သီတဂူစတား

သီတဂူစတား

09 March 2013

သီတဂူဆရာတော်ကြီး မွေးနေ့ ဖိတ်ကြားလွှာ

မွေးနေ့ပူဇာ ဖိတ်ကြးလွှာ
(၂၀၁၃)
(သက်တော် (၇၄)နှစ် မွေးနေ့ပူဇာ ဓာတ်ပုံများ)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော်၏ (၇၆)နှစ်ပြည့်မွေးနေ့ပူဇာ အလှူတော်မင်္ဂလာကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အစီအစဉ်များ
(၁) ၂၀၁၃ ခုနှစ် မတ်လ ၂၅ ရက်နေ့၊

(က)နံနက် ၅ နာရီအချိန်မှ စတင်၍ သီလရှင် အပါး ၁၀၀၀ တို့အား လှူဖွယ်တန်းဖွယ်များအစုံအလင် လောင်းလှူခြင်း။

(ခ)နေ့လည်ပိုင်းအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)တို့မှ ဒီပလိုမာ (Diploma) အောင်မြင်ကြသူများအား အောင်လက်မှတ်ပေးအပ်ပွဲ။

(ဂ) ညပိုင်း ဇေယျာရပ် အားကစားကွင်း၌ သီတဂူဂီတဉ္ဇလီအဖွဲ့ က ဓမ္မတေးများဖြင့် သီဆိုပူဇော်ခြင်း။

(၂) ၂၀၁၃ခုနှစ် မတ်လ ၂၆ ရက်နေ့၊

(က) နံနက် ၅ နာရီမှစတင်၍ ပင့်သံဃာတော် အပါး ၁၀၀၀ တို့အား သင်္ကန်း၊ သပိတ်စသော လှူဖွယ်တန်းဖွယ် အစုံအလင်တို့ကို လောင်းလှူခြင်း။

(ခ) နံနက် ၈ နာရီတွင် သက်တော်ရှည် ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးအား သက်တော်ရှည် ပူဇော်ပွဲ ကျင်းပ၍ ပူဇော်ကန်တော့ခြင်း။

(ဂ) ထိုပူဇော်ကန်တော့အပြီးတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဘီအေ(B.A), အမ်အေ (M.A), ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ရ ပုဂ္ဂိုလ်တို့အား ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပခြင်း။

(ဃ) ညပိုင်း တွင် မန္တလေး မြို့မတေးဂီတအဖွဲ့မှ ဧည့်ခံဖျော်ဖြေခြင်း။

(င) အလှူရှင်များက မုန့်မျိုးစုံတို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းစသည်တို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပူဇော်ကြမည်ဖြစ်ပါ၍ ကြွရောက်ပူဇော်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

(ဖိတ်စာများကို သီးသန့် မပို့ တော့ပါ)

(၇၄)နှစ်ပြည့်မွေးနေ့ အလှူ ဓာတ်ပုံများ)

သီတဂူဆရာတော်မွေးနေ့ အလှူရှင်များ

(က) ဆွမ်း၊ အစားအစာ အလှူရှင်များ


(၁) ဒေါ်အေးစိန် မိသားစု သဲကုန်းမြို့က သဲကုန်းထမင်းသုပ်ဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ကြမည်။

(၂) သီတဂူ ဦးဟန် မိသားစု၊ သီတဂူ ဒေါက်တာမြတ်သူ မိသားစု၊ ဦးနေဝင်းလှိုင်+ဒေါ်ခင်ထွေးရီနှင့် သီတဂူဦးကံတင်+ဒေါ်ဌေးဌေး မိသားစုတို့က ရွှေတောင်ခေါက်ဆွဲဖြင့် ဆက်ကပ်ခြင်း၊ ကျွေးမွေး ဧည့်ခံခြင်းများ ပြုလုပ်ကြမည်။

(၃) ဧရာဝတီတိုင်း ကဒုံကနိ သီတဂူ တပည့်များ၊ ဦးစိုးသိန်း+ဒေါ်ဆင်းနု ရွှေနဒီ မိသားစု ရန်ကုန်၊ ဦးဆန်းဝင်းအောင်+ဒေါ်လှလှဝင်း (ဇမ္ဗူအေး မိသားစု) ကျောက်ပန်းတောင်းနှင့် ဦးတင်လှိုင် သီရိမင်္ဂလာဈေး ရန်ကုန် မိသားစုတို့က နံက်ပိုင်း မန္တလေးမုန့် တီသုတ်နှင့် နေ့ ဆွမ်းများ၊ နေ့လည်စာများ ဧည့်ခံကျွေးမွေးကြမည်။

(ခ) လှူဖွယ်များ လှူဒါန်းခြင်း

(၁) သီတဂူဆရာတော်နှင့် ဒေါ်ရွှေဥ (ရာစုသစ် ရွှေဥရတနာရွှေဆိုင်)တို့က သင်္ကန်းအစုံ ၁၀၀၀ လောင်းလှူခြင်း။
(၂) Jennifer S. Conn (ဈာနပဘာ) မိသားစု အမေရိကက သပိတ်အလုံး ၁၀၀၀နှင့် မျက်နှာသုတ် ပုဝါ ၁၀၀၀ လောင်းလှူခြင်း။

(၃) မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး သီတဂူ ဒေါ်ညွန့်ညွန့်အေးက သီလရှင်ဝတ်စုံ ၁၀၀၀ကို လောင်းလှူခြင်း။

(၄) ဒေါက်တာကျော်ခိုင်+ဒေါ်စိန်ထွေး မိသားစု၊ ရန်ကုန်မြို့က ခြုံစောင် အထည် ၂၀၀၀တို့ကို သံဃာ ၁၀၀၀နှင့် သီလရှင် ၁၀၀၀တို့အား လောင်းလှူခြင်း။

(၅) ဦးတင်ဦး+ဒေါ်လှမြင့် (ရွှေစင်ရတနာရွှေဆိုင်) မိသားစုက စတီးလ်ဂျိုင့် အလုံး၂၀၀၀ကို သံဃာ ၁၀၀၀နှင့် သီလရှင် ၁၀၀၀တို့အား လောင်းလှူခြင်း။
(Sitagu International Buddhist Academy Facebook မှာ ကူးယူဖော်ပြသည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၉-၀၃-၂၀၁၃

06 March 2013

လင်းလက်ကြယ်စင် သီတဂူအရှင် (ပန်းစပယ်)

လင်းလက်ကြယ်စင် သီတဂူအရှင်

စာပျိုး
ရခဲလှသော လူ့ဘ၀လေးမှာ လူရယ်လို့ ဖြစ်လာရင် ရလာတဲ့ ဘ၀လေးကို အကျိုးရှိရှိ အသုံးချ ကုန်လွန် ကြရမှာ သဘာဝဘဲ ဖြစ်ပေသည်။ ဒါမှလဲ လူပီသတဲ့ လူတစ်ယောက်ဖြစ်ပေမည်။ ဗုဒ္ဓဘာသာဝင်တိုင်းက မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့သော စကားများကို အများဆုံး လိုက်နာ ကျင့်သုံးကြသည်။ ကံကံ၏ အကျိုးကို ယုံကြည် သက်ဝင်ပြီး လောက ကောင်းကျိုးများကို လုပ်ဆောင်နေကြသည်။ လူတိုင်း လုပ်ဆောင်နေကြသည်ထက် ပိုပြီးထူးခြားစွာ လုပ်ဆောင်နေသူ လုပ်ဆောင်နိုင်သူ တစ်ဦးရှိပါသည်။ ထိုသူသည် မြတ်စွာဘုရား၏ သားတော်ရဟန်း တစ်ပါးဖြစ်သည့် ကမ္ဘာ့သာသနာပြု အကျော် သီတဂူဆရာတော်ကြီး ပင်ဖြစ်ပါသည်။

ငယ်စဉ်ရဟန်းပျို ဘ၀မှာထဲက သူတစ်ပါးကို ကူညီရိုင်းပင်းချင်သည့် စိတ်၊ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်လိုသည့်စိတ် ရှိသူဖြစ်သည်။ အများအတွက် အကျိုးရှိနိုင်မည့် လုပ်ဆောင်မှု့ကို ဘယ်လို အခက်အခဲတွေ ရှိရှိ ရအောင် ကြိုးစား လုပ်ဆောင်ပေးခဲ့သည်။ လူ့သဘာဝအရ လူတိုင်းသည် ဘုရားရှင်ထံ ဆုတောင်းကြသည်။ ဆုတောင်းတိုင်း မပြည့်နိုင်ပေမဲ့ တကယ့်ကို ရင်ထဲက ဆန္ဒပြင်းပြစွာ ဖြစ်ပေါ်လာသော စိတ်နင့် ဆုတောင်းခဲ့သော ဆရာတော်ကြီး၏ လွန်ခဲ့သော နှစ်ပေါင်း ( ၅၀) ကျော်လောက်ထဲက တောင်းခဲ့သော ဆန္ဒသည် တဖြေးဖြေးနဲ့ ပြည့်လာခဲ့သည်မှာ သက်သေတွေ ပြနေသည်။

ဆရာတော်၏ ရဟန်း(၅) ၀ါ အရောက် တောင်းခဲ့သော ဆုမှာ “ ငါသည် သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက် နိုင်ရပါလို၏” “ငါသည် ဘယ်ဘ၀မှာမှ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါရစေနှင့်” ပင်ဖြစ်သည်။ ထိုဆုတောင်းတွေ အတိုင်း ဆရာတော်သည် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ခဲ့ပါသည်။ သဘာဝ ဘေးဒဏ် အန္တရာယ် အမျိုးမျိုး ကျရောက် ခံနေရသူများကိုလဲ အထူးကယ်တင်နိုင်ခဲ့သည်။ သဘာဝ ဘေးဒဏ်ခံရသူများဆီသို့ ကိုယ်တိုင် အရောက်သွားကာ စိတ်ဓါတ်ခွန်အား၊ ငွေအားတွေဖြင့် ကူညီ စောင့်ရှောက်ပေးသည်။ မြန်မာပြည်တွင် အကြီးမားဆုံး နာဂ်စ် မုန်တိုင်း တိုက်ခတ်ခံ ပြည်သူများကို အမျိုး ဘာသာ မခွဲခြားဘဲ ကူညီပေးနိုင် ခဲ့သည်။ ( ကျပ်သိန်းပေါင်း ရှစ်ကုဋေ ဘိုးလှူဒါန်း နိုင်သည်)။

သတ္တ၀ါအများအား မြတ်စွာဘုရား ဟောကြားတော်မူသော တရား ဒေသနာတွေကို ဟောပြော သွန်ပြနိုင်အောင် လေ့လာ မှတ်ယူသည်။ မှတ်သားထားသော တရားဒေသနာများကို မြန်မာပြည်အနှံ့ လိုက်လံပြီး တရားရေအေးကို တိုက်ကျွး ခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။ တစ်နေ့လျှင် တရားပွဲများစွာ ဟောပြောပြီး လူတို့၏စိတ်ကို အေးချမ်းစေအောင် တရားအသိ ရစေအောင် တရားရေအေး အမြိုက်ဆေး ကျွေးခဲ့သည်။ ထိုကဲ့သို့ နေရာအနံ့အပြား ဓမ္မအသိကို မျှဝေးရင်း သီတဂူသာနာပြုအဖွဲ့ တည်ထောင်ကာ သီတဂူစီမံကိန်းကြီး (၄)ခုကို အကောင်အထည်ဖော်ခဲ့သည်။

စီမံကိန်း (၁)
သူတစ်ပါး၏ အကျိုး စီးပွားကို ဆောင်ရွက်နိုင် ရပါလို၏ ဆုတောင်းအတိုင်း လုပ်ဆောင်နိုင်ခဲ့သည်။ တရားကျင့် သူတော်စင် များစွာ နေထိုင်သော စစ်ကိုင်းတောင်သည် ရေရှားပြတ်လပ်မှု့များ အမြဲကြုံကြရသည်။ ဆရာတော်သည် တောင်စစ်ကိုင်း ချောင်တိုင်းဝေရမည် ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး၊ ဧရာဝတီမြစ်ရေကို စုတ်ယူပြီး တောင်ပေါ် ချောင်ပေါင်းများစွာကို ရေပေးဝေနိုင်ခဲ့သည်။ သဲကုန်း သပိတ်အိုင် ဆရာတော်မှ သီတဂူ ဆရာတော် အဖြစ် ရောက်လာသော သီတဂူရေအလှု စီမံကိန်း တစ်ခုဖြစ်ပါသည်။

စီမံကိန်း (၂)
နာမကျန်းဖြစ်သူကို စောင့်ရှောက်ခြင်းသည် ငါဘုရားကို စောင့်ရှောက်ခြင်းဖြစ်သည် ဟူသော မြတ်စွာဘုရားရှင် ဆုံးမ တော်မူသည့်အတိုင်း ဆရာတော်သည် စစ်ကိုင်းတွင် သီတဂူ အာယုဒါန ဆေးရုံတော် တစ်ရုံကို ဖွင့်လှစ်ခဲ့သည်။ ဆေးရုံတွင် ရဟန်းသံဃာ၊ ကိုရင်၊ သာသနာ့နွယ်ဝင် သီလရှင်၊ လူပုဂ္ဂိုလ်များကို ကုသိုလ်ဖြစ် ကုသပေးနေသည်။ ထိုစိမံကိန်းသည် ဆရာတော်၏ ဒုတိယ စီမံကိန်းဖြစ်ပေသည်။ ယခုအချိန်ထိ အာယုဒါန/စက္ခုဒါန ဆေးရုံပေါင်း (၂၀) ထိ ဖွင့်လှစ်ထားပြီးဖြစ်သည်၊ ဆရာတော် လုပ်ဆောင်နေသည်မှာ ဆေးရုံပေါင်း (၂၄) ထိဖြစ်နေပါသည်။ ကျန်ရှိနေသေးသော ဆေးရုံများကိုလည်း မကြာမီနှစ်များတွင် ဖွင့်လှစ်ပေမည်။
မြန်မာပြည်မှ အထူးကု ဆရာဝန်ကြီးများက အပတ်စဉ် အလှည့်ကျ လာရောက် ကုသပေးသည်။ ထို့အတူ နိုင်ငံရပ်ခြားမှ မြန်မာပြည်ဖွား အထူးကု ဆရာဝန်ကြီးများသာမက နိုင်ငံခြားသား အထူးကု ဆရာဝန်ကြီးများက သူတို့ အားလပ်ရက်တွင် အနားမယူဘဲ နှစ်စဉ် လာရောက် ကုသပေးနေသည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ မျက်စိ အထူးကုခြင်း၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အထူး ကုသခြင်း၊ သွားအထူးကုသခြင်း၊ အရေပြား အထူးကုသခြင်းများကို နှစ်စဉ် အလှည့်ကျ ကုသပေးနေပါသည်။ ထိုကုသမှု့ကို စစ်ကိုင်းဆေးရုံတွင်သာမက ဆရာတော် တည်ထောင်ထားသော တိုင်းနဲ့ပြည်နယ်ရှိ ဆေးရုံများတွင်ပါ လိုက်လံ ကုသပေးသည်။

ယခုနောက်ဆုံး ဖြစ်ပေါ်ခဲ့သော မုံရွာကြေးနီတောင် စီမံကိန်း ဖြိုခွင်းမှု့တွင် မီးလောင် ဒဏ်ရာ ရသော ရဟန်းရှင်လူ လူအများ တို့အား ရန်ကုန်မှ နေ့ချင်းပြန်သွား ရောက်ကာ ငွေလှုဒါန်းခဲ့သလို ဒဏ်ရာ ပြင်းထန်စွာရနေသော သူများကို စိတ်ဓါတ်ခွန်အားပေးခဲ့သည်။ ဒဏ်ရာရ လူနာများ အတွက် လိုအပ်သော ဆေးဝါးများကိုလဲ ပြည်ပနိုင်ငံများမှ မှာယူပေးကာ ကုသပေးသည်။ နိုင်ငံခြားသို့ သွားရောက် ကုသလျှင် ကုန်ကျစရိတ်များစွာ ဖြစ်ကြမည်ကို သိသော ဆရာတော်သည် အင်္ဂလန်နိုင်ငံတွင် မီးလောင် ဒဏ်ရာ အရေပြားများကိုအထူး ကုသပေးနိုင်မည့်သူကို ရှာဖွေသည်၊ တစ်ပတ်လောက်အကြာတွင် တွေ့ရှိသည်၊ ဆရာတော်နှင့် အင်္ဂလန်နိုင်ငံသားဆရာဝန် တို့တွေ့ဆုံဆွေးနွေးသည့်အခါ ထိုဆရာဝန်မှလဲ အခုလို ပရဟိတ ကုသပေးရမည်ကို သူဆန္ဒရှိနေသည်မှာ ကြာပြီ ဖြစ်ကြောင်း လိုလိုလားလား လက်ခံကာ မြန်မာပြည်သို့ သူလာရောက် ကုသပေးမည်ဟု ဂတိပြုပါသည်။ အင်္ဂလန်နိုင်ငံသား ဆရာဝန်ကြီး ကို ဆရာတော်က မြန်မာပြည် ကို ဆရာတော့် စရိတ်နှင့် ခေါ်ယူသည်။ မြန်မာပြည်မှ တာဝန်ရှိသူများကို တင်ပြပြီး ဆရာတော်ပိုင် စစ်ကိုင်း သီတဂူအာယုဒါန ဆေးရုံတွင် မီးလောင်ဒဏ်ရာရ လူနာများ အားလုံးကို စားဝတ်နေရေးမှစ အစစ အရာရာ အားလုံး တာဝန်ယူကာ လိုအပ်သော ကုသမှု့ကို ပေးနိုင်ခဲ့သည်။ သတ္တ၀ါ အားလုံးကို မေတ္တာတရား ရှေ့ထားပြီး ဆင်းရဲချမ်းသာ လူမျိုးမရွေး ဘာသာ မရွေး ပြုစု စောင့်ရှောက်နေသည်မှာ ယနေ့ထိတိုင်အောင်ဖြစ်သည်။

စီမံကိန်း (၃)
မြတ်စွာဘုရား၏ စာပေကျမ်းဂန် များကိုလေ့လာ ကျက်မှတ် ဆည်းပူးသည်။ မိမိ လေ့လာရသမျှ သိသမျှတွေကို တပည့်ရဟန်းများ၊ လူပုဂ္ဂိုလ်များ ကိုပြန်လည်သင်ပြ မျှဝေ ပညာဒါန ပြုပေးသည်။ နိုင်ငံတကာမှာ ဗုဒ္ဓစာပေသင်ကြားရာ ဌာနကြီးများရှိနေသည်၊ ထိုဌာနများသို့ မြန်မာရဟန်းတော်များ ငွေကြေးအကုန်ကျခံ၍ သွားရောက် သင်ယူနေကြသည်ကို သိရသောအခါ မိမိနိုင်ငံမှာလည်း ကမ္ဘာ့အဆင့်မှီ တက္ကသိုလ် အင်္ဂါရပ်နှင့် ညီညွှတ်သော ဗုဒ္ဓတက္ကသိုလ် တစ်ခုကို တည်ထောင် ဖွင့်လှစ်ရန် စိတ်ကူးပေါ်လာသည်။ ထို့ကြောင့် စစ်ကိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို ခန်းနား ထည်ဝါစွာ ဖွင့်နိုင်ခဲ့သည်။ ရန်ကုန်၊ မန္တလေးတို့ တွင်လဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကိုပါ ထပ်မံ ဖွင့်လှစ်နိုင်ပါသည်။ ထိုတက္ကသိုလ်များမှ ဘီအေ၊ အမ်အေ၊ ပီအိပ်ခ်ျဒီ ဘွဲ့ရ သာသနာ့ အာဇာနည်ပေါင်းများစွာကို မွေးထုတ်နိုင်သည်။ ပညာပါရမီကို ပေးဆောင်နိုင်သည့် စီမံကိန်းသည် ဆရာတော်၏ တတိယ စီမံကိန်းပင်ဖြစ်ပါသည်။

စီမံကိန်း (၄)
မြတ်ဗုဒ္ဓ၏ ၄၅နှစ်တာ ဟောခဲ့သော ဓမ္မများကို တပည့်ဒကာ/မများအာ ပြန်လည်ဝေငှသည်။ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးနေသည်။ ဘယ်လောက်ပင် ဝေးလံခေါင်ပါးနေပါစေ ဆရာတော်သည် ပင်ပန်းမှု့ကို ဂရု မပြုဘဲ တရားပွဲပေါင်းများစွာ ဟောပြောတော်မူပါသည်။ မြန်မာ့သာသနာ ကမ္ဘာ ပြန့်အောင်ကိုလဲ စွမ်းဆောင်နိုင်ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များတွင်ပါ ဓမ္မကို ဖြန့်ဝေခြင်းဖြင့် သာသနာပြုနေပါသည်။ အမေရိကန်ပြည်ထောင်စု ပြည်နယ် (၃)ခုတွင် သီတဂူကျောင်းများ တည်ထောင်ထားသည်။ တက္ကဆက်ပြည်နယ်တွင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းကို တည်ထောင်သည်။ ထိုကျောင်းဝန်းအတွင်း ပုဂံ ရွှေစည်းခုံစေတီတော်ကြီး ပုံတူကို တည်ထား ကိုးကွယ်ထားသည်။ မီနီဆိုးတား ပြည်နယ်တွင် သီတဂူဓမ္မ၀ိဟာရကျောင်း နှင့် ဖရော်ရီဒါ ပြည်နယ်တွင် သီတဂူသံဃ၀ိဟာရ ကျောင်းများဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ထိုနိုင်ငံသို့ ရောက်ရှိ နေကြသော မြန်မာလူမျိုးများနှင့် ထိုနိုင်ငံရှိဗုဒ္ဓဘာသာဝင်များ အတွက် ဘာသာအသိ သာသနာအသိ ဘာသာစိတ် သာသနာစိတ် တိုးပွားစေရန်နှင့် ဘာသာရေးအလုပ် သာသနာရေးအလုပ်များ လုပ်နိုင်အောင် ယခုကဲ့သို့ သီတဂူကျောင်းများကို ဥာဏ် အမျှော်အမျှင်ကြီးမားစွာ တည်ဆောက်ထားသည်။

ဆရာတော်သည် လူ့ဘ၀ရဲ့ ငြိမ်းအေးရာ အစစ်ဖြစ်သော ၀ိပဿနာ အလုပ်ကိုလဲ ကိုယ်တိုင်ကျင့်ကြံ အားထုတ်ခဲ့သည်။ သပိတ်အိုင်တောရတွင် တောရဆောက်တည်ပြီး ပဋိပတ်အလုပ်ကို ကျင့်ခဲ့သည်။ မိမိ ဘ၀အတွေ့အကြုံများကို ပြန်လည် ပေးဝေနိုင်ရန်လဲ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာ အကယ်ဒမီကို တည်ဆောက်နေသည်။ ထိုကမ္မဋ္ဌာန်းကျောင်းတော်သည် စစ်ကိုင်း သမိုင်းဝင် တောင်ဖီလာကျောင်း တောင်ဘက် နှင့် ပတ္တမြားစေတီ သို့တက်သော ကားလမ်း အနီးတွင် တည်ရှိပါသည်။ ထိုစီမံကိန်းကား ဆရာတော်၏စတုတ္တ စီမံကိန်းဖြစ်ပါသည်။

နိဂုံး
ဘ၀ရည်ရွယ်ချက်ကြီးမားသော ဆရာတော်သည် “ ငါသေသွားရင် အမျိုး ဘာသာ သာသနာ အတွက် ဘာထားခဲ့မလဲ၊ ထားခဲ့နိုင်အောင် ကြိုးစားပါ၊ မိမိအတွက် သံသရာကို ဘာယူသွားမလဲ၊ သံသရာအတွက် အနှစ်ကိုလည်း ယူသွားနိုင်အောင် ကြိုးစာပါ။ မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက် မိမိကြောင့် သူတစ်ပါး ကိုယ်စိတ်နှစ်ပါး ဒုက္ခ မရောက်အောင် နေတတ်ဖို့၊ ကျင့်တတ်ဖို့ အရေးကြီးပါတယ်။ သူတစ်ပါး အကျိုးစိးပွားနှင့် မိမိ၏ အကျိုးစီးပွား တိုးပွားအောင် ကြိုးစားနေတတ်ဖို့ အရေးကြီးပါတယ်။” ဆိုတဲ့ရည်ရွယ်ချက် အတိုင်း လက်တွေ့ကျင့်ကြံနေထိုင် လုပ်ဆောင်နေသလို တပည့် ရဟန်းများနှင့် ဒကာ/မ များကိုလဲ ကျင့်ကြံနိုင်အောင် လမ်းပြပေးနေသော လမင်းကြီးကဲ့သို့ အေးမြသော မေတ္တာ စေတနာ တွေပေးနေသောကျေးဇူးရှင် သီတဂူဆရာတော်ကြီးအား  (၇၆)နှစ်ပြည့် မွေးနေ့ပူဇာ ပူဇော်လိုက်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ။
ပန်းစပယ် ( လှဆန်းယဉ်)

============= 

ပို့ပေးထားသော မွေးနေ့ပူဇာ ပို့စ်များကို ဆက်လက်ပူဇော်သွားပါမည်၊ ပူဇော်ပေးကြသော သီတဂူတပည့်အပေါင်းတို့အား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၆-၀၃-၂၀၁၃

01 March 2013

ဖူး၍မကုန်သော ဂုဏ်ရည် (ညခင်း)

ဖူး၍မကုန်သော ဂုဏ်ရည်
By ညခင်း
(၂၀၀၃ခုနှစ်က ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဖြင့် ပူဇော်စဉ်)
  
သဗ္ဗညုမြတ်စွာဘုရား၏ အတုမဲ့ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် ကြာညောင်းလာပါသော်လည်း မြတ်စွာဘုရား၏ အဆုံးအမများကို မြေ၀ယ်မကျ မြတ်နိုးယုယကြသည့် သာသနာ အာဇာနည် သားကောင်း သမီးကောင်း ရဟန်းရှင်လူအပေါင်းတို့၏ ထိန်းသိမ်းစောင့်ရှောက် ပျိုးထောင် ဖြန့်ဝေမှုကြောင့် ယနေ့တိုင်အောင် ကမ္ဘာတ၀န်းတွင် ဖူးပွင့်ဝေဆာ တင်မောလှပလျက်ပင် ရှိပါသေးသည်။

ထိုကဲ့သို့ သာသနာ့တော်၏ ဂုဏ်ကျက်သရေ တက်နေ၀န်းပမာ တင့်ဖြိုးဝေဆာအောင် စွမ်းဆောင်ခဲ့ကြသော သာသနာ့အာဇာနည်များသည် ခေတ်အဆက်ဆက် အစဉ်မပြတ် ပေါ်ထွန်းလာခဲ့ကြရာ ယနေ့ခေတ်တွင့် ကျမတို့ ဖူးမြော်ကြည်ညိုခွင့်ရကြပါသည်။ ထိုအာဇာနည်များစွာထဲမှာ ယနေ့ခေတ် သာသနာပြုလုပ်ငန်းလုပ်ဆောင်မှုများ အံ့သြလောက်အောင် စွမ်းဆောင်သည့် သာသနာ့အာဇာနည်တစ်ပါးမှာ ဒေါက်တာ အရှင်ဥာဏိဿရ သီတဂူဆရာတော်ပင် ဘုရားဖြစ်ပါသည်။

သီတဂူဆရာတော်ဘုရားသည် သူလိုရဟန်း၊ သူလိုအာဇာနည်၊ သူလို ဥာဏ်ကြီးရှင်၊ သူလိုပညာတတ်အကျော်၊ သူလို သြ၀ါဒါစရိယ၊ သူလိုစွမ်းနိုင်သူ၊ သူလိုစံပြ ပုဂ္ဂိုလ် စသည့် ရှုထောင့်မျိုးစုံမှ အမျိုးမျိုးအဖုံဖုံ ချီးကျူးဂုဏ်ပြုထိုက်သော အထူးလေးစားကြည်ညိုဖွယ်ကောင်းသည့် ဆရာတော်တစ်ပါးဖြစ်ပါသည်။

ဆရာတော်ဘုရားသည် မိမိ၏ ကျန်းမာမှု ကိုယ်ပင်ပန်းမှု တို့ကို မငဲ့ကွက်ပဲ ပရိယတ်- ပဋိပတ်အလုပ်တို့နှင့်သာ တချိန်လုံး ဘ၀ကိုမြှုပ်နှံထားတော်မူသည်။ သတ္တ၀ါအားလုံးတို့အပေါ်တွင် မေတ္တာ၊ ကရုဏာထား၍ ကိုယ်ကျိုးကိုစွန့်လျှက် သူတစ်ပါးတို့၏အကျိုး သာသနာတော်၏ အကျိုးကို သယ်ပိုးထမ်းရွက်တော်မူသည်။ ဆရာတော်ဘုရားသည် တရားဓမ္မများဟောကြားရာတွင်လည်း ကျမ်းဂန်အဖုံဖုံ မှ အနှစ်သာရအစုံစုံ၊ ခေတ်နှင့်အညီ ခေတ်ပညာနှင့်အညီ တိတိကျကျပြတ်ပြတ်သားသား ဟောကြားတော်မူသဖြင့် ဆရာတော်၏ တရားတော်များမှာ လိုက်နာကျင့်သုံးရန် ဗဟုသုတစုံလင်လှသည်။ ထို့ကြောင့် နာကြားရသူများကလည်း အားမရ နိုင် အောင်ဖြစ်ရသလို ဓမ္မစာစောင်များ ၊ အွန်လိုင်း ဓမ္မဖြန်ဖြူးရေး ၀က်ဆိုဒ်များ မှလည်း ဆရာတော်၏ ဟောတရားများကို အလုအယက်ဖော်ပြကြသည်။

ရဟန်းတော် ယောကျားပရိသတ်၊ ရဟန်း မိန်းမပရိတ်သတ်၊ ဥပါသကာ ပရိသတ်၊ ဥပါသိကာ ပရိသတ်ဟူသော ပရိသတ်လေးပါးလုံးပင် အရှင်အာနန္ဒာ မထေရ်ကို ဖူးမြင်ရလျှင် ပျော်ရွှင်ကြ၊ အရှင်အာနန္ဒာ၏ တရားတော်ကို နာကြားရပြန်လျှင် ရွှင်လန်းနှစ်သက်ကြသည်။ တရားနိဂုံးအဆုံးသတ်သည့် အခါတွင် ပရိသတ်သည် အားရကျေနပ်မှု မဖြစ်သေးပဲ ဆက်လက်ကာ နာကြားလိုကြ၏။ ဤသည်မှာ အရှင်အာနန္ဒာ၏ အံ့သြဖွယ်အချက်ဟု ဘုရားရှင် ဟောတော်မူခဲ့သည်။

သီတဂူဆရာတော်ဘုရားသည်လည်း အရှင်အာနန္ဒာမထေရ်ကဲ့သို့ပင် အံ့ဖွယ်ရာများရှိ၏။ ရဟန်းရှင်လူတို့သည် ဆရာတော်ကို ဖူးမြင်ရသောအခါ ကြည်ရွင်အားရ၊ တရားတော်ကိုနာကြားရသောအခါ ၀မ်းသာရွှင်လန်းကြ၊ တရားတော်ပြီးဆုံးသောအခါတွင်လည်း အားမရကြပဲ ဆက်လက်နာကြားလိုကြသည်။ ဆရာတော်၏ မေတ္တာဓာတ်၊ သည်ကြီးမားလှသည်။ ဆရာတော်သည် လက်တွေ့ ကျင့်ကြံနေထိုင်အားထုတ်မှုဖြင့် ရဟန်းရှင်လူအပေါင်းတို့အား အကောင်းဆုံး ကျင့်ကြံနေထိုင်နည်း တရားလမ်းစဉ်ကို မိမိကို စံနမူနာပြု၍ ညွန်ကြား ဆုံးမတော်မူသည်။

ဆရာတော်၏ ထူးခြားပြောင်မြောက်သည် ဂုဏ်ရည်များကြောင့် နိုင်ငံတော်အစိုးရက အောက်ပါ ဘွဲ့ထူးများကို ချီမြင့်ပူဇော်ထားသည်ကို ကြည်ညိုရသည်။
၁။ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ
၂။ အဂ္ဂမဟာပဏ္ဍိတ
၃။ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ
၎။ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့များ ချီးမြှင့်ခဲ့သလို…..
နိုင်ငံတကာတက္ကသိုလ်များကလည်း အောက်ပါက် ပါရဂူဘွဲ့ (Ph.D)များကို ပူဇော်ထားသည်။
၁။ ရန်ကုန်တက္ကသိုလ် (မြန်မာ)
၂။ မဟာချူလာလောင်ကွန်တက္ကသိုလ် (ထိုင်း)
၃။ မဟာမကုဋ် တက္ကသိုလ် (ထိုင်း)
၎။ နာလန္ဒတက္ကသိုလ် (အိန္ဒိယ)
တက္ကသိုလ် ၄ ခုက ချီးမြှင့်ပေးခဲ့ပါတယ်။

ထိုကဲ့သို့ အမျိုးဘာသာ သာသနာ အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော ဒေါက်တာ သီတဂူဆရာတော်ဘုရား၏ (၇၆)နှစ်မြောက် မွေးနေ့ မင်္ဂလာ ပူဇော်ရေးသားမှု၌ ဆရာတော်၏ ဂုဏ်ရည်များကို ချီးကျူးပူဇော်ခွင့်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူမဆုံးပါ။

ဘုရားရှင်၏ဂုဏ်ကို ဘုရားတစ်ဆူက ပြော၍မကုန်သလို ဆရာတော်ကြီးကို ကြီးညိုလေးစားသော သာမန်တပည့်တစ်ယောက်အနေနဲ့ ဆရာတော်ကြီး၏ဂုဏ်ရည်တို့ကား ဖော်၍မကုန် ပြော၍မကုန်နိုင်လောက်ပင် ကြီးကျယ်မြင့်မြတ်သည် ဖြစ်ပေမဲ့ ဆရာတော်ကြီး၏ မွေးနေ့ကို ပူဇော်လိုသော ကြီးမားသောဆန္ဒဖြင့် ကိုယ်တတ်သမျှလေးဖြင့်ပင် ပူဇော်လိုက်ရပါသည်ဘုရားးး။ ဆရာတော်ကြီးကို အသက် ခန္ဓာ ကျန်းမာလျှက် လူမျိုး ဘာသာ သာသနာအတွက် ဆထက် တန်ဖိုးတိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း မေတ္တာပို့၊ ရှိခိုးဦးတင်လျှက်ပါ ဘုရားးးးး။
တပည့်
ညခင်း 

(သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်မွေးနေ့ပူဇာအတွက် ပူဇော်ထားသော ကျန်ရှိနေသေးသော ဆောင်းပါး ပို့စ်များကို ဆက်လက်ပြီး တင်ပေးပါမည်။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၁-၀၃-၂၀၁၃

25 February 2013

ဘာသာပြောင်းပွဲကြီး

ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး

၂၄-၀၂-၂၀၁၃ နေ့
အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေရာ စောမယကောလိပ်နဲ့ ၁ နာရီကျော်ကြာ ကားမောင်းရသည်။
(ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲ အခမ်းအနား)

စာရေးသူတို့ မြန်မာရဟန်းတော် ၅ ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့် ထိုအခမ်းအနားသို့ တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယဆရာတော်ကြီး အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ ပါဝင်သည်။ 

အခန်းအစီအစဉ်
 
မနက်ပိုင်း
အဖြူရောင် မျက်နှာကြပ်တို့ဖြင့် လှပစွာ တန်ဆာ ဆင်ထားသော ပဏ္ဍပ်ကြီးတွင် ပရိသတ် ၂၀၀၀ (နှစ်ထောင်) ခန့် အားလုံး အဖြူရောင် ၀တ်စုံများ ၀တ်ဆင်ပြီး ဘုရားရှိခိုးခြင်း၊ ၀တ်ရွတ်ခြင်းများပြုလုပ်သည်။ အိန္ဒိယ ဆရာတော်ကြီးအထံမှ ငါးပါးသီလယူသည်၊ ဆရာတော်ကြီးက တရား ဟောသည်။ စာရေးသူတို့အဖွဲ့ကို ပန်းစည်းများ ကပ်ပြီး ကြိုဆိုသည်။ အိန္ဒိယ၏ ထုံးတမ်းတစ်ခု သည် ဘာပွဲ လုပ်လုပ် ပန်းများ ဖောဖောသီသီ လက်ဆောင်ပေးခြင်းဖြစ်သည်။ မဏ္ဍပ်ထဲက စင်ပေါ်တက်ပြီး နေရာယူကြသည်။ အ၀တ်ဖြူများသာ မိုးထားသည်၊ အ၀တ်အဖြူများဖြင့်သာ ကာရံထားသည့် မဏ္ဍပ်ကြီးတစ်ခုလုံး မီးပြင်းပြင်တိုက်ထားသည့် ဒယ်အိုးကြီးအလား ပူပြင်းလှသည်၊ ၀တ်ထားသည့် အ၀တ်များသည်ပင် အသားနဲ့ ထိလိုက်တာနဲ့ ခြစ်ခြစ်တောက် ပူနေသည်၊ ချွေးပေါက်ပေါက်ကျသည်။ ပူပြင်းလှသည့် မဏ္ဍပ်ထဲမှာ အလွန်ရှည်လျားသော အစီအစဉ်တွေက စိတ်ကို မသက်မသာ ဖြစ်စေသည်။
(နေ့ဆွမ်းကပ် အလှူရှင် မိသားစု)

နေ့လည်ပိုင်း
နေ့လည်အချိန်မှာတော့ ဘုံဘေတက္ကသိုလ် ပါဠိဌာန ဌာနမှူး ဆရာမကြီး၏ ဟောပြောပွဲ ပြုလုပ်နေချိန် စာရေးသူတို့ မြန်မာ ရဟန်းတော်အဖွဲ့ကို ဦးဆောင်သူ မိသားစုက အိမ်မှာ ပင့်ပြီး နေ့လည်စာ ကပ်သည်။ ထိုမိသားစုအိမ်ခန်းမှာ မေတ္တာပို့ ပေးခြင်း ပြုလုပ်ပေးပြီး စာရေးသူတို့လည်း အခမ်းအနားကျင်းပရာ မဏ္ဍပ်သို့ ပြန်ရောက်၊ များမကြာမီမှာပဲ ဆရာမကြီး၏ ဟောပြောပွဲပြီးဆုံးသည်။ ဆရာတော်ကြီးဆီမှ သြ၀ါဒတရားနာကြားပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူမည့် အမျိုးသား အမျိုးသမီး ၂၀ ကို ရှေ့သို့လာစေသည်။ ဘာရယ်မသိ ထိုအစီအစဉ်ရောက်လာသော အခါ စိတ်ထဲမှာ ပျော်နေမိသည်၊ ကြည်နူးနေမိသည်၊ ထိုကြည်နူးမှုများက နေပူဒဏ်၊ ရှည်လျားသောအစီအစဉ်ဒဏ်ကြောင့် ရသော ကစဉ်ကလျား စိတ်ကို ငြိမ်သက်သွားစေသည်။ စိတ်ရှည်ခြင်း သည်းခံခြင်း ဇွဲလုံလရှိခြင်းတို့က သာသနာပြုသူတွေအတွက် အရေးပါသော အင်အားများဖြစ်သည်။
(ဗုဒ္ဓဘာသာအဖြစ် ခံယူနေပုံ)

 ဘာသာပြောင်းပုံ အစီးအစဉ်
(က) ဗုဒ္ဓဘာသာအဖြစ် ခံယူမည့်သူများက ရှေ့သို့ထွက်လာပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးကြရသည်။ လက်ျာရစ်လှည့်ပြီး ပူဇော်ကြရသည်။

(ခ) ဆရာတော် သံဃာတော်များ ရှေ့မှောက် လက်အုပ်ချီကား အရိုအသေပေးကြရသည်။ ဆရာတော်ကြီးအထံမှ သုံးပါး သရဏဂုံ ဆောက်တည်ရသည်၊ အခြေခံ လူ့သီလဖြစ်သည့် ငါးပါးသီလ ခံယူရသည်။

(ဂ) ဗုဒ္ဓဘာသာဝင်တို့ ခံယူချက် အဓိဋ္ဌာန် ၂၂ ချက်ကို ရွတ်ဆိုရသည်။ (ဒေါက်တာအမ်ဘေဒကာက နာဂပူမြို့ လူပေါင်း ငါးသိန်းကျော် ဗုဒ္ဓဘာသာသို့ ပြောင်းပွဲကြီးတွင် ထို အဓိဋ္ဌာန်ချက် ၂၂ ခုကို ချမှတ်ခဲ့သည်။ စာရေးသူ၏ “ကမ္ဘာ့ဘာသာရေးပြောင်းပွဲကြီး”တွင် ဖော်ပြပြီးဖြစ်သည်။) 

(ဃ) အစီအစဉ်ပြီးတာနဲ့ ထိုသူများကို ဗုဒ္ဓဘာသာအကြောင်း စာအုပ်များ၊ ပန်းစည်းများဖြင့် လက်ဆောင်ပေးပြီး ကြိုဆိုသည်။

(င) ပရိသတ်အရှေ့ထွက်စေကာ တစ်ယောက်ချင်း မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ ဗုဒ္ဓဘာသာသို့ ပြောင်းလာရခြင်း အကြောင်းကို တစ်လှည့်စီ ပြောကြသည်၊ ထောင်ချီသော ပရိသတ်၏ လက်ခုပ်သံသည်ကား အုတ်သြညံသွားသည်။

ညနေပိုင်း
ကြွရောက်လာကြသော လူ ၂၀၀၀ ခန့်ကို နေ့လည်စာ ထမင်းကျွေးပြီး ညနေပိုင်း အခမ်းအနား ပြန်စသည်။ ညနေပိုင်းအခမ်းအနားတွင် မြန်မာရဟန်းတော်များ၏ ပရိတ်တရား နာကြားခြင်း၊ တရားတော် နာကြားခြင်းများ ပြုလုပ်ပြီး အိန္ဒိယ ဆရာတော်ကြီးက ဆက်ပြီး တရားဟောပြန်သည်။ ဆရာတော်ကြီးက သုံးကြိမ်လုံး ဟိန္ဒူဘာသာတို့၏ ဗြာဟ္မဏ၀ါဒ, ဇီဝ, အတ္တ အကြောင်းတို့ကို မြတ်ဗုဒ္ဓ၏ အကြောင်းအကျိုးဝါဒ ပဋိစ္စသမုပ္ပါဒ အကြောင်းနှင့် နှိုင်းယှဉ်ကာ သုံးပိုင်း ပိုင်းဟောသွားသည်။

အသစ်ဝင်လာသူကို ကြိုဆို
မိမိဘာသာထဲကို ၀င်ရောက်လာသူများကို ဗုဒ္ဓဘာသာတစ်ရပ်လုံးက သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ကြိုဆိုကြသည်၊ ထိုသူတို့အား VIP အဖြစ်နေရာပေးသည်။ စားစရာ၊ သောက်စရာကအစ တလေးတစား ဂရုတစိုက် စေတနာ့ဝန်ထမ်းများက စောင့်ရွက်ပေးနေသည်တို့ကို မြင်ရသည်မှာလည်း ကြည်နူးစရာ၊ စိတ်လှုပ်ရှားစရာကောင်းလှသည်။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထားများကို ပြသလိုက်ခြင်းဖြစ်သည်။

ယနေ့အဖို့ မနက်စောစောထ အိပ်ရေးပျက်ခြင်း၊ အလွန်မွန်းကြပ် ပြည့်သိပ်လှသည့် ဘုံဘေမြိုတွင်း အပြန်အသွား ၂ နာရီကျော်ကြာ ကားစီးလိုက်ရခြင်း၊ အခမ်းအနားတွင် မနက် ၁၀-၃၀ မှ ညနေ ၄ နာရီအထိ အပူဒဏ်ပြင်းပြင်း ခံရခြင်းတို့ကြောင့် ပင်ပန်းသမျှတို့ကို ယနေ့တွေ့ကြုံလိုက်ရသော ဗုဒ္ဓဘာသာခံယူပွဲကြီး၏ ကြည်နူးဖွယ် စိတ်လှုပ်ရှားဖွယ်တို့က ဖယ်ရှားနိုင်သွားတော့သတည်းးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၀၂-၂၀၁၃

23 February 2013

ခါတပေါင်း ကျောင်းသီတဂူ မောင်စံ (သီတဂူ)

ခါတပေါင်း ကျောင်းသီတဂူ
မောင်စံ (သီတဂူ)

“Ladies and gentlemen, Welcome a board......”
အော် လေယာဉ်တက်တော့မှာပါလား၊ လေယာဉ်မယ်က ခရီးသည်တွေကို လေယာဉ်မထွက်မီ လုံခြုံရေး ကြေညာချက်တွေပြုလုပ်ပေးနေပြီ။ ဒီနေ့ ခရစ္စမတ်နေ့ ခရီးသွားသူသိပ်မရှိ၊ မိမိ ခုံတန်းမှာဆို ထိုင်ခုံသုံးခုံလုံးမှာ မောင်စံ တစ်ယောက်တည်း၊ ကောင်းလိုက်တာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ။ လက်ပတော့လေး ဆွဲထုတ်ပြီး သီတဂူ ဆရာတော်ကြီးရဲ့ (၇၆) နှစ်မြောက်မွေးနေ့ပူဇော်ပွဲအတွက် ဆောင်းပါးလေးရေးဘို့ စလိုက်တယ်။ လေယာဉ်က (၃) နာရီလောက်စီးရမှာဆိုတော့ အချိန်ရတယ်လေ။ ပျင်းလည်းမပျင်းတော့ဘူးပေါ့။

မောင်စံက မီနီဆိုးတား သီတဂူဓမ္မဝိဟာရ ပဋ္ဌာန်းပွဲကို သွားနေတာ။ Dallas မှာတထောက်တော့ နားရမယ်၊ ဖလော်ရီဒါက စထွက်တဲ့ဒီလေယာဉ်ကတော့ ကြေငြာထားတာထက် မိနစ် (၅၀) တော့ Delay ဖြစ်တယ်၊ ဒါပေမယ့် Dallas မှာ ပြောင်းစီးမယ့်လေယာဉ်ကို မီမယ်ဆိုတော့ ကိစ္စမရှိ။

ပြေးလမ်းပေါ်ကနေ လေယာဉ်တက်သွားတော့ ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်တယ်။ West Palm Beach မြို့က ထိုးထိုးထောင်ထောင် မိုးမျှော်တိုက်တွေ၊ မွေလိမ်မွေကောက် အထက်အောက် ဖေါက်လုပ်ထားတဲ့ မိုးပျံတံတားနဲ့ ကားလမ်းမကြီးတွေကို ဖြတ်ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ လေယာဉ်ကိုအရှိန်ယူ ပြန်ကွေ့တယ်။ ကမ်းခြေ တလျှောက် အုန်းပင်တန်းလေးတွေနဲ့ ကမ်းကို ပြေးပြေးရိုက်နေကြတဲ့ လှိုင်းလုံးဖြူဖြူလေးတွေကြားမှာ ရေကူးသူကကူး၊ နေပူလှန်းသူကလှန်း၊ ပြေးလွှားဆော့ကစားနေကြသူတွေ၊ လေဟုန်ရေလှိုင်းစီးနေကြသူတွေနဲ့ စည်ကားလှပနေတယ်။

ဒီမြင်ကွင်းကိုမြင်တော့ အဝေးမှာကျန်ရစ်ခဲ့တဲ့ စစ်ကိုင်းတောင်ကြီးနဲ့ ဧရာဝတီမြစ်ကြီးကို သတိရမြင်ယောင် လာမိပြန်တယ်။ ဟုတ်တယ် စိတ်ကူးယဉ်တယ်ပဲပြောပြော မောင်စံကတော့ စစ်ကိုင်းတောင်ကြီးနဲ့ ဧရာဝတီမြစ်ကြီးကို သိပ်ချစ်တယ်။ မကြာမကြာ အလုပ်တွေများပြီး ခေါင်းထဲညည်းစီစီဖြစ်လာရင် မောင်ကိတ်တို့ မောင်သဇ်တို့နဲ့အတူ သီတာရုံသွား ဝရံတာကနေ မြစ်ပြင်ကိုငေးကြည့်ပြီး လေကောင်းလေသန့်သွားသွားရှူတတ်တယ်။ စိတ်ထဲ ပေါ့ပါးလန်း ဆန်းသွားပြီဆိုတော့မှ ကျောင်းပြန်လာပြီး အလုပ်တွေကိုဆက်လုပ်ရတာ ပိုပြီးထိရောက်တွင်ကျယ်တယ်လေ။

ဧရာဝတီမြစ်ထဲမှာတော့ ပစိဖိတ်သမုဒ္ဒရာထဲကလို ပင်လယ်ကူးသင်္ဘောကြီးတွေ၊ အပျော်စီး စပိဘုတ်တွေ တော့ မရှိဘူးပေါ့၊ ဒါပေမယ့် ဆည်းဆာနေ ရွှေရည်အောက်မှာ တရွေ့ရွေ့မျောနေတဲ့ ဝါးဖေါင်ကြီးတွေ၊ သစ်ဖေါင်ကြီး တွေ၊ တကျွိကျွိ လှော်ခတ်နေတဲ့ ငှက်သမ္ဗာန် ရွက်လှေလေးတွေ၊ ဝေဟင်မှာဝဲပျံသန်းနေတဲ့ ငှက်ကလေးတွေနဲ့တင် ဧရာဝတီမြစ်ကြီးက လုံလောက်အောင် လှပနေပြီလေ။
“နွေဥတုရဲ့ ကြေလုလုရွက်ဝါတွေ၊
ပတ္တမြားစီ ထက်ယံမြင့်၊
လက်ပံပွင့် ဝေ။
တပေါင်းနေ၊ ချောင်းရေကို ငုံ့အသောက်
။”
ဘာရယ်မဟုတ် ဟိုး... ငယ်ငယ်က ရထားဘူးတဲ့ မောင်စိန်ဝင်း (ပုတီကုန်း) ရဲ့ နွေထဲမှာ ကဗျာလေးက နှုတ်ဖျားကို ဖွဖွလေး လာနမ်းနေတယ်။

အော်... စစ်ကိုင်းနဲ့ဧရာဝတီကို သတိရပြီဆိုမှတော့ အမိသီတဂူတက္ကသိုလ်ကြီးလည်း ပါလာရပြန်ပြီပေါ့။ ဒီအချိန်ဆိုရင် ကျောင်းသားတွေအတွက် အတန်းတင်စာမေးပွဲတွေပြုလုပ်ပေးဘို့ ကြိုတင်ပြင်ဆင်နေတဲ့အချိန်၊ စာမေး ပွဲပြီးတာနဲ့ ဆရာတော်ရဲ့ မွေးနေ့ပွဲအတွက် ကျောင်းသန့်ရှင်းရေးတွေ၊ နေရာထိုင်ခင်း ပြင်ဆင်တာတွေ၊ စောင် ခြင်ထောင် ခေါင်းအုံးတွေနေလှမ်း ခင်းကျင်းတာတွေ၊ အိမ်သာတွေ ရေချိုးခန်းတွေ ပြုပြင်သန့်ရှင်းတာတွေ၊ မီးဖိုဆောင် ဆန် ဆီ ဆား ပဲ ငပိ ငါးခြောက်စတဲ့ အခြေခံစားသောက်ဖွယ်တွေ စုဆောင်းတာတွေ၊ လာရောက်မယ့်ဧည့်သည်တွေ အတွက် ဟိုတယ်ဘွတ်ကင်လုပ်တာတွေ၊ သီတဂူဂီတဉ္စလီ ဖျော်ဖြေရေးအဖွဲ့အတွက် စတိတ်စင်ဆောက်လုပ်ရေးနဲ့ ခွင့်ပြုမိန့်တောင်းခံရတာတွေ၊ အနယ်နယ်အရပ်ရပ်က လာရောက်ကြမယ့် အလှူရှင်စာရင်းတွေ၊ ဧည့်စာရင်းတွေ ဒါတွေဒါတွေကို ကြိုတင်ပြုလုပ်ကြရတော့မယ်။

သံဃာတွေအကုန်စည်းဝေးပြီး လုပ်ငန်းတွေ ခွဲဝေလုပ်ကြရတာ၊ ပျော်စရာသိပ်ကောင်းတယ်။ စာသင်သား သံဃာငယ်တွေကို စာချကထိက ပါမောက္ခတွေက အဖွဲ့လိုက် အဖွဲ့လိုက်ဦးဆောင်ပြီး ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ဆောင်သွားကြရတာပါ။ ဘကြီးကောကတော့ တာဝန်အများဆုံးယူရတာဆိုတော့ အပင်ပန်းဆုံးပေါ့။

မှတ်မိသေးတယ် (၂၀၀၉) ခုနှစ်တုန်းကဆိုရင် ဆရာတော့်မွေးနေ့နဲ့အတူ အခမ်းအနားတွေကို စုံသွားတာပဲ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာတက္ကသိုလ်များအစည်းအဝေးလည်းပါတယ်၊ ဘွဲ့နှင်းသဘင်ခမ်းမ သန္တိမဟာသိမ်တော်ကြီးဖွင့် ပွဲလည်းပါတယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားလည်းပါတယ်။ ထုံးစံ အတိုင်း သံဃာ (၁၀၀၀)၊ သီလရှင် (၁၀၀၀) ဆွမ်းလောင်းပွဲလည်းပါတယ်ဆိုတော့ အတော်လေးကို မလစ်ဟာ အောင်လုပ်လိုက်ကြရတယ်။

အစည်းအဝေးက (၃) ရက်ကျင်းပတာ၊ နေ့ရောညပါ အချိန်ပြည့်။ နိုင်ငံတကာ တက္ကသိုလ်က ထိပ်တန်းပညာ ရှင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ သံတမန်တွေ၊ အထူးဧည့်သည်တော်တွေလာရောက်ကြတာဆိုတော့ နေရေး ထိုင် ရေး၊ စားသောက်ရေး၊ ကြိုဆိုဧည့်ခံရေးတွေလည်းလုပ်ရတယ်၊ အဖွဲ့လိုက်အစည်းအဝေးတွေမှာ Chairman လည်းဝင် လုပ်သေးတယ်ဆိုတော့ အတော်လေးတော့ ပင်ပန်းတယ်၊ ဒါပေမယ့် အဆင်ပြေပြေ ချောချောမွေ့မွေ့ပြီးဆုံးသွားတယ် ဆိုတော့ ပျော်ရတာပေါ့။ ဆရာတော်ကတော့ ကျိန်းတောင်မကျိန်းရလောက်ပါဘူး၊ အစစ အဆင်ပြေစေဘို့ စီစဉ် ညွန်ကြားရတာတွေ၊ ဧည့်သည်တော်တွေနဲ့ ဧည့်ခံစကားပြောရတာတွေ၊ အစည်းအဝေး မိန့်ခွန်းပြောရတာတွေနဲ့ စိတ်ရော ကိုယ်ရော မနားရပါဘူး။

ကိုယ့်ဆရာမို့ ကိုယ်ပြောတာတော့ မဟုတ်ပါဘူး၊ စီစဉ်ညွှန်ကြားတဲ့နေရာမှာ ဟိုး...အထက်ဆုံးကနေ အောက် ခြေထိ ဘာမှလစ်ဟာမှုမကျန်ရအောင် စီစဉ်ညွှန်ကြားနိုင်တယ်။ ဆွေးနွေးပွဲအစီအစဉ်၊ ဧည့်သည်တော်များ ဘုရားဖူး ပို့ဆောင်ရေးအစီအစဉ်၊ ကျွေးမွေးရေးအစီအစဉ်တွေတင်မက ဟိုးအောက်ခြေကအလုပ်ဖြစ်တဲ့ အမှိုက်တွေသိမ်းဆည်း သန့်ရှင်းရေးကိစ္စတွေထိ မလစ်ဟာအောင် စီစဉ်ညွှန်ကြားတော်မူတယ်။ မှတ်တမ်းတင် ရုပ်/သံ အဖွဲကိုလည်း အကွက်စေ့အောင် ရိုက်ကူးမှတ်တမ်းတင်ဘို့ မိန့်မှာတယ်။ မောင်စံတို့ တပည့်ကြီးများအဖွဲ့ကလည်း တနေ့ပြီး တနေ့ ဆရာတော်ဆီသွားပြီး လုပ်ငန်းတွေအစီရင်ခံရတယ်၊ ညွှန်ကြားချက်တွေကို ယူရတယ်။ နောက်တနေ့မှာ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ရတယ်ပေါ့။

ဆရာတော်ရဲ့ ညွှန်ကြားချက်နဲ့ တပည့်တွေရဲ့ ညီညီညာညာ စုပေါင်းလုပ်ဆောင်မှုကြောင့် နှစ်စဉ်နှစ်တိုင်း မွေးနေ့ပွဲလာကြတဲ့ အနယ်နယ်အရပ်ရပ်က ထောင်ပေါင်းများစွာသောဧည့်သည်တွေဟာ ဘယ်သူမှအဆင်မပြေတာ မရှိခဲ့ကြဘူး။ ပျော်လွန်းလို့ နှစ်တိုင်း ဒီအချိန်ကိုစောင့်မျှော်နေကြပြီး ရောက်အောင်လာကြတယ်။

ကြည်နူးစရာအကောင်းဆုံးကတော့ မနက်ဝေလီဝေလင်းအချိန်မှာ သံဃာ (၁၀၀၀)၊ သီလရှင် (၁၀၀၀) ကို ဆွမ်းလောင်းကြတဲ့မြင်ကွင်းပဲ။ အဝင်မင်းလောင်းရုံကို စေတီရဲ့ မြောက်ဘက်မုခ်မှာ တည်ဆောက်ထားပြီး အထွက်မင်း လောင်းရုံကို အရှေ့မုခ်မှာဆောက်ထားတယ်။ သံဃာတွေကို သပိတ်ရော ဆွမ်းအစ်တွေပါလှူတာမို့လို့ သပိတ်စင် ကြီးကို အဝင်မုခ်နားမှာ အဆင်တန်တာတွေနဲ့ လှလှပပ တည်ဆောက်ထားတယ်။ စစ်ကိုင်း မိုးဇာဗျောအဖွဲ့က သံဃာ တော်များ ဆွမ်းခံကြွနေတဲ့အတောအတွင်း မနက်မိုးစင်စင်လင်းသည်ထိ စည်တော်ကြီးနဲ့ဗျောကို မရပ်မနား ငြိမ့်ငြိမ့် ငြောင်းငြောင်း တီးမှုတ်ပေးနေတယ်။ သီတဂူဂီတဉ္ဖလီ ဂီတရုပ်ရှင် အနုပညာရှင်များအဖွဲ့ကလည်း ငြိမ့်ငြောင်းသာယာ တဲ့ တေးသံ သာတွေနဲ့ သီဆိုပူဇော်ပေးနေကြတယ်။

အနယ်နယ်အရပ်ရပ်က သီတဂူတပည့်ဒကာဒကာမတွေဟာ ရွှေရောင်ဝင်းနေတဲ့ စေတီတော်ကြီးပတ်ပတ် လည်မှာ အဖွဲ့လိုက် ဆိုင်းဘုတ်တွေချိတ်ဆွဲပြီး သပိတ် ဆွမ်း သင်္ကန်း စောင် တဘက် ဆပ်ပြာ ဆေး စတဲ့လှူဘွယ် တွေကို စားပွဲတွေနဲ့တင်ထားပြီး လောင်းလှူကြတယ်။ နဝကမ္မငွေဆွမ်းလောင်းတဲ့သူလည်း မနည်းဘူး၊ အတန်းဆုံး လို့ထွက်လာပြီဆိုရင် ကိုယ်တော်ရဲ့နောက်မှာ ပီနံအိတ်တွေမနိုင်မနင်းဆွဲလိုက်လာတဲ့ ကပ္ဗိယနှစ်ယောက်စီ ကိုတွေ့ရ မယ်။ သီတဂူမှတ်တမ်းတင်အဖွဲ့ကလည်း မလွတ်တမ်းပေါ့။ မြန်မာ့ရုပ်မြင်သံကြားအဖွဲ့တွေကလည်း လာရိုက်ကြတယ်၊ အင်တာဗျူးကြတယ်။

နားနေဆောင် ဒေါင့်လေးထောင့်မှာ မုန့်ပြားသလက်တို့ စမူဆာနဲ့လဘက်ရည်တို့ အကြော်တို့ ပြောင်းဖူးပြုတ် တို့ စတာတွေကို စတုဒိသာကျွေးတယ်။ မုန့်ပြားသလက်ကတော့ ရောင်းအကောင်းဆုံးပဲ၊ မုန့်လုပ်နေတဲ့သူ (၁၀) ယောက်လောက်ဟာ လက်မနိုင်ဘူး၊ အိုးထဲမှာဖုတ်လို့ ကောင်းကောင်းတောင် မကျက်သေးဘူး ဆွဲလုကြတဲ့သူတွေက အုတ်အုတ်ကျက်ကျက်။ တကယ့်ကို ပျော်စရာပဲ။

သီလရှင်တွေကို လောင်းတဲ့နေ့မှာ အလှူမခံခင် မုန့်ဟင်းခါးတို့ ရွှေတောင်ခေါက်ဆွဲတို့ ကျွေးမွေးသေးတယ်၊ စားပြီးမှ စုရပ်မှာသွားစုပြီး ကိုယ့်ကျောင်းနာမည်ကို ခေါ်တဲ့အခါမှ စနစ်တကျတန်းစီဝင်ပြီးအလှူခံ၊ ဒီလိုမျိုး။ သီလရှင် တွေလည်း တစ်ပါးတစ်ပါး မနည်းဘူးရကြတာပဲ၊ ဝတ်စုံတွေ၊ အသုံးအဆောင်တွေ၊ နဝကမ္မတွေ၊ ဆန် ဆီ ဆေး ဆား ငပိ ငါးခြောက်တွေ အများကြီးရကြတယ်။ ရတဲ့သူလည်း ပျော်သလို ပေးရတဲ့သူတွေလည်း ပျော်တပြုံးပြုံး မော်မဆုံး ပေါ့၊ ဆရာတော်က မိန့်လေ့ရှိပါတယ်။ “အေး... ယူတဲ့သူကတော့ လေးသွားမှာပဲ၊ ပေးတဲ့သူကတော့ ပေါ့သွားတယ်” တဲ့။ စိတ်ထဲမှာရော လက်ထဲမှာပါ တကယ်ကိုပေါ့သွားတာ။ ပါရမီရှင်တွေက အဲဒါကို ပီတိဖြစ်ကြတာ။

မနက်ခင်းအစောပိုင်း အလှူကြီးတွေပေးပြီးတဲ့အခါ နေ့ဆွမ်းမကပ်ခင်အချိန်မှာ ဆရာတော်ကြီးများကို ပင့်ဖိတ် ပြီး သီတဂူဆရာတော်နဲ့တပည့်များအားလုံးက ဆရာတော်ကြီးများကို ကန်တော့ကြတယ်။ သြဝါဒကထာနာကြားကြ တယ်။ လှူဘွယ်ဝတ္တုများဆက်ကပ်လှူဒါန်းအပြီးမှာ သီတဂူဆရာတော်က လှူဒါန်းသမျှဒါနအားလုံးအတွက် ရေစက်ချအမျှအတမ်းပေးဝေကာ အနုမောဒနာ တရားဟောကြားပြီး မွေးနေ့အလှူတော်ပွဲကို အပြီးသတ်လေ့ရှိတယ်။

ဒါဟာ နှစ်စဉ်နှစ်စဉ် ပြုလုပ်နေကျ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲ။ ဒါကြောင့် ဒီအချိန်ရောက်ရောက်လာရင် ဒီ အလှူပွဲကို သတိရရနေတတ်တယ်။ တပည့်သံဃာတွေကလည်း ဓမ္မအသံ မဂ္ဂဇင်းနဲ့ စာတွေရေးပြီး ပူဇော်နေကျဆို တော့ ဒီနှစ်လည်းပူဇော်ကြဦးမှာပေါ့။ မဂ္ဂဇင်းစီစဉ်နေတဲ့ မောင်ကဝိက ဆောင်ပါးရေးပို့ဘို့ လှမ်းတောင်းတာနဲ့ အတော်ပဲ။ အဲဒီထဲမှာ မောင်စံလည်း အဝေးရောက်ဆောင်းပါးလေး တစ်ပုဒ်နဲ့ပဲဖြစ်ဖြစ် ပူဇော်ခွင့် ရချင်တယ်လေ။ ဒါကြောင့် ခုလို ရေးဖြစ်သွားတာ။ ရေးရင်း ရွတ်လက်စ မဆုံးသေးတဲ့ကဗျာလေးကို ဆက်ပြီးရွတ်လိုက်တယ်-
“အဟောင်းခြွေနွမ်း၊ တပေါင်းနေကြမ်း၊ ချောင်းရေခမ်းပေမယ့်၊
သပြေပန်း အညွန့်နီနီတို့၊ အဓွန့်ရှည်ရှည် အနေရဲတယ်၊
နွေထဲ မကြောက်။” တဲ့။

မောင်စိန်ဝင်းရဲ့ တပေါင်းနေဟာ ချောင်းရေကို ငုံ့မသောက်ခင် လောကကြီးကို အရှိန်ပြင်းပြင်းနဲ့ စစ်ခင်းလေ့ရှိ တယ်၊ ခါတပေါင်းပေမယ့် ကျောင်းသီတဂူက တပည့်သပြေပန်း အညွန့်နီနီတို့ကတော့ အဓွန့်ရှည်ရှည်အနေရဲပြီး နွေထဲမှာလည်း ပျော်နေကြတာပါပဲ။

သြော် ပြုံးပြုံး ပြုံးပြုံးနဲ့ ကွင်းပြင်ထဲမှာ မိုက်ကြီးကိုင်ပြီး တပည့် (ရှင်၊လူ) အားလုံးတို့ရဲ့ လုပ်ဆောင်မှုတွေကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ချီးမွမ်းခန်းဖွင့် ကျေးဇူးစကားပြောကြားနေမယ့် ဆရာတော်ကို မြင်ယောင်နေမိသေး တယ်။

“Ladies and gentlemen, now we are going to land at the Dallas Airport. Please remain at the seat and …....”
ဟင်! Dallas လေဆိပ်ဆင်းဘို့တောင် ကြေငြာနေပြီပဲ။ ကွန်ပျူတာကိုပိတ်ပြီး အပြင်ကိုငဲ့ကြည့်လိုက်တော့ လားလား စနိုးတွေကျနေလိုက်တာ တကွင်းလုံးဖွေးလို့ ဖြူလို့ပါလား။ စစ်ကိုင်းတောင်ဟာ ဗျိုင်းရောင်လို ဘုရားတွေနဲ့ ဖွေးဖွေးဖြူနေသလို ဒါးလတ်စ်ရဲ့ ကွင်းထဲမှာ နှင်းခဲတွေနဲ့ ဖွေးဖွေးဖြူနေတယ်။
“ သြော်...လွမ်းလိုက်တာ စစ်ကိုင်းရယ်.....”

 ဤဆောင်းပါးဖြင့် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် ကျေးဇူးရှင် သီတဂူဆရာတော်ဘုရား၏ သက်တော် (၇၆) နှစ်ပြည့် မွေးနေ့ကို ရိုသေစွာ ပူဇော်အပ်ပါသည်ဘုရား။
မောင်စံ (သီတဂူ)
Jan 25, 2012

 ၁၃၇၄ခုနှစ် တပေါင်းလပြည့်နေ့၊ သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ပူဇာ အကြိုအတွက် ပေးပို့ထားသော ဆောင်းပါး ပို့စ်များကို အစဉ်အတိုင်း ပူဇော်ပေးပါမည်။ မည်သူမဆို ပူဇော်နိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၀၂-၂၀၁၃

18 February 2013

သီတဂူ ဘွဲ့နှင်းသဘင် ဖိတ်ကြားလွှာ

ဘွဲ့နှင်းသဘင် ဖိတ်ကြားလွှာ
ဖိတ်ကြားအပ်ပါသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးနှစ်အတွင်း

B.A, M.A, Ph.D Degree ကို အောင်မြင်ပြီးသူများအား ဘွဲ့လက်မှတ် ပေးအပ် ချီးမြှင့်မည် ဖြစ်ပါ၍ ၂၀၀၉/၂၀၁၀ခုနှစ် B.A အောင်ပြီး (၁၅)ဦး၊ ၂၀၁၀/၂၀၁၁ ခုနှစ်၌ B.A အောင်ပြီး (၁၅)ဦး၊ ၂၀၁၁/၂၀၁၂ခုနှစ်၌ B.A အောင်ပြီး (၁၁) ဦး စုစုပေါင်း ကျောင်းသား/သူ (၄၁)ဦးနှင့် ၂၀၁၃ ခုနှစ် M.A အောင်ပြီး (၂) ဦး၊ Ph.D အောင်ပြီးသူ (၁)ဦးတို့အား ဘွဲ့လက်မှတ် အပ်နှင်းမည် ဖြစ်သည်။

ဘွဲ့လက်မှတ် အပ်နှင်းသည့် အခမ်းအနားကို

၁၃၇၄ ခုနှစ် တပေါင်းလဆန်း (၁၅)ရက်၊ ၂၆-၀၃-၂၀၁၃ ရက်နေ့၊ နံနက် ၈း၀၀ နာရီအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခမ်းမကြီးအတွင်း၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဘွဲ့ပုံလက်မှတ် အပ်နှင်းမည်ဖြစ်ရာ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကိုယ်တိုင် မပျက်မကွက် တက်ရောက်ပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။ 

တက္ကသိုလ် သင်ကြား/စီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း

+++++++++++++++++++++++++


အရှင်ဘုရား
အကြောင်းကြား လျှောက်ထားပါသည်။ 
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုးတွင် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေါ်ပြပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရှင်ဘုရား ကိုယ်တိုင်တက်ရောက်နိုင်ခြင်း ရှိ/မရှိ။ ကိုယ်စားတက်ရောက်ခိုင်းခြင်းရှိ/မရှိ နှင့် ပျက်ကွက်မှု ရှိ/ မရှိတို့ကို အရှင်ကုမာရ ukuphd@gmail.com ထံ သို့မဟုတ် ဒေါက်တာကိတ္တိဗလ (မော်ကွန်းထိန်းလက်ထောက်)၊ မော်ကွန်းန်းထိန်းရုံးခန်း (ဖုန်း ၀၉၂၀၂၄၂၀၁) ကို အကြောင်းကြားရန်နှင့် ဘွဲ့နှင်းသဘင် အခမ်းအနားအစီအစဉ်အသေးစိတ်ကို တိကျစွာ သိနိုင်ရန် မတ်လ (၂၀) ရက် ဝန်းကျင်တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုး ဧည့်ခံကြိုဆိုရေးဌာနရှိ ကြော်ငြာ သင်ပုန်း တွင် ဖော်ပြပေးပါမည်ဘုရား။

 နိုင်ငံခြားရောက် ဘီအေ အောင်မြင်ပြီးသူ ရဟန်းတော်များနှင့် သီလရှင်များကို ဤအီမေးလ်ဖြင့် အကြောင်းကြား ဖိတ်ကြားပါသည်။ နိုင်ငံခြားမှ လာရောက်၍ ဘွဲ့နှင်းသဘင်တက်ရောက်မည့်သူများအတွက် သီတဂူဆရာတော်ကြီးက အပြန်အသွား လေယာဉ်လက်မှတ် လှူပါမည်။ မိမိတို့ သိသော အခြားဘွဲ့ရ ကျောင်းသားများ၏ အီးမေးလ်များသို့လည်း Forward လုပ်ပေးပါရန် မေတ္တာရပ်ပါသည်။

အရှင်ကုမာရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
 စစ်ကိုင်း

13 February 2013

ဗုဒ္ဓအလိုကျ ပိုက်ဆံ ဘယ်လိုရှာမလဲ

ဗုဒ္ဓအလိုကျ ပိုက်ဆံ ဘယ်လိုရှာမလဲ


အရှင်ဘုရား၊
တပည့်တော် ကျော်ကျော်အောင်ပါဘုရား။ ပထမဆုံးအကြိမ် အရှင်ဘုရားဆီ စာရေးသားခြင်းဖြစ်သောကြောင့် အမှားပါရင်တပည့်တော်အား ခွင့်လွှတ်ပါဘုရား။ တပည့်တော် သိချင်တာလေးတစ်ခုလောက် မေးခွင့်ပြုပါ။ ပိုက်ဆံကိုအကျိုးရှိရှိ အသုံးချတာနဲ့ပတ်သက်၍ မြတ်စွာဘုရားဘယ်လိုမျိုး ဆုံးမခဲ့ပါသလဲ ဘုရား?
ဥပမာ၊ ပိုက်ဆံကို ဘယ်လို save၊ ဘယ်လို ခွဲခြမ်းသုံးရမယ် အစရှိသဖြင့် ဘယ်လို ဆုံးမခဲ့ပါသလဲဘုရား?
သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရ တရားဟောတော်မူခဲ့တာ ရှိပါလားဘုရား? တပည့်တော်အား သနားသောအားဖြင့် ဆုံးမဟောပြောတော်မူပါ အရှင်ဘုရား။

ဒကာကျော်ကျော်အောင်
+++++++++

ဒကာကျော်အောင်
ဒကာတော်ရေ-ရှေးဦးစွာ ကျေးဇူးတင်ပါတယ်၊ မောင်ရင်မေးတာကို အတတ်နိုင်ဆုံးနဲ့ ရေးပို့ပါမည်။ ပိုက်ဆံကို အကျိုးရှိရှိ အသုံးချပုံ၊ စုဆောင်းပုံ နဲ့ ပတ်သက်ပြီး ဟောထားတာတွေ များစွာရှိပါတယ်။ ပိုက်ဆံဆိုတာကလည်း လူ့ဘ၀အတွက် မရှိမဖြစ် လိုအပ်သည်ဖြစ်၍ စုပုံဆောင်းပုံက အစ ဘုရားက ဟောထားတာတွေ ရှိပါတယ်။ များစွာရှိပါတယ်၊ သို့သော် ထင်ရှားတဲ့ သုတ္တန်ကိုပဲ ပြောကြည့်ကြရအောင်။

အနီးစပ်ဆုံး ပြောရရင် သိင်္ဂါလသုတ်က ဥပမာပေါ့ ၊ ရလာတဲ့ အကျိုးအမြတ်ကို ၄စု ပုံပြီး
၁။ တစ်ပုံကို တော့ ကိုယ့်အတွက် နေ့စဉ် စားသုံး၊
၂။။ ဒုတိယ တစ်ပုံကိုတော့ အရေးပေါ် ကိစ္စအတွက် သုံးဖို့ရန် သိမ်းထား၊
၃-၄။ ကျန် နှစ်ပုံကိုတော့ ကိုယ့်စီးပွားရေးအတွက် အရင်းအနှီးမြုပ်။

အဲဒီအထဲက ကုသိုလ်ကောင်းမှုပြုဖို့ရန် အတွက် ဘယ်ပုံထဲက အသုံးပြုရမလဲဆိုတော့ ပထမဆုံးပုံ (နေ့စဉ် အသုံးစရိတ်)ထဲက ပါတဲ့။ ကုသိုလ်ကောင်းမှုကို ဘယ်အစုထဲကနေ ပြုရမလဲဆိုတာကိုတော့ အဋ္ဌကထာဆရာကပဲ မှတ်ချက်အနေနဲ့ နံပါတ်တစ်ဖြစ်တဲ့ ကိုယ့်အတွက် နေ့စဉ်အသုံးထဲကပဲ ထုတ်ပြီး လှူပါတဲ့။ ပါဠိတော် တိုက်ရိုက်အနေနဲ့ အထက်ပါ ၄ မျိုးကိုပဲ ပြထားသည်၊ ကုသိုလ်ကောင်းမှု ပြုရန်ဆိုတာ မပါပါဘူး။

စီးပွားရှာနည်း
မြတ်စွာဘုရားက စီးပွားရှာတဲ့နေရာမှာလဲ စနစ်တကျ ဟောထားတယ်၊ လူ့ဘ၀ လူဝတ်ကြောင်ဘ၀မှာ စီးပွားရေးကလဲ မရှိမဖြစ် လိုအပ်တယ်။ ဒါ့ကြောင့် စီးပွားရှာ၊ ပိုက်ဆံရှာတဲ့ နေရာမှာလဲ ရှိသင့်ရှိထိုက်တဲ့ လောဘရှိဖို့လိုတယ်၊ အဲဒါကိုပဲ စာလိုက သေ၀ိတဗ္ဗလောဘလို့ ခေါ်ပါတယ်၊ လောဘရှိမှ စီးပွားရှာလို့ရမှာ၊ ရသင့်ရထိုက်တာထက် ပိုအမြတ်ကြီးစားရင် ၀ိသမလောဘ ဖြစ်သွားပြီ၊ အဲဒါမျိုးကို အသေ၀ိတဗ္ဗလောဘတဲ့၊ မရှိသင့်တဲ့ လောဘပေါ့။ ဥပမာ ဈေးသည်တစ်ယောက် ပစ္စည်းတစ်ခုကို ကိုယ့်အတွက် ရသင့်ရထိုက်တဲ့ အမြတ်ထက် အလွန်အကျွံ ပိုပြီး ရောင်းချတာမျိုး၊ ဆရာဝန်တစ်ယောက်က လူနာဆီက ရသင့်ရထိုက်တဲ့ ဆေးဝါးခထက် ပိုတောင်းတာမျိုး အစရှိသည်ဖြင့်ပေါ့၊ အဲဒါတွေဟာ မရှိသင့်တဲ့ လောဘ၊ ၀ိသမလောဘပေါ့၊ နောက်တစ်ခုက သတွာတွေ အတွက် အန္တရာယ်ဖြစ်စေတဲ့ လက်နက်ရောင်းခြင်း၊ အဆိပ်ရောင်းခြင်၊ လူကုန်ကူးခြင်း၊ မူယစ်ဆေးဝါးရောင်းခြင်း၊ စတာတွေကိုလဲ စီးပွားရှာတဲ့နေရာမှာ ရှောင်ကြဉ်ရပါမည်။ အဲဒါတွေကလဲ ၀ိသမလောဘထဲမှာ ပါသွားပါတယ်။

မြန်မာလူမျိုး အများစုက လောဘနဲချင်ကြတယ်၊ ရသမျှနဲ့ တင်းတိမ်ရောင်ရဲချင်ကြတယ်၊ ဒီလောက်နဲ့ တော်ပြီ၊ ပြည့်စုံပြီ ဆိုတဲ့ အလိုနဲကြတယ်။ တကယ်တော့ ဘုရားရှင်အလိုအရ စီးပွားရေးမှာ ရှိသင့်ရှိထိုက်တဲ့ လောဘရှိရမှာပါ၊ ရလာတဲ့ အကျိုးမြတ်တွေကိုလဲ သာသနာတော်အတွက်၊ ပရဟိတအတွက်ဆိုပြီး ရည်မှန်းပြီး စီးပွားရေးမှာ ဆန္ဒပြင်းထန်ရမှာ ဖြစ်ပါတယ်။ ၀ိသမစိတ်တွေ၊ ၀ိသမလောဘစိတ်တွေ ရှောင်ကြဉ်ပြီး သမ္မာအာဇီဝအတွက် လုံးလ၀ီရိယရှိပါ၊ လောဘရှိပါ ဟူသတည်း။

ချမ်းသာ လေးမျိုး
မြတ်စွားဘုရားက အာနဏျသုတ်မှာ--- ချမ်းသာလေးမျိုးဟောထားတယ်၊ ဒါလဲ ကျောင်းဒကာ ကုန်သည်ပွဲစား အနာထပိဏ်ကို ဟောထားတာပါ။
၁။ အတ္ထိသုခ- ငါ့မှာ ဘာမဆို ရှိနေခြင်းဆိုတဲ့ ချမ်းသာ၊ ရှိအောင် ရှာထားဖို့ ဟောထားတာပဲ။

၂။ အာနဏျသုခ-အကြွေးမြီးကင်းခြင်း ချမ်းသာ။ အကြွေးရှင်ကို ပူစရာမလိုဘူး။ အကြွေးမရှိအောင်လဲ စီးပွားကို ရှာထား။

၃။ အန၀ဇ္ဖသုခ- အပြစ်မရှိတဲ့ ချမ်းသာ။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရေးသမား ဘယ်တော့မှ စိတ်မလုံဘူး၊ စိတ်မချမ်းသာဘူး။ နောက်ဆံတင်းတင်းနဲ့ နေရတာ၊ ရဲမြင်တာနဲ့ ထိပ်လန့်နေရတာ၊ ကိုယ့်စီးပွားရေးက သန့်ရှင်းနေခြင်းကြောင့် ချမ်းသာလို့နေသည်။ ဒါ့ကြောင့် ၀ိသမလောဘကို ရှောင်။

၎။ ပရိဘောဂသုခ- သုံးစွဲ၊ ခံစားရခြင်းဆိုတဲ့ ချမ်းသာပဲ။ တချို့ ရှာဖွေထားပြီး မသုံးရက် မစွဲရက်နေတတ်တယ်၊ သုံးသင့်သုံးထိုက်တာ သုံးစွဲပစ်လိုက်၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် ကုန်သင့်ကုန်ထိုက်တာ ကုန်ရမှာ ဖြစ်၍ မနှမျောဘဲ သုံးစွဲခြင်းဟုသော ချမ်းသာ။

အဲဒီလိုပဲ ဘ၀သံသရာအတွက် ချမ်းသာလေးမျိုး ရှိဖို့လိုသည်။
(က)ကိုယ့်မှာ ကုသိုလ်ကောင်းမှု ရှိနေခြင်းဟုသော အတ္ထိသုခ၊ (ခ)သူများဥစ္စာခိုးခြင်း သတ်ခြင်း၊ လိမ်ညာခြင်းစတဲ့ သံသရာ အကြွေးမြီကင်းခြင်းဆိုတဲ့ အာနဏျ သုခ၊ (ဂ) အကုသိုလ် ဒုစရိုတ် အပြစ်မရှိခြင်းတည်းဟုသော အန၀ဇ္ဇသုခ (ဃ) ရှေးက ၃ ခုလုံး ပြည့်စုံနေသဖြင့် ကောင်းမှု၏ အကျိုးကို ခံစားရခြင်းဟု သော ပရိဘောဂသုခ။ ထိုလေးမျိုးကိုလဲ ရအောင် အားထုတ်တဲ့။

စီးပွားရှာရာဝယ်
စီးပွားရေးကောင်းဖို့အတွက်ကိုလည်း အမျိုးကောင်းသားတစ်စုကို ဘုရားက ဟောထားသေးတယ်။ အင်္ဂုတ္တရနိကာယ်၊ ဗျဂ္ဃ္ထပဇ္ဈာသုတ်မှာ-
၁။ ဥဋ္ဌာနသမ္ပဒါ- စီးပွားရေးမှာ မပျင်းနဲ့၊ နေပူပူ မိုးရွာရွာ မပျင်းမရိ ရှာဖွေခြင်း။ စီးပွားရေးမှာ လုံးလ၀ီရိယ ရှိရမည်။ သူများထက် စောနေရမည်၊ သူများထက် ဦးနေရမည်။

၂။ အာရက္ခသမ္ပဒါ- ရှာဖွေလို့ရတဲ့ ပစ္စည်းကို လုံခြုံအောင် သိမ်းတတ်ရသည်၊ မလိုအပ်ဘဲ မသုံးသင့်၊ သုံးသင့်သုံးထိုက်မှ သုံးခြင်းဖြင့်လဲ သိမ်းဆည်းနည်း မည်သည်။ “ဓုတ်သုံးမျိုးရှောင် အိုတောင် မဆင်းရဲ” ဆိုတာလို---- ၁။ ဣတ္ထိဓုတ္တ-မိန်းမလိုက်စားခြင်း ရှောင်၊ ၂။ သုရာဓုတ္တ- သေရည်အရက် သောက်စားခြင်း ရှောင်၊ အက္ခဓုတ္တ- အလောင်းကစား ရှောင်ခြင်းဖြင့် ဓုတ္တ-ဓုတ် သုံးခုကိုရှောင်ခြင်းဖြင့်လည်း စနစ်တကျ သိမ်းဆည်းရာ မည်သည်။

၃။ သမဇီဝိတ- အ၀င်အထွက် မျှအောင် သုံးစွဲခြင်း။ ၀င်ငွေထက် အထွက်ငွေများနေရင် စီးပွားရေးအတွက် အခြေအနေမလှနိုင်။ အထက်မှာ ပြထားသလိုပဲ ရလာတဲ့ အကျိုးမြတ် ပစ္စည်းကို ၄ ပုံ ပုံပြီး စနစ်တကျ သုံးစွဲရန်ဖြစ်သည်။

၎။ ကလျာဏမိတ္တ- မိတ်ဆွေကောင်းလိုသည်။ ကိုယ့်စီးပွားရေးအတွက် မိတ်ဆွေသည်လည်း မရှိ မဖြစ်လိုအပ်သည်။ ကိုယ့်ကို ကူညီမည့် မိတ်ဆွေ၊ ကိုယ့်ကို စောင့်ရှောက်မည့်မိတ်ဆွေ၊ ကိုယ့်အကျိုးစီးပွားအတွက် လိုလားတဲ့ မိတ်ဆွေ၊ စသည်ဖြင့် မိတ်ဆွေလိုအပ်သည်။

ဘာပညာမှ မတတ်တဲ့ သူဋ္ဌေးသားကို အပေါင်းပါတွေ မြောက်စားလို့ နောက်ဆုံး ကုဋေလေးဆယ်သော ပစ္စည်းတွေ ကုန်၊ ခွက်ဆွဲ တောင်းစားရ၊ ခိုးဝှက်စားရတဲ့ ဘ၀ရောက်ရတဲ့ သူဋ္ဌေးသား ဇာတ်လမ်းကိုတော့ နမူနာယူရလိမ့်မည်။

ဒကာတော်ရေ-- ဤမျှလောက်ဆို လုံလောက်မည် ထင်ပါတယ်၊ ကျေနပ်စရာ ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါပေမဲ့ ဘုန်းဘုန်းသိသလောက်လေးတွေ စုစည်းပြီး ပို့လိုက်တာပါ။

ဒကာတော်က စာရေးသူ၏ အထက်ပါ ပြန်စာနဲ့ ပတ်သက်ပြီး “အရှင်ဘုရားအား ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီအကျိုးအမြတ်ကို ၄စု ပုံတာက တပည့်တော်လို လခစားအတွက် မအပ်စပ်သလိုဖြစ်နေပါတယ် အရှင်ဘုရား။ တပည့်တော် ဥာဏ်တိမ်တာလဲဖြစ်နိုင်ပါတယ်။ တပည့်တော်အလုပ်စတာ ၂လ နီးပါးရှိနေပါပြီ။ တပည့်တော်က လခရရင် အိမ်ကိုကူပါတယ်။ တပည့်တော်၏မိသားစု (မိဘ၊ မောင်နှမ)က ကြီးတော့ အသုံးစရိတ်လဲကြီးပါတယ်။ ရတိုင်း ဆပ်တော့၊ သိပ်ပြီးမစုနိုင်သလို ဖြစ်နေပါသည်။ အဲဒါကြောင့် ၄စုပုံတာ တပည့်တော်အတွက် မအပ်စပ်သလိုဖြစ်နေပါသည်။ ဒီလိုမျိုးလူသားအတွက် မြတ်စွာဘုရားဟောပြောခဲ့တာများရှိပါသလား အရှင်ဘုရား။ ၄စု ပုံတာကပိုက်ဆံအတော်အသင့်ရှိပြီးသား လူမျိုးအတွက်ထင်ပါတယ်။ ဟုတ်ပါသလား ဘုရား?” ဟု အကြောင်းပြန်လာတယ်။

အမှန်တော့ မြတ်စွာဘုရားက ဒီလို ရလာတဲ့ အကျိုးအမြတ်ကို လေးစုခွဲပြီး အသုံးပြုရန်မှာ ယေဘုယျ၊ အများဆုံး ဖြစ်နိုင်ခြေကို ဟောတာဖြစ်ပါတယ်။ ဘုရားတရားဟောတဲ့ နေရာလဲ မြန်မာနိုင်ငံလို လစာမျိုး မဖြစ်လောက်ဘူး၊ မြန်မာနိုင်ငံမှာတော့ အရင်ခေတ်နဲ့ မတူတာ အမှန်ပဲ၊ စာရေးသူတို့ ငယ်ငယ်က အဖေတစ်ယောက်တည်းက ရှာလာတဲ့ ၀င်ငွေဟာ မိသားစု ၅ ယောက်စာအတွက် လောက်ငှတဲ့အပြင် စုနိုင်ပါသေးတယ်၊ အခုချိန်မှာတော့ ၅ ယောက်လုံး အလုပ်ထွက်ရှာမှ စားနိုင်ရုံလောက်ပဲ ရှိတယ်လို့ ထင်ပါတယ်။ ဥပမာ-တစ်လကို ကျပ်တစ်သိန်း ၀င်ငွေ ရှိတဲ့ လူတစ်ယောက်က မိသားစု တစ်လစာအတွက် ထို ၁ သိန်းက မလောက်ငှပါဘူး၊ ၅ ယောက်ရှိတဲ့ မိသားစုက ၅ ယောက်လုံး တစ်သိန်းစီ၊ ၅ သိန်းဝင်ငွေရှိနေမှ ၀င်ငွေကို ၄ စု ခွဲနိုင်မည်ထင်ပါတယ်။ ဒါတောင် ခြွေတာ စုဆောင်းနည်း သုံးရမှာပါ။ အသုံးဆိုတဲ့ နေရာမှာလဲ လူတန်းစားအလိုက် အသုံး ကွာမယ် ထင်ပါသည်၊ ကျားကြီး ခြေရာ ကြီးဆိုတာလို ၀င်ငွေ ကောင်း ကောင်းသလို အသုံးစရိတ်တွေ ကြီးကြမည်ထင်ပါသည်။

ဘယ်လောက်ပဲ ၀င်ငွေ ရှိနေပါစေ၊ “လူတိုင်းက ဥဋ္ဌာနသမ္ပဒါ-၀ီရိယရှိပါ၊ အာရက္ခသမ္ပဒါ-သိုသိုဝှက်ဝှက် ထိန်းထိန်းသိမ်းသိမ်းရှိပါ၊ သမဇီဝိတ-အ၀င်အထွက်မျှအောင် သုံးပါ၊ ခြွေခြွေတာရှိပါ၊ ကလျာဏမိတ္တ- မိတ်ဆွေကောင်းကို ရှာပါ” ဓုတ် သုံးခုကို ရှောင်ပါ စသည်ဖြင့် အထက်မှာ ပြထားသလို ဆိုရင် ဘာမှ ပြဿနာမဖြစ်လောက် ဘူးထင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၀၁-၂၀၁၃

06 February 2013

ချစ်သွားပြီ ခုတော့ချစ်သွားပြီ

စွဲငြိသွားပြီ

စာမိတ်ဆက်

စာတွေ ဖတ်ရင်းက အနိတ္ထိဂန္ဓအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ပြီး အတွေးပေါ်လာသည်။ စွဲသွားပြီလို့ပြောမလား၊ ငြိသွားပြီးလို့ပဲပြောမလား ဒါမှမဟုတ် စွဲငြိသွားပြီလို့ပဲ ပြောမလား၊ Heart ထိသွားပြီလို့ပြောမလား သံသဂ္ဂပဲ ဖြစ်သည်။ ယနေ့ခေတ် အင်တာနက်ခေတ်၊ တယ်လီဖုန်းခေတ်လေးတွေ ဖြစ်လာတော့ သံသဂ္ဂဖြစ်ဖို့ရာ ပိုနီးစပ်လာသည်။ ပို အဖြစ်များလာသည်ကို တွေ့ရသည်။ ထိုခေတ်တွေက တစ်ဖက်က အရေးအကြောင်း သတင်းမီဒီယာအတွက် ကောင်းသလို တစ်ဖက်ကလဲ ၀ိသဘာဂ မတူကွဲပြားတဲ့ ဖို+မတို့အတွက် တစ်ယောက်နဲ့တစ်ယောက် စွဲငြိစေဖို့ လက်နက်တစ်ခု ဖြစ်လာသည်။ ထိုအကြောင်းရာနဲ့စပ်လျှင်းပြီး အနိတ္ထိဂန္ဓအမျိုးသားလေးအကြောင်း ဖတ်ရင်း သံသဂ္ဂ (စွဲငြိသွားပြီ) ဆိုတာလေးကို ရေးချင်စိတ်ပေါက်တာနဲ့ ရေးချမိလိုက်သည်။

မိန်းမ မကြိုက်သူ
လောကမှာ လူထူးလူဆန်းတွေ ရှိတယ်ဆိုတာ တကယ်ပါ၊ ဘုရားဟောတဲ့ ၀ိသဘာဂ (ဆန့်ကျင်ဘက်)တို့စွဲငင်အား အရ အမျိုးသမီးက အမျိုးသားကို ကြိုက်စရာ နှစ်သက်စရာ မက်မောစရာ တွယ်တာစရာ အားကိုးစရာ အဖြစ် စွဲငြိသွားတာ အဆန်းအကျယ်မဟုတ်၊ အမျိုးသားက အမျိုးသမီးကို စွဲငြိတာ၊ လိုချင်တာ၊ မက်မောတာ၊ ကြိုက်တာ ခိုက်တာ သဘာဝဖြစ်၍ အထူးအဆန်းမဟုတ်။ သို့သော် ယောက်ျားလေးက မိန်းကလေးလှလှလေးကို မကြိုက်တာကတော့ အဆန်း ဖြစ်သည်။ အနာဂါမ်စတဲ့ အရိယာ ပုဂ္ဂိုလ်မျိုးကို မဆိုလို။ သာမန် ပုထုဇဉ်သားတစ်ယောက်အတွက် အလွန်ဆန်းသည်ဟု ဆိုရမည်။

တခါက မိန်းမ မကြိုက်သူ တစ်ယောက် ရှိခဲ့ဖူးသည်။ သူကတော့ မိန်းမအနံ့ကို မခံနိုင် မိန်းမတွေကိုမမြင်ချင်တဲ့ အနိတ္ထိဂန္ဓ အမျိုးသားတစ်ယောက်ပဲ ဖြစ်သည်။ ငယ်ငယ်က သူ့ကို နို့တိုက်ရင်တောင် အထိမ်းတော်တွေကို မိန်းမအနံ့တွေ ဖျောက်၊ ဘရာဇီယာ မ၀တ်စေဘဲ ယောက်ျားအသွင်ဖြင့် နို့တိုက်စေရသည်။ သူက ဘာဖြစ်လို့ မိန်းမအနံ့ မခံနိုင်ရသလဲဆိုတော့ ကဿပဘုရားရှင်လက်ထက်က နှစ်ပေါင်း နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့ဖူးသည်၊ ဈာန်တွေ ရခဲ့ဖူးသည်။ ပါရမီအားနုသေးတော့ အရိယာမဂ်အထိ မရနိုင်ဘဲ ထိုဘ၀မှ ဗြဟ္မာပြည်ရောက်သွားသည်။ ထိုဗြဟ္မာ့ပြည်ကနေ ဗာရာဏသီ မိဖုရား၏ ၀မ်းဗိုက်ထဲ ရောက်လာသည်။ မိန်းမ ယောက်ျား ခွဲခြားပြီး သိလာတဲ့ အချိန်က စပြီး မိန်းမတွေ အကပ်မခံတော့။ မိန်းမအနံ့ နံရင်၊ မိန်းမအသံ ကြားရင် ငိုသတဲ့။

မိန်းမ အသည်းစွဲအောင် ကြိုက်သူ
နောက်ဆုံးတော့လဲ မိဘတွေက မျိုးရိုးတိမ်ကောသွားမည်ကို စိုးရိမ်ရကား နယ်နယ်အရပ်ရပ် ရှိ သိပ်လှ သိပ်ချောတဲ့ အလှမယ်လေးတွေကို ရွေးချယ်၍ ခေါ်လာသည်။ သူတို့ကို ကန့်လန့်ကာ၏ တစ်ဖတ်ဆီကနေ အနိတ္ထိဂန္ဓမင်းသားလေးကို သီချင်းဆိုပေးရသည်။ ထိုအစီအစဉ်တွေကို ဘုရင်ကြီး၏ ၀န်ကြီးတစ်ပါးက စီမံပေးရသည်။ တစ်ဖတ်က အနိတ္ထိဂန္ဓမင်းသားလေးက ထိုသီချင်းအသံလေးကို ကြားရသဖြင့် ဒါက ဘာအသံလဲ မေးတော့ ၀န်ကြီးက “အရှင်မင်းသား- ဒီလို သာယာတဲ့ မိန်းမလှလေးတွေရဲ့ အသံဟာ အရှင်မင်းသားတို့လို ဘုန်းရှိ ကံရှိတဲ့ သူတွေသာ ခံစားခွင့်ရတာ၊ အရှင်မင်းသား အားပါးတရ ခံစားပါဟု လျှောက်တော်မူသတဲ့။ မင်းသားလေးက ၀န်ကြီးအား ဒုတ်နဲ့ ရိုက်ထုတ်သတဲ့။ ၀န်ကြီးလဲ ထွက်ပြေးရတယ်။ လွန်ခဲ့တဲ့ အရင် ဘုရားလက်ထက်ကထဲက နှစ်ပေါင်းအားဖြင့် ရေတွက်ရန်ခက်ခဲမည့် အချိန်ခါကထဲ ဖြစ်ရပ်လေးက ယနေ့ခေတ်ကို ရောင်ပြန်ဟပ်နေသည်။ ယနေ့ခေတ်မှာလဲ ကေတီဗီ ညကလာပ် (KTV, Night-club) တွေမှာ အရာရှိသားသမီးတွေ၊ ပိုက်ဆံရှိ သားသမီးတွေကို ခစားနေတဲ့ ထိုခေတ်က ဘုရင်ကြီး၏ ၀န်ကြီးလိုမျိုး သူတွေ ရှိမှာ အမှန်ပင်။ ရှေးက အာဏာရှင်ခေတ် ဘုရင့်နန်းတော်အတွင်းမှာတောင် ဒီ KTV, Night-club မျိုးလို အပျော်အပါးမျိုးတွေ ရှိနေတာဆိုတော့ ယနေ့ခေတ် သြဇာအာဏာရှိတဲ့သူတွေ ငွေကို ထင်တိုင်းသုံးနိုင်တဲ့ သူတွေရဲ့ အိမ်တွေမှာလဲ မရှိနိုင်ဘူးလို့ မပြောနိုင်။ အိမ်တွေမှာ မရှိရင်တောင် အပြင်မှာ ဖွင့်မထားနိုင်ဘူးလားဆိုတာ စဉ်းစားစရာပါ။

အနိတ္ထိဂန္ဓမင်းသားလေးက မိန်းမလှလေးတွေနဲ့ ဖြားယောင်း သွေးဆောင်သော ၀န်ကြီးကို မောင်းထုတ်တော့ ဘုရင်ကြီးလဲ နောက်တစ်မျိုးကြံရသည်။ ဘုရင်ကြီးသည် အတော်ဆုံး ရွှေပန်းတိမ်ဆရာထံ အကောင်းဆုံးရွှေတုံးရွှေခဲတွေကို ရွေးပြီး သိပ်လှ သိပ်ချောတဲ့ရွှေယမင်းရုပ်ကလေး ထုလုပ်ရန် အပ်နှံသည်။ ရွှေပန်းတိမ်ဆရာသည် သိပ်လှ သိပ်ချောတဲ့ ရွှေရုပ်ကလေးကို ထုလုပ်ပြီး အကောင်းဆုံးတန်ဆာတွေနဲ့ တန်ဆာဆင်ထားသည်၊ ၀ိသကြိုဟ်နတ်သား ဖန်ဆင်းသည့်အလား အလွန်ချောမောလှသည့် ရွှေယမင်းရုပ်ကလေးကို မင်းသားလေးကို ပြလိုက်တော့ မင်းသားလေး သိပ်သဘောကျသွားသည်။ ဒီရွှေယမင်းရုပ်နဲ့တူတဲ့ မိန်းမလှဆိုရင် ယူမယ်ဆိုပြီး အာမခံလိုက်သည်။ “ဒါ-ငါတို့သားလေးရဲ့ ဘုန်းကံနဲ့ဆို ဒီလို အမျိုးသမီး ရကို ရရမယ်”ဟု မင်းမိဖုရားကြီးတို ခံယူထားကြသည်။

မိန်းမလှရှာထွက်
ဒီလိုနဲ့ မင်းမိဖုရားအမိန့်နဲ့ ၀န်ကြီးတွေ မြို့ပြဇနပုဒ် ၁၆ ခုထိ ရွှေယမင်းနဲ့ တူတဲ့ မိန်းမလှ ရှာထွက်ရာက မဒ္ဒရစ်တိုင်း သာဂလမြို့က မိန်းမလှလေးတွေ ရေချိုးတဲ့ ရေဆိပ်ရှိရာသို့ ရောက်ရှိလာကြသည်။ ထိုဆိပ်ကမ်းမှာပဲ ရွှေယမင်းရုပ်လေးလို သိပ်လှပပြီး နုဖတ် အိစက်နေတဲ့ မဒ္ဒရစ်မင်းသမီးလေးကို တွေ့သွားသည်။ ၀န်ကြီးတွေလဲ ဘုရင်ကြီးထံ မိန်းမလှတွေ့ကြောင်း ဆက်သွယ်သည်။ ဒီနေရာမှာ ဘုရင်ကြီး၏ တိုင်းသူ ပြည်သားတွေအပေါ် ထားတဲ့ စိတ်ကလေးကို သတိပြုမိသည်။ “မင်းသမီးလေးကို ကျွန်တော်မျိုးတို့ ခေါ်ဆောင်ခဲ့ရမှာလား၊ ဘုရင်ကြီးကိုယ်တိုင် လာခေါ်မှာလား” ဆိုတော့ ဘုရင်ကြီးက“မောင်မင်းတို့ပဲ ခေါ်ခဲ့ကြပါ၊ ငါကိုယ်တိုင်လာခေါ်ပါက ပြည်သူပြည်သားတွေ ပင်ပန်းလိမ့်မည်၊ သူတို့ကို ညှင်ပန်းနိပ်စက်ရာရောက်မည်”ဟု ဆိုသတဲ့။ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ကိုယ့်အိမ်တွင်းရေး ကိစ္စကြောင့် တိုင်းပြည်မှာ ရုပ်ရုပ်သဲသဲ မဖြစ်စေချင်၊ အကယ်၍ ဘုရင်ကိုယ်တိုင် သွားမည်ဆိုရင် သွားလေရာ ခရီးတစ်လျှောက်မှာ လမ်းရှင်းရ၊ လမ်းခင်းရ၊ ထုံးသုပ်ရ၊ ကြိုဆိုရ၊ ပြည်သူတွေ အတွက် အချိန်ကုန်စေမည်၊ ပင်ပန်းစေမည်၊ ကိုယ့်နောက်လိုက်လာကြတဲ့ ၀န်ကြီးတွေက အစ အောက်ခြေ၀န်ထမ်းတွေအထိ ကိုယ့်ရဲ့ သားရေးသမီးရေး ကိစ္စအတွက်နဲ့ ပင်ပန်းမည်ကို ကရုဏာထားကာ ဘုရင်ကိုယ်တိုင် မကြွခြင်းဖြစ်သည်။

ဒုက္ခရဲ့ အစ စွဲငြိမိခြင်းက
ဝန်ကြီးများကပဲ မဒ္ဒရစ် မင်းသမီး မိန်းမလှလေးကို ခေါ်ရန် ပြင်ဆင်ကြသည်။ မင်းသားလေးလဲ အသက်အရွယ်အားဖြင့် ၁၆နှစ်၊ သိပ်လှတဲ့ ရွှေယမင်းနဲ့တူတဲ့ မိန်းမလှလေး ရပြီလို့ ကြားကထဲက စွဲငြိသွားသည်၊ ချစ်စိတ်တွေ လွမ်းမိုးသွားသည်။ အရင်ဘ၀ကထဲက ရထားတဲ့ ပထမဈာန်လဲ ကွယ်ပျောက်သွားသည်။ အရင်က မိန်းမ အနံ့ မခံနိုင်သူ၊ မိန်းမအသံ မကြားချင်သူက အခုတော့ ကြားကြားခြင်းပဲ မမြင်ရ မနေနိုင်ဖြစ်ရသည်။ မြန်မြန်သာ ခေါ်ခဲ့ပါတော့ ဟူသတည်း။ ထိုစွဲငြိခြင်း၊ ချစ်ခြင်းကပဲ သူ့ကို ဒုက္ခပေးပြီ။

ဘုရင်ကြီးလဲ မဒ္ဒရစ်မင်းသမီးလေးကို မင်းခမ်းမင်းနားဖြင် ကြိုဆိုဖို့ရန် ပြင်ဆင်သည်၊ မင်္ဂလာဥယျာဉ်ထဲမှာ မင်္ဂလာကိစ္စပြုဖို့ရန် ခန်းနားထည်ဝါ ပြင်ဆင်ထားသည်၊ ယနေ့ခေတ်လို မော်တော်ကားများ မရှိရကား အလှဆင်ထားသော မင်္ဂလာ မြင်းလှည်း နွားလှည်းများဖြင့် မင်းသမီးကို ခေါ်ဆောင်သည်။ မင်းသမီးလေးသည် အလွန်နုညံ့လွန်းသောကြောင့် တ၀ုန်းဝုန်း တဒုန်းဒုန် ခုန်နေသော မြင်းလှည်း ဆောင့်ဒဏ်ကို မခံနိုင်၊ လေပူ လေကြမ်းကလဲတိုက် ဆိုတော့ အလွန်ပင်ပန်းနွမ်းနယ်ပြီး ပန်းလေးတစ်ပွင့် ညိုးနွမ်းသလို အဲဒီညပိုင်းမှာပဲ ကွယ်လွန်သွားသည်။ ထိုသတင်းကို ကြားသိရသော ဘုရင် မိဖုရားကြီးရော မြို့သူမြို့သားတွေပါ စိတ်မကောင်းဖြစ်၍ ငိုကြွေးကြသည်။ ထိုသတင်းက ဗာရာဏသီမြို့မှာရော မဒ္ဒရစ်တိုင်းမှာရော တသောသော ညံသွားသည်။ အဆိုးဆုံးက မိန်းမအနံ့ မခံနိုင် မိန်းမအသံမကြားချင်သော အနိတ္ထိဂန္ဓမင်းသားလေးဖြစ်သည်၊ သူဟာ အစောပိုင်းလေးကမှ ထိုမင်းသမီးလေး၏ ဂုဏ်သတင်းကို ကြားရသဖြင့် ချစ်စိတ်တွေ လွမ်းမိုးကာ အစွဲကြီးစွဲနေမိသည်၊ အခုတော့ ထိုစွဲငြိခြင်းက သူ့ကို ဆောက်တည်ရာ မရအောင်ဖြစ်ရသည်။

သောကအစ
ရှေးဘ၀များစွားက အားထုတ် ဆည်းပူးခဲ့သော ကောင်းမှုကံကြောင့် သတိဝင်ကာ သောကကို ပယ်နုတ်ဖို့ ကြိုးစားသည်။ မင်းသားလေးရဲ့အတွေးထဲမှာ ရှေးက အားထုတ်ခဲ့ဖူးသော အသိတရားတွေ ၀င်လာသည်၊ “မွေးဖွားခြင်း ဇာတိမရှိရင် ၀မ်းည်းခြင်း ပူဆွေးခြင်းဆိုတဲ့ သောက မရှိနိုင်၊ ထိုမွေးဖွားခြင်းရှိနေလို့ ယခုလို ၀မ်းနည်းခြင်းတွေ ရင်ထုမနာ ပူဆွေးမှုတွေ ဖြစ်ကြရသည်”၊ “ထိုမွေးဖွားခြင်းဘယ်ကလာ၊ ဘ၀ကလာ၊ ဘ၀ရှိနေလို့ ဇာတိရှိနေတာပဲ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန် စဉ်းစား ဆင်ခြင်ရင်းကနေ ပစ္စေကဗုဒ္ဓါ ဖြစ်သွားသည်။ စွဲငြိခြင်းကြောင့်ဖြစ်သော သောကအစရှိတဲ့ ပူလောင်မှုတွေ လုံးဝငြိမ်းသွားသည်။ အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်သွားသည်။

ပစ္စေကဗုဒ္ဓါဖြစ်သွားသော အနိတ္ထိဂန္ဓက ဘုရင်ကြီး မိဖုရားကြီးနဲ့ တိုင်းပြည် ပြည်သူပြည်သားတွေကို တရားဟောသည်။ ဘာမှ ၀မ်းမနည်းဖို့အကြောင်း၊ ကျွန်ုပ်လဲ ပစ္စေကဗုဒ္ဓါဖြစ်သွားကြောင်း၊ စွဲငြိခြင်းသည် ချစ်ခြင်းကို ဖြစ်စေကြောင်း၊ ထိုချစ်ခြင်းက ဒုက္ခကို ဖြစ်စေကြောင်း၊ စွဲငြိခြင်း၊ ချစ်ခြင်းအပြစ်အနာဆာတို့ကို ပြကာ တောထဲတောင်ထဲ တစ်ကိုယ်တည်း ထွက်သွားသည်။

စွဲငြိခြင်း ၅မျိုး
အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဟောသည့် စွဲငြိခြင်း ၅မျိုးကို မှတ်သားသင့်သည်။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ)၊ အသံကြားခြင်းကြောင့် စွဲငြိခြင်း (သ၀န သံသဂ္ဂ)၊ အထိအတွေ့ကြောင့် စွဲငြိခြင်း (ကာယ သံသဂ္ဂ)၊ အပြန်အလှန် စကားပြောခြင်းကြောင့် စွဲငြိခြင်း (သမုလ္လပန သံသဂ္ဂ)၊ အတူတကွ သွားလာ လုပ်ရှား၊ အတူတကွ မျှဝေသုံးစွဲခြင်းကြောင့် စွဲငြိခြင်း (သမ္ဘောဂ သံသဂ္ဂ) ဟုသော ငါးမျိုးသော သံသဂ္ဂကြောင့် ဟောထားသည်။

တခါက သီဟိုဠ်ကျွန်းမှာ အမျိုးသမီးလေးတစ်ယောက်က ရုပ်ရည် အသန့်ရှိသည့် ရဟန်းငယ်တစ်ပါး အိမ်ကို ဆွမ်းခံကြွ အလာကို မြင်မြင်ခြင်းပဲ စွဲငြိသွားသည်၊ မမြင်ရ မနေနိုင် ဖြစ်ရသည်၊ နောက်ဆုံးတော့ မမြင်ရ မနေနိုင်လောက်အောင် စွဲငြိခြင်းက သူ့ကို ဒုက္ခပေးတော့သည်။ မကြာမီမှာပဲ အသည်းကွဲပြီး ကွယ်လွန်သွားရှာသည်။ ထိုသတင်းကို ကြားလိုက်ရသော ရဟန်းငယ်လေးမှာတော့ သူမရဲ့ နာရေးက ရလာတဲ့ အ၀တ်အပိုင်းအစလေးကို ကြည့်ပြီး ရင်ထုမနာ ဖြစ်ပြီး နှလုံးကွဲ ပျံလွန်တော်မူသွားရှာသတဲ့။ မြင်ခြင်းကြောင့် စွဲငြိခြင်း (ဒဿန သံသဂ္ဂ) သည် ဤမျှလောက် ဒုက္ခကို ဖြစ်စေသည်။ ဤနည်းအားဖြင့် ၀ိသဘာဂ ဆန့်ကျင်ဘက် စွဲငင်အားရှိသော အဖို အမဓာတ်သဘာဝတို့သည် စကားပြောသံ သီချင်းသံ ပြုံးရွှင်သံများကြောင့်လည်း စွဲငြိနိုင်ကြသည်။ အထိအတွေ့ကြောင့်သော်လည်းကောင်း၊ အပြန်အလှန် စကားပြောခြင်းကြောင့်သော်လည်းကောင်း၊ အတူတကွ သွားလာခြင်းကြောင့် မြင်ပါများ တွေ့ပါများရာကနေ ချစ်ကျွမ်းဝင်ပြီး စွဲငြိသွားစေသည်။ တခါတရံ ရှေးက အတူသွား အတူလာ အတူစားခဲ့ဖူးတဲ့ အတွေ့အကြေုံလေးတွေကို တွေးပြီး စွဲငြိသွားစေသည်။

ကာမတော ဇာယတိ သောကော- ထိုသို့ စွဲငြိခြင်းကြောင့်ပဲ ရှင်ကွဲ သေကွဲရသောအခါ ရင်ထုမနာဖြစ်ကြရသည်၊ ၀မ်းနည်း ပူဆွေးသောက ရောက်ကြရသည်။ အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ကတော့ ထိုသို့သော ဒုက္ခကို ဘယ်လိုကျော်လွားနိုင်မလဲ ဆိုတာကို သူ၏ ကိုယ်တွေ့ဘ၀ဖြင့် သုံးသပ် ဟောကြားခဲ့သည်။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား နောက် ကြေကွဲရှိသည်တကားးးးး။ ဘ၀ရယ်လို့ ဖြစ်လာကြတဲ့ အားလုံးသော သူတွေမှာ ဘ၀ဖြစ်ရင် ဘ၀ပျက် (သေ)ရမည်ဆိုတာ သိထားကြပြီး ဖြစ်ရကား ထိုကဲ့သို့ကြုံလာလျှင် လက်နက်အဖြစ် အရန်သင့်ဖြစ်အောင် အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါ ဆင်ခြင်သုံးသပ်ခဲ့သော တရားကို အပြန်အလှန် သုံးသပ် ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။။။။။
(နောက်ထက် မိန်းမမကြိုက်သူ လူထူးလူဆန်း အနိတ္ထိဂန္ဓ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်အကြောင်းကိုလည်း ဖော်ပြပါဦးမည်။)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၀-၂၀၁၂

01 February 2013

လုမ္ဗိနီကို ကယ်တင်ပါ (Save LUMBINI)

မြတ်စွာဘုရားဖွားတော်မူသည့် လုမ္ဗိနီကို ကယ်တင်ပေးကြပါ
------------------------------------
(၂၀၁၂-ဒီဇင်ဘာက ဂီတဉ္စလီအဖွဲ့နှင့် လုမ္ဗိနီ အမှတ်တရ)

ဗုဒ္ဓအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ကြပါ .....။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေး “ငြိမ်းချမ်းကမ္ဘာသစ်မြို့တော်´´ စီမံကိန်းကြောင့် ကမ္ဘာ့ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်သော ဗုဒ္ဓဘုရားရှင် ဖွားတော်မူရာဌာန လုမ္ဗိနီမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရပါပြီ။

ထိုကြောင့် မြတ်ဗုဒ္ဓရဲ့အမွေအနှစ်ကို ကာကွယ်ရန်အတွက် ကျေးဇူးပြု၍ အောက်ပါ လင့်ခ်မှ အသနားခံလွှာတွင် လက်မှတ်ထိုးကြရန်ဖြစ်ပါသည်။
(Please sign the Petition) http://www.save-buddhist-heritage.org/Lumbini/sign-pettion/burmese-petition/ SIGN PETTION

ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်
ဗုဒ္ဓဘုရားရှင်ဖွားတော်မူရာ လုမ္ဗိနီမြေမြတ်မဟာသည် နီပေါနိုင်ငံတောင်ပိုင်း၌ တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကြွယ်ဝသော အထွတ်အမြတ်နေရာဒေသတစ်ခု ဖြစ်ပါသည်။ ၄င်းဒေသသည် ဗုဒ္ဓဘာသာဝင်ဘုရားဖူး ခရီးသွားရာ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)တွင် တစ်ခု အပါအ၀င်ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်တိုင် မဟာပရိနိဗ္ဗာနသုတ်တော်၌ ဟောကြားတော်မူခဲ့ပါသည်။

ဘာသာတရားကိုင်းရှိုင်းလှသော ဘုရားဖူးများသည် ဤအထင်ကရ အရေးပါလှသော လုမ္ဗိနီသို့ ရှေးရာစုနှစ်များစွာကတည်းက ဘုရားဖူးလာခဲ့ကြပြီး ယခုခေတ်တိုင်အောင်လည်း လာဆဲဖြစ်ကြပါသည်။ ဘုရားရှင်ဖွားတော်မူရာ ဤအရပ်၊ ရှေးပေဝေသဏီခေတ်မှ ဗုဒ္ဓဘာသာဘုရားဖူးသွားရာဒေသ၏ သဘောသဘာဝတို့နှင့် စပ်ဆိုင်သော ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ ပြည့်စုံကြွယ်ဝသည့် ဤနေရာဒေသတွင် ဘုရားဖူးများ လာရောက်ဖူးမြော် ကြည်ညိုသဒ္ဓါပွားကာ ၀တ်ပြုရှိခိုးကြပါသည်။

ဤသို့ ပူဇော်ကြရာတွင် အဆင်ပြေရန်အတွက်
ဂျပန်လူမျိုးဗိသုကာပညာရှင် ကင်ဇိုတင်ဂီ (Kenzo Tange)ရေးဆွဲခဲ့သော လုမ္ဗိနီဖွံ့ဖြိုးတိုးတက်ရေး လွှမ်းခြုံစီမံကိန်းသည်။ ဤဒေသ၏ဘုရားဖူး၊ ၀တ်ပြုခရီးသွားကဏ္ဍကို အသားပေး ရေးဆွဲခဲ့ပါသည်။ ၁၉၇၈ ခုနှစ်၌ ယင်းစီမံကိန်းကို UN နှင့် နီပေါနိုင်ငံတော်အစိုးရတို့မှ အတည်ပြုလက်ခံခဲ့ပြီးဖြစ်ပါသည်။ ၄င်းတွင် လုမွိနီ၏တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုရန်နှင့် ကာကွယ်ရန်အတွက် ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကြားခံဇုန် (Buffer Zone)ပါဝင်ပါသည်။

၁၉၉၇ခုနှစ်တွင် လုမ္ဗိနီမှာ ၄င်း၏ တမူထူးခြားထင်ရှားအရေးပါမှုကြောင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာဒေသ အဖြစ်ထုတ်ပြန်ကြေညာခံခဲ့ရပါသည်။

ယခုဘာဖြစ်နေပြီလဲ? 
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ တွင် နီပေါနိုင်ငံအစိုးရနှင့် ကိုရီးယားအစိုးရကိုယ်စားလှယ်များသည် လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော် ထိန်းသိမ်းကာကွယ်ရေးနှင့်တိုးတက်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းစီမံကိန်းသစ်အား KWAAK E.S.P.R.I နှင့် ကိုရီးယားနိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (KOICA) တို့မှ တစ်နှစ်ခွဲအတွင်း စီစဉ်ဆောင်ရွက်ရန်ဟူ၍ ဖြစ်ပါသည်။

လူဦးရေ ၂ သိန်း အခြေချနေထိုင်မည့် ဤကမ္ဘာငြိမ်းချမ်းရေးမြို့တော်ကို ကြားခံဇုန်အတွင်း တည်ဆောက်လိမ့်မည် ဖြစ်ပါသည်။

ဤသဘောတူညီချက်စာချုပ်ကို ယူနက်စကိုသို့ အကြောင်းကြားခြင်းမရှိဘဲ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်ပါသည်။

ဤသဘောတူညီချက် (နီပေါအစိုးရနှင့်….)အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာ Link
1http://thehimalayantimes.com/featured/year2011/inner.php?id=526, Link
2http://newindianexpress.com/opinion/article521534.ece, Link
3http://en.wikipedia.org/wiki/Asia_Pacific_Exchange_and_Co-operation_Foundation, PDF
Link3 တို့တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်တည်ဆောက်ပါက မည်သည့်အကျိုးဆက်များ ဖြစ်လာနိုင်မည်နည်း?

(က) ကမ္ဘာ့အမွေအနှစ်နေရာဌာနများ၏ ကမ္ဘာတလွှားထင်ရှားသော တန်ဘိုးများအပေါ် အပျက်သဘောဆောင်သော အကျိုး(အပြစ်)သက်ရောက်မှုများ အထူးသဖြင့် ကိုယ်ပိုင်စရိုက်လက္ခဏာ၊ စစ်မှန်မှုနှင့်ဂုဏ်သိက္ခာများ ထိခိုက်စေနိုင်ပါသည်။

(ခ) လုမ္ဗိနီတွင် လေထု၊ ရေထုနှင့် အသံညစ်ညမ်းမှုများ ကျရောက်နိုင်ပါသည်။

(ဂ) ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကန့်သတ်နှင့်စိုက်ပျိုးရေးကြားခံဇုန် ဆုံးရှုံးမှု၊ လူသားတို့ ချင်းနင်းဝင်ရောက်မှုနှင့် ဂေဟစနစ်အပေါ်မြို့ပြပုံစံသွတ်သွင်းမှုများ ရိုက်ခတ်နိုင်ပါသည်။

(ဃ) အနာဂါတ်လုမ္ဗိနီဖွံ့ဖြိုးရေးတွင် လုမ္ဗိနိအား ဘုရားရှင်ဖွားတော်မူရာ ဒေသအဖြစ်ထက် လူနေထူထပ်သော ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်အဖြစ် ပိုမိုအသားပေးလာခြင်းဖြစ်ပါသည်။ စွမ်းအားအရင်းအမြစ်များကိုလည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ ထိန်းသိမ်းရန်အတွက်သာ အသုံးပြုပြီးလုမ္ဗိနီ၏ သမိုင်းဝင် အထွတ်အမြတ်အရည်အသွေးများကို လစ်လျူရှုလျက်ရှိပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် နီပေါနိုင်ငံတော်အစိုးရအား လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်စီမံကိန်းအား ရုတ်သိမ်းပေးပါရန်နှင့် ကင်ဇိုတင်ဂီး (Kenzo Tange)၏ စီမံကိန်းအား ဆက်လက်ထောက်ပံ့ပေးပါရန် ကျွန်ုပ်တို့မှ ခိုင်မာစွဲမြဲစွာ တိုက်တွန်းအပ်ပါသည်။

ဤလုမ္ဗိနီကမ္ဘာ့အမွေအနှစ် နေရာဌာနကို နောင်လာမည့် အနာဂါတ်မျိုးဆက်သစ်တို့အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရပါမည်မှာ ကမ္ဘာ့နေရာဒေသအသီးသီမှ ဗုဒ္ဓဘာသာဝင်တိုင်း၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါသည်။

ဤနေရာတွင်ဆန္ဒမဲ ပေးကြပါ
ထို့ကြောင့် အောက်ပါ လင့်ခ်တွင် ၀င်ရောက်၍ မြတ်ဗုဒ္ဓအမွေအနှစ် ဖွားတော်မူရာနေရာအတွက် အကာအကွယ်ပေးနိုင်ရန် ဆန္ဒမဲ ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။

ဒီလင့်ခ်  SIGN PETTION ကို ကလစ်ပေးပြီး မိမိနာမည်နှင့် မေးလ်လိပ်စာ စာပို့သင်္ကေတအတွက် အဆင်ပြေမည့်နံပါတ် ငါးလုံးခန့် ရိုက်ထည့်ပေးလိုက်ရုံသာ ဖြစ်ပါသည်။ အကျယ်သိလိုပါက ဒီစာမျက်နှာမှာ ၀င်ဖတ်ပါ။

ဤပို့စ်ကို တတ်နိုင်သမျှ share လုပ်ပေးခြင်း၊ ဆန္ဒမဲပေးခြင်းများ ပြုလုပ်ကာ သာသနာ့အမွေအနှစ်ကို ကယ်တင်ပေးကြပါရန် တောင်းပန်တိုက်တွန်းအပ်ပါသည်။

LUMBINI IS IN DANGER!

URBAN DEVELOPMENT – “NEW WORLD PEACE CITY” PLAN -

THREATENS THE BUDDHA’S BIRTHPLACE & ITS WORLD HERITAGE STATUS


Lumbini is the Buddha’s birthplace – an archaeologically rich and sacred site located in southern Nepal. It is one of the four major pilgrimage sites of Buddhism (one of the world’s great religions), which the Buddha himself identified in the Mahaparinibbana Sutta.

At such a significant site, devoted pilgrims have come to Lumbini for the centuries and continue to do so in the present time. Here they pay homage at the place where the Buddha was born – a place that now contains important archaeological evidence about the nature of Buddhist pilgrimage centers from the very earliest times.

A Master Plan for the Development of Lumbini, which was prepared by the Japanese architect Kenzo Tange, emphasizes the pilgrimage aspect of Lumbini. This was approved by the UN and the Government of Nepal in 1978. The plan includes a buffer zone of twenty-two square miles to support the serenity and protection of Lumbini.

In 1997, Lumbini was declared as UNESCO’s World Heritage Site in recognition of its unique importance.

WHAT IS HAPPENING NOW?

On January 20, 2012, the Government of Nepal and the Government of the Rep. of Korea signed a Memorandum of Understanding (MoU) for the preparation of the Lumbini World Peace City Preservation and Development plan. This new plan is to be designed within one and a half years by KWAAK E.S.P.R.I. and Korea International Cooperation Agency (KOICA).

This World Peace City for 200,000 inhabitants will be built inside the Buffer Zone.

This agreement has been signed without informing UNESCO’s World Heritage Centre.
If you would like more information about the agreement between the Nepalese government and ….please read more here: Link 1 Link 2 Link 3 PDF Link 3

WHAT ARE THE CONSEQUENCES OF THE WORLD PEACE CITY BEING BUILT?

A negative impact on the Outstanding Universal Value of the World Heritage site, particularly in terms of identity, authenticity, and integrity. Lumbini could most likely be placed on UNESCO’s danger list, threatening its World Heritage listing.

Lumbini will be affected by increased air pollution, water pollution, and noise pollution.

The loss of twenty-two square miles of a restricted and agricultural buffer zone, with human encroachment and the impact of urbanization on the ecosystem.

An increasing emphasis of the future development of Lumbini as a population centre – “World Peace City” – rather than as the Birthplace of the Buddha. Resources will be directed towards this urban development, and its ongoing infrastructure maintenance needs, neglecting the preservation of the sacred and historic qualities of Lumbini.

We strongly urge the UN Secretary General Mr. Ban Ki-moon and the Government of Nepal to drop the Lumbini World Peace City plan and continue to support Kenzo Tange’s master plan. This Lumbini World Heritage Site must be preserved for future generations.

LUMBINI BELONGS TO THE WORLD, EVERYONE HAS A VOICE IN THIS MATTER, PLEASE SIGN TO SAVE LUMBINI!!!

လုမ္ဗိနီမြန်မာကျောင်းတာဝန်ခံ ရဟန်းတော်တစ်ပါးမှ ပေးပို့သည်ကို ဗုဒ္ဓဘာသာဝင်အားလုံးနှင့် ရှေးဟောင်းအမွေအနှစ်များကို မြတ်နိုးကြကုန်သော သူတော်စင် အသိပညာရှင်များအတွက် ပြန်လည် ဝေငှလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၀၁-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes