သီတဂူစတား

သီတဂူစတား

29 November 2009

မွန်မြတ်သောဆု (အပိုင်း-၁)



ဆုတောင်း ၆ မျိုး(အပိုင်း-၇)

တောင်းဆုလေးမျိုး


''သိကြားမင်း...ငါသည် အမျက်မထွက်ရပါစေနဲ့၊ ဒေါသမရှိရပါစေနဲ့၊ လောဘမရှိရပါစေနဲ့၊ ကိလေသာ အချစ် မရှိရပါစေနဲ့ဆိုတဲ့ ဆုတွေကိုပဲ လိုချင်ပါတယ်''လို့ ကဏှက တောင်းဆိုလိုက်တယ်။ အဲဒီလို ကဏှက ဆုတွေ တောင်းတော့ သိကြားမင်းက ပြောလိုက်တယ်။

တောင်းဆိုရခြင်း အကြောင်းရင်း

''ဘာ့ကြောင့် ဒီဆုတွေကို တောင်းသလဲ၊ တောင်းဆိုခြင်းရဲ့ အကြောင်းကို ရှင်းပြတော်မူပါဦးဘုရား''လို့ လျှောက်တယ်။


အမျက် မဖြစ်ပါရစေနဲ့

''သိကြားမင်း... အမျက်ထွက်ရင် ဖြစ်ကာစက နည်းနည်းကလေးပဲ၊ နောက်တဖြည်းဖြည်းနှင့် အရှိန်ပြင်း လာတယ်။ အဲဒီလို အရှိန်ပြင်းလာရင် ခွာလို့မရအောင် ငြိကပ်တတ်တယ်။ နောက်တော့ စိတ်နှလုံးပူပန်ရတာပဲ'' လို့ ကဏှက မိန့်တော်မူလိုက်တယ်။
အမျက်က ဘာနဲ့တူသလဲဆိုရင် ဒကာကြီးတွေ လယ်တောသွားတဲ့အခါ ဖိနပ်မစီးဘဲနဲ့သွားမိရင် ခြေဖဝါးမှာ ဆူးလေးတွေဆူးတယ်။ ဆူးကိုဆွဲထုတ်လိုက်တော့ အရင်းသား တုတ်တုတ်ကြီးတွေ ထွက်သွားတယ်။ အဖျားချွန်သေးသေးလေးက ခြေဖဝါးထဲမှာကျန်နေခဲ့တာ။
အဲဒါကို အရေးတကြီးမဟုတ်ဘူး ဆိုပြီးထားတာ၊ လမ်းလျှောက်တိုင်း တစ်ရက်, နှစ်ရက်ကြာတော့ မျက်တက် မျက်တက်နဲ့ ဖြစ်လာတယ်။
အရေးမကြီးဘူးဆို ဆက်ထားရင် နောက်ခုနစ်ရက် ရှစ်ရက်ကြာတော့ ပြည်တွေဘာတွေ တည်လာတယ်နော်။ ဆူးအချွန်သေးသေးလေးစူးတာကို ဘာခေါ်လဲ?ဆူးမျက်တယ်၊ ငါးဟင်းနှင့် ထမင်းစားတဲ့အခါ တခါတလေ အရိုးသေးသေးလေး အရိုးနုနုလေးတွေကို မဝါးဘဲနဲ့မျိုချမိရင် လည်ချောင်းမှာ အရိုးလေး ငြိတော့အဲဒါကို အရိုးမျက်တယ်လို့ပြောတယ်၊ စားလို့မဖြောင့်တော့ဘူး၊ ဆူးမျက်ရင်တော့ သွားလို့မဖြောင့်တော့ဘူး။
စားမဖြောင့် သွားမဖြောင့်ဖြစ်တာ ဘာလဲဆိုတော့ အရိုးမျက်တာဆူးမျက်တာ။ ဘဝသံသရာခရီးမှာ အစားလည်းမဖြောင့် အသွားလည်းမဖြောင့် ဖြစ်ကြတာက တစ်ယောက်နဲ့တစ်ယောက် အမျက်ထွက်လို့ ဟုတ်လား။
စိတ်ထဲမျက်တာ နှုတ်ကတော့ မပြောဘူးဗျနော်၊ ဒါကြောင့် ဘဝသံသရာခရီးမှာ အစားမဖြောင့် အသွား မဖြောင့်အောင် အနှောက်အယှက်ပေးတဲ့ ဒေါသအနုစားလေးကို 'အမျက်ကောဓ'လို့ ခေါ်တယ်။
ကဏှရှင်ရသေ့က ''ငါ့သန္တာန်၌ ဘဝကြီးငယ် အသွယ်သွယ်မှာ အဲဒီလို ဆူးမျက်သလို အရိုးမျက်သလို မျက်တတ်တဲ့အမျက် အစားလည်းမဖြောင့်အောင် အသွားလည်းမဖြောင့်အောင် နှောင့်ယှက်ပေးနေတဲ့ အမျက်ဟာ ဘယ်ဘဝမှာမှ မဖြစ်ပါရစေနဲ့၊ ဘယ်အကြောင်းကြောင့်မျှ ဘယ်သူကိုမျှ အမျက်မထွက်ပါရစေနဲ့''လို့ ဆုတောင်းတယ်။
ဒကာကြီးတွေ မှတ်ထား။ ဒီလိုဆုမျိုးတောင်း နိုင်အောင် ကြိုးစားရမယ်။ ဘယ်ဘဝမှာမှ ဘယ်အကြောင်းကြောင့်မျှ ဘယ်သူကိုမျှ အမျက်မထွက်ပါရစေနဲ့တဲ့။ ဘဝငြိမ်းချမ်းရေးကို ရချင်တယ်ဆိုရင် ဒီလိုဆုမျိုးတောင်းကြ။
ကဏှရသေ့က သိကြားကို စိတ်ဆိုးသလား၊ စိတ် မဆိုးပါဘူးနော်၊ သိကြားမင်းကြီးက ''သြော်...သူတော် ကောင်းပဲ၊ စိတ်မဆိုးရှာဘူး၊ ရသေ့ကြီး ဆုတွေတောင်းတာတယ်ကောင်း၊ ကြည်ညိုပါရဲ့၊ နောက်ထပ် ဆုတောင်းရှိသေးရင် ပြောစမ်းပါဦး''လို့ လျှောက်ပြန်တယ်။

ဒေါသ မဖြစ်ပါရစေနဲ့
ကဏှရသေ့က ''ဘဝကြီးငယ် အသွယ်သွယ်မှာ ငါ့သန္တာန်၌ ဒေါသမဖြစ်ပါရစေနဲ့''လို့ တောင်းဆိုလိုက်တယ်။ သတ္တဝါအားလုံးပေါ်မှာ မေတ္တာထားမယ်ဆိုတဲ့သဘောနဲ့ ဒီဆုကိုတောင်းလိုက်တာ။
ဒေါသဟာ ရှေးဦးစွာ ဒေါသဖြစ်နေသူကို ဖျက်ဆီးတယ်။ နောက်မှတစ်ခြားသူကို ဖျက်ဆီးတာ။ ဒေါသဖြစ်နေရင် အကောင်းအဆိုးကို နားမလည်တော့ဘူး။ လုပ်ချင်ရာလုပ်တယ်။ ဒါကြောင့် ဒေါသအားကြီးတဲ့သူကို 'တုတ်ထိုး အိုးပေါက်'လို့ ပြောကြတာ။
အမျက်ကောဓဆိုတာ စိတ်ထဲမှာပဲဖြစ်နေတာ၊ ဒေါသဆိုတာ စိတ်ထဲမှာ ထိမ်းထားလို့မရတော့ဘူး။ ပါးစပ်က ထွက်လာတယ်။ ထွက်လာတဲ့စကားလုံးကလည်း တစ်လုံးမှ မကောင်းဘူး။
ပါးစပ်ကနေ သူတစ်ပါးကိုပြောလို့ အားမရတော့ ဓား,ဒုတ်ကိုင်ပြီးတော့ သူတစ်ပါးကို နှိပ်စက်တဲ့အထိ ဖြစ်လာတယ်။ အဲဒါဘာလဲ? ဒေါသ။
အဲဒီလောက်ထိမရောက်သေးဘူး။ ပါးစပ်ကလည်း မပြောသေးဘူး။ စာလုံးအနေနဲ့လဲ ရေးပြီးတော့ မဝသေးဘူး၊ စိတ်ထဲမှာတင် မျက်နေတာလေးက ကောဓ။
အဲဒီ စိတ်ထဲကဥစ္စာကို စာတွေနဲ့ရေးပြီး ဖြန့်ချီတယ်။ ပါးစပ်ကလည်း ပြောတယ်၊ ဒီကနေ့ ကမ္ဘာနဲ့ချီပြီး ပြောရရင်တော့ အသံလွှင့်တဲ့သဘောဘဲ။
အဲဒီလိုဟာမျိုးတွေ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောလာပြီဆိုရင် ဒါဘာခေါ်လဲ? ဒေါသ။ စာအုပ်တွေ ရေးထုတ်လိုက်ပြီ၊ ဒါလည်း ဒေါသ။
ရေးလဲမရေး၊ ပြောလည်းမပြော၊ လွှင့်လည်းမလွှင့်၊ ရင်ထဲမှာ မြုံပြီးတော့ ဖြစ်နေတာကကောဓ။ တစ်ခုမှ မကောင်းဘူး။ ဒါကြောင့်ကဏှက ဒီဆုတွေကို တောင်းရတာ၊ သိကြားမင်းကြီးကလည်း ကျေနပ်လို့။


လောဘ မရှိပါရစေနဲ့


တတိယဆုတောင်းက ဘာလဲဆိုရင် ''ငါသည် ဘဝကြီးငယ် အသွယ်သွယ်မှာ မပြည့်နိုင်အောင်လိုနေတဲ့ လောဘ မရှိပါရစေနဲ့''တဲ့။ ကဏှရသေ့ ဒီဆုကို ဘာ့ကြောင့် တောင်းရသလဲဆိုရင် လောဘသည် ဒုက္ခအားလုံးရဲ့ လက်သည်တရားခံ ဖြစ်လို့ပါပဲ။
မပြည့်နိုင်အောင်လိုနေတဲ့ လောဘ၊ ပြည့်ကိုမပြည့်ဘူး၊ အမြဲတမ်းလိုနေတာ၊ အလိုမပြည့်နိုင်အောင် လိုနေတဲ့ လောဘမျိုးဟာ သိပ်ကြောက်စရာကောင်းတယ်။
ကမ္ဘာမြေပေါ်မှာ မြစ်တွေများစွာရှိတယ်။ နေ့စဉ် နေ့စဉ်စီးဆင်းတဲ့ရေက ပင်လယ်ထဲကိုသွားတယ်။ ဧရာဝတီ ရေတွေဘယ်ဆီကိုသွား? ပင်လယ်ထဲကိုသွားတယ်။ ချင်းတွင်းတို့ စစ်တောင်းတို့ သံလွင်တို့ ဘယ်ကိုသွားလဲ? ပင်လယ်ထဲကိုသွားတယ်၊ နေ့တိုင်းစီးဆင်းပြီး သွားနေတာ။
ကုလားပြည်က မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လည်းဒီအတိုင်းပဲ။ ဘယ်မြစ်မဆို ရေတွေ ဘယ်ကိုသွားလဲ ဆိုရင်ပင်လယ်ထဲကိုသွား၊ ပင်လယ်ထဲကို ဒီလောက်ရေတွေ ပို့ပေးနေတာ တစ်ခါမှ ပင်လယ်ရေ မပြည့်ဘူးနော်။
လိုချင်တယ် လိုချင်တယ်ဆိုတဲ့ လောဘက ပင်လယ်လိုဘဲ။ ပေးချင်တိုင်းပေး လက်ခံတယ်။ ဘယ်တော့မှ တော်ပြီလို့မပြောဘူး။ အလိုမပြည့်ဘူး။
လောဘရှိသမျှ အလိုမပြည့်ကြဘူး။ ဒီလူတွေ အလိုမပြည့်ခင် အကုန်သေမှာဘဲ။ အလိုပြည့်ပြီးမှ သေမည့်လူရယ်လို့ မရှိကြဘူး။
အဲဒါကြောင့် အားလုံးသော သူတော်ကောင်းတွေ အလိုတော်ပြည့်ချင်တယ်ဆိုရင် လောဘကုန်အောင် အားထုတ်ရမယ်။ အလိုတော်ပြည့်ဘုရားကို တည်ရုံမျှနှင့် အလိုမပြည့်နိုင်ဘူး။ လောဘကုန်မှသာလျှင် အလိုပြည့် နိုင်မယ်။
ဒါကြောင့် သိကြားမင်းက ''ငါ့သန္တာန်မှာ ဒီကနေ့ ပြုလုပ်တဲ့ဒါန, ဆောက်တည်တဲ့သီလ, အားထုတ်တဲ့ သမထ ဝိပဿနာ, ဒီကောင်းမှုတွေကြောင့် ပင်လယ်ကြီးနှင့်အမျှ 'လိုတယ်,လိုတယ်' ဆိုတဲ့ ဒီလောဘသည် ဘယ်ဘဝမှာမှ မဖြစ်ပါရစေနဲ့''လို့ ဆုတောင်းတယ်။
ဒကာကြီးတွေ ကဏှရသေ့ဟာ ဘယ်လောက်များ ကြည်ညိုစရာကောင်းသလဲ၊ တစ်ယောက်ယောက်ကို ကလဲ့စားချေဖို့ သူတောင်းတသလား၊ မတောင်းဘူး၊ တစ်ယောက်ယောက်ကို နှိပ်စက်သတ်ဖြတ်ဖို့ မတောင်းဘူး၊ စည်းစိမ်ဥစ္စာရတနာ မိုးမြေတွေရဖို့ မတောင်းဘူး၊ မတောင်းတဆိုတာ အဲဒါနော်။
မတောင့်တရမဲ့ ဥစ္စာကို တောင့်တရင် ဒုက္ခဖြစ် မယ်၊ လောဘမဖြစ်ဖို့ တောင့်တပါ၊ ဒေါသမဖြစ်ဖို့ တောင့် တပါ၊ အမျက်မထွက် ဖို့တောင့်တပါ၊ အမျက်ထွက်ဖို့ မတောင့်တနဲ့။
ဒေါသနဲ့ သူတပါးကို ချေမှုန်းတုန့်ပြန်ဖို့ မတောင့်တနဲ့၊ လောဘနဲ့ လိုချင်တာတွေကို ဘယ်တော့မှ မတောင့်တနဲ့၊ မလိုချင်ဖို့သာ တောင့်တကြပါ။ အေး..မတောင့်တ ဆိုတာ ဒါပဲ။

ဆုတောင်း ၆ မျိုး(အပိုင်း-၈)ဆက်ရန်

28 November 2009

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)


ပင်မ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးဖွင့်လှစ်ပြီးအရှိန်ရလာတာနဲ့အမျှ ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကိုလည်း ဖွင့်လှစ်အောင်မြင်ခဲ့သည်။ ယခုအခါ မန္တလေးတွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးတစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကျောင်းတော် ဖွင့်ပွဲမင်္ဂလာနှင့် ကျောင်းသားသစ် (၂ဝဝ၉-၂ဝ၁ဝ) လက်ခံကြိုဆိုပွဲ အခမ်းအနားကို (၅၊၈၊၂ဝဝ၉)ရက်၊ နံနက် (၈)နာရီမှ နေ့လယ် (၁၁)နာရီအထိ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ထိုတက္ကသိုလ်ကြီးကို မန္တလေး၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးတောင်ခြေ၌ တည်ထောင် ဖွင့်လှစ်သည့်။ ထိုဖွင့်ပွဲ အခန်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ သီတဂူဆရာတော် အပါအဝင် မြတောင်ဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်၊ မော်ကွန်းထိန်း ဆရာတော်နှင့် စီမံ သင်ကြားဆရာတော်များ ကြွရောက် ဖွင့်လှစ်ပေးကြသည်။ ကြွရောက်လာသော ဆရာတော်များကို သီတဂူ အထောက်အကူပြု အဖွဲ့(ဗိုလ်စိန်မှန်)မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်ဟု သိရှိရသည်။ ယခုအခါ အင်္ဂလိပ်စာ ဒီပလိုမာနှင့် ဗုဒ္ဓဓမ္မ ဒီပလိုမာတန်းများ စတင် သင်ကြားပို့ချနေပါပြီ။

သီတဂူစတား
၂၇-၁၁-၂၀၀၉

26 November 2009

သူတော်ကောင်းဆိုတာ


ဆုတောင်း ၆ မျိုး (အပိုင်း-၆)

သူတော်ကောင်းတို့အလုပ်
ဒါပေမယ့် သိကြားက စိတ်မချဘဲ ငါ့ကိုလာနှောက် ယှက်တယ်၊ ဒါကို ငါ အမှန်တော့ ဖြေရှင်းရမယ်၊ မှန်ရင်လဲ ဝန်ခံ အမှားလာပြောရင်လဲ ဖြေရှင်းရမယ်၊ ဒါဟာ သူတော်ကောင်းတွေရဲ့အလုပ်။
သူတော်ကောင်းတွေရဲ့အလုပ်က(၂)လုပ်ပဲ ရှိတယ်၊ ''အဘူတံ အဘူတတော နိဗ္ဗိဌေတဗ္ဗံ၊ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ-မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးလို့ ဖြေရှင်းရတယ်၊ ဟုတ်နေလို့ရှိရင်လဲ ဟုတ်ပါတယ်လို့ ဝန်ခံ ရတယ်''၊ သူတော်ကောင်းတွေက ဘယ်တော့မှ မလိမ်ဘူး။
ဝန်ခံခြင်းရယ် ဖြေရှင်းခြင်းရယ် ဘယ်နှစ်မျိုး လုပ်ရလဲ? စိတ်ဆိုးပြီးတော့ ဓား,လှံကိုင်ပြီး တုန့်ပြန်မယ်ဆိုရင် သူတော်ကောင်းအလုပ်မဟုတ်ဘူးတဲ့၊ အခု ကြည့်ပါလား မဟုတ်ရင် မဟုတ်ဘူးလို့ ဖြေရှင်းရတယ်၊ ''ဘူတံ ဘူတ တော - သိကြားစည်းစိမ်တောင်းတာဟုတ်ရင်လဲ ဟုတ်တယ် လို့သာ ပြောလိုက်ပါ၊ ဒါပေမဲ့ ကဏှရသေ့က သိကြားမင်း စည်းစိမ်ကို မတောင်းဘူး။

မည်းတယ်ဖြူတယ်ဆိုတာ
သူက ဘာတောင်းလဲဆိုတော့ ဘဝဝဋ်ဆင်းရဲက လွတ်ချင်တာပဲ၊ ကဏှက ပြန်ပြောတယ်၊ အို...နတ်တို့ သေဌ်နင်း သိကြားမင်း ငါပြောပြမယ် သင်နားထောင်စမ်းလော့၊ အပေါ်ယံအရေပြားကို ကြည့်ရုံနှင့် မည်းတာလို့ မပြောနိုင်ဘူး၊ အပေါ်ယံအရေပြားလေးမည်းတာကို ကြည့်ပြီးတော့ မည်းတာလို့မပြောနဲ့၊ အသားမည်းဆိုတဲ့စကားဟာ မမှန်ဘူး။
အသားကို အပေါ်ကဖုံးထားတာ အရေထူ, အရေထူကို အပေါ်က ထပ်ဖုံးထားတာက အရေပါး၊ အမည်းဆိုတဲ့ အရောင်သည် ဘယ်အပေါ်မှာရှိသလဲ? အရေပါးပေါ်မှာရှိတယ်၊ အရေထူပေါ်တောင် မရောက်တဲ့အသားကိုဖြူတယ်, မည်းတယ်ပြောဖို့ အဝေးကြီး၊ ဘယ်အပေါ်မှာ ပြောသလဲ? အပေါ်ယံ အရေပါးအပေါ်မှာ ပြောတယ်။
လူတွေဟာ အပေါ်ယံသမားတွေချည်းပဲဆိုရင် စိတ်မဆိုးကြနဲ့၊ အပေါ်ယံပဲပြောတာပဲ၊ အတွင်းထဲကို မမြင် ကြဘူးတဲ့၊ ''န ကဏှော -အပေါ်ယံအရေပြားမည်းတာကို ကြည့်ပြီးတော့ သင်သည် လူမည်းလို့ ငါ့ကို လာမပြောနဲ့၊
မမှန်တဲ့စကားတွေကို အလွန်ပြောတဲ့ ဤကမ္ဘာ လောက၊ အသားမည်းတယ်ဆိုတာ မှန်သေးရဲ့လား၊ အရေ မည်းတာ၊ အသားဖြူတယ်ဆိုရင်လည်း ဘာဖြူသလဲ အရေပြား ဖြူတာ၊ အသားက ဖြူတယ်, မည်းတယ်လို့မရှိဘူး။
အဲဒါ ကမ္ဘာကြီးက မမှန်တာတွေ သိပ်ပြောတာ၊ ဟောဒီမှာ လှည်းနဲ့နွားနဲ့နေတဲ့ သူတွေချည်းပဲ၊ လှည်းနဲ့ နွားနဲ့ နေတဲ့လူတွေ အိမ်ရှေ့မှာ ဒုန်းဒုန်းနဲ့ မောင်းသွားတာ ဘာတွေလဲ? လှည်းတွေ မောင်းသွားကြတာပါ၊ ဒီလိုပြောတယ်၊ ဟိုလူကြီး ဘာမောင်းလဲ? လှည်းမောင်းတယ်၊ ဟို လူကြီး ဘာမောင်းလဲ? ထွန်မောင်းတယ် ထယ်မောင်းတယ် လှည်းမောင်းတယ်ဆိုတဲ့စကားလဲ တကယ်တော့ မမှန်ဘူး၊ လှည်းမောင်းလို့မှ မရဘဲ၊ နွားကိုမောင်းတာ ဟုတ်တယ် မဟုတ်လား။
အဲဒါဆို နွားမောင်းတယ်လို့ ပြောပါလား၊ လှည်း မောင်းတယ်တဲ့၊ မဟုတ်တာတွေချည်းပဲပြောတယ်၊ အဲဒီတော့ သစ္စာတရားကို ဆိုက်ဖို့အဝေကြီးပဲ၊ ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂဆိုတာကို ထားစမ်းပါဦး၊ နေ့စဉ်ပြောနေတဲ့ စကားကိုတောင် မှန်အောင်ပြောဖို့ အတော်ခက်တယ်။
ဘာမောင်းသွားသလဲ၊ နွားကိုမောင်းတယ်ဆိုမှ အမှန်ပဲ၊ လူကလက်ခံလား? လက်မခံဘူး၊ လှည်းမောင်းတယ်ပြောမှ လက်ခံတယ်၊ မဟုတ်တာပြောမှ လက်ခံတဲ့ ကမ္ဘာ၊ အသားမည်းတယ်၊ အရေမည်းတယ်၊ ဒါပေမဲ့ ကမ္ဘ္ဘာကြီးက ဘယ်တုန်းက ပြောလာမှန်းမသိဘူး၊ အသားမည်းတယ်လို့ပြောတယ်၊ အမှန်ပြန်ပြောလို့ မရတော့ဘူးနော်၊ ဒါကြောင့် သစ္စာဆိုတဲ့တရားဟာ အဲဒီအမှားတွေကို ပယ်နိုင်မှသာလျှင် လောကကြီးမှာ အမှန်တရားက ပေါ်လာမှာ။

အသားမည်းပေမယ့် အသည်းဖြူပါတယ်
အခု ရသေ့ကြီးက ဖော်ပြတယ်။ အပေါ်ယံ အရေ ပြားလေးမည်းရုံနဲ့ ငါ့ကို လူမည်းတယ်လို့ လာမပြောပါနဲ့၊ အပေါ်ယံ အရေပြားမည်းပေမဲ့ အတွင်းမှာ အကျင့်ကောင်း တယ်လို့ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် သုဒ္ဓပုဂ္ဂိုလ်-ဖြူစင် ကောင်းမြတ်သော ပုဂ္ဂိုလ်မျိုးလို့ မှတ်ရမယ်။
အပေါ်ယံ အရေပြားမည်းပေမဲ့ အကျင့်ကောင်း နေရင် အဲဒီပုဂ္ဂိုလ်ကို လူဖြူလို့ ခေါ်ရမယ်။ အရေပြားမည်း ပေမဲ့ အကျင့်ကောင်းရင် လူဖြူလို့ ခေါ်မယ်၊ အသားဖြူ ပေမဲ့လည်း အကျင့်ယုတ်လို့ရှိရင် လူမည်းလို့ ခေါ်ရမယ်။
ဗမာပြည်က အသက်ကြီးတဲ့လူကြီးတွေ တွေ့ဘူးမှာ ပေါ့၊ ဂျပန်တွေလက်အောက်မှာ နေခဲ့ရတုန်းက ကမ္ဘာကြီးရဲ့ အရှေ့ဖျားရှိ ပင်လယ်ထဲက ဂျပန်ဆိုတာ 'ကျွန်းလေးတစ် ကျွန်း' ဖြစ်တယ်။ ဂျပန်တွေ ဗမာပြည်မှာ (၄)နှစ်လောက် နေသွားတယ်၊ ခံလိုက်ရတာ အားလုံးမှတ်မိပါလိမ့်မယ်။
အဲဒီတော့ အသားဖြူပေမဲ့ စိတ်ဓာတ်က အလွန် ကြမ်းတမ်းတယ်၊ ယုတ်မာတဲ့ အကောင်တွေ၊ အဲဒါကို လူဖြူ လို့ပြောရင် ကဏှဇာတ်တော်အတိုင်းဆိုရင် မမှန်ဘူး၊ အ နောက်ဘက် ကမ္ဘာအစွန်အဖျားက ကျွန်းကလေးဟာ 'အင်္ဂလန်'ဆိုတဲ့ ကျွန်းလေးပဲဖြစ်ပါတယ်၊ အင်္ဂလိပ်တွေ ဗမာပြည် ကို အနှစ်တစ်ရာတိတိ အုပ်ချုပ်သွားတယ်နော်။
အဲဒီအင်္ဂလိပ်လည်း ဗမာပြည်ကို အနှစ်တစ်ရာ လောက် အုပ်ချုပ်သွားခဲ့တယ်၊ ဗမာပြည်ရဲ့ဘုရင် 'သီပေါ'ကို ခွေးလေးဖမ်းသလို ခေါ်သွားခဲ့တယ်၊ အိန္ဒိယပြည်အနောက် ဘက်ပင်လယ်ထဲက တောင်ပေါက်နေတဲ့ 'ရတနာဂီရိ' ဆိုတဲ့ ကျွန်းကလေးပေါ်မှာ သေတဲ့အထိထားတယ်။ သီပေါရဲ့ သားတွေ သမီးတွေ ညီအစ်ကို မောင်နှမတွေ အကုန်လုံးကို ခေါ်သွားပါတယ်။
ဟိုမှာထားပေမယ့် တစ်ယောက်မှ ဗမာပြည်ကို ပြန်ရောက်မလာဘူး၊ သားသမီးမြေးမြစ်တွေ အကုန်လုံးဟာကုလားတွေနဲ့ညားပြီး ဘုရင်မျိုး ပြုတ်ထွက်သွားတော့တာပဲ၊ အိန္ဒိယပြည်က နောက်ဆုံးကုလား ဘုရင်ကိုလည်း ဗမာပြည် ကို ခေါ်လာခဲ့တယ်၊ ရွှေတိဂုံတောင်ပိုင်းနားက လမ်းကျဉ်း ကျဉ်းလေးထဲမှာ တိုက်ကလေးသေးသေး ဆောက်ပြီးတော့ သေတဲ့အထိ ထားလိုက်သေးတယ်။
ကုလားဘုရင်က ဗမာပြည်ကို လာသေသွားတယ်၊ ဗမာဘုရင်က ကုလားပြည်ကို သွားသေတယ်၊ အင်္ဂလိပ်က အသားဖြူတယ်၊ လူဖြူလို့ခေါ်တဲ့ မျက်နှာဖြူလေ၊ မျက်နှာတွင်မကဘူး အကုန်ဖြူတယ်၊ အသားဖြူပေမယ့် စိတ်ဓာတ်က အဲဒီလောက် ကြမ်းတမ်းရိုင်းစိုင်းနေလို့ရှိရင် ဘာခေါ်သလဲ၊ လူမည်းလူညစ် တွေလို့ ခေါ်ရမှာနော်။
ဟောဒီ ရွာသစ်ကြီးက လူတွေကို ကြည့်လိုက်တော့ ''ကျီးကန်းက အရီးလေးခေါ်မယ်၊ မီးသွေးတောင် ငိုရချည် သေး'' လို့ပြောရမလို ဖြစ်နေပြီ။
ဒါပေမယ့် ဒကာလှသိန်းတို့ အသားမည်းပေမယ့် အသည်းဖြူပါတယ်၊ ဂျပန်တို့ အင်္ဂလိပ်တို့လို မင်းတို့ မယုတ်ဘူးမဟုတ်လား၊ အဲဒါ လူဖြူပေါ့။
ဘာ့ကြောင့် ဒီကအသားမည်းပေမယ့် စိတ်ဓာတ်ဖြူစင်သလဲဆိုရင် မြတ်ဗုဒ္ဓရဲ့ ပုခက်ထဲမှာကြီးလာ လို့ပါလို့ ပြောရလိမ့်မယ်၊ မြတ်ဗုဒ္ဓရဲ့ ပုခက်ထဲမှာ ကြီးလာလို့ပဲ။
ဘုရားရှင်ရဲ့ ပုခက်ထဲကြီးလာတာ၊ မွေးလာကာစ ငယ်ငယ်တုန်းက ပုခက်ထဲမှာအိပ်တော့ အမေကလွှဲတဲ့အခါ 'ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ'လို့ ဆိုပြီးတော့ လွှဲတာ ဒီလိုမဟုတ်လား၊ ဒီတော့ ဒီကလူတွေ အသားမည်း ပေမယ့် အသည်းဖြူတယ်၊ ဒီလိုမှတ်ထား။
သိကြားမင်းက ''ဒီရသေ့ အသားမည်းလိုက်တာ၊ ဒို့ မကြိုက်ဘူး''တဲ့၊ ကဏှရသေ့က ပြန်ပြောတယ်၊ အသား မည်းပေမဲ့ အကျင့်ကောင်းရင် ဖြူစင်တဲ့ပုဂ္ဂိုလ်ပဲ၊ အသား ဖြူပေမဲ့ အကျင့်ယုတ်ရင် အဲဒီပုဂ္ဂိုလ်ကို လူမည်းလူညစ်လို့ခေါ်တယ်။
သိကြားမင်းက ''ဟာ..ငါက လူမည်းကြီးလို့ပြောတာ စိတ်ဆိုးမလားလို့၊ စိတ်မဆိုးဘူး၊ ငါ့ကိုတရားသဘောနဲ့ အမည်းအဖြူ ရှင်းပြနေတာ၊ ဒါဆိုရင်တော့ ဒီရသေ့ သိကြား ဖြစ်ဖို့ ဆုတောင်းသလား မတောင်းသလား၊ ငါစုံစမ်းတော့ မယ်''ဆိုပြီး ကဏှရသေ့ကို လျှောက်တယ်။
''အို ရှင်ရသေ့ကဏှ... ဘာဆုတွေလိုချင်သလဲ၊ တပည့်တော်ဆုပေးမယ်''လို့ သိကြားမင်းကပြောတော့ ကဏှရသေ့က ဆုတွေတောင်းတယ်။

(အပိုင်း-၇)မျှော်

25 November 2009

နှလှုံးရောဂါဝေဒနာရှင်များ အတွက်


နှလှုံးရောဂါဝေဒနာရှင်များ အားထားသင်သည့်
တရားထိုင်ခြင်း အလေ့အကျင့်


ကျန်းမာရေး အကျိုးကျေးဇူးများ
ခံစားရသည်ဟူ၍ သိရှိနေသည့် တရားထိုင်(ကမ္မဋ္ဌာန်း အားထုတ်)ခြင်းကြောင့်
နှလုံးရောဂါ ဝေဒနာရှင်များ သေဆုံးနှုန်းကို လျှော့ချနိုင်ကြောင်း မကြာမီက
လေ့လာတွေ့ ရှိသည်ဟု ဆိုသည်။

လျော့ပါး

နေ့စဉ် မိနစ် ၂ဝကြာမျှ နှစ်ကြိမ် တရားထိုင်လျှင် နှလုံးရောဂါဖြစ်နေသူများ၏ သေဆုံးမှုနှုန်း ၄၇ ရာခိုင်နှုန်း
လျော့ပါးသွားကြောင်း လေ့လာတွေ့ရရှိသည်။ တရားထိုင်ခြင်းကြောင့် လူတစ်ဦးချင်း၏ စိတ်ဖိစီးမှုနှင့် သွေးပေါင်ချိန်တို့ကို
သိသိသာသာ လျှော့ချနိုင်သည်။ နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာကင်းဝေးရန် တရားထိုင်သင့်သည်ဟုဆိုသည်။

ကောက်ချက်ချ
နှလုံးရောဂါနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများ ကာကွယ်ရေးအတွက်
တရားထိုင်ခြင်းမှာ လောလောလတ်လတ် တွေ့ရှိသည့် ဆေးဝါးအမျိုးအစား
တစ်ရပ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချသည်။ ။

(ဆေးသိပ္ပံပညာရှင်များ)

လမင်းဘုရား



ပျိုရွယ်သွေးကြွ၊ ငယ်စဉ်ကမူ
ငါနှင့် ငါသာ၊ နှိုင်းစရာဟု
ပညာမုန်ယို၊ မဆိုစလောက်
မာန်စောင် မြောက်ခဲ့မိပါသည်။ ။

ယခုမှာမူ
ဇရာမုန်း၍၊ လူလုံးမလှ
ယွတ်တွ ယွင်းယို၊ ခန္ဓာကိုယ်နှင့်
အိုကြီးအိုမ၊ ငါ့ဘ၀သည်
မလှမပ၊ ရှိခဲ့ပြီ။ ။

လောကဓာတ်ဆုံး၊ နေလုံးကွယ်ပျောက်
ညမှောင်ရောက်သို့၊ မှဲ့ပြောက်ယှက်ဖြာ
ငါ့ခန္ဓာလည်း၊ မကြာတိမ်မြှုပ်
ဇိဝိန်ချုပ်ဖို့၊ မလှုပ်လှက်သာ
ဝိဇ္ဇာဥာဏ်ကင်း၊ အသိဖျင်းလျက်
သေမင်းခေါ်က၊ လိုက်ပါရမည်
ဘ၀နေ၀င်ချိန် ပါတကား။ ။

ထိုစဉ်ခိုက်ဝယ်
လှိုက်လှဲ မေတ္တာ၊
ကြင်နာသနား၊ လမင်းဘုရားလျှင်
ငါ့အား ချီးမြောက်၊ ကြွလာရောက်စဉ်
အစ္စယော မေ ဘန္တေ၊ အစ္စာဂမာ အစဖြာလျှက်
ကျမ်းလာယှိမှန်၊ တောင်းပန်လျှောက်ထား၊ ငါ့စကားကို
ဝုဒ္ဓိဟေသာ အာယတိံ သံဝရ မိန့်ဟစကား၊ ခွန်းတုံ့ကြားလျှက်
မြွက်ထားဆုံးမ၊ သြ၀ါဒကို
တုပ်ကွနာစဉ်၊ အသိဝင်၍
ရင်တွင်ပီတိ၊ ဂွမ်းဆီထိသို့၊
ရွန်းအိဝေဖြာ၊ ဘယာကွေကွင်း၊ ငါ့ရင်တွင်းဝယ်
လမင်း ဘုရား လင်းခဲ့ပြီ။ ။

အော် ---- အနောက်ဖက်ဆီ၊ နေ၀င်ပြီမို့
ရောင်နီပြိုးပြက်၊ မလင်းလက်လည်း
ရှေ့ဖက်ဆီမှ သော်တာလ သည်
ရွှန်းပ -- ၀င်းလက်ခဲ့ပြီတကား။ ။


လမင်းဘုရားသို့ ထာဝရ ဦးခိုက်လျှက်
တပည့်
ဒေါက်တာသြသဓသာရ
(အင်္ဂလန်)

မှတ်ချက်။ ။ သီတဂူဆရာတော်ဘုရားကြီး၏ ၇၃ နှစ်ပြည့်မွေးနေ့ကို ရည်ရွယ်၍ ပူဇော်ပါသည်။


ဆရာတော်ကြီး၏မွေးနေ့သည် တပေါင်းလပြည့်ဖြစ်သည်၊ ကဗျာ၊ ဆောင်းပါး၊ များ ပူဇော်လိုပါက sitagustar2010@gmail.com သို့ ပေးပိုင်နိုင်ပါသည်၊ ဤဆိုဒ်တွင် ဖော်ပြပေးသွားပါမည်။
ကျေးဇူးတင်ပါသည်။
သီတဂူစတား
၂၅-၁၁-၂၀၀၉

23 November 2009

စံနမူနာသာသနာပြုဘုရင် အသောက





မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ်သည်။
သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော်ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအသေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။
သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။
အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက်ဖက်တွင် ရုရှားနှင့် ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသားပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခန္တီ , သစ္စာ , အဟိံသာ(မညှင်းဆဲခြင်း) ဟူသော Common ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။
"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။
ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိတို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအတွက် သေတွင်းကို တူးသည်နှင့်တူ၏။
မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။
နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။
ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင်စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကိုလည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ´´။ (အသောကကျောက်စာအမှတ်-၁၂)

ဤနေရာ၌ ကျွန်ုပ်တို့သည် ဤကဲ့သို့သော မုဒိတာ အသိမျိုးကို ဤဘာသာရေးကိစ္စ၌သာ လက်ကိုင်ပြုအသုံးချ သင့်သည်မဟုတ်ပေ။ အခြားသော နိုင်ငံရေး လူမျိုးရေး စီးပွားရေး ပညာရေးကိစ္စတို့၌လည်း ဤသည့်မြတ်ဗုဒ္ဓ၏ ခန္တီ မေတ္တာ ကရုဏာ အဟိံသာ သစ္စာတရားတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော Common ground-ပေါ်၌ လက်တွဲ ညီညီ၊ မိမိကလည်း သူ့ကို မရှုံ့ချ၊ သူကလည်း ငါ့ကို မကဲ့ရဲ့၊ ငါကလည်း သူ့ကိုဂုဏ်ပြု၊ သူကလည်း ငါ့ကိုလေးစား၊ သူ့စကားလည်း ငါနားထောင်၊ ငါ့စကားလည်း သူလေးစား၊ ဤသဘောထားမျိုးနှင့် သွားကြလျှင် ဆူးခင်းသောခရီး ကြမ်းဟာ မကြာမီ အဆုံးသတ်၍ ပန်းခင်းသောလမ်းပေါ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။
ဤကဲ့သို့သော ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘော ထားကြီးခြင်း၊ ရင့်ကျက်သော နားလည်ခြင်းဟူသော မွန်မြတ် သည့်စိတ်ဓာတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်မြင့် မြတ်ကြွယ်ဝသည့် ဗုဒ္ဓဘာသာအတွေးအခေါ်မှ စတင်ပေါ် ပေါက်လာခြင်းဖြစ်သည်။
ထို့ကြောင့်ပင် နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်းတစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍ ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေးတစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူးသည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးချေ။
ဗုဒ္ဓ၏ မြတ်ဓမ္မသည် အာရှတိုက်ကြီး တစ်ခုလုံးကိုသာမက ကမ္ဘာတစ်ရပ်လုံးသို့ တစိမ့်စိမ့်ပြန့်နှံ့နေရာ၌- ထိုမြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို သူတို့၏စိတ်ဆန္ဒအလျှောက် ငွေကြေးနိုင်ငံရေးနှင့် လူမှုရေးအကြပ်ကိုင်မှုတို့မရှိပဲ လွတ်လပ် သောစိတ်ဓာတ်ဖြင့် ဓမ္မကိုကြိုက် အလိုကိုလိုက်နာကျင့်သုံးနေကြသော လူဦးရေသည် သန်းပေါင်း(၁၀ဝ၀)မျှရှိမည်ဟု ခန့်မှန်းရသည်။
မှားယွင်းသောအတွေး မကောင်းသောအပြော မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူသောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်းဖြစ်လာလျှင် ထိုအမှုမျိုးသည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့် လုံးလုံးဆန့်ကျင်သည်သာဖြစ်၏။

22 November 2009

ကုလားထိုင် လှုပ်နိုင်သူ


ဆုတောင်း ၆ မျိုး(အပိုင်း-၅)

အချိန်မဖြုန်းနဲ့
အဲဒီတော့ လူ့အသက်က တိုတိုလေးဘဲ၊ အိပ်လိုက် တဲ့အချိန်က ပိုများနေရင် ဘဝဟာ အလကားဘဲ၊ ကဲ ဒကာတော်လှသိန်း၊ တစ်နေ့ မင်းဘယ်လောက်အိပ်လဲ?၊ (၂၄) နာရီတစ်ရက်မှာ အိပ်ချိန်နာရီပေါင်း ဘယ်လောက်ရှိသလဲ၊ ည ၇-၈နာရီအိပ်၊ ညနေ(၆)နာရီ အိပ်ကြည့်စမ်းပါ။
မနက်(၆)နာရီထတယ်ဆိုရင် အိပ်တဲ့နာရီပေါင်း (၁၂) နာရီနော်၊ တစ်ရက်ကို (၂၄)နာရီရှိတယ်၊ (၁၂) နာရီ အိပ်ပြီးရင် နေ့တစ်ဝက်က အိပ်တာနဲ့ ကုန်မသွားဘူးလား၊ အဲဒီလို တစ်ဝက်နှုန်းနဲ့ တွက်ကြည့်ရတယ်၊ နှစ်တစ်ရာ အသက်ရှည်မယ်ဆိုရင် အိပ်ချိန်ဟာ နှစ်(၅ဝ) ဒီလိုမနေ ဘူးလား၊ အလကား ကိုယ့်ဘဝကို ဖျက်ဆီးနေတာလား။
ဒကာလှသိန်း ပြောတာက ည(၉)နာရီ အိပ်တယ်တဲ့၊ မနက်(၅)နာရီထတယ်၊ ဒါဆိုရင်တောင်မှသူ ဘယ်လောက် အိပ်သေးလဲ၊ (၈)နာရီလောက်အိပ်တာ၊ ည(၉) နာရီလောက်ကနေ နံနက်(၅)နာရီမှ အိပ်ရာမှထတာ၊ အဲဒီ (၈)နာရီလောက် အိပ်တယ်ဆိုရင် ဘဝရဲ့ဘယ်နှစ်ပုံ ကုန်သွားပြီလဲ၊ ဒါတွက်ကြည့်ရမယ်၊
နှစ်တစ်ရာ အသက်ရှည်တဲ့ လူ့ဘဝမှာ အိပ်တဲ့ အချိန်လေးက ဒီလောက်ကုန်သွားရင် စီးပွားရေးအတွက် အလုပ်လုပ်ချိန် ဘယ်လောက်ရှိလဲ၊ တိုင်းပြည်အတွက် သာသနာတော်အတွက် အလုပ်လုပ်ချိန် ဘယ်လောက်ရှိ သလဲ၊ ဘဝသံသရာအတွက် ကိုယ်အားထုတ်တာ အချိန် ဘယ်လောက်ရသလဲ၊ တွက်ကြည့်လိုက်ရင် ရှုံးတယ်တဲ့။
ကိုယ်ရလိုက်တဲ့ အချိန်လေးမှာ အလုပ်လုပ်ရတာ ကနည်းပြီး အိပ်ပြီးတော့ အချိန်ဖြုန်းတာက ပိုများနေတယ်၊ ဘုန်းကြီးတို့ဘုရားက ဒါတွေသိပ်ပြောတယ်၊ 'မောဃ ကာလံ န ခေပယေ-အကျိုးမရဘဲနဲ့ အချိန်မဖြုန်းကြနဲ့'လို့ ဘုရား သိပ်ပြောတယ်။
ယခုဒီမှာ ကဏှရသေ့ကဈာန်ရပြီး နောက်ပိုင်းမှာ ဉာဏ်ရချင်လို့ အားထုတ်တာ၊ ညဥ့်သုံးယံမှာ တစ်ယံ ဘဲအိပ်ပြီး တရားအားထုတ်တာ၊ ဒါနဲ့လဲ တရားကမရဘူး၊ ညလဲမအိပ်ဘူး နေ့လဲမအိပ်ဘူး၊ (၂၄)နာရီ တရားအား ထုတ်တာ နည်းတယ်ကွာ။
တစ်လတရားထိုင်၊ နှစ်လသုံးလ ခြောက်လ လောက် တင်ပလ္လင်ခွေမဖျက်ဘဲ တရားထိုင်၊ ဒါနဲ့ ဘယ်လို လုပ်ပြီးစားသလဲဆိုတော့ အနားမှာကြွေကျနေတဲ့အသီးအ ရွက်ကိုကောက်စား၊ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း မတွေ့ရင် သစ်ရွက်ခြောက်ဘဲတွေ့လဲ သစ်ရွက်ခြောက် ကောက်စား၊ အဲဒီသစ်ရွက်ခြောက် ဘာညာကုန်သွားပြန် တော့လည်း မြက်ပင်လေးတွေပေါက်လာ၊ အဲဒီမြက်ပင် လေးတွေနှုတ်စား၊ ဒီနည်းနဲ့တရားကိုဘဲအားထုတ် ခဲ့ပါတယ်။
အဲဒီလိုနဲ့ အားထုတ်သွားတာ ထိုင်နေတာ နှစ်လ သုံးလငါးလ မြေကြီးနဲ့ထိထားတော့ တင်ပါးတွေ ပေါင်ရိုး တွေ ဒူးရိုးတွေ တင်ပါးရိုးတွေ အကုန်ပွန်းပဲ့၊ အသားတွေက ဆွေးမြေ့ကုန်တော့တာပါဘဲ၊ အဲဒီလောက် အပြင်းအထန် ကြီး အားထုတ်တာတောင် ဉာဏ်ရသလားဆိုတော့ မရ ဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဝီရိယလွန်ကဲနေတဲ့ အတွက် ကြောင့် ဉာဏ်ရမလာဘူး။

ဝီရိယလွန်ကဲရင်
ဘာဖြစ်ရင်ဉာဏ်ရမလာဘူးလဲ?၊ ဝီရိယလွန်ကဲတဲ့ အတွက်ကြောင့် ဉာဏ်ရမလာပါဘုရား၊ ''အတိပဂ္ဂဟိတံ စိတ္တံ သမာဓိဿ ပရိပန္ထော''၊ အလွန့်အလွန် ပြင်းပြင်း ထန်ထန် ကျင့်ကြံကြိုးကုတ် ခန္ဓာကိုယ်ကိုနှိပ်စက်၍ အား ထုတ်တဲ့အတွက်ကြောင့် သမာဓိပျက်စီးပြီးတော့ ဉာဏ်မတက်ဘူး။
အဲဒါကြောင့် အလွန့်အလွန်ပြင်းပြင်းထန်ထန် အားထုတ်ခြင်းဆိုတဲ့ဝီရိယလွန်ရင် စိတ်တွေပျံ့လွင့်ပြီး ဥဒ္ဓစ္စဖြစ်တယ်၊ ဥဒ္ဓစ္စဖြစ်ရင် စိတ်တွေပြန့်ကျဲပြီးတော့ ပူပန်လာတာ၊ ဒါပေမယ့် တရားကျင့်တုန်း၊ ထူးထူး ဆန်းဆန်း ဘာဖြစ်သွားသလဲဆိုတော့ ကဏှရသေ့ရဲ့ အကျင့်တန်ခိုး တေဇော်အာနုဘော်ကြောင့် သိကြားမင်းရဲ့ ဝေဇယန္တာ ဗိမာန်ကြီး တုန်လှုပ်သွားတယ်။
သိကြားမင်းရဲ့ဘုံဗိမာန်က နဝရတ်(၉)ပါးနဲ့ ဆောက်လုပ်ပြီး (၁၂)ယူဇနာကျယ်တယ်၊ တစ်ယူဇနာ (၁၂) မိုင်နှုန်းနဲ့တွက်ကြည့်ရင် (၁၂)ကို (၁၂)နဲ့ မြှောက် မိုင်(၁၄၄) ရှိတယ်၊ ဒီလောက်ကြီးကျယ်တဲ့ဘုံဗိမာန်ကြီး တုန်လှုပ် သွားတာ၊ အဲဒီသိကြားမင်းမှာလဲ မိဖုရားကြီး(၄)ယောက် ရှိတယ်၊ သုဇာတာ, သုနန္ဒာ, သုစိတ္တာ, သုဓမ္မာဆိုတဲ့ မိဖုရား ကြီး(၄)ယောက်။
တာဝတိံသာနှင့် စတုမဟာရာဇ်နတ်ပြည်နှစ်ပြည်မှာ ချောပေ့ဆိုတဲ့နတ်သမီးတွေကို လိုက်ကောက်ပြီး မိဖုရား မြှောက်ထားတာ၊ အရံမိဖုရားထားတာက (၂)ကုဋေနဲ့ (၅)သန်း၊ မောင်လှသိန်း သိကြားမင်းဖြစ်ချင်စိတ်ပေါက်သွားပြီလား။
(၂)ကုဋေနဲ့ (၅)သန်း မိဖုရားတွေဆိုတော့ နည်းတာ မဟုတ်ဘူး၊ အဲဒီဗိမာန်ကြီးက လှုပ်ရှားလာတာ ငလျှင် လှုပ်သလို လှုပ်လှုပ်လာတော့ 'ဟာ-ငါ့ဗိမာန် တုန်လှုပ်တယ် ဘာဖြစ်သလဲ' သိကြားမင်းကတွေးတယ်၊ ''တစ်ယောက် သောလူသားက ဒါန,သီလကို အပြင်းအထန်လုပ်ပြီးတော့ သိကြားမင်းဖြစ်ဖို့ ဆုတောင်းပြီထင်တယ်''လို့ တွေးတယ်။
သိကြားမင်းဖြစ်ချင်လို့ တစ်ယောက်ယောက်က ကောင်းမှုပြုပြီးတော့ 'သိကြားမင်းဖြစ်ရပါလို၏'လို့ ဆုတောင်းရင် သိကြားမင်းဗိမာန်လှုပ်တယ်။
အဲဒါကြောင့် မတောင်းတတို့ ရွာသစ်ကြီးတို့ကို မှာထားမယ် သိပ်မလုပ်ကြနဲ့၊ သမထ,ဝိပဿနာတွေ ဘာတွေ ဒါနတို့ သီလတို့ သိပ်မလုပ်ကြနဲ့၊ ခပ်လျော့လျော့လုပ်ကြ၊ သိပ်လုပ်လို့ရှိရင် ဟိုမှာသိကြားမင်းဗိမာန် လှုပ်သွားမှာစိုးရတယ်၊ သိပ်မလုပ်ကြနဲ့။
ခင်ဗျားတို့က သိပ်ကျင့်ရင် ဟိုမှာ တလှုပ်လှုပ်ဖြစ်တတ်တယ်၊ အခုသိကြားမင်းဗိမာန် ဘာဖြစ်လဲ? လှုပ်နေတယ်၊ ဘာကြောင့်လည်းဆိုတာ သိချင်လာတော့ သိကြား မင်းက ထွက်ရှာတယ် 'တယောက်ယောက်သော သူက သိကြားမင်းဖြစ်ချင်လို့ ဆုတောင်းပြီထင်တယ်၊ ငါ့ဗိမာန် လှုပ်တယ်'၊ ဒါကြောင့် သိကြားမင်းထွက်လာတယ်၊ သိပ်စိတ် မချဘူးဆိုပြီး ထွက်ရှာရတော့တာပါဘဲ။
ကုလားထိုင်လှုပ်ရင် သိပ်စိတ်မချဘူးလေ၊ အဲဒါကြောင့် သိကြားမင်းက ထွက်ရှာရတယ်၊ ငါ့ကုလားထိုင် ဘယ်ကောင်ဆွဲလှုပ်သလဲ?၊ ရှာတော့မှ တောထဲမှာ ကဏှ ရသေ့ကြီးကို သွားတွေ့တယ်၊
ဟာ...ဒီလောက်ပြင်းထန်စွာ ကျင့်တဲ့ ဒီရသေ့ဟာ သိကြားဖြစ်ချင်လို့နေမှာဘဲ၊ ငါတော့ အနှောက်အယှက်ပေး ရမယ်၊ အနှောက်အယှက်ပေးလို့ ဒီရသေ့အကျင့်ပျက်ရင် သိကြားမဖြစ်ဘူးပေါ့၊ သိကြားမဖြစ်ရင် ဘာဖြစ်လဲ? ထန်း လျှက်ဘဲ ဖြစ်မှာပေါ့။
အဲဒီ သိကြားမင်းက မနာလိုဝန်တိုဖြစ်ပြီးတော့ သုဇာတာမိဖုရားကိုခေါ်ပြီး ဆင်းလာတယ်၊ ရသေ့ကြီးဘေး နားကနေ ဝိုင်းဝှက်ပြီးတော့ လင်မယားနှစ်ယောက် ရသေ့ကို ချောင်းတော့တာဘဲ၊ ရသေ့က သမာဓိသိပ်ကောင်းနေတော့ သိကြားလင်မယား ရောက်နေတာ မသိရှာဘူးတဲ့။
အဲဒီတော့ ဒီရသေ့ကို ချောင်းနေတာကြာလှပြီ၊ ဒို့လာတာကို ဂရုမစိုက်ဘူး၊ သိလည်းမသိဘူး၊ ငါ ဒီရသေ့ကို သမာဓိပျက်အောင်တော့ လုပ်ဦးမယ်ဆိုပြီး ကပ်ပြီးတော့မှ အော်ပြောတာ။ ဟောဒီရသေ့ဟာ အသားမည်းလိုက်တာ၊ အစတုန်းကပြောလာတာက ကဏှရသေ့ဟာ အသားမည်းတယ်တဲ့။
တကယ့်ကိုပဲ အသားမည်းတဲ့ကုလားကြီးတစ်ယောက်၊ ကပ္ပလီကြီးတစ်ယောက်ပါပဲ၊ ခင်ဗျားတို့ ဟောဒီ 'မတောင်းတ' ကိုလာရင် ဟေး...အသားမည်းကြီးလို့ သွား အော်ပြောလို့ရှိရင် အဲဒီလူကကြိုက်ပါ့မလား? မကြိုက်လဲ ခင်ဗျားတို့ကပြောတာဘဲ၊ ခင်ဗျားတို့ ဟောဒီလူက ဖြူတယ်, မည်းတယ်, အရပ်ကပုတယ်,ရှည်တယ်, ဝတယ်,ပိန်တယ် စုံနေတာဘဲ ပြောကြတာ။
ဘုန်းကြီး အခုဝင်လာတုန်းကတောင် တိုးတိုးလေး ပြောနေတာကြာတယ်၊ ဟာ...ဘုန်းကြီးကလဲ ဝလိုက်တာ၊ ဒီလိုပြောတယ်၊ သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို တယ်ပြီးပြောချင်တာပဲ၊ ဗမာတွေဘာကြောင့် ဒီလောက်ပြောချင်သလဲလို့ ဘုန်းကြီးက စဉ်းစားတယ်၊ ပြောလိုက်တာ တချို့ များ 'ဟဲ့ကောင်...မင်း မိန်းမ မရသေးဘူးလားကွ'၊ ဟိုကလည်းပြောတယ် 'ကလေးဘယ်နှစ်ယောက်ရပြီ'၊ 'ဟာ... မင်းတော်တော်ကြိုးစားသား ပဲ' ချီးမွမ်းလိုက်သေးတယ်။
အဲဒီလို ကိုယ်ရေးကိုယ်တာတွေကို အားကြီးဝင်စွက်တယ်၊ အဲဒီတော့ ဒီသိကြားမင်းက ကဏှကို ဘာလာ ပြောသလဲ?၊ ရသေ့အသားမည်းတာကို လာပြီးပြောတာ၊ ဒို့ဗမာတွေ မဆိုးဘူး၊ သိကြားမျိုးတွေ ထင်တယ်၊ သိကြားတောင်ပြောသေးတာပဲ၊ ဘုန်းကြီးတို့ဗမာတွေလဲ သိကြား အတိုင်းပဲဆိုတော့ ဘုန်းကြီးက စိတ်မဆိုးပါဘူး ပြောပါများတော့။
ယောဂီတွေ တရားစခန်းမှာ အဲဒါတွေဒုက္ခဖြစ်တာဘဲ၊ အသံ(သို့မဟုတ်) ကြားရတယ် ဒီနှစ်ခု ကြိုက်တာကို မှတ်၊ အသံမှတ်ချင်မှတ်၊ (သို့မဟုတ်)အသံကြားရတယ်၊ ဒီ နှစ်ခု တစ်ခုခုမှတ်၊ အဲဒါမှမရပ်နိုင်လို့ ဘာသံလဲ သီချင်းသံ၊ ဘယ်သူဆိုတာလဲ ရီရီသန့်ဆိုတာ၊ မာမာအေးဆိုတာ၊ ဘယ်အိမ်ကဖွင့်တာလဲ၊ အဲဒီအိမ်ကသာမှုလား၊ နာမှုလား၊ လူသေတာလား၊ မင်္ဂလာဆောင်တာလား၊ ဘယ်သူသေသွားလဲ၊ ဘယ်သူနဲ့ဘာတော်လဲ၊ အဲဒီကောင် ငါနဲ့မတည့်တဲ့အကောင် သေတာတောင် ကောင်းသေးတယ်။
အသံရဲ့နောက်မှာဖြစ်တာတွေ၊ အဲဒါကြောင့် ကြားတဲ့နေရာမှာ ရပ်နိုင်အောင်ရှုမှတ်ပါ၊ ကမ္မဋ္ဌာန်းဟောတာတော့ မဟုတ်ပါဘူး၊ အသံရဲ့နောက်မှာ ဖြစ်ချင်တာတွေ၊ အဲဒါကြောင့် အစားမည်း,အသားမည်း,အဝတ်မည်း, နေရာ မည်းတဲ့ ဒီရသေ့ကို ဒို့မကြိုက်ဘူး မကြည်ညိုဘူးလို့ ထပ်ခါ ထပ်ခါပြောတော့ ဒီရသေ့လည်း သမာဓိပျက်ပြီးတော့ ဒီအသံကြားတယ် ဘယ်သူ့အသံလဲ? သိကြားအသံ၊ သိကြား ဘာကြောင့်ပြောသလဲလို့ ရသေ့လည်းဘဲ တွေးနေပြီပေါ့။
ဘာပြောသလဲဆိုတော့ သြော်...သူ့ဗိမာန်လှုပ်တာ ကိုက သူ့စည်းစိမ်လိုချင်လို့ ကျင့်တယ်ထင်ပြီးတော့ ငါ့ဆီ ဆင်းလာပြီး အနှောက်ယှက်ပေးတာ၊ တကယ်တော့ ဒီအကျင့်တွေရဲ့တန်ခိုးကြောင့် ဓမ္မတာကနေနှိုးဆော်ပြီး လှုပ်တာ၊ ငါကလှုပ်စေချင်တဲ့ဆန္ဒမရှိပါဘူး။


(အပိုင်း-၆)မျော်

20 November 2009

မျက်စိကိုဖွင့် နားကိုစွင့်လော



ယနေ့အချိန်သည် မည်သည့်လောကမှာမဆို သူနိုင်ကိုယ်နိုင် အပြိုင်ကြိုးစားသော ခေတ်ကြီးးတည်း။ ထို့ကြောင့် မိမိတို့သည် မျက်စိကိုဖွင့် နားကိုစွင့်လျက် အစဉ်နိုးကြားနေမှ တော်ကာကျပေမည်။ သို့မဟုတ်ပါက အခြားသူတို့၏ မျက်နှာကို “မော်ကြည်ရမည့်ဘဝ”သို့ ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် အတိတ်က ဖြစ်စဉ်တို့ကို ပိုင်းခြားဝေဘန်ကာ အကြောင်းယုတ္တိရှာ၍ အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်ပေမည်။

ပတ်ဝန်းကျင် အခြေအနေကိုလည်း အကဲခတ်မှသာလျှင် “ပြင်ပရန်စွယ် အန္တရာယ်” တို့ကို နားလည်သိရှိပြီး တွန်းလှန် တားဆီးနိုင်မည် မဟုတ်ပါလော။ မျက်စိမှိတ်ပြီး ဂါထာမန္တရား ရွတ်ဆိုနေရုံမျှဖြင့် ပြင်ပ ရန်စွယ် အန္တရာယ်မှ ကင်းဝေးနိုင်မည့် “ခေတ်” မဟုတ်သည်ကတော့ သေချာလှပေ၏။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကလည်း “ဘာ့ကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲ၊ ဘယ်လိုရလာဒ်ရှိသလဲ ဆိုတာကို သိရှိခြင်းဖြင့် (တနည်း) သမိုင်းကို တတ်ထားခြင်းဖြင့် မအဘူး၊ မညံ့ဘူး၊ အညာမခံရဘူးပေါ့ဗျာ”ဟု ပြောကြားခဲ့ဖူးပါသည်။

မြန်မာတို့ တန်ခိုးအရှိန်အဝါ ကောင်းခဲ့စဉ်က ပိုင်နက် နယ်မြေသည် ယခုထက်ကျယ်ဝန်းခဲ့၏။ အရှေ့ဘက်၌ ဆစ်ဆောင် ပန္နား (တရုတ်)၊ ဇင်းမယ်, အယုဒ္ဓယ(ယိုးဒယား)၊ အနောက်ဘက်၌ အာသံမဏိပူရ (အိန္ဒိယ)၊ ပန်းဝါ, စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်) အရပ်ထိအောင် ကျယ်ပြန့်ခဲ့၏။

ယင်းအနယ်နယ် အရပ်ရပ်သို့ အာဏာဖြန့်ကျက်နိုင်ခဲ့သော အနော်ရထာ, ကျန်စစ်သား, ဘုရင့်နောင်, မင်းကြီးရန်နောင်, အလောင်းဘုရား, ဗန္ဓုလစသော မြန်မာ့အာဇာနည်တို့၏ လက်ရုံးသည် အားကျဖွယ်, အတုယူဖွယ် ကောင်းလေစွာ့။ မိမိတို့ ပိုင်ဆိုင်ခဲ့သော ယင်းနယ်မြေတို့သည် အဘယ့်ကြောင့် သူတပါး၏ လက်ထဲသို့ ရောက် သွားခဲ့ပါသနည်း။

ကြောင်သူတော် ကြီးကဲ့သို့ ဟန်ဆောင် ကောင်းလှသော နိုင်ငံရပ်ခြား တိုင်းတပါးသား တို့ကို ရိုးစင်းသော သဘောထားဖြင့် လက်ခံခဲ့သောကြောင့် လည်း ကောင်း (ရိုးစင်းသော သဘောထားကား မေတ္တာ မဟုတ်ပေ၊ ဖျင်းအသော သဘောတည်း)၊ မြန်မာ့အမျိုးသားတို့သည် နိုင်ငံတကာ အခြေ အနေ အရပ်ရပ်ကို လေ့လာရကောင်းမှန်း မသိဘဲ အိမ်တွင်းပုန်းနေထိုင်နည်းကို ကျင့်သုံးကြသောကြောင့် လည်းကောင်း (လောကော သတ္တာန မာစေရော၊ ကမ္ဘာလောကကြီးသည် မိမိတို့၏ ဆရာ ဖြစ်၏)၊ လုံ့လ ဝီရိယနည်း၍ အရာရာကို ဝေဘန် ပိုင်းခြားသည့် ဉာဏ်ပညာနှင့် အမြော်အမြင် နည်းပါးမှုကြောင့်လည်းကောင်း ( အပ္ပမတ္တော ပမတ္တေ သု, သုတ္တေသု ဗဟုဇာဂရော၊ သတိ,ဝီရိယရှိသူတို့က သတိမမူ ဂူမမြင် ကြသူတို့အား ဝါးမျို၍သွားကြပေ၏) မိမိတို့ ပိုင်နက် နယ်မြေတို့သည် သူတပါး၏လက်ထဲသို့ ရောက်သွားခဲ့ရပေသည်။

မိမိသည် ဤနိုင်ငံ၏ ပိုင်နက် နယ်မြေ ဖြစ်ခဲ့ဖူးသော တစ်ဘက်နိုင်ငံ၏ နယ်စပ်ဒေသသို့ ရောက်ခဲ့စဉ်က စိတ်ထဲမှာ ဝမ်းနည်းသလိုလို ဘာလိုလိုနှင့် တစ်မျိုးကြီး ခံစားမိ၏။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် ဇာတိသွေး, ဇာတိမာန် များ တက်ကြွလာပြီး ကိုယ့်လူမျိုးကို အားမလိုအားမရ ဖြစ်မိပါသည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားကို ကြည့်လျှင် လူဦးရေ ထူထပ်လှသော နိုင်ငံကြီးတို့၏ အကြား၌ တည်ရှိနေသောကြောင့် နောင်အနာဂတ်မှာ အလွန် ရင်လေးစရာကောင်းလှပေသည်။

ဤနိုင်ငံ၏ အရှေ့မြောက်ဘက်၌ ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံရှိ၏။ အနောက်တောင်ဘက်၌ ဒုတိယလူဦးရေ အများဆုံးနိုင်ငံ ဖြစ်သော အိန္ဒိယနိုင်ငံရှိ၏။ လူဦးရေသန်း (၁၂ဝ)ကျော်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း အနောက်ဘက်၌ ကပ်လျက်ရှိပေသည်။

အိမ်နီးချင်းဖြစ်သော ယင်း(၃)နိုင်ငံမှ လူတို့သည် သယံဇာတ ပေါကြွယ်ဝသော ဤနိုင်ငံသို့ အစုလိုက် အပြုံလိုက် ဝင်လာလျှင် သူတို့၏ ခြယ်လှယ်မှုကိုခံရသဖြင့် ရိုးသားဖြောင့်မတ်ကြသော မြန်မာ့ တိုင်းရင်းသား တို့သည် မြိ့စွန်မြိ့ဖျား ဆင်ခြေဖုံးသို့ ရောက်သွားပေလိမ့်မည်။

ယနေ့မျက်မှောက်၌ပင် မြို့ကြီးပြကြီးတို့၏ အလယ်၌ လူမျိုးခြား, ဘာသာခြားတို့သည်သာလျှင် မင်းမူနေကြသည် မဟုတ်လော။ အထူးအားဖြင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ လမ်းခရီးတလျှောက်၌ စားသောက်ဆိုင်, ဆီဆိုင်, ကုန်စုံဆိုင်, ခရီးသည်တင် မော်တော်ယာဉ်ကားအသင်းတို့၌ လူမျိုးခြား, ဘာသာခြားတို့၏ “အက္ခရာစာလုံး”တို့က တဖြေးဖြေးနေရာယူလျက်ရှိသည်ကို တွေ့ရှိပေသည်။ ဗုဒ္ဓဘာသာ ၀င်များ အနေဖြင့် အမှုမဲ့ အမှတ်မဲ့ မနေသင့်တော့။

ထေရဝါဒဗုဒ္ဓသာသနာသည်လည်း ဇမ္ဗူဒီပါ (အိန္ဒိယနိုင်ငံ)၌ သာမက အရှေ့ဘက်၌ အင်ဒိုနီးရှား, မလေးရှား, စင်္ကာပူ, ယိုး ဒယား, မြန်မာ, လာအို, ကမ္ဗောဒီးယား, ဗီယက်နန်, ကိုရီးယား, ဂျပန်ထိအောင် ထွန်းလင်းခဲ့၏။ တောင်ဘက်၌- သီရိလင်္ကာ၊ အနောက်ဘက်၌ - ပါကစ္စတန်, အာဖဂန်နစ္စတန်, တာကစ္စတန်, တူရကီ, ရုရှားနိုင်ငံ ဆိုက်ဗေးရီးယား၊ မြောက်ဘက်၌- စိန့်တိုင်းငါးရပ်ဖြစ်သော တိဘက်, ခိုတန်, ဘူတန်, တရုတ်-ဆစ်ကင်နယ်များထိအောင် ဗုဒ္ဓသာသနာသည် နေရောင်ဝါသို့ တောက်ပခဲ့ပါသည်။ “သာဓု” ခေါ်သံတို့ဖြင့် သံသာသာ ဟစ်ကြွေးခဲ့သော ယင်းနိုင်ငံတို့သည် ယနေ့မျက်မှောက်ခေတ်၌ မည်သည့်ဘာသာဝင်များ ဖြစ်ကုန်သနည်း။

ဆရာတော် ဦးမဟာရက္ခိတ ခေါင်းဆောင်သော ရဟန္တာငါးရာတို့ ကာဠကာရာမသုတ္တန် တရား ဒေသနာကို ဟောကြား၍ ထေရဝါဒမျိုးစေ့ကို ကြဲချကာ သာသနာ ထွန်းလင်းစေခဲ့ရာဖြစ်သော အာဖဂန်နစ္စတန် နိုင်ငံနှင့် တူရကီနိုင်ငံတို့၌ ယနေ့အချိန်မှာ ဗုဒ္ဓဘာသာဝင်များ ရှိပါသေး၏လော။ စစ်တမ်းထုတ်ကြည့်ပါ။

ဆရာတော် ဦးမဇ္ဈ န္တိကတို့ အာသီဝိသောပမ သုတ္တန်ကို ဟောကြားခဲ့သောကြောင့် “နမော တဿ ဘဂဝတော”ဖြစ်ခဲ့သော ပါကစ္စတန်နိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓွဘာသာ ကိုးကွယ်သူ တစ်ယောက်ကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ရှာဖွေတောင်မှ တွေ့မြင်ဖို့ရာ ခဲယဉ်းလှပေသည်။

ဗုဒ္ဓွသာသနာ၏ အချက်အခြာ အကျဆုံးဖြစ်သော မဇ္ဈိမဒေသအရပ် (အိန္ဒိယနယ်တခွင်)မှာပင် ယနေ့အချိန်အခါ၌ ယခုအချိန်မှာတော့ ပိဋကတ် သုံးပုံကို အရာမက ပြန်ကြော့၍ အနုလုံ ပဋိလုံ ဟောသော် လည်း သူတို့၏နှလုံးသား၌ ဘုရားတည်နိုင်ဖို့ မလွယ်ကူတော့ပေ။

ယင်းကဲ့သို့ ဖန်ရည်စွန်းသော သင်္ကန်းတို့ဖြင့် အောင်လံတံခွန် လွှင့်ထူခဲ့ရာဖြစ်သော သာသနာ ထွန်းကားရာ နယ်မြေတို့၌ အဘယ့်ကြောင့် မြတ်ဘုရားသာသနာ ကွယ်ပျောက်ခဲ့ရသနည်း။ စဉ်းစားစေချင်ပါသည်။ သာသနာဝန်ထမ်းနှင့် ဗုဒ္ဓဘာသာဝင်တို့က “ထေရဝါဒဓမ္မ” များကို မထိန်းသိမ်းနိုင်ကြသောကြောင့် လည်းကောင်း၊ တိုင်းတပါးသား ဘာသာခြားတို့၏ နှောက်ယှက် ဖျက်ဆီးမှုကြောင့်လည်းကောင်း ထေရဝါဒဓမ္မ နယ်မြေများသည် ဘာသာခြားနယ်မြေများ ဖြစ်ခဲ့ရသည်ကို တွေ့ရပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ပထဝီအနေအထားနှင့် မြန်မာ့သမိုင်း, သာသနာ့သမိုင်းတို့ကို လေ့လာသုံးသပ်ပြီး ၀ံသာနုစိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့်လူမျိုး, ဘာသာနှင့် သာသနာကို မကွယ်ပျောက်အောင် ကာကွယ်စောင့်ရှောက် ရပေမည်တကား။

----------------

အရှင်ဒေ၀ိန္ဒာဘိဝံသ

(၂၀၊ ၁၁၊ ၂၀၀၉)

ဘယ်လိုပဲဖြစ်စေ


နိုဘယ်ဆုရှင်မာသာထရီဆာ

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ..........သူတို့ကိုခွင့်လွှတ်လိုက်ပါ။
သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........သနားကြင်နာမြဲသနားကြင်နာပါ။
သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........အောင်မြင်အောင်ဆက်ကြိုးစားပါ။
လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........ရိုးသားဖြောင့်မတ်ပါ။
သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........တည်ဆောက်မြဲတည်ဆောက်ပါ။
သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........စိတ်အေးချမ်းအောင်နေပါ။
သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ..........ကောင်းတာကိုပဲဆက်လုပ်ပါ။
လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ..........လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။
နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများနဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ
သင်တို့၏မိတ်ဆွေများကိုလည်းဖြန့်ဝေပေးစေချင်ပါတယ်။



နိုဘယ်ဆုရှင်မာသာထရီဆာ၏မိဘမဲ့ဂေဟာတစ်ခုတွင် ချိတ်ဆွဲထားသောကဗျာဖြစ်ပါသည်။

19 November 2009

ဆုတောင်း ၆မျိုး (အပိုင်း-၄)


စာဖက်ပရိသတ်များ--- ဆုတောင်း ၆မျိုးတရားတော်ကို အောက်တိုဘာလမှာ အပိုင်း ၁ မှ ၃ အထိ တင်ပြီးဖြစ်၍ ပြန်ဖက်စေလိုပါသည်။

ကဏှအမည်ရ သူဋ္ဌေးဘဝ
အာနန္ဒ-ချစ်သားအာနန္ဒာ၊ အတိတ်ဝေးစွာ ဟိုရှေး အခါတုန်းက၊ အဟံ-ငါဘုရားရှင်ကိုယ်တော်မြတ်သည်၊ အသီတိဝိဘဝကောဋိယံ-ကုဋေ(၈ဝ) ကြွယ်ဝတဲ့သူဌေး မျိုးမှာ၊ နိဗ္ဗတ္တော-ဖြစ်ခဲ့ဖူးတယ်။
အသားအရေက အလွန်မည်းလွန်းတဲ့အတွက် ကြောင့် 'ကဏှ' လို့ခေါ်တယ်၊ 'မောင်မည်း'လို့ ခေါ်ကြပါစို့။အင်္ဂလိပ်လိုတော့ Mr Black ပေါ့။

ပစ္စည်းတွေမြင်ပေမယ့် စိတ်ကူးတွေမယဉ်

ဗာရာဏသီသူဌေးသား မိဘတွေအကုန်သေသွားတော့ တစ်ယောက်တည်းသောမောင်ကဏှ အဖေ့အမွေ ဘိုးဘွားအမွေတွေ အကုန်ရလိုက်တယ်၊ ကုဋေ(၈ဝ)။ အဲဒါတွေကို ကြည့်ပြီးတော့တွေးတယ်၊ ''ဒို့အမေ ဒို့အဖေ ဒို့အဘိုး အဖွားတွေ ပစ္စည်းတွေရှာခဲ့လိုက်ကြတာ ပင်ပင်ပန်းပန်းနဲ့၊ အခုတော့ သေသွားပြီ၊ တစ်ခုမှ ယူမသွားနိုင်ဘူး၊ အားလုံး ထားပစ်ခဲ့တယ်၊ ပစ္စည်းတွေရှာတဲ့လူတွေ ရှာပြီးရင် သေတဲ့အခါ ယူမသွားနိုင်ဘူး၊ ထားပစ်ခဲ့ရတယ်''။
စိန်ရောရွှေရော အကုန်လုံး အထုပ်ထုပ်ပြီး ''ငါ သေတော့မယ်ဟေ့ ငါ့အထုပ်တွေကို ငါ့လည်ပင်းချိတ်၊ ငါ့ အခေါင်းထဲထည့်'' ဆိုလို့ မရဘူး။
ကဏှကတော့ ''ဒါ အမေတွေ အဘိုးအဖွားတွေက ရှာရုံသာ ရှာထားခဲ့ကြတယ်၊ ပြီးတော့သေတဲ့အခါ ယူမသွား ကြဘူး၊ ငါ့လက်ထက်မှာတော့ အကုန်ယူသွားမယ်''ဆိုပြီး အိမ်တံခါးဖွင့်ပြီးတော့ ဘဏ္ဍာတိုက်တွေ, သေတ္တာတွေ, ဗီရိုတွေထဲက ပစ္စည်းတွေကို ထုတ်ပြီးတော့ စစ်ဆေးတယ်။ တန်းစီပြီးတော့ အဝတ်ရော ရွှေရော စိန်ရော ထုတ်ပြီး အကုန်ပုံထားတယ်။
အဲဒီနောက် မြို့ထဲကို မောင်းခတ်ပြီးတော့ ကြေငြာ တယ်။ ''ပစ္စည်းလိုတဲ့ပုဂ္ဂိုလ်များ လိုတဲ့ပစ္စည်း ကျုပ်အိမ်ကို လာယူကြပါ''လို့ ကြေငြာလိုက်တော့ လူတွေ လာလိုက်ကြ တာ၊ အိမ်ပေါ်တက်ပြီး ယူသွားကြတယ်။
ဥပမာ - ဆွဲကြိုးလိုချင်တဲ့လူတွေ ဆွဲကြိုးပဲယူတယ်၊ လက်ကောက်ယူမသွားကြဘူး၊ လက်ကောက်လေးယူချင် တယ်ဆိုတဲ့လူ လက်ကောက်ပဲယူသွားတယ်၊ နားဋောင်း ယူမသွားဘူး၊ အဝတ်လိုချင်တဲ့လူ အဝတ်ပဲယူသွားတယ်၊ ရွှေမယူဘူး၊ အဲဒီခေတ်ကလူတွေရဲ့ လောဘက စည်းကမ်းတကျရှိတဲ့လောဘ။

လောဘမသတ်နိုင်ပေမယ့် စည်းမပျက်စေနဲ့
ဘယ်သူ့သန္တာန်မဆို ရဟန္တာမဖြစ်သေးသရွေ့ တော့ လောဘတော့ရှိနေမှာပဲ။ အဲဒီလောဘလည်း မကုန်သေးသရွေ့ အဲဒီလောဘရှိတဲ့သူတွေ လောဘကို စည်းလေး ကမ်းလေးနဲ့ သတ်ပေးလိုက်ပါ။
လိုချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေက စည်းနဲ့ကမ်းနဲ့ လိုချင်တယ်ဆိုရင် သိပ်ကောင်းမယ်၊ စည်းမဲ့ကမ်းမဲ့ လိုချင် ရင် အဲဒါ တိုင်းပြည်ပျက်မယ်။
စည်းလေးကမ်းလေးနဲ့ လိုချင်တယ်ဆိုရင် အဲဒါ တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့ ဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့ လိုချင်ပြီဆိုရင်တော့ ဒုဗ္ဘိက္ခန္တရကပ် သတ္ထန္တရကပ်ဆီကို သူတို့အား မကြာခင်ပို့လိမ့်မယ်။
စည်းမဲ့ကမ်းမဲ့ လောဘကိုရှောင်ရင် ကပ်သုံးပါးမှ လွတ်တယ်။ ပြီးတော့ စည်းမဲ့ကမ်းမဲ့ဒေါသကို လွတ်အောင် ရှောင်၊ စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ မောဟကို လွတ်အောင် ရှောင်။ အဲဒီလို ရှောင်နိုင်ရင် ကပ်သုံးပါးမှလွတ်တယ်။
အဲဒါ ကပ်သုံးပါးမှလွတ်ဖို့ ဆိုပြီးတော့ ဘုရားတည် အင်းချလို့ ဓာတ်ရိုက်ဓာတ်ဆင်လုပ်လို့ရှိရင် ဘယ်တော့မှ မရဘူး၊ ကိုယ့်သန္တာန်ကလောဘကို စည်းကမ်းနဲ့ မထိန်း နိုင်ရင် အဲဒီပုဂ္ဂိုလ်လည်ပင်းမှာ လက်ဖွဲ့တွေ ၁ဝ၈-ခုမက ဘူး၊ ၁ဝဝ၈-ခုလောက် ဆွဲထားစေကာမူ ဒီလူမလွတ်ဘူး၊ လောဘကို စည်းကမ်းသတ်ပေးဖို့ အဲဒါအရေးကြီးတယ်။

ပစ္စည်းတွေမြင် ဒုက္ခထင်
ကဏှရဲ့စိတ်ကသိပ်ရှင်းတယ်၊ ဘာစိတ်ရှင်းသလဲ ဆိုတော့ ဒီပစ္စည်းတွေကို စောင့်နေရတာ ထိန်းနေရတာဟာ ဒုက္ခဘဲလို့ တွေးလာတယ်၊ ဒီပစ္စည်းတွေ စောင့်ရှောက်ရခြင်းသည် ဒုက္ခပေတကား, ထိန်းသိမ်း၍နေရခြင်းသည် ဒုက္ခ ပေတကားလို့ တွေးမိတယ်။
ထိန်းနေရတာ ဒုက္ခပဲဆိုပြီး အကုန်စွန့်ပစ်သွားတယ်၊ ဒါကိုဘာခေါ်လဲ 'စာဂ'၊ ဘဝသံသရာကောင်းကျိုး ကိုမျှော်ပြီးပေးနေတာကဒါန၊ ဒါနကနေပြီး အခုသူဘာ လုပ်လဲ စာဂ၊ အိမ်ပေါက်ဝကနေ စာတန်းကြီးချိတ်ပြီးတော့ အားလုံးအတွက် ကျုပ်ပစ္စည်းတွေ လှူပြီးသား၊ ယူချင်တဲ့သူတွေ ယူချင်သလောက်သာ ယူကြပေတော့လို့ အိမ်ပေါက်ဝမှာ စာချိတ်ပြီးတော့ ခေါင်းကဆံပင်ဖြတ်၊ ပုဆိုးအင်္ကျီကနေပြီးတော့ သစ်ခေါက်ဆိုးတဲ့ လျှော်တေအဝတ်ကို ဝတ်ပြီးတော့ ဟိမဝန္တာဝင်တယ်။
ပရိသတ်ကြီး...ကုဋေ(၈ဝ)သော ပစ္စည်းတွေကို ရှေးဦးစွာ ဘဝသံသရာမှာ ကောင်းကျိုးကိုမျှော်ပြီးတော့ ပေးနေတာက ဒါနဘဲ၊ ဒါတွေကို စောင့်ရှောက်ထိန်းသိမ်း ရတာဟာ 'ဒုက္ခပေတကား'လို့ ဆိုပြီးတော့ စွန့်လွှတ်တာကို 'စာဂ'လို့ ခေါ်တယ်။
စွန့်လွှတ်ခြင်းသည် လွတ်မြောက်ခြင်းပဲ၊ ဒါ အကြံ ကောင်းဘဲ၊ စွန့်လွှတ်တာ ဘာဖြစ်လဲ? စွန့်လွှတ်တဲ့ပုဂ္ဂိုလ် ဟာ လွတ်မြောက်တယ်နော်။
ပရိတ်သတ်ကြီး... ကဏှသူဌေးသားကနေ ဘာ ဖြစ်သွားသလဲဆိုရင် ကဏှရသေ့ဖြစ်သွားတယ်၊ ဘာကြောင့် ကဏှခေါ်သလဲဆိုတော့ အသားမည်းလို့တဲ့။
အဲဒီကဏှရှင်ရသေ့ဟာ ဟိမဝန္တာတောထဲသို့ ဝင်ပြီး ရသေ့ရဟန်းအဖြစ်နှင့် တရားအားထုတ်တယ်၊ အပြင်းအထန်ကျင့်တယ်၊ ဈာန်သမာပတ်တွေရတယ်၊ ရှေ့ဘဝနောက်ဘဝတွေ ပြန်ကြည့်ရင် သိတယ်၊ အဘိညာဉ် တွေပါရတယ်။

ဈာန်နဲ့ဉာဏ်
ဒါပေမဲ့ အဲဒီဈာန်သည် ကိလေသာအပေါ်ယံ လောက်ကိုဘဲ ဖယ်ရှားနိုင်တယ်၊ ဝိပဿနာဉာဏ်နဲ့ မဂ် ဉာဏ် ဖိုလ်ဉာဏ်မှသာလျှင် အတွင်းကိလေသာ အတွင်းမီး ကို ဖယ်ရှားနိုင်တယ်၊ ဈာန်သည် အပေါ်ယံကိလေသာကို သာ ဖယ်ရှားတယ်၊ အတွင်းထဲစွဲနေတဲ့ ကိလေသာကျတော့ ဉာဏ်ကမှဖယ်ရှားနိုင်တယ်၊ ဈာန်နဲ့ဉာဏ် နှစ်မျိုးစလုံးကို ပေါင်းပြီးတော့ ဈာန်(၈)ပါးအကြောင်းကို မပြောဘူး၊ ဉာဏ် စဉ်(၁ဝ)ပါးအကြောင်းကို မပြောဘူး၊ တစ်လုံးပဲ ပြောမယ်၊ ဈာန်နဲ့ဉာဏ်။
ဒီကနေ့ ဂျပန်ပြည် ဂျပန်ဘုန်းကြီးတွေမှာ ခေတ်စားတာက ဈာန်၊ တိဘက်တွေမှာ ခေတ်စားတာလည်း ဈာန်ဘဲ၊ ဘုန်းကြီးတို့ မြန်မာနိုင်ငံက ဈာန်ကိုပဓာနမထား ဘူး၊ ဉာဏ်ကိုပဓာနထားတယ်၊ အဲဒါကြောင့် ဈာန်က ဘယ် ဘက်ကို သွားသလဲဆိုရင် တန်ခိုးဘက်ကိုသွားတယ်။
ဉာဏ်ကတော့ ဘယ်ကိုသွားသလဲဆိုတော့ ဝိသုဒ္ဓိနဲ့ ဝိမုတ္တိ၊ ဝိသုဒ္ဓိဆိုတာ ကိလေသာအားလုံး၏ သန့်ရှင်းစင် ကြယ်ခြင်း၊ ဝိမုတ္တိဆိုတာက ဝဋ်သုံးပါးမှ လွတ်မြောက်ခြင်း၊ ဈာန်ကတော့ အဲဒီဝိသုဒ္ဓိတောင်မှ အပေါ်ယံ အညစ် အကြေးလောက်ဘဲ သန့်ရှင်းတဲ့ဝိသုဒ္ဓိ။
ဒကာကြီးတွေ ဒကာမကြီးတွေ ပုဆိုးတွေ လုံချည် တွေလျှော်တဲ့အခါမှာ ဆပ်ပြာမပါဘဲ ရေနဲ့ချည်းလျှော် ကြည့် မယ်ဆိုရင်အပေါ်ယံလောက်ပဲဖြူတယ်နော်၊ ဆပ်ပြာပါ ထည့်လိုက်တော့မှ ချည်မျှင်တစ်ချောင်းချင်းဆီမှာ စွဲနေတဲ့ ဂျီးတွေ အကုန်ထွက်တယ်၊ ဒီလိုမဟုတ်လား?
ဈာန်ကဘာနဲ့တူလဲ? အဝတ်ကိုရေနဲ့ လျှော်တာ နှင့်တူတယ်၊ ဉာဏ်ကဘာနဲ့တူသလဲ? အဝတ်ကို ဆပ်ပြာ သွင်းပြီး လျှော်တာနှင့်တူတယ်၊ အဲဒါကြောင့် ဈာန်တွေရ ပြီးတော့နောက်ပိုင်း အလောင်းတော် ကဏှရသေ့က ဘာလိုချင်ပြန်သလဲ? ဉာဏ်လိုချင်တာ။
ဉာဏ်လိုချင်တော့ကျင့်တယ်၊ ထိုင်လိုက်တဲ့ဖြစ်ခြင်း၊ အိပ်ရာဆိုလို့ လုံးလုံးမရှိဘူး၊ အစားအစာ ဆိုလဲဆုံးဖြတ် လိုက်တယ်၊ ဘာဆုံးဖြတ်လိုက်လဲဆိုတော့ မီးနဲ့ချက်တဲ့အစား အစာဆိုရင် ငါဘာမှမစားတော့ဘူး။ တောထဲမှာအလိုလိုပွင့် လာတဲ့အပွင့်ကိုစားကောင်း ရင်စားမယ်၊ အလိုလိုသီးလာတဲ့ အသီးကိုလည်းဘဲ စားကောင်းရင်စားမယ်၊ အလိုလိုဖြစ် လာတဲ့အရွက်ကိုလည်းဘဲ စားကောင်းရင် စားမယ်ဆိုပြီး အဲဒီလို တောထဲကအသီးတွေကို ရှာဖွေစားပြီးတော့ တရားကျင့်တယ်။
ညဉ့်(၃)ယံမှာ တစ်ယံဘဲအိပ်တယ်၊ တစ်ည ကို(၃)ပုံပုံ တစ်ပုံဘဲအိပ်တယ်၊ ဒို့ပရိသတ်က တစ်ညဘယ် နှစ်ပုံအိပ်လဲ? နေ့လဲအိပ်လိုက်သေးတယ်၊ သွားရင်းလာ ရင်းနဲ့ငိုက်သေးတယ်၊ ဒီလိုမဟုတ်လား၊ အခုဘုန်းကြီးတောင်မှ ကားပေါ်မှာ အိပ်ခဲ့သေးတယ်၊ အုန်းတောကို ဝင်တာကိုပင် ကောင်းကောင်းမသိလိုက်ဘူး၊ ကားထွက်ပြီးတော့မှ အုန်းတောကို ကျော်လာတယ်ဆိုတာကို သိရတယ်၊ အုန်းတောပျောက်သွားတယ်။

(အပိုင်း-၅) ဆက်ဦးမည်။

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes