စာရေးသူထံ သီတဂူဆရာတော်ကြီးအလှူနဲ့ ပတ်သက်ပြီး မရှင်းတာကို မေးသော ပေးစာဖြစ်ပါသည်၊ စာရေးသူမေးလ်ထဲ ရောက်လာခြင်း ဖြစ်ပါသည်။ ပေးစာ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။
သီတဂူစတားဘုရား
တပည့်တော်သည် စတားဘလော့ ပရိသတ်ပါဘူရား သီတဂူဆရာတော်မှ အိန္ဒိယကျောင်းသားသံဃာများအား တပါးလျှင် ဒေါ်လာ ၁၀၀ စီ လှူသည်ဟု ဘလော့မှာ ဖတ်ရလို့ ၀မ်းသာရပါသည်ဘုရား။ သံဃာ ၅၂၈ ပါးအတွက် တပါး ၁၀၀ ဟု ဖတ်ရပါသည်။
သို့သော် ယခုတကယ် ဝေဖန် လှူဒါန်းသောအခါ အိန္ဒိယလက်ရှိ နေထိုင်သော သံဃာကိုသာ လှူပါသည်။
ကျောင်းတက်နေဆဲ စာရင်းဝင်ဖြစ်သော်လည်း ကိုယ့်နိုင်ငံပြန်နေသော ကျောင်းသားများကို မလှူပါဘုရား။
သို့ပါသောကြောင့် ဆရာတော်ကြီးက မည်သို့လှူသည်ကို ဘလော့မှ အများသိအောင် ရေးတော်မူပါရန်
လျှောက်ထားပါသည်ဘုရား။ ကျောင်းသားအဖွဲ့ခေါင်းဆောင်များ လုပ်ကိုင်ပုံမူမမှန်ဟု သံသယရှိနေကြပါသည်ဘုရား။ ဦးသိန်းစိန် အလှူငွေကိုလဲ စာရင်းမသွင်းလိုက်ရလို့ဆိုပြီး တချို့ကျောင်းသားများ မရခဲ့ပါဘုရား။ ဘလော့ရေးသောအခါ အမည် စသည်မဖော်ပြရန် တောင်းပန်ပါသည်ဘုရား။
လေးစားစွာဖြင့်
(အရှင်မြတ်တပါး)
မှတ်ချက်။ ။ အမည်နာမ မဖော်ရန် ပေးသူရဲ့ မေတ္တာရပ်ခံချက်အရ မဖော်ပါ။ သူပေးသည့် စာအတိုင်း ဖော်ပြလိုက်ပါသည်၊ သီတဂူအလှူနဲ့ ပတ်သက်နေခြင်းကြောင့်သာ ဖော်ပြပါသည်။
အရှင်ဘုရား
တပည့်တော် ဆိုက်ကို အားပေးဖော်ရလို့ ရှေးဦးစွာ ကျေးဇူးတင်ပါရစေဘုရား။
ကျန်တဲ့ ကိစ္စတွေကိုတော့ တပည့်တော် ကောင်းကောင်း မသိပါဘုရား၊ တပည့်တော်တို့ သီတဂူဆရာတော်ကြီး အလှူအကြောင်းကိုပဲ ပြောပါရစေဘုရား။ ဧရာဝတီ သက်သေတည်လို့ တပည့်တော် ရေးထားသလိုပါပဲ ဆရာတော်ကြီးက ဗမာ ရှမ်း ကချင် စသည်အားဖြင့် တိုင်းရင်းသားများဖြင့် တည်ဆောက်ထားလို့ မြန်မာဆိုတာ ဖြစ်လာတာပါဘုရား။ ထို့ကြောင့် လူမျိုးခြား ခွဲခြားမှုမရှိဘဲ အားလုံးကို မြန်မာဟု သတ်မှတ်ပြီး ကျောင်းမပြီးသေးသော မြန်မာပတ်စပို့ကိုင် အားလုံးကို လှူပါသည်ဘုရား၊ ကျောင်းတက်နေရင်း ဘယ်မှာပဲ ရောက်ရောက် လူမရှိပေမဲ့ ကျောင်းသားဖြစ်နေဆဲဆိုရင် အကုန်လှူတာပါဘုရား။
အခု သီတဂူဆရာတော်ကြီးလှူတဲ့ ကိစ္စမှာ ကျောင်းသားများအဖွဲ့ဝင်ခေါင်းဆောင်နဲ့ မဆိုင်ပါဘုရား၊ သီတဂူက ဦးဇင်းတစ်ပါးကပဲ တက္ကသိုလ် အသီးသီးသို့ ကျောင်းသားစာရင်းများ ပေးပို့ရန် ဖုန်းဖြင့်သော်၎င်း အီမေးလ်ဖြင့်သော်၎င်း အကြောင်းကြားပါသည်ဘုရား။ ဆိုက်အသီးသီးက သို့မဟုတ် တက္ကသိုလ်အသီးသီးက ခေါင်းဆောင် သို့မဟုတ် စာရင်းပေးသူကသာ အဓိက ဖြစ်ပါသည်ဘုရား။ တပည့်တော်တို့ ဘုံဘေသည်ပင် စာရင်းပေးတာတွေ မှားနေတာ တွေ့ရပါတယ်ဘုရား၊ အရှင်ဘုရား ပြောသလိုပဲ တပည့်တော်ဘွဲ့ စာရင်းထဲမှာ မပါဘဲ လူမရှိတော့တဲ့ သူတွေရဲ့ ဘွဲ့တွေ ထည့်ထားတာ တွေ့ရပါတယ်ဘုရား။ တပည့်တော် သိရသလောက်တော့ စာရင်းအင်းတွေကို ဌာနအသီးသီးသို့ တောင်းခံပါတယ်ဘုရား၊ သီတဂူဆရာတော်ကြီး အလှူသည် ကျောင်းသားအဖွဲ့ထဲ ၀င်သည် ဖြစ်စေ မ၀င်သည် ဖြစ်စေ အကုန်လှူပါသည် ဘုရား။
သီတဂူဆရာတော်ကြီး အလှူနဲ့ပတ်သက်ပြီး သံသယရှင်းပါဘုရား၊ တခြာတခြား အလှူတွေနဲ့ ပတ်သက်တာတွေကို တော့ တပည့်တော် မသိပါဘုရား။ လောလောဆယ် တပည့်တော်လည်း ကျောင်းသားများကျောင်းမှာ ဧည့်သည်အဖြစ်နဲ့ နေနေရပါတယ်ဘုရား။ အစအစအရာအရာ အဆင်ပြေပါသည် ဘုရား။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၂-၂၀၁၁

Monday, December 12, 2011
sitagustar