ဒီပို့စ်ကလေးတော့ ဟားခါးက နောင်နောင် ကမေးတဲ့ မေးခွန်းလေးဖြစ်ပါတယ်။ မေးထားတော့ ကြာပါပြီ မအားတာနဲ့ မရေးဖြစ် မဖြေဖြစ်တာကိုတော့ မောင်ရင် နားလည်စေလိုပါတယ်။ ပေါ့ပေါ့ပါးပါး ဖြေထားခြင်းဖြစ်တယ်၊ ပြည့်စုံမည်ဟူ၍ မထင်မိပါ။ သို့ကြောင့် ဖြည့်စွပ်ပြီး ဖြေကြည့်ကြပါလေ။
အမေး
အရှင်ဘုရား .... တပည့်တော်က (အရင်တခါ ကာမေသု..ကံ နဲ့ပတ်သက်လို့ ဘုန်းဘုန်းဆီ စာရေးဖူးတဲ့) ဟားခါးမြို့က နောင်နောင် ပါဘုရား။ ဒုတိယအကြိမ် တပည့်တော်စိတ်ထဲ မရှင်းတာလေး မေးချင်လို့ပါဘုရား။
တပည့်တော်အခု စဉ်းစားမိတာက ငါးပါးသီလနဲ့တော့ မပတ်သက်ပေမဲ့ ငယ်ငယ်တုန်းကအကြောင်းနဲ့ ဆက်စပ်ပြီးတွေးမိတာပါဘုရား။
(၁) တပည့်တော်တို့ ငယ်ငယ်ကရှင်ပြုပြီး ရှင်သာမဏေဖြစ်သွားတော့ အဖေနဲ့အမေက ငယ်သေးလို့ ဆိုပြီး အိမ်မှာခေါ်သိပ်တတ်ပါတယ်ဘုရား။ အဲဒီအခါ ညအိပ်ခါနီးရင် အဖေနဲ့အမေတို့က တပည့်တော်တို့ကို
ရှိခိုးပြီးမှအိပ်ကြပါတယ်ဘုရား။ ပြီးတော့ ဦးပဇင်း(ရဟန်း)ဖြစ်သွားတဲ့ ကိုယ်တော်တွေကိုလည်း သူတို့မိဘ၊ အဖိုး၊ အဖွား တွေကနေရှိခိုးတာကို တပည့်တော်တွေ့ဖူးပါတယ်ဘုရား။
(၂) နောက်တစ်ခုက တပည့်တော် ဆယ်တန်း အောင်ပြီးခါစလောက်က နာဖူးတဲ့ တရားခွေ တစ်ခွေမှာ ဆရာတော်ကြီးတစ်ပါး (ဘွဲ့တော်ကိုတော့ မသိတော့ပါဘူးဘုရား) က သူစာသင်သားဘ၀တုန်းက အဖြစ်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ သာမဏေတွေကို ဆုံးမဟောကြားထားပါတယ်ဘုရား။ အဲဒီမှာ “မင်းတို့တွေ
ဒီမှာနေပြီး စရိတ်ပြတ်ခါကျရင် မယ်တော်ရေ၊ ခမည်းတော်ရေ၊ ဘာညာဘာညာနဲ့ ပို့ခိုင်းပြီး ၀ါကျွတ်အိမ်ပြန်ရင်လည်း အဖေမေရှေ့ တင်ပြင်ကြီးခွေလို့ အခန့်သားနဲ့ အဲလိုမလုပ်ကြနဲ့’’ ...စသည့်ဖြင့် ပါပါတယ်ဘုရား။
အဲဒီလိုနဲ့ တပည့်တော်စဉ်းစားမိတာက အရှင်ဘုရားတို့သံဃာ ဆိုတာကလည်း ရတနာသုံးပါးထဲ မှာပါပြီး မိဘဆိုတာကလည်း အနန်ဒေါအနန်ဒ (စာလုံးပေါင်း မှားပါတယ်ဘုရား) ငါးပါထဲပါလေတော့......
....ရဟန်းကနေ သူ့မယ်တော်ခမည်းတော်ကို ရှိခိုးထိုက်ပါသလား။ ဒါမှမဟုတ်။ ရှိခိုးလို့ရပါသလား။ အဲလိုရှိခိုးရင် မိဘတွေက ငရဲကြီးတတ်ပါသလား (အပြစ်ဖြစ်သလား) ဆိုတာကိုပါဘုရား။
ဘုရားရှင် လက်ထက်က သာဓကတွေ ရှိခဲ့ရင်လည်း သိချင်ပါတယ်ဘုရား။ ဘုန်းဘုန်း အားလပ်တဲ့အချိန်မှ ပြန်လည်ဖြေကြားပေးစေလိုပါတယ်ဘုရား။
အရှင်ဘုရား ဒီထက်မက သာသနာ့အကျိုး ထမ်းရွက်နိုင်ပါစေကြောင်း ဆုရည်လျက်
နောင်နောင် ခေတ္တ ဟားခါး
အမေး+အဖြေ
အေးကွာ ဟားခါးသားရေ-- မောင်ရင့်မေးခွန်းက ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ သိသင့်သိထိုက်သော အချက်ဖြစ်သလို ဗုဒ္ဓဘာသာတိုင်း သိထားဖို့လဲ လိုအပ်ပါတယ်။ မောင်ရင့် မေးခွန်းကို ဘုန်းဘုန်း ဥာဏ်မီသလောက် ဖြေပေးပါ့မယ်။ လိုရင်းတိုးရှင်းပေါ့။
မိဘနှင့်သားသမီး
(ပထမမေးခွန်းက မိဘက ကိုယ့်သားရဟန်း (သာမဏေ)ကို ရှိခိုးထိုက်ခြင်း)
အမေနှင့် အဖေက ရဟန်းပြုသွားသော သို့မဟုတ် ရှင် (ကိုရင်) ဖြစ်သွားသော ကိုယ့်သားကို ရှိခိုးထိုက်ပါတယ်။ ကိုရင် သို့မဟုတ် ရဟန်းဖြစ်သွားသော အခါ ထိုသားကို သူတို့မပိုင်တော့ပါဘူး။ ဘုရားသားဖြစ်သွားပြီ။ အိမ်မှာ နေလို့လဲ မသင့်တော်တော့ဘူး၊ ဘုရားသားဖြစ်၍ ဘုရားရှင်ကျောင်းမှာပဲ နေရပါတယ်။ ဘုရားသားများထဲတွင် အငယ်ဆုံး ကိုရင်သည်ပင် အကျင့်သီလ ၁၀ ပါးသီလမှ ၇၅ ပါးသိက္ခာပုဒ် အကျယ် ၁၂၀ သော သိက္ခာပုဒ်များ ထိမ်းသိန်းစောင့်ရှောက်ပြီး၊ ဗုဒ္ဓစာပေများ နေ့စဉ်ရွတ်ပွားနေရသဖြင့် ကိုးကွယ်ထိုက်သော စေတီသဖွယ်ဖြစ်ရကား မိဘများ၏ ရှိခိုးမှုကို ခံယူထိုက်သည်။
ဘုရားသာသနာမှာ မိဘနှင့် သားသမီးဟူ၍ အဆင့်မသတ်မှတ်ဘဲ လောကုတ္တရာဂုဏ်ထူးဖြင့် အဆင့်သတ်မှတ်ထားသည်။ သို့သော် သိပ်ကျေးဇူးများလွန်းသောကြောင့် ရဟန်းဖြစ်သွားသော်လည်း သားရဟန်းက မိဘကို ပြုစု လုပ်ကျွေးသင့်ကြောင်း မာတုပေါသကသုတ် သုဝဏ္ဏသာမဇာတ်တော်တို့တွင် ဟောကြားထားသည်။ ရှိခိုးရမည်ဟုမဆိုလိုပါ။
အနာထပိဏ်သူဌေးကြီးကို သမီးအငယ်ဆုံး သုမန က မောင်လေးဟု ခေါ်သည်။ သမီးလေးသုမနက သကဒါဂါမိမဂ် (ဒုတိယအဆင့်) ရပြီးဖြစ်သည်။ ဖအေဖြစ်သူ အနာထပိဏ်ကတော့ သောတာပန်မျှသာ ရှိသေး၍ အရိယာနယ်ပယ်မှာ နိမ့်နေသဖြင့် သမီးက အဖေကို မောင်လေးဟု ခေါ်သည်။ လူဝတ်ကြောင်လောကတွင် ဤကဲ့သို့ လောကုတ္တရာဂုဏ်ဖြင့် သတ်မှတ်ပေမဲ့ ရဟန်းနှင့် လူဝတ်ကြောင်အကြားမှာတော့ ကိုယ်ကျင့်သီလနှင့် အသွင်ပြင်တို့ဖြင့် အဆင့်သတ်မှတ်ထားသည်ကို တွေ့ရမည်။ ဥပမာ- အနာဂါမ်အရိယာ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးတစ်ယောက်သည် ထိုနေ့မှ ရဟန်းဖြစ်သော ပုထုဇဉ်ရဟန်းငယ်ကို ရှိခိုးရမည်။
ဘုရားရှင်သည် ဘုရားဖြစ်ပြီး မကြာမီမှာပဲ ဆွေတော် မျိုးတော်များ ရှိရာ ကပိလ၀တ်သို့ကြွတော်မူသည်။ ထိုမြို့ရှိ ဘုရားရှင်၏ ဦးလေး ဒေါ်လေးတွေက ‘‘ ငါတို့ တူလေးပဲ ရှိခိုးစရာမလိုပါဘူး’’ ဟု ယူဆနေကြသည်။ ဘုရားရှင်ကလည်း သူ၏အမျိုး သာကီနွယ်တွေ က သိပ်မာနကြီးတယ်ဆိုတာ သိသည်။ ဖခင်ဖြစ်သူကလည်း ‘‘ငါ့သားပဲ ဘာရှိခိုးစရာ လိုလဲ’’ဟု တွေးသည်။ ဘုရားရှင်သည် သူ၏ ဆွေတော်မျိုးတော်များ၏ မာနကို ချိုးနိမ်လိုသည်ဖြစ်၍ တန်ခိုးအစုံတို့ကို ပြသတော်မူမှ ဆွေတော်မျိုးတော်တွေကော သူ၏ ဖခင် သုဒ္ဓေါဓနမင်းကြီးပါ ပြားပြားဝတ်ဆင်းပြီး သားတော် ရဟန်း (ဘုရား)ကို ရှိခိုးကြသည်။
မှတ်ချက်။ ။ဤအမေးနှင့်ပတ်သက်ပြီး အဖြေများမှာ စာပေတွင် များစွာရှိသည်။ သို့သော် ဤမျှလောက်ဖြင့် နားလည်နိုင်သည်။
ဒုတိယမေးခွန်း
ဒုတိယမေးခွန်းဖြစ်တဲ့ သားရဟန်းက မိဘကို ရှိခိုးတယ်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းတော့ ကောင်းကောင်း မသိလှပါဘူး။ ဒါပေမဲ့ သိသလောက်လေး ဖြေပေးပါမည့်၊ ဘုန်းဘုန်း အတွေးလို့ပဲ မှတ်ပါ။
အခါတစ်ပါး သိင်္ဂါလက အမျိုးသားတစ်ယောက် မနက်စောစော အိပ်ယာကထပြီး အရှေ့ရပ်၊ တောင်ရပ်၊ နောက်ရပ်၊ မြောက်ရပ်၊ အထက်အရပ်နှင့် အောက်ရပ် ဟူသော အရပ် ၆ မျက်နှာကို နေ့စဉ် ရှိခိုးလေ့ရှိသည်။ ဘုရားရှင်က ထိုအမျိုးသားအား ‘‘ အမျိုးကောင်းသား-- ငါ့ဘုရားသာသနာမှာ ပကတိ အရပ်မျက်နှာတို့ကို ရှိခိုးမသင့်ဘူး၊ တကယ်ရှိခိုးရမှာက- အရှေ့အရပ်ဟူသော အမိအဖ၊ တောင်အရပ်ဟုသော ဆရာနှင့် အထက်အရပ်ကို ရဟန်းနှင့်သူတော်စင်များကို ထားပြီး အနောက်အရပ်ကို သားသမီးဟူ၍၎င်း၊ မြောက်အရပ်ကို ဆွေးမျိုး မိတ်ဆွေဟူ၍၎င်း၊ အောက်အရပ်ကို အလုပ်သမားများဟူ၍၎င်း ထားကာ ရှိခိုးထိုက်သူကို ရှိခိုး လေးစားသင့်သူကို လေးစားသင့်ကြောင်း ဟောထားသည်။ ရဟန်းတော်ရယ် လူဝတ်ကြောင်ရယ်လို့ ခွဲခြားပြီးမဟောသော်လည်း သိင်္ဂါလကသည် လူဝတ်ကြောင်ဖြစ်ရကား လူဝတ်ကြောင်များအတွက် ရည်ရွယ်ထားဟန်တူပါသည်။
အင်္ဂုတ္တိုပါဠိတော် တိကနိပါတ ပဏ္ဍိတသုတ်မှာတော့ ပညာရှိတွေ သူတော်ကောင်းတွေ အလုပ် ၃ ခုကို ချီးမွန်းကြပါတယ်ဆိုတာ တွေ့ရပါတယ်။ ၁။ ဒါန-စွန့်လွတ်နိုင်ခြင်း။ ၂။ ကရုဏာရှိသော သီလရှိသော ရဟန်းအဖြစ်နှင့် ၃။ မိဘကို ပြုစုလုပ်ကျွေးခြင်း။ ပြုစုလုပ်ကျွေးခြင်းဟူသည် ဘေးအန္တရာယ်မှ စောင့်ရှောက်ခြင်း၊ လုံခြံရာ စိတ်ချရာ၌ ထားပြီး စောင့်ရှောက်ခြင်းနှင့် ပြုစုလုပ်ကျွေးခြင်းတို့ဖြစ်သည်။ ရဟန်းတော်များကို ဟောသောသုတ်ဖြစ်၍ ရဟန်းတော်များသည် မိဘများကို ပြုစုလုပ်ကျွေး စောင့်ရှောက်ရမည်ဟူပင် ဖြစ်သော်လည်း ရှိခိုးရမည်ဟူ၍ကား မပါ။
ရဟန်းတော်များ မိဘများကို ရှိခိုးထိုက်-မထိုက် အငြင်းပွားဖွယ်
ထိုအင်္ဂုတ္တရနိကာယ် သဗြဟ္မကသုတ်မှာတော့ ရဟန်းတော်များအားဦးတည်၍ အောက်ပါအတိုင်း ဟောထားသည်ကို တွေ့ရသဖြင့် မိဘတို့သည် သားရဟန်း၏ ရှိခိုးမှုကို ခံယူထိုက်၏ဟု ဆိုရမလိုဖြစ်နေသည်။
၁။ ဗြဟ္မာ- မိဘတို့သည် ဗြဟ္မာကြီးနှင့်တူသည်။ ဗြဟ္မာကြီးများသည် မေတ္တာ, ကရုဏာ, မုဒိတာ နှင့် ဥပေက္ခာတို့ဖြင့် အမြဲနေသလို မိဘများသည်လည်း သားသမီးများအပေါ် ထိုဗြဟ္မာများကျင့်သော ဗြဟ္မ၀ိဟာရ ၄ ပါးဖြင့် အမြဲရှိနေသည်ဖြစ်သည်။ ထို့ကြောင့် မိဘများသည် ဗြဟ္မာကြီးများနှင့်တူသည်။
၂။ ပုဗ္ဗာစရိယ- လက်ဦးဆရာ။ မိဘများသည် လက်ဦးဆရာများဖြစ်ကြသည်။ မွေးပြီး အချိန်ကစပြီး သား သမီးကလေးများကို ‘‘ ဒီလို ထိုင်၊ ဒီလိုသွား၊ ဒါက ဖေဖေ၊ ဒါက မေမေ၊ ဒါက ဦးဦး၊ ဒါက အမ အကို၊ ဒါက စားလို့ရတယ် စားလို့မရဘူး’’ စသည်ဖြင့် ဦးစွာ သင်ပေးသူဖြစ်သောကြောင့် လက်ဦးဆရာဟု ခေါ်သည်။
၃။ အာဟုနေယျ- သားသမီးများ၏ ပူဇော်အထူးကို ခံယူထိုက်သည်။ မိဘများသည် မိမိတို့၏ သားသမီးကို အသက်ပေး၍ စောင့်ရှောက်ကြသည်။ ဤကဲ့သို့ မိဘများကို ပြုစု စောင့်ရှောက်သော သူများကို သူတော်ကောင်းတွေ ပညာရှိတွေက ချီးမွမ်းကြသည်၊ တမလွန်ဘ၀ကို လားသော် ကောင်းသော ဂတိများသို့သာ သွားရတတ်သည်။
ထိုဂုဏ်ထူးဝိသေသတွေနဲ့ ပြည့်စုံသောကြောင့် မိဘများကို ‘‘နမေႆယ်၊ သကၠေရယ်’’ ဟု စာပေက ဆက်လက်ပြဆိုထားသည်။ ဆုိလုိသည္မွာ နမေႆယ်- ရွိခုိးရာ၏။ သကၠေရယ်- မြတ်မြတ်နိုးနိုး ပြုစုလုပ်ကျွေးရာ၏ ဟု ပြဆိုထားသည်ကို ထောက်ဆ၍သော်၎င်း၊ ရဟန်းတော်များကို ဦးတည်၍ ဟောထားသော သုတ္တန်ဖြစ်သောကြောင့်၎င်း ရဟန်းတော်များသည် မိမိတို့၏ မိဘများကို ရှိခိုးထိုက်၏ ရှိခိုးသင့်၏ဟု ဆိုရမည်လော တွေးစရာဖြစ်၏။ သို့သော် ရဟန်းပရိသတ်၊ ရဟန်းမ ပရိသတ်နှင့် လူပရိသတ်အားလုံးရှိနေသော်လည်း ရဟန်းတော်များကို ဦးတည်၍ ဘိက္ခဝေ ဟု ခေါ်တတ်သဖြင့် သို့မဟုတ် ဘိက္ခဝေ ကို ရဟန်း၊ ရဟန်းမ၊ လူပရိသတ်အားလုံးကို ရည်ရွယ်၍ ဟောလေရှိရကား နမေဿယျ ကို လူပရိသတ်အတွက် ရည်ရွယ်သည်လည်း ဖြစ်နိုင်သည်။
ဒုတိယမေးခွန်းနှင့်ပတ်သက်ပြီး သူငယ်ချင်း ၈ ပါးလောက်ကို မေးဖူးသည်။ သူတို့အားလုံးရဲ့ တစ်ခုတည်းသော တူညီသော အဖြေကတော့ ရဟန်း သာမဏေများသည် မိမိတို့၏ မိဘများကို ရှိမခိုးသင့်ဟူပင်ဖြစ်သည်။ ဆိုလိုသည်မှာ မိဘများသည် မိမိ၏ သား ရဟန်း ကိုရင်တို့၏ ရှိခိုးမှုကို မခံယူထိုက်ဟုဆိုလိုသည်။
အနောက်တိုင်း အတွေးအခေါ်များအရဆိုရင် အကယ်၍ လူဝတ်ကြောင် သားသမီးက မိဘကို ရှိခိုးသင့်တယ်ဆိုရင် ရဟန်းဖြစ်သောသူသည်လည်း မိဘ၏ သားဖြစ်ရကား မိဘကို ရှိခိုးသင့်ဟု ဆိုပါလိမ့်မည်။
စာပေမှာအများစုမှာတော့ မိဘက သားရဟန်းကိုပဲ ရှိခိုးနေရသည်ကို တွေ့ရသည် သားရဟန်းက မိဘကို ရှိခိုးသော ဇာတ်တော်ကိုကား မတွေ့ဖူးသေး။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံခါနီး ဘာသာခြား အယူဝါဒရှိသော မယ်တော်ကို နောက်ဆုံးအနေနဲ့ သွားရောက်တွေ့သည်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ နောက်ဆုံး မယ်တော်ကြီးသည် သားရဟန်း အရှင်သာရိပုတ္တရာ အထံမှောက်၌ ၀တ်ဆင်းပြီး ရှိခိုးလေတော့သည်။
ဝိနည်း ငါးကျမ်းလာ ပရိဝါပါဠိတော် စာမျက်နှာ ၃၅၇ တွင် အ၀န္ဒိယ (ရှိမခိုးထိုက်သော) ပုဂ္ဂိုလ်များတွင် လူဝတ်ကြောင်များ၊ အမျိုးသမီးများ၊ ကျားမဟုတ် မ မဟုတ် ကဏ္ဍုတ်များလည်းပါနေသည်။ ထိုအဆိုအရ မိဘများသည် လူဝတ်ကြောင်ဖြစ်ရကား ရဟန်းတော်များ၏ ရှိခိုးမှုကို မခံယူထိုက်ဟု မှတ်ရတော့မည်။
ထိုပရိဝါမှာပဲ ရဟန်းတော်များ၏ ရှိခိုးခြင်းကို ခံယူထိုက်သူတို့မှာ-- ၁။ မြတ်ဗုဒ္ဓ၊ ၂။ သိက္ခာ၊၀ါ ကြီးသူ၊ ၃။ နာနာသံဝါသက ဓမ္မ၀ါဒီ သတင်းကြီးရဟန်း၊ ၄။ ဆရာ ၅ ဦးဖြစ်သူ ရဟန်း၊ ၅။ ဥပဇ္ဈာယ် ရဟန်း ဟူ၍ ပုဂ္ဂိုလ် ၅ ဦးကိုပဲ ထုတ်ဖော်ပြထားသည်။ ထိုအထဲတွင် အမေနှင့်အဖေ မပါ။
အနန္တောအနန္တငါးပါးတွင် မိဘကို ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ ကိုးကွယ်ကြသည်ကား မြန်မာလူမျိုးတို့၏ မိဘအပေါ် ချစ်မြတ်နိုးသော ဓလေ့တစ်ခုဖြစ်သည်။ ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃဂုဏော အနန္တောဟု ပိဋကတ်မှာ တွေ့နိုင်ပေမဲ့ မာတာပိတုဂုဏော အနန္တောကိုတော့ မတွေ့ရ။ သို့သော် မပြစ်မှားထိုသောပုဂ္ဂိုလ်၊ ပြစ်မှားမိက ဘုရားကိုပြစ်မှားမိသလို ဂရုကံ (ကြီးလေးသောအပြစ်) ထဲမှာတော့ ပါသည်။ ဒါကို စာက ပဉ္စာနန္တရိယကံဟု ဆိုသည်။ မိဘ၏ ကျေးဇူးတရားပြရာဝယ် လောကီနည်းဖြင့် ဆက်မကုန်အောင် ပြထားပေမဲ့ လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်က နို့ဘိုးကျေသည်ဟုဆိုသည်။ လောကုတ္တရာနည်းဆိုသည်မှာ သဒ္ဓါတရားမရှိတဲ့ အမေအဖေကို သဒ္ဓါတရားရှိလာအောင်၊ ကောင်းမှုပြုခွင့်ရအောင် ဆောင်ရွက်ပေးခြင်း၊ ပညာမရှိတဲ့ မိဘ ပညာရှိလာအောင် ပညာမျက်လုံး ဓမ္မမျက်လုံးတို့ကို ပေးခြင်းဖြင့် ကျေနိုင်သော ကျေးဇူးဆပ်နည်းဟုဆိုသည်။ အနန္တဂုဏဟု ဆိုပေမဲ့ ဤနည်းဖြင့် ကျေးဇူးဆပ်နိုင်သည်။
နိဂုံး
ပထမမေးခွန်းမှာ လူတိုင်းလက်ခံနိုင်အောင် အထောက်အထားများစွာရှိသည်။ ဒုတိယမေးခွန်းကိုလည်း ပထမမေးခွန်း၏ အဖြေကိုကြည့်၍သော်၎င်း ဒုတိယမေးခွန်း၏ ရှင်းလင်းချက်နှင့် အထောက်အထားများကို ကြည့်၍သော်၎င်း ရဟန်းတော်များကသာ မိဘ၏ ရှိခိုးမှုကိုခံယူထိုက်၊ မိဘများကမူ ကိုယ့်သားဖြစ်သော ရဟန်း၏ ရှိခိုးမှုကို မထိုက်ဟုသော အဖြေက အားသာနေသည်။ ဟားခါးက မောင်ရင်ရေ--ဘုန်းဘုန်းတော့ ဤမျှသာအဖြေပေးနိုင်ပါသည်။ အဖြေကို ကျေနပ်အားရမှု မရှိသေးပါက အခြားတတ်သိနားလည်သော ပုဂ္ဂိုလ်များကိုလည်း ထပ်ပြီး မေးပါ။ မေးခြင်းသည်လည်း ပညာပါရမီဖြစ်သည်။
မှတ်ချက်။ ။ မိမိတတ်သလောက် မှတ်သလောက်လေးနဲ့ တွေးထားသည်မှာ မပြည့်စုံ မလုံလောက်ပါ။ အနည်းငယ်သော စာပေများဖြင့် ဖြေထားသည်ဖြစ်သောကြောင့် ပြည့်စုံသည်ဟူ၍မဆိုနိုင်၊ လိုဖြည့်ပိုနုတ်၍ နားလည်ကြပါကုန်။
ကိုးကားကျမ်းများ
၁။ ဓမ္မပဒအဋ္ဌကထား
၂။ ၀ိနည်းမဟာဝါ
၃။ ပရိဝါပါဠိတော်
၎။ ပါထိက၀ဂ္ဂပါဠိတော်
၅။ အင်္ဂုတ္တိုပါဠိတော် တိကနိပါတ်၊ ၎င်းအဋ္ဌကထား
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၃-၂၀၁၁