ယနေ့အချိန်သည် မည်သည့်လောကမှာမဆို သူနိုင်ကိုယ်နိုင် အပြိုင်ကြိုးစားသော ခေတ်ကြီးးတည်း။ ထို့ကြောင့် မိမိတို့သည် မျက်စိကိုဖွင့် နားကိုစွင့်လျက် အစဉ်နိုးကြားနေမှ တော်ကာကျပေမည်။ သို့မဟုတ်ပါက အခြားသူတို့၏ မျက်နှာကို “မော်ကြည်ရမည့်ဘဝ”သို့ ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် အတိတ်က ဖြစ်စဉ်တို့ကို ပိုင်းခြားဝေဘန်ကာ အကြောင်းယုတ္တိရှာ၍ အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်ပေမည်။
ပတ်ဝန်းကျင် အခြေအနေကိုလည်း အကဲခတ်မှသာလျှင် “ပြင်ပရန်စွယ် အန္တရာယ်” တို့ကို နားလည်သိရှိပြီး တွန်းလှန် တားဆီးနိုင်မည် မဟုတ်ပါလော။ မျက်စိမှိတ်ပြီး ဂါထာမန္တရား ရွတ်ဆိုနေရုံမျှဖြင့် ပြင်ပ ရန်စွယ် အန္တရာယ်မှ ကင်းဝေးနိုင်မည့် “ခေတ်” မဟုတ်သည်ကတော့ သေချာလှပေ၏။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကလည်း “ဘာ့ကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲ၊ ဘယ်လိုရလာဒ်ရှိသလဲ ဆိုတာကို သိရှိခြင်းဖြင့် (တနည်း) သမိုင်းကို တတ်ထားခြင်းဖြင့် မအဘူး၊ မညံ့ဘူး၊ အညာမခံရဘူးပေါ့ဗျာ”ဟု ပြောကြားခဲ့ဖူးပါသည်။
မြန်မာတို့ တန်ခိုးအရှိန်အဝါ ကောင်းခဲ့စဉ်က ပိုင်နက် နယ်မြေသည် ယခုထက်ကျယ်ဝန်းခဲ့၏။ အရှေ့ဘက်၌ ဆစ်ဆောင် ပန္နား (တရုတ်)၊ ဇင်းမယ်, အယုဒ္ဓယ(ယိုးဒယား)၊ အနောက်ဘက်၌ အာသံမဏိပူရ (အိန္ဒိယ)၊ ပန်းဝါ, စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်) အရပ်ထိအောင် ကျယ်ပြန့်ခဲ့၏။
ယင်းအနယ်နယ် အရပ်ရပ်သို့ အာဏာဖြန့်ကျက်နိုင်ခဲ့သော အနော်ရထာ, ကျန်စစ်သား, ဘုရင့်နောင်, မင်းကြီးရန်နောင်, အလောင်းဘုရား, ဗန္ဓုလစသော မြန်မာ့အာဇာနည်တို့၏ လက်ရုံးသည် အားကျဖွယ်, အတုယူဖွယ် ကောင်းလေစွာ့။ မိမိတို့ ပိုင်ဆိုင်ခဲ့သော ယင်းနယ်မြေတို့သည် အဘယ့်ကြောင့် သူတပါး၏ လက်ထဲသို့ ရောက် သွားခဲ့ပါသနည်း။
ကြောင်သူတော် ကြီးကဲ့သို့ ဟန်ဆောင် ကောင်းလှသော နိုင်ငံရပ်ခြား တိုင်းတပါးသား တို့ကို ရိုးစင်းသော သဘောထားဖြင့် လက်ခံခဲ့သောကြောင့် လည်း ကောင်း (
ရိုးစင်းသော သဘောထားကား မေတ္တာ မဟုတ်ပေ၊ ဖျင်းအသော သဘောတည်း)၊ မြန်မာ့အမျိုးသားတို့သည် နိုင်ငံတကာ အခြေ အနေ အရပ်ရပ်ကို လေ့လာရကောင်းမှန်း မသိဘဲ အိမ်တွင်းပုန်းနေထိုင်နည်းကို ကျင့်သုံးကြသောကြောင့် လည်းကောင်း (
လောကော သတ္တာန မာစေရော၊ ကမ္ဘာလောကကြီးသည် မိမိတို့၏ ဆရာ ဖြစ်၏)၊ လုံ့လ ဝီရိယနည်း၍ အရာရာကို ဝေဘန် ပိုင်းခြားသည့် ဉာဏ်ပညာနှင့် အမြော်အမြင် နည်းပါးမှုကြောင့်လည်းကောင်း ( အပ္ပမတ္တော ပမတ္တေ သု, သုတ္တေသု ဗဟုဇာဂရော၊ သတိ,ဝီရိယရှိသူတို့က သတိမမူ ဂူမမြင် ကြသူတို့အား ဝါးမျို၍သွားကြပေ၏) မိမိတို့ ပိုင်နက် နယ်မြေတို့သည် သူတပါး၏လက်ထဲသို့ ရောက်သွားခဲ့ရပေသည်။
မိမိသည် ဤနိုင်ငံ၏ ပိုင်နက် နယ်မြေ ဖြစ်ခဲ့ဖူးသော တစ်ဘက်နိုင်ငံ၏ နယ်စပ်ဒေသသို့ ရောက်ခဲ့စဉ်က စိတ်ထဲမှာ ဝမ်းနည်းသလိုလို ဘာလိုလိုနှင့် တစ်မျိုးကြီး ခံစားမိ၏။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် ဇာတိသွေး, ဇာတိမာန် များ တက်ကြွလာပြီး ကိုယ့်လူမျိုးကို အားမလိုအားမရ ဖြစ်မိပါသည်။
မြန်မာနိုင်ငံ၏ ပထဝီအနေအထားကို ကြည့်လျှင် လူဦးရေ ထူထပ်လှသော နိုင်ငံကြီးတို့၏ အကြား၌ တည်ရှိနေသောကြောင့် နောင်အနာဂတ်မှာ အလွန် ရင်လေးစရာကောင်းလှပေသည်။
ဤနိုင်ငံ၏ အရှေ့မြောက်ဘက်၌ ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံရှိ၏။ အနောက်တောင်ဘက်၌ ဒုတိယလူဦးရေ အများဆုံးနိုင်ငံ ဖြစ်သော အိန္ဒိယနိုင်ငံရှိ၏။ လူဦးရေသန်း (၁၂ဝ)ကျော်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း အနောက်ဘက်၌ ကပ်လျက်ရှိပေသည်။
အိမ်နီးချင်းဖြစ်သော ယင်း(၃)နိုင်ငံမှ လူတို့သည် သယံဇာတ ပေါကြွယ်ဝသော ဤနိုင်ငံသို့ အစုလိုက် အပြုံလိုက် ဝင်လာလျှင် သူတို့၏ ခြယ်လှယ်မှုကိုခံရသဖြင့် ရိုးသားဖြောင့်မတ်ကြသော မြန်မာ့ တိုင်းရင်းသား တို့သည် မြိ့စွန်မြိ့ဖျား ဆင်ခြေဖုံးသို့ ရောက်သွားပေလိမ့်မည်။
ယနေ့မျက်မှောက်၌ပင် မြို့ကြီးပြကြီးတို့၏ အလယ်၌ လူမျိုးခြား, ဘာသာခြားတို့သည်သာလျှင် မင်းမူနေကြသည် မဟုတ်လော။ အထူးအားဖြင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ လမ်းခရီးတလျှောက်၌ စားသောက်ဆိုင်, ဆီဆိုင်, ကုန်စုံဆိုင်, ခရီးသည်တင် မော်တော်ယာဉ်ကားအသင်းတို့၌ လူမျိုးခြား, ဘာသာခြားတို့၏ “အက္ခရာစာလုံး”တို့က တဖြေးဖြေးနေရာယူလျက်ရှိသည်ကို တွေ့ရှိပေသည်။ ဗုဒ္ဓဘာသာ ၀င်များ အနေဖြင့် အမှုမဲ့ အမှတ်မဲ့ မနေသင့်တော့။
ထေရဝါဒဗုဒ္ဓသာသနာသည်လည်း ဇမ္ဗူဒီပါ (အိန္ဒိယနိုင်ငံ)၌ သာမက အရှေ့ဘက်၌ အင်ဒိုနီးရှား, မလေးရှား, စင်္ကာပူ, ယိုး ဒယား, မြန်မာ, လာအို, ကမ္ဗောဒီးယား, ဗီယက်နန်, ကိုရီးယား, ဂျပန်ထိအောင် ထွန်းလင်းခဲ့၏။ တောင်ဘက်၌- သီရိလင်္ကာ၊ အနောက်ဘက်၌ - ပါကစ္စတန်, အာဖဂန်နစ္စတန်, တာကစ္စတန်, တူရကီ, ရုရှားနိုင်ငံ ဆိုက်ဗေးရီးယား၊ မြောက်ဘက်၌- စိန့်တိုင်းငါးရပ်ဖြစ်သော တိဘက်, ခိုတန်, ဘူတန်, တရုတ်-ဆစ်ကင်နယ်များထိအောင် ဗုဒ္ဓသာသနာသည် နေရောင်ဝါသို့ တောက်ပခဲ့ပါသည်။ “သာဓု” ခေါ်သံတို့ဖြင့် သံသာသာ ဟစ်ကြွေးခဲ့သော ယင်းနိုင်ငံတို့သည် ယနေ့မျက်မှောက်ခေတ်၌ မည်သည့်ဘာသာဝင်များ ဖြစ်ကုန်သနည်း။
ဆရာတော် ဦးမဟာရက္ခိတ ခေါင်းဆောင်သော ရဟန္တာငါးရာတို့ ကာဠကာရာမသုတ္တန် တရား ဒေသနာကို ဟောကြား၍ ထေရဝါဒမျိုးစေ့ကို ကြဲချကာ သာသနာ ထွန်းလင်းစေခဲ့ရာဖြစ်သော အာဖဂန်နစ္စတန် နိုင်ငံနှင့် တူရကီနိုင်ငံတို့၌ ယနေ့အချိန်မှာ ဗုဒ္ဓဘာသာဝင်များ ရှိပါသေး၏လော။ စစ်တမ်းထုတ်ကြည့်ပါ။
ဆရာတော် ဦးမဇ္ဈ န္တိကတို့ အာသီဝိသောပမ သုတ္တန်ကို ဟောကြားခဲ့သောကြောင့် “နမော တဿ ဘဂဝတော”ဖြစ်ခဲ့သော ပါကစ္စတန်နိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓွဘာသာ ကိုးကွယ်သူ တစ်ယောက်ကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ရှာဖွေတောင်မှ တွေ့မြင်ဖို့ရာ ခဲယဉ်းလှပေသည်။
ဗုဒ္ဓွသာသနာ၏ အချက်အခြာ အကျဆုံးဖြစ်သော မဇ္ဈိမဒေသအရပ် (အိန္ဒိယနယ်တခွင်)မှာပင် ယနေ့အချိန်အခါ၌ ယခုအချိန်မှာတော့ ပိဋကတ် သုံးပုံကို အရာမက ပြန်ကြော့၍ အနုလုံ ပဋိလုံ ဟောသော် လည်း သူတို့၏နှလုံးသား၌ ဘုရားတည်နိုင်ဖို့ မလွယ်ကူတော့ပေ။
ယင်းကဲ့သို့ ဖန်ရည်စွန်းသော သင်္ကန်းတို့ဖြင့် အောင်လံတံခွန် လွှင့်ထူခဲ့ရာဖြစ်သော သာသနာ ထွန်းကားရာ နယ်မြေတို့၌ အဘယ့်ကြောင့် မြတ်ဘုရားသာသနာ ကွယ်ပျောက်ခဲ့ရသနည်း။ စဉ်းစားစေချင်ပါသည်။ သာသနာဝန်ထမ်းနှင့် ဗုဒ္ဓဘာသာဝင်တို့က “ထေရဝါဒဓမ္မ” များကို မထိန်းသိမ်းနိုင်ကြသောကြောင့် လည်းကောင်း၊ တိုင်းတပါးသား ဘာသာခြားတို့၏ နှောက်ယှက် ဖျက်ဆီးမှုကြောင့်လည်းကောင်း ထေရဝါဒဓမ္မ နယ်မြေများသည် ဘာသာခြားနယ်မြေများ ဖြစ်ခဲ့ရသည်ကို တွေ့ရပေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ပထဝီအနေအထားနှင့် မြန်မာ့သမိုင်း, သာသနာ့သမိုင်းတို့ကို လေ့လာသုံးသပ်ပြီး ၀ံသာနုစိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့်လူမျိုး, ဘာသာနှင့် သာသနာကို မကွယ်ပျောက်အောင် ကာကွယ်စောင့်ရှောက် ရပေမည်တကား။
----------------
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၀၊ ၁၁၊ ၂၀၀၉)
Posted in: ဆောင်းပါး
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment