အချည်းနှီး မဖြစ်ရလေအောင်
တနေ့က တက္ကသိုလ် အသျှင်သီရိ၏ ရဟန်းမြတ် စာအုပ်လေးဖတ်ပြီး ကိုယ့်ဘ၀ကို ပြန်သုံးသပ်မိသောအခါ ရှက်စိတ်ဝင်လာမိသည်၊ ရှက်စိတ်ထက် စိတ်ထဲမှာ လေးလံနေမိသည်။ ဒကာ ဒကာမတွေ လှူလိုက်တဲ့ ဆွမ်း (အစားအစာ)၊ သင်္ကန်း (အ၀တ်)၊ ကျောင်း (နေစရာ) နှင့် ဆေး (ကျန်းမာရေး) တွေကို အလှူခံပြီး ကိုယ့်ဘ၀က ကြီးပြင်းလာခဲ့ရသည်။ အပေးမရှိ အယူပဲ ဖြစ်၍ ဤကဲ့သို့ တွေးမိသည်။ တကယ်တော့ မိမိတို့ ပေးနိုင်သည်ကား ကောင်းကောင်းနေခြင်း၊ ဓမ္မအာဟာရများ ပေးခြင်းနှင့် မေတ္တာပွားများပေးခြင်းမျှသာ ဖြစ်သည်၊ ဘုရားကလဲ ပြောပါတယ်၊ တိုင်းပြည် လူမျိုးက လှူအပ်သော ဆွမ်းစသည်ကို မေတ္တာ မပွားများဘဲ သုံးဆောင်မိပါက တိုင်းပြည် လူမျိုးအတွက် အချည်းနှီးမျှသာ ဖြစ်သည်တဲ့၊ ဆိုလိုသည်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမများဘူး၍ပင်။
မိမိ အသက် ၁၅ နှစ်အရွယ်က သင်ခဲ့ဖူးသော အင်္ဂုတ္တရနိကာယ် ဧကနိပါတ် အစ္ဆရာသင်္ဃာတ၀ဂ္ဂ မှာ လာရှိတဲ့ စာပိုဒ်လေး တခုက ခေါင်းထဲဝင်လာသည်။ ထိုစာပိုဒ်ကလေးက-
အစ္ဆရာသင်္ဃာတမတ္တမ္ပိ မေတ္တာစိတ္တံ အာသေ၀တိ၊ အယံ ၀ုစ္စတိ ဘိက္ခဝေ ဘိက္ခု အရိတ္တဇ္ဈာနော ၀ိဟရတိ သတ္ထုသာသနကရော သြ၀ါဒပတိကရော အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဖတိ။
လက်ဖျစ်တတွတ်လေးမျှ မေတ္တာစိတ် ပွားများပြီး သုံးဆောင်ပါက ဘုရားအဆုံးအမကို လိုက်နာရာ ရောက်၏၊ မြတ်ဗုဒ္ဓသာသနာကိုလဲ ပြုရာရောက်၏၊ တိုင်းပြည်နှင့်လူမျိုးအတွက် အချည်းနှီးမဖြစ်ဟု စာက ဆိုထား၏၊ သို့သော် နေ့စဉ် ပုံမှန် မေတ္တာပို့ငြားသော်လည်း မဟာမိတ္တမထေရ်၏ အလှူရှင်အပေါ်ထားသည့် စိတ်ဓာတ်ကို ကြည်ညိုမိပြီး ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်ကာ ရှက်မိသည်။ ဒါပေမဲ့ မဟာမိတ္တ မထရ်ကဲ့သို့ အလှူရှင်များအတွက် ရဟန်းကိစ္စ မပြီးသေးနိုင်ပေမဲ့ အကြွေးမတင်အောင် (ဣဏပရိဘောဂ) တိုင်းပြည်အတွက် အချည်းနှီး မဖြစ်အောင် (အမောဃံ ရဋ္ဌပိဏ္ဍံ)၊ ဘုရားစကားလိုက်နာရာ ရောက်အောင် (သြ၀ါဒပတိကရော) အနည်းဆုံး မေတ္တာစိတ်ကလေးတော့ ပွားများနိုင်ပါသေးသည်ဟု ဖြေသိမ့်ရပါတော့သည်။
အချို့သော ဒကာ ဒကာမတွေမှာ သူတို့အတွက် စားစရာမရှိပေမဲ့ ရဟန်းတော်တို့အား မွန်မြတ်သော အစားအစာ လှူနိုင်ခဲ့သည်။ နေစရာ ကောင်းကောင်း မနေဘဲ ကျောင်းဆောင်ကြီးများ ဟီးနေအောင် ဆောက်ပြီးလှူဒါန်းနိုင်ခဲ့သည်၊ ၀တ်စရာ နွှမ်းပါးပေမဲ့ ရဟန်းတော်တို့အား အမြတ်တနိုး ကောင်းသော အထည်များကို လှူနိုင်သည်။
မဟာမိတ္တ အမည်ရှိ ရဟန်းတပါး၏ အလှူရှင်များ အပေါ် ထားရှိသည့် သဘောထားများကို ဖတ်လိုက်ရပြီး ထို ဒကာ ဒကာမတို့ လှူလိုက်သော ပစ္စည်း လေးပါးဖြင့် ကြီးပြင်းလာခဲ့ရခြင်းကို တွေးမိကာ မိမိလိုပဲ မိမိနှင့်ဘ၀တူတွေလည်း ရှက်စိတ်လေးများ ၀င်လာမိမှာ အမှန်ပင် ဖြစ်သည်။
မဟာမိတ္တ ၀တ္ထု
တခါက သီဟိုဠ်ကျွန်းမှာ မဟာမိတ္တအမည်ရှိ ရဟန်းတပါးသည် ကဿက လိုဏ်ဂူ၌ သီတင်းသုံးကာ ရဟန်းတရား အားထုတ်၍ နေလေ့ရှိသည်။ သူသည် နေ့စဉ်နှင့်အမျှ ထို လိုဏ်ဂူအနီးအနားရှိ ဆင်းရဲသား မိသားစုအိမ်သို့ ဆွမ်းခံကြွလေ့ရှိသည်။ ထိုမိသားစုမှာလည်း အမေနှင့် သမီး သားအမိ ၂ ယောက်သာရှိသည်။
တနေ့သ၌ မိခင်ကြီးသည် တောထဲသို့ မသွားမီ သမီးအား မှာကြားခဲ့သည်၊ ‘‘ သမီးရေ--သမီး အကိုကြီး ဆွမ်းခံကြွလာရင် ထမင်းချက်ပြီး နို့၊ ထောပတ်၊ တင်းလဲ တို့ကို လောင်းလှူလိုက်ပါ၊ သမီးလည်း စားပေါ့’’
ကိုယ့်လည်မှ ထွက်သော ဆန်စပါးများကို ကိုယ်ကိုတိုင် ဖွတ်ထောင်းပြီး ထားခဲ့သော နေရာကို သမီးအား ပြပြီး အထွက်တွင် ‘‘မေမေကော ဘာစားပြီးပြီလဲ’’ ဟု သမီးက မေးရာ မေမေတော့ မနေ့က ကျန်တဲ့ ထမင်ကြမ်းခဲကို ထမင်းရည်နဲ့ စမ်းပြီး စားလိုက်ပြီ သမီး။ ဒါဆို နေ့လည်စာအတွက်ကော မေမေ? နေ့လည်စာအတွက်တော့ ဆန်ကွဲလေးကို ပြုတ်ပြီး ဟင်းရွက်ကလေးခပ်လိုက်ရင် ဒို့သားအမိ နှစ်ယောက်စာအတွက် လုံလောက်ပြီပေါ့’’
ကိုယ့်ကိုယ်ကို ဆုံးမ
မဟာမိတ္တမထေရ်သည် ဆွမ်းခံရန်အတွက် သပိတ် သင်္ကန်းတို့ကို ပြင်ဆင်နေစဉ် ဒိဗ္ဗသောတ အဘိဥာဉ်ဖြင့် သားအမိ နှစ်ယောက် ပြောသမျှ စကားအားလုံးကို ကြားသိရသဖြင့် သတိသံဝေရကာ သူ့ကိုယ်သူ ဆုံးမသည်မှာ ‘‘ မောင် မိတ္တ-- မင်း ကြားရဲ့လား၊ သူတို့ခမျာ ထမင်းရည်၊ ထမင်းကြမ်း၊ ဟင်းကြမ်းမျှဖြင့် တစ်နပ်သာ စားရရှာပေမဲ့ မင်းအတွက်တော့ ကောင်းပေ့ဆိုတဲ့ ထောပတ်၊ ဆီဦး၊ ဆန်ကောင်း၊ နို့ထမင်းတို့ဖြင့် အကောင်းခြည်းပဲ လှူဖို့ စိတ်ဆန္ဒစောနေကြတယ်၊ သူတို့က မင်းဆီက ရွှေ ငွေ ကျောက်တန် ပတ္တမြား ဘယ်ဥစ္စာကိုမှ မျှော်လင့်နေကြတာ မဟုတ်ဘူး၊ မင်းနဲ့ ဆွေမျိုးတော်လို့ လှူကြတာလဲ မဟုတ်ဘူး၊ လူနတ် နိဗ္ဗာန် ချမ်းသာကိုသာ မျှော်ကိုးပြီး လှူနေကြတာ ဖြစ်၍ သင်ကကော သူတို့မျှော်သလို ပေးနိုင်တဲ့ လယ်ယာ မြေကောင်းကြီးကော ဟုတ်ရဲ့လား၊ ထို့ကြောင့် မောင်မိတ္တ- သင့်မှာ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေနဲ့ သူတို့ လှူတဲ့ ဆွမ်းကို စားသင့်ရဲ့လား’’ ။
မထေရ်လည်း ထိုကဲ့သို့ သတိ သံဝေဂ ရကာ ‘‘ ငါသည် ရဟန်းကိစ္စ မပြီးသရွေ့ ဒီနေရာက မထတော့ဘူး’’ ဟု သန္ဒိဋ္ဌာန်ချကာ သပိတ်ကို အိပ်ယာအောက် ထားလိုက်ပြီး လိုဏ်ဂူထဲ ၀င်ကာ တရားအားထုတ်လေတော့သည်။ ထိုနေ့ မွန်မလွဲခင်မှာပဲ ရဟန်းကိစ္စပြီး၍ ရဟန္တာအရှင်မြတ်ကြီးဖြစ်ကာ ထိုမိသားစု အတွက် လယ်ယာမြေကောင်းကြီး ဖြစ်ပါတော့ သတည်း။
လိုဏ်ဂူ အနီးရှိ နတ်ဒေ၀ါများကလည်း ‘‘ သင်သည် ယောက်ျား အာဇာနည် ဖြစ်သည်၊ ရဟန္တာ အရှင်မြတ်ဖြစ်သည်၊ ပူဇော်အထူးကို ခံထိုက်သည်၊ ထိုကဲ့သို့သော အရိယာအရှင်မြတ်ကို လှူဒါန်းပူဇော်ကြသူများမှာ သံသရာ ၀ဋ်ဒုက္ခမှ လွတ်ငြိမ်းရပါတော့သည်ဘုရား’’ဟု ကောင်းချီးပေးကာ ရှိခိုးလေသည်။
တိုက်ပွဲနှင့် ရှက်စိတ်
တိုက်တိုက်ဆိုင်ဆိုင် ထို မဟာမိတ္တ အရှင်မြတ်အကြောင်း ဖတ်ပြီး နောက် ၂ရက်မြောက်နေ့မှာ သီတဂူကျောင်းအမကြီး၏ အိမ်၌ ဆွမ်းစားပင့်သဖြင့် ဒေါက်တာပညာသီဟာလင်္ကာရ နှင့် အတူ ရောက်ခဲ့သည်။ စားဖွယ် သောက်ဖွယ်တွေလည်း ကိုယ်တိုင် ချက်ပြုတ်ပြီး ဖွယ်ဖွယ်ရာရာ ကပ်သည်။ ဆွမ်းစားနေရင်း ထိုမထေရ်ကြီးကို သတိရမိလိုက်သည်၊ ရှက်စိတ် ၀င်လာပြန်သည်။ ဆွမ်းများကပ်ပြီး လှူဖွယ်နှင့် ပစ္စည်း ၄ ပါးအတွက် န၀ကမ္မ ပါ လှူလိုက်သေးသည်၊။ နောက်တနေ့ နေ့လည်ပိုင်း အခန်း သန့်ရှင်းရေးလုပ်ပြီး စာအုပ်ကြားတွင် ညှပ်ထားသော စာအိပ်ကို ဖွင့်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်းတွေ့လိုက်ရသည်မှာ ဟိုတနေ့က ကျောင်းအမကြီးက လှူလိုက်သော န၀ကမ္မများမှာ မြန်မာကျပ်ငွေများမဟုတ်ဘဲ ဒေါ်လာများ ဖြစ်နေသည်။ ပုထုဇဉ်ဖြစ်သော မိမိသည် ထို အလှူငွေကို ကြည့်လိုက် ပီတိဖြစ်လိုက် တဖန် မဟာမိတ္တ မထေရ်ကြီးကို သတိရလိုက် ရှက်စိတ်ဖြစ်လိုက်နဲ့ ရှက်ခြင်းနှင့် ပီတိဖြစ်ဖြစ်ခြင်းတို့ အပြန်အလှန် တိုက်ခိုက်နေကြသည်။ ဒကာမကြီးကတော့ လှူလိုက်ရတော့ လောဘတည်းဟူသော ၀န်ထုပ်ကြီးကို ပစ်ချလိုက်ရသဖြင့် ပေါ့ပါးသွားပါလိမ့်မည်၊ အလှူခံ မိမိမှာတော့ ထိုပစ္စည်းကို ခံယူလိုက်ရသဖြင့် လေးလံသွားသည်။ ၀န်ထုပ်ကြီးတခု လက်ခံလိုက်သလိုပဲ ဟု ဆရာတော်ကြီးတပါး မိန့်ခဲ့ဖူးသလိုပင်။
လှူလိုက်တဲ့ ဒကာမကြီးကတော့ လောဘ (ပစ္စည်းဥစ္စာအပေါ် တပ်မက်ခြင်း) ကို စေတနာဖြင့် ကောင်းကောင်း အောင်ပွဲဆင် အနိုင်ယူနိုင်ပြီး စွန့်လွတ်နိုင်ခဲ့ပေမဲ့ မိမိမှာတော့ အပြန်အလှန် တိုက်ပွဲ နွဲနေဆဲ။ ထို ရှက်စိတ်ကြောင့်ပင် အရှင်မြတ်ကဲ့သို့ ရဟန်းကိစ္စ ပြီးအောင် အားမထုတ်နိုင်သော်လည်း အချည်းနှီးမဖြစ်ရလေအောင် အလှူရှင်အား မေတ္တာပဲ ဖိ ပို့နေရတော့သည်။
အစားအစာ စားတိုင်း၊ ဒကာ ဒကာမများ အလှူများကို သုံးစွဲတိုင်း မဟာမိတ္တမထေရ်ကြီးကိုပဲ မြင်ယောင်မိနေတော့သည်။ ကိုယ့်ကိုယ်ကိုလည်း သတိ သံဝေဖြင့် စိတ်ကို ထိန်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်တော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၄-၁၀-၂၀၁၀

0 comments:
Post a Comment