စာမိတ်ဆက်
ရှေးပို့စ်မှာ ရဟန်းနှင့်အမျိုးသမီးပတ်သက်သည့်ခေါင်းစဉ်ဖြင့် ပို့စ်နှစ်ခု ရေးခဲ့သည်၊ ဒကာမတစ်ယောက်က အရှင်ဘုရား ‘‘ရဟန်းနှင့်အမျိုးသမီးဆက်ဆံရေး-ကျင့်ဝတ်’’ ရေးပေးပါဘုရားဟု လျှောက်သည်။ ဒါပေမဲ့ စာရေးသူလဲ မအားတော့ ရေးမယ်လို့ ၀န်မခံခဲ့၊ စာရေးသူ ရေးခဲ့သည့် ‘‘ရဟန်းနှင့်အမျိုသမီး’’ဆိုသည့် ပို့စ်နှင့် ‘‘ဆန့်ကျင်ဘက်တို့၏ဆွဲငင်အား’’ ဆိုတဲ့ ထိုပို့စ်တို့မှာ အနည်းငယ်ပါပြိး ဖြစ်သည်ဟု ပြောလိုက်ပါသည်၊ ထိုခေါင်းစဉ်နှင့်ပတ်သက်ပြီး ရေးထားတဲ့ စာတွေ ဘလော့ဂ် များစွာရှိပါသည်၊ အဲဒီမှာပဲ ရှာဖတ်ပါလို့ မေတ္တာရပ်လိုက်ပါသည်။ သို့သော်လည်း အရှင်ဘုရားရေးပါဘုရား၊ အရှင်ဘုရားရေးရင် ပိုပြည့်စုံပါတယ်၊ အမြင်တစ်မျိုးထွက်လာမှာပါဘုရားဟု ပြောလာပြန်ပါသည်၊ မှန်ပါသည်၊ မြတ်ဗုဒ္ဓ၏တရားတော်များသည် လေ့လာ၍မကုန်နိုင်အောင် များပြားလှပါသည်၊ ထိုအထဲမှ အမြင်အမျိုးမျိုးဖြင့်ထုတ်နုတ် ဖော်ပြကြရသည့်အတွက် ထိုခေါင်းစဉ်အောက်မှ အမြင်အမျိုးမျိုးတွေ့ရပါလိမ့်မည်။ သို့သော်လည်း စာရေးသူလဲ ရေးမည်ဟူ၍ကား အာမ မခံခဲ့။ မေးသူက စာရေးသူအား တစ်မျိုးထင်သွားပုံပဲ ဒီကနေ့ စကားပြောနေတာ အသက်မပါသလိုပဲတဲ့၊ မှန်ပါသည်၊ စာရေးသူလဲ အကြောင်းတစ်ခုကြောင့် စိတ်ထဲ မကြည်ဖြစ်နေသည်။ အဲဒါကြောင့် စကားကိုလဲ ပြေပြေပြစ်ပြစ် မပြောနိုင်သလို ၀တ်ကျေ တန်းကျေပဲ ဖြစ်သွားပုံပဲ။ ၁-၈-၂၀၁၁ နေ့ စာရေးသူမှာ Open Defense ရှိနေသည်အတွက် စိတ်ထဲ နောက်ကျိကျိဖြစ်နေတာလဲ ဖြစ်နိုင်သည်။ ရှိစေတော့ ဒီနေ့ စာဖတ်ရင်းက ရေးမယ်လို့ စိတ်ကူးမိတာနဲ့ ဒီပို့စ် ပြန်စလိုက်ရခြင်း ဖြစ်ပါသည်။
လူမှုရေး တာဝန်များ
လူသားတွေရယ်လို့ ဖြစ်လာကြတော့ Society လူ့အဖွဲ့အစည်းကြီး တစ်ရပ် ရှိလာတယ်၊ ထိုအဖွဲ့အစည်းကြီးထဲမှာလဲ ဘာသာရေးခေါင်းဆောင်တွေလဲ အပါအ၀င်ဖြစ်သည်။ ထိုအဖွဲ့အစည်းကြီးဖြစ်လာတာနဲ့အမျှ အတူနေကြရသည့် လူသားအားလုံးမှာ Social duties (လူမှုရေးတာဝန်) ဆိုတာရှိလာတယ်၊ ထိုတာဝန်များ ပျက်ကွက်လာပါက အချင်းချင်း မရိုမသေဖြစ်ပြီး ကဲ့ရဲ့ဖွယ်တွေ မညီမညွတ်မှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ထို့အတွက် လူအချင်းချင်း ချစ်ခင်လေးစားလောက်တဲ့ တာဝန်တွေကို ကိုယ်စီ မဖြစ်မနေ လိုက်နာသင့်ပါတယ်။ မိဘနှင့်သားသမီး၊ လင်နှင့်မယား၊ ဆရာနှင့်တပည့်၊ မင်းနှင့်ပြည်သူ၊ အလုပ်ရှင်နှင့်အလုပ်သမား စတဲ့ တာဝန်တွေအပြင် ရဟန်းနှင့်လူဝတ်ကြောင် တာဝန်တွေကိုပါ စည်းစနစ်ကျကျကို ချမှတ်ထားတာရှိပါတယ်၊ ထိုတာဝန်အားလုံးကို မြတ်ဗုဒ္ဓက သိင်္ဂါလ အမျိုးကောင်းသား အား ဟောကြားခဲ့လို့ ယနေ့ ဗုဒ္ဓဘာသာ လူမျိုးများသည် မြတ်ဗုဒ္ဓ၏ အဆုံးအမများကြောင့် အထူးသဖြင့် ထိုတာဝန်အသီးသီးကို လိုက်နာခဲ့ကြခြင်းကြောင့် အယဉ်ကျေးဆုံးဘာသာတရား အေးချမ်းဆုံးသော ဘာသာတရား၊ တာဝန်ကျေဆုံးသော ဘာသာတရား၊ သိမ်မွေ့ဆုံးသောသော ဘာသာတရား၊ ညီညွတ်ဆုံးသော ဘာသာတရားရယ်လို့ ကမ္ဘာ့အလည်မှာ ရပ်တည်နိုင်ကြခြင်းဖြစ်သည်။
တာဝန်ဆိုသည်မှာ အမှန်တကယ်တော့ အချင်းအချင်း အပြန်အလှန် နားလည်မှု လူ့ကျင့်ဝတ်များပင်ဖြစ်သည်။ ရဟန်းတော်များနှင့် လူဝတ်ကြောင် သို့မဟုတ် အမျိုးသမီးများနှင့် ဆက်ဆံရေးတွင်လဲ ထိုလူကျင့်ဝတ်များပင်ဖြစ်သည်။
လူဝတ်ကြောင်များတာဝန်
သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ၏ တာဝန်သည် စာပေကျမ်းဂန်များကို သင်ယူခြင်း၊ ပို့ချခြင်း၊ ဟောပြောခြင်းစသည် ပညာရေးနှင့်ဆိုင်သော ဂန္ထဓုရ (Learning) နှင့် ထိုလေ့လာခြင်းမှ ရရှိသော အသိဖြင့် လက်တွေ့ကျကျ အားထုတ်ခြင်းဆိုသည့် ၀ိပဿနာ ဓုရ (applying or meditation) ဟုသော တာဝန် ၂ ရက်ကိုသာ ပြုလုပ် အားထုတ်ရမည်ဟု ယေဘုယျအားဖြင့် မှတ်သားထားရပါမည်။ ရဟန်းတော်များ၏ စားဝတ်နေရေးသည် လူဝတ်ကြောင်တွေကို အမှီပြုကြရပါသည်၊ ကိုယ်တိုင် စားဝတ်နေရေးအတွက် စီးပွားရှာခွင့်ကို ခွင့်ပြုမထားသည့် အတွက့် လူဝတ်ကြောင်များသည် ရဟန်းတော်များ၏ အားထားရာ မှီခိုစရာ ဖြစ်သည်။ လူဝတ်ကြောင်များကား သူတို့၏ ရဟန်းတော်များအပေါ်ထားရှိသည့် တာဝန်များ ကျေပွန်သလို ရဟန်းတော်များကလဲ တဖန်ပြန်လည် ကျေပွန်ကြရပါမည်၊ ဤ လူ့အဖွဲ့အစည်းအတွက် ချမှတ်လိုက်သော လူမှုရေးကျင့်ဝတ်များသည် ဘာသာရေးခေါင်းဆောင်များနှင့် သာမန်လူဝတ်ကြောင်တို့၏ တာဝန်ဟု ဆိုသည်။ ထိုသိင်္ဂါလသုတ်တွင် အဋ္ဌကထာဆရာက ထိုကျင့်ဝတ်များကို ဂိဟိဝိနယ- လူဝတ်ကြောင်များ ကျင့်ဝတ်ဟု အမည်ပေးထားသည်။ ထိုအမျိုးကောင်းသားအား ဟောကြားသည့် လူ့ကျင့်ဝတ်များထဲက လူဝတ်ကြောင်များသည် ရဟန်းတော်များအပေါ် တာဝန် ၅ ရက်ကို ထမ်းဆောင်ကြရပါမည်။
၁။ လူဝတ်ကြောင်များသည် ရဟန်းတော်များအပေါ် ကာယကံ မေတ္တာရှိရပါမည်၊ ကာယကံမေတ္တာဆိုမှာ မေတ္တာဖြင့် ပြုစုလုပ်ကျွေးခြင်းဖြစ်သည်၊ ကျောင်းသို့ရောက်သောအခါ တံမျက်လှည်းခြင်း၊ အမှိုက်ကြုံးခြင်းစတဲ့ သန့်ရှင်းရေးအပြင် သောက်ရေ သုံးရေများ ဖြည့်ခြင်းစတဲ့ ကျောင်း၏ ဝေယျာဝစ္စများကို ပြုလုပ်ခြင်းသည်လည်း ရဟန်းတော်များကို ကာယကံမေတ္တာဖြင့် စောင့်ရှောက်သည် မည်ပါသည်။
၂။ ရဟန်းတော်များကို ၀စီကံမေတ္တာဖြင့် စောင့်ရှောက်ခြင်း၊ ၀စီကံမေတ္တာဟူသည် ရဟန်းတော်များ အိမ်သို့ကြွလာသည့်အခါ ရဟန်းတော်များ ကြွလာသည်၊ နေရာထိုင်ခင်း ခင်းပေးကြ၊ နေရာပေးကြ၊ စားဖွယ်သောက်ဖွယ်များ လှူကြ သောက်ရေသုံးဆောင်ရေ ကပ်ကြ စသည်ဖြင့် နုတ်မှ မေတ္တာဖြင့် ထုတ်ဖော် ပြောဆိုခြင်းသည် ၀စီကံမေတ္တာ မည်ပါသည်။
၃။ ရဟန်းတော်များကို မနောကံမေတ္တာဖြင့် စောင့်ရှောက်ခြင်း၊ မနောကံမေတ္တာဟူသည် ရဟန်းသံဃာတွေအပေါ် မေတ္တာစိတ်ထားခြင်းဖြစ်သည်။ ရဟန်းသံဃာတော်တွေ ငါတို့အိမ်သို့ကြွရောက်လာသော ရဟန်းသံဃာတော်တွေ ဘေးရန်ကင်းပါးစေ၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ ဆိုတဲ့ မေတ္တာစိတ် ပွားများခြင်းမျိုးဖြစ်သည်။
၎။ ရဟန်းသံဃာတော်တွေ အတွက် အမြဲဖွင့်လှစ်ထားသော တံခါးရှိခြင်း။ ဆိုလိုသည်မှာ အိမ်ယာမထောင်သော စီးပွားရေးမရှိသော ထိုသာသနာ့ဝန်ထမ်း ရဟန်းတော်များကို ပစ္စည်းလေးပါးဖြင့် ထောက်ပံခြင်းဖြစ်သည်၊ အိမ်တံခါးဖွင့်လှစ်ထားပေမဲ့ ထောက်ပံ့လေ့မရှိသော အိမ်ကို ဖွင့်လှစ်သောတံခါးရှိသော အိမ်ဟူ၍ မဆိုနိုင်၊ အမြဲပိတ်ပင်ထားသော တံခါးရှိသော အိမ်မည်သည်သာ၊ အိမ်တံခါး ပိတ်ထားပေမဲ့ အလှူအတန်းရှိသော အိမ်သည်ကား ထာဝရ ဖွင့်လှစ်ထားသော တံခါးရှိသော အိမ်မည်သည်။
၅။ ရဟန်းတော်များအား အာမိသ ဒါနဖြင့်ထောက်ပံခြင်း၊ ရဟန်းတော်များသည် စီးပွားရှာနေသူများ မဟုတ်ရကား နေစရာ ၀တ်စရာ စားစရာ ဆေးဝါးစတဲ့ ရုပ်ဝတ္ထုများလိုအပ်နေပါလိမ့်မည်၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။
ဤပြဆိုခဲ့သော ၅ မျိုးသော တာဝန်များကား ရဟန်းတော်များအပေါ် လူဝတ်ကြောင်များက ဖြည့်ဆည်းပေးရမည့် တာဝန်များဖြစ်သည်။
ထိုသို့သော တာဝန်ကြေပွန်သော ဒကာ ဒကာမများကို ထောက်၍ ရဟန်းတော်များမှာလဲ ကျေးဇူးသိတတ်သောသူတို့ ပြုကျင့်ရမည့် ကျေးဇူးတရားများ သို့မဟုတ် တာဝန်များကား ရှိလာသည်။ ထိုတာဝန်များကို မဖြည့်ကျင့်ပါက ရဟန်းတော်များသည် အကြွေးယူစားသူ အကြွေးတင် (ဣဏပရိဘောဂ)သူ ဖြစ်ပါလိမ့်မည်။
ရဟန်းတော်များတာဝန်
ထို့ကြောင့် ရဟန်းတော်များသည် ထိုကျေးဇူးရှိသော ဒကာ ဒကာမ များအပေါ် ပြန်လည် ဖြည့်ဆည်းပေးရမည့် တာဝန် ၆ ရပ်ရှိသည်၊ ထိုတာဝန်များကား---
၁။ ရဟန်းတော်များသည် လူဝတ်ကြောင်တွေကို မကောင်းမှုမှ တားမြစ်ခြင်း။ ဆိုလိုသည်မှာ သူများအသက် သတ်ခြင်း၊ ခိုးဝှက်ခြင်း၊ သားမယားကျူးလွန်ခြင်း၊ လိမ်လည်လှည်ဖြားခြင်း၊ သေရည်အရက် သောက်စား မူးရူးခြင်း စတဲ့ မကောင်းမှုများ မပြုအောင် ဟောပြောခြင်း၊ သွန်သင်ဆုံးမခြင်းဖြင့် လမ်းမှန်ရောက်အောင် ပို့ခြင်း။
၂။ ကောင်းမှုပါရမီများ ဖြည့်ဆည်းစေခြင်း။ ထို ဒကာ ဒကာမတွေကို ကောင်းမှုကုသိုလ်များ ပြုနိုင်အောင် ဟောပြော သွန်သင် လမ်းပြခြင်း၊ ကောင်းမှု၏အကျိုး ရတနာသုံးပါးအကျိုးစသည့် ကောင်းကျိုးများပေးတတ်သည် အလုပ်မှန်သမျှ လုပ်လာနိုင်အောင် စွမ်းဆောင်မှု ပြုရပါသည်။
၃။ ထိုကျေးဇူးရှိသော ဒကာ ဒကာမများနှင့် သတ္တ၀ါအားလုံး အပေါ် မေတ္တာစိတ်၊ ကရုဏာစိတ်များ ထားရှိခြင်း၊ မေတ္တာ ပွားများခြင်းများ ပြုလုပ်ရပါသည်။
၎။ မနာဘူးသေးသော ဓမ္မကို နာကြားစေခြင်း၊ ဟောပြောခြင်း၊ သင်ပေးခြင်းများဖြင့်လည်း ဖြည်ဆည်းပေးရပါသည်။
၅။ ကြားဖူးသော်လည်း သံသယ သို့မဟုတ် မရှင်းလင်းသေးသော အကြောင်းအရာများကို ရှင်းလင်းခြင်း၊ ထိုသံသယကို ရှင်းပေးခြင်းဖြင့်လည်း တာဝန်ယူရပါသည်။
၆။ နတ်ပြည် နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများကို လမ်းပြခြင်းဖြစ်သည်။
ဤနှစ်ဦးနှစ်ဖက်တို့၏ လူမှုရေးကျင့်ဝတ် သို့မဟုတ် တာဝန်နှစ်ရပ်ကို ပြန်လည် သုံးသပ်ကြည့်သောအခါ လူဝတ်ကြောင်များက ရဟန်းတော်များအတွက် လိုအပ်နေသော ရုပ်ဝတ္ထုများဖြင့် ထောက်ပံ့ခြင်းဖြစ်သည်၊ ရဟန်းတော်များကတော့ လူဝတ်ကြောင်တွေ လိုအပ်နေသော စိတ်ပိုင်းဆိုင်ရာ စိတ်၏အေးချမ်းမှု စိတ်ဓာတ်ဖွံ့ဖြိုးမှုများကို ဖြည့်ဆည်းပေးရပါသည်။ ဤနည်းအားဖြင့် အပြန်အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတာလို အချင်းချင်း အပြန်အလှန် အမှီပြုခြင်းဖြင့် ဆက်ဆံရာတွင် ဘာပြဿနာမှ မဖြစ်နိုင်သလို သာသနာပြုရာလဲ ရောက်သည်။
ဤသို့သောအားဖြင့် တာဝန်ကိုယ်စီ ဟန်ချက်ညီညီ ဖြည့်ကျင့်ပါက လောကငြိမ်းချမ်းရေးကို တကယ်လက်တွေ့ အကောင်အထည်ဖော်နေသူများ ဖြစ်သလို မြတ်ဗုဒ္ဓသာသနာတော်ကိုလည်း ဟန်ချက်ညီညီ ထမ်းဆောင်သူများ ဖြစ်ကြသည်။ ထို့ပြင် ရဟန်းတော်များအတွက် အမျိုးသမီးများနှင့် ဆက်ဆံရေးကိစ္စနဲ့ပတ်သက်ပြီး ဖော်ပြခဲ့ပြီး ပို့စ်ထဲအတိုင်း မှတ်သားသင့်သေးသည်။
အမျိုးသမီးများနှင့်ဆက်ဆံရာဝယ်
ရဟန်းတော်များသည် ဒကာများနှင့် ဆက်ဆံရာမှာ ပြဿနာ အများပြား မဖြစ်နိုင်ပေမဲ့ ဒကာမများနှင့် ဆက်ဆံရာမှာ များစွာ ပြဿနာများ ဖြစ်တတ်သည်၊ ၀ိသဘာဂအာရုံ သို့မဟုတ် ဆန့်ကျင်ဘက်တို့၏ ဆွဲငင်အားတို့ကြောင့် ဖြစ်သည်အတွက် သတိထားရမည့် အခြေအနေမှာ ရှိသည်။ နောက်ပိုင်း မလွဲသာ မရှောင်သာ ဖြစ်လာခဲ့လျှင် မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား မိန်းမများနှင့် မည်သို့ မည်ပုံ ဆက်ဆံရမည်ကို မဟာပရိနိဗ္ဗာနသုတ်တွင် လမ်းညွှန်းထားသည်။
‘‘တခါက အရှင်အာနန္ဒာက ဘုရားရှင်အား မေးသည်၊ မိန်းများနှင့်တွေ့လျှင် ဘယ်လို ပြုကျင့်ရမလဲ? မကြည့်နဲ့ပေါ့ဟု ဘုရားကဖြေသည်၊ အမျိုးသမီးများနှင့်မမြင်အောင်နေပါ။ အကယ်၍ မဖြစ်မနေ မြင်နေရရင်ကော ဘယ်လိုလုပ်မလဲ ဘုရား? စကားမပြောပါနဲ့။ အကယ်၍ ပြောဖို့ကြုံလာရင်ကောဘုရား? သတိထားရမှာပေါ့။ သတိထားဆိုတာက အမေအရွယ်ဆို အမေလို သဘောထား၊ အဒေါ်အရွယ်ဆို အဒေါ်လို့ သဘောထားပါ။ အမအရွယ်ဆိုရင် ကိုယ့်အစ်မကဲ့သို့ စိတ်ထား၊ ကိုယ့်နှမအရွယ်ဆို ကိုယ့်နှမအရင်းလို စိတ်ထားပြီး ပြောပါ။ ဒီနေရာမှာပဲ ဘုရားက အမျိုးသမီးများနှင့် တစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ စကားမပြောဖြစ်အောင်ကို နေဖို့မှာထားသည်။ စကားပြောဖြစ်လျှင် အဆိပ်ပြင်းမြွေအကိုက်ခံရပါလိမ့်မည်။
ခက်တာက ရဟန်းဆိုတာ အမျိုးသမီးတွေကပဲ ဦးဆောင်ပြီး ဆွမ်းလောင်း ဟင်းလောင်းနှင့် အလှူအတန်းတွေမှာ သူတို့က အဓိကဖြစ်နေတာဆိုတော့ သူတို့နှင့် မတွေ့အောင် မမြင်အောင် စကားမပြောပြန်ရင်လဲ စားစရာ ရှားပါးသွားလိမ့်မည်။ တခါတရံ အမျိုးသမီးများကပဲ လူရန် တရားနာရန် သီလဆောက်တည်ရန် ရဟန်းတော်များဖူးမြင်ရန် တောင်းဆိုလာပါလိမ့်မယ်။ ဒါ့ကြောင့် မဖြစ်မနေ မြင်ရ တွေ့ရ ပြောကြရပြီးဆိုရင် ညီအကို မောင်နှမစိတ်မွေးပြီး သတိကပ်ထားဖို့ပဲ ဖြစ်ပါသည်’’ ဟု ဆက်ကျင်ဘက်တို့၏ ဆွဲငင်အား ပို့စ်မှ ပြန်လည် ထုတ်နုတ်ဖော်ပြလိုက်ပါသည်။
အဓိက ကတော့ အမျိုးသမီးနဲ့ပဲဖြစ်ဖြစ် အမျိုးသားနဲ့ပဲ ဖြစ်ဖြစ် ဆက်ဆံရာမှာ အချင်းအချင်း အပြန်အလှန် နားလည်ပြီး ကိုယ်စီတာဝန်များ ထမ်းဆောင်နိုင်ဖို့ပဲ ဖြစ်သည်။
မှတ်ချက်။ ။ သုတ်မဟာဝဂ္ဂ၊ သုတ်ပါထေယျ၊ အင်္ဂုတ္တိုပါဠိများ၊ ယင်းတို့၏အဋ္ဌကထာများနှင့် ဓမ္မပဒ အဋ္ဌကထာများကို ကိုးကားသည်။
တာဝန်ကိုယ်စီ ဟန်ချက်ညီ ဖြည့်ကျင့်နိုင်ကြပါစေ။
သီတဂူစတား
၃၀-၇-၂၀၁၁
Posted in: အမေး+အဖြေ
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment