သီတဂူစတား

သီတဂူစတား

03 September 2011

အသားမည်းပေမဲ့ ပတ္တမြားခဲ

တင်ထားတဲ့ ဓာတ်ပုံတွေကတော့ အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းမှ ရဟန်း သာမဏေ သီလရှင်နှင့် ဥပါသကာများရဲပုံတွေကို ဤဆိုက်ကနေ ဖူးမျှော်နိုင်ရန် ဖော်ပြလိုက်ပါသည်။
ကျောင်းထိုင်ဆရာတော်နှင့် တပည့်များ

စာမိတ်ဆက်
မနေ့က (၂-၉-၂၀၁၁) RRFO (Foreign Regional Registration Officer) ကို သွားတော့ အသားမည်းတဲ့ ပတ္တမြားခဲလေးများတွေ့ခဲ့ရ။ stay extension အတွက် ထို RRFO ရုံးသို့ သွားရသည်။ အလွန်အတ္တကြီးသည့် အိန္ဒိယနိုင်ငံမှာ သူတစ်ပါးအတွက် စဉ်းစားပေးတဲ့ မစ္ဆရိယကင်းတဲ့ သူတွေလဲ ရှိပါသေးလားဆိုတာ ခံစားမိပြီး စာရေးချင်စိတ်ပေါက်လာတာနဲ့ မှတ်စုလေး ချရေးလိုက်မိသည်။

အသားမည်းပေမဲ့ ပတ္တမြားခဲ

ဘုန်းဘုန်းက အညာသားနော်၊ အညာသားဆိုတော့ အသားတော်တော်လေးမည်းတယ်နော် ဆိုတော့ ဘုန်းဘုန်းကလဲ အသားမည်း ပတ္တမြားခဲလေဟု အားပေးရှာသည်။ လူတစ်ယောက် ရုပ်ဆိုးပေမဲ့ စိတ်ထားလေး ကောင်းနေရင် အသားမည်း ပတ္တမြားခဲဟူ၍ ဆိုသည်။ တခါ အသိပညာ အတတ်ပညာ တော်နေသူတစ်ယောက်ကိုလည်း ရုပ်ဆိုး အကျည်းတန်နေပဲမဲ့ အသားမည်း ပတ္တမြားခဲဟု ဆိုပြန်သည်။ spiritual ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် education ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် တစ်ခုခု တော်နေရင် ရုပ်ဆိုး အကျည်းတန်သော်လည်း အသားမည်းပေမဲ့ ပတ္တမြားခဲဟု တင်စားပြောလေ့ရှိကြသည်။ အညာသား စာရေးသူလဲ ထိုစကားပုံလေးနဲ့ပဲ ကိုယ့်ကိုကို နှစ်သိမ့်နေရသည်၊ pppppppppppppp။

အာဝါသမစ္ဆရိယကင်းသူ
RRFO ရုံးကို သူငယ်ချင်းတစ်ယောက် ခေါ်ပြီးသွားခဲ့ရသည်၊ စာရေးသူတို့ နေရာနှင့် ထိုရုံးသည် ရထားနဲ့ဆိုရင် ဘူတာ ၁၂ ခုကို ကျော်ရသည်၊ မနက်ပိုင်းအသွားဆိုတော့ မြို့ပတ်ရထားက ကြိတ်ကြိတ်တိုးစီးရသည်၊ ညနေပိုင်း ရုံးဆင်းချိန် ရန်ကုန်မြို့ ဘက်စကား တိုးစီးနေသလိုပဲ။ စာရေးသူမှာဖြင့် သင်္ကန်းကြီး ဘိုသီဘက်သီနဲ့ လူကြားတိုးပြီး ရထားစီးရတာ အဆင်မပြေလှ၊ ထိုသို့ကြိတ်ကြိတ်တိုးနေတဲ့အချိန် အိန္ဒိယသား အသက် ၄၀ ၀န်းကျင်ရှိ ဒကာတစ်ယောက်က စာရေးသူအတွက် နေရာပေးသည်၊ စာရေးသူလဲ နောက်ဘူတာမှာ သူဆင်းတော့မည်ထင်၍ ဘာမှ မပြောဘဲ ၀င်ထိုင်မိလိုက်သည်၊ Thank you ဆိုတာလောက်ကို မပြောမိခဲ့။ ဒါပေမဲ့ သူက ဆင်းမသွားသေးဘဲ စာရေးသူနားမှာ မတ်တက်ရပ်လျက် ဘူတာ ၇ ခုလောက်ထိ လိုက်ပါလာသည်။ အဲဒီကျမှ စာရေးသူလဲ မောင်မင်းကြီးသား ကျန်းမာပါစေ သက်ရှည်ပါစေ စသည်ပေါ့ မေတ္တာကြိတ်ပို့လိုက်မိသည်၊ ကျေးဇူးလဲ အရမ်းတင်မိသည်။ အော်--အသားမည်းပေမဲ့ ပတ္တမြားခဲပါလားဟု တွေးမိသည်။ အိန္ဒိယနိုင်ငံ နေဖူးသူတိုင်း အိန္ဒိသားတို့ အတ္တကြီးပုံ ခံစားဖူးကြသည်၊ အိန္ဒိယသားတွေက တပါးတိုင်းသားမပြောနဲ့ သူ့လူမျိုးအချင်းချင်းတောင် သဒ္ဓါသည်မဟုတ်။ အခုတော့ ရှားရှားပါးပါး သဒ္ဓါကောင်းသည့် သူတော်ကောင်း အသားမည်းပတ္တမြားခဲ ဒကာလေးနဲ့ တွေ့လိုက်ရသည့်အတွက် အံ့သြ၀မ်းသာမိသည်။ ကိုယ့်နေရာလေး ပေးလူလိုက်ရတာ အာဝါသ-နေရာအလှူဖြစ်လို့ မစ္ဆရိယ ၅ မျိုးထဲက အာဝါသမစ္ဆရိယကို စွန့်လွတ်နိုင်ခြင်းဖြစ်သည်၊ ကားပေါ်မှာပဲ ဖြစ်ဖြစ် ရထားပေါ်မှာပဲ ဖြစ်ဖြစ် နာနေခန်းမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမဆို ကိုယ့်ထက် အသက်ကြီးတဲ့သူ မပေါ့မပါးဖြစ်နေတဲ့ အမျိုးသမီးများ ၀န်ထုပ်ဝန်ပိုးတွေနဲ့ မနိုင်မနှင်းဖြစ်နေသူများကို အကူညီပေးသောအားဖြင့် နေရာလေး ဖယ်ပေးလိုက်ရင် ထိုအာဝါသ-နေရာအလှူဖြစ်သလို မစ္ဆရိယကိုလဲ ပယ်ပြီးသားဖြစ်သွားသည်။ စာရေးသူတို့ မြန်မာနိုင်ငံမှာဆို ထိုသဒ္ဓါကောင်းသည့် သူတော်ကောင်းများ များစွာတွေ့ရသည်၊ ကားပေါ်မှာ ရဟန်းတော် တစ်ပါးတက်လာလျင် မြင်တဲ့ ခရီးသည်တွေက နေရာပေးကြသည်၊ အဖိုးအဖွားများ တက်လာလျင်လဲ နေရာလေး ဖယ်ပေးတတ်ကြသည်၊ မပေါ့မပါးနဲ့ အမျိုးသမီးတစ်ယောက်ယောက် တက်လာလျင်လဲ နေရာဖယ်ပေးတတ်သည်။ အလွန်ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဖြစ်သလို ဂါရ၀ နိဝါတမင်္ဂလာလဲ ဖြစ်သည်၊ အာဝါသဒါနလဲဖြစ်သည်၊ မစ္ဆရိယကို စွန့်လွတ်နိုင်ခြင်းကြောင့်လဲ သူတော်ကောင်းစိတ်ရှိသူလဲ ဖြစ်သည်။

RRFO ရုံးကို ရောက်တော့လည်း ချက်ချင်း ပတ်စပို့မိတ္တူကူးရန် ရုံးအရာရှိအမျိုးသမီးက ညွှန်ကြားတော့ ကော်ပီကူးတဲ့ နေရာမှာ တန်းစီနေရပြန်သည်၊ စာရေးသူလည်း အလျင်လိုနေသည်၊ အကြောင်းက မိမိ Token နံပါတ် ရောက်ဖို့ ၂ နာရီနီးပါး စောင့်ထားခဲ့ရပြီးပြီ၊ မြန်မြန်ပြီးချင်နေသည်၊ ပိုဆိုးနေသည်ကား စာရေးသူ၏ ရှေ့က တရုပ်မကား ကော်ပီကူးတာတွေ များလိုက်တာ၊ ရှေ့က အာဖရိကန်သူ တစ်ယောက်ကလဲ ရှိနေသေးသည်၊ တော်တော်ကြာဦးမှာပဲ၊ တရုပ်မလဲ ပြီးရော စာရေးသူ၏ အရှေ့က အာဖရိကန်သူ မိန်းကလေးက မင်း ကော်ပီ ဘယ်နှစ်မျက်နှာ ကူးမှာလဲ မေးသည်၊ ငါ နှစ်မျက်နှာတည်းပဲဟု ပြောလိုက်တော့ သူမက အေး-ဒါဆို မင်းအရင် ကူးလိုက်တဲ့ စာရေးသူကို သူ့ရှေ့က နေရာပေးသည်၊ စာရေးသူလဲ ကျေးဇူးကြိတ်ပြီး တင်မိသည်၊ မယ်မင်းမလေး ကျန်းမာပါစေ ချမ်းသာပါစေ မေတ္တာပို့လိုက်သေးသည်။ အာဖရိကန်သူတွေက အသားအလွန်မည်းတာ၊ စာရေးသူ အညာသား အသားမည်းလှ အောင့်မေ့ သူမနဲ့တွေမှ အားရှိသွားသည်။ အသားမည်းပေမဲ့ ပတ္တမြားခဲမလေးပါလားးးးးး။

အစဉ်ကိုချောနေတာပဲ
ဒီနေ့ အားလုံးအဆင်ပြေနေသည်။ မသွားခင် ၂ ရက်လောက်ကထဲက ကိုသွားမည့် ခရီးစဉ်တကြော မေတ္တာပို့နေမိသည်၊ stay extension လုပ်တဲ့ အခါ တခါတရံ လိုအပ်သည့် စာရွက်စာတမ်းအပြင် ဘဏ်အကောင့်ပါ တောင်းတတ်သည်၊ counter ထိုင်တဲ့ သူများအပေါ်မှာ မူတည်သည်။ တချို့က တောင်းသည်၊ တချို့က မတောင်း၊ ပြီးတဲ တစ်ပတ်ကမှ စာရေးသူ သူငယ်ချင်း သွားလုပ်တာ ဘဏ်အကောင့်တောင်းလို့ တစ်ခေါက်ပြန်လာရသည်။ အဲဒီအတွက် စာရေးသူမှာ စိတ်မအေးနိုင်ဖြစ်နေသည်။ စာရေးသူမှာ ဘဏ်အကောင့်မရှိ၊ ထိုသတင်းကြားတော့မှ ဘဏ်အကောင့် မဖြစ်မနေ သွားလုပ်တော့ အခုချိန်ထိ မရသေး။ တခါတရံ တစ်လလောက်မှ ရတတ်သည်တဲ့။ အခုလဲ စာရေးသူ၏ stay permission visa က ကုန်နေသည်။ မဖြစ်မနေ သွားလုပ်ရတော့မည်။ ထိုဘဏ်အကောင့်အတွက် စိတ်ပူနေသည်၊ ရစ်တဲ့ counter နဲ့ မတွေ့ပါစေနဲ့လို ဆုတောင်းနေရသည်၊ ကြိုပြီးတော့လဲ မေတ္တာ ပို့နေရသည်။ အဆင်ပြေချင်တော့ ရထားပေါ်မှာရော ထိုရုံးမှာရော အားလုံး အိုကေနေတော့သည်၊ နေ့တိုင်း မရပ်မနား မိုးသည်းထန်နေတဲ့ ဘုံဘေမြို့ကြီးကလဲ အဲဒီနေ့ကျမှ မိုးအုပ်ရုံလောက်သာ ရှိသည်၊ သို့သော်လည်း အဆောင်လဲ ရောက်ရော တ၀ုန်းဝုန်းနဲ့ ရွာသွန်းချပါတော့သည်။ အသားမည်းပတ္တမြားခဲလေးများ ကျေးဇူးကြောင့် အားလုံးအဆင်ချောနေတော့သည်။ မေတ္တာကပဲ စူးရှသလား မပြောတတ်ပေ။
ဘာပဲဖြစ်ဖြစ် အသားမည်း ပတ္တမြားခဲလေးများအား အထူးကျေးဇူးတင်ပါသည်။ ခရီးစဉ်တစ်လျှောက်လုံး ထိုအသားမည်း ပတ္တမြားခဲလေးများအကြောင်း စဉ်းစားနေရင်း သီတဂူဆရာတော်ကြီး ပြောသည့် အသားရောင်နှင့် လူသားအကြောင်း သတိရမိသည်၊ တခါက ဆရာတော်သည် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းထဲက ဟိုတယ် (Goal Hotel) ပိုင်ရှင် မိသားစု အလှူမှာ တရားဟော ရေစက်ချသည်၊ ထိုပွဲတွင် စာရေးသူလဲ လိုက်ပါသွားခဲ့သည်၊ ဆရာတော်ကြီးက Goal Hotel ကို Golden Hotel ဟု အထင်ဖြင့် ရွှေရောင်မြို့က ရွှေရောင်ဟိုတယ်မှာ ရွှေရောင်နှလုံးသားရှိသူများ ဟု လူသားတို့ နှလုံးသားအရောင်များအကြောင်း ပထမဆုံး နာကြားလိုက်ရသည်။ ဒုတိယအကြိမ်မှာလဲ အင်ဒိုနီးရှားနိုင်ငံက သုဝဏ္ဏဘူမိ (ရွှေမြေ) မှာ Golden Pagoda ရွှေတိဂုံပုံစံတူ ရွှေစေတီကြီးတည်တဲ့ပွဲမှာ ဆောင်းပါးတစ်ပုဒ်ရေးသည်၊ ဆရာတော်ကြီးက ရှေ့က နုတ်တိုက်ပြောသည့်အခါ စာရေးသူက နောက်က လိုက်ရေးရသည်။ ဒီလိုနဲ့ ဆောင်းပါးတစ်ပုဒ်ကောင်းကောင်း ဖြစ်လာသည်။ ထိုဆောင်းပါထဲမှာ လူသားနှလုံးသား အရောင်များဟု ပါသည်။

လူသားနှလုံးသား အရောင်များ
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ စိတ်၏ ဖန်ဆင်းနိုင်သည့်စွမ်းအား (creative power) ကို ဖွင့်ဆိုရာ၌ တဏှာ လောဘ ရာဂ စရိုတ်ရှိသူတို့မှာ နှလုံးသား နှလုံးသွေးတို့သည် ကြက်သွေးရောင်ကဲ့သို့ နီရောင်ရှိ၏။ ဒေါသစရိုတ် ရှိသူတို့မှာ သူတို့၏ နှလုံးသား နှလုံးသွေးတို့သည် ညိုပုတ်ပုတ် ရှိ၏။ မောဟစရိုတ်ရှိသူတို့မှာ နီကျဲကျဲ နီစပ်စပ် ရှိသည်။ ၀ိတက်စရိုတ်ရှိသူမှာ ပဲပြုတ်ရည်ကဲ့သို့ ဖြူကျဲကျဲရှိ၏။ သဒ္ဓါစရိုတ်ရှိသူတို့၏ နှလုံးသား နှလုံးသွေးမှာ ရွှေရောင်တောက်၏။ (မျက်နှာအဆင်းက ရွှေလို ၀င်း၏ဟူလို)။ ပညာစရိုတ်ရှိသူတို့မှာ ပတ္တမြားသွေးနှင့်တူ၏။ သဒ္ဓါ ပညာ ဤနှစ်ဖြာ အားကောင်းသော လူတို့၏ မျက်နှာ အသွင်အပြင် အသွေးအသား အရောင်အသွေးတို့မှာ သိင်္ဂီနိက် ရွှေတွင် ပတ္တမြား သွင်းထားသော လည်ဆွဲ, လက်စွပ် အသွင်ဖြစ်ပေ၏။ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှသားတို့သည် ရွှေစင်တွင် ပတ္တမြားသွင်းထားသော ရတနာကဲ့သို့ သဒ္ဓါ ပညာ ဤနှစ်ဖြာ အားကောင်းသော လူသားများ ဖြစ်ကြသည်။
စာရေးသူ၏ဆိုက် ဤနေရာတွင် ဖော်ပြပြီးဖြစ်သည်။

တကယ်မည်းသူများ

ဆဠအဘိဇာတိသုတ်ထဲက ကဏှ (အမည်း)နှင့် သုက္က (အဖြူ) အကြောင်းကို ဟောထားသည်။ ထိုသုတ်မှာပဲ တခါက အာနန္ဒ၏ ပူရာဏကဿပ၏ဇာတ်စနစ်အကြောင်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား မိန့်ဖူးတာ တစ်ခုရှိတယ်။

(၁) တကယ့်အမည်းဘ၀ ဖြစ်ပြီး တကယ် အမည်းတွေကိုပဲ ပြုလုပ်နေသူ။ ဆိုလိုတာ နိမ့်ကျတဲ့ မုဆိုးတံငါ၊ ဘုန်းတောင်းယာစကာ၊ အစားဆင်းရဲ အနေဆင်းရဲတဲ့ အမျိုးဘ၀ ရောက်နေသူ ကို အမည်းဘ၀ ဖြစ်နေသည့်အပြင် မည်းညစ်သော (ကဏှ) ကာယ ၀စီ မနော ဒုစရိတ် အလုပ်တွေကို လုပ်နေသူ တစ်စု။
(၂) တကယ့် အမည်းဘ၀ ဖြစ်နေပေမဲ့ ဖြူစင်တဲ့ အလုပ်တွေကို လုပ်နေသူက တစ်စု။ ထို နိမ့်ကျတဲ့ဘ၀မျိုးမှာ ရောက်စေကာမူ အကုသိုလ်ဒုစရိတ်များ ရှောင်ကြဉ်ပြီ ကာယ ၀စီ မနော သုစရိတ် ဆိုတဲ့ (သုက္က) ဖြူစင်တဲ့ ကုသိုလ်တွေကို ပြုလုပ်နေသူက တစ်စု။
(၃) တချို့ကြပြန်တော့ သုက္ကဇာတိလို့ ခေါ်တဲ့ သူဋ္ဌေးသူကြွယ် ကုန်သည် ပွဲစား အမြင့်စားဘ၀မှာ ရောက်နေပေမဲ့ အနိမ့်စား အမည်းညစ်ဖြစ်တဲ့ အကုသိုလ်ဒုစရိတ်တွေကို လုပ်နေသူတွေက တစ်စု။
(၄) တချို့ကတော့ အမြင့်စားဘ၀ကိုလဲ ရရှိပိုင်ဆိုင်သည်၊ အမြင့်စားအလုပ် ဖြူစင်သော အလုပ်ဆိုတဲ့ (သုက္က) သုစရိတ် တရားတွေကိုပဲ ပြုလုပ်နေသူက တစ်စု။ ၂ နှင့် ၄ အုပ်စုတွေကတွေက တော့ ဘုရားအကြိုက်ဖြစ်လို့ လူတန်း ၂ မျိုးတို့၏ ဖြူစင်သော အလုပ်ဖြစ်သည်။

ဒီသုတ်တော်အရ တကယ့်မည်းညစ်သူဆိုတာ အကုသိုလ် ဒုစရိတ်ရှိသူ (ကဏှ) ဟု ဆိုလိုသည်၊ အသားမည်းနေပေမဲ့ သူတော်ကောင်းစိတ်ရှိသူ သူတော်ကောင်းအလုပ်လုပ်နေသူများကိုသာ တကယ်အဖြူ (သုက္က) ဟု ဆိုသည်။
ဘုရားလောင်း ကဏှရသေ့သည် အသားအလွန်မည်းသည်၊ သို့သော်လည်း သူ၏ စိတ်ထားက အလွန်မွန်မြတ်လှသည့်အတွက် အသားမည်းပေမဲ့ တကယ့် ပတ္တမြားခဲဖြစ်သည်။ အောက်ပါ သူ၏စိတ်ထားနဲ့ပဲ ပတ္တမြားခဲဆိုတာ သိနိုင်သည်။

‘‘ဤသို့ပြုရ မြတ်ပုညကြောင့် ဘ၀ထိုထို နောင်အဟိုဝယ်၊
ငါ့ကိုကြောင့်သာ သူတို့မှာလျှင်၊
နှစ်ဖြာ ကိုယ် စိတ် ဆင်းရဲ ဒုက္ခ မရောက်ကြပါစေနဲ့’’

ကိုယ့်ကြောင့် သူတစ်ပါး ၀န်ထုတ်ဝန်ပိုး မဖြစ်စေချင်၊ ကိုယ်ကပဲ သူတစ်ပါးအတွက် အကူပဲ ဖြစ်ချင်တဲ့ ဘုရားလောင်း ကဏှ၏ စိတ်ဓာတ်ဖြစ်သည်။ ကိုယ်ကျိုးအတွက် မစဉ်းစားဘဲ သူတပါးအကျိုးအတွက်ကိုပဲ ကြည့်သည်။ ဤကား အသားမည်းပေမဲ့ ပတ္တမြားခဲလေးများတည်း။
ခရီးသွား မှတ်တမ်းမှတ်ရာမှ ယုဂန္ဓနိုင်ငံက အသားမည်း ပတ္တမြားခဲလေးများကို ဂုဏ်ပြုရင်း စာရေးသူ၏ မှတ်စု နိဂုံးသက်၏။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၉-၂၀၁၁

31 August 2011

ဘုံဘေ မြန်မာမိသားစု၏ အလှူ

ဒီကနေ့ အလှူရှင်
ဒီကနေ့ (၃၁-၈-၂၀၁၁) အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ် Ph.D ကျောင်းသားများအား နေ့လည်စာအတွက် အလှူရှင်သည် ဘုံဘေမြို့ လေယာဉ်အင်ဂျင်နီယာ မြန်မာ မိသားစုဖြစ်သည်။

ဒကာဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သား-ရဲဖြိုးကျော်၊ သမီး-မယဉ်သူဇာကျော် မိသားစုတို့ ဖြစ်သည်။ လာနေကျ ကပ်နေကျ မိသားစုဖြစ်သည်၊ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပါသည်။ ယခုဆိုလျင် ၇ ကြိမ်မြောက် ဖြစ်သည်။ ဒီမိသားစုမှ စသဖြင့် အခြားခြားသော အလှူရှင်များလဲ ပေါ်ပေါက်လာခဲ့သည်။ ဒီမိသားစုသည် စာရေးသူတို့ မြန်မာကျောင်းသား ရဟန်းတော်များနဲ့ တစ်မိသားစုတည်းလို ဖြစ်နေသည်။ ပုံမှန်အားဖြင့် စနေနေ့မှ လာတတ်သည်၊ ယခုတစ်ပတ်တော့ စနေနေ့ကိုတောင် မစောင့်နိုင်တော့ဘဲ ဗုဒ္ဓဟူးနေ့ အစ္စလာမ်ဘာသာများ၏ အစ်နေ့ ဖြစ်၍ ရုံးများ ပိတ်ထားသဖြင့် အားတဲ့အချိန်လေးကို ရောက်အောင်လာကြသည်။
ယနေ့ဆိုလျင် ဧည့်သည် ရဟန်းတော်များနဲ့ ၂၄ ပါးရှိသည်။ ဒီမိသားစုသည် ပုံမှန်အားဖြင့် အပါး ၂၀ အား တစ်လ ၂ ခါ အနဲဆုံးလာကပ်တတ်သည်၊ တစ်ခါတရံ တစ်လ ၃ ခါလောက်လာသည်။ ဒီကနေ့ ဆွမ်းအလှူမိသားစုသည် ဒါနရတော ယာစယောဂေါ ဆိုတာလို ပေးရကမ်းရတာကို အလွန်ပျော်မွေ့သူများ ဖြစ်ကြသည်။ အိမ်မှာပဲ ကိုယ်တိုင်စီမံ ကိုယ်တိုင်ချက်ပြီးမှ လာလှူလေ့ရှိသည့်အတွက် ဒါနသံဝိဘာဂရတော- အလှူဒါန ပေးရကမ်းရခြင်းတို့၌ စီမံခန့်ခွဲရတာကိုလည်း ပျော်မွေ့ကြသည်။
ဒီနေ့ကပ်သည့် အာဟာရများကလဲ စုံစုံလင်ပါပဲ၊ ခေါက်ဆွဲ အသီးစုံ အသားစုံကြော်၊ ထမင်း အသီးစုံကြော်၊ ကြက်ကုန်းဘောင်ကြီးကြော်၊ ကျောက်ပွင့်သုပ်၊ တုန်းယန်းဟင်းချို၊ သခွားသီးသုပ်၊ အခြား မြန်မာပြည်ကပါလာသည့် လဖတ်၊ မြေပဲလှော်၊ သီဟိုသီးလှော်၊ ငါးခြောက်၊ စသည်စသည်ဖြင့် မြန်မာပြည်လက်ဆောင်မျာကိုလဲ သံဃာတော်များအား ဆက်ကပ်သွားသည်။
ဒကာမတစ်ယောက်က မေးတယ် အရှင်ဘုရား ဟင်းတွေကို ဘာလို့အိုးတွေနဲ့ ထည့်တာလဲတဲ့၊ မှန်ပါသည်၊ စာရေးသူတို့အဖွဲ့က ကိုယ့်ကျောင်း ကိုယ့်နေရာလို အမြဲမနေတာက တစ်ကြောင်း၊ အဖွဲ့ကများတာက တစ်ကြောင်း ပုဂံဖြင့် မထည့်ဘဲ အိုးလိုက် အားရပါးရတည်လိုက်တော့သည်။ အခုမြင်နေရတဲ့ ဓာတ်ပုံများကို ကြည့်ပြီး မေးသူက မေးခြင်းဖြစ်သည်။

အလှူရှင်များက သံဃာများ ဘုန်းပေးရတာ အလှည့်အပြောင်းလေးဖြစ်အောင်ဆိုပြီး ခေါက်ဆွဲကြော် ထမင်းကြော်များကို လာကပ်ခြင်းဖြစ်သည်၊ ပုံမှန်အားဖြင့် ဟင်းအစုံနှင့် အသီးအနှံများ၊ ဆန်ဆီများ လှူလေ့ရှိသည်။ သံဃာတော်များလဲ အလှူရှင်မိသားစု၏ ကျေးဇူးကြောင့် မွန်မွန်မြတ်မြတ် ဘုန်းပေးခွင့်ရသည်။ ထို့အတွက် သံဃာတော်များကလဲ အလှူရှင်မိသားစုအား မေတ္တာပို့ ဆုပေးကြသည်။

အားလုံး မြင် ကြားသမျှပုဂ္ဂိုလ်တို့အား ပတ္တာနုမောဒန ဖြစ်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၈-၂၀၁၁

26 August 2011

စတားသို့တဂ်ခြင်း (Blog Day 2011)


စာမိတ်ဆက်
ဘလော့ဂါနေ့ ဆိုပြီး ဘလော့တဂ်တွေနဲ့ ဝေေ၀ဆာဆာ တန်ဆာဆင် ရေးထားတာ တွေ့တော့ အားကျမိတယ်၊ ဘလော့ဂါဒေးဆိုတာလဲ ဘာမှန်းမသိသလို တဂ်တယ်ဆိုတာလဲ ဘာမှန်းမသိတာ အမှန်ပဲ၊ အ,တယ်လို့ပြောရင်လဲ ခံရမှာပဲ၊ သမီးစံက ဘုန်းဘုန်း ဘလော့ဂါဒေးမှ တဂ် ပို့စ်ရေးပါ၊ အတင်းရေးခိုင်းနေတော့၊ စာရေးသူလဲ ဘာဆိုဘာမှ မသိ ပေမယ့် အန်တီတင့်နှင့် သမီးစံတို့ တဂ်ထားတဲ့ ဘလော့ဂါနေ့ပို့စ်ကိုဖတ်ပြီးရေးချင်စိတ်ပေါက်လာတယ်။ သမီးစံကရေးဖို့တိုက်တွန်းပါတယ်၊ စာရေးသူကမရေးတတ်ဘူးပြောတော့၊ ဘုန်းဘုန်းကလဲ ရထားတဲ့ဘွဲ့တွေကိုမှ အားမနာတဲ့၊ သူကလဲ ရေစေချင်တဲ့ဇော စေတနာတွေနဲ့ ပြောလိုက်ပေမယ့်ကိုယ်ကတော့ heart ထိသွားပါတယ်။ ဒါ့ကြောင့် သူများတွေက ဖြတ်ထိုးဥာဏ်ကောင်းတော့ စာတစ်ပုဒ် ရေးဖို့ အဆင်ပြေပေမဲ့ စာရေးသူမှာ တုံးတုံးအအ ဆိုတော့ ဘုမသိ ဘမသိနဲ့ စမ်းတ၀ါးဝါးနဲ့ပဲ တဂ်ပို့စ်တစ်ခု ရေးဖို့ ပြင်ဆင်လိုက်ပါတယ်။

သီတဂူစတားဖွားမြင်ခြင်း
ဘလော့ဂါဒေး၂၀၁၁သည် သီတဂူစတား ၏ ၂ နှစ်ပြည့်မွေးနေ့ဖြစ်သည်၊ စာရေးသူ ပူနေးတက္ကသိုလ် ဒဿနိကဗေဒဌာနမှာ အမ်အေ M.A တန်း ပထမနှစ်အပြီး (၂၀၀၉ ခုနှစ်) မေတ္တာပန်းတို့လန်းရာမြေ ရဲ့ ကျေးဇူးနဲ့ ဘလော့ဂ်တစ်ခု စပြီးဖြစ်လာတာပါ။ ဘလော့ဂ်တစ်ခုတော့ ဖြစ်သွားပြီး ဟိုကဒီက ရထားတဲ့စာတိုပေစလေးတွေ၊ မေးလ်ထဲ ရောက်လာတဲ့ စာလေးတွေနဲ့ သီတဂူစတား ဘလော့ဂ်ကို အသက်သွင်းခဲ့တာပါ။ စာရေးသူလဲ စာက ကောင်းကောင်းမရေးတတ်၊ ရေးလေ့ရေးထ မရှိခဲ့လေတော့ မျောက် အုံးသီးရသလို ဘာမှ မလုပ်တတ်ဖြစ်နေတယ်၊ အဲဒီအချိန်မှာပဲ သီဟိုဠ်မှာ အမ်အေတန်းတက်နေတဲ့ သူငယ်ချင်း အရှင်ဒေ၀ိန္ဒာဘိဝံသ (ဓမ္မကထိက) က ပြောတယ်၊ ‘‘ ဆရာကော--ဘလော့ဂ်တွေဘာတွေနဲ့ပါလား၊ စာတွေရေးတင်ပါ၊ သီတဂူဆရာတော်ကြီးရဲ့ တရားတွေ၊ ဆောင်းပါးတွေ ရှိတယ်၊ အဲဒါတွေ တင်ပါ၊ တပည့်တော်လဲ ရေးပြီး ပို့ပေးပါမည့်ဆိုပြီး’’ အားပေးရှာတယ်၊ မှန်ပါသည် သူ၏ ပြောင်မြာက်လှသည့် စာရေးဟန်ဖြင့် ဆန်းဒေးစကူးလ် ဆောင်းပါးက အတော်လေးပေါက်သွားတယ်၊ စာရေးသူလဲ သူ၏ စာရေးဟန်ကို သဘောကျခဲ့သည်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးး ရိုးရိုးနဲ့ ရှင်းလင်းသည့် စာရေးဟန်၊ ဆရာကြီး မင်းယုဝေ၏ ကျစ်လစ်သေသပ်သည့် စားရေးဟန်တို့ကို သဘောကျခဲ့သည်။ စိတ်ကူးပေါက်ရာ စာတိုပေစများ၊ ခရီးသွားမှတ်တမ်းများ၊ မှတ်စုအတိုထွာလေးတွေ ရေးရင်းနဲ့ စာရေးတဲ့ အလေ့ကျင့် စဖြစ်လာခဲ့သည်။
ထိုကဲ့သို့သော အကြောင်းအထာက်ပံ့ဖြင့် သီတဂူစတား ဆိုတဲ့ ဘလော့ဂ်တစ်ခု အွန်လိုင်းစာမျက်နှာပေါ် ရောက်လာခဲ့သည်၊ ဘလော့ဂ်နှင့်ပတ်သက်ပြီး နားမလည်ခဲ့၊ ဘလော့ဂ်ပညာတွေကို တစ်စတစ်စနဲ့ နားလည်လာအောင် သင်ပြ ပြောပြပေးတဲ့ ညခင်းရဲ့လမင်း၊ မေမေ့လပြည့်ဝန်းလေး၊ ပြည်မြန်မာတစ်ခွင်ရှိ စာဖတ်ပရိသတ် ကြည့်ခွင့်ရအောင် ဒိုမိန်းလှူပေးတဲ့ အမေရိကမှ ဦးကိုကို (၂ နှစ်စာလှူခဲ့)၊ ယခုနောက်ပိုင်း ထာဝရအလှူရှင်ဖြစ်တဲ့ အမေရိကမှ ကိုခွန်သီရိနှင့် အွန်လိုင်းစာဖတ်ပရိသတ်တို့၏ တခဲနက်အားပေးမှုကြောင့်ပဲ ဘလော့ဂ်သက်တမ်း ၇ လကျော်လောက်မှာ ဘာသာရေးစာပေနှင့်ဆိုင်သော ဘလော့ဂ်အကယ်ဒမီဆုကို ရရှိခဲ့သည်။

ဘလော့ဂါတစ်ယောက်ရဲ့ သဘောထား
ဘလော့ဂါတွေရဲ့ ရင်ထဲမှာ တူညီတဲ့ဆန္ဒတစ်ခုရှိတယ်၊ အဲဒါကတော့ ကိုယ့်မှာ ရရှိနေတဲ့ အသိပညာတွေကို တစ်ပါးသူများ၏ ရင်ဘက်ထဲသို့ ထိထိရောက်ရောက် ရောက်သွားစေလိုတဲ့ဆန္ဒပဲဖြစ်သည်။ ပန်းကမ္ဘာဝိမုတ္တိရသအဖြူရောင်မေတ္တာမင်းလှသားလေး စတဲ့ ဘာသာရေးဆိုင်ရာပဲဖြစ်ဖြစ်၊ ကိုသံလုံးငယ်၊ ညီနေမင်းမနောဖြူကိုဇော် စတဲ့နည်းပညာရှင်တွေရဲ့ နည်းပညာတွေပဲဖြစ်ဖြစ်၊ အမှတ်တရလေးများကဲ့သို့သော လူမှုရေးဆိုင်ရာ ပရဟိတတွေပဲ ဖြစ်ဖြစ်၊ ဧရာဝတီစာကြည့်တိုက်ကဲ့သို့ အထွေထွေ ဗဟုသုတတွေပဲဖြစ်ဖြစ် အားလုံးက ကိုယ်သန်ရာ သန်ရာ စာဖတ်ပရိသတ်ကို အသိတစ်မျိုးစီ ပေးနေကြသည်။ ဒါတွေဟာ သူတို့အားလုံးရဲ့ ရင်ထဲက တူညီတဲ့ဆန္ဒတစ်ခုဖြစ်သည်။

သို့သော်လည်း အခန့်မသင့်ရင် စီဘောက်ကနေ အော်ခံရမည်၊ ပြင်းပြင်းထန်ထန် ဝေဖန်ခံရမည်၊ နောက်ဆုံး အဆဲအဆိုပါခံရမည်။ တချို့က ဘလော့ဂ်တစ်ခုလုံးကို စောင့်ပြီး ဖတ်နေတာမဟုတ်ဘဲ စာမျက်နှာပေါ် ပေါ်နေတဲ့ ပို့စ်တစ်ခုတည်းကိုသာ ဖတ်ပြီး ဒီဆိုက်က ဘာဆိုက် ညာဆိုက်ဆိုပြီး ပြောသွားသေးသည်၊ တချို့လဲ မဆီမဆိုင် ထိုင်နေတဲ့ ဓာတ်ပုံတွေကို ဝေဖန်လိုက်သေးသည်၊ ပိုဆိုးသည်ကား ဘလော့ထဲမှာ ဝေေ၀ဆာဆာ လှလှပနဲ့ ကိုယ်နေတဲ့ နေရာ၊ ကိုယ်မြတ်နိုးတဲ့ အဆောက်အဦးလေးတွေနဲ့ တံဆာဆင်ထားတာကိုပဲ ကြွားလုံးထုတ်သည်ဟု ဝေဖန်သွားတာမျိုးတွေရှိသလို ၉၅ ရာခိုင်းနုန်းကတော့ အကောင်းမြင်နဲ့ လာရောက်လည်ပတ် စာဖတ်၊ ကွန်မန့်လေးတွေပေးသွားကြတယ်၊ ဘလော့ဂါတွေဟာ ဘယ်လောက်ဘဲ အပြစ်တင်ဝေခံရပေမဲ့ ၉၅ ရာခိုင်နုံးသော သူတွေရဲ့ ရင်ထဲက ပီတိစကားလေးနဲ့ပဲ အသက်ရှင်နေကြရတာ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်က ဘလော့ဂါဆုရပြီး ၂ လအကြာလောက်မှာ ထင်သည်၊ ဘလော့ဂ်ထဲက ဓာတ်ပုံတွေနဲ့ ပဲ စီဘောက်မှာ အပြန်အလှန် အငြင်းပွားနေကြသည်၊ စာရေးသူ၏စာဖတ် ပရိသတ်က တစ်ဖက်နှင့် ဝေဖန်သူကလဲ တစ်ယောက်တည်းနဲ့ နာမည်အမျိုးမျိုးသုံးပြီး အပြန်အလှန်တိုက်နေကြတာ ဖြစ်ဖူးသည်၊ အဖြူရောင်မေတ္တာတို့ ပန်းကမ္ဘာတို့က အားပေးရှာသည်၊ ပန်းကမ္ဘာကပြောပါသည် ဦးကောရေ အမြင့်ကိုရောက်လာရင် လေအတိုက်ခံရမည် ဆိုတဲ့စကားတစ်ခွန်းနဲ့ပဲ စာရေးသူ၏ပုထုဇဉ်စိတ်တွေ ငြိမ်ချမ်းသွားသည်။ ဘာပဲ ပြောပြော ဘလော့ဂါတွေဆိုတာ ပြင်းထန်တဲ့ဝေဖန်ချက်တွေကို အားပေးတဲ့သူတွေရဲ့ ပီတိစကားလေးတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ရပါတယ်။ အဲဒီလို အားပေးဖို့ အလည်ရောက်လာကြတဲ့ စာဖတ်ပရိသတ်၊ ဘလော့ဂါ ညီအစ်ကို မောင်နှမများကို အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။
အမ်အေတန်းပြီးလို့ Ph.D အတွက် စာတမ်းရေးဖို့အတွက် ပြည်မြန်မာကိုပြန်ပြီး RV (Research Visa) ပြန်လုပ်ရတယ်၊ မြန်မာပြည်မှာ ၇ လလောက်နေခိုက် အလွန့်အလွန်နေကွေးသော internet connection နှင့် ဘလော့ဂ်တွေကို ပိတ်ဆို့ထားတာကြောင့် admin ၀င်ဖို့ အခက်အခဲနှင့်ကြုံရသည်၊ ပြည်မြန်မာ နေခိုက် စာရေးသူ ရေးသမျှပို့စ်နှင့် သတင်းများကို တင်ပေးဖို့ရန် ရုရှားပညာတော်သင် တောသားလေး အား အကူအညီတောင်းရသည်။ သူလဲပဲ စာရေးသူစိတ်ကြိုက်ဖြစ်အောင် စာရေးသူပို့လိုက်သမျှ ပို့စ်များကို စိတ်ရှည်လက်ရှည် တင်ပေးသည်၊ ထိုအတွက် တောသားလေးအား အထူးကျေးဇူးတင်ပါသည်။

ယခုအချိန်ထိ ၂နှစ်ပြည့်ပြီးအချိန်ပေါ့ စာရေးသူဆိုက်ထဲမှာ ဘာသာရေးစာပေ ဆောင်းပါး၊ အမေး+အဖြေ၊ လူမှူရေး၊ ပေးစာများအပြင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဆက်စပ်သော သတင်းထူးများနှင့် သီတဂူသာသနာပြုအဖွဲ့၏ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာ သာသနာရေးကိစ္စနှင့်စပ်သော ပို့စ်ပေါင်း ၃၅၃ ပုဒ်ရှိသွားပြီ ဖြစ်ပါသည်။
စာဖတ်ပရိသတ်များနှင့် ဘလော့ဂါညီအစ်ကိုမောင်နှမများ ဒီနေ့မှသည်နှစ်များစွာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေကြောင်း ဘလော့ဂါဒေး ၂၀၁၁ နေ့အတွက် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၈၂၀၁၁

24 August 2011

ဆေးရုံဝန်ထမ်းဆရာမ အလှူ (စင်္ကာပူ)

အလှူရှင်၏ကိုယ်စား အကြီးဆုံးမထေရ်အား အလှူငွေများကပ်ပေးပုံ

ဒီကနေ့ အလှူရှင်
ဒီကနေ့ (၂၄-၈-၂၀၁၁) အလှူရှင်ကတော့ စင်္ကာပူနိုင်ငံရှိ ဆေးရုံဝန်ထမ်း သို့မဟုတ် မြန်မာသူနာပြုဆရာမလေး၏ အလှူဖြစ်သည်။ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ်တွင် Ph.D အတွက် စာတမ်းရေးနေကြသော မြန်မာ ကျောင်းသား (လက်ရှိ တပေါင်းတည်းစား) ၂၀ အား ဆွမ်းအလှူရှင်ကတော့ စင်္ကာပူနိုင်ငံမှ မြန်မာ သူနာပြုဆရာမလေး တစ်ယောက်ဖြစ်သည်။ စာရေးသူနဲ့ မကြာမကြာ တရားအကြောင်း ဆွေးနွေးဖြစ်သည်၊ ဘာသာရေး အလွန်စိတ်ဝင်စားသူ တစ်ယောက်ဖြစ်သည်၊ သတိပဌာန်အကြောင်း ဘာဝနာအကြောင်း သီလအကြောင်း စသည်များအပြင် အခြား ဘာသာရေးနှင့်ဆက်နွယ်သော အကြောင်းအရာများ ဆွေးနွေးဖြစ်သည်၊ စာရေးသူလဲ သူမေးသမျှ စိတ်ပါလက်ပါ ဖြေပေးလိုက်ပါသည်၊ ဒါသည်ပင် စာရေးသူ၏ တစ်ဖတ်တစ်လှမ်းက သာသနာပြုခြင်းဟု ဆိုက ဆိုနိုင်ပါသည်။ သူလဲပဲ စေ့စေ့ပေါက်ပေါက် မေးတတ်သည်၊ သူမေးခြင်းကြောင့်လဲ စာရေးသူအတွက် အကြံဥာဏ်များ ရခဲ့သည်၊ အဲဒီအတွက်လည်း ကျေးဇူးတင်ပါသည်။

မနေ့ကတော့ အရှင်ဘုရားဆိုက်မှာ ဆွမ်းလှူနေတဲ့ပို့စ်ကို ဖတ်ပြီး တပည့်တော်လှူချင်ပါတယ် ဆိုပြီး ပြောလာပါသည်၊ ဘုန်းဘုန်းက ဘယ်လို စီမံပေးရမလဲလို့ မေးလိုက်သောအခါ သူပြောလိုက်သည်မှာ ‘‘ဘုန်းဘုန်းကြိုက်သလို စီမံပါ၊ ဘုန်းဘုန်းက တပည့်တော်မအလှူကို အလှူခံပေးတာကိုပဲ ကျေးဇူးတင်ပါသည်တဲ့’’။ နောက်နေ့ မနက် Western Union ကနေ ငွေလွဲလိုက်ကြောင်း ဖုန်းဖြင့် လျှောက်သည်၊ စင်္ကာပူဒေါ်လာ ၁၀၀၀ (အိန္ဒိယငွေ-၃၇၃၉၃) ဖြစ်သည်။ လူသည့် ငွေပမာဏသည် များပြားလှပါသည်။

စာရေးသူလဲ သူငယ်ချင်းတစ်ပါးနဲ့ အနီးအနားက ဘဏ်တစ်ခုသွားထုတ်သည်၊ ဘဏ်မှာ system down နေတယ် အလုပ်မလုပ်သေးဘူး နေ့လည် ၂ နာရီမှ ထက်လာခဲ့ပါဟု ပြောသဖြင့် စာရေးသူနဲ့ သူငယ်ချင်း အနီးနားရှိ ဘဏ်အားလုံးနီးပါး လျှောက်သွားပြီး မေးကြည့်သည်။ တချို့ဘဏ်အသေးလေးတွေက ပမာဏများသည့် ငွေကို ချက်ချင်းထုတ်မပေးနိုင်။ အဆင်မပြေသဖြင့် အဆောင်ပြန်လာခဲ့ရသည်၊ နေ့လည်ပိုင်းရောက်တော့မှ သူငယ်ချစ်တစ်ယောက် ထက်ခေါ်ပြီး ဘဏ်ကြီးတစ်ခုကို သွားမှ အဆင်ပြေသွားသည်။ စာရေးသူလဲ သွားရင်း စဉ်းစားမိသည်၊ လှူတဲ့သူကတောင် လှူနိုင်သေးတာပဲ ကိုယ်က ဒီလောက်လေးတော့ အပင်ပန်းခံနိုင်ရမှာပေါ့ဟု ခံယူထားပြီး ဘုံဘေမြို့စာတိုက်ကြီးရှိ ငွေလှဲဌာနတစ်ခုကို သွားလိုက်မှ အဆင်ပြေခဲ့သည်။ စိတ်လဲ ပေါ့ပါးသွားသည်။

ရင်ဘက်ထဲက အဖိုးတန်စကားတစ်ခွန်း

ငယ်ငယ်က တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က နာယကချုပ်ဆရာတော် ပြောသည့် စကားတစ်ခွန်းကို အမှတ်ရမိသည်။ သံဃာ ၁၃၀၀ ကျော်အတွက် နံနက် အရုဏ်ကပ်နိုင်ရန် ၀က်လက်နယ်၊ ရွှေဘိုနယ်၊ တပ်ကုန်းနယ်၊ ကောလင်း စသော နေရာဒေသတွေမှ ဆွမ်းဆန်၊ ပဲ၊ ငရုပ် ကြက်သွန်စတဲ့ ကုန်ခြောက်များ စုဆောင်းရသည်၊ ထိုဒေသသို့ သံဃာ ၁၃၀၀ကျော်ကိုယ်စား သံဃာ အပါး ၁၀၀ ကြွရလေ့ရှိသည်၊ ထိုကဲ့သို့ဒေသတွေကို သံဃာ့ကိုယ်စား ကြွချင်စိတ်ရှိအောင် သဒ္ဓါတရားရှိလာအောင် နာယကဆရာတော်များက သံဃာများအား သြ၀ါဒပေးလေ့ရှိသည်၊ ထိုသြ၀ါဒထဲမှ အလွန်တံဖိုးရှိသည့် စကားတစ်ခွန်း စာရေးသူ၏ ရင်ဘက်ထဲ ထာဝရရှိနေသည်။ ‘‘ငါ့ရှင်တို့တစ်တွေ ဘ၀သံသရာမှာ မယားကို ပြုစုလုပ်ကျွေးခဲ့ရတဲ့ သားကျွန်၊ မယားကျွန် ဇနီးကျွန် မိသားစုကျွန် ဟူသော တဏှာ့ကျေးကျွန် (တဏှာဒါသ) ဖြစ်ခဲ့ရတဲ့ ဘ၀တွေ မရေတွက်နိုင်အောင် များပြားလှပါတယ်၊ ယခု ရတောင့်ရခဲလှတဲ့ ဘ၀မှာ သံဃာကို ပြုစုလုပ်ကျွေးခွင့်ရတဲ့ (သံဃာ့ဒါသ) ဖြစ်ခွင့်ရှိတာလေးကို တံဖိုးထားကြစမ်းပါ၊ ဂုဏ်ယူလိုက်ကြစမ်းပါ’’ ဟူသော အဖိုးတန် စကားကို အမှတ်ရလိုက်မိသည်၊ စာရေးသူလဲ စောမယကောလိပ်ရှိ Ph.D ကျောင်းသားများအတွက် ယခုလို သံဃာ့ဒါသ- သံဃာ့ ကျေးကျွန်အဖြစ် ပြုစုလုပ်ကျွေးခွင့်ရခြင်းအတွက် အထူး ဂုဏ်ယူမိသလို အလှူရှင် သူနာပြုဆရာမလေးလဲ ယခုလို သံဃာကို ပြုစုခွင့်ရလိုက်ခြင်းတည်းဟူသော သံဃာ့ဒါသ၊ သာသနာတော်ကို ထောက်ပံ့ခွင့်ရလိုက်ခြင်းတည်းဟုသော သာသနာ့ဒါသ- သာသနာ့ကျေးကျွန် ဖြစ်ခွင့် ရလိုက်ပြီလို့ အောင့်မေ့ကာ အမြဲမပြတ် သံဃာနုဿတိ၊ စာဂါနုဿတိသတိများ ထပ်တလဲလဲ ပွားပြီး ၀မ်းမြောက်နိုင်ပါစေလို့ မေတ္တာပို့သပါသည်။
သူမအလှူအတွက်
စာရေးသူ၏ စိတ်ကြိုက် စီမံသည်ဆိုပေမဲ့ သူ၏ ချွေးနဲစာထဲက စုဆောင်းပြီး လှူတဲ့ အလှူဖြစ်သဖြင့် သူမ၏အလှူကို ပိုပြီး အကျိုးများစေချင်သည်၊ ကုသိုလ် ပိုရစေချင်ပါသည်။ ထို့ကြောင့် ပုဂ္ဂလိကအလှူရော သံဃိက အလှူပါ ဖြစ်အောင် စီမံပေးလိုက်ရပါသည်။ ကျောင်းသားသံဃာ အပါး၂၀ (သမ္မုခီ) တို့အား လိုအပ်ရာရာ သုံးစွဲနိုင်ရန် တစ်ပါးလျှင် ရူပီး ၅၀၀ စီ လှူပေးလိုက်သည်။ သံဃိက အလှူဖြစ်အောင် သံဃာများအား စောမယကောလိပ် မြန်မာကျောင်းသားများ၏ အထူးစီမံချပ်ပြုတ်ထားသော အထူးရှယ်ဆွမ်း၊ ကြက်သား၊ ၀က်သား၊ ဆိပ်သား၊ ငါးဟင်းများနှင့် ရေခဲမုံ့၊ အချိုရည်၊ အသီးအနှံများ ဖွယ်ဖွယ်ရာရာ ကပ်ပေးလိုက်ပါသည်။ ဆေးဝါးအနေနဲ့ အဖျော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ ကွမ်းစသည်တို့ကိုလဲ လှူပေးထားပါသည်။ ထို့ပြင် အထူးဆန်များနှင့် နေ့စဉ်သုံး ၂၅ ကေဂျီပါ ဆန် ၃ အိပ်များ ဆီများနှင့် ချက်စရာ ကြက်သွန် စသည့်အခြောက်အခြမ်းများ ၀ယ်ပေးပြီး သံဃိကအလှူ (သံဃဒါန) ဖြစ်အောင် သူမ၏ကိုယ်စား စီမံပေးလိုက်ပါသည်။ ၁၀ ရက် တစ်ပတ်စာအတွက် ဆွမ်းစရိတ်ကိုလဲ လှူထားပေးပါသည်။

ထို့ကြောင့် အလှူရှင်အနေနဲ့ ထမင်းတစ်နပ် ၇ ရက် အသက်ရှည်နိုင်သည်ဖြစ်ရကား ထမင်းတစ်နက်လှူသူသည် အသက်ရှည်ဖို့ရန် ၇ နပ် လှူရာရောက်ပါသည်၊ ဒီကနေ့ အထူးတစ်ရက်နှင့် ၁၀ တစ်ပတ်အလှူပါ ဆိုရင် ၁၁ ရက်အလှူဖြသည့်အပြင် ဆွမ်းဆန်နှင့် ဆီများကလဲ ရက်များစွာ လှူလိုက်ရသည်ဟု မှတ်ပါ၊ ၁၁x၇= ၇၇ ရက်ကျော် အသက်ရှည်ဖို့ ဆွမ်း ၇၇ နပ်လှူရာရောက်ပါသည်ဟု ပို၍ပို၍ သဒ္ဓါပွားများနိုင်ရန် စာဂါနုဿတိများ တဖွားဖွား ဖြစ်နိုင်ရန်ဖြစ်ပါသည်။

မနေ့ညနေပိုင်းကတော့ သူမအလှူအတွက် သူငယ်ချင်းတွေ ဈေးဝယ်ထွက်ခဲ့ကြသည်၊ ဒီနေ့မနက်မှာတော့ သူငယ်ချင်းများ ၀ိုင်းဝန်းပြီး သံဃာ့ဝေယျာဝစ္စပြုကြသည်။ ဤကား စင်္ကာပူမှ သူနာပြုဆရာမလေး အလှူနှင့် စာရေးသူနှင့်သူငယ်ချင်းများ၏ ဝေယျာဝေစ္စအလှူပဲ ဖြစ်ပါတော့သည်။ အလှူရှင်ရေ-- သံဃာတော်များ အားရကျေနပ်တော်မူကြပါတယ်။ သာဓုသာ ခေါ်လိုက်ပါ။

သူများလှူတာ တစ်ဝက်ဆိုင် သာဓု ခက်မြိုင်မြိုင်၊ ၀မ်းမြောက်နုမော် ပတ္တာနုမောဒန ပြုနိုင်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၈-၂၀၁၁

21 August 2011

ပဲခူးရေဘေးအလှူ

သီတဂူ မေတ္တာ ကရုဏာ အလှူတော်

စာမိတ်ဆက်

မေတ္တာအခါတော်နေ့ဆိုရင် အရင်နှစ်တွေက သီတဂူဆရာတော်ကြီး ဦးဆောင်ပြီး သီတဂူသာသနာပြုအဖွဲ့က ရန်ကုန် မန္တလေးရှိ ထောင်များတွင် ထောင်သားနှင့်ဝန်ထမ်းများအား အစားအစာများကို သွားရောက်ကြွေးမွေးလေ့ရှိသည်။ ဒီနှစ် ဒီနေ့(၁၄-၈-၂၀၁၁)မှာလဲ ၀ါခေါင်လပြည့် ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင် လူမျိုးတို့အများစုသည် စေတီပုထိုး ဘုရားကျောင်းများနှင့် မိမိတို့၏နေအိမ်များတွင် တစ်နိုင်တစ်ပိုင် အလှုဒါနများကို ပြုလုပ်ကြသည်။ ထိုမေတ္တာအခါတော် နေ့ထူးနေ့မြတ်နေ့မှာပဲ သီတဂူသာသနာပြုအဖွဲ့၏ အဖွဲ့ဝင် အချို့ကလဲ မေတ္တာကရုဏာတော် အလှူတော်အဖြစ် တစ်ပိုင်တစ်နိုင် အလှူဒါန တစ်ခုပြုလုပ်ခဲ့ကြသည်။

သဘာဝဘေးဒဏ်ကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေနေကြသော ပြည်သူတွေအတွက် သီတဂူ သာသနာပြု အဖွဲ့ဝင်များက နေရာမရွေး သွားရောက် ကူညီလေ့ရှိသည်မှာ နှစ်များစွာရှိခဲ့ပြီ။ ယခုအခါမှာလဲ ပဲခူးရေဘေးအလှူကြောင်းကို သီတဂူသာသနာပြုအဖွဲ့၏ လူမှုကယ်ဆယ်ရေး သတင်းတစ်ခုအဖြစ် တင်ပြချင်ပါသည်။
ပဲခူးရေးဘေးနှင့်ကယ်ဆယ်ရေး
အခုရက်ပိုင်းမှာ မိုးတွေ ဆက်တိုက်ရွာ မြစ်ရေတွေ ဒီရေတွေကလဲ တက်ချိန် ဖြစ်သောကြောင့် မြန်မာပြည်နေရာ အတော်များများမှာ ရေကြီးမှု့တွေ ဖြစ်ပေါ်နေပါသည်။ ရေလွှမ်းမိုးခြင်းကြောင့် ပြည်သူတွေအတွက် နေရေး စားရေးတွေ အတော်လေးကို ခက်ခဲနေကြရပြီး နေစရာ နေအိမ်တွေမှာ ရေတွေနစ်မြှပ်ခံနေကြရသော လူတွေ အတွက် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီ ကယ်ဆယ်စောင့်ရှောက်နေကြပါသည်။ ထိုအထဲတွင် ပဲခူးမြို့ပတ်ဝန်ကျင်သည် အဆိုးဝါးဆုံးနှင့်အများဆုံး ရေဘေးခံနေသူများ ရှိသည်။ ထိုမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းကို ဦးဆောင်လုပ်နေသော ပဲခူးမြို့ ဥဿာ မြို့သစ်ရှိ ၀ိသိဇ္စကကျောင်း ဆရာတော်ကြီးဖြစ်သော ဦးသူရိယ ထံမှ သတင်းရရှိသောကြောင့် သီတဂူသာသနာပြု အဖွဲ့ဝင်မှ အချို့အလှူရှင်များက အလှုငွေများ စုဆောင်းပြီး မေတ္တာအခါတော်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားရောက် လှူဒါန်းခဲ့ပါသည်။
နေ့လည် (၁၂)နာရီခန့်တွင် ရန်ကုန်မှ သီတဂူ သာသနာပြု အဖွဲဝင်မှ အလှူရှင်အချို့မိသားစုဝင်များ သည် ပဲခူးမြို့သို့ ထွက်ခွာကြပြီး ဦးဆောင် ဆရာတော်ရှိရာ ဥဿာမြို့သစ်ကျောင်းသို့ ဦးတည်သွားရောက်ကြ ပါသည်၊ ဆရာတော်မှ အလှု့ရှင် မိသားစုများအား ခရီးရောက် မဆိုက် ခဏနားပြီး နေ့လည်စာ ထမင်းနှင့် မုန့်များကို တည်ခင်း ဧည့်ခံကာ အလှုရှင်များအား ရေကြီး၍ ဒုက္ခ ရောက်နေကြသော ပြည်သူများ အကြောင်း ရှင်းလင်း မိန့်ကြားနေပါသည်။

ဆရာတော်မိန့်ကြားရာတွင် ပဲခူးမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရေများ ၀င်ရောက်သောကြောင့် ထိုနေရာတွင် နေထိုင်ကြသော လူများသည် ရေဘေးလွတ်ရာသို့ ပြေးလာရကြောင်း၊ ထိုရေးဘေး ဒုက္ခသည်များအတွက် ရေဘေး ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ကာ စောင့်ရှောက်ြကရကြောင်း၊ အခုလှူဒါန်းမည့် ကျိုက်ပွန်ဘုရား ကယ်ဆယ်ရေးစခန်းတွင် လူပေါင်း(၁၈၃၈)ယောက်ရှိကြောင်းကိုလဲ မိန့်ကြားသွားပါသည်။

အလှူငွေများ အသုံးပြုရေး
အလှူခံရရှိသော အလှူငွေ ပမာဏနှင့် မည်သို့ လှုဒါန်း မည်ကို သီတဂူမှ ဦးသန်းလွင်၊ ဦးမြင့်အောင်၊ ဦးအောင်မြင့်သိန်း တို့ နှင့်ညျိုနှိုင်း တိုင်ပင်ကြပြီး ရရှိသော အလှူငွေ သိန်း(၂၀) ဖြင့် သင့်တော်ရာကို စဉ်းစားတိုင်ပင်ကာ လှုဒါန်းရန် ဆုံးဖြတ်ကြပါသည်၊
ဆရာတော်မှ မိန့်ကြားသည်ဒီနေ့မှာပဲ ကယ်ဆယ်ရေး စခန်းတွင် တစ်နေ့တာ အဟာရ ထမင်းအလှု့ရှင် ရှိနေပါသည်၊ မနက်ဖန် (၁၅-၈-၂၀၁၁)အတွက် ထမင်းအလှု့ရှင် မရှိသေးသောကြောင့် ရရှိသော အလှုငွေထဲမှ တစ်နေ့တာ ထမင်းစရိတ် ခြောက်သိန်း (၆၀၀၀၀၀) ကျော်ကို အဟာရဒါနပြုရန် ဆုံးဖြတ်လိုက်ပါသည်။
ကျန်အလှုငွေများကို တကယ့်အသုံးပြုလိုသည့် နေရာတွေအတွက်သာ လှူဒါန်းလိုကြောင်း ဆရာတော်အား လျှောက်ထားသောအခါ ဆရာတော်မှ သူရဲ့ ဆန်ကုန်သည် ဒကာကြီးထံ ဖုန်းဖြင့် ဆန်အိတ်ပေါင်း(၇၇) အိတ်ကို ၀ယ်ယူပြီး လူတစ်ဦးလျှင် ဆန်တပြည်နုံး လှုဒါန်းနိုင်ရန် စီစဉ် လိုက်ပါသည်။ ဆန်ကုန်သည်ကြီးကလဲ သဒ္ဓါထက်သန်စွာ ကားခနှင့် ဆန်တပြည်ထဲ့ အိတ်များကိုပါ ပါဝင်လှူဒါန်းကာ ကုသိုလ်ယူခဲ့ပါသည်၊
ဆရာတော်နဲ့ ကျောင်းသံဃာများ အလှူရှင်များသည် ရေဘေးဒုက္ခသည် စခန်းဖွင့်ကို ကျိုက်ပွန် စေတီတော်မှာ ဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးသည် ထိုစခန်းကို တာဝန်ယူစောင့်ရှောက်နေကြသော အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနဲ့ တိုင်ပင်ပြီး ဆန်များကို တပြည်တစ်အိတ်ထဲ့ကာ ကိုယ်တိုင်ကိုယ်ကျ ဝေငှ လှူဒါန်းခဲ့ ကြပါသည်။ နောက်တစ်နေ့စာ အဟာရကိုလဲ ကျောင်းမှဆရာတော် ကိုယ်တိုင် စီမံ ကွပ်ကဲကာ ကျောင်းမှချက်ပြုတ် လှူဒါန်းပေးပါသည်။ ဆန်တွေဝေငှ ကြသောအခါတွင်လဲ ဆရာတော်ကိုယ်တိုင် စီးမံပြီး ကျောင်းသံဃာတော်များနှင့် လုပ်အားပေး လူငယ်များ က၀ိုင်းဝန်းကူညီကာ မေတ္တာ ကရူဏာ အလှူတော်လေး ကို ဖြစ်မြှောက်အောင် ၀ိုင်းဝန်းကုသိုလ် အတူတူ ယူကြသည်မှာ ပီတိ သောမနဿ ဖြစ်ရပါသည်။

သီတဂူသာသနာပြုအဖွဲ့ဝင်များ၏ အလှူများ

(၁) သီတဂူ ဒေါက်တာမြတ်သူ (အာရှတော်ဝင် ) မိသားစု အလှူငွေ ၁၀၀၀၀၀၀ (ဆယ်သိန်း) ကျပ်
(၂) သီတဂူ ဦးသန်းလွင် မိသားစု အလှူငွေ ၃၀၀၀၀၀ (သုံးသိန်းကျပ်)
(၃) သီတဂူဒေါ်စန်းနွဲ့ မိသားစု အလှူငွေ ၁၅၀၀၀၀ (တစ်သိန်းငါးသောင်းကျပ်)
(၄) သီတဂူ ဦးမြင့်စိန် (လှဆန်းယဉ်) မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၅) သီတဂူ ဦးဝင်းအောင် မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၆) သီတဂူ ဦးတင်အေး မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၇) သီတဂူ ဦးအောင်မြင့်သိန်း မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၈) သီတဂူ ဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် (သရုပ်ဆောင်) မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၉) သီတဂူ ဦးပီကေဆင်း မိသားစု အလှုငွေ ၅၀၀၀၀ (ငါးသောင်းကျပ်)။
အားလုံး စုစုပေါင်း သိန်း ၂၀ ရရှိပါသည်။

သီတဂူသာသနာပြု အဖွဲ့သည် သီတဂူ ဆရာတော်ကြီးရဲ့ လမ်းညွှန်ဦးဆောင်မှု့ဖြင့် သာသနာရေး ဘာသာရေးအတွက်သာမက လူမှုရေးနှင့် ကယ်ဆယ်ရေးတို့ကိုပါ လူမျိုး ဘာသာမရွေး အချိန် နေရာ ဒေသမရွေး သွားရောက် ပြုလုပ်အားထုတ်နေကြသည်မှာ ကြည်ညို သဒ္ဒါပွား သာဓုခေါ်ဆိုရပါသည်။

တို့ကဲ့သို့ သဒ္ဓါထက်သန်စွာ လှုဒါန်းကြသော အလှူရှင်များ၊ ပဲခူး ဥဿာမြို့သစ် ၀ိသိဇ္စကကျောင်းမှ လုပ်အားပါဝင်ကြသည့် ဆရာတော်ကြီးနှင့် တပည့်ရဟန်းများ၊ သီတဂူမေတ္တာ ကရုဏာ အလှူတော် ဖြစ်မြောက်အောင် ၀ိုင်းဝန်းကြသူ အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်)


သတင်းနှင့်ဓာတ်ပုံများ ပို့ပေးသော ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။ ပို့ပေးထားတာကြာပါပြီ ဖြစ်သော သတင်းကိုလဲ အကြောင်းအမျိုးအမျိုးကြောင့် အခုမှတင်ဖြစ်တာ ခွင့်လွတ်စေလိုပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၈-၂၀၁၁

19 August 2011

ဒီကနေ့ အလှူရှင်

ကျေနပ်အားရတော်မူကြသည်

ဒီနေ့အလှူရှင်
ဒီနေ့-၁၉-၈-၂၀၁၁ သောကြာနေ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ်တွင် မြန်မာ Ph.D ကျောင်းသားများအတွက် နေ့ဆွမ်း အလှူရှင်က အမေရိကရောက် စာဆိုတော် ဓမ္မကထိက အရှင်ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ဖြစ်ပါသည်၊ ၁၇ ရက်နေ့ကလဲ KFC ဆိုင်မှာ ပင့်ကပ်ခဲ့သည်။ ဒီနေ့မှာတော့ ဟင်းချက်အလှည့်ကျ စာဖိုမှူးကြီး အရှင်သိရိန္ဒ (Ph.D Thesis) ၏ လက်ရာများဖြင့် သံဃာများအား ကပ်သည်။ စားရခဲမျှ ဆိပ်သား၊ ငါးကြော်ချက်နှင့် အရံဟင်းများ၊ ထောပတ်ထမင်းများ၊ အသီးအနှံများ၊ အဖျော်များဖြင့် စုံစုံလင်လင်ကပ်သည်။ တခါတရံ အလှူရှင် ရှိရင်တော့ ယခုလို မွန်မွန်မြတ်မြတ် စားခွင့်ရကြသည်။ စောမယကောလိပ် မြန်မာရဟန်းတော်များကလဲ အံ့သြလောက်အောင်ကို ဟင်းချက်ကောင်းကြတယ်။ တစ်ပတ်တစ်လှည့်ချက်စားကြရတော့ တစ်ပတ် လက်ရာတစ်မျိုးစားကြရသဖြင့် မရိုးနိုင်ဘဲ ရှိကြသည်။ ဒီကနေ့ စာဖိုမှူးကြီးကလဲ စိတ်ပါပါ စေတနာပါပါ ချက်ထားတော့ သံဃာများ ကျေနပ်အားရတော်မူကြတယ်။
စားကြမယ်ကောင်းကောင်း
စာဖိုမှူးကြီး၏ လက်ရာများ
ဟိန္ဒူကြားက အသားဟင်း
တကယ်တော့ ဤကောလိပ်အတွင်းမှာ အသားဟင်းများ ချက်ခွင့် စားခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ဟိန္ဒူဘာသာဝင်များသာ နေသော အဆောင်ဖြစ်သည့်အားလျှော်စွာ ငါးအရိုး ကြက်ရိုးတစ်ချောင်းလောက် အမှိုက်ထဲမှာ တွေ့ရှိပါက အကြီးအကျယ်ပြဿနာရှာတော့သည်။ မြန်မာရဟန်းတော်များနှင့် ကုလားအကြား မကြာမကြာ ပြဿနာဖြစ်ရသည်။ ယခုတော့ မြန်မာရဟန်းတော်များ ကြိုစားမှုဖြင့် အသားဟင်းချက်လို့ရနေသည်။ သို့သော်လည်း တရားဝင်ကား မဟုတ်၊ အရိုးများကို သီးသန့်အိပ်မှာထည့်ပြီး အပြင်ဈေးဝယ်အလှည့်ကျသူက ဈေးဝယ်သွားရင်း ထို အရိုးထုပ်ကိုပါ သယ်ပြီး လမ်းဘေးက အမှိုက်ပုံးမှာ ပြစ်ရသည်။ တခါတရံ အမှိုက်ပုံးနားမှာ ဘေးမဲ့လွတ်ထား နွားနက်များရှိနေသည်၊ စာရေးသူက အနီရောင် တစ်ခါတရံဝတ်တော့ ကျွဲတို့ နွားနှောက်တို့က အနီးရောင်တွေ့ရင် လိုက်ခွေ့သတ်တယ်ဆိုတာ ကြားတော့ အမှိုက်ပစ်ရမှာ လှန့်နေသည်။ ဤကား ဟိန္ဒူကြားက အသားဟင်းစားရတဲ့ ဒုက္ခပင်ဖြစ်သည်။ သို့သော်လည်း အသားဟင်းများကိုတော့ တခါတရံမှ ချက်စားကြသည်၊ ယနေ့လို အလှူရှင်ရှိရင်တော့ Special Food ဖြင့် ချက်စားကြသည်။

အလှူရှင် စာဆိုတော် ဓမ္မကထိက အရှင်မြတ်အား သက်ရှည်ကျန်းမာစွာဖြင့် အောင်မြင်စွာ သာသနာပြုနိုင်ပါကြောင်း ဆုတောင်းမေတ္တာ ပွားကြပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၈-၂၀၁၁

17 August 2011

ရဝေနွယ်နှင့်အလှူရှင်များ

မိုင်ပေါင်းများစွာဝေးသော နေရာမှ အလှူရှင်
KFC ဆိုင်အတွင်း
စောမယကျောင်းသားများ အလှူ
ဒီကနေ့ သူငယ်ချင်းတစ်ပါးက ကျောင်းသားအားလုံးကို ၀မ်းမြောက်ရအောင် ကြော်ညာသည်၊ အမေရိကမှာ သတင်းသုံးနေသော ဓမ္မကထိက စာဆိုတော် တစ်ပါးက အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ စောမယကောလိပ်တွင် ဆန်စခရစ်ဌာနနှင့် ပါဠိဌာန နှစ်ခုမှာ ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုနေကြသော Ph.D ကျောင်းသား (ယခုလက်ရှိ အဆောင်နေ တပေါင်းတည်းစား) ၂၀ တို့အတွက် ဆွမ်းစရိတ် အဖြစ် အမေရိကန် ဒေါ်လာ ၅၀၀ လှူလိုက်ပါသည်၊ ထိုအလှူသည် ကျောင်းသား ၂၀ အတွက် နေ့စဉ် ပုံမှန် အစားအစာများကို ရက်ပေါင်း ၂၀ တော့ အနည်းဆုံး ကပ်နိုင်ပါသည်။ အလှူရှင်၏ဆန္ဒ အထူးကပ်ချင်သောကြောင့် အထူးချက်ပြီး ကပ်ပေးသည့် အပြင် တခါတရံ KFC ကဲ့သို့သော နာမည်ကြီးဆိုင်းတစ်ဆိုင်မှာ ပင့် ကပ်သည်၊ ယနေ့လဲ အလှူရှင်၏ဆန္ဒအရ နာမည်ကြီးစားသောက်ဆိုင်ဖြစ်သည့် KFC ဆိုင်မှာ သွားဘုန်းကြသည်။ ထိုကဲ့သို့ အနယ်နယ် အရပ်ရပ် တစ်စုတစ်ဝေးတည်း တစ်မိသားစု စနစ်ဖြင့် အတူစားနေကြသော Ph.D ကျောင်းသားများအား ဆွမ်းစရိတ် အလှူဒါနပြုသော ဓမ္မကထိကစာဆိုတော် အရှင်ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) အား အထူးကျေးဇူးတင်ပါသည်။

နောက်တစ်ဦး အလှူရှင်ကတော့ ဘုံဘေမြို့တွင် ရေနံအင်ဂျင်နီယာ မြန်မာ ဒကာလေး မောင်သန်းထိုက်ဖြစ်သည်။ ဒုတိယအကြိမ်အလှူဖြစ်သည်။ ဆွမ်းစရိတ်အတွက် ရူပီး တစ်သောင်း (10000 Rs=$ 250) လှူသွားသည့် ဒကာလေး မောင်းသန်းထိုက် အလှူအတွက် အထူးသာဓုခေါ်ပါသည်။

နောက် တတိယ အလှူရှင်ကတော့ ဘုံဘေမြို့ လေယာဉ်အင်ဂျင်နီယာ မြန်မာ မိသားစု ဖြစ်သည့် ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့ မိသားစုဖြစ်သည်။ ထိုမိသားစုသည် ဆွမ်းဟင်းများ လှူသည့်အပြင် ဆန် ဆီနှင့် အခြား အစားစာများ မကြာမကြာ လာလှူလေ့ရှိသည်။ အထက်ပါ အလှူရှင် မိသားစုများအား ကျောင်းသား အားလုံးကလဲ မေတ္တာပို့သနေပါသည်၊ သာသနာတော်အတွက် ယခုလို လူစွမ်းကောင်းများအဖြစ်နဲ့ သက်ရှည်ကျန်းမာ သာသနာပြုနိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သကြပါသည်။

ဆရာတော်နှင့် အလှူရှင်များ၏ အလှူဒါနအားလုံးကို သာဓုခေါ်နိုင်ရန် ပတ္တိဒါန ပြုလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၈-၂၀၁၁

15 August 2011

သာသနာ နှင့် ပဏ္ဍုပ် (Gay)

မင်းမဟော်၏ အမြင်နှင့် သူ့ ဆန္ဒအရ ဒီပို့စ်ရေးဖို့ စိတ်ကူးဖြစ်သွားသည်၊ သူက ဒီပို့စ်နဲ့ပတ်သက်ပြီး အောက်ပါအတိုင်း သူအမြင်နဲ့ တင်ပြပြီး စာရေးသူ၏ အမြင်ကိုပါ ရေးစေချင်တော့ ရေးဖြစ်သွားခြင်းဖြစ်ပါသည်။

‘‘gay ပိုစ့်နဲပက်သက်ပြီး ဘုန်းဘုန်းရဲ့ အမြင်လေးကို သိချင်ပါတယ်။ တပည့်တော်ကတော့ Gay များကို သာသနာတော် အတွင်းဝင်ရန် ခွင့်ပြုခြင်း သည် ဗုဒ္ဓသာသနာတော် အား ညိုးနွမ်းစေခြင်းသည်သာဖြစ်မည်ဟု ရှင်းလင်းပြတ်သားစွာ ယူဆသဖြင့် အတွေးအမြင်အနေဖြင့် ၄င်း ကိစ္စအား ကန့်ကွက် ခြင်းဖြစ်သည်’’
မင်းမဟော်. တည်ထောင်သူ
ဗုဒ္ဓဘာသာ/အတွေးအမြင်


စာမိတ်ဆက်

ဒီလိုဘဲ မြင်လို့ ဒီလိုဘဲ ရေးထည့်လိုက်ပါတယ်ဘုရား။ ဒါပေမဲ့ ဘုန်းဘုန်း ရဲ့ အမြင်ကို လည်းရေးပေးစေချင်ပါတယ်ဘုရား’’၊ သူ၏ ဖေ့ဘုတ်မှာ ကွန်မန့်ပေးဖို့ မေတ္တာရပ်ခံသည်၊ ပို့စ်တစ်ခုစာ ရေးပေးမည်ဟူ၍သာ ပြောလိုက်သည်။ ထိုကြောင့်ပင် ပို့စ်တစ်ခု ဖန်တီးလာပြန်ပါသည်။ စာရေးသူလဲ အမျိုးသမီးအကြောင်းတွေပဲ တော်တော်များများ ဖြေနေရသည်၊ ယခုတခါတော့ ဂေးအကြောင်း ရေးရဦးမှာပေါ့။ ဂေးဆိုတာတော့ နပုံးပဏ္ဍုပ် ပဏ္ဍကဆိုတဲ့ ပါဠိက ဆင်းသက်လာသည်။ အရပ်စကားနဲ့ပြောရရင်တော့ အခြောက်ဟု ပြောကြသည်။ ပဏ္ဍုပ်နှင့်ပတ်သက်ပြီး စာပေမှာ အထူးသဖြင့် ၀ိနည်းတော်မှာ များစွာတွေ့ရသည်။ အကျယ်တ၀န့်မရေးတော့ပါ၊ သာသနာတော်နှင့် ထိုပဏ္ဍုပ်တို့ အရေးကိုပဲ ရေးပါတော့မည်။

မောင်မင်းမဟော် အဖြေသည် မှန်ကန်သင့်မြတ်လှသည်။ သာသနာတော်အတွက် ညိုးနွမ်းစေမဲ့ အရာမှန်သမျှကို သာသနာတော်ကလက်မခံသလို သာသနာကို ကြည်ညိုသူများကလဲ လက်မခံ၊ သာသနာတော်ရဲ့ မူကိုက မကြည်ညိုသေးတဲ့သူတွေ ကြည်ညိုလာအောင် (အပ္ပသန္နာနံ ပသာဒါယ)၊ ကြည်ညိုပြီးသူတွေ ပိုပြီးကြည်ညိုလာအောင် (ပသန္နာနံ ဘိယျောဘာဝါယ) ဆိုတဲ့ မူရှိများရှိနေသည်။

သာသနာ့ကျက်သရေ
စာရေးသူ နေခဲ့သော မဟာဂန္ဓာကျောင်းတိုက်မှာဆိုရင် သံဃာသစ်လက်ခံရင် အကျင့်စာရိတ္တအပြင် ရုပ်ရည်ကိုပါကြည့်သည်။ ကိုယ်လက် အင်္ဂါ ချွတ်ယွင်းမှုရှိနေပါလျှင် သာသနာအတွက် ကြည်ညိုစရာ မဖြစ်ဘဲ အထင်သေး အမြင်သေးစရာဖြစ်မည်၊ မြတ်ဗုဒ္ဓကိုယ်တိုင်က သူ့တပည့်တွေကို မကြည်ညိုသေးတဲ့သူတွေ ကြည်ညိုလာအောင် (အပ္ပသန္နာနံ ပသာဒါယ)၊ ကြည်ညိုပြီးသူတွေ ပိုပြီးကြည်ညိုလာအောင် (ပသန္နာနံ ဘိယျောဘာဝါယ) ဆိုတဲ့ မူရှိများနှင့်အညီ စည်းကမ်းများချမှတ်ထားခဲ့သည်။ မဟာဂန္ဓာရုံဆရာတော်ကြီးရှိစဉ်က အချိန် စာရေးသူ၏ ရုပ်ရည်မျိုးဆိုရင် ထိုကျောင်းတိုက်ထဲ နေခွင့်ရဖို့ လွယ်မည်မထင်။ ယခု စာရေးသူ နေသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာလဲ အကျင့်စာရိတ္တအပြင် ရုပ်ဆင်းအင်္ဂါကိုပါ ကြည့်ပြီးမှ လက်ခံသည်။ တနှစ်သော အခါက ၂၀၀၆ ခုနှစ်ကထင်သည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဆောင်နေခွင့် သံဃာများ ရေးဖြေနှင့် အင်တာဗျူးများ ၀င်ကြရသည်။ ထိုဝင်ခွင့်ရသူတို့မှာလဲ ၇ ၀ါအတွင်း အစိုးရဓမ္မာစရိယပြီးပုဂ္ဂိုလ်များ ဖြစ်ရပါမည်။ ထိုနှစ်က ရဟန်းတော်တစ်ပါး ရေးဖြေအောင်သော်လည်း အင်တာဗျူးမှာ ကျရှုံးသွားသည်၊ ရေးဖြေမှာတော့ အရည်အချင်းကို စမ်းသပ်သည်၊ အင်တာဗျူးမှာတော့ အင်္ဂါရုပ်နှင့်စာရိတ္တကို စမ်းသပ်သည်၊ ထိုကျရှုံးသွားသော ရဟန်းတော်မှာ စာတော်ပေမဲ့ လက်မောင်းတစ်ခုလုံးမှာ ဆေးမှင်ကြောင်များ ထိုးထားသဖြင့် မြင်ရ ကြည့်ရသည်မှာ ပသာဒမဖြစ်လှသဖြင့် ကျရှုံးသွားခြင်းဖြစ်သည်။ တခါက ရုပ်ရှင်မင်းသား မင်းမော်ကွန်း ဒုလ္လဘ (ခေတ္တ)ရဟန်းပြုရာကာလတွင် တကိုယ်လုံး ဆေးမှင်ကြောင်အရုပ်များဖြင့် အပေါ်ဝတ်ရုံသင်္ကန်းမပါဘဲ ဓာတ်ပုံရိုက်ပြီး အင်တာနက်စာမျက်နှာ အပေါ်ရောက်လာသည်။ သာသနာချစ်သူ သာသနာကို လေးစားသူများကား ဤဆေးမှင်ကြောင်တို့ဖြင့် သာသနာတော်အတွက် မသင့်တော် ပသာဒမဖြစ်လှသဖြင့် ၀ိုင်းဝန်းကန့်ကွက်ကြသည်။ ထိုမင်းသားလဲ သူဟာ အပျော်သဘောဖြင့် သူငယ်ချင်းတွေနဲ့ အတူ ဆေးမှင်ကြောင်းထိုးကြောင်း သာသနာတော်ကို စော်ကားတာ မဟုတ်ကြောင်း တောင်းပန်သည်။ ဤကား သာသနာအတွက် အပ္ပသန္နာနံ ပသာဒါယ ဆိုတဲ့ မူအရေးကြီးကြောင်း ဖော်ပြလိုက်ခြင်းပဲ ဖြစ်သည်။

သာသနာ့ဘောင်တွင်းဝင်လာသူများ

မြတ်ဗုဒ္ဓသည် သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင်ပြီး နောက်ပိုင်း ဘုရားရှင်၏ခွင့်ပြုချက်ကြောင့် အရှင်သာရိပုတ္တရာအမှူးရှိသော သံဃာတော်များသည် နေရာဒေသအသီးသီးသို့ လှည့်လည်ကာ သာသနာပြုရင်း သာသနာ့ဘောင်အတွင်း ၀င်လိုသူများကို ၀င်ခွင့်ပြုခဲ့သည်။ သံဃာထုကြီး ကြီးကျယ်လာတာနဲ့အမျှ သာသနာ့ဘုန်းကံ သံဃာ့ဘုန်းကံကြောင့် သာသနာကို ကြည်ညိုသူ ထောက်ပံ့သူ မင်းပရိသတ်ရော လူပရိသတ်ရော ဘာသာခြား ပရိသတ်ရော အုံလိုက် ကျင်းလိုက် ၀င်ရောက်လာကြသည်။ နောက်ပိုင်း အနာကြီးရောဂါသည်တွေ၊ အစားအစာငတ်မွတ်ခေါင်းပါးသော သူတွေ၊ အကြွေးယူပြီး ပြန်မဆပ်နိုင်သူတွေ၊ လူသတ်ဝရမ်းပြေးတွေ သူခိုးဓားပြ၊ လူလိမ် လူညာနှင့် အချောင်သမားတွေပါ သာသနာတော်ထဲ စိမ့်ဝင်လာသောကြောင့် ဘုရားရှင်သည်လည်း သာသနာတော်၏ အသရေကို ကာကွယ်လိုသဖြင့်၎င်း သာသနာအတွင်းနေထိုင်သူတို့ ချမ်းသာရေးကိုသော်၎င်း မကြည်ညိုသေးသူများ ကြည်ညိုလာအောင် ကြည်ညိုသူများဆတိုး ကြည်ညိုလာနိုင်အောင်စတဲ့ ရည်ရွယ်ချက်များဖြင့် တဆင့်ပြီးတဆင့် ဥပဒေအသစ်သစ်များ ပညတ်တော်မူလာခဲ့ရသည်။ ထိုကဲ့သို့သော သာသနာတော်ကို ညစ်နွမ်းစေမည့်ပုဂ္ဂိုလ်များ ၀င်ရောက်လာသောအခါ သာသနာဘောင်တွင်းဝင်သူတို့၏ အရည်အချင်း သက်မှတ်ပေးသည့် စည်းကမ်းဥပဒေတော်များကိုလည်း တဆင့်ပြီးတဆင့် ထုတ်ရတော့သည်။

ပဏ္ဍုပ်ရဟန်း
ထိုသို့သာသနာထဲ ၀င်ရောက်သူတွေတွင် မိန်းမလျှာ သို့မဟုတ် အခြောက် နပုံးပဏ္ဍုပ်လဲ ပါလာသည်။ ထိုပဏ္ဍုပ်သည် ရဟန်းဘောင်ရောက်သော်လည်း အငြိမ်မနေဘဲ ပဏ္ဍုပ်တို့သဘာဝ ကာမဂုဏ်ကိစ္စဖြေဖို့ရန် လူရှာရတော့သည်။ ပထမတော့ ရဟန်းတော်တွေထံ ချဉ်းကပ်ပြီး ပဏ္ဍုပ်တို့သဘာဝ ဖြစ်ချင်သော အလိုဆန္ဒကို တောင်းသည့်အခါ ရဟန်းတော်များ ပြင်းပြင်းထန်ထန်ပြောပြီး မောင်းထုတ်သည်၊ ဒီလိုနှင်ထုတ်ခံရပေမဲ့ မလျှော့သေးဘဲ အရပ်မောင်းကောင်းကောင်း တောင့်တင်းခိုင်မာသည့် ကိုယ်ကာယရှိသည် ကိုရင်ကြီးများ (မောဠိဂလ္လ-သာမဏေရ) ထံ ချဉ်းကပ်ပြီး ပဏ္ဍုပ်တို့သဘာဝ ကာမဂုဏ်အာပြေရန် တောင်းဆိုပြန်သည်။ ထိုကိုရင်ကြီးများ၏ မောင်းထုတ်ခြင်းကိုလဲ ခံရပြန်သည်။ သို့သော်လည်း ဇွဲကား မလျှော့သေး။ ဆင်ထိန်း မြင်းထိန်းတွေ ကပ်ပြန်သည်၊ ထိုဆင်ထိန်း မြင်းထိန်းတွေကတော့ လူဝတ်ကြောင်များဖြစ်သည့်အားလျော်စွာ ထိုပဏ္ဍုပ်ရဟန်းများ တောင်းဆိုသည့် ကိစ္စကို ဖြေရှင်းပေးလိုက်ပြီး သာသနာတော်မှာ ဒီလိုပုဂ္ဂိုလ်တွေ ရှိရကောင်းလားဆိုပြီး ပြစ်တင် ရှုံ့ချပါတော့သည်။ ထိုအရေးကို ဘုရားထံရောက်သော အခါ ပဏ္ဍုပ်၊ လိင်နှစ်မျိုးပါသည့် ဥဘတောဗျဉ်းတို့ကို ရဟန်းပြု မပေးရ၊ အကယ်၍ မသိ၍ ပြုပေးခဲ့မိသော် အသွင်ကိုဖျက်ပြီး လူထွက်စေရမည်ဟု ပညတ်တော် ထုတ်ခဲ့သည်။

ထို့ကြောင့် ရဟန်းမခံထိုက်သော ပုဂ္ဂိုလ် ၃၂ ယောက်တွင် ကိုယ်အင်္ဂါ ချို့တဲ့နေသောသူများ အပါအ၀င် ပဏ္ဍုပ်များပါသည်။ ရဟန်းခံရာတွင် သိမ်အတွင်းမှာပဲ ရဟန်းမပြုသေးမီ စစ်ဆေး (examination) ခြင်းအမှုပြုရသည်၊ ထိုမေးစစ်ရာမှာ အသက် ၂၀ ပြည့်ပြီလော၊ အနာကြီး ၅ မျိုးရောဂါမရှိသူ၊ အကြွေးကင်းသူ၊ မင်းခယောက်ျားမဟုတ်သူ၊ လူသားစင်စစ်ဖြစ်သူ၊ ယောက်ျားစင်စစ်ဖြစ်သူများ မှန်ကန်ရဲ့လား စတဲ့ မေးခွန်းများ မေးရပါသည်။ ထိုပြဿနာများ ပြေလည်မှသာလျှင် ရဟန်းပြုခွင့်ရသည်။ ထိုသို့စစ်ဆေးမေးရာတွင် ယောက်ျားစင်စစ် ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းသည် ပဏ္ဍုပ် ဥဘတော့ဗျဉ်းများကို ရည်ရွယ်၍ မေးသည်။ ဤကား သာသနာတော်ကြီး ကျက်သရေဆောင်အတွက် အလွန်စနစ်ကျသော ရဟန်းခံနည်းဖြစ်သည်။

နောက်တစ်ခု ပဏ္ဍုပ်နဲ့ ပတ်သက်ပြီး သူ့သားရဟန်းတော်တွေကို အထူးမှာထားသည့် စကားရှိသည်၊ သီလမြဲချင်ရင် သီလကို ညိုနွမ်းစေနိုင်သော နေရာများကို မသွားရ၊ ဒါကိုပဲ အဂေါစရဟု ခေါ်သည်၊ ထိုအဂေါစရများက ‘‘ အပျိုကြီးဂေဟာ ပြည့်တန်ဆာ လင်ကွာ မုဆိုးမ၊ ပဏ္ဍုပ် ဘိက္ခုနီ ဤငါးလီ၊ ကျွမ်းမီ မ၀င်ရ’’ ငယ်ငယ်က ရဖူးတဲ့ ဆောင်ပုဒ်လေးဖြစ်သည်။ ရဟန်းမ, ပဏ္ဍုပ်, လင်ယောက်ျားမရှိသော အိမ်, အပျိုကြီး အိမ်နှင့် ပြည့်တန်ဆာ အိမ်များကို ခဏခဏ မသွားသင့်ဟု ရဟန်းတော်များအတွက် အဂေါစရ ဟု ဆိုထားသည်။

စာရေးသူနဲ့ ပဏ္ဍုပ်

စာရေးသူအတွေ့ကြုံတစ်ခု ပြောပြပါမည်။ စာရေးသူသည် ပုံမှန်အား အင်တာနက်ကို အမြဲအွန်ထားလေ့ရှိသည်၊ ဖေ့ဘုတ်ရော၊ ဂျီမေးလ်၊ ဂျီတော့ခ်၊ vzo, skype အားလုံးဖွင့်ထားမြဲဖြစ်သည်။ တခါတော့ ကောင်းလေးတစ်ယောက်လို့ ပြောကြပါစို့။ စာရေးသူကို လာမိတ်ဆက်သည်၊ ထိုင်းနိုင်ငံက ဖြစ်သည်။ ထိုင်းအများစုက အင်္ဂလိပ်အားနဲပေမဲ့ အဲဒီကောင်လေးကတော့ အင်္ဂလိပ်စာ တော်တော်ကောင်းသည်။ ပြောရင်းပြောရင်းကနေ အရှင်ဘုရား ဘန်ကောက်ကိုလာခဲ့ပါ တပည့်တော်ပြုစုပါ့မည် ဟု ပြောသည်။ စာရေးသူလဲ ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ အဟုတ်မှတ်နေမိသည်။ ကြာလာတော့ မောင်မင်းကြီးသားက ဇာတိရုပ်ပြလာသည်၊ ဖွတ်ထွက်မှ တောင်ဘို့မှန်းသိ ဆိုသလိုပဲ၊ စာရေးသူလဲ တော်တော်လေး စကားပြောဖြစ်လိုက်မှ၊ သူဟာ အခြောက် gay မှန်းသိသွားသည်။ နောက် သူက အရှင်ဘုရားကို ပင်ပန်းတာတွေ ပြေပျောက်အောင် massage လုပ်ပေးမယ်၊ ဒီအထိ မဆိုးသေးဘူး၊ အရှင်ဘုရား အ၀တ်မပါဘဲ လုပ်ပေးရမှာလား အ၀တ်ဝတ်ပြီးတော့လားဆိုပြီး နောက်ပိုင်း စကားက ရှက်စရာ စကားတွေအဆင့် ရောက်လာတော့မှ။ အော်-- ဒီကောင် အခြောက်ပဲဟဆိုပြီး block ပြစ်လိုက်ရသည်။ ပဏ္ဍုပ်ရဲ့အန္တရာယ်ဆိုတာ အဲဒါပါပဲ။ ဒါ့ကြောင့်ဘုရားက ပဏ္ဍုပ်အိမ်သည် ရဟန်းတော်တွေအတွက် အန္တရာယ်ဖြစ်ရာ အဂေါစရဟု ဆိုထားသည်။

အပျိုကြီးများ
ငယ်ငယ်က ထိုဆောင်ပုဒ်လေးကို ခဏခဏ ဆိုပြီး စဉ်းစားခဲ့ဖူးသည်၊ ရဟန်းတော်များ အပျိုကြီးအိမ် မသွားရဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသည်။ မှန်ပါသည်၊ အများအမြင်မှာ သံသယဖြစ်စရာ လူကဲ့ရဲ့စရာ ဖြစ်နိုင်သည်။ သို့ပေမဲ့ စာရေးသူ ငယ်ငယ်က နေခဲ့ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ကျောင်းအမ အများစုသည် အပျိုကြီးများဖြစ်ကြသည်၊ စာရေးသူနေခဲ့သော ကျောင်းဆောင်အလှူရှင်ကိုက ၀ါးတန်းက ရွှေကုန်သည် အပျိုကြီးဖြစ်သည်။ စာသင်တိုက်တွေ၊ ရိပ်သာတွေမှာ ကိုးကွယ် ဆည်းကပ်၊ လှူဒါန်းနေကြသူများကလဲ အပျိုကြီး အများစု ဖြစ်သည်။ သူတို့ကို ကျောင်းအမဟုသော ဂုဏ်ထူးအပြင် ကောမာရဗြဟ္မစရိယ ကျင့်သူများဟု ဂုဏ်တစ်ခု ထပ်တိုးပေးရပါလိမ့်မည်။ ငါးပါးသီလ တွင် ကာမေသု မိစ္ဆာစာရအစား အဗြဟ္မစရိယ သိက္ခာပုဒ်ကို အစားထိုး ကျင့်သူများဖြစ်သည်။ ၀ိသာခါ၊ ခေမာ၊ ဥပ္ပလ၀ဏ်၊ ပဋာစာရီ၊ ကိသဂေါတမီ၊ မဟာမာယာဒေ၀ီ၊ ယသော်ဓရာ တို့သည် ကိကိမင်းကြီး၏ သမီး ၇ ဖော်များ ဖြစ်ခဲ့ပြီး ကောမာရဗြဟ္မစရိယအကျင့်ကို အနှစ် ၂ သောင်း ကျင့်ခဲ့ကြသည်ဟု ဆိုသည်။ ဘာသာရေးအမြင်နဲ့ ပြောရရင် ထိုကဲ့သို့ပြောရမည်၊ နိုင်ငံရေးရှုထောင့်နဲ့ပြောရရင်တော့ လူဦးရေကို လက်တွေ့ကျကျ ထိန်းနိုင်သော သူရဲကောင်းများဟု ခေါ်ရမည်ထင်သည်၊ ppppppppppp။ ဘာပဲပြောပြော သာသနာအတွက် အကျိုးများသူများ ဖြစ်ကြသည်။

ဥပဇ္ဈာယ်ဆရာ အရည်အချင်းသက်မှတ်

နောက်တစ်ခုက သာသနာတွေအတွက် အလွန်အရေးကြီးသည့် သူတစ်ယောက်ရှိပါသေးသည်။ ရဟန်းခံပေးမည့် ဥပဇ္ဈာယ်ဖြစ်သည်။ သာသနာ့ဘောင်တွင်းဝင်လာသူများကို လက်ခံပြီး ရဟန်းပြုပေးသော တချို့ ဥပဇ္ဈာယ်ဆရာများ အရည်သွေးနိမ့်မှုကြောင့် သာသနာအတွက် ညစ်နွမ်းမှုများဖြစ်လာရပြန်သည်။ ထို့ကြောင့် လက်ခံသူများလည်း သက်မှတ်ထားသည့် အရည်အချင်းပြည့်ရမည်ဟု ဥပဒေအသစ်များ ပေါ်လာပြန်သည်။ ယနေ့ မြန်မာနိုင်ငံအတွင်းမှာပင် တချို့နေရာတွေမှာ ကျောင်းထိုင်ဟု သက်မှတ်ထားသော ရဟန်းတော်သည် ဘုရားဥပဒေတော်များကို ကောင်းကောင်းနားမလည်ဘဲ ဥပဇ္ဈာယ်လုပ်ကာ ရဟန်းပြုနေရသည်။ ဘုရားလက်ထက်ကတည်းက ဒီအဖြစ်အပျက်တွေ ရှိသောကြောင့် ‘‘ ဆယ်ဝါ ပြည့်တင်း ၀ိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ ခန္ဓက၀တ်’’ စသည်ဖြင့် ထိုဥပဇ္ဈာယ်သည် သို့မဟုတ် ကျောင်းထိုင် ဆရာတော်သည် ဆယ်ဝါပြည့်ရမည်၊ ဘုရားဥပဒေတော်ကြီးကို နားလည်ရမည်၊ ကံကြီးကံငယ်အကြောင်း သိထားရမည်၊ ၀ိနည်းငါးကျမ်းလာ မဟာဝါ စူဠ၀ါမှ လာသော ၀တ်ကြီးဝတ်ငယ်အကြောင်းများကိုလဲ လေ့လာပြီး ဖြစ်ရမည် ဟုသော အရည်အချင်းများ ပြည့်စုံရမည်ဟု သက်မှတ်ထားခဲ့သည်။ ဒါကိုပဲ ဗျတ္တ ပဋိဗလ ဟုခေါ်သည်၊ အရည်အချင်းနှင့်အရည်အသွေး ရှိသူလို့ခေါ်သည်။

ထို့ကြောင့် မြတ်ဗုဒ္ဓက သူ၏သာသနာသည် အပြစ်ကင်း ဖြူစင်ပြီး ဂုဏ်ရှိ အသရေရှိရမည်ဟုသော ရည်ရွယ်ချက်ဖြင့် အပြစ်တစ်ခုပေါ်လာတိုင်း ဥပဒေအသစ်သစ်များ တိုးတိုး ပညတ်ခဲ့ရာ ကုဋေကိုးထောင်ကျော်အထိပင် ဖြစ်လာသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၈-၂၀၁၁

11 August 2011

သီတဂူဆရာတော် (အမေရိက)

သံဃဝိဟာရ သြဝါဒါစရိယ သီတဂူဆရာတော်ကြီးသည် ယခုအခါ လန်ဒန်မြို့တွင်ရောက်ရှိနေပြီဖြစ်ပြီး၊ သြဂုတ်လ (၉) ရက်နေ့ ညနေ ၁၆း၂၀ နာရီတွင် ဖလော်ရီဒါပြည်နယ် မီယာမီလေဆိပ်သို့ဆိုက်ရောက်လာမည်ဖြစ်သည်။
သီတဂူသံဃဝိဟာရတွင် (၅) ရက်ကြာ သီတင်းသုံးလျှက် သာသနာရေးဆိုင်ရာ လုပ်ငန်းများကို စီစဉ်ညွှန်ကြားလုပ်ဆောင်သွားမည်ဖြစ်သည်။

ဤသီတဂူသံဃဝိဟာရ၌ပင် သြဂုတ်လ (၁၂) ရက် သောကြာနေ့ ည (၇း၃၀) နာရီအချိန်တွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားပေးမည်ဖြစ်ပြီး နောက်တစ်ရက် သြဂုတ်လ (၁၃) ရက် စနေနေ့ ညနေတွင် တက္ကဆက်သို့ ရွှေစည်းခုံစေတီတည်ရန် ဆက်လက်ကြွတော်မူမည်ဖြစ်သည်။
သီတဂူဆရာတော်ကြီးနှင့်အတူ သံဃဝိဟာရကျောင်းထိုင်ဆရာတော်လည်း ဗီဇာကိစ္စများပြုလုပ်ရန်အတွက် တက္ကဆက်သို့လိုက်ပါသွားမည်ဖြစ်သည်၊ ပြန်လာမည့်ရက်ကို လုပ်ငန်းအခြေအနေပေါ်မူတည်ပြီး အသိပေးသွားမည်ဖြစ်သည်။

အားလုံးသော သာသနာ့ဒါယကာ ဒါယိကာမများ သီတဂူဆရာတော်ကြီး ကြွရောက်နေစဉ်အတွင်း ဖူးမြော်ကြည်ညိုနိုင်ရန်နှင့် ဆွမ်းစသော အလှူကောင်းမှုများ ပြုခွင့်ရနိုင်စေရန် မေတ္တာဖြင့် အသိပေးအပ်ပါသည်။

ဤနေရာမှ ကူးယူဖော်ပြသည်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၈-၂၀၁၁

07 August 2011

အမျိုးသမီးနှင့်ဘုန်းကံ


စာမိတ်ဆက်
ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင် မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာ ယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လိုတိုင်းတာရမလဲဘုရား။ ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။ မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရ မတက်ရဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။
အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကို ဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။

ထိုမေးခွန်း၏အာဘော်
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။ နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မ၀င် မဖြတ်ရဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေကတော့ လက်ခံနေကြတယ်။

နံပါတ် (၂)ကတော့ အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြရအောင်။

စာရေးသူအမြင်များ

နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက်ရ မ၀င်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေ ရှိနေပါတယ်။ ဘုရားဟောမဟုတ်၍ ထေရ၀ါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ်ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသလဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်းကမ်းသက်မှတ်ခဲ့လေရော့လား၊ ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင် အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ဘုရားရှင်၏သားတော်များ မွေးဖွားပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။

မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မ၀င်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုးသမီးများ ၀င်ထွက် သွားလာနေသည်တို့ကို ထောက်ဆလျှင် ထိုရိုးရာအစဉ်အလာလက်ခံမှုသည် စဉ်းစားစရာဖြစ်လာသည်။ သက်တော်ထင်ရှားဘုရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ၀င်ထွက် သွားလာခွင့်ပြုရသေးတာပဲ ဘုရားရှင်အားရည်စူးပြီးကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများကိုက ဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ၀င်ရင် တက်ရင် မိုးကြိုးပြစ်သည်တဲ့၊ တကယ် ၀င် တကယ်တက်ကြည့်တော့ မိုးကြိုးမပြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီးအောင် ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။

အမျိုးသမီးနှင့်သိမ်
တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီးများကို သိမ်ထဲမ၀င်ရဟု ထင်နေကြသည်၊ ၀င်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့တာပါ၊ ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။

ရာဇဂြိုဟ်မြို့သိမ်
ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦးရေ ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။ ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်သည်။ သိမ်ထဲ ၀င်ခြင်းကြောင့် ဘာမှ မဖြစ်ပါဟု ယူဆပါသည်။ သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။

တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မ၀င်ရခြင်းသည် အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။ တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီးရဟန်းမများ ထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီး ရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊ သူတို့ကိုယ်တိုင် ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်း မဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။ အမျိုးသမီးများနှင့်ဘုန်းကံအကြောင်း ဆက်လက် ဆွေးနွေးကြမည်။

အမျိုးသမီးများနှင့်ဘုန်းကံ
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန် ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါ အကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view) အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိလာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းကို စာပေမှာ ပြဆိုထားတဲ့ စကားအချို့နဲ့ တင်ပြရပါလိမ့်မည်။

အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။ သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်)ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်လေ။
တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျ သူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်ကွယ်သွားပြီး အမျိုးသမီးအင်္ဂါပေါ်ပေါက်လာခဲ့သည်၊ (ဓမ္မပဒအဋ္ဌကထာ သောရေယျဝတ္ထု)။ တခါက ရဟန်းမတစ်ယောက်သည်လည်း အမျိုးသမီးအင်္ဂါများ ပျောက်ကွယ်သွားပြီး အမျိုးသားအင်္ဂါများပေါ်ပေါက်လာသည်၊ ဘုရားရှင်အားလျှောက်ထားသောအခေါ ဘုရားရှင်က ရဟန်းတော်များ နေသောကျောင်းသို့ ရွှေ့ထားပေးခဲ့ရဖူးသည်။ (ပါရာဇိကဏ်ပါဠိတော်-၄၃)။
ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီး ဓမ္မသင်္ဂဏီအဋ္ဌကထာက ဤကဲ့သို့ဆိုထားသည်၊ ‘‘အမျိုးသား လိင် သည် မြတ်၏ (ဥတ္တမ)၊ အမျိုးသမီးလိင်သည် ညံ့၏ (ဟီန)ဟု ဆိုထားသည်။ သောရေယျသူဋ္ဌေးသားကဲ့သို့သော အမျိုးသား လိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အလွန်အားကောင်းသော အကုသိုလ် (ဗလ၀ အကုသလ) အစွမ်းကြောင့် ဖြစ်သည်။ အမျိုးသမီးလိင်အင်္ဂါ ရရှိခြင်းသည်ကား အနဲငယ်သော ကုသိုလ် (ဒုဗ္ဗလ ကုသလ) အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ တဖန် အထက်ပါ ဘိက္ခူနီမကဲ့သို့ အမျိုးသမီးလိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အနဲငယ်သော အကုသိုလ် (ဒုဗ္ဗလ အကုသလ) အစွမ်းကြောင့် ဖြစ်သည်၊ အမျိုးသားလိင်အင်္ဂါပေါ်ပေါက်လာခြင်းသည် အလွန်စွမ်းအားကြီးသော ကုသိုလ် (ဗလ၀ ကုသလ) ကြောင့် ဖြစ်သည်ဟု ပြထာသည်။ အကျဉ်းချုပ်သော် ၂ မျိုးလုံး ကွယ်ပျောက်ခြင်းသည် အကုသိုလ် အနဲအများကြောင့် ဖြစ်သလို ပေါ်ပေါက်လာရခြင်းကလဲ ကုသိုလ် အနဲအများကြောင့် ဖြစ်ရသည်။

ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက် အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့် အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့်အတွက် ဘုန်းကံလဲ နဲသည်ဟု ဆိုရပေမည်။ ဘုန်းကံဆိုသည်မှာ ကုသိုလ်ကံကိုဆိုလိုပါသည်။
အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသားများကဲ့သို့ ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြား ကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများသည် ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။

အမျိုးသမီးများအခွင့်အရေး

မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာ ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီးရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြသည်။ မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ၀င်ရောက်နိုင်သည် ဖြစ်ရာကား သာသနာမှာ အမျိုးသား အမျိုးသမီးအဆင့်တူဟု ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ၈ ပါးကား အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန် သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရမည်။ သာသနာတော်မှာ အခွင့်တူခံစားမှု ရှိသော်လည်း အမျိုးသားများကသာ ဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ်ခွင့်မရှိသော အရာများကား ရှိသေးသည်။
ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။
အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။

အမျိုးသမီးနှင့်အကုသိုလ်
ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည် ကုသိုလ်ကံကြီးသူများဖြစ်ပြီး အကုသိုလ်ကံ နဲသူများဖြစ်သည်။ ဘုန်းကံနဲခြင်းဆိုသည်မှာ ကုသိုလ်ကံနဲပါးခြင်းနှင့် အကုသိုလ်ကံ များပြားခြင်းဖြစ်သည်။

ဗလ၀ အကုသလ ၀သေန- များစွာသော အကုသိုလ်အစွမ်းကြောင့် အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်အဖြစ်များသလား? မေးစရာရှိလာသည်။
တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’ မေးလျှောက်သော အခါ ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။ (အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။

ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင်ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ်ဟုဆိုသည်၊ ထို ဣဿာအကြောင်းကို စာရေးသူ၏ဆိုက်တွင် လောကအဖျက်တရား အပိုင်း(၁)တွင် အကျယ်တ၀န့်ပြဆိုထားပြီး မစ္ဆရိယအကြောင်းကိုတော့ လောကအဖျက်တရား အပိုင်း (၂) တွင် ဖော်ပြီးဖြစ်ရကား ထိုပို့စ်များကို လေ့လာနိုင်ပါသည်။ ညပိုင်းတွင် အမျိုးသမီး ရာဂစိတ်ပိုဖြစ်တယ်ဟု ဆိုသည်။

စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူများကလဲ အမျိုးသမီးများပင်ဖြစ်သည်၊ စာရေးသူ၏ပညာရေးကို ထောက်ပံ့သူများကားလဲ အမျိုးသမီးက ခက်များများပင်ဖြစ်သည်။ ထို့ကြောင့် နတ်ပြည်မှာ နတ်သားတစ်ယောက် တစ်ဖတ် နတ်သမီး ၅၀၀ ဆိုတော့ နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်သည်။ ထိုသုတ်အဆိုအရ ထိုအင်္ဂါ၃ ရပ်ဖြင့် အဖြစ်များသူများကို ရည်ရွယ်သည်၊ အမျိုးသမီးအားလုံးကို မဆိုလို၊ ဖြစ်တတ်တဲ့သဘောကို ဆိုလိုသည်၊ ငရဲကျရောက်နေသော အမျိုးသမီးများကိုသာ ဆိုလိုပါသည်။ ငရဲကျရောက်တတ်တယ်ဟုဆိုသည်။ တော်ကြာ အမျိုးသမီးထုက ဒီလိုပြောရမလားဆိုပြီး စာရေးသူ ပါးစပ်ပေါက် ပိတ်သွားနိုင်သည်။ pppppppp..

နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်းရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည်ဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးဘ၀ကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘ၀ရောက်အောင် ကောင်းမှုပြု အမျိုးသားဘ၀ဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။ ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘ၀မျိုးများကို ရနိုင်မည်ဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘ၀တွေ များစွာရှိခဲ့သည်။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစတဲ့ သာဝကကြီးများသည်လည်း လူသားထက် ဘုန်းကံနိမ့်သည့် တိရစ္ဆာန်ဘ၀တို့ဖြင့် များစွာကျင်ခဲ့ရသည်တို့ကို ထောက်ဆ၍ ဘုရားဖြစ်ဖို့ သာဝကကြီးများဖြစ်ဖို့ ဘ၀အမျိုးမျိုး ဘုန်းကံအမျိုးမျိုးတို့ဖြင့် သံသရာကို ဖြတ်သန်းပြီးမှ ဘုရားအဖြစ်၊ သာဝကကြီးများအဖြစ်ကြရသည်ကို ထောက်ဆလျင် အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘ၀မှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများ မဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။
ဖေ့ဘုတ်မှာတင်ထားတဲ့ ချစ်စရာအမျိုးသမီးငယ်လေးများ၏ ဘုန်းကံ

ယနေ့ခေတ်အမျိုးသမီးများ
ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာ အမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာ ပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာ အမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။

ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမှာ အမျိုးသမီးများ နေရာယူလာသည်၊ တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြသည့်အတွက် ပြည်သူများ အလေးပေးဆက်ဆံရမည့် သူများဖြစ်လာကြသည့်အတွက် လုပ်ရည်ကိုင်ရည် နှလုံးရည်များ တန်းတူ ရှိလာနိုင်သည်ဟု ဆိုနိုင်ပါသည်။
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့် အမျိုးသမီးများကို အထင်မသေးသင့်။
ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင်သလောက် ဤမျှလောက်ဖြင့်စုစည်းတင်ပြလိုက်ရပါသည်။ ကျေနပ်မှုမရှိသေးပါက ရှေ့ဆက်ပြီး လေ့လာနိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၈-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes