သီတဂူစတား

သီတဂူစတား

18 March 2010

သီတဂူ ဗြဟ္မာယု ပြည်သူ့ဆေးရုံတော်


သီတဂူကပ္ပိယအဖွဲ့ (အထက် အောက်မြန်မာပြည်)

ဆေးရုံတော်များ
သီတဂူအာယုဒါန ဆေးရုံကြီးကို ရှေးဦးစွာတည်ထောင်ကာ လူနာပေါင်း မြောက်မြားစွာရဲ့ အသက်ကိုကုသ ကယ်တင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ ပင်ရောက်ရှိလာပြီ။ ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်နေသော မြို့နယ်များစွာရှိ ဆေးရုံတို့တွင် ဖြည့်ဆည်း လှူဒါန်းခဲ့သည့် အပြင် မြို့နယ် ကျေးရွာတို့တွင်လည်း ဆေးရုံများတည်ဆောက်ကာ လှူဒါန်းခဲ့သည်။ ဥပမာ-ပန်းတနော်ဆေးရုံ၊ သိပေါဆေးရုံ၊ ကလေးမြို့ဆေးရုံ၊ နတ်မောက်ဆေးရုံ၊ ဆားတောင်ဆေးရုံ အစရှိသည်တို့ဖြစ်သည်။

ယခု တပေါင်းလပြည့် ဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆားတောင် သီတဂူ ဗြဟ္မာယု ပြည်သူ့ဆေးရုံတော် ကြီးကို ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီး၏ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၃၀၀၀ ကျော် ရှိပြီး ဆေးရုံထဲတွင် တပ်ဆင်ထားသော ပစ္စည်းတံဘိုးမှာ ကျပ်သိန်း ၄၀၀၀၀ (လေးသောင်း) ကျော်ရှိသည်ဟု သိရပါသည်။ ထိုဆေးရုံကြီးပေါ် ပေါက်လာသောကြောင့် ထိုဒေသရှိ ပြည်သူတွေ အားရ၀မ်းသာဖြစ်ကာ ဆရာတော်ကြီးကို အထူး ကျေးဇူးတင်နေကြသည်။

ယူနီဖောင်းတစ်မျိုးနဲ့ သီတဂူကပ္ပိယအဖွဲ့


ကျောင်းအမ အစ်မ စပယ်ရဲ့ သီတဂူစတားအထံသို့ ပေးပို့သော မူရင်းစာပါ ပူတွဲတင်ထားပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား



ဖွင့်ပွဲအခမ်းအနား


ဘုန်းဘုန်း သီတဂူစတားဘုရား---
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဆားတောင်ရွာတွင် သီတဂူဆရာတော်ကြီး ဦးဆောင်ပြီးသာသနာပြုအဖွဲ့ဝင်တွေ
အားလုံး စုပေါင်းလှူဒါန်းပြီး ဆောက်လုပ်သော သီတဂူဗြဟ္မာယု ပြည်သူ့ဆေးရုံတော်ကို ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့တွင်
ေ၇ွှကျင်သာသနာပိုင် ဆရာတော်ကြီးဖြစ်သော ၀ါဆိုဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးအမှူးပြု
ကာ တိုင်းမှူးနှင့်ဌာနဆိုင်ရာများ၊ ထက်နှင့်အောက် သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်ဘုရား။ အဲဒိ့မှာ သီတဂူဆရာတော်ကြီး ပြောကြားသွားတာကတော့
ဒီဆေးရုံကို ၂၀၀၄ခုနှစ်လောက်ကထဲက ဆောက်လုပ်နေတာဖြစ်ပါတယ်၊ ၂၀၀၉ခုနှစ် ဒီဇင်ဘာလမှာ အားလုံးပြီးစီးသွားပါတယ်၊ ဒီဆေးရုံကြီးကို ဖွင့်လှစ်နိုင်တဲ့အတွက် များစွာပီတိဖြစ်ရပါတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ ဒီနယ်တ၀ိုက်မှာရှိကြတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးကို အများကြီးစောင့်ရှောက်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ၊ ဒီအနီးတ၀ိုက်မှာ ဆေးရုံမရှိတဲ့အတွက်ကြောင့် စစ်ကိုင်း၊ မန္တလေးထိကို သွားပြီးဆေးကုသကြရတယ်၊ ခုဒီဆေးရုံကြီးဖြစ်ပေါ်လာတော့ ဒီအနီးတ၀ိုက်ကပြည်သူတွေအတွက် အများကြီးအချိန်ကုန်၊ စိတ်ပန်း ငွေပန်း လူပန်းမဖြစ်ကြတော့ဘဲ ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့ အတွက်ဖြစ်တယ်။

ပြည်သူများဖြင့် စည်းကား

ဝါဆိုဆရာတော်ကြီး
ဝါဆိုဆရာတော်ကြီးက ရီစရာအနေနဲ့ ဘာမိန့်သလဲဆိုတော့ အရင်တုန်းကဆေးရုံတွေ သွားဖို့ ကားငှားရင် ကားသမားတွေ၇ဲ့ အဆမတန်ဈေးတောင်းတဲ့ ဒုက္ခတွေကို ဒီနယ်ကပြည်သူတွေ မခံစားရတော့လို့ သူ့အနေနဲ့ အများကြီးဝမ်းသာပီတိဖြစ်ရတယ်ဆိုတာ ထည့်မိန့်သွားတယ်ပါသေးတယ်။ နောက်တော့ တည်ထောင်ပေးတဲ့သူတွေက တည်ထောင်ပေးခဲ့ပေမဲ့ လက်ရှိနေထိုင်တဲ့သူတွေက သန့်သန့်ရှင်းရှင်း စည်းကမ်းတကျ အသုံးပြုကြဖို့လဲမိန့်မှာတော်မူတယ်။ တကယ့်ကိုအတုယူစရာ မိန့်မှာချက်လေးပါဘုရား။ ရွှေဘိုခရိုင်ဆားတောင်နယ် အနီးတ၀ိုက်ကလာတဲ့ ပြည်သူတွေရဲ့မျက်နှာတွေမှာ ဖေါ်မပြနိင်တဲ့ပီတိတွေကို တပည့်တော်မစပယ်တို့လဲ မျှဝေခံစားလာခဲ့ကြပါတယ်ဘုရာ။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
မပန်းစပယ်(လှဆန်းယဉ်)


ကျေးဇူးအထူးတင်ပါတယ် ကျောင်းအမရေ-

သီတဂူစတား
၁၈-၃-၂၀၁၀




17 March 2010

ဟိုင်းကြီးကျွန်း အပိုင်း (၄)


ဆရာတော်ကြီးအား လှူရန်စောင့်နေကြသော လူအုပ်

ကုန်းသာယာရွာ
မတ်လ(၇)ရက်နေ့ မနက်ဆွမ်းစားပြီးတာနဲ့ ပြင်ခရိုင်ကနေပြီး ဘုန်းတော်ပြည့်(ခေါ်) ကုန်းသာယာရွာသို့
ခရီးဆက်ခဲ့ပြန်လေတယ်၊ ထုံးစမ်းအတိုင်းပေါ့ ထော်လာဂျီ၊ ဆိုင်ကယ်တွေနဲ့ဘဲလေ၊ အဲဒီ့လမ်းက တော်တော်လေးကိုကြမ်းတာ (၃)နာရီကျော်ကျော်လောက် မောင်းရတယ်၊ လမ်းတွေကမညီမညာနဲ့ တပည့်တော်မတို့တော့ ထော်လာဂျီအမိုးနဲ့ ခေါင်းခဏခဏဆောင့်လို့ ခေါင်းတွေလဲ နာနေတာဘဲ။

လှူရန်များ

ယနေ့ခေတ်လေယာဉ်၊ ပါဂျဲရိုစတဲ့ယဉ်တွေစီးနေတဲ့ ဆရာတော်ကြီးက သူ့အသက်သူ့အရွယ်နဲ့ ဒီထော်လာဂျီကြီးက်ုစီးပြီး ပြည်သူတွေကို စိတ်ခွန်းအားတွေ ပေးနေတဲ့ဆရာတော်ကြီးကို ကြိုဆိုနေကြတဲ့မြင်ကွင်းတွေကို အရှင်ဘုရားတို့ကို မြင်စေချင်လိုက်တာလေ။ နာဂစ်တုန်းက ဘုန်းတော်ပြည့်ရွာကလေးက တရွာလုံးပျောက်သွားတဲ့ရွာကလေးပေါ့၊ ပင်လယ်ထဲအကုန်ပါသွားတယ်၊ ဘာဆိုဘာမှမရှိတော့ဘူးလေ၊ အသက်ရှင်သန်ရစ်တဲ့သူတွေအတွက် အခုအိမ်ယာတွေ ပြန်ဆောက်ပေးထားပြီးဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဓမ္မာရုံကို တက်လမ်းက ဆောက်လှူတယ်လေ၊ သီတဂူတက်လမ်းဓမ္မာရုံလို့ နာမည်ပေးပြီးဖွင့်လှစ် ရေစက်ချတဲ့ပွဲလုပ်ခဲ့တယ်။ ဆရာတော်ကတော့ မမောမပန်းနိုင်ဘဲ တရားတွေဟော ရေစက်ချပေးခဲ့တယ်လေ။ နေ့ဆွမ်းစားခဏနားပြီး။ ပြင်ခရိုင်ကိုပြန်လာခဲ့ကြတယ်လေ၊ ပြင်ခရိုင်ရောက်တော့ ဆရာတော်နဲ့အဖွဲ့ဝင်တွေကို အအေးတွေနဲ့ဧည့်ခံကြပြီး ခဏနားကာ ရွာကလူတွေက ချောင်းဝကမ်းနားသို့ နေပူပူထဲမှာ လိုက်ပါပို့ဆောင်ကြပါတယ်။ သူတို့မျက်နှာတွေမှာ ပင်ပန်းပေမဲ့ ပြုံးပျော်နေကြတာတွေကို မြင်ရတော့ တပည့်တော်မတို့လဲသူတို့နဲ့ ထပ်တူထပ်မျှ ပျော်ကြရတာပေါ့။

ဤကဲ့သို့ ရွာသူရွာသားများက ကြိုဆို

စံပြကျေးရွာ
ချောင်းဝကမ်းနားမှာရပ်ထားတဲ့ သင်္ဘောပေါ်ကိုပြန်တက်ပြီး၊ ခရီးထပ်ဆက်ကာ ဟိုင်းကြီးကျွန်းစံပြကျေးရွာကို ညနေစောင်း လောက်မှာ ရောက်ကြတယ်လေ အဲဒီ့ညမှာဆ၇ာတော်ကြီးက တရားရေအေးများ တိုက်ကျွေးခဲ့သေးတယ်။ ဒီတစ်ခါတော့ တပည့်တော်မတို့အားလုံး ရှေ့ဆုံးကနေပြီးတော့ တရားကို အားပါးတရ နာကြတယ်လေ၊ သာဓုခေါ်ကြဦးနော်၊ အဲဒီ့မှာညအိပ်ကြပါတယ်။

သီတဂူတက်လမ်းဓမ္မာရုံ

နောက်တနေ့မတ်လ(၈)ရက်နေ့

နောက်တနေ့ မတ်လ(၈)ရက်နေ့ မနက်စောစော ဆရာတော်နဲ့ သီတဂူသာသနာပြုအဖွဲ့ဝင်အားလုံး၊ မျက်စိကုပေးခဲ့ကြတဲ့ ဆရာဝန်တွေအားလုံး ဟိုင်းကြီးကျွန်းဆိပ်ကမ်းမှာ ကပ်ထားတဲ့သင်္ဘောကြီးပေါ် ပြန်တက်ကြကာ ခရီးဆက်ကြဖို့ ပြင်ဆင်နေကြတယ်လေ၊ ဆရာတော်ကြီးကြွလာမဲ့လမ်းကို အားလုံးမျှော်နေကြပြီး၊ ဒေသခံပြည်သူတွေက ဆရာတော်ကြီးကို လှူဒါန်းရန်ပစ္စည်းတွေနဲ့ ကမ်းနားမှာ စောင့်နေကြတယ်လေ၊ ဆရာတော်ကြီး ကြွလာတော့ လှူဒါန်းပစ္စည်းတွေကို အလှူခံခဲ့ပြီး ဆရာတော်သင်္ဘောပေါ်တက်ကာ၊ ဟိုင်းကြီးကျွန်းမှ ပြန်လာကြပြီး ပုသိမ်ကို နေ့လည်(၂)နာရီမှာဆိုက်ကပ်ကာ၊ တပည့်တော်မတို့က ရန်ကုန်ကိုပြန်ခဲ့ကြပြီး ဆရာတော်ကြီးက တရားဟောရန် ဟင်္သာတမြို့သို့ ခရီးဆက်သွားတယ်။ ဆရာတော်ကြီးက အဲဒီ့ည(၁)နာရီမှ ရန်ကုန်ကျောင်းကို ပြန်ရောက်လာပြီး။ နောက်တနေ့ မနက်အာရုံဘုန်းပေးပြီးတာနဲ့ ပုဂံသို့ဆက်ကြွတယ်လေ၊ အဝေးမှာရောက်နေတဲ့ ဆရာတော်ရဲ့ သားတပည့်တွေနှင့် ဆရာတော်၏ သာသနာပြုရာဝယ် စိတ်အား လူအား ငွေအားဖြင့် ပါဝင်ကြသူ အားလုံးတို့ကို ဆရာတော်ကြီး ဘယ်လောက်ပင်ပင်ပန်းပန်း သာသနာပြုနေတယ်ဆိုတာ သိစေချင်လွန်းလို့ တပည့်တော်မ သိသလောက်မှတ်သလောက် ဝေမျှပေးလိုက်တယ်ဘုရား။

ဟိုင်းကြီးကျွန်းရဲ့ ရှုခင်းတနေရာ

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ၊
မမပန်းစပယ်(လှဆန်းယဉ်)

ကျောင်းအမရေ ဟိုင်းကြီးကျွန်းအကြောင်း ရပ်ကြစို့နော်၊ နောက်နေ့တော့ ဆားတောင် သီတဂူဆေးရုံအကြောင်း တင်ပြဘို့ရှိပါသေးသည်။

သီတဂူစတား
၁၇-၃-၂၀၁၀




16 March 2010

ဟိုင်းကြီးကျွန်း အပိုင်း (၃)

ဟိုင်းကြီးကျွန်း



သက်ကယ်သောင်ကျေးရွာ
ယနေ့ခေတ် ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးများနှင့် ပြည်ပရှိပြည်သူများက လေယာဉ် ပါဂျရို စတဲ့ ယာဉ်တွေနှင့် ပင့်နေရတဲ့အချိန်မှာ ယခုအခါ လိုအပ်နေတဲ့ နေရာ၊ ဒုက္ခရောက်နေတဲ့ နေရာတွေမှာ ဆရာတော်သည် သက်တော် အရွယ်တော် ကြီးရင့်သော်လည်း ထော်လာဂျီစီးပြီး ပြည်သူတွေအား စိတ်ခွန်အားတွေ ကိုယ်အားတွေ ပေးနေတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ဒေသအလိုက် ပြည်သူတွေရဲ့ ဆရာတော်ကို ကြိုဆိုနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။


သက်ကယ်သောင်

မတ်လ(၅)ရက်နေ့ နေ့လည်(၂)နာရီခန့်တွင် ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့ဝင်များသည်၊
သင်္ဘောပေါ်သို့ပြန်တက်ကာ နောက်တနေရာသို့ ခရီးဆက်ကြပြန်လေတယ်၊ မြစ်ချောင်းအတိုင်းဝင်လာပြီး
တောင်လေးရွာသစ်သို့ သင်္ဘောဆိုက်ကပ်လာပြီး တောင်လေးရွာသစ် ကမ်းနားတွင် သက်ကယ်သောင်မှ ရွာသားများက ထော်လာဂျီ၊ဆိုင်ကယ်များနှင့် သောင်းသောင်းဖြဖြ လာကြိုကြလေသည်၊။ ဆရာတော်ကြီးအတွက် ထော်လာဂျီစီစဉ်ထားပြီး ကျန်သာသနာပြုအဖွဲ့ဝင်များအတွက် ဆိုင်ကယ်များ စီစဉ်ထားလေသည်၊ ဆရာတော်ကြီးကသူ့အသက်၊ သူ့အရွယ်နဲ့ဒီလောက်ကြမ်း
တမ်းတဲ့ခရီးကို မမောမပန်း၊ မပင်ပန်းနှင့်ပြုံးရွင်သော မျက်နှာနှင့် ထော်လာဂျီကြီးကို စီးကာသာသနာပြုလုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ဆောင်နေပုံတွေကို ကြည့်ရကာ ဆရာတော်ကြီးကို ပိုတိုးကာတိုးကာ အရမ်းကြည်ညိုလေးစားရတယ်လေ။


လှေလှော်ယိမ်းကဖြင့် ကြိုဆို
တောင်လေးနဲ့ သက်ကယ်သောင်က နာရီဝက်ကျော်ကျော်မောင်းရတယ်လေ၊ နေပူကြီးထဲမှာပေါ့၊ ဆရာတော်ကြီးကိုကြိုဆိုနေကြတဲ့ လှေလှော်ယိမ်းအကတွေ၊ ရွာသူရွာသားတွေရဲ့ ၀မ်းသာနေတဲ့ မျက်နှာတွေကို မြင်လိုက်ရတော့ အားလုံးပင်ပန်းသမျှအမောတွေပြေသွား ကြရတယ်လေ၊ အဲဒီ့ သက်ကယ်သောင် ကျောင်းဆရာတော်ကြီးက သီတဂူဆရာတော်ကြီးနဲ့ ကျောင်းနေဖက်သူငယ်ချင်းလေ၊ အဲဒီ့ကျောင်းဆရာတော်ကြီးက ကျန်းမာရေးမကောင်းလို့ သီတဂူဆရာတော်ကြီးက ရန်ကုန်ပင့်ပြီးဆေးကုပေးထားပေမဲ့ ဆရာတော်ကြီးရဲ့
ကျန်းမာရေးက ပြန်မကောင်းလာဘူးလေ၊ အဲဒီ့ဆရာတော်ကြီးက သီတဂူဆရာတော်ကြီးရဲ့ တရားသံကို သူ့ရဲ့နေရာမှာကြားချင်တဲ့ဆန္ဒရှိတယ်လို့ မိန့်ကြားတာကြောင့် သီတဂူဆရာတော်က တရားရေအေး အမြိုက်ဆေးကို အဲဒီ့ရွာမှာ ညခင်း တိုက်ကျွေးခဲ့တယ်လေ၊ နောက်တနေ့မနက် အာရုံဆွမ်းဘုန်းပေးပြိးပြီးချင်း နောက်တရွာသို့ခရီးဆက်ခဲ့ကြပြန်လေသည်။

အုန်းချောင်းကျေးရွာ
မတ်လ(၆)ရက်နေ့မနက် အာရုံဆွမ်းဘုန်းပေးပြီးတာနဲ့ တပည့်တော်မတို့အားလုံးကို အုန်းချောင်းကျေးရွာက
ထော်လာဂျီ၊ ဆိုင်ကယ်များနဲ့ သက်ကယ်သောင်ရွာကို လာကြိုကြတယ်လေ၊ တပည့်တော်မတို့ သွားတဲ့လမ်းတလျှာက်
ဆရာတော်ကြီးကျန်းမာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ၊ သာသနာအကျိုး သယ်ပိုးနိုင်ပါစေလို့ဆိုပြီး
လက်အုပ်လေးတွေချီကာချီကာနဲ့ ကြိုနေလိုက်ကြတာ အရမ်းကြည်နူးစရာမြင်ကွင်းတွေပါဘဲ။



အုန်းချောင်းရွာက လောကမာရဇိန် စေတီတော်ထီးတင်တဲ့ အခမ်းအနားကျင်းပတယ်လေ၊
ရွာခံလူတွေက စိန်ဖူးတော် ဌာပနာအတွက် လှူလိုက်ကြတာ အားရစရာကြီးပါဘဲ၊ ထီးတော်အဆင့်ဆင့် တင်လှူပြီးတော့
ရွှေမိုးငွေမိုးရွာကြတယ်လေ ပျော်စရာကြီးပေါ့၊ ပြီးတော့ဓမ္မာရုံမှာ ဆရာတော်ကြီးက ရေစက်ချ တရားချီးမြှင့်ပေးတယ်။

ခရီးဆက်ကြပြန်
နေ့ဆွမ်းဘုန်းပေးပြီးတော့ ဆရာတော်ကြီး ခဏလေးနားပြီး ခရီးဆက်ခဲ့ကြတယ်လေ၊ တပည့်တော်မတို့ သင်္ဘောကပ်ထားတဲ့ တောင်လေးရွာသစ်မှာ လေဒဏ်ခံတဲ့ အဆောက်အဦးရေစက်ချ အခမ်းအနားလုပ်ပြီး တပည့်တော်မတို့ သင်္ဘောပေါ်ပြန်တက်ကာ ခရီးဆက်ခဲ့ကြတယ်လေ၊


နောက်ချောင်းဝဆိုတဲ့ ရွာကိုရောက်တယ်၊ တပည့်တော်မတို့သွားရမဲ့ ပြင်ခရိုင်က ပြည်သူတွေက ကမ်းစပ်မှာ လာပြီး ကြိုဆိုနေကြတယ်လေ၊
ထုံးစံအတိုင်း ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေနဲ့ပေါ့။ ပြင်ခရိုင်ရွာကို ၂နာရီလောက် မောင်းရတယ်လေ၊
လမ်းတွေကကြမ်းပေါ့၊ တကိုယ်လုံး ကိုင်လှုပ်နေသလိုဘဲပေါ့၊ ပြင်ခရိုင်ရွှေကျောင်း ဘုန်းကြီးကျောင်းမှာ ညအိပ်ခဲ့ကြတယ်လေ၊ ရောက်တဲ့နေရာတိုင်း ဘာမှလိုလေသေးမရှိ ဂရုတစိုက်လုပ်ပေးကြပါတယ်၊ ဆရာတော်ကြီး အခုလိုကြမ်းတမ်းတဲ့ခရီးကို ကြွလာလို့လေ၊
သူတို့လဲ အရမ်းဝမ်းသာနေကြတယ်လေ။ အဲဒီညရွာမှာ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးခဲ့သေးတယ်လေ၊ တပည့်တော်မတို့တော အဲဒီ့ညက အချောင်ခိုပြီးတ၇ားနာ မသွားကြတော့ဘူးလေ၊ (အဟီး)ဆရာတော်မှာတော့ မနားရဘူးတ၇ားဟောနေရတယ် ဒါကြောင့်တ၇ားပွဲသိမ်းတော့ သံပုရာေ၇အေးအေးလေးနဲ့ မျက်နှာသွားလုပ်ခဲ့တယ်လေ။ ကျန်တဲ့ ကျေးရွာတွေအကြောင်းလဲ ထည့်ပို့လိုက်ပါဦးမယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
မမပန်းမစပယ်(လှဆန်းယဉ်)

ဟိုင်းကြီးကျွန်းခရီးစဉ် အပိုင်း (၄) ဆက်ပါဦးမည်၊
ဓာတ်ပုံ သတင်းများ ပေးပို့သော အစ်မစပယ်အား ကျေးဇူးတင်ပါသည်။
သီတဂူစတား
၁၆-၃-၂၀၁၀



15 March 2010

ကျောင်းသားဘ၀ အပိုင်း (၃)

ပူနေးတက္ကသိုလ်ကျောင်းသား (၃)


အရိပ်အာဝါသ

ဘုရားအလောင်း
မဟာယာနဗုဒ္ဓဘာသာတွင် လူတိုင်းလူတိုင်းသည် ဘုရားအလောင်းများဖြစ်ကြသည်။ ဘုရား အဖြစ်ဖြင့် သတ္တ၀ါအများကို ကူညီ ချွေချွတ်ကယ်မပြီးမှ နိဗ္ဗာန်သို့ သွားကြမည်။ ဥပမာ မိမိသည်ပင် ဘုရားဖြစ်ချင်သူ ဘုရားအလောင်းတစ်ဦးဖြစ်သည်ဟု သူမက ပြောလာသည်။ ထေရ၀ါဒတွင် မဟာယာန ကဲ့သို့ လူတိုင်းဖြစ်နိုင်ခွင့် ရှိပါသလား။

အမေးရှိ အဖြေရှိ
ထေရ၀ါဒတွင် ဘုရားအဖြစ်သည် လူတိုင်းနှင့် သက်ဆိုင်ပါသည်။ လူတိုင်းဖြစ်ခွင့် ရှိပါသည်။ သို့သော် လူတိုင်းဘုရားဖြစ်ဘို့ မလွယ်ကူပါ။ ဘုရားဖြစ်ဘို့ အဓိက လုပ်ငန်းမှာ ပါရမီပြည့် အောင် ဖြည့်ကျင့်ခြင်းဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓဘာသာတွင် ပါရမီတော် ဆယ်ပါးရှိသည် (မဟာ ယာနတွင် ၆ ပါးသာရှိ)။ ၄င်းပါ ရမီတော်များကို ဘ၀ပေါင်းများစွာ(အနည်းဆုံး လေးအသင်္ချေ ယျနှင့် ကမ္ဘာတစ်သိန်း) ဖြည့်ကျင့်ရသည်မည်ဖြစ်သည်။ အကယ်၍ သင် ဘုရားဖြစ်လိုခဲ့သော် ပါရမီတော်များကို ဦးစွာဖြည့်ကျင့်ရမည်ဖြစ်သည်။ ပါရမီမဖြည့်ကျင့်ဘဲ ဘုရားလုံးဝ မဖြစ်နိုင်ပါ ဟု အားပါးတရ ဖြေလိုက်သည်။ သို့သော် ထေရ၀ါဒအနေဖြင့် အမျိုးသမီးများ ဘုရားဖြစ်နိုင် ခွင့် မရှိကြောင်း အချက်ကိုမူ မောင်သုဇနက မျက်ရိပ်ပြသဖြင့် မပြောလိုက်ပေ။

ဗောဓိသုံးမျိုး

ထေရ၀ါဒတွင် နိဗ္ဗာန်သို့ လမ်းသုံးမျိုးဖြင့် သွားရောက်နိုင်သည်။ ၄င်းသုံးမျိုးမှာ-
၁။သာဝကဗောဓိ= တပည့်သာဝကအဖြစ်ဖြင့် သစ္စာလေးပါးကို သိ၍ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သည်။
၂။ ပစ္စေကဗောဓိ=ဘုရားငယ်အဖြစ်ဖြင့် သစ္စာလေးပါးကို သိ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် သည်။
၃။ သမ္မာသမ္ဗောဓိဗောဓိ= သဗ္ဗညုတရွှေဥဏ်ဉာဏ်တော်ပိုင်ရှင် ဘုရားအဖြစ်ဖြင့် သွားရောက် နိုင်သည်။

သာဝကသုံးမျိုး

သာဝကသည်လည်း ၁။ ပကတိသာဝက၊ ၂။ မဟာသာဝက၊ ၃။ အဂ္ဂသာဝကဟု သုံးမျိုး သုံးစားရှိကြောင်း ပြောပြလိုက်သည်။ ယူမီသည် ပြောသမျှကို မျက်စိလေးကလည် ကလည်ဖြင့် နားထောင်နေရှာသည်။ သူမ တစ်ခါဘူးမျှ မကြားသိခဲ့ရဘူးသော ထေရ၀ါဒ၏ ရှင်းလင်းသော လမ်းစဉ်များ။ အော် သနားစရာလေးပါလား။

သွားပါဦးမယ်
စကားပြောသည်မှာ အချိန်အတော်ကြာသွားသည်။ ထို့ကြောင့် ပြန်ပါဦးမည်ဟု နှုတ်ဆက်ပြီး ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။ ဂျပန်မလေးသည် ယနေ့ သူသိချင်သော အရာများကို သိရ၍ အလွန် အင်မတန် ၀မ်းသာသွားသည်။ ကျေးဇူးလည်း အထူးတင်ပါကြောင်း ထပ်ကာထပ်ကာ ပြောသည်။
လဘက်ရည်ဆိုင်ကအထွက် လမ်းပေါ်အရောက်တွင် နောက်မှ ခေါ်သံကြားသဖြင့် လှည့်ကြည့်ရာ ယူမီဖြစ်နေသည်။ ဒီနေ့ ဖြစ်နိုင်ရင် ငါနေ့လည်စာ ကျွေးပါရစေ တဲ့။ ကျေးဇူး တင်ပါတယ် ယူမီ ငါမဆာဘူးဖြစ်နေလို့ မစားပါရစေနဲ့။ ဒါဆို နောက်တစ်ကြိမ် ကျွေးပါမယ့် အဲဒီကျ မငြင်းပါနဲ့။ ကျေးဇူးပါဘဲ ယူမီ သွားပါဦးမယ်။

အုတ်တံတိုင်း ပေါ်မှာ

လဘက်ရည်ဆိုင်မှထွက်ခဲ့ပြီး တက္ကသိုလ် main building ဆီသို့ လျှောက်လာခဲ့သည်။ အချိန် အားဖြင့် နေ့တစ်နာရီဝန်းကျင်မှာ ရှိမည်။ main building ၀န်းကျင်တွင် ပန်းခြံများကို ဖန်တီးထားသည်။ ကျောင်းသားများ နားနားနေနေ နေထိုင်ရန် ထိုင်ခုံများကို ပြုလုပ်ပေးထား သည်။ ကျောင်းသား ကျောင်းသူများ အေးအေးလူလူထိုင်ရင်း စကားပြောကြသည်။ အချို့ စာကျက်ကြသည်။ ပန်းခြံထဲတွင် စုံတွဲများ ပလူးကြသည်ကို တစ်ခါမျှ မတွေ့စဘူး။

မောင်ကော (သီတဂူစတား)နှင့် စာဆွေးနွေရာ

ငါးမိနစ်ခန့်လျှောက်လျှင် main building သို့ရောက်သည်။ ဤနေရာသို့ ရောက်လျှင် main building ၏ တောင်ဘက် သစ်ပင်ကြီးများ အုပ်မိုးထားသော အုတ်တံတိုင်းပေါ် တစ်နေရာ တွင် နားနားနေနေ စာဖတ်ရင်း နေ့ခင်း အချိန်များကို ကုန်လွန်စေခဲ့သည်။ ကုလားကျောင်း သားအချို့ အုတ်တံတိုင်းထက် အိပ်သူအိပ် စာကျက်သူကျက်။ မောင်ကော(သီတဂူစတား) သည်လည်း ဤနေရာသို့လာ၍ စာကျက်တတ်သည်။ တစ်ခါတစ်ခါ သူနှင့်တွေ့၍ စကားလက် ဆုံကျဖြစ်ကြသည်။ အတန်းပြီး ပြန်လာသော မိမိကို သူ့အိပ်ထဲတွင် ထည့်ယူလာသော ဘီစကစ်မုန့်၊ ပုလပ်စတတ်ဘူးထဲ ထည့်ဖျော်လာသော ကော်ဖီအေးများကို တိုက်ကျွေးတတ် သည်။ သူက philosophy ဌာနတွင် ကျောင်းတက်နေသော M.A final ကျောင်းသား ဖြစ်သည်။ ယနေ့ ကျောင်းပိတ်ရက်ဖြစ်၍ထင့် မောင်ကော ပေါ်မလာ။

တက္ကသိုလ်ဝန်းထဲက ညောင်ထောက်ပင်ကြီးများ

ထိုင်းရဟန်းတော်
စာဖတ်နေစဉ် ထိုင်းရဟန်းတော် ရောက်လာသည်။ နှုတ်ဆက်စကားဆိုပြီး စကားပြောဖြစ်ကြသည်။ သူသည် မောင်ကော(သီတဂူစတား)နှင့် ဌာနတူ philosophy ကျောင်းသား တစ်ယောက်ပင်။ သို့သော် တက္ကသိုလ်သက်တမ်း ၄-နှစ် ရာသီ Semester-၈ ခု ရှိပြီဖြစ် သော်လည်း ဘာသာရပ် ၂ ခုမျှ သာ အောင်သေးသည်ဟု မောင်ကော ပြောပြ၍ သိရသည်။ အင်္ဂလိပ်စကားပြောကောင်း၏။ သို့သော် စာဘက်တွင် အားနည်းဟန်ရှိ။ ထိုင်းရဟန်းတော် သည် မကြာမီ အတန်းရှိသေးသည်ဟု ပြောပြီး ထွက်သွားသည်။

ကျောင်းသားဆောင်
နေ့ ၃ နာရီလောက်တွင် အဆောင်ဘက်သို့ လျှောက်ခဲ့သည်။ အဆောင်တွင် တရေးတမော နားရဦးမည်။ ပြီးတော့ ဗိုက်ဖြည့်ရဦးမယ်။ အဆောင်တွင် မောင်ကော(သီတဂူစတား) အခန်းသည် မိမိ၏ နားနေခန်း စားသောက်ခန်း။ အဆောင်ရှိ မြန်မာကျောင်းသားများသည် စုပေါင်းချက်ပြုတ်စားကြရာ မောင်ကော(သီတဂူစတား)သည် ဘဏ္ဍာစိုး။ ဆန်ဆီဆား ဟင်း၊ ထမင်းခွက်များသည် မောင်ကော(သီတဂူစတား) အခန်းတွင်းမှာ ရှိသည်။

ညနေခင်း လေညှင်းနှင့်အတူ
မောင်ကော(သီတဂူစတား) အခန်းတွင် စားစရာရှိသည်များကို အနည်းငယ် စားသောက်ပြီး တရေးတမော အိပ်စက်သည်။ စာကြည့်သည်။ မောင်ကော(သီတဂူစတား)နှင့် စာစကား ဆွေးနွေးသည်။ သည်လိုနှင့် ညနေ ချမ်းရောက်လာခဲ့သည်။ ညနေ ၅ ခွဲ၊ ၆း၀၀ လောက်တွင်မှ ပေါရာဏဆန်းဝိ ရပ်ကွက်ရှိ မိမိနေအိမ်သို့ ညနေခင်း လေညှင်းနှင့်အတူ အေးအေးလူလူ လမ်းလျှောက် ပြန်လာခဲ့သည်။

ကောင်းမွန်
(၁၅-၂-၂၀၁၀)


ဟိုင်းကြီးကျွန်း အပိုင်းဆက်များ ဆက်လက်ရှုနိုင်ရန် ဖော်ပြပါဦးမည်၊
သီတဂူစတား
၁၅-၃-၂၀၁၀




13 March 2010

ဟိုင်းကြီးကျွန်းအပိုင်း (၂)


ကျောင်းဆောင်သစ် လှူဒါန်းပွဲ


အစီအစဉ်များ
မတ်လ(၅)ရက်နေ့မနက် ဟိုင်းကြီးကျွန်းတွင် ကိုရီးယားရှိုးဂဲ ဂိုဏ်းဗုဒ္ဓဘာသာအဖွဲ့မှ လှူဒါန်းသော စာသင်ကျောင်း ဖွင့်ပွဲကျင်းပပါသည်၊ သီတဂူမြတ်ကျွန်းသာ ကျောင်းဆောင်ဟုနာမည် တွင်စေပါသည်၊ ကျောင်းစာရွက်စာတမ်း ပေးအပ်လွှဲပြောင်းပေးပြီး။

ကျောင်းဆောင်ဖွင့်ပွဲ အခမ်းအနား


ပေးဝေရန် ခြုံစောင်၊ ကျောင်းသုံးပစ္စည်းနှင့် ခြင်ထောင် စသည်များ

ကျောင်းသူကျောင်းသားများအား စာရေးကရိယာများ၊ ကျောင်းဝတ်စုံများ၊ ခြုံစောင်များ၊ ခြင်ထောင်များကို ဆရာတော်နှင့်တကွ
သီတဂူသာသနာပြုအဖွဲ့ဝင်များက ပေးလှူကြပါတယ်၊ ကလေးအားလုံးလဲ ပစ္စည်းတွေရလို့ ပြုံးပျော်နေကြသလို၊ ဆရာဆရာမများကလည်း ကျောင်းဆောင်အသစ်ပြီးစီးလို့ ပီတိတွေဝေနေကြပါတယ်၊ ဘာလို့လဲဆိုတော့ ကျောင်းဆောင်မလုံလောက်လို့ စာသင်ချိန်၂ချိန်ခွဲထားရတယ်လေ၊ အဲဒီ့နေ့က လူတိုင်းကိုယ်စီရဲ့ရင်ထဲတွေမှာပီတိတွေ ဝေဖြာနေကြတယ်လို့ မြင်မိပါတယ်။

ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ကြီး

နေ့လည်၂နာရီလောက် သင်္ဘောပေါ်ပြန်တက်ပြီး နောက်တရွာသို့ ထွက်ခွာကြရပါတယ်။
သီတဂူမျက်စိဆရာဝန်စစ်ကိုင်း၊ ပန်းတနော်၊ ရန်ကုန်စစ်ဆေးရုံများမှ ဆရာဝန်၊ ဆရာဝန်မများအဖွဲံ့အားလုံးကတော့ ဟိုင်ကြီးကျွန်းနဲ့ အနီးတ၀ိုက်မှာရှိကြသော မျက်စိဝေဒနာရှင်များကို လိုအပ်သလိုခွဲစိတ်ကုသပေးရန် ဟိုင်းကြီးကျွန်းပေါ်တွင် နေခဲ့ကာ ကုသပေးကြပါတယ်။

အပိုင်း (၃)ဆက်ပါဦးမည်


သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
မစပယ်
ကျောင်းအမရေ- ကျေးဇူးတင်ပါတယ်။

သီတဂူစတား
၁၃-၃-၂၀၁၀




ဟိုင်းကြီးကျွန်း အပိုင်း(၁)

ဆရာတော်ကြီးနှင့်အတူ သာသနာရေးဦးစီးဌာန ဒုဝန်ကြီး၊ ညွန်ချုပ်နှင့် ဧရာဝတီတိုင်းသာသနာရေးမှူးတို့လဲ လိုက်ပါသွားကြသည်

ရောက်လာပါပြီဆိပ်ကမ်း

ဟိုင်းကြီးကျွန်း အပိုင်း(၁)
သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် မြန်မာနိုင်ငံ မြို့ဝကျွန်းရှိ ဟိုင်းကြီးကျွန်းသို့ သွားရောက်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်က နာဂစ်လေမုံတိုင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော ဘုရားပုထိုး စေတီများ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို သီတဂူသာနာပြုအဖွဲ့က ပြုပြင်လှူဒါန်းမှုအစီအစဉ်ဖြစ်ပါသည်။ ထိုအခမ်းအနားသို့ လိုက်ပါသွားသော ကျောင်းအမက ဓာတ်ပုံနှင့်သတင်းများကို ပို့ပေးခြင်းဖြစ်ပါတယ်။ ပို့ပေးသော မူရင်းစာအတိုင်း ဖော်ပြလိုက်ပါသည်။


ဆရာတော်ကြီးအားကြိုဆိုရန် စောင့်နေကြသော ဒေသခံပြည်သူများ


တိုင်းပြည်ရဲ့ အနာဂတ်သားကောင်းရတနာလေးတွေ ဆရာတော်ကြီးအား ကြိုဆိုဟန်များ

သက်တော် ၇၃ နှစ်ပြည့်ပြီး ဖြစ်သော်လဲ ဝေလံလတဲ့ မြန်မာပြည် အစွန်းအဖျားဒေသသို့ ဤကဲ့သို့ မမောနိုင် မပန်းနိုင် လူမှုကယ်ဆယ်ရေးများ တည်ဆောက်ရေးများ ဆက်လက်လုပ်နေဆဲပင်၊ ‘‘စိတ်မန်မချ မာနမပါ’’ အဓိဋ္ဌာန်အတိုင်း နေရာမရွေး ခရီးမရွေးကြွတော်မူကာ လောကဟိတ အတွက် ဆောင်ရွက်တော်မူသည်။

ရောက်တဲ့နေရာမှာ အစဉ်ပြေသလို ဆွမ်းဘုန်းပေးကြ

ခရီးစဉ်များ
တပည့်တော်မတို အဖွဲ့ မတ်လ(၃)ရက်နေ့ရန်ကုန်မှ ပုသိမ်သို့သွားကြပါတယ်ဘုရား၊ ပုသိမ်မှာ ဆရာတော်ကြီးရဲ့ ညတရားပွဲကျင်းပပါတယ်ဘုရား။ မတ်လ(၄)ရက်နေ့မနက်စောစော ပုသိမ်မှဟိုင်းကြီးကျွန်းသို့ ရွှေစင်ကြယ်(၂)ထပ် သင်္ဘောဖြင့်သွားခဲ့ကြပါတယ်ဘုရား။ သင်္ဘောမှာရိုက်တဲ့ဓါတ်ပုံတွေကို ပို့ပေးလိုက်ပါတယ်ဘုရား။ မျက်စိဆရာဝန်တွေနှင့် ကိုးရီးယားဘုန်းကြီး(၂)ပါးလဲလိုက်ပါလာပါတယ် ဘုရား။
နေ့လည်ပိုင်းလောက်မှာ ဟိုင်းကြီးကျွန်းကို ရောက်ပါတယ်ဘုရား၊ ဒေသခံပြည်သူတွေရဲ့ လှိုက်လှိုက်လဲလဲ ကြိုဆိုကြတဲ့ဓါတ်ပုံတွေပါဘုရား။

သူတို့တစ်တွေလိုက်ပါသွားကြ

အဲဒီ့ညမှာပဲ ဆရာတော်တရားချီးမြှင့်ပါတယ်ဘုရား။ ဟိုင်းကြီးမှာ မျက်စိဆရာဝန်တွေက မျက်စိဝေဒနာရှင်တွေကို ဆေးကုပေးကြ၊ ခွဲစိပ်စရာရှိခွဲစိပ်ကြပေါ့၊ ဆရာဝန်အဖွဲ့ကတော့ ဟိုင်းကြီးမှနေခဲ့ကြပါတယ်ဘုရား၊ တပည့်တော်မတို့ကို ညနေပိုင်းမှာ မြတ်မော်တင်စွန်းဘုရားကို ပို့ပေးကြတယ်ဘုရား။ ဆရာတော့်ရဲ့ဘုန်းတန်ခိုးက အရမ်းကြီးပါတယ်ဘုရား။ ရောက်တဲ့နေရာတိုင်းမှာ ဘာမှလိုလေးသေးမရှိစေရအောင် ဒေသခံ ရွာခံပြည်သူတွေက အားလုံးကိုပြည့်ပြည့်စုံစုံ လုပ်ပေးထားကြပါတယ်၊ ဂရုစိုက်ကြပါတယ်ဘုရား။

သင်္ဘောပေါ်ဝယ်

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
မမပန်းမစပယ်(လှဆန်းယဉ်)

အပိုင်း (၂)ဆက်ရန်


ဓာတ်ပုံများ သတင်းများ ပေးပို့သော မမပန်းမစပယ်အား အထူးကျေးဇူးတင်ပါသည်။
သီတဂူစတား
၁၃-၃-၂၀၁၀






12 March 2010

ကျောင်းသားဘ၀ရဲ့ တစ်နေ့တာ (၂)


အတန်းဖော် ပူးနေးက သူကို မိဂါရမာတာ လို့ ခေါ်ကြတယ် ကျွေးမွေးတတ်လွန်းလို့ နာမည်ရင်းက သုမိတ္တာ

ပူနေးတက္ကသိုလ်ကျောင်းသား (၂)

သင်တန်းစချိန်
မကြာမီ သင်တန်းဆရာတော်နှင့် အခြားသင်တန်းသား စုံညီစွာရောက်ရှိလာကြသည်ပြီဖြစ်၍ သင်တန်းစတင်သည်။ ရှေးဦးစွာ လက်အုပ်ချီမိုး၍ နမောတဿ သုံးခေါက်၊ ဘုရားဂုဏ် ၊ တရားဂုဏ် ၊ သံဃာ့ဂုဏ်ပါဠိများကို သံပြိုင် ရွတ်ဆို ရတနာသုံးပါးအား ကန်တော့ကြသည်။ သင်တန်းချိန်မှာ နေ့စဉ် နံက် ၉း၃၀ မှ နေ့ ၁၁း၀၀အထိ ဖြစ်သည်။

သင်တန်းပြဆရာတော်
သင်တန်းပြဆရာတော်မှာ ချက်ကိုစလိုဗက်နိုင်ငံမှ အရှင် ဓမ္မဒဿီဖြစ်သည်။ ဆရာတော်သည် လွန်ခဲ့သော ၁၈ နှစ်က သီရိလင်္ကာနိုင်ငံတွင် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့သည်။ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့တွင် ပရိယတ္တိပညာရပ်များ ဆည်းပူးခဲ့သည်။ အထူးသဖြင့် မြန်မာ နိုင်ငံ ဖားအောက်တောရတွင် တောနေရဟန်းဘ၀ဖြင့် တရားရှုမှတ်အားထုတ်ခဲ့သည်။ အဘိ ဓမ္မာကျမ်းစာများကိုလည်း ဖားအောက်ဆရာတော်ထံ ၃- နှစ်ခန့်သင်ယူခဲ့သည်။ ဆရာတော် သည် ထေရ၀ါဒ စစ်စစ်ကြီးဖြစ်ပြီး ဘာသာရပ် ၁၈ ခုအထိ တတ်မြောက်ကြောင်း သိရသည်။ ဆရာတော်သည် အဘိဓမ္မာနှင့် တရားသင်တန်းများကို ကမ္ဘာအရပ်ရပ်သို့ လှည့်လည်သင်ပြ လျက်ရှိသည်။

သင်တန်း နှင့် သင်တန်းကာလ

ဆရာတော်သည် အဘိဓမ္မာ သဂြိုဟ်သရုပ်သကန်ကို အခြေပြု၍ ပဋိစ္စသမုပ္ပါဒ်နည်းနှင့် ပဋ္ဌာန်း နည်းကို တွဲဖက်သင်ပေးသည်။ မြန်မာ့နည်း မြန်မာ့ဟန်အပြည့်ဖြင့် ကျမ်းဂန်အထောက်ပြ သင်ပြပေးသည်မှာ ကျေနပ်စရာကြီးဖြစ်သည်။ မကြာခဏဆိုတာလို မြန်မာနိုင်ငံ၏ အဘိဓမ္မာ သင်ကြားပို့ချနည်းများကို ထည့်သွင်းပြောပြသဖြင့် မိမိတို့မှာ နေရင်း ထိုင်ရင်း ဂုဏ်တက် လျက်ရှိသည်။

သင်တန်းသားများထဲတွင် ဂျပန်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ကိုရီယား၊ အိန္ဒိယနိုင်ငံမှ ပါဝင်တက် ရောက်ကြရာ မြန်မာဆိုတာ အဘိဓမ္မာမှာ ရှေ့ဆုံးက သူရဲကောင်းတွေပါလားဟု အလိုလို သိသွားကြသည်။

သင်တန်းကာလမှာ တစ်လဖြစ်သည်။ ပြီးခဲ့သော လ ၂၅ ရက်မှ စတင်ခဲ့ရာ ယခုလ ၂၅ တွင် အဆုံးသတ်မည်ဖြစ်သည်။ ယခု ပဋိစ္စသမုပ္ပါဒ်နည်းပြီး၍ ပဋ္ဌာန်းနည်းသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ မကြာမီ မြန်မာနည်းဖြင့် ကမ္မဋ္ဌာန်းရှုပွားပုံများကို ပြောပြပေးဦးမည်ဟု မိန့်သည်။

သင်တန်းပြီး မေးခွန်းအချို့
ယနေ့ သင်တန်းကို မှတ်တမ်းတင်ရန် ကင်မရာယူလာသည်။ သင်တန်းတက်ရောက်နေပုံများ ကို မှတ်တမ်းတင်သည်။ ဆရာတော်နှင့် တွဲ၍ အမှတ်တရ ဓာတ်ပုံ ရိုက်ယူသည်။ သင်တန်းပြီး ဆရာတော်အနီးကပ်၍ ၀ီထိစဉ်နှင့် ပတ်သက်သော မေးခွန်းအချို့ကို မေးမြန်းသည်။ ၀ီထိစဉ် များကို အရှင်အနုရုဒ္ဓါသည် အဘယ်ကျမ်းများက ယူ၍ ရေးသားခဲ့ပါသနည်း။ အဋ္ဌကထာ ဋီကာများကို ကြည့်က ရှင်းရှင်းလင်းလင်း သိနိုင်ကြောင်း ပြန်လည်ပြောပြသည်။

ထို့နောက် ဆရာတော်၏ အတ္ထုပ္ပတ္တိကို ရလိုသဖြင့် department office သို့ သွားသည်။ တာဝန်ခံ စာရေးမအား ဆရာတော်၏ အတ္ထုပ္ပတ္တိ ရလိုကြောင်း ပြောပြ။ သူမက ဆရာတော်၏ အတ္ထုပ္ပတ္တိ မရှိ၊ ဆရာတော်အား မေးရန် ညွှန်ပြ။ ထို့နောက် ဆရာတော်က email account ရေးပေးလိုက်သည်။ internet တွင် ရှာရန်။

canteen

အတန်းရှိသော နေ့များတွင် အဘိဓမ္မာသင်တန်းပြီး ပုံမှန်အတန်းများကို ဆက်လက် တက် ရောက်ရသည်။ ယနေ့ အတန်းများမရှိ။ Department မှ ပြန်လည် ထွက်ခဲ့ပြီး အနီးရှိ canteen ထဲသို့ ၀င်ခဲ့သည်။ counter တွင် ကျရည်(လဘက်ရည်) မှာနေသော မောင်သုဇနနှင့် ယူမီကို တွေ့ရသည်။ သူတို့သည်လည်း အဘိဓမ္မာသင်တန်းသားများဖြစ်ကြသည်။ ယူမီသည် ဂျပန်နိုင် ငံသူဖြစ်ပြီး သူ၏ Ph.D စာတမ်းအတွက် scholarship ဖြင့် ပူးနေးတက္ကသိုလ်သို့ ရောက် လာခြင်းဖြစ်သည်။ ပါဠိသင်တန်းများကို နေ့စဉ် တက်ရောက်သဖြင့် မိမိတို့နှင့် ရင်းနှီးသည်။ မောင်သုဇနသည်လည်း M.Aတန်းကို သီရိလင်္ကာတွင် ပြီးခဲ့ပြီး Ph.D အတွက် ကြိုးစားနေ သူဖြစ်၏။

စကားဝိုင်း
ကျရည်သုံးခွက် ဘာဂျီသုံးပွဲမှာယူ၍ စားကြသည်။ မောင်သုဇနက မိမိကို စောင့်နေသေးကြောင်း မပေါ်လာသဖြင့် ထွက်ခဲ့ကြောင်း ပြောသည်။ မိမိကလည်း ဆရာတော်ထံတွင် ၀ီထိစဉ်နှင့် ပတ်သက်သော မေးခွန်းအချို့ မေးနေ၍ နောက်ကျသွားကြောင်းပြောသည်။ မိမိတို့နှစ်ဦး မြန်မာစကားဖြင့် အပြန်အလှန် ပြောဆိုနေသည်ကို ယူမီက ကြည့်နေ၏။ ဘာပြောနေကြတာလဲဟု မေး။ မောင်သုဇနက အင်္ဂလိပ်ပြန်လည်ပြောပြမှ နားလည်ပြီး အရှင်က ဆရာတော်ကို စစ်ဆေးနေတာလားဟု မေးသည်။

မေးခွန်းများနှင့် ယူမီ


ယူမီသည် မယာယာနဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်သည်။ ယခု သူမရေးသားသော ကျမ်းစာသည်လည်း နာမည်ကျော် မဟာယာနကျမ်းစာတစ်ခုဖြစ်သည့် မဟာပုဏ္ဍရိကသုတ္တန် ကြီးကို သုတေသနပြုထားသော ကျမ်းစာကြီးဖြစ်သည်ဟုသိရသည်။ သို့သော် သူမ၏ သုတေ သနပြုမှုမှာ မဟာယာန ထေရ၀ါဒ နှစ်ဘက် အဆိုအမိန့်များကို နှီးနှောတိုက်ဆိုင် ပြလို၏။ ထို့ကြောင့် ထေရ၀ါဒမှလာသော အကြောင်းအရာများကို စူးစမ်းလေ့လာနေခဲ့၏။

ယခု ရေးသားနေသော အခန်းမှာ ဧကာယနဖြစ်သည်။ ဧကာယနဆိုသော စကားသည် ထေရ၀ါဒ မဟာသတိပဋ္ဌာနသုတ္တန်ကြီးတွင် ပါရှိသည်။ သို့သော် ထိုပုဒ်သည် မဟာယာနဟူ သော စကားနှင့် သက်ဆိုင်ခြင်းရှိ မရှိ။ ထိုပြင် ထေရ၀ါဒတွင် လူတိုင်း ဘုရားဖြစ်ခွင့် ရှိမရှိ စသည် မေးမြန်းသည်။

ဧကာယနအဓိပ္ပါယ်
ဧကာယနသည် ဧက+အယန နှစ်ပုဒ်ဖြစ်ပြီး နိဗ္ဗာန်သို့ သွားသောလမ်းမှာ နှစ်လမ်းမရှိ မဟာ သတိပဋ္ဌာန် ကျင့်စဉ် တစ်လမ်းတည်းသာ ရှိသည်ဟု ဆိုလိုကြောင်း မိမိက ပြောပြလိုက်သည်။ သို့သော် မဟာသတိပဋ္ဌာန်သုတ် အဋ္ဌကထာ၌ ဧကာယနပုဒ် အဓိပ္ပါယ်ကို ၅ မျိုးလောက် ဖွင့်ဆိုပြထားကြောင်း သူမက ပြောပြလာသည်။ သိပြီးသားကို ဘာလို့ထပ်မေးနေတာလဲ မိမိစိတ်ခုသွားမိသည်။ မဟာယာနနှင့် လုံးဝမတူပါ ဟု အဆုံးသတ်ဖြေလိုက်သည်။

ကိုကောင်းမွန်း၏ ကျောင်းသားဘ၀ အပိုင်း (၃) ကို ဆက်ပါဦးမည်။

သီတဂူစတား
၁၂-၃၂၀၁၀





10 March 2010

တပေါင်းလပြည့် အမှတ်တရများ



တပေါင်းလပြည့်နေ့
သီတဂူဆရာတော်ကြီး၏ သက်တော် (၇၃) နှစ်ပြည့်မွေးနေ့ပွဲကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး အတွင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်၊ မွေးနေ့ပွဲက ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပမြဲအတိုင်းပဲ သံဃာ ၁၀၀၀ သီလရှင်ဆရာလေး အပါး ၁၀၀၀ တို့အား သင်္ကန်း စသည့်လှူပွဲများနှင့် ဆွမ်းဟင်းများ လောင်းလှူကြသည်။ ကျောင်းအမ တစ်ယောက်ရဲ့ ကောင်းမှုကြောင့် ဓာတ်ပုံအချို့ ရရှိပါသည်။

အပြုံးပန်းနှင့် တပည့်သားသမီးတွေအား နုတ်ဆက်





ပေးဝေခြင်းဖြင့် သာသနာပြု (Ministry)





သီတဂူမိသားစု အထက်အောက် မြန်မာ ပေါင်းစု ကောင်းမှုပြုတဲ့ပွဲ



ပြုံးပြုံးပျော်ပျော်

သူတို့လည်းပါဝင်



စစ်ကိုင်းက အပြန် ဟိုင်းကြီးကျွန်းကို ခရီးဆက်ခဲ့ကြပါတယ်၊ ဆရာတော်ကြီးဦးဆောင်ကာ တပည့်ဒကာဒကာမများသည် ထိုကျွန်းမှာ နာဂစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော စေတီဘုရား ပုထိုးများနှင့် စာသင်ကျောင်းများ ပြုပြင်ပြီး ရေစက်ချ အလှူပွဲများ ခန်းနားစွာပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကို လိုက်ပါသွားရနေရသဖြင့် ဓာတ်ပုံပို့မှုများ နောက်ကျနေပါသည်။

ဆားတောင် သီတဂူဗြဟ္မာယု အာယုဒါနဆေးရုံတော် ဖွင့်ပွဲအခမ်းအနားဓာတ်ပုံများကို ဆက်လက် ကြည်ညိုနိုင်ရန် ဖော်ပြပေးပါဦးမည်။


ဓာတ်ပုံများ ပေးပို့သော အစ်မ စပယ်အား အထူးကျေးဇူးတင်ပါသည်။
သီတဂူစတား
၁၀-၃-၂၀၁၀


08 March 2010

ကျောင်းသားဘ၀ရဲ့ တစ်နေ့တာ



သီတဂူစတား၏ မိတ်ဆက်
ယခုတစ်ပတ်တော့ စာရေးဆရာ ကောင်းမွန် ရဲ့ တစ်နေ့တာမှတ်တမ်းတစ်ပုဒ်ကို တင်ပြပါမည်၊ ဤ ပို့စ်လေးက ပူနေးတ္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ဘ၀ကို ပုံဖော်ပေးနေခြင်းဖြစ်သလို ပူနေးတက္ကသိုလ် ပါဠိဌာနရဲ့ လှုပ်ရှားဟန်တွေကိုလည်း ပုံဖော်ထားခြင်းဖြစ်ပါသည်။ ပါဠိဌာနသည် ပူနေးတက္ကသိုလ်၏ နောက်ဆုံး ပေါ်ပေါက်လာသော ဌာနတစ်ခုဖြစ်သည်၊ သုံးနှစ်မျှသာ သက်တမ်းရှိသေးသော်လည်း ပါဠိဒီပလိုမာ၊ ပါဠိ အမ်အေ နှင့် ပါဠိ ဒေါက်တာ ဘွဲ့ရကျောင်းသားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ယခုအခါ ပါမောက္ခ ပါဠိဌာနမှူး၏ ကြိုးပမ်းမှုဖြင့် ပါဠိဌာနသည် ပူနေးတက္ကသိုလ်တွင် ထင်ရှားလာရုံမက နိုင်ငံတကာ ဗုဒ္ဓတက္ကသိုလ်များနှင့် ပါဠိဌာနများအလည်တွင်လည်း ၃ နှစ်အတွင်း နေရာရလာသည်။ ၂၀၀၉ ခု၊ မတ်လတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်များ ညီလာခံတွင်လဲ ပူးနေတက္ကသိုလ် ပါဠိဌာနမှူး သည် မိတ်မံခြင်းခံရသည်အတွက် မြန်မာပြည်ရဲ့ ပညာအရေအချင်းကို ကောင်းကောင်းသိသည်။ သို့ဖြစ်၍ ပါဠိဌာနမှ မြန်မာကျောင်းသားများ နာမည်ရလာသည်။

ကိုကောင်းမွန်က ဒီလိုဗျ
ကိုကောင်းမွန် အကြောင်းက ဒီလိုဗျ။ သူသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သီတဂူစတားတို့နှင့် အတူ ကျောင်းအတူ တက်ခဲ့သူဖြစ်ပါသည်။ သဘောကောင်းသည်၊ အဆိပ်မရှိ သို့သော် ခေါင်းမာသည်၊ စာရေးဝါသနာ ပါသည်အားလျော်စွာ စာပေဗဟုသုတလဲ ရှိသည်။ သူ့ဆီက စာဆွေးနွေးရင်း အတွေးအသစ် အမြင်အသစ်လေးတွေ ရတက်သည်၊ သီတဂူစတားက စာဖတ်ပျင်း၊ စာရေးဝါသနာ ပါသော်လည်း မရေးခဲ့၊ ကိုယ့်ကိုယ်ကို အဖြစ်မရှိဟုထင်ခါ မရေးဖြစ်ခဲ့၊ တကယ်လဲ အဖြစ်မရှိခဲ့ပါဘူး။

စာငြင်း
သီတဂူစတားသည် အနောက်တိုင်းဒဿနနှင့် အိန္ဒိယဒဿနများကို သင်နေသူဖြစ်ရကား မိမိ၏ အတွေးအခေါ်များကို ကိုကောင်းမွန်နှင့် ဆွေးနွေးလေ့ရှိသည်။ သူ့ထံမှ ဗုဒ္ဓစာပေရှုထောင့်က နေ အယူအဆများ ရတက်သည်။ တခါတရံ သူဆီကနေ ဘယ်လို အတွေးသစ်များရမလဲ မျော်လင့်ပြီး အနောက်တိုင်းဒဿန အတွေးအခေါ်ဘက်က နေ နေပြီး ငြင်းခုံလေ့ရှိသည်၊ debate လုပ်ရတာ အသိပညာအတွက် များစွာ အထောက်ကူပြုပါသည်၊ အခြားသူများထံမှ မတူညီတဲ့ အတွေးသစ်များရသည့် အပြင် ကိုယ်ကိုယ်တိုင်ကလဲ သူရဲ့ အဆိုပြုချက်ကို ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အတွေးသစ် အမြင်သစ်များရနိုင်သည်၊ တွေးခေါ်တက်သည့် အလေ့ကျင့်လဲ ကောင်းကောင်းရနိုင်သည်။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက စာငြင်းတာကို သဘောကျသည်ဟု မှတ်သားဘူးပါသည်။ သစ်ပင်အောက် တန်းယားပေါ်မှာ ထိုင်းနေသော ကိုရင်လေး ၂ ပါးအနား ဆရာတော်ကြီး ရောက်လာကာ ငါ့ရှင်တို့ ၂ ပါး စကားအော်ကြယ် အော်ကြယ်နဲ့ ဘာလုပ်နေကြတာလဲ? မှန်ပါဘုရား တပည့်တော်တို့ စာငြင်းနေကြပါတယ်ဘုရား၊ အေးကွ ငြင်းကြကွ စာငြင်းတာ ကောင်းတယ်တဲ့။ အမှန်က သစ်ကိုင်းပေါ်က စာလေးကိုကြည့်ကာ အထီးလား အမလား ငြင်းခုံနေကြခြင်းပင်ဖြစ်သည်။ တောင်မြို့ နေစဉ်က ရှေးရှေးက ဆရာတွေ ပြောပြသဖြင့် သိရသည့် အမှတ်တရလေးတစ်ခုပေါ့။ ဒါကြောင့် ဒဿနိကဗေဒသည် debate ကို အခြေခံသည် အမေးကို အခြေခံသည်။ ရှေးကပညာရှင်၏ အဆိုပြုချက်တစ်ခုကို နောက် ပညာရှင်များက criticize လုပ်သည်၊ ခေတ်ပြိုင် အတွေးခေါ်ရှင်တွေကတော့ အချင်းချင်း debate လုပ်ကြသည်၊ ထိုဆွေးနွေးချက်ကနေမှ အဖြေကောင်းတစ်ခု ရသည်။ ဒါက ဖီလိုဆိုဖာတွေရဲ့ mind food ပေါ့။ ကိုကောင်းမွန်းရဲ့ ပူနေးကျောင်းသားဘ၀ တစ်နေ့တာအဖြစ်အပျက်ကလေး စလိုက်ကြစို့။

ပူနေးတက္ကသိုလ်ကျောင်းသား (အပိုင်း-၁)

အိပ်ယာထ
နံက် (၆) နာရီလောက် အိပ်ရာ ထသည်။ မီးဖွင့်ပြီး အိပ်ရာထက် ပြန်အိပ်နေလိုက်သည်။ ဦးသု စရိတ Ph.D စာတမ်း တင်ပြီးဖြစ်၍ မြန်မာပြည်သို့ ပြန်မည်။ ယနေ့ ဘုံဘေ သွား။ ဘုံဘေတွင် တစ်ညအိပ်။ နောက်တစ်နေ့ ည TG လေယာဉ်ဖြင့် မြန်မာပြည်သို့ ပြန်မည်။ ဦးသီရိန္ဒ က ကားဂိတ်သို့ လိုက်ပို့မည်ဖြစ်ရာ ဦးသီရိန္ဒ အချိန်မီ အိပ်ရာမှ နိုးရန် မီးဖွင့် ထားလိုက်သည်။

နံနက် ၇ နာရီလောက် အိပ်ရာက ပြန်ထသည်။ သည်တစ်ခါတော့ ပြန်မအိပ်တော့။ တစ်နေ့ တာ လုပ်ငန်းစရန်အတွက် နောက်ဆုံးနိုးကြားခြင်းဖြစ်သည်။ အိပ်ရာအထ မျက်နှာမသစ်သေး ဘဲ ဒိုင်ရာရီမှတ်ရန် စိတ်ကူးရသဖြင့် အိပ်ထဲမှ ဒိုင်ရာရီစာအုပ်ကို ဆွဲထုတ်လိုက်သည်။ ဒိုင်ရာရီကို လှန်ကြည့်မှ ဒိုင်ရာရီမမှတ်ခဲ့တာ အတော်ကြာပြီဆိုတာကို သိရသည်။

လရောင်ကို နမ်းရှိုက်သူများ
၁၃ ရက် ဖေဖေါ်ဝါရီ စနေနေ့က ပူးနေးမြို့ထဲ German bakery တွင် ဗုန်းပေါက်ကွဲ လူ ၁၀-သေ၊ ၅၈ ဒါဏ်ရာရ။ ပါဠိဌာန ဆရာဒေ၀ကာမိသားစုနှင့် အနုရုဒ္ဓါတို့ ဂျပန်နိုင်ငံသို့ တစ်လကြာ ခရီးသွားကြသည့်အကြောင်းများကို ရေးမှတ်ဘို့ စိတ်ကူးသည်။ ထိုစဉ် ဦးသီရိန္ဒ အနီးသို့ ရောက်လာပြီး စာအုပ်လေးတစ်အုပ်လာပြသည်။ မျက်နှာဖုံး ဖတ်ကြည့်တော့ လရောင်ကို နမ်းရှိုက်သူများ အမည်ရှိ ကဗျာစာအုပ်။ လရောင်ဆိုသည်မှာ သီတဂူဆရာတော်ကို ရည်ညွှန်း ခြင်းဖြစ်သည်။ နမ်းရှိုက်သူများကတော့ တပည့် ဒကာဒကာမများပင်။ သီတဂူဆရာတော် သက်တော် ၇၃ နှစ်ပြည့်မွေးနေ့ မင်္ဂလာအထိန်းအမှတ်အဖြစ် အိန္ဒိယရောက် မြန်မာကျောင်း သား ရဟန်းတော်များ၏ လက်ရာများကို စုစည်းထားခြင်းဖြစ်သည်။ ဖန်တီးသူမှာ လင်းထက် (မြင်းခြံ) ဖြစ်သည်။ ကဗျာတစ်အုပ်လုံးကို ပြီးအောင်ဖတ်လိုက်ပြီး တစ်ချို့ကဗျာများကို နှစ်ခေါက်ပြန်ဖတ်သည်။ မွေးနေ့စာအုပ်တွင် နာကျင်ငြီးတွားသံများလွှမ်းနေသည်ဟု သုံးသပ်မိ။

နံနက်စာ
ကိုကြီးညော မီးဖိုချောင်ဝင်၍ ကြက်ဥပေါင်မုံ့ ကြော်နေသည်။ ယနေ့ နံက်စာကို ပေါင်မုံ့ကြက် ဥကြော်နှင့် ပြီးကြမည့်သဘောပင်။ ကိုကြီးညောမှာ ကောင်းကောင်းကြော်တတ်ပုံမရ။ ကြော် သမျှ တူးနေသည်။ အကြော်ပုံထဲမှ သုံးလေးခုခန့်ယူပြီး ရေနွေးနှင့် သောက်စားလိုက်သည်။ ယနေ့ နံနက်စာ သို့မဟုတ် နေ့ဝက်စာ ပြီးသွားပြီ။ လူမမာ ဦးပညိန်အတွက် သုံးခုခန့် ကြော် ပေးလိုက်ပြီး ကျောင်းသွားရန်ပြင်သည်။

ခြေတက်ရဦးမည်
ယနေ့ ပုံမှန် အတန်းများမရှိဟု သုမေဓာထံမှ ဖုန်းသတင်းရထားသည်။ အတန်းများ ရှိမရှိကို သူတို့ကို မေးရသည်။ သူတို့ကမှ သင်တန်းနှင့် ပတ်သက်၍ အစစ သိကြသည်။ ပုံမှန်အတန်း များ မရှိသော်လည်း အဘိဓမ္မာသင်တန်းတစ်ခုကတော့ ရှိသည်။ ထိုသင်တန်းကို အိမ်မှ မိမိ တစ်ဦးတည်းသာ တက်သည်။ ထို့ကြောင့် အများတကာ အတန်းမရှိ၍ အိမ်မှာ အေးဆေး နေနိုင်သော်လည်း မိမိမှာ ခြေတက်ရဦးမည်။

လမ်းလျှောက်သမားလေး
အိမ်မှ တက္ကသိုလ်ဂိတ်သို့ နာရီဝက်၊ တက္ကသိုလ်ဂိတ်ပေါက်မှ pali department အထိ ၁၅ မိနစ် စုစုပေါင်း ၄၅ မိနစ် လမ်းလျှောက်သွားရသည်။ နံနက်ပိုင်း သင်တန်းများဖြစ်၍ လမ်းလျှောက်လို့ အဆင်ပြေ၏။ first semester တုန်းက နေ့ပိုင်းသင်တန်းများဖြစ်၍ နေ့စဉ်ပင် သုံးဘီးစီးသွားရသည်။ ယခု second semester တွင် အတန်းချိန်များမှာ နံနက်သို့ ရောက်လာ ခဲ့သည်။ ထို့ကြောင့် သုံးဘီးသမားများကို လှည့်မကြည့်ဘဲ လမ်းလျှောက်၍သာ သွားတော့၏။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို ကောင်းစေ၏။ အသက်ကို ရှည်စေ၏။ အစာကို ကြေစေ ၏ ဟု ကျန်းဂန်များတွင် ဆိုထားသည်။ ယခု လက်တွေ့ကျင့်သုံးကြည့်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ရူပီးငွေ ၃၀ ကျော် ၄၀ ကို သုံးဘီးသမားအား မပေးလို၍လည်း ဖြစ်သတတ်။

ပုံတော်တောင်းသူ
တက္ကသိုလ်သို့ လမ်းလျှောက်လာရာ တံတားပေါ်အရောက် နောက်မှ ဆိုင်ကယ်တစ်စီး အနားသို့ ထိုးရပ်လာသည်ကို သတိပြုမိ၏။ ကြည့်လိုက်တော့ လူငယ်တစ်ဦး။ ထိုလူငယ်က သူ၏ ဆိုင်ကယ်ဖြင့် လိုက်ခဲ့ရန် ပြောသည်။ သို့သော် လမ်းလျှောက်၍သာ သွားချင်သည်ဖြစ်၍ ကျေးဇူးတင်ပါသည်။ မလိုက်ပါလိုပါဟု ပြန်ပြောလိုက်သည်။ သို့သော် ထိုလူငယ်က အနားမှ ထွက်မသွားသေးဘဲ လိုက်ပါခဲ့ရန်သာ ပြောနေသဖြင့် အိပ်ထဲမှ ဗုဒ္ဓပုံတော်ပါသော ဆွဲပြားတစ် ခုကို ထုတ်ပေးလိုက်သည်။ လူငယ်မျက်နှာ ၀င်းပသွားပြီး ကျေးဇူးတင်ပါကြောင်းပြောပြီး အနားမှ ထွက်သွားသည်။ ဤသို့ပင် ဤနေရာ၌ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများသည် ဘုန်းကြီး ရဟန်းများနှင့်တွေ့က ဗုဒ္ဓပုံတော်တောင်းယူတတ်သည်။ ထိုအကြောင်းကို သိထား၍ ဗုဒ္ဓဂယာရောက်စဉ်က ဗုဒ္ဓဂယာပုံတော်ပါ ဆွဲပြားများကို ၀ယ်ခဲ့ပြီး တောင်းသူရှိက ပေးနိုင်ရန် အိပ်ထဲတွင် အမြဲဆောင်ထားသည်။

ဂိတ်စောင့်ရဲများ
တက္ကသိုလ်ဂိတ်အ၀င်ပေါက်တွင် ဂိတ်စောင့်ရဲများ အ၀င်အထွက် စစ်ဆေးနေသည်ကို တွေ့ရ သည်။ Valentine day အကြို ယမန်နေ့ (၁၃-၂-၂၀၁၀) ညနေ ၇း၀၀ က မြို့ထဲ နာမည်ကျော် osho ယောဂသင်တန်းကျောင်းအနီး German Bakery ဆိုင်တွင် ဗုန်းပေါက်ကွဲခဲ့မှု ဖြစ်ပွားခဲ့သည်ကို အကြောင်းပြု၍ တင်းတင်း ကြပ်ကြပ် စစ်ဆေးနေခြင်းပင်ဖြစ်သည်ဟု ထင်ရသည်။

မင်္ဂလာပါ
Pali department ရှေ့ရောက်တော့ နံနက် ၉း၁၅ရှိပြီ။ သင်တန်းပြရာ အပေါ်ထပ်သို့ ဆက်လက်တက်ခဲ့သည်။ သင်တန်းခန်းမတွင် သင်တန်းတာဝန်ခံ ဥဇ္ဖောကုမာရကို တွေ့ရ သည်။ ထုံးစံအတိုင်း မိမိက သုဘရာဘတာ (ကောင်းသော နံနက်ခင်းပါ) ဟု ကုလားလို နှုတ်ဆက်ပြီး သူက မင်္ဂလာပါ ဟု မြန်မာလို ပြန်လည် နှုတ်ဆက်သည်။ ပါဠိဌာနတွင် သင်တန်းသားများသည် အချင်းချင်းနှုတ်ဆက်ရာတွင် များသောအားဖြင့် မြန်မာနည်း မြန်မာ ဟန်ဖြင့် မင်္ဂလာပါ ဟု နှုတ်ဆက်ကြသည်။ မင်္ဂလာဆိုသည်မှာ မကောင်းတာတွေ ကင်းပျောက် ကောင်းတာတွေ ရောက်လာပါစေ ဟုအဓိပ္ပါယ်ရှိကြောင်း မိမိတို့က ပြောပြထားသည်။ မင်္ဂလာပါနှင့် နေကောင်းပါသလား မြန်မာစကားကို သူတို့ ကောင်းစွာ ပြောတတ်သည်။

ကောင်းမွန်၏ ကျောင်းသားဘ၀ရဲ့ တစ်နေ့တာ အပိုင်း (၂) ဆက်ပါဦးမည်။
သီတဂူစတား
၈-၃-၂၀၁၀





ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes