အသားစားနည်း စနစ်
နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူ နေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။ ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှာ ''အသားကို စနစ်တကျ စားပြီးတော့'' ဆိုတော့ အဲဒါလေးကို သူက ဘယ်လိုမှ မကြိုက်ဘဲ ဖြစ်သွားတယ်။
''အသားစားတာ ဘယ်လိုစနစ်တွေနဲ့ စားရဦးမှာ လဲ''တဲ့။ သူက ဒီလိုလာတယ်။
ဘုန်းကြီးက စနစ်ကို ပြောပြလိုက်တယ်။ ''ဗုဒ္ဓက အသားကြီး ၁ဝ-မျိုး မစားရဘူး။ စားတဲ့အခါ အစွန်း ၃-ပါးမှလဲ လွတ်ရမယ်''။
''အစွန်းသုံးပါးလွတ်သောအသား၊ ဆယ်မျိုးသော အသားမှ လွတ်သောအသားကို စားတဲ့အခါမှာလဲပဲ ပစ္စ ဝေက္ခဏာ သုံးမျိုးနဲ့ ဆင်ခြင်၍စား''။
၁။ ဓာတုပစ္စဝေက္ခဏာ- ဓာတ်သဘောကို ဆင်ခြင်။
၂။ ပဋိကူလပစ္စဝေက္ခဏာ- စက်ဆုပ်ဘွယ် အနေနဲ့ ဆင်ခြင်။
၃။ မဟာပစ္စဝေက္ခဏာဆိုတာ ရှင်ငယ်, ရဟန်း ငယ် များ, ဆင်ခြင်နှလုံးသွင်းတာ။
''အဲဒီလို ပစ္စဝေက္ခဏာ သုံးပါးတွင် တစ်ပါးပါးကို ဆင်ခြင်စား။ အစွန်းသုံးပါးမှ လွတ်တဲ့ အသားကိုစား။ ဆယ်မျိုးသော အသားမှလွတ်သောအသားကိုစား။ အဲဒါ အသားစားတဲ့စနစ်ပဲဗျ၊ ဗုဒ္ဓ ပေးထားတဲ့ စနစ်ပဲ''လို့ ဘုန်း ကြီးက ဒီလိုပြောလိုက်ရော သူက တက်လာပြန်တယ်။ ''ဗုဒ္ဓ ဟာ အသားမစားပါဘူး၊ ဗုဒ္ဓကိုယ်တိုင် အသားမစားဘူး ဆိုတာ အရှင်ဘုရား နားလည်ရဲ့လား''တဲ့ သူက။
''ဗုဒ္ဓဟာ အသားမစားဘူးလို့ ဒကာကြီး ဘယ်လိုလုပ် ပြောနိုင်တာလဲ။ အထောက်အထား ပြစမ်းပါ'' လို့ ဘုန်းကြီးက မေးလိုက်တော့ သူက ''တခြား မပြပါရစေနဲ့၊ ဗုဒ္ဓဟာ အလွန်ကြီးမားတဲ့ မဟာကရုဏာရှင်, အလွန်ကြီးမားတဲ့ မေတ္တာရှင် တစ်ယောက်ဖြစ်တယ်။ အလွန်ကြီးမားတဲ့ မေတ္တာရှင်, ကရုဏာရှင် တစ်ယောက်ဟာ ဘယ်နည်းနှင့်မှ အသားကို မစားနိုင်ဘူး၊ မစားဘူး''တဲ့။
''ဟုတ်ပါတယ်။ ကြီးမားတဲ့ မေတ္တာကရုဏာ ဗုဒ္ဓမှာ ရှိပါတယ်။ လက်ခံပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင် အဲဒီလို စားနည်းစနစ်ကို ချပေးခဲ့တယ်ဆိုတာကို ဒကာကြီး စာမှ ဖတ်ဖူးရဲ့လား''လို့ပြောလိုက်ရော သူစိတ်ဆိုးသွားတယ်။
''ရဟန်းတော်များ အသားမစားထိုက်ဘူးလို့ ဆိုပြီး တော့ ရဟန်းတစ်ပါးက တောင်းပန်ခဲ့တဲ့အချက်ကို မြတ်စွာ ဘုရားက ပယ်ချခဲ့တယ် ဆိုတာကိုရော ဒကာကြီး ဖတ်ဖူးရဲလား''ဆိုတော့ သူက ''မဖတ်ဖူးဘူး''တဲ့။
''အဲဒါ ဒကာကြီး ညံ့တာပဲ''လို့ ဘုန်းကြီးက သူ့ကို တို့လိုက်တယ်။ အဲဒီမှာ သူ ပိုပြီးစိတ်ဆိုးတော့တာပဲ။ သူက သက်သက်လွတ်စားတဲ့လူ။ ဒေါသတွေ တရှူးရှူးထနေတယ်။ ဒီက အသားစားတဲ့လူ။ ဒေါသမဖြစ်ပါဘူး။ သူ့ကို ဒေါသ မဖြစ်ဖြစ်အောင် တဖြေးဖြေး တို့ပေးနေတာ။
မေတ္တာအကြောင်း ပြောနေကြတာဆိုတော့ ဒေါသထွက်ရင် ရှုံးတာပဲ။ ဘုန်းကြီးက ဒေါသမထွက်တော့ အဲဒီပွဲမှာ ဘုန်းကြီး လုံးဝနိုင်ခဲ့တယ်။
ဒေဝဒတ်ပန်ကြားခဲ့တဲ့ ပဉ္စဝတ္ထုယာစန
၁။ သာသနာတော်ထမ်း ရဟန်းမှန်ရင် အသား မစားရဘူး။
၂။ သင်္ကန်း သုံးထည်တည်း ဝတ်ရမယ်။
၃။ ပံ့သကူသင်္ကန်းကိုပဲ ဝတ်ရမယ်။
၎။ တောထဲမှာပဲ နေရမယ်။
၅။ သစ်ပင်အောက်မှာပဲ နေရမယ်။
''ဒကာကြီး ရှင်ဒေဝဒတ် သည် ဘုရားကိုယ်တော် မြတ်ကြီးကို သူတော်ကောင်းယောင် ဆောင်ပြီးတော့ အဲဒီလို တောင်းပန်ခဲ့ဖူးတယ်ဆိုတာကို ကြားဖူးရဲ့လား''လို့ မေး လိုက်တော့ ''ကြားဖူးတယ် ပြောရမလား, မကြားဖူးဘူးလို့ ပြောရမလား''ဆိုပြီး သူ ခေါင်းငုံ့ပြီးတော့ စဉ်းစားနေတယ်။
စဉ်းစားပြီးတော့မှ ''အဲဒါ ကြားဖူးပါတယ်''တဲ့။ ''ဒါပေမယ့်ဗျာ အဲဒီတောင်းပန်ချက်ဟာ အလွန်ကောင်းတဲ့ တောင်းပန်ချက်ပဲ''တဲ့ သူက။
''အဲဒီလောက်ကောင်းတဲ့ တောင်းပန်ချက်ကို မြတ်စွာဘုရား ပယ်ချပစ်လိုက်တယ်ဆိုတာကိုရော ကြားဖူးရဲ့ လား''လို့ ဘုန်းကြီးက ထပ်မေးတော့ သူက ''မသိဘူး''တဲ့။
''အဲဒါ မသိလို့ရှိရင် ဟောဒီ 'ဓမ္မကိတ္တိဝိဟာရ' မှာ ပိဋကတ်သုံးပုံရှိတယ်။ ဘုန်းကြီးတို့ တည်းခိုတာက ဓမ္မကိတ္တိဝိဟာရမှာ တည်းခိုတယ်။ ဒီ ဓမ္မကိတ္တိဝိဟာရမှာ နီပေါသီလရှင် ဒေါ်သုဓမ္မဝတီဆိုတာ ရှိပါတယ်။ ဒေါ်သုဓမ္မဝတီထံမှာ အဲဒီပိဋကတ်စာအုပ်ကို ဖွင့်ပြီးတော့ ဖတ်ကြည့်ပါ။ မဖတ်တတ်ရင်လဲ သူ့ကို ဖတ်ခိုင်း အဓိပ္ပာယ်ကို ပြောပြလိမ့်မယ်''။
ဒေဝဒတ် တောင်းပန်ခဲ့တဲ့ သက်သက်လွတ်ဝါဒကို မြတ်စွာဘုရား ပယ်ချယ်လိုက်တာဆိုတဲ့အကြောင်း 'ဝိနည်း စူဠဝဂ္ဂပါဠိတော်' မှာ ရှိပါတယ်။
''ဒကာကြီး မြတ်ဗုဒ္ဓ အသားစားတယ်ဆိုတာကို တထစ်ချသာ မှတ်ထားစမ်းပါ။ ဒါပေမဲ့ စားတာက စနစ်တကျ စားတာ''။
''ပြီးတော့ ဘုရားရှင်ကို ပရိနိဗ္ဗာန်စံခါနီး စုန္ဒ ရွှေပန်းတိမ်သည် ကပ်တာ ဝက်သားပဲ''လို့ပြောလိုက်တော့ သူက ''ဝက်သားမဟုတ်ဘူး။ ဝက်တွေသွားတဲ့လမ်းမှာပေါက်တဲ့ မှို''တဲ့။
တစ်ကမ္ဘာလုံးက ငြင်းနေကြတဲ့ စာတစ်ပုဒ်
''သူကရမဒ္ဒဝပုဒ်ကို 'နူးညံ့တဲ့ဝက်ပျိုသား'လို့ ဘာသာပြန် ရမလား၊ ဒါမှမဟုတ် 'မှို'လို့ ဘာသာပြန်ရ မလား'' ဆိုတာကို တစ်ကမ္ဘာလုံးက ငြင်းနေကြတယ်။
အဲဒီ ''သူကရမဒ္ဒဝ''သည် တစ်ကမ္ဘာလုံးက ငြင်းနေကြတဲ့ ပါဠိပုဒ်။
အထ ခေါ စုန္ဒော ကမ္မာရပုတ္တော တဿာရတ္တိယာ အစ္စယေန သကေနိဝေသနေ ပဏီတံ၊ ခါဒနီယံ ဘော ဇနိယံ ပဋိယာဒါပေတွာ ပဟူတဉ္စ သူကရမဒ္ဒဝံ။ (သုတ် မဟာဝါ)
သူတို့က ''သူကရဆိုတာက ဝက်။ မဒ္ဒဝဆိုတာက နင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုယူတယ်။ ဒီတော့ 'ဝက် နင်းတဲ့ မြေကြီးမှာ ပေါက်တဲ့မှို' ပဲ'' တဲ့။
အဲဒီပုဒ်ကို ဘုန်းကြီးက ဆက်ပြီးတော့ မငြင်းတော့ဘူး။ ဒီပုဒ်က တစ်ကမ္ဘာလုံး ငြင်းနေကြတာ။
''ကောင်းပြီ ဒကာကြီး 'သူကရမဒ္ဒဝ'ကို ဝက်သား လို့ လက်မခံဘူး။ ဝက်နင်းတဲ့နေရာမှာ ပေါက်တဲ့မှိုလို့ ဆိုရင် ထားပါတော့။ အဲဒါကို မငြင်းလိုပါဘူး''။
''နောက်တခု ပြောမယ်။ ဥဂ္ဂသူကြွယ်ကြီးက မြတ်စွာဘုရားကို ဆွမ်းကပ်တဲ့အကြောင်းကို ဖော်ပြတဲ့ 'ဥဂ္ဂ သုတ္တန်'ဆိုတာရှိတယ်၊ ဥဂ္ဂသုတ္တန်ကို ဒကာကြီး ဖတ်ဖူးရဲ့ လား''။
သူ ဗဟုသုတနည်းတာတွေကို ပေါ်အောင်လို့ ဘုန်းကြီးက လူကြားထဲ အဲဒါတွေကိုချည်း မေးတာပဲ။
''ဖတ်ဖူးရဲ့လား''မေးတော့ ''မဖတ်ဖူးဘူး''တဲ့။
''မဖတ်ဖူးရင် ပြောပြမယ်။ ဥဂ္ဂသေန သူကြွယ်ကြီး ဘုရားဆွမ်းကပ်တုန်းက လျှောက်တယ်''။
ပီယံ မေ ဘန္တေ မနာပံ သမ္ပန္နကောလကံ သူကရ မံသံ။ (သူကရ= ဝက်။ မံသ= အသား)။
''ဆီးသီးနဲ့ချက်ထားတဲ့ ဝက်သားဟင်းကို တပည့် တော်အား ချီးမြှောက်သောအားဖြင့် မြတ်စွာဘုရား လက်ခံ တော်မူပါ။'' အဲဒီလို ဥဂ္ဂသေနက လျှောက်တယ်။ ဘုရားကလည်း လက်ခံတော်မူတယ်။
အပိုင်း- (၇) မျှော်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment