ခေါင်းဆောင်ချစ်သူ
(သီတဂူစတား စာတိုပေတို)
(သီတဂူစတား စာတိုပေတို)
စာမိတ်ဆက်
ဒီ အတိုအထွာ ပို့စ်လေးကို “ဘ၀နိဂုံးချုပ်ချိန် ပြည်သူတွေ ပျော်နေတာကို မြင်ချင်သလား၊ ပြည်သူတွေ ငိုနေတာကို မြင်ချင်သလား” လို့ အမည်လေး ပေးရင် ကောင်းမလားပဲ။
၂၀၀၉ ခုနှစ်ကထင်တယ်၊ အိန္ဒိယပြည် အန္တရပရဒေ့ရှ်ပြည်နယ် (AP State)က ပြည်နယ်ဝန်ကြီးချုပ် လေယာဉ် အက်စီးဒင့်ဖြစ်ပြီး ဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကြားတော့ ထိုပြည်နယ်ရှိ ပြည်သူတွေအားလုံး ၀မ်းနည်းကြသည်၊ ပူဆွေးကြသည်၊ ငိုကြွေးကြသည်၊ ဆွေမတော် မျိုးမစပ်၊ သွေးမတော် သားမစပ်ပေမဲ့ သူတို့၏ ခေါင်းဆောင်ကို ချစ်ကြသည်။ တချို့ဆို ရင်ဘက်စည်တီးပြီး မူးမေ့သွားရလောက်အောင် ဥပါယာသ ဖြစ်ကြသည်မှာ သူတို့၏ ခေါင်းဆောင်ကို ဘယ်လောက် ချစ်ကြသည်ဆိုတာကို သိနိုင်သည်။
ဘာ့ကြောင့်ချစ်သနည်းဆိုတာကိုတော့ စဉ်းစားစရာမလိုဟု ထင်ပါသည်။ ပြည်သူအတွက် အားကိုးထိုက်သူ၊ ပြည်သူဘက်က ရပ်တည်ပေးသူ၊ ပြည်သူကို စာနာတတ်သူ၊ ပြည်သူကို အလေးထားသူ၊ ပြည်သူကို အထင်မသေးသူ စသည်စသည်ဖြင့် သူ၏ စိတ်ဓာတ်မြင့်မားမှုနှင့် သူ၏ ကြိုးပမ်းမှုတွေက ပြည်သူ၏ အချစ်ကို တိုးပွားစေသည်၊ ပြည်သူ၏ မေတ္တာကို တိုးပွားစေသည်။ ပြည်သူက ဘာလိုချင်လဲ၊ ဘာလုပ်ချင်၊ ဘာဖြစ်ချင်လဲ ဆိုတာကို အမြဲတစေ လေ့လာပြီး ဖြည့်ဆည်းပေးနေခြင်းက ပြည်သူ၏ ခေါင်းဆောင် သူရဲကောင်းအဖြစ် သူတို့ အလေးထား ကိုးကွယ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
အရှင်ဒေ၀ဒတ်၏ ဘ၀နိဂုံး
စာရေးသူသည်
မနက်တိုင်း သတင်းတွေ ဖတ်ဖြစ်သည်၊ ကိုယ့်တိုင်းပြည် ဖြစ်ပျက်နေတာတွေကော
သူများတိုင်းပြည် ဖြစ်ပျက်နေတာတွေကိုပါ သတင်းနားစွင့်ဖြစ်သည်။
ကိုယ့်တိုင်းပြည်သတင်းတွေကို နေ့စဉ် ဖတ်ရင်းက ၂၀၀၉ ခုနှစ်လောက်က အိန္ဒိယပြည်
AP-State က ပြည်နယ်ဝန်ကြီးချုပ်ဖြစ်စဉ်ကို အဖြစ်ပျက်လေးကို ပြန်သတိရမိသည်။
တပြိုင်တည်းမှာပဲ ဘုရားရှင်လက်ထက်က အဖြစ်ပျက်ကလေးတစ်ခုကိုပါ သွားသတိရမိသည်။
ထို့ကြောင့်ပင် စာရေးသူ၏ အတိုအထွာ မှတ်စုအဖြစ် ရေးမိပါသည်။ စာရေးသူ
စာအတိုလေးမှာတော့ ထိုပြည်၏ အဖြစ်အပျက်ကလေးနဲ့ ကျောချင်းယှဉ်ကပ် ပြေးသည့်အလားသို့
လုံးဝလုံးဝ ဆန့်ကျင်နေသည်။
ဘုရင်အရူးထသူများ
ဘုရားလက်ထက်က ဘ၀ပေါင်းများစွာကထဲက ဘုရားအလောင်းကို အမြဲတမ်း ပြိုင်ခဲ့သူ၊ ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တိုင်းမှာလဲ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ရသည်။ ထိုခေါင်းဆောင်နေရာ၊ ဘုရင့်နေရာ၊ (ယခုခေတ်၊ သမ္မတ၊ ၀န်ကြီးချုပ်နေရာ) ရဖို့ရန် အမြဲတစေ လုယူခဲ့သည်။ ဘုရင်ဘ၀၊ သမ္မတ ဘ၀ကို အရမ်းအလိုမက်မောသူဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရင်ရူး ရူးနေသူဖြစ်သည်။ ထိုသူက တခြား မဟုတ်၊ အရှင်ဒေ၀ဒတ်ပင်ဖြစ်သည်။
အရှင်ဒေ၀ဒတ် ဘ၀လဲဖြစ်၊ ဘုရားလောင်းသည်လည်း သာသနာကို တည်ထောင်သူ ဗုဒ္ဓမြတ်စွာ အဖြစ် တစ်ဘ၀တည်းမှာ လာဖြစ်ကြသည့် အပြင် ဆွေမျိုးပင် တော်လေသည်။ သိန်းသောင်းချီတဲ့ သံဃာထုကို တည်ထောင်သူက ဘုရားရှင်ပင်ဖြစ်သည်အတွက် သာသနာတော်မှာတော့ ဘုရင်ပင်ဖြစ်သည်။ အရှင်ဒေ၀ဒတ်သည် ဘုရင်အရူး ရူးလာခဲ့တဲ့ အထုံက ဒီဘ၀အထိ ပါလာသည်။ ဘုရားရှင်နေရာကို ရဖို့ နည်းမျိုးစုံနဲ့ တိုက်သည်၊ ကိုယ့်ဖခင်ကို သတ်ရလောက်အောင် ဘုရင်အရူး ရူးနေသော အဇာတသတ်ကိုလဲ အလွယ်တကူ သိမ်းသွင်းပြီး သူတို့နှစ်ယောက် နည်းမျိုးစုံနဲ့ ဘုရင်အရူး ရူးနေကြသည်။ ထိုကဲ့သို့သော ဘုရင်အရူး ရူးထခြင်းက သာမန်ပြည်သူ သတ်ဖို့ဆိုတာ မဆိုထားနဲ့၊ ဖခင်ကိုပင် သတ်ရဲလာသည်၊ သုံးလောကလုံးက ကိုးကွယ်ရာ ဘုရားရှင်ကိုလဲ နည်းမျိုးစုံ လုပ်ကြံရဲလာသည်။
ဘုရင်အဇာတသတ်
နောက်ဆုံးတော့လဲ သူ့ဘဝ
နေ၀င်ချိန်ရောက်ချိန်ရောက်မှ နောင်တဆိုတာ ဖြစ်လာသည်။ သိပ်နောက်ကျသွားသည်။
ဘုရားရှင်ကို ပြစ်မှားမိသမျှ တောင်းပန်ဖို့ ဘုရားရှိရာ အလာ ကျောင်းဝင်းမှာ
ထမ်းစဉ်ကနေ အောက်အချ၊ မြေကြီးက ဒီလောက် ဘုရင် အရူးထတဲ့သူကို လက်မခံနိုင်သဖြင့်
ဝါးမျိုလိုက်သည်။ မြေမျို ငရဲရောက်ရသည်။ အလားတူပင် ဘုရင်အရူး ရူးနေသော
အဇာတ်သတ်သည်လည်း မြေကြီး၏ ၀ါးမျိုးခြင်းကို ခံရသည်။ ဘုရင်အရူးထသူတို့၏ ဘ၀ နိဂုံးကား
ဤကဲ့သို့ဖြစ်သည်။
ဘုရင်ရူးကို မုန်းသူ
“အရှင်ဒေ၀ဒတ်ကြီး မြေမျိုလို့ သေပြီတဲ့”ဆိုတဲ့ သတင်းလဲ ကြားရော တပြည်လုံးက လူတွေက ပျော်ကြသတဲ့။ ပျော်ပွဲရွှင်ပွဲတွေဖြင့် အောင်ပွဲခံကြသည်။ ဘာ့ကြောင့် သူတို့တတွေပျော်ကြသနည်း မေးရန် မလိုအပ်။ သူတို့ဘုရင်အရူးထအောင် လုပ်သူကား ဒီ အရှင်ဒေ၀ဒတ်ကြီးဖြစ်သည်ဟု ယူဆကာ ပျော်နေကြသည်လား စဉ်းစားစရာဖြစ်သည်။ ထိုအကြောင်းအရာတွေကို ကြားသိကြသော ရဟန်းတော်တွေက ဘုရားရှင်အား လျှောက်ထားတော့ ဘုရားရှင်က “ဒေ၀ဒတ်သေလို့ ပြည်သူတွေ အခုမှ ပျော်ကြတာ မဟုတ်ဘူး၊ အရင်ကလဲ ဒီလိုပဲ ပျော်ခဲ့ကြတယ်” ဆိုပြီး ရှေးက ဘုရင်အရူးတစ်ယောက်အကြောင်း ပြောပြတော့သည်။
တခုသော ဘ၀မှာ အရှင်ဒေ၀ဒတ်က တိုင်းပြည်ရဲ့ ဘုရင်၊ တိုင်းပြည်ခေါင်းဆောင် ပိင်္ဂလဆိုတဲ့ အမည်နဲ့ ဘုရင်ဖြစ်ခဲ့ဖူးတယ်။ ထိုပိင်္ဂလမင်းကြီးသည် တိုင်းပြည်အပေါ် စာနာ ထောက်ထားလေ့မရှိ၊ ကိုယ့်အတ္တကိုပဲ ကြည့်တတ်သူဖြစ်သည်၊ သူ့နေရာ သူ့ကုလားထိုင် မြဲဖို့အရေးပဲ စဉ်းစားသည်၊ သူ့နေရာနှင့် သူ့မိသားစု၊ သူ့အသိုင်းဝိုင်းကို ထိလာသူမှန်သမျှကို ရှင်းလင်း သုတ်သင်လေ့ရှိသည်။ ပြည်သူပြည်သားတွေကို မစောင့်ရှောက်တဲ့ အပြင်၊ နည်းမျိုးစုံနဲ့ ညှင်းဆဲသည်၊ နိပ်စက်သည်။ မင်းကျင့်တရားဆိုတာ ကြားတောင် မကြားဖူးသည့် ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီးကို ပြည်သူတွေက “မချစ်သော်လည်း အောင့်ကာနမ်းဆိုတာလို၊ ခါခြင်ကောင် မာန်ဖီးလို့ တောင်ကြီးကိုတဲ့ ဖြိုမည်ကြံ ခါးက မသန်” ဆိုတာလို ဘာမျှ မတတ်နိုင်သဖြင့် ဘုရင်နှင့် အပေါင်းအပါတွေ ထုသမျှ နုနေကြရသည်၊ ဖိသမျှ ပြားနေကြရသည်။ ထိုကဲ့သို့ ပြည်သူတွေအပေါ် နိုင်ထက်စီးနှင်း၊ ကြမ်းထမ်းသော ဘုရင်ကြီး သေသွားတော့ တပြည်လုံးက ပြည်သူတွေ ပျော်လို့မဆုံး ဖြစ်ကြသည်။ တတိုင်းပြည်လုံး ဘုရင်သေလို့ ၀မ်းမနဲကြတဲ့ အပြင် ပျော်ပွဲရွှင်ပွဲတွေနဲ့ အောင်ပွဲခံကြသည်။ တချို့ကလဲ သူ အသက်ပြန်ရှင်လာမှာကို ကြောက်ရွံ့နေဆဲ ဖြစ်ကြသည်။
ဘုရင့်နန်းတော် တံခါးစောင့်က ဘုရင်ကြီးသေလို့ ငိုနေသတဲ့၊ လူအုပ်ကြီးက “ဟေးးး အမောင်တံခါးစောင့်၊ ဘာလို့ ငိုနေတာလဲ၊ ဘုရင်ကြီးသေလို့ တတိုင်းပြည်လုံးက ပြုံးပျော်နေတဲ့ အချိန်မှာ မောင်မင်းက ဘာလို့ ငိုနေတာလဲ”လို့ ၀ိုင်းမေးကြတော့၊ “ကျွန်တော်မျိုးက ဘုရင်ကြီးကို ချစ်လို့ ငိုတာ မဟုတ်ဘူး၊ နောက်တစ်ခါ ဒီဘုရင်ကြီး ပြန်ပေါ်လာမှာကို ကြောက်လို့ ငိုနေတာပါ”ဟု ပြောသတဲ့။ မုဆိုးမတွေ၊ မုဆိုးဖိုတွေရော၊ အပျိုအအို၊ လူကြီးရော ကလေးရောပါ အားလုံးက အောင်ပွဲတွေနဲ့ တစ်နေလုံး တစ်ညလုံး ပျော်နေကြသည်။
လူဆိုတာ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြသည်၊ လွန်ခဲ့သည် နှစ်ပေါင်း ၂၆၀၀ ကျော်က အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်တို့၏ သူတို့ကိုယ်တိုင်ရေးသည့် သမိုင်းသည် ယနေ့အထိ ရှင်သန်နေဆဲ၊ ဟို--ဘ၀များစွာက ပိင်္ဂလမင်းကြီး ရေးခဲ့သော သူ၏သမိုင်းသည်လည်း ယနေ့တိုင် ထင်ရှားနေဆဲ၊ ယနေ့မျက်မှောက်ခေတ် အဆက်ဆက် တိုင်းပြည်၏ ဘုရင်စတဲ့ ခေါင်းဆောင်တွေသည်လည်း သူတို့သမိုင်း သူတို့ရေးခဲ့ကြသည်။ သူတို့ရေးခဲ့သော သမိုင်းကောင်းသည် လူသားအတွက် ဆောင်ရန် သင်္ခန်းစာ ဖြစ်သလို၊ ပိင်္ဂလမင်း၊ အဇာတသတ်နှင့် အရှင်ဒေ၀ဒတ်တို့ရေးခဲ့သော သမိုင်းဆိုး သမိုင်းညစ်သည်ကား လူသားအတွက် ရှောင်ရန် သင်္ခန်းစာများ ဖြစ်လာသည်။ ကိုယ့်ရဲ့သမိုင်းသည် လူသားအတွက် စံပြ၊ အတုယူဖွယ် ဖြစ်ဖို့၊ ဆောင်ရန် ဖြစ်ဖို့ ဘ၀သမိုင်း လှဖို့လိုသည်။
နိဂုံး
ဘ၀နိဂုံးချုပ်ချိန် “ပြည်သူတွေ ပျော်နေတာကို မြင်ချင်သလား၊
ပြည်သူတွေ ငိုနေတာကို မြင်ချင်သလား” စာတိုပေတို လေးသည် “ဘ၀ဆိုတာ ရေပွက်ပမာလိုပဲ
ခဏလေးရယ်ပါ၊ အားလုံး နှစ် ၁၀၀ အတွင်းမှာ သေကြရမှာ ဖြစ်ပါတယ်၊ အားလုံးကို
စွန့်ခွါသွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ဘ၀ကောင်း ဘ၀အတိုလေး ရနေခိုက်မှာ၊ ကိုယ့်အတ္တ၊
ကိုယ့်ဆန္ဒတွေကို ဘေးဖယ်ထား၊ တစ်ဦးဆန္ဒ တစ်ဦးက စဉ်းစားပေးရင်းဖြင့် ဘ၀တူ
ပြည်သူပြည်သားတွေ အားလုံး အေးအေး ချမ်းချမ်း စိတ်ချမ်းချမ်း သာသာနဲ့ နေနိုင်ကြမှာ
ဖြစ်သည်။” ဆိုတဲ့ သင်္ခန်းစာလေးတော့ ရကောင်း
ရနိုင်ပါလိမ့်မည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၀၁-၂၀၁၃