အလှူရှင်၏ကိုယ်စား အကြီးဆုံးမထေရ်အား အလှူငွေများကပ်ပေးပုံ
ဒီကနေ့ အလှူရှင်
ဒီကနေ့ (၂၄-၈-၂၀၁၁) အလှူရှင်ကတော့ စင်္ကာပူနိုင်ငံရှိ ဆေးရုံဝန်ထမ်း သို့မဟုတ် မြန်မာသူနာပြုဆရာမလေး၏ အလှူဖြစ်သည်။ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ်တွင် Ph.D အတွက် စာတမ်းရေးနေကြသော မြန်မာ ကျောင်းသား (လက်ရှိ တပေါင်းတည်းစား) ၂၀ အား ဆွမ်းအလှူရှင်ကတော့ စင်္ကာပူနိုင်ငံမှ မြန်မာ သူနာပြုဆရာမလေး တစ်ယောက်ဖြစ်သည်။ စာရေးသူနဲ့ မကြာမကြာ တရားအကြောင်း ဆွေးနွေးဖြစ်သည်၊ ဘာသာရေး အလွန်စိတ်ဝင်စားသူ တစ်ယောက်ဖြစ်သည်၊ သတိပဌာန်အကြောင်း ဘာဝနာအကြောင်း သီလအကြောင်း စသည်များအပြင် အခြား ဘာသာရေးနှင့်ဆက်နွယ်သော အကြောင်းအရာများ ဆွေးနွေးဖြစ်သည်၊ စာရေးသူလဲ သူမေးသမျှ စိတ်ပါလက်ပါ ဖြေပေးလိုက်ပါသည်၊ ဒါသည်ပင် စာရေးသူ၏ တစ်ဖတ်တစ်လှမ်းက သာသနာပြုခြင်းဟု ဆိုက ဆိုနိုင်ပါသည်။ သူလဲပဲ စေ့စေ့ပေါက်ပေါက် မေးတတ်သည်၊ သူမေးခြင်းကြောင့်လဲ စာရေးသူအတွက် အကြံဥာဏ်များ ရခဲ့သည်၊ အဲဒီအတွက်လည်း ကျေးဇူးတင်ပါသည်။
မနေ့ကတော့ အရှင်ဘုရားဆိုက်မှာ ဆွမ်းလှူနေတဲ့ပို့စ်ကို ဖတ်ပြီး တပည့်တော်လှူချင်ပါတယ် ဆိုပြီး ပြောလာပါသည်၊ ဘုန်းဘုန်းက ဘယ်လို စီမံပေးရမလဲလို့ မေးလိုက်သောအခါ သူပြောလိုက်သည်မှာ ‘‘ဘုန်းဘုန်းကြိုက်သလို စီမံပါ၊ ဘုန်းဘုန်းက တပည့်တော်မအလှူကို အလှူခံပေးတာကိုပဲ ကျေးဇူးတင်ပါသည်တဲ့’’။ နောက်နေ့ မနက် Western Union ကနေ ငွေလွဲလိုက်ကြောင်း ဖုန်းဖြင့် လျှောက်သည်၊ စင်္ကာပူဒေါ်လာ ၁၀၀၀ (အိန္ဒိယငွေ-၃၇၃၉၃) ဖြစ်သည်။ လူသည့် ငွေပမာဏသည် များပြားလှပါသည်။
စာရေးသူလဲ သူငယ်ချင်းတစ်ပါးနဲ့ အနီးအနားက ဘဏ်တစ်ခုသွားထုတ်သည်၊ ဘဏ်မှာ system down နေတယ် အလုပ်မလုပ်သေးဘူး နေ့လည် ၂ နာရီမှ ထက်လာခဲ့ပါဟု ပြောသဖြင့် စာရေးသူနဲ့ သူငယ်ချင်း အနီးနားရှိ ဘဏ်အားလုံးနီးပါး လျှောက်သွားပြီး မေးကြည့်သည်။ တချို့ဘဏ်အသေးလေးတွေက ပမာဏများသည့် ငွေကို ချက်ချင်းထုတ်မပေးနိုင်။ အဆင်မပြေသဖြင့် အဆောင်ပြန်လာခဲ့ရသည်၊ နေ့လည်ပိုင်းရောက်တော့မှ သူငယ်ချစ်တစ်ယောက် ထက်ခေါ်ပြီး ဘဏ်ကြီးတစ်ခုကို သွားမှ အဆင်ပြေသွားသည်။ စာရေးသူလဲ သွားရင်း စဉ်းစားမိသည်၊ လှူတဲ့သူကတောင် လှူနိုင်သေးတာပဲ ကိုယ်က ဒီလောက်လေးတော့ အပင်ပန်းခံနိုင်ရမှာပေါ့ဟု ခံယူထားပြီး ဘုံဘေမြို့စာတိုက်ကြီးရှိ ငွေလှဲဌာနတစ်ခုကို သွားလိုက်မှ အဆင်ပြေခဲ့သည်။ စိတ်လဲ ပေါ့ပါးသွားသည်။
ရင်ဘက်ထဲက အဖိုးတန်စကားတစ်ခွန်း
ငယ်ငယ်က တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က နာယကချုပ်ဆရာတော် ပြောသည့် စကားတစ်ခွန်းကို အမှတ်ရမိသည်။ သံဃာ ၁၃၀၀ ကျော်အတွက် နံနက် အရုဏ်ကပ်နိုင်ရန် ၀က်လက်နယ်၊ ရွှေဘိုနယ်၊ တပ်ကုန်းနယ်၊ ကောလင်း စသော နေရာဒေသတွေမှ ဆွမ်းဆန်၊ ပဲ၊ ငရုပ် ကြက်သွန်စတဲ့ ကုန်ခြောက်များ စုဆောင်းရသည်၊ ထိုဒေသသို့ သံဃာ ၁၃၀၀ကျော်ကိုယ်စား သံဃာ အပါး ၁၀၀ ကြွရလေ့ရှိသည်၊ ထိုကဲ့သို့ဒေသတွေကို သံဃာ့ကိုယ်စား ကြွချင်စိတ်ရှိအောင် သဒ္ဓါတရားရှိလာအောင် နာယကဆရာတော်များက သံဃာများအား သြ၀ါဒပေးလေ့ရှိသည်၊ ထိုသြ၀ါဒထဲမှ အလွန်တံဖိုးရှိသည့် စကားတစ်ခွန်း စာရေးသူ၏ ရင်ဘက်ထဲ ထာဝရရှိနေသည်။ ‘‘ငါ့ရှင်တို့တစ်တွေ ဘ၀သံသရာမှာ မယားကို ပြုစုလုပ်ကျွေးခဲ့ရတဲ့ သားကျွန်၊ မယားကျွန် ဇနီးကျွန် မိသားစုကျွန် ဟူသော တဏှာ့ကျေးကျွန် (တဏှာဒါသ) ဖြစ်ခဲ့ရတဲ့ ဘ၀တွေ မရေတွက်နိုင်အောင် များပြားလှပါတယ်၊ ယခု ရတောင့်ရခဲလှတဲ့ ဘ၀မှာ သံဃာကို ပြုစုလုပ်ကျွေးခွင့်ရတဲ့ (သံဃာ့ဒါသ) ဖြစ်ခွင့်ရှိတာလေးကို တံဖိုးထားကြစမ်းပါ၊ ဂုဏ်ယူလိုက်ကြစမ်းပါ’’ ဟူသော အဖိုးတန် စကားကို အမှတ်ရလိုက်မိသည်၊ စာရေးသူလဲ စောမယကောလိပ်ရှိ Ph.D ကျောင်းသားများအတွက် ယခုလို သံဃာ့ဒါသ- သံဃာ့ ကျေးကျွန်အဖြစ် ပြုစုလုပ်ကျွေးခွင့်ရခြင်းအတွက် အထူး ဂုဏ်ယူမိသလို အလှူရှင် သူနာပြုဆရာမလေးလဲ ယခုလို သံဃာကို ပြုစုခွင့်ရလိုက်ခြင်းတည်းဟူသော သံဃာ့ဒါသ၊ သာသနာတော်ကို ထောက်ပံ့ခွင့်ရလိုက်ခြင်းတည်းဟုသော သာသနာ့ဒါသ- သာသနာ့ကျေးကျွန် ဖြစ်ခွင့် ရလိုက်ပြီလို့ အောင့်မေ့ကာ အမြဲမပြတ် သံဃာနုဿတိ၊ စာဂါနုဿတိသတိများ ထပ်တလဲလဲ ပွားပြီး ၀မ်းမြောက်နိုင်ပါစေလို့ မေတ္တာပို့သပါသည်။
သူမအလှူအတွက်
စာရေးသူ၏ စိတ်ကြိုက် စီမံသည်ဆိုပေမဲ့ သူ၏ ချွေးနဲစာထဲက စုဆောင်းပြီး လှူတဲ့ အလှူဖြစ်သဖြင့် သူမ၏အလှူကို ပိုပြီး အကျိုးများစေချင်သည်၊ ကုသိုလ် ပိုရစေချင်ပါသည်။ ထို့ကြောင့် ပုဂ္ဂလိကအလှူရော သံဃိက အလှူပါ ဖြစ်အောင် စီမံပေးလိုက်ရပါသည်။ ကျောင်းသားသံဃာ အပါး၂၀ (သမ္မုခီ) တို့အား လိုအပ်ရာရာ သုံးစွဲနိုင်ရန် တစ်ပါးလျှင် ရူပီး ၅၀၀ စီ လှူပေးလိုက်သည်။ သံဃိက အလှူဖြစ်အောင် သံဃာများအား စောမယကောလိပ် မြန်မာကျောင်းသားများ၏ အထူးစီမံချပ်ပြုတ်ထားသော အထူးရှယ်ဆွမ်း၊ ကြက်သား၊ ၀က်သား၊ ဆိပ်သား၊ ငါးဟင်းများနှင့် ရေခဲမုံ့၊ အချိုရည်၊ အသီးအနှံများ ဖွယ်ဖွယ်ရာရာ ကပ်ပေးလိုက်ပါသည်။ ဆေးဝါးအနေနဲ့ အဖျော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ ကွမ်းစသည်တို့ကိုလဲ လှူပေးထားပါသည်။ ထို့ပြင် အထူးဆန်များနှင့် နေ့စဉ်သုံး ၂၅ ကေဂျီပါ ဆန် ၃ အိပ်များ ဆီများနှင့် ချက်စရာ ကြက်သွန် စသည့်အခြောက်အခြမ်းများ ၀ယ်ပေးပြီး သံဃိကအလှူ (သံဃဒါန) ဖြစ်အောင် သူမ၏ကိုယ်စား စီမံပေးလိုက်ပါသည်။ ၁၀ ရက် တစ်ပတ်စာအတွက် ဆွမ်းစရိတ်ကိုလဲ လှူထားပေးပါသည်။
ထို့ကြောင့် အလှူရှင်အနေနဲ့ ထမင်းတစ်နပ် ၇ ရက် အသက်ရှည်နိုင်သည်ဖြစ်ရကား ထမင်းတစ်နက်လှူသူသည် အသက်ရှည်ဖို့ရန် ၇ နပ် လှူရာရောက်ပါသည်၊ ဒီကနေ့ အထူးတစ်ရက်နှင့် ၁၀ တစ်ပတ်အလှူပါ ဆိုရင် ၁၁ ရက်အလှူဖြသည့်အပြင် ဆွမ်းဆန်နှင့် ဆီများကလဲ ရက်များစွာ လှူလိုက်ရသည်ဟု မှတ်ပါ၊ ၁၁x၇= ၇၇ ရက်ကျော် အသက်ရှည်ဖို့ ဆွမ်း ၇၇ နပ်လှူရာရောက်ပါသည်ဟု ပို၍ပို၍ သဒ္ဓါပွားများနိုင်ရန် စာဂါနုဿတိများ တဖွားဖွား ဖြစ်နိုင်ရန်ဖြစ်ပါသည်။
မနေ့ညနေပိုင်းကတော့ သူမအလှူအတွက် သူငယ်ချင်းတွေ ဈေးဝယ်ထွက်ခဲ့ကြသည်၊ ဒီနေ့မနက်မှာတော့ သူငယ်ချင်းများ ၀ိုင်းဝန်းပြီး သံဃာ့ဝေယျာဝစ္စပြုကြသည်။ ဤကား စင်္ကာပူမှ သူနာပြုဆရာမလေး အလှူနှင့် စာရေးသူနှင့်သူငယ်ချင်းများ၏ ဝေယျာဝေစ္စအလှူပဲ ဖြစ်ပါတော့သည်။ အလှူရှင်ရေ-- သံဃာတော်များ အားရကျေနပ်တော်မူကြပါတယ်။ သာဓုသာ ခေါ်လိုက်ပါ။
သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်၊ ၀မ်းမြောက်နုမော် ပတ္တာနုမောဒန ပြုနိုင်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၈-၂၀၁၁
`အနုမောဒနာ သြဝါဒ´ တရားတော်(၃)
4 years ago
5 comments:
သာဓုအနုမောဒနာခေါ်ဆိုသွားကြောင်းပါဘုရာ့။
သာဓု သာဓု သာဓု
ဝမ်းမြောက်ဝမ်းသာ သာဓုသာဓုသာဓုပါရှင်
ဆရတော်စတားရေး ဆွမ်းတွေဟင်းတွေကောင်းလို့ဝင်ရောက်ဘုန်းပေးသွားပါတယ်ဘုရား
ရွှေဝန်းရတနာ.....
သာဓု.သာဓု.သာဓု.....
Post a Comment