် အိန္ဒိယရူပီး ငွေ ၁၀၀၀၀ (တစ်သောင်း) သွင်းရမည်။ နောကျပါက လစဉ် ၅ ဒေါ်လာ ဒဏ်ဆောင်ရမည်ဟု ပါရှိသည်။
ဒါ့ပြင် ထုံးစံအတိုင်း မိမိ၏ supervisor သို့မဟုတ် guide ထံ ၆ လ တစ်ကြိမ် report letter တင်ရပါမည်။ ယခု Registration ရက်စွဲ ၃-၈-၂၀၁၁ ကနေစပြီး ရေတွက်ပြီး ၂ နှစ်ပြည့်ပါက မိမိကျမ်းစာ တင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ ၃-၁၀-၂၀၁၃ ဆိုရင် ကျမ်းတင်နှစ်ဖြစ်သည်၊ စာရေးသူတို့အတွက် ကုန်လွန်သွားပြီး ၁နှစ်နဲ့ပေါင်း ၃ နှစ်ဖြစ်သွားသည်။
အိန္ဒိမှာ အချိန်မဖြုန်းချင်သော စာရေးသူအတွက် သတင်းကား သိပ်မကောင်းပေမဲ့ အဝေးရောက် သူငယ်ချင်းများအတွက် သတင်းကောင်းဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၀-၂၀၁၁

18 October 2011

လူ့အဖိုးတန်


စာမိတ်ဆက်

ဘုန်းဘုန်းပြောပြလို့ စာရေးချင်စိတ်ဖြစ်လာတာ၊ ဒါပေမယ့်မရေးတတ်တော့ ဘာရေးရမှန်းမသိဘူး၊ စာပေ ၃မျိုး ပို့စ်ထဲက ဘုန်းဘုန်းရဲ့(comment)ကို ဖတ်ပြီးဘုန်းဘုန်းရဲ့ မေတ္တာနဲ့စေတနာကြောင့် ရေးဖြစ်သွားတာ။ စာဖတ်ရတာလွယ်သလောက် စာရေးရတာခက်တယ်နော်၊ ဘယ်အရာမဆိုကိုယ်တိုင်လုပ်ကြည့်မှ သိတယ်။ ဘုန်းဘုန်းဦးဒေ၀ိန် (အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ)ရဲ့ ကျေးဇူးတရားတွေကို အမှတ်ရပြီး ကိုယ့်ကိုယ်ကို ဆုံးမတဲ့အနေနဲ့ ရေးကြည့်တာပါ။ စာမရေးတတ်ပါဘူး။ တစ်ခါမှလည်းမရေးဖူးဘူး။ ဘယ်အလုပ်မဆို လုပ်ကိုင်ချင်စိတ်ရယ် ကျွမ်းကျင်မှုရယ် လုပ်ကိုင်နေကျဆိုရင်လွယ်ကူသွားပါပြီ။ ဒါတွေအားလုံး စာဖတ်သူအားလုံး သိပြီးသားတွေများမှာပါ။ သတိပေးသလိုဖြစ်ရင်ကျေနပ်ပါပြီ။ ဘုန်းဘုန်းဦးဒေ၀ိန်ဟောခဲ့တဲ့ တရားကို ဥာဏ်မှီသလောက် ပြန်ရေးလိုက်တာပါ။

ရခဲလှတဲ့လူ့ဘ၀ကိုရခိုက် လူ့အဖိုးတန်လူမြတ်တစ်ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်။ လောကကြီးမှာ လူ့အဖိုးတန်တစ်ယောက်ဖြစ်ဖို့ စွမ်းရည်လေးမျိုးလိုအပ်ပါတယ်တဲ့။

စွမ်းရည်လေးမျိုး
၁။ နားထောင်နိုင်ရမယ်။
၂။ သတ်နိုင်ရမယ်။
၃။ ခံနိုင်ရည်ရှိရမယ်။
၎။ သွားနိုင်ရမယ်။ ထိုလေးမျိုးတွင်--

၁။ နားထောင်နိုင်ရမယ်

ဓမ္မဆိုတဲ့သူတော်ကောင်းတရားကို နားထောင်နိုင်ရမယ်။ နားထောင်ထားတဲ့အတိုင်း လုပ်နိုင်ရမယ်တဲ့၊ ဓမ္မဆိုတဲ့တရားကိုကျင့်သုံးရင် တရားကကိုယ်ကိုပြန်စောင့်ရှောက်ပါတယ်၊ ကိုယ်ရဲ့ကိုယ်စောင့်တရားဟာ ဓမ္မပဲ။ နားထောင်နိုင်စွမ်းမရှိရင် ဘယ်နည်းနဲ့မှ လူ့အဖိုးတန် လူမြတ်တစ်ယောက်မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဓမ္မဆိုတဲ့သူတော်ကောင်းတရားသည် ဘ၀လမ်းညွှန်ပဲ။ ပညာရှိသူတော်ကောင်း ဆရာသမား မိဘတို့ရဲ့ ဆုံးမသြ၀ါဒဟာ ဘ၀လမ်းညွှန်ပဲ။ ပညာရှိသူတော်ကောင်းတို့ရဲ့ စကားကိုနားထောင်လို့ ဒုက္ခ ရောက်တဲ့သူမရှိပါဘူး။ နားမထောင်လို့ ဒုက္ခရောက်ကြတာ။ ဘ၀မှာဘယ်လိုသွားရမယ် ဘယ်လိုလာရမယ် ဘယ်လိုတက်ရမယ် ဘယ်လိုဆင်းရမယ် ဘယ်လိုကွေ့ရမယ်ဆိုတာ သိရှိဖို့ လမ်းညွှန်လိုအပ်ပါတယ်။ အဲဒီလမ်းညွှန်ဟာ မြတ်စွာရှင်ဘုရားဟောကြားခဲ့တဲ့ တရားဓမ္မတွေပါပဲ။ ဓမ္မဆိုတဲ့တရားဟာ အချိန်တိုင်း ပုဂ္ဂိုလ်တိုင်း ဒေသတိုင်းလိုအပ်တယ်။ မလိုအပ်တဲ့အချိန် ပုဂ္ဂိုလ် ဒေသဆိုတာမရှိပါဘူး။ ဒါကြောင့်ဓမ္မဆိုတဲ့ သူတော်ကောင်းတရားကို နားထောင်နိုင်ရမယ်။ နားထောင်မှ အသိတိုးတာ၊ အသိတိုးမှ ဘ၀ချမ်းသာတိုးတက်အောင်လုပ်နိုင်မှာ။ အသိမရှိရင် လောကီလောကုတ္တရာချမ်းသာ တိုးတက်အောင်မလုပ်နိုင်ပါဘူး။ တရားဓမ္မနားထောင်ခြင်းဖြင့် မိမိတို့ရဲ့နားကို အလှဆင်နိုင်ရမယ်။ စိန်နားကပ်ပန်ထားလို့ လောကအနေနဲ့ ထိုက်သလောက်လှပေမယ့် ဒုစရိုက်မျိုးစုံလုပ်နေရင် နားကို အလှဆင်ရာမရောက်ပါဘူး။ စိန်နားကပ်လည်းပန် ဒါန သီလ ဘ၀နာလည်း လုပ်နေရင်တော့ အတိုင်းထက်အလွန်ကောင်းပါတယ်။

အကုသိုလ်က နှစ်မျိုးရှိပါတယ်တဲ့။ ကယကံအကုသိုလ် (ကိုယ်ထိလက်ရောက် လွန်ကျူးတာ)၊ ၀စီကံအကုသိုလ် (နှုတ်နဲ့လွန်ကျူးတာ)။ ဘယ်ဟာအဖြစ်များလဲ ၀စီကံအကုသိုလ်က ပိုပြီးအဖြစ်များပါတယ်။ ပြသနာအစ ပါးစပ်ကတဲ့၊ လျှာတစ်ချောင်း အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။ အသုံးမပြုတတ်တော့ ပြသနာမျိုးစုံဖြစ်နေကြတာ။ ဒါကြောင့် သဘာဝတရားကြီးက နားကို နှစ်ဖက်ပေးထားပြီး ပါးစပ်ကိုတစ်ပေါက်ထဲ ပေးထားတာ။ ဘာအဓိပ္ပာယ်လဲဆိုရင် များများနားထောင် နဲနဲပြောရမယ်တဲ့။

ဓမ္မဆိုတဲ့သူတော်ကောင်းတရားဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဘ၀တသက်တာကာလပတ်လုံး ငြိမ်းချမ်းအောင် ဘယ်လိုနေရမယ်ဆိုတာ ဓမ္မထဲမှာပါ ပါတယ်။ စိတ်ရဲ့သဘာဝက မကောင်း၌မွှေ့လျော်တတ်သည့်အတွက် လွှတ်ထားရင် ပိုဆိုးပါတယ်။ မကောင်းတဲ့အရာကို ပထမချေလှမ်းမစမိဖို့ အရေးကြီးပါတယ်။ ဒီအလုပ် လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ဒီအလုပ်လုပ်လိုက်လို့ မိမိသူတပါးအကျိုးရှိမယ်ဆိုတဲ့ အသိအတွက်ကျတော့ တရား (ဓမ္မ)အဆုံးအမ လိုအပ်ပါတယ်။ တရား ဓမ္မနာကြားခွင့်မရရင် မိမိလျှောက်လှမ်းရမည့် လမ်းမရွေးချယ်တတ်ဘူး။ မေ၇ွးချယ်တတ်ရင် လမ်းမှန်မရောက်နိုင်ပါဘူး။ လမ်းမှန်မရောက်ရင် လူတော်လူမြတ် လူ့အဖိုးတန်တစ်ယောက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နဲနဲပြောပြီးများများနားထောင်နိုင်ရမယ်။ နားထောင်ထားတဲ့အတိုင်း လေ့လာမှတ်သားလိုက်နာကျင့်သုံးရင် လူ့အဖိုးတန်တစ်ယောက်ဖြစ်လာမှာပါ။

၂။ သတ်နိုင်ရမယ်
ကိလေသာတည်းဟူသော ရန်သူအစစ်တွေကို သတ်နိုင်ရမယ်။ ရန်သူဆိုတာနှစ်မျိုးရှိပါတယ်။ မြင်ရတဲ့ရန်သူနဲ့ မမြင်ရတဲ့ရန်သူတဲ့။ မြင်ရတဲ့ရန်သူက ရှောင်လို့ရပေမယ့် မမြင်ရတဲ့ရန်သူက ကိုယ်ကိုတိုင် မမြင်ရသည့်အတွက် မရှောင်နိုင်ပါဘူး။ မြင်ရတဲ့ရန်သူက ဒီတစ်ဘ၀ပဲ ဒုက္ခရောက်အောင် နှိပ်စက်နိုင်ပါတယ်။ မမြင်ရတဲ့ရန်သူဆိုတာ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေပါပဲ။ ဘ၀သံသရာ အဆက်ဆက် ဒုက္ခရောက်အောင် လိုက်နှိပ်စက်နေတဲ့ ကိလေသာရန်သူ အစစ်တွေပါ။ ဒါကြောင့် ကိလေသာမ၀င်စေနဲ့ ၀င်ခဲ့ရင် မိမိကအရင်ဦးအောင်သတ်နိုင်ရမယ်တဲ့။ မိမိတို့ ရရှိထားတဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာ မိမိတို့ပိုင်ဆိုင်တဲ့ရုပ်ခန္ဓာမဟုတ်ပါဘူး။ ဒါကြောင ရုပ်ခန္ဓာပေါ်မှာ တွယ်တာမက်မောနေတဲ့ တဏှာဆန္ဒကို ပယ်စွန့်နိုင်ရမယ်။ ရုပ်ခန္ဓာပေါ်မှာ တွယ်တာနေသည့်အတွက် ငါတည်းဟူသောအတ္တစိတ် လွှမ်းမိုးလာတော့ ကိလေသာတွေဖြစ်လာတာ။ လူနဲ့ တရိစ္ဆှာန် ကွာခြားတာဒီအချက်ပဲ။ တရိစ္ဆာန်က သူ့အတွက်ပဲ သူသိတယ်။ လူဆိုရင် သူတစ်ပါးအတွက် ထိုက်သလောက်သိဖို့လိုပါတယ်။

အတ္တစိတ်မလွန်ကဲအောင် သတိထားသင့်ပါတယ်။ ရုပ်တရားကြီးဟာ သဘာဝအတိုင်းသွားနေတယ်၊ ဖြစ်ပြီး ပျက်နေတာ၊ အချိန်ကုန်တာနဲ့အမျှ သေမင်းဆီကို မနားတမ်းသွားနေတာ၊ ဒီအတိုင်းမသိဘဲ ဆက်သွားရင် ဘ၀နိဂုန်းချုပ်တဲ့အခါ ပန်းခင်းသောလမ်း မဖြစ်နိုင်ပါဘူး။ သဘာဝအတိုင်း ပြောင်းလဲနေတဲ့ န္ဓာကိုယ်ကြီးကို ဥာဏ်ကြည့်ရမယ်။ မပြောင်းလဲသောနိယာမ တစ်ခုရှိပါတယ်။ အဲဒါပြောင်းလဲခြင်းပါပဲ။ လူ့အဖိုးတန်တစ်ယောက်ဖြစ်ဖို့ ရန်သူအစစ်ဖြစ်တဲ့ ကိလေသာတွေကို ၀ိပသနာဥာဏ်နဲ့ သတ်နိုင်ရပါမယ်။

၃။ ခံနိုင်ရည်ရှိရမယ်
ဘ၀မှာခံနိုင်ရှိဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ ပင်လယ်နဲ့ တူတယ်။ လောကဓံဆိုတာ မုန်တိုင်းနဲ့တူပါတယ်။ ပင်လယ်ရေပြင်ဟာ အမြဲငြိမ်မနေပါဘူး။ မုန်တိုင်းထန်ရင် လှိုင်းထလာပါတယ်။ ပင်လယ်ရေပြင်ငြိမ်မနေသလို ဘ၀ရေပြင်ဟာလည်း ငြိမ်မနေပါဘူး၊ အမြဲတမ်းလှုပ်ရှားနေပါတယ်။ ဘာလို့လဲဆိုတော့ လောကဓံဆိုတဲ့ မုန်တိုင်းတိုက်ခတ်နေလို့ပါပဲ။ ဘ၀ဆိုတာရလာရင် ဒုက္ခဆိုတာတွေ့မှာပဲ၊ ဒုက္ခတွေ့ရင် စိတ်ဓာတ်မကျဖို့ အရေးကြီးပါတယ်။ ပျော်စရာတွေ့လို့လဲ ၀မ်းမသာနဲ့၊ စိတ်ညစစ်စရာတွေ့လို့လည်းဝမ်းမနဲနဲ့၊ ပုံမှန်စိတ်လေးထားပြီး နေနိုင်အောင်ကြိုးစားရမယ်။ ဘ၀ဟာ လှုပ်ရှားနေတာ သဘာဝပဲ၊ ကိုယ့်စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းနိုင်ဖို့ လိုအပ်တယ်၊ ဘာနဲ့ထိန်းမလဲ၊ မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မနဲ့ ထိန်းရမယ် ဘ၀မှာ ဘယ်လောက်ဆိုးတဲ့ အခြေနေတွေနဲ့ တွေ့ပင်တွေ့ငြားသော်လည်း ငါ အမြဲတမ်း ဒီလိုမဖြစ်နိုင်ပါဘူးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုအားပေးနိုင်ရမယ်။ အခက်ခဲတွေ၊ ဒုက္ခတွေ၊ ဆုံးရှုံးမှုတွေဟာ လူ့ဘ၀ကို မှန်ဘီလူးနဲ့ ကြည့်ရသလို အခွင့်ရေးမျိုးကို ပေးတယ်တဲ့၊ ကိုယ့်ဘ၀ကို အနီးကပ်ကြည့်ခွင့်ရတယ်၊ ဘ၀နဲ့ပတ်သက်တဲ့ အမှန်တရားတွေက ဘာတွေလဲ၊ ပျော်ရွှင်မှုဆိုတာ ဘာတွေလဲ၊ ဘယ်ဟာ ကျေနပ်စရာအကောင်းဆုံးလဲ၊ ဘ၀မှာ တန်ဖိုးအရှိဆုံးအရာတွေဟာ ဘာတွေလဲ ဆိုတာ သိလာတယ်။ ဒါကြောင့် ဒုက္ခတွေ အခက်ခဲတွေဟာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေဖြစ်ပါတယ်။ အကောင်းပဲတွေ့တွေ့ အဆိုးပဲကြုံကြုံ၊ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ဒါ လောကအတွက် သိပ်ကိုအရေးကြီးပါတယ်။

၎။ သွားနိုင်ရမယ်

လောကမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် သွားနိုင်ရမယ်။ ကိုယ်ရည်မှန်းတဲ့ပန်းတိုင်က ဘာလဲ။ ဘ၀သံသရာတည်းဟူသော ၀ဋ်ဆင်းရဲကလွတ်မြောက်ဖို့ပဲဖြစ်တယ်။ ဘ၀သံသရာဆိုတာ သံယောဇဉ်တွေ ဥပါဒါန်တွေနဲ့ နှောင်ဖွဲ့ထားတဲ့နှောင်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဒီအနှောင်ဖွဲ့တွေကြောင့် လောဘ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ မီးတွေနဲ့ ရင်ဆိုင်နေကြရတာ။
ဒုက္ခက လွတ်မြောက်ဖို့ အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပြီး လွတ်မြောက်တဲ့ဆီကို သွားနိုင်ရမယ်။ ဘ၀သံသရာလည်နေတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်၊ ဒုက္ခရောက်နေလား၊ စိတ်ဆင်းရဲနေလား၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာ တရားခံရှာကြည့်ပြီး ဖြတ်တောက်ပစ်နိုင်ရမယ်။ ဒါဆိုရင် ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို ရောက်ပါလိမ့်မယ်။ ရောက်အောင်သွားနိုင်ပါမှ လူ့အဖိုးတန်တစ်ယောက်ဖြစ်လာမှာ။ ကိုယ်ကိုယ်တိုင် လူ့အဖိုးတန်တစ်ယောက်ဖြစ်အောင် ကြိုးစားနေရင်း အားလုံးကိုလည်း လူ့အဖိုးတန်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ရေးသားလိုက်ပါတယ်။

ကေသွယ် (စင်္ကာပူ)
၁၇-၁၀-၂၀၁၁


ပို့စ်လေးက တော်တော်လေးကို ကောင်းပါတယ်၊ စာရေးသူ (သီတဂူစတား)၏ အရင်းနှီးဆုံးသူငယ်ချင်း အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ ဟောကြားထားတဲ့ တရားကို နာကြားပြီး ရေးထားတဲ့ ပို့စ်ဖြစ်ပါတယ်။ သူမှတ်မိသလောက် သူ့ပုံစံနဲ့ ပြန်ရေးထားတာ ဖြစ်ပါတယ်။ စွမ်းအင်လေးမျိုး ကိုယ့်သန္တာန်မှာ ရှိနေရင် လူ့အဖိုးတန်ဖြစ်ပြီပေါ့၊ လူ့အဖိုးတန် ဖြစ်လိုသူများအတွက် ဒီပို့စ်လေးက ကောင်းကောင်း လမ်းညွှန်ပေးပါလိမ့်မည်။ အလွန်အကျိုးများစေမည့် ပို့စ်ဖြစ်လို့ စာရေးပေးတဲ့ မကေသွယ်အား အထူးကျေးဇူးတင်ပါသည်။

အားလုံး လူ့အဖိုးတန်များ ဖြစ်နိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၀-၂၀၁၁

15 October 2011

မြန်မာ့သာသနာ အနောက်သို့ထွန်းခြင်း

သီတဂူနှင့်အမေရိက
ယနေ့ခေတ် မြန်မာ့သာသနာသည်လည်း တဖြည်းဖြည်းနဲ့ အနောက်ဆီသို့ ရွေ့လျားလာသည် ပြောမလား၊ ပြန့်ပွားလာသည်ပြောမလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် သေချာတာကတော့ မြန်မာ့သာသနာ အနောက်ဆီသို့ ရောက်လာတာတော့ အမှန်ဖြစ်သည်။
ဆောက်လုပ်ဆဲ 80’X80’X54’ ဥာဏ်တော် ပမာဏရှိ ရွှေစည်းခုံစေတီတော်ကြီးနှင့်တွဲလျက် ဓမ္မသဘာ ပုံစံငယ်
သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါဝင်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရ၀ါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို ၁၉၉၆ခုနှစ်မှစတင် တည်ထောင်လာခဲ့ရာ အလွန်အောင်မြင်လျှက်ရှိသည်။ ယခုအခါ ထိုနိုင်ငံ ထိုပြည်နယ်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများရော ဗုဒ္ဓဘာသာကိုစိတ်ဝင်စားသူအားလုံးအတွက်ပါ ဗုဒ္ဓတရားတော်များကို စနစ်တကျလေ့လာခွင့်ရခြင်း၊ စနစ်တကျ အားထုတ်နိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ မြန်မာပြည်ဗုဒ္ဓတရားတော်များကို ကမ္ဘာ့အင်အားအကြီးဆုံး အနောက်နိုင်ငံသို့ရောက်အောင် ပို့ဆောင်နိုင်ကြသည်မှာ ထိုနိုင်ငံရှိ ပြည်သူများ၊ မြန်မာ့တိုင်းရင်းသားများနှင့် မြန်မာပြည်ရှိ အလှူရှင်များပင်ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီး မြန်မာ့ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်မောင်နှင့်အဖွဲ့အား ညွှန်ကြားနေစဉ်

အမေရိကရှိအလှူရှင်များ၊ အခြားနိုင်ငံများရှိ အလှူရှင်များနှင့် မြန်မာပြည်ရှိအလှူရှင်များ၏ ကောင်းမှုကြောင့် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကြီး အမေရိကတွင် ပေါ်ပေါက်လာသည် ဖြစ်ပါသည်။ ယခုအခါ ထိုသီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်သည် ရွှေစည်ခုံစေတီတော်ကြီးနှင့် ယောဂီသူတော်စင်များ ချမ်းသာစွာ ကမ္မဋ္ဌာန်းတရားတော်များ အားထုတ်နိုင်ခြင်းနှင့် မြတ်ဗုဒ္ဓ၏ဓမ္မများကို ပို့ချခြင်း သင်ယူလေ့လာခြင်းများ ပြုလုပ်နိုင်ရန် ဓမ္မသဘာအဆောင်ကြီးနှင့် သီလ,သမာဓိ, ပညာ, သစ္စာယ မေတ္တာ, ဗလ, သတိပဋ္ဌာန် စသော နာမည်များနှင့် ဆွမ်းစားကျောင်းဆောင်တို့ဖြင့် အဆောင်ပေါင်း ၃၇ ဆောင်တို့ဖြင့် တံဆာဆင်ထားသော ကျောင်းတိုက်ကြီးဖြစ်သည်။ ယခုအခါ တချို့လဲ ဆောက်လုပ်ပြီးဖြစ်သလို ဆောက်လုပ်ဆဲကျောင်းများစွာလဲ ကျန်ပါသေးသည်။
ဆောက်လုပ်ပြီး ကမ္မဋ္ဌာန်းကျောင်းဆောင်များ


ရွှေစည်းခုံစေတီတော်

အမေရိကန်နိုင်ငံ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်အတွင်း မြန်မာမှုမြန်မာ့ဟန်များဖြင့် (80’X80’X54’) ဥာဏ်တော် ပမာဏရှိ ရွှေစည်းခုံစေတီတော်ကြီးကို TDSA Group (Theravada Dhamma Society America) က အမေရိကန် ဒေါ်လာ ၆၀,၀၀၀၀ (ခြောက်သိန်း) အကုန်ခံပြီး ပူဇော်နေလျှက်ရှိသည်။ ထိုစေတီတော်ကြီးကို ၂၀၁၂ ဇန်န၀ါရီ ၁၅ ရက်နေ့ လုံးဝ အပြီး ခန့်မှန်းထားသည်။

စေတီတော်ကြီးဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သီတဂူမန်နေဂျာ ဦးစိုးဝင်း

ဆောက်လုပ်ပြီး၊ဆဲ ကျောင်းဆောင်များနှင့် အလှူရှင်များ
၁။ သီလ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါ်စန္ဒပဘာက လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၂။ သမာဓိ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ U David က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၃။ ပညာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါက်တာဝင်းမြင့်က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၎။ သစ္စာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ အရှင်သစ္စ၀ံသ က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၅။ မေတ္တာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါက်တာအောင်ခိုင် က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၆။ ကရုဏာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၇။ ဗလ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးမောင်လှ က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၈။ မုဒိတာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးတင်မောင်ဝင်း က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၉။ ဥပေက္ခာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးခင်မောင်သိန်း က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၀။ ဒါန ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးဣန္ဒက က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၁။ ခေမာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ TDSA Group က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၂။ ဣန္ဒြိယ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးမောင်လှ က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၃။ ဗောဇ္ဈင်္ဂ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါက်တာစောနောင် က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၄။ မဂ္ဂင်္ဂ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးထီးညို က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၅။ သတိပဋ္ဌာန ကမ္မဋ္ဌာန်းကျောင်းဆောင် (16’X12’) နှင့် Restroom အတွက် အမေရိကန်ဒေါ်လာ ၁,၈၀၀၀ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွှန့်အေး က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၆။ သမ္မပ္ပဓာန ကမ္မဋ္ဌာန်းကျောင်းဆောင် (16’X12’) နှင့် Restroom အတွက် အမေရိကန်ဒေါ်လာ ၁,၈၀၀၀ ဦးကျော်ဝေ က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၇။ Reception (ပြန်ကြားရေး) ဆောင် (32’X24’) အတွက် အမေရိကန်ဒေါ်လာ ၆,၀၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၈။ Water House ဆောင် (16’X8’) အတွက် အမေရိကန်ဒေါ်လာ ၃၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၉။ Small Storage ဆောင် (8’X8’) အတွက် TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၀။ Big Storage ဆောင် (16’X8’) အတွက် TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၁။ Mobile Home 1 ဆောင် (48’X13’) အတွက် အမေရိကန်ဒေါ်လာ ၁,၅၀၀၀ Japan (Myanmar Group) က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၂။ Mobile Home II ဆောင် (75’X13’) အတွက် TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၃။ Deck ဆောင် (55’X50’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၄။ Public Restoroom ဆောင် (40’X24’) အတွက် အမေရိကန်ဒေါ်လာ ၉,၀၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၅။ သန္တိပထ Restroom ဆောင် (37’X27’) အတွက် အမေရိကန်ဒေါ်လာ ၄,၀၀၀၀ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွန့်အေး က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၆။ စာကြည့်တိုက် Library ဆောင် (32’X32’) အတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀၀ ဒေါက်တာခင်မောင်ဇော် က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၇။ Work Shop ဆောင် (32’X24’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ TDSA Group က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၈။ နေက္ခမ္မ ကမ္မဋ္ဌာန်းဆောင် (12’X10’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ သီတဂူဦးသန်းလွင် က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၉။ ၀ီရိယ ကမ္မဋ္ဌာန်းဆောင် (12’X10’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးမောင်လှ က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၀။ ဣဒ္ဓိပါဒ ကမ္မဋ္ဌာန်းဆောင်နှင့် Restroom(25’X25’) အတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀၀ ဦးထွန်းစိန် က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၁။ ခန္တီ ကမ္မဋ္ဌာန်းဆောင် (16’X12’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ သီတဂူဦးခင်မောင်ဝင်း က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၂။ အဓိဋ္ဌာန ကမ္မဋ္ဌာန်းဆောင် (16’X12’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ သီတဂူဒေါက်တာမြတ်သူ က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၃။ ၃၄။ ၃၅။ ၃၆။ ကမ္မဋ္ဌာန်းဆောင် (30’X16’) Restroom အပါဝင် ၄ဆောင် အသီးအသီးအတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀၀ စီကို ဦးကျော်ဝေ က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၇။ ဓမ္မသဘာ ခမ်းမဆောင်ကြီး (60’X30’) အတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀၀ TDSA Group က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။

ဓာတ်ပုံနှင့်သတင်းအချက်အလက်များကို သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက)ရှိ ဆရာတော် ဒေါက်တာအရှင်အရိယဓမ္မ၏ အီးမေးလ်နှင့် ကိုခွန်သီရိ အမေရိကတို့ထံမှ ရရှိပါသည်။


ဆက်သွယ်နိုင်ရန်--
Sitagu Buddhist Vihara
TDSA
9001 Honeycomb Dr
Austin, TX 78737
Telefax: (512) 301-3968
http://www.sitagu.org/

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၀-၂၀၁၁

12 October 2011

သီတင်းကျွတ်ဆုတောင်း

သီတင်းကျွတ်ဆုတောင်း

သီတင်းကျွတ်ခြင်းဆိုသည်မှာ ၀ါးတွင်းသုံးလအတွင်း ဘယ်မှမသွားရဘဲ တစ်နေရာတည်းမှာ သီတင်းသုံး (တည်ရှိ) နေရခြင်းတည်းဟုသော အနှောင်ဖွဲ့မှ လွတ်ခြင်း ကျွတ် (freedom) ခြင်းဖြစ်သည်။ ထိုနေ့မှာပဲ မိမိတို့သန္တာန်မှာ ကိန်းဝပ် (သီတင်းသုံး) နေသော ကိလေသာတို့သည် လွတ်သွားသည်၊ ကျွတ်သွားသည်တို့ကို အကြောင်းပြု၍ ရဟန်းတော်များ ဘုရားဖူးထွက်ကြသည်။ မိမိတို့ နှစ်သက်ရာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး သွားနိုင်ကြသည်။

အားလုံးသော တရားချစ်ခင် သူတော်စင်အပေါင်းတို့လည်းပဲ ကိုယ်တွင်းကိုယ်ပမှာ ကိန်း (သီတင်းသုံး) တည်ရှိနေသော ကိလေသာ အတွင်းရန်နှင့် အနိဋ္ဌအာရုံဟုသော အပြင်ပရန်တို့ကို လွတ်စေသတည်း၊ ကျွတ်စေသတည်း။ အနှောင်ဖွဲ့မှန်သမျှ အားလုံးမှလဲ ကျွတ်လွတ်ပြီး မိမိတို့ပျော်ရာ နေရာအသီးအသီးသို့ လွတ်လွတ် လပ်လပ် ကျန်းကျန်းမာမာ ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါသည်။

သီတဂူစတား
(သီတင်းကျွတ်လပြည့်နေ့)
၁၂-၁၀-၂၀၁၁

10 October 2011

ဓမ္မဂီရိသို့ ခရီး အပိုင်း (၃)


စာမိတ်ဆက်

တရားရှိရာတောတောင်တန်း(ဓမ္မဂီရိ)များကို အမှတ်တရ သွားရောက်လေ့လာရာတွင် ဒီတစ်ပတ်တော့ အဂျင်တာ (Ajanta)နှင့်အလိုရာ (Ellora) ခရီး မှတ်တမ်းအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။ တစ်နေ့က ကလေးမလေးတစ်ယောက်က မေးတယ် ‘‘ဘုန်းဘုန်းကလဲ ကျောင်းဟောင်းတွေ ဂူဟောင်းတွေပဲ သွားလည်နေတယ်’’တဲ့။ သူပြောတာလဲ မှန်တော့မှန်နေသားပဲ။ ဟုတ်နေတာပဲလေ အဟောင်းတွေကိုပဲ သွားရောက် လေ့လာနေတာ။ ပြောပြလိုက်ပါတယ် ‘‘ဘုန်းကြီးပဲလေဟာ၊ လှော်ကားဥယျာဉ် အင်ယားကန်တို့လိုနေရာတွေမှာ သွားလေ့လာလို့ ဘယ်သင့်မလဲ၊ ရှေးနှစ်များစွာက ကိုယ်နဲ့ ဘ၀တူတွေ ဘယ်လို ဘယ်ပုံ နေခဲ့ကြသလဲဆိုတာရယ်၊ သူတို့တတွေ သာသနာကို ဘယ်လောက်အထိ အလုပ် လုပ်နိုင်ခဲ့ကြသလဲဆိုတာရယ်၊ ပြီးတော့ ရှေးက လူနေမှုစနစ်တွေကို သွားလေ့လာရတာပေါ့ဟ’’လို့။ အော်-ဟုတ်မှာပဲ ရှေးဟောင်းအနုပညာကို မခံစားတတ်သေးတော့၊ ကိုယ်လဲ ခံစားတတ်သေးတာတော့ မဟုတ်ပေမဲ့ တန်ဖိုးတော့ ထားတတ်လာတယ်။ တကယ်တော့ ထိုကျောင်းဟောင်း ဂူဟောင်း ပန်းချီ ပန်းပုစတဲ့ အနုပညာတွေက အဲဒီခေတ်က လူနေမှုဘ၀ကို ပြောပြနေသည်၊ ထိုခေတ်ရှိခဲ့လို့လဲ ယနေ့ခေတ်ဆိုတာရှိလာရသည်။
အသွားခရီးလမ်းခုလပ်မှာ နေ့ဆွမ်းစားသည် စားသောက်ဆိုင်

စာရေးသူက ခရီးစဉ်အတွက် စပွန်ဆာပေးသူ ဒကာကြီးဦးကျော်ဆွေ ကောင်းမှုဖြင့် ရှေးနှစ်များစွာက ဗုဒ္ဓသာသနာ့မှတ်တိုင်များကို လေ့လာခွင့်ရခဲ့သည်။ ရှေးနှစ်ထောင်ချီက လူနေမှုဘ၀ကို ပြောပြနေသော ရှေးဟောင်း အနုပညာများကိုလေ့လာခွင့်ရသည်။ စာရေးသူသွားသမျှ မြင်တွေ့လာသမျှ မှတ်လာသမျှ အတွေ့ကြုံများကို ထိုဒေသသို့ မရောက်ဖူးသေးသူများအတွက် ဗဟုသုတဖြစ်ဖို့ရော စာရေးသူအတွက် မှတ်တမ်းကျန်ဖို့ပါ ဤခရီးသွားမှတ်တမ်းကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
မြင်းခွာသဏ္ဌာန်ရှိ ဂူတန်း ဆိုင်းဘုတ်

အဂျင်တာနှင့်အလိုရာသို့ လမ်းခရီး
အဂျင်တာလို့ပြောလိုက်ရင် အလိုရာပါ တွဲပြီး ‘‘အဂျင်တာအလိုရာ’’ဟု ခေါ်လေ့ရှိကြသည်၊ တကယ်တော့ အဂျင်တာနှင့်အလိုရာက ကီလိုမီတာ ၁၀၄ ၀န်းကျင်လောက် ဝေးသည်၊ ကားဖြင့် ၂ နာရီလောက်မောင်းရသည်၊ လမ်းခရီးလဲကြမ်းသည်၊ ကြမ်းတယ်ဆိုပေမဲ့ ရွှေပြည်ကြီးက လမ်းတွေထက်တော့ သာသေးသည်။ ဘုံဘေမြို့ စာရေးသူတို့ နေတဲ့ အဆောင်ကနေ (7-10-2011, Friday)မနက် ၇-၃၀ လောက်က စထွက်လာရာ ညနေ ၅ နာရီ ထိုးမှ အလိုရာ (Ellora) လိုဏ်ဂူများသို့ ရောက်သည်။ အဂျင်တာအလိုရာသည် သြရန်ဂဘက် (Aurangbad) မြို့တွင်တည်ရှိသည်၊ မဟာရဋ္ဌပြည်နယ်အတွင်းမှာပဲ ရှိသည်။ ဘုံဘေမြို့မှ ကီလိုမီတာ ၄၅၀ ကျော် အဝေးရှိသည်။ စာအုပ်တွေထဲမှာနှင့် အင်တာနက်မှာ ပြဆိုထားသည် ကီလိုမီတာ တွက်ချက်ထားတာတွေ တစ်ခုနှင့်တစ်ခု မတူညီကြဘဲ မတိကျဖြစ်နေသည်၊ ဒကာကြီးဦးကျော်ဆွေက စာရေးသူတို့သွားသည့် ကားမှာ ပြဆိုထားသည့် ကားသွားနှုံး ကီလိုမီတာနဲ့တွက်ကြည့်လာသဖြင့် တိကျသော ကီလိုမီတာမှာ ၅၁၆ ရှိသည်။
မှတ်ချက်။ ကီလိုမီတာမှာ ၅၁၆သည် ပူနေးဘက်ကနေသွားသည့်လမ်းဖြစ်သည်၊ အပြန်မှာတော့ နာဆစ်ခ် (Nasik) မြို့ကို ဖြတ်လာရသည့် လမ်းတစ်ဖတ်ကနေ ပြန်လာသောအခါ ကီလိုမီတာ ၄၅၁ ရှိသည်။

အိန္ဒိယပြည်ကြီး၏ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ကောင်းမွန်ပါသည်၊ အဝေးပြေးလမ်း (High way) နှစ်မျိုးရှိသည်၊ ၄-လမ်းသွား Local High way နှင့် ၆-လမ်းသွား National High way ဟူသတည်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း နှစ်မျိုးလုံးရှိသည်၊ လမ်းခရီးတစ်လောက်လုံး ဘုံဘေ-ပူနေး လမ်းခွဲကနေသွားသည့်လမ်းသည် အလွန်ကောင်းမွန်သည်။ အလိုရာကနေ အဂျင်တာ သွားသည့် ကီလိုမီတာ ၁၀၀ ၀န်းကျင်မျှရှိခရီးသည်သာ လမ်းအနဲငယ်ကြမ်းသည်။ စာရေးသူလဲ လမ်းခရီးတလျှောက် အဝေးပြေးလမ်းတွေ ကြည့်ရင်း စိတ်ကူးမိသည်၊ ကိုယ့်ပြည်ကြီးလဲ ဒီလိုလမ်းတွေ များများစားစား ရှိလာလျှင်ဆိုတဲ့ အတွေးက ၀င်လာသည်။ ဒီလောက် လူဦးရေများပြားပြီး လူနေမှုစနစ်အနိမ့်အမြင့် များလှ သည့် နိုင်ငံလိုမှာတောင် ဒီလောက် လမ်းကောင်းသည့် အဝေးပြေလမ်းတွေ အမြောက်အမြားရှိနေရင်-- ဆိုတဲ့ အတွေးတွေ တစ်ခုပြီးတစ်ခု စိတ်ကူးယဉ်မိသည်။ တောရွာဘက်က ဖြတ်သွားရတဲ့ တောလမ်းတွေမှာတော့ လမ်းသိပ်မကောင်းပေမဲ့ ထိုလမ်းသည်ပင် ကိုယ့်ပြည်ကြီးထက်တော့ သာနေသေးသည်။
စာရေးသူတို့အဖွဲ့အား ပြုစုစောင့်ရှောက်သည့် ဒကာ ဦးကျော်ဆွေနှင့်အမှတ်တရ

စာရေးသူတို့ ၄ပါးနှင့် ဒကာကြီးဦးကျော်ဆွေတို့ အဖွဲ့ အဆောင်မှ မနက် ၇-၃၀ လောက် စထွက်သည်၊ ပူနေးမြို့သွားသည့် High way လမ်းအတိုင်း သွားရာ လမ်းခုလပ်မှာ ဒကာကြီး ဦးကျော်ဆွေက မနက်စာ ကပ်သည်။ ပူနေးမြို့ မရောက်မီ လမ်းခုလက်မှာပဲ သြရန်ဂဘက် (Aurangbad) မြို့သို့သွားသည့် လမ်းခွဲမှဆက်သွားရာ နေ့လည် ၁၁-၃၀ လောက်မှာ Hotel Rajyog မှာ ဒကာကြီး ဦးကျော်ဆွေက နေဆွမ်းကပ်သည်။ နောက်ထက် လမ်းခုလက်မှာ ၂ ခါလောက် ဆိုင်မှာ အအေးဝင်သောက်ရင်း အနားယူခြင်းများ ပြုလုပ်သည်မှအပ တောက်လျှောက် သြရန်ဂဘက် (Aurangbad) မြို့သို့ မောင်းနှင်သည်။ သြရန်ဂဘက် (Aurangbad) မြို့မှ ကီလိုမီတာ ၃၀ လောက်ဝေးသည့် Ellora Caves ကို ညနေ ၅ နာရီထိုမှ ရောက်သည်။

စာရေးသူသည် ၂၀၀၄ ခုနှစ်က သီတဂူဆရာတော်ကြီးနဲ့ အတူ စာရေးသူတို့ သူငယ်ချင်း ၇ ယောက် ဆရာတော်ကြီး၏ ကျေးဇူးနဲ့ အဂျင်တာ (Ajanta)နှင့် အလိုရာ (Ellora) သို့ ပထမအကြိမ်ရောက်ဖူးသည်၊ သို့သော်လည်း ယခုအခါ လမ်းကြောင်းက ပြောင်းပြန်သွားနေရတာရော နှစ်ကြာသွားတာရော စာရေးသူ မှတ်ဥာဏ်မကောင်းတာတွေကြောင့် အသစ်အဆန်းပြန်ဖြစ်နေသည်။ လမ်းခရီးကို မမှတ်မိ ဖြစ်နေသည်။ နေရာရောက်မှပဲ မှတ်မိနေသည်။
Ellora Caves (အလိုရာ) ဂူများအကြောင်းကို စတင်လေ့လာခဲ့ပေမဲ့ အဂျင်တာ (Ajanta Caves) အကြောင်း အရင် မှတ်တမ်းပြုချင်ပါသည်။
သစ်တောများဖြင့် လှပနေသော ဂူတန်း

အဂျင်တာ (Ajanta Caves)
Ellora Caves (အလိုရာ) ဂူများအကြောင်းကို အလောတကြီးလေ့လာပြီး ညနေ ၆ နာရီသာသာလောက်မှာ ထိုမှ ကီလိုမီတာ ၁၀၃ ၀န်းကျင်လောက် ရှိသည့် အဂျင်တာ (Ajanta Caves) ဘက်သို့သွားခဲ့သည်။ ထို အဂျင်တာ (Ajanta Caves)၏အနီးနားက ၂ မိနစ်ခန့် ကားဖြင့်သွားက ရောက်နိုင်သည့် MTDC တည်းခိုခန်းသို့ ည ၈-၃၀ လောက်ရောက်သည်။ တည်းခိုခန်းလေးက ဈေးသက်သာသည်၊ နှစ်ယောက်ခန်းတစ်ခန်း တစ်ည ရူပီး ၈၀၀ မျှသာရှိသည်၊ AC မဟုတ်ပေမဲ့ ယခုရာသီမှာ သင့်တော်သည့် အနေထားမှာရှိသည်။ (Ajanta Caves) လှိုဏ်ဂူနားမှာတော့ AC ပါသည့် တည်းခိုခန်းရှိသည်၊ တစ်ခန်း ရူပီး ၂၈၀၀ ရှိသည်။ AC ကြိုက်သူများအတွက်တော့ အသင့်ဖြစ်သည်။ ထိုတည်းခိုခန်းလေးက တစ်ညတာမျှ ပန်းသမျှ နွမ်းသမျှတို့ကို ပြေစေသည်။ မနက်အိပ်ယာထ ရေချိုး၊ လမ်းလျှောက်မေတ္တာသုတ်စသည့် ပရိတ်များရွတ်ဖတ်ပြီး ဒကာကြီးဦးကျော်ဆွေက မနက်စာ ဘုန်းပေးရန် လာပင့်၊ မနက်စာစာပြီး ၈-၃၀ လောက်မှာ Ajanta Caves ဘက်သို့ လာခဲ့ကြသည်။ (Ajanta Caves) အဂျင်တာစခန်းသည် အင်တာနက်စာမျက်နှာမှာတော့ မနက် ၉နာရီဖွင့် ည ၅ နာရီးပိတ်၊ တနင်္လာနေ့ တစ်နေကုန်ပိတ်ဟု ရေးထားပေမဲ့ လက်ကမ်းစာအုပ်လေးမှာတော့ မနက် ၆ နာရီဖွင့် ညနေ ၆ နာရီပိတ်၊ တနင်္လာနေ့ တစ်နေကုန်ပိတ်ဟု ရေးထားသည်။
ဝင်ခွင့်လက်မှတ်များစတင်ဝယ်၊ လက်မှတ် ၄ မျိုးဝယ်ရသည်၊ ပထမလက်မှတ်မှာ ဈေးတန်း၊ အိမ်သာ ပန်းခြံများ အသုံးပြုခွင့်လက်မှတ် တစ်ယောက် တစ်စောင် ၁၂ ရူပီး၊ ဂူတန်းများဆီသို့သွားရန် AC Bus ကား အတွက် တစ်ယောက်ကို အသွား တစ်စောင် ၁၂ ရူပီး၊ အပြန်တစ်စောင် ၁၂ ရူပီးနှင့် ဂူတန်းများဝင်ခွင့် ၁၀ ရူပီး။ ထိုဂူတန်းများဝင်ခွင့်မှာ နိုင်ငံခြားသားများအတွက် ၂၅၀ ရူပီးပေးရပေမဲ့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ နီပေါ၊ ဘင်္ဂလာဒေ့ရှိတို့မှာ အိန္ဒိယနိုင်ငံသားများလို ၁၀ မျှသာ ပေးရသည်၊ ပတ်စပို့ပါသွားဖို့လိုအပ်သည်။
အလွန်လက်ရာမြောက်သည့် မျက်နှာပြင်က အနုစိတ်လက်ရာများ

လှိုဏ်ဂူများနှင့်မြင်ကွင်း
ဝင်ပေါက်ကနေ ကားဖြင့် ၁၀ မိနစ်လောက် တောင်ပေါ်တက်လိုက်သောအခါ ၀င်ခွင့်လက်မှတ်ဝယ်ပြီး ခြေလျှင်ဖြင့် ဂူတန်းများစီသို့ သွားနိုင်သည်၊ အသက်ကြီးသူများကတော့ ထမ်းစင်ဖြင့်တက်နိုင်သည်။ ဂူတန်းများသည် အလွန်လှပပါသည်၊ တောတောင် သစ်ပင် စမ်းရေးတို့ဖြင့် အလွန်အေးချမ်းသည့် နေရာဖြစ်သည်။ ယခုအခါ သွားလမ်းများ တံတားများ ပြန်လည်ပြုပြင်ထားသဖြင့် သန့်ရှင်းသပ်ရပ်သည်၊ ဂူတန်းများ၏ သဏ္ဌာန်မှာ မြင်းခွာ (horse-shoe-shape) ပုံဖြစ်သည်။ မျက်နှာပြင်ကို နေထွက်ရာ အရပ်သို့ မျက်နှာ မူထားသဖြင့် အလင်းရောင်ရနေသည်၊ မျက်နှာမူထားသောဘက်တွင် အလွန်မြင့်မားသော တောင်ကြီး ကာရံထားသဖြင့် လေဒဏ်ကို ကာကွယ်ထားသည်။ ထိုတောင်ကြီးနှင့် ဂူတန်းများအကြားတွင် တောင်ပေါ်ကကျ တောင်ကြားမှ စိမ့်ထွက်လာသော ရေကြည်များ တဝေါဝေါ စီးဆင်းလျှက်ရှိသဖြင့် သောက်ရေ သုံးရေအတွက် မပူပင်ရ။ သစ်ပင် သစ်ဥ သစ်ဖု အမျိုးစုံရှိသဖြင့် စားစရာ မပူပင်ရ။ ဤသို့အားဖြင့် အဖတ်ဖတ်က ပြည့်စုံအောင် ဖန်တီးခဲ့သော ရှေးက ရဟန်းများ၏ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဗိသုကာပညာသည် မည်မျှလောက်ရှိမည်ဟု ခန့်မန်းနိုင်သည်။ ဝေ့၀ိုက်နေသဖြင့် တစ်ဖက်ကလည်း စမ်းရေချောင်းများ တဝေါဝေါ ကျနေသော စမ်းရေအသံများ ငှက်သံ တောသံ တောင်သံများဖြင့် အလွန့်အလွန်ကို ပံနာရသည်။ ၀နသညာ တောအတွေ့ တောအထိ တောအသိ ကောင်းကောင်း ရနိုင်သောကြောင့် ကမ္မဋ္ဌာန်းတရားအားထုတ်ဖို့ရန် အလွန်သင့်မြတ်လှသည်။ အိန္ဒိယမှာတော့ အလှပဆုံး ဂူတန်းများဖြစ်သည်။
ဂူကျောင်းများ၏အတွင်းပိုင်းက ပန်းချီ ပန်းပုလက်ရာများ (ကင်မရာ-သီတဂူစတား)
ကင်မရာ-ဒကာဦးကျော်ဆွေ၏ လက်ရာ (အတွင်းပိုင်းမှာ မီးဖွင့်ပြီး ဓာတ်ပုံရိုက်ခွင့်မရှိ၊ မှောင်နေသဖြင့် ဓာတ်ပုံရိုက်ဖို့ ခက်ခဲ)


ဂူတန်းများနှင့်သမိုင်း

အဂျင်တာဂူတန်းများသည် အလွန်ထူထပ်သည့် တောတန်းတောင်တန်းများဖြစ်သည်၊ သြရန်ဂဘက် (Aurangbad) မြို့နဲ့ ကီလိုမီတာ ၁၀၀ ကျော်ဝေးသည်။ အနီးအနား ရပ်ကွက်များ မရှိ လူသူအလွန်ဝေးသော နေရာဖြစ်သည်။ ၁၈၁၉ ခုနှစ်က အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက် တောလိုက်ရင်းက ဒီတောအုပ်ကြီးထဲက လှိုင်ဏ်ဂူတန်းကို ရှာတွေ့သည်ဟု ဆိုတော့ ထိုဂူတန်းများရှာတွေ့ချိန်သည် ယနေ့ နှစ်ပေါင်း ၁၉၂ နှစ်ရှိပြီ။ ထိုဂူများ၏ သက်တမ်းသည် သက်တမ်း ၂ မျိုးပိုင်ဆိုင်ထားသည်။ သမိုင်းတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် သုတေသန လုပ်ထားတာ မတူညီတော့ ကွာဟမှုအနဲငယ်ရှိသည်။ တစ်ချို့က ဒီလှိုဏ်ဂူကြီးကို မဟာယာနဗုဒ္ဓဘာသာ ရဟန်းတော်များက ထွင်းထုထားခဲ့သည်ဟု ဆိုသည်၊ တချို့ကြပြန်တော့ ထေရ၀ါဒရဟန်းတော်များက ပြုလုပ်ခဲ့သည်ဟု ဆိုပြန်သည်၊ ယခုလောလောဆယ် ထိုလှိုဏ်ဂူလမ်းညွှန်ဆိုင်းဘုတ်မှာတော့ ပထမ ထေရ၀ါဒဗုဒ္ဓဘာသာ ရဟန်းတော်များက ဘီစီ (BC) ဒုတိယ ရာစုနှစ်မှ အေဒီ (AD) ပထမ ရာစုအထိ နေသွားခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်း မဟာယာနဗုဒ္ဓဘာသာများ တိုးတက်လာရာက အေဒီ ၅ ရာစုကနေ ၆ ရာစုနှစ်အထိ နေသွားခဲ့သည်ဟု ဆိုသည်။
စေတိယဃရဟ ခေါ် စေတီပါရှိသော ကျောင်း

တချို့ကျောက်ထွင်းရုပ်ထုတွေမှာလဲ မယ်တော်မာယာဒေ၀ီနှင့် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလေး ကျောက်ထွင်းရုပ်များ (ထေရ၀ါဒဟန်)တွေ့ရသလို ဘုရားအလောင်းဟုဆိုသည့် ဘုရင်လိုလို နတ်သားလိုလို ကျောက်ထွင်းရုပ်ကြီး (မဟာယာနဟန်) ကိုလဲ တွေ့ရသည်။ ဆေးရေးပန်ချီအများစုကတော့ မဟာဟာယာန ဟန်များသည်။ ဘယ်ဗုဒ္ဓဘာသာကပဲ နေသွားနေသွား ပြဿနာမဟုတ်၊ ဗုဒ္ဓဘာသာအနေနဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်သည်။

ဂူတန်းများ၏ အမျိုးအစားမှာ မီးတောင်ကျောက်များဖြစ်သဖြင့် မာသည်၊ ခိုင်ခန့်သည်။ ထို့ကြောင့် ထိုဂူတန်းများကို ရဟန်းတော်များနေသည့် သက်တမ်းမှာ ဘီစီ (BC) ဒုတိယ ရာစုနှစ်မှ အေဒီ ၆ ရာစုနှစ်အထိဖြစ်သည်၊ စုပေါင်း နှစ်ပေါင်း ၈၀၀ လူနေ လိုဏ်ဂူများအဖြစ် ရပ်တည်ခဲ့သည်။ ထို အေဒီ ၆ ရာစုမှ ၁၈၁၉ နှစ်အတွင်း ထိုဂူတန်းများ ပျောက်ဆုံးနေသည်၊ လူသူမဲ့ဘ၀ဖြင့် နှစ်ပေါင်း ၁၁၁၈ ရပ်တည်နေခဲ့သည်။ ထို့ကြောင့် ထိုဂူတန်းမျာ၏ လူနေမှုနောက်ပိုင်း သက်တမ်းမှာ နှစ်ပေါင်း ၁၄၁၁ ရှိနေပြီ။ စတင်နေချိန်ကနေ ယနေ့အထိ ထိုဂူတန်းများ၏ သက်တမ်းမှာ နှစ်ပေါင်း ၁၈၁၁ ရှိနေပြီဖြစ်သည်။
မဟာပရိနိဗ္ဗာန်အခန်းပါသော ဂူကျောင်းဆောင်


ဂူပေါင်း ၃၀

ထိုဂူတန်းများတွင် ကျောက်ထွင်း ဂူပေါင်း ၃၀ ရှိသည်၊ ဂူနံပါတ် ၉,၁၀,၁၉, ၂၆,၂၉ ငါးလုံးတို့သည် အတွင်းမှာ စေတီပါရှိသည်၊ တချို့မှာ စေတီသက်သက်၊ တချို့မှာတော့ ရပ်တော်မူ၊ ထိုင်တော်မူ ရုပ်ပွားတော်ကပ်လျက်ပါသည့် စေတီရှိသည်၊ ထိုကြောင့် ထိုဂူများကို စေတိယဃရဟ ဟု ခေါ်သည်။ ကျန်ဂူများမှာ ရဟန်းတော်များ သတင်းသုံးသည့် ဂူများဖြစ်သဖြင့် ၀ိဟာရဟုခေါ်သည်။ ဂူနံပါတ် ၁, ၉,၁၀,၁၆,၁၇ ဂူတို့မှာ ဘုရားရှင်၏ ဘ၀ဖြစ်စဉ် ပန်းချီများဖြင့် တန်ဆာဆင်ထားသည်။ နံပါတ် ၂၆ ဂူမှာတော့ ဘုရားရှင် မဟာပရိနိဗ္ဗာန အခန်းကို ပြထားသည်၊ နံရံကပ်ပဲ ဖြစ်သည်၊ အလည်ဗဟိုလ်တိုင်းမှာတော့ ခြေနှစ်ဖက်ချက် ထိုင်တော်မူ ရုပ်ပွားတော်အကြီး တစ်ဆူပါမြဲဖြစ်သည်။ တချို့နေရာတွေမှာတော့ တင်ပလ္လင်ခွေထိုင်ရုပ်ပွားကိုလဲ တွေ့ရသည်။ ယနေ့ခေတ် မြန်မာနိုင်ငံက ဘုန်းတော်ကြီးကျောင်းများအတွင်း ကျောင်းဦးကျောင်းထိပ်မှာ ဘုရားခန်းပါရှိသလို။
တစ်ခုသော ဂူမှာ မပြီးသေဘဲ လုပ်နေဆဲ ဖြစ်နေသည်၊ အောက်ကြမ်းပြင်မှာ အဖုအထစ်များတို့ဖြင့် ၀င်ထွက်ဖို့ အစဉ်မပြေနိုင်၊ ဖြစ်နိုင်ခြေမှာ ထိုဂူကို တူးနေဆဲ အချိန်မှာပဲ ရဟန်းတော်များ အန္တရာယ်တစ်ခုခုနှင့် ကြုံဖွယ်ရှိသည်၊ မပြီးသေးဘဲ ထွက်ပြေးရသည့်ဟန် ဖြစ်နေသည်။
မပြီးမပြတ်သေးဘဲ လုပ်လက်စဖြင့် ထားရစ်ခဲ့သော ဂူကျောင်းဆောင်

စိတ်ဝင်းစားစရာ
အိန္ဒိယမှာ ရှေးဟောင်းသုတေသနပညာရှင်များ စိတ်ဝင်းစားစရာ အကောင်းဆုံး နေရာဖြစ်သည်၊ အလွန်ကြီးကျယ်သော ကျောက်တောင်စောင်းကြီးကို ကျောင်းတော်ကြီးဖြစ်အောင် ထွင်းထုကြသည့် ရဟန်းတော်များ၏ ဇွဲ လုလ္လ ၀ီရိယတို့သည် အလွန်အံ့သြစရာပင်၊ ထိုခေတ်က ခေတ်မီသော လက်နက်ပစ္စည်းများမပါဘဲ ဤမျှလောက်ကြီးကျယ်သော ပေ ၄၀ ၀န်းကျင် ပတ်လည်ရှိသော ကျောက်တောင်ကြီးကို တူးနိုင်သည်မှာ မည်သူမျှ မအံ့သြဘဲ မနေနိုင်၊ ဂူတစ်လုံးဖြစ်ဖို့ကို နှစ်များစွာ အချိန်ပေးရလိမ့်မည်။ ထိုဂူများအတွင်းမှာ ကျောက်နံရံထွင်း ရုပ်ပွားတော်များ၊ ဘုရားအလောင်းပုံများ၊ ဘုရားဖြစ်တော်စဉ် ဇာတ်တော်များကလဲ ရှေးရဟန်းတော်များ၏ ပန်းပု ပန်းတမော့ ပညာသည် အံ့မခန်းဖြစ်ခဲ့သည်။ အထက်မျက်နှာကြပ်နှင့် ဘေးပတ်ပတ်လည်မှာ ရေးဆွဲထားသည် ဘုရားဖြစ်တော်စဉ် ဆေးရေးပန်းချီများကို ကြည့်ခြင်းအားဖြင့် ရှေးဟန်းတော်များ ပန်းချီအနုပညာနှင့် နှစ်ပေါင်း ထောင်ချီခံနိုင်ရည်ရှိအောင် ဆေးဖော်စပ်သည့် ဓာတုဗေဒပညာရပ်တွေကလဲ အံ့မခန်းပင်ဖြစ်သည်။ လိုဏ်ဂူများဆိုပေမဲ့ မြန်မာပြည်ရှိ လှိုဏ်ဂူများလို ကျဉ်းကျဉ်းလေးနဲ့ ရှေလျားသည့် ဂူမျိုးကား မဟုတ်၊ အတွင်းပိုင်းမှာ လေးထောင့်အသွင် လူနေကျောင်းပုံဖြစ်သည်။ တချို့ဂူကျောင်းတွေမှာ တစ်ယောက်စာ အိပ်ယာအခန်းတွေပါ ပါရှိသည်။ ပွတ်တိုင်လုံးကြီးများကဲ့သို့ တိုင်လုံးကြီးများ၊ အထက်အောက် အနိမ့်အမြင့်များနှင့် မျက်နှာပြင် ရုပ်လုံးရုပ်ကြွများဖြင့် ဒီဇိုင်းတို့ကို ကြည့်သော အခါ ထိုခေတ် ရဟန်းတော်များ၏ ဗိသုကာပညာသည် အံ့သြထောမနာလောက်အောင် ဖြစ်ရသည်။ မြေနေရာ ရွေးချယ်မှုမှာလဲ အလွန်တော်သည်ဖြစ်ရာကား ဘူမိဘေဒပညာ ပထ၀ီပညာရပ်တွေမှာလဲ အလွန်ကျွမ်းကျင်ပုံရသည်။
စာရေးသူတို့အဖွဲ့ နေပူကျဲကျဲမှာ ၂ နာရီကျော်ကြာ လေ့လာပြီး အောက်ဆင်းခဲ့ကြသည်၊ စားသောက်ဆိုင်မှာ ဒကာကြီး ဦးကျော်ဆွေက နေ့ဆွမ်းကပ်သည်။ တကယ်ဆို ထိုလိုဏ်ဂူများဝန်းကျင်မှာလဲ လေ့လာစရာ အမြောက်အမြားကျန်နေသေးသည်၊ အချိန်များစွာယူပြီး လေ့လာပါမှ အဆင်ပြေမည်။ စာရေးသူတို့အဖွဲ့လဲ အပြန်ခရီးကား အလွန်ဝေးသဖြင့် အချိန်ကား မရ၊ ထို့ကြောင့် စားသောက်ဆိုင်မှာ စားသောက်ပြီး၊ နေ့လည် ၁၂-၃၀ လောက်မှာ ပြန်လာခဲ့ကြသည်၊ အပြန်လမ်းမှာတော့ အလာလမ်းတိုင်းမဟုတ်ဘဲ ကီလိုမီတာ ၇၀ လောက် သက်သာသောကြောင့် နာဆစ်ခ် (Nasik) မြို့ဘက်သွားသည့်လမ်းခရီးကနေ ပြန်ခဲ့ကြသည်၊ တောလမ်းတွေ ပါနေသဖြင့် ခရီးတိုသော်လဲ လမ်းကား ကြမ်းသည်၊ National High way လမ်း ရောက်ဖို့ တော်တော် အချိန်ပေးရသည်။ အဆောင်ကို ည- ၁၀-၃၀ မှ ပြန်ရောက်သည်။
တောင်ခြေက စားသောက်ဆိုင်မှာ ဒကာဦးကျော်ဆွေ ဆွမ်းကပ်

အခွင့်သာရင်တော့ ဓမ္မဂီရသို့ ခရီး အပိုင်း (၄) မှာ အလိုရာ (Ellora) လိုဏ်ဂူများအကြောင်းကို ဆက်လက်ဖော်ပြပေးပါဦးမည်။

ခရီးစဉ်တလျှောက် အစအစအရာအရာ ပြုစုစောင့်ရှောက်သော ဒကာကြီး ဦးကျော်ဆွေအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၀-၂၀၁၁

06 October 2011

ဓမ္မဂီရိသို့ခရီးသွားမှတ်တမ်း အပိုင်း (၂)

စာမိတ်ဆက်
ဆရာကြီး ဦးဂိုအင်ကာ၏ ရိပ်သာနာမည်က နေရာနှင့် အလွန် ပံနာရသည်၊ ဓမ္မဂီရိ တဲ့၊ ဓမ္မ-တရား၊ ဂီရိ-ဂိရိ-တောင်။ နေရာကား မြို့စွန်က တောင်ခြေဆိုပေမဲ့ တောင်ကုန်းပေါ် တဖြည်းဖြည်းရင်း တက်သွားရသည်။ တရားတောင်၊ သို့မဟုတ် တရားရှိရာတောင်၊ သို့မဟုတ် တရားဖြင့်ပျော်မွေ့ရာတောင်၊ သို့မဟုတ် သူတော်ကောင်းတို့ နေရာ။ ဤကဲ့သို့ ဘာသာပြန်နိုင်သည်။ ဓမ္မရှိရာ တောင်အားလုံးကို ဓမ္မဂီရိ ခေါ်နိုင်သည်။
ပဏ္ဍ၀တောင်ခြေက ဆန်ချီစေတီကိုယ်ပွား ဗုဒ္ဓ၀ိဟာရနှင့်အတွင်းက ရုပ်ပွားဆင်းတုတော်
ဆရာကြီး ဦးဂိုအင်ကာ၏ ထိုဓမ္မဂီရိကမ္မဋ္ဌာန်းဌာနအတွင်း လေ့လာပြီး အိဂပူရိ မြို့ပြင်ဘက်က စားသောက်ဆိုင် ကောင်းကောင်း တစ်ခုမှာ စာရေးသူတို့ သူငယ်ချင်းတစ်စုကို ဒကာကြီး ဦးကျော်ဆွေက နေ့ဆွမ်းကပ်သည်။ ထိုစားသောက်ဆိုင်မှ ကီလိုမီတာ ၂၀ လောက် ကားဖြင့် သွားလိုက်သော အခါ Nasik နာဆစ်မြို့အ၀င်က ဗုဒ္ဓ၀ိဟာရ တစ်ခုသို့ ရောက်သည်။ အိဂပူရိ (Igapuri) နှင့် နာဆစ်ခ် (Nasik) မြို့တို့သည် ပူနေးမြို့ကဲ့သို့ တောင်ပေါ်မြို့များဖြစ်သည်၊ ဘုံဘေမှ တောတောင်တွေကို ဖြတ်ကျော်ပြီး မောင်းရသည်။ နာဆစ်ခ် Nasik ကို တချို့နေရာတွေမှာ နာရှစ်ခ် Nashik ဟု တွေ့ရသည်။ Nasik or Nashik နှစ်မျိုးလုံး မှတ်လေ။

ဗုဒ္ဓ၀ိဟာရ

ဗုဒ္ဓ၀ိဟာသည် ဆန်ချီ စေတီပုံသဏ္ဌာန် တည်ထားပြီး အတွင်းမှာ လှိုဏ်ခေါင်းအသွင်ဖန်တီထားပြီး ရုပ်ပွား ဆင်းတုတော်အကြီး တစ်ဆူပဲ ကိုးကွယ်ထားသည်။ ပဏ္ဍုလီန (pundulena) တောင်ခြေတွင်ရှိသည်။ ပန်းခြံပါ တွဲထားသဖြင့် သာယာသည်။ တောတောင်သည်လည်း သစ်ပင်တောရိပ်တို့ဖြင့် ထူထပ် လှပသည်။ ထိုဗုဒ္ဓ၀ိဟာရစေတီတော်ကြီး ၀န်းအတွင်းမှာ ဒေါက်တာအမ်ဘေဒကာ နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ပုံပါ ကြော်ငြာစာတမ်းကိုလဲ တွေ့ရသည်။ ဒေါက်တာအမ်ဘေဒကာ၏ တပည့်များကို တည်ထားကိုးကွယ်ထားသည်ဟု ဆိုနိုင်သည်။
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ပဏ္ဍ၀တောင်မှ ဂူတန်းများနှင့်အမှတ်တရ
ပဏ္ဍုလီန (pundulena)
ထိုနေရာကနေ တောင်ပေါ်သို့ မိနစ် ၂၀ နီးပါးလောက် တက်လိုက်လျှင် အလွန်လှပသည့် ပဏ္ဍုလီန (pundulena) ခေါ် ပဏ္ဍ၀ (pandava) လှိုဏ်ဂူအတန်းကြီးကို လှပစွာ တွေ့ရမည်။ ၀င်ကြေးကတော့ နိုင်ငံခြားသား ရူပီး ၁၀၀ ပေးရသည်၊ စာရေးသူတို့က ကျောင်းသားဖြစ်၍ Local ကြေး ၅ ရူပီးပဲ ပေးဆောင်ရသည်။ ထိုလှိုဏ်ဂူပေါင်း ၂၄ ခုသည် ဗုဒ္ဓဘာသာ ဂူများဖြစ်ကြသည်။ ဂူတန်းများ၏ သက်တန်းသည် လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်ကဟု ဆိုထားသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ရဟန်းတော်များ သတင်းသုံးသွားသည့် ဂူများဖြစ်ဟန်တူသည်။ တချိန်က သူလဲ ဓမ္မဂီရိတောင်ဟု ခေါ်ဆိုနိုင်ခဲ့သည့် နေရာဖြစ်သည်။ သူတော်ကောင်းတွေ စခန်းချရာ နေရာဖြစ်သော တောင်ဖြစ်၍ ဓမ္မဂီရိတောင်ဟု ခေါ်ဆိုရမည်။

ထိုဂူများကို ဂျိန်းဘုရင်က First Century BC နှင့် Second Century AD အကြားလောက် တည်ဆောက်ထားသည် ဟု သမိုင်းအရ သိရသည်။ နံပါတ် ၃ နှင့် နံပါတ် ၁၀ ဂူများကတော့ အကောင်းဆုံးဖြစ်သည်။ ၀ိဟာရ-ကျောင်းအသွင်ဖြစ်သည်။ ကျောက်နံရံထွင်း ရုပ်လုံးရုပ်ကြွများဖြင့် ဟိုဘက်ဒီဘက် နံရံများ မျက်နှာချင်းဆိုင်ထားသည်၊ ထိုဂူများသည် ဘုံဘေနှင့် ပူနေးမြို့ အကြားက လောဏ၀န (Lonavala.) အနီးက ကာလ လိုဏ်ဂူ (Karla Cave) ရှေးကျသလောက် ဖြစ်ဟန်တူသည်ဟု သမိုင်းကဆိုထားသည်။ တချို့ဂူထဲမှာတော့ ဘုရားလောင်းရုပ်ထု၊ ဂျိန်း Teerthankara Vrishabhdeo, Veer Manibhadraji, Ambikadeve စတဲ့ ရုပ်ကြွတွေကို ကျောက်နံရံမှာပဲ အလွန်ကျွမ်းကျင်စွာ ထွင်းထုလုပ်ထားသည်ကို တွေ့ရသည်။
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ကျောက်နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်များ
ဂူတွေထဲက ဘုရားရုပ်ထုတွေကို ကြည့်ပြီး အတွေးတစ်ခု ၀င်လာသည်၊ မြန်မာပြည်က ခေတ်အဆက်ဆက်က ဘုရားများသည် များသောအားဖြင့် တင်ပလ္လင်ခွေထိုင် ပုံများသာရှိသည်၊ ခြေနှစ်ချောင်း အောက်ချသည့် ပုံမျိုးက အလွန်ရှားသည်၊ သို့သော်လဲ မြန်မာပြည်မှာ တစ်ဆူတည်းသာရှိသော ခြေနှစ်ချောင်းချ၊ လက်နှစ်ဖက်ချ ရုပ်ပွားဆင်းတုတော်ကိုကား ကျိုက်မရောမြို့က ဆုတောင်းပြည့်ဘုရားကြီး ဖြစ်သည်။ ထိုဘုရား၏ သမိုင်းအရ မြန်မာသက္ကရာဇ် ၆၈၀ နှစ်က အတ္ထရံမြစ်ရေလွမ်းပြီး ဘုရားများစွာ မျောပါလာသည့်အထဲက ခြေနှစ်ချောင်းချ ရုပ်ပွားတော်သည် ယခုဘုရားတည်ရာ ကုန်းမြင့်ပေါ်တွင် တင်ကျန်ခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သော အနှစ် ၇၀၀ နီးပါးက ဆိုတော့ကား အိန္ဒိယပင်လယ်ဘက်က မျှောပါလာတာပဲ ဖြစ်နိုင်သည်။
ကျောက်နံရံထွင်း လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်နှင့် အမှတ်တရ
အိန္ဒိယနိုင်ငံမှာရှိ လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်သက်တမ်းရှိ လှိုဏ်ဂူထဲက ဘုရားရုပ်ပွားဆင်းတုတော် အများစုက ခြေနှစ်ဖက်ချ အသွင် များသည်။ စာရေးသူထင်သည်၊ အိန္ဒိယလူမျိုးတွေက ဘောင်းဘီအရှည်ဝတ်ကြတာ များသည်၊ ဘောင်းဘီရှည်ဝတ်ထားသူသည် တင်ပလ္လင်ခွေ ထိုင်ဘို့ အလွန်ခက်ခဲသည်၊ ခြေတောက် နှစ်ဖက် အောက်ချ၍ ထိုင်မှသာ သက်သောင့်သက်သာ ရှိမည်။ လွန်ခဲ့သည့် အနှစ် ၂၀၀၀ က ဘယ်လို အ၀တ်စားမျိုးဝတ်သည်မသိ၊ ဘောင်းဘီအရှည်တော့ မဟုတ်လောက်ဘူးထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပုဆိုးကွင်း အ၀တ်များသဖြင့် တင်ပလ္လင်ခွေ ထိုင်ဘို့ အဆင်ပြေသည်။ ဘယ်အကြောင်းကြောင့် ဘုရားဆင်းတုတော်တွေကို ဤကဲ့သို့ ကွဲပြားနေသလဲဆိုတာ မသိပေမဲ့ ဘုရားရှင်ကတော့ ဣရိယာပုထ် မျှတစွာ ထိုင်မည်ဖြစ်ရာ ယနေ့ခေတ်နဲ့ တွေးကြည့်က ကုလားထိုင်ပေါ်ကနေ ခြေချ ထိုင်တာမျိုးလဲ ရှိနိုင်မည်။
တချို့ ၀ိဟာရ-ကျောင်းအသွင်ဂူများသည် ပေ ၄၀ ပတ်လည်ဝန်းကျင် ရှိသည်၊ ဘုရားခန်းနှင့် နားနေခန်းများ ပါသည်။ ကျောက်တောင်ကြီးကို ထွင်းထားသည့် လှိုဏ်ဖြစ်ပေမဲ့ အတွင်းထဲမှာတော့ ယခုခေတ် လေးထောင့် (square) အဆောက်အဦးမျိုးဖြစ်သည်။ Ajanta အဂျင်တာ Ellora အလိုရာ လှိုဏ်ဂူတန်းတွေလောက် မကြီးကျယ်ပေမဲ့ သူ့နေရာနဲ့ သူ့တောင်တန်းမှာတော့ ပံနာရနေသည်။ အဂျင်တာ အလိုရာ တို့နှင့် တစ်ခေတ်တည်း ဖြစ်သည်။ အိန္ဒိယပြည်နယ်၏ ရှေးဟောင်းလေ့လာစရာ ဌာန (archaeological site) တစ်ခု ဖြစ်သလို archaeology လေ့လာသူများအတွက် နေရာကောင်းတစ်ခု ဖြစ်သည်။
ပဏ္ဍ၀တောင်ပေါ်မှ နာဆစ်ခ်မြို့ရှုခင်းနှင့် ပဏ္ဍ၀တောင်ဂူတန်းများ သမိုင်းဆိုင်းဘုတ်

ထိုဂူတန်းများကို လေ့လာခြင်းအားဖြင့် တချိန်က ဗုဒ္ဓဘာသာ ခိုင်ခိုင်ခံ့ခံ့ ဤနေရာမှာ ထွန်းကားခဲ့ကြောင်း၊ ယနေ့ဗုဒ္ဓဘာသာသည် ဒဏ္ဍာရီမဟုတ်ကြောင်း ခိုင်မာသော သမိုင်းသက်သေများနှင့် ထိုခေတ်က ပန်းချီ ပန်းပု ကျွမ်းကျင်သည့် အနုပညာရှင်များ ထွန်းကားခဲ့ကြောင်းများကို ဤတောင်တန်းရှိ ဂူတန်းများက ပြောပြနေသည်။
ထိုတောင်ပေါ်က ကြည့်လိုက်ရင်တော့ ၈ ကီလိုမီတာလောက် ဝေးတဲ့ နာဆစ်ခ် (Nasik) မြို့ကို လှပစွာ မြင်ရသည်။ တောင်ခြေက ဗုဒ္ဓ၀ိဟာရကျောင်းကိုလဲ အပေါ်စီးမှ မြင်ရသဖြင့် လှပသည်။ ထို့ကြောင့် အိဂပူရိကို ရောက်လျှင်တော့ ထိုတောင်တန်းက ဂူတန်းများကို လေ့လာသင့်ကြောင်း စကားလက်ဆောင်ပါးလိုက်ပါသည်။

ကင်မရာပိုး

စာရေးသူလဲ ကင်မရာပိုး (Camera-crazy) ရှိနေသည်၊ ငယ်ငယ်ကထဲက ရှိစုမဲ့စုတွေ ထုခွဲပြီး ကင်မရာအစုတ်ကလေးဖြင့် မှတ်တမ်းတင်လေ့ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်တော့ ထိုကင်မရာပိုးက ပိုထလာသည်။ ဆရာတော်ကြီးကိုယ်တိုင်ကလဲ ကင်မရာပိုးရှိနေသည်။ ခေတ်အမျိုးမျိုး တိုးတက်လာတာနဲ့ ကင်မရာကိုလဲ update ဖြစ်အောင် ကိုင်လေ့ရှိသည်။ ဆရာတော်ကြီး၏ လက်ထဲမှာ အမြဲတန်းရှိနေသည်ကား Latest Model ပဲ။ စာရေးသူတို့ စရောက်ခါစက သူ၏မွေးနေ့ပွဲမှာတောင် ကင်မရာ အကောင်းစားတွေ မဲထည့်ဖောက်လေ့ရှိသည်။ သူ့နား နေသည့်တပည့်များလဲ ကင်မရာ မရှားပေ။ ဆရာတော်၏လက်ကျ ရတဲ့သည်၊ တခါတရံ စိတ်ကူးပေါက်သည့်အခါ ကင်မရာဝယ်ပြီး တပည့်တွေအား လှူလေ့ရှိသည်။ စာရေးသူလဲ ကင်မရာအစုတ်ကလေးကနေ အခုတော့ ဆရာလက်ကျ ကင်မရာအကောင်းစားလေးနဲ့ ယားယား ဖြစ်နေသည်။
အငမ်းမရ မှတ်တမ်းတင်နေသည့် သီတဂူစတား (ဓာတ်ပုံ-ဦးကျော်ဆွေ)
ဆရာတော်က ကင်မရာပိုးရှိရုံတင်မဟုတ်ဘူး အနုပညာပိုးပါ ရှိနေသည်။ ကမ္ဘာပတ်ပြီး ရောက်လေရာအရပ်မှာ ရှေးဟောင်းလက်ရာများကို မြတ်မြတ်နိုးနိုး သူကိုယ်တိုင် ကင်မရာဖြင့် မှတ်တမ်းတင်သလို ကင်မရာပညာရှင်များကိုလဲ မှတ်တမ်းတင်စေသည်။ ထို့ကြောင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ကျောင်းများ အထူးသဖြင့် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးက ဆရာတော်ကြီး အနုပညာပိုးရှိကြောင်း ပြနေသည်။ အနုစိတ်လက်ရာများဖြင့် တန်ဆာ ဆင်ထားသည်။ ထိုမှတ်တမ်းတင်တဲ့ ကင်မရာပိုးကြောင့် ဆရာတော်အထံမှာ အလွန်ဖိုးတန်သည့် မှတ်တမ်းဓာတ်ပုံများ ကျန်နေသည်၊ အခါအခွင့်သင့်ရင် ဓာတ်ပုံပြပွဲများ လုပ်တတ်သည်။ တက္ကသိုလ်အတွင်းမှာလဲ ဓာတ်ပုံများစုစည်းရာ Photo Gallery ဆိုတာရှိသည်။ တစ်ခါက ဆရာတော်က ပြောဖူးတယ် ‘‘ ငါရှာဖွေလို့ရလာတဲ့ ကျောင်းဆောင်တွေက သံဃာအတွက်၊ သံဃိကပစ္စည်းတွေပါ၊ ငါပိုင်တာ တစ်ခုပဲရှိတယ်၊ အဲဒါကတော့ ကင်မရာပဲ’’။ ဆရာတော်ကြီးကိုယ်တိုင် စီမံထားသော အဆောက်ဦးများကို လေ့လာသောအားဖြင့် ဆရာတော်ကြီးမှာ အနုပညာပိုးရှိနေသည်ဆိုတာ သိနိုင်သည်။

ဆရာတော်ကြီးအနား နေသော စာရေးသူလဲ တဖြည်းဖြည်းနဲ့ ကင်မရာပိုးပါမက အနုပညာပိုးပါ ကူးစက်ဝင်လာသည်၊ ရှေးဟောင်းနေရာတွေကို စိတ်ဝင်စားတတ်လာသည်။ ရှေးဟောင်းတွေကို မြတ်နိုးတတ်လာသည်။ ရောက်လေရာရာမှာ ကင်မရာတစ်လုံးနဲ့ မှတ်တမ်းတင်တဲ့ အလေ့ရှိလာသည်အတွက် ဓာတ်ပုံအမြောက်အမြား စုမိဆောင်းမိသည်။ ကင်မရာဆိုင်ရောက်ရင်တော့ ၀ယ်နိုင်သည်ဖြစ်စေ မ၀ယ်နိုင်သည်ဖြစ်စေ ကင်မရာဆိုင်မှာ ကင်မရာကောင်းကောင်းကို အငမ်းမရ ရှာကြည့်တတ်သည်။ ကင်မရာပိုးပဲ ဖြစ်ဖြစ် အနုပညာပိုးပဲ ဖြစ်ဖြစ် ၂ ခုလုံးက ဆက်စပ်နေသည်၊ ကောင်းသော အကျိုးရှိသော ပိုးဖြစ်သည့်အတွက် မွေးမြူထားလေ။
လှိုဏ်ဂူအတွင်းက ပုံစံငယ်စေတီ (ကင်မရာ-ဒကာကျော်ဆွေ)

ဆက်လက်လေ့လာမည့် ဘုံဘေမှ ကီလိုမီတာ ၄၂၀ လောက် ဝေးသည့် Ajanta အဂျင်တာ Ellora အလိုရာ လှိုဏ်ဂူတန်းတွေ အကြောင်း အပိုင်း (၃) တွင် ဆက်လက် ဖော်ပြဖို့ရှိသည်။

ခရီးစဉ်အတွက် စပွန်ဆာ (အလှူ) ပေးသော ဒကာ ဦးကျော်ဆွေအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၀-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes