သီတဂူစတား

သီတဂူစတား

06 October 2011

ဓမ္မဂီရိသို့ခရီးသွားမှတ်တမ်း အပိုင်း (၂)

စာမိတ်ဆက်
ဆရာကြီး ဦးဂိုအင်ကာ၏ ရိပ်သာနာမည်က နေရာနှင့် အလွန် ပံနာရသည်၊ ဓမ္မဂီရိ တဲ့၊ ဓမ္မ-တရား၊ ဂီရိ-ဂိရိ-တောင်။ နေရာကား မြို့စွန်က တောင်ခြေဆိုပေမဲ့ တောင်ကုန်းပေါ် တဖြည်းဖြည်းရင်း တက်သွားရသည်။ တရားတောင်၊ သို့မဟုတ် တရားရှိရာတောင်၊ သို့မဟုတ် တရားဖြင့်ပျော်မွေ့ရာတောင်၊ သို့မဟုတ် သူတော်ကောင်းတို့ နေရာ။ ဤကဲ့သို့ ဘာသာပြန်နိုင်သည်။ ဓမ္မရှိရာ တောင်အားလုံးကို ဓမ္မဂီရိ ခေါ်နိုင်သည်။
ပဏ္ဍ၀တောင်ခြေက ဆန်ချီစေတီကိုယ်ပွား ဗုဒ္ဓ၀ိဟာရနှင့်အတွင်းက ရုပ်ပွားဆင်းတုတော်
ဆရာကြီး ဦးဂိုအင်ကာ၏ ထိုဓမ္မဂီရိကမ္မဋ္ဌာန်းဌာနအတွင်း လေ့လာပြီး အိဂပူရိ မြို့ပြင်ဘက်က စားသောက်ဆိုင် ကောင်းကောင်း တစ်ခုမှာ စာရေးသူတို့ သူငယ်ချင်းတစ်စုကို ဒကာကြီး ဦးကျော်ဆွေက နေ့ဆွမ်းကပ်သည်။ ထိုစားသောက်ဆိုင်မှ ကီလိုမီတာ ၂၀ လောက် ကားဖြင့် သွားလိုက်သော အခါ Nasik နာဆစ်မြို့အ၀င်က ဗုဒ္ဓ၀ိဟာရ တစ်ခုသို့ ရောက်သည်။ အိဂပူရိ (Igapuri) နှင့် နာဆစ်ခ် (Nasik) မြို့တို့သည် ပူနေးမြို့ကဲ့သို့ တောင်ပေါ်မြို့များဖြစ်သည်၊ ဘုံဘေမှ တောတောင်တွေကို ဖြတ်ကျော်ပြီး မောင်းရသည်။ နာဆစ်ခ် Nasik ကို တချို့နေရာတွေမှာ နာရှစ်ခ် Nashik ဟု တွေ့ရသည်။ Nasik or Nashik နှစ်မျိုးလုံး မှတ်လေ။

ဗုဒ္ဓ၀ိဟာရ

ဗုဒ္ဓ၀ိဟာသည် ဆန်ချီ စေတီပုံသဏ္ဌာန် တည်ထားပြီး အတွင်းမှာ လှိုဏ်ခေါင်းအသွင်ဖန်တီထားပြီး ရုပ်ပွား ဆင်းတုတော်အကြီး တစ်ဆူပဲ ကိုးကွယ်ထားသည်။ ပဏ္ဍုလီန (pundulena) တောင်ခြေတွင်ရှိသည်။ ပန်းခြံပါ တွဲထားသဖြင့် သာယာသည်။ တောတောင်သည်လည်း သစ်ပင်တောရိပ်တို့ဖြင့် ထူထပ် လှပသည်။ ထိုဗုဒ္ဓ၀ိဟာရစေတီတော်ကြီး ၀န်းအတွင်းမှာ ဒေါက်တာအမ်ဘေဒကာ နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ပုံပါ ကြော်ငြာစာတမ်းကိုလဲ တွေ့ရသည်။ ဒေါက်တာအမ်ဘေဒကာ၏ တပည့်များကို တည်ထားကိုးကွယ်ထားသည်ဟု ဆိုနိုင်သည်။
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ပဏ္ဍ၀တောင်မှ ဂူတန်းများနှင့်အမှတ်တရ
ပဏ္ဍုလီန (pundulena)
ထိုနေရာကနေ တောင်ပေါ်သို့ မိနစ် ၂၀ နီးပါးလောက် တက်လိုက်လျှင် အလွန်လှပသည့် ပဏ္ဍုလီန (pundulena) ခေါ် ပဏ္ဍ၀ (pandava) လှိုဏ်ဂူအတန်းကြီးကို လှပစွာ တွေ့ရမည်။ ၀င်ကြေးကတော့ နိုင်ငံခြားသား ရူပီး ၁၀၀ ပေးရသည်၊ စာရေးသူတို့က ကျောင်းသားဖြစ်၍ Local ကြေး ၅ ရူပီးပဲ ပေးဆောင်ရသည်။ ထိုလှိုဏ်ဂူပေါင်း ၂၄ ခုသည် ဗုဒ္ဓဘာသာ ဂူများဖြစ်ကြသည်။ ဂူတန်းများ၏ သက်တန်းသည် လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်ကဟု ဆိုထားသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ရဟန်းတော်များ သတင်းသုံးသွားသည့် ဂူများဖြစ်ဟန်တူသည်။ တချိန်က သူလဲ ဓမ္မဂီရိတောင်ဟု ခေါ်ဆိုနိုင်ခဲ့သည့် နေရာဖြစ်သည်။ သူတော်ကောင်းတွေ စခန်းချရာ နေရာဖြစ်သော တောင်ဖြစ်၍ ဓမ္မဂီရိတောင်ဟု ခေါ်ဆိုရမည်။

ထိုဂူများကို ဂျိန်းဘုရင်က First Century BC နှင့် Second Century AD အကြားလောက် တည်ဆောက်ထားသည် ဟု သမိုင်းအရ သိရသည်။ နံပါတ် ၃ နှင့် နံပါတ် ၁၀ ဂူများကတော့ အကောင်းဆုံးဖြစ်သည်။ ၀ိဟာရ-ကျောင်းအသွင်ဖြစ်သည်။ ကျောက်နံရံထွင်း ရုပ်လုံးရုပ်ကြွများဖြင့် ဟိုဘက်ဒီဘက် နံရံများ မျက်နှာချင်းဆိုင်ထားသည်၊ ထိုဂူများသည် ဘုံဘေနှင့် ပူနေးမြို့ အကြားက လောဏ၀န (Lonavala.) အနီးက ကာလ လိုဏ်ဂူ (Karla Cave) ရှေးကျသလောက် ဖြစ်ဟန်တူသည်ဟု သမိုင်းကဆိုထားသည်။ တချို့ဂူထဲမှာတော့ ဘုရားလောင်းရုပ်ထု၊ ဂျိန်း Teerthankara Vrishabhdeo, Veer Manibhadraji, Ambikadeve စတဲ့ ရုပ်ကြွတွေကို ကျောက်နံရံမှာပဲ အလွန်ကျွမ်းကျင်စွာ ထွင်းထုလုပ်ထားသည်ကို တွေ့ရသည်။
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ကျောက်နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်များ
ဂူတွေထဲက ဘုရားရုပ်ထုတွေကို ကြည့်ပြီး အတွေးတစ်ခု ၀င်လာသည်၊ မြန်မာပြည်က ခေတ်အဆက်ဆက်က ဘုရားများသည် များသောအားဖြင့် တင်ပလ္လင်ခွေထိုင် ပုံများသာရှိသည်၊ ခြေနှစ်ချောင်း အောက်ချသည့် ပုံမျိုးက အလွန်ရှားသည်၊ သို့သော်လဲ မြန်မာပြည်မှာ တစ်ဆူတည်းသာရှိသော ခြေနှစ်ချောင်းချ၊ လက်နှစ်ဖက်ချ ရုပ်ပွားဆင်းတုတော်ကိုကား ကျိုက်မရောမြို့က ဆုတောင်းပြည့်ဘုရားကြီး ဖြစ်သည်။ ထိုဘုရား၏ သမိုင်းအရ မြန်မာသက္ကရာဇ် ၆၈၀ နှစ်က အတ္ထရံမြစ်ရေလွမ်းပြီး ဘုရားများစွာ မျောပါလာသည့်အထဲက ခြေနှစ်ချောင်းချ ရုပ်ပွားတော်သည် ယခုဘုရားတည်ရာ ကုန်းမြင့်ပေါ်တွင် တင်ကျန်ခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သော အနှစ် ၇၀၀ နီးပါးက ဆိုတော့ကား အိန္ဒိယပင်လယ်ဘက်က မျှောပါလာတာပဲ ဖြစ်နိုင်သည်။
ကျောက်နံရံထွင်း လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်နှင့် အမှတ်တရ
အိန္ဒိယနိုင်ငံမှာရှိ လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်သက်တမ်းရှိ လှိုဏ်ဂူထဲက ဘုရားရုပ်ပွားဆင်းတုတော် အများစုက ခြေနှစ်ဖက်ချ အသွင် များသည်။ စာရေးသူထင်သည်၊ အိန္ဒိယလူမျိုးတွေက ဘောင်းဘီအရှည်ဝတ်ကြတာ များသည်၊ ဘောင်းဘီရှည်ဝတ်ထားသူသည် တင်ပလ္လင်ခွေ ထိုင်ဘို့ အလွန်ခက်ခဲသည်၊ ခြေတောက် နှစ်ဖက် အောက်ချ၍ ထိုင်မှသာ သက်သောင့်သက်သာ ရှိမည်။ လွန်ခဲ့သည့် အနှစ် ၂၀၀၀ က ဘယ်လို အ၀တ်စားမျိုးဝတ်သည်မသိ၊ ဘောင်းဘီအရှည်တော့ မဟုတ်လောက်ဘူးထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပုဆိုးကွင်း အ၀တ်များသဖြင့် တင်ပလ္လင်ခွေ ထိုင်ဘို့ အဆင်ပြေသည်။ ဘယ်အကြောင်းကြောင့် ဘုရားဆင်းတုတော်တွေကို ဤကဲ့သို့ ကွဲပြားနေသလဲဆိုတာ မသိပေမဲ့ ဘုရားရှင်ကတော့ ဣရိယာပုထ် မျှတစွာ ထိုင်မည်ဖြစ်ရာ ယနေ့ခေတ်နဲ့ တွေးကြည့်က ကုလားထိုင်ပေါ်ကနေ ခြေချ ထိုင်တာမျိုးလဲ ရှိနိုင်မည်။
တချို့ ၀ိဟာရ-ကျောင်းအသွင်ဂူများသည် ပေ ၄၀ ပတ်လည်ဝန်းကျင် ရှိသည်၊ ဘုရားခန်းနှင့် နားနေခန်းများ ပါသည်။ ကျောက်တောင်ကြီးကို ထွင်းထားသည့် လှိုဏ်ဖြစ်ပေမဲ့ အတွင်းထဲမှာတော့ ယခုခေတ် လေးထောင့် (square) အဆောက်အဦးမျိုးဖြစ်သည်။ Ajanta အဂျင်တာ Ellora အလိုရာ လှိုဏ်ဂူတန်းတွေလောက် မကြီးကျယ်ပေမဲ့ သူ့နေရာနဲ့ သူ့တောင်တန်းမှာတော့ ပံနာရနေသည်။ အဂျင်တာ အလိုရာ တို့နှင့် တစ်ခေတ်တည်း ဖြစ်သည်။ အိန္ဒိယပြည်နယ်၏ ရှေးဟောင်းလေ့လာစရာ ဌာန (archaeological site) တစ်ခု ဖြစ်သလို archaeology လေ့လာသူများအတွက် နေရာကောင်းတစ်ခု ဖြစ်သည်။
ပဏ္ဍ၀တောင်ပေါ်မှ နာဆစ်ခ်မြို့ရှုခင်းနှင့် ပဏ္ဍ၀တောင်ဂူတန်းများ သမိုင်းဆိုင်းဘုတ်

ထိုဂူတန်းများကို လေ့လာခြင်းအားဖြင့် တချိန်က ဗုဒ္ဓဘာသာ ခိုင်ခိုင်ခံ့ခံ့ ဤနေရာမှာ ထွန်းကားခဲ့ကြောင်း၊ ယနေ့ဗုဒ္ဓဘာသာသည် ဒဏ္ဍာရီမဟုတ်ကြောင်း ခိုင်မာသော သမိုင်းသက်သေများနှင့် ထိုခေတ်က ပန်းချီ ပန်းပု ကျွမ်းကျင်သည့် အနုပညာရှင်များ ထွန်းကားခဲ့ကြောင်းများကို ဤတောင်တန်းရှိ ဂူတန်းများက ပြောပြနေသည်။
ထိုတောင်ပေါ်က ကြည့်လိုက်ရင်တော့ ၈ ကီလိုမီတာလောက် ဝေးတဲ့ နာဆစ်ခ် (Nasik) မြို့ကို လှပစွာ မြင်ရသည်။ တောင်ခြေက ဗုဒ္ဓ၀ိဟာရကျောင်းကိုလဲ အပေါ်စီးမှ မြင်ရသဖြင့် လှပသည်။ ထို့ကြောင့် အိဂပူရိကို ရောက်လျှင်တော့ ထိုတောင်တန်းက ဂူတန်းများကို လေ့လာသင့်ကြောင်း စကားလက်ဆောင်ပါးလိုက်ပါသည်။

ကင်မရာပိုး

စာရေးသူလဲ ကင်မရာပိုး (Camera-crazy) ရှိနေသည်၊ ငယ်ငယ်ကထဲက ရှိစုမဲ့စုတွေ ထုခွဲပြီး ကင်မရာအစုတ်ကလေးဖြင့် မှတ်တမ်းတင်လေ့ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်တော့ ထိုကင်မရာပိုးက ပိုထလာသည်။ ဆရာတော်ကြီးကိုယ်တိုင်ကလဲ ကင်မရာပိုးရှိနေသည်။ ခေတ်အမျိုးမျိုး တိုးတက်လာတာနဲ့ ကင်မရာကိုလဲ update ဖြစ်အောင် ကိုင်လေ့ရှိသည်။ ဆရာတော်ကြီး၏ လက်ထဲမှာ အမြဲတန်းရှိနေသည်ကား Latest Model ပဲ။ စာရေးသူတို့ စရောက်ခါစက သူ၏မွေးနေ့ပွဲမှာတောင် ကင်မရာ အကောင်းစားတွေ မဲထည့်ဖောက်လေ့ရှိသည်။ သူ့နား နေသည့်တပည့်များလဲ ကင်မရာ မရှားပေ။ ဆရာတော်၏လက်ကျ ရတဲ့သည်၊ တခါတရံ စိတ်ကူးပေါက်သည့်အခါ ကင်မရာဝယ်ပြီး တပည့်တွေအား လှူလေ့ရှိသည်။ စာရေးသူလဲ ကင်မရာအစုတ်ကလေးကနေ အခုတော့ ဆရာလက်ကျ ကင်မရာအကောင်းစားလေးနဲ့ ယားယား ဖြစ်နေသည်။
အငမ်းမရ မှတ်တမ်းတင်နေသည့် သီတဂူစတား (ဓာတ်ပုံ-ဦးကျော်ဆွေ)
ဆရာတော်က ကင်မရာပိုးရှိရုံတင်မဟုတ်ဘူး အနုပညာပိုးပါ ရှိနေသည်။ ကမ္ဘာပတ်ပြီး ရောက်လေရာအရပ်မှာ ရှေးဟောင်းလက်ရာများကို မြတ်မြတ်နိုးနိုး သူကိုယ်တိုင် ကင်မရာဖြင့် မှတ်တမ်းတင်သလို ကင်မရာပညာရှင်များကိုလဲ မှတ်တမ်းတင်စေသည်။ ထို့ကြောင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ကျောင်းများ အထူးသဖြင့် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးက ဆရာတော်ကြီး အနုပညာပိုးရှိကြောင်း ပြနေသည်။ အနုစိတ်လက်ရာများဖြင့် တန်ဆာ ဆင်ထားသည်။ ထိုမှတ်တမ်းတင်တဲ့ ကင်မရာပိုးကြောင့် ဆရာတော်အထံမှာ အလွန်ဖိုးတန်သည့် မှတ်တမ်းဓာတ်ပုံများ ကျန်နေသည်၊ အခါအခွင့်သင့်ရင် ဓာတ်ပုံပြပွဲများ လုပ်တတ်သည်။ တက္ကသိုလ်အတွင်းမှာလဲ ဓာတ်ပုံများစုစည်းရာ Photo Gallery ဆိုတာရှိသည်။ တစ်ခါက ဆရာတော်က ပြောဖူးတယ် ‘‘ ငါရှာဖွေလို့ရလာတဲ့ ကျောင်းဆောင်တွေက သံဃာအတွက်၊ သံဃိကပစ္စည်းတွေပါ၊ ငါပိုင်တာ တစ်ခုပဲရှိတယ်၊ အဲဒါကတော့ ကင်မရာပဲ’’။ ဆရာတော်ကြီးကိုယ်တိုင် စီမံထားသော အဆောက်ဦးများကို လေ့လာသောအားဖြင့် ဆရာတော်ကြီးမှာ အနုပညာပိုးရှိနေသည်ဆိုတာ သိနိုင်သည်။

ဆရာတော်ကြီးအနား နေသော စာရေးသူလဲ တဖြည်းဖြည်းနဲ့ ကင်မရာပိုးပါမက အနုပညာပိုးပါ ကူးစက်ဝင်လာသည်၊ ရှေးဟောင်းနေရာတွေကို စိတ်ဝင်စားတတ်လာသည်။ ရှေးဟောင်းတွေကို မြတ်နိုးတတ်လာသည်။ ရောက်လေရာရာမှာ ကင်မရာတစ်လုံးနဲ့ မှတ်တမ်းတင်တဲ့ အလေ့ရှိလာသည်အတွက် ဓာတ်ပုံအမြောက်အမြား စုမိဆောင်းမိသည်။ ကင်မရာဆိုင်ရောက်ရင်တော့ ၀ယ်နိုင်သည်ဖြစ်စေ မ၀ယ်နိုင်သည်ဖြစ်စေ ကင်မရာဆိုင်မှာ ကင်မရာကောင်းကောင်းကို အငမ်းမရ ရှာကြည့်တတ်သည်။ ကင်မရာပိုးပဲ ဖြစ်ဖြစ် အနုပညာပိုးပဲ ဖြစ်ဖြစ် ၂ ခုလုံးက ဆက်စပ်နေသည်၊ ကောင်းသော အကျိုးရှိသော ပိုးဖြစ်သည့်အတွက် မွေးမြူထားလေ။
လှိုဏ်ဂူအတွင်းက ပုံစံငယ်စေတီ (ကင်မရာ-ဒကာကျော်ဆွေ)

ဆက်လက်လေ့လာမည့် ဘုံဘေမှ ကီလိုမီတာ ၄၂၀ လောက် ဝေးသည့် Ajanta အဂျင်တာ Ellora အလိုရာ လှိုဏ်ဂူတန်းတွေ အကြောင်း အပိုင်း (၃) တွင် ဆက်လက် ဖော်ပြဖို့ရှိသည်။

ခရီးစဉ်အတွက် စပွန်ဆာ (အလှူ) ပေးသော ဒကာ ဦးကျော်ဆွေအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၀-၂၀၁၁

04 October 2011

ဓမ္မဂီရိသို့ ခရီးသွားမှတ်တမ်း (၁)

စာမိတ်ဆက်
စာရေးသူတို့ သူငယ်ချင်း ငါးပါးပါဝင်သော အဖွဲ့သည် ဒကာကြီး ဦးကျော်ဆွေ၏ စပွန်ဆာဖြင့် ၁-၁၀-၂၀၁၁ စနေနေ့က ဆရာကြီး ဦးဂိုအင်ကာ (ဂုရုကြီး) ရှိရာ ဓမ္မဂီရီကမ္မဋ္ဌာန်းဌာနသို့ ရောက်ခဲ့ကြသည်။ ထိုရိပ်သာကြီးသည် ဘုံဘေမြို့မှ ကီလိုမီတာ ၁၄၀ ၀န်းကျင်လောက် ဝေးသည့် အိဂပူရိ (Igapuri) မြို့မှာ တည်ရှိသည်။ ဆရာကြီး ဦးဂိုအင်ကာကို အထူးမိတ်ဆက်ပေးစရာ မလိုဟုထင်ပါသည်၊ အားလုံးသိပြီးဖြစ်ပါသည်။ အိန္ဒိယလူမျိုးမျိုးနွယ် ဖြစ်ပေမဲ့ မြန်မာနိုင်ငံဖွားဖြစ်သည်၊ မြန်မာနိုင်ငံမှ ပိဋကတ်စာပေများကို သင်ယူခဲ့သည်၊ လယ်တီ ကမ္မဋ္ဌာန်းဆရာကြီး ဦးဘခင်ထံမှ ကမ္မဋ္ဌာန်းတရားများကို အထူးသင်ယူထားခဲ့သူ ဖြစ်ရကား ထိုနည်းဖြင့်ပင် အောင်မြင်ကျော်ကြားလာသူ ဖြစ်သည်။


ဓမ္မဂီရိကမ္မဋ္ဌာန်းဖွဲ့စည်းပုံ

ဂုရုကြီး ဦးဂိုအင်ကာသည် ကမ္ဘာအနှံ့ ကမ္မဋ္ဌာန်းဌာနများစွာဖွင့်လှစ်လျှက်ရှိသည်၊ ဟိန္ဒူဘာသာလွမ်းမိုးရာ သူ၏လူမျိုးများကြားတွင်လဲ ကမ္မဋ္ဌာန်းဌာနပေါင်း ၂၀ ကျော် ရှိသည်၊ လက်ထောက် ကမ္မဋ္ဌာန်းဆရာ ၁၂၀၀ ရှိသည်။ ဓမ္မဂီရိ ကမ္မဋ္ဌာန်း (Vipassana International Academy Dhamma Giri) ကြီးသည် ပင်မဌာန (ဌာနချုပ်) ဖြစ်သည်၊ ထိုပင်မဌာနတွင် လက်ထောက် ကမ္မဋ္ဌာန်းဆရာ ၂၀၀ ရှိသည်။ ထိုဌာနကြီးကို အိဂပူရိမြို့၏ အစွန် တောင်ခြေတွင် တည်ရှိသည်။ သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္မဋ္ဌာန်းဌာနကြီးကို ရောက်နေသည့်အလား မှတ်ထင်မိသည်။ သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္မဋ္ဌာန်းဌာနကြီး (Sitagu International Vipassana Academy) သည်လဲ စစ်ကိုင်းတောင်ခြေတွင် တည်ရှိသည်။
ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးအတွင်း ၀င်လိုက်တာနဲ့ မြန်မာပြည်က ရိပ်သာကြီးတစ်ခုအတွင်း ရောက်နေသည်ဟု ခံစားရသည်၊ စိတ်ထဲမှာလဲ အရမ်းကြည်နူးပြီး အေးမြသွားသည်။ ကိုယ့်ပြည် ကိုယ့်ဌာနေကို ပြန်ရောက်နေရသလို အလွမ်းပြေမိသည်။ ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးအတွင်း ၀င်ပေါက်မှာ မြန်မာနိုင်ငံရှိ ပိဋကတ်ဆောင် သံဃာတော်များကို ကျေးဇူးဆပ်သောအားဖြင့် မုခ်ဦးကြီးကို မြန်မာမှုမြန်မာဟန်များဖြင့် တန်ဆာဆင်ပြီး မြန်မာစာတမ်းထိုးထားသည်။ အလွန်ထည်ဝါ ခန့်ညားသည့် မုခ်ဦးကြီးဖြစ်သည်၊ ပြည်ကြီးကို အလွမ်းပြေ အားပါးတရ ကြည့်မိခဲ့သည်။

သူ၏ဆရာအရင်း ဆရာကြီးဦးဘခင်ကို ကျေးဇူးဆပ်သောအားဖြင့် ထိုရိပ်သာကြီးအတွင်းမှာပဲ ဦးဘခင်ရွာ (U Ba Khin Village) ဆိုတာကိုလဲ တွေ့ရသည်၊ တိုက်အိမ် ၄၀ ကျော်လောက်ရှိမည်ထင်သည်။
အ၀င်ပေါက်မှာလဲ လုံခြုံရေးဂိတ် ၂ ခုတွေ့ရသည်၊ စာရေးသူတို့အဖွဲ့ ကားနဲ့ ၀င်သွားတော့ တံခါးချက်ချင်းဖွင့်ပေးသည်၊ Registration ဌာနမှာ ဒကာကြီးတစ်ယောက် လာကြိုဆိုသည်၊ ဘုံဘေမြို့ရှိ မြန်မာပြည်ဖွား အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်သည့် ဆရာကြီး ဦးဂိုအင်ကာ၏ တပည့်တစ်ယောက်က စာရေးသူတို့အဖွဲ့လာမည့်အကြောင်း ကြိုတင်သတင်းပို့ထားသဖြင့် အားလုံးအဆင်ပြေသည်။ မန်နေဂျာများနဲ့လဲ မိတ်ဆက်ပေးသည်။ ထိုလာကြိုသည့်ဒကာကြီးကပဲ ကမ္မဋ္ဌာန်းရိပ်သာကြီးနဲ့ပတ်သက်တာ အကုန်ရှင်းပြသည်။ သူ၏ အင်္ဂလိပ်စကားလဲ တော်တော်ကောင်းသည်။


ဘုရား ၃ ဆူ

ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးအတွင်း ရွှေတိဂုံပုံစံတူ ဘုရား သုံးဆူရှိသည်၊ ထူးခြားသည်မှာ ထိုစေတီ၏ အတွင်းပိုင်းသည် လှိုဏ်ခေါင်းသဏ္ဌာန်ရှိပြီး တစ်ဆူတစ်ဆူ၏အတွင်းမှာ ယောဂီတစ်ယောက်ထိုင် Cells- 229 ခန်း ပါရှိသည်။
စေတီတစ်ဆူစီမှာလဲ ကိုယ်စီ ရည်ရွယ်ချက်တွေရှိကြသည်၊ တစ်ချို့စေတီက Long course အတွက် ဖြစ်သည်၊ ကာလသည် ရက်ပေါင်း ၆၀ ဖြစ်သည်၊ သို့သော်လည်း Long course တက်သူမှာ နဲသည်။ ဒုတိယ စေတီကတော့ Long course ဆိုပေမဲ့ ရက်ပေါင်း ၄၅ မှ ၁၀ ရက်ထိ ပဲ ရှိသည်။ တတိယစေတီသည်လဲ short course အတွက် ဖြစ်သည်၊ ကာလမှာ ၁၀ ရက် ဖြစ်သည်။ ၁၀ ရက် သင်တန်းတက်သူတွေကတော့ အလွန်များပြားသည်။ ရာနှင့်ချီရှိသည်။ စာရေးသူတို့ သွားသည့် အချိန်သည် ၁၀ ရက်စခန်းနှင့် သင်တန်းပြီးလို့ အထွက်နေ့ဖြစ်သည်၊ မေတ္တာအခါတော်နေ့ဟု ဆိုသည်၊ စာရေးသူတို့မြန်မာပြည်မှာတော့ ၀ါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဆိုပေမဲ့ ဆရာကြီးဦးဂိုအင်ကာ၏ ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးကတော့ သီတင်းကျွတ်လန်း (၄) ရက်နေ့ ဖြစ်နေသည်။ ဒါလဲ ထူးခြားမှုပင်ဖြစ်သည်။ စာရေးသူတို့သွားတဲ့ အချိန်ယောဂီတွေ ထွက်တဲ့ အချိန်ဖြစ်သည်၊ မှတ်တမ်းဌာနမှာ ကိုယ့်ရဲ့ အကြံဥာဏ်များကို စာရွက်ဖြတ်ပိုင်းလေးအပေါ်မှာ ရေးနေကြသည်။ အတုယူစရာပင်ဖြစ်သည်၊ ရိပ်သာကြီးမှာ ဘာလိုအပ်နေသလဲ? ဘာတွေ ဖြည့်ဆည်းပေးသင့်လဲ? ဆရာအခြေအနေ စသည်ဖြင့် မိမိ၏ အတွေ့အကြုံအရ အကြံပေးစာများ ရေးသားရသည်။ ဒီကနေ့ အမျိုးသား အမျိုးသမီးယောဂီ ၆၀၀ ကျော်ရှိသည်ဟု ဆိုသည်။
ရိပ်သာအတွင်းက မြန်မာ့ ခေါင်းလောင်းကြီးနှင့် စမ်းရေများ
ဘုရားအတွင်းက စည်းကမ်းချက်များ

နောက်တစ်ခုက စာရေးသူ လှည့်လှည်ကြည့်ရင်း အကဲခတ်မိသည့် တစ်ခုမှာ ရုပ်ပွားဆင်းတုတော်ကို စေတီတော်ကြီးမှာရော ကမ္မဋ္ဌာန်းပေးရာ ခန်းမဆောင်မှာရော သင်တန်းဆောင်တွေမှာပါ မတွေ့ရခြင်းဖြစ်သည်။ တစ်ဆက်တည်း စဉ်းစားမိသည်မှာ- ထိုရိပ်သာကြီး၏ စနစ်နှင့် ရည်ရွယ်ချက်က ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာ စသည်ဖြင့် မည်သည့် ဘာသာမဆို ၀င်ရောက်ပြီး ကမ္မဋ္ဌာန်းအားထုတ်ဖို့နိုင်ဖို့ပဲ ဖြစ်သည်၊ ဓမ္မကို မည်သည်ဘာသာဝင်များမဆို ရှာဖွေ အားထုတ်နိုင်အောင် ရုပ်ပွားဆင်းတုတော်ကို မထားလေသလား၊ ရုပ်ပွားဆင်းတုတော် ထားရှိလျှင် တခြားဘာသာဝင်တွေအတွက် အနှောက်ယှက်ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဆရာကြီး၏ ကမ္မဋ္ဌာနကြီးက ထိုလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လာရောက် လေ့လာ အားထုတ်နေကြသည်၊ အီရန်၊ အစ္စရေးတို့လို နိုင်ငံတွေက လူတွေတောင် လာရောက်အားထုတ်နေသည်ကို တွေ့ရသည်။
နေ့စဉ် အချိန်ဇယား
တရားစခန်းထွက် ယောဂီများ


စာရေးသူအကြိုက်

၁။ စာရေးသူ သဘောကျသည်မှာ ရိပ်သာကြီးသည် ကမ္မဋ္ဌာန်းတရားပေးရုံသာ မက သင်တန်းတွေ ပေးခြင်း၊ သုတေသနဌာကြီးဖွင့်ပြီး ၀ိပဿနာသုတေသနလုပ်ခြင်း၊ ထုတ်ဝေခြင်း။ ပရိယတ်အခြေခံသော ပဋိပတ်ဌာနကြီးဖြစ်သည့်အတွက် အခြေခံ အုဋ္ဌ်မြစ်ကောင်းသည့် ဌာနကြီးဖြစ်သည်။
၂။ စေတီကြီး၏၀မ်းဗိုက်တွင်း ယောဂီတစ်ယောက်ထိုင် ကမ္မဋ္ဌာန်း cells ၂၂၉ ခန်းပါရှိခြင်း။ ထိုခန်းများသည်လဲ senior, junior အလိုက် အဆင့်ဆင့်ရှိသည်။
၃။ အမျိုးသား အမျိုးသမီး မှတ်ပုံတင်ဌာနရုံးခန်း ၂ဆောင်၊ အမျိုးသား အမျိုးသမီး ထမင်းစားခန်း ၂ဆောင်၊ လုံခြုံရေးဌာန၊ ဆရာဆောင်များ၊ အမျိုးသား အမျိုးသမီးယောဂီများအတွက် တစ်ယောက်နေဆောင်၊ ၂ ယောက်နေဆောင်၊ ၄ ယောက်နေဆောင်၊ ၁၀ ယောက်နေဆောင် စသည်ဖြင့်ပါရှိခြင်း။ စာသင်ခန်း၊ ပြခန်း၊ သုတေသနခန်၊ မှတ်တမ်းတင်ခန်း၊ ဂုရုကြီးနေသည့် အဆောင်များနှင့် ရိပ်သာကြီးကို လှပစွာတည်ဆောက်ထားခြင်း။
၎။ ကျေးဇူးတရားကို အလေးထားခြင်း၊ မြန်မာသံဃာတော်များနှင့် ဆရာကြီး ဦးဘခင်ကို အလေးဂရုပြုနေသော မြန်မာမုခ်ဦးနှင့် ဦးဘခင်ရွာက ကျေနပ်စရာပင်ဖြစ်သည်။
စာရေးသူက ၂၀၀၄ ခုနှစ်၊ အိန္ဒိယကို ပညာတော်သင် မလာသေးခင်က သီတဂူဆရာတော်ကြီးနှင့်အတူ သူငယ်ချင်း ၆ ပါး၊ လိုက်ပို့သည့် အိန္ဒိယဒကာနှင့် သီတဂူဦးဇင်း ၂ ပါး အပါအ၀င် ၁၁ ယောက် အဖွဲ့သည် အိန္ဒိပြည်ကြီး တစ်ပတ်ပတ်ခဲ့စဉ်က ထိုကမ္မဋ္ဌာန်းဌာနသို့ ရောက်ခဲ့သေးသည်။ အခုခေါက်သည် ၂ ကြိမ်မြောက်ဖြစ်သည်။
တာဝန်ရှိသူတစ်ဦးက စာရေးသူတို့အဖွဲ့အား ရှင်းလင်းပြသစဉ်


အိန္ဒိယဗုဒ္ဓဘာသာ ကျေးဇူးရှင်နှစ်ဦး

ကွယ်ပျောက်နေပြီ ဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းပေးနေသူ ၂ ယောက်ရှိသည်။ ကွယ်လွန်သွားပြီ ဖြစ်သော ဒေါက်တာအမ်ဘေဒကာနှင့် ယခုလက်ရှိ အသက် ၈၀ ကျော် ၀ိပဿနာဖြင့် သာသနာပြုနေသော ဆရာကြီး ဦးဂိုအင်ကာ တို့ဖြစ်ကြသည်။ ဒေါက်တာအမ်ဘေဒကာနဲ့ ပတ်သက်ပြီး စာရေးသူ၏ဆိုက် ဒီနေရာ နှင့် ဤနေရာများ တွင် ဖော်ပြပြီးဖြစ်သည်။ ယနေ့ အိန္ဒိယနိုင်ငံ အထူးသဖြင့် အိန္ဒိယ အနောက်ပိုင်း သို့မဟုတ် တောင်ဘက်ခြမ်းရှိ မဟာရဋ္ဌပြည်နယ်အတွင်းက ၁၀ သိန်းကျော်သော ဗုဒ္ဓဘာသာတို့သည် ဒေါက်တာအမ်ဘေဒကာ၏ တပည့်များဖြစ်ကြသည်။ နောက်ပိုင်း ဆရာကြီးဦးဂိုအင်ကာ၏ ၀ိပဿနာနည်းကြောင်း ဗုဒ္ဓဘာသာဝင်ဦးရေ တိုးပွားလာသလိုဗုဒ္ဓဘာသာ၏အနှစ်ကို ဘာမှ မသိသေးသော ဗုဒ္ဓဘာသာဝင်တို့၏အတွေးသည်လည်း ပိုမိုတောက်ပြောင်လာသည်။ ယခုဆိုရင် အိန္ဒိယပြည်တွင်း ၀ိပဿနာ ဌာနပေါင်း ၂၀ ကျော်ရှိသည်။ ဘုံဘေမြို့ရှိ့ ကမ္ဘာ့ရွှေတိဂုံစေတီတော်ကြီးက ဆရာကြီးဦးဂိုအင်ကာ၏ ဗုဒ္ဓသာသနပြုရာတွင် အကြီးမားဆုံး မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ အိန္ဒိယဗုဒ္ဓသာသနာ ပြန်လည်ရှင်သန်လာရေးအတွက် အားထုတ်နေကြသော ထို ပုဂ္ဂိုလ်ထူး ၂ ယောက်အတွက် ကျေးဇူးတင်ခြင်း ဂုဏ်ယူခြင်းများဖြင့် သတိတရဖြစ်သင့်သည်။
ကင်မရာပိုးရှိသော စာရေးသူ

စာရေးသူတို့အဖွဲ့ ဘုံဘေက မနက် ၈နာရီလောက်က စထွက်ရာ အိဂပူရိမြို့ရှိ ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနသို့ မနက် ၁၀-၃၀ လောက် ရောက်သည်။ စာရေးသူတို့အတွက် နေ့လည်စာအတွက် ပြင်ဆင်ပေးပါသည်၊ သို့သော် ဒကာကြီးဦးကျော်ဆွေက အပြင်စားသောက်ဆိုင်မှာပဲ ကပ်ချင်သည်ဖြစ်၍ လှည့်လည်ကြည့်ရှု့ပြီး မြို့ပြင်က စားသောက်ဆိုင်ကောင်းကောင်းမှာ နေ့လည်စာ ၀င်စားကြသည်။ ထိုစားသောက်ဆိုင်သည် အလွန် သပ်သပ်ရပ်ရပ်ရှိသည်၊ အဆင့်မြင့်သည်။ နေ့လည်စာ ပြီးတာနဲ့ နာဆစ်ခ် (Nasik) မြို့ဘက်သို့ ခရီးဆက်ခဲ့ကြသည်၊ ထိုမြိုရှိ ဗုဒ္ဓဘာသာ လှိုဏ်ဂူများကို သွားရောက်လေ့လာခဲ့ကြသည်။ ထိုမြို့ရှိ လေ့လာရေး ခရီးမှတ်တမ်းကို အပိုင်း (၂) တွင် ဖော်ပြပါမည်။


လိုက်ပို့ပေးသော ဒကာကြီး ဦးကျော်ဆွေ အား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၀-၂၀၁၁

01 October 2011

စာပေ ၃ မျိုး

စာနိဒါန်း
စာဖတ်ရတာ လွယ်သလောက် စာရေးရတာ မလွယ်ပါလားနော်။ စာရေးသူဖြစ်ဖို့ဆိုတာမလွယ်ဘူးလေ။
ရေးတဲ့အချိန်တွေ၊ စဉ်းစားဖို့အချိန်တွေပေးရပါတယ်။ ဖတ်ရှုရတဲ့အချိန်တွေလဲပေးရတာပါပဲ။ လွယ်လွယ်လေးနဲ့ စာတစ်ပုဒ်၊ စာအုပ်တစ်ဖြစ်လာတာမဟုတ်ပါဘူး။ ဖတ်တဲ့သူကတော့ တစ်ထိုင်တည်းနဲ့ဖတ်လိုက်လို့ရတယ်၊ တစ်ရက်ထည်းနဲ့ဖတ်လိုက်လို့ရပါတယ်။ ရေးတဲ့သူကတော့လနဲ့ချီပြီး ရေးရတာပါ။ ချီးမွမ်းခံရတာရှိသလို တစ်ခါတစ်လေ အပြောအဆိုကဲ့ရဲ့လဲ ခံရသေးတယ်နော်။ ဒါလဲခံနိုင်ရေရှိမှ အော်--မလွယ်ပါလားနော်။ ဒါကြောင့် စာရေးသူအားလုံးကို လေးစားပါတယ်။ ဘုန်းဘုန်းသီတဂူစတားရဲ့ တိုက်တွန်းချက်နဲ့ စာရေးဖို့ စဉ်းစားခဲ့ပါတယ်။ သို့သော် တစ်ခါမှမရေးဖူးတော့ ဘယ်လိုရေးရမှန်းလဲမသိ၊ ဘယ်ကနေစရေးရမှန်းလဲမသိ၊ ရေးလဲမရေးတတ်ပါ။ ဘုန်းဘုန်းဘာလို့ တပည့်တော်ကို စာရေးစေချင်တာလဲလို့ မေးတော့ စာရေးတတ်စေချင်လို့တဲ့ စာရေးတယ်ဆိုတာကောင်းတယ်တဲ့ ကိုယ်ရေးတဲ့စာက သူများအတွက် အကျိုးရှိတော့ ကောင်းတာပေါ့တဲ့လေ။ အဲဒါနဲ့ပဲ ဘုန်းဘုန်းရဲ့စေတနာကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ ဘာစာပဲဖြစ်ဖြစ်ရေးကြည့်မယ်ဆိုပြီး ရေးကြည့်တာပါ။ ရေးတတ်လို့တော့မဟုတ်ပါဘူး။
အခုမှပထမဦးဆုံး စမ်းရေးကြည့်တာပါ။

စာပေ ၃ မျိုး
စာဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့နော်။ ဓမ္မစာပေဆိုတဲ့ ဘာသာရေးစာပေ၊ ပြီးတော့ လူမှု့ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဟာသ၊ အချစ်ဝတ္ထု၊ သုတရသ စုံလို့ပါပဲနော်။ ဒီလိုစာပေတွေထဲကမှ ဘယ်စာပေကို အနှစ်သက်ဆုံးလဲဆိုရင် ဓမ္မစာပေဆိုတဲ့ ဘာသာရေးစာပေပဲဖြစ်ပါတယ်။
ဘုန်းဘုန်းအရှင်ဇ၀န(မေတ္တာရှင်) ရွှေပြည်သာကပြောဖူးတယ်။ စာပေသုံးမျိုးရှိပါတယ်။

၁။ ကွမ်းယာနဲ့တူတဲ့ စာပေ၊
၂။ ကြံနဲ့တူတဲ့ စာပေ၊
၃။ နို့နဲ့တူတဲ့စာပေဟူ၍ဖြစ်သည်။

ကွမ်းယာသည်ဝါးပြီးလျှင်အရည်ရောအဖတ်ပါ ထွေးပစ်ရသကဲ့သို့ ဖတ်ပြီးလျှင် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုးတစ်ခုမှ မရသောမပြစ်အခတ်၊ အချစ်အသတ်၊ အညစ်အပတ်သက်သက် စာပေများကို ကွမ်းယာနှင့်တူသောစာပေဟု ဆိုခြင်းဖြစ်သည်။ ယင်းစာပေမျိုးကား မဖတ်လေကောင်းလေဖြစ်သည်။

ကြံသည်ဝါးပြီးလျှင်အရည်ကိုသာမျိုချရပြီး အဖတ်ကို ထွေပစ်ရသကဲ့သို့ လောကီကောင်းကျိုးကိုသာပေး
ပြီး လောကုတ္တရာကောင်းကျိုး၊ သံသရာကောင်းကျိုးကို မပေးနိုင်သော ဘ၀ပြုပြင်ရေးဝတ္တု၊ ဆောင်းပါးများ၊ တတ်ကျမ်းများကို ကြံနှင့်တူသောစာပေဟု ဆိုခြင်းဖြစ်သည်။ ထိုစာပေမျိုးကိုကား အချိန်အသင့်အတင့်ယူ၍ ဖတ်ရှုသင့်ပေသည်။

နွားနို့သည် ပါးစပ်ထဲလောင်းထည့်ပြီးလျှင် အရည်ကော မလှိုင်ဖတ်ပါ မျိုချရသကဲ့သို့ လောကီလောကုတ္တရာကောင်းကျိုး နှစ်မျိုးလုံးကို ပေးသောဘာသာရေးစာပေမျိုးကို နွားနို့နှင့်တူသောစာပေဟု ဆိုခြင်းဖြစ်သည်။ ထိုစာပေမျိုးကိုအချိန်မရ ရအောင်ယူ၍ဖတ်ရှုသင့်ပေသည်။

နေ့စဉ်ဖတ်ကြားသင့်သော စာပေ
စာပေသုံးမျိုးကို ကြည့်ခြင်းအားဖြင့် ဘာသာရေးစာပေကို အဓိကထား ဖတ်ရှုသင့်သည်။

ဓမ္မစကား နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဥာဏ်ထက်၏။…
.တဲ့

သဘောတရား အတွေးစတစ်ခု၊ တရားသဘော စကားစုတစ်ခုဟာ လူတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ဘ၀ကို
အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီစာအုပ်ထဲက တစ်နေ့တစ်ခုပဲဖတ်ပြီး အဲဒီတစ်နေ့လုံးအဲဒီတစ်ခုကိုပဲ အထပ်ထပ်နှလုံးသွင်းဆင်ခြင်ပါ အံ့သြဖွယ်ကောင်းလောက်အောင် စိတ်အားတွေ ပြည့်ဝလာပါလိမ်မယ်။ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) (စိတ်အားဖြည့်ဓမ္မသံစဉ်)

အရှင်ဆန္ဒာဓိကရယ်လို့ ဖြစ်လာရတဲ့ အကြောင်းတရားအစကတော့ ကျမ်းပြုအကျော် မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ)ရေးတဲ့ ဓမ္မစကြာတရားတော်စာအုပ်ကို ဖတ်ရှုခဲ့ရာမှ
ဘုန်းဘုန်းဆန္ဒာဓိကရဲ့ဘ၀ဟာ ဆယ်တန်း ၅ဘာသာဂုဏ်ထူးရှင် တစ်နိုင်ငံလုံး နံပါတ် ၂ ရခဲ့တဲ့ လူဝတ်ကြောင်အဆင့်ကနေ ရှင်ရဟန်းအဆင့်ကို တိုးတတ်ပြောင်း လဲလာခဲ့တာပါ။

အဲဒီစာအုပ်ထဲက ဘုန်းဘုန်းဆန္ဒာဓိကရဲ့နှလုံးသားထဲကို အရှိန်ပြင်းပြင်းထိုးဖောက်ဝင်ရောက်လာ
ခဲ့တဲ့စကားစုကတော့ ‘‘ကိလေသာတွေဟာ နူနာရောဂါနဲ့တူတယ်၊ ကာမဂုဏ်ချမ်းသာတွေဟာ မီးပုံကြီးနဲ့
တူတယ်၊ ကာမဂုဏ်ချမ်းသာခံစားနေတာဟာ နူနာရောဂါထလာလို့ ယားလွန်းတဲ့အတွက် မီးကင်ပြီး
အယားဖျောက်နေတာနဲ့ တူတယ်ဆိုတဲ့စကားစုပါပဲ။ ပုထုဇဉ်လူသားအားလုံးဟာ ကိလေသာ နူနာရောဂါသည်တွေချည်းပဲဆိုတဲ့ တရားစကားတစ်ခွန်း စာတစ်ကြောင်းကြောင့် အရှင်ဆန္ဒာဓိကရယ်လို့ စာဆိုတော်ဓမ္မကထိက တစ်ပါး ဖြစ်လာခဲ့ရတာပါ။ ဆရာတော်ဘုရားကြီးရဲ့ စကားတစ်ခွန်း၊ စာတစ်ကြောင်းကြောင့် ရှုပ်ထွေးနေတဲ့ အသိဥာဏ် ရှင်းလင်းသွားသူတွေ၊ စိတ်ဓာတ်အဆင့်နိမ့်ရာက စိတ်ဓာတ်အဆင့်မြင့်သွားသူတွေ၊ သဘောတရားဆိုးယုတ်ရာက သဘောတရားကောင်းမြတ်သွားသူတွေ၊ တရားမသိရာက တရားသိသွားသူတွေ၊ တရားမရှိရာက တရားရှိသွားသူတွေ မရေမတွက်နိုင်အောင် များပြားလှမယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။ ဒါတွေကဓမ္မစာပေဖတ်ရခြင်းရဲ့ အကျိုးတရားကျေးဇူးတွေပါ။

အခုဆိုရင် ဘုန်းဘုန်းဆန္ဒာဓိကရဲ့ ဘ၀ဟာ သိပ်ကို အေးချမ်းတည်ငြိမ်ပြီး နေတတ်လို့ ကျေနပ်စရာကောင်း
လောက်အောင် ပြည့်စုံလွန်းနေပါတယ်။ ဓမ္မစာပေတွေရေးတယ်၊ သထုံမြို့ကေလာသတောင် ရွှေပါရမီတောရကျောင်း၌ တစ်ပါတည်း ဧကစာရီ တောရဆောက်တည်သည်၊ ပရိယတ် ပဋိပတ်အလုပ် အားထုတ်လျှက် ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေပါသည်။ အရှင်ဆန္ဒာဓိကဆိုရင် ဓမ္မလောကမှာ မသိသူ မရှိသလောက်ရှားပါတယ်။ အားလုံးက လေးစားကြည်ညို အားထားရတဲ့ ဆရာတော်တစ်ပါးဖြစ်နေပါပြီ။ ဖတ်ဖြစ်ဖို့ကအဓိကပါ။ ပြီးမှ မဖတ်ရင်မနေနိုင်တာကလွဲလို့ ဖြစ်သွားမယ်နော်။

“ဘာသာရေးသည်လူ့အဆင့်အတန်း”

ဘာသာရေးဆိုတာ အဆင့်အတန်းရှိတဲ့လူသားတိုင်း အဆင့်အတန်းရှိလိုတဲ့ လူသားတိုင်းအတွက်
မရှိမဖြစ်လိုအပ်တဲ့ အရေးအကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဘာသာရေးကို လုံးဝပစ်ပယ်ထားတဲ့သူ
လုံးဝမပစ်ပယ်တောင်မှ အလေးအနက်မထားတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ အဆင့်အတန်းရှိတဲ့လူ တစ်ယောက် ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

စာတန်ခိုးက လူ၏တန်ဖိုးကို မြင့်တင်နိုင်အောင် ဖန်တီးပေးနိုင်သည်ဖြစ်သောကြောင့် ကြံနှင့်တူသော စာပေ နွားနို့နှင့်တူသော စာပေများကို မြတ်မြတ်နိုးနိုး ဖတ်သင့်ပါတယ်၊ ရေးလဲ ရေးသားသင့်ပါတယ်ဆိုတဲ့ အကြောင်း ရေးသားလိုက်ရပါသည်။

ထားထား
၂၉-၉-၂၀၁၁


သီတဂူစတား၏ မှတ်ချက် (Comment):
အရမ်းကောင်းပါတယ်၊ အထူးသဖြင့် စာပေ ၃ မျိုးဆိုတာကို ဥပမာပေးပြီး ရေးသွားတာကို သဘောကျမိတယ်။ ဒီပို့စ်လေးက ကိုယ်ဖတ်နေတဲ့စာပေက အရည်ရလား၊ အဖက်ရလား ဒါမှမဟုတ် အရည်ရော အဖက်ရောရလား ဆိုတာ စဉ်းစားစေဖို့ မီးမောင်းထိုးပြနေသည်။

စာရေးသူ (သီတဂူစတား)က သူ့ကို စာရေးစေချင်လို့ တိုက်တွန်းတော့ မရေးတတ်ဘူးပြောတယ်၊ မရေးတတ်ဘူးဆိုတဲ့စာတောင် ဒီလောက်ကောင်းနေရင် သူသာ ရေးတတ်လာရင်------ဆိုတဲ့ အတွေးက ဆက်ပေါ်လာတယ်။

တကယ်တော့ စာရေးသူ (သီတဂူစတား) ကိုယ်တိုင်ကလည်း စာရေးတတ်သူမဟုတ်ပါ၊ ယောင်ဝါးဝါးအဆင့်ကနေ အရေးလေ့ကျင့်ရင်း ၀ါသနာအဆင့်လောက်မျှ ရောက်လာခြင်းဖြစ်သည်။ စာရေးလိုက်ရတဲ့ အကျိုးကို ပိုမိုနားလည်လာသည်။

၁။ ဖတ်ပြီး လေ့လားပြီးသည့် ပါဠိတော် အဋ္ဌကထာစတဲ့ စာပေတွေကို ပြန်ဖတ်လိုက်ရခြင်းဖြင့် အသိတရား ပြန်လည်ရခြင်းအပြင် မဖတ်ဖူးသေးသော စာတွေကိုလဲ ဖတ်လိုက်ရသည်။
၂။ စာရေးခြင်း စာဖတ်ရင်းဖြင့် ကိုယ်လေ့လာ ဖတ်ရှုထားသည့် စာပေအပေါ် သုံးသပ်တဲ့ အလေ့ကျင့် စဉ်းစားတဲ့ အလေ့အကျင့် ဖြစ်လာနိုင်သည်။
၃။ စာရေး စာဖတ်နေသူသည် အမြဲတမ်း ပြောနိုင် ဆိုနိုင်ဖို့ အဆင်သင့်မှာ ဖြစ်နေတတ်သည်။
၎။ စာရေး စာဖတ်နေခြင်းဖြင့် ဟိုဟို ဒီဒီ ပြေးလွားပြီး ဗျာပါများနေသော ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးသားဖြစ်သွားသည်။
၅။ စာပေက ပေးတဲ့ အသိဖြင့် ကိုယ့်ကိုယ်ကိုရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ အသိတရားတွေ ပေးနိုင်သည်။
အထက်မှာ ပြောသလို ‘‘ဓမ္မစကား နေ့တိုင်းကြားက၊ သားမယားပင် သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏။’’ ဟူသတည်း။
စာရေးသားခြင်းက ဤမျှမက များစွာ အကျိုးများပါသည်။ ထို့ကြောင့် ထားထားလိုပဲ စာရေး စာဖတ်ဖြင့် ဘ၀ကို ပျော်ရွှင်နိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၉-၂၀၁၁

27 September 2011

သီတဂူဆေးရုံတော်များ (အသစ်ဖွင့်လှစ်ခြင်း)

သီတဂူဆရာတော်ကြီး ဦးဆောင်မှုဖြင့် သီတဂူသာသနာပြုအဖွဲ့ကြီးက ပညာရေး၊ ဘာသာရေး၊ လူမှုရေး လုပ်ငန်းများစွာထဲမှ သီတဂူအာယုဒါန၊ သီတဂူစက္ခုဒါန၊ သီတဂူအာရောဂျဒါန ဆေးရုံများစွာကို မြန်မာပြည်အနှံ့အပြား ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဖွင့်လှစ်လျှက်ရှိရာ ၂၀၁၁ ခုနှစ် ဧပြီလ အထိ ဖွင့်လှစ်ပြီး ဆေးရုံများ ၁၂ ရုံအထိ ဖွင့်လှစ်ပြီး ဖြစ်သည်။ အဆက်မပြတ် နောက်ထပ်နောက်ထပ် ဆေးရုံးများကိုလည်း ဖွင့်လှစ်မည်ဖြစ်ရာ---

ဖွင့်လှစ်တော့မည်ဆေးရုံများ

၁။ အမှတ်စဉ် (၁၃) သီတဂူစက္ခုဒါနဆေးရုံ ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၃) ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ အမှတ်စဉ် (၁၄) သီတဂူအာရောဂျဒါနဆေးရုံ ကို ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ DKBA ဌာနချုပ်တွင် ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၂၃) ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။

၃။ အမှတ်စဉ် (၁၅) သီတဂူစက္ခုဒါနဆေးရုံ ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယခုနှစ် ၂၀၁၁၊ ဒီဇင်ဘာ (၁၆) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

ဤကဲ့သို့ ဆေးရုံတော်များ ဆောက်လုပ်လှူဒါန်းသည့်အပြင် ပြည်တွင်းပြည်ပ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန် သူနာပြု ၀န်ထမ်းများက ဆရာတော်ကြီး၏ ညွှန်ကြားချက်အတိုင်း ဝေးလံခေါင်သော နေရာဒေသများသို့ သွားရောက်ကာ မျက်စိအထူးကု အစီစဉ်များပြုလုပ်လှူဒါန်းကြသည်။
မျက်စိအထူးကု အစီအစဉ်
ယခုနှစ် ၂၀၁၁ ခု၊ နိုဝင်ဘာ (၆-၇)ရက်နေ့များတွင် ကချင်ပြည်နယ် ပူတာအိုမြို့မှာ သီတဂူမျက်စိအထူးအဖွဲ့က မျက်စိဝေဒနာရှင်များအား ခွဲစိတ်ခြင်း၊ စမ်းသပ်ပေးခြင်းများ အထူးကုသပေးမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။


ဖွင့်လှစ်ပြီးဆေးရုံးများ

၁။ သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။
၂။ သီတဂူမြမေတ္တာစက္ခုဒါနဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။
၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။
၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။
၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။
၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောင်မြို့၊ မကွေးတိုင်းဒေသ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။
၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။
ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။
ဒီနေ့ရရှိသောသတင်းများကို စုစည်းတင်ပြလိုက်ပါသည်။
ဤနေရာတွင် ဖွင့်လှစ်ပြီးဆေးရုံများ ဖွင့်လှစ်ပွဲ ဓာတ်ပုံများ ကြည့်နိုင်သည်။

ဆက်လက်ဖွင့်လှစ်ဦးမည့် ဆေးရုံတော်များလည်း ကျန်ရှိနေပါသေးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၇-၉-၂၀၁၁

24 September 2011

၁၀ ကြိမ်မြောက် နေ့ဆွမ်းအလှူရှင်

ဒီကနေ့ (၂၄-၉-၂၀၁၁) စနေနေ့ နေ့ဆွမ်းကို ဘုံဘေမြို့ လေကြောင်းအင်ဂျင်နီယာ မိသားစုများ ဖြစ်ကြသော ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး၊ သား ရဲကျော်ဖြိုး၊ သမီး ယဉ်သူဇာကျော်တို့က ဘုံဘေမြို့ စောမယကောလိပ်ရှိ မြန်မာ Ph.D ကျောင်းသား ရဟန်း ၂၃ ပါးတို့ အား လာရောက်ကပ်လှူသွားသည်။ ဒီနေ့အလှူသည် ထိုမိသားစု၏ ဆယ်ကြိမ်မြောက် အလှူဖြစ်သည်။

ဆွမ်းဟင်းများမှာ- ငါးသလောက်ချက်၊ ကြက်သားအားလူး၊ ပြည်ကြီးငါးသုပ်၊ ငါဟင်း အချဉ်ရည်၊ ခဲဖွယ်များအဖြစ် ကောက်ညှင်းငှက်ပျောပေါင်း၊ ချက်စားရန် ကြာဇံ၊ ဆန် ဆီများ လှူသွားသည်။ ဒကာမကြီးမိသာစုက မြန်မာပြည်ပြန်မည်၊ ၁ လခွဲလောက် ကြာမည်ဖြစ်သည်၊ သူတို့ပြန်မလာသေးမီ သံဃာများ နေ့လည်စာအတွက် သူတို့ရှိနေစဉ်ကလိုပဲ ကပ်လှူနိုင်ရန် ရူပီး တစ်သောင်း တစ်ထောင် (၁၁၀၀၀) (မြန်မာကျ ၂ သိန်းခွဲခန့်) ကိုပါ လှူသွားသေးသည်။

ဒီကနေ့ နေ့ဆွမ်း ဟင်းလျာများသည် ဤနေရာ ဤဒေသမှာဖြင့် စားရခဲမျှ ဖြစ်သဖြင့် သံဃာတော်များ ကျေနပ်တော်မူကြသည်။ အလှူရှင် မိသားစုအားလဲ အထူးမေတ္တာပို့ပေးကြသည်။ နောက်ထက် ကျေးဇူးတင် မေတ္တာပို့ရမည့် အလှူရှင်တစ်ဦးရှိပါသေးသည်။
ပြီးခဲ့တဲ့ (၂၀-၉-၂၀၁၁) နေ့က နေ့ဆွမ်းအလှူရှင်က အမေရိကမှ ဒေါက်တာသြသဓသာရ ဖြစ်သည်၊ KFC စားသောက်ဆိုင်မှာ တစ်ရက် နှင့် အဆောင်မှာပဲ နေ့လည်စာ ချက်ပြုတ်ပြီးတစ်ရက် ကပ်လှူခဲ့သည်။

ပေါ့ပါးသွား

ပေးလိုက်ရ လှူလိုက်ရ စွန့်လိုက်ရတဲ့ သူတွေမှာတော့ ပြုံးပျော်နိုင်သည်၊ ကိုယ့်သန္တာန်မှာလေးလံနေတဲ့ မစ္ဆရိယ၀န်ထုပ်ဝန်ပိုးကြီးကို ပြစ်ချလိုက်ရလို့ ပေါ့ပါးသွားသည်။ အာရက္ခ ဒုက္ခမရှိတော့၍လဲ ပြုံးပျော်နိုင်သလို မေတ္တာစိတ်ဖြင့် ပေးလှူလိုက်ရလို့လဲ ပြုံးပျော်နိုင်ကြသည်။ (ဣဓ မောဒတိ၊ ပေစ္စမောဒတိ၊ ကတပုညော ဥဘယတ္တ မောဒတိ) လက်ခံလိုက်ရတဲ့ သူတွေမှာတော့ အကြွေးတင်သွားသဖြင့် လေးလံသွားသည်။ အကြွေးတင်ရင် ဣဏပရိဘောဂ ရှိနေသူတွေ အတွက် အကြွေးဆပ်ရမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအကြွေးကျေနိုင်ရန် မေတ္တာပို့ ဆင်ခြင် စားသုံးရသည်။

အလှူရှင်မိသားစုအားလုံးသည် ကာယ စိတ္တ ချမ်းသာသုခ ပြည့်စုံလျက် သာသနာတော်အတွက် ထောက်ပံ့နိုင်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေဟု သံဃာတော်များ ကိုယ်စား ဆုတောင်း မေတ္တာ ပို့သပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၉-၂၀၁၁

20 September 2011

ရဟန်းဒကာလား- ရဟန်းတစ်ခါလား?

ရဟန်းနှင့်ရဟန်းဒကာ

စာမိတ်ဆက်
တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်က ရှင်တေဇောဘာသ က သူ၏ ၇-၉-၂၀၁၁ နေ့မှာ ရဟန်းခံမှာ ဖြစ်ပါတယ်၊ ထိုရဟန်းခံပွဲ အတွက် ပို့စ်တစ်ခုလောက် ရေးပေးဖို့ အကူအညီတောင်းတယ်၊ ရဟန်းခံပွဲကြွလာ ပရိသတ်များအား ဓမ္မဒါန လက်ကမ်းစာစောင်လေးတွေ ဝေငှချင်သည်။ တောင်းဆိုသူက အမြဲနေရဟန်း စာသင်နေသည့် စာသင်တိုက်ကြီးကဖြစ်သည်။ စာရေးသူလဲ အာမမခံရဲဘူး၊ မျှော်တော့ မျှော်မထားပါနဲ့ဘုရား၊ တပည့်တော်မှာ ရေးလက်စ မပြီးပြတ်သေးတဲ့ ပို့စ်တွေကလဲ ရှိနေသေးတယ်၊ အကူညီတောင်းထားတဲ့ ပို့စ်တွေလဲ ရှိနေတော့ အာမမခံရဲဘူး၊ ဒီကြားထဲ လူသားတွေ ဘယ်ကနေ ဖြစ်လာလဲ ဆိုတဲ့ ပို့စ်ကို အရေးတကြီး ရေးပေးဖို့ မေတ္တာရပ်ခံထားတာလဲ ရှိတော့၊ စာရေးသူမှာ ကိုယ့်ကျမ်းစာအတွက် တစ်ဖက် လုံးချာလိုက်နေသည်။ ခေါင်းတည်း တစ်ခုခုကို အာရုံစိုက်မှ စာရေးရတာ အဆင်ပြေသည်၊ အခုတော့ ရေးစရာတွေက ခေါင်းထဲမှာ ရှုပ်ရှက်ခတ်နေသည်။ ဘာပဲ ဖြစ်ဖြစ် ဖြစ်သလောက်လေးတော့ ဖြစ်ညှစ်ထုတ်ပြီး ရေးပေးရတော့မည်။

(ဒီပို့စ်က ရေးပြီးတာ ကြာပါပြီ၊ တခြားပို့စ်တွေ ကြားထဲ ၀င်လာတာနဲ့ နောက်ကျသွားတာဖြစ်ပါတယ်။)


ရဟန်းခံခြင်း အမျိုးမျိုး
ရဟန်းခံတယ်ဆိုတာကတော့ -----
၁။ အမြဲ ရဟန်းအဖြစ်နဲ့ တစ်သက်လုံး နေဖို့ ၀တ်ခြင်း (Permanent)
၂။ ခဏတဖြုတ် ရဟန်းဝတ်ခြင်း (ဒုလ္ဘရဟန်းခံ) (Temporary)
နံပါတ် (၁) အမြဲနေ ရဟန်းပြုခြင်း ဆိုသည်မှာ တစ်သက်လုံး ပရိယတ်စာပေးများ သင်ကြားခြင်း ပို့ချခြင်း ဟောပြောခြင်း ဖြင့်၎င်း သို့မဟုတ် ကမ္မဋ္ဌာန်းတရားအတွက် အလုပ်လုပ်ခြင်း၎င်း ထို့သို့သောသာသနာပြုခြင်း (Missionary) အပြင် ဟိတာယ သုခါယ အရ သူတစ်ပါးအကျိုးစီးပွားအတွက် ပရဟိတ လုပ်ငန်းများလဲ ပြုလုပ်ခြင်းဖြင့် (Ministery) လဲ သာသနာပြုနိုင်သည်။

သာသနာတော်အတွက် အညွှန့်တလူလူထိုးတက်နေတဲ့ စာသင်တိုက်မှ စာသင်သား ရှင်သာမဏေလေးများကို ရဟန်းအဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးခြင်းသည် နံပါတ် ၁ ရဟန်းပြုခြင်းမျိုးအတွက် အလွန်မွန်မြတ်သော သာသနာပြု ဖြစ်သည်။ ရဟန်းလောင်းသည်လည်း ရဟန်းအဖြစ်ကို ရခြင်းသည် ရှေးဘုန်းရှေးကံအလွန်ကောင်းခဲ့သလို ထိုရဟန်းကို ထောက်ပံ့ခွင့်ရကြခြင်းသည်လဲ ရဟန်းဒကာ ဒကာမများအတွက် ရှေးဘုန်းရှေးကံများဖြစ်သည်။ ဆွေမတော် မျိုးမတော်ဘဲ ရဟန်းနှင့် ရဟန်းဒကာ ဒကာမ ဆုံစည်းခွင့်ရခြင်းကလဲ ရှေးဘုန်းရှေးကံပင်ဖြသည်။ တချို့ကြတော့ ကိုယ့်ဆွေ ကိုယ်မျိုးဖြစ်၍ သွေးသားတော်စပ်မှု ရှိပေမဲ့ တချို့ကြတော့ အလွန်ဝေးကွာနေရာဒေသမှ လာရောက် ဆက်စပ်ပြီး ဆွေမတော် မျိုးမတော်ဘဲ ကိုယ့်ဆွေ ကိုယ့်အမျိုးအဖြစ် ဖန်တီးယူကြသည်။ ဤကား ရှေးရေစက်ခေါ် ရှေးဘုန်းရှေးကံပင်တည်း။ ရှေးကံက ဤကဲ့သို့ ဆက်စပ်ပေးလိုက်သော ရဟန်းနှင့် ဒကာ ဟု စိတ်ဝင်စားဖွယ် အစုံ ၄ စုံရှိသည်။

လေးစုံသော ရဟန်းနှင့်ဒကာ

ရှေးဘုန်းရှေးကံကြောင့် ရဟန်းရယ် ထောက်ပံ့သူ ရဟန်းဒကာ ရဟန်းအမရယ်ဆိုပြီး ဒီဘက်ဘ၀ လာပြီး စုံစည်းခွင့် ရကြပေမဲ့ မတူညီတဲ့ အတွဲ ၄ စုံ ရှိသည်။

၁။ ရဟန်းက အသုဒ္ဓ ဖြစ်၍ ထောက်ပံ့သူ ဒကာ ဒကာမက သုဒ္ဓ ဖြစ်ခြင်း။ စာရေးသူ၏ ပတ်ဝန်းကျင်အတွေ့များကို ဤသို့ ခွဲခြမ်းသည်ဖြစ်၍ စာရေးသူ၏ အမြင်သာ ဖြစ်သည်။ တချို့ ရဟန်းက စာပေလဲ မကျိုးစားသလို ကိုယ်ကျင့်သိက္ခာကိုလဲ သိပ်မလေးစား၊ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ကိုယ့်ကို ထောက်ပံ့နေသည့် ဒကာ ဒကာမတွေရဲ့ စေတနာ သဒ္ဓါတရားကို အလွဲသုံးစားလုပ်သူ ဖြစ်သည်၊ ဒကာ ဒကာမတွေကတော့ ကိုယ့် တူ ကိုယ်သားကဲ့သို့ လိုလေးသေးမရှိ ထောက်ပံ့သည်၊ ထိုရဟန်းတောင်းသမျှ ပေးသည်၊ ကိုယ်မစားရရင် နေပစေ ဒို့ရဟန်းကိုတော့ ပြည့်စုံအောင်ထားမည်ဆိုတဲ့ ဒကာ ဒကာမတွေ ဖြစ်သည်၊ စာရေးသူလဲ စာသင်တိုက်ကြီးက ကြီးပြင်းလာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရ တွေ့နေရသည်၊ ရဟန်းက ဘာစာပေကိုမှလဲ စိတ်မ၀င်စား ယောင်ဝါးဝါး ရဟန်းကို ကိုယ့်သားအရင်းလို စောင့်ရှောက် ထောက်ပံ့နေကြသော ဒကာ ဒကာမတွေကို သနားမိသည်၊ ထိုရဟန်းအတွက် အော်--- အရှင်ဘုရားကျတော့ ဘုန်းကံကြီးလိုက်တာ ဆိုပြီး မုဒိတာ ပွားမိသည်။

၂။ ရဟန်းက သုဒ္ဓ ဖြစ်၍ ဒကာ ဒကာမကတော့ အသုဒ္ဓဖြစ်ခြင်း။ ဒါကိုပဲ စာရေးသူတို့ စာသင်တိုက်လောကမှာ ရဟန်းတစ်ခါ ဟုခေါ်သည်၊ ရဟန်းဒကာ ရဟန်းတစ်ခါ ဟု ၂ မျိုးရှိရာ ရဟန်းခံပေးပြီး ကိုယ့်ရဟန်း ဘယ်ရောက်ရောက် လည့်မကြည့်တော့ဘဲ ပစ်ထားခဲ့သည့် ရဟန်းခံပေးသူ (ဒကာ ဒကာမ)ကို ရဟန်းတစ်ခါ ဟုခေါ်သည်၊ နံပါတ် ၁ လို ဒကာ ဒကာမမျိုးကိုတော့ ရဟန်းဒကာ ဟုခေါ်သည်။ စာရေးသူ သူငယ်ချင်းနဲ့ သူ၏ရဟန်းဒကာ အိမ် အလည်လိုက်သွားဖူးသည်၊ ဒကာတွေက တောကနေတက်လာပြီး မန္တလေးမြို့ပေါ်မှာ ပွဲရုံလုပ်ငန်းဖြင့် စီးပွားရေးအောင်မြင်သူ ဖြစ်သည်၊ ထိုဒကာ လျှောက်တယ်၊ အရှင်ဘုရားလိုတာရှိတာ မိန့်ပါဘုရား၊ တပည့်တော်က ရဟန်းတစ်ခါ မဟုတ်ပါဘုရား၊ ရဟန်းဒကာပါ ဘုရားတဲ့။ စာရေးသူကိုယ်တိုင်ပင် ဒီအုပ်စုထဲ ပါမလိုဖြစ်နေသည်၊ စာရေးသူ၏ ရဟန်းအမများသည် မန္တလေးက ဖြစ်သည်၊ စာရေး ရဟန်းခံပြီးနောက် တစ်နှစ်ကြာမှာ တစ်ခါသာ လာဖူးသည်၊ စာရေးသူထံ တိုက်ရိုက်လာခြင်းမျိုးမဟုတ်ဘဲ အလှူတစ်ခုကနေ ၀င်လာခြင်းဖြစ်သည်၊ အဲဒီနောက် ပေါ်မလာတော့ပေ၊ နောက် ၁၀ နှစ်လောက်ကြာတော့မှ သူ၏ မိတ်ဆွေနဲ့ အလှူတစ်ခုမှာတွေ့လို့ စာရေးသူနဲ့ စကားစပ်မိပြောရင်း စာရေးသူ ဘယ်သူလဲ ဆိုတာ သိသွားသည်၊ နောက် ရဟန်းမတွေနဲ့တွေ့တော့ ခင်များတို့ရဟန်းနဲ့ တွေ့ခဲ့တဲ့အကြောင်း ပြောပြတော့ ဟုတ်လား ‘‘ကျုပ်တို့က လူထွက်သွားပြီထင်နေတာ’’တဲ့ ကောင်းရော။ ဟုတ်မယ် စာရေးသူက ချောတော့ လူထွက်သွားမည် ထင်ပုံပဲ ppppppppppppp။ သိသွားတော့ရော ရောက်လာဆိုတော့ ရောက်မလာပါဘူး pppppppppp၊ ဒီလိုနဲ့ စာရေးသူလဲ ဘွဲ့တွေ အတော်အတန်ရသည် အထိ ပေါ်မလာသေးဘူး၊ စာရေးသူ အိန္ဒိယ ပညာတော်သင်သွားမှ ရဟန်းအမကြီးက ဆုံးသွားပြီ ဆိုတဲ့ သတင်းကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ လာအကြောင်းအကြားပုံပဲ၊ စစ်ကိုင်းက သူငယ်ချင်းကလဲ ဦးဇင်းဒကာမကြီး ဆုံးသွားပြီတဲ့ ဆိုတော့-- စာရေးသူလဲ ပူထူသွားသည်၊ ငါ့အမေ ဘယ်လိုဖြစ်တာတုန်း၊ ၂ ရက် ၃ ရက် စားမပျော် အိပ်မပျော် ကျောင်းတက်ရတာလဲ အဆင်မပြေဖြစ်ခဲ့သည်၊ နောက်တော့မှ မန္တလေးက ဒကာမတဲ့။ အော်--စာရေးသူလဲ ရဟန်းခံပြီး ၁ နှစ်မှ တစ်ခါ တွေ့ပြီးနောက် ၁၇ ၀ါ မြောက် (၁၇ နှစ်) ဆိုတော့ အမှတ်တမဲ့ဖြစ်နေပြီပေါ့။ ၁၇ နှစ်ကြာပြီးမှ သေမှ သိရတဲ့အဖြစ်ပဲဆိုတော့ ရဟန်းနှင့်ဒကာ ဆုံစည်းမှု ရှေးရေစက် မပါလို့ပဲ ဖြစ်မည်။ တစ်ကြိမ်တစ်ခါ ကျေးဇူးပြုထားသည့် ဒကာဒကာမကို သတိရနေတာတော့ အမှန်ပင်ဖြစ်သည်၊ ဆုံးသွားပြီဆိုတော့လဲ ကိုယ်ကလဲ အဝေးရောက်နေသည်၊ စိတ်မကောင်းတာကလွဲလို့ ဘာတတ်နိုင်မည်နည်း။

၃။ ရဟန်းကလဲ အသုဒ္ဓ ဖြစ်သလို ရဟန်း ဒကာ ဒကာမတွေကလဲ အသုဒ္ဓ ဖြစ်ခြင်း။ ရဟန်းကလဲ စာပေ ပရိယတ္တိမရှိ ပဋိပတ်ဆို ဝေး။ ထို့အတူပဲ ရဟန်းဒကာ ဒကာမတွေကလဲ ရဟန်းဒကာ ရဟန်းအမဆိုတဲ့ ဂုဏ်လေး ရရင်ပြီးရောဆိုပြီး ရဟန်းခံပေးပြီး လှည့်မကြည့်တော့ဘဲ ပစ်ထားခဲ့သည် ရဟန်းတစ်ခါမျိုးပင် ဖြစ်သည်။ အိုးရွဲ့နဲ စလောင်းရွဲ့ဆိုသလိုဖြစ်သည်။ များသောအားဖြင့် တစ်ဖတ်ကတော်နေရင် တစ်ယောက်က ညံ့သည့် အစုံကို များစွာတွေ့ရသလို ၂ ဖတ်လုံးတော်နေသည်ကိုလဲ တွေ့ရသည်၊ ၂ ဖတ်လုံး အညံ့ကိုတော့ တွေ့ရခဲ့သည်။

၎။ ရဟန်းရော အလှူရှင် ဒကာ ဒကာမ ၂ ဦးလုံးက သုဒ္ဓဖြစ်ခြင်း။ ဒီအတွဲမျိုးတွေ့ဖို့ဆိုတာ အလွန့်လွန်ကို ဘုန်းကံရှိကြပါသည်၊ ရဟန်းကလဲ တော်သည်၊ အနေအထိုင်လဲ တော်သည်၊ စာပေပရိယတ်လဲ တော်သည်၊ သာသနာအတွက် များစွာ အကျိုးများသူဖြစ်သည်၊ ထို့အတူပဲ ထိုရဟန်းကို ထောက်ပံ့ခွင့်ရသော ဒကာ ဒကာမကလဲ တော်သည်၊ ထိုရဟန်းနှင့် ရှေ့သွား နောက်လိုက်ညီသည်၊ နေနဲ့လ ရွှေနဲ့မြလိုပဲ လိုက်ဖတ်ညီသည်။ ဒီလိုအစုံမျိုးကိုလဲ စာရေးသူတို့ ၀န်းကျင်တွင် များစွာတွေ့ရသည်၊ ၀မ်းသာသည်၊ မုဒိတာ ပွားမိသည်။

နံပါတ် (၂) ခဏတဖြုတ် ရဟန်းဝတ်ခြင်း (ဒုလ္ဘရဟန်းခံ) (Temporary) အနေ့နဲ့ မြန်မာနိုင်ငံ တောရော မြိုပါ နေရာအနှံ့အပြား မှာ နွေရာသီကျောင်းပိတ်ရက်ပဲဖြစ်ဖြစ်၊ သင်္ကြန် ရုံးတွေပိတ်ရက်တွေမှာပဲ ဖြစ်ဖြစ်၊ ဘုန်းတော်ကြီးကျောင်းတွေမှာ သားရှင်ပြု၊ ရဟန်းခံ၊ သမီး နားသ၊ သီလရှင်ဝတ်ပေးခြင်း စသည့် မင်္ဂလာများကို အကြောင်းပြု၍ အလှူကြီးတန်းကြီးတွေနဲ့ စည်ကားလျက်ရှိပါသည်။ ထိုရှင်ပြု ရဟန်းခံပွဲကို ဒုလ္လဘ ရဟန်းပြုပွဲလို့လဲ ခေါ်ဝေါ်ကြသည်။ ဒုလ္လဘဆိုသည်မှာ ရခဲ၏၊ ရဘို့ရန်မလွယ်ကူ၊ လူအနဲစုသာ ရနိုင်၏ စသည်အားဖြင့် အဓိပ္ပါယ်အမျိုးအမျိုးဖွင့်ဆိုနိုင်သည်။ လိုရင်းကတော့ တန်ဘိုးကြီးလို့ ရနိုင်ခဲခြင်းပင်ဖြစ်ပါသည်။ တန်ဘိုးဆိုသည်မှာ ရဟန်းဘ၀ရဲ့တန်ဘိုးနှင့် ထိုဘ၀ကိုရနိုင်ဘို့ ပိုင်ဆိုင်ရသည် ရှေးဘုန်းရှေးကံများပါသည်။ ဘယ်လိုတန်ဘိုးတွေနှင့် ရခဲလှတယ်ဆိုတာ ဆက်ပြောကြရအောင်နော်

ဒုလ္လဘ တရား ငါးပါး

(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ

နံပါတ် (၄) ရဟန်းအဖြစ်ကို ရခြင်းသည် ခက်ခဲ၏ ရခဲ၏၊ ဘုန်းရှိကံရှိ သူတွေသာလျှင် ရဟန်းအဖြစ်ကို ရနိုင်သည်။ ဘုရားပွင့်မှ ဘုရားသားတော် ရဟန်းများပေါ်ပေါက်လာနိုင်၏။ ထိုရဟန်းတော်များရှိမှသာလျှင် ရဟန်းအသစ်တစ်ပါးအားချီးမြှောက်ရန် အနီးကပ်ကြည့်ရှုစောင့်ရှောက်မည့် ဥပဇ္ဈာယ်ဆရာ၊ ရဟန်းခံရာဝယ် ပါဝင်မည့် ကာရက သံဃာ၊ အနုသာသက၊ ညတ်ကမ္မ၀ါစာဆရာ စသည်များရနိုင်ပါသည်။
ရဟန်းသစ်ကိုယ်တိုင်ကလဲ ပြည့်စုံရမည့် ဂုဏ်ရည်များလိုအပ်ပါသည်။
ထိုဂုဏ်ရည်တို့မှာ---
လူသား စင်စစ်ဖြစ်ရခြင်း၊ (မနုဿဘာဝေါ ဒုလ္လဘော) လူသားတစ်ယောက် ဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲပါသည်၊ ကိုယ့်ပတ်ဝန်းကျင်ရှိ ပိုးရွ ချပုန်း၊ မဲ့ ခြင် ယင် ပိုးလောက် စတဲ့ မြင်အပ် သတ္တ၀ါများနှင့် အလွန်သေးငယ်တဲ့ မမြင်နိုင်တဲ့ သတ္တ၀ါတွေနဲ့ ယှဉ်ကြည့်ပါက လူ့အဖြစ် ရခဲလှသည်ဆိုတာ ထင်ရှားပါလိမ့်မည်။
ရဟန်းလောင်းသည် ယောက်ျားစစ် ဖြစ်ရခြင်း၊
အသက် ၂၀-ပြည့်ရခြင်း၊
တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊
ပဉ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။ ခြေလက်အင်္ဂါ ပြည့်စုံရခြင်း၊ အနူနာ၊ တီဘီစသော ရောဂါမျိုးများကင်းစင်ရခြင်း စသည်များအပြင် အခြား သိမ်နှင့်ပတ်သက်သည့် လိုအပ်ချက်များရှိပါသေးသည်။ ဥပမာ- ဉတ္တိအနုဿာဝနတို့အရ ဉတ်ကမ္မ၀ါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။
သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။
ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။ ဤသို့အားဖြင့်ရဟန်းမဖြစ်မီ ပြည့်စုံနေရမည့် ဂုဏ်ရည်များအပြင် ရဟန်းဖြစ်ပြီးသော် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ များစွာရှိနေပါသေးသည်။ ထို့ကြောင့် ရဟန်းဘ၀သည် လွယ်ကူသည်ဟူ၍ မည်သူမျှ မတွေးရဲ့ကြပေ။

ရဟန်းတော်များအား ထောက်ပံ့ခွင့်
ရဟန်းအဖြစ်ကို ရခြင်းက မလွယ်ကူသလို ထိုရဟန်းကို ထောက်ပံ့ခွင့်ရဖို့ကလဲ ခက်ခဲသည်ဟု ဆိုရမည်။ ရဟန်းမရှိဘဲ ရဟန်းဒကာ ဒကာမ မဖြစ်နိုင်၊ ထို့ကြောင့် ရှင်ရဟန်းတို့အား ထောက်ပံ့ခွင့်ရခြင်းသည်ပင် ဘုန်းရှိ ကံရှိသူတွေအတွက်သာ ဖြစ်ပါသည်။ မိထွေးတော် ဂေါတမီက သူ၏ဘ၀သံသရာ ဖြစ်စဉ်ကို ပြန်ကြည့်လိုက်သောအခါ ရဟန်းတော်များအား ချီးမြောက်ခွင့်ရခြင်းသည် နှစ်ဘ၀ပဲရှိသည်ဟု မြတ်ဗုဒ္ဓအား လျှောက်ဖူးသည်၊ တစ်ဘ၀က ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား ပစ္စည်းလေးပါး ထောက်ပံ့ခွင့်ရခဲ့၊ ဒုတိယဘ၀မှာ တော့ ဘုရားရဲ့ မိထွေး(အမေ) အဖြစ်နဲ့ စောင့်ရှောက်ခွင့်ရသည်။

တပည့်တော်တို့ မိန်းမသားဘ၀မှာ ဘုရင့်အမေ၊ မိဘုရားဆိုတဲ့ အမည်ထူးတွေကတော့ ရဘို့ရန် မခဲရင်းပါဘူးဘုရား၊ ဒါပေမဲ့ဘုရား ရဟန်းမယ်တော်၊ ကိုရင့်မယ်တော် ရဟန်းအမဆိုတဲ့ ဘွဲ့ထူးတွေကတော့ အလွန့်အလွန်ကို ရခဲလှပါတယ်ဘုရား။ (မိထွေးတော်ဂေါတမီ လျှောက်ခန်း)။ မိထွေးတော်ဂေါတမီကို အားကျကာ ဗုဒ္ဓဘာသာဝင်များသည် စာသင်တိုက်ကြီးတွေမှ စာတော်သော ကိုရင်များကို ပစ္စည်းလေးပါး ထောက်ပံ့ခြင်း၊ ရဟန်းခံပေးခြင်းများ ပြုလုပ်ကြသည့်အပြင် ကိုယ့်ရဲ့ ရင်သွေးများ၊ သွေးသားတော်စပ် တူ၊ မြေးစသည်များကို ရဟန်းဘောင်ရောက်အောင် ထောက်ပံ့ပေးကြသည်။

ဒီကနေ့ စာသင်သား ရဟန်းလောင်း ကိုရင်တေဇောဘာသ အား ပစ္စည်းလေးပါးထောက်ပံ့ကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးကြတဲ့ အလှူများသည် ရခဲလှတဲ့ ရဟန်းဒကာ ရဟန်းအမအဖြစ်ကို ရလိုက်ရသည်အတွက်၊ ကြုံခဲလှတဲ့သာသနာမှာ ဖြစ်ခဲလှတဲ့ လူ့ဘ၀ကို ရခိုက် ယခုလို သာသနာတော်ကို ချီမြောက်ထောက်ပံ့ခွင့်ရလိုက်ခြင်းသည် ဘုန်းကံရှိသူတွေသာ ဖြစ်ကြသည်။ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုတာနဲ့ ပတ်သက်ပြီး မဟာဂန္ဓာရုံဆရာတော်ကြီးက ပြောတယ်၊ ‘‘လူ့ဘ၀ရဖို့တောင် မလွယ်လှဘူး၊ စာထဲမှာ ဥပမာနဲ့ ပြောထားတယ်။ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ထမ်းပိုးတုံးကြီးတစ်ခု လေတိုက်ရာ မျောချင်သလိုမျောနေသတဲ့၊ အပေါက်ကလည်း တစ်ပေါက်တည်းတဲ့၊ ရေပြင်အောက်ခြေမှာ ရှိတဲ့ လိပ်ကန်းကြီးကလည်း အနှစ် ၁၀၀ ကြာမှ တစ်ခါသာ ပေါ်တယ်၊ အဲဒီလိပ်ကန်းကြီးရဲ့ ခေါင်းနဲ့ ထမ်းပိုးအပေါက် စွပ်မိဖို့ဟာ ဘယ်လွယ်မလဲ။ ဒါပေမဲ့ အဲဒါကမှ ကြုံကြုံကြိုက်ကြိုက် စွပ်မိချင်စွပ်မိဦးမယ်တဲ့။ လူ့ဘ၀ကြုံဖို့က အဲဒီအထက် ခက်တယ်တဲ့၊ အဲဒီခက်ခဲတဲ့ဘ၀ကို ရနေကြပြီ၊ ရတုန်း ရခိုက် ပါရမီတွေ ဖြည်လိုက်ကြစမ်းပါ။ စိတ်ကောင်း နှလုံးကောင်း မွေးလိုက်ကြစမ်းပါ။ (နံက်ခင်းသြ၀ါဒမှ)။ ထို့ကြောင့် လူသားစင်စစ် ဖြစ်ရခြင်း၊ ရဟန်းအဖြစ်ကို ရကြခြင်း၊ ပါရမီးများ ဖြည့်ခွင့်ရခြင်းများသည် ဘုန်းကံကြီးသူများသာ ဖြစ်သည်။

(ဓာတ်ပုံအားလုံးသည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကပဲ ဖြစ်ပါသည်)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၉-၂၀၁၁

15 September 2011

စတားမွေးနေ့ (ကြာလိုလူသား)


စာမိတ်ဆက်
ဒီနေ့ (၁၂-၉-၂၀၁၁) စတားရဲ့ မွေးနေ့လိုပြောတယ်၊ လူကိုခင်ရင် အသက်မမေးနဲ့၊ ကိုယ့်မွေးနေ့ကိုတောင် မေ့နေတယ်၊ မွေးနေ့ကို မေ့ထားချင်တယ် ကိုယ့်အသက် သေးမင်းသိမှာစိုးလို့ppppppp။ ဒါပေမဲ့ ဖြစ်ချင်သလို မဖြစ်ရ အနတ္တ၊ တရွေ့ရွှေ့ သေးမင်းဆီသို့ ခြေလှမ်းနေတာက အနိစ္စ၊ မွေးကထဲက သေးမင်းဆီသို့ ပြေးလွှားနေရတာက ဒုက္ခ၊ ဒါဟာ ခန္ဓာရလို့ပဲ ခန္ဓာပြတ်အောင် အားထုတ်ကြ၊ အဲဒါ ဗုဒ္ဓရဲ့ Liberation ၀ိမုတ္တိပဲ။ အားလုံးကျေးဇူးတင်ပါတယ်။

ဓမ္မမိတ်ဆွေ အားလုံး စတားမွေးနေ့မှသည် နှစ်များစွာ ပျော်ရွှင်ကြပါစေ------- ၁၂ ရက်နေ့က ဖေ့စ်ဘုတ်မှာတင်ထားတဲ့ မွေးနေ့သံဝေစာပိုဒ်ကလေးဖြစ်ပါတယ်။

မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေတဲ့သူတွေအတွက် အထူးကျေးဇူးတင်ပါတယ် ဖေ့ဘုတ်တော့ မွေးနေ့အမှတ်တရ တန်ဖိုးရှိတဲ့စာပိုဒ်ကလေးတွေ မနဲပါဘူး။ အခု မွေးနေ့အမှတ်တရအဖြစ် ဘလော့ဂ်မှာ တင်ဖို့စိတ်ကူးမရှိပါဘူး၊ ကိုယ့်မွေးနေ့ကိုတောင် ကိုမမှတ်တာကိုး၊ ဒါပေမဲ့ ညီမတစ်ယောက်က တကူးတက အရှင်ဆန္ဓာဓိကရဲ့ ကြာလိုလူနဲ့ ဓာတ်ပုံတွေ ပြင်ဆင်ပြီး ပူဇော်ပေးသွားတယ်။ ရွှေပါရမီတောရဆရာတော်ရဲ့ ကြာလိုလူ ပို့စ်လေးက တော်တော်ကောင်းတာနဲ့ ပို့စ်အဖြစ်တင်လိုက်ခြင်းဖြစ်ပါသည်။ တကူးတက ပို့ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။

ကြာလိုလူ
ကြာပန်းလှူလျှင်
မကြာခင်၌
ကြာချင်သည်များ
မကြာအားဘဲ
ကြာဖျားရေစက်
မကြာသက်သို့
မြန်သွက်ပြည့်စုံ
ကြာကြာလှုံလျက်
ကြာဟုန်ကြာမြင့်
ကြာနှယ်တင့်သည်
ကြာလင့်ဒုက္ခဝေးဝေးမှာ…
ကြာမြင့်သုခနီးနီးမှာ…။

ရွှံ့မှာပေါက်ဖွား
ရွှံ့၌ထွားလည်း
ရွှံ့အားမခင်
ရွှံ့သန့်စင်သည်
ကြာလျှင်မြတ်လှ ပန်းစံပြ။
ကာမဂုဏ်ကြား
ကိလေကြား၌
ပေါက်ဖွားပါလျက်
မငြိယှက်ဘဲ
လွတ်ထွက်သန့်စင်
အေးကြည်လင်သည်
လန်းရွှင်မြတ်လှ လူ့စံပြ။

(ကြာလှူလျှင်ကြာတတ်သည်ဟု ယူစသူများအတွက်) အရှင်ဆန္ဓာဓိက (ရွှေပါရမီတောရ)

ကြာလိုလူ
ရွှံ့နွံကြားမှာပေါက်ဖွားပေမယ့် ရွှံ့နွံနဲ့မလိမ်းကျံမကပ်ငြိတဲ့။ လူသားတိုင်းတွေ့ကြုံနေရတဲ့ လောကဓံက ၈ပါးရှိပါတယ်။ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံပြည့်စုံခြင်း၊ အခြံအရံမပြည့်စုံခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွှမ်းခံရခြင်း၊ သုခ-ချမ်းသာခြင်း၊ ဒုက္ခ-ဆင်းရဲခြင်းလို့လောကဓံ ၈ပါးရှိပါတယ်။ အလေးမျက်နှာက လေတွေဘယ်လောက်ပဲတိုက်တိုက် ကြာပန်းကြာပင်တွေဟာ ကျိုးပဲ့ပျက်စီးသွားခြင်းမရှိပါဘူး။ လေကြောအတိုင်းအလိုက်သင့် ယိမ်းနွဲ့လှုပ်ရှားရင်း လေဒဏ်ကိုကြံ့ကြံ့ခံနိုင်ကြပါတယ်။ လေဒဏ်ကြောင့်မတုန်လှုပ်တဲ့ကြာ၊ ရွှံနွှံနဲ့မကပ်ငြိတဲ့ ကြာလိုလောကဓံလေကြောင့် မတုန်လှုပ်တဲ့လူ၊ လောကဓံရွှံ့နွနဲ့ ငြိကပ်ပေကျံခြင်းမရှိတဲ့လူဟာကြာလိုလူပါပဲ။ အကောင်းလော ကဓံကြောင့် လောဘ၊ မာနမဖြစ်ရင်၊ အဆိုးလောကဓံကြောင့် ဒေါသ၊ သောကမဖြစ်ရင်လောကဓံရွှံ့နွံ မငြိကပ်မပေကျံတာနဲ့အတူတူပါပဲ။
အာရုံမှာကြာငုံပွင့်ပါစေလို့ပဲ ပြောရတော့မှာပါပဲ။ အာရုံတိုင်းအာရုံတိုင်းမှာ ကုသိုလ်ကြာငုံ၊ တရားဓမ္မကြာငုံကပွင့်ဖို့အဆင်သင့် စောင့်နေတာပါ။ စိတ်ထားကောင်းဆိုတဲ့နေရောင်ကြည်၊ သတိဥာဏ်ဆိုတဲ့ လရောင်ကြည်လေးထိတွေ့လိုက်တာနဲ့ တပြိုင်နက် မွှေးပျံသင်းကြိုင်တဲ့ ကုသိုလ်ကြာပန်း၊ တရားဓမ္မကြာပန်းပွင့်လာတော့တာပါပဲ။

ကြာကိုချစ်ခင်
ကြာကိုမြတ်နိုး
ကြာလိုကျင့်ပြီး
မကြာခင်မှာ...
ကြာလိုလူအစစ်ဖြစ်ပါစေကြောင်း.........မွေးနေ့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘုန်းဘုန်း......
အရှင်ဆန္ဒာဓိကရဲ့ကြာလိုလူတရားနဲ့ဘုန်းဘုန်းမွေးနေ့ကိုပူဇော်လိုက်ပါတယ်။

ဓမ္မရဲ့အရသာကို ပေးစွမ်းနိုင်တဲ့ ဓမ္မစာပေများ အဆက်မပြတ်ရေးသားနိုင်ပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လောကနဲ့သာသနာတော်ကို အစဉ်ထာဝရ အလှဆင်နိုင်ပါစေလို့ ဆုမွန်ကောင်းများတောင်းလိုက်ပါတယ်။ ဘုန်းဘုန်း စိတ္တသုခ ကာယသုခ ပြည့်စုံစွာဖြင့် သာသနာပြု နိုင်ပါစေ။
အေးချမ်းတဲ့နှစ်လုံးသားပိုင်ရှင်ဖြစ်ပါစေ။
မင်္ဂလာရှိသောမွေးနေ့မှာ ဆုမွန်ကောင်းတောင်းပေးပါတယ်ဘုန်းဘုန်း......။

ထားထား
၁၂-၉-၂၀၁၁

မွေးနေ့အတွက် မွေးနေ့လက်ဆောင်စကားလေးများ ပေးပို့သော ဓမ္မမိတ်ဆွေအပေါင်းအား အထူးကျေးဇူးတင်ပါသည်။
အားလုံးကြာလိုလူဖြစ်နိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၉-၂၀၁၁

14 September 2011

ဘုရားလောင်းနှင့်တိရစ္ဆာန်

ဘုရားရှင်၏ ခြေတော်ရာတွင် ဘုရားအလောင်းဘ၀က ဖြစ်တော်စဉ်များကို တွေ့ရသည်။

ဘုရားနှင့်သံသရာ
စာမိတ်ဆက်

ဒေါက်တာ ဇီဝက (ဗုဒ္ဓဘာသာ အတွေးအမြင်တည်ထောင်သူ) က စာရေးသူအား အရှင်ဘုရား မြတ်စွာဘုရား အလောင်းတော်ဘ၀တုန်းက ဘယ်လိုတိရစ္ဆာန်ဘ၀မျိုးတွေ ဖြစ်ခဲ့ပါသလဲဘုရားလို့? မေးခွန်းတစ်ခု တက်လာပါတယ်ဘုရား၊ အရှင်ဘုရား အားရင် ရေးပေးပါဦးဘုရားတဲ့။

မှန်ပါသည်။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ၊ အနမတဂ္ဂသံသာရ ဆိုတဲ့ အတိုင်း သတ္တ၀ါတွေဟာ သေလိုက် မွေးလိုက်၊ သေလိုက် တစ်ခါ မွေးလိုက်နဲ့ အစမထင်ကထဲက ကျင်လည်ခဲ့ကြရတယ်။ မွေးလိုက် သေလိုက် လည်ပတ်နေတာကိုပဲ သံသရာ (samsara is birth and death) လို့ ခေါ်တာပဲ။ ဘုရားလောင်းသည်လည်း သတ္တ၀ါတစ်ယောက် ဖြစ်ရကား မရေတွက်နိုင်လောက်သော ဘ၀တွေ ဖြတ်သန်းခဲ့ရတာ အမှန်ပင်ဖြစ်သည်။ အဲဒီအထဲမှာမှ တိရစ္ဆာန် ဖြစ်ခဲ့ရတဲ့ ဘ၀တွေလဲ မနဲဘူး။ ဘ၀တွေ အခက်ခဲတွေကို ဖြတ်သန်းလာပြီးမှ ဘုရားဖြစ်ခဲ့ရတယ်ဆိုတာကို ဘုရားရှင်အား ပိုကြည်ညိုနိုင်အောင် ကြည်ညိုသဒ္ဓါပွားရအောင် ဤပို့စ်ကို ပူဇော်လိုက်ပါသည်။

ငယ်ငယ်က ဘုရားရှိခိုး

ငယ်ငယ်က စာသင်တိုက်ကြီး မရောက်ခင်ကထဲက နေ့စဉ် ဘုရားရှိခိုးခဲ့ရသော သုံးလူရှင်ပင် ကျွန်းထိပ်တင် သောင်းခွင် စကြာဝဠာ အစချီသည့် ဘုရားဖြစ်တော်စဉ် လင်္ကာများ၊ ဘုရားရှင် အလောင်းတော်ဘ၀က ဖြစ်ခဲ့ဖူးသော တိရစ္ဆာန်ဘ၀များကို သီကုံးထားသော လင်္ကာများကို နုတ်တိုက်ရနေသည်၊ သို့သော်ကား အဓိပ္ပါယ်ကိုကား ဘာမှ မသိခဲ့။ အရွယ်ရောက်လာသော အခါမှ အဓိပ္ပါယ်များ သဘောပေါက်လာသည်။ ဒါပေမဲ့ စာသင်တိုက်ရောက်တော့ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်များနှင့် သံဝေဂလင်္ကာများကိုသာ ဘုရားရှိခိုးအဖြစ် အသုံးပြုခဲ့သောကြောင့် ငယ်ငယ်က ဘုရားဖြစ်တော်စဉ် လင်္ကာများကိုကား မေ့သွားခဲ့သည်။ ထို့ကြောင့် လင်္ကာစာပိုဒ်ကို အပြည့်အစုံ အတိကျ ရလို၍ အင်တာနက်မှ ပြန်ရှာကြည့်ရာ အလွယ်တကူတွေ့ရပါသည်၊ ဒီကဗျာလင်္ကာကို ဆိုက်တော်တော်များများမှာ ရေးခဲ့ပြီးသား ဖြစ်သည်ကိုလဲ တွေ့ရသည်။ အောက်ပါ ငယ်ငယ်က ဘုရားရှိခိုးလင်္ကာကြီးကို သရုပ်ပြအဘိဓာန် ဆိုက်ကနေ ကော်ပီကူးယူထားတာဖြစ်ပါတယ်။

ဖြစ်တော်ပေါင်းမှာ၊ လောင်းမြတ်စွာ၊ တစ်ရာ သုံးဆယ့်ခြောက်။ ။
ဘုရားအလောင်း၏ ပါရမီခန်းဝယ် တိရစ္ဆာန်ဘ၀၌ ထင်ရှားသော ဇာတ်တော်၏ ၀တ္ထုပေါင်း ၁၃၆-ပါးကို ရှေးပညာရှိများ စပ်ဆိုထားခဲ့သော ဤဘုရားရှိခိုးလင်္ကာဖြင့် သိရာ၏၊ "သြကာသ သြကာသ သြကာသ ဗုဒ္ဓကုင်္ရ၊ လောင်းမြတ်လှသည်၊
အစကြိုးကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျီးညို သုံးခါ၊
သံသာကျူးထိပ်၊ ကရ၀ိက် ငါး၊ လေးကားကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတဆယ်၊
ဆင်ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဧကေး သိန္ဓ၀၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာညောင်း၊ ဥဒေါင်း နှစ်ခါ၊
သာလိကာ သတ္တ၊ ဒွါဒသ ကြက်၊ ၀က်ကား ဆယ့်သုံး၊ ပေါင်းရုံးများစွာ၊ တရာသုံးဆယ်၊ ခြောက်ဖြစ်ဝယ်ကို၊
အန္တရာယ်မရှိ၊ ဘေးမထိသည့်၊ မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းဟု၊ အောက်မေ့သဒ္ဓါ၊ ကြည်ညိုစွာဖြင့်၊
ခါခါမြတ်နိုး၊ လက်စုံမိုးကာ၊ ရှိခိုးပါ၏ ဘုရား။"

မှတ်ချက်။ ။ အလောင်းတော်မြတ်၏ ထင်ရှားသည့် တိရစ္ဆာန်ဘ၀တွေ များစွာကျန်သေးကြောင်းကို ကျွန်ုပ်တို့လက်ရှိ ပိဋကတော်ဖြင့်သိသာ၏၊ ဤရှေးဟောင်း လင်္ကာကား ဘာကိုရည်စူးသည် မသိရ။

ထိုဆိုက်ထဲက လင်္ကာနဲ့ မှတ်ချက်ဖြစ်သည်။ မှန်ပါသည်၊ ဤလင်္ကာအရ ဘုရားလောင်းသည် တိရစ္ဆာန်ဘ၀ပေါင်း ၁၃၆ ဘ၀ ဖြစ်ခဲ့သည်ဟု ဆိုသည်။ သတ္တ၀ါတည်းက တစ်ယောက်ဖြစ်တဲ့ ဘုရားလောင်းသည်လည်း ဘ၀များစွာ ကမ္ဘာများစွာ သံသရာကျင်လည်ခဲ့သူ ဖြစ်ရကား အဘယ်မှာ မည်မျှဘ၀ဖြစ်ခဲ့သည်ကို အတိကျ ပြောနိုင်မည်နည်း။ ဘုရားရှင်၏ ပါရမီဖြည့်စဉ်က ဖြစ်ခဲ့သည့် ဘ၀တွေ လင်္ကာတည်းမှာ မပါသေးတာ သေချာသည်၊ ဥပမာ-ယုန်မင်းတို့ ဖွတ်မင်းတို့လိုမျိုးဖြစ်သည်။ ဘုရားဖြစ်ရန် ပါရမီနုစဉ်ကတောင် ဤလောက် ဘ၀တွေ များပြားနေပါလျှင် ဘုရားဖြစ်ဖို့ ပါရမီမဖြည့်ခင်က ဘ၀တွေဆို ဘယ်လိုပြောနိုင်မည်နည်း။ ဤမျှလောက် သံသရာရှည်လျား ထွေးပြားနေသည်ကို သံဝေဂပွားရန်သာ ဖြစ်သည်။

၁၊ ကြိုးကြာ ----------၁ ဘဝ
၂။ ခါ ---------၁၆ ဘဝ
၃။ ဟင်္သာ ----------၉ ဘဝ
၎။ ခို ----------၆ ဘဝ
၅။ ကျီးညို ----------၃ ဘဝ
၆။ ကရ၀ိတ်----------၅ ဘဝ
၇။ ကိန္နရီ ----------၄ ဘဝ
၈။ စာမရီ ---------၁၅ ဘဝ
၉။ မျောက် ---------၁၀ ဘဝ
၁၀။ ဆင် ---------၁၁ ဘဝ
၁၁။ နွား ---------၁၄ ဘဝ
၁၂။ သိန္ဓော----------၁ ဘဝ
၁၃။ ကျွဲ ----------၈ ဘဝ
၁၄။ ဥဒေါင်း---------၂ ဘဝ
၁၅။ သာလိကာ-------၇ ဘဝ
၁၆။ ကြက် ---------၁၂ ဘဝ
၁၇။ ၀က် ---------၁၃ ဘဝ
စုစုပေါင်း ဘ၀ပေါင်း ---၁၃၆ ရှိသည်။

နုမှာငါးရာ ရင့်မှာတစ်ကျိပ်

ဘုရားရှင်၏ ဘ၀ဖြစ်စဉ်များကို ဇာတကပါဠိတော် အဋ္ဌကထာများတွင် ပါရှိသည်။ ဇာတ်ဝတ္ထုပေါင်း ၅၄၇ ရှိသည်။ ထိုဇာတ်တော်များသည် ပါရမီဖြည့်စဉ်က ဘ၀များသာ ဖြစ်သည်၊ ပါရမီ မဖြည့်မီ ဘ၀များကိုကား အရေအတွက် ပြထားသည်ကို မကြားဖူး။ ယခုပြဆိုသည့် ၅၄၇ ဘ၀ထဲတွင် ပါရမီရင့်ချိန် ဘုရားဖြစ်ခါနီး ဆယ် (၁၀) ဘ၀လဲ ပါသည်။ ဒါကိုပဲ ‘‘ရင့်မှာ တစ်ကျိပ်’’ ဟုခေါ်သည်။ ကျန်သောဘ၀ ၅၃၇ (၅၄၇-၁၀= ၅၃၇) ဘ၀များကား ဘုရားဖြစ်ဖို့ ဝေးနေသေးရာကား ပါရမီနုသေးသည်ဟု ဆိုသည်၊ ဒါကိုပဲ မှတ်လွယ်အောင် ‘‘နုမှာ ငါးရာ’’ ဟု ဆိုထားသည်။ ဘုရားလောင်း တိရစ္ဆာန်ဘ၀များသည်လည်း နုသော ပါရမီရှိစဉ်ကပင်ဖြစ်သည်။
သို့သော်လည်း ဘုရားလောင်း မဖြစ်နိုင်သော တိရစ္တာန်များလဲ ရှိသေးသည်။ ဘုရားဧကန်ဖြစ်တော့မည်ဟု ဘုရားတစ်ဆူဆူဆီက ဗျာဒိတ်ရတဲ့ ဘ၀ကစပြီး ငုံးအောက် သေးငယ်သော တိရစ္ဆာန်မျိုး၌ မဖြစ်နိုင်သလို ဆင်ထက် ကြီးသော တိရစ္ဆာန်မျိုး၌လဲ မဖြစ်နိုင်ဟု ဆိုသည်။ ဒါနဲ့စပ်လျင်းပြီး ဘုရားလောင်းတို့ မဖြစ်နိုင်ရာ ၁၈ ခုရှိသည်၊ အဋ္ဌာရသ အဘဗ္ဗဋ္ဌာန ဟုခေါ်သည်၊ (ဗောဓိသတ္တော ဣမာနိ အဋ္ဌာရသ အဘဗ္ဗဋ္ဌာနာနိ န ဥပေတိ)။ ထို ၁၈ ရပ်ကို သုတ္တနိပါတ် ခဂ္ဂ၀ိသာဏသုတ် အဋ္ဌကထာ နှာ ၄၅ တွင်ဖော်ပြထားသည့်အတိုင်း ဖော်ပြလိုက်ပါသည်။

ဘုရားလောင်းများ မဖြစ်နိုင်ရာ ဌာနများ
ကန်း- ပင်း- ရိ- ဆွံ့၊ ရူး- ရိုင်း- ကျွန်၊ ဒိဋ္ဌ်-ပန်- သတ်- ငုံး- နူ၊
စက်- သုဒ်- ပါယ်-မာရ်၊ ပြိတ်နှင့်ပြန်၊ အမှန်ဆယ့်ရှစ်ယူ။
ယင်းအဋ္ဌာရသ်၊ ဗောဓိသတ်၊ လွတ်လွတ်ကင်းတော်မူ၊
နိပါတသုတ်၊ ပါဋ္ဌဂုတ်၊ ဖွင့်ထုတ်ကျမ်းထွက်ဟူ။ (ကင်းဝန်မင်းကြီး) ကင်းဝန်မင်းကြီးကဗျာ အစဉ်အရ---

၁။ ကန်း = ဘုရားလောင်းသည် မျက်စိကန်းသူ အဖြစ် မမွေးဖွားခြင်း၊ (န ဇစ္စန္ဓော ဟောတိ)
၂။ ပင်း = ဘုရားလောင်းသည် နားပင်း ဆွံ့အသူ အဖြစ် မမွေးဖွားခြင်၊ (န ဇစ္စဗဓိရော ဟောတိ)။
၃။ ရိ = ဘုရားလောင်းသည် သွားရည် ရိယိုသော သူအဖြစ် မမွေးဖွားခြင်း၊ (န ဧဠမူဂေါ ဟောတိ)။
၎။ ဆွံ့ = ဘုရားလောင်းသည် ဆွံ့အ စကားမပြောတတ်သူ အဖြစ် မမွေးဖွားခြင်း၊ ( န ပီဌသပ္ပီ ဟောတိ)။
၅။ ရူး = ဘုရားလောင်းသည် အရူး အနမ်းအဖြစ် မမွေးဖွားခြင်း၊ ( န ဥမ္မတ္တကော ဟောတိ)၊
၆။ ရိုင်း = ဘုရားလောင်းသည် လူရိုင်း အဖြစ် မမွေးဖွားရခြင်း၊ ( န မိလက္ခူသု ဥပ္ပဇ္ဇတိ)
၇။ ကျွန် = ဘုရားလောင်းသည် ကျွန်မျိုးတွင် မဖွားမြင်ရခြင်း၊ ( န ဒါသိကုစ္ဆိယာ နိဗ္ဗတ္တတိ)။
၈။ ဒိဋ္ဌ် = ဘုရားလောင်းသည် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူအဖြစ် မဖြစ်ရခြင်း၊ (န နိယတမိစ္ဆာဒိဋ္ဌိကော ဟောတိ)။
၉။ ပန် ( ပဉ် ) ဘုရားလောင်းသည် ပဉ္စာနန္တရိယ ကံ မလွန်ကျူးသူ ဖြစ်ရခြင်း၊ (န ပဉ္စာနန္တရိယကမ္မာနိ ကရောတိ)။
၁၀။ သတ် = ဘုရားလောင်းသည် အသညသတ် ဗြဟ္မာအဖြစ် မမွေးဖွားရခြင်း၊ (ရူပါဝစရေသု န အသညီဘဝေ)။
၁၁။ ငုံး = ဘုရားလောင်းသည် ငုံးအောက်ငယ်သော တိရိစ္ဆာန်မျိုး၌ မဖြစ်ရခြင်း၊ ဆင်ထက်ကြီးသော တိရစ္ဆာန်မျိုးလဲ မဖြစ်ရခြင်း၊ (န တိရစ္ဆာနယောနိယံ ၀ဋ္ဋတော ပစ္ဆိမတ္တဘာဝေါ ဟောတိ)
၁၂။ နူ = ဘုရားလောင်းသည် နူနာ ရောဂါမဖြစ်ရခြင်း၊ (န ကုဋ္ဌီ ဟောတိ)။
၁၃။ စက် = ဘုရားလောင်းသည် စကြ၀ဠာတစ်ပါးသို့ ပြောင်း၍ မဖြစ်ရခြင်း၊ (န အညံ စက္က၀ါဠံ သင်္ကမတိ)
၁၄။ သုဒ် = ဘုရားလောင်းသည် သုဒ္ဒါဝါသဗြဟ္မာဘုံ၌ မဖြစ်ရခြင်း၊ ( န သုဒ္ဓါဝါသဘဝေသု ဥပ္ပဇ္ဇတိ)။
၁၅။ ပါယ် = ဘုရားလောင်းသည် အပါယ် ငရဲ၌မကျရခြင်း၊ အ၀ီစိ နှင့် လောကန္တရိတ်ငရဲ၌ မဖြစ်ရခြင်း (န အ၀ီစိနိရယေ၊ န လောကန္တရိကေသု ဥပ္ပဇ္ဇတိ)။
၁၆။ မာရ် = ဘုရားလောင်းသည် ကာမာဝစရဘုံတွင်းက မာရ်နတ် မဖြစ်ရခြင်း၊ (ကာမာဝစရေသု န မာရော ဟောတိ)။
၁၇။ ပြိတ် = ဘုရားလောင်းသည် ပြိတ္တာမျိုး၌ မမွေးဖွားရခြင်း၊ ဆိုလိုသည်မှာ ပြိတ္တာတွင် ခုပ္ပိပါသ၊ နိဇ္ဈာမတဏှိက မဖြစ်ရခြင်းနှင့် အသုရာတွင် ကာလကဉ္စိက မဖြစ်ရခြင်း၊ (န ခုပ္ပိပါသိကနိဇ္ဈာမတဏှိက ပေတေသု ဥပ္ပဇ္ဇတိ၊ န ကာလကဉ္စိကာသုရေသု)
၁၈။ ပြန် = လိင်ပြန်ရိုး မရှိခြင်း၊ ယောက်ျားဘ၀ အမြဲဖြစ်ရခြင်း။ (နာဿ လိင်္ဂံ ပရိဝတ္တတိ)။
မှတ်ချက်။ ။ ဤအစဉ်သည် ကဗျာလင်္ကာအရ စဉ်ထားသော်လည်း အဋ္ဌကထာ အစဉ်နှင့်ကား ရှေ့နောက် နဲနဲပဲကွာသည်၊ အရေးမကြီးပါ။

ရင့်မှာတစ်ကျိပ်ဟူသည်
ရင့်မှာ တစ်ကျိပ်ဟူသည် ဘုရားဖြစ်လုနီးဘ၀ ဆယ်ခုကို ဆိုလိုသည်၊ ထိုဘ၀ဆယ်ခုတို့၏ ဇာတ်ကြောင်း အစဉ်ကို အောက်ပါ လင်္ကာအကျဉ်းဖြင့် သိအပ်၏။
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။ ထို ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို မြန်မာဘာသာဖြင့် ရေးထားသည်များကို စာရေးသူတို့ ပထမကြီးတန်းတွင် ပြထာန်းသဖြင့် သင်ခဲ့ဖူးသည်၊ အခုနောက်ပိုင်း မပြဌာန်းတော့ဘူး သိရသည်။ ထိုဇာတ်ဆယ်ဘွဲ့၏ မြန်မာစာ စာရေးဆရာများနှင့် တွဲဘက် အောက်ပါအတိုင်းဖော်ပြထားသည်။
၁။ တေ- တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
၂။ ဇ- မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
၃။ သု- သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
၎။ နေ- နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊
၅။ မ- မဟောသဓာဇာတ် (ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
၆။ ဘူ- ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ) ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
၇။ စန်- စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
၈။ နာ- နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
၉။ ၀ိ- ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊
၁၀။ ဝေ- ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
ဤဆိုက်မှာ ဇာတ်တော်နှင့်ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားသည်ဖြစ်၍ လေ့လာနိုင်ပါသည်။
‘‘နုမှာငါးရာ ရင့်မှာတစ်ကျိပ်’’ နှင့် ‘‘အစကြိုးကြာ၊ ဆယ်ခြောက် ခါနှင့်’’ ဆိုတဲ့ လင်္ကာများအရ တိရစ္ဆာန်ဘ၀ပေါင်း ၁၃၆ ပါတယ်လို့ ဆိုတယ်။ သို့သော်လည်းလည်း လင်္ကာ၏ မှတ်ချက်မှာ ဇာတ်တော်ထဲမှာ တခြားထင်ရှားသည့် တိရစ္ဆာန်ဘ၀တွေ ကျန်နေသေးကြောင်း ပြထားသည် ဆိုတော့ ဒီလင်္ကာသည် အလွန်ထင်ရှားသည့် ဇာတ်တော်များဖြစ်၍၎င်း သို့မဟုတ် ကာရန် နဘေအရသော်၎င်းး ဤမျှလောက် စီစဉ်ထားဟန်တူသည်၊ တခြား ဘာရည်ရွယ်ချက်ဖြင့် ဘုရားလောင်း တိရစ္ဆာန်ဘ၀ ဖြစ်စဉ်ကို ပါအောင် မထည့်သနည်း?

နေရာတိုင်းမှာ အကြီးမှူး

ဘုရားလောင်းတော်သည် ဘယ်ဘ၀ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် ဦးဆောင် ဦးရွက် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တာများသည်၊ ပါရမီနုစဉ်အခါက တိရစ္ဆာန်ဘ၀မှာပင် ခေါင်းဆောင်ကောင်း ပီသရင်း သူတစ်ပါးအတွက် ကြည့်သူဖြစ်သည်၊ နောက်ဆုံး ယုန်မင်းဘ၀မျိုးကဲ့သို့ အသက်ပါ ပေးလှူရဲခဲ့သည်၊ ရွေဟင်္သာမင်းဘ၀၊ ငုံးမင်းဘ၀၊ ဆင်မင်းဘ၀ကဲ့သို့ ခေါင်းဆောင်းကောင်းပီသခဲ့သည်။

တစ်ခါက ဘုရားအလောင်း ဆင်ဘ၀တစ်ခုမှာ ဖြစ်ခဲ့ဖူးသည်။ မုဆိုးတစ်ယောက်သည် ဆင်၏ ဆင်စွယ်၊ အသွား၊ အသား တိုကို့ လှီးဖြတ်ရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုနေစဉ် ဘုရားအလောင်းပါသော ဆင်အုပ်ကြီးသည် ပစ္စေကဗုဒ္ဓါကို မြင်လျှင် ရှိခိုးလေ့ရှိသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအခြင်းအရာကို မြင်သော မုဆိုးသည် တစ်နေ့တော့ သင်္ကန်းများ တစ်ကိုယ်လုံးလွှမ်းခြုံပြီး ပစ္စေကဗုဒ္ဓါဟန်ဆောင်၍ လမ်းမှာ ထိုင်နေသည်။ ထိုသင်္ကန်းသည်လည်း ပစ္စေကဗုဒ္ဓါတစ်ပါး ရေအိုင်တစ်ခုမှာ ရေချိုးနေတုန်း ခိုးယူအပ်သော သင်္ကန်းဖြစ်သည်။ ဆင်အားလုံးကလဲ ပစ္စေကဗုဒ္ဓါအထင်နှင့် ရှိခိုးဦးတိုက်သွားသည်၊ မုဆိုးသည်လည်း ထိုဆင်အုပ်၏ နောက်ဆုံးလိုက်လာသော ဆင်တိုင်းကို တစ်နေ့တစ်ကောင် လှံဖြင့်ထိုးသတ်သည်။ ဒီလိုနဲ့ တနေ့သောအခါ ခေါင်းဆောင်ဖြစ်သော ဘုရားအလောင်း ဆင်သည် သူ၏ နောက်လိုက်နောက်ပါ ဆင်အုပ် တဖြည်းဖြည်း ယုတ်လျော့လာနေသည်ကို သိသောအခါ သူ၏နောက်လိုက်ဆင်များကို မေးသည်၊ ဘယ်သူမှ မသိဟု ဖြေကြသည်။ တနေ့တော့ ဘုရားအလောင်း ဆင်ခေါင်းဆောင်သည် ပစ္စေကဗုဒ္ဓါ အယောင်ဆောင်ကို မြင်သောအခါ သံသယဖြစ်၍ ဒီပုဂ္ဂိုလ်ကို ဖန်းဖို့ရန် ဆင်အားလုံး၏ နောက်ဆုံးမှ လိုက်လေတော့သည်။ မုဆိုးလဲ ထုံးစံအတိုင် နောက်ဆုံးဆင်ကို လှံဖြင့် ပစ်လိုက်ရာ ဘုရားလောင်းဆင်သည်လည်း သတိအမြဲရှိနေသောကြောင့် ထိုလှံကို ရှောင်လွဲနိုင်ခဲ့သည်။ မုဆိုးလဲ ကြောက်အားလန့်အားနဲ့ သစ်ပင်တစ်ပင်၏ဘေးတွင် ပုန်းအောင်းနေသည်ကို ဘုရားလောင်းသိနေသည်၊ ဘုရားအလောင်းသည်လဲ ဒီမုဆိုးကို သစ်ပင်ရော လူရော နှာမောင်းဖြင့် ရစ်ပတ်ပြီး ပေါက်သတ်မည်ဟု စိတ်အကြံဖြစ်လိုက်သေးသည်။ သို့သော်လဲ သင်္ကန်းကို မြင်လိုက်သောအခါ များစွာသော ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်အားလုံးတို့၏ အရှက်ရစေရာရောက်တော့မည်ဟု အတွေးဝင်လာပြန်သည်။ ထို့ကြောင့်ပင် မုဆိုးအား မသတ်တော့ဘဲ ဆိုဆုံးမလွတ်လိုက်သည်။ ဤကား ဘုရားလောင်း၏ တစ်ခုသော ဆင်ဘ၀က ကျင့်ဝတ်ဖြစ်သည်။ ဘုရားအလောင်း ဘုရားဖြစ်လာသောအခါ ထိုမုဆိုးသည် ရှင်ဒေ၀ဒတ်လာဖြစ်သည်၊ တော်တော်များများ ဘ၀တွေမှာ အရှင်ဒေ၀ဒတ်သည် ဘုရားရှင်၏ ဆန့်ကျင်ဘက်မှာ အမြဲရှိခဲ့သလို အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာစသော တပည့်ကြီးများသည်လည်း ဘုရားရှင်နှင့် ဘ၀အဆက်ဆက်မှာ ဘုရားရှင်၏ဘက်တော်သားအဖြစ် တွေ့ဖူးကြုံးဖူးသူများဖြစ်ကြသည်။ ထို့ကြောင့် တပည့်ကြီးများလဲ တိရစ္ဆာန်ဘ၀များစွာ ကျင်လည်ခဲ့ရသည်ကို သိသာထင်ရှားသည်။

ဘာပဲဖြစ်ဖြစ် ဘုရားအလောင်းတော်သည်ပင် ဤမျှလောက် တိရစ္ဆာန်များ ဖြစ်ဖူးခဲ့လျှင် စာရေးသူတို့ သာမန်လူသားများဆိုရင်ကား ဘယ်လို အနိမ့်စားတိရစ္ဆာန်တွေတောင် ဖြစ်ခဲ့မလဲ မသိနိုင်။ သံသရာတကွေ့ကွေ့မှာတော့ ဖြစ်ဖူးမှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားအလောင်းတော်၏ ပါရမီနုစဉ်က တိရစ္ဆာန်ဘ၀ပင်ဖြစ်လင့်ကစား သူတော်ကောင်းစိတ် အပြည့်ရှိသည်ကို အားကျ ကြည်ညိုနိုင်သလို စာရေးသူတို့သာမန်လူများသည်လည်း မရေမတွက်နိုင်သော တိရစ္ဆာန်ဘ၀များ ဖြစ်ခဲ့ရသည် နောင်လဲ မဖြစ်နိုင်၏ အာမမခံနိုင်သေးသည်ကို သတိ သံဝေယူနိုင်ကြရန် ဘုရားအလောင်း တိရစ္ဆာန်ဘ၀ဖြစ်တော်စဉ်များက သင်္ခန်းစာပေးသည်။

စာရေးသူ မှီသလောက် စုစည်းပြီး တင်ပြထားပါသည်။ ပြည့်စုံလုံလောက်မည်ဟူ၍ကား မယူဆပါ။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၉-၂၀၁၁

10 September 2011

မွေးနေ့ နေ့ဆွမ်းအလှူရှင်

(၉)ကြိမ်မြောက် ဒီနေ့ နေ့ဆွမ်းအလှူရှင်
ဒီနေ့ (၁၀-၉-၂၀၁၁) စနေနေ့ ဘုံဘေမြို့၊ စောမယကောလိပ်ရှိ မြန်မာ (Ph.D) ကျောင်းသားရဟန်း ၂၂ ပါးတို့ နေ့ဆွမ်းဆက်သည့် အလှူရှင်များက ဘုံဘေမြို့ လေယာဉ်အင်ဂျင်နီယာ မြန်မာမိသားစုပဲ ဖြစ်ပါသည်။ ဒကာမကြီး၏ သူငယ်ချင်းဖြစ်သူ၏ အသက် ၄၇ နှစ်ပြည့် မွေးနေ့အတွက်ဖြစ်ပါသည်။

ဒကာ ဦးကျော်ဆွေနှင့် ဒကာမ ဒေါ်သန်းသန်းဌေး သမီး ယဉ်သူဇာကျော်တို့ အဆောင်ရောက်လာပြီး ချက်ပြီး ပြုတ်ပြီး ဆွမ်းဟင်းများ လာလှူသည်၊ ၉ ကြိမ်မြောက်ဟု ပြောလို့ရပါသည်၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၇ ကြိမ်မြောက် ခေါက်ဆွဲဆွမ်း၊ ထမင်းကြောင်ဆွမ်းများ အသီးအနှံများ လာကပ်တုန်းက လှူထားခဲ့သော မြန်မာပြည်မှ သယ်ယူလာသော ရှမ်းခေါက်ဆွဲများ၊ သူနဲ့ တွဲဘက် အစားအစာအစုံများလှူထားခဲ့သဖြင့် ပြီးခဲ့တဲ့ စနေနေ့က ထိုမိသားစု အလှူနဲ့ပဲ သံဃာ ၂၂ ပါးစာအတွက် နေ့လည်စာ ရှမ်းခေါက်ဆွဲဆွမ်းများ လုပ်စားကြသည်။ ထိုမိသားစု၏ အလှူပင်ဖြစ်သည်။

ယခု စနေနေ့မှာလဲ ကြက်သားနှင့်မျှစ်ကြော်၊ ဗူးသီးအသားပြွမ်းချက်၊ ပုဇွန်ထုပ်ကွေးကြီးများ၊ ကော်ပြန့်ကြော်၊ ပန်းသီး၊ ဆန်းကစ်သီး၊ နနွင်းမကင်းများ အပြင် ၀က်အူချောင်းများ၊ ကော်ဖီမစ်ထုတ်များ၊ ဆန်၊ ဆီများ လာလှူသွားသည်၊ စာရေးသူ ဘုံဘေရောက်နေသည်မှာ ၅ လပင်ရှိပြီ၊ ပုဇွန်ထုပ်ကွေးနှင့် ကော်ပြန့်ကြော်ကိုတော့ ပထမအကြိမ် စားဖူးခြင်းပဲ ဖြစ်သည်။ ထိုမိသားစု၏ ကျေးဇူးနဲ့ပဲ တစ်ပတ်တစ်ခါ နီးပါး သံဃာများ ကောင်းကောင်း ဘုန်းပေးခွင့်ရကြသည်။

ဒီကနေ့အလှူက ဒကာမကြီး ဒေါ်သန်းသန်းဋ္ဌေးက သူ၏ သူငယ်ချင်း အသက် ၄၇ နှစ်မွေးနေ့အတွက်ပါဘုရားဟု လျှောက်သွားသည်။ အဝေးမှ မွေးနေ့ရှင်လည်း သာဓုခေါ်နိုင်ရန် ဤအလှူရှင်ဂုဏ်ပြုမှတ်တမ်း ရေးပြီးတင်လိုက်ရသည်၊ ဓာတ်ပုံရိုက်ပေးဖို့ မေ့သွားသည်။ ပြီးတဲ့ပတ်က အလှူရှင်၏ ဓာတ်ပုံအဟောင်းကိုပဲ မေတ္တာပို့လို့ ရအောင် တင်လိုက်ပါသည်။
အားလုံး မြင်ကြားသမျှ သာဓုခေါ်နိုင်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၉-၂၀၁၁

06 September 2011

လူသားအစ

(အင်တာနက်ရှာထားတဲ့ပုံလေးတွေပါ၊ မျောက်-လူ-၀က်ပါ ဆက်ဖြစ်ပုံပဲ pppppppppppp။ ပုံအရပြောတာပါ)

လူသားအစဗြဟ္မာက

စာမိတ်ဆက်

ဒီပို့စ်ကို ရေးဖို့ အရင်က တစ်ခါမှ စိတ်မကူးခဲ့ဘူး၊ ဖေ့ဘုတ်က ဗုဒ္ဓဘာသာ အတွေးအမြင်ကို တည်ထောင်သူ ဒေါက်တာ မင်းမဟော်က အရှင်ဘုရား အောက်ပါ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါဘုရား၊ အကူအညီတောင်းပါတယ်ဘုရား ဟု မေတ္တာရပ်ခံပါသည်၊ စာရေးသူလဲ ရေးဖို့ ချီတုံချတုံ ဖြစ်နေသည်၊ တခြားအလုပ်တွေလဲ ရှိနေတာကြောင့် လုံးဝ လွတ်လွတ်ကျွတ်ကျွတ် အာမ မခံရဲပေ၊ စာရေးသူကိုလဲ ထိုဗုဒ္ဓဘာသာ အတွေးအမြင်ကို တည်ထောင်သူ ဒေါက်တာမင်းမဟော်နှင့် ဒေါက်တာ ဇီဝကတို့က အဖွဲ့ရဲ့ Admin အဖြစ် အသိမှတ်ပြုသည်၊ ထို့အတွက်လဲ ကျေးဇူးတင်ပါသည်။ သို့သော်လည်း အချိန်မပေးနိုင်သဖြင့် ထိုအဖွဲ့ထဲမှာ ပို့စ်ရေးတာတို့ မလုပ်နိုင်ခဲ့၊ တခါတရံတော့ ၀င်ရောက် ဆွေးနွေးခဲ့သည်။ ဒီအဖွဲ့ကို တည်ထောင်သူတွေဟာ ခေတ်လူငယ်တွေ ဖြစ်ပေမဲ့ ဘာသာရေး စိတ်ဝင်းစားသလို အတွေးအမြင်လဲ ရှိကြတဲ့သူတွေ ဖြစ်တော့ ဒီအဖွဲ့ကို တည်ထောင်ခြင်းပဲ ဖြစ်ပုံရပါတယ်။

‘‘လူသားတွေဖြစ်ပေါ်လာပုံကို နိုင်ငံခြားသားတွေကိုပြန်ရှင်းပြချင်လို့ သာမာန်လူတွေ နားလည်နိုင်အောင် ဗုဒ္ဓရဲ့တရားတော်နဲ့အညီ မိန့်ကြားပေးပါဘုရား။ သူတို့ရဲ့ပန်းသီးစားလို့ ဆိုတဲ့အပြောကိုလဲ မငြင်းလိုပါဘုရား၊ စာအုပ်တွေရှာဖတ်တာလဲ တပည့်တော်အနေနဲ့ ဖြေရှင်းနိုင်မဲ့ အဖြေမျိုးမရသေးပါဘုရား။ ဦးခိုက်လျက်.....
ဒီမေးခွန်းလေး အဆင်ပြေတဲ့ အချိန်ကျရင် ဖြေပေးပါဘုရား-----။’’


လူသားအစ ကမ္ဘာဦးက
ဒါဝင် သီအိုရီက လူသားတွေဟာ မျောက်တွေကနေ တဖြည်းဖြည်းနဲ့ လူအဖြစ် ပြောင်းလဲလာတယ်လို့ဆိုတယ်။ တချို့ကလဲ လူသားတွေဟာ အာဒမ်နဲ့ဧ၀က စပေါက်ဖွားလာတာတဲ့၊ တချို့ကတော့ လူသားအစ အာရှတိုက်ကဖြစ်လာတာတဲ့၊ မြန်မာတွေက လူသားအစ မြန်မာက ပြောသလို ပုံတောင် ပုညာကစတယ်လို့လဲ ပြောကြတယ်၊ အားလုံးဟာ သမိုင်းပညာရှင် ဘာသာရေးပညာရှင် သိပ္ပံပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်ပဲဖြစ်ပါတယ်။ ဘယ်ကပဲ စဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လက်ခံနေကြတာပါပဲ၊ ဒါပေမဲ့ မေးလာတဲ့သူ အဲဒီအဖြေမျိုးမလိုချင်ဘူး ဗုဒ္ဓရဲ့ အဖြေမျိုးပဲ လိုချင်ပါသတဲ့ဗျာ-။
ဗုဒ္ဓစာပေအရ ဖော်ပြပေးပါဆိုတော့ ဒီဃနိကာယ်လာ စက္က၀တ္တိသုတ်နှင့် အဂ္ဂညသုတ်တို့ကို လေ့လာဖို့လိုလာသည်။ စာရေးသူတို့ မှီသလောက်လေးပေါ့၊ ဗုဒ္ဓစာပေတွေက အရမ်းကျယ်ပြန့်ပါတယ်၊ စာရေးသူတို့ ဥာဏ်နဲ့ လိုက်မမီပါဘူး။ အသေးစိတ်သိလိုသူများကိုတော့ ထိုသုတ် နှစ်သုတ်နဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သင်္ဂြီုဟ်ဘာသာဋီကာမှာလဲ လေ့လာနိုင်ပါသည်။

လူသား ဘယ်ကစလဲ မေးလာတော့ ကမ္ဘာကြီး ဘယ်ကစလဲ ဆိုတာကနေ စပြီး လေ့လာဖို့လိုလာသည်၊ ထိုသုတ္တန်မှာပဲ ပြထားပြီးဖြစ်သည်။ ကြက်မ ဘယ်ကစ ကြက်ဥက စ၊ ကြက်ဥ ဘယ်က စ ကြက်မက စ ဆိုတာလို အစရှာမရတဲ့ သံသရာလည်ပတ်နေတဲ့ လောကကြီးမှာ လူသား ဘယ်ကစလဲဆိုတာ အတိအကျ ပြောဖို့ မရပါဘူး။ ရဟန္တာမဖြစ်သေးသရွေ့ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ ပြိတ္တာဖြစ်လိုက် လူပြန်ဖြစ်လာလိုက်နဲ့ ဘယ်ကနေ လူစဖြစ်လဲဆိုတာ မသိနိုင်လောက်အောင်ကို သံသရာလည်နေသည်။ ထို့ကြောင့် လူ၏အစကို သို့မဟုတ် သတ္တ၀ါ၏အစကို မသိနိုင်ပေမဲ့ သံသရာအဆုံးကိုတော့ သိနိုင်သည်။ ကိလေသာပျက် အာသဝေါကင်း ရဟန္တာဖြစ်သွားသော သူသည် သံသရာပျက်သည်ဟု ဆိုလိုသည်။ တချို့ကပြောတယ် ဗုဒ္ဓက ကိုယ့်ကိုယ် မသေအောင် မလုပ်နိုင်ဘူးတဲ့၊ ဒီလိုဆိုရင် ဗုဒ္ဓ၏အစွမ်းက ဘယ်မှာလဲတဲ့။ တကယ်တော့ ဗုဒ္ဓရော ရဟန္တာတွေပါ ခန္ဓာငါးပါးနဲ့တည်ဆောက်ထားလို့ သေမျိုးဖြစ်လို့ သေရတာ မဆန်းပါဘူး၊ သို့သော်လဲ နောက်ထပ် သတ္တ၀ါတိုင်း ခံစားရသည့် မွေးဒုက္ခ အိုဒုက္ခ သေဒုက္ခကိုတော့ မရှိတော့ဘူး။ သတ္တ၀ါတစ်ယောက် ဖြစ်လျှက် မအို မနာ မသေ ထာဝရနေနိုင်တဲ့ အရာ ဘာမှ မရှိပါဘူး ထာဝရရှိတယ်လို့ ပြောတာဟာ လက်တွေ့မဟုတ်ဘဲ စိတ်ကူးပုံဖော်ထားတဲ့ စိတ်ကူးယဉ်မျှသာဖြစ်သည်။

ရှိစေတော့- လူဘယ်ကစလဲဆိုတာကို စာမှာကိုက အနမတဂ္ဂသံသရာတဲ့၊ အစမထင် ၀ါ အစမရှိ သံသရာတဲ့၊ လူသားလဲ သံသရာတည်း သတ္တ၀ါတစ်ယောက်ဆိုတော့ အစမထင် သံသရာထဲ ပါသွားတာပေါ့။ လူဘယ်ကစလဲ ဆိုတာကို ဘုရားရှင်တောင် ပြောပြမထားခဲ့ပါဘူး။ သို့သော်လဲ ကမ္ဘာဦးက လူသားဖြစ်ပေါ်လာပုံကိုတော့ ဖော်ပြထားသည်၊ ထိုလူသားတို့သည် သံသရာကို ကျင်လည်ရင်း လူသားအဖြစ် တဖန်ရောက်လာပုံကိုပဲ ဖော်ပြထားသည်။
မာလုကျပုတ္တသုတ်မှာ ပုဏ္ဏားတစ်ယောက်က လောကကြီး အဆုံးရှိသလား အဆုံးမရှိဘူးလား၊ သတ္တ၀ါတစ်ယောက် သေပြီးရင် ပြန်ဖြစ်လား မဖြစ်ဘူးလား ဖြစ်သည်လဲ မဟုတ် မဖြစ်ဘူးလဲ မဟုတ်ဆိုတဲ့ သဿတ ဥစ္ဆေဒမေးခွန်းမျိုးစတဲ့ မေးခွန်းဆယ်ချက်၊ ဘုရားက မဂ်ဖိုလ် နိဗ္ဗာန်အတွက် အထောက်အကူ မပြုတဲ့ မေးခွန်းတွေကို အချိန်မပေးနိုင်လို့ ချန်လှပ်ထားခဲ့တယ်။ ယနေ့ခေတ်မှာတော့ အနောက်တိုင်း အတွေးခေါ် (Western Philosophers) တွေ အိန္ဒိယအတွေးခေါ် (Indian Philosophers) တွေ ဗုဒ္ဓဘာသာအပေါ် ထောက်ပြထားတဲ့ problem တစ်ခုပေါ့။ အတွေးအခေါ်များဆိုတာ just thinking ပဲ၊ အကျင့်မပါဘူး။ ဗုဒ္ဓရဲ့ တရားတွေက အကျင့်ကိုပဲ ဦးစားပေးတယ်။ ထို့အတူပဲ လူသားအစ ဆိုတာ လောက အစကို ပြောတာနဲ့ အတူတူပဲလို့ ယူဆမိပါတယ်။ ကမ္ဘာ၏ အစလို့ပဲ ပြောကြပါစို့။

လ-နေမရှိသော လောက

ကမ္ဘာကြီး၏အစသည် လ,နေ, ကြယ်တာရာတွေ မရှိသေးသဖြင့် အမှောင်အတိပြီးသော လောကကြီးဖြစ်သည်။ နေ့တွေ ညတွေ မရှိသေး၊ နှစ်တွေ လတွေ ရက်စွဲတွေ မရှိသေး၊ ထိုအမှောင်လောကကြီးထဲ ရောက်နေတဲ့ လူသားတွေလဲ ယောက်ျား မိန်းမ ကွဲပြားမှု မရှိသေး။ သတ္တ၀ါတစ်ယောက်အနေနဲ့ပဲ ဖြစ်လာကြသည်။ နေရောင် လရောင် ကြယ်တာရာရောင်များ မရှိပေမဲ့ သတ္တ၀ါတွေရဲ့ခန္ဓာက အရောင် အလင်းဖြင့်ပင် နေနိုင်ကြသည်။ ထိုလူသားတွေသည် သူတို့တတွေရဲ့ ဒုစရိုက်လွန်ကျူးမှုကြောင့် ဆုပ်ကပ်ကနေ ကမ္ဘာကြီးပျက်စီးလို့ လူသားဘ၀ကနေ အာဘဿရာဗြဟ္မာပြည်သို့ ရောက်ကြတယ်၊ သြပပါတိကသတ္တ၀ါများဖြစ်သည်အားလျော်စွာ ကုသိုလ်ကံအဟုန်ကြောင့် ၀ုန်းကနဲ ဘွားကနဲပေါ်လာတဲ့ သတ္တ၀ါမျိုးဖြစ်သည်။ ဥကနေ ဖြစ်လာတဲ့ သတ္တ၀ါမျိုးကိုတော့ အဏ္ဍဇသတ္တ၀ါ၊ ပိုးလောက်ကဲ့သို့ အညှီအဟောက်ကို အစွဲပြု၍ မွေးဖွားလာသော သတ္တ၀ါကို သံသေဒဇ သတ္တ၀ါ၊ ကိုယ်ဝန်ဖြင့် မွေးဖွားလာသော သတ္တ၀ါကိုတော့ ဂဗ္ဘသေယျက သတ္တ၀ါ ဟု သတ္တ၀ါဖြစ်လာပုံနှင့် အမျိုးအစားကို ဤသို့ ခွဲခြားနိုင်သည်၊ နတ် ဗြဟ္မာတွေကတော့ ကုသိုလ်အဟုန်ကြောင့် ဖြစ်သော (ကမ္မဇ) သြပပါတိက သတ္တ၀ါဖြစ်သည်။ ထိုအာဘဿရာပြည်မှာ စိတ်ကြောင့်ပဲ ပီတိတည်းဟု အစားအာဟာရဖြင့် အသက်ရှင်ကြသည်။ ထိုပြည်ကနေ စုတေးပြီး လူသားအဖြစ် ဤလောကကြီးထဲ စတင်ရောက်လာသူများ ဖြစ်ကြသည်။ လူသားအစ ဗြဟ္မာက၊ ထို ဗြဟ္မာလဲ လူသားကနေဖြစ်ဆိုတော့ ကြက်ဥနဲ့ ကြက်မလိုပဲ ဖြစ်မည်။ ဒါဝင်က ပြောတော့ လူသား မျောက်ကဖြစ်တာတဲ့ အဲဒီမျောက်ကကော ဘယ်ကဖြစ်လာတာလဲ? မေးစရာပင်ဖြစ်သည်။

လူသားတွေရဲ့ ရွှေခေတ်
တချိန်က လူသားသတ္တ၀ါရယ်လို့ ဖြစ်ခါစက ရွှေခေတ်တစ်ခေတ်ရှိခဲ့ဖူးသည်။ စားရေးသောက်ရေးအတွက် မပူပင်ရ။ အဲဒီခေတ်က ကိုယ်နေတဲ့ မြေကြီးသည်ပင် စားစရာဖြစ်နေသည်၊ အလွန်အရသာရှိသည့် မြေဆီ မြေလွှာတို့သည် ရေပြင်မှာ နို့မလိုင်တည်သလိုရှိနေသည်။ စားချင်စရာ ထောပတ် ဆီဦးတို့ကဲ့သို့ အဆီသြဇာရှိပြီး အဆင်း အနံ့ အရသာတို့နှင့်လဲ ပြည့်စုံသည်။ သို့သော်လည်း ထိုသတ္တ၀ါတွေ အရသာရှိမှန်း မသိကြသေး၊ တနေ့တော့ သတ္တ၀ါတစ်ယောက် လူသားတစ်ယောက်ဆိုကြပါစို့၊ သူက လက်ဖြင့် မြေဆီကို ကော်ပြီး လျှာဖြင့်တို့ကြည့်ရာ အလွန်အရသာ ရှိမှန်းသိလိုက်ရသည်၊ ရသတဏှာလဲ စတင်ပေါ်ပေါက်လာသည်၊ သတ္တ၀ါတွေရဲ့ တဏှာအစသည် ရသတဏှာ ဖြစ်သလို့ အဖြတ်ရ အခက်အခဲဆုံး တဏှာသည်လည်း ရသတဏှာပင်ဖြစ်သည်။ နောက်တစ်ယောက်ကလဲ သူလုပ်သလို လိုက်လုပ်ရင်း အခြားခြားသော သတ္တ၀ါတွေအားလုံး သူလုပ်သလို လိုက်လုပ်ရင်းကနေ အစားအစာအပေါ် တဏှာရသများ ဖြစ်လာသည်။ ထိုကဲ့သို့ ရသတဏှာဖြင့် မြေဆီမြေလွှာများကို အားပါးတရ အလုပ်အလေးပြုပြီး စားလာသော အခါ သတ္တ၀ါတွေရဲ့ ခန္ဓာက အလင်းရောင် ပျောက်ကွယ်သည်။ ရသတဏှာကြောင့် လူသားတွေရဲ့ ရွှေခေတ်ကို ပျက်သုဉ်းစေဖို့ အစပြုလာသည်။

လ-နေတို့ စတင်ပေါ်လာ

သတ္တ၀ါတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ပြယ်သွားသော အခါ သတ္တ၀ါ အမှောင်ထဲမှာ ကြောက်ကြောက်ရွံ့ရွံ့ရှိကြသည်၊ အလင်းရောင် ပေါ်ပေါက်လာရင် ကောင်းမှာပဲဟု ဆန္ဒပြုလိုက်တာနဲ့ နေမင်းကြီး ပေါ်ပေါက်လာသည်၊ လူသားတွေရဲ့ ရဲရင့်ခြင်းကို ဖြစ်စေတတ်သော အလင်းရောင် ဖြစ်သောကြောင့် သူရ (သူရိယ) နေဟု ခေါ်သည်။ ကမ္ဘာကြီး၏ ရွေ့ရှားသော စနစ်ကြောင့် နေမင်းကြီး ကွယ်သောအခါ ‘‘ နောက်ထက် အလင်းရောင် တစ်ခု ပေါ်ပေါက်လာလျှင် ကောင်းမှာပဲ’’ဟု လူတွေ ရဲ့ ဆန္ဒကြောင့်ပင် စန္ဒဆိုတဲ့ လမင်းကြီး ရှေးဦးစွာ ပေါ်ပေါက်လာသည်။ ဒီဃနိကာယ်၊ ပါထိက၀ဂ္ဂ အဋ္ဌကထာ ၊ အဂ္ဂညသုတ်အဖွင့် စာမျက်နှာ ၅၁တွင် နေ လတို့၏ ပမာဏ အကွာအဝေး သဘောသဘာဝတို့ကို ဖော်ပြထားသည်၊ လေ့လာလိုက လေ့လာနိုင်ပါသည်။ ထိုခေတ်ကထဲက သိပ္ပံပညာ ထွန်းကားလာလေသရောလားဟု ထင်မိပါလိမ့်မည်။ ဤနေရာ၌ ဖော်မပြတော့ပေ။ ကြယ်တာရာတွေလဲ နေ လတို့နှင့်အတူ ပေါ်ပေါက်လာသည်သည်၊ ပါဠိတော်မှာ စန္ဓိမသူရိယ ဟု စန္ဓိမာ (လ) ကို ရှေ့ကနေ ဆိုထားပေမဲ့ အဋ္ဌကထာ အလိုအရာ သူရိယ (နေ)က ပထမ အရင်ပေါ်ပေါက်သည်။ ထိုအချိန်က စပြီး နေ့ ညတို့ ပေါ်ပေါက်လာသည်။ ထို့နောက် ရက်တွေ နေ့တွေ လတွေ နှစ်တွေ ဥတုတွေလဲ ပေါ်လာသည်။

ကျား-မ စတင်ပေါ်လာပုံ
ကမ္ဘာကြီး စတည်ကထဲက သတ္တ၀ါ အမည်ဖြင့်သာ ဖြစ်ပြီး ယောက်ျား မိန်းမရယ်လို့ ကွဲပြား ခြားနားခြင်း မရှိသေး။ လူသားသတ္တ၀ါတွေသည် မြေဆီ မြေလွှာကို အစာအဟာရ အဖြစ်စားလာသော အခါ ခန္ဓာကိုယ်သည်လည်း ကြမ်းတမ်းလာသည်၊ တစ်ယောက်နှင့် အဆင်းတွေ ကွဲပြားလာသည်၊ ရုပ်အဆင်းကောင်းသူတွေက ရုပ်အဆင်း မလှသူတွေအပေါ် အထင်သေးအမြင်သေးသည့် မာန အတိမာနစိတ်များ ဖြစ်လာသည်။ ငါသည် သူထက် ရုပ်အဆင်း ပိုလှတယ်၊ သူတို့ ငါ့လောက်မလှဘူး ဆိုတဲ့ မာန စိတ်တွေ ဖြစ်လာသည်။ ထိုမာန စိတ်တွေကြောင့်ပင် အလွန်ရသာရှိသည် မြေဆီ မြေလွှာတွေလဲ အရသာတွေ ကွယ်ပျောက်ကုန်ပြီ။ အဲဒီလိုအား အစားအစာတွေ တစ်ခုကွယ်ပြီး နောက်တစ်မျိုးပေါ်လာရင်း ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပို၍ပို၍ ကြမ်းတမ်းလာတော့သည်။ ရုပ်အဆင်းလှသူတွေလဲ ပိုပို၍ပင် မာန အတိမာနတွေ ကြီးထွားလေသည်။ ဒီလိုနဲ့ အစားအစာတွေ ပြောင်းလာရင်းနဲ့ ထုရိုက် ဖွတ်ပြီးချက်စရာ မလိုသော ဆန် ပေါ်လာသည်၊ ထိုဆန်သည် ဆန်ကျိုးဆန်ကွဲ မရှိ၊ အလွန်သန့်ရှင်းပြီး အနံ့နှင့်ပြည့်စုံသည်။ မနက် ညနေစာ အတွက် ညနေကထဲက သယ်ယူထားကြသည်။ ထိုအစားအစာဖြင့် လူသားသတ္တ၀ါတွေ အသက်ရှည်နေကြရသည်။
ထိုဆန်ကို စားပြီး လူသားတွေရဲ့ ခန္ဓာကိုယ်သည် ရှေးကထက် ပိုကြမ်းလာသည်၊ ရုပ်ဆင်းအင်္ဂါတွေလဲ ရှေးကထဲ မတူကွဲပြားမှုတွေ ဖြစ်လာသည်။ အဲဒီအချိန်မှာပဲ မိန်းမ အင်္ဂါ ယောက်ျားအင်္ဂါရပ်တွေ ထူးခြားစွာပေါ်လာသည်၊ အရင်လူ့ဘ၀က မိန်းမဖြစ်ခဲ့သူသည် မိန်းမအင်္ဂါပေါ်လာသည်ဖြစ်၍ မိန်းမအသွင်ဖြစ်သည်၊ အရင်လူ့ဘ၀က ယောက်ျားဖြစ်ခဲ့သူကတော့ ဒီဘ၀မှာ ယောက်ျားအဖြစ် လာဖြစ်ရသည်။ ဤသို့အားဖြင့် မိန်းမ ယောက်ျား ကွဲပြားလာသည်။ ထိုသို့ထူးခြားသည့် အပြောင်းအလွဲကြောင့် မိန်းမဖြစ်သူက ယောက်ျားဖြစ်သူကို စူးစူးစိုက်စိုက် ကြည့်သည်၊ ယောက်ျားဖြစ်သူကလဲ မိန်းမဖြစ်သူကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ထိုကဲ့သို့ အချင်းအချင်း အပြန်အလှန် ကြာရှည် ကြည့်ရာမှ တပ်မက်တဲ့ ရာဂစိတ် ဖြစ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ရာဂအပူလောင်သည်၊ ထိုရာဂအပူကြောင့်ပင် မေထုန်မှီဝဲလိုက်ကြတော့သည်။ ဤကား မိန်းမ ယောက်ျား ကွဲပြားလာရာမှ မေထုန်ခေါ် ကာမဂုဏ် sex ကိစ္စ စတင်ဖြစ်လာခြင်းဖြစ်သည်။ သတ္တ၀ါတွေ၏ ရသတဏှာကနေ မာန၊ မာနကနေ ရာဂ စိတ်တို့ အဆင့်ဆင့် ဖြစ်ပွားလာခြင်းဖြစ်သည်။

လိက်ဆက်ဆံ (Sex)မှုကို ကမ္ဘာဦးကထဲက အပြစ်ဟု မြင်

ထိုခေတ်က လူရိုင်းတွေ ခေတ်ကလို အ၀တ်အစား မရှိကြသေး၊ အိမ်တွေ အကာရံတွေလဲ မရှိသေး၊ လွင်တီခေါင် ကွင်းပြင်တွေမှာလဲ မိန်းမ ယောက်ျား နှစ်ဦးသားတို့ မေထုန်မှီဝဲနေတာကို မြင်သော လူများက ခဲတွေ ဒုတ်တွေ နွားချေးတွေ ၀ိုင်းထုကြသည်။ ‘‘လူယုတ်မာတွေ ပျက်စီးပါစေ၊ အဘယ့်ကြောင့် သတ္တ၀ါတစ်ယောက်က သတ္တ၀ါတစ်ယောက်ကို ဤကဲ့သို့ ပြုကြသနည်း’’ဟု အော်ဟစ် ဆဲဆိုပြီး ၀ိုင်းထုကြသည်။ ဤသည်ကို ထောက်ဆ၍ ကမ္ဘာဦးကထဲက လိင်ဆက်ဆံမူ (sex) ကို ပညာရှိသည်ဖြစ် မရှိသည်ဖြစ်စေ လူတိုင်းက စက်ဆုပ်စရာ ကဲ့ရဲ့စရာ အဖြစ်၍ အပြစ် (အကုသိုလ်) ဟု သတ်မှတ်လာခဲ့သည်။ ထိုခေတ်က မေထုန်မှီဝဲတဲ့သူတွေကို ၃ လ သို့မဟုတ် ၂ လ ရွာနှင်ဒဏ်ပေးသည်၊ ရွာထဲ ၀င်ခွင့်မရှိ။ အဲဒီခေတ်က လိင်ဆက်ဆံမှုကို အဓမ္မသမ္မတ (သူယုတ်မာအကျင့်) ဟု သမုတ်ထားကြသည်။ ယခုခေတ်တော့ ဓမ္မသမ္မတ-ပြုကျင့်စရာ အဖြစ် ဖြစ်လာသည်။ တနည်းပြောရရင် အပြစ်ဟု မယူဆကြတော့ပေ။
အချိန်ကြာလာတော့ ဒီမေထုန်ကိစ္စကြီးက မသင့်တော်ဘူး၊ လူမြင်လို့လဲ မကောင်းဘူး၊ သူယုတ်မာတို့ အကျင့်ဖြစ်တဲ့ မေထုန်ကိစ္စကို လူသူမမြင်အောင် ဖုံးလွမ်းဖို့ အိမ်ဆောက်လာကြသည်။ ထိုအချိန်အခါမှ စ၍ အိမ်ပေါ်ပေါက်လာသည်။

သဘာဝဘေးဒဏ် ပေါ်ပေါက်လာခြင်း
ပထမဆုံး ပေါ်ပေါက်လာသူ လူသတ္တ၀ါကိုတော့ သူ၏ ရှေးဘုန်းရှေးကံကြောင့် ဗြဟ္မာပြည်က ဘွားကနဲ ပေါ်လာတဲ့ သြပပါတိက သတ္တ၀ါ ဖြစ်သည်၊ မိန်းမ ယောက်ျား ကွဲပြားလာပြီး မေထုန်အမှုပြုပြီးနောက် မွေးဖွားလာတဲ့ နောက် မျိုးဆက်သစ်များကိုတော့ ကိုယ်ဝန်ဆောင်မွေးလာရတဲ့ ဂဗ္ဘသေယျက သတ္တ၀ါအမျိုးစားဖြစ်သည်။ လူဦးရေ ထူထပ်လာတာနဲ့အမျှ ပြဿနာ မျိုးစုံဖြစ်တတ်သည်။ လူတစ်ယောက်တည်း နေလျင် မထူးပေမဲ့ လူ ၂ ယောက်ဖြစ်လာလျှင် သဘောထား ၂ မျိုးဖြစ်မည်၊ ၃ ယောက် ၄ ယောက် စသည်ဖြင့် များလာလျှင် သဘောထားကွဲပြားမှု များစွာ ဖြစ်လာမည်။ ပြဿနာ အမျိုးစုံ ဖြစ်လာမည်။
အခု ပြဿနာ စပါပြီ၊ အရင်တုန်းက တစ်ကြိမ်တစ်ခါ ဆောင်ယူလာခဲ့သော ဆန်သည် ည မနက်အတွက် ဖြစ်သည်။ နောက်ပိုင်း လူတစ်ယောက်က စပြီး တစ်ကြိမ် နှစ်ရက်စာ ၃ ရက်စာ ၈ ရက်စာ စသည်ဖြင့် သယ်လာကြခြင်းဖြင့် ပစ္စည်းဥစ္စာ စုဆောင်းသည့် လောဘ စဖြစ်လာသည်။ ထိုလောဘကြောင့်ပင် ဆန်တွေလဲ အပိန်အဖျင်းတွေပါလာသည်၊ ဖွဲစသည့် အညစ်ကြေးများ ပါလာသည်။ ကောက်စပါးတို့သည်လည်း အရင်ကလို မစည်ပင်တော့ပေ။ ဆန်စပါးပင်တို့သည် ကွက်ကြားပေါက်ကုန်ပြီ၊ အရင်ကလို ပိတ်ပိတ်သဲသဲ မပေါက်တော့ပေ၊ တချိန်က လူတွေရဲ့ရွှေခေတ်သည် လူတွေရဲ့ လောဘ တဏှာကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ဒီခေတ်မှာလဲ မိုးတွေခေါင် ရေတွေကြီး၊ အသီးအနှံတွေ မဖြစ်ထွန်း၊ ဆေးမျိုးစုံသုံးနေရခြင်းက လူတွေရဲ့ လောဘ ၀ိသမလောဘ စတဲ့ အကုသိုလ်တွေကြောင့်ပင် ဖြစ်သည်။ လူတွေရဲ့ မထိန်းနိုင်တဲ့ လောဘတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ သတ္တ၀ါ အရင်းမြစ်တွေ ပျက်စီးလာရသည်။ ထိုသဘာဝအရင်းမြစ်တွေ ပျက်စီးလာတာနဲ့အမျှ မျော်လင့်မထားတဲ့ သဘာဝ ဘေးဒဏ်တွေလဲ မကြာခဏ ရင်ဆိုင်နေရသည်။ လူတွေရဲ့ အလိုရမ္မက်ကို မထိန်းနိုင်သရွှေ့ သဘာဝဘေးဒဏ်တွေက ပို၍ပို၍ ကြီးထွားလာပါလိမ့်မည်။

ထိုကြောင့် ရွှေခေတ် ပျက်စီးသွားမည့်အရေးကို အချိန်မီ တားဆီးနိုင်ရန် စီမီနာ (seminar) တစ်ခု ကျင်းပသည်။ သူတို့၏ စီမီနာမှာ အရင်က စိတ်ကြံတိုင်းရ လိုတိုင်းရသည့် ရွှေခေတ်၊ ပီတိကိုသာ စားနေရနေရတဲ့ ခေတ် ပျောက်လာပြီး နောက်ပိုင်း ရသာရှိတဲ့ မြေဆီမြေလွှာတွေ စားရသည်၊ ပထ၀ီမှ ရသာတွေလဲ ပျောက်ကုန်၊ ခန္ဓာကိုယ်လဲ့ ကြမ်းတမ်းလာ၊ ကိုယ်ရောင်ကိုယ်ဝါတွေလဲ ပျောက်ကုန်၊ လ-နေ-ကြယ်တာရာတွေ ပေါ်ပေါက်လာ၊ နေ့ လ နှစ်တွေ ပေါ်ပေါက်လာ။ လူတွေရဲ့ လောဘစတဲ့ အကုသိုလ်တွေကြောင့် မြေဆီမြေလွှာတွေလဲ ပျောက်ကုန်ုပြီ ဆန်စပါးတွေ စပေါ်လာ၊ ထို အပြစ်ကင်းစင်ပြီး အနံ့ရသာ အဆီသြဇာရှိတဲ့ ဆန်တွေလဲ မသန့်ရှင်းမှုတွေ ဖြစ်လာသည်၊ နောက်ပိုင်း ဆန်စပါးပင်တို့သည်ပင် မစည်ပင်ပဲ ဟိုနား တစ်စု ဒီနားတစ်စု ကွက်ကြားပေါက်ကုန်တော့သည်။

အဲဒီနောက်ပိုင်း လိုတရရွှေခေတ် ပျောက်ကွယ်သွားပြီး၊ စပါးပင်ပေါက်ရာ မြေများကို သူပိုင် ကိုယ်ပိုင် စည်းရိုးများခတ်ကြသည်။ နောက်ပိုင်း သူ့ဝေစု ကိုယ့်ဝေစုတွေခွဲပြီး နေလာရာမှ တစ်ယောက်သော သူက တစ်ယောက်ပိုင်သည့် နယ်က စပါးများကို ခိုးယူသည့် အဒိန္နာဒါနကံ စပါတော့သည်။ ပထမတော့ ခိုးတဲ့သူကို ဆဲဆိုပြီး ခြိမ်းခြောက်ရုံသာ လုပ်ပြီး နောက်ပိုင်း ၂ ကြိမ် ၃ ကြိမ် ခိုးလာတော့ ဒုတ်တွေ ခဲတွေနဲ့ ၀ိုင်း ညှင်းဆဲကြသည်၊ ၀ိဟိံသ စတင်ပေါ်ပေါက်လာပြီး နောက် ခိုးမှုထပ်မံ ဖြစ်လာသောအခါ ထိုညှင်းဆဲမှုကို ကြောက်သည်၊ ၀ိုင်းဖမ်း၍ စစ်ဆေးမေးမြန်းသော အခါ လိမ်ညာသည့် မုသာဝါဒလဲ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့၊ အပြစ်ပေးသင့်သူကို အပြစ်ပေး၊ ရပ်ရွာ တိုင်းပြည်ကနေ နှင်ထုတ်သင့်သူ နှင်ထုတ်နိုင်တဲ့နည်းလမ်းများကို တိုင်ပင်ဆွေးနွေကြသည်။ နောက်ဆုံး အများစု ဆုံးဖြတ်ချက်အရ အဖြေတစ်ခု ထိုသို့ ဥဒေကို ကိုင်နိုင်သည့်သူ၊ ဥပဒေကို ကျူးလွန်က အပြစ်ပေးနိုင်သည့်သူ အများလေးစားရသည့်သူ အများစုထက် ရုပ်ဆင်းအင်္ဂါပြည့်စုံသူ ကြည်ညိုလေးစားထိုက်တဲ့သူ အရှိန်သြဇာရှိတဲ့သူကို သမ္မတ (President) အဖြစ်သတ်မှတ် အတည်ပြုရန်ဖြစ်သည်။

သမ္မတပေါ်ပေါက်လာခြင်း

သမ္မတ,သမုတိတို့မှ ဆင်းသက်သော ပါဠိစကားလုံးကို သမ္မဟု၍လဲ မြန်မာမှုပြုထားသည်၊ ပြည်သူများက ယုံကြည်အားကိုးထိုက်ပြီး တရားမျှတစွာ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်သူကို သမ္မတဟု ခေါ်သည်။ ထိုအရည်အချင်းနှင့်ပြည့်စုံသူကို ပြည်သူတွေကပဲ ရှာဖွေကာ တိုင်းပြည် ရပ်ရွာများရဲ့ အခက်အခဲများကို မျှမျှတတဖြေရှင်းပေးရန် တောင်းပန်ကြသည်။ ဤသို့အား သမ္မတ ဆိုတာ ပေါ်လာသည်။ ထို့နောက် တိုင်းပြည်အတွင်း အာဏာခွဲခြမ်းမှု စီးပွားရေး လူမှုရေးတွေကြောင့် ရာထူးဌာနန္တရများ ကွဲပြားလာသလို လူသားတွေရဲ့ ဘ၀အဆင့်အတန်းသည်လဲ ကွဲပြားလာတော့သည်။

ခြုံ၍သုံးသပ်သော်
ဒါဝင်က လူသားအစ မျောက်ကဆိုသည်၊ ဗုဒ္ဓအလိုကျ လူသားအစ ဗြဟ္မာက စသည်။ ကမ္ဘာကြီး စတင်ပေါ်ပေါက်လာတာနဲ့ ဗြဟ္မာပြည်က စုတေသော သတ္တ၀ါတွေ ကမ္ဘာကြီးထဲကို သူတို့၏ ရှေးဘုန်းရှေးကံကြောင့် ဘွားကနဲ (သြပပါတိက) လူအဖြစ်ပေါ်သည်။ ထိုနောက်မှ ကျား+မ ကွဲပြားမှု၊ လိင်ဆက်ဆံမှု၊ လူဦးရေ ကြီးထွာလာမှု၊ စားဝတ်နေရေး ပြဿနာများ တဆင့်ပြီး တဆင့်ပေါ်ပေါက်လာပြီး နောက်ဆုံး သမ္မတပေါ်လာပြီး လူတန်းစား အဆင့်ဆင့်ပေါ်ပေါက်သည်။ လူသားတွေရဲ့ အကုသိုလ်စိတ်တွေကြောင့် လူသားဘ၀အစက လိုတိုင်းရ တတိုင်းရတဲ့ ရွှေခေတ်သည်လည်း ပျောက်ပြယ်သွားသည်ကို သတိတရဖြစ်မိသည်။ ကမ္ဘာဦးက လူသားသည် ဗြဟ္မာက စသည်ဆိုပေမဲ့ သံသရာနဲ့ ပြောသည်ရှိသော် လူသားဘ၀ အစသည် မထင်ရှား၊ ဘုရားရှင်တောင် မပြောခဲ့။ ကြက်ဥ ကြက်မက ဖြစ်၊ ကြက်မ ကြက်ဥက ဖြစ်စသည် သံသရာအကြောင်း (လောကအကြောင်း) ကံအကြောင်း ဗုဒ္ဓ၀ိသယ ခေါ် ဘုရားရှင် အရာများ ဈာန်နှင့်ပက်သက်သည့် အကြောင်းအရာများကို မစဉ်းစားသင့် စဉ်းစားက စိတ်ပင်ပန်းနိုင်သည်၊ ရူးသွားနိုင်သည်၊ အရာကား အလွန်ကျယ်လွန်းသောကြောင့်ဖြစ်သည်။ ထိုအရာများကို အစိန္တေယျ ၄ မျိုးကိုလဲ ပြထားသေးသည်။ ထို့ကြောင့် ဗုဒ္ဓစာပေအရ လူသားဘယ်က စလဲ သံသရာနဲ့ချီပြီး တွေးက အလွန်ကျယ်လွန်းရာကား ပင်ပန်းမည်၊ ရူးသွားနိုင်သည်ဖြစ်သည်။ သံသရာနှင့်မတွေးဘဲ ကမ္ဘာဦးက လူသား ဘယ်ကစ ဗြဟ္မာက စသည်ဟု အဖြေပေးလိုက်ပါတော့သတည်း။။။။။။။။

မှတ်ချက်။ ။ မိမိ ဥာဏ်မှီသလောက် ဒီဃနိကာယ် အဂ္ဂညသုတ်ပါဠိတော်နှင့် ၎င်း အဋ္ဌကထာကိုပဲ မှီရေးသည်။ ပြည့်စုံမည်ဟု မယူဆပါ၊ အားရကျေနပ်မှု မရှိသေးပါက ထိုသုတ်အဋ္ဌကထာများ၊ သင်္ဂြိုဟ်ဘာသာဋီကာနှင့် အခြားကျမ်းများ များစွာရှိသေးသည်၊ ရှာဖတ်သင့်ပါသည်။ နောက်တစ်ခု အကြံတစ်ခု ပြုချင်တာက ‘‘လူသားအစ ဗြဟ္မာက’’ မှာ လူသားဖြစ်လာတဲ့ ထိုဗြဟ္မာကြီးကကော ဘယ်ကလာသလဲ မေးလာလျင် စက္က၀တ္တိသုတ်မှာ ဖတ်ဖို့လမ်းညွှန်လိုက်ပါရစေ။ ထိုသုတ်မှာ လူသားတွေ သက်တမ်း ဆုတ်ယုတ်လာပုံ၊ အကုသိုလ် ဒုစရိုတ်တွေ တဆင့်ပြီး တဆင့် ကျူးလွန်ကြပုံ၊ နောက်ဆုံး ကမ္ဘာကြီး မပျက်မှီ လူတွေ သံဝေဂ ရပြီး အချင်းချင်း မေတ္တာပွားလာပုံ၊ ထိုနောက် ကမ္ဘာကြီး ပျက်စီးပြီး အားလုံးသေကြသောသူတို့တွင် မေတ္တာဘာဝနာ အားထုတ်ခဲ့ကြသော သူတော်ကောင်းများက အာဘဿရ (ဗြဟ္မာ)ဘုံသို့ ရောက်သွားကြပုံတွေ အသေးစိတ်ပြထားသည်၊ စိတ်ဝင်စားသူများ ကမ္ဘာကြီး ပျက်စီးသွားပုံကို လေ့လာနိုင်ပါကြောင်း သတိတရဖြစ်စေပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၉-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes