သီတဂူစတား

သီတဂူစတား

05 January 2015

သီတဂူဆရာတော် အီရန်မိန့်ခွန်း အပြည့်စုံ

ဗုဒ္ဓဘာသာတရားတော်အရ လူ့ဘဝပြဿနာဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းများနှင့် ထိုပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ
-----------------------------------------

ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ ငြိမ်းချမ်းရေး အစည်းအဝေးပွဲကြီးသို့ တက်ရောက်လာကြကုန်သော အီရန်အစိုးရအဖွဲ့၊ ယဉ်ကျေးမှုဝန်ကြီး၊ အစ္စလာမ်ဘာသာရေးခေါင်ဆောင်များ၊ ဘာသာရေးတက္ကသိုလ်အဓိပတိ၊ ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်များ၊ တက်ရောက်လာကြကုန်သော ဧည့်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်အပ်ပါတယ်။

မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ သုံးနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်အချို့တို့အကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းရန် အီရန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဌာနခွဲက ဤအစည်းအဝေး ဖြစ်မြောက်အောင် ထောက်ပံ့စည်းရုံးခဲ့သည်အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါတယ်။

ဤအစည်းဝေးကြီးမှာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့ အကြား အထင်အမြင်လွဲမှားမှုများကို ပယ်ဖျောက်ရန် အမြင်ချင်း ဖလှယ်ခွင့် ရရှိသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ပြောပါရစေ။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်မှာ မိန့်ဆိုတော်မူချက်တစ်ခု ရှိပါတယ်။ မပြတ်မပြတ် စည်းဝေးတိုင်ပင်ခြင်းသည် ချစ်ခင်ရင်းနှီးခြင်းကို ဖြစ်ပွားစေတယ်၊ အချင်းချင်း မိတ်ဆွေဖွဲ့ခွင့်ကို ရစေတယ်၊ အသိဥာဏ်ကိုလည်း တိုးပွားစေတယ်၊ မပြတ်မပြတ် တွေ့ဆုံဆွေးနွေးခြင်းသည် အကျိုးစီးပွားတိုးပွားဖို့သာ ဖြစ်နိုင်တယ် ဆုတ်ယုတ်ဖို့ မဖြစ်နိုင်ဘူးလို့ မိန့်ကြားတော်မူလေ့ရှိပါတယ်။

မြန်မာနိုင်ငံတွင်းက သတင်းများကို အီရန်ခေါင်းဆောင်တွေက မီဒီယာတို့မှတဆင့် ကြားပြီး အထင်လွဲမှားမှုတွေ ရှိနေပါလိမ့်မယ်။ အီရန်နိုင်ငံ၏ အကြောင်းကို မြန်မာတို့ကလည်း မီဒိယာတို့မှတဆင့် အဝေးကနေ စိုးရိမ်ပူပန်နေကြပါတယ်။ ဒီကနေ့ ဘုန်းကြီးတို့တတွေ ရောက်လာတော့ ချစ်ကြည်ရင်းနှီးခွင့်၊ တွေ့ဆုံဆွေးနွေးခွင့်၊ တိုက်ရိုက်မေးမြန်းဆွေးနွေးခွင့်၊ အမြင်ဖလှယ်ခွင့်များ ရကြပြီဖြစ်တဲ့အတွက်ကြောင့် တဆင့်ကြား အမြင်မှားတွေဟာ ကွယ်ပျောက်သွားကြလိမ့်မယ်လို ယုံကြည်ပါတယ်။

ဤယုံကြည်ချက်ဖြင့် ဘာသာကြီး နှစ်ခုတို့၏အကြား ညီညွတ်ရေး၊ ငြိမ်ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

လူကြီးမင်းအပေါင်းတို့-
ဒီကနေ့ကမ္ဘာကြီး၏ နေရာတိုင်းလိုလိုမှာ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ အဖြစ်အပျက်များ ဆူပူလှုပ်ရှားမှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရတယ်ဆိုတာကို အားလုံးသတိပြုမိပါလိမ့်မယ်။

ဤမျှ စိတ်မချမ်းမြေ့ဖွယ်ရာကောင်းတဲ့ ကမ္ဘာကြီးမှာ ကျန်ုပ်တို့ဘာသာရေးခေါင်းဆောင်တွေ ထိုပြဿနာအားလုံး၏ အဖြေကို ရှာဖွေဖို့ လိုပါတယ်။ ပြဿနာတို့၏အကြောင်းအရင်းကို ရှာဖွေနိုင်မှ အဖြေမှန်ကို ရကြမှာဖြစ်ပါတယ်။ အဲဒါ သစ္စာတရားပါပဲ။ ဒါကြောင့် အရေးတကြီးလိုအပ်တာက လူသားထုတစ်ရပ်လုံး၏ ငြိမ်းချမ်းရေး လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို အရေးတကြီး ဝိုင်းဝန်းတည်ဆောက်ကြဖို့ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာ့မျက်မှောက် အခြေအနေမှာ ဘာသာရေး လူမှုရေး နိုင်ငံရေး ခေါင်းဆောင်အားလုံးတို့ဟာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါတယ်။ ဤအခြေအနေမှာ ကျန်ုပ်တို့ဘာသာရေး ခေါင်းဆောင်များအပိုင်းက သက်ဆိုင်ရာဘာသာတရားအသီးသီး၏ မွန်မြတ်တဲ့ အဆုံးအမတွေကို လူသားများအား သင်ကြားပို့ချပေးခြင်းဖြင့် လူသားတို့၏ စိုးရိမ်ပူပန်ခြင်း၊ တင်းမာခြင်းနှင့် ပဋိပက္ခများကို လျော့ချပေးဖို့ရာ တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းသည် သက်ဆိုင်ရာဘာသာတရားအသီးသီးကို လိုက်နာကိုးကွယ်ကြသူတိုင်းအား ကိုယ်ကျင့်သီလကောင်းဖို့၊ စိတ်ရိုင်းများကို ထိန်းချုပ်ဖို့၊ စိတ်ကောင်းများကို ပြုစုပျိုးထောင်ဖို့၊ စိတ်ဓာတ်ကို ဖြူစင်အောင် အားထုတ်ဖို့ တစ်ညီတညွတ်တည်း သင်ကြားဆုံးမကြတယ်လို့ ကျန်ုပ်ယုံကြည်ပါတယ်။

ခရစ်ယာန်သမ္မာကျမ်းစာကပဲဖြစ်ဖြစ်၊ အစ္စလာမ်ကိုရမ်ကျမ်းကပဲဖြစ်ဖြစ်၊ ဟိန္ဒူဝေဒကျမ်းကပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပိဋကကျမ်းကပဲဖြစ်ဖြစ် အားလုံးသော ဘာသာရေးကျမ်းစာများဟာ ရန်ငြိုးဖြေဖို့၊ ဒေါသကိုထိန်းချုပ်ဖို့၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တည်ဆောက်ဖို့ချည်း ဟောပြောတောင်းဆိုနေတာ ဖြစ်ပါတယ်။

မဟာဝီရဇိန၊ ဂျေးဆပ်ခရိုက်၊ တမန်တော်မိုဟာမက်၊ သိဒ္ဓတ္ထဂေါတမဗုဒ္ဓ၊ ကွန်ဖြူးရှပ်ဆိုတဲ့ ဘာသာရေးတည်ထောင်သူ ပုဂ္ဂိုလ်ကြီးများအားလုံး တညီတညွတ်တည်း ဟောတော်မူကြတာက ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ ဝိဇ္ဇာနှင့်စရဏ ဆိုတဲ့ တရားတွေ ဖြစ်ပါတယ်။

ဒါပေမယ် ကျွနု်ပ်တို့ နေထိုင်ရာ ဤကမ္ဘာမှာ မကြာခဏဆိုသလို အမျိုးဇာတ် ခွဲခြားမှု ပဋိပက္ခ၊ အသားရောင်ခွဲခြားမှု၊ ဘာသာရေး အစွန်းရောက်မှု ပဋိပက္ခ၊ နိုင်ငံရေးအစွန်းရောက်မှု ပဋိပက္ခတွေရဲ့ အောက်မှာ ကျနု်ပ်တို့တတွေဟာ ရိုက်ပုတ်မောင်းနှင်ခြင်းကို ခံရပါတယ်။

ရံခါမှာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတစ်ခုခုကို အကြောင်းပြု၍ ရက်စက်ကြမ်းကြုပ်သော စစ်ပွဲကြီးးများတောင် တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို စိစစ်ကြည့်တော့ ကျနု်ပ်အမြင်ကို ပြောရမည်ဆိုလျှင် လူသားအများစုဟာ သူတို့ကိုးကွယ်သော ဘာသာတရားအသီးသီး၏ အနစ်သာရရောက်အောင် ထိတွေ့ နားလည်ခွင့် မရခဲ့ပါဘူး။ ထိုထိုဘာသာတရားတို့၏ အပေါ်ယံ အကာအခေါက်များပေါ်သာ ရပ်ပြီးတော့ ငြင်းခုံမိကြလို့ ဖြစ်ပါတယ်။

ဥပမာ ရေပြည့်နေသော ရေမျက်နာပြင်ပေါ်၌ အပေါ်ယံ ဖုံးလွမ်းနေသော ရေညှိရေမှော်များကိုသာ ရှုမြင်သောသူသည် ရေကြည်ရေအေးကို မသောက်ရသကဲ့သို့ ဖြစ်ပါသည်။

ဘာသာရေး အကာကိုသာ ကြည့်တတ်တဲ့ အပေါ်ယံသမား superficial viewers တို့မှာ ဘာသာတရားတိုင်းက ဆုံးမသော သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ သနားကြင်နာခြင်း၊ မိမိကိုယ်ကို စိစစ်ခြင်း၊ နားလည်ခြင်း အစရှိတဲ့ Inner core အတွင်းပိုင်း အနှစ်သာရတွေ ကင်းမဲ့နေကြပြီ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်တစ်ယောက်ချင်း၏ နှလုံးသားမှာ ငြိမ်ချမ်းမှု မရှိလျှင် သူသည် အပြင်လောကကြီးကို ငြိမ်းချမ်းရေး ဝေငှပေးနိုင်မှာ မဟုတ်ပါဘူး။ ဆူပူသောင်းကျန်းခြင်းနှင့် ငြိမ်းခြမ်းခြင်းတို့မှာလည်း အတူယှဉ်တွဲ ရှိနိုင်ကြတာမဟုတ်ဘူး။

ကိုယ်တွင်းငြိမ်းချမ်းရေးရဖို့ရန် တစ်ခုတည်းသော နည်းလမ်းကတော့ ဝိပဿနာ ကမ္မဌာန်း Insight meditation ပဲဖြစ်ပါတယ်။ ဝိပဿနာကမ္မဌာန်းတရားဟာ အမျိုးဇာတ်နှင့်ဆိုင်သော ကျင့်စဉ်မျိုးမဟုတ်။ လူမျိုးစွဲ၊ ဇာတ်စွဲ၊ ဘာသာစွဲအားလုံးမှ လွတ်သော သိပ်ပံ္ပနည်းကျကျ အဘိဓမ္မာနည်းကျကျ မိမိကိုယ်ကို လေ့လာသုံးသပ်သောနည်းစနစ် the technique of self-observation၊ ထို့ပြင် မိမိ၏အတွင်းသန္တာန်မှာ ရှိသော သစ္စာတရားကို မျက်မှောက်ပြုခြင်း self-realization ဖြစ်ပါတယ်။

ဒါကြောင့် အားလုံးသော အစ္စလာမ်တေ၊ွ အားလုံးသော ခရစ်ယာန်ဘာသာဝင်တွေ၊ အားလုံး ဟိန္ဒူဘာသာဝင်တွေ၊ အားလုံးသော ဗုဒ္ဓဘာသာဝင်တွေ မည်သည့်ဘာသာကို ကိုးကွယ်သော မည်သည့်ဘာသာဝင်မဆို self-observation ဆိုတဲ့ Insight meditation ကို အားထုတ်ကြည့်ကြပါ။ Inner core သို့မဟုတ် Inner peace ဆိုတဲ့ ကိုယ်တွင်း သန္တာန်မှာရှိသော သစ္စာတရားနှင့် ငြိမ်းချမ်းရေးကို ဤဘဝမှာပင် လက်တွေ့ ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

Insight meditation ကို အားထုတ်ကြည့်လျှင် Mind နှင့် Body စိတ်နှင့်ကိုယ် နာမ်နှင့်ရုပ်တို့ အပြန်အလှန်မှီတွယ် အလုပ်လုပ်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာနဆိုတဲ့ ယုတ်မာတဲ့ စိတ်တွေ အရှိန်အဟုန်မြင့် တက်လာတဲ့အခါမှာ ထိုစိတ်ညံ့တွေရဲ့ သောင်းကျန်းမှုများက ဆင်းရဲပင်ပန်းသော ခံစားမှုမျိုးစုံတို့ကို ကိုယ်တွင်းမှာ ဖြစ်စေလိမ့်မယ်။

အကယ်၍ ခန္တီ၊ ကရုဏာ၊ မုဒိတာ၊ ပညာဆိုတဲ့ positive state ယည်ကျေးသော စိတ်စေတသိက်တွေ အရှိန်အဟုန်မြင့်တက်လာတဲ့ အခါမှာတော့ နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ ငြိမ်းချမ်းတဲ့အရာတွေ ကိုယ်တွင်း စိမ့်ဝင်ပျံ့နှံ့နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

လူ့စိတ်ဟာ ဆန်းကြယ်ပါတယ်။ ခဏတိုင်း ခဏတိုင်း ချစ်ခြင်း မုန်းခြင်း သနားကြင်နာခြင်း သို့မဟုတ် ရက်စက်ကြမ်းတမ်းခြင်း၊ ဝမ်းမြောက်ခြင်း သို့မဟုတ် မနာလိုခြင်း၊ လိုက်လျောညီထွေရှိခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ပြုခြင်း၊ နှစ်သက်ဖွယ်ကောင်းခြင်း သို့မဟုတ် စိတ်ပျက်ဖွယ်ကောင်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း သို့မဟုတ် သူတစ်ပါးအများ အကျိုးစီးပွားလိုလားခြင်း အစရှိသည်တို့ကို ထုတ်လုပ်ဖန်တီးနေပါတယ်။

ဒါ့ကြောင့် စိတ်စေတသိက်အားလုံးတို့၏ အပေါ်မှာ နှစ်မြို့ ဖွယ်ကောင်းသော ခံစားမှုများ နှစ်မြို့ဖွယ် မကောင်းသော ခံစားမှုများဆိုတဲ့ ရေစီးကြောင်းနှစ်ခုဟာ အစဉ်သဖြင့် စီးဆင်းနေပြီးတော့ မြစ်တွေမှာ ရေလျံသလို ဖြစ်နေပါတယ်။

ဝိပဿနာကမ္မဌာန်းသည် မြစ်ရေစီးသလို စီးနေတဲ့ ရုပ်တို့၏လှုပ်ရှားမှု အစဉ်အတန်းကြီး (ကာယကံ)၊ နှုတ်တို့၏ လှုပ်ရှားမှု အစဉ်အတန်းကြီး (ဝစီကံ)၊ စိတ်တို့၏ လှုပ်ရှားမှု အစဉ်အတန်းကြီး (မနောကံ)တို့ဟာ အကောင်းတွေလား၊ အဆိုးတွေလား၊ နစ်သက်ဖွယ်လား၊ စက်ဆုပ်ဖွယ်လားဆိုတာ သဘောတရားများကို ရှာဖွေဖော်ထုတ်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျနု်ပ်တို့တတွေဟာ သန့်ရှင်းသော ငြိမ်းချမ်းသော စိတ်ဓာတ်ကို ဖန်တီးဖို့ ဒီဝိဿနာတရားကို ကျင့်ကြံ အားထုတ်ဖို့သင့်ပါတယ်။

ဝိပဿနာတရားကို ကျင့်ကြံ အားထုတ်ခြင်းကြောင့် ကျန်ုပ်တို့တတွေဟာ အစွန်းရောက်နေသော စိတ်ဓာတ်တွေကို ဟန်ချက်ညီအောင် ထိန်းနိုင်ကြမှာဖြစ်ပါတယ်။ ပြင်ပအာရုံတွေကြောင့် ယိန်းယိုင်နေသော စိတ်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။ ကိလေသာတွေကြောင့် ကျန်းမာရေးချို့တဲ့နေတဲ့စိတ်ကို ကျန်းမာအောင် ပြုပြင်နိုင်မှာဖြစ်ပါတယ်။ ကိလေသာရောဂါတွေကို ဖယ်ရှားတဲ့နေရာမှာ ဝိပဿနာဆေးဟာ အကောင်းဆုံးပါပဲ။ အစွန်းရောက်စိတ်ဓာတ်တွေကို ဟန်ချက်ညီအောင် ထိန်းတဲ့နေရာမှာ ဝိပဿနာဟာ အစွမ်းထက်ပါတယ်။ ဟန်ချက်ညီသောစိတ်သည် ဟန်ချက်မညီသော ကမ္ဘာကြီးကို ညှိပေးပါတယ်။ တည်ငြိမ်သောစိတ်ဓာတ်သည် မတည်ငြိမ်သော ကမ္ဘာကို တည်ငြိမ်စေပါလိမ့်မယ်။ ငြိမ်းချမ်းသောစိတ်ဓာတ်သည် ဆူပူသောကမ္ဘာကြီးကို ငြိမ်းချမ်းစေပါလိမ့်မယ်။

ကိုးကွယ်သည့်ဘာသာ အသားအရောင် အမျိုးဇာတ် မခွဲခြားဘဲ ဘယ်တိုင်းပြည် ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်ဘာသာဝင်မဆို ဝိပဿနာတရားကို ကျင့်သုံးနိုင်ပါတယ်။ ဝိပဿနာတရားကို အားထုတ်ရင်း သက်ဆိုင်ရာ မိမိတို့ဘာသာတရားကိုလည်း ကိုးကွယ်ပိုင်ခွင့် ရှိပါတယ်။ စိတ်ဓာတ်အစွန်းရောက်မှုတွေ စိတ်ပင်ပန်းမှုတွေ အစွဲသန်မှုတွေ တစ်ယူသန်မှုတွေဟာ ပဋိပက္ခမှုတွေကို ဖြစ်ပေါ်စေတဲ့ အတွင်းမာရ်နတ်တွေပါပဲ။

တကယ်တော့ ဘာသာပြောင်းခြင်း မပြောင်းခြင်း၊ ပါတီပြောင်းခြင်း မပြောင်းခြင်း၊ နိုင်ငံသားပြောင်းခြင်း မပြောင်းခြင်းတို့ဟာ အရေးမကြီးပါဘူး။ conversion ပြောင်းလဲခြင်း ဆိုတာဟာ negative mind စိတ်ညံ့တွေကို positive mind စိတ်ကောင်းအဖြစ်သို့ ပြောင်းဖို့ပဲ အရေးကြီးပါတယ်။ Violence ဆူပူသောင်းကျန်းခြင်းကို peace ငြိမ်းချမ်းခြင်းသို့ ပြောင်းရမှာဖြစ်ပါတယ်။ မသိနားမလည်ခြင်း အဝိဇ္ဖာကို သိနားလည်ခြင်း ဝိဇ္ဖာသို့ ပြောင်းရမှာ ဖြစ်ပါတယ်။ ဝိပဿနာတရားမှာ ဤကဲ့သို ပြုပြင်ပြောင်းလဲနိုင်တဲ့ အစွမ်းသတ္တိ အပြည့်ရှိပါတယ်။

ယနေ့ ကျွနု်ပ်တို့ နေထိုင်ရာ ကမ္ဘာကြီးရဲ့ လူသားတွေမှာ အဆင့်အတိုင်းအတာ အမျိုးမျိုးရှိတဲ့ စိတ်အညစ်အကျေး စိတ်မသန့်ရှင်းမှု spiritual pollution တွေ ဖုံးလွမ်းနေတာ တွေ့ရပါတယ်။
စက်ရုံအလုပ်ရုံနင့် မော်တော်ကားထူထပ်တဲ့ မြို့ကြီးတွေဟာ air pollution လွှမ်းမိုးနေသလိုပါပဲ။

အဲဒီ spiritual pollution ဆိုတဲ့ စိတ်စေတသိက်တို့ရဲ့ ညစ်ညမ်းမှုတွေကတော့ မကျေနပ်မှုတွေ၊ မရောင့်ရဲနိုင်မှုတွေ၊ သဘောမတူနိုင်မှုတွေ၊ ငြင်းခုံမှုတွေ၊ အပြစ်တင်မှုတွေ၊ ခွင့်မလွတ်နိုင်မှုတွေ၊ တစ်ဖက်သတ်ကျမှုတွေ၊ အစွဲလမ်းကြီးမှုတွေ၊ တယူသန်မှုတွေ၊ စိတ်ပူပန်မှုတွေ၊ ဆူပူခြင်းတွေ၊ ဆန္ဒပြခြင်းတွေ စသည်တို့ပဲ ဖြစ်ပါတယ်။

အဲဒီစိတ် ညစ်ညမ်းမှု spiritual pollution တွေဟာ လူအဖွဲ့အစည်းနှင့် လူ့ပတ်ဝန်းကျင်ကို မကောင်းသော အကျိးဆက်များစွာကို ဖြစ်စေနိုင်ပါတယ်။ အဲဒီစိတ်ဓာတ် ညစ်ညမ်းမှုတွေဟာလည်း သင်ကြားဆုံးမခြင်းမရှိသော ဟန်ချက်မည်ီသော စိတ်ဓာတ်၏ အကျိုးဆက်များ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ နားလည်သင့်ပါတယ် - ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းနှင့် ကျန်ုပ်တို့ လူ့ပတ်ဝန်းကျင်ကို ဒီစိတ်ညစ်ညမ်းမှုတွေ spiritual pollution တွေ မလွမ်းမိုးအောင် ကာကွယ်ကြရမှာပါ။ ဒီ spiritual pollution တွေ ရပ်သွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာပေါ်ရှိလူသားတွေဟာ spiritual pollution ကင်းတဲ့ ငြိမ်းချမ်းသာယာတဲ့ နေရာများကို ရှာဖွေနေရပါတယ်။ သို့သော် ဤရုပ်လောကကြီးထဲ့မှာ ကောင်းကင်ဘုံတမျှ နိဗ္ဗာန်နန်းတမျှ ချမ်းမြသာသာယာတဲ့ နေရာကို ဤကမ္ဘာမှာ ရှာမတွေ့ပါဘူး။

ကျွန်ုပ်တို့တတွေ ကျွန်ုပ်တို့ negative mind ကို positive mind သို့ ပြုပြင်ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ မလိုလားအပ်တဲ့ စိတ်ညစ်ညမ်းမှု negative spiritual pollution တွေကို ဖယ်ရှားခြင်းသည်သာလျှင် ကျွန်ုပ်တို့ လူအဖွဲ့စည်းနှင့် လူ့ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းခြင်းနင့် ညီညွတ်ခြင်းကို တည်ဆောက်နိုင်မာဖြစ်ပါတယ်။ ထို့ပြင် စိတ်ဓာတ် ဟန်ချက်ညီမှ စိတ်ဓာတ်တည်ငြိမ်မှ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ ငြိမ်ချမ်းစွာ ဆက်သွယ်မှုတို့ကိုလည်း ဖွဲ့စည်းတည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဤသည်ကား ဗုဒ္ဓတရားတော်က လူနှင့် လူ့ပတ်ဝန်းကျင်ကို မည်မျှ ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။

Islamic Culture and Relations Organization ၏ Shahid Rahimi Conference Hall ကြီးမှာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနှင့် အီရန် လေးနိုင်ငံ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ စည်းဝေးနေကြတာဟာ လူနှင့် လူ့ပတ်ဝန်းကျင်ကို မည်သို့ ကာကွယ်စောင့်ရှောက်ရမည်ကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ လေးနိုင်ငံဘာသာရေး ခေါင်းဆောင်တွေဟာ လူအဖွဲအစည်းငြိမ်းချမ်းရေးနှင့် ညီညွတ်မှုဟာ ဘာသာတရားထဲမှာ ဘယ်လို အမြစ်တွယ်တယ်ဆိုတာ ရှာဖွေကြဖို့ပဲ ဖြစ်ပါတယ်။

ထို့ပြင်ရုပ်ဝတ္ထု ရုပ်တရားများ၏ တိုးတက်မှုကိုသာ ဦးစာပေးတဲ့ ဤလူ့အဖွဲ့အစည်းမှာသာမက စီးပွားရေး၊ ပညာရေး ဆင်းရဲမွဲတေသော အောက်ခြေအဆင့်အထိ ဘာသာရေး အဆုံးအမတွေ နံ့စပ်စိမ့်ဝင်အောင် ဘယ်လိုများ စဉ်းစားဆောင်ရွက်ကြမလဲဆိုတဲ့ အကြောင်းအရာကို ဤနေ့ ဤနေရာမှာ ဆွေးနွေးနေကြခြင်းဖြစ်ပါတယ်။

ကျွန်ုပ်ထင်တယ်--စီးပွားရေး ဆင်းရဲမွဲတေသော economical poverty ပညာရေးဆင်းရဲမွဲတေသော educational poverty အောက်ခြေအဆင့် လူသားတွေရဲ့ လောကသို့ ကိုးကွယ်ရာဘာသာသာတရားတိုင်းရဲ့ အနစ်သာရများ ရောက်ရှိသွားအောင် ကျွန်ုပ်တို့ စဉ်းစားကြရလိမ့်မည်ဟု ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် ပဋိပက္ခတွေဟာ အောက်ခြေအဆင့် gras rootျ level မှာ စတင် ဖြစ်ပေါ်တယ်လို့ ကျွနု်ပ်သုံးသပ်မိပါတယ်။

နောက်တစ်ခု ကျနု်ပ်သုံးသပ်မိတာက အောက်ခြေအဆင့် လူသားတွေဟာ မိမိတို့ကိုးကွယ်ရာ ဘာသာတရားတိုင်းရဲ့ အဓိပ္ဗါယ်မှန်နင့် အနှစ်သာရကို မသိရှိကြဘူး။အဲဒီ အဝိဇ္ဇာ တရားဟာလည်း ဒုက္ခ၊ ဒေါမနဿတရားအားလုံးတို့ရဲ့ အကြောင်းရင်းပါပဲ။ ဒါကြောင့် ယခုအချိန်မှာ ကျန်ုပ်တို့တတွေ လက်ချင်းဆက်၍ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ပဋိပက္ခများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ အထူးလိုအပ်တယ်လို့ ယုံကြည်ပါတယ်။

• မည်သည့် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ပဋိပက္ခများနှင့် ဆူပူမှုများကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း ရုံ့ချကြောင်း ကျနု်ပ် ဤနေရာက ကြေညာပါသည်။ ဤကြေညာချက်ကို နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေး ခေါင်းဆောင်အားလုံးတို့ လာရောက်လက်တွဲကြပါလို့ ကျနု်ပ်တောင်းဆိုပါတယ်။

• ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ၊ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများ၊ ဆူပူလှုပ်ရှားမှုများအားလုံးတို့ကို လုံးဝ ရှုံ့ချကန့်ကွက်ကြောင်း ကျွနု်ပ် ဤနေရာက ကြေညာပါတယ်။

ဤကမ္ဘာကြီးမှာ လူသားတို့အားလုံး ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲ နေထိုင်ရေး၊ လုံခြံရေး၊ တည်ငြိမ်ရေး၊ ညီညွတ်ရေးနင့် ငြိမ်းချမ်းရေးတို့ကို တည်ဆောက်ရေးအတွက် ကျွန်ပ်တို့တစ်တွေသည် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဝန်ခံခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ အစွန်းမရောက်ခြင်း၊ သဘောထားကြီးခြင်း အစရှိတဲ့ positive mind များကို ကြိုးစား ရှာဖွေ စုဆောင်းကြပါစို့ ဟု တိုက်တွန်းလိုပါတယ်။

ကြွရောက်လာတဲ့ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူကြီးမင်းများ- religion ဆိုတဲ့ ပုဒ်ရဲ့ အနက်အဓိပ္ဗါယ်ကို နည်းနည်း စဉ်းစားဖော်ထုတ်လိုပါတယ်။ Religion ရဲ့ အဓိပ္ဗါယ် အနှစ်သာရ အမှန်ကို မသိနားမလည်ကြရာက ပဋိပက္ခတွေ ဖြစ်ကြတယ်လို့ ထင်ပါတယ်။

အကယ်၍သာ လူသားတွေဟာ မိမိကိုးကွယ်ရာ ဘာသာတရားတိုင်း၏ ဆိုလိုသော အဓိပ္ဗါယ်မှန်နှင့် အနစ်သာရကို သိလည်းသိကြမယ် သိသည့်အားလျော်စွ လိုက်နာကျင့်သုံး ကြမယ်ဆိုရင် ကျန်ုပ်တို့ လူလောကကြီးမှာ ဘာသာရေး ပဋိပက္ခဆိုတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ရှိတော့မှာ မဟုတ်ဘူး။

ကျွနု်ပ်ကတော့ ဤနေရာမှာ religion for peace, religion for harmony, religion for security, religion for stability- ဘာသာတရားတိုင်းသည် လူသားတိုင်းဘဝ ငြိမ်းချမ်းရေး သာယာရေး တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက်ဟု ဘာသာပြန်လိုပါသည်။

ဘာသာတရားတိုင်းမှာ outer shell and inner core အပြင်အကာနှင့် အတွင်း အနစ်ဟု နှစ်မျိုးရှိပါတယ်။ ရှိခိုးခြင်း၊ ကိုးကွယ်ခြင်း၊ ယုံကြည်ခြင်း၊ ဆုဆောင်းခြင်း၊ ပူဇော်ခြင်း၊ အခန်းအနားကျင်းပခြင်း၊ ရွတ်ဖတ်ခြင်းဆိုတာတွေဟာ ဘာသာတရားအားလုံးရဲ့ အပေါ်ယံအကာတွေသာ ဖြစ်ပါတယ်။ အဲဒီ အပေါ်ယံအကာတွေက ဘာသာတရားတစ်ခုနှင့်တစ်ခု ကိုးကွယ်သူတစ်စုနှင့် တစ်စု အကြီးအကျယ် ခြားနားသွားစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာတရားတိုင်းမှာ inner core ဆိုတဲ့ အတွင်းအနှစ်သာရတွေ ရှိပါတယ်။

ဘာသာတရားတိုင်းက လူသားတိုင်းအတွက် သင်ကြားပေးတဲ့ သင်ကြားချက်တွေ ရှိပါတယ်။
အဲဒါကတော့-
§ ဒါနသံဝိဘာဂ-ပေးကမ်းဝေငှခြင်း၊
§ သီလ- ကိုယ်နုတ်နစ်ပါး စောင့်ထိန်းခြင်း၊
§ သမာဓိ- စိတ်ကို စောင့်ထိန်းခြင်း၊
§ ပညာ ကြောင်းကျိုးအမှားအမှနိကို သိနားလည်ခြင်း၊
§ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ၊ သစ္စာ ဤတရားတွေဟာ ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်လူမျိုးမဆို ကျင့်ရမည့် ကျင့်စဉ်တွေပါ။
တကယ်တော့ ဤတရားများဟာ လူသားတိုင်း ကျင့်ရတဲ့ ကျင့်နိုင်တဲ့ humanism ဖြစ်ပါတယ်။

ဘယ်အသားအရောင်ရှိတဲ့ ဘယ်သူမဆို (ဤသီလ သမာဓိ ပညာတို့ကို ကျင့်ရင်) သူတော် သူမြတ်ဖြစ်ပါတယ်။

လူမျိုးနှင့် ဘာသာမခွဲခြားဘဲ တစ်သားတည်း ကျင့်နိုင်အောင် ကျင့်စဉ်ကို ဘာသာရေး ခေါင်းဆောင်အားလုံးတို့က အောက်ခြေအဆင့် ရောက်သည့်အထိ ထိထိရောက်ရောက် သင်ကြားပေးဖို့ လိုပါတယ်။

ဤဘာသာရေး အနစ်သာရများကို လူသားတွေ နားလည်လာကြလျှင်၊ နားလည်ကြရုံမျှမက အပေါ်မျက်နာပြင်ရောက်အောင် ကျင့်သုံးလာနိုင်ကြမည်ဆိုလျင် ပဋိပက္ခများနှင့် ဆူပူသောင်းကျန်းမှုများသည် ဖြေးဖြေးချင်း လျော့ပါးသွားနိုင်သည်ဟု ကျွနု်ပ်ယုံကြည်ပါတယ်။

ဥပမာတစ်ခု နှင့် ရှင်းပြလိုပါတယ်။ ဥပမာ ရေဆိုပါစို့။ ရေမှာ ပြောင်းလဲလို့မရဘဲ အမြဲမှန်နေတဲ့သဘော လက္ခဏာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ လူသားတိုင်းကို အေးချမ်းစေတယ် ဆိုတာပါပဲ။ ရေကို ချိုးလျှင် သို့မဟုတ် သောက်လျှင် လူမျိုးမရွေး၊ ဘာသာမရွေး အေးချမ်းပါတယ်။ သန့်ရှင်းပါတယ်၊ အငတ်အဆာလည်း ပြေပါတယ်၊ ဆန်ကျင်ဘက် ဥပမာ တစ်ခု ပြောရရင် မီးမှာလည်း ပြောင်းလဲလို့ မရတဲ့ လက္ခဏာ တစ်ရပ်ရှိပါတယ်။ အဲဒါဟာ ထိသူကို ပူလောင်စေပါတယ်။ positive mind ဟာ ရေနှင့်တူပြီး negative mind ကတော့ မီးနှင့်တူပါတယ်။

ကျွန်ုပ်တို့တစ်တွေဟာ ရေတွေကို ပုလင်းတွေထဲထည့် တံဆိပ်တွေ အမျိုးမျိုးကပ်ပြီးတော့ ထုတ်ရောင်းနေကြတယ်။ အဲဒီပုလင်းပေါ် ကပ်ထားတဲ့ Label တွေကြောင့် အကွဲကွဲ အပြားပြား ခြားနားကုန်ကြပါတယ်။ အေးချမ်းတယ်ဆိုတဲ့ အပေါ်မှာ Label မရှိပါဘူး။

မီးခြစ်မှာလည်း ဒီအတိုင်းပဲ။ ကုန်အမှန်တံဆိပ်တွေ အမျိုးမျိုး ကပ်လိုက် နာမည်တွေကွဲပြီး မကောင်းတာတွေ ကောင်းတာတွေ ဖြစ်ကုန်တယ်။ တကယ်တော့ ပူလောင်ခြင်းရဲ့ အပေါ်မှာ Label တံဆိပ်မရှိပါဘူး။

ရေနှင့်မီးတို့မှာ အမျိုးမျိုး Label ပြောင်းကပ်သော်လည်းပဲ့ သူတို့ရဲ့ အေးခြင်းနင့် ပူခြင်းတို့အပေါ်မှာ Label တံဆိပ်ခပ်နိုပ်လို့ မရဘူး။ ဒါကြောင့် ကျွနု်ပ်ဒီနေရာမှာ ပြောချင်တာက ဘယ်ဘာသာဝင် ဘယ်လူမျိုးတို့ရဲ့ negative mind မဆို မီးလိုပူလိမ့်မယ်။ ဘယ်ဘာသာဝင် ဘယ်လူမျိုးတို့ရဲ့ positive mind မဆို ရေလို အေးလိမ့်မယ်။ အဲဒါ သစ္စာတရားပဲ။ အဲဒါကြောင့် သစ္စာတရားကို ဖောက်ထွင်းသိမြင်ဖို့ ဘာသာတရားတိုင်းရဲ့ အတွင်းကို ဖောက်ထွင်း ကြည့်ကြရမှာ ဖြစ်ပါတယ်။ အပေါ်ယံ မျက်နှာပြင်မှာ ရပ်မနေကြပါနဲ့။

ကြွရောက်လာကြတဲ့ သံဃာတော်များနှင့် လူကြီးမင်းအပေါင်းတို့-
အားလုံးသော လူသားတွေဟာ ငါ၏အယူအဆ၊ ငါ၏ဝါဒသည်သာလျှင် ဟုတ်သည်မှန်သည်ဟု တစ်ယူသန် တစ်ဖက်သတ် အစွန်းရောက် အယူဝါဒလွတ်အောင် ရှောင်ကြဖို့ လိုအပ်ပါတယ်။ မိမိတို့ သက်ဆိုင်ရာ ဘာသာတရားတိုင်း၏ အနစ်သာရကို ထိထိရောက်ရောက် ကျင့်သုံးခြင်းကိုတော့ လက်မလွတ်သင့်ပါဘူး။ မိမိ ဘာသာအယူဝါဒမှန်သည်ဟု ယူဆပြီး အခြားအယူဝါဒကို မရှုံ့ချမပုတ်ခတ်သင့်ပါဘူး။

မြတ်ဗုဒ္ဓလက်ထက်က ဘာသာအယူဝါဒ ကွဲပြားနေသော လူတစ်စု တစ်မျိုးစီ ဖြစ်နေသော ကိုယ်ပိုင်အယူအဆများကို လျှောက်ထားပါတယ်။ မိမိတို့ အယူအဆမှန်ကန်ကြောင်း သူတစ်ပါးအယူအဆ မှားကြောင်း တင်ပြကြပါတယ်။ ထိုအခါ မြတ်ဗုဒ္ဓက သင်တိုရဲ့ ကွဲပြားမှုတွေကို လာငြင်းခုံမနေကြနဲ့။ ကွဲပြားမှုတွေထဲမှာ တူညီမှုကို ရှာကြ။ တူညီသော အနစ်သာရတွေ့ရင် အဲဒီ တူညီသော အနစ်သာရအပေါ်မှာ လက်တွဲလမ်းလျှောက်ကြဟု မိန့်တော်မူတယ်။

ဤကဲ့သို့သော မြတ်ဗုဒ္ဓ၏ လမ်းညွန်ချက်များဟာ ဒီကနေ့တိုင် တည်ရှိနေဆဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားက ထိုအမျိုးမျိုးကွဲပြားသော လူစုကို အောက်ပါအတိုင်း ဆုံးမတော်မူတယ်။
§ အမျက်ဒေါသထွက်ခြင်းကို ပြန်၍ အမျက်ဒေါသထွက်ခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်။ အမျက်ဒေါသထွက်ခြင်းကို ချစ်ခြင်း သည်းခံခြင်း ခွင့်လွတ်ခြင်းတို့ဖြင့်သာ ငြိမ်းချမ်းစေနိုင်။
§ ဆူပူသောင်းကျန်းသူတိုကို ပြန်ရွေ့ ဆူပူသောင်းကျန်းခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်။
§ သူပူသောင်းကျေန်းသူတို့ကို ခန္တီ၊ မေတ္တာ၊ သစ္စာတရားတိုဖြင့်သာ ငြိမ်းချမ်းစေနိုင်။
§ ဆဲရေးသူကို ပြန်၍ ဆဲရေးခြင်းဖြင့် မငြိမ်းချမ်းနိုင်။
§ ဆဲရေးသူကို ပြန်မဆဲမှ ငြိမ်းချမ်းရေး ရနိုင်။
§ မုန်းတီးသူကို ပြန်၍ မုန်းတီးခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်။
§ မုန်းတီးသူကို မေတ္တာဖြင့် တုန့်ပြန်မှ ငြိမ်းချမ်းရနိုင်။
ဤသည်ကား ကမ္ဘာဦးမှ ယနေ့ထိ စဉ်ဆက်မပြတ် လူသားတိုင်း ကျင့်သုံးလာသော ကျင့်သုံးအပ်သော သနန္တနဓမ္မ ဖြစ်သည်။

ဓမ္မသည် သစ္စာတရား ဖြစ်ပါတယ်။ Religion နှင့် Ism တို့သည် အရေးမကြီး။ သစ္စာတရားသည်သာလျှင် မွန်မြတ်၏။ ဤကမ္ဘာမှာ သင်ကြားစရာ သစ္စာတရားမှတပါး အခြားမရှိ။ သစ္စာတရားကို သိခြင်းသည် ကျွနု်ပ်တို့ အားလုံးနင့်ဆိုင်သော အနစ်သာရ အားလုံးဦးတည်ရမည့် ပန်းတိုင်။ သစ္စာတရားကို သိခြင်းသည် ကျွန်ုပ်တို့ ဘဝပြဿနာနှင့် ဆိုင်သော အဖြေ။ အစွန်းလွတ်အောင် ရှောင်ခြင်း၊ အလယ်အလတ်လမ်းကို လျှောက်ခြင်းသည် ကျွနု်ုပ်တို့ လူသားအားလုံးတို့ လျှောက်လမ်းရမည့် လမ်းကြောင်း။

ကြွေ၇ာက်လာကြတဲ့ သံဃာတော်များနှင့် လူကြီးမင်းများ အားလုံး၊ ဤအစည်းအဝေးကြီး ဖြစ်မြောက်အောင် အားပေးထောက်ပံ့သော အီရန် အစ္စလာမစ် နိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးနှင့် ဌာနဝန်ထမ်းအားလုံး၊ ဘာသာပေါင်းဆုံတက္ကသိုလ် အဓိပတိ၊ ပါမောက္ခများအားလုံးကို လေးလေးစားစား ကျေးဇူးတင်ပါသည်။ ထို့ပြင် အီရန်နိုင်ငံ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကြီးများအားလုံးနှင့် Academic ပညာရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

အထူးအားဖြင့် သုံးနိုင်ငံဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် ချစ်ကြည်ရင်းနီးခွင်၊့ အမြင်ဖလှယ်ခွင့်ရသည့်အတွက် အီရန်နိုင်ငံရှိ ဘာသာရေးခေါင်းဆောင်များ အားလုံးကို ဝမ်းမြောက်စွာ ကျေးဇူးတင်ပါသည်။

ဗုဒ္ဓဘာသာခေါင်းဆောင်များ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ငြိမ်းချမ်းစွာ အတူလက်တွဲ၍ အနာဂတ်ကမ္ဘာ၏ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ လုံခြုံခြင်းတို့ကို ဦးဆောင်မှုပေးသွားနိုင်မည်ဟု မျော်လင့်ယုံကြည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

သတ္တဝါအားလုံး ရန်ငြိုးဖွဲ့ခြင်းမှ ကင်းဝေးပါစေ။
သတ္တဝါအားလုံး ငြိမ်းချမ်းသာယာကြပါစေ။
ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် တည်ငြိမ်ရေး ကမ္ဘာတစ်ဝန်း လွှမ်းမိုးပါစေ။

(ဤမိန့်ခွန်းစာတမ်းကို မြန်မာနိုင်ငံတွင် ရေးသားပြီး Tehran, Parsian Azadi Hotel တွင် မြန်မာဘာသာ ပြန်ဆိုသည်။)

သီတဂူဆရာတော် အရှင်ဥာဏိဿရ
Shihid Rahimi Conference Hall, Islamic Culture and Relations Organization
Tehran
Islamic Republic of Iran
30 December, 2014

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁-၂၀၁၄
www.sitagustar2020.net

အင်္ဂလိပ်မူ ဆက်လက် ဖော်ပြပါမည်။

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes