စာမိတ်ဆက်
ဒီပို့စ်လေး ရေးဖြစ်ဖို့ ၂၀၀၈ ခုနှစ်ကထဲက အစပြိုးခဲ့သည်။ အဒီအချိန် စာရေးသူလဲ စာတစောင် ပေတစောင်အဖြစ် ရေးလေ့ရေးထ မရှိခဲ့ ပေမဲ့ ကိုယ့်ရဲ့ မှတ်တမ်း (ဒိုင်ယာရီ) တွင်တော့ ရေးလေ့ရှိသည်၊ မှတ်တမ်းတင်လေ့ရှိသည်။ ၂၀၀၈ ခုနှစ်က သီတဂူဆရာတော်ကြီး အိန္ဒိယတက္ကသိုလ်ကြီးတခုခုတွင် ပညာသင်ဖို့ရန် စေလွတ်သည်။ ပူနေးတက္ကသိုလ်၊ ကာလကတ္တားတက္ကသိုလ်၊ ဘုံဘေ တက္ကသိုလ်နှင့် မဒ္ဒရစ် (ချန်နှိုင်း) တက္ကသိုလ် ၄ ခုတွင် တခုခုတက်ဖို့ရန် ညွှန်ကြားသည်။ သူငယ်ချင်းများက ပူနေးတက္ကသိုလ်တွင် တက်ခွင့်ရရန် ဆောင်ရွက်ပေးသဖြင့် ထိုတက္ကသိုလ်တက်ခွင့်ရသည်။ တက္ကသိုလ် အမ်အေတန်း ဒုတိတယနှစ် တက်ရင်း သီတဂူစတား အမည်ရှိ ဘလော့ဂ်တစ်ခု ဖန်တီးကာ စာ (ပို့စ်) များ စတင်ရေးဖြစ်ခဲ့သည်။ စာမရေးတတ် သက်ပုံသက်ညွှန်းမနိုင်နှင်းသော မိမိအဖို့ ပို့စ်တစ်ခု ဖြစ်ပေါ်လာဖို့ရာ အလွန်ခက်ခဲခဲ့သည်။ သို့သော် ရေးချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ ဘယ်သူတွေ ဘာပြောပြော၊ ဝေဖန်ချင်တာ ဝေဖန်ပါစေ့ ဆိုပြီး ဆုံးဖြတ်ချက်ချကာ ရေးဖြစ်ခဲ့သည်။ ဝေဖန်ပေါင်းများစွာလည်း ခံရဖူးသည်။ အခုချိန်အထိ ကိုယ့်ကိုယ်ကို ကျေနပ်လောက်အောင် မရေးနိုင်သေး။ ဘာပဲ ဖြစ်ဖြစ် ဖတ်ရင်း ရေးရင်း လေ့ကျင့်ရင်းဖြင့် အသိပညာ ဗဟုသုတမျာ ရလိုက်ခြင်းက ကိုယ့်အတွက် အမြတ်ပဲ၊ ကိုယ်အတွက် အခွင့်အရေးပဲ ဟူ၍ တွေးကာ ကျေနပ်ရတော့သည်။
အလှူရှင်ဂုဏ်ရည်
အလှူရှင်ဂုဏ်ရည် ပို့စ်တစ်ခု ရေးဖို့က အိန္ဒိယပညာတော်သင် မလာခင်လေးမှာပဲ နာဂစ်ဒဏ်ကြောင့် သေကြေပျက်စီး ဆုံးရှုံးသွားသော နေရာဒေသများဆီသို့ သွားရောက်ကြည့်ရှုပြီး ချက်ချင်း ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေသော သီတဂူဆရာတော်ကြီး၏ အလှူတော်များကိုကြည့်ပြီး စိတ်ကူးထဲမှာ အလှူရှင်များ၏ ဂုဏ်ရည် ဆိုတဲ့ အတွေးတစ်ခု ၀င်ခဲ့ဖူးသည်၊ သို့သော် စာအဖြစ် မရေးဖြစ်ခဲ့။ ၂၃-၁၀-၂၀၁၀ နေ့က ဒုတိယအကြိမ် ထိုအတွေးတစ်ခု ၀င်လာပြန်သည်၊ တိုကျို ဂျပန်မှ မြန်မာ အလှူရှင်တဦးက သီတဂူဆရာတော်ကြီး၏ ဘာသာရေး လူမှုရေးတွေကို အမှန်တကယ် အားကြိုးမန်တက် ဆောင်ရွက်နေသည်ကို ယုံကြည်သဖြင့် ဆရာတော်ကြီးကို ကိုယ်တိုင် မဖူး မတွေ့ရသေးသော်လည်း ယုံကြည်မှုတစ်ခုတည်းနဲ့ အလွန်များပြားလှတဲ့ သိန်း ရာနှင့်ချီသော ငွေပမာဏကို စွန့်လွတ်နိုင်ခဲ့သည်။ ထိုနည်းတူစွာ ဆရာတော်ကြီးကျောင်းမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များသည် ဆေးရုံအလှူတော်၊ ရေ အလှူတော်၊ တက္ကသိုလ်များ အလှူတော်နှင့် အခြားလူမှုရေး အလှူတော်များကို မိမိတို့ ကိုယ်အား ဥာဏ်အား တို့ဖြင့် ရှာဖွေ စုဆောင်းထားသော စည်းစိမ်တို့ကို ကိုယ်တစ်ယောက်တည်း မစား မသုံးဘဲ သာသနာတော်အတွက် ရက်ရက်ရောရော စွန့်လွတ်နိုင်ကြသည်မှာ ယုံကြည်မှု သဒ္ဓါပင်ဖြစ်ပါသည်။
‘‘ ဒကာ ဒကာမတွေက တို့ကို အစုလိုက် အပြုံလိုက် ရက်ရက်ရောရော ပေးကမ်း လှူဒါန်းကြတယ်ဆိုတာ သာသနာတော်နှင့် သာသနာတော်ကြီးအတွက် အမှန်တကယ် အလုပ် လုပ်နေတာကို ယုံကြည်လို့ပဲ ဖြစ်ပါတယ်’’ ဟု သီတဂူဆရာတော်ကြီး မိန့်ဖူးသည်။ သဒ္ဓါ ဇာတော ဥပသင်္ကမိ- ထို ယုံကြည်ချက်ဖြင့် ငါ့ထံ ရောက်လာကြခြင်းဖြစ်တယ်။ ဒါ့ကြောင့် သာသနာပြုလုပ်ငန်း လုပ်တဲ့ကိစ္စမှာ စိတ်ဓာတ်မြင့်မားမှု (mind power) ရှိနေဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ကိုယ်က သာသနာအတွက် အမှန်တကယ် အလုပ်လုပ်နေရင် ဒကာ ဒကာမ (အလှူရှင်တွေ)က နောက်က လိုက်လာဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။ ကိုယ်က အမှန်တကယ် အလုပ် လုပ်နေဖို့ပဲ လိုပါတယ်။
ထို သဒ္ဓါတရားအလွန်ကောင်းသော အလှူရှင်များအကြောင်း တွေးရင်း ငယ်ငယ်က ဖတ်ဖူး လေ့လာခဲ့ဖူးတဲ့ စာပေထဲက စာပိုဒ်ကလေး အချို့ကို သတိရလိုက်မိပါတယ်။
ငယ်ငယ်ဘ၀ကလေ့လာခဲ့သော စာပေ
အမှန်ဝန်ခံရရင် စာရေးသူတို့ ၁၅ နှစ်သားအရွယ် သာမဏေကျော်စာမေးပွဲများ ၀င်စဉ်က ကိုယ်လေ့လာနေသော စာပေတွေကို နေ့စဉ်ဘ၀မှာ ဘယ်လို အသုံးချမလဲ (how to apply in our daily life) ဆိုတာ ကောင်းကောင်း မသိခဲ့ပါ။ မှန်၏ စာသင်တိုက်ကြီးက ပေးလိုက်သော သင်္ခန်းစာအားလုံးသည် သိုမှီးသိမ်းဆည်းထားဖို့ မဟုတ်၊ စာမေးပွဲ အောင်ရုံနှင့် ဘွဲ့ဒီဂရီများ ရဖို့ သက်သက်မဟုတ်၊ ထိုစာပေဖြင့် နေ့စဉ်ဘ၀ အသုံးချဖို့ပဲ ဖြစ်သည်။ သို့သော် ငယ်ရွယ်သော စာရေးသူမှာတော့ ထိုစာသင်တိုက်ကြီး၏ ရည်ရွယ်ချက်ကို မလိုက်နိုင်ခဲ့၊ အရွယ်ရလာတာနဲ့အမျှ ငယ်ငယ်က လေ့လာ ဆည်းပူးခဲ့သော စာပေတွေရဲ့ သဘောတရားတွေကို တဖြေးဖြေး နားလည်လာသည်၊ အသုံးချရကောင်းမှန်း သိလာသည်။ စာပေက အလှူရှင် ဂုဏ်ရည်နှင့်ပတ်သက်ပြီး ပြောထားတာလေးတွေရှိပါတယ်။
အင်္ဂါ (၃)ပါးနှင့်ပြည့်စုံသူကို သဒ္ဓါတရားရှိသော၊ သာသနာတော်၌ ကြည်ညိုသော အလှူရှင်မည်၏။
ထိုသုံးပါတို့ကား----
၁။ မိုင်ပေါင်း ဘယ်လောက် ဝေးဝေး ကိုယ်ကျင့်တရားရှိသော သီလ၀န္တ အရှင်မြတ်များကို သွားရောက် ဖူးမျှော်လိုသော ဆန္ဒရှိခြင်း။
၂။ သူတော်ကောင်းတရားတို့ကို နာယူလိုသော ဆန္ဒရှိခြင်းနှင့်
၃။ အလှူဒါန ပေးကမ်းစွန့်ကြဲခြင်းတို့၌ မွေ့လျော်ပျော်ပိုက်ခြင်း တို့ဖြစ်သည်။
ဒဿနကာမော သီလ၀တံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သဝေ သဒ္ဓေါ တိ ၀ုစ္စတိ။ (အံ-၁-တိဌာနသုတ်၊ နှာ ၁၄၉)
ထိုသုံးပါးဂုဏ်ရှိသူကို သဒ္ဓါတရားရှိသူ၊ သာသနာတော်၌ ကြည်ညိုသူ အလှူရှင်ဟူ၍ ဆိုအပ်၏။ ထိုလှူရှင် ဂုဏ်သုံးပုဒ်တွင် နံပါတ် ၃ အလှူဒါန၊ ပေးကမ်း၊ စွန့်ကြဲ၊ ဝေငှခြင်းတို့၌ မွေ့လျော်သူကို စာက အောက်ပါဂုဏ်ရည် တို့ဖြင့် ဖော်ညွှန်းထားသည်ကို တွေ့ရသည်။ ဒါန ဂုဏ်ရည်ဟူ၍လည်း ဆိုနိုင်ပါသည်။
ဒါနဂုဏ်ရည်များ
၁။ မုတ္တစာဂေါ ပယတပါဏိ-လွတ်လွတ်ကျွကျွတ် စွန့်ကြဲသည်ဖြစ်၍ ဆေးကြောအပ်ပြီးသော လက်ရှိသူ။
၂။ ဝေါဿဂ္ဂရတော- စွန့်လွတ်ခြင်း၌ ပျော်သည်၊ မွေ့လျော်ခြင်း။
၃။ ယာစယောဂေါ -တောင်းခံခြင်းငှါ သင့်သည်။
၎။ ဒါနသံဝိဘာဂရတော- ပေးလှူ ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။
၅။ ၀ိဂတမလမစ္ဆေရ-ကင်းသော မစ္ဆေရ အညစ်ကြေးရှိသူ။
မုတ္တစာဂေါ ပယတပါဏိ- လွတ်လွတ်ကျွကျွတ် စွန့်ကြဲသည်ဖြစ်၍ ဆေးကြောအပ်ပြီးသော လက်ရှိသူ။ ၂၀-၁၀-၂၀၁၀ နေ့က ရွှေဥရာစုသစ်ရဲ့ မွေးနေ့ပွဲ အလှူတစ်ခု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်မှာ ကျင်းပခဲ့သည်၊ ကျောင်းအမ ဒေါ်ရွှေဥက ထိုမွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မဟာသန္တိပါတ အစည်းဝေးခန်းမဆောင် အတွက် သိန်း ၅၀၀ ကျပ်လှူဒါန်းပွဲနှင့် ပင့်သံဃာ ၂၀ တို့အား တပါးလျှင် အမေရိကန် ဒေါ်လာ ၁၀၀ စီ လှူဒါန်းပွဲ ကျင်းပခဲ့သည်။ ထိုပွဲတွင် သီတဂူဆရာတော်ကြီးက ဒါန ဂုဏ်ရည်အကြောင်း ထည့်ပြောသွားရာဝယ် ပယတပါဏိ ပုဒ်နှင့် ဒါနသံဝိဘာဂ ရတော ပုဒ် ၂ ပုဒ်ကို ထည့် အသုံးချသွာတာ တွေ့လိုက်ရပါတယ်။ ငယ်ငယ်က လေ့လာထားခဲ့ဖူးပေမဲ့ ဤကဲ့သို့ အသုံးချရကောင်းမှန်း မိသိခဲ့။ ဆရာတော် အသုံးချပြီး ပြောသွားတာကို အလွန်ပဲ နှစ်ခြိုက်မိခဲ့ပါတယ်။
‘‘ လက်ဆိုတာ ယူခြင်း ပေးခြင်း စွန့်လွတ်ခြင်း မျှဝေခြင်း ကိစ္စရှိပါတယ်။ ယူခြင်းသည် လောဘ (attach or craving )နှင့် မစ္ဆရိယ- သိမ်းဆည်းထားခြင်း ဆုပ်ကိုင်ထား (keeping firmly) နှင့် ထိုလောဘ နှင့် မစ္ဆရိယကို စွန့်လွတ်ခြင်းဖြင့် ပေးကမ်းခြင်း မျှဝေခြင်း’’ ဟု ဆိုပါတယ်။ ထိုလောဘ၊ မစ္ဆရိယ စတဲ့ ကိလေသာ အညစ်ကြေးမှ ကင်းသော လက်ရှိသူ၊ ထို့ကြောင့် ပယတပါဏိ ဆိုတာ ထိုကိလေသာမှ လွတ်သော ဖြူစင် သန့်ရှင်းသော လက်ရှိသူ ဟု ဆိုလိုသည်။
အဋ္ဌကထာကတော့ ပယတပါဏီတိ ဓောတဟတ္ထော။ ဆိုလိုသည်မှာ သဒ္ဓါတရားမရှိသူ၏ လက်ကို အကြိမ်တရာ ဆေးကြောသော်လည်း မလိနဟတ္ထော- အညစ်ကြေးမစင် မသန့်စင်သော လက်ရှိသူ။ သဒ္ဓါတရားရှိသူ၏ လက်သည်ကား အလှူဒါန စွန့်လွန်ခြင်း၌ ပျော်ပိုက်နေသောကြောင့် ပကတိ လက်မှာ ချေး အညစ်ကြေး ပေနေသော်လည်း ဓောတ ဟတ္ထော- စင်ကြယ်သော လက်ရှိသူဟူ၍ ဆိုပါသည်။
တတိယအကြိမ် ရေးဖို့ အကြံဖြစ်ပေါ်လာခြင်းကတော့ ဒေါ်ရွေဥရဲ့ သိန်း ၅၀၀ ကျပ်အလှူ၊ ဒီပို့စ် ရေးနေစဉ်မှာပဲ ကနေဒါက မသင်းသင်းယုနှင့် သူငယ်ချင်းတစုကလည်း ဆရာတော်ကြီး၏ လူမှုကယ်ဆယ်ရေးတွေကို အားကျ ကြည်ညိုလွန်းလို့ ဟိုးးးးးးးတပြည်တရွာကနေ လာလှူလိုက်ကြသေးသည်။ ယုံကြည်မှု၏ စွမ်းအားပင် ဖြစ်ပါည်။
ဒါနသံဝိဘာဂရတော- ပေးလှူ ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။ ဒါနဆိုတဲ့ပုဒ်ကို အများစုက ပေးလှူလို့ ဘာသာရေးနယ်ပယ်က စကားရပ်ဖြင့် ပြန်ဆိုကြပေလိမ့်မည်၊ သီတဂူဆရာတော်ကြီး၏ ဟောချက် ပြောချက်တို့သည် အဘယ့်ကြောင့် လူတွေရဲ့ နှလုံးသားထဲ၌ ထိထိမိမိ ရောက်စေနိုင်သနည်း ဆိုသော်-ဆရာတော်ကြီးသည် လူသားတို့ ဝေါဟာရ အသုံးအနှုန်းများဖြင့် တသားတည်းကျအောင် အသုံးပြုသောကြောင့် ဘ၀နှင့်တထပ်တည်းကျသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ဒါန ကို ဝေငှခြင်းဟူ၍ ဘာသာပြန်ဆိုကာ ကျောင်းအမကြီး (အလှူရှင်) သည် မိမိကိုယ်တိုင် ကိုယ်အား ဥာဏ်အားတို့ဖြင့် ရှာဖွေစုဆောင်းထားသော စည်းစိမ်များကို ကိုယ်တည်းတယောက်တည်း မသုံးစွဲဘဲ သာသနာတော်အား ဝေငှပေးခြင်း၊ ခွဲဝေ သုံးစွဲခြင်းဖြစ်သည်။
ထို့ကြောင့် ဒါနသံဝိဘာဂရတော-ဝေငှခြင်း၊ ပေးလှူရာဝယ် ဝေဖန် ခန့်ခွဲ စီမံမှု၌ ပျော်ပိုက်သည်။ ဆိုလိုသည်မှာ မိမိရှာဖွေ၍ ရသော ပစ္စည်းများကို ဝေငှခြင်း၊ ပေးကမ်းခြင်းတို့၌ စီမံဆောင်ရွက်ခြင်းတို့၌ ပျော်မွေ့သူ၊ ပျော်ပျော်ကြီး အလှူဒါန ပြုသူဟူ၍ ဆိုနိုင်သည်။
ဝိဂတမလမစ္ဆေရ- ၀န်တိုခြင်းဟုသော အညစ်ကြေးမရှိ။ မိမိ ရှာဖွေ၍ ရသော ပစ္စည်း စည်းစိမ်များကို နှမျောတွန့်တိုခြင်းမရှိ၊ သိမ်းဆည်းထားခြင်းမရှိ၊ တပါးသူတို့အား ပေးကမ်းနိုင်ခြင်း၊ စွန့်လွတ်နိုင်ခြင်းဖြစ်သည်။ ထိုအလှူရှင်သည် ထို သိန်း ၅၀၀ ကျပ်ကို မိမိ တကိုယ်တည်း စားသုံးဖို့ပဲ သိမ်းဆည်းထားခြင်းမရှိ၊ တပ်မက်ခြင်းမရှိ၊ ၀န်တိုခြင်းမရှိဘဲ စွန့်လွတ်နိုင်ခဲ့သည်။
နိဂုံး
ဤသို့အားဖြင့် အလှူရှင်တို့သည် ပုဗ္ဗေကတပုည- ရှေးဘုန်းရှေးကံကြောင့် ပတိရူပ ဒေသလို့ခေါ်တဲ့ ဘုရား တရား ရဟန်းသံဃာ ရှိရာအရပ်သို့ ဖြစ်ခွင့်ရကြသည်။ ထို အရပ်ဒေသမှာ လူဖြစ်ခွင့်ရကြခြင်းကြောင့် သဒ္ဓမ္မသ၀န-သူတော်ကောင်းတရားများ နာကြားခွင့်ရ၍ အတ္တသမ္မာမဏိဓိ-မိမိစိတ်ကို ကောင်းစွာ ထိန်းနိုင်ခြင်း၊ ထားနိုင်ခြင်း။ ကောင်းစွာထားနိုင်ခြင်း ထိန်းနိုင်ခြင်းဟူသည် မိမိကိုယ်ကို သီလမရှိသည်ကို သီလရှိလာအောင်၊ သဒ္ဓါမရှိသော မိမိကိုယ်ကို သဒ္ဓါတရား ရှိလာအောင်၊ နှမျှောတွန့်တို ၀န်တိုခြင်း မစ္ဆရိယစိတ်ရှိသော မိမိကိုယ်ကို မစ္ဆရိယစိတ် မရှိအောင် ထားပေးနိုင်ခြင်းတို့ကြောင့် အတ္တသမ္မာမဏိဓိ ဂုဏ်ကို ရရှိကြသည်။ ဤသို့သော ဂုဏ်အပေါင်းတို့ကြောင့် သဒ္ဓါ စေတနာ ပစ္စည်းဝတ္ထု အလှူခံဟု အင်္ဂါ ၄ တန် ပြည့်စုံကြသဖြင့် အလှူဒါနပွဲများ ဆင်နွှဲနိုင်ကြသည်။ ဆိုခဲ့ပြီးသော ဂုဏ်ရည်အပေါင်းတို့နှင့် ပြည့်စုံသော အလှူရှင်တို့သည် မိမိပိုင် စည်းစိမ်များကို ပေးနိုင် ကမ်းနိုင် စွန့်နိုင်ကြပေတော့သတည်း။
မှတ်ချက်။ ။ ဤ အလှူရှင်ဂုဏ်ရည် အမည်ရှိသော ပို့စ်ဖြင့် နယ်နယ် အရပ်ရပ်မှ သီတဂူသာသနာပြုအလှူရှင်များနှင့် အခြားခြားသော အလှူရှင်များအား ဂုဏ်ပြုပါသည်။
ကျမ်းကိုးများ
(က) အဂုင်္တ္တရနိကာယ တိကနိပါတ ပါဠိတော်
(ခ) အဂုၤတၱရနိကာယ တိကနိပါတ႒ကထာ
(ဂ) အဂုင်္တ္တရနိကာယ် တိကနိပါတ မြန်မာပြန်
(ဃ) မဇ္ဈိမပဏ္ဏာသ ပါဠိတော်
(င) သုတ္တနိပါတဋ္ဌကထာ
(စ) သီတဂူဆရာတော် သြ၀ါဒ
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၈-၁၀-၂၀၁၀