သီတဂူစတား

သီတဂူစတား

16 May 2012

May 16 မွေးနေ့

(မေ-၁၆ရက်နေ့မွေးဖွားသူများအတွက် အမှတ်ရ မွေးနေ့လက်ဆောင်)

အသက်ထက်ဆုံး မမေ့ကောင်းရာ
စာမိတ်ဆက်
ဧရာဝတီစာကြည့်တိုက်၏ ဘလော့ဂါ စာရေးဆရာ (May16) တစ်ယောက်က မေလ ၁၆ ရက်နေ့ဟာ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်၊ မွေးနေ့အတွက် ဆုံးမစာလေးတစ်ပုဒ်လောက် ရေးပေးပါဟု လျှောက်ထားလာသည်၊ စာရေးသူလဲ ဘာရေးရမှန်းမသိ၊ ဒီလိုနဲ့ ညနေပိုင်း အလုပ်အားချိန်လေး စာလေးတွေ လျှောက်ဖတ်ရင်းက သူ့အတွက် မွေးနေ့ပို့စ်လေးတစ်ပုဒ် အစောတလျင် ဖန်တီးလိုက်ရသည်၊ မနက်ဖန်ဆို မေ ၁၆ ရက် ဖြစ်နေတာကိုးး။ လောကမှာ လူတွေ အများစုက ကိုယ့်ရဲ့ မွေးနေ့ကို အမှတ်ရစမြဲ ဖြစ်ကြပါတယ်။ ဘယ်ပုံ ဘယ်လိုနည်းတွေနဲ့ အမှတ်ရနေသင့်သနည်း?????? လောကမှာ အမြဲတမ်း အမှတ်ရထိုက်တဲ့ နေရာ သုံးနေရာရှိတယ်ဆိုတာလေးနဲ့ပဲ May16အတွက် မွေးနေ့ပိုစ်လေးကို အစပြုလိုက်ပါသည်။

တိုင်းပြည်ဘုရင်၏ တစ်သက်တာမှတ်တမ်း
(၁) တိုင်းပြည်မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်သည်သူ၏ မွေးဖွားရာ အချိန်ကို ဘယ်တော့မှ မမေ့သင့်ပါဘူး ဘယ်နေ့ ဘယ်အချိန် ဘယ်နက္ခတ်နဲ့ ယှဉ်ပြီးမွေးခဲ့တယ်ဆိုတာ မမေ့သင့် မမေ့အပ်၊ အမြဲတမ်း အမှတ်ရနေရမည်။ မွေးနေ့ မွေးရက်သည် ပထမ အချက်အနေနဲ့ တစ်သက်တာမှတ်တမ်း ဖြစ်နေရမည်။ (၂) ဒုတိယအချက်အနေနဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တိုင်းပြည်ရဲ့ အာဏာကို လက်ခံပြီး ဘုရင်အဖြစ် ခံယူသလဲဆိုတာကိုလဲ တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။ (၃) တတိယ အချက်ကတော့ ဘုရင့်ရဲ့ အောင်ပွဲခံတဲ့နေ့ဖြစ်ပါတယ်၊ ရန်သူကို တွန်းလှန်နိုင်တဲ့ နေ့ကို တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။

ရဟန်းတော်၏ တစ်သက်တာမှတ်တမ်း
ထိုနည်းတူစွာ ရဟန်းတော်တွေမှာလဲ တစ်သက်တာမှတ်တမ်းအဖြစ် ရှိနေရမည်မှာ--(၁) ရဟန်းတော်များသည် ဘယ်နေ့ ဘယ်အချိန် ဘယ်မှာ ရဟန်းဖြစ်တယ်ဆိုတာကို တစ်သက်တာမှတ်တမ်း (ရဟန်း ရက်ချုပ်) ရှိနေရမည်၊ ဘယ်တော့မှ ရဟန်းဖြစ်သည့် နေ့ ရက်တို့ကို မမေ့အပ်။ (၂) အသိဥာဏ် အထူး ရသည့်အချိန်သည် ရဟန်းတော်များအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ငါ သစ္စာ (အမှန်) တရားကို သိပြီဆိုတာကို မမေ့အပ်။ (၃) အလားတူပဲ ဘယ်အချိန် ဘယ်နေရာမှာ စိတ်ညစ် စိတ်ရိုင်း (ကိလေသာ) တွေ အားလုံး ရှင်းသွားပြီဆိုတာသည် တတိယအနေနဲ့ ရဟန်းတော်တွေအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။

သာမန်လူသားများ တစ်သက်တာ မှတ်တမ်း
(၁) ထိုနည်းတူစွာ စာရေးသူတို့လို သာမန် လူသားတွေလဲ တစ်သက်တာ မှတ်မိနေရမည့် အချက်များ ရှိပါသည်။ နံပတ် (၁)က ကိုယ့်ရဲ့ မွေးနေ့ပါပဲ၊ လူတိုင်းက ကိုယ့်ရဲ့ မွေးနေ့ မွေးရက် မွေးလကို တသက်တာမှတ်တမ်းအဖြစ် မှတ်ထားကြစမြဲဖြစ်ပါသည်။ ကိုယ့်ရဲ့မွေးနေ့ကို ပုံစံအမျိုးမျိုး ပုံဖော် မှတ်မိစေခဲ့ကြသည်။ တချို့ကတော့ မွေးနေ့အတွက် ပါတီပွဲတွေ ပြုလုပ်ပြီး ပုံဖော် အမှတ်ရစေကြပါတယ်၊ တချို့ကတော့ မွေးနေ့ပွဲကို သူငယ်ချင်းတွေ စုစည်းပြီး ပါတီပွဲလေးလုပ်ပြီး အမှတ်ရစေကြပါတယ်။ တချို့ကြတော့ ရိုးရာဓလေ့လေးတွေနဲ့ မွေးပွဲကို ဆင်နွဲ အမှတ်ရစေကြပါတယ်။ တချို့ကြပြန်တော့ ပေးကမ်းခြင်း စွန့်လွတ်ခြင်းတွေနဲ့ မွေးနေ့ပွဲကို အမှတ်ရစေကြပါတယ်၊ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ်မယ်၊ မနက်စောစော သံဃာတွေ ဆွမ်းလောင်းမယ်၊ ဘိုးဘွားရိပ်သာ သွားပြီး အဘိုးအဘွားတွေကို ပြုစုမယ် လှူမယ်၊ ခိုကိုးရာမဲ့ မိဘမဲ့ဂေဟာတွေမှာ သွားပြီး အလှူပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေကို ပေးကမ်းမယ်။ တချို့ကြတော့ ဘုရားသွားပြီး အဓိဌာန်ပုတီးစိပ်တာတို့ ပရိတ်ရွတ်တာတို့ ပဋ္ဌာန်းရွတ်တာတို့ ဘုရားသန့်ရှင်းရေးလုပ်တာတို့ ဘုရားရှင်အား ပန်း ရေ မီး လှူတာတို့ ပြုလုပ်လေ့ရှိကြတယ်၊ တချို့ကြတော့ ငှက်ကလေးတွေကို အသက်စေ့ဝယ်ပြီး လွတ်ကြတယ်၊ တချို့ကတော့ ငါးကန်သွားပြီး ငါးလွတ်ကြတယ်၊ ဤနည်းအားဖြင့် ပုံစံအမျိုးမျိုးနဲ့ မိမိရဲ့ မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေကြသည်။ တချို့ကတော့ ကြာကြာစံရအောင် ကြာဇံတောင် တိုက်ကြသေးတယ်။ ဘလော့ဂါ စာရေးဆရာကိုယ်တိုင်က May16 ဆိုတဲ့ ကလောင်ကို အသုံးပြုပြီး သူ၏ မေ ၁၆ရက် မွေးနေ့ကို ပုံဖော် အမှတ်တရဖြစ်စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မွေးနေ့လေးကို အရက်ဝိုင်း၊ ကေတီဗီ (KTV) တွေ ညကလပ် (Night-club) တွေမှာ သွားပြီး အပျော်အပါးတွေနဲ့ မွေးနေ့ပွဲကို ဆင်နွဲမဲ့အစား မိမိရဲ့စိတ်ကလေးတွေ အေးချမ်းပြီး ကိလေသာကင်းတဲ့ စိတ်နဲ့ ကောင်းမှု ကုသိုလ်များဖြင့် မွေးနေ့ပွဲကို အမှတ်တရ ဖြစ်စေတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) နောက် ဒုတိယတစ်ခုက သာရဏီဓမ္မလို့ ခေါ်တဲ့ တစ်သက်တာ အမှတ်ရစေရမည့် အလုပ်တွေကို အမှတ်ရဖို့လိုသည်။ ထိုအလုပ်တွေဆိုတာ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပြုလုပ်အပ်သော ကောင်းမှုများပင်ဖြစ်သည်။ စာပေက သာရဏီယ-တစ်သက်တာအမှတ်ရစေရမည့် အရာများကို ဤသို့ဆိုတယ်။ (က) မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ကာယကံမေတ္တာ ထားခြင်း၊ ကိုယ့်အိမ်ရောက်လာတဲ့ ရဟန်းသဃာပဲ ဖြစ်ဖြစ်၊ ခရီးသွားဧည့်သည်ပဲ ဖြစ်ဖြစ် မေတ္တာရှေ့ရှုပြီး နွေးထွေးစွာ ကြိုဆို၊ နေရာထိုင်ခင်းပေး၊ ရေပူ ရေအေးပေး စသည်ဖြင့် ကိုယ်နဲ့ပြုလုပ်ရမည့် အလုပ်မှန်သမျှကို မေတ္တာဖြင့် ၀န်ဆောင်မှုပေးခြင်းသည် တစ်သက်တာ အမှတ်ရစေရမည့် (သာရဏီယဓမ္မ) အလုပ်ဖြစ်သည်၊ (ခ) မေတ္တာဖြင့် သူတော်ကောင်းစကား ပြောဆိုခြင်း၊ ဘုရားသွားမယ် ကျောင်းသွားမယ်၊ ကောင်းမှုပြုမယ် သီလဆောက်တည်မယ် စသည်ဖြင့် နှုတ်ဝစီဖြင့် ပြောဆိုခြင်းမျိုးကို တစ်သက်တာ အမှတ်ရစေမည့် တရားဖြစ်သည်။ အရက်ဆိုင်သွားမယ် ကေတီဗီသွားမယ် နှိုက်ကလပ်သွားမယ် ဆိုတဲ့ စကားမျိုးကား ထိုသာရဏီယ၏ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ (ခ) မေတ္တာစိတ် နှလုံးသွင်းခြင်းသည်လည်း ဘ၀မှာ တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ကင်းဝေကြပါစေဆိုတဲ့ စိတ်ဖြင့်ပွားများသည့် အလုပ်သည် တစ်သက်စာ အမှတ်ရစေမည့် သာရဏီယဓမ္မဖြစ်သည်။ (ဂ) ရလာတဲ့ စည်းစိမ်ဥစ္စာများကိုလဲ ကိုယ်တစ်ယောက်တည်း မသုံးဘဲ သူတပါးထံမှ ဘာမှ မျှော်လင့်ချက်မထားဘဲ မျှဝေသုံးစွဲသည့် စာဂ-စွန့်ကြဲဝေငှခြင်းသည်လည်း တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ (ဃ) ကိုယ့်ရဲ့ မကျိုး မပေါက်သည့် သီလသည်လည်း ဘ၀အတွက် အမှတ်တရ ဖြစ်စေမည့် တရားဖြစ်သည်။ (စ) ဂုဏ်ပကာသနတွေကြောင့် တစ်ယောက်နှင့် တစ်ယောက် အထင်သေး အမြင်သေးခြင်းမရှိဘဲ တန်းတူညီမျှ ပေါင်းသင်း ဆက်ဆံခြင်းသည်လည်း တစ်သက် အမှတ်ရစေမည့် အမှတ်တရ ဖြစ်သည်။

(၃) သတ္တ၀ါ အားလုံး မွေးပြီးရင် သေကြရမည်ဆိုတာကို သိပြီး လူအချင်းချင်း မာန်မာနကင်း ဣဿာရှင်းပြီး မေတ္တာ မုဒိတာ ကရုဏာစိတ်များ သွင်းကြရမည် ဖြစ်သည်။ ထို့ကြောင့် တတိယအနေနဲ့ တစ်သက်တာ အမှတ်ရစေရမည် အရာသည် သေခြင်းတရားပဲ ဖြစ်သည်။ သတ္တ၀ါတွေဟာ မွေးပြီး မုချသေရမည်၊ သူတို့ရဲ့ အသက်ရှင်တည်နေမှုဆိုတာ မမြဲ (မရဏံ မေ ဘ၀ိဿတိ၊ ဇီဝိတံ မေ အဒ္ဓုဝံ) ဟုသော မရဏဿတိ ဘာဝနာသည်လည်း ဘ၀မှာ တတိယ အနေနဲ့ အမှတ်ရစေရမှာ ဖြစ်သည်။ ထိုသို့ အမှတ်ရနေမှသာလျှင် လူလူချင်း စာနာ စိတ်ရှိပြီး မေတ္တာစိတ်ဖြင့် အချင်းချင်း ကူညီရိုင်းပင်ကြမည် ဖြစ်သည်။ သတ္တ၀ါတွေသည် သေရမည်ဆိုတာကို မေ့နေကြပြီး ဂုဏ်တူဂုဏ်ပြိုင် မာနတွေ၊ တစ်ယောက်၏ ကြီးပွားမှု အောင်မြင်မှု ပြည့်စုံမှုတွေကို မလိုလား မနှစ်သက် ဖျက်ဆီးသည့် ဣဿာတွေ ဖြစ်နေကြသည်။

နိဂုံး
ထို့ကြောင့် အားလုံးသော မွေးနေ့ရှင်တို့သည် မိမိတို့၏ မွေးနေ့ကို အမှတ်တရဖြစ်စေပြီး ကောင်းမှုကုသိုလ်များဖြင့် မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေနိုင်ကြပါစေ။ သာရဏီယတရားဟု ခေါ်ဆိုသည့် ကာယကံ မေတ္တာ ၀စီကံမေတ္တာ မနောကံ မေတ္တာ သီလစတဲ့ ကောင်းမှုများကိုလည်း အမှတ်တရဖြစ်စေဖို့လိုပါသည်။ နောက်ဆုံး ငါသည် နှစ်တစ်ရာအတွင်း သေရမှာပါလားဆိုတဲ့ အသိစိတ်ဖြင့် တိုတောင်းလှတဲ့ အသက်ရှင်နေသမျှကာလလေးမှာ ကောင်းမှုပါရမီများ ပြုလုပ်ပြီး ဘ၀ရဲ့ အစ အဆုံးကို အမှတ်တရ ဖြစ်နိုင်ကြပါစေကုန်သတည်းးးးးးးးးးးးးးးးး

မွေးနေ့ရှင် May16 သည် “မေလ ၁၆ ရက်နေ့” ရာပေါင်းများစွာ ပိုင်ဆိုင်ပါစေ။
ယနေ့မှ သည် နှစ်များစွာ ပျော်ရွှင် ချမ်းမြေ့ပါစေ၊
“ဟတ်ပီး ဘာ့သဒေး တူ ယူ” ဟူ၍ မြန်မာအသံနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၅-၅-၂၀၁၂

10 May 2012

သီတဂူဆရာတော်ကြီး မိန့်ခွန်းပြောသည့် ရွှေမင်းသား ဖောင်ဒေးရှင်း

(သီတဂူဆရာတော်ကြီး ကြွရောက် ချီးမြင့်)

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲ
(သီတဂူဆရာတော်ကြီး တက်ရောက် မိန့်ခွန်းပြော)


တာရာဝေယံ၊
ရန်ကုန်

မေလ ၉၊ ၂၀၁၂

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲကို ဒီနေ့နံနက် ၉း ၀၀ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI (စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သီတဂူဆရာတော် ရှင်ဉာဏိဿရ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်မှ မသန်မစွမ်းသူများ၊ အလှူရှင်များ ပရိသတ်စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။
အပြည့်အစုံကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
(ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု မိန့်ခွန်းစကားပြော)
သတင်းဓာတ်ပုံအားလုံးကို ဤနေရာမှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၀-၅-၂၀၁၂


07 May 2012

ဗုဒ္ဓပူနိမာ (Buddha Purnima)

ဗုဒ္ဓပူနိမာ (Buddha Purnima)
စာမိတ်ဆက်

ဒီနေ့ ကဆုန်လပြည့်ကျော် (၁) ရက် တနင်္ဂနွေနေ့ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေမြတ် ဖြစ်သလို National Holiday တနိုင်ငံလုံး ရုံးပိတ်ရက်လဲဖြစ်သည်။ အိန္ဒိယမှာတော့ ဒီကနေ့ကို ဗုဒ္ဓပူနိမာ (Buddha Purnima) နေ့ဟု ခေါ်သည်။ ဝေသာခ နေ့ ဟုလဲ ခေါ်သည်။
ဒီကနေ့မှာပဲ ဘုံဘေမြို့ရှိ ဆရာကြီး ဂိုအင်္ကာ၏ ရွှေတိဂုံပုံစံတူဘုရားကြီးမှာ လူပေါင်း ၃၀၀၀ (သုံးထောင်) ဗုဒ္ဓပူဇနိပွဲ ကျင်းပမည်ဟု ကြားသိရသည်။ ထိုပွဲသို့မသွားမီ ဆရာကြီး ဂိုအင်္ကာ၏ တပည့် ဒကာ ၄ ယောက် စာရေးသူတို့ အဆောင် ရောက်လာကြသည်။ အဆောင်ရှိ မြန်မာရဟန်းတော် ၂၀ ပါးအတွက် ဆွမ်းဗူးများ၊ ဟင်းများ၊ သရက်သီးများ၊ ဆေးပစ္စည်းများ စသည် လာလှူသွားသေးသည်။
(အိန္ဒိယအစားအစာများဖြင့် နေ့ဆွမ်းကပ်ခြင်း၊ တရားဆွေးနွေးခြင်း)

စာရေးသူတို့လဲ ၈ ပါးသီလပေးပြီး ပရိတ်တရားများ ချီးမြင့်ပေးလိုက်သည်။ ထိုဒကာများသည် စာရေးသူ ဘုံဘေသို့ ရောက်ပြီး နှစ်ဝက်လောက်မှာပဲ သူ၏အိမ်သို့ မြန်မာရဟန်းတော်များကို အလှည့်ကျ ပင့်ပြီး တရားဆွေးနွေးခြင်း၊ ဆွမ်းကပ်ခြင်း၊ သင်္ကန်းများ လှူခြင်း စသည့် ကောင်းမှုအလုပ်များကို လုပ်ခဲ့ဖူးသည်။ ထိုစဉ်က အိန္ဒိလူမျိုးများ အတ္တကြီး ဇာတ်စနစ်ကြီးသည်ဟုထင်ခဲ့သော စာရေးသူမှာ ယခုလို စာရေးသူတို့ ရဟန်းတော်များကို တရိုတသေ ဝေယျာဝေစ္စပြုနေတာကို မြင်ပြီး အံ့သြမိခဲ့သေးသည်။ တကယ်တော့ ဒီမိသားစုသည် ပညာတတ်၊ ဥစ္စာပေါ၊ မျိုးရိုးမြင့်မားသူများ ဖြစ်ကြသည်။ သို့ပေမဲ့ အိမ်သို့ ကြွလာတဲ့ သံဃာတွေကို ခြေဆေးပေးခြင်း၊ ခြေသုတ်ပေးခြင်းများကို တရိုတသေ ကျကျနနကို ပြုလုပ်ပေးနေသည်မှာ အံ့သြမိသည်၊ စာရေးသူတို့ နိုင်ငံမှာတောင် အဲဒီလောက် လုပ်လေ့မရှိ၊ စာရေးသူတို့ နိုင်ငံမှာတော့ အိမ်ပေါက်ကနေ အ၀တ် တခုခုဖြင့် ခြေသုတ်ပေးလေ့ရှိသည်ကိုတော့ တွေ့ရသည်။

မြတ်ဗုဒ္ဓကြွလာသော် သို့မဟုတ် မထေရ်ကြီးတစ်ပါးပါး ကြွလာသော် ရဟန်းတော်များက ခရီးဦးကြိုဆိုကြသည်၊ ခြေဆေးခြင်း ခြေသုတ်ပေးခြင်း၊ ခြေဆုပ်လက်နယ် ပြုပေးခြင်းများကို ပြုလေ့ရှိသည်။ ယနေ့ သံဃာတော်များကို ခြေဆေးပေးခြင်း၊ ခြေသုတ်ပေးခြင်း စတဲ့ နိဝါတမင်္ဂလာ၊ ဝေယျာဝေစ္စကုသိုလ်တွေ ပြုနေခြင်းမှာလဲ အိန္ဒိယနိုင်ငံက အစပြုခဲ့သည်။ ထိုအိန္ဒိယပြည်ကြီးမှာပဲ ပျောက်ကွယ်လုဖြစ်သော ထိုဗုဒ္ဓလက်ထက်က အလေ့အထလေးတွေ ပြန်မြင်ရတော့ မည်သူမဆို ပီတိဖြစ်မိသည်မှာ အမှန်ပင်။
ထူးခြားသောနေ့နှင့် ထူးခြားသော ကောင်းမှုပြုသူတို့အတွက် ဂုဏ်ပြုသောအားဖြင့် မှတ်စုကလေး ရေးဖြစ်လိုက်သည်။
(ဗုဒ္ဓပူနိမာနေ့ ရောက်လာသော အိန္ဒိယဗုဒ္ဓဘာသာ သီလယူ ပရိတ်တရားနာ)
(သီလယူ၊ ပရိတ်တရားနာယူစဉ်)

မြန်မာ့ဗုဒ္ဓနေ့
စာရေးသူတို့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ အားလုံးကတော့ ကဆုန်လပြည့်နေ့ကိုပဲ “ဗျာ ဖွား ပွင့် စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့”၊ “လပြည့်နေ့ ဗုဒ္ဓနွေကဆုန်“ စသည်အားဖြင့် ကဆုန်လပြည့်နေ့ကို ပဲ ဗုဒ္ဓနေ့ဟု သက်မှတ်ကြသည်။ ထိုနေ့အတွက် မြန်မာပြည်သူတွေအတွက် National Holiday ပဲ ဖြစ်ပါသည်။
၁။ မြတ်ဗုဒ္ဓအလောင်း ဒီပင်္ကရာ မြတ်စွာဘုရားထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟုသော ဗျာဒိတ်ရခဲ့သည်မှာလဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။
၂။ လွန်ခဲ့သော ၂၆၃၅ ခုနှစ်က ခမည်းတော် သုဒ္ဓေါဓန မယ်တော် မဟာမာယာတို့မှ မြတ်ဗုဒ္ဓ ဖွားမြင်ခဲ့သည်မှာလဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။
၃။ လွန်ခဲ့သော ၂၆၀၀ ခုနှစ်က မြတ်ဗုဒ္ဓ သဗ္ဗညုတဥာဏ်ရ ဘုရားအဖြစ်သို့ ရောက်သည်မှာလဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။
၎။ လွန်ခဲ့သော ၂၅၅၅ ခုနှစ်က မြတ်ဗုဒ္ဓ ဘ၀ဇာတ်သိမ်း၍ ခန္ဓာချုပ်ငြိမ်းရာ နေ့သည်လဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ထူးခြားဖြစ်စဉ် ၄ ရပ်တို့သည် ကဆုန်လပြည့်နေ့မှာ ဖြစ်သောကြောင့် ထိုလ ထိုနေ့ ထိုရက်ကို Holy Day မြတ်သောနေ့ သို့မဟုတ် ဗုဒ္ဓနေ့ဟု သက်မှတ်ခဲ့ကြသည်။ ထိုနေ့လေးတွေကို အမှတ်ရ ကြည်ညိုပြီး ဗုဒ္ဓါနုဿတိဖြစ်အောင်နှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာဝင်တို့၏ ကဆုန်လပြည့်ကျော် (၁) ရက်မှာ ပြုလုပ်သည့် ဗုဒ္ဓပူနိမာသည် ထိုလေးရက်ကို ပူဇော်သည်ဟု ဗဟုသုတအဖြစ် ထပ်မံ မှတ်သားလိုက်ရပါသည်။

International Holiday ကမ္ဘာ့အားလပ်ရက်နေ့
ကမ္ဘာမှာ အင်အားကြီးဘာသာများရဲ့ နေ့ထူးတွေကိုတော့ International Holiday ကမ္ဘာ့အားလပ်ရက်နေ့ဟု သက်မှတ်ပေးထားသည့်အတွက် ကိုယ့်နိုင်ငံမှာ မပြောပါးလောက်တဲ့ ထိုဘာသာလေးတွေအတွက် ထိုနေ့ ထိုရက်အတွက် အားလပ်ရက်တွေ ပေးခဲ့ရသည်။ ကိုယ့်နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းသော ပြည်သူတွေရဲ့ ကိုးကွယ်ရာ ဘာသာ၊ ထိုင်း၊ သီဟိုဠ်၊ လာအို၊ ကမ္ဗောဒီယားစသော ထေရ၀ါဒဗုဒ္ဓဘာသာပြည်သူတွေအတွက်ကား National Holiday ကိုယ့်ပြည်တွင်းလောက်မှာသာ ရုံးပိတ်ရက်အဖြစ် သက်မှတ်ထားသည်ကို တွေ့ရသည်။
မြန်မာ၊ ထိုင်း၊ သီဟိုဠ်၊ လာအို၊ ကမ္ဗောဒီယားသော ထေရ၀ါဒဗုဒ္ဓဘာသာပြည်သူတွေနှင့် တရုပ်၊ ဂျပန်၊ ကိုရီးယား၊ အနောက်နိုင်ငံစတဲ့ နိုင်ငံတွေမှာရှိတဲ့ မဟာယာနဗုဒ္ဓဘာသာပြည်သူတွေ၊ ဤမျှလောက် ဗုဒ္ဓဘာသာ လူဦးရေများပြားပါလျှက် International Holiday ကမ္ဘာ့အားလပ်ရက်နေ့အဖြစ် မသက်မှတ်ပေးသနည်း? ဟု ဗုဒ္ဓဘာသာများအတွက် စဉ်းစားစရာဖြစ်သည်။ နိုင်ငံတကာ ပေါက်ရောက်သည့် ဗုဒ္ဓဘာသာ ဆရာတော်များနှင့် လူပညာရှိ အချို့က ကဆုန်လပြည့်နေ့ကို International Holiday ကမ္ဘာ့အားလပ်ရက်နေ့အဖြစ် သက်မှတ်ဖို့ တောင်းဆိုးထားသည်ဟုလဲ ကြားဖူးနေသည်။ ထိုနေ့ကို တကမ္ဘာလုံး အသိအမှတ်ပြုနိုင်အောင် ပြုလုပ်ဖို့ရန်ကား ဗုဒ္ဓဘာသာတိုင်းမှာ တာဝန်ရှိသည်။ သက်ဆိုင်ရာသို့ အလျှင်အမြန် တွန်းအားပေးသင့်သည်။
(ပထမဆုံးအကြိမ် အိမ်မှာ ပင့်ပြီး သင်္ကန်းများ ကပ်လှူစဉ်)

နိုင်ငံတကာ ဗုဒ္ဓနေ့
နိုင်ငံအလိုက် ကဆုန်လပြည့်နေ့ကို အောက်အတိုင်း ထူးခြားစွာ နာမည်ပေး ပူဇော်ကြသည်ကို တွေ့ရသည်။
၁။ ဘင်္ဂလာဒေ့ရှ်မှာတော့ ဗုဒ္ဓေါပူညိမ (Buddho Purnyima) ဟူ၍၎င်း၊ ဗုဒ္ဓေါဇောယန္တိ (Buddho Joyonti)
၂။ ကမ္ဗောဒီယားမှာတော့ ဝေဆက် ဘောဆ (Vesak Bochea)
၃။ တရုပ်မှာတော့ စကားပြောဟန်အနေနဲ့ ဖာ့တ် ဒါန် (Fat Daahn)
၎။ အင်ဒိုနီးရှားမှာ ဝေဆက် (Waisak)
၅။ ဂျပန်မှာ ဟန်မက်ဆုရိ ( Hanmatsuri)
၆။ ကိုရီးယားမှာ ဆီယိုက္က တန်ရှင်-အိ (Seakka Tanshin-il)
၇။ လာအို့စ်မှာ ၀ိဆက်ခ ဘောစ(Vixakha Bouxa)
၈။ မလေးရှားမှာ ဟာရိ ဝေဆက်ခ (Hari Vesak)
၉။ မြန်မာမှာ ကဆုန်လပြည့်နေ့ (Kason Full Moon Day)
၁၀။ သီရိလင်္ကာမှာ ဝေဆက်ခ (Wesak)
၁၁။ ထိုင်းနိုင်ငံမှာ ၀ိသာခ ပူဇ သို့မဟုတ် ဝေဆက် ပူဇ (Wisakkha Bucha or Viskah Puja)
၁၂။ တိဘက်မှာ သာဂဒ၀ (Saga Dawa)
၁၃။ ဗိယက်နမ် မှာ ဖတ်ဒန် (Phat Dan)
၁၄။ အိန္ဒိယမှာတော့ ဗုဒ္ဓပူနိမာ (Buddha Purnima) ဗုဒ္ဓဇယန္တိ (Buddha Jayanti)
၁၅။ နီပေါနိုင်ငံမှာ ဗုဒ္ဓပူနိမာ (Buddha Purnima) ဗုဒ္ဓဇယန္တိ (Buddha Jayanti)ဟု အမျိုးမျိုး ခေါ်သည်။ အများစုကတော့ ပါဠိစကားလုံ ဝေသာခ (ကဆုန်လ) ကို ယူ၍ မိမိတို့နိုင်ငံသုံးဘာသားစကားဖြင့် မွေးစားသုံးထားကြသည်၊ တချို့ကတော့ ကိုယ့်နိုင်ငံ၏ဘာသာစကားဖြင့် သုံးထားကြသည်ကို တွေ့ရသည်။
http://en.wikipedia.org/wiki/Vesak မှ ကူးယူထားသည်။ အပြည့်စုံကို ထိုလင့်ခ်တွင် ကြည့်နိုင်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၆-၅-၂၀၁၂

06 May 2012

အမေရိကန် ရွှေစည်းခုံစေတီနှင့် သီတဂူဗုဒ္ဓ၀ိဟာရ


(ရွှေစည်းခုံစေတီတော်ကြီးနှင့် ဓမ္မာရုံ)


အမေရိကန် ရွှေစည်းခုံစေတီနှင့် သီတဂူဗုဒ္ဓ၀ိဟာရ
သီတဂူဗုဒ္ဓ၀ိဟာရ

သီတဂူဗုဒ္ဓ၀ိဟာရ သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင် အနောက်တောင်ပိုင်းမှာ တည်ရှိသည်။ ၁၆ ဧက အကျယ်ရှိသည်။ အော်စတင်မှာတော့ အကြီးဆုံးဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီး ဖြစ်မည်။ တောအုပ်ကြီးသဖွယ် ကမ္မဋ္ဌာန်းကျောင်းကြီး ဖြစ်သဖြင့် သား ငှက် တိရစ္ဆာန်များ၏ စားကျက် နားခိုရာဖြစ်သလို ကမ္မဋ္ဌာန်းတရားအားထုတ်လိုသူများအတွက် အလွန်တိတ်ဆိပ် အေးချမ်းသည့် တောရကျောင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးပွဲ ပြုလုပ်ရာ နေရာလည်းဖြစ်သည်၊ ထိုကျောင်းတိုက်ကြီးသည် ၁၉၉၆ ခုနှစ်ကထဲက အမေရိကန်ရှိ ဓမ္မကို စိတ်ဝင်စားသူများအတွက် ထေရရ၀ါဒဗုဒ္ဓဘာသာ သင်တန်းများနှင့် လက်တွေ့အားထုတ်သူတို့အတွက် ဌာနကြီးတစ်ခု ဖြစ်လာသည်။ ထိုကျောင်းတိုက်ကြီးကို စေတီ ဓမ္မာရုံ၊ ထေရာဝါသ၊ ကထိက၊ ရုံးခန်း၊ ထမင်းစားခန်း၊ စာကြည့်တိုက်၊ ကမ္မဋ္ဌာန်ဆောင် စသည်ဖြင့် အဆောင် ပေါင် ၄၀ ကျော်တို့ဖြင့် တံဆာ ဆင်ထားသည်။
(စေတီတော်ကြီး တည်ဆောက်နေပုံ)
ရွေစည်ခုံ စေတီတော်ကြီး
မြန်မာနိုင်ငံမှ ရွှေစည်ခုံစေတီတော်ကြီး၏ ပုံတူ ဥာစ်တော် အမြင့် ၅၄ ပေရှိ အမေရိကန် ရွေစည်ခုံ စေတီတော်ကြီးကို ဓမ္မသဘာအဆောင်နှင့် တွဲဖတ်ပြီး အမေရိကန်ဒေါ်လာ သိန်း ၂၀ ကျော် ကုန်ကျခံပြီး တည်ဆောက် ပူဇော်သည်။ တသီးပုဂ္ဂလ ကုသိုလ်ရှင်များနှင့် အသင်းအဖွဲ့များ၏ ကုသိုလ်များဖြင့် တည်ဆောက်သည်။ ထိုစေတီတော်ကြီသည် ယခုအခါ ပြီးလုနီးပါး ဖြစ်နေသည်။

ထိုစေတီအတွက် ရှေ့ဆက်မည့် အစီးအစဉ်များကိုလည်း တာဝန်ခံဆရာတော်ထံမှ သိရသည်။
၁။ ၂၀၁၂ မေလ (၅) ရက် နံနက် ၉ နာရီအချိန်တွင် အထက် ပစ္စယံ ဌာပနာပိတ်ပွဲ ကျင်းပမည် ဖြစ်ရာ ဘုရားရှင်၏ ဓာတု စေတီ၊ ဥဒ္ဒိဿ စေတီ၊ ပရိဘောဂ စေတီ၊ ဓမ္မစေတီများနှင့် အနှိုင်းမဲ့မြတ်ဗုဒ္ဓကို ပူဇော်ရန် ရွှေ ငွေ ကျောက်တန် ပတ္တမြားကို သွားရောက် ပူဇော်နိုင်ပါသည်။
၂။ ၂၀၁၂ ဇွန်လ (၃) တနင်္ဂနွေနေ့တွင် ရတနာ စီခြယ်ထားသော ရွှေထီးတော် တင်လှူပွဲ ကျင်းပမည် ဖြစ်သည်။
၃။ ၂၀၁၂ အောက်တိုဘာလ (၂၇-၂၈) ရက်နေ့များတွင် ရွှေစည်ခုံစေတီတော်ကြီး အောင်မြင်ကြောင်း ပူဇော်များကို ခန်းနားစွာ ကျင်းပမည် ဖြစ်သည်။

(May 5, 12 - 9:00 a.m Upper Level Enshrinement Ceremony for Sitagu Shwezigon Pagoda relics, valuables, sacred texts and other sacred objects.
Jun 3, 12 - Sunday Umbrella Setting Up Ceremony for Sitagu Shwezigon Pagoda
Oct 27-28, 12 Final Inauguration Ceremony for Sitagu Shwezigon Pagoda)
(ယောဂီဆောင်များ)

ကျောင်းဆောင်များ
ယခုအခါ ထိုသီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကြီးကို--၁၊ ရွှေစည်ခုံစေတီကြီး ၂၊ ဓမ္မသဘာ စုပေါင်း ကမ္မဋ္ဌာန်းအားထုတ်ရာ ပင်မအဆောင်ကြီး ၃၊ ဆရာတော်ကြီး သီတင်းသုံးရာ ထေရာဝါသအဆောင်၊ ၄။ လက်ထောက် ကျောင်းထိုင်းဆရာတော် အဆောင်၊ ၅။ ဆရာ ကထိကများအဆောင်၊ ၆။ စာကြည့်တိုက်၊ ၇။ အမျိုးသား ယောဂီအဆောင် အကြီး ၄ နှင့် အဆောင်ငယ် ၈ဆောင်။ ၈။ အမျိုးသမီးယောဂီအဆောင် အကြီး ၄ နှင့် အဆောင်ငယ် ၈ ခု၊ ၉။ ထမင်းစားဆောင်၊ ၁၀။ မီးဖိုအဆောင်၊ ၁၁။ရေချိုခန်း အိမ်သာများစသည်ဖြင့် အဆောင်ပေါင်း ၄၀ ကျော်တို့ဖြင် တံဆာဆင်ဆဲ ဖြစ်သည်။ တကမ္ဘာလုံးရှိ ကုသိုလ်ရှင်လဲ အသီးအသီး တာဝန်ယူကြပြီး ဖြစ်သည်။

ကျောင်းဆောင်များကို နာမည်ပေးရာမှာ အမျိုးသားယောဂီဆောင်များကို ဘုရားရှင်၏ တပည့်ကြီးများဖြစ်ကြသော အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် အရှင်အာနန္ဒ စသော မထေရ်တို့ကို ပူဇော် ဂုဏ်ပြုသောအားဖြင့် ထိုမထေရ်တို့၏ ဘွဲ့တော်များကို ကျောင်းဆောင်အမည်ပေးထားခြင်း၊ အမျိုးသမီးယောဂီဆောင်များကိုလဲ ဘုရားရှင်၏တပည့် အမျိုးသမီး အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် ခေမာ၊ ဥပ္ပလ၀ဏ်၊ ပဋာစာရီ၊ ဓမ္မဒိန္နာ စသည်ဖြင့် အမည်ပေးထားခြင်း၊ ဘုရားရှင်လက်ထက်တော်မှ စ၍ ယနေ့အထိ သာသနာတွင် အထင်ရှားဆုံး ကျောင်းတိုက်ကြီးများဖြစ်ကြသော ဇေတ၀န်၊ ပုဗ္ဗာရုံ၊ ဝေဠုဝန်၊ မဂဒါဝုန် စသည်တို့ကို ဂုဏ်ပြု ပူဇော်သောအားဖြင့် လက်ထောက်ဆောင် ကထိကအဆောင်များကို ထိုနာမည်များ ပေးထားသည်မှာ အလွန့်လွန်ကိုပဲ ကြည်နူးဖွယ်ကောင်းလှသည်။
(ဒေါက်တာဂုဏရတန သက်တော်ရှည် အမေရိကန် သီရိလင်္ကာဆရာတော် လာရောက် အားပေး)

At the Sitagu Buddhist Vihara in Austin Texas, the monestary is building a duplicate Shwe Zi Gon Pagoda 1/3 scale along with a meditation center, library, hall and monks quarters. It is not only a massive construction project but it is also a challenging artistic feat. To accomplish this task master craftsmen from both Burma and the US have converged on this monestary and are duplicating every detail including sculptures, shrines, and tiles that adorn the original temple.
This pagoda is literally being handcrafted from scratch and when it is completed it will truly be a work of art since the artists are using temple building skills that were handed down from one generation to the next. And they are doing it all out of kindness and consideration for fellow Buddhists.
(တမ္မ၀တီ ဦးဝင်းမောင်၏ လက်ရာများ)

For more information:
ဆက်သွယ်ရန်--
Ariyadhamma, Ashin, Dr.
Assistant of Sitagu Sayadaw
In Charge of Sitagu Missionary Association in USA
Theravada Dhamma Society of America
Sitagu Buddhist Vihara
9001 Honeycomb Dr.
Austin, TX 78737
(ကျောင်းဒကာ ဒကာမများ၊ ကျောင်းတော်ကြီးတည်ဆောက်သူများ အမှတ်တရ)

အမေရိကန်ရောက်ရင် ထိုသေသပ်လှပ သာယာသော ကျောင်းတိုက်ကြီးကို ရောက်ဖြစ်အောင် သွားလိုက်ကြပါကုန်သတည်းးးးးးးးးးးးးးးးးးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃-၅-၂၀၁၂

01 May 2012

သီတဂူ ရက် ၄၀ နွေရာသီ ဗုဒ္ဓဓမ္မသင်တန်း



(ကျောင်းသားများလက်ခံစဉ်)

သီတဂူ ရက် ၄၀ နွေရာသီ ဓမ္မသင်တန်း
သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးကဏ္ဍတွင် လူဝတ်ကြောင်အများအတွက် အထူး ဗုဒ္ဓဓမ္မသင်တန်းလည်း စစ်ကိုင်းမှ စတင်ကာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကျောင်းများတွင်လဲ နွေရာသီဗုဒ္ဓဓမ္မသင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုနှစ်မှာတော့ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်က စပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် လူဝတ်ကြောင်များအတွက် အထူးသင်တန်းများ စတင်ခဲ့သည်၊ သီတဂူဆရာတော်ကြီး ကိုယ်တိုင် အချိန်ရသလောက် ၀င်ရောက် သင်ကြားပေးခဲ့သည်။ သီတဂူတပည့် ဒေါက်တာအရှင်မြတ်များကလဲ ဘာသာရပ်အလိုက် တာဝန်ယူကာ ၀င်ရောက် ပို့ချသည်ဟု ကြားသိရသည်။

ယခုနှစ်မှာလဲ တိုးချဲ့ပြီး နွေရာသီ ဗုဒ္ဓဓမ္မသင်တန်းများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် စတင်ပို့ချနေပြီ ဖြစ်ပါသည်။ စာရေးသူသည် ထိုသင်တန်းနှင့်ပတ်သက်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပညာရေးတာဝန်ခံ ဖြစ်သော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရအား မေးလျှောက်ခဲ့သည်။ သူက အောက်ပါအတိုင်း စနစ်တကျအစီအစဉ်များကို ပြောပြသည်။
(စာသင်ခန်းထဲဝင်ရန် စောင့်ဆိုင်းနေကြသော ကျောင်းသား ကျောင်းသူလေးများ)

ဗုဒ္ဓဓမ္မသင်တန်း ရည်ရွယ်ချက်
သီတဂူ နွေရာသီဗုဒ္ဓဓမ္မသင်တန်းကို အောက်ပါရည်ရွယ်ချက်တွေနဲ့ ၁၃၇၄-ခုနှစ်၊ တကူးလကွယ်၊ သောကြာနေ့၊ (ဧပြီလ ၂၀-ရက်၊ ၂၀၁၂-ခုနှစ်၊) နေ့လည်-၁-နာရီအချိန်မှာ ၄၀-ရက်သင်တန်း ဖွင့်ခဲ့ပါတယ်ဘုရား။
၁။ အခြေခံလူ့ကျင့်ဝတ်စည်းကမ်းကို နားလည်လိုက်နာစေခြင်း၊
၂။ ဘာသာကြီးလေးရပ်တို့ကို နားလည်သဘောပေါက်စေခြင်း၊
၃။ ခေတ်အဆက်ဆက်က ပညာရှင်တို့၏အဆိုအမိန့်များကို ပြန်လည်သုံးသပ်ဝေဘန်တတ်စေလိုခြင်း၊
၎။ တကိုယ်ရေတကာယ သန့်ရှင်းစေပြီး ကျန်းမာရေးကို ဂရုစိုက်တတ်စေလိုခြင်း၊
၅။ မူးယစ်ဆေးဝါးများနှင့်မှုခင်းများအကြောင်းကို နားလည်စေပြီးရှောင်ရှားတတ်စေလိုခြင်း၊
၆။ လူမှုရေး၊ ဘာသာရေး၊ ပညာရေးပိုင်းတို့ကို လေ့လာရေးခရီးထွက်ပြီး လေ့လာဆည်းပူးစေလိုခြင်း၊
၇။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေလိုခြင်း-တို့ဖြစ်ပါတယ်ဘုရား။
(သင်တန်းအတွင်းက ကျောင်းသား ကျောင်းသူလေးများ)

အတန်းလိုက် သင်တန်းများ
ကလေးများကို ငါးတန်းကနေ ဘွဲ့ရပြီးသည်အထိ လက်ခံပါတယ်။ စာသင်ခန်းများကိုတော့ အခန်းခြောက်ခန်းခွဲပြီးသင်ပေးပါတယ်
က) ငါးတန်းတစ်ခန်း
ခ) ခြောက်တန်းတစ်ခန်း
ဂ) ခုနှစ်တန်းတစ်ခန်း
ဃ) ရှစ်တန်းတစ်ခန်း
င) ကိုးတန်း-ဆယ်တန်း-ဘွဲ့ရတစ်ခန်း
စ) ဘုန်းကြီးများအတွက်တစ်ခန်း
အခုလာမည့် ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ စာစီစာကုံးပြိုင်ပွဲနဲ့ ပန်းချီပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပေးမှာဖြစ်ပါတယ်ဘုရား။
ကလေးများရဲ့ သင်တန်းမှတ်တမ်းကို တစ်ပတ်တစ်ခါ သူတို့ရဲ့ မိဘများထံ ပို့ပေးပါတယ်။ မိဘတွေ့ လက်မှတ်ထိုးပြီး ပြန်ပို့ပေးရတယ်ဘုရား။ လိုအပ်ရင် မိဘတွေနဲ့တွေ့ပြီး ကလေးအတွက် ဆွေးနွေးပေးပါတယ်ဘုရား။
(သင်တန်းမြင်ကွင်းတချို့)

အမှတ်ပေးစည်းမျဉ်းကိုတော့
၁။ အတန်းတက်မှန်ခြင်း - ၁၀-မှတ်
၂။ စာရိတ္တကောင်းခြင်း - ၁၀-မှတ်
၃။ အိမ်စာပြုလုပ်ခြင်း၊ အတန်းထဲတွင်ပါဝင်ဆွေးနွေးခြင်းတို့အတွက် - ၁၀-မှတ်
၎။ စာစီစာကုံးနှင့်ပန်းချီအတွက် - ၁၀-မှတ်
၅။ တကိုယ်ရေတကာယသန့်ရှင်းခြင်း၊ စည်းကမ်းလိုက်နာခြင်းအတွက် - ၁၀-မှတ်
၆။ အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ နားထောင်နိုင်ခြင်းအတွက်-၁၀-မှတ်။
၇။ နောက်ဆုံးစာမေးပွဲ၌ပေးမှတ်-၄၀-
စုစုပေါင်း ၁၀၀-မှတ်သတ်မှတ်ထားပါတယ်ဘုရား။
စုစုပေါင်းကျောင်းသားကျောင်းသူဦးရေ ၂၅၀-ရှိပါတယ်ဘုရား။
(ကျောင်းသားများအားလုံး လည်ဆွဲကဒ်များပါမှ သီတဂူမှလက်ဆွဲအိတ်များပါမှ အတန်းထဲမှာ သင်ယူခွင့်ရပါသည်။)

ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ ပေးပို့သော သတင်းအတိုင်းဖြစ်ပါသည်။ စာရေးသူလဲ အလွန်ဝမ်းသာမိသည်။ သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တပည့်ဒေါက်တာများက စိတ်ပါဝင်စားစွာ သင်ကြားပေးနေသည်ကို ၀မ်းသာ ပီတိဖြစ်မိသည်။ တချိန်က စာရေးသူလဲ ဓမ္မစကူးလ် (Dhamma School) ဆန်းဒေ စကူးလ် (Sunday School) သင်တန်းမျိုးကို မျှော်လင့်နေမိခဲ့သည်။ ယခုအခါ မိမိတို့ တက္ကသိုလ်က အထူးသင်တန်းတစ်ရပ်အနေနဲ့ အစီအစဉ်များရေးဆွဲပြီး ဆောင်ရွက်နေသည်အတွက် ၀မ်းသာ ပီတိဖြစ်ရပါတော့သတည်းးးးးးးးးးးးးးးးးးးးးးး။
(ရဟန်းတော်များအတွက် သီးသန့်သင်တန်း)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁-၅-၂၀၁၂

28 April 2012

အောင်သင်းပြောသော ရိုဟင်ဂျာ

(ဓာတ်ပုံ မိုးမခ မီဒီယာမှ)

မေး ။ ။ ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေထဲမှာပါဝင်ပါသလား ဆရာ၊ သူ့သမိုင်းကကော ဘယ်လို ရှိပါသလဲ၊ ဘီဘီစီကတော့ မြန်မာပြည်မြေပုံထဲမှာ ရိုဟင်ဂျာကို ထည့်သွင်းထားတဲ့အတွက် ပြသနာတွေ ဖြစ်နေကြပါတယ်။ ဆရာ့အနေနဲ့ကော ဘယ်လိုမြင်မိပါသလဲ`လို့ ကျမက မေးပါတယ်။

ဖြေ ။ ။ `ဆရာ့အနေနဲ့က ရိုဟင်ဂျာကိုတိုင်းရင်းသားထဲပါတယ်လို့တခါမှမယူဆခဲ့ဘူး။ သူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် သူဟာ တိုင်းရင်းသားထဲမှာမပါဘူး။ ဗမာပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ သူတို့တွေက နေရာယူချင်လာတယ်။ နယ်စပ်မှာဖြစ်နေတဲ့ အခါကျတော့အစိုးရကမလွှမ်းမိုးနိုင်ဘူး။ အဲဒီအခါမှာ ရိုဟင်ဂျာက ပြည်တွင်းမှာသူပုန်အနေနဲ့ ၀င်လာပြီး သောင်းကျန်းမှု့တွေတော်တော်လုပ်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ဗမာစာရေးဆရာကြီးအချို့တွေကလည်း ရိုဟင်ဂျာတွေ အကြောင်းကို ၀တ္ထုတွေထဲမှာ တော်တော်လေးရေးခဲ့တယ်။ ရိုဟင်ဂျာတွေကလည်း လက်နက်ကိုင်ပြီးတော့လွှမ်းမိုးနိုင်လာချင်တယ်။ အဲဒီနေရာမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက လက်နက်မဲ့တဲ့ အခါကျတော့ ခံခဲ့ရတာတွေ ရှိတယ်။ ဗမာတွေက သိပ်ကိုမုန်းတီးခဲ့တယ်။ ဆိုလိုတာက တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာကို ဘယ်တုန်းကမှတိုင်းရင်းသားလို့မသတ်မှတ်ဘူး။ သူတို့က ပြည်ထဲဝင် ဇွတ်အတင်းနေရာယူ သောင်းကျန်းသူတွေပဲဖြစ်တယ်လို့ ဆရာကတော့ အဲလိုပဲ မြင်တယ်`

ဆရာအောင်သင်းနှင့် အင်တာဗျူး ( ၂ )

မမေသင်္ကြန်ဟိန်း

ဤနေရာမှ ကူးယူ ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၈-၄-၂၀၁၂

27 April 2012

စာပေတန်ခိုး (ပေးစာ)


စာမိတ်ဆက်
ဒီပေးစာလေးက စာရေးသူထံ မကြာမကြာ မေးလေ့ရှိတဲ့ သူရဲ့ စာဖြစ်ပါတယ်၊ စာရေးသူ၏ ပြန်စာကြောင့် လူတစ်ယောက် အသိတရားရလာပြီး ဘ၀ကို ပြုပြင်နိုင်သွားတဲ့ဆိုတဲ့အကြောင်းတွေ ၀မ်းမြောက်ဝမ်းသာ ပြောပြထားပါတယ်။

ဘုန်းဘုန်း
တပည့်တော်နာမည် နောင်နောင်ပါဘုရား ..
အရင်တုန်းက ကာမေသုမိစ္ဆာရကံအကြောင်း၊ ရဟန်းကမယ်တော်၊ ခမည်းတော်ကို ပြန်ရှိခိုးထိုက်ပါသလားဆိုတဲ့ အကြောင်းတွေကို မေးဖူးတဲ့သူပါဘုရား.....
တပည့်တော်ရဲ့ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို အရှင်ဘုရားပြောတဲ့ အကြောင်းတွေကို ပြန်ပြောပြတော့ နောင်တတွေရပြီး ပြန်ပြင်နေပါပြီဘုရား။ သူက အရင်တုန်းကဆို (ကျောင်းတက်တဲ့သုံးနှစ်လုံး) ရည်းစားတွေထည်လဲတွဲပြီး လက်မထပ်ရုံတမယ် တစ်ပတ်ရိုက်တွေ လုပ်တယ်ဘုရား၊ အဲဒီတုန်းက တပည့်တော်လည်း ကာမေသုမိစ္ဆာရကံနဲ့ပတ်သက်ပြီး သိပ်မသိတော့
မပြောပြမိခဲ့ဘူးဘုရား။ သူ့လိုတွေကလည်း ကျောင်းတုန်းက သူငယ်ချင်းတွေထဲမှာက
အများကြီးဆိုတော့ သူတို့တွေရော မင်းဘယ်လိုပြောမလဲဆိုပြီး ပြစရာတွေဖြစ်နေတော့ တပည့်တော် မပြောဖြစ်ခဲ့ဘူး။

တပည့်တော့ကတော့ ဘ၀ပေးအခြေအနေအရ အမျိုးတွေအိမ်မှာနေပြီး
ကျောင်းတက်တာဖြစ်လို့ ရည်းစားထားတယ်အသံကြားရင် ပညာရေးအတွက် အနှောင့်အယှက် ဖြစ်မှာစိုးတာကြောင့်ရယ်၊ ကိုယ်တကယ် နှလုံးသားထဲက ရင်ခုန်တဲ့သူမရှိတာကြောင့်ရယ် ရည်းစားမထားဖြစ်ခဲ့ပါဘူးဘုရား။ ....

အဲလိုနဲ့နေလာခဲ့တာ. .. အရင်တလောကအထိ အဲဒီသူငယ်ချင်းက ရည်းစားသုံးယောက် တစ်ပြိုင်တည်းထားပြီး သုံးယောက်လုံး တစ်ပြိုင်တည်း ကိုယ်ဝန်ပေါ်လာလို့ ဖျက်ပေးခဲ့ရတယ်လို့
ပြောတယ်ဘုရား။ အဲလိုစကားစပ်မိတော့ တပည့်တော်လည်း အရှင်ဘုရားရဲ့ ဘလော့ထဲက
အကြောင်းတွေကို ပြောပြမှ သူလည်း ဟုတ်လားဟုတ်လားနဲ့နေတော့တာပဲဘုရား ...
အေး----အဲဒါဆိုလည်း အခုပြင်တော့ နောက်မကျသေးဘူး... တစ်သက်လုံး လက်တွဲမယ့်သူကိုပဲ ကောင်းကောင်းရှာရွေးပြီး သစ္စာရှိရှိ တွဲတော့လို့ ပြောပြရတယ်ဘုရား။ သူထင်တာက အမျိုးသမီးတစ်ယောက်နဲ့ လက်မထပ်ခင်အထိ ရည်းစားဆိုတာ ကြိုက်သလောက်ထားခွင့်ရှိတယ်။ ရည်းစားအဆင့်ကျော်လို့မကလဲ Living together ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကြိုက်သလိုနေခွင့်ရှိတယ်...
အဲတရားဝင်လက်ထပ်တဲ့သူရှိပြီးရင်တော့ နောက်တစ်ယောက်တွေ ဘာတွေ လုံးဝ မထားရတော့ဘူး။ အဲလိုဆိုရင် အပြစ်ရှိသွားပြီလို့ အရင်တုန်းက သူက သဘောပေါက်ထားတာတဲ့ဘုရား ... (ပြောလို့သာပြောတာပါဘုရား အရင်တုန်းကတော့ တပည့်တော်လည်း အဲဒီကိစ္စတွေကိုေ၀၀ါးဝါးပဲဘုရား။ အရှင်ဘုရားနဲ့တွေ့ပြီး မေးဖြစ်မှသာ ရှင်းရှင်းလင်းလင်းသိရတာပါဘုရား)
သူအဲလိုအတွေးမှန်ရပြီး ပြင်သွားတော့ တပည့်တော်လည်း ၀မ်းသာတယ်ဘုရား။ အရှင်ဘုရားလည်း သာဓုခေါ်ရအောင် ရေးလိုက်တာပါဘုရား ....

(အရှင်ဘုရားတို့နဲ့ မအပ်စပ်တဲ့ စကားလုံးများ ပါပါက သည်းခံခွင့်လွှတ်ပေးပါဘုရား)
အရှင်ဘုရားဒီထက်မက သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုရည်လျှက်ပါဘုရား ......
ရိုသေစွာဖြင့် ..
နောင်နောင်
(ခေတ္တ - ဟားခါး)

လူငယ်များ စာပေနဲ့ မဝေးသင့်
အထူးလဲဝမ်းသာတယ် အထူးလဲ ကျေးဇူးတင်ပါတယ်။ ယခုလို မောင်ရင့် သူငယ်ချင်း အသိတရား ရပြီး ပြုပြင် ပြောင်းလဲနိုင်တာဟာ မောင်ရင့်ရဲ့ ကျေးဇူးတွေလဲ ပါတာပေါ့။ လူတစ်ယောက် အသိရ သွားတယ်ဆိုရင်ပဲ ကိုယ့်အတွက် အများကြီးကုသိုလ်ရလိုက်တယ်၊ သူတစ်ယောက်ကြောင့် ဒုက္ခရောက်မည့်သူတွေကို အများကြီး ကယ်တင်နိုင်လိုက်တာပဲ။ အဲဒီအတွက်လဲ၊ အလွန့်လွန် ၀မ်းသာမိပါတယ်။ ယခုလို အသိတစ်ခု ရပြီး ဘ၀တစ်ခုကို ပြုပြင်နိုင်ခြင်းဟာ စာပေရဲ့ တန်ခိုးဖြစ်ပါသည်။ "ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက သား မယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည်းးးး" ဆိုသည့် ရှင်မဟာရဋ္ဌသာရ၏ အဆိုအမိန့်ထဲကလိုပဲ လူလိမ္မာ တစ်ယောက် ဖြစ်သွားသည်၊ ထို့ကြောင့် လူငယ်များ ဘာသာရေး စာပေများ အချိန်ရှိခိုက် အခွင့်သာခိုက် ဖတ်စေလိုသည်၊ နာကြားစေလိုသည်။ လူကြီးများကလဲ လူငယ်တွေ စာပေနဲ့ နီးစပ်အောင် ဖန်တီးပေးသင့်သည်။

သူမေးခဲ့ဖူးတဲ့ အကြောင်း----
ကာမေသုမိစ္ဆာစာရ အကြောင်း လင့်ခ် http://www.sitagustar2020.net/2010/10/blog-post_16.html
သားရဟန်းက အမေကို ရှိခိုးသင့်လား လင့်ခ် http://www.sitagustar2020.net/2011/03/blog-post_13.html

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၇-၄၀၂၀၁၂

22 April 2012

မြန်မာ့နှစ်ဆန်းတစ်ရက် အထူးပို့စ် (၂၀၁၂)


အကောင်းအထုံလေးများ
စာမိတ်ဆက်
နှစ်ဆန်းတစ်ရက်နေ့က ရုရှားရောက် မြန်မာကျောင်းသားများအား အထုံနဲ့ ပတ်သက်ပြီး ဟတ္ထိပါလဇာတ်ကို အခြေခံပြီး ဟောခဲ့သည်။ အရင်ကလဲ စာရေးသူ၏တရားကို မကြာမကြာ နာယူလေ့ရှိသည့် စင်္ကာပူမှ ဒကာမအားလဲ ဟောခဲ့ဖူးသည်။ ဟောသမျှ ပြောသမျှလေးတွေကို မှတ်စုအဖြစ် ပြုစုထားခြင်းဖြစ်သည်။

အထုံဟူသည်
အထုံ ဆိုတာ ၀ါသနာ အလေ့အထ အလေ့အကျင့်တွေပါပဲ။ ထပ်တလဲလဲ ပြုလုပ်လေ့ရှိသည်ကိုပင် အထုံ အလေ့အကျင့် ၀ါသနာဟူ၍ ဆိုအပ်ဟန်တူသည်။ အဘိဓမ္မာ အခေါ်အဝေါ်အရဆိုရင် အာသေ၀န ဟုဆိုသည်။ ‘‘နောက်နောင်မွန်လေး၊ သာလွန်မွှေးအောင် ရှေးရှေး ထုံထား၊ နံ့သာလားသို့၊ မခြားမလပ်၊၊ မျိုးဇာတ်တူစွာ၊ ကုသလာကုသလ၊ ကြိယသဘော၊ နောက်နောက်ဇောအား၊ တူခြောက်ပါးတွင်၊ ခွန်အားဟုန်ပြင်း၊ ယူစေလျင်း၍၊ ထုံခြင်း’’ဟူ၍ အာသေဝနကို ဘာသာပြန်ဆိုထားသည်။ ဆိုလိုသည်မှာ ရှေးက လိမ်းကျံပြီးတဲ့ အမွှေးနံ့သာအပေါ် ထပ်တလဲလဲ လိမ်းကျံခြင်းပင် ဖြစ်သည်၊ ထပ်တလဲလဲ လိမ်းကျံသောအခါ အနံ့သည်လည်း ပိုမိုအားကောင်းလာသည်။

ထို့အတူပင် ဘယ်အလုပ်မဆို ထပ်တလဲလဲလုပ်ရင် အကျင့်ပါသွားတတ်သည်၊ အကျင့်ပါသွားသည်ဆိုကိုက အထုံပါသွားသည်ဟု ဆိုရမည်။ ရဟန်းက ရဟန်းစရိုက် ရဟန်းအထုံ ရဟန်းဝါသနာရှိမည်၊ စစ်ဗိုလ်တစ်ယောက်ကလဲ စစ်ဗိုလ်စရိုက်၊ စစ်ဗိုလ်အထုံဝါသနာ ရှိနေမည်။ တံငါသည်လည်း တံငါသည်၏ စရိုက် အလေ့အထ အထုံရှိမည်။ ငါးစိမ်းသည်ကလဲ သူ၏ အထုံ အလေ့အထ ၀ါသနာ စရိုက်များ ရှိနေမည်။ အထုံပါလာသူများ၏ ခါးတို့ တနေရာရာကို တို့လိုက်ရင် ယောင်တတ်သူများက ကိုယ်အထုံပါရာကို ယောင်ရမ်းပြီး လန့်အော်တတ်ကြသည်။ တချို့ကျ ထိလိုက်တာနဲ့ အယောင်ကောင်း ယောင်တတ်သည်- ‘‘ဟဲ့-ဗုဒ္ဓေါ’’ဟု ဟူ၍ပင်ဖြစ်သည်။ တချို့ကျ နားကြားမခံသာသည့် စကား ထွက်ပြီး အော်တတ်ကြသည်၊ လူကြားသူကြားမှာ သွားတို့လိုက်လျှင် အရှက်ကွဲမှာ အသေချာပင်။ တချို့ လူရွှတ်လူနောက်တွေက အဲဒီအသံကြားချင်သဖြင့် အဲဒီလို ခါးအောက်ဟာကို အော်ပြီး ယောင်တတ်သူများကို လိုက်တို့ထိတာကိုလဲ မြင်ဖူးနေသည်။ တချို့ကျ ဘာအထုံပါလာလဲတော့ မသိ၊ တနေရာရာကို တို့ထိလိုက်တာ ‘‘ ဟဲ့-ကုလားကြီးနဲ့ ငါနဲ့ ညား’’ ဆိုတာမျိုး ယောင်တာကိုလဲ ကြားဖူးသည်။ နေ့စဉ် ထပ်တလဲ လုပ်နေ ပြောနေ ကြံနေသောကြောင့် ထိုစရိုက် အလေ့အထ ၀ါသနာတို့သည် အထုံအဖြစ် ၀ါသနာအဖြစ် စရိုက်အဖြစ် တည်ရှိနေကြသည်။
ဆိုကြပါစို့- ည အိပ်ယာဝင်ခါနီး ပရိတ် စတဲ့ ဘုရားနှုတ်တော်ထွက် စကားတွေကို စပြီး ရွတ်ပွားလေ့ရှိသူသည် အကျင့် အလေ့အထ မရှိသေးတော့ အိပ်ယာထဲသာ ၀င်သွားသည် ရွတ်ပွားဖို့ မေ့တတ်သည်။ တစ်ပတ်ကနေ နှစ်ပတ် အရှိန်ရလာသောအခါ အိပ်ယာဝင်တိုင်း အမြဲသတိရနေတတ်သည်၊ မရွတ်ဘဲ မအိပ်တတ်ဖြစ်သည်။ ဒါကိုပဲ အကျင့် အလေ့အထ သို့မဟုတ် အထုံဟု ခေါ်သည်။ အာသေ၀နသတ္တိဆိုတာ အကြိမ်များလေ ပိုမို သတ္တိအားကောင်းလေပဲ၊ ကုသိုလ်ကံ အလုပ်တွေ ထပ်တလဲလဲ လုပ်နေသူသည် အထုံအားကောင်းလေ သူ၏ သတ္တိလည်း ပိုမိုအစွမ်းထက်လေ ဖြစ်သည်။

ဘ၀တစ်ခုက အထုံ
ဒီဘက်ဘ၀က အကျင့် အလေ့အထ အထုံတို့သည် နောက်ဘ၀ဆက်တိုင်းအထိ ထိုအထုံ သတ္တိက အကျိုးကျေးဇူးပြုနေမှာ အမှန်ပင်ဖြစ်သည်။ သတ္တ၀ါတစ်ယောက်၏ ဘ၀ကို ကြည့်လျှင် မွေးခြင်း (ပဋိသန္ဓေ)နှင့် သေခြင်း (စုတိ) ဆိုတာပဲ ရှိသည်။ ဘ၀တစ်ခု ဆုံးသည့် စုတိစိတ်၏ အခြားမဲ့မှာပဲ မွေးခြင်း (ပဋိသန္ဓေ) စိတ် ကာလမခြားဘဲ တစ်ဆက်တည်း ဖြစ်သည်။ သေခြင်းနှင့် မွေးခြင်းတို့၏ စိတ်အစဉ်သည် တစ်ဆက်တည်း ဖြစ်သည်ဟု ဆိုရမည်။ ဘ၀နှစ်ခု ပေါင်းစပ်ခြင်းကို ပဋိသန္ဓေဟု ခေါ်သည်။ စိတ်အစဉ် သတ္တိတို့သည် တစ်ဆက်တည်း ဖြစ်စေကာမူ ရှေးက ဘ၀နဲ့ နောက်ဘ၀ တူနေသလားဟု မေးလာခဲ့သော်- မတူဟု ဖြေရမည်၊ လုံးဝ မတူဘူးလားဟု မေးသော်၊ အဲလိုလဲ မဟုတ်ပြန်။ ဥပမာ-ဖယောင်းတိုင် တစ်တိုင်ကနေ နောက်ဖယောင်းတိုင်ကို ထွန်းညှိလိုက်ရာ၊ နောက်ဖယောင်းတိုင်အလင်းနှင့် ရှေ့က ဖယောင်းတိုင် အလင်းတူသလား မေးသော်- မတူဟု ဖြေရပါလိမ့်မည်၊ လုံးဝမတူဘူးလား မေးသော်၊ အဲလိုလဲ မဟုတ်၊ နောက်ဖယောင်းတိုင်၏အလင်းသည် ရှေ့ဖယောင်းတိုင်၏ ကျေးဇူးပြု အထောက်ပံ့ဖြင့် လင်းနေသည့်အတွက် လုံးဝ မတူဘူးလည်း မဟုတ်ဟု ဖြစ်လာသည်။ ဆိုလိုသည်မှာ ဖယောင်းတိုင် တစ်ခုနှင့် တစ်ခု တစ်ခုစီဖြစ်ပေမဲ့ သူတို့၏အလင်းကား တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ ထို့အတူပင် ရှေးဘ၀နှင့် နောက်ဘ၀တို့သည် ဘ၀ နှစ်ခုဟူ၍ မတူစေကာမူ ဆက်စပ်မှုရှိနေသည်ကတော့ အမှန်ဖြစ်သည်။
‘‘၀ါသနာဘာဂီ ဆက်တိုင်းမီ’’ ဆိုသကဲ့သို့ ရှေးဘ၀က ထပ်တလဲလဲ ပြုခဲ့သော ကုသိုလ်အထုံပဲ ဖြစ်ဖြစ် အကုသိုလ်အထုံပဲဖြစ်ဖြစ် တစ်ဆက်တည်းဖြစ်နေသော နောက်ဘ၀မှာ ပါသွားနိုင်သည်ဖြစ်ရကား- ကောင်းတဲ့ အလေ့အကျင့် အထုံပါသွားအောင် ကောင်းတာလေးတွေကို ထပ်တလဲလဲ လုပ်မိစေဖို့ လိုအပ်ပါသည်။

ရှေးကောင်းအထုံ ဘုရားလောင်းပုံ
တခါက ဘုရှားလောင်း ပါရမီဖြည့်စဉ်ဘ၀က မဟောသဓဘ၀ ဟု ထင်ပါသည်။ မွေးမွေးချင်း ‘‘အမေ-ဘာများ လှူစရာရှိလဲ၊ ဘာများပေးစရာရှိလဲ’’ ဟု မေးသတဲ့။ မယ်တော်ကြီးက ဆင်ပေးသမျှသော ရွှေ ငွေရတနာများကို အထိန်းတော်များအား အကုန်ချွတ် ပေးခဲ့သည်၊ အထိန်းတော်များက မယူရဲသော် ‘‘ငါ့သားက ပေးတာ လှူတာ အကုန်ယူကြ’’ဟု မယ်တော်ကြီးခွင့်ပြုမှ ယူရဲကြသည်။ ဒါန အထုံပါလာသော ဘုရားလောင်းသည် ဘ၀ဆက်တိုင်း ပေးဖို့ ကမ်းဖို့ပဲ ဆန္ဒပြင်းပြနေသည်။

ဘုရားအလောင်း၏ သုမေဓာဘ၀ကနေ ဘုရားဖြစ်ဖို့ အကြို ဝေဿန္တရာမင်းဘ၀အထိ သုံးသပ်ကြည့်သော် ဘ၀ကို ဒါန-ပေးကမ်းခြင်းကနေ စခဲ့သည်၊ ပေးကမ်းခြင်းနဲ့ပဲ ပါရမီဆုံးခဲ့သည်။ ဝေဿန္တရာမင်းဘ၀မှာ သားသမီး နှစ်ယောက်နှင့် ဇနီးကို လှူလိုက်သည့်အပြင် တိုင်းပြည်က အားထားရသည့် တိုင်းပြည်ရတနာ ဆင်ဖြူတော်ကိုလဲ တိုင်းတစ်ပါးအား ပေးလိုက်သည်။ အဲဒီခေတ်က ဆင်ဖြူတော်သည် မိုးလေ၀သကို မှန်ကန်စေသည်၊ ဆင်ဖြူတော်ရှိသော နိုင်ငံသည် စီးပွားဖွံ့ဖြိုးသည်၊ တိုင်းတစ်ပါးက မနှောက်ယှက်ရဲသည့်အတွက် တိုင်းပြည် အေးချမ်းသည်။ ထိုမျှဂုဏ်ရည်ရှိသော ဆင်ဖြူတော်ကို ပြည်သူ့ဆန္ဒမပါဘဲ တိုင်းတစ်ပါးအား ပေးလိုက်သည့်အတွက် ပြည်သူပြည်သားတွေ မကျေနပ်၍ တိုင်းပြည်က ထွက်ခွါပေးခဲ့ရသည်။

ဘုရားရှင်၏ လက်နှစ်ဖက်တို့သည် သူတစ်ပါးအား ပေးကမ်းရန်အတွက်သာ ဖြစ်သည်၊ သူတစ်ပါးထံမှ ရယူရန်မဟုတ်။ မိမိ၏လက်သည်လည်း ဘယ်လိုလက်မျိုး ဖြစ်နိုင်ပါသနည်း-------

ဘုရားလောင်းနှင့် ညီအစ်ကိုများ
တခါက တိုင်းပြည်ကို အမွှေဆက်ခံမည့် သား သမီး မရှိရှာသော ဘုရင်ကြီးနဲ့ ပုရောဟိတ်အမတ်ကြီးတို့ သကြားမင်းရဲ့ ကျေးဇူးကြောင့် ပုရောဟိတ်အမတ်ကြီးမှာ သား လေးယောက်တောင် ရခဲ့သည်။ သို့သော်လည်း သကြားမင်းက ‘‘ဒီ သားလေးယောက်က အိမ်ယာတည်ထောင် လူ့ဘောင်မှာ နေကြမည့်သူတွေ မဟုတ်ဘူး၊ ငယ်ငယ်နဲ့ပဲ ရဟန်းဝတ်ကြလိမ့်မည်’’ဟု မှာလိုက်သည်။ ဘုရင်ကြီးနဲ့ အမတ်ကြီးတို့သည်လည်း သားလေးယောက်ကို တိုင်းပြည်အပ်နှင်းဖို့ ရည်ရွယ်ချက်ရှိရကား ရဟန်းပြုသွားမည်ကို စိုးရိမ်နေသည်၊ ထို့အတွက် သားလေးယောက်ကို မိုက်မိုက်ကန်းကန်း ဖြစ်အောင် သင်ပေးဖို့ရန် တစ်ယောက်ကို ဆင်ထိန်းများထံ ပို့သည်။ သူု့ကိုတော့ ဟတ္ထိပါလ ဟု အမည်တွင်စေသည်။ ဒုတိယ သားကိုတော့ မြင်းထိန်းများထံ အပ်သည်၊ သူကတော့ အဿပါလ ဖြစ်သည်။ တတိယ သားကိုတော့ နွားကျောင်းသားတွေထံ အပ်နှံထားသည်၊ သူ့ကိုတော့ ဂေါပါလဟု အမည်ပေးသည်။ အငယ်ဆုံး စတုတ္ထသားကိုတော့ ဆိပ်ကျောင်းသားတွေထံ အပ်နှံထားသည်၊ သူ့ကို အဇပါလဟု ခေါ်ကြသည်။ ဤသို့အားဖြင့် ဟတ္ထိပါလ၊ အဿပါလ၊ ဂေါပါလ၊ အဇပါလ ဟူသော သားလေးယောက်ကို အမိုက်ကန်းဆုံး ဖြစ်အောင် အကြမ်းတမ်းဆုံး ဖြစ်အောင် သင်စေသည်။
ဒီလိုနဲ့ ရပ်ကွက်ထဲ မြို့ထဲမှာ ရန်ဖြစ်ကြပြီဆိုရင် သူတို့ ညီအစ်ကို လေးယောက်ပင်ဖြစ်သည်၊ မိန်းကလေးများကို စသည်၊ တစ်မြို့တစ်ရွာက လာတဲ့သူတွေ ကို လုယတ်သည်၊ အနုကြမ်းစီးသည်၊ နာမည်ကြီးလောက် ဆိုးသွမ်းနေတာကို ကြားရ မြင်ရသော ဘုရင်ကြီးနှင့် အမတ်ကြီးတို့ သဘောကျနေသည်။

အထုံပါလာသော ဘုရားလောင်းတို့ ညီအစ်ကို
အရွယ်လဲ ရောက်ပြီ၊ သူတို့လိုချင်တဲ့ အတတ်ပညာတွေလဲ တတ်ကုန်ကြပြီဆိုတော့ ဘုရင်ကြီးနဲ့ အမတ်ကြီးတို့ စမ်းသပ်ဖို့ကြံစီကြသည်။ နှစ်ယောက်သား ရသေ့ရဟန်းအသွင်ဖန်းလိုက်သည်၊ ညစ်ပတ်ပေတူးနေတဲ့ သွားတွေ၊ မြူမှုံအလီလီ လိမ်းကျံနေတဲ့ ဆံပင်တွေ၊ သစ်ခေါက်ဆိုးသော အနီအညိုရောင်ရင့် အ၀တ်၊ ထမ်းပိုးနဲ့ ရသေ့အသုံးဆောင်တွေ၊ တောင်ဝှေးတစ်ချောင်းစီ ကိုယ်စီကိုင်စွဲလျှက် သားကြီး ဟတ္ထိပါလအထံ ရောက်သွားသည်၊ သူတို့ထင်ထားတာက ငါတို့ကို မြင်တာနဲ့ ငါတို့သားကြီးက ထွက်ရိုက်မှာပဲ၊ ထို့အတွက် အနီးနားမှာ အစောင့်တွေပါ ချထားရသည်၊ သို့သော်လည်း သူတို့ထင်ထားသလို ဖြစ်မလာ။ ဟတ္ထိပါလသည် သူတို့ကို မြင်မြင်ချင်းပဲ ဒီလိုရဟန္တာ အရှင်မြတ်ကြီးတွေကို ဖူးမြင်ခွင့်ရဖို့ စောင့်လာတာ ကြာပြီ၊ ယခုတော့ ကံကောင်းထောက်မစွာ ဖူးမျှော်ခွင့်ရပြီ ဆိုပြီး ရိုရိုသေသေနဲ့ ဦးတိုက်ပါတော့သည်။
ဟဲ့ဟဲ့ ငါ့သား--တို့ကို အသေချာကြည့်ပါအုန်း၊ ဟော့ဟိုဟာက ဘုရင်ကြီး ဧသုကာရီလေ၊ ငါကတော့ မင်းအဖေလေ ဆိုပြီး ဒေါက်ချာတွေကို ချွတ်ပြ၊ အတုလုပ်ထားတာတွေ ချွတ်ပြလိုက်မှ ဘုရင်ကြီးနဲ့ အဖေဆိုတာ မှတ်မိသွားပြီ။ “အဖေတို့ရယ်--- ဘာလို့ အဲလိုလုပ်တာလဲ? မင်းကို တို့တတွေ လာစမ်းသပ်တာ၊ ထီးနန်းအပ်မလို့ဆိုတဲ့ အကြောင်းတွေ ပြောပြတော့ သားတော် ထီနန်းလက်မခံပါရစေနဲ့ သားတော် တောထွက်ပြီး ရဟန်းပြုမယ် ဆိုပြီး တရားများ ဟောလွတ်လိုက်သည်၊ ဒုတိယ သား တတိယသား စတုတ္ထသားတို့လည်း ထိုနည်းတူစွာ စမ်းသပ်သော်လည်း မအောင်မြင်ခဲ့၊ အားလုံးက ရှေးက အစ်ကိုတော်များ ထွေးတဲ့ တံထွေးကို သားတို့ ဦးခေါင်းဖြင့် လက်မခံနိုင်ပါဘူး၊ သားတို့လည်း ရဟန်းပြုမှာဖြစ်ပါတယ်လို့ ပြောလိုက်လေတော့သည်။

ပင်ကိုယ်က သူတော်ကောင်းဓာတ် သူတော်ကောင်းအထုံ ပါလာသော ဟတ္ထိပါလတို့ ညီအစ်ကို လေးယောက်သည် ကြမ်းတမ်း ရိုင်းစိုင်းတဲ့ အသိုင်းအ၀ိုင်းမှာ အဆုံးအစွန်ထိ မိုက်အောင် သင်ထားပေမဲ့ သူတော်ကောင်း အသွင် မြင်လိုက်တာနဲ့ နဂို သူတော်ကောင်း အထုံက ဖျတ်ကနဲပေါ်ပေါက်လာကာ သူတော်ကောင်းစိတ်ကြီးများ ၀င်ကာ တောထွက် ရဟန်းပြုရတဲ့ အထိရောက်သွားလေတော့သည်။ ထို့ကြောင့် သူတော်ကောင်းတွေရဲ့ အထုံကို ရအောင် အားထုတ်ဖို့လိုသည်၊ အကြောင်းမတော်လို့ ပတ်ဝန်းကျင်ကောင်း (သပ္ပုရိသနိဿျ) မရှိစေကာမူ ထိုအထုံတွေက သူတော်ကောင်းစိတ်ကို ကာကွယ် စောင့်ရှောက်ပေးမှာ ဖြစ်သည်။

နဲသော ကုသိုလ် အထင်မသေးနဲ့
ကောင်းမှု ကုသိုလ်ဆိုတာ နဲသည်ဖြစ်စေ များသည် ဖြစ်စေ အခွင့်သင့်တိုင်း ပြုသင့်သည်။ ကုသိုလ်က နဲတယ်ဆိုပြီး အထင်မသေးနဲ့၊ အဲဒီ နဲနဲလေးကနေ အများကြီးဖြစ်ဖို့ အထောက်ပံ့ ဖြစ်သည်၊ အများကြီးဖြစ်ဖို့ အင်အားတစ်ခု ဖြစ်သည်။ ထို နဲနဲလေးကိုပဲ ထပ်ခါထပ်ခါ ပြုနေရင် အားကောင်းလာပါလိမ့်မည်။ ကျွန်းသားဖြင့်ပြုလုပ်ထားသော ဗီရို၊ စားပွဲ၊ ကြမ်းခင်းတွေကို ၀င်းပြောင်အောင် ပေါလစ် တိုက်ရသည်၊ တစ်ကြိမ်တိုက်သော ပေါလစ်ထက် နှစ်ကြိမ်တိုက်ပါက ပိုအရောင်တောက်လာသည်၊ အကြိမ်များလေ ပိုအားကောင်းလေဖြစ်ပြီး အရောင်တောက်လာသည်၊ အလားတူပင် ကုသိုလ်တစ်ကြိမ်သည် နှစ်ကြိမ် သုံးကြိမ်ဖြစ်ဖို့ အားတစ်ခု ဖြစ်သည်၊ အကြိမ်များလေ ကုသိုလ်အားကောင်းလေ ဖြစ်သည်၊ သူတောင်ကောင်းအထုံသည်လည်း တစ်ကြိမ်ကနေ နှစ်ကြိမ် သုံးကြိမ်စသည် ပြုပါက အကျင့်ဖြစ်သွားတတ်သည်၊ ထိုအကျင့်ကနေ အထုံ ဖြစ်သွားပြီး အလွန်အားကောင်းသော ပါရမီဖြစ်သွားတော့သည်။ ရှေးရှေးသော အလေ့အထ အကျင့်ကောင်းက နောက်နောက်သော အလေ့အထ အကျင့်ကောင်းကို အားကောင်းစေသည်။ ဒီကနေ့ပြုလိုက်တဲ့ ကုသိုလ်အပေါ် နောက်တစ်နေ့ ပြုလိုက်တဲ့ ကုသိုလ် အားသစ်လောင်းပေးသည်။ ဒီနှစ်ပြုလိုက်တဲ့ ကိုသိုလ်ကို နောက်နှစ်နောက်နှစ်တွေက ပြုလုပ်လိုက်တဲ့ ကုသိုလ်တွေက အားသစ်လောင်းပေးလိုက်သဖြင့် ကုသိုလ်အား သို့မဟုတ် အထုံ သို့မဟုတ် ပါရမီအားသည် အထွဋ်အထိပ်သို့ ရောက်လာပြီ ဖြစ်၍ ပါရမီ ပြည့်ကာ ဘ၀၀ဋ်ဒုက္ခမှ လွတ်မြောက်သူများ ဖြစ်သွားကြသည်။ ထို့ကြောင့် ကုသိုလ်အလေ့အကျင့် အထုံတို့ကို နဲသည်ဟူ၍ အထင်မသေးသင့်။ မာဝ မညေထ ပုညဿ န မန္ဒံ အာဂမိဿတိ ဟူသတည်းးးးးး။

နိဂုံး

ဒီနှစ် နှစ်ဆန်းက အကောင်းအထုံများကို နောက်နှစ်နောက်နှစ်များ၏ အကောင်းအထုံးလေးများက သတ္တိအားကောင်းအောင် အထောင့်အပံ့ပေးသွားမှာ ဖြစ်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ဆထက် တိုးပြီး အကောင်းအထုံလေးများကို အားထုတ်နိုင်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန် သတည်းးးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၇-၄-၂၀၁၂

17 April 2012

ကြီးပွားကြောင်းလမ်းစဉ် (၅) ချက်

လိစ္ဆ၀ိမင်းသားများအား ဟောသော ကြီးပွားကြောင်းလမ်းစဉ် (၅) ချက်
စာမိတ်ဆက်
ဒီတရားလေးက ရုရှားရောက် မြန်မာစစ်ဗိုလ်ကျောင်းသားများအား (၁၄-၄-၂၀၁၂)နေ့က ဟောပေးသော တရားဖြစ်ပါတယ်။ သူတို့တတွေဟာ မြန်မာနှစ်သစ်ကူး သင်္ကြန်အတောအတွင်းမှာ သီလယူ၊ တရားနားလေ့ရှိကြတယ်။ နောင်တချိန်မှာ တိုင်းပြည်တနေရာရာကနေ ခေါင်းဆောင်ဖြစ်လာမည့် သူတွေကို မဟာနာမ်နှင့်လိစ္ဆ၀ိမင်းသားတွေကို ဟောသော တရားနှင့် သင့်တော်မည်ထင်၍ အင်္ဂုတ္တရနိကာယ်လာ လိစ္ဆ၀ိကုမာရသုတ်ကို ဟောပေးလိုက်သည်၊ အရင်ကလဲ စင်္ကာပူမှ ဒကာမတစ်ယောက်အား ဟောပေးခဲ့ဖူးသည်။ ထိုဟောခဲ့သည်များကို မှတ်စုကလေးအဖြစ် မှတ်တမ်းတင်ထားပါသည်။
(၁-၄-၂၀၁၂ နေ့ အိန္ဒိယပြည်၊ အောရမ်ဂဘက် အလိုရာ ဗုဒ္ဓလှိုဏ်ဂူ အမှတ်တရ)

လူ့အဖွဲအစည်းကြီး
လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အဖွဲ့အစည်းနဲ့ နေကြရသည်၊ မိသားစု၊ ဆွေးမျိုး၊ ရပ်ကွက်၊ မြို့၊ ခရိုင်၊ တိုင်း၊ ပြည်၊ နိုင်ငံ၊ နိုင်ငံချင်းချင်း ဟူ၍ လူ့အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ နေကြရသည်။ ထိုအဖွဲ့အစည်းတွင်လည်း ခေါင်းဆောင်ဆိုတာပါရှိပြီးဖြစ်သည်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ တိုင်း-ပြည် ခေါင်းဆောင်၊ မြိုနယ်ခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင် ဆွေတစ်စု မျိုးတစ်စုရဲ့ ခေါင်းဆောင်၊ မိသားစု ခေါင်းဆောင် ဆိုပြီး ခေါင်းဆောင်နှင့်နောက်လိုက်၊ အလုပ်သမား စသည် ပါရှိသည်။ ထိုကဲ့သို့ လူ့အဖွဲအစည်းတွင် ခေါင်းဆောင်နှင့် နောက်လိုက်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အိမ်ရှင်နှင့် အိမ်ဖော်၊ အလုပ်တူ စီးပွားတူ မိတ်ဆွေ အပေါင်းအသင်း စသည်တို့သည် အချင်းချင်း အပြန်အလှန် နားလည်ပြီး မေတ္တာ ရရှိဖို့လိုသည်။ မြတ်ဗုဒ္ဓကလဲ ထိုလူ့အဖွဲ့အစည်းကြီးအတွက် ကြီးပွားရာ ကြီးပွားကြောင်းကို ဘက်ပေါင်းစုံ ရှု့ထောင့်ပေါင်းစုံကနေ လစ်လပ်မှုမရှိ ဟာကွက်မရှိအောင်ကို ထောက်ပြပြီး ဟောထားသည်မှာ မှတ်သားစရာ ကောင်းလှသည်။

မဟာနာမ်နှင့် လိစ္ဆ၀ိမင်းသားများ
တနေ့တောာ့ မြတ်ဗုဒ္ဓသည် ဝေသာလီမြို့ထဲ ဆွမ်းခံအပြန် တောအုပ်တစ်ခုမှာ ခေတ္တ သတင်းသုံးတော်မူခိုက် လိစ္ဆ၀ိမင်းသားတွေ တောလိုက်ခွေးများ အခြံရံပြီး လက်ထဲမှာလဲ ဒုတ်တွေ ဓားတွေ လေးတွေ မြှားတွေ ကိုင်ဆောင်လျှက် တောလိုက်ထွက်လာကြသည်၊ တောအုပ်ကြီးထဲရောက်တော့ ဘုရားရှင်ကို မြင်တွေ့သဖြင့် လက်ထဲက လက်နက်တွေ အားလုံး တောထဲ ချုံဘုတ်တွေမှာ ဖွက်၊ ပါလာတဲ့ တောလိုက်ခွေးတွေကိုလဲ မောင်းထုတ်ပြီး ဘုရားရှင်အနား ချဉ်းကပ်ပြီး လက်အုပ်ချီ ကန်တော့နေသည်။ ထိုအခြင်းအရာကို မြင်သော မဟာနာမ်သည် ၀မ်းသာလွန်းသဖြင့် ဥဒါန်းကျူးရင့်သည်၊ “ဘ၀ိဿန္တိ ၀ဇ္ဇီ၊ ဘ၀ိဿန္တိ ၀ဇ္ဇီ- ၀ဇ္ဇီမင်းသားတို့သည် ကြီးပွား ချမ်းသာကြလိမ့်ဦးမည်”ဟုသတည်း။
လိစ္ဆ၀ိမင်းသားများနှင့် ဟိရီ-သြတ္တပ္ပ
မင်းသားတွေ ဘုရားရှင်လဲ မြင်လိုက်ရော ဘုရားရှင်ကို အထူးမြတ်ဆုံး အလေးထားရဆုံးပုဂ္ဂိုလ်ဟု သိထားဖြင့် ပါလာတဲ့ လေးတွေ မြှားတွေ ဒုတ်တွေ ဓားတွေ လက်နက်တွေ အားလုံး ဘုရားရှင် မြင်မှာကို စိုးရိမ်သည်၊ ဘုရားကဲ့ရဲ့မှာကို ကြောက်သည်။ ဘုရားရှင်သည် မိမိတို့အဖြစ်ကို မြင်တွေ့မှာကို ရှက်သည်။ ဤသည်ပင် မင်းသားများ၏ ဟိရီနှင့် သြတ္တပ္ပပင်ဖြစ်သည်။ မိမိကိုယ်ကို အလေးထား ရိုသေခြင်းသည် ဟိရီမည်သည်၊ ဟိရီ တရားရှိသူတိုင်း မိမိကိုယ်ကိုယ် ရိုသေ လေးစားကြသည်၊ မိမိကိုယ်ကို လေးစားသူတိုင်း မကောင်းမှုကို မပြုကြ။ သြတ္တပ္ပ၏ သဘောသည် သူတော်တွေ ငြိုငြင်မှာ ကဲ့ရဲ့မှာ အပြစ်တင် ဝေဖန်မှာကို ကြောက်ခြင်းဖြစ်ရကား သူတပါးကို လေးစားခြင်း ရိုသေခြင်းဖြစ်သည်။ သူတပါးကို လေးစားသူတိုင်း မကောင်းမှုလုပ်ရမှာကို ကြောက်ကြသည်၊ သူတော်ကောင်းတွေရဲ့ ပြစ်တင်မှာကို ကြောက်ကြသည်။ ကိုယ့်ကိုယ်ကိုလဲ မလေးစား၊ သူတပါးကိုလဲ မရိုသေသူတို့သည် လောကကြီးမှာ ဖြစ်ချင်တာဖြစ်ဆိုပြီး နေတတ်ကြသည်၊ မည်သည့်ပတ်ဝန်းကျင်ကိုမှ အလေးထားစရာမလိုဟု ယူဆကာ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်မှာ ဟိရီနှင့်သြတ္တပ္ပ ဟုသော လောကပါလ တရား နှစ်ပါး ပျေက်ကွယ်နေခြင်းကြောင့် ဖြစ်သည်။

သူတော်ကောင်းတရား ၇ ပါး
ဟိရီနှင့်သြတ္တပ္ပသည် သူတော်ကောင်းတရား ၇ ပါးထဲက ၂ ပါးဖြစ်သည်။ “သဒ္ဓါ သတိ ဟိရိ သြတ္တ ၀ီရိယ နှင့် သုတ ပညာ ၇ နှစ်ဖြာ သဒ္ဓမ္မဟုပြ” လိစ္ဆ၀ိမင်းသားတွေ ၀ါသနာအရ တောလိုက်မုဆိုး လုပ်ပေမဲ့ ပင်ကိုယ်က ဟိရီနှင့်သြတ္တပ္ပ သူတော်ကောင်းတရား ရှိနေသောကြောင့် ဘုရားနှင့်တွေ့သော် ရှက်ကြသည်၊ ကြောက်ကြသည်။ ဟိရီ သြတ္တပ္ပရှိသူတိုင်း မကောင်းမှုမှ ရှက်ကြ ကြောက်ကြသည်၊ သူတော်ကောင်းများ ဖြစ်ကြသည်။

တခါက ဘုရင်ကိုးကွယ်ခံ ကျောင်းဘုန်းကြီးတစ်ပါး ၀ါသနာ အထုံအရ အင်းဘေးမှာ ထိုင်ပြီး ငါးမျှားနေလေ့ရှိသတဲ့။ တနေ့တော့ ဘုရင်ကြီးက သူ့တပည့်တွေကို ဆရာတော်ဆီ နေ့ဆွမ်းအတွက် ဆွမ်းအုပ် သွားပို့ခိုင်းလိုက်တယ်၊ တပည့်တွေကလဲ ဆရာတော်ကြီး ရှိရာ စုံစမ်းသွားတော့ ငါးမျှားနေတာကို တွေ့တော့ ကြည်ညိုတဲ့ စိတ်တွေ ပျောက်ပြီး ဆွမ်းအုပ်လဲ မကပ်ဘဲ ပြန်လာခဲ့ကြတယ်၊ နန်းတော်ရောက်တော့ ဘုရင်ကြီးကို အကြောင်းစုံလျှောက်ထားတယ်၊ ဘုရင်ကြီးကလဲ သူတို့ပြောတဲ့အတိုင်း ဟုတ်မဟုတ် သေချာချင်တော့ ကိုယ်တိုင်သွားစုံစမ်းတယ်၊ ဘုန်းကြီးလဲ သူ့ကို ကိုးကွယ်တဲ့ ဘုရင်ကြီးကိုလဲ မြင်ရော ငါးမျှားတံတို့ ငါးအစာတို့ကို တနေရာကို ဖွက်ထားသတဲ့၊ ဒါကို ဘုရင်ကြီးက မြင်သွားတော့ “အော်--သူမှာ ၀ါသနာပါလို့သာ ငါးမျှားဟန်တူတယ်၊ ဒါပေမဲ့ ဟိရီ သြတ္တပ္ပတော့ ရှိနေသေးသားပဲ၊ သူတော်ကောင်းတရား သူ့သန္တာန်မှာ ရှိနေတာပဲ” ဟု တွေးပြီး ပိုကြည်ညိုသတဲ့။

မြတ်ဗုဒ္ဓဟောသော ကြီးပွားရေးလမ်းစဉ်
ဒီလိုနဲ့ မဟာနာမ်က ဥဒါန်းကြူးရခြင်းအကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်ထားသည်၊ “ဒီလိစ္ဆ၀ိမင်းသားတွေဟာ အလွန်ဆိုးသွမ်းပါတယ်ဘုရား၊ အပြောအဆို အမူအရာ အားလုံး ရိုင်းစိုင်း ကြမ်းတမ်းကြပါတယ်ဘုရား၊ ဘုရင့်အတွက် တိုင်းတစ်ပါး၊ မြို့ရွာ၊ မိတ်ဆွေတွေဆီက ပို့လိုက်သော လက်ဆောင်တွေကို လမ်းကနေ ဖြတ်လုလေ့ရှိပါတယ်ဘုရား၊ မိန်းကလေးတွေ နောက်ကလိုက်ပြီး စတယ် နောက်ပြောင်လေ့ရှိပါတယ်ဘုရား၊ ဒီလောက် ဆိုးသွမ်းတဲ့ မင်းသားတွေ မြတ်ဗုဒ္ဓကို မြင်တော့ ရှက်ရကောင်းမှန်းသိကြတယ်၊ ကြောက်ရကောင်းမှန်းလဲ သိကြတယ်ဘုရား၊ တပည့်တော် အံ့သြလွန်းလို့ ဒီလို ဆိုမိတာပါဘုရား”ဟု လျှောက်တော့ ဘုရားရှင်က လူ့လောကအတွက် ကြီးပွားရေးလမ်းစဉ် ၅ ခုကို ဆက်ပြီး ဟောပြလိုက်သည်။

ကြီးပွားရေးလမ်းစဉ် (၅)
(၁) မာတာပိတရော သက္ကရောတိ- တရားသဖြင့် ကိုယ့်လုလ္လဖြင့် ရအပ်သော ပစ္စည်းတို့ဖြင့် မိဘကို ပြုစု ထောက်ပံ့ခြင်း။ မိဘကို လုပ်ကျွေးသော သားအလိမ္မာ သမီးအလိမ္မာလေးတွေကို မိဘတွေက ကောင်းသော စိတ်၊ ကရုဏာစိတ်တို့ဖြင့် “ငါ့သား ငါ့သမီး အသက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ” လို့ ဆိုပြီး စောင့်ရှောက်ကြသည်။ မိဘချစ်ခင်မှုကို ရသော၊ မိဘမေတ္တာကို ရရှိသော သား သမီးသည် ဘယ်တော့မှ ဆင်းဒုက္ခနှင့်မတွေ့ရ၊ ကောင်းကျိုးမင်္ဂလာတွေနဲ့ပဲ တွေ့ရမှာ ဖြစ်သည်။
တခါတရံ ပြောမရ ဆိုမရတဲ့ သားကို ကရုဏာဒေါသောဖြင့် စိတ်ဆိုးမာန်ဆိုးနဲ့ “လမ်းမှာ ကျွဲရိုင်းမကြီးနဲ့ တွေ့ပါစေ”လို့ ကျိန်ပြောလိုက်မိသည်။ တကယ်ပဲ အမေက ကျိန်ပြောလိုက်သလိုပဲ ကျွဲမကြီးက သူ့ကို ခွေ့သက်တော့မည့်ဟန်ဖြင့် တည့်တည့်မည့်မည့် လာနေသည်ကို မြင်တော့ ကြောက်ဒူးတွေတုန်နေသည်။ သားဖြစ်သူက “ငါ့အမေ ပါးစပ်က ထွက်လာတဲ့စကားသည် ရင်ထဲက တကယ်မဟုတ်၊ ငါ့အမေရဲ့ ရင်ထဲက စကားသည် ငါ့ကို သေစေချင်တဲ့ဆန္ဒ လုံးဝမရှိ၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွဲမကြီး ငါ့အနားက ထွက်ခွါသွားပါစေ” ဟု သစ္စာဆိုလိုက်သောအခါ ခွေ့သက်ရန်လာသော ကျွဲမကြီး သူအနီးအနားရောက်မှ လမ်းကြောင်းလွဲထွက်သွားသည်။

မိဘများသည် သားသမီးအပေါ် ဗြဟ္မာလိုတမျိုး မိဘလိုတမျိုး ဆရာလိုတမျိုး စောင့်ရှောက်တတ်သောကြောင့် သားသမီးတွေရဲ့ အပူဇော်ထူးကို ခံထိုက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘများသည် လောကမှာ အလေးထား ပူဇော်သင့်သူများ ဖြစ်ကြသည်။ နောက် ကြီးပွားကြောင်းတစ်ခုကတော့ မိဘအပြင် သား မယား၊ အလုပ်သမားများပင်ဖြစ်သည်။

(၂) ပုတ္တဒါရဒါသကမ္မကရပေါရိသေ သက္ကရောတိ- သား၊ မယား၊ ကျွန်၊ အလုပ်သမားများကို ချီးမြောက်ခြင်း၊ ပေးကမ်းခြင်း။ မိသားစုတစ်စု၏ ဦးစီးတစ်ယောက်သည် သား မယားကို ပြုစုရမည်၊ ပေးကမ်း ချီးမြင့်ရမည်၊ အလုပ်ရှင်သည် အလုပ်သမား၊ အိမ်အကူ စသော ကိုယ့်အောက် ငယ်သားတွေကို ချီမြောက်ရမည်၊ ပေးကမ်းရမည်၊ အလေးထားရမည်။ ထို့အတူ တိုင်းပြည်ခေါင်းဆောင်၊ မြို့၊ ရပ်ရွာ ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတွေကို အလေးထားရမည်၊ ပေးကမ်းချီးမြောက်ရမည်။ အလုပ်သမား အိမ်ဖော်တွေရဲ့ မေတ္တာရရှိမှ အိမ်ရှင် အလုပ်ရှင်တို့ လုံခြုံ စိတ်ချပြီး ကြီးပွားမည် ဖြစ်သည်။ ပြည်သူပြည်သားတွေ မေတ္တာရရှိမှ ခေါင်ဆောင်းတို့သည် အလုပ်လုပ်ရတာ အဆင်ပြေသလို တိုင်းပြည်အတွက် အေးချမ်းသာယာပြီး ကြီးပွားမည် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်အောက် ရာထူး အဆင့်အတန်း ဂုဏ်စသည် ငယ်သည် သေးသည်ဟူ၍ အထင်မသေးသင့်ဘဲ အလေးထားရမည် ဖြစ်သည်။ ကိုယ့်အောက်ငယ်သားတို့၏ မေတ္တာ ရရှိခြင်းသည်လည်း ကြီးပွားကြောင်း လမ်းစဉ် တစ်ခု ဖြစ်သည်။

(၃) ခေတ္တကမ္မန္တသာမန္တာသဗျောဟာရေ သက္ကရောတိ-လယ်ချင်းကပ် ယာချင်းကပ်၊ ခြံခြင်းကပ် စီပွားဘက်များကိုလည်း အလေးထားခြင်း ပေးကမ်းခြင်း။ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်နဲ့နေကြရသော လူတို့အတွက် ပတ်ဝန်းကျင်သည်လည်း အလေးထားရမည့်သူများ ဖြစ်ကြသည်။ သူတို့ကို အလေးထား မေတ္တာထား ပေးကမ်းချီမြောက်မှသာလျှင် သူတို့တတွေရဲ့ မေတ္တာရရှိမည်။ အိမ်ချင်းကပ် မိသားစု၊ လယ်ချင်း၊ ယာချင်းကပ် စီးပွားဘက်၊ မိတ်ဆွေ၊ ဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့် တွေးသော် နိုင်ငံချင်းကပ် မိတ်ဆွေတို့ထံမှ ပေးကမ်းချီးမြောက်ခြင်းဖြင့် မေတ္တာရယူရပါသည်။ ကိုယ့်ကို မေတ္တာထားသော သူတို့သည် ကိုယ့်အကျိုးအစီးပွားကို ဘယ်တော့မှ ဖျက်ဆီးလိမ့်မည် မဟုတ်၊ ကြီးပွားရေးကိုပဲ အားပေး ထောက်ပံ့နေကြမည် ဖြစ်သည်။ ထို့ကြောင့် သူတို့တတွေ၏ မေတ္တာ ကရုဏာများ ရခြင်းသည်လည်း ကြီးပွားကြောင်းတစ်ခု ဖြစ်သည်။

(၄) ဗလိပဋိဂ္ဂါဟိကာ ဒေ၀တာ သက္ကရောတိ-ဘိုးစဉ်ဘောင်ဆက်ကထဲက စောင့်ရှောက်ပေးကြသော နတ်များကို ပူဇော်ခြင်း။ လောကပတ်ဝန်းကျင်ဆိုတဲ့ နေရာမှာ သာမန်လူသားတွေ မမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေ၊ လူတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့ သူတွေဆိုတာ ရှိတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုး စတဲ့ နတ်တွေဆိုတာ ရှိပါတယ်၊ ယနေ့ခေတ် မြန်မာတချို့ယုံကြည်တဲ့ မနဲလေး၊ အမေဂျမ်း၊ ကိုကြီးကျော်၊ ဘိုးမင်းခေါင်စတဲ့ ပုဂ္ဂိုလ်မျိုးတွေ နတ်မျိုးတွေကို ဆိုလိုသည်မဟုတ်။ တကယ်ရှိနေတဲ့ ဘိုးစဉ်ဘောင်ဆက်ကထဲက ကိုယ့်ကို စောင့်ရှောက်နေတဲ့ လူသားတွေနဲ့ ဆက်စပ်မှုရှိတဲ့ နတ်တွေကို ဆိုလိုပါသည်။ တကယ်တော့ ထိုနတ်တွေဆိုတာလဲ တမလွန်ရောက် မိမိတို့ရဲ့ ဆွေတော်မျိုးတော်များဖြစ်ကြသည်။ သူတို့ကို ပူဇော်တယ်ဆိုတာလဲ ကိုယ် နေ့စဉ်ပြူသမျှကို မေတ္တာပို့ အမျှပေးဝေခြင်းပဲ ဖြစ်သည်၊ နတ်စဉ်တွေ သင်ပင်ကြီးတွေအောက် ထမင်းဟင်းတွေ ကန်တော့ပွဲထိုးပြီး ပူဇော်တာမျိုး မဟုတ်၊ ထိုပူဇော်မျိုးက အချိန်ကုန် ပိုက်ဆံကုန်တာပဲ အဖတ်တင်ပြီး နှစ်ဦးနှစ်ဖတ် ဘာမှ အကျိုးမရဘဲရှိ၏။ လူသားတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့နတ်တွေကို ပူဇော်ခြင်းဖြင့် သူတို့တတွေရဲ့ မေတ္တာကို ရရှိမည်၊ သူတို့တတွေရဲ့မေတ္တာဖြင့် ဘေးအန္တရာယ်နဲ့ မကြုံရ၊ ကောင်းကျိုး မင်္ဂလာတွေနဲ့ပဲ တွေ့ကြုံရမည်။

စစ်ကိုင်းတောင်က ဆွမ်းခံ အမြဲကြွလေ့ရှိတဲ့ သက်တော်ရှည်ဆရာတော်ကြီး၏ ဖြစ်ရပ်မှန် တစ်ခု ကြားဖူးသည်။ ဓုတင်လဲဆောင် သီလလုံခြုံသော ဆရာတော်ကြီးက နေ့စဉ် နတ်တွေကို မေတ္တာပို့ အမျှဝေလေ့ရှိသတဲ့၊ တနေ့တော့ နေ့စဉ်ဆွမ်းခံမပျက် ဆွမ်းခံကျင့်ဝတ်ရှိတဲ့ ဆရာတော်ကြီး ခေါင်းထဲမှာ မူးသလိုလိုဖြစ်၊ ဗိုက်ထဲမှာလဲ မအီမသာဖြစ်၊ ဆွမ်းခံသွားလို့ မရလောက်အောင်ကို ဖြစ်နေသည်။ နေ့စဉ် ၇ နာရီ ဆွမ်းခံကြွလေ့ရှိသော ဆရာတော်ကြီးကို မျှော်နေသော ချောင်က သီလရှင်ဆရာကြီးများကလဲ “ပုံမှန် ဆွမ်းခံဝတ်မပျက် ကြွလေ့ရှိတဲ့ဆရာတော်ကြီး ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာလို့ မကြွပါလိမ့်”ဟု အတွေးဝင်နေသည်။ ၉ နာရီကလဲ ထိုးနေပြီ၊ ဒီအချိန်မှ မကြွရင် ကြွမလာလောက်တော့ဘူးဟု ဆုံးဖြတ်ပြီး ဆရာတော်ကြီးအတွက် ခင်းထားလေ့ရှိသည့် နေရာထိုင်ခင်းကို ရုတ်လိုက်သည့်အခါ မြွေပွေးကြီးတစ်ကောင် ခွေနေသည်ကို တွေ့ရသည်။ အကယ်၍သာ ဆရာတော်ကြီး ကြွလာပြီး ထိုင်မိလိုက်ရင် မတွေးဝံ့စရာ။ ယခုတော့ ဆရာတော်ကြီး ကံကောင်းသွားသည်။ ဤသည်မှာ ဆရာတော်ကြီးကို ချစ်သော နတ်ဒေ၀ါတွေက ဆရာတော်ကြီးကို ကယ်လိုက်ခြင်းပဲ ဖြစည်။ ဒီလို ဖြစ်ရပ်မှန်တွေ များစွာတွေ့ရသည်၊ တချို့လဲ မိသားစုလိုက် အက်စီးဒင့်ဖြစ်ပြီး အသက်ဆုံးကြပေမဲ့ ထိုနေ့ ထိုခရီးစဉ်ကို လိုက်ချင်စိတ်မရှိလို့ ကျန်ရစ်သူ တစ်ယောက်သာ အသက်ရှင်ခွင့်ရသည့် အဖြစ်အပျက်တွေကလဲ များစွာတွေ့ကြုံနေရသည်။ မမြင်နိုင်တဲ့သူတွေရဲ့ အစောင့်ရှောက်ကို ရခြင်းသည်လည်း ကြီးပွားချမ်းသာကြောင်း လမ်းစဉ် တစ်ခုဖြစ်သည်။

(၅) သမဏဗြဟ္မဏေ သက္ကရောတိ- ရဟန်းသံဃာ သူတော်စဉ်တို့ကို ပေးကမ်း ပူဇော်ခြင်း၊ အလေးထားခြင်း။ ကိုယ့်ပတ်ဝန်းကျင်တွင် အလေးထားရဆုံး သူတော်စဉ်များကို ရိုသေ ဦးတိုက်ခြင်း၊ ပူဇော်ခြင်းအလေ့ရှိသူတို့ကို ထိုရဟန်းသံဃာ သူတော်စဉ်များက မေတ္တာပို့ ကရုဏာပွားခြင်းတို့ဖြင့် စောင့်ရှောက်ကြသည်။ သူတော်ကောင်းတွေရဲ့ မေတ္တာ ရရှိသူတို့သည် ဘယ်တော့ ဆင်းရဲဒုက္ခနဲ့ မတွေ့ရ၊ မကြုံရ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာများဖြင့်သာ ဆုံကြရ ကြုံကြရမှာ ဖြစ်သည်။ ရဟန်းသံဃာ သူတော်စဉ်တို့သည်လည်း လူ့အဖွဲ့အစည်းကြီးထဲက အလေးထားရဆုံးအဖြစ် ပါဝင်ကြသည်၊ သူတို့ကို ပူဇော်ခြင်းသည်လည်း ကြီးပွားကြောင်း လမ်းစဉ်တစ်ခု ဖြစ်သည်။

အဆုံးသက်စကား
ဤ ကြီးပွားကြောင်းလမ်းစဉ် ၅ ခုကို ခြုံကြည့်လိုက်လျှင် အားလုံးသည် လူ့အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ နီးနီးစပ်စပ် နေသူများဖြစ်ကြသော (၁)မိဘကို (၂) သားမယား၊ အလုပ်သမား၊ အိမ်အကူ စသည်များ၊ (၃) အိမ်ချင်းကပ်၊ ခြံချင်းကပ်၊ ယာချင်းကပ် စီးပွာဘက်နှင့် မိတ်ဆွေများ၊ (၄) မိရိုးဖလာ ဆွေးစဉ်မျိုးဆက်ကထဲက အစောင့်အရှောက်နတ် ဆွေတော်မျိုးတော်နတ်များနှင့် (၅) ရဟန်းသံဃာ သူတော်စင်များကို ပေးကမ်းခြင်း၊ ချီမြောက်ခြင်းတို့ပဲ ဖြစ်သည်။ ပေးကမ်းသော လက်ကို မည်သူမျှ ရန်မမူ၊ ပေးကမ်းသော လက်ကို လူမျိုးစုံ အရွယ်မျိုးစုံ စရိုက်မျိုးစုံက လက်ကမ်းကြိုဆိုကြမည် ဖြစ်သည်။ ထို့ကြောင့် ပေးကမ်းခြင်းဖြင့် မေတ္တာကို ရရှိနိုင်သည်။

ထိုသူအားလုံးရဲ့ မေတ္တာကို ရရှိသော သူ၊ နိုင်ငံ၊ ပြည်၊ တိုင်း၊ မြို့၊ ရပ်ရွာတို့သည် ဘယ်သောအခါမှ ဆင်းရဲခြင်းမျိုးနှင့် မဆုံရ မကြုံရဘဲ ကောင်းကျိုးမင်္ဂလာများနှင့်သာ ဆုံရ ကြုံရမည်။
“ယဿ ကဿစိ၊ မဟာနာမ၊ ကုလပုတ္တဿ ဣမေ ပဉ္စဓမ္မာ သံဝိဇ္ဇန္တိ----ယဒိ ၀ါ ရညော (ပ) ဂါမ ဂါမဏိကဿ ၀ါ၊ ယဒိ ၀ါ ပူဂဂါမဏိကဿ၊ ယေ ၀ါ ပန ကုလေသု ပစ္စေကာဓိပစ္စံ ကာရေန္တိ၊ ၀ုဒ္ဓိယေ၀ ပါဋိကင်္ခါ၊ နော ပရိဟာနိ”
“မဟာနမ်-- ဤကြီးပွားကြောင်း လမ်းစဉ်ကို လိုက်နာ ပြုကျင့်အားထုတ်တဲ့ပုဂ္ဂိုလ်သည် တိုင်းပြည်မင်းလုပ် ဘုရင်ပဲ ဖြစ်ဖြစ်၊ အမတ်ပဲဖြစ်ဖြစ်၊ ၀န်ကြီးပဲ ဖြစ်ဖြစ်၊ စစ်သေနာပတိပဲဖြစ်ဖြစ်၊ ရွာသူကြီးပဲ ဖြစ်ဖြစ်၊ ပြည်သူ ပြည်သားတွေပဲ ဖြစ်ဖြစ်၊ ရွာသူရွာသားတွေပဲ ဖြစ်ဖြစ် ကြီးပွားချမ်းသာကြမည်၊ ဘယ်တော့မှ ဆုတ်ယုတ်ခြင်း ဆင်းရဲခြင်းမျိုးနဲ့ မကြုံဘူး”ဟု ဘုရားက နိဂုံးအနေနဲ့ မဟာနာမ်အမှူးကြီးသော လိစ္ဆ၀ိမင်းသားတွေကို ဟောခဲ့သည်။

ဒါ့ကြောင့် အားလုံး-- လိဇ္ဇ၀ီမင်းသားများအား ဟောကြားတဲ့ ကြီးပွားကြောင်းလမ်းစဉ်တရားကို နာကြားရပြီး မိမိတို့တတွေလဲ ကြီးပွားရာ ကြီးပွားကြောင်းများကို ကိုယ်စီ အားထုတ်နိုင်သော အမျိုးကောင်းသားများ အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန်သတည်း-- ဤကဲ့သို့ ပြုလုပ်အားထုတ်သွားကြသော ရှေးရှေးသော သူတော်ကောင်းတို့ ရအပ် ရောက်အပ်သော သိမြင်အပ်သော အသင်္ခတ နိဗ္ဗာန်ကို လျှင်မြန်စောစွာ ရကြရာ ရောက်ကြရာပါစေကုန်သောဟူ၍ ပဋ္ဌနာအောင်ဆု ပြုလိုက်ကြကုန်ရာ သတည်းးးးးးး
သာဓု သာဓု သာဓု

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၄-၄-၂၀၁၂

14 April 2012

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပညာသင်နှစ်အတွက် ကြေငြာ


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကြေငြာချက် (၀၅/၂၀၁၂)
ကျောင်းသားအသစ်များ လျှောက်လွှာ ခေါ်ယူခြင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ၂၀၁၂-၂၀၁၃ ခု ပညာသင်နှင်တွင် ပညာဆည်းပူးလိုသူများသည် M.A တန်း၊ B.A တန်းနှင့် Diploma တန်းများအတွက် လျှောက်လွှာ (Form) ပုံစံများကို ၁၃၇၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်၊ (၁၇-၀၄-၂၀၁၂) မှ ၁၃၇၄ ခုနှစ် နယုန်လဆန်း ၁၁ ရက် (၃၁-၀၅-၂၀၁၂) အထိ သတ်မှတ်ထားသည့် ရက်အတွင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)များရှိ မော်ကွန်းထိန်းရုံးခန်း (သို့မဟုတ်) ပညာရေးဌာနရုံးခန်းများတွင် လာရောက် ထုတ်ယူခြင်း ပြန်လည်တင်သွင်းခြင်း ပြုလုပ်နိုင်ပါပြီ ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

ကျောင်းဖွင့်ရက်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၌ အဆောင်နေခွင့် စာမေးပွဲရက်၊ ပြည့်စုံရမည့်တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများကို သက်ဆိုင်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ ကြေငြာထားပါသည် သိလိုသော အကြောင်းအရာများကို အောက်ပါ ဖုန်းနံပါတ်များတွင် ဆက်သွယ် စုံးစမ်းနိုင်ပါသည်

ဖုန်းနံပါတ်များ
၀၇၂-၂၁၆၁၁ (စစ်ကိုင်း)
၀၇၂-၂၂၁၆၅ (စစ်ကိုင်း)
၀၂-၇၅၂၇၈ (မန္တလေး)
၀၁-၅၈၁၇၇၇ (ရန်ကုန်)
၀၁-၅၈၁၉၉၉ (ရန်ကုန်)

ဒေါက်တာ အရှင်ကုမာရ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
(အသေးစိတ်ကြေငြာဇယား)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှာ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၄-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes