သီတဂူစတား

သီတဂူစတား

04 April 2012

ဒီမိုကရေစီနှင့် တိုးတက်လာသော ပညာရေး

ဒီမိုကရေစီနှင့် တိုးတက်လာသော ပညာရေး (၁)

စာမိတ်ဆက်
ဒီကနေ့ အမေရိကမှာ နေတဲ့ မြန်မာဆရာဝန်တစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ်။ သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အလွန်စိတ်ဝင်စားသူ ယုံကြည်သူ၊ ဘာသာရေးစိတ် ပြင်းထန်သူ ဖြစ်သည်။ သူက စာရေးသူအား ဖေ့ဘုတ်မှ မိတ်ဆက်လာပါသည်၊ စာရေးသူအား မေးခွန်းများ မေးခွင့်ပြုရန် ခွင့်တောင်းသည်၊ စာရေးသူ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာ Ph.D အတွက် စာတမ်းရေးနေရာဝယ် ၀တ္ထုငွေ လှူချင်ပါသည် ဟုလဲ လျှောက်သည်။ စာရေးသူလဲ ‘‘ဒကာရေ-ဘုန်းဘုန်း ပြည့်စုံပါတယ်၊ ဒကာတို့ မိသားစုပဲ အဲဒီမှာ ပြည့်စုံအောင် နေကြပါ၊ ကျေးဇူးအထူးတင်ပါသည်’’ဟူ၍သာ ပြောပြလိုက်ပါသည်။ ဒီလိုနဲ့ အမေရိကရောက် မြန်မာနိုင်ငံသား ကလေးငယ်များအတွက် ဘာသာရေး၊ ယဉ်ကျေးမှုများအတွက် စိုးရိမ်ကြောင်းပြောပါသည်။ ထိုအကြောင်းအရာများနှင့် ယနေ့ခေတ်ဖြစ်သင့်သော ပညာရေးအကြောင်းကို တစေ့တစောင်း ပေါင်းစပ်ပြီး ‘‘ဒီမိုကရေစီနှင့် တိုးတက်လာသော ပညာရေး ’’ဟု အမည်ပေးပြီး ပို့စ်တစ်ခု ရေးလိုက်ရပါသည်။

ဒီမိုကရေစီနှင့် ဘာသာရေး
စာရေးသူကမေးတယ် ဒကာတို့ မိသားစုက မြန်မာပြည်ကို မပြန်တော့ဘူးလား၊ ပြန်မှာပေါ့ဘုရားတဲ့ ဒါပေမဲ့ အမေရိကမှာ အနှစ် ၂၀ တောင် နေရဦးမယ်တဲ့။ မွေးလာတဲ့ သားသမီးတွေက အဲဒီအချိန်ဆို ဘွဲ့တွေတောင် ရနေပြီဆိုတော့ မူလတန်းကနေ အဲဒီမှာ ကျောင်းစတက်ရမည့်သူတွေ အတွက် တခြားဘာသာဝင်တစ်ယောက် အနေနဲ့ အခက်တွေ့ရသည်။

အမေရိကန် နိုင်ငံသည် ဒီမိုကရေစီ အကြီးမားဆုံး နိုင်ငံလို့ ပြောမယ်ဆိုရသည်။ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်ဆိုပေမဲ့ အတိုင်းအတာ တစ်ခုထိသာ ဖြစ်သည်။ စာရေးသူလဲ အမေရိကကို မရောက်ဖူး၍ မသိပေမဲ့ ထိုဒကာလေး ပြောပြလို့ သိရသဖြင့် ကိုယ့်နိုင်ငံအတွက်ပါ စဉ်းစားမိသည်။ ဒီမိုကရေစီဘက်သို့ ချီတက်နေသော ကိုယ့်နိုင်ငံအတွက် စံနမူထားစရာ တစ်ခုအဖြစ် တွေးမိသည်။

အမေရိကန်နိုင်ငံရှိ ကောလိပ်ကစလို့ တက္ကသိုလ်တွေမှာ တခြားနိုင်ငံတွေကလို ဘာသာရပ်အလိုက် လွတ်လွတ်လပ်လပ် သင်ယူရပေမဲ့ ကောလိပ်အောက်က အတန်းတွေကိုတော့ သူတို့နိုင်ငံက ကိုးကွယ်တဲ့ ဘာသာရေးအခြေခံတွေကို မဖြစ်မနေ သင်ယူရပါတယ်။ မူလတန်းကထဲက သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရေးစာပေတွေ ထည့်ထားသည်။ မသင်မနေရ ဖြစ်သည်။ မနက်တိုင်း ဘုရားကျောင်းမှာ ၀တ်ပြုကြရသည်။

အမှတ်ပေးတဲ့ နေရာမှာလဲ သူတို့ဘုရားကျောင်းကို အကူပေးရင်၊ ၀တ်ပြုတာကို အကူပေးရင်၊ သူတို့ဘာသာရေး ဘုန်းကြီးတွေကို အကူအညီပေးရင် အမှတ်တွေ အများဆုံးပေ:သည်။ ကျောင်းစာအပြင် တခြား အပြင် ဘာသာရေးလှုပ်ရှားမှုတွေ အတွက်ပါ အမှတ်ပေးနေသည်။ အဲဒီနည်းအားဖြင့် ငယ်ငယ်ကထဲက သူတို့ဘာသာကို သံမှိုနှင့်ရိုက်ထားသလို စွဲသွားအောင် ဖန်တီးသည်။ ဘာသာရေးသံမှိုရိုက်ပေးနေသည်မှာ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သည်။

ကောလိပ်ကျောင်းတက်ဖို့ လျှောက်လွှာတင်ရင် တခြားဘာသာဝင်တွေဆို ကျောင်းကောင်းမရ။ သူက ဆက်ပြောတယ် ‘‘ပိုဆိုးတာက စကော်လာရှ်ပဲ၊ တပည့်တော် ကိုယ်တိုင် တစ်ခါကြုံဖူးတယ်။ ဘွဲ့လွန်တက်ချင်လို့ စကော်လာရှ်ဝင်ဖို့ လုပ်တယ်။ နှစ်ယောက်ယှဉ်တော့ တပည့်တော်ကိုမေးတယ်။ ဘာ ဘာသာကိုးကွယ်လဲတဲ့။ တပည့်တော်က ဗုဒ္ဓဘာသာလို့ ပြောလိုက်တယ်၊ သူက ဆက်မေးတယ်၊ ချက် (Church) ကျောင်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဖူးလဲ၊ ဘာမှ မလုပ်ဖူးဘူး ပြောလိုက်တော့ ပြုတ်တာပဲ။ ဒီနိုင်ငံမှာပေးနေတဲ့ အကောင်းစား စကော်လရှ် မှန်သမျှ ဘာသာရေးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ကြတာချည်းပဲ ဘုရား’’ ဟု ပင်ဖြစ်သည်။

ဒီလိုဆိုတော့ ငယ်ငယ်ကထဲက ဘာသာရေး အသိတွေကို စာသင်ကျောင်းကပေးတဲ့ နည်းစနစ်ပဲ။ ဒီမိုကရေစီကြီးဖြစ်သော နိုင်ငံသည်ပင် ဤကဲ့သို့ နိုင်ငံ၏ပညာရေးကို ဘာသာရေးအသိဖြင့် အစပြုထားသည်။
နောက်တစ်ခု ထိုဒကာလေးက ပြောသေးတယ်၊ ‘‘တပည့်တော် သူငယ်ချင်းရဲ့ သမီးလေးဟာ ဗုဒ္ဓဘာသာဖြစ်တာကြောင့် ကျောင်းမှာ ဘာသာရေးသင်ခန်းစာဖြေရင် အမြဲကျတယ်။ သူမ ကို်ယ်တိုင်စိတ်မ၀င်စားတာဆိုတော့ ခုဆိုရင် သူမကို တခြားဘာသာမှာ ထူးချွန်ပေမယ့် ဘာသာရေးမှာ အားနည်းတာကြောင့် ကျောင်းမှာအတော်ဆုံးဆိုတဲ့ ဆုတံဆိပ်မရဘူး ဖြစ်နေတယ်ဘုရား’’တဲ့။ ကမ္ဘာ့အင်အားကြီးနိုင်ငံမှာ ဤကဲ့သို့သော စနစ်တွေက ဗုဒ္ဓဘာသာနိုင်ငံများတွင် သာသနာပြုလိုသည့် အရာရှိအရာထမ်းများနှင့် ဘာသာရေးခေါင်းဆောင်များအတွက် သတိထားစရာ အချက်တစ်ခုဖြစ်သည်။ ကိုယ့်နိုင်ငံမှာကော ဘယ်လို လုပ်သင့်သလဲ ဆိုတာ စဉ်းစားပြီး လုပ်သင့်လုပ်ထိုက်တာ အကောင်အထည်ဖော်ဖို့ သွေးမအေးသင့်တော့ဘူးဆိုတာကို မီးမှောင်းထိုးပြသွားသည်။

အခြေခံကောင်းသော ပညာရေး
ကောင်းတာလေးတွေကို ယူ၊ မကောင်းတာလေးတွေကို ဘေးဖယ်ထားပြီး အတုယူသင့်တာတွေကို အတုယူသင့်သည်။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များသည် ကိုယ့်ဘာသာရေးနှင့်ပတ်သက်ပြီး မိရိုးဖလာ အဆင့်လောက်သာ ရှိသည်၊ ကိုယ့်ဘာသာ မိဘ ဘိုးဘွားအစဉ်အလာအရ ကိုးကွယ်သူများသဖြင့် ဘာသာတရားရဲ့ သမိုင်းနှင့် အနှစ်သာရကို သိသင့်သလောက် မသိကျဘဲ ဖြစ်နေသည်။ ထိုသို့ ဘာသာတရားအသိနဲသောကြောင့် ဘာသာခြားတို့၏ အာဘောင်အာရင်းသန်သန်၊ ပုံစံကျကျ စွဲဆောင်မှုအောက်မှာ မျှောပါသွားတတ်သည်၊ ကိုယ့်ဘာသာအကြောင်းကို ဂဃနန မသိရင်တောင် အခြေခံသဘောလောက် သိနေတယ်ဆိုရင်ပဲ အားပြိုင် ပြောနိုင်ဆိုနိုင်သည်။

ထို့ကြောင့် ပညာရေးစနစ်ကို အခြခံတန်းကနေ ကောလိပ်အတန်းမ၀င်မီ ဥပစာတန်းများအားလုံးတို့၌ မိမိတို့နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ပြည်သူတို့ ကိုးကွယ်ရာ ဘာသာရေးအသိ စာပေများကို အဆင့်အလိုက် ပြဌာန်းသင့်သည်။ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်ဆိုပေမဲ့ ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာအောက်မှာ ရှိနေသဖြင့် ထိုဗုဒ္ဓဘာသာစာပေများကို မဖြစ်မနေ ပြဌာန်းသင့်သည်။ ထိုကဲ့သို့ ငယ်ငယ်ကထဲက ဘာသာရေးအသိ၊ ယဉ်ကျေးမှုအသိတွေ သူတို့လေးတွေရဲ့ ဦးနှောက်ထဲ ထည့်ပေးခြင်းဖြင့် အရွယ်ရောက်လာတာနဲ့အမျှ လွတ်လပ်စွာ တွေးခေါ်နိုင်ပြီး မိမိရဲ့ ယုံကြည်ချက်ကို ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာ ရဲရဲဝံ့ဝံ့ ပြောရဲဆိုရဲ ဆွေးနွေးရဲနိုင်ပါလိမ့်မည်။ ထိုကဲ့သို့ ယုံကြည်ချက်နှင့် သတ္တိများကို ငယ်စဉ်ဘ၀ကထဲက သူတို့နှလုံးသားထဲကို ထည့်ပေးနိုင်ခြင်းသည် အစိုးရ အခြေခံတန်းများ၌ ဘာသာရေးအသိနှင့် ယဉ်ကျေးမှုအသိပေး စာပေများကို ထည့်သွင်း ပြဌာန်းပေးခြင်းပဲ ဖြစ်ပါသည်၊ အခြေခံကောင်းသော ပညာရေးတစ်ခု ဖြစ်သည်။

ဆန်းဒေးစကူးလ် (Sunday School)
သီရိလင်္ကာနိုင်ငံ၏ ပညာရေးစနစ်သည် စာရေးသူတို့အတွက် စံနမူနာကောင်း တစ်ခုဖြစ်သည်။ ‘‘ယင်းဆန်းဒေးစကူးလ်ကို ၁၈၆၃-ခုနှစ်၌ အမေရိကန် နိုင်ငံသား ဟင်နရီအောဂတ်ဆိုသူက စတင်တည်ထောင်ခဲ့ရကား ယခုဆိုလျှင် နှစ်ပေါင်း ၁၄၆-နှစ် ရှိသွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီး များသည်ပင် ယင်းဆန်းဒေးစကူးလ်ကျောင်းဆင်းများ ဖြစ်ကြပေသည်။’’ ဟု သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆောင်းပါးမှ ဖော်ပြထားသည်ကို တွေ့ရသည်။
တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓစာပေ သမိုင်း ယဉ်ကျေးမှုများကို သင်ပေးသော ကျောင်းကို ဆန်းဒေးစကူးလ် ဟုအမည်ပေးထားသည်။ နိုင်ငံတော်အစိုးရက ပညာရေး အက်ဥပဒေအောက်မှာ ဖွင့်လှစ်ထားသော ကျောင်းဖြစ်သည် အလျောက် ထိုကျောင်းထွက်မှ ကျောင်းသား ကျောင်းသူများကိုသာ ဦးစားပေး၍ ကုမ္ပဏီများ အစိုးရရုံးဌာနများက အလုပ်ပေးကြသည်။ ထိုကျောင်းက ပေးလိုက်သော အောင်လက်မှတ် (certificate)သည် ရဲစခန်း ရပ်ကွက်ရုံးတို့မှ ထောက်ခံပေးသော အကျင့်စာရိတ္တ ကောင်းကြောင်း ပြစ်မှုကင်းရှင်းကြောင်း စာရွက်ထက် ပိုပြီး ခိုင်မာသည်၊ ယုံကြည်ရသည်။ ထိုကျောင်းထွက်များသည်၊ ယဉ်ကျေးသည်၊ သိမ်မွေ့သည်၊ ကိုယ်အမူရာ နှုတ်အမူရာများ မကြမ်းတမ်းကြဘဲ ဘာသာတရားကို လေးနက်စွာ ကိုင်းရှိုင်းကြသူများ ဖြစ်ကြသည်။

ဤနည်းသည်လည်း စာရေးသူတို့ နိုင်ငံတွင် အသုံးချသင့်သော စနစ်တစ်ခု ဖြစ်သည်။ အစိုးရအတန်းများတွင် ဗုဒ္ဓစာပေနှင့် ပတ်သက်သော သမိုင်း၊ ယဉ်ကျေးမှုများ၊ အသိပညာများကို ပြဌာန်းသင့်သည်၊ ဒါမှ မဟုတ် သီးသန့် ဆန်းဒေးစကူးလ်ကျောင်းများ နိုင်ငံအတွင်း နေရာအနှံ့အပြားမှာ အစိုးရ၏အကူအညီဖြင့် ဖွင့်လှစ်ကာ အစိုးရရုံးနှင့် ကုမ္ပဏီများက အားပေးသင့်သည်။ အားပေးသင့်သည် ဆိုသည်မှာ ထိုကျောင်းထွက်များကိုသာ ဦးစားပေးစနစ်ဖြင့် အလုပ်၊ နေရာ၊ ရာထူးများ ပေးသင့်သည်ဟုပင် ဖြစ်သည်။
ဤသို့အားဖြင့် ပညာရေးကို ဘာသာရေးစာပေများဖြင့် ထည့်သွင်းပြဌာန်းခြင်းတို့ကြောင့် လူငယ်များ ဘာသာရေးအသိသည် မိရိုးဖလာ ဘာသာရေးမဟုတ်ဘဲ ထိုဘာသာရေးနှင့်ပတ်သက်ပြီး တွေးတတ် ခေါ်တတ် စဉ်းစားတတ်သော ဘာသာတရား ယုံကြည်မှုရှိအောင် လေ့ကျင့်ပေးလိုက်သဖြင့် ယောင်ဝါးဝါး အသိ ယုံကြည်မှုမဖြစ်တော့ပေ။ သူ၏အသိသည် ဘယ်ဘာသာမဆို လေ့လာသင်ယူနိုင်သည်၊ ဘယ်သူဘယ်ဝါ ဘယ်ဘာသာကမှ သွေးဆောင်၍မရ၊ စဉ်းစားဆင်ခြင်တတ်သော အသိဖြင့် ယုံကြည် ထားသော ဘာသာတရားကို ဘယ်တော့မှ စွန့်လိမ့်မည်မဟုတ်၊ ငယ်ငယ်ကထဲက ဤနည်းဖြင့် စဉ်းစားဆင်ခြင်တတ်သော အသိဥာဏ်ကို သံမှိုရိုက်ပေးလိုက်ခြင်းကြောင့်ဖြစ်သည်။

နိုင်ငံခြားရောက် မြန်မာကလေးငယ်များ
ဒကာလေးက ‘‘ငယ်တုန်းကတော့ ပညာရေးအတွက် သွားချင်တာ၊ ရောက်တော့မှ ရပ်ပြစ်ရှစ်ပါးထဲက တစ်ပါးမှာ ရောက်နေသလိုပဲဘုရား။ သူများတွေပြောရင်တော့ USA မှာနေတာ ကံကောင်းလို့တဲ့။ တပည့်တော်ကတော့ ကံဆိုးတာပါဘုရား’’ ဟု ပြောရှာသည်။ လောကီစီးပွားရေးနဲ့ တွေးပြန်တော့လဲ ရုပ်ဝတ္ထုတွေ ချမ်းသာတဲ့ နိုင်ငံဆိုတော့ သူ ကံကောင်းတယ်လို့ ပြောတဲ့သူတွေအတွက် ဟုတ်မှာပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက်တော့ သူရဲ့မျိုးဆက်သစ်လေးတွေကို သူ့ရဲ့ ဘာသာတရားနှင့်ယဉ်ကျေးမှုကို လက်ဆင့်ကမ်းဖို့ အခက်တွေ့ရပြန်သည်။ သူကပြောတယ် ‘‘မွေးလာမယ့် သားသမီးတွေက ဘာပဲပြောပြော မြန်မာနိုင်ငံထက်စာရင် ဘာသာရေးအရ အဆုံးအမနဲတော့မှာကို တွေးမိရင် စိတ်မချမ်းသာပါဘူးဘုရား။ တပည့်တော် နောင်တအရဆုံးဖြစ်မှာက တပည့်တော်တို့ ကိုးကွယ်ယုံကြည်တဲ့ ရတနာသုံးပါးကို တပည့်တော် သားသမီးတွေကို အမွေမပေးနိုင်မှာကိုပဲဘုရား’’ဟု ပြောသည်။ ဟုတ်တယ်၊ အဲဒါ အမှန်ပင်ဖြစ်သည်။
ဒကာလေးရဲ့စကားက ပြည်ပသာသနာပြုဆဲ ပြုလတံ့သော ရဟန်းတော်များအာ ကိုယ့်ဗုဒ္ဓဘာသာ မျိုးဆက်သစ်လေးတွေအတွက် ဘာလုပ်ပေးသင့်လဲဆိုတာကို ပြောပြနေပါသည်။

ကလေးငယ်များဖွံ့ဖြိုးရေး (Childhood Development)
အမေရိကရှိ မြန်မာနိုင်ငံသား ကလေးတွေနှင့်ပတ်သက်ပြီး ဒကာလေးက ‘‘တပည့်တော်ကိုယ်တိုင်မှာ ကလေးတွေမရှိသေးပေမယ့်လို့၊ တပည့်တော် ဒီမှာ ယဉ်ကျေးလိမ္မာ သင်တန်းလိုမျိုးလုပ်နိုင်င်အောင် ကြိုးစားနေပါတယ်ဘုရား၊ တပည့်တော်အမြင်ကို တင်ပြပါရစေဘုရား၊ တပည့်တော်တို့ဘာသာရေးမှာ Childhood Development ကို ကျွမ်းတဲ့သူတွေ နည်းတယ်ဘုရား။ ဒီတော့ တပည့်တော်တို့ ဘာသာရေးကိုယ်တိုင်က လေးနက်နေတော့ ကလေးတွေကိုယ်တိုင် နားမလည်လောက်ဘူး၊ ကလေးတွေကို အမြင့်ကြီးတွေ ပြောနေရင် သူတို့တွေ လန့်ထွက်ကုန်တယ်။ တခြားဘာသာတွေမှာကျတော့ သူတို့ဘုရားကို ကလေးတွေကိုသင်ရင် သူတို့လက်ခံနိုင်လောက်တဲ့ ဇာတ်ကောင်လောက်နဲ့ ယှဉ်ပြောတာတွေ့ရတယ်။’’ ဟု သူ၏ အမြင်ကို ပြောသည်။

အမှန်ပင်ဖြစ်ပါသည်၊ စာရေးသူတို့ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်က ခန္ဓာဇာတ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်သည်၊ ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ရန် မဂ်အကြောင်း ဖိုလ်အကြောင်းနှင့် တန်ခိုးပါဝါလို့ ခေါ်တဲ့ ဈာန်အကြောင်း၊ အဘိဥာဉ်အကြောင်းတွေသည် အလွန်နက်နဲသည်၊ အလွန်သိမ်မွေ့သည်၊ သိနိုင် မြင်နိုင်ဖို့ ခက်ခဲသည်။ ထို့ကြောင့် ကလေးတွေကို စိတ်ဝင်စားစေနိုင်တဲ့ ဘုရားမဖြစ်မီ ဖြတ်သန်းခဲ့ရတဲ့ ဘုရားလောင်းဖြစ်တော်စဉ်များနှင့် ဘုရားရှင်၏သမိုင်း ဘုရားဖြစ်တော်စဉ်များကို အတုယူမှတ်သားလောက်အောင် ပြောပြသင့်သည်။ ထိုမှ တိုးတက်၍ မင်္ဂလသုတ်လာ မင်္ဂလာအကြောင်းတွေ၊ သိင်္ဂါလသုတ်လာ လူအချင်းချင်း အပြန်အလှန် လေးစား လိုက်နာရမည့် လူမှုရေးကျင့်ဝတ်များကို နားလည်အောင် ပြောပြခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်အမူရာ (လှုပ်ရှားမှု) နှုတ်အမူအရာ (အပြော) တို့ နုးညံ့သိမ်မွေ့လာနိုင်သလို ရတနာ သုံးပါး မိဘ ဆရာတို့၏ ကျေးဇူးတရားကို သိတတ်နားလည်သူများ ဖြစ်လာပါလိမ့်မည်။

ကျောင်းတက်ရင်း တခြားဘာသာရေး ယဉ်ကျေးမှုတွေနဲ့ ယဉ်ပါး ရင်းနှီးလာသော ကလေးများကို မိမိတို့ ဗုဒ္ဓဘာသာ၏ ရိုးရာ ယဉ်ကျေးမှုများ၊ ဘာသာရေးလုပ်ငန်းများကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ၊ အသံဖိုင်စသော အထောက်ကူပြုတို့ဖြင့် ရင်းနှီးအောင် လုပ်ပေးသင့်သည်။ ကလေးငယ်များသည် သိချင်တာတွေ များသဖြင့် မေးမြန်းထူပါလိမ့်မည်၊ ထိုအခါ စိတ်ရှည်လက်ရှည် ရှင်းပြဖို့လိုသည်။
သူကပြောသေးတယ် ‘‘ခက်တာက ကလေးဆိုတာက တန်ခိုးတို့ ပါဝါတို့ ဆုတောင်းရင် ဘွားကနဲပေါ်တာလောက်ကိုသာ စိတ်ပါကြသည်’’ မြတ်ဗုဒ္ဓက သူ၏သာဝကတွေကို တန်ခိုးပါဝါများ မပြရဟု အမိန့်ထုတ်ထားသည်။ သို့ပေမဲ့ ဘုရားရှင်ကိုယ်တိုင် တန်ခိုးပြပြီး မာနတ်၊ အင်္ဂုလိမာလစသည်တို့အောင်တော်မူပုံတွေ၊ ဘုရားရှင် အမိန့်နဲ့ အရှင်မောဂ္ဂလာန်၏ တန်ခိုးပြ၍ နဂါးကြီးကို ဆုံးမပုံတွေ စသည်ဖြင့် များစွာရှိပါသည်။ လိုအပ်ပါက အသုံးချနိုင်ပါသည်။

ရဟန်းပညာရေး
ထိုသို့ လူဝတ်ကြောင် ကျောင်းသားများရဲ့ပညာရေးတွင် ဗုဒ္ဓစာပေများ ထည့်သွင်း ပြဌာန်းထားသင့်သလို ဗုဒ္ဓစာပေချည်း သက်သက် သင်ယူနေကြရသော ရဟန်းတော်များ၏ပညာရေးတွင်လည်း ခေတ်ပညာဟုဆိုသည် အင်္ဂလိပ်စာ သင်္ချာအတတ်ပညာများ အခြေခံအတန်းကစပြီး ထည့်သွင်းဖို့ အချိန်ကျရောက်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၄၀ ၀န်းကျင်ကထဲက တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက ပထမပြန်စာမေးပွဲ ပြဌာန်းစာများတွင် အင်္ဂလိပ်စာနှင့် သင်္ချာထည့်သွင်းပြဌာန်းဖို့ အဆိုတင်သွင်းခဲ့ဖူးသည်။ တိရစ္ဆာန၀ိဇ္ဇာဟု ဆိုကာ ပယ်ချခံရဖူးသည်၊ တိရစ္ဆာန၀ိဇ္ဇာဆိုသည်မှာ သူတစ်ပါးကို ထိခိုက်စေ၊ အကျိုးပျက်စေသော အတတ်ပညာဖြစ်သည်။ အင်္ဂလိပ်စာသည် လူတို့ အချင်းချင်းနားလည်လွယ်အောင် ဆက်စပ်ပေးသော မီဒီယာ ဘာသာစကားတစ်ခုဖြစ်သည်။ အင်္ဂလိပ်စာသည် တိရစ္ဆာန၀ိဇ္ဇာဟုဆိုလျှင် မြန်မာစာ မြန်မာဘာသာ၊ ပါဠိဘာသာ ပါဠိစကား၊ တရုပ်ဘာသာ တရုပ်စကား စသည်တို့သည်လည်း တိရစ္ဆာန၀ိဇ္ဇာဖြစ်သွားပါတော့သည်။

တခြားသော နိုင်ငံများက ရဟန်းတော်များထက် မြန်မာရဟန်းတော်များကား ပိဋကတ်အရာမှာ အဆများစွာ ကျွမ်းကျင်နိုင်နင်းပေမဲ့ တခြားဘာသာရေးတွေလောက် ကမ္ဘာကို မဖေါက်နိုင်ဘဲရှိနေသည်။ ဗုဒ္ဓဘာသာဖြစ်သည့် သီရိလင်္ကာလင်္ကာနိုင်ငံသည် ရဟန်းတော်အရေအတွက် အလွန်နဲသလို ပိဋက်တ်စာပေနှံ့စပ်မှုလဲ မြန်မာရဟန်းတော်များလောက် မရှိပေမဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုကြောင့် သီရိလင်္ကာမှ ရဟန်းတော်များ၏ ဗုဒ္ဓစာပေဆိုင်ရာ စာအုပ်ကျမ်းစာများက ကမ္ဘာပေါက်သည်၊ အင်တာနက် (အွန်လိုင်း)တွင် နိုင်ငံတကာသုံးအင်္ဂလိပ်စာပေဖြင့် ရေးသားထားသော စာအုပ်များရှာလျှင် သီရိလင်္ကာဆရာတော်များ ရေးသည့် စာအုပ်တွေနှင့် မဟာယာနကျမ်းစာတွေကိုပဲ အတွေ့များသည်။ ယခုနောက်ပိုင်းမှသာ မြန်မာရဟန်းတော်တစ်ပါးစ နှစ်ပါးစ ရေးသည် အင်္ဂလိပ်မူစာအုပ်များ အနဲငယ်တွေ့လာရသည်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ချင်သော နိုင်ငံခြားသားများ၊ ဘာသာခြားများနဲ့ မကြာမကြာတွေ့ရသည်၊ သူတို့ကမေးတယ် ‘‘ဘန္တေကြီး--ဗုဒ္ဓဘာသာဖြစ်ချင်ရင် ဘာတွေ သိထားရမလဲ၊ ဘယ်စာအုပ်တွေ ဖတ်ရမလဲ’’. ထိုသူတို့အတွက် ထေရ၀ါဒစစ်စစ် ဗုဒ္ဓဘာသာကောင်းတစ်ယောက် အကြောင်းကို စနစ်တကျ ရေးထားသည့် သီရိလင်္ကာက ဆရာတော်များ စာအုပ်ကိုပဲ ညွှန်းဆိုနေရသည်၊ မြန်မာရဟန်းတော်များနှင့် စာပေပညာရှင်များ ရေးသည့် စာအုပ်ရှိပေမဲ့ မြန်မာစာဖြင့် ရေးထားသဖြင့် အခက်တွေ့ရသည်။

ထို့ကြောင့်ဘာသာရေးကို ကျယ်ကျယ်ပျံ့ပျံ့ ဖြစ်စေဖို့ ကမ္ဘာ့ပေါင်းကူးဖြစ်သည့် အင်္ဂလိပ်စာသည် ယနေ့ခေတ်တွင် မဖြစ်မနေ သင်ကြားရတော့မည် ဖြစ်ခြင်းကြောင့် ရဟန်းတော်များ စာမေးပွဲများတွင် ပြဌာန်းဖို့ အချိန်ကျရောက်နေပြီ ဖြစ်သည်။
အပိုင်း (၂) ဖော်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၂-၂၀၁၂

26 March 2012

မွေးနေ့အလှူ (Happy Birthday)

ရှားရှားပါးပါး အလှူ အပိုင်း (၅)
စာမိတ်ဆက်
ဒီကနေ့ တန်ခူးလဆန်း (၃) မြန်မာ နှစ်၏ နှစ်အစလ (၂၅-၃-၂၀၁၂) တနင်္ဂနွေနေ့ ဖြစ်သည်။ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဋ္ဌေး သမီး မယဉ်သူဇာကျော်တို့က ထုံးစံအတိုင်း တစ်ပတ်ခြားပြီး ဘုံဘေမြို့၊ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့အား ဒကာ ဆွမ်းဟင်းများ လာကပ်သည်မှာ (၁၃) ကြိမ်လား (၁၄) ကြိမ်လား မသိ ဖြစ်သည်။ ဒီကနေ့တော့ အထူးဖြစ်သည်မှာ-လာမည့် (၂၈-၃-၂၀၁၂) နေ့ဆို ဒကာမကြီး ဒေါ်သန်းသန်းဋ္ဌေး၏ ၄၃ နှစ်ပြည့်မွေးနေ့ဖြစ်သလို မြန်မာပြည် ပြက္ခဒိန်၏ နှစ်ဆန်းလဲ ဖြစ်သည်။ ထို့အတွက် မွေးနေ့အလှူလဲ ဖြစ် မြန်မာနှစ်သစ်ကူးလဲ ဖြစ်သည်အတွက် မွန်ရိုးရာ သင်္ကြန်ထမင်း ဟင်းနှင့် ရွှေယဉ်အေးများ လာကပ်သည်။ ထို့ပြင် ပစ္စည်းလေးပါးအတွက် န၀ကမ္မအား တပါးလျှင် ရူပီ တစ်ထောင်ကျပ်စီ လှူဒါန်းသွားသည်။ မွေးနေ့ရှင် ဒကာမကြီး ဒေါ်သန်းသန်းအလှူအတွက် ဂုဏ်ပြုသော အားဖြင့် ဒါနနှင့်စပ်ဖွယ် ပို့စ်တစ်ခု ရေးဖို့ ဖြစ်လာပါသည်။ ထိုပို့စ်ကိုလည်း ပေတ၀တ္ထုလာ ဒါနအကြောင်း တစေ့တစောင်း ဟု အမည်တွင်စေပါသည်။

ဒါနအကြောင်း တစေ့တစောင်း
၁။ ခေတ္တူပမာ အရဟန္တော-
၂။ ဒါယကော ကဿကူပမာ-
၃။ ဗီဇူပမံ ဒေယျဓမ္မံ-
အလှူခံပုဂ္ဂိုလ်များသည် လယ်မြေနှင့်တူ၏ မြေဆီ မြေလွှာတို့ဖြင့် ကြွယ်ဝသော ကောင်းသော သြဇာရှိသော လယ်မြေထဲ မျိုးစေ့များ ကျဲချ စိုက်ပျိုးကြဲလိုက်လျင် အရွက် ဖားဖား အသီးကားကား အပွင့်အာအာနဲ့ ဖြစ်ထွန်းမှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း မျိုးစေ့ မအောင်ပြန်ရင်လဲ၊ သို့မဟုတ် စိုက်ပျိုးသူ လယ်သမား မကျွမ်းကျင်ပြန်ရင်လဲ အသီးအနှံ ရသင့်သလောက် ရမည်မဟုတ်။ မျိုးစေ့တွေလဲ အောင်၊ စိုက်ပျိုးသူ လယ်သမားလဲ ကျွမ်းကျင်ပေမဲ့ လယ်ယာမြေကောင်း မဟုတ်ပြန်လျင်လဲ ကြပ်တည်းကုန်းဖြစ်သည့်အတွက် ၃ တင်းကျဲမှ ၁ တင်းသာ ရသည့် လယ်မြေဖြစ်မည်။ ထို့ကြောင့် အရွက် ဖားဖား အသီးကားကား အပွင့်အာအာ အသီးအနှံများ ဖြစ်ထွန်းလိုပါလျင် ၁။ လယ်ယာမြေကောင်းဖြစ်ရခြင်း၊ ၂။ စိုက်ပျိုးသူ လယ်သမား ကျွမ်းကျင်မှု့ရှိခြင်း၊ ၃။ မျိုးစေ့ကောင်း ဖြစ်ခြင်း အချက်သုံးချက် ညီညွတ်စွာ ရှိနေရပါမည်။

၁။ ခေတ္တူပမာ အရဟန္တော-
အလားတူ-လယ်ယာမြေနှင့်တူသော အလှူခံပုဂ္ဂိုလ်က မစင်ကြယ် (အသုဒ္ဓ၊ အပရိသုဒ္ဓ) ဖြစ်နေလျှင်၊ ကိုယ်ကျင့်တရား မရှိလျှင် ထိုလယ်ယာမြေတည်းဟုသော အလှူခံ ပုဂ္ဂိုလ်မှာ စိုက်ပျိုးကြဲချ လှူဒါန်းလျှင် ‘‘၃ တင်းကျဲမှ ၁ တင်းသာ ရ’’ ဆိုတာမျိုး အကျိုးအမြတ် မရဘဲ အရှုံးရနိုင်သည်၊ အဆိပ်ပင် ရေလောင်းသလို အကျိုးမဲ့ပါလိမ့်မည်။ ကိလေသာ အညစ်ကြေးကင်းစင်သည့် သံဃာတည်းဟူသော လယ်ယာမြေကောင်းမှာ ကြဲချ စိုက်ပျိုးမှသာလျှင် ဒါန၏အကျိုး အသီးထွားထွား အပွင့်ကားကားများ ဖြစ်ထွန်းမှာ ဖြစ်သည်။
တခါက အလွန်ဆင်းရဲသော လယ်သမား မောင်ပုဏ္ဏတို့ ဇနီးမောင်နှံရှိခဲ့ဖူးသည်။ လယ်ထွန်နေသော မောင်ပုဏ္ဏအတွက် စားစရာယူလာသော ဇနီးသည် မယ်ဘဒ္ဒါတစ်ယောက် အရှင်သာရိပုတ္တရာ ဆွမ်းခံကြွလာခြင်းနဲ့ဆုံမိသည်။ ‘‘ မရှိလို့ မလှူနိုင်၊ မလှူနိုင်လို့လဲ မရှိ၊ ဒီအစားစာသည် ငါ့တို့အတွက် ဒီနေ့အတွက် ဒီတစ်ဘ၀စာအတွက်မျှသာ ဖြစ်သည်၊ အကယ်၍ အရှင်မြတ်အား လှူလိုက်ရင် တစ်သံသရာလုံးအတွက် ဖြစ်မည်’’ဟု အတွေးဝင်၍ ပါလာသော ခင်ပွန်းသည် မောင်ပုဏ္ဏအတွက် စားစရာတွေကို အရှင်မြတ်အား လှူလိုက်သည်။ လယ်ကွင်းထဲရောက်သော အခါ ခင်ပွန်းသည်အား အကျိုးအကြောင်း ပြောပြ၍ ‘‘မယ်ပြုသမျှ မောင်ကြည်ဖြူ’’ ဆိုတာလို ၀မ်းသာလွန်း၍ သာဓုခေါ်လိုက်ခြင်းကြောင့် လယ်သမားဇနီးမောင်နှံတို့သည် သူဆင်းရဲဘ၀မှ သူဌေးရာထူးအထိ ရသွားကြသည်။ အလှူခံဖြစ်သည့် ကိလေသာကင်းစင် ဖြူစင်သော အရှင်သာရိပုတ္တရာသည် ဖလသမာပတ်ဝင်းစားရာမှ ထလာအချိန်ဖြစ်ရကား အလွန်သန့်ရှင်းသော လယ်မြေဖြစ်သည်၊ ချက်ချင်းစိုက် ချက်ချင်း အသီး အပွင့် ထွက်လာမည့် လယ်ယာမြေကောင်း ဖြစ်လေသည်။

၂။ ဒါယကော ကဿကူပမာ-
အလှူပေးသူသည် လယ်သမားနှင့် တူသည်၊ စိုက်ပျိုးကျွမ်းကျင်ဖို့လိုသည်၊ စိုက်ပျိုး ကျွမ်းကျင်မှု မရှိလျှင် ပွင့်လာမည့် အပွင့် သီးလာမည့် အသီးတို့သည် ပိန်ဖျင်းပြီး သုံးမရဖြစ်မည်။ ကျွမ်းကျင်သည့် လယ်သမားနှင့်တူသော အလှူပေးပုဂ္ဂိုလ်တို့သည် ကံ၊ ကံ၏အကျိုးနှင့် ရတနာသုံးပါး၏ ဂုဏ်ရည်တို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့်လှူဒါန်းတတ်ရမည် (သဒ္ဓါ-ဒါန)။

အလှူဝတ္ထုကိုရော အလှူခံပုဂ္ဂိုလ်ကိုပါ တလေးတစား လှူတတ်ရသည် (သက္ကစ္စ-ဒါန)။

အချိန်အခါ အားလျော်စွာ လှူတတ်ရသည်၊ အစားအစာ လိုအပ်နေချိန် အစားအစာလှူဒါန်းခြင်း၊ အ၀တ်အစား လိုအပ်ချိန် အ၀တ်အစားလှူဒါန်းတတ်ရသည်၊ ဆေးလိုချိန် ဆေးလှူတတ်ရသည်၊ စသည် လိုအပ်သည့်အခါ လှူတတ်ရသည် (ကာလ-ဒါန)။

လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ရသည်၊ သန့်ရှင်းသောအလှူ အနှောင်ဖွဲ့ကင်းသော အလှူဖြစ်ရမည်၊ တချို့က ကိုယ့်ခင်အောင် ချစ်အောင် လှူတတ်သည်၊ တချို့ကတော့ ရုပ်ချောအောင် သူများအထင်ကြီးအောင် လာဘ်တစ်ခုခု ရအောင် လှူတတ်သည်၊ အကျိုးလိုလို့ ညောင်ရေလောင်းသည် အလှူမျိုးဖြစ်သည်။ သူတပါးထံမှ ဘာကိုမှ မမျော်လင့်ဘဲ လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ရသည်၊ အကျိုးလိုလို့ ညောင်ရေလောင်းဆိုတာမျိုး မဖြစ်စေရ၊ (အနုဂ္ဂဟိတစိတ္တ-ဒါန)။

ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကိုပါ မထိခိုက်စေဘဲ လှူတတ်ရသည်။ သူတစ်ပါးဂုဏ်ကို ချေဖျက်ပြီး ကိုယ့်ဂုဏ်ကိုမြှောက်လို၍ လှူဒါန်းခြင်းသည် သူတစ်ပါးကို ထိခိုက်စေသေည်။ သမင်မွေးဘိ ကျားစားဘိ ဆိုတာလို တစ်ယောက်ကို တစ်ယောက် အနိုင်လို၍ ဆုတောင်းမှားခဲ့သောကြောင့် ကြောင်နှင့်ကြက်၊ ကျားနှင့်သမင်၊ ဘီလူးမနှင့်လူမိန်းမ သံသရာမှာ တစ်လှည့်စီ အနိုင်ယူနေကြသည်။ မိမိ သူတစ်ပါးကို ထိခိုက်စေသော ဒါနမျိုးဖြစ်သည်။ ထိုကဲ့မဟုတ်ဘဲ ယုံကြည့်ချက်ဖြင့်ပင် ဆင်းရဲဒုက္ခအပေါင်းလွတ်လိုသော ဆန္ဒဖြင့် လှူဒါန်းတတ်ရသည် (အနုပဟစ္စ-ဒါန)။

ဤကဲ့သို့ လှူတတ်ခြင်းကြောင့် အကျိုးအမျိုးမျိုး ရသည်၊ (၁)သဒ္ဓါ-ဒါနကြောင့် ချမ်းသာ ကြွယ်ဝသည် ရုပ်ရေလှပသည်။
(၂) သက္ကစ္စ-ဒါနကြောင့် ချမ်းသာမည်၊ ကိုယ့်သြဇာ အရှိန်အ၀ါရှိမည်၊ သား သမီး အလုပ်သမား စတဲ့ သူတွေက ကိုယ့်စကားကို တသွေမတိမ်း နားထောင်ကြမည်။
(၃) ကာလ-ဒါနကြောင့် ချမ်းသာမည်၊ ဖြစ်လိုရာဘ၀ လိုတရ ဘ၀ရရှိမည်။
(၄) အနုဂ္ဂဟိတစိတ္တ-ဒါနကြောင့် ဖြစ်လေရာဘ၀မှာ ချမ်းသာသည့်အပြင် ကောင်းသည့် မွန်မြတ်သည့် အရာမှန်သမျှကို မြတ်နိုးခြင်း ခံစားရခြင်းဘ၀ ရရှိမည်၊ ထိုဒါနမျိုး ချို့တဲ့ခဲ့သော ကောသလတိုင်းက သူဋ္ဌေးတစ်ယောက် အလွန်ကြွယ်ဝ ချမ်းသာသော စည်းစိမ်တွေ မသုံးရက် မစားရက် ဖြစ်နေသည်၊ သူဋ္ဌေးဖြစ်ပေမဲ့ စားတော့ ဆန်အကြမ်း၊ ဆောင်းတော့ ထီးအစုတ်၊ ၀တ်တော့ အ၀တ်အဟောင်း၊ စီးတော့ ရထားအို ဖိနပ်အစုတ်၊ သူသေသွားသော် အမွေခံ သားသမီး၊ ဆွေမျိုးများမရှိ၍ မင်းဘဏ္ဍာအဖြစ် အသိမ်းပိုက်ခံရသည်။ ထိုဒါနမျိုးပါလာသူအတွက်တော့ ရောက်လေရာမှာ ကောင်းကောင်းစား ကောင်းကောင်းနေ ကောင်းကောင်းဝတ်စသည်ဖြင့် အကောင်းစားများဖြင့် ခံစားနေရတတ်သည်။
(၅) အနုပဟစ္စ-ဒါန ကြောင့် ချမ်းသာကြွယ်ဝမည်၊ မိမိပိုင် စည်းစိမ်များကို ရေကြီး၍လဲ မဖျက်စီးခံရ၊ မီးလောင်၍လဲ မပျက်စီး၊ ရေမျှော၍လည်း မပါနိုင်၊ သူခိုးဓားပြလဲ မခိုးနိုင်။ မချစ်မနှစ်သက်တဲ့သူတွေရဲ့ အနှောက်အယှက်ကလဲ လွတ်မည်၊ မင်းဘဏ္ဍာအဖြစ်လဲ အသိမ်းမခံရသဖြင့် သူတစ်ပါး အနှောက်အယှက်မှ လွတ်ကင်းမည်။ ရန်သူမျိုးငါးပါးအနှောက်အယှက်မှ လွတ်လိုလျှင် ထိုဒါနမျိုး လှူရသည်။
ဤသို့အားဖြင့် ကျွမ်းကျင်သော လယ်သမားနှင့် တူသော အလှူရှင်သည် ထိုကဲ့သို့ လှူတတ်ဖို့လိုသလို မိမိကိုယ်တိုင်ကလဲ သုဒ္ဓ-ပရိသုဒ္ဓ-စင်ကြယ်ဖို့လိုသည်။

၃။ ဗီဇူပမံ ဒေယျဓမ္မံ-
မျိုးစေ့ကောင်းမှ အသီး အပွင့်ကောင်းမည်၊ လယ်မြေကောင်းပြီး ကျွမ်းကျင်တဲ့ လယ်သမားဖြစ်ပေမဲ့ မျိုးစေ့က ညံ့နေရင် အသီးအပွင့်ကောင်း ထွက်ဖို့မဖြစ်နိုင်။ ထို့အတူပဲ မျိုးစေ့နဲ့တူသော လှူဖွယ်ဝတ္ထုသည်လည်း စင်ကြယ်ဖို့လိုသည်။ အလှူခံက သုဒ္ဓ-ပရိသုဒ္ဓ-စင်ကြယ်ပြီး ကောင်းမြတ်သော လယ်မြေဖြစ်ပေမဲ့ လှူဖွယ်ဝတ္ထုတည်းဟုသော မျိုးစေ့ မကောင်းတော့ ရသင့်သလောက် အကျိုး မဖြစ်ထွန်းနိုင်။ သမ္မာအာဇီဝဖြင့် ရအပ်သော အလှူဝတ္ထုဖြစ်ဖို့လိုသည်၊ ပါဏံ ဟန်တွာ (တွာနဲ့ဆင့်) ဒါနံ ဒေတိ-သူများအသက် သတ်ပြီး ဒါနကုသိုလ်ဖြစ်ပေမဲ့ ထိုအလှူဝတ္ထုက မစင်ကြယ်ရကား ရသင့်သလောက် ကုသိုလ်မဖြစ်၊ ခိုးယူခြင်း လုယတ်ခြင်းကြောင့် အလှူသည်လည်း ထိုနည်းတူစွာပဲ ပဋ္ဌာန်းတရားတော်အရ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်၏ ဟုဆိုပေမဲ့ အကျိုးကား မများနိုင်။ ထို့အတူ မလှူကောင်းသော ဒါနများ-- အလှူ-ဣတ္ထိဒါန-မိန်းမအလှူ၊ မဇ္ဇဒါန-အရက်အလှူ၊ သမဇ္ဇဒါန-ပွဲလမ်းသဘင်အလှူ၊ ဥသဘဒါန-နွားလားဥသဘအလှူ-တိရစ္ဆာန်အလှူ၊ စိတ္တကမ္မဒါန-မိန်းမရုပ်စသည် ခြယ်သထားသော ပန်းချီကားအလှူများဖြစ်သည်၊ ဒါန-စွန့်လွတ်နိုင်ပေမဲ့၊ အပုည- ကုသိုလ်ဟု မဆိုနိုင်တဲ့ အလှူမျိုးဖြစ်သည်။ အလားတူ မရှာကောင်းသော စီးပွားကား-လက်နက်ကုန်ကူး၊ အဆိပ် ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ သေရည်အရက်ရောင်းဝယ်ခြင်း၊ မံသ-အသားဟင်းအတွက် စီမံရန်တွက် အသားသတွာ ရောင်းဝယ်ခြင်းတို့မှ ရလာသော စီးပွားဥစ္စာတို့သည်လည်း မစင်ကြယ်ရကား မျိုးစေ့မကောင်းသော အလှူဝတ္ထုဖြစ်သည်။ ထို့ကြောင့်အလှူ၏ အကျိုးကောင်းဖြစ်ဖို့ရန်မှာ အလှူခံ၊ အလှူပေး၊ လှူဖွယ်ဝတ္ထုများ စင်ကြယ်ဖို့လိုကြောင်း လိုပါသည်။
ခေတ္တူပမာ အရဟန္တော၊ ဒါယကော ကဿကူပမာ။
ဗီဇူပမံ ဒေယျဓမ္မံ၊ ဧတ္တော နိဗ္ဗတ္တတေ ဖလံ။
ခုဒ္ဒကနိကာယ်၊ ပေတ၀တ္ထုလာ ခေတ္တူပမပေတ၀တ္ထု ကို အမှီပြုပြီး ဤပို့စ်ကို ဖန်တီးသည်။

ဆုတောင်းပဋ္ဌနာ
အလှူရှင်မိသားစု အထူးအားဖြင့် မွေးနေ့ရှင် ဒကာမကြီး ဒေါ်သန်းသန်းဌေးအား မွေးနေ့မှ သည် နှစ်များစွာ မိသားစုနဲ့အတူ ကျန်းမာ ချမ်းသာစွာဖြင့် ဘာသာ သာသနာအကျိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ရဟန်းတော်များက မေတ္တာပို့ ဆုတောင်းပေးနေပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၂

22 March 2012

ကျွန်တော်မျိုးကြီးက ဗုဒ္ဓဘာသာ စစ်စစ်ပါ


အပိုင်း (၂) ဗုဒ္ဓဘာသာ စစ်စစ်
ကျွန်တော်မျိုးကြီးက ဗုဒ္ဓဘာသာ စစ်စစ်ပါ

အပိုင်း (၂) မှာတော့ သူမမေးတဲ့ မေးခွန်းက ဗုဒ္ဒဘာသာ မြန်မာအစစ်ဆိုရင် ဘာအရည်ချင်းတွေနဲ့ ပြည့်စုံရမှာလဲ?

မေးတဲ့ မေးခွန်းတိုင်းက ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တာတွေချည်းပါပဲ။ သိပြီးသားဖြစ်ပေမဲ့ ပိုပြီးရှင်းသွားအောင်၊ ပိုပြီး တိကျအောင်နှင့် အခြားဗဟုသုတတွေပါ ရချင်လိုတဲ့ ရည်ရွယ်ချက်နဲ့ မေးခြင်းပဲ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ စစ်စစ်တောင် ရိုးရိုးဗုဒ္ဓဘာသာ စစ်စစ်မဟုတ်ဘူး၊ မြန်မာဗုဒ္ဓဘာသာ စစ်စစ်တဲ့၊ မြန်မာလို့ ထည့်ပြောလိုက်ခြင်းဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်လို့ ပြောဟန်တူပါသည်၊ မြန်မာလူမျိုး စစ်စစ်၏ ဗုဒ္ဓဘာသာကို ဆိုလိုတာမျိုးတော့ မဟုတ်လောက်ဘူးထင်သည်။ လူမျိုး အသားရောင် နိုင်ငံ မခွဲခြားဘဲ ဗုဒ္ဓဘာသာကို ယုံကြည်သူများ အကြောင်းကိုပဲ တင်ပြရပါလိမ့်မည်။

မှန်ပါသည်၊ စာရေးသူတို့ နိုင်ငံသည် ဗုဒ္ဓဘာသာနဲ့ပတ်သက်လျင် စာပေ (ပရိယတ်)ရော အကျင့်(ပဋိပတ်) ပါ အင်အားအကောင်းဆုံး နိုင်ငံဖြစ်သည်၊ ပရိယတ္တိနှင့် ပဋိပတ္တိ နှစ်ဌာနတို့၌ သံဃာတော်များ အင်အားတောင့်သည်၊ ထိုသံဃာတော်များကို ပံ့ပို့နေသော ဒကာ ဒကာမများသည်လည်း အင်အားကောင်းသည်။ သို့သော်လည်း လူဝတ်ကြောင် ဒကာဒကာမများဘက်မှာကား ဘာသာရေးအသိ အင်အား နဲနေသေးသည်ကို တွေ့ရသဖြင့် ထိုကဲ့သို့သော မေးခွန်းမျိုး ဖြစ်လာသည်။ ဗုဒ္ဓဘာသာ အင်အားအကောင်းဆုံး နိုင်ငံသည်၊ ဗုဒ္ဓဘာသာ စစ်စစ် ဟုတ်ရဲ့လား? ဟုသော မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ အကြောင်းကား- ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း မြတ်ဗုဒ္ဓအလို မဟုတ်သည့် ဘာသာရေးပွဲများ၌ တရုန်းရုန်း သွားလာ လှုပ်ရှားနေသည်ကို နေရာအနှံ့အပြား တွေ့နိုင်သည်။ ဘာသာရေးအသိပညာနဲလာတာနဲ့အမျှ ယောင်ဝါးဝါး ဗုဒ္ဓဘာသာနှင့် ကုလဗုဒ္ဓဘာသာ ခေါ် မိရိုးဖလာ ဗုဒ္ဓဘာသာတွေ များလာသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ စစ်စစ် သိဖို့ရန်နှင့် ဖြစ်ဖို့ရန် လိုအပ်သည်။

ဗုဒ္ဓဘာသာစစ်စစ်ဆိုတာကို မပြောမီ ဗုဒ္ဓဘာသာ ၅ မျိုးအကြောင်း အရင် သိထားဖို့လိုမည်။ ကုလပဗ္ဗဇ္ဇိတ ဘယာပဗ္ဗဇ္ဇိတ လာဘပဗ္ဗဇ္ဇိတ သဒ္ဓါပဗ္ဗဇ္ဇိတ စသည်ဖြင့် သာသနာ့ဘောင်အတွင်းသို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ၀င်ရောက်လာသလို ဗုဒ္ဓဘာသာအတွင်းသို့လည်း ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ၀င်ရောက်လာကြသဖြင့် ဗုဒ္ဓဘာသာ ၅ မျိုး ကွဲပြားလာသည်။
ရွေကျင်သာသနာပိုင် ဆရာတော်ကြီး (အပေါ်ပုံ) တောင်မြို့ မဟာဂန္ဓာရုံဆရာတော်များ (အောက်ပုံ)

ဗုဒ္ဓဘာသာ ၅ မျိုး
(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ
နံပါတ်တစ် ကုလ ဗုဒ္ဓဘာသာ
ကုလဗုဒ္ဓဘာသာ ဆိုသည်မှာ မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်သည်။ မိဘက ဗုဒ္ဓဘာသာ ဖြစ်တော့ မိရိုးဖလာ ဗုဒ္ဓဘာသာလို့ ပြောကြသည်၊ ဒါကိုပဲ ကုလဗုဒ္ဓဘာသာ ဟုခေါ်သည်။ ဘာသာရေးအကြောင်း ကောင်းကောင်းမသိ၊ အမေ အဖေက ဘုရားရှိခိုးခိုင်းလို့ ဘုရားရှိခိုးသူ၊ ဘုန်းကြီး ရဟန်းကိုလည်း အမေအဖေက ရှိခိုးခိုင်းလို့သာ ရှိခိုးနေရသည်၊ ဘာ့ကြောင့် ဘယ်ရည်ရွယ်ချက်ကြောင့် ရှိခိုးနေရသည်ကား မသိရှာ။ ရည်ရွယ်ချက်နှင့် အသိတရား မပါသော မိရိုးဖလာ ဗုဒ္ဓဘာသာကို ကုလဗုဒ္ဓဘာသာ ဟုခေါ်သည်။

နံပါတ်နှစ် လာဘ ဗုဒ္ဓဘာသာ
လာဘဗုဒ္ဓဘာသာဆိုတာ ရလိုတဲ့ ရည်ရွယ်ချက်နဲ့ ဗုဒ္ဓဘာသာ ဖြစ်လာသူ။ ဗုဒ္ဓဘာသာ ဖြစ်ရင် ဘာတွေခံစားရမည်၊ ဘာတွေ ရမည်ဟုသော ရလိုတဲ့ဆန္ဒဖြင့် ၀င်လာသူ။ အနေချောင်၍ ဗုဒ္ဓဘာသာထဲ ၀င်လာသူ၊ ဗုဒ္ဓဘာသာထဲ ၀င်လာရင် တစ်ခုခု ရမည်ဟုသော မျော်လင့်ချက်ဖြင့် ၀င်လာသူ။ ဘုရားကိုးကွယ်ရင် စီးပွားတိုးတက်မည်၊ လာဘ်ကောင်းမည်၊ သံဃာ ကိုးကွယ်ရင် အားကိုးစရာ တစ်ခုခု ရမည်ဟုသော မျော်လင့်ချက်ဖြင့် ကိုးကွယ်လာသူများကို လာဘဗုဒ္ဓဘာသာ မည်သည်။

နံပါတ် သုံး ဘယ ဗုဒ္ဓဘာသာ
ကြောက်လို့ ဗုဒ္ဓဘာသာ ၀င်လာသူ၊ ဘုရားကိုးကွယ်ရင် ဘေးဥပါဒ်မှ ကာကွယ်နိုင်မည်၊ စီးပွားရေးကျမှ စိုးရိမ်၊ အသက်အန္တရာယ်မှ စိုးရိမ်ခြင်းတို့ကြောင့်၎င်း၊ အပါယ်ငရဲစသည့် မကောင်းသော ဘုံသို့ရောက်မည်ကို ကြောက်သောကြောင့်၎င်း အစားဆင်းရဲ အနေဆင်းရဲမည့်ဘေး စသည်ဖြင့် အကြောက်တရားဦးစီးသော ကိုးကွယ်မှု ဗုဒ္ဓဘာသာသည် ဘယ ဗုဒ္ဓဘာသာမည်သည်။

နံပါတ် လေး သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါတရား အခြေခံ၍ ဘုရားကို ကိုးကွယ်သော သူသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာမည်၏၊ ဘုရားရှင်၏ဂုဏ်ကို ယုံကြည်ခြင်း၊ ထိုဘုရားရှင် ဟောသော ကံ ကံ၏အကျိုးတရား၊ မဂ်ဖိုလ် နိဗ္ဗာန်စသည်ဖြင့် တရားတော်များနှင့် တရားတော်များ၏ အကျိုးဂုဏ်တို့ကို ယုံကြည်ခြင်းနှင့် ဘုရားသာသနာ ထမ်းဆောင်ကြသည့် ဘုရားသားတော် သံဃာတော်များ၏ ဂုဏ်တော်များကို ယုံကြည်ခြင်းစသည်ဖြင့် သဒ္ဓါတရားဖြင့်တည်ဆောက်ထားသော ကိုးကွယ်မှုသည် သဒ္ဓါဓိကဗုဒ္ဓဘာသာမည်သည်။

နံပါတ် ငါး ပညာဓိက ဗုဒ္ဓဘာသာ
ယုံကြည်ရုံတင်မက ကိုယ်တိုင်လည်း သိပြီး ကိုးကွယ်ခြင်းသည် ပညာဓိက ဗုဒ္ဓဘာသာမည်သည်။ ဘုရားရှင်ဟောသည့် တရားထဲက လောက သဘာဝတရားတွေကို အရှိတရားအဖြစ် ကိုယ်တိုင်သိခြင်းမျိုးဖြစ်သည်။ ပရမတ္ထ အသိဖြစ်သည်။ ပညတ်အသိ (သဒ္ဓါ) မှ ပရမတ် အသိ ပညာဖြင့် ကိုးကွယ်ခြင်းသည် ပညာဓိက မည်သည်။ ထိုဗုဒ္ဓဘာသာ ၅ မျိုးကို အဆင့်အတန်းဖြင့်ခွဲသော် ၃ မျိုးဖြစ်လာသည်။
(မဟာဂန္ဓာရုံကျောင်းတိုက်က ဦးသူတော်လေးများ)

ဗုဒ္ဓဘာသာ အဆင့်အတန်း ၃ မျိုး
၁။ ဟီန ဗုဒ္ဓဘာသာ-အနိမ့်စားဗုဒ္ဓဘာသာ
၂။ မဇ္ဈိမ ဗုဒ္ဓဘာသာ -အလယ်အလတ်တန်းစား ဗုဒ္ဓဘာသာ
၃။ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာ -အထက်တန်းစား ဗုဒ္ဓဘာသာ
အထက်မှာ ပြဆိုထားသည့် နံပါတ် ၁-၂-၃ တို့သည် ဟီန ဗုဒ္ဓဘာသာ-အနိမ့်စားဗုဒ္ဓဘာသာ များ ဖြစ်သည်။
နံပါတ် ၄ သည် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ ရတနာသုံးပါးကို ယုံကြည်ခြင်းသည် မဇ္ဈိမ ဗုဒ္ဓဘာသာ -အလယ်အလတ်တန်းစား ဗုဒ္ဓဘာသာမည်သည်။ ဒါကိုပဲ ကမ္မဿကတာ သမ္မာဒိဋ္ဌိရှိသူဟု ဆိုသည်။
နံပါတ် ၅ ပညာဓိကဗုဒ္ဓဘာသာသည် ကမ္မဿကတာ သမ္မာဒိဋ္ဌိရှိယုံသာမက လောကသဘာဝ (ရုပ်တရား နာမ်တရား)တို့၏ အဖြစ် အပျက်ကိုလည်း သိသူ၊ သို့မဟုတ် နာမရူပ ပရိစ္ဆေဒဥာဏ် ရရှိသူတိုသည် အထက်တန်းစား ဗုဒ္ဓဘာသာများ ဖြစ်ကြသည်။
ဗုဒ္ဓဘာသာ စစ်စစ်
ဤသို့ဖြင့် ဗုဒ္ဓဘာသာ စစ်စစ်သည် ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံရမည်နည်း စစ်တမ်းကောက်သော် အလယ်လတ်တန်းစားနှင့် အထက်တန်းစားဗုဒ္ဓဘာသာ ၂ မျိုးသည်သာ ဗုဒ္ဓဘာသာ စစ်စစ်ဟု ဆိုနိုင်ပါသည်။
ဘုရားလက်ထက်က ပထမဆုံး ဗုဒ္ဓဘာသာ ဖြစ်လာသူတို့မှာ တပုဿနှင့်ဘလ္လိကာ ကုန်သည် ညီနောင် ၂ ယောက် ဖြစ်သည်။ ဘုရားဖြစ်ပြီး မကြာမီမှာ ထိုကုန်သည် နှစ်ယောက်သည် ဘုရားပွင့်သည်ဟု ကြားသိရသဖြင့် ဘုရားရှင်ထံရောက်လာကြသည်၊ ဘုရားတရားနာခွင့်ရသည်၊ တရားနာပြီး အဆုံးမှာ ဒွေဝါစိက သရဏဂုံဆောက်တည်ပြီး အဦးဆုံး ဗုဒ္ဓဘာသာ ဖြစ်သွားကြသည်၊ ရွှေတိဂုံစေတီတော်ကြီး ဘုရားဆံတော် ဌာပနာများသည် ထို ကုန်သည် ၂ ဦး၏ ကျေးဇူးကြောင့် ဖြစ်သည်ဟု သမိုင်းဆရာများက ဆိုထားကြသည်။
ဒွေဝါစိက သရဏဂုံဟူသည် ‘‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဘုရားကို ကိုးကွယ် ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ- တရားတော်မြတ်ကို ကိုးကွယ် ဆည်းကပ်ပါ၏’’ ဟု သရဏဂုံ ၂ ပါးကို သဒ္ဓါတရားဖြင့် ဆည်းကပ်သော ဗုဒ္ဓဘာသာများဖြစ်သည်။ ထိုအချိန်က သံဃာ မပေါ်ပေါက်သေး။ နောက်ပိုင်း အရှင်ကောဏ္ဍည စသော ပဉ္စ၀ဂ္ဂီ ၅ ဦး ရဟန္တာများ ပေါ်ပေါက်လာပြီးနောက် ယသ အမျိုးသားသည် ပထမဆုံးသော တေ၀ါစိက သရဏဂုံဖြင့် ဗုဒ္ဓဘာသာ ဖြစ်လာသည်။ ဗုဒ္ဓ ဓမ္မအပြင် သံဃံ သရဏံ ဂစ္ဆာမိ- သံဃာတော်အရှင်မြတ်များကို ကိုးကွယ် ဆည်းကပ်ပါ၏ ဟု သရဏဂုံ ၃ ပါးကို ယုံကြည်ခြင်းဖြင့် သဒ္ဓါဓိက ဗုဒ္ဓဘာသာဖြစ်ပြီး နောက်ပိုင်း ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်သွားသည်။

ဤသည်ကို ထောက်ဆ၍ ဗုဒ္ဓဘာသာစစ်စစ် ဟူသည် သဒ္ဓါတရားဖြင့် ရတနာ သုံးပါးကို ဆည်းကပ်ခြင်း ဖြစ်သည်။ ထို့ထက် အဆင့်မြင့်သော် ပညာဖြင့် ဆည်းကပ်ခြင်းသည် ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်သည်။ စာရေးသူတို့ မြန်မာလူမျိုးများကတော့ သရဏဂုံ ၃ ပါးနဲ့ ၅ ပါးသီလ မြဲရင် ဗုဒ္ဓဘာသာ စစ်စစ် ဟု ခံယူထားကြသည်။ ၅ ပါးသီလသည် ဗုဒ္ဓဘာသာဝင်ရော အခြားအခြားသော ဘာသာဝင်တွေပါ လိုက်နာသင့်သော လူ့ကျင့်ဝတ်တရားဖြစ်သည်။
(မှော်ဘီရွှေကျင်အစည်းအဝေးပွဲသို့ ရောက်လာကြသည့် နိုင်ငံခြားသားများ)

သဒ္ဓါဓိက ဗုဒ္ဓဘာသာနှင့် ပညာဓိကဗုဒ္ဓဘာ ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ?
လူငယ်ကလေးတွေရဲ့ နှလုံးသားထဲမှာရော ခေါင်းထဲမှာပါ ဗုဒ္ဓရဲ့ အဆုံးအမတွေ ရောက်ဖို့လိုသည်။ ဘယ်လိုနည်းနဲ့လဲ? သီရိလင်္ကာနိုင်ငံရှိ ဆန်းဒေးစကူးလ်(Sunday School)သည် အကောင်းဆုံး ပြယုဂ်တစ်ခုဖြစ်သည်။ ထိုးဆန်းဒေးစကူးလ်က လူငယ်တွေရဲ့ နှလုံးသားထဲ ခေါင်းထဲကို ဗုဒ္ဓစာပေများ ရိုက်သွင်းထည့်ပေးရာ ဌာနဖြစ်သည်။ လူတိုင်းနီးပါး ထိုဆန်းဒေးစကူးလ်ကျောင်းထွက်တွေ များသည်၊ လူငယ်လူကြီး ဘာသာရေးအသိပညာရှိကြသည်၊ သို့သော်လည်း ရဟန်းတော်များက ခေတ်ပညာများ တိုးထွက် သင်လာကြတော့ ပိဋကတ်စာပေအပိုင်းမှာ စာရေးသူတို့ နိုင်ငံရှိ မြန်မာရဟန်းတော်များထက်တော့ အားနဲသည်ကို တွေ့ရသည်။ အစိုးရ အသိမှတ်ပြုသော ထိုဆန်းဒေးစကူးလ်သည် နေရာရလာသည်၊ အစိုးရရုံးများ ကုမ္ပဏီများက ထိုဆန်းဒေးစကူးလ် လက်မှတ်ပါသော သူကို ဦးစားပေး လက်ခံသည်ဟု သိရသည်။

ထိုနည်းသည် အလွန်ထိရောက်သည်၊ မြတ်ဗုဒ္ဓ၏သာသနာတော်ကို တကယ်ယုံကြည်နိုင်အောင် အသိပညာပေးဖို့ လိုသည်၊ လူတိုင်း ထိုအသိပညာ ရဖို့ အစိုးရ၏ အကူအညီ လိုအပ်သည်။ ဆန်းဒေးစကူးလ် ကဲ့သို့ ပုဂ္ဂလိက ဗုဒ္ဓစာပေဆိုင်ရာ ဒီပလိုမာ သင်တန်းများ သို့မဟုတ် နိုင်ငံတော်ဗုဒ္ဓစာပေဆိုင်ရာ ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ကာ လူငယ်တိုင်း သင်ကြားနိုင်အောင် နိုင်ငံတော်က အသိမှတ်ပြုသင့်သည်။
အစိုးရ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်းရွေးချယ်ရာ၌ အကျင့်စာရိတ္တကောင်းမွန်ကြောင်းကို ရဲစခန်းမှ ထောက်ခံစာတောင်းမည့်အစား ထို ဗုဒ္ဓစာပေဆိုင်ရာဒီပလိုမာ သင်တန်းများက ပေးတဲ့ အောင်လက်မှတ်ကို တောင်းခံပါက ပိုထိရောက်မည်ဖြစ်သည်၊ ပိုက်ဆံပေးပြီး ရဲစခန်းက ပေးသော အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာသည် အတုမျှသာဖြစ်သည်၊ တကယ် စာရိတ္တကောင်း မကောင်း သူကိုယ်တိုင်နှင့် သူ့မိဘ အသိုင်းဝိုင်းကသာ ကောင်းကောင်းသိသည်၊ ထို တကယ် အကျင့်စာရိတ္တကောင်းကြောင်း ရွေးချယ်ဖို့ဆိုတာ အလွန်ခက်ခဲပါသည်၊ ဗုဒ္ဓစာပေဆိုင်ရာ ဒီပလိုမာ သင်တန်းများက ပေးသော အောင်လက်မှတ်သည်သာ ပိုမှန်ကန်နိုင်သည်။

လူငယ်တွေကို သဒ္ဓါဓိက ဗုဒ္ဓဘာသာနှင့် ပညာဓိကဗုဒ္ဓဘာ ဖြစ်ဖို့ ထိုနည်းက အကောင်းဆုံးဖြစ်သည်ဟု ယူဆမိပါသည်။ ထိုသင်တန်းကို တက်ဖူးသူတိုင်း ယောင်ဝါးဝါး ဗုဒ္ဓဘာသာ မဟုတ်တော့ပေ။
(ငယ်စဉ်ကထဲက ဘုရားနဲ့ ရင်းနှီးအောင် သံဃာနဲ့ ခင်မင်အောင် ဓမ္မနဲ့ မိတ်ဆွေဖြစ်အောင် ဤကဲ့သို့--)

ကျွန်ုပ် ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ပြီ
ကျွန်တော်မျိုးကြီး ဗုဒ္ဓဘာသာ စစ်စစ်ပါဗျလို့ ၀န်ခံနိုင်အောင် ဘာလိုအပ်လဲ? ဗုဒ္ဓကို ဘယ်လောက် သိလဲ? ဘယ်လောက် ယုံကြည်လဲ၊ ဓမ္မကို ဘယ်လောက် သိလဲ? ဘယ်လောက် ယုံကြည်လဲ? ဘုရားသား သံဃာဂုဏ်ကို ဘယ်လောက် သိလဲ၊ ဘယ်လောက် ယုံကြည်လဲ? သိသလောက် ဘယ်လောက် လိုက်နာနိုင်လဲ? ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်ပါ။

အကယ်၍ ----
(၁) ဘုရားရှင်၏ဂုဏ်တော်တွေကို ဥာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း။
(၂) တရားတော်၏ဂုဏ်တော်တွေကို ဥာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း။
(၃) သံဃာတော်အရှင်မြတ်တို့၏ဂုဏ်တော်တွေကို ဥာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း။
(၄) အရိယာတို့ နှစ်သက်မြတ်နိုးပြီး မကျိုးမပေါက်အောင် စောင့်ထိမ်းတဲ့ ငါးပါးသီလနဲ့ ပြည့်စုံခြင်းဟုသော အချက် ၄ခုနှင့်ပြည့်စုံသော် ကျွန်တော်မျိုးကြီးသည် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရုံမက သောတာပန်ဖြစ်ပြီဟု ကြွေးကြော်နိုင်သည်တဲ့။ (အင်္ဂုတ္တရနိကာယ)

ဤမျှဖြင့် မေးခွန်း ၂ခုလုံး ခြုံမိ ငုံမိသွားမည်ဟု ယုံကြည်ပါသည်၊ အကျဉ်းမျှ ဖော်ပြလိုက်ပေမဲ့ နားလည်နိုင်သည့် အခြေအနေမှာ ရှိသသည်ဟု ယုံကြည်ရပါသည်။။ မေးခွန်းများ မေးပေးသော စင်္ကာပူမှ ဒကာမလေး အား အထူးကျေးဇူးတင်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံအားလုံးကို အင်တာနက်စာမျက်နှာ ဖေ့ဘုတ်မှ ကူးယူပါသည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၁၁-၂၀၁၁

17 March 2012

ကိလေသာ ၃ မျိုးနှင့်မှတ်ဖွယ်

(ကိလေသာ ရှင်းခန်း)

ကိလေသာ ၃ မျိုးနှင့်မှတ်ဖွယ်

အမေး

ဘုန်းဘုန်း နေကောင်းလား။ ဘုန်းဘုန်း ၀ီတိက္ကမကိလေသာ၊ ပရိယုဋ္ဌာနကိလေသာ၊ အနုသယကိလေသာ အဲဒီ၃မျိုးကို အသေးစိတ်သိချင်လို့ ပြောပြပေးပါလား။ အရင်ကတော့နာဖူးတယ် အခုမေ့သွားပြီ။ နောက်တစ်ခုက ဗုဒ္ဒဘာသာ မြန်မာအစစ်ဆိုရင် ဘာအရည်ချင်းတွေနဲ့ ပြည့်စုံရမှာလဲ။

ရိုသေလေးစားစွာဖြင့်

စင်္ကာပူ ဒကာမ

---------

မေးသူက စင်္ကာပူမှ မြန်မာအမျိးသမီးတစ်ယောက်ဖြစ်သည်။ မေးထားတဲ့ မေးခွန်းက ၂ မျိုးဖြစ်ပါသည်၊ ကိလေသာ ၃ ပါးနှင့် ဗုဒ္ဓဘာသာ စစ်စစ်ဟူသည် ဟူသော မေးခွန်း နှစ်မျိုးဖြစ်သည်။ အပိုင်း ၁ ကိလေသာ ၃မျိုးကို ဦးစွာ တင်ပြပါမည်။
အပိုင်း (၁) ကိလေသာ ၃ မျိုး
ကိလေသာ ဆိုတာ

ညစ်နွမ်းစေတတ်သော သဘောတရားကို ကိလေသာဟုဆိုသည်၊ သတ္တ၀ါတို့၏ ပင်ကို စိတ်သည် အလွန်ဖြူစင်သည်၊ အပြင်ပအာရုံနှင့်ထိတွေ့သော အခါ ဧည့်သည် (အာဂန္တုက) အကုသိုလ်တို့၏ အစွမ်းကြောင့် ပင်ကိုဖြူစင်နေသော စိတ်သည် မည်းညစ်သွားသည်။ ထိုမည်းညစ်စေတတ်သော သဘောတရားကိုပင် ကိလေသာဟု ခေါ်သည်။ ကိလေသာ ၁၀ ပါးရှိသည်၊ ထိုကိလေသာ ၁၀ ပါးကို အပိုင်း ၃ ပိုင်းခွဲလိုက်သော အခါ ကိလေသာ အဆင့် ၃ မျိုးထွက်လာသည်။

၁။ အနုညံ့ဆုံး ကိလေသာ

၂။ သာမန်ကြမ်းတမ်းတဲ့ ကိလေသာ

၃။ အကြမ်းတမ်းဆုံး ကိလေသာ

၁။ အနုညံ့ဆုံး ကိလေသာဟူသည်

အနုညံ့ဆုံးကိလေသာဆိုတာ အနုသယ ကိလေသာကို ဆိုလိုသည်၊ အစမထင်သံသရာကထဲ့ ကိုယ့်သန္တာန်မှာ ကိန်းဝပ် တည်ရှိနေတဲ့ ကိလေသာဖြစ်သည်။ အလွန်သိမ်မွေ့သဖြင့် ပယ်ဖို့ရန် ခက်ခဲသည်။ အာရုံတစ်ခုခုနှင့် ထိတွေ့သော အခါ ထလာ (ပရိယုဋ္ဌာန) ဖို့ရန်နှင့် အားထုတ်ဖို့ရန် သို့မဟုတ် လွန်ကျူး(၀ီတိက္ကမ)ဖို့ရန် စောင့်ဆိုင်းနေသော ကိလသာသည် အနုသယသဘောဖြစ်သည်။ သူ့ကို ကိလေသာ မျိုးစေ့လို့လဲ ပြောလို့ရသည်၊ ကိုယ့်သန္တာန်မှာ ရှိနေမှန်းမသိ တည်ရှိနေတဲ့ ကိလေသာပဲ။ လွန်ကျူးမှုသို့လည်း မရောက် ထကြွလာခြင်းသို့လည်း မရောက်ဘဲ မီးခဲပြာဖုံးထားသလို သတ္တ၀ါတွေ ကိုယ်တွင်းသန္တာန် တည်ရှိခြင်းမျိုးဖြစ်သည်။ သတ္တကနိပါတ် အနုသယသုတ်မှာတော့ အနုသယ ၇ မျိုးပြဆိုထားသည်။ ကာမရာဂ အနုသယ၊ ပဋိဃ အနုသယ၊ မာန အနုသယ၊ ဒိဋ္ဌိ အနုသယ၊ ၀ိစိကိစ္ဆာ အနုသယ၊ ဘ၀ရာဂ အနုသယ ဟူပင်တည်း။

ပုထုဇဉ်တစ်ယောက်သည် ကိန်းနေသော ကိလေသာများ မထတဲ့အခါ မသောင်းကြမ်းတဲ့အခါ ကောင်းမှုပါရမီ ပြုနိုင်ကြသည်၊ သို့ပေမဲ့ မဂ်ဖြင့် မပယ်သတ်နိုင်သေးသရွေ့ ကိုယ်တွင်းသန္တာန်မှာကား ကိလေသာရှိနေဆဲပင်၊ ထိုကိလေသာကို အနုသယဟုခေါ်သည်။

ယမကအဋ္ဌကထာမှာတော့ အဘယ်သဘောကြောင့် အနုသယမည်သနည်း၊ သတ္တ၀ါတွေ သန္တာန်မှာ ကိန်းနေသောကြောင့်တည်း၊ အဘယ့်ကြောင့် ကိန်းနေသနည်း? မဂ်ဖြင့် မပယ်သတ်နိုင်သေးသော ကြောင့် အနုသယမည်သည်။ ဆိုလိုသည်မှာ ကာမရာဂ မပယ်သတ်နိုင်သရွေ့ ကာမရာဂ အနုသယရှိနေဦးမည်၊ အလားတူ ကျန်အနုသယများလည်း မပယ်သတ်နိုင်သေးသမျှ အနုသယကိလေသာ ရှိနေဦးမည်သာ။ စာပေမှာတော့ အနုရုပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇတိ- သင့်လျော်တဲ့ တစုံတရာအကြောင်း ရပြီးမှ ဖြစ်လာတဲ့ ကိလေသာကို အနုသယကိလေသာ ဟုဆိုသည်၊ အကြောင်းတစုံတရာ ရမှ ဖြစ်ပေါ်လာသောကြောင့် အနာဂတ် ကိလေသာလို့လဲ ခေါ်သည်။

၂။ သာမန်ကြမ်းတမ်းတဲ့ ကိလေသာ

သာမန်ကြမ်းတမ်းတဲ့ ဒုတိယအတန်းစား ကိလေသာကတော့ ပရိယုဋ္ဌာန ကိလေသာ ဖြစ်သည်။ ပရိယုဋ္ဌာန ၇ မျိုးရှိသည်။ ကာမရာဂ ပရိယုဋ္ဌာန၊ ပဋိဃ ပရိယုဋ္ဌာန၊ မာန ပရိယုဋ္ဌာန၊ ဒိဋ္ဌိ ပရိယုဋ္ဌာန၊ ၀ိစိကိစ္ဆာ ပရိယုဋ္ဌာန၊ ဘ၀ရာဂ ပရိယုဋ္ဌာန၊ အ၀ိဇ္ဇာ ပရိယုဋ္ဌာန၊ ဟူ၍ ၇ မျိုးကို ၀ိဘင်္ဂပါဠိတော်မှာ ပြဆိုထားသည်။

အနိစ္စ မမြဲခြင်းသဘောတရား၊ အသုဘ မတင့်တယ်ခြင်းသဘောတရားများကို ပွားများနေပါသော်လည်း ရာဂ-လိုချင်တပ်မက်မှုဖြစ်နေရင် ကာမရာဂ ပရိယုဋ္ဌာန မည်သည်။ (ပဉ္စပကရဏ အဋ္ဌကထာ)

သို့သော် ဤအနုသယ အမျိုးစားက ကိန်းနေရာကနေ ထလာခြင်းမျိုးဖြစ်သည်၊ ဥပမာ- မိမိက အနိစ္စ အသုဘ စသည် ရှုမှတ် ပွားများ နှလုံးသွင်းနေပေမဲ့ လှပတဲ့ အာရုံ အခြေအနေတစ်ခုနဲ့တွေ့သော အခါ သာယာမိသည် တပ်မက်မိသည်၊ လိုချင်မှု ဖြစ်လာသည်။ ဒါကိုပဲ ကာမရာဂ ပရိယုဋ္ဌာန ဟုခေါ်သည်။ ကျန် ပရိယုဋ္ဌာနကိလေသာများကိုလည်း ဤနည်းအတူ မှတ်လေ။

၃။ အကြမ်းတမ်းဆုံး ကိလေသာ

နောက်ဆုံးအဆင့် ကိလေသာကား အကြမ်းတမ်းဆုံး ကိလေသာ ဖြစ်သည်၊ ၀ီတိက္က ကိလေသာဟု ခေါ်သည်၊ ၀ီတိက္က-လွန်ကျူးခြင်း၊ ကိုယ် အားဖြင့်သော်၎င်း နှုတ်ဝစီအားဖြင့်သော်၎င်း လွန်ကျူးခြင်းဖြစ်သည်၊ ကိုယ့်သန္တာန်မှာ ကိန်းနေသော ကိလေသာတို့သည် ထလာရာမှ တဆင့် လွန်ကျူးခြင်း အဆင့်သို့ ရောက်ခြင်းပဲ ဖြစ်သည်၊ လောဘနဲ့ဆိုင်သော အနုသယ ဓာတ်ခံရှိသော သူတို့သည် လိုချင် မက်မော တပ်မက်မှုကနေ တဆင့် ကိုယ်အားဖြင့်သော်၎င်း နှုတ်အားဖြင့်သော်၎င်း ရအောင် အားထုတ်ခြင်းဖြစ်သည်။ အဒိန္ဒာဒါနကံမျိုး ကျူးလွန်တတ်သည်။ ထို့အတူ ဒေါသနှင့်ဆိုင်သော အနုသယဓာတ်ခံ ရှိသော သူတို့သည် ဒေါသ ဖြစ်စရာ အာရုံနှင့်တွေ့ပါက ငြင်းဆဲခြင်း၊ သတ်ဖြတ်ခြင်း၊ ဆဲဆို ကြိမ်းမောင်းခြင်း စတဲ့ လွန်ကျူးမှုများ ဖြစ်လာတတ်သည်၊ ပါဏာတိပါတကံမျိုးကို ဖြစ်စေတတ်သော ကိလေသာဖြစ်သည်။ ထိုလွန်ကျူးမှုမျိုးတို့ကို ၀ီတိက္ကကိလေသာ ဟုခေါ်သည်။ အနုသယအဆင့်ကနေ ထလာပြီ ကျုးလွန်းတတ်သော ကိလေသာ ဖြစ်သည်။

မှတ်လွယ်အောင် ချမ်းမြေ့ဆရာတော်ကြီး၏ ကိလေသာ ၃ မျိုး ကဗျာကို အောက်ပါအတိုင်း မှတ်လေ။

လွန်ကျူး ထကြွ စဉ်ကိန်းက သုံးဝ ကိလေသာ။

ကိုယ်နှုတ် နှစ်ဝ လွန်ကျူးထ ၀ီတိက္ကမကိလေသာ။

စိတ်တွင် ထကြွဖြစ်ပေါ်က ပရိယုဋ္ဌာန ကိလေသာ။

မဂ်မပယ်ရ စဉ်ကိန်းက အနုသယကိလေသာ။ (ချမ်းမြေ့ဆရာတော်)

တည်တောဆရာတော်ကြီးကတော့ ‘‘ အနုသယကိလေသာဆိုတာ ဥပါဒ်, ဌီ, ဘင် အားဖြင့် ထင်ရှားမဖြစ်ပေါ်ဘဲ အိပ်ပျော်နေတဲ့ ကိလေသာမျိုးကိုခေါ်တယ်။ ပရိယုဋ္ဌာန ကိလေသာ-ဆိုတာဟာ ဒွါရနှင့်အာရုံ တိုက်ကြုံမိပြီး အတွင်းသန္တာန်မှာ ထကြွသောင်းကျန်းလာတဲ့ ကိလေသာမျိုးကို ခေါ်တယ်။ အိပ်ပျော်ရာက နိုးလာတဲ့ ကိလေသာပေါ့။အဲဒီ ပရိယုဋ္ဌာန ကိလေသာက မိမိစိတ်အတွင်းမှာသာ သောင်းကျန်းထကြွလာတာဖြစ်လို့ အပြင်လူ အနေနဲ့ သိပ်မသိသာဘူး။ အကဲခတ်ကြည့်မှ သိသာတဲ့ ကိလေသာမျိုးပေါ့။ ၀ီတိက္ကမ ကိလေသာ-ဆိုတာက စိတ်အတွင်း သောင်းကျန်းရုံမကဘူး။ စိတ်မှာ မှီခိုတဲ့ ကိလေသာက စိတ်ကိုပါမက ခန္ဓာကိုယ်ကိုပါ နိုင်ပြီး လွန်ကျူးမိတဲ့ ကိလေသာမျိုးဖြစ်တယ်။
ဒီကိလေသာသုံးမျိုးဟာ ရုပ်အစဉ် နာမ်အစဉ်မှာ ကိန်းအောင်းတယ်’’လို့ ပြောသည်။

အယောင်ကောင်း

မြတ်ဗုဒ္ဓ၏တပည့်မ သောတာပန် ဓနဉ္စာနီ ပုဏ္ဏေးမသည် ခလုပ်တိုက်မိတိုင်း ယောင်တတ်သည်။ အယောင်ကောင်းဖြစ်သည်၊ ခလုပ်တိုက်မိတိုင်း ‘‘နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’’ ဟု ယောင်ပြီး ဘုရာရှင်၏ဂုဏ်တော်ကို ရှိခိုးပြီးရက်သား ဖြစ်သည်။ စာထဲမှာတော့ ဥဒါန်းကျူးသည်ဟုဆိုသည်။ ဥဒါန်းကျူးသည် ဖြစ်နိုင်ပါလိမ့်မည်၊ ယောင်ရမ်းပြီး ထွက်လာသော အာမေဋိတ်စကားသည် ဤမျှလောက် ရှည်လိမ့်မည်မဟုတ်။ ရှည်သည် တိုသည်ကား အရေးမကြီး၊ ယောင်ရမ်းသည်ဟု ဆိုလိုက်ကြစို့။

တချို့ကျ ခါးကို ထိလိုက်တာနဲ့ ‘‘ဗုဒ္ဓေါ’’ဟု ယောင်တတ်သည်၊ တချို့ကျပြန်တော့ မကြားကောင်းမနာသာ စကားထွက်လာသည်၊ တချို့ကျ ပါးစပ်က အသံမထွက်ဘဲ လက်ဖြင့် တခုခု လုပ်တတ်သည်၊ ယောင်ခြင်း အမျိုးမျိုးထဲမှ ဘုရားရှင်၏တပည့်မကတော့ အယောင်ကောင်းဖြစ်သည်၊ ကိုယ့်ရဲ့ အလေ့အထ၊ အလေ့ကျင့်တစ်ခု ဖြစ်ဟန်တူသည်။

တနေ့တော့ သူမသည် မိစ္ဆာဒိဋ္ဌိ အယူရှိသူ သူမ၏ အမျိုးသား ဘာရဒွါဇပုဏ္ဏာရဲ့ ရှေ့မှောက်မှာ ခလုပ်တိုက်မိပြီး ‘‘နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’’ ဟု ယောင်ပါလေတော့သည်၊ နဂိုက ဒေါသအနုသယ ဓာတ်ခံရှိနေသူ ဘာရဒွါဇပုဏ္ဏာသည် သူတော်ကောင်းအသံတည်းဟုသော အာရုံကြောင့် ပဋိဃ (ဒေါသ) ပရိယုဋ္ဌာန ကိလေသာ ထလာသည်။ ထို ပဋိဃ ပရိယုဋ္ဌာနမှ တဆင့် ‘‘ဟဲ့ အယုတ်ကောင်မ၊ ချော်လဲတာနဲ ကတုံးစုတ်ကို တမ်းတရသလား’’ဆိုပြီး ဆဲဆိုခြင်းဖြင့် ၀စီ-နှုတ်ဖြင့် ၀ီတိက္ကမကိလေသာ- လွန်ကျူးပါတော့သည်။ သူတော်ကောင်းတွေကတော့ ထိုကဲ့သို့ အနုသယကိလေသာ ပရိယုဋ္ဌာနကိလေသာများ ရှိနေပေမဲ့ သတိအမြဲရှိကာ သီလဖြင့် လွန်ကျူးမှု ၀ီတိက္ကမကိလေသာ မဖြစ်အောင် ထိန်းနိုင်ကြသည်။

ဘုရားတပည့်မ သာမာဝတီ အမျိုးသမီးသည် သူ့ကို ချောက်တွန်း (ဂုံးတိုက်)သော မာဂဏ္ဍီမိဘုရားအပေါ်၌၎င်း၊ သူမကို အထင်လွဲပြီး သတ်မည်ကြံသော ဥတေနဘုရင်ကြီးအပေါ်၌၎င်း အမျက်ဒေါသဖြင့် မတုန့်ပြန်ခဲ့။ တကယ်ဆို ဒေါသ (ပဋိဃာနုသယ) ရှိနေသေးသော သာမာဝတီသည် သတိဖြင့် သူ၏ ဒေါသကို ထိန်းထားနိုင်ခဲ့သည်၊ သူ၏သီလဖြင့် သူ့အပေါ် ကျူးလွန်ကြသော သူတို့အပေါ် ပြန်လည် တုန့်ပြန်ခြင်း (၀ီတိက္ကမ) မဖြစ်ခဲ့။ ဒေါသဖြစ်စရာနဲ့ ကြုံတွေ့နေတာတောင် ဒေါသပရိယုဋ္ဌာန-ဒေါထလာခြင်းမျိုးကိုတောင် မဖြစ်ခဲ့၊ သူမ၏ မေတ္တာသမာဓိစွမ်းအားကို ထိုဒေါသအနုသယက မလွန်ဆန်နိုင်ခဲ။

(ကိလေသာ ငြိမ်းအောင်)

ပဋိဃာအနုသယပယ်ပြီးသူ

ပဋိဃာအနုသယ (ဒေါသ)ကို ပယ်သတ်ပြီး ဖြစ်တဲ့ အနာဂါမ် ရဟန္တာများကတော့ သူ့သန္တာန်မှာ ကိန်းနေတဲ့ ဒေါသအနုသယ မရှိတော့သောကြောင့် ထို၏ပရိယုဋ္ဌာန ကိလေသာနှင့် ၀ီတိက္ကမကိလေသာတို့လဲ လုံးဝမရှိတော့ပေ။ တခါက လူတွေက သူတို့ရဲ့ဆရာဖြစ်သူ အရှင်သာရိပုတ္တရာအကြောင်းကို ချီးမွမ်းနေကြသည်။ ‘‘ငါတို့ရဲ့ ဆရာက သည်းခံခြင်း ခန္တီပါရမီနှင့် အလွန်ပြည့်စုံသည်၊ သူ့ကို ဆဲဆို ရိုက်နှက် ပါသော်လည်း နဲနဲလေးမှ အမျက်မထွက် ဒေါသမထွက်တတ်’’ ဟုသတည်း။ ထိုစကားကို ကြားသော မိစ္ဆာဒိဋ္ဌိပုဏ္ဏားသည် သူတို့ချီးမွမ်းနေသောစကား မှန်မမှန် စမ်း သပ်လိုသည်၊ တခါတော့ အရှင်သာရိပုတ္တရာသည် မြို့ထဲ ဆွမ်းခံကြွစဉ် ထိုမိစ္ဆာဒိဋ္ဌိပုဏ္ဏားက နောက်က အသာလေးလိုက်ပါပြီး အရှင်မြတ်၏ နောက်ကျောကို လက်သီးနဲ့ အားကုန်လွဲ၍ ထုလိုက်ပါတော့သည်။ အရှင်မြတ်ကတော့ ဒေါသ (ပဋိဃာနုသယကိလေသာ) ကို လုံးဝ ပယ်သတ်ပြီး ဖြစ်ရကား ဘာဖြစ်တာပါလိမ့်ဟု တွေးရုံကလွဲ၍ ဘာမှ ပြန်မပြော၊ လှည့်တောင် မကြည့်ဘဲ သွားလမ်းအတိုင်း သွားလေတော့သည်။ အထုခံရသူမှာ ဘာမှ မဖြစ်ပေမဲ့ ထုလိုက်ရတဲ့ ပုဏ္ဏားမှာတော့ ခန္ဓာကိုယ်တခုလုံး မနေနိုင်အောင် ပူလောင်နေတော့သည်၊ သူမှားသွားပြီဆိုတာ သိလိုက်ရတော့ မနေနိုင်အောင် စိတ်ထဲမှာ ပူလောင်မှုဖြစ်နေတော့သည်။ နောက်ဆုံး ၀န်ချတောင်းပန်သည်။

ပယ်နိုင်ခြင်း

ထိုကိလေသာ သုံးပါးကို အကျဉ်းအားဖြင့် သီလ သမာဓိ ပညာ ဟူသော သိက္ခာ ၃ ပါးက ပယ်သည်၊ သီလသည် လွန်ကျူးမှု ၀ီတိက္ကမ ကိလေသာကို ထိန်းချုပ်နိုင်သည်၊ သမာဓိကတော့ ပရိယုဋ္ဌနာ-ထကြွလာမည့် ကိလောသာကို ထိန်းထားနိုင်သည်၊ ပညာကတော့ ထို ကိန်းနေသော အနုသယကိလေသာကို ပယ်သတ်နိုင်သဖြင့် ၀ီတိက္ကမနှင့်ပရိယုဋ္ဌာနကိလေသာ ၂ မျိုးလုံးကိုလည်း ပယ်သတ်ပြီးသား ဖြစ်သွားသည်။ ပညာဟူသည် ၀ိပဿနာပညာနှင့် မဂ်ပညာကို ဆိုလိုသည်၊ မဂ်ပညာသည် အမြစ်ပြတ် ပယ်သတ်နိုင်သည်။

အပိုင်း (၂) တွင် ဗုဒ္ဓဘာသာ စစ်စစ် အကြောင်း ဆက်လက်ဖော်ပြပါဦးမည်။

မေးခွန်းများ မေးပေးအတွက် အထူးကျေးဇူးတင်ပါသည်။
(ဓာတ်ပုံ အင်တာနက်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၆-၁၁-၂၀၁၁

13 March 2012

မွေးနေ့အလှူမင်္ဂလာ


မွေးနေ့အလှူမင်္ဂလာ

သီတဂူတပည့်များ စုဝေးရာ
နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ဆိုရင် မြန်မာပြည် အထက်အောက်ရှိ တပည့်ဒကာဒကာများက ကမ္ဘာ့သာသနာပြုအကျော် သီတဂူဆရာတော်ကြီး သီတင်းသုံးရာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၌ စုဝေးလေ့ရှိကြသည်။ အကြောင်းမူကား သီတဂူဆရာတော်ကြီးသည် ယခုနှစ် ၁၃၇၃ခုနှစ် တပေါင်းလပြည့်နေ့ (၂၀၁၂ မတ်လ-၇)သည် (၇၅) နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ထိုမွေးနေ့ပွဲကို စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၌ ကျင်းပကြသည်။

မွေးနေ့ပွဲ အကြို
အနယ်နယ် အရပ်ရပ်မှ တပည့်ရဟန်းများ၊ တပည့်ဒကာ ဒကာမ တချို့တို့သည် မွေးနေ့ အကြို မတ်လ(၃)(၄)ရက်လောက်ကထဲက စတင်ရောက်ရှိလာကြကာ လုပ်အားအလှု ပေးလှုနေကြပါသည်၊ တက္ကသိုလ်ဝန်းကျင် သန့်ရှင်းရေးလုပ်ကြသူများ၊ ဧည်ခံကြိုဆိုရေး တာဝန်ယူသူများက ဧည့်သည်များကို နေရာချထားရေး တာဝန်များ၊ ကျွေးမွေးရေး ချက်ပြုတ်ရေး တာဝန်များ၊ သတင်းမှတ်တမ်း ပြန်ကြားရေး တာဝန်များစသည်ဖြင့် ကိုယ်စီ တာဝန်ကျရာ နေရာများတွင် လစ်ဟင်းမှု့ မရှိစေရန် ဒေါင့်ပေါင်းစုံက တာဝန် ယူကာ လုပ်အားဒါနပေးလှူ နေကြသည်မှာ ကြည်နူးစရာ မြင်ကွင်း တစ်ခုဖြစ်နေပါသည်။
တပေါင်းလဆန်း(၁၃)ရက် (၅-၃-၂၀၁၂) နေ့ စစ်ကိုင်းတောင်ချောင်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များတို့သည် ဆရာတော်ကြီး၏ မွေးနေ့တွင် လှုဖွယ် ပစ္စည်းများနှင့် လာရောက် ကန်တော့ကြသလို အဝေး အနယ်နယ် အရပ်ရပ်မှ တဖွဲဖွဲ လာရောက်ကြသော ဆရာတော့်တပည့် ရဟန်းများနှင့် တပည့် ဒကာဒကာမများကလဲ ရောက်ရောက်ချင်း ဆရာတော်ကြီးကို ကန်တော့ကြသည်။ ဆရာတော်ကြီးသည်လဲ လာကန်တော့ကြသော တပည့်ဒကာ ဒကာမများအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထုတ်ဝေသော တရားစာအုပ်များနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင် (သိမ်တော်ကြီး) အမှတ်အသားပါ ကြွေခွက်များကို ပြန်လည် လက်ဆောင်ပေးအပ်ပါသည်၊ လာရောက်ကြသော အနယ်အနယ်ရပ်ရပ်မှ တပည့်ဒကာဒကာမများတို့သည် နေရာချထားရေးအဖွဲ့မှ ချထားပေးသော နေရာများတွင် အနားယူ ကပြီး ညနေစောင်း နေရိပ်ချိန်တွင် သံဃာတော် ၁၀၀၀ နှင့် သီလရှင် အပါး ၁၀၀၀တို့အား လောင်းမည့် နေရာ ဘွဲ့နှင်းသဘင် (သိမ်တော်ကြီး)အတွင်း အပြင် တစ်လျှောက် လှည်လည် ကြည်ရှု့ကြသည်၊ နောက်နေ့ မွေးနေ့ အလှုတွင်ဆွမ်းလောင်း လှူဒါန်းရန် လှူဖွယ်ပစ္စည်းများကို စနစ်တကျ ကြည်ညိုဖွယ်ဖြစ်အောင် နေရာချနေကြပါသည်။ တချို့ကလဲ စစ်ကိုင်း၊ မန္တလေးရှိ တန်ခိုးကြီး ဘုရားများကို ရောက်တုန်း ရောက်ခိုက် သွားရောက် ဖူးမျှော်နေကြသည်။ ညချမ်းတွင် စစ်ကိုင်း စည်းဂုံကြီးစေတီတွင် သီတဂူဓမ္မကထိကအကျော်များ၏ ဓမ္မသဘင်သို့ သွားရောက် တရားနာယူသူများရှိသလို၊ ဇေယျာကွက်သစ်ရှိ အားကစားကွင်းတွင် သီတဂူဆရာတော်ကြီးကို အနုပညာဖြင့် ပူဇော်သော သီးလေးသီးဆေးရောင်စုံ အငြိမ့်ဖြေဖျော်မှု့ကို သွားရောက် ကြည့်ရှု့ သူများလဲ ရှိကြပါသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကျောင်းကြီး တစ်ဝန်းလုံး မီးရောင်စုံများ ထွန်းညှိထားသည်မှာ လပြည့်နေ့၏လမင်းကြီးနှင့်အပြိုင် ထိန်လင်းလှပ နေပေသည်။ အမှတ်တရ ဓါတ်ပုံရိုက်ကြသူများ၊ ဘွဲ့နှင်းသဘင်ခမ်းမဆောင်ကြီး (သိမ်တော်ကြီး)ကို လာရောက် ဖူးမျှော်သူများနှင့် ပိုပြီး စည်ကားနေပါသည်။
(လောင်းလှူရန် အလှူပစ္စည်းများ ပြင်စဉ်)
တပေါင်း လဆန်း(၁၄)ရက်နေ့ (၆- ၃-၂၀၁၂) နေ့ မနက်
တပေါင်း လဆန်း(၁၄)ရက်နေ့ (၆- ၃-၂၀၁၂) နေ့ မနက် ၉ နာရီတွင် တက္ကသိုလ် သံဃာများနှင့် သီလရှင် အပါး(၁၀၀၀) တို့အား ရွှေတောင်ခေါက်ဆွဲဖြင့် အရုဏ်ဆွမ်း ကပ်လှုပြီး ထိုသီလရှင် အပါး(၁၀၀၀)တို့ အား ဒံပေါက်ဆွမ်း၊ ဆွမ်းဟင်း၊ သီလရှင်ဝတ်စုံ၊ စတီး(လ်) ငါးဆင့်ချိုင့်နှင့် အခြားလှုဖွယ်ရာ ပစ္စည်းများ ၀ထ္ထုငွေများကို အလှု့ရှင်အသီးအသီးတို့က သဒ္ဓါထက်သန် လောင်းလှုကြသည်။ ထိုသို့ အလှူပစ္စည်းများ အလွန်များပြားသဖြင့် တစ်ပါးလျှင် တစ်ယောက်နှင့် နောက်မှလိုက်ပါ လုပ်အားပေးလှုသူများ မနိုင်င်ကြဘဲ လူ၂ယောက် သယ်ယူရလောက်အောင် များပြားနေသောကြောင့် လုပ်အားအလှုကိုလဲ ပြုနေကြသည်မှာ မြန်မာတို့၏ ချစ်စရာ ဓလေ့ အဖြစ်မြင်ကြရပါသည်။

နံနက်(၈)နာရီ အချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူအာယုဒါနဆေးရုံ၊ သီတဂူ ရေ အလှုတော် ၀န်ထမ်းများအားလုံးသည် သီတဂူဆရာတော်ကြီးထံမှ သြ၀ါဒခံယူခြင်း အခန်းအနားနှင့် အထက်ပါ စီမံကိန်း(၃)ရပ်တို့မှာ ၀န်တမ်း (၁၁၄) ယောက်တို့အား တစ်ယောက်လျှင် တစ်သိန်းကျပ်သော ဆုကြေးငွေ (bonus)များချီးမြှင့်ခြင်း၊ နံနက်(၉)နာရီ အချိန်တွင် သီတကမ္ဘာ့ဂူဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) တက္ကသိုလ် (၃)ခုတို့မှ ကျောင်းသားများကို သီတဂူဆရာတော်က သြ၀ါဒမြွက်ကြားတော်မူပါသည်။ သြ၀ါဒခ့ယူပြီးနောက် စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ် အဆောင်နေ B.A စာသင်သား သံဃာတော်များအား အားလုံးအား Laptop- Computer များလှူဒါန်းခြင်းနှင့် စာချကထိကများနှင့် Ph.D ကျောင်းသားများအား Tablet များလှုဒါန်းခြင်းများ ကျင်းပ ပြုလုပ်ပါသည်။
စာတမ်းဖတ်ပွဲတွင်

ထိုနေ့ နေ့လည်ပိုင်း (၂)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမကြီး (သန္တိမဟာသိမ်တော်ကြီး)တွင် စာတမ်းဖတ်ပွဲများ ကျင်းပပါသည်၊ ထိုစာတမ်းဖတ်ပွဲသို့ လာရောက် လေ့လာ နားထောင်သူများ အလွန်များပြားပါသည်၊ ညချမ်း အချိန်တွင် စစ်ကိုင်း စည်းဂုံကြီးစေတီ၌ သီတဂူဓမ္မကထိကအကျော်တို့၏ ဓမ္မသဘင် ဆင်ယင်ကျင်းပပေးခြင်း၊ ဇေယျာကွက်သစ်အားကစားကွင်း၌ သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့် မွေးနေ့ စိန်ရတုသဘင်အတွက် အလင်္ကာဝတ်ရည်အဖွဲ့သားများက ဓမ္မတေးများဖြင့် ဧည့်ခံ ဖြေဖျော်ကြပါသည်။
မွေးနေ့ကျင်းပရာ
မွေးနေ့အလှူ လောင်းလှူနေကြစဉ်

တပေါင်းလပြည့်နေ့ (၇-၃- ၂၀၁၂) နေ့ မနက်
တပေါင်းလပြည့်နေ့ (၇-၃- ၂၀၁၂) နေ့ မနက် အရုဏ်တွင် သံဃာတော်များအား ခိုတောင်မုန့်တီဖြင့် အရုဏ်ဆွမ်းကပ်လှုပြီး၊ သံဃာ အပါး(၁၀၀၀) တို့အား တပါးလျှင် အုန်းဆွမ်းနှင့် ကြက်သား၊ စတီး(လ်) သပိတ်၊ သင်္ကန်းနှင့် လှုဖွယ်ပစ္စည်းအစုံအပြင် န၀ကမ္မ၀ထ္ထုငွေများကို အလှူရှင်အသီးသီးတို့က လောင်းလှုကြပါသည်၊ ၎င်းနေ့တွင် လုပ်အားပေးလိုက်ပါသူများသည် လှုဖွယ် ပစ္စည်းများကို ၃ယောက် ၄ယောက်လောက် ထမ်းယူရပါသည်၊ ဘွဲ့နှင်းသဘင် (သိမ်တော်ကြီး) အပြင်ဘက် ဒေါင့်များတွင်လည်း သဒ္ဓါထက်သန်လှသော အလှု့ရှင်များက အရပ်ရှစ်မျက်နှာတို့မှ ရောက်လာကြသော ဧည့်သည် ပရိတ်သတ်များနှင့် အနီးအနား ရပ်ကွက်များမှ လူပရိတ်သတ်များအား စတုဒီသာ မြန်မာမုန့်များနှင့် တည်ခင်း ဧည့်ခံနေသည်မှာလည်း အလွန်ကြည်နူး ပျော်ရွှင်စရာ ကောင်းလှသည်။ နံနက်(၉)နာရီ အချိန်တွင် သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီတွင် တည်ထားသော ရွှေစည်းဂုံ စေတီတော်အား စိန်ဖူးတော်တင်လှူ ပူဇော်ခြင်းနှင့် တက္ကသိုလ် သံဃာတော်များမှ စေတီတော်အား အနေကဇာတင်ခြင်း အခန်းအနား ကျင်းပပါသည်။

သံဃာတော်များအား နေ့ဆွမ်းအတွက် အုန်းဆွမ်း ကြက်သားဟင်းများ ကပ်လှူကြပါသည်၊ နေ့လည် (၁)နာရီ အချိန်တွင် ဓမ္မပါလကျောင်းဆောင်တွင် သီတဂူဝိပဿနာအကယ်ဒမီ၌ ဆရာတော် သီတင်းသုံးမည့် ကျောင်းဆောင်၊ လက်ထောက် ကမ္မဌာနာစရိယကျောင်းဆောင်နှင့် သဲကုန်းသီတဂူဆေးရုံတော်၊ ရှမ်းပြည်မြောက်ပိုင်း နန့်ခမ်းသီတဂူဆေးရုံတော်တို့အတွက် အလှုငွေ ဆက်ကပ်ပွဲနှင့် တပည့် ဒကာ ဒကာမ များအားလုံး စုပေါင်းကာ ကျေးဇူးရှင် သီတဂူဆရာတော်ကြီး မွေးနေ့ ပူဇော်ကန်တော့ပွဲကိုပါ တစ်ပါးတည်း ကျင်းပခဲ့ပါသည်၊ တပည့်ဒကာဒကာမများအား ဆရာတော်ကြီးက တရားဓမ္မာဟောကြားခြင်းနှင့် လှုဒါန်းမှု့ အစုစုတို့ကို ရေစက်ချ အနုမောဒနာတရား ချီးမြှင့် ပေးခဲ့ပါသည်၊ ထို့နောက် နေ့လည်ပိုင်း စာတမ်း ဖတ်ခြင်း အခန်းအနားကို ဆက်လက်ကျင်းပပါသည်။ ထိုညနေပိုင်းတွင် ရပ်ဝေးမှ လာကြသော ဧည့်သည်တချို့ ပြန်သွားကြပါသည်၊ ထိုနေ့ ညချမ်းတွင် စစ်ကိုင်းစည်းဂုံကြီး စေတီတော်တွင် သီတဂူဆရာတော်က တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးပြီး အားကစားကွင်းတွင် မန္တလေးမြို့ မြို့မတေးဂီတ အဖွဲ့နှင့် တွဲဖက်၍ ဗုဒ္ဓ၀င် သရုပ်ဖေါ် တင်ဆက်ကပြ ကြပါသည်။
ညချမ်းအခါ မြင်တွေ့ရသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အ၀င်ပေါက် မုခ်ဦး

Sky-net မှအလှူ
တပေါင်းလပြည့်နေ့ (၇-၃-၂၀၁၂) နံနက်(၅)နာရီမှ စတင်ကာ Sky-net မှ သီတဂူဆရာတော်ကြီး၏ တရားခွေများ၊ သီတဂူ ဆရာတော်၏ မွေးနေ့ပွဲ အခန်းအနားများ၊ သီတဂူ၏ စီမံကိန်းလုပ်ငန်းများ အကြောင်းကို တစ်နေကုန် တိုက်ရိုက် ထုတ်လွှင့်ပြသ ပေးနေပါသည်။
နောက်တစ်နေ့တွင် ရပ်ဝေးရပ်နီးမှ လာရောက်ကြသော သီတဂူဆရာတော်၏ တပည့်ရဟန်းများ တပည့် ဒကာ ဒကာမများသည် ဆရာတော်ကြီးအား ကန်တော့ကြပြီး မိမိတို့နေရပ်အသီးသီးသို့ ကားကြီး ကားငယ်များနှင့် ပြန်သွားကြသည်မှာ လွမ်းမောဖွယ်ရာ ကောင်းလှပါသည်။
(သီတဂူအလှူရှင်များက ကိုယ်စွမ်းသမျှ လောင်းလှူနေစဉ်)
(၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နှင့် ဇနီး)
(မန္တလေးက သီတဂူကျောင်းအမများ)

ကျမ၏ စိတ်ထဲတွင်လည်း ကျေးဇူးရှင်သီတဂူဆရာတော်ကြီး ကျန်းမာ ချမ်းသာစွာဖြင့် သာသနာပြုလုပ်ငန်းများကို ဒီထက်မက လုပ်ဆောင်နိုင်င်ရန် အကြိမ်ကြိမ် ဆုတောင်းနေမိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်း တရားနေရာတိုင်းတွင် ထွန်းတောက်နိုင်ပါစေ။

ပန်းစပယ်(လှဆန်းယဉ်)

ပို့စ်ဖြင့် ပူဇော်ပေးသော ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။
(ဓာတ်ပုံအားလုံးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်နှင့် ကျောင်းအမထံမှ ကူးယူပူဇော်သည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၃-၂၀၁၂

08 March 2012

ဘုံဘေက သီတဂူဆရာတော်ကြီးမွေးနေ့ပွဲ


(သက်တော် (၇၅) နှစ်ပြည့် ဆရာတော်ကြီး၏ ဂုဏ်တော်ကို မှန်း၍ ပုံတော်ကို ရှိခိုးကန်တော့လိုက်ပါတော့သည်)

ဘုံဘေက သီတဂူတပည့်သားတို့ပူဇော်တဲ့ မွေးနေ့ပွဲ
ဒီကနေ့ (၇-၃-၂၀၁၂) သည် ၁၃၇၃ တပေါင်းလပြည့်ဖြစ်သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူသာသနာပြုအဖွဲ့ကြီး ဦးဆောင်ဦးရွက် ဖြစ်တော်မူသော် သီတဂူဆရာတော်ကြီးသည် ယခုနှစ် မတ်လ (၇) ရက်နေ့ တပေါင်းလပြည့်နေ့တွင် (၇၅) နှစ်ပြည့်တော်မူသည်။ ထိုနေ့ကို နိုင်ငံတကာရှိ သီတဂူတပည့်ဒကာ ဒကာများက ကောင်းမှုပါရမီတို့ဖြင့် ပြုလုပ်ကာ ပူဇော်ကြသည်။ ထိုနေ့မှမှာ သီတဂူဆရာတော်ကြီး၏ မြေမြတ်မဟာ စစ်ကိုင်းမြို့မှာလဲ သံဃာ တစ်ထောင်၊ သီလရှင် တစ်ထောင်တို့ကို အလှူဒါ ပြုလုပ်ပြီး အရပ်လေးမျက်နှာ တပည့်ဒကာဒကာမတို့အား မြန်မာ့ရိုးရာ စားဖွယ်သောက်ဖွယ်တို့ဖြင့် ကျွေးမွေးသည်။ အထူးအား ဘုရားရှင်ကို ပူဇော်သောအားဖြင့် ထီးတော်တင်ခြင်း၊ စိန်ဖူးတော် ငှက်မြတ်နှားတော် တင်ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း စတဲ့ အလှူဒါနများကို တပေါင်းလပြည့်မှာပဲ နှစ်စဉ် ပြုလုပ်လေ့ရှိသည်။
ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လူမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်တော်မူသော အရှင်မြတ် ကျန်းမာပျော်ရွှင် အသက်ရာကျော် ရှည်စေ ( Happy Birthday to Sayadaw!)
ဘုံဘေက သီတဂူဆရာတော်ကြီးမွေးနေ့ပွဲ
အိန္ဒိယပြည်ရှိ နာမည်ကြီးတက္ကသိုလ်ကြီးတွေမှာ သီတဂူဆရာတော်ကြီးတပည့်တွေ ကျောင်းတက်လျှက်ရှိသည်၊ ကျောင်းပြီးလို့ အမိတက္ကသိုလ်မှာ အလုပ်လုပ်နေကြသူတွေလဲ များစွာရှိနေပြီဖြစ်သည်။ ဘုံဘေမြို့ တက္ကသိုလ်အသီးသီးမှာလည်း သီတဂူဆရာတော်ကြီး၏ တပည့်တွေ ရှိနေပါသည်။ ဆရာတော်ကြီး၏မွေးနေ့ပွဲသို့ သွားရောက် ဂါရ၀မပြုနိုင်ကြပေမဲ့ မွေးနေ့ တပေါင်းလပြည့်နေမှာပဲ ဆရာတော်ကြီးကို ပူဇော်သောအားဖြင့် ဘုံဘေရှိ ဆရာတော်ကြီး၏တပည့်များဖြသ်ကြသည့် ကိုမေဓာ၊ ကိုရင်သြ၊ ကိုခေမာနှင့် ကိုစတားတို့က စုပေါင်း အလှူဒါန ပြုကြသည်။

(တပေါင်းလပြည့်နေ့မွေးဖွားသူများသည် ထူးခြားအောင်မြင်နိုင်သူများ ဖြစ်တတ်သည် ဟု သီတဂူဆရာတော်ကြီး၏မွေးနေ့ပွဲတစ်နှစ်တွင် တပေါင်းလပြည့်ဖွား ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ မိန့်ဖူးသည်)

တပေါင်းလပြည့်ဆိုတာ အစဉ်အလာနဲ့ ထူးခြားလာတဲ့နေ့ တစ်နေ့ဖြစ်သည်၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်က၊ မြတ်ဗုဒ္ဓသည် ရာဇဂြိုပြည်ရှိ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေခိုက်။ ကပိလ၀တ္ထုပြည် ခမည်းတော်ကြီး သုဒ္ဓေါဒနမင်းကြီး၏ အစီအမံအရ အမတ် ၁၀ ဦးတို့ကို နောက်ပါ အခြွေအရံ တစ်ထောင်စီ လိုက်ပါစေလျက် ၁၀ ကြိမ်တိုင်တိုင် မြတ်ဗုဒ္ဓကို ပင့်ဖို့ရန် စေလွတ်ခဲ့သည်။ တစ်သောင်းသော သူတို့သည် မြတ်ဗုဒ္ဓ၏တရားတော်ကို နာကြားရသဖြင့် ဧဟိဘိက္ခုဖြင့် ရဟန္တာဖြစ်ကုန်သည်ဖြစ်၍ ကပိလ၀တ္ထုသို့ မပြန်နိုင်ကြတော့ပေ။

နောက်ဆုံးအသုတ်အနေနဲ့ ကာဠုဒါယီအည်ရှိ ၀န်ကြီးကို နေက်ပါနှင့်တကွ စေလွတ်ပြန်သည်၊ သူတို့အားလုံးလဲ ရဟန္တာဖြစ်သွားကြပြန်သည်။ ရဟန္တာဖြစ်သွားသော ကာဠုဒါယီမထေရ်က ဘုရားရှင်အား တပေါင်းလပြည့်၏ ကြည်နူးဖွယ်ရာတို့ကို ဂါထာပေါင်း ၆၄တို့ဖြင့် ဖွဲ့နွဲ့၍ လျှောက်ထားလေသည်။ မြတ်ဗုဒ္ဓသည်လည်း ဖခမည်းတော်၏ ကျေးဇူးကို ဆက်လိုသောအားဖြင့် မွေးရပ်မြေ ကပိလ၀တ္ထုပြည်သို့ ရဟန္တာ ၂ သောင်း ခြံရံလျှက် ကြွတော်မူသည်။

တပေါင်းလပြည့်ကျော် (၁) ရက်နေ့မှ စပြီးကြွတော်မူရာ ရက်ပေါင်း ၆၀မျှကြာအောင် ကပိလ၀တ္ထုသို့ ကြွရသည်။ ဤသို့အား ကာဠုဒါယီမထေရ်၏ တပေါင်းလ၏ ထူးခြားပုံကို မာဂဓီ သာစည်-၏ အခါတော်နေ့များမှ ကူးယူဖော်ပြထားသော အောက်ပါ လင့်ခ်မှ ကူးယူဖော်ပြလိုက်ပါသည်။ http://www.mawluu.com/2010/02/blog-post_24.html (ကဗျာနှင့် ဂါထာနိဿျလေးများ အလွန်ကောင်းသဖြင့် ကူးယူထားပါသည်။)

တပေါင်းလပြည့်နေ့၏ ထူးခြားချက်
လူ့ဘုံ သုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချားရာဟု၊ မျှော်ကာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန်ကိုနောက်ဆင့်၊ ချီပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလည်း ပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။ … ။ (ရှင်အုန်းညို၏ ပျို့)

အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊ ဇလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား။
ဒါနိ-ဣဒါနိ=ဆောင်းကိုလွန်မြောက် နွေးဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌။ ဒုမာ=တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။ ဆဒနံ=ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။ ၀ိပ္ပဟာယ=စွန့်ပယ်သောထွေ ကြွေကျကုန်၍။ ဖလေသိနော=အသစ်ဖြစ်သော အသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။ အင်္ဂါရိနော=မီးကျီးအသွေး နီးတွေးသော ရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။ တေ=ထိုသစ်ပင်အပေါင်းတို့သည်။ အစ္စိမန္တောဝ=ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍ သာလျှင်။ ပဘာသယန္တိ=ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏။ မဟာဝီရ=ကြီးမြတ်သော ၀ီရိယရှိတော်မူသော မြတ်စွာဘုရား။ အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ငြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော=ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရား။

မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီဘူတာ။
ကူဇန္တိ နာနာ မဓုရဿရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော ရှင်ပင်မြတ်ဘုရား။ ဂိရိမုဒ္ဓနသ္မိံ=ကြွရာလမ်းတခွင် ၀ဲယာဖြစ်သော တောင်ထိပ်အပြင်၌။ မယူရသံဃာ=ဥဒေါင်းငှက် အပေါင်းတို့သည်။ နာရီဟိ=ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။ သမင်္ဂီဘူတာ=တကွယှဉ်နွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။ နစ္စန္တိ=အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍ ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့ထိုးနောက်ငင် လူ့အသွင်သို့ မြူးရွှင်ကခုန်ကြကုန်၏။ နာနာ မဓုရဿရေဟိ=အထူးထူးအထွေထွေ အိုးဝေ အိုးဝေ ဟူသော သာယာသော အသံတို့ဖြင့်။ ကူဇန္တိ=ဘာသာမဂဓ သဘာဝဖြင့် တွန်ကြမြူးကြ ကျူးရင့်ကြကုန်၏။ မဟာဝီရ=ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရား။ အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော် ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော=ဖွားရာဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျှောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(မွေးနေ့အတွက် စွမ်းနိုင်တာလေးတွေ အလှူဒါနပြုထားတာပါ)


မွေးနေ့မှ သည် နှစ်များစွာ လူမျိုးဘာသာ သာသနာကို ကျန်းမာ ချမ်းသာစွာ စောင့်ရှောက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက် လက်-ခြေ-နဖူး- တထောင်- ဒူး-တို့ဖြင့်မြေ၀ယ် ထိကာ ဦးတိုက်လိုက်ပါတော့သည် ဘုရားးးးးးးးးး


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၈-၃-၂၀၁၂

07 March 2012

အနှိုင်းမဲ့အနုပညာရှင် အပိုင်း (၂)


အနှိုင်းမဲ့အနုပညာရှင် အပိုင်း (၂)
အနုပညာဇာတ်ပွဲမှ သံဝေဂ
တခါက ဥပတိဿရွာနှင့်ကောလိတရွာသား နှစ်ယောက်ဖြစ်တဲ့ ဥပတိဿနှင့်ကောလိတ သူငယ်ချင်း နှစ်ယောက် သူငယ်ချင်း ၅၀၀ စီ အခြံအရံဖြင့် ရာဇဂြိုဟ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဇာတ်ပွဲကို သွားကြည့်ကြသည်။ ပွဲကြည့်ရင်းတရားရ။ များစွာသော ပွဲကြည့်ပရိသတ်တွေမှာ လူရွှင်တော်ပျက်လုံးတွေကြောင့် တဟားဟား ရယ်သူက ရယ်၊ အလွမ်းခန်းရောက်တော့လဲ ငိုသူကငို၊ ကြောက်စရာ လန့်စရာတွေ ပါတော့လည်းလဲ ထိတ်ထိတ်ပြာပြာ ဖြစ်တဲ့သူကဖြစ်၊ ဤနည်းအားဖြင့် တစ်နေ့တာ ကုန်သွားပြန်သည်။ ဥပတိဿနှင့်ကောလိတ သူငယ်ချင်းနှစ်ယောက်သားကတော့ ထို ပွဲကြည့်ရင်း အမျိုးအမျိုး ပြောင်းလဲနေတာကို ကြည့်ပြီး သံဝေဂရနေကြသည်။ မကြည့်တတ်ရင် တဏှာ၊ ကြည့်တတ်ရင် ဘာဝနာပင်ဖြစ်သည်။ ‘‘တကယ်တော့ ဒီလိုဇာတ်ပွဲမှာ ဘာမှ ကြည့်သင့်ကြည့်ထိုက်တာ မရှိ၊ ကျွန်ုပ်တို့အပါဝင် ယခု ရယ်လိုက် ပြုံးလိုက် ငိုလိုက် ကြောက်လိုက် လန့်လိုက် အော်လိုက် ဆဲလိုက် ဆိုလိုက် အသွင်အမျိုးမျိုးပြောင်းနေတဲ့ အနုပညာဖျော်ဖြေသူရော အားပေးသူပရိသတ်ပါ အားလုံး နှစ် ၁၀၀ အတွင်း သေကြရမည်မှာ ဧကန်ဖြစ်သည်။ ငါတို့ ဒီအတိုင်းတော့ အချိန်မကုန်သင့် ထိုသေခြင်းမှ လွတ်ရာ မောက္ခဓမ္မကို ရှာမှ သင့်တော့မည်’’ဟု သတိသံဝေဂရ၍ တရားရှာထွက်ခြင်း ဓမ္မခရီးအစီအစဉ် စတင်တော့သည်။ အရင်တရားထူးရသူက ပြန်ဟောစတမ်းဟုသော ကတိဝတ်ဖြင့် ဓမ္မခရီးကို တစ်လမ်းစီသွားရာ ဥပတိဿသည် လမ်းခရီးမှာ ပဉ္စ၀ဂ္ဂီ ၅ ဦးထဲက အရှင်အဿဇိ မထေရ်၏ ‘‘ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ’’ တရားအကျဉ်းလေးဖြင့် ဘ၀ကို ပြောင်းလဲသွားသည်၊ နောက်ပိုင်း ကောလိတလဲ ဥပတိဿထံမှ ထိုတရားအကျဉ်းနဲ့ပဲ နာယူရပြီး ဘ၀ကိုပြောင်းလဲကြီး ပြောင်းသွားသည်။ ပွဲကြည့်ရင်းကနေ မြတ်ဗုဒ္ဓသားတော်တစ်ယောက်ထံမှ တရားအကျဉ်းကလေးကို နားယူပြီး သူတို့ရဲ့စိတ်ကို လိုသလို ပုံဖော်နိုင်ခဲ့ကြသောကြောင့် သောတာပန်များဖြစ်သွားကြပြီ၊ နောက်ပိုင်း ဥပတိဿသည် အရှင်သာရိပုတ္တရာဖြစ်လာသည်၊ ကောလိတကတော့ အရှင်မောဂ္ဂလာန်ဖြစ်လာသည်။ ဤကား လောကီအနုပညာဇာတ်ပွဲက ပေးလိုက်သော လောကုတ္တရာ အနုပညာများဖြစ်သည်။

ဂျွမ်းဘားအနုပညာရှင်
တခါက ရာဇဂြိုဟ်မြို့မှာ ဘုရင်းမင်းမြတ်အတွက် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲ ၇ ရက်တိုင်တိုင်ပွဲလမ်းသဘင်ကျင်းပသည်။ ထိုပွဲတွင် ဆပ်ကပ်ပွဲလည်း ပါသည်၊ ဆပ်ကပ်၏ဂျွမ်းဘားအဖွဲ့ထဲက အမျိုးသမီးတစ်ယောက်ကို ရာဇဂြိုဟ်သူဋ္ဌေးသား မောင်ဥဂ္ဂသေနတစ်ယောက် အစွဲလမ်းကြီးဖြစ်နေသည်၊ အတောင် ၆၀ လောက်မြင့်တဲ့ ၀ါးလုံးတိုင်ထိပ်က သူမ၏ အဆို အကနှင့် ကောင်းကင်ပေါ်မှာ ပြေးလွားနေတဲ့ သူမဟန်ပန်တွေကို သဘောကျနှစ်သက်နေမိသည်။ သူမကို မရရင် သေရတော့မည့်အဆင့်ထိ ချစ်မီးလောင်ခံနေရသည်။ ဒီလိုနဲ့ သူဋ္ဌေးသားမိဘများကလဲ အဆင့်အတန်းမတူ ဂုဏ်ရည်မတူတဲ့ အမျိုးသမီးတစ်ယောက်ကို လက်မခံနိုင်သော်လည်း သူတို့သား အသက်ဘေးကလွတ်ရေးအတွက် လက်ထပ်ခွင့်ပေးလိုက်သည်။ သူဋ္ဌေးသားလဲ တမြို့ဝင် တမြို့ထွက် ကပြဖျော်ဖြေပြီး အသက်မွေးဝမ်းကြောင်း ပြုနေသော ကချေသည်မ သွားရာ တကောက်ကောက် လိုက်နေရသည်။ ကလေးတစ်ယောက်ရ၊ ဂျွမ်းဘားမယ်က ဘာမှ မလုပ်တတ်မကိုင်တတ် လူပိုကြီးဖြစ်နေသော သူဋ္ဌေးသားကို ရွဲ့စောင်းပြီး ‘‘အထုပ်ထမ်းသမား၏ သား အိပ်ပါတော့လား’’ ဟု မခံချင်စိတ်ဖြစ်အောင် ကလေးချော့သတဲ့။
သူဋ္ဌေးသားလဲ နေ့စဉ်ကြားနေရတော့ မခံချင်စိတ်တွေဖြစ်လာ၊ သူ့ယောက္ခမထံ ဂျွမ်းဘားပညာများသင်၊ နောက်တစ်နှစ် ရာဇဂြိုဟ်မြို့ပွဲ တစ်ပတ်ပြန်လည်လာပြန်သည်။ ဒီနှစ်တော့ ရာဇဂြိုဟ်သူဋ္ဌေးသား ဥဂ္ဂသေန ဂျွမ်းဘားပညာများ ပြသဖျော်ဖြေမည်တဲ့ ဆိုတဲ့ သတင်းက ရာဇဂြိုဟ်မြို့တစ်မြို့လုံးပြန့်နှံ့သွားတော့သည်။ ဇာတ်ပွဲရုံလဲ ခုံအလွတ်မရှိ ပြည့်လျှံသွားသည်။

ဘုရားရှင်ဥာဏ်ကွန်ယက်ထဲ ဥဂ္ဂသေန ၀ါးတိုင်ထိပ်တွင်မှာပဲ ရဟန္တာဖြစ်မည့်အရေးကို မြင်တော်မူသည်ဖြစ်၍ ဘုရားရှင်သည် သံဃာအခြံအရံဖြင့် ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံဝင်လာသည်။ ဥဂ္ဂသေနသည် အတောင် ၆၀မြင့်ဝါးတိုင်ထိပ်သို့တက်ပြီး ကပြဖျော်ဖြေတော့မည်ဟု လက်ဖျောက်တီးပြီး ပရိသတ်ကို အချက်ပေးသည်၊ သို့သော် ပရိသတ်က ဂျွမ်းဘားအနုပညာရှင် ဥဂ္ဂသေနကိုမကြည့်ဘဲ ဘုရားရှိသို့ မျက်နှာမူကြသည်။ ဘုရားအမိန့်နဲ့ အရှင်မောဂ္ဂလာန်က ဥဂ္ဂသေနအား ပရိသတ်ကို ဆက်လက်ဖျော်ဖြေရန် မိန့်သည်။ ဂျွမ်းဘားပညာရှင်လဲ အားရနှစ်သက်ကာ ဖျော်ဖြေလေတော့သည်၊ ပရိသတ်၏ လက်ခုပ်သံ အားပေးသံလဲ တခဲနက်ရရှိသည်။ ၁၄ ကြိမ်လောက် ဖျော်ဖြေအပြီးမှာ ဘုရားက သူ၏စိတ်ကို ဆုပ်ကိုင်လိုက်သည်။
‘‘အရင်ကလဲ ခန္ဓာအပေါ်မှာ ငြိကပ်တွယ်တာခဲ့မိလို့ ယခုလို အမိဝမ်းထဲမှာ ဂျွမ်းထိုးခဲ့ရပြီ (ပဋိသန္ဓေနေရခြင်းကိုဆိုလိုသည်)၊ နောင်လဲ ယခုလို တွယ်တာနေဦးမယ်ဆိုရင် အမိဝမ်းထဲမှာ ဇာတိဒုက္ခတွေ ခံနေရဦးမှာပဲ။ ထို့ကြောင့် ယခုပစ္စက္ခဘ၀မှ ခန္ဓာကို မတွယ်တာ မမက်မောတော့ဘဲ ခန္ဓာမှ လွတ်ရာသို့ရောက် သွားလော’’ ဟု ဘုရားက မိန့်လိုက်သည်။ ခန္ဓာ အာယတနတို့မှ လွတ်ရင် အို၊နာ၊သေ ခြင်းဆိုတဲ့ သံသရာသို့ မလာနိုင်တော့ပေ။ အရင်ကထဲက ပါရမီဓာတ်ခံပါလာသော ဂျွမ်းဘားပညာရှင်သည်လည်း မိမိ၏ လောကီအနုပညာမှ လောကုတ္တရာအနုပညာသို့ ရောက်အောင် အားထုတ်နိုင်ခဲ့ပြီး ၀ါးတိုင်ထိပ်မှာပဲ ရဟန္တာဖြစ်ပြီး ဘုရားထံရဟန်းပြုခွင့်ရသွားသည်။ ဘုရားရှင်၏ လူတစ်ယောက်အပေါ် ကိုယ်လိုသလို ပြောင်းလဲ ပြုပြင်နိုင်သည့် အနုပညာကို မအံ့သြသူ မည်သူရှိဦးမလဲ။
(၂၀၀၉ ခုနှစ်က အိန္ဒိယနိုင်ငံ ပူနေးတက္ကသိုလ်က Speech ပေးရန် ပင့်၍ ကြွလာစဉ်က ပူနေးမြို့ရှိ လှိုဏ်ဂူတစ်ခုတွင် လေ့လာစဉ်)
(ရှေးဟောင်းသုတေသန ပါမောက္ခတစ်ယောက် ရှင်းပြနေစဉ်)

သီတဂူဆရာတော်နှင့်ဗိသုကာ
အနုပညာအကြောင်းကို ရေးနေတာဆိုတော့ စာရေးသူ၏ ကျေးဇူးရှင် လောကုတ္တရာဖခင် သီတဂူဆရာတော်ကြီး အကြောင်း ထည့်ရေးဖို့လိုလာသည်။ ဆရာတော်ကြီးသည် တကယ့်ဗိသုကာ အနုပညာရှင်ကြီးဖြစ်သည်။ နိုင်ငံတကာ လှည့်လည်ပြီး ရှေးဟောင်း ဂူ၊ ကျောင်း၊ ပြာသာဒ်၊ ပန်းချီ၊ ပန်းပု၊ ပန်းတမော့စတဲ့ အနုပညာရပ်များကို လေ့လာသည်၊ ထို ရှေးဟောင်း ပညာရပ်များကပေးတဲ့ ပြောပြတဲ့ ဘယ်ခေတ်၊ ဘယ်မင်း၊ ဘယ်ဟန်၊ ဘယ်ပုံ၊ ဘယ်ရည်ရွယ်ချက် ဆိုတာတွေကို ကောင်းကောင်း ဖတ်နိုင်သလို ရဲရဲကြီး အသုံးချနိုင်သည်။ စာရေးသည်၊ ပုံဖော်သည်၊ ဆရာတော်၏ ကျောင်း၊ ဗိမာန်၊ တက္ကသိုလ်၊ ရိပ်သာ၊ ဆေးရုံစတဲ့ အဆောက်အဦးတွေကို ကိုယ်တိုင်ပုံဖော်ပြီး ရှေးဟောင်း ခေတ်သစ်အနုပညာ ပန်းချီ ပန်းပု လက်ရာများကို ပေါင်းစပ်ကာ ရှေးဟန်တမျိုး ကိုယ်ပိုင်ဟန် တစ်ဖုံဖြင့် တည်ထွင်နိုင်သည်။

ဆရာတော်သည် အသက်မဲ့ရုပ်ဝတ္ထုတွေကိုသာ ကိုယ်လိုသလို ပုံဖော်နိုင်သည်မဟုတ်၊ အသက်ရှိ လူသားတွေကိုလဲ ကိုယ်လိုသလို ပုံဖော်နိုင်ခဲ့သည်။ ယနေ့အထိ နှစ်ပေါင်း ၄၀ ကျော် ပြည်တွင်းပြည်ပရှိ သူတော်စင်များအား သဒ္ဓါမရှိသူတွေ သဒ္ဓါရှိလာအောင် သဒ္ဓါတရားရှိပြီးသူတွေ ပိုပြီး ထက်သန်လာအောင်၊ ဘာသာရေးအသိ လူမှုရေး အသိနဲတဲ့သူတွေ အသိဥာဏ်တိုးလာအောင်၊ အသိဥာဏ်ရှိပြီးသူတွေကိုလဲ အသိမှ အကျင့်ဘက်ပါလာအောင် လိုသလို ပုံဖော် အသွင်ပြောင်းပေးနိုင်ခဲ့သည်။ ဆရာတော်ကြီး၏ ဟောချက်ပြောချက် သင်ကြား ပို့ချချက်တို့ကြောင့် ပုံစံ အသွင် အသိဥာဏ် ပြောင်းလာတဲ့သူတွေ အမြောက်အမြားရှိသည်။ စာရေးသူပင် ဆရာတော်ကြီးအနား နှစ်များစွာ နေလာတော့ ဆရာတော်ကြီး စိတ်ဓာတ်များ တဖြည်းဖြည်း စိမ့်ဝင်လာသည်။ ဆရာတော်ကြီး ဟောချက် ပြောချက်နှင့် ပို့ချချက်တို့ကြောင့် အသိများစွာ ၀င်လာသလို အတွေးများစွာလဲ ၀င်လာသည်။ ဤကား စာရေးသူ၏ဘ၀ကို များစွာ ပုံစံပြောင်းသွားစေသည်မှာ ဆရာတော်ကြီး၏ ဗိသုကာ အနုပညာရပ်များပင် ဖြစ်သည်။

နိဂုံး
မြတ်ဗုဒ္ဓကတော့ သူကိုယ်တိုင် ဘ၀များစွာ ဘ၀ကို ကိုယ်လိုသလို ပုံဖော်နိုင်ခဲ့ပြီးလို့ ဘုရားအဖြစ်ကို ရရှိခဲ့ပြီ။ ထိုကဲ့သို့ သူ့ဘ၀ကို လိုသလိုပုံဖော်ရာဝယ် ‘‘တိဏ္ဏော တာရေယျံ၊ မုတ္တော မောစေယျံ’’ ‘‘သံသရာအတွင်း နစ်မျောနေတဲ့ သတ္တ၀ါတွေကိုလဲ ကယ်တင်လို၍ ပုံဖော်ပေးရမည် ဟူသော ရည်ရွယ်ချက်ဖြင့် သူ့ဘ၀ကို ဘုရားဖြစ်တဲ့အထိ ပုံဖော်ခဲ့သည်၊ (အဋ္ဌသာလိနီ)။ ထို့ကြောင့် မြတ်ဗုဒ္ဓသည်သာ သူများမလုပ်နိုင်တာကို လုပ်နိုင်ခြင်း၊ သူများ မဖန်တီးနိုင်တာကို ဖန်တီးနိုင်ခြင်း၊ လောကအားလုံးကို ကိုယ်လိုသလို ပုံဖော်ပေးနိုင်ခြင်းတို့ကြောင့် အနှိုင်းမဲ့ အနုပညာရှင်ကြီး ဖြစ်ပါပေသတည်းးးး။

ဤပို့စ်က စာရေးသူတို့လို ပုထုဇဉ်တွေအတွက် များစွာ သင်္ခန်းစာပေးပါတယ်၊ စာရေးသူတို့အားလုံးလဲ အနုပညာသမားတွေပါပဲ။ လောဘဖြစ်တဲ့အခါ တဒင်္ဂပဲဖြစ်ဖြစ် လောဘမဖြစ်အောင် တားဆီးနိုင်ကြတယ်၊ ပြောင်းနိုင်ကြတယ်၊ ဒေါသဖြစ်တဲ့ သတိဖြင့် ဒေါသကို ထိန်းနိုင်ကြတယ်၊ အဒေါသ-မေတ္တာဘက်သို့ပြောင်းနိုင်ကြတယ်၊ ကြမ်းတမ်းတဲ့ ဣဿာစိတ်ဝင်လာရင် နူးညံ့တဲ့ မုဒိတာစိတ်အဖြစ် ပြောင်းလဲနိုင်ကြတယ်၊ မစ္ဆရိယစိတ်တွေ ၀င်လာတဲ့အခါ ပေးကမ်းခြင်း၊ သနားခြင်း စာနာခြင်း စတဲ့ နူးညံ့တဲ့ စိတ်အဖြစ် ပြောင်းလဲနိုင်ကြတယ်။ ထို့အားလုံး ကိုယ့်ရဲ့ ကြမ်းတမ်းတဲ့စိတ်ကို ကိုယ်လိုသလို နူးညံ့တဲ့စိတ်ဖြစ်အောင် ပုံဖော်နိုင်တဲ့ အနုပညာရှင်ကောင်းများ ဖြစ်နိုင်ကြပါစေသတည်း။။။

ဤပို့စ်ဖြင့် သီတဂူဆရာတော်ကြီး၏ (၇၅)နှစ်ပြည့် မွေးနေ့အတွက် အထူးပူဇော်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၀-၂၀၁၁

04 March 2012

သီတဂူမွေးနေ့ အစီအစဉ် (၂)

သီတဂူမွေးနေ့ (၂)
မနက်ပိုင်း အစီအစဉ်
ပထမပိုင်းတွင် မွေးနေ့အစီးအစဉ်များ ကြော်ညာခဲ့သည်၊ ထိုကြော်ညာတွင် ကျန်ရှိနေသည့် အစီးအစဉ်အသစ်များကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှ ကူးယူဖော်ပြလိုက်ပါသည်။

bonusများ ချီးမြှင့်ခြင်း
နံနက် (၈)နာရီအချိန်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်၊ သီတဂူဆေးရုံ၊ သီတဂူရေအလှူတော် ဝန်ထမ်းအားလုံး သီတဂူဆရာတော်ထံမှ သြဝါဒခံယူခြင်းနှင့် အထက်ပါ သီတဂူစီမံကိန်းကြီး (၃)ခုမှ ဝန်ထမ်း (၁၁၄)ယောက် တို့အား တစ်ယောက်လျှင် (၁)သိန်းကျပ်သော ဆုကြေးငွေ (bonus)များ ချီးမြှင့်ခြင်း၊

သြ၀ါဒခံယူခြင်း
သီတဂူကမ္ဘာ့ဗုဒ္ဓက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) တက္ကသိုလ် (၃)ခု ကျောင်းသားများက သီတဂူဆရာတော်ထံမှ သြဝါဒခံယူခြင်း၊

Laptop computer-များ လှူဒါန်းခြင်း
သြဝါဒခံယူပြီးနောက် သီတဂူဆရာတော်မှ စစ်ကိုင်း သီတဂူဗုဒ္ဓက္ကသိုလ် အဆောင်နေ စာသင်သား သံဃာတော်များအား laptop computer-များ လှူဒါန်းခြင်း၊

Tablet-များ လှူဒါန်းခြင်း
စာချကထိကများနှင့် Ph.D ကျောင်းသားများအား tablet-များ လှူဒါန်းခြင်း၊
═════════════════════

နေ့ပိုင်း အစီအစဉ်-
စာတမ်းများဖတ်ကြားခြင်း-
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သန္တိမဟာဘွဲ့နှင်းသဘင်ခန်းမကြီးတွင် နေ့(၂)နာရီမှ စတင်ကာ ပထမနေ့ စာဖတ်များ ဖတ်ကြားမည်၊
အခန်းနားမှူးအဖြစ် -ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သီတဂူဗုဒ္ဓတက္ကသိုလ်, ရန်ကုန်) ပညာရေးတာဝန်ခံမှ တာဝန်ယူ ဆောင်ရွက်မည်။
စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များနှင့် စာတမ်းများ-
(၁) ဒေါက်တာ ဦးမျိုးမြင့် -History of Buddhism in Asia
(၂) ဒေါက်တာမြသီတာဆွေ -Apply Buddhism in daily life
═════════════════════

ညပိုင်းအစီအစဉ်-
(၁) တရားပွဲအစီအစဉ် -ညချမ်းကာလတွင် သီတဂူအရှင်ဒေဝိန္ဒာဘိဝံသမှ စစ်ကိုင်းမြို့၊ စည်းဂုံကြီးစေတီတော် ပရိဝုဏ်တွင် တရားတော် ချီးမြှင့်ခြင်း၊
(၂) တက္ကသိုလ်သံဃာတော်များသည် သီတဂူဝိပဿနာအကယ်ဒမီသို့ ကြွရောက်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊
(၃) ဖျော်ဖြေရေးအစီအစဉ် -အလင်္ကာဝတ်ရည် အဖွဲ့တော်သားများမှ ဓမ္မတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊
မန္တလေး မြို့မအဖွဲ့နှင့်တွဲဖက်၍ ဗုဒ္ဓ၀င်သရုပ်ဖော် တင်ဆက်ခြင်း၊
════════════════════════════════════

တပေါင်းပြည့်နေ့ (ဝ၇-၀၃-၂ဝ၁၂)ရက်နေ့
နံနက်ပိုင်း အစီအစဉ်-
(၁) နံနက် (၅)နာရီတွင် သံဃာတော်များအား 'ခိုတောင်မုန့်တီ' အရုဏ်ဆွမ်း ကပ်လှူခြင်း၊
(၂) ပင့်သံဃာပါး (၁ဝဝဝ)အား စတီး(လ်)သပိတ် အလုံး (၁၀၀၀)နှင့်အတူ သင်္ကန်းစသော လှူဒါန်းဖွယ်များ လှူဒါန်းခြင်း၊
(၃) နံနက် (၉)နာရီတွင် စိန်ဖူးတော်တင်လှူခြင်း, တက္ကသိုလ်သံဃာတော်များသည် သီတဂူဝိပဿနာ အကယ်ဒမီသို့ ကြွရောက်ကာ အနေကဇာတင်ခြင်း၊
═════════════════════

နေ့ပိုင်း အစီအစဉ်
အလှူငွေလှူဒါန်းခြင်း အခမ်းအနား-
နေ့လယ် (၁)နာရီအချိန်တွင်-
(၁) သီတဂူဝိပဿနာအကယ်ဒမီ၌ သီတဂူဆရာတော် သီတင်းသုံးမည့် ကျောင်းဆောင်တော်အတွက် ဝါတန်း ဦးအေးမောင်+ ဒေါ်လှမေ သမီး ဒေါ်ညွန့်ညွန့်အေး၊ မန္တလေးမြို့မှ ကျပ်သိန်း (၁၅ဝဝိ) လှူဒါန်းခြင်း၊
(၂) သီတဂူဝိပဿနာအကယ်ဒမီ၌ လက်ထောက် ကမ္မဋ္ဌာနာစရိယကျောင်းဆောင်တော်အတွက် ဦးမြတ်သူ+ဒေါ်ယဉ်ထွေး မိသားစု၊ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်မြို့မှ ကျပ်သိန်း (၁၅ဝဝိ) လှူဒါန်းခြင်း၊
(၃) ကျောင်းအမကြီး ဒေါ်ရွှေဥ (ရွှေဥရွှေရတနာ)ဆိုင်၊ မိသားစု ရန်ကုန်မြို့မှ သဲကုန်းသီတဂူ ဆေးရုံတော်အတွက် ကျပ်သိန်း(၁၅ဝဝိ) လှူဒါန်းခြင်း၊
(၄) တက်လမ်းဆောက်လုပ်ရေး ဦးရှိန်ဝင်း+ဒေါ်ခင်ချိုဦး မိသားစု၊ ရန်ကုန်မြို့မှ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ နန့်ခမ်း သီတဂူဆေးရုံတော်အတွက် ကျပ်သိန်း (၅ဝဝိ) လှူဒါန်းခြင်း၊
သီတဂူဆရာတော်မှ အလှူရှင်အားလုံးတို့အား ရေစက်ချတရား ချီးမြှင့်ခြင်း၊

═════════════════════

စာတမ်းများဖတ်ကြားခြင်း-
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သန္တိမဟာဘွဲ့နှင်းသဘင်ခန်းမကြီးတွင် နေ့ (၂)နာရီမှ စတင်ကာ ဒုတိယနေ့အဖြစ် စာဖတ်များ ဖတ်ကြားခြင်း၊
အခန်းနားမှူးအဖြစ် ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သီတဂူဗုဒ္ဓတက္ကသိုလ်, ရန်ကုန်) ပညာရေးတာဝန်ခံမှ တာဝန်ယူ ဆောင်ရွက်မည်။
စာတမ်းဖတ်ကြားမည့် ပုဂ္ဂိုလ်များနှင့် စာတမ်းများ -
(၁) ဒေါက်တာဝင်းမင်းသစ် -Scientific approach to Hadaya-Vatthu
(၂) သြစရီးယားနိုင်ငံမှ၊ ဆရာကြီး - Thitus Leber-မှ Enlightenment to Bodhobudhu
(၃) ဒေါက်တာဒေါ်မိမိခင် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ Buddhist monks and social work

တရားပွဲအစီအစဉ် -ညချမ်းကာလတွင် သီတဂူဒေါက်တာအရှင်ဝေဠုရိယဉာဏမှ စစ်ကိုင်းမြို့၊ စည်းဂုံကြီးစေတီတော် ပရိဝုဏ်တွင် တရားတော် ချီးမြှင့်ခြင်း၊
အထူးအစီအစဉ်- တပေါင်းလပြည့်နေ့ (ဝ၇-ဝ၃-၂ဝ၁၂)၊ နံနက် (၄)နာရီမှ စတင်ကာ skynet-မှ သီတဂူဆရာတော်၏ တရားတော်များ, သီတဂူဆရာတော်၏ မွေးနေ့ပွဲအခမ်းအနားများ, သီတဂူစီမံကိန်းကြီးများအကြောင်းများကို တနေကုန် ထုတ်လွှင့် ပြသသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၃-၂၀၁၂

03 March 2012

အနှိုင်းမဲ့အနုပညာရှင်

အနှိုင်းမဲ့အနုပညာရှင်
စာမိတ်ဆက်
တစ်နေ့တော့ မြန်မာဇာတ်ကားတစ်ကား ကြည့်မိတယ်၊ ထိုဇာတ်ကားထဲမှာ အလွန်စိတ်ဆက်ပြီး ၀ုန်းဒိုင်းကြဲတတ်တဲ့ သူတစ်ယောက် တစ်နေ့တော့ သူ့ညီမက သူ့အကို လူကြမ်းကြီးကိုနုးညံ့သွားအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားတဲ့အခါမှာ သူ့အကိုရုပ်ရှင်မင်းသားရူးနေတာကိုလဲ သိတော့ ဒါရိုက်တာတစ်ယောက် အကူညီနဲ့ မင်းသားအဖြစ်တင်ရိုက်မယ်ဆိုပြီး သူ့ကို ငိုရတဲ့ အခန်းတွေ ရယ်ရတဲ့ အခန်းတွေ အသက်ဝင်အောင် သရုပ်ဆောင်ခိုင်းတော့သည်။ ထိုလူကြမ်းကြီးလဲ နဂိုကမှ စိတ်က မာကျောပြီး စိတ်ဆတ်တဲ့သူဆိုတော့ မငိုတတ်ဖြစ်နေသည်။ အဲဒီအချိန်မှာ ဒါရိုက်တာက အနုပညာရဲ့  သဘောတရားကို ရှင်းပြတယ်။

အနုပညာဆိုတာ လူကို နုးညံ့ ပျော့ပြောင်းစေသလို ပွဲကြည့်သူပရိသတ်တွေကိုလဲ နုးညံ့စေတယ်၊ မိမိရဲ့ စိတ်ကို လိုသလို ပုံဖော်နိုင်ရမည်၊ ငိုဆို ငိုရမည်၊ တခါတရံ သင်္ဂြိုင်းက သူများအုဋ္ဌ်ဂူကို ဖက်ပြီး ကိုယ့်အဖေ အမှတ်နဲ့ စိတ်ကို သွင်းပြီးတော့ မျက်ရည် စိမ့်ထွက်လာပြီး တပေါက်ပေါက်ကျလာအောင် ငိုပြရတယ်၊ တခါတရံ ငိုရင်းကနေ ရယ်နိုင်အောင် လုပ်ပြရပြန်တယ်၊ တခါတရံတော့လဲ မငိုမရယ် ပြရပြန်တယ်၊ ကိုယ့်စိတ်ကို လိုသလို ပုံဖော်နိုင်တာ၊ ကိုယ့်စိတ်ကို လိုသလို ထိန်းချုပ်နိုင်တာကို အနုပညာလို့ ခေါ်သတဲ့။

စာရေးသူလဲ ဓမ္မဂီရိ ခရီးစဉ်များ သွားရင်းက ရှေးဟောင်းဂူတွေ ပြသာဒ်တွေ၊ ပန်းပုတွေ၊ ပန်းချီတွေ လေ့လာရင်း ရှေးရဟန်းများ၏ လောကီအနုပညာများကို လေ့လာခွင့်ရခဲ့သည်။ ပြဆိုအပ်ခဲ့ဇာတ်ကားလေးကြည့်ပြီး အရိယာတွေရဲ့ လောကုတ္တရာအနုပညာ ပညာရပ်ကို သွားသတိရမိသည်၊ စာရေးချင်စိတ်လဲ ပေါက်လာတာနဲ့ အဲဒီနေ့ကဇာတ်ကောင်တွေပြောတဲ့ စကားတွေကို နောက်သတိရတဲ့အခါ ရေးချင်ရင် ရေးလို့ရအောင် မှတ်စု (Note) ကလေးထဲမှတ်ထားလိုက်မိတယ်။ နောက်နေ့ စိတ်ကူးထက်ပေါ်လာတဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားသည်။
(အူမတောင့်မှ သီလစောင့်ဆိုတာလို သီလလုံအောင် အစားအစာပေး၍လဲ သာသနာပြုသည်။ ကချင်ပြည်နယ် ပူတာအိုမှာ သီတဂူမျက်စိခွဲစိတ် ကုသမှုအစီအစဉ်က ပုံ)

အနုပညာ
ပန်းပု ပန်းတမော့ ဆရာတွေလဲ အလွန်မာတဲ့ကျောက်ရိုင်းတုံးတွေ အသားတုံးတွေကို ကိုယ့်ရဲ့စိတ်ကူးပုံအတိုင်း လိုသလို ပုံဖော်နိုင်ကြတယ်၊ ဗုဒ္ဓရုပ်ပွားတော်၊ နတ်သားရုပ် နတ်သမီးရုပ်၊ ဘုရင်ရုပ်၊ ဘုရင်မရုပ်၊ သကြားရုပ်၊ ဗြဟ္မာရုပ်၊ ဆင် မြင်းစတဲ့ တိရိစ္ဆာန်ရုပ်တွေကို ကိုယ်စိတ်ကူးထဲကအတိုင်း ပုံဖော်နိုင်ကြတယ်။ ပန်းချီဆရာတွေကလဲ စာရွက်ပေါ်မှာ ကိုယ်စိတ်ကူးအတိုင်း လိုသလို ဆေးရည်ဖြင့် ပုံဖော်နိုင်ကြတယ်။ ရွှေပန်းတိမ်ဆရာတွေနှင့် ကျောက်သွေးပညာရှင်တွေကလဲ ရွှေရိုင်း ကျောက်ရိုင်းတုံးတွေကို လူတွေရဲ့ အမြတ်တနိုးထားတဲ့ ဘုရားရှင်၏ နဖူးသင်းကျစ်၊ ဦးခေါင်းတော်၊ ထီးတော် စိန်ဖူးတော်၊ ငှက်မျက်နားတော်တို့၏ တန်ဆာဖြစ်သလို လူတွေအတွက် အလှအပ ရတနာအဖြစ် ဖန်တီးပေးနိုင်ကြသည်။ ဒါကိုပဲ အနုပညာလို့ ခေါ်တာတဲ့။

ဂီတပညာသမားတွေကလဲ စိတ်ကူးထဲကအတိုင်း အသက်မဲ့ထဲကနေ ကိုယ်လိုချင်တဲ့ အသံကို ရအောင် ပုံဖော်နိုင်ကြတယ်၊ အသံနိမ့်၊ အသံမြင့်၊ အသံတို၊ အသံရှည်၊ အသံသေး၊ အသံလုံး၊ အသံပြား၊ အသံသြ၊ (အသံအကြောင်းနားမလည်) စသည်ဖြင့် ဖန်တီးနိုင်ကြတယ်။ အဆိုတော်တွေကလဲ မိမိစိတ်ကူးအတိုင်းပဲ အနိမ့်အမြင့် အတို အရှည် အဖြောင့် အကွေး အလုံး အပြား အလုံ စတဲ့အသံအမျိုးမျိုးကို ထုတ်နိုင်ကြတယ်။ အကပညာရှင်တွေကလဲ မိမိရဲ့ လက်၊ ခြေ၊ ခေါင်း၊ ခါး၊ ခန္ဓာတစ်ခုလုံးကို စိတ်ကူးအတိုင်း လိုသလို စည်းချက်နှင့်အညီ ကွေးနိုင်တယ်၊ ကောက်နိုင်တယ်၊ ဆန့်နိုင်တယ်။ ဗိသုကာပညာရှင်တွေကလဲ မြို့ရွာ အိမ်တွေကို ကိုယ့်စိတ်ကူးအတိုင်း ပုံဖော်နိုင်ကြတယ်။ သက်မဲ့ အရာဝတ္ထုတွေကို ကိုယ့်ရဲ့ စိတ်ကူးအတိုင်း လိုသလို ပုံဖော်နိုင်တာကို အနုပညာခေါ်သလို ကိုယ့်ရဲ့စိတ်ကိုလည်း လိုသလို ပုံဖော်နိုင်တဲ့ပညာလည်း အနုပညာပင်ဖြစ်ပါသည်တဲ့။

အနှိုင်းမဲ့အနုပညာသမား
အနု+ပညာ ဆိုပြီး မြန်မာစကားမှာ စကားလုံး ၂ လုံးပေါင်းထားသည်၊ အနုဆိုတာက ကြမ်းနေတဲ့ အရာ၊ ရိုင်းနေတဲ့ အရာ နုသွားအောင် ယဉ်သွားအောင်၊ ပညာ- ပုံဖော်နိုင်တဲ့ အတတ်ပညာ။ သူတပါးကိုပဲ ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ပဲ ဖြစ်ဖြစ် နုသွားအောင် ယဉ်သွားအောင် လုပ်နိုင်တဲ့ အတတ်ပညာရှိနေရင် အနုပညာရှင်ဖြစ်သည်၊ ဆရာသမားများက ကိုယ့်ရဲ့ တပည့်ကို ကိုယ်လိုသလို ပုံဖော်နိုင်တဲ့ အတတ်ပညာရှိကြသည်၊ မိဘများကလဲ ကိုယ့်ရဲ့ သားသမီးကို ကိုယ်လိုသလို ပုံဖော်နိုင်ကြသည်၊ အလားတူပဲ ဘုရားရှင်သည်လည်း သူကိုယ်တိုင် ဘုရားဖြစ်ဖို့ လိုသလို ပုံဖော်ခဲ့တာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပင်ဖြစ်သည်၊ ဘုရားဖြစ်တော့လည်း လောက လူသားသတ္တ၀ါတွေကို လိုသလို ပုံဖော်ပေးခဲ့သည်၊ ထို့ကြောင့် အနုပညာရှင်များပင်ဖြစ်ကြသည်။ ရိုင်းစိုင်းတဲ့ သတ္တ၀ါ ယဉ်သွားအောင် ကြမ်းတမ်းတဲ့ သတ္တ၀ါ နုသွားအောင် ပုံဖော်နိုင်ခဲ့သည်။ အလွန်ရိုင်းစိုင်း ကြမ်းတမ်းပြီး လူပေါင်းများစွာကို လိုက်သတ်နေသည့် အင်္ဂုလိမာလ၏ စိတ်ရော လူကိုပါ နုသွားအောင် ယဉ်သွားအောင် ပုံဖော်နိုင်ခဲ့သည်၊ ကိုယ့်ကို သတ်ဖို့ ပြေးဝင်လာတဲ့ နာဠာဂီရိ ဆင်ပြောင်ကြီးကို ယဉ်သွားအောင် ဖန်တီးနိုင်သည်။ သန်းပေါင်းများစွာသော အရိုင်းစိုင်း၊ ကြမ်းတမ်းသော သတ္တ၀ါတွေကို နုသွားအောင် ယဉ်သွားအောင် ပုံဖော်နိုင်သော ကြောင့် ဘုရားရှင်သည် အနှိုင်းမဲ့ အနုပညာရှင်ကြီးဖြစ်သည်။ ကိုယ့်ရဲ့စိတ်ကူးအတိုင်း လောကကမ္ဘာကြီးကို ပုံဖော်နိုင်ခဲ့သောကြောင့် အနှိုင်းမဲ့ဗိသုကာ ပညာရှင်ကြီးဖြစ်သည်။ ဗြဟ္မဏ၀ါဒ အတ္တ၀ါဒ အရိုးစွဲနေတဲ့ အိန္ဒိယအင်ပါယာ (မဇ္ဈိမဒေသ) ကို ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓနိုင်ငံ ဖြစ်အောင် ပုံဖော်နိုင်ခဲ့သည်။

အရိယာအနုပညာသမားများ
တခါက သူဆင်းရဲဘ၀ကနေ သူဋ္ဌေးသားဖြစ်လာသော မောင်ပဏ္ဍိတဆိုတဲ့ လူငယ်လေးတစ်ယောက် ရှင်ပဏ္ဍိတဘွဲ့အမည်ရှိ သာမဏေ (ကိုရင်)ဘ၀ရောက်လာတယ်။ တနေ့တော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးနဲ့ ဆွမ်းခံအတူကြွရင်း လယ်တော ယာတောတွေထဲက ဖြတ်သွားရတယ်၊ လယ်သမား ယာသမားတွေက တူးမြောင်းတွေ တူးနေတာကို မြင်တော့ ‘‘အရှင်ဘုရား ဒီလူတွေက ဘာလုပ်နေကြတာလဲဘုရား’’ဟု မေးတော့ ဆရာဖြစ်သူက ‘‘ငါ့ရှင်-ဟိုက ဒီက လာတဲ့ ရေတွေကို ကိုယ့်လယ်ခင်း ယာခင်းထဲရောက်အောင် ယူနေကြတာဖြစ်တယ်’’ဟု မိန့်သည်။ ‘‘ဒါဆို အရှင်ဘုရား-ရေမှာ စိတ်ရှိသလားဘုရား’’ဟု မေးပြန်သည်။ ဘယ်ရှိမလဲ ငါ့ရှင်။ အဲဒီတော့ ကိုရင်ပဏ္ဍိတ စဉ်းစားတယ် ‘‘အော်--စိတ်မရှိတဲ့ ရေကို ကိုယ်လိုသလို ပုံဖော်နိုင်တယ်၊ ကိုယ်လိုတဲ့ နေရာ ရောက်အောင် ဆောင်ယူနိုင်ကြတယ်၊ စိတ်ရှိနေတဲ့ သူတွေက ကိုယ့်ရဲ့စိတ်ကို လိုရာသို့ ဘာလို့မဆောင်နိုင်ကြသလဲ’’ဟုပင်တည်း။ စိတ်မရှိတဲ့ ရေကို ကိုယ်လိုသလို ယူနိုင် အသုံးချနိုင်ကြတဲ့ စိုက်ပျိုးရေးသမား (agriculture) တွေလည်း အနုပညာရှင်တွေ မည်ပါတော့သည်။

ဒီလိုနဲ့ ရှေ့ဆက်သွားရင်း လေးသမားတွေ မြှားလုပ်နေတာကို တွေ့ရပြန်တယ်။ လေးသမားတွေက မြှားလုပ်ရန် လေးအချောင်းလေးတွေကို မီးအပူပေးနေသည်ကို မြင်သောအခါ ဒီလူတွေကကော ဘာလုပ်နေကြတာလဲဘုရားဟု မေးပြန်သည်။ ဆရာဖြစ်သူကလဲ ‘‘ငါ့ရှင်--ဒီလူတွေက မြှားလုပ်ဖို့ရန် မီးအပူပေးပြီး ဒုတ်ချောင်းလေးတွေကို ကိုယ်လိုသလို ကွေးလိုက် ကောက်လိုက် ဖြောင့်လိုက် လုပ်နေကြတာ’’ ဟု ဖြေကြားပေးလိုက်သည်။ ဒါဆို အဲဒီ ဒုတ်ချောင်းလေးတွေမှာကော စိတ်ရှိသလားဘုရား၊ ဘယ်ရှိမလဲ ငါ့ရှင်။ ကိုရင်လေးလဲ အံ့သြကြီးစွာနဲ့ ‘‘ကြည့်စမ်း--အံ့သြစရာပဲ စိတ်မရှိတဲ့ ဒုတ်ချောင်းလေးတွေကိုတောင် ကိုယ်လိုသလို ကွေးနိုင် ကောက်နိုင် ဖြောင့်နိုင်သေးတာပဲ၊ စိတ်ရှိတဲ့ ငါတို့တတွေက ဘာလို့ ကိုယ့်ရဲ့စိတ်ကို ကိုယ်လိုသလို မလုပ်နိုင်ကြတာလဲ’’ လေးသမား မြှားသမားတွေသည်လဲ စိတ်မရှိတဲ့ ဒုတ်ချောင်းလေးတွေကို ကိုယ်လိုသလို ပုံဖော်နိုင်ကြလို့ အနုပညာရှင်တွေပါပဲလား။

နောက်တခါကျတော့ သစ်ရွေးသမား (တစ္ဆက) ခေါ် လက်သမားတွေက သစ်သားတွေကို လှည်းဘီးမှာပါတဲ့ လှည်းစပုတ်တိုင်ခေါ် ဒေါက်၊ ပုံတောင်းချက်မ၊ ဘီးခွေ စသည်ဖြင့် လှည်းတစ်ဆင်းမှာ ပါတဲ့ အရာတွေအတွက် သစ်သားတွေ့ကို ရွေ (ထွင်း)နေတာကို မြင်တော့ မေးပြန်သည်၊ အရှင်ဘုရား ဒီလူတွေကကော ဘာလုပ်နေကြတာလဲဘုရား၊ ‘‘ ငါ့ရှင်- သူတို့တတွေက လက်သမား (ရွေသမား)တွေ ဖြစ်ကြတယ်၊ လှည်းဘီးတစ်ခုမှာ ပါတဲ့ အရာတွေအတွက် သစ်တွေကို ရွေနေကြတာလေ’’ဟု ဆရာဖြစ်သူ အရှင်သာရိပုတ်က စိတ်ရှည်စွာနဲ့ တပည့်ဖြစ်သူအား ရှင်းပြသည်။ ဒါဆို အရှင်ဘုရား
အဲဒီသစ်သားတွေမှာကော စိတ်ရှိလားဘုရား ဟု ကိုရင်လေးက ကလေးပီပီ သိချင်တာတွေ မေးသည်။ ဘယ်ရှိမလဲ ငါ့ရှင်။ ကိုရင်လေးလဲ လမ်းခရီးတလျှောက် အံ့သြပြီးခြင်း အံ့သြနေရသည်။ အသိစိတ်မရှိတဲ့ သစ်သားတွေကို ကိုယ်လိုသလို ပုံဖော်နိုင်ကြလျှင် အသိစိတ်ရှိတဲ့ ငါတို့တတွေက ငါတို့၏စိတ်ကို ကိုယ်လိုသလို ပုံမဖော်နိုင်ရမှာလဲ ဟု တွေးကာ ကိုယ့်ရဲ့စိတ်ကို ကိုယ်လိုသလို ပုံဖော်နိုင်ရန် ရဟန်းတရားအားထုတ်တော့မယ် ဆိုပြီး ဆရာ့ရဲ့ သပိတ်သင်္ကန်းတွေကို ဆရာ့အား ပြန်အပ်သည်။ ဆရာဖြစ်သူကလဲ သူ့တပည့်ကို စောင့်ရှောက်သည်။ နတ်မင်းကြီး ၄ ယောက်ကို ခေါ်ပြီး ငှက်အသံ တောအသံတွေ မကြားစေရအောင် စောင့်ရှောက်စေသည်၊ နေနတ်သား လနတ်သားတွေကိုလဲ နေမကျအောင် လမထွက်လာ အောင် ယာယီဆိုင်းငံ့စေသည်၊ အကြောင်းကား- ကိုရင်လေးမှာ နေ့ဆွမ်း မဘုန်းပေးရသေး၊ နေမလွဲသွားအောင် ယာယီဆိုင်းထားစေခြင်းဖြစ်သည်။

ဒီလိုနဲ့ ဟိုဟိုဒီဒီ ပြေးလွားပြီး ဂနာမငြိမ်တဲ့ စိတ်ကို ဖမ်းချုပ်ကာ အာရုံတစ်ခုတည်းအပေါ်မှာတင်ထားပြီး ရဟန်းတရားကို အားထုတ်လိုက်တာ နေ့ဆွမ်းမစားမီမှာပဲ သုံးမဂ် သုံးဖိုလ် ဆိုတဲ့ အဆင့် ၃ ကနေ ဆက်ပြီး အားထုတ်ရာ အမြင့်ဆုံး ပဋိသမ္ဘိဒါ ၄ပါးနှင့် တကွ အရဟတ္တဖိုလ် (ရဟန္တာ) အဖြစ်ကို ရရှိသွားသည်။ ဤကား ကိုယ့်ရဲ့စိတ်ကို ကိုယ်လိုသလို ပုံဖော်နိုင်သောကြောင့် လောဘ ဒေါသ မောဟ စတဲ့ ကိလေသာ အညစ်အကြေးရှိတဲ့ စိတ်ကို ကိလေသာ အညစ်အကြေး မရှိသော စိတ်ဖြစ်အောင် ပုံဖော်နိုင်သော အရိယာ အနုပညာရှင်ဖြစ်ပါသည်။

စိုက်ပျိုးရေးသမားများက စိတ်မရှိသော ရေကို ကိုယ်လိုသလို ယူနိုင်သည်၊ လေးသမား မြှားသမားတွေက ကောက်ကွေးနေတဲ့ ဒုတ်ချောင်းလေးတွေကို ဖြောင့်ဖြူးအောင် ပြုလုပ်နိုင်သည်၊ သစ်ရွေးသမား လက်သမားတွေက သစ်သားတွေကို ကိုယ်လိုသလို ပုံဖော်နိုင်သည်။ ပညာရှိ သူတော်ကောင်းတွေကတော့ ဟိုဟိုဒီဒီ ပြေးလွားနေတဲ့ စိတ်ကို အာရုံတစ်ခုတည်းအပေါ်မှာ ထားနိုင်ကြပြီး ကိလေသာတို့ဖြင့် ကြမ်းတမ်းနေတဲ့ စိတ်ကို မဂ်ဖိုလ်တို့ဖြင့် နုသွားအောင် ယဉ်သွားအောင် လုပ်နိုင်ကြသောကြောင့် တကယ့် အနုပညာရှင်ကြီးများ ဖြစ်ကြသည်။ (ဓမ္မပဒ)
အပိုင်း (၂) ဆက်လက်ဖော်ပါဦးမည်။
ဤပို့စ်ဖြင့် သီတဂူဆရာတော်ကြီး၏ (၇၅)နှစ်ပြည့် မွေးနေ့အတွက် အထူးပူဇော်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၇-၁၀-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes