သီတဂူစတား

သီတဂူစတား

22 March 2011

The voice of the Buddha (ဗုဒ္ဓအသံ)

ဗုဒ္ဓအသံဟူသည် မြတ်ဗုဒ္ဓဟောကြား မိန့်ဆိုထားသမျှ ဓမ္မ အဘိဓမ္မာ ၀ိနယ ပါဝစန အားလုံးသည် ဗုဒ္ဓအသံ၏ အစွမ်းသတ္တိမှာ evil ကို good အဖြစ်သို့ ပြောင်းလဲစေနိုင်သည်၊ Jealousy ကို Joy အဖြစ်သို့ ပြောင်းလဲစေနိုင်သည်။ Ignorance ကိုလည်း Enlightenment သို့ ပြောင်းလဲစေနိုင်သည်။

ယုံကြည်မှုလွန်ကဲသော ပညာမဲ့ကမ္ဘာကို ပညာပေး၍ သဒ္ဓါကိုပညာနှင့် ဟန်ချက်ညီစေခဲ့သည်။ ပညာလွန်ကဲ၍ ကောက်ကျစ်နေသော လောကကိုလည်း သဒ္ဓါပေး၍ ပညာနှင့် ညှိပေးလိုက်သည်။ ၀ီရိယလွန်ကဲသူတို့၏ တုန်လှုပ်နေသော လောကကိုလည်း သမာဓိဖြင့် တည်ငြိမ်စေခဲ့သည်။ ပညာမဲ့လျက် ယုံကြည်ကိုးကွယ်နေကြသော အကန်းကမ္ဘာကို ဗုဒ္ဓ၏အသံတည်းဟူသော မြတ်ဗုဒ္ဓဓမ္မက သစ္စာကို ခင်းပေးခဲ့၍ သစ္စာတရားကို သိမြင်စေခဲ့သည်။ မည်သည့်ဘာသာရေး ခေါင်းဆောင်တို့ကမျှ မသင်ကြား မဟောကြားခဲ့သော သစ္စာလမ်းစဉ် (Eightfold Noble Path)နှင့် သစ္စာတရားတို့ကို မြတ်ဗုဒ္ဓ၏ အသံတိုင်း၌ တွေ့မြင်ရလေသည်။

နက်ရှိုင်းကျယ်ပြန့်စွာသော ဗုဒ္ဓ၏အသံများ၌ သိသာထင်ရှားသော အသံတော်တချို့ကို ရွေးချယ်ကောက်နှုတ်တင်ပြလိုသည်။

သိဒ္ဓတ္ထမင်းမြတ် လုမ္ဗိနီတွင် ဖွားမြင်စဉ်က ကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်တည်၍ ကြွေးကြော်ခဲ့သော ဗုဒ္ဓအလောင်းအလျာမင်းသားငယ်ကလေး၏ အသံမှာ အံ့ချီးဖွယ်ဖြစ်သည်။ မဟာပထ၀ီမြေကြီးကို တုန်ဟီးစေခဲ့သည်။ လူနတ်ဗြဟ္မာ အပေါင်းတို့ကို အံ့အားသင့်စေခဲ့သည်။ ထို့ပြင် အားကိုးလိုစိတ်များ အားကြီးစွာ ပေါ်ပေါက်ခဲ့သည်။

‘‘ငါသည် ဤသတ္တ၀ါလောကတွင် အမြတ်ဆုံး, ငါသည် ဤသတ္တ၀ါလောကတွင် အသာဆုံး, ငါသည် ယခု မွေးဖွားခြင်းသည် နောက်ဆုံး, ငါသည် နောက်တဖန် ဘယ်မှာမှ ပြန်လည် မွေးဖွားတော့မည် မဟုတ်, ငါ၏ ဒုက္ခစက်ဝိုင်းကား ပျက်စဲခဲ့ပြီ’’

ဤသည်ကား မြတ်ဗုဒ္ဓ၏ ပထမဆုံးသော ကြွေးကြော်သံဖြစ်သည်။ ရဲရင့်ပြတ်သားသော သီဟနာဒ ဗုဒ္ဓအသံဖြစ်ပါသည်။ 

ဗုဒ္ဓအဖြစ်သို့ရောက်ခါစ နံနက်ခင်းအရုဏ်ဦး ဥရုဝေလာ နေရဉ္ဇရာက ညောင်ပင်ရိပ်၌ ကြွေးကြော်အသံမှာ သစ္စာရသ သန္တရသ အပြည့်ပါသည့် ကြွေးကြော်သံဖြစ်ပါသည်။ ခန္ဓာ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် တိုင်ရစ်မှ ဆင့်, ထုတ် ကြမ်းခင်းမှ အမိုးပေါက် အမွှန်းအပြောက် ချယ်ထားသည့် အိမ်ကြီးနှင့်တူသောကြောင့်၊ ထိုအိမ်သည် လှပသော်လည်း အတွင်း၌မူ ဆင်းရဲခြင်း, စိုးရိမ်ပူဆွေးခြင်း, အလိုမပြည့်ခြင်း, အစိုးမရခြင်းတို့ဖြင့် ပြည့်နပ်နေသော မစင်အိုးအလုံးပိတ် ဆေးရောင်စုံချယ် ပန်းပန်ထားသည်အလားဖြစ်၏။ ဤကဲ့သို့သော ခန္ဓာအိမ်အလိမ်ကြီးကို မည်သည့် God နှင့် goodness တို့များ ဖန်ဆင်းထားခဲ့လေသနည်းဟု ဂဟကာရက (creator of the house) ကို ရှာဖွေခဲ့သည်မှာ ဘ၀ပေါင်းများလှသည်။ ဖန်ဆင်းရှင်ရှိခဲ့သည် အထင်မှားကြောင့် ဒုက္ခများခဲ့လှသည်။ တကယ်တော့ ဤစက်စုပ်ဖွယ်ကောင်းသော ခန္ဓာအိမ်ကို ဖန်ဆင်းသော ဖန်ဆင်းရှင် တကယ်မရှိ။ ဖန်ဆင်းရှင်က ဤခန္ဓာအိမ်ကို တည်ဆောက်ပေးသည်ဟု ယူဆခြင်းသည် အ၀ိဇ္ဇာ၏ စိတ်ကူးယဉ်ခြင်းမျှသာ ဖြစ်သည်။

ဤယနေ့ ငါသည် အ၀ိဇ္ဇာကြောင့် မျက်မှန်အမည်းကို ခွါချလိုက်နိုင်ခဲ့သည်အတွက် ပန်းအိုးမဟုတ် မစင်အိုးမှန်းသိခဲ့လေသည်။ မက်မောဖွယ်ကား လုံးဝမရှိတော့ပြီ။ (တဏှာနံ ခယမဇ္ဈဂါ)

ဘုရားဖြစ်စ ပထမဆုံးသော ကြွေးကြော်ခဲ့သော ဤဗုဒ္ဓ၏အသံတော်မှာ ဖန်ဆင်းရှင်ရှာပုံတော် ၆ နှစ်ကြာ ထွက်ခဲ့သော မြတ်ဗုဒ္ဓ၏ ကိုယ်တိုင်အတွေ့ကို ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။ အ၀ိဇ္ဇာ တဏှာ ကံမှတပါး ဖန်ဆင်းရှင် အခြားမရှိဟု သတ္တလောကကို ပြောပြလိုက်ပြီ။ This is the first voice of the Buddha.

ထို့နောင် အဖြစ်အပျက်တို့၏ အကြောင်းအရင်းကို သိအောင် ကျင့်ကြ။

ထို့နောင် ဒုက္ခဇာတ် အဆုံးသက်လိုလျှင် ဇာတ်ကလိုသည့်စိတ်ဓာတ်ကို ပျောက်အောင် အားထုတ်ကြ။

မျိုး, မြေ, ရေ အကြောင်းရင်းသုံးပါးချုပ်လျှင် မည်သည့်အပင်မျှ မပေါက်တော့ကြောင်း၊ ဤ အကြောင်းသုံးပါးတို့၏ အကြား၌ creator မရှိကြောင်း။

‘‘ဤဟာရှိလျှင် ဤဟာဖြစ်၏။ ဤဟာဖြစ်လျှင် ထိုဟာဖြစ်လည်းဖြစ်၏။ ဤဟာချုပ်လျှင် ထိုဟာထိုဟာတို့ချုပ်ကုန်၏။ (ဣတိ ဣမသ္မိံ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။)

သမာသဂုဏ်အမြောက်ဆုံးသော လိုရင်းတိုကျဉ်းအလွန်ရှင်းသည့် မြတ်ဗုဒ္ဓ၏အသံတော်-------။

ဥရုဝေလာမှ မဂဓသို့အကြွ လမ်းခုလက် ဂယာသီသတော၌ ဂျိန်းဘုန်းကြီး ဥပကနှင့်ဆုံမိရာ ဥပက၏မေးခွန်းပေါင်းများစွာ၌ လွင့်ထုတ်ခဲ့သော မြတ်ဗုဒ္ဓအသံတို့မှာ ရဲရင့်ပြတ်သားလှပေစွ။

‘‘အို--ဥပက! ငါတို့သည် လောက၌ အရဟံ, ငါသည် လောက၌ ပြိုင်ဘက်ကင်းသောဆရာ, တစ်ယောက်တည်းသော သမ္မာသမ္ဗုဒ္ဓ, တကယ့်ကိုပဲ ငါသည် ငြိမ်းချမ်းပြီး ပုဂ္ဂိုလ်ဖြစ်၏, နိဗ္ဗူတကို ငါ ရပြီ’’

သင် ဗုဒ္ဓဖြစ်ဖို့ သင် နိဗ္ဗူတရဖို့ ဘယ်သူ့အထံတပည့်ခံခဲ့သနည်းဟု ဂျိန်းဘုန်းကြီး ဥပက မေးမြန်းခဲ့လျှင်-

‘‘ဟေ့ ဥပက! ငါ့လမ်း ငါဖောက် ငါ့လမ်း ငါ့လျှောက် ငါ့ကျင့်စဉ် ငါကိုယ်တိုင်ဖော်ထုတ် ငါကျင့်တဲ့အတိုင်း ငါကိုယ်တိုင် သိခဲ့တာဖြစ်လို့ ငါ ဘယ်သူကိုမှ ဆရာတင်စရာမလိုဘူး၊ ငါ့မှာ အခြားဆရာမရှိဟု ငါ့ကိုယ်ကို ငါကိုယ်တိုင်သင်၍ ငါကိုယ်တိုင်ကျင့် ငါကိုယ်တိုင်သိခဲ့တာဖြစ်သည်၊ ဒါ့ကြောင့် ဤလောက၌ ငါနှင့်တူသူမရှိ’’ (Self-Taught+Self-Enlighten) ရဲရင့်သော သီဟနာဒဖြစ်လေသည်။

‘‘အို ဥပက! ငါသည် အလုံးစုံကိုအောင်မြင်ခဲ့သည်၊ ငါသည် အလုံးစုံကို သိခဲ့သည်၊ ငါသည် ဘယ်မှာမှငြိကပ်ခြင်းမရှိ၊ ငါ့၌ မည်သည့်အညစ်အကြေးမျှ လိမ်းကြံခြင်းမရှိ၊ ငါသည် အလုံးစုံကို စွန့်လွတ်ခဲ့သည်၊ ငါသည် တဏှာက္ခယသို့ ရောက်၍ လွတ်မြောက်ခဲ့ပြီ’’ဟု မိမိ၏ဘ၀အဖြစ်မှန်နှင့် အရည်အချင်း အစွမ်းသတ္တိတို့ကို အကုန်အစင် ကြွေးကြော်ခဲ့သည်။

နီတိကျမ်း၌ စာတချို့ရှိသည်။ အတ္တဂုဏာ ပကာသတ္တော ဟီနလက္ခဏာ- မိမိဂုဏ်ကိုဖော်ပြလျှင် သူတော်မဟုတ်ဟု ဆိုသည်။ သို့သော် အ၀ိဇ္ဇာနှင့်ဒိဋ္ဌိ အပြည့်ဖုံးသော ဤစုံလုံးကန်းကမ္ဘာ၌ မိမိဘ၀ မိမိ၏၀ါဒကို ပွင့်လင်းစွာ ကြေငြာရသည်ဖြစ်သည်။ အမောက်ထောင်မပြသော နဂါးကို လူညံ့တို့က ရေမြွေထင်တတ်သည်။

သင့်အမည်နာမ ပြောပြပါဦးဟု ဂျိန်းဘုန်းကြီး၏ အမေးကိုမူ မြတ်ဗုဒ္ဓက ဤသို့ဖြေခဲ့သည်။

‘‘ငါတို့လို ပုဂ္ဂိုလ်တို့မှ ဇိန (ဂျိန်း) ဖြစ်သည်။ 

မှတ်ချက်။ ။ နင်တို့ကို လူတွေ ဂျိန်းမဟုတ်ဟု ဆိုလိုရိပ်ရှိသည်။

ဂျိန (ဇိန) ဂျိတ (ဇိတ)= ဂျိန်းဟူသည် အ၀ိဇ္ဇာ တဏှာ ကံ သင်္ခါရနှင့်ကိလေသာတို့ကို အောင်မြင်ခဲ့သည်ဟု အဓိပ္ပါယ်ရသည်။ သို့ဖြစ်ခြင်းကြောင့် ငါ့နာမည်ကို ဇိနလို့လည်း ခေါ်နိုင်သည်။ အနန္တဇိနလို့လည်း ခေါ်နိုင်သည်ဟု ကြေငြာတော်မူခဲ့လေသည်။ တကယ့်ဂျိန်းအစစ်ကား ဗုဒ္ဓဖြစ်တော်မူသည်။ ထိုအခါ ဂျိန်းဘုန်းကြီး ဥပကကား ဗုဒ္ဓရှင်တော်၏ခြေအဆုံး ခေါင်းအဆုံး တကိုယ်လုံးကိုကြည့်၍ ဟုတ်လောက်သည် ဟုတ်လောက်သည် (ဟုပေယျ ဟုပေယျ) ဟုဆို၍ မြတ်ဗုဒ္ဓကိုရှောင် လမ်းလွှဲကိုယူ၍ သွားခါနီး နောက်ဆုံးမေးခွန်းက--သင် ဘယ်သွား ဘာလုပ်မလဲဟူ၍ဖြစ်၏။

ဤ၌ The voice of the Buddha ဖြတ်ဗုဒ္ဓ၏အသံမှာ ပွင့်လင်းသည်၊ ပြတ်သားသည်၊ မဟုတ်သည်ကို မဟုတ်ကြောင်း ရှင်းခဲ့ပြီး ဟုတ်သည်ကိုလည်း ဟုတ်ကြောင်း ကြေငြာခဲ့သည်၊ လုပ်မည့်အလုပ်ကိုလည်း ထုတ်ဖော်ခဲ့သည်။

ဓမ္မစက္ကံ ပ၀တ္တေတုံ၊ ဂစ္ဆာမိ ကာသိနံ ပုရံ။
အန္ဓီဘူတသ္မိံ လောကသ္မိံ၊ အာဟဥ္ဆံ အမတ ဒုန္ဒုဘိံ။

အို ဥပက! ငါသည် ဓမ္မစက်ကိုလှည့်ဖို့ ကာသိတိုင်း၏မြို့တော်သို့ သွားမည်။ အကန်းကမ္ဘာမှာ ငါမျက်လုံးဝေမည်။ အပင်းကမ္ဘာမှာကိုတော့ ဓမ္မစည်ကိုတီး၍ ဥာဏ်နားကို ကြားစေမည်။

ဟုပေယျ ဟုတ်လောက်သည်ဟု ခေါင်းတညိမ့်ညိမ့်နှင့် ရှောင်သွားသော ဂျိန်းဘုန်းကြီး၏ တိမ်သလာဖုံးသော မျက်လုံး၌ ဗုဒ္ဓက ဓမ္မမျက်စဉ်းကို ခတ်သွင်းခဲ့လေသည်။ ဓမ္မဂါထာပုဒ်ပေါင်းများစွာကို နာရသော်လည်း ဓမ္မကိုမကြားသော ဥပက၏ ပင်းသောနား၌ ဓမ္မစည်သံကို ရိုက်သွင်းခဲ့လေသည်။ နောင်သောအခါ ဂျိန်းဘုန်းကြီး ဥပကသည် မုဆိုးသမီးနှင့် ညား သားတစ်ယောက်ဖွားမြောက်၊ ဃရာဝါသ ဒုက္ခမှ သောကအကြီးအကျယ်ရောက်မှ အနန္တဇိနဟုသော တကယ့်ဂျိန်း ဂေါတမကို ပြန်လည်သတိရခဲ့လေသည်။ အနန္တဇိနမြတ်ဗုဒ္ဓကို ပြန်လည်၍ ရှာဖွေခဲ့သည်။ သာဝတ္ထိ ဇေတ၀န်၌ ပြန်လည်၍တွေ့ခဲ့သည်။ အနန္တဇိနထံတော်မှ သစ္စာတရားကို နာကြားခွင့်ရခဲ့လေသည်။ ဂျိန်းဘုန်းကြီး ဥပက၏ ဆူးခင်းသောဘ၀ခရီးကြမ်းကား အဆုံးသက်ခဲ့လေပြီ။ မီးကြီးခဲခင်းသော ဘ၀သံသရာ ခရီးကား ငြိမ်းချမ်းခဲ့လေသည်၊ မျက်ရည်သမုဒ္ဒရာ ခမ်းခဲ့ပြီတကား--------။

*အို ငါ့ရှင်သောတုဇန ဓမ္မဒူတ အပေါင်းတို့!
ငါတို့သည် သတ္တလောက၏ အကျိုးစီးပွား တိုးပွားရန်အလို့ငှါ သွားကြပါကုန်စို့။
*အို ငါ့ရှင်သောတုဇန ဓမ္မဒူတ အပေါင်းတို့!
အ၀ိဇ္ဇာလွမ်းသည့် အကန်းကမ္ဘာ၌ ၀ိဇ္ဇာမျက်လုံး ပေးကြပါကုန်စို့။
*အို ငါ့ရှင်သောတုဇန ဓမ္မဒူတ အပေါင်းတို့!
မိစ္ဆာဒိဋ္ဌိဖြင့် ပိတ်ဆို့၍နေသာ နားတို့ကို ဓမ္မစည်ရိုက်၍ ဖွင့်ကြပါစို့။

ဓမ္မစက္ကံ ပ၀တ္တေတုံ၊ ဂစ္ဆာမိ ကာသိနံပုရံ။
အန္ဓီဘူတသ္မိံ လောကသ္မိံ၊ အာဟဥ္ဆံ အမတ ဒုန္ဒုဘိံ။
ပဓိရဘူတသ္မိံ လောကသ္မိံ ၊ အာဟဥ္ဆံ အမတ ဒုန္ဒုဘိံ။

ဒေါက်တာအရှင်ဥာဏိဿရ
၂၂-၂-၂၀၁၁

ဤပို့စ်လေးက ဆရာတော်ကြီးကိုယ်တိုင် ရှေ့က နှုတ်တိုက်ဆိုပေးသည်၊ စာရေးသူက နောက်က လိုက်ရေးထားသည့် ပို့စ်လေးဖြစ်သည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) အတွက် The voice of the Buddha မဂ္ဂဇင်းအတွက် စာမိတ်ဆက်ဖြစ်သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) အတွက် The voice of Dhamm ဟု အမည်ပေးပြီး နှစ်စဉ် ထုတ်ဝေသည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွက်ကိုတော့ The voice of Samgha အမည်ဖြင့် ၂၀၁၁ ခုနှစ်က စပြီး ဒီပလိုမာ ကျောင်းသားများ၏ လက်ရာများဖြင့် တံဆာဆင်ထားကာ မဂ္ဂဇင်းထွက်ပြီး ဖြစ်ပါသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် မှာယူနိုင်ပါပြီ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၃-၂၀၁၁

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes