သီတဂူစတား

သီတဂူစတား

19 September 2012

သီတဂူဆရာတော် အမေရိကန် Congress တက်ရောက်မည်

သီတဂူဆရာတော်
အမေရိကန် Congress လွတ်တော်သို့ တက်ရောက်မည်

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော သီတဂူဆရာတော်သည်၊ ဒီနေ့ (၁၈-၉-၂၀၁၂) သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ရှိရာ တက္ကဆက်ပြည်နယ် အော်စတင်မြို့ကနေ ၀ါရှင်တန်ဒီစီ လေဆိပ် (Dulla Airport) ကိုရောက်မည် ဖြစ်သည်။

ဆရာတော်ကြီးသည် ၁၉-၉-၂၀၁၂ နေ့မှာ Washington ရှိ Congress လွတ်တော်သို့ တက်ရောက်မည်ဖြစ်သည်။ ထိုနေ့မှာပဲ ထိုCongress အဆောက်ဦးတွင် မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး Gold Medal ဆုကို ချီးမြင့်မည်ဟု သိရသည်။
(၂၀၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးတွင် မိန့်ခွန်းပြောခဲ့စဉ်က)


ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနဲ့အတူ သီတဂူဗုဒ္ဓ၀ိဟာရ အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာအရှင်အရိယဓမ္မ (အမေရိက) နှင့် သီတဂူဒေါက်တာမြတ်သူ (အာရှတော်ဝင်) တို့ လိုက်ပါသွားကြသည်။

ဆရာတော်ကြီးနှင့်အဖွဲ့သည် အမေရိကန်အစိုးရ (States Department)က စီစဉ်ပေးသော ဟိုတယ်တစ်ခုတွင် သီတင်းသုံးမည်ဟု သိရသည်။

အမေရိကရှိ သီတဂူဆရာတော်ကြီး၏ တပည့် သတင်းပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၉-၂၀၁၂


18 September 2012

လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ

ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ
စာမိတ်ဆက်
စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာတော်ကြီးများ၏ သာသနာရေး လူမှုရေးဆိုင်ရာ စသည့် ပုံများစွာကိုလဲ တင်ထားသည်။ တခါတရံ ရယ်စရာအဖြစ် ဟာသပုံလေးတွေကိုလဲ တင်ထားသည်၊ တခါတရံ ဖေ့ဘုတ်မောင်နှမများထံမှ ထူးဆန်းတဲ့ ပုံလေးတွေကို ကူး၊ ရှယ်ယာရင်း မြတ်ဗုဒ္ဓလက်ထက်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းလေးတွေ အဆုံးအမလေးတွေကို ထိုဓာတ်ပုံနှင့် မိတ်ဆက် တင်ခဲ့သည်။

ထူးခြားသည့်ပုံ

ထိုပုံများစွာထဲက ပုံတစ်ပုံကိုတော့ ထူးထူးခြားခြား လူပေါင်း တစ်ထောင်ကျော် ရှယ်ယာလုပ်ကြသည်။ Like လုပ်ကြသည်။ ထိုပုံလေးမှာ မြန်မာနိုင်ငံက သီတဂူဆရာတော်ကြီး၊ ယုဂန္ဓာနိုင်ငံက ဆရာတော်လေးနှင့် တပါးက ခဏခဏတွေ့ဖူးပေမဲ့ ဘယ်နိုင်ငံကလဲ ကောင်းကောင်း မမှတ်မိ၊ ထင်တာကတော့ ချက်သမ္မတနိုင်ငံကလို့ ထင်သည်။ ထိုဆရာတော်သုံးပါး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ထိပ်သီးအစည်းဝေးပွဲတစ်ခုမှာ ဆုံတွေ့ကြခြင်းဖြစ်သည်။ “ကမ္ဘုာလုံးဆိုင်ရာ ဗုဒ္ဒဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး ဤ အစည်းအဝေးကြီးပွဲကြီးကို 2011 ခု နိုင်ဝင်ဘာလ 27 28 29 ရက်နေ့များတွင် သုံးရက်တိုင်တိုင် နယူးဒေလီမြို့မှာ ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဒဘာသာဝင်အားလုံးတို့၏ စုစည်းညီညွတ်မှု အထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား၏ ၀မ်းမြောက်ဂုဏ်ပြု စကားပြောကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။”

ထိုပွဲတော်ကြီးကို ရွှေကျင်သာသနာပိုင်ဆရာတော် သက်တော်ရှည် ၀ါဆိုဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့လည်း တက်ရောက် ချီမြောက်သည်။ ထိုအကြောင်းနှင့်ပါတ်သက်ပြီး စာရေးသူ၏ ဆိုက်တွင် တင်ပြီးဖြစ်သည်။

ညီညွတ်ချစ်ခင်မှုကို လူတိုင်းတောင်းတ
ထိုပွဲတွင် ထိုဆရာတော်သုံးပါး၏ ပုံကို ဖေ့ဘုတ်မှာ “အသားရောင်မခွဲခြားတဲ့ ဗုဒ္ဓရဲ့သားတော် ညီအစ်ကိုတွေ (နယူးဒေလီ)”ဆိုတဲ့ စာတမ်းလေး ထိုးပြီးတင်ခဲ့သည်။ လူအကြိုက်အများဆုံးဖြစ်သည်။ ဒါကို ကြည့်သောအားဖြင့် လူတိုင်းက လူသား ဟူသော ခေါင်းစဉ်အောက်မှာ လူသားတိုင်း ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပျော်ပျော်ရွှင်ရွင် ၀မ်းပန်းတသာ ဆက်ဆံကြတာကို မြတ်နိုးသည်၊ နှစ်သက်ကြသည်။ တခြားသူတွေ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ရှိနေတာကို သဘောကျနေခြင်းသည် ကိုယ့်ရဲ့ ဣဿာကင်း မစ္ဆရိယ (ကုလမစ္ဆရိယ) ရှင်းပြီး မုဒိတာစိတ်ကို ဖော်ပြခြင်းပဲ ဖြစ်သည်။ ဤသည်ပင် သူတော်ကောင်းစိတ်ဟု ခေါ်သည်။
တစ်ကမ္ဘာလုံးကသာ ညီညွတ်မှု အေးချမ်းမှု ချစ်ခင်မှု ကြင်နာမှုကို တန်ဖိုးထားမယ်ဆိုရင် တစ်သွေးစိတ် တစ်သားစိတ်ရှိနေမယ်ဆိုရင် ယနေ့ကမ္ဘာမှာ စစ်ပွဲတွေဆိုတာ မရှိနိုင်၊ ဘာသာရေးအငြင်းပွားမှုတွေဆိုတာ မလာနိုင်၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေဆိုတာ ကြားဖူးမည်တောင်မထင်ပါ။(သမဂ္ဂါနံ တပေါ သုခေါ)

သာသနာတော်အတွင်းမှာ ခတ္တိယ ဗြဟ္မဏ သုဒ္ဓ ဝေဿစတဲ့ ဘယ်အမျိုးနွယ်ကပဲလာလာ သာသနာတော်အတွင်း ရောက်လာရင် ဘုရားသား ရဟန်းဆိုတဲ့ အမည်တစ်ခုတည်း ဖြစ်သွားသည်။ ဆင်းရဲသားပဲ လာလာ၊ ဘုရင့်သားတော်ပဲလာလာ၊ ဗြဟ္မဏ၀ါဒကပဲလာလာ၊ ဂျိန်းဘာသာကပဲ လာလာ၊ မည်သည့်ဘာသာဝင်ကပဲ လာလာ မြတ်ဗုဒ္ဓ၏ သာသနာအတွင်းရောက်လာရင် အားလုံး ဘုရားသားတော် ဘိက္ခုဆိုတဲ့ အမည်တစ်ခုအောက်မှာ တစ်သွေးတည်း တစ်သားတည်း တစ်မိန့်တည်း ညီညီညွတ်ညွတ်နဲ့ နေကြရသည်။ ဒါသည်ပင် သာသနာတော်၏ အံ့ဖွယ် (၈) ဖြာမှ တစ်ခုဖြစ်သည်။ သာသနာတော်၏လမ်းစဉ်အတိုင်း မည်သူမဆို လျှောက်လှမ်းနေပါက မဂ်ဖိုလ်တည်းဟုသော တစ်ရသာတည်းကိုပဲ အခွင့်တူ ခံစားကြရမည်။ မည်သူ့ကို သာစေ နာစေဆိုတာမရှိ၊ ဤသည်ပင်လည်း သာသနာတော်၏ အံ့ဖွယ်တစ်ပါးဖြစ်သည်။

သာသနာတော်၏ အံ့ဖွယ်တစ်ခုဖြစ်တဲ့ တစ်သွေးတည်း တစ်သားတည်း တစ်မည်တည်း တစ်ရသာတည်း ဆိုတာလေးကို ရည်ရွယ်ပြီး “အသားရောင်မခွဲခြားတဲ့ ဗုဒ္ဓရဲ့သားတော် ညီအစ်ကိုတွေ” ဆိုတဲ့ စာသားလေးနဲ့ ထို မတူညီတဲ့ ဝေးလံလှတဲ့ တစ်မြေတစ်နေရာဆီမှ ဆရာတော်သုံးပါး၏ ဓာတ်ပုံလေးကို မိတ်ဆက်ပေးခြင်းဖြစ်သည်။

သုံးကိုယ်တစ်စိတ် ဒီဓာတ်ပုံလေး
အရောင်သွေးမတူ တမြေစီခြားပေမဲ့ တစ်သွေးတည်း တမြေတည်းဖွား၍ တစ်စိတ်တည်းရှိနေကြသော ထိုဓာတ်ပုံလေးကို မြင်ရတာ ဘုရားရှင်လက်ထက်တော်က အနုရုဒ္ဓါမထေရ်၊ ကိမိလမထေရ်နှင့် နန္ဒိယမထေရ်တို့ သုံးပါးကို အမှတ်ရမိသည်။ တခါက ဗုဒ္ဓမြတ်စွာ ကောသမ္ဗီပြည်မှာ သီတင်းသုံးစဉ် ထိုမြို့မှာပဲ ရဟန်းတော်နှစ်ပါး၏ သေးသေးမွှားမွှားလေးသော အငြင်းပွားမှုကို အကြောင်းပြု၍ အမှိုက်ကစ ပြာဿဒ်မီးလောင်ဆိုတာလို တစ်မြို့လုံး အငြင်းပွားဖြစ်ကြသည်။ နောက်ဆုံး ဗြဟ္မာပြည်အထိအောင် ရန်ငြိုးရန်စ မီးက ထတောက်သည်၊ ဘုရားရှင် ဖြေရှင်းသော်လည်းမရ၍ ဘုရားရှင်လဲ ထိုအရပ် နေသင့်သော အရပ်မဟုတ်ဟုဆိုဆုံးမကာ ထွက်လာရင်းက ပါစိန၀ံသတောအုပ်ကြီးထဲ ရောက်လာသည်။ ဘုရားရှင်ကြွလာတော့ ထိုတောအုပ်ထဲမှာ သီတင်းသုံးနေသော အနုရုဒ္ဓါမထေရ်၊ ကိမိလမထေရ်နှင့် နန္ဒိယမထေရ်တို့ သုံးပါးတို့ တစ်ညီတညွတ်ထဲ ဘုရားကို ထွက်ကြိုကြသည်။ တစ်ပါးက သပိတ်ယူ၊ တပါးက သင်္ကန်းယူ၊ တပါးက ခြေဆေးရေ ယူပေး၊ နေရာထိုင်ခင်းပေးခြင်း စသည်ဖြင့် တပြိုင်တည်း အစဉ်ပြေသလို ပြုစုကြသည်မှာ ညီညွတ်မှုရဲ့ အရသာကို ဘုရားရှင် ခံစားရသည်မှာ မလွဲဟု တွေးမိသည်။ တစ်ပါးနဲ့တစ်ပါး တစ်အုပ်စုနဲ့ တစ်အုပ်စု အငြင်းပွား ရန်ဖြစ်နေတဲ့ နေရာက ကြွလာသော ဘုရားရှင်သည် ယခု အေးချမ်း တည်ငြိမ်သော နေရာရောက်လာတော့ ညီညွတ်ခြင်း၏ အေးချမ်းမှုကို ခံစားရမှာ မလွဲပေ။

ဘုရားရှင်က ဒီတောအုပ်ကြီးက သာယာလိုက်တာ၊ အေးချမ်းလိုက်တာ၊ ငါ့ရှင်တို့ ဒီတောအုပ်ကြီးကို ဒီလောက် တည်ငြိမ်အေးချမ်းပြီး တင့်တယ်အောင် ဘယ်လို ကျင့်သုံးကြသလဲလို့ ဘုရားမိန့်တော့၊ အရှင်အနုရုဒ္ဓမထေရ်က “တပည့်တော်သည် မိမိရဲ့ လိုအင်ဆန္ဒ၊ အတ္တစိတ်လေးကို ဘေးဖယ်ထားပြီး ကျန် အရှင်မြတ်နှစ်ပါး၏ အလိုအတိုင်းနေပါတယ်ဘုရား”ဟု လျှောက်သည်၊ အရှင်ကိမိလ မထေရ်ကလဲ ထိုနည်းစွာလျှောက်သည်၊ အရှင်နန္ဒိယကလဲ ထိုနည်းတူစွာပဲ ကိုယ့်ရဲ့ဆန္ဒကို အလေးမထားဘဲ ကျန် မိတ်ဆွေနှစ်ပါးရဲ့ အလိုအတိုင်းနေပေးသည်။ ဤနည်းအားဖြင့် မထေရ်သုံးပါးက တစ်ပါး၏အလိုကို တစ်ပါးက လိုက်နာကြသဖြင့် ညီညွတ်နေကြခြင်းဖြစ်သည်။
အကွဲအပြဲဖြစ်နေကြခြင်းသည် လောဘ ဒေါသ မောဟတို့အခြေခံပြီး ကိုယ့်အတွက်ပဲ ကြည့်ကြခြင်းတည်းဟုသော တစ်ကိုယ်ကောင်းဆန်စိတ် အတ္တစိတ်ကြောင့်ပင် ဖြစ်သည်။ ယနေ့ကမ္ဘာကြီး အချင်းချင်း ရန်ဖြစ်နေကြခြင်း သက်ဖြတ်နေကြခြင်းသည် ထိုတရားများကြောင့်သာ ဖြစ်သည်။ အကယ်၍သာ ကိုယ့်အတ္တစိတ် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်လေးကို ဖယ်ထားပြီး တစ်စိတ်တည်း တစ်ညီတစ်ညွတ်တည်း နေကြမယ်ဆိုရင် ပါစီန၀ံသတောအုပ်ကြီးလို ဒီကမ္ဘာမြေကြီး အေးချမ်းသာယာပြီး တင့်တယ်လှပသွားမည်ဖြစ်ပါကြောင်း သုံးကိုယ်တစ်စိတ် ဒီဓာတ်ပုံလေးက ပြောပြနေပါသည်။

လူအကြိုက်အများဆုံးပုံရှိရာလင့်ခ်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၈-၂၀၁၂

14 September 2012

စာမေးပွဲ ကြော်ငြာ(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)


စာမေးပွဲ ကြော်ငြာ(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)
၂၀၁၂-၂၀၁၃ ပညာသင်နှစ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သင်ကြားစီမံအဖွဲ့၏ ဆုံးဖြတ်ချက်အရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ပထမအစမ်း (First Tutorial Test) များကို စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) စာဖြေနေစဉ်)

တက္ကသိုလ်ကျောင်းသား ကျောင်းသူအားလုံးအထူးဂရုပြုရသည်မှာ
၁။ ကျောင်းသားကဒ်ပါရှိရခြင်း၊
၂။ ဖြေဆိုရမည့် ရက်၊ ဌာနများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးက ကြေငြာမည်ဖြစ်သည်။
၃။ ထိုသက်ဆိုင်ရာတက္ကသိုလ်၏ ကြော်ငြာဘုတ်တွင် သွားရောက်ကြည့်ရန်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) စာဖြေနေစဉ်)

ဘီအေ (B.A) တန်း
(က) ဘီအေ (B.A) တန်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် အတန်းများကို ၂၂-၀၉-၂၀၁၂ မှ ၂၅-၀၉-၂၀၁၂ အထိ ကျင်းပမည်ဖြစ်သည်။

ဒီပလိုမာ (Diploma)တန်း
(ခ) ဒီပလိုမာ (Diploma)တန်း အတန်းသုံးတန်းကိုတော့ ၂၆-၀၉-၂၀၁၂ မှ ၃၀-၀၉-၂၀၁၂ နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာဖြေနေစဉ်)

ဒေါက်တာအရှင်ကုမာရ၊ သင်ကြားစီမံအဖွဲ့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ကြော်ငြာချက် (ပညာရေး) အမှတ် (၁၀/၂၀၁၂)ကို ကိုးကားဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၀၉-၂၀၁၂

11 September 2012

ဘွဲ့နှင်းသဘင် ဖိတ်ခေါ်ခြင်း (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)

ဘွဲ့နှင်းသဘင် ဖိတ်ခေါ်ခြင်း (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)
၂၀၁၃ နှစ်ကျင်းပမည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်အတွက် ၂၀၀၉-၁၀၊ ၂၀၁၀-၁၁၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် အောင်မြင်ကြသော ဘီအေ (B.A) ကျောင်းသား/သူများအားလုံး အထူးသဖြင့် မိခင်တကသိုလ်မှ နိုင်ငံခြားသို့ ပညသင်ထွက်နေကြသော ကျောင်းသားများအားလုံး သိစေလိုပါသည်ဘုရား။ ဘွဲ့နှင်းသဘင်ရက် - ၁၃၇၄-ခုနှစ် တပေါင်းလဆန်း ၁၄ ရက် (ဆရာတော်ကြီး၏ ၇၆နှစ်ပြည့် မွေးနေ့အကြို) တွင် ကျင်းပပြုလုပ်ပါမည်။

အိန္ဒိယနိုင်ငံတက္ကသိုလ်အသီး၊ ထိုင်းနိုင်ငံတက္ကသိုလ်၊ သီရိလင်္ကာတက္ကသိုလ်များသို့ တက်ရောက် ပညာသင်ကြားနေကြသော ထိုနှစ်တွင် အောင်မြင်တော်မူကြသော ကျောင်းသား ကျောင်းသူအားလုံး မပျက်မကွက်လည်း တက်ရောက်စေလိုပါသည်။ ထိုနှစ်တွင် အောင်မြင်တော်မူကြသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြည်တွင်း ပြည်ပကျောင်းသား အားလုံးကို အကြောင်းကြားပါသည်။

သီတင်းကျွတ်လပြည့်နေ့ နောက်ဆုံးထားလျက် အောက်ပါများအချက်အလက်များကို အောက်ပါ လိပ်စာအတိုင်းပေးပို့ဖို့ကြရန်ဖြစ်ပါသည်။

၁။ ဘွဲ့အမည်
၂။ ဓာတ်ပုံ ၂
၃။ အောင်သောခုနှစ်၊ ခုံနံပါတ်
၎။ မှတ်ပုံတင်နံပါတ်
၅။ ဆက်သွယ်ရန်လိပ်စာ တယ်လီဖုန်း

အတိသီတလမေတ္တာဖြင့်
ဒေါက်တာကိတ္တိဗလ
လထ/မော်ကွန်းထိန်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ
သီတဂူစတား
၁၁-၉-၂၀၁၂

09 September 2012

သမိုင်းဝင် လာဘ်ရွှင်ဂါထာတစ်ပုဒ်

သမိုင်းဝင် လာဘ်ရွှင်ဂါထာတစ်ပုဒ်
စာမိတ်ဆက်
လောကလူသားတွေက ကိုယ်အပါဝင်ပေါ့ ခက်တော့ ခက်သားပဲ၊ လာဘ်ရဆိုရင် သိပ်စိတ်ဝင်စားကြတာ၊ ဗေဒင်မေးရင်တောင် လာဘ်ကောင်းလာဘ်မြတ်တွေ ၀င်ဖို့ ဘယ်တော့မှ မမေ့ကြပါဘူး၊ တနေ့က ဒကာမတစ်ယောက်က ဘုန်းဘုန်း “လလိတံ” ဆိုတဲ့ပုဒ်ကို ဘာသာပြန်ပေးပါဘုရားတဲ့၊ မြန်မာလို သိတော့ ပိုရွတ်လို့ကောင်းတာပေါ့ဘုရားတဲ့၊ ပါဠိပုဒ်တွေဆိုတာ ပုဒ်တစ်ပုဒ်တည်းနဲ့ အဓိပ္ပါယ်များစွာ ထွက်နေတာဆိုတော့ ဘယ်နေရာပါလဲဆိုတာ ၀ါကျလိုက် အပြည့်အစုံပေးပါဆိုတော့၊ တပည့်မထဲမှာ ပါမလာဘူးဘုရား နောက်မှ စာရွက်နဲ့ ရေးလာပါ့မယ်ဘုရားတဲ့။ စာရေးသူလဲ ဘယ်နေရာမှာ ဘယ်လိုအဓိပ္ပါယ်နဲ့ ဟောထားသလဲဆိုတာ သိချင်တာနဲ့ ပါဠိတော် အဋ္ဌကထာတွေထဲ မွှေနှောက် ရှာတယ်၊ ခေါင်းမူးနေအောင် ရှာတယ်၊ မတွေ့ဘူး၊ နောက်တော့ အင်တာနက်မှာ ၀င်ရှာလိုက်တော့ “လလိတံ” ပါတဲ့ ဆိုက်တွေ တန်းစီထွက်လာတယ်၊ အဲဒီအထဲကမှ ဆိုက်တစ်ဆိုက်ကို ဖွင့်လိုက်တော့ လာဘ်ရ ဂါထာဟု ယုံကြည်လက်ခံထားတဲ့ ဂါထာ တစ်ပုဒ်ထဲက ဖြစ်နေတာ တွေ့ရတယ်၊ ဒါနဲ့ အဲဒီ ဂါထာ အပြည့်အစုံကို ထိုမေးသော ဒကာမအား ပေးလိုက်တော့ “ဘုန်းဘုန်း အရမ်းတော်တယ်၊ တပည့်တော်မ သိချင်နေတာလဲ အဲဒီဂါထာပဲ ဘုရားတဲ့၊” တိုက်ဆိုင်သွားပြန်ပြီ။

စာရေးသူလဲ သူတို့လိုပဲ လာဘ်ရချင်ပုံပဲ၊ ဘာပဲဖြစ်ဖြစ် ဘုရားဂုဏ်တော်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားရှိခိုး ဂါထာတစ်ပုဒ် ဖြစ်နေတော့ စာရေးသူ၏ ဆိုက်ထဲမှာလဲ မှတ်စုအနေနဲ့ ကျန်သွားအောင် ထိုဆိုက်ထဲကနေ ထိုဂါထာကို ကူးယူလိုက်သည်။ ထိုဆိုက်သည်လည်း မြတ်မင်္ဂလာ (၂၀၀၉-ခု ဇူလိုင်လ)ထုတ်မှ ဟု ဖော်ပြထားသည်။
(ဘုရားရှင်၏ဂုဏ်တော်များ အာရုံယူကာ ဂုဏ်တော်များကို ပွားများရန်၊ အမေရိကရှိ သီတဂူ ရွှေစည်းခုံစေတီတော်)

ဂါထာရဲ့ လာဘ်သမိုင်း
ထိုဆိုက်ထဲမှာပဲ ဒီဂါထာရဲ့ သမိုင်းကို ယခုလက်ရှိ နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော် (ဗန်းမော်) ဘဒ္ဒန္တကုမာရာဘိဝံသက ပြောသည်ဟု ဆိုထားသည်။ တနေ့တော့ ရသေ့ကြီး ဦခန္တီ (ဦးခန္တီဆိုရင် လူတိုင်းက သိသည်) သည် ၀ါးချက်ကျေးရွာ မင်းကျောင်းဆရာတော်ကို လာဖူးသည်။ မင်းကျောင်းဆရာတော်သည် စစ်ကိုင်းတောင်ရိုး ပတ္တမြားစေတီတော်ကြီး၏ အရှေ့ဘက် လှေခါးခြေရင်းမှာ ရှိသော ၀ါးချက်ရွာတွင် ရှိသည်၊ စာရေးသူ မွေးရပ်ဇာတိနဲ့ ကပ်လျှက်ရွာဖြစ်သည်၊ ဧရာဝတီမြစ်နဘေးမှာ ရှိသဖြင့် လေကောင်း လေသန့်ရသည့်အပြင် တမျှော်တခေါ် ဧရာဝတီမြစ်ကြီးနဲ့ စိမ်းဆိုသော စိုက်ခင်းများကလဲ ကော်ဇောအစိမ်းကြီး ခင်းထားသလို ကြည့်ကောင်းသည်။ ထိုကျောင်းတွင် ပထမမင်းကျောင်းဆရာတော်သည် ဘုရင်ကိုးကွယ် ပုဂ္ဂိုလ်ထူးဖြစ်သည်၊ ရသေ့ကြီး ဦးခန္တီ လာရောက်ဖူးမျှော်ခဲ့သော ဒုတိယမင်းကျောင်းဆရာတော်သည်လည်း သီလ သမာဓိ ပညာဖြင့် ပြည့်စုံသည်ဟု ကျော်ကြားသည်။

ဆရာတော်ကြီးဆီ ရောက်လာသော ရသေ့ကြီးကို “ ရသေ့ကြီးက မြန်မာပြည်အနှံ့အပြားမှာ ဘုရား ကျောင်းကန်တွေ ဆောက်လုပ် လှူဒါန်းခြင်း၊ အပျက်အစီးများကို ပြုပြင်လှူဒါန်းခြင်းများ ပြုလုပ်နေသည်ဟု နာမည်ကျော်လှသည်၊ လာဘ်လာဘ ဘုန်းလဲ ကြီးသည်ဟုလဲ နာမည်ကျော်လှသည်။ ရသေ့ကြီး၏ အစွမ်းကြီးမှုကို ဘုန်းကြီး မြင်လိုလှသည်၊ ရသေ့ကြီးလဲ ကောင်းပါပြီဘုရား တပည့်တော်ကို တစ်နာရီခန့်သာ စောင့်ပေးပါဘုရားဟု ဆိုကာ ဘုရားရှေ့တွင် သီလဆောက်တည်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ပွားသည်၊ ၄၅ မိနစ်ခန့်မှာပဲ ရသေ့ကြီး အလုပ်ပြီးသွားသောအခါ ဆရာတော်ကြီးနား ပြန်ရောက်လာသည်။ ဆရာတော်ကြီးက ရသေ့ကြီး ဘာမှ မထူးသေးပါလားဟု မေးသောအခါ တစ်နာရီပြည့်ထိ စောင့်ပေးပါဘုရားဟု ဆိုသတဲ့၊ မကြာမီမှာပဲ ဘုရားဖူးများ ရောက်လာပြီး လက်ဝတ်ရတနာတွေ ချွတ်လှူသွားကြသတဲ့။

မင်းကျောင်းဆရာတော်သည်လည်း ထိုရသေ့ကြီးလိုပဲ လာဘ်ရစွမ်းလှသည်၊ အရှင်ဘုရားရဲ့ အစွမ်းကိုလဲ မြင်လိုလှပါတယ်ဘုရားဟု ရသေ့ကြီး လျှောက်ထားသောအခါ မင်းကျောင်းဆရာတော်ကြီးသည်လည်း ၄၅ မိနစ်ခန့် ဘုရားရှေ့မှောက်မှာ ဂါထာတစ်ပုဒ်ကို ရွတ်ပွားတော်မူသည်၊ မကြာမီမှာပဲ သင်္ကန်း အစုံ ၁၀၈ စုံနဲ့ လူ ၃ ယောက် ရောက်လာပြီး ဆရာတော်ကြီးကို လှူသွားသတဲ့။ ဤသို့အားဖြင့် အပြန်အလှန် လာဘ်ရအစွမ်းသတ္တိများ ပြပြီးသော အခါ အချင်းအချင်း ဆွေးနွေးကြသည်၊ ထိုသို့ဆွေးနွေးရာမှာ အစွမ်းသတ္တိနဲ့ပတ်သက်ပြီး ဘယ်ဂါထာကိုရွတ်ပွားကြသလဲလို့ အချင်းချင်း မေးသောအခါ တိုက်တိုက်ဆိုင်ဆိုင် နှစ်ဦးလုံးရွတ်ပွားသည့် ဂါထာသည် တစ်ပုဒ်တည်း အတူတူ ဖြစ်နေသည်၊ တိုက်ဆိုင်သည်လား စဉ်းစားစရာပင် ဖြစ်သည်။ ထိုသို့ ထူးခြားသော သမိုင်းဝင်ဂါထာကို မြန်မာပြန်နှင့် တွဲတင်ပေးလိုက်သည်။

တိုက်ဆိုင်လွန်းလှသည့် ထူးဆန်း ဂါထာ
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။


အနက်မြန်မာ
အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ ဗဟိအန္တဇယံ-အတွင်းအပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရား။ သုဂတံ-ကောင်းသောစကားကို ဟောပြောတတ်သောမြတ်စွာဘုရား။
အမိတံ-မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ၀ိရဇံ-ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရား။ လလိတံ-တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရား။ အတုလံ-အတုမရှိသော မြတ်စွာဘုရား။ စရဏံ-အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ တိဘ၀ူပသမံ-ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော်မူသော မြတ်စွာဘုရား။ ယမကံ-ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ သုခဒံ-ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား။ သရဏံ-ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရား။ ဇိနံ-မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားကို။ အဟံ- တပည့်တော်၊ တပည့်တော်မသည်။ ပဏမာမိ-ရှိခိုးပါ၏။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွင်းရှိ ရုပ်ပွားဆင်းတုတော်)
ဘုရားဂုဏ်၏ အစွမ်း
ဒီဂါထာမှာ ဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော် ၁၃ ခုကို သီကုံးဖွဲ့စည်းထားသည်၊ ဘုရားရှင်၏ ဂုဏ်တော်ကို လေးလေးနက်နက် အာရုံပြုနိုင်အောင် ရှိခိုးနိုင်အောင် ရှေးဆရာများ သီကုံးထားသည့် ဂါထာတစ်ပုဒ်ဖြစ်သည်။ တကယ်တော့ ဘုရားရှင်ကိုယ်တိုင်က ပါရမီတော်များတွင် ဒါနပရမတ္ထပါရမီတော်ကိုလည်း အထူး ဖြည့်လာခဲ့သည့် ဘုန်းရှင်ကံရှင် ဖြစ်ရကား ဘုန်းကံကြီးမားတော်မူသော ဘုရားရှင်၏ဂုဏ်တော် ပွားသူတိုင်း လိုအင်ဆန္ဒပြည့်ဝသည်၊ သို့သော်လည်း လာဘ်ရဖို့၊ အလိုဆန္ဒတစ်ခု ပြည့်ဝဖို့အတွက်နဲ့တော့ မရွတ်သင့်၊ တကယ့်ကို ရင်ထဲမှာ ဘုရားရှင်၏ ဂုဏ်တော်တွေကို တစ်ခုချင်းစီ အာရုံပြုပြီး ပွားများသင့်သည်၊ ပုတီးစိတ်လိုက စိတ်နိုင်သည်၊ ဘုရားရှိခိုးဂါထာဖြစ်သည်အတွက် အကြိမ်များစွာ ဘုရားရှိခိုးနိုင်သည်၊ စိတ်သည် ဘုရားရှင်၏တန်ခိုး အဖုံဖုံ ဂုဏ်တော်အမျိုးမျိုးတို့ဖြင့် ထုံမွမ်းလျှင် အစွမ်းသတ္တိရှိလာနိုင်သည်၊ ထိုသို့ပွားများသည့် အခါတိုင်းမှာ-

၁။ အကြိမ်များစွာ (စိရကာလ ဘာဝနာ) ပွားများပါ၊
၂။ နေ့စဉ်အဆက်မပြတ် (နိရန္တရ ဘာဝနာ) ပွားများပါ၊
၃။ အသေးအမွှားပဲဟု ချန်မထားဘဲ အကြွင်းအကျန်မရှိ အကုန် (နိရ၀သေသ ဘာဝနာ) ပွားများပါ၊
၎။ ရိုရိုသေသေ လေးလေးနက်နက် (သက္ကစ္စ ဘာဝနာ) ပွားများပါ၊
၅။ ပျော်ပျော်ရွှင်ရွှင် စိတ်စေတနာ ပါပါ (အဘိရတိ ဘာဝနာ) ပွားများပါ။

ဤ ငါးမျိုးသော ပွားများခြင်းနည်းစနစ်က ဘုရားလောင်း ပါရမီဖြည့်ခဲ့သော နည်းစနစ်ဖြစ်သည်၊ လောကုတ္တရာလိုင်းပဲ ဖြစ်ဖြစ် လောကီရေးရာပဲ ဖြစ်ဖြစ် ဘာပဲလုပ်လုပ် ထို နည်းငါးမျိုးနဲ့ အလုပ်လုပ်ပါက အောင်မြင်ပါလိမ့်မည်။ ဗုဒ္ဓဘာသာ ကလေးတစ်ယောက်က “နမော ဗုဒ္ဓဿ”ဟု ဆိုပြီးမှ ပေးဒိုးလိမ့်ကစားသတဲ့၊ ထိုသို့ ကစားတိုင်းလဲ သူပဲ အနိုင်ရသည်တဲ့၊ ဘုရားလက်ထက်က တကယ့်ဖြစ်ရက်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

အပါဒါနပါဠိတော်-၁-နှာ-၇၆မှာ ဂါထာလေးတစ်ပုဒ်တွေ့တယ်၊ ဘာဝနာတွေထဲက အကောင်းဆုံး ဘာဝနာဖြစ်တဲ့ ဘုရားဂုဏ်တော်တွေကို ပွားများခြင်းဆိုတဲ့ ဘာဝနာ (ဗုဒ္ဓါနုဿတိ)ကို အထက်ပါနည်းစနစ်အတိုင်း ပွားများပါက လိုအင်ဆန္ဒပြည့်ပါလိမ့်မည်၊ လို-တ-ရ ဖြစ်ပါလိမ့်မည်။

ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။
ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿတိ မာနသံ။


ထို့ကြောင့် ဘုရားဂုဏ်တော်များကို ဘယ်ဂုဏ်တော်ပဲ ဖြစ်ဖြစ် ဘုရားဂုဏ်တော်နဲ့ပတ်သက်တဲ့ ဘယ်ဂါထာပဲ ဖြစ်ဖြစ် စွဲစွဲမြဲမြဲ နေ့စဉ် ရွတ်ပွား အာရုံပြုနေဖို့ပဲ ဖြစ်ပါသည်၊ အနဲဆုံး လက်တွေ့အနေနဲ့ စိတ်တည်ငြိမ်ပြီး စိတ်ချမ်းသာပါလိမ့်မည်။ ရချင်လိုချင်မှ ထပွားတာမျိုးကတော့ “အခု ရေတွင်းတူး အခု ရေသောက်” ဆိုတာလိုကတော့ ဘယ်ဖြစ်မလဲ၊ ဘာမှ ဖြစ်လာမှ မဟုတ်၊ ၀ိသာခါကျောင်းအမကြီးကတော့ ခလုပ်တိုက်မိတိုင်းတောင် “န မော တဿ ဘဂ၀တော” စသည်ဖြင့် ဘုရားကို ရှိခိုးပြီးသားဖြစ်သွားသည်၊ ဘုရားဂုဏ်တော်ကို အမြဲပွား အမြဲသတိရနေသူတို့၏ အကျင့်ဖြစ်သွားသည်။ ခလုပ်တိုက်မိမှ အမိတ ဆိုတာမျိုးမဖြစ်စေဘဲ နဂိုကထဲက ကိုယ့်သဒ္ဓါ ကိုယ့်စေတနာ အလျောက် ပွားများရမှာ ဖြစ်ပါသည်။ တချို့က အခုလုပ် အခုဖြစ်ဆိုတာမျိုးကိုပဲ လိုချင်သည်၊ အလိုကြီးသည် ဆိုရမည်။ ဘယ်အရာမှ လွယ်လွယ်နဲ့ ရသည်မရှိ။ ရသည့်အရာလဲ တန်ဖိုးရှိလိမ့်မည် မဟုတ်။

ကိုယ်စောင့်တရား လေးပါး

ဗုဒ္ဓဂုဏ်တော် (ဗုဒ္ဓါနုဿတိ) ကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်သော ကိုယ်စောင့်တရားအနေနဲ့လဲ ပွားများဖို့ရန် ရှေးဆရာတို့ လက်ဆင့်ကမ်း မိန့်ခဲ့သည်။ ထို ကိုယ်စောင့်တရား လေးပါးကား
၁။ ဗုဒ္ဓါနုဿတိ=ဘုရားဂုဏ်တော်များကို အားရုံပြု ပွားများခြင်း
၂။ မေတ္တာဘာဝနာ= မေတ္တာ ပို့သခြင်း
၃။ အသုဘဘာဝနာ= လောဘ-မာန-ရာဂ ကင်းရေးအတွက် အသုဘပွားများခြင်း
၎။ မရဏဿတိ= သေခြင်းတရားကို အဖန်ဖန် အမှတ်ရခြင်းဖြင့် ဒေါသ-မာနစသည့် အကုသိုလ်စိတ်များကင်းခြင်း၊ ဘ၀အတွက် အဆင်သင့်ဖြစ်နေခြင်း စသည်အားဖြင့် ထိုတရား လေးပါးကို နေ့စဉ် ပွားများနေပါက မိမိအတွက် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ရခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ အပြင် အခြားသော ဘေးဥပါဒ်တွေကို ငြိမ်းအေးစေနိုင်သည်။ ဗုဒ္ဓါနုဿတိသည် ကမ္မဋ္ဌာန်းတရား အားထုတ်သူတွေအတွက် အာရုံကောင်းတစ်ခုလဲ ဖြစ်သည်။ အပ္ပမာဒ (သတိ)အတွက် အကောင်းဆုံး တရားလဲဖြစ်သည်။

“ဘုရားဖက်တော့ အသက်ရှည်
တရားဖက်တော့ အမြတ်ပြေ
သံဃာဖက်တော့ အခက်ဝေ”တဲ့။

ဘုရာဖက်၍ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။
တရားဖက်၍ စိတ်ချမ်းသာ အမျက်ပြေကြပါစေ။
သံဃာဖက်၍ အခက်ဝေ တိုးတက် ကြီးပွားကြပါစေ။

လာဘ်ရွှင်ချင်သလား၊ အသက်ရှည်ချင်သလား၊ စိတ်ချမ်းသာချင်သလား၊ စိတ်အကြံတိုင်းအောင် မြင်ချင်သလား၊ ဘုရားဂုဏ်တော်များကို စွဲစွဲမြဲမြဲ ပွားများလေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၈-၂၀၁၂


05 September 2012

သီတဂူ မေတ္တာအခါတော် အလှူများ

သီတဂူအာယုပါလ ကုသိုလ်ဖြစ်ဆေးခန်း (မြင်းခြံ)
မြင်းခြံမြို့ အာယုပါလ ကုသိုလ်ဖြစ်ဆေးခန်း ကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများက သိန်းပေါင်း ၃၅၀၀ (သုံးထောင် ငါးရာ) ကျော် အကုန်ကျခံ၍ ၁၃၇၄ ခု (၁-၉-၂၀၁၂) ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။
(သီတဂူအာယုပါလ ဆေးခန်း ဖွင့်ပွဲ အခမ်းအနား)

(က) ဆေးရုံအဆောက်အဦး- ကျပ်သိန်းပေါင်း (၂၀၀၀) နှစ်ထောင်ကျော်
(ခ) ဆေးပစ္စည်းများ ကျပ်သိန်းပေါင်း (၁၅၀၀) တစ်ထောင့်ငါးရာကျော်
(ဂ) ဆေးရုံအဆောက်အဦး အလှူရှင်- ဦးစွန်တိတ်+ ဒေါ်လွမ် (အာရှတော်ဝင်နှင့် တော်ဝင်ဆေးခန်းပိုင်ရှင်) မိသားစု၊ ရန်ကုန်မြို့

ယခုဖွင့်လှစ်ပြီးသော သီတဂူ အာယုပါလကုသိုလ်ဖြစ်ဆေးခန်း (မြင်းခြံ)သည် သီတဂူသာသနာပြုအဖွဲ့၏ ၁၈ ခုမြောက် ဆေးရုံတော် အလှူဖြစ်သည်။ ထိုဆေးခန်း ဖွင့်အပြီးမှာပဲ နိုင်ငံခြား မျက်စိပါရဂူများနှင့် မြန်မာ မျက်စိပါရဂူများ၊ သီတဂူဆေးရုံဆရာ ဆရာမများက မျက်စိဝေဒနာရှင်ပေါင်း ၃၀၀ ကျော်ကို ခွဲစိပ်ကုသပေးခဲ့သည်။

မြင်းခြံထောင်အလှူ
တစ်ဆက်တည်း ထိုမေတ္တာ အခါတော်နေ့မှာပဲ မြင်းခြံမြို့ရှိ မြင်းခြံထောင်တွင် သီတဂူ ကရုဏာအလှူများ ပြုလုပ်သည်။ အကျဉ်းကျခံ ထောင်သားများနှင့် ၀န်ထမ်းများ အားလုံး ၁၀၀၀ (တစ်ထောင်) ကျော် တို့အား သိန်းပေါင်း ၅၀ အကုန်ကျခံကာ လှူဒါန်းရာဝယ် မန္တလေးသီတဂူ ကျောင်းအမကြီး ဒေါ်ညွှန့်ညွန့်အေးနှင့် သီတဂူဒေါက်တာမြတ်သူတို့က လှူဒါန်းကြသည်။

ဆရာတော်ကြီး၏လမ်းညွှန်မှု့နှင့် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအောင် ဦးဆောင်သော မျက်စိအထူးကု ဆရာဝန်များသည် ထောင်သားများအား မျက်စိ စစ်ဆေးပေးပြီး လိုအပ်သော ကုသမှု့တွေကို ပြုလုပ်ပေးခဲ့ပါသေးသည်။

ဆက်ရန် သီတဂူအလှူတော်များ
(၁) လွတ်လပ်ရေးနေ့တွင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး၏ မွေးရပ်မေမြေ မကွေးတိုင်း နတ်မောက်မြို့တွင် စာသင်ကျောင်းဆောက်လုပ် လှူဒါန်းပွဲ ကျင်းပရန်ရှိသည်၊ ထိုစာသင်ကျောင်းကို ဘယ်လ်ဂျီယန်နိုင်ငံသား ဒေါက်တာ ဘူကူးက လှူဒါန်းမည်ဟု သိရသည်။

(၂) အောက်တိုဘာ (၁၀)ရက် ၀န်းကျင်လောက်မှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားထောင်တွင် သီတဂူကရုဏာအလှူတော်ပွဲ ကျင်းပရန်ရှိသည်။

(၃) နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတွင် ကြီးကျယ်ခမ်းနားသော အလှူကြီးတစ်ခုရှိသည်။ ထိုပွဲတောင်တွင် မြန်မာနိုင်ငံမှ ဆရာတော်များ တပည့်ဒကာ ဒကာမများနှင် အခြားနိုင်ငံမှ ဆရာတော်များ (အပါး-၁၀၀)နှင့် အမေရိကန်ရှိ တက္ကသိုလ်များမှ ပညာရှင်များကို ဖိတ်မန်ကာ (က) 24.11.2012 Consecration and Inauguration Ceremony နှင့် (ခ) 25.11.2014 Buddhist Seminar and Interfaith Dialogue အစီအစဉ်တို့ကို ပြုလုပ်မည်ဟု သိရသည်။

(၄) ဒီဇင်ဘာလတွင် ရှမ်းပြည် မြောက်ပိုင်း နန်းခမ့် သီတဂူဆေးရုံဖွင့်ပွဲ အလှူရှိသည်။ (သီတဂူဆေးရုံအလှူတော်များ လှူဒါန်းရန် ဆရာတော်ကြီး၏ စိတ်တွင် စပြီး သန္ဓေတည်ရာမြို့ဖြစ်သည်။ ထိုသို့ သန္ဓေစိတ်ဖြစ်လာပုံကို ဤလင့်ခ်တွင် ရှိသည်။
(သီတဂူအာယုပါလဆေးရုံဖွင့်ပွဲ၊ ရန်ကုန်-မန္တလေး သီတဂူကျောင်းအမများ)


သီတဂူဆရာတော်ကြီး၏ ဖွင့်လှစ်ပြီးဆေးရုံးများ
၁။ သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။
၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။
၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။
၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။
၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။
၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောင်မြို့၊ မကွေးတိုင်းဒေ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။
၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။
ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။
၁၃။ သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ)
ဆေးရုံတော်ကြီးကို ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွက် သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများ သွားရောက် ဖွင့်လှစ်ခဲ့သည်။
၁၄။ သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
(၀၂-၁၁-၂၀၁၁)-ရက်နေ့ မြစ်ကြီးနားတွင် ဖွင့်ပွဲ ကျင်းပမည်။(၀၅-၁၁-၁၁)-ရက်နေ့တွင် ကချင်ပြည်နယ်, ပူတာအို ဆေးရုံတွင် ဆေးရုံပစ္စည်းများ လှူဒါန်းပါမည်။
၁၅။ သီတဂူတက်လမ်းစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)ကို
(၂၀-၁၂-၂၀၁၁)နေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာရ၀တီကျောင်းတိုက်ရှိ ဆေးရုံတည်နေရာတွင် ဖွင့်လှစ်ကျင်းပပါသည်။
၁၆။ အမှတ်စဉ် (၁၆) သီတဂူသုမေဓာဆေးရုံ

ပန်းတနော်မြို့ အစုကြီးကျေးရွာတွင် သီတဂူသုမေဓာဆေးရုံ ဆောက်လုပ်ထားသည်။

(ရသမျှသတင်းတို့ကို သီတဂူစတား စုစည်းတင်ပြသည်။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၉-၂၀၁၂

02 September 2012

ဗုဒ္ဓတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး

ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး

မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် ကက်ရှ်မီးယားရဲ့ အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။ Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ ရဲ့ ဌာနချုပ်မြို့လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့လည်း လာ နားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။ “Buddhist and World Peace (ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး)” ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။

ကမ္ဘာ ဆိုတာဘာလဲ .......

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီက စတာ။ ရေ မြေ၊ တော တောင်၊ နေ-လ၊ နက္ခတ်တာရာ၊ ပင်လယ် သမုဒ္ဒရာ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။ တို့ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ”လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာနှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။

ဘုန်းကြီးက သူတို့ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီနှင့် ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကိုပဲ မင်းတို့လုပ်ကြပါကွာ”လို့ ဘုန်းကြီးကပြောလိုက်တယ်။ အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။

ကမ္ဘာစစ်၏ အစ .......

ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ်ဆိုတာတွေ ပြောမနေပါနဲ့။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။ စစ်ကို ဘယ်ကစသလဲဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။ “တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ပတ်သတ်လို့ မင်းတို့  စောဒကတက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။

“မင်းတို့အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်က စရင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက်နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ကို ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။ အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်းနဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။

ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။ ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God၊ ဂျူးတို့ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး၊ အစ္စလာမ်တို့ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ်၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ Godကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။

အရေးကြီးဆုံး အလုပ်နှစ်ခု ......


ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံး ကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace (တစ်နည်းပြောရရင်) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ စိတ်ဓာတ် ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။


အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။

အာရှမှာ အကုန်လုံးပြည့်စုံတယ်......

သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။

ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ရန် Mental Fulfilment အတွက် Mental Culture, Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။ ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။ ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။

လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရား
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Church ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဟာ ၀န်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။ လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့တန်ဖိုးကို နားလည်ကြဖို့ပဲ။ ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်”လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။

သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆
ထူးတင့်နိုင်ဖေ့ဘုတ်မှ ကူးယူသည်။

ကြိုက်လွန်းလို့ ပြန်လည် မျှဝေလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၈-၂၀၁၂

28 August 2012

ကုသိုလ် လူတွေကို အမျှပေးလို့ ရ-မရနှင့် ကိုယ်စား ကောင်းမှုများ


ချက်တင်စကားဝိုင်း အပိုင်း (၅)
အမေး+အဖြေကဏ္ဍ
ဒီမေးခွန်းလေးတွေကတော့ ဖေ့ဘုတ်က ကောင်လေးတစ်ယောက်က မေးထားသည့် မေးခွန်းဖြစ်သည်။ စာရေးသူကို ချက်တင်ကနေ ဆွေးနွေးထားဖြင့် ချက်တင်စကားဝိုင်းဟူ၍ အမည်ပေးလိုက်သည်။ ထိုချက်တင်စကားဝိုင်းမှာ သူမေးထားသည့် မေးခွန်းများသည် လွယ်သော အကြောင်းအရာ ဖြစ်ပေမဲ့ သိသင့်သိထိုက်သော မေးခွန်းဖြစ်သည်။

(၂၀၁၁- ၁ လပိုင်းလောက်က ဆရာတော်ကြီး၏ တရားပွဲ အစီအစဉ်များ ရိုက်ပေးနေစဉ်က သူငယ်ချင်းရိုက်ပေးသော
အမှတ်တရပုံ)

မေးခွန်း (၁)
အရှင်ဘုရား၊ တပည့်တော် မေးလျှောက်စရာလေးရှိလို့ပါဘုရား၊ အချိန်ရရင် ဖြေပေးပါဘုရား။ တပည့်တော် ပြုတဲ့ ကုသိုလ်ကို သက်ရှိ လူတွေကို အမျှပေးလို့ ရ-မရ သိချင်လို့ပါဘုရား။ တပည့်တော် အရင် တစ်ခါတုန်းကလည်း အရှင်ဘုရားကို ဘုရားအနေကဇာတင်တာနဲ့ ပတ်သက်ပြီး မေးဖူးပါတယ်ဘုရား။

အဖြေ
ရတယ်လို့လဲ ပြောရတယ်၊ မရဘူးလို့လဲ ပြောရတယ်။ ဒါ့ကြောင့် အပိုင်း နှစ်ပိုင်း ခွဲဖြေရလိမ့်မယ်။ ရတယ်ဆိုတဲ့အပိုင်းမှာက ကိုယ့်ကုသိုလ်ကို အမျှဝေလိုက်တော့ လူတွေက သာဓုခေါ်တယ်၊ ၀မ်းသာပေးတယ်၊ ပတ္တာနုမောဒန ကုသိုလ် ရသွားတယ်။ ကုသိုလ်ရတယ်လို့ ပြောလို့ ရတယ်။ ပေးသူကော ယူသူကော ကုသိုလ်ရတယ်။ ပုညကိရိယာဝတ္ထု= ကုသိုလ်ဖြစ်ကြောင်း (၁၀)ပါးကို စာပေမှာ တွေ့ရပါတယ်။ စာရေးသူ၏ ဆိုက်ထဲမှာ အဲဒီ ၁၀မျိုးလုံးကို ရေးပြီးသား ဖြစ်ပါသည်။ ထို ၁၀ မျိုးထဲတွင် ပတ္တိဒါနနှင့်ပတ္တာနုမောဒန ကုသိုလ်ဆိုတာ ပါသည်။ ပတ္တိဒါနကုသိုလ်ဆိုတာ ကိုယ်ပြုလုပ်ခဲ့သော ကောင်းမှု (အလှူ)ကို သူတစ်ပါးကို မျှဝေပေးခြင်း ခွဲဝေပေးခြင်း၊ ကိုယ်ရသလို သူတစ်ပါးတွေကို ရစေခြင်းဆိုတဲ့ စေတနာ မေတ္တာတွေ ဖြစ်သည်။ သူတစ်ပါးက အမျှဝေ ခွဲဝေ ပေးလိုက်တဲ့ ကုသိုလ်ကို မုဒိတာ ပွားတဲ့ အနေနဲ့ ၀မ်းမြောက်စွာ သာဓု သာဓု သာဓု ဟုခေါ်ပေးလိုက်သည့် လူသားအတွက် ကုသိုလ်ရသွားသည်။ သူတစ်ပါးအတွက် ၀မ်းသာပေးခြင်းဆိုတဲ့ မုဒိတာပင်ဖြစ်သည်။ မုဒိတာသည် ဗြဟ္မ၀ိဟာရ (သူတော်ကောင်းအလုပ်) ၄ ပါးထဲက တစ်ပါးအ၀င်ဖြစ်သည်။ “သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်” တဲ့။

ဗိမ္ဗိသာရမင်းကြီး၏ တချိန်က ဆွေတော်မျိုးတော် တော်စပ်ခဲ့ဖူးသူတွေ သံဃာအတွက် ရည်စူးထားတဲ့ စားဖွယ်သောက်ဖွယ်တွေ စားမိလို့ ပြိတ္တာဘုံဘ၀ ရောက်နေကြသည်။ သူတို့တစ်တွေ မပြည့်စုံလို့ ပုံစံအမျိုးမျိုး အသံအမျိုးမျိုးနဲ့ လာပြသည်။ အခုခေတ်လို ပြောရင်တော့ တစ္ဆေခြောက်တယ်လို့ ပြောရမှာပဲ။ ဒီလိုအကြောင်းတွေကို ဘုရားရှင်အားလျှောက်တော့ ဘုရားက အေး--မင်းကြီး-- အဲဒါ တခြားသူတွေမဟုတ်ဘူး၊ မင်းကြီးရဲ့ ဆွေတော် မျိုးတော်ဟောင်းတွေပဲ။ သူတို့မှာ အစား အ၀တ် နေစရာ မပြည့်စုံလို့ လာအသိပေးတဲ့ သဘောပဲ။ ဒါ့ကြောင့် သံဃာတော်များကို ဆွမ်းလောင်း၊ သင်္ကန်းလှူပြီး အမျှဝေလိုက်ရင် အစားအစာရော၊ အ၀တ်ရော ပြည့်စုံသွားလိမ့်မည်ဟု ဘုရားရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ပြုလုပ်လိုက်မှ ဆွေဟောင်းမျိုးဟောင်းပြိတ္တာတွေ အသံအမျိုးစုံး ပုံစံအမျိုးစုံ အနံ့အမျိုးစုံကို လာမပြကြတော့ဘူ။

ဇာဏုေဿာဏိပုဏ္ဏားကြီး အားလဲ မြတ်စွာဘုရားက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဟောထားဖူးတယ်။ တမလွန်ဘ၀ရောက်နေသူအတွက် ရည်စူးပြီး ပြုတဲ့ ကောင်းမှုက သူတို့အထံ ရောက်ပါသလားဘုရား။ ပြိတ္တာဘုံဘ၀ရောက်နေသူအတွက်တော့ ကိုယ်ပြုတဲ့ ကောင်းမှုအဖို့ကို ရရှိခံစားနိုင်တယ်။ ငရဲပြည်ရောက်နေသူကတော့ သူ့အကုသိုလ်ကံ ကြီးမားလွန်းလို့ သူတို့ထံ မရောက်နိုင်ဘူး၊ တိရစ္ဆာန်ဘ၀ရောက်နေသူတွေကတော့ သူတို့အတွက် သစ်ပင် သစ်ရွက် မြက် စတဲ့ အစားအစာ ပြည့်စုံနေရကား ကိုယ်ပြုတဲ့ ကုသိုလ် မရောက်နိုင်။ လူပြည်နှင့်နတ်ပြည်ကို ရောက်နေသူတွေကတော့ သူတို့မှာ အားလုံးပြီးပြည့်စုံနေရာကား ကိုယ်ပြုတဲ့ ကုသိုလ် အဖို့ မရောက်နိုင်။ သို့သော်လည်း သံသရာမှာ ဆွေမျိုးမတော်စပ်ဖူးသူ မရှိရာကား ကိုယ်ပြုတဲ့ ကုသိုလ်အဖို့ကို တစ်ယောက်မဟုတ် တစ်ယောက်တော့ ရသွားနိုင်သည်။ ပြိတ္တာဘုံဘ၀မှာ ကိုယ်ရည်ရွယ်ထားသူလဲ မရှိ၊ ဆွေးမျိုးတော်သူလဲ မရှိဆိုရင် ကိုယ်ပြုတဲ့ ကုသိုလ်ကား အချည်းအနှီးဖြစ်သွားရောလားဆိုတော့၊ အဲဒီလိုလည်းမဟုတ်။ ကိုယ်ပြုတဲ့ ကုသိုလ် ကိုယ်ပဲ ရသည်။ ဤကား ဇာဏုေဿာဏိအားဟောသော ဘုရားစကားများတည်း။

မရဘူးဆိုတဲ့အပိုင်းမှာတော့ ကိုယ်ပေးလိုက်တဲ့ အမျှက ပြိတ္တာဘ၀မှာ မပြည်စုံတဲ့ သူတွေလို ရသွားစေတာမျိုး မဟုတ်ဘူး။ ပြိတ္တာတွေကတော့ သူတပါးရဲ့ အလှူ၏အမျှကို သာဓုခေါ်လိုက်တာနဲ့ စားစရာ နေစရာ ၀တ်စရာ တခါတည်း ပြည့်စုံသွားတယ်။ ကမ္မဇိဒ္ဓိသတ္တ၀ါတွေဖြစ်သည်၊ ကံနဲ့ အသက်ရှင်နေသူများ ဖြစ်ကြသည်။ လူတွေကတော့ အဲဒီလို မရနိုင်ဘဲ ကုသိုလ်တော့ ရသွားတယ်။ အဲဒါကြောင့် ရတယ်လဲပြောလို့ရတယ် မရဘူးလို့လဲ ပြောလို့ရတယ်ပေါ့။

မေးခွန်း (၂)
နောက်ပြီး တပည့်တော်က တစ်ခြား တစ်ယောက်ကိုယ်စား ကုသိုလ် ပြုပေးလို့ ရပါသလားဘုရား?တဲ့။ ဒီမေးခွန်းလေးကလဲ ရိုးရှင်းပေမဲ့ သိသင့်သိထိုက်တဲ့ မေးခွန်းတစ်ခုပါပဲ။

အဖြေ
ဒီမေးခွန်းကလဲ အပိုင်းနှစ်ပိုင်း ခွဲဖြေရလိမ့်မယ် ထင်ပါတယ်။ တစ်ပိုင်းကတော့ အကျိုးများသော ကိုယ်စားပြုတဲ့ ကုသိုလ်သည်။ ဆိုကြပါစို့ သူငယ်ချင်းလေးယောက် အစုရှယ်ရာဝင်ပြီး အတူစီးပွားကြသည်။ ရလာတဲ့ အကျိုးမြတ်ကို ၅ စု ပုံပြီး ၄စုကို လေးယောက် အညီအမျှ ဝေယူကြသည်။ ဝေပုံတစ်စုကိုတော့ ပရဟိတအတွက် ကုသိုလ်ပြုရန်ဖြစ်သည်။ ထိုဝေစုကို သူငယ်ချင်းတစ်ယောက်က ကျန် ၃ ယောက် ကိုယ်စား ကုသိုလ်ပြုပေးသည်။ ၄ ယောက်စလုံး ကုသိုလ်ရသည်။ သို့သော်လည်း ကိုယ်တိုင်ကိုယ် သာဟတ္ထိက သွားရောက်လှူတဲ့သူကတော့ ကျန် ၃ ယောက်ထက် ပိုကုသိုလ်ရသည်။

တခါက ပါယာသိမင်းကြီးက ကုမာရကဿပမထေရ်၏ တရားတော်ကြောင့် မိစ္ဆာအယူကို စွန့်ခွါပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့သည်။ ဒါန၏ အကျိုးကို ယုံကြည်လာသည်။ ထို့ကြောင့် ခရီးသွားတွေ၊ သူဆင်းရဲတွေ၊ ရဟန်းပုဏ္ဏားတွေကို ဆန်ကွဲထမင်းများကို လှူသည်။ အညံ့စားအ၀တ်တွေကို ပေးကမ်းသည်။ ထိုအလှူဒါနပြုရာဝယ် ဥတ္တရလုလင်အား တာဝန်ပေးထားသည်။ ဥတ္တရလုလင်က ထိုအလှူဒါနဝေယျာဝေစ္စပြုရာဝယ် “ဤကောင်းမှုကြောင့် နောင်ဘ၀ ဒီ ပါယာသိမင်းကြီးနဲ့ မဆုံပါရစေနဲ့”ဟု ဆုတောင်းသတဲ့။ ဘုရင်ကြီးက ကြားသွားသဖြင့် အဘယ့်ကြောင့် ဤကဲ့သို့ဆုတောင်းသနည်းဟု မေး၏။ အရှင်မင်းကြီး လှူတဲ့ အလှူကို ကြည့်ပါအုန်း၊ အရှင်မင်းကြီးလှူတဲ့ အစားအစာ အ၀တ်အထည်တွေကို မစား မသုံးတဲ့အပြင် ခြေနဲ့တောင် ထိချင်ကြမည် မဟုတ်။

ကောင်းပြီး၊ ဒီလိုဆိုရင် ငါ စားနေတဲ့ အစားအစာ ငါသုံးနေတဲ့ အ၀တ်အထည်တွေကို လှူပေတော့၊ သို့သော်လည်း သူကိုယ်တိုင် အလှူမလုပ်နိုင်ဘဲ တပည့်ဖြစ်သူ ဥတ္တရလုလင်အား စီမံခန့်ခွဲရန် တာဝန်ပေးထားသည်။ ဥတ္တရလုလင်က သူကိုယ်ပိုင်ပစ္စည်းဖြင့် လှူသည့်ဒါန မဟုတ်စေကာမူ ရိုရိုသေသေ သံဃာ့ဝေယျာဝေစ္စပြုသည်။ ဘုရင်ကြီးက ကိုယ်ကိုယ်တိုင် လှူဖို့ စိတ်မပါ။ သူတို့နှစ်ယောက် သေပြီးသော်အခါ ဘုရင်ကြီးက နတ်ပြည် ၆ ထက် အောက်ဆုံးဘုံ စာတုမဟာရာဇဘုံရောက်သွားသည်။ ဥတ္တလုလင်ကတော့ သူ့အထက်ကဘုံဖြစ်တဲ့ တာဝတိံသာမှာ သွားဖြစ်သည်။ ဤဇာတ်တော်မှာ ဥတ္တရလုလင်သည် ဘုရင်ကြီးကိုယ်စား အလှူဒါနကို ပြုပေးသည်။ ဘုရင်ကြီးလဲ ကုသိုလ်ရသည်၊ ကိုယ်စားပြုပေးတဲ့သူက ပိုကုသိုလ်ရနေသည်။

ကိုယ်တိုင်ပြုသူသာ ကုသိုလ်ရနိုင်
နောက်တစ်ပိုင်းကတော့ သူတပါးအတွက် ကုသိုလ် လုပ်ပေးလို့မရတာတွေ ရှိသည်။ ဥပမာ- သူငယ်ချင်းတစ်ယောက်ကိုယ်စား မေတ္တာသုတ်ရွတ်ပေးခြင်း၊ ပရိတ်ရွတ်ပေးခြင်း၊ ပဋ္ဌာန်းရွတ်ပေးခြင်း စသည့် ဘာဝနာကုသိုလ်များ၊ ဘုရားသောက်တော်ရေ၊ ပန်း ဆီးမီးကပ်ခြင်း၊ ကိုယ့်ပိုင်ပစ္စည်းဖြင့် သူအတွက် ကောင်းမှုပြုပေးခြင်းတို့သည် ပြုသူသာ ကုသိုလ်ရသည်။ သူငယ်ချင်းဖြစ်သူမှာ ကုသိုလ်မရနိုင်။ သို့သော် အဲဒီပြုသမျှကို သူ့အတွက် အမျှဝေသော်အခါ သူငယ်ချင်းက သာဓုခေါ်လျှင်ကား ပတ္တာနုမောဒန ကုသိုလ်တော့ ရနိုင်သည်။ တချို့က “ ကိုယ့်မိသားစုထဲက အမေကသော်၎င်း၊ အမ အစ်ကို တစ်ယောက်ယောက်ကသော်၎င်း ကောင်းမှုပြုနေရင် ငါပြုစရာမလို၊ သူတို့ပြု ငါပြုတာနဲ့ အတူတူပဲ”ဟု ထင်တတ်ကြသည်။

တခါက မဃလုလင်ဆိုတဲ့ အမျိုးကောင်းသားတစ်ယောက် ရွာထဲမှာ လမ်းပြင် တံတားခင်း၊ အမှိုက်ရှင်း စတဲ့ အများကောင်းကျိုးအတွက် ကောင်းမှုအပြင် အများပြည်သူ ပင်ပန်းတဲ့အခါ တည်းခိုဖို့ ဇရပ်တံဆောင်းကိုလဲ ဆောက်လုပ် လှူဒါန်းခဲ့သည်။ သူနဲ့အတူ အမျိုးကောင်းသား ၃၁ ယောက်၊ စုပေါင်း ၃၂ ယောက်သော အမျိုးကောင်းသားတို့သည် အများအကျိုးသယ်ပိုးသည့် သူငယ်ချင်းတစ်စု ဖြစ်ကြသည်။ ထိုအဲတွင် ထူးထူးခြားခြား မဃလုလင်ကတော့ သကြာမင်းဖြစ်ကြောင်း ကောင်းမှုတွေကိုပါ အသက်ထက်ဆုံး အားထုတ်သွားသည်။

သကြားမင်းဖြစ်ကြောင်း (၇)
၁။ မိဘကို ပြုစုလုပ်ကြွေးခြင်း
၂။ ကြီးသူကို ရိုသေ လေစားခြင်း
၃။ သိမ်မွေ့နုညံ့သော စကားကိုသာ ပြောဆိုခြင်း
၎။ ညီညွတ်ရေး စေ့စပ်ရေးလမ်းစဉ် စကားကိုသာ ပြောဆိုခြင်း (ချောပြစ်ဂုဏ်ချောခြင်း ပိသုဏစကားကို မပြောဆိုခြင်း)
၅။ အလှူအတန်းမှာ ပျော်မွေ့ခြင်း၊ ပေးကမ်းခြင်း စွန့်လွတ်ခြင်းတို့၌ စီမံခန့်ခွဲရတာကို ပျော်မွေ့ခြင်း
၆။ မှန်သော စကားကိုပဲ ပြောဆိုခြင်း နှင့်
၇။ ဒေါသမကြီးခြင်း သည်းခံခြင်း တည်းဟူသော သကြားဖြစ်ကြောင်း ကျင့်စဉ်တို့ကို အသက်ထက်ဆုံး ပြုကျင့်အားထုတ်သည့်အတွက် မဃ၀အမည်ရှိ သကြားမင်း ဖြစ်လာသည်။

သူ့သူငယ်ချင်းများကတော့ သူနဲ့အတူ နတ်သားများ ဖြစ်လာကြသည်။
သကြားမင်းမဖြစ်မှီ မဃလုလင်ဘ၀မှာ သုဓမ္မာ၊ နန္ဒာ၊ စိတ္တာနှင့် သုဇာဆိုတဲ့ အမျိုးသမီး လေးယောက် ရှိသည်။ ထိုအမျိုးသမီးလေးယောက်တွင် သုဓမ္မာကတော့ ဇရပ်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းသည်၊ နန္ဒကတော့ ထိုဇရပ်အနီး ရေကန်ကြီးတစ်လုံး လှူသည်၊ စိတ္တာကတော့ ထိုအနီး အများပြည်သူ အပန်းဖြေရန် ပန်းခြံကြီးတည်ဆောက်လှူသည်။ ထိုကောင်းမှုများကြောင့်ပင် တာဝတိံသာမှာပဲ မဃ၀သကြားမင်း၏ နတ်သမီးလေးများ ဖြစ်လာသည်။ နောက် သုဇာဆိုတဲ့ အမျိုးသမီးကတော့ မဃလုလင်၏ဦးကြီးသမီးလည်းဖြစ်သည်၊ မဃလုလင်၏ ဇနီးလည်း ဖြစ်သည့်အတွက် “ ငါက သူနဲ့အမျိုးလည်းတော်သည်၊ သူ့ဇနီးလည်းဖြစ်သည့်အတွက် ကောင်းမှုပြုစရာမလို၊ လင်တော်မောင် မဃ ကောင်းမှုပြုတိုင်း ငါပြုရာမည်သည်၊ ငါပြုသမျှသည်လည်း သူပြုရာရောက်သည်”ဟုသော အတွေးဖြင့် ဘာကောင်းမှုမှ မပြုခဲ့ဘဲ အလှအပတန်ဆာဆင်ရင်းဖြင့် ဘ၀ကို ကုန်ဆုံးစေခဲ့သည်။ သေသည့်အခါ ဗျိုင်းမလေးတစ်ကောင် သွားဖြစ်သည်။
ဤဇာတ်တော်တွင် မဃလုလင်၏ ဇနီး မသူဇာသည် သူ့အမျိုးသား ကောင်းမှုပြုလျှင် သူမလည်း အတူ ရလိမ့်မည်ဟုသော မျှော်လင့်ခဲ့သည်။ တကယ်တော့ မဃလုလင်ပြုသမျှ ကုသိုလ်သည် မဃလုလင်ပဲ ရသည်။ တခြားလူ မရနိုင်။ ထို့ကြောင့် သူတစ်ပါးကိုယ်စား ကုသိုလ် လုပ်ပေးလို့ မရတာလဲ ရှိသည်ဟုသော အဖြေသည် ဤနည်းဖြင့် တစ်နည်းမှတ်သားနိုင်သည်။ အလားတူပင် အကုသိုလ်အရာ၌ ပြုသူသည်သာ ထိုအကုသိုလ်အကျိုးခံစားရမည်၊ တစ်ပါးသောသူကား ထိုအကုသိုလ်ပြုရာ၌ ကာယကံ ၀စီကံမပါခဲ့ရင် ထိုအကုသိုလ်အကျိုးမရောက်လာနိုင်။ “သူ့ကာယကံ သူ့ထံပြန်၊ ကိုယ့်ကာယကံ ကိုယ်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း” ဟူသတည်း။

ဒကာတော်ရေ--ဘုန်းဘုန်းကို မေးခွန်းတွေမေးလို့ အထူးပဲ ကျေးဇူးတင်ပါသည်။ ဘုန်းဘုန်းလဲ မောင်ရင် မေးသမျှ မေးခွန်းတွေကို အတတ်နိုင်ဆုံး စုစည်းပြီး တင်ပြထားသည်။ ပြည့်စုံမည်ဟူ၍ကား မထင်။ ထို့ကြောင့် တိုးတက်၍လေ့လာနိုင်ပါသေးသည်။

“တပည့်တော်ကို နားလည်အောင်ရှင်းပြပေးတာ အများကြီး ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော် နောက်ကိုလည်း မသိတာ ရှိရင် ဘုန်းဘုန်းကို မေးပါဦးမယ် ဘုရား”ဟူ၍ ဒီကနေ့ အမေးအဖြေအခန်း ချက်တင်စကားဝိုင်း ဤမှာ အပြီးသတ်ပါသတည်းးးးးးးးးးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၆-၂၀၁၂

22 August 2012

အေပက်တက္ကသိုလ် (ABAC) တရားပွဲ မှတ်တမ်း


(တရားဟောခမ်းမဆောင်သို့ ကြွရောက်လာသော သီတဂူဆရာတော်ကြီး)


သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲ ဓာတ်ပုံသတင်း

၂၀-၈-၂၀၁၂ (တနလာင်္နေ့)ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Salle De Expo, ABAC (အေပက်တက္ကသိုလ်အတွင်း)မှာ
ဟောကြားခဲ့စဉ်က မြင်ကွင်းဓာတ်ပုံ တစ်ချို့ကို သီတဂူညီနောင် ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။
(တက္ကသိုလ် ခမ်းမဆောင်ကြီးတွင်းက ဓမ္မအသံ)
(တရားနာကြွရောက်သော ဘန်ကောက် ပရိသတ်များ)



သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D), (D.Litt) ထိုင်းနိုင်ငံတွင် အောက်ပါအစီအစဉ်အတိုင်း တရားတော်များ ချီးမြှောက်ခဲ့သည်။

ဟောကြားခဲ့သည့်နေ့ရက်= 20-08-2012 (တနလာင်္နေ့)
ဟောကြားခဲ့သည့်နေရာ= Salle De Expo, ABAC (အေပက်တက္ကသိုလ်အတွင်း)
ဟောကြားခဲ့သည့်အချိန်= ညနေ ၇ နာရီ မိနစ် သုံးဆယ်
(မှတ်ချက်။ ။ သတင်း ကြေညာပြီး၊)
(တရားနာကြွရောက်လာကြသော တက္ကသိုလ် ကျောင်းသား ကျောင်းသူအချို့)
(တက္ကသိုလ်အတွင်းက တရားဟောခမ်းမ ပြင်ဆင်နေစဉ်)



ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၈-၂၀၁၂

18 August 2012

သီတဂူဆရာတော် အထူးတရားပွဲ (ထိုင်းနိုင်ငံ)

သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲ ဖိတ်ကြားလွှာ
(ထိုင်းနိုင်ငံ)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တက္ကသိုလ်များနှင့် သီတဂူသာသနာပြုအဖွဲ့ကြီး၏ အဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ

ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D), (D.Litt) အရှင်မြတ်က နိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြားမည် ဖြစ်ပါသောကြောင့် တရားနာပရိတ်သတ်များအား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။
(လွန်ခဲ့သော နှစ်များစွာက ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး သီတဂူအာယုဒါနဆေးရုံတော် ဖွင့်ပွဲ ကြွရောက် ချီးမြှောက်)

ဟောကြားမည့်နေ့ရက်= 20-08-2012 (တနလာင်္နေ့)
ဟောကြားမည့်နေရာ= Salle De Expo, ABAC (အေပက်တက္ကသိုလ်အတွင်း)
ဟောကြားမည့်အချိန်= ညနေ ၇ နာရီ မိနစ် သုံးဆယ်

ABAC (အေပက်တက္ကသိုလ်အတွင်း)တက္ကသိုလ်ရှိ သီတဂူ ညီနောင်များမှ ပေးပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၀၈-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes