သီတဂူစတား

သီတဂူစတား

23 October 2012

သီတဂူဘန်ကောက် အထူးတရားပွဲများ

သီတဂူဆရာတော် ဘန်ကောက်တရားပွဲ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ ဒေါက်တာအရှင်ဥာဏိဿရ သည် ယခုနှစ် ၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၃)ရက်မှ စ၍ ထိုင်းနိုင်ငံ တွင် အောက်ပါ အစီအစဉ်အတိုင်း တရားဓမ္မများ ဟောကြားမည် ဖြစ်ပါသည်။
(တရားပွဲကြော်ငြာ)

ပထမည
(က) သီတင်းကျွတ်လပြည့်ကျော် (၃)ရက်၊ (၂-၁၁-၂၀၁၂) သောကြာနေ့ည (၈)နာရီအချိန်၊ ၀ပ်ကျာဒဲလ်ကျောင်းတိုက်၊ ဘန်ကောက်မြို။

ဒုတိယ၊ တတိယ ညများ
(ခ) သီတင်းကျွတ်လပြည့်ကျော် (၄-၅)ရက်၊ (၃-၄-၁၁-၂၀၁၂) စနေနှင့် တနင်္ဂနွေနေ့ည (၉)နာရီအချိန်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့သောင်းကျွန်း။

စတုတ္ထ၊ ပဉ္စမညများ
(ဂ) (သီတင်းကျွတ်လပြည့်ကျော် (၆-၇)ရက်၊ (၅-၆-၁၁-၂၀၁၂) တနင်္လာနေ့ညနှင့် အင်္ဂါနေ့ည (၉) အချိန်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်း။
ကမ္ဘာတစ်ဝှမ်းလုံးရှိ အွန်လိုင်းမှ တရားချစ်ခင် သူတော်စင်များအတွက် အောက်ပါ ၀က်ဘဆိုက်များမှ ထိုနေ့ ထိုအချိန်တွင် တိုက်ရိုက်နာယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

www.ustream.tv/channel/nivirna တွင် ရုပ်မြင်အသံကြား ဖူးမျှော် နာယူနိုင်ပြီး
www.nibbansaw.com/live-audio တွင် အသံကို တိုက်ရိုက် နာယူနိုင်ပါသည်။


(မှတ်ချက်။ ။ ကြော်ငြာဓာတ်ပုံရှိ အင်္ဂလိပ်ရက်စွဲမှ ၁၀ လပိုင်းကို ၁၁ လပိုင်းဟု ပြင်ဆင်ဖတ်ရန်)
ဓာတ်ပုံကြော်ငြာကို နိဗ္ဗာန်ဆော် ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၂

20 October 2012

သီတဂူ အထူးကုသတင်း (သီတဂူဆေးရုံ)

သီတဂူအာယုဒါနဆေးရုံတော် အထူးကုအစီအစဉ်များ
 
(ကချင်ပြည်နယ် ပူတာအို မျက်စိ အထူးကု အစီအစဉ် ဓာတ်ပုံ)

 (က) ၂၂-၁၀-၁၂ နေ့ မှ ၂၆-၁၀-၁၂ အထိ ဂျာမနီနိုင်ငံမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အထူးကုနှင့် နား နှာခေါင်း လည်ချောင်း အထူးကုအဖွဲ ။

 (ခ) ၂၉-၁၀-၁၂ မှ ၃-၁၁-၁၂ အထိ အမေရိကန်နိုင်ငံမှ အထွေထွေအထူးကု၊ ခွဲစိပ်အထူးကု၊ ဦးနှောက်နှင့်အာရုံကြောအထူးကု၊ ကလေးအထူးကု၊ အမျိုးသမီးအထူးကု၊ တံတောင်ဆစ်အောက် လက်တုတပ်ဆင်ခြင်း အထူးကုအဖွဲ့ များ လာရောက်ကြမည်ဖြစ်ပါသည်။

ashinkovida ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။

 (ကချင်ပြည်နယ် ပူတာအို မျက်စိ အထူးကု အစီအစဉ် ဓာတ်ပုံ) 
 


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၀-၂၀၁၂

18 October 2012

မိန်းမအား ငါးပါး

အမျိုးသမီးအား ငါးပါး
စာမိတ်ဆက်

INGO နိုင်ငံတကာ NGO မှာ အမှုထမ်းနေတဲ့ သူတစ်ယောက်နဲ့တွေ့ဖြစ်သည်။ တစ်နေ့တော့ သူက အနောက်နိုင်ငံတစ်ခုမှာ Gender in Buddhism (ဗုဒ္ဓဘာသာမှာ အမျိုးသား အမျိုးသမီးခွဲခြားမှု) ပတ်သက်ပြီး စာတမ်းဖတ်မှာ ဖြစ်သည်။ စာရေးသူအား ဗုဒ္ဓဘာသာတွင် ကျား-မ ခွဲခြားမှု၊ ကျား-မ အခွင့်ရေးနှင့်ဆက်စပ်သော အကြောင်းအရာများကို မေးသည်၊ ဆွေးနွေးသည်၊ စာရေးသူလဲ အင်တာနက်ကနေ ဗုဒ္ဓဘာသာတွင် အမျိုးသမီးနှင့်ဆက်စပ်၍ ရေးသားထားသော ဆောင်းပါး ပို့စ်များကို ရှာဖွေပေးလိုက်သည်၊ ထိုထဲတွင် စာရေးသူကိုယ်တိုင် ရေးထားသည့် အမျိုးသမီးများနှင့်ဘုန်းကံ ဆိုတဲ့ ပို့စ်လဲပါသည်။ ထိုသို့ဆွေးနွေးရာမှ သူလဲ ဘယ်ဝက်ဘဆိုက်တွေကို ကြည့်ပြီး ပြောလဲမသိ၊ အမျိုးသမီးနဲ့ဆက်သော သုတ္တန်တွေကို စာရေးသူအား ပြသည်၊ သုတ္တန်များကို Roman အက္ခရာဖြင့် ရေးပေးရန် အကူညီတောင်းသည်။ စာရေးသူလဲ သူပေးသော သုတ္တန်များကို မူရင်းပါဠိတော်များတွင် ရှာဖွေကြည့်ရာ တချို့လဲ ခေါင်းစဉ်နဲ့ မစပ်ဟပ်။ ထိုထဲတွင် အမျိုးသမီးတို့၏ အရည်အသွေး ငါးမျိုး ဆိုတာလဲ ပါသည်။ စာရေးသူလဲ ငယ်ငယ် စာသင်သားဘ၀က ဒီသုတ္တန်ကို ဒီလို မတွေးမိခဲ့ဘူ။ “အမျိုးသမီးတို့၏ အရည်အသွေး ငါးမျိုး” လို့ အမည်ပေးထားတာကို သဘောကျမိသည်၊ စာရေးချင်စိတ်လဲ ပေါက်လာ၍ ရေးမိရေးရာ ရေးချမိလိုက်တော့သည်။

အရည်အသွေး ငါးမျိုးမှာ--
(၁) အမျိုးသ္မီးတို့၏ အဆင်း၊
(၂) အမျိုးသ္မီးတို့၏ အသံ၊
(၃) အမျိုးသ္မီးတို့၏ အနံ့၊
(၄) အမျိုးသ္မီးတို့၏ အနှစ်၊
(၅) အမျိုးသ္မီးတို့၏ အတွေ့၊
စာရေးသူလည်း အရည်အသွေးငါးမျိုးဆိုတဲ့ ခေါင်းစဉ်ကြည့်ပြီး ဘာကို ဆိုလိုမှန်း ချက်ခြင်းမသိ၊ ထို ၅ မျိုးအောက်မှာ အမျိုးသမီး၏ အဆင်း၊ အသံ၊ အနံ့စသည် ဆိုသဖြင့် သုတ္တန်တစ်ခုကို သွားသတိရမိသည်၊ အဂုင်္တ္တရနိကာယ်၏ အစဆုံး စာမျက်နှာတွင် ထို ငါးမျိုးပြထားသည်ကို တွေ့ရသည်။
တကယ်တော့ ဒီငါးပါးကို မြတ်ဗုဒ္ဓက သူ၏တပည့် ရဟန်းတော်တွေ အတွက် ဟောပေးခြင်းဖြစ်သည်။ ဒုက္ခကို မြင်အောင်၊ ကာမစည်းစိမ်ကို စက်ဆုပ်ပြီး ငြီးငွေ့လာအောင်၊ ဟောခြင်းဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော အမျိုးသမီးများ၏ ထိုစွည်းရည် ငါးမျိုးက အလွန်ထက်ပြီး အလွန်အန္တရာယ်ကြီးသောကြောင့်ပင်ဖြစ်သည်။ ထိုငါးမျိုးကိုပင် သံယုတ်ပါဠိတော် ဗန္ဓနသုတ်မှာကား အမျိုးသမီးများ၏ ကွန်ယက်လို့ ဆိုထားသေးသည်၊ စာကလေးတွေ ငှက်ကလေးတွေ မုဆိုး၏ ပိုက်ကွန်ထောင်ချောက်ထဲ ကျရောက်လာပါက ပြန်လွတ်နိုင်ဖွယ် မရှိချေ၊ အလားတူပဲ ဆန့်ကျင်ဘက် ပုရိသတို့သည် အမျိုးသမီး၏ ကွန်ယက်ထဲ ကျရောက်သွားပါက ရုန်းထွက်နိုင်ဖို့ မလွယ်ပေ။ ရဟန်းတော်များ သတိလက်လွတ်ဖြစ်ပြီး အမြင်မတော် ၀တ်စားထားသော အမျိုးသမီး၏ အလှကို မြင်ပြီး တွေးမိတွေးရာ ကြံမိကြံရာ ကြံပြီး နောက်ဆုံး လူထွက်ရတဲ့ အထိရောက်သည်၊ ထိုသည်ပင် ထိုရဟန်း မိချောင်းဘေးအန္တရာယ် ကျရောက်ခြင်းဟူ၍ ဆိုထားသည်။ အကယ်၍ သတိတရားမရှိတဲ့ ရဟန်းတစ်ပါးဟာ ကာမဂုဏ်ခံစားနေသော လူဝတ်ကြောင်ဘ၀ကို မြင်တွေ့မိပါက ကြံမိကြံရာ ကြံပြီး လူဝတ်လဲသွားပါက ၀ဲဂယက်ထဲ ကျရောက်ခြင်းမည်သည်။ သတိသည် အလွန်အရေးကြီးလှပါသည်။ အမျိုးသမီး အရည်အသွေးကို စွမ်းအင်၊ ကွန်ယက်၊ ၀ဲဂယက်၊ မိချောင်း၊ ကာမဂုံ၊ စသည်အားဖြင့် အမည်များစွာ ရှိသည်။

(၁) အမျိုးသ္မီးတို့၏ အဆင်း၊

အမျိုးသမီးရဲ့ ရူပါရုံသည် အလွန်စွမ်းအားကြီးသော ဆွဲဆောင်မှုရှိသည်၊ အမျိုးသားများအတွက် ထိုအမျိုးသမီး၏ ရူပါရုံအစွမ်းအားထက် ဆွဲငင်အားကောင်းသည့် အရာ တခြား လောကမှာ မရှိဟုဆိုသည်။ မုဒုလက္ခဏဇာတ်တော်မှာ ရသေ့ကြီး ကောင်းကင်ခရီးကနေ ဈာန်အဟုန်စီးပြီး နန်းတော်ထဲ ဆွမ်းခံကြွလာသည်၊ ဘုရင်ကြီးမရှိခိုက် ရသေ့ကြီး နန်းတော်ထဲရောက်တော့ သိပ်လှ သိပ်နုပြီး အိစက် ၀င်းဝါသော အသားအရည်ရှိတဲ့ မုဒုလက္ခဏမိဖုရားကြီး ကမန်းကတန်း ကုတင်က ထလိုက်တော့ အလွန်ကောင်းပေ့ဆိုတဲ့ သိန်းချီတန်တဲ့ ပိုးထည်အ၀တ်က လျှောကျသွားသည်။ မိဘုရားရဲ့ ရူပါရုံဆွဲငင်အားကြောင့် တဒင်္ဂအကြည့်ခိုက်လေးမှာပင် သူတော်စင် ရသေ့ကြီး ဗို့အား ၁၅၀၀ ရှိတဲ့ ရာဂမီးတွေ ထတောက်သည်။ ရှိတဲ့ဈာန်တွေလဲ လျှောကျကုန်လေရဲ့။ မိဖုရားကြီးအလှ ရူပါရုံအမဓာတ် စွမ်းအင်နဲ့ ရသေ့ကြီး၏ မျက်စိပသာဒ အဖိုဓာတ် စွမ်းအင်တို့ ပေါင်းစပ် ထိတွေ့လိုက်သည်အခါ ဗို့အား ၁၅၀၀ ရှိ အချစ်မီးများ ထတောက်တော့သည်။

အလွန်စွမ်းအားပြင်းတဲ့ အမျိုးသမီးရူပါရုံကို အကြည့်ကလေး တစ်ချက်ကြောင့် ရသေ့ကြီးခမျာ ဒုက္ခတွေ ဆက်တိုက်ကျရောက်ပါတော့တယ်။ ရရှိပြီးတဲ့ လောကီဈာန်လဲ ဆုံးရှုံးသွားသည့်အပြင် ကျောင်းရောက်တော့လဲ မစားနိုင် မသောက်နိုင်ဖြစ်ရသည်၊ ရသေ့ကြီးရင်ဘက်ထဲ နှုတ်၍မရတဲ့ ဆူးငြောင့်တစ်ချောင်း စိုက်မိပြီး ဖြစ်သည်။ မစားနိုင် မသောက်နိုင်၊ တမှိုင်မှိုင်တထွေထွေ ဖြစ်နေသော ရသေ့ကြီးကို ကြည့်ပြီး ဘုရင်ကြီးလဲ စိတ်မကောင်းဖြစ်ရသည်။ အလွန့်လွန်ကို သဘောကောင်းသည့် ဘုရင်ကြီးက သူ၏ ချစ်လှစွာသော မိဖုရားကို ရသေ့ကြီး ကျေနပ်အောင် ပေးလိုက်သည်။

ဘုရင်နှင့်မိဖုရား ပညာပြပြီ

“ယောင်နှောက် ဆံထုံးပါ” ပါပဲ ကြားဖူးသည်၊ ဒါပေမဲ့ မိဘုရားကြီးက ယောင်ထုံးမပါတဲ့ ရသေ့ကြီးနောက်သို့ လိုက်ရပြီ၊ မိဘုရားကြီးက အတူနေဖို့ ဘုရင်ကြီးထံနေရာလေးတစ်နေရာ တောင်းခိုင်းတော့ ရသေ့ကြီး ရှေ့မျက်နှာနောက်ထားပြီး မျက်နှာပူပူနဲ့ သွားတောင်းသည်၊ ဘုရင်ကြီးလဲ သူတို့နှစ်ယောက်နေဖို့ ဥယျာဉ်ထဲက အိမ်သာပျက်ကြီးရှိတဲ့နေရာလေးကို ပေးလိုက်သည်၊ နေဖို့ထိုင်ဖို့ နေရာအတွက် ရှာရခြင်း၊ သန့်ရှင်းရေးတွေလုပ်ရခြင်း၊ စားဖို့သောက်ဖို့လုပ်ရခြင်း၊ နန်းတော်နဲ့ အိမ် ခေါက်တုန့်ခေါက်ပြန် မျက်နှာပူပူနဲ့ သွားနေရသည်။ မိဖုရားကြီးကလဲ တစ်ခုပြီးတစ်ခု ခိုင်းတော့သည်။ ရသေ့ကြီးခင်မျာ တဒင်္ဂကိလေသာစိတ်ကလေး မထိန်းနိုင်လိုက်တာနဲ့ မယားကျွန်ဘ၀ရောက်သွားရရှာပြီ။ ညချမ်းအချိန်အိပ်ယာဝင်တော့ ရသေ့ကြီးလဲ တနေကုန် အလုပ်တွေ ဖိလုပ်နေရတော့ ကိလေသာစိတ်တွေတောင် ပျောက်ကုန်သည်။ “အရင်တုန်းကတော့ ကောင်းကင်မှာ လေဟုန်စီးပြီး ဈာန်ပျံနိုင်ခဲ့တယ်၊ အခုတော့ ကျမနဲ့တွေ့လိုက်တာ ဘာမှ မရှိတော့ဘူး၊ ပင်ပန်းကြီးစွာ အလုပ်တွေလဲ လုပ်ရတော့ မောနေရှာပြီပေါ့နော်”လို့ မိဖုရားကြီး၏ စကားသံကို ကြားရတော့မှ ရှက်စိတ်တွေဝင်လာသည်၊ သံဝေဂတွေ ရလာသည်၊ မိဖုရားကြီးနဲ့ အိပ်တောင် မအိပ်လိုက်ရဘူး တစ်ခါတည်း တောထဲ လစ်ပြေးတော့တာပဲ၊ (ရဟန်းတရား အားထုတ်ရန်)။

ရသေ့ကြီး ဒုက္ခကို ကောင်းကောင်းကြီးမြင်သွားသည်။ ဒါ့ကြောင့် ဘုရားက ဒုက္ခကို ရှေးဦးစွာမြင်တတ်ဖို့ ဒုက္ခသစ္စာကို ဟောသည်၊ ဘ၀ရဲ့ဆင်းရဲမှု၊ ပင်ပန်းမှု၊ ရှုပ်ပွေမှု စတဲ့ ဒုက္ခသဘောတွေကို မြင်ပါမှ ထိုဘ၀ကို လိုချင် တပ်မက်တဲ့ စိတ်တွေ ပျောက်မည်၊ တပ်မက်တဲ့စိတ် (သမုဒယသစ္စာ) ပယ်သတ်နိုင်ပါမှ သံသရာဝဋ်က လွတ်မြောက်မည်။ (ဒုက္ခသစ္စံ ပဇာနန္တော-ဒုက္ခသစ္စာကို သိခြင်း၊ သမုဒယသစ္စံ ပဇဟန္တော-သမုဒယသစ္စာကို ပယ်ခြင်း၊ ဓမ္မစက္ကပ၀တ္တနသုတ်)

လူပျံတော်ကြီးတွေ စာရေးသူတို့လို ငယ်ပေါင်း ရဟန်းတော်များကို တွေ့လျှင် ပြောလေ့ရှိတဲ့စကား တစ်ခုရှိတယ်၊ “အရှင်ဘုရား၊ လူမထွက်နဲ့ဘုရား၊ လူ့ဘ၀က မလွယ်ဘူး၊ အရမ်းဆင်းရဲတာ၊ ဒီဘ၀လေးနဲ့ မြဲအောင်နေပါဘုရား”ဟူသတည်း။ လူပျံတော် ထိုဒကာတော်လဲ အရင်က ဒီလိုဒုက္ခတွေ မစဉ်းစားခဲ့မိလို့ပဲလား၊ ဒါမှမဟုတ် ဒုက္ခကိုပင် သုခထင်နေလို့ပဲလား၊ တချို့ကတော့ ပြောတယ်၊ ပင်ပန်းတာတော့ အမှန်ပဲ ဘုရား၊ ဒါပေမဲ့ အိမ်ပြန်ရောက်လို့ မိန်းမမျက်နှာ သားမျက်နှာ သမီးမျက်နှာလေး မြင်လိုက်ရရင် အဲဒီမောတာ ပန်းတာတွေ ပျောက်သွားတယ်ဘုရားတဲ့၊ “မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူး”ဆိုတဲ့ သီချင်းလိုပဲပေါ့။ သူတို့အတွက်ကတော့ မာဂဏ္ဍီပြောတဲ့ လောကနိဗ္ဗာန်လို့ပဲ ပြောရမည်ထင်၊ ဒီထက်ကောင်းတဲ့ နိဗ္ဗာန်အစစ် (ချမ်းသာအစစ်)ကိုကား သူ မတွေ့သေး။

တစ်ခါက သံဃာ့မဟာနာယက ဆရာတော်ကြီးတစ်ပါးက သူ့ဆီ အလည်လာသော ငယ်သူငယ်ချင်း လူပျံတော်ကို ပြောသတဲ့၊ “ကောင်းကြသေးရဲ့လား သူငယ်ချင်းရာ၊ အခု ကြည့်စမ်းပါအုန်း၊ မင်းမှာတော့ မယားပူ သားပူ သမီးပူ၊ ၀မ်းစာအတွက်ပူစတဲ့ အပူတွေနဲ့ နေနေရတယ်၊ ငါတို့မှာတော့ အဲဒီအပူပင်မျိုးလဲ မရှိဘူး၊ ခရီးသွားရင်တောင် ကောင်းကင်ကနေ လေယာဉ်ပျံကြီးစီးသွားနေရတဲ့ဘ၀”လို့ပြောတော့ လူပျံတော်က “အရှင်ဘုရားက လေယာဉ်ပျံပဲ စီးနိုင်တာပါဘုရား၊ တပည့်တော်ကတော့ လူကိုတောင် စီးနေရတာပါဘုရား”တဲ့၊)))))။ ရွှတ်နောက်နောက်ပြောလိုက်တဲ့ စကားကလဲ လောကနိဗ္ဗာန်ကို နိဗ္ဗာန်အစစ် ချမ်းသာအစစ်ထင်သူတွေ အတွက်ကတော့ ကွက်တိပဲ။ သူတို့လဲ အမျိုးသမီးရဲ့ အဆင်းရူပါရုံတည်းဟုသော အစွမ်းအင် ကွန်ရက်ထဲ ကျရောက်သွားသူ၊ ရုန်းမထွက်နိုင်သူများ ဖြစ်ကြလေတော့သည်။ အမျိုးသမီ၏ ခွန်းအား (ရူပဗလ)သည် ရုပ်ရည်အဆင်းလှပခြင်း ဖြစ်သည်။

အမျိုးသမီး၏ ရုပ်ရည်အဆင်း အလှတရား အစွမ်းအားသည် ဆန့်ကျင်ဘက် ပုရိသတို့ကို ရူးသွပ်စေနိုင်သည်။ ဥမ္မာဒန္တီ၏အလှကို မြင်သူတိုင်း သွက်သွက်ခါရူးမူးကြသည်။ တခါက စိတ္တမထေရ် ရဟန်းအိုကြီးတစ်ပါး အလွန်လှ အလွန်ချောမောတဲ့ ဒမိဠမိဖုရားရဲ့ အလှတရားအောက်မှာ ရုန်းမထွက်နိုင်အောင် သွပ်သွပ်ခါ ရူးသွပ်ခဲ့သည်။ မိဖုရားအလှကို မြင်တဲ့ အချိန်က စပြီး “ဒမိဠ ဒမိဠ ဒမိဠ ဒမိဠ” ဟု ပါးစပ်က တွတ်ပွ တွတ်ပွ ရွတ်နေတော့သည်။ သွားလဲ မိဖုရားကိုပဲ မြင်နေသည်၊ စားနေတဲ့အချိန်လဲ မိဖုရားအလှကိုပဲ မြင်နေသည်၊ အိပ်နေလဲ မိဘုရား အသွင်ပြင်ကို ပုံဖော်နေတော့သည်။ ဒီစိတ်နဲ့ပဲ ပါးစပ်က တတွတ်တတွတ် ရွတ်နေတော့သည်၊ သူ့ကို မြင်တဲ့ ကိုရင်လေးတွေက ဒီကိုယ်တော်တော့ ရူးသွားပြီ၊ အရူး ရဟန်းကြိးဟု ခေါ်ကြသည်။ ရုပ်ရည်အလှတရားသည် လူကို ရူးသွပ်စေသည်။ စွမ်းအင်တစ်ခု ဖြစ်သည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါဦးမည်။
 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၉-၂၀၁၂

13 October 2012

ချစ်ခြင်းကို မခွဲပါနဲ့

ချစ်ခြင်းကို မခွဲပါနဲ့
စာမိတ်ဆက်
ခေါင်းစဉ်က ကလက် (frivolous)နေပါတယ်၊ တချို့က ခေါင်းစဉ်ကလက်တာကို မကြိုက်ကြသလို စာရေးဟန် ကလက်နေရင်လဲ ပေါ့ပျက်ပျက် ဖြစ်နေသည်ဟု ထင်မြင်ချက်ပေးကြသည်။ ဥပမာ-နာမည်ကြီး ဓမ္မကထိက စာရေးဆရာ၏ စာအုပ်များသည် အမည် ကလက်လွန်း၍ ဝေဖန်တာတွေလဲ ရှိနေသည်။ စာရေးသူ၏ အနီးအနားက သူတွေတောင် ဝေဖန်တာကို ကိုယ်တိုင်ကြားသိရသည်။ သို့သော်လည်း သူ၏စာအုပ်များသည် သို့မဟုတ် သူ၏စာရေးဟန်တို့သည် ယနေ့ ခေတ်လူ လူငယ်များနှင့် လူလတ်ပိုင်းများကို ဆွဲဆောင်မှုပေးနိုင်သည်။ သူပြောသည့် စကားတွေသည် ယနေ့ လူငယ်တွေ ရင်ဘက်ထဲ စွဲကျန်စေသည်။ ဤနည်းဖြင့် လူငယ်တွေရဲ့ ရင်ထဲ မြတ်ဗုဒ္ဓ၏အဆုံးအမတွေကို အရောက်ပို့နိုင်ခြင်းသည်လည်း သူ၏စွမ်းရည်ပင် ဖြစ်သည်၊ ကောင်းနေသည်ဟု ဆိုရမည်။

အမည်ပေး ဆန်းသလို စာအုပ် စာသား ဒီဇိုင်း အပြင်အဆင်ကလဲ လှပသေသပ်မှ လူငယ်တွေ စိတ်ဝင်စားသည်၊ စိတ်ဝင်စားသည်ဆိုသည်မှာလဲ စာအုပ်ကလေးက လက်ထဲမှာ အမြဲကိုင်ထားချင်စရာကောင်းနေခြင်း၊ စာအုပ်နာမည်လေးကလဲ ဆန်းသစ်နေခြင်းတို့ကြောင့် စာဖတ် မဖတ်တော့မသိ စာအုပ်ကလေးတော့ သူတို့ လက်ထဲမှာကိုင်ထားကြသည်။ အကျိုးမများသည့် စာအုပ်တွေကို ကိုင်ထားတာစာလျှင် ဘာသာရေးစာအုပ်ကလေးကိုင်ထားနေတာကိုက ကျက်သရေရှိလှသည်။ ဘာပဲပြောပြော လူငယ်တွေ စာဖတ်ဖို့ စိတ်ဝင်စားလာတာကိုက ကျေးဇူးတင်စရာ ဖြစ်သည်။ စာဖတ်တဲ့ အလေ့အထ မရှိရင်တော့ အတွေးအခေါ်ပိုင်းမှာလဲ အားနဲလာသည်၊ သုတမရှိခြင်းတို့ကြောင့် သူပြောလူပြောပြသမျှတွေကို မှန်၏ မမှန်၏ မစဉ်းစားတတ်၊ ပြောသမျှကို ပုတ်သင်ညိုကြီးလို ခေါင်းတညိတ်ညိတ်နဲ့ သဘောကျ လက်ခံနေတတ်သည်။ စာမဖတ်ရင်တောင်မှ စာဖတ်အလေ့အထ မရှိသူတွေရဲ့ လက်ထဲမှာ စာအုပ်လေးကိုင်ထားနေသည်ကိုက ကျက်သရေရှိလှသည်။ ထို့အတွက် စာအုပ်-အမည် ကလက်စေကာမူ စာဖတ်အလေ့မရှိသူတွေရဲ့ လက်ထဲမှာ အရောက်ပို့နိုင်တာကိုက ကျေးဇူးတင်ကြရမှာ ဖြစ်သည်။

ကိုယ်ကိုယ်တိုင်လဲ သူတို့နည်းတူ ကလောင်သွေး ကလောင်သွား လှလှပပ၊ စာသားစာသွား ထွားထွား၊ စာဖြစ်စာနှစ် ကျစ်ကျစ်၊ စာသုံး စာလုံး ပြုံးပြုံးလေးတွေ ရေးချင်သည်၊ မရေးတတ်။ အဖြစ်ကား မရှိဖြစ်နေသည်။ သို့ပေမဲ့ ကိုယ်နားလည်သလို နားလည်စေချင်သည်၊ ကိုယ်သိသလို သိစေချင်သည်၊ ကိုယ်ရသလို ရစေချင်သည်၊ ထို့ကြောင့် ဖတ်သမျှ မှတ်သမျှ သိသမျှ နားလည်သမျှတွေကို စုစည်းမိသည်။
ယခုလည်း စာရေးသူ တရားကို မကြာမကြာ နာယူဖော်ရတဲ့ သူအတွက် အထူးကျေးဇူးတင်ပါသည်။ ထိုသို့ ဟောဖို့ ပြောဖို့ရန်အတွက် စာရှာရသည်၊ စာဖတ်ရသည်၊ ဖတ်ပြီး အဆင်ပြေအောင် ပြောဖို့ စာစီရသည်၊ နားလည်နိုင်မည့် စကားလုံးရှာရသည်၊ ကိုယ်ကိုယ်တိုင်က ထိုအလုပ်တွေလုပ်တော့ မဟောမီ မပြောမီကထဲက ကုသိုလ်များစွာ ရနေသည်။ ငယ်ငယ်က ဖတ်ထား၍ သိနေသည် ဆိုပေမဲ့ အရွယ်ရလာချိန် ပြန်ဖတ်ခြင်းက ထပ်ဆင့် အတွေးများ ရတတ်သည်။ ငယ်ငယ်က စာမေးပွဲ အောင်ဖို့အတွက်ပဲ စာဖတ် စာကျက်ရသည်၊ နုတ်တက် အာဂုံဆောင်ရသည်၊ ကျက်ထားသလောက်ပဲ ခေါင်းထဲမှာ ရှိနေသည် ကျယ်ကျယ်ပြန့်ပြန့် မတွေးတတ် မခေါ်တတ်၊ အသိကျဉ်းသည်၊ အမြင်ကျဉ်းသည်၊ သူတပါးကို ဝေငှဖို့ မလွယ်ကူဖြစ်နေသည်၊ အရွယ်ရောက်၍ သူတပါးကို ပြောဖို့ ဟောဖို့ရန်အတွက် ဖတ်မှတ်တဲ့ အသိက ငယ်ငယ်က စာကျက်သလို မဟုတ်ဘဲ ပိုမို ကျယ်ပြန့်တဲ့ အတွေးအမြင်ရှိလာသည်ကတော့ အမှန်ဖြစ်သည်။ ထို့ကြောင့် စာရေးသူ၏ ဟောသမျှ ပြောသမျှတွေကို မငြီးမငြူ နာယူဖော်ရတဲ့ အတွက်လဲ အထူးကျေးဇူးတင်မိသည်။
 
(ပို့စ်နဲ့ဆက်စပ်မှုမရှိပေမဲ့ ကြည်ညိုလွန်းလို့ ဒီပုံလေးကို ထည့်လိုက်သည်။)

ဒီနေ့ဟောတရား
ဒီနေ့အတွက် ဘာဟောရမလဲ ကွန်ပြူတာထဲ ဆော်ဝဲဖြင့် ထည့်ထားသော တိပိဋက စာတွေကို ရှာမိသည်၊ ရှာသည်ဆိုသည်မှာလဲ ကိုယ် ငယ်ငယ်က သင်ယူခဲ့ပြီးတဲ့ စာပေထဲကပဲ လျှောက်ကြည့်ရင်း ကောဏ္ဍဓာန မထေရ်အကြောင်းကို တွေ့မိသည်။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာ၍ ဒီတရား ဒီနေ့ ဟောမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုစာထဲတွင် တချိန်က သူများချစ်ခြင်းကို ခွဲခဲ့သဖြင့် မထေရ်တပါး၏ ထိုအပြစ်ကို ခံယူနေရပုံတွေကို ပြထားသည်။

“၀ဋ်မှာအမြဲ ငရဲမှာ အပ” မြန်မာစကားပုံထဲမှာ ငယ်ငယ်ကထဲက ကြားဖူးနေသည်။ “ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တထပ်တည်း” ဆိုတဲ့ ဆောင်ပုဒ်ကဗျာလေးကလဲ နားလည်သည့် အရွယ်ကထဲက ကြားဖူးနေသည်။ ထို ကဗျာဆောင်ပုဒ် စကားပုံတွေကို ပိသုဏ၀ါစာ မှ ကိုယ် (body-language) ဖြင့်ပြောသော ပိသုဏ အကြောင်းလေးက ထင်ဟပ်စေပါလိမ့်မည်။

ပိသုဏ

ပိသုဏ ဆိုတာ ပိယ+သုည+ကရ မှ ပိသုဏ-ပေသုည ဟု ဖြစ်လာသည်၊ အဓိပ္ပါယ်မှာ ချစ်ခြင်းကို ကင်းအောင်ပြုခြင်း၊ ချစ်ခြင်းကို ခွဲခြင်း၊ အဆင်ပြေနေသူအကြား အထင်မှား အမြင်မှားအောင် နုတ်ဖြင့်ပြောခြင်း၊ ကိုယ်ဟန်ဖြင့်ပြောခြင်း(body-language) များ ဖြစ်သည်။ ဣဿာ မစ္ဆရိယ စိတ်ကြောင့် ပိသုဏ ဖြစ်ပေါ်လာတတ်သည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်နေသည်ကို မကြည့်နိုင်၊ တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေနေသည်ကို ၀မ်းမသာနိုင်၊ တစ်ယောက်နှင့်တစ်ယောက် ညီညွတ်နေသည်ကို မလိုလားသည့် ဣဿာစိတ်ကြောင့် ပိသုဏ၀ါစာ ဒုစရိုတ်ကို ကျူးလွန်မိတတ်ကြသည်။ ပိသုဏအကြောင်းလေးကလဲ အမျိုးသမီးနောက်ယောင်ခံ ရဟန်းတစ်ပါး၏ အတိတ်အကြောင်းလေးက ထင်ရှားစေပါလိမ့်မည်။

ရဟန်းတစ်ပါးနှင့်အမျိုးသမီး

တခါက ရဟန်းတော်တစ်ပါး ဆွမ်းခံသွားတိုင်း သူ၏နောက်က ကပ်လျှက် အမျိုးသမီးတစ်ယောက် ပါလာတတ်သည်။ သူ့နောက်ကပ်ပါလာတဲ့ အမျိုးသမီးကို မထေရ်က မမြင်ပေမဲ့ နဘေးက လူအားလုံးက မြင်ကြသည်။ ဒကာ ဒကာမတွေက ဆွမ်းလောက်တဲ့အခါ “ဒီတစ်ဇွန်းက အရှင်ဘုရားအတွက်ပါဘုရား၊ ဒီတစ်ဇွန်းကတော့ အရှင်ဘုရားရဲ့ အမျိုးသမီးအတွက်ပါဘုရား”ဟု ပြော၍ လောင်းလှူလေ့ရှိကြသည်။ နောက် ဒကာ ဒကာမတွေကလဲ ထိုနည်းအတိုင်း ပြောသဖြင့် မထေရ်လဲ အလွန်အရှက်ရနေသည်။ ထိုအမျိုးသမီးသည် မထေရ် ရဟန်းပြုတဲ့အချိန်က စပြီး သူ့နောက် တကောက်ကောက် အရိပ်သဖွယ် လိုက်နေတော့သည်၊ ဒါကို မထေရ်ကိုယ်တိုင် မသိရှာ။ သူသွားတိုင်း အမျိုးသမီးတစ်ယောက် ကပ်ပါလာသည့်အတွက်ကြောင့်ပဲ သူ့ကို ကောဏ္ဍဓာန မထေရ်ဟု အမည်တွင်ခဲ့သည်။

ကျောင်းထဲမှာရှိတဲ့ ရဟန်းတွေကလဲ ဒီရဟန်းရှိနေရင် ငါတို့ ရဟန်းအားလုံး သိက္ခာကျမည်၊ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဆိုတာလို ရဟန်းသံဃာအားလုံး ဂုဏ်သိက္ခာ ညှိုးမည်၊ သာသနာအတွက်လဲ အိုးမဲသုတ်ရာ ရောက်မည်၊ ထို့ကြောင့် ကျောင်းဒကာကြီး အနာထပိဏ်ထံ သွားပြီး အကူအညီတောင်းကြသည်၊ ရဟန်းတော်များကား သူတို့ကိုယ်တိုင် ပြောရမှာ အားနာနေဟန်ရှိသည်၊ “ဘုန်းကြီးအမှု ရွာပတ် ဆိုတာလို” သာသနာမှာ ပြောရေးဆိုရေးခွင့်ရှိတဲ့ ကျောင်းဒကာ ကျောင်းအမများထံ အပူကပ်ရတော့သည်။ “ကျောင်းဒကာကြီး-- ဦးဇင်းတို့ကျောင်းမှာတော့ သီလမရှိတဲ့ ရဟန်းတစ်ပါး ရှိနေပြီ၊ သာသနာအတွက် ရဟန်းသံဃာအတွက်ပါ ဒီရဟန်းကို ကျောင်းတိုက်ကနေ နှင်ပေးပါ”ဟု ပြောသောအခါ ကျောင်းဒကာကြီးက အလိမ္မာစွာ ပြန်ပြောလိုက်သည်မှာ “အရှင်ဘုရားတို့--ကျောင်းမှာ မြတ်စွာဘုရားရှိနေတယ်မလား ဘုရား၊ ဒီကိစ္စ မြတ်စွာဘုရားပဲ တတ်နိုင်ပါသည်ဘုရား” ဟုသတည်း။ အနာထပိဏ်ရဲ့ အကူအညီမရတော့ ကျောင်းအစ်မကြီး ၀ိသာခါထံ သွားကြပြန်သည်၊ ကျောင်းအစ်မကြီး ၀ိသာခါလည်း အနာထပိဏ်နည်းတူ ပြန်လျှောက်လိုက်သည်။

ကျောင်းဒကာ ကျောင်းဒကာမများ မှတ်သားရန်
ဘုန်းကြီးအရေးမှာ လူဝတ်ကြောင်တွေ ၀င်ပါလာလျှင် ပိုရှုပ်ထွေးသွားနိုင်သလို လူဝတ်ကြောင်တို့၏ တချို့ အရေးတွေမှာ ဘုန်းကြီးတွေ ပါလာလျှင်လဲ ပို၍ ရှုပ်ထွေးသွားနိုင်သည်။ မြတ်စွာဘုရား၏ တပည့် ကျောင်းဒကာ ကျောင်းအစ်မတို့သည် သာသနာတော်အတွက် အလွန်ကျေးဇူးများသူများ ဖြစ်ကြသည်၊ ရဟန်းသံဃာအားလုံးနဲ့ အလွန်ကျွမ်းဝင်ကြသည်၊ ရဟန်းသံဃာအားလုံးကလဲ ကျောင်းဒကာ ကျောင်းအစ်မများကို လေးစားကြသည်၊ မေတ္တာထားကြသည်။ ထို့ကြောင့် ထိုကျောင်းဒကာ ဒကာမများသည် သာသနာမှာ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်ကြပေမဲ့ လူဝတ်ကြောင်တွေ အနေနဲ့ ရဟန်းကိစ္စများကို ၀င်ပြီး ရှုပ်လေ့မရှိ။ ဤသည်မှာ ဘုရားလက်ထက်က ကျောင်းဒကာ ကျောင်းအစ်မများ၏ ထူးခြားသည့် ဂုဏ်တစ်ခုဖြစ်သည်။ ယနေ့ခေတ် ဘုန်းတော်ကြီးကျောင်းများတွင် ဘုန်းကြီးအရေးတွင် ကျောင်းဒကာ ဒကာမများ ၀င်ပါနေသည်အတွက် အလုပ် ပိုရှုပ်သွားသည်။ ကျောင်းပြောင်း ကျောင်းလွှဲကိစ္စတွေမှာ ကျောင်းဒကာ ကျောင်းအစ်မများ ၀င်ပါနေသဖြင့် ကျောင်းပြဿနာများ ဖြစ်ပေါ်နေသည်ကိုလဲ တွေ့ဖူး မြင်ဖူးရသည်။ ကျောင်းဒကာ ကျောင်းအစ်မများအနေဖြင့် သာသနာတော်ကို မိမိတို့ သဒ္ဓါ စေတနာ သုံးတန် အပြတ်လှူပြီးဖြစ်ရကား ကျောင်းပြဿနာ ဘုန်းကြီးအရေးများ ပေါ်ပေါက်လာပါက အနာထပိဏ် ၀ိသာခါတို့ထုံး နှလုံးမူသင့်သည်။

သာသနာတွင် အာဏာစက်တည်
ကျောင်းဒကာ ကျောင်းအစ်မများဆီ သွားအကူညီတောင်းသော်လည်း အဆင်မပြေခဲ့၊ ဒီတခါတော့ တိုင်းပြည်တွင် အာဏာရှိဆုံး ရှင်ဘုရင်ထံ အကူအညီတောင်းကြသည်။ “ဘုရင်ကြီး-- အရှင်မင်းကြီးတိုင်းပြည်မှာ ကောဏ္ဍဓာန မထေရ်သည် အမျိုးသမီးတစ်ယောက်နဲ့အတူ အမြဲတမ်းရှိနေပါတယ်၊ တစ်သာသနာလုံးကို ဂုဏ်မဲ့စေပါတယ်၊ ထို့ကြောင့် အရှင်မင်းကြီး တိုင်းပြည်ကနေ နှင်ထုတ်ပေးပါ”ဟု ဘုရင့်ထံ အကူအညီတောင်းကြသည်။ ဘုန်းကြီးအမှု ရွာတင်ပတ်သည်မဟုတ် တိုင်းပြည်တပြည်လုံးကိုပါ ပတ်နေတော့သည်။ ဘုရင်ကြီးလဲ ကောင်းပါပြီဘုရား တပည့်တော် ကူညီပါ့မယ်ဘုရား၊ အဲဒီရဟန်း ဘယ်မှာလဲ ဘုရား၊ တပည့်တော် ဖမ်းပါ့မယ်ဘုရားဟု အာမခံပြီး ကျောင်းထဲမှာ ၀င်ရှာသည်၊ ရဟန်းလဲ လူသံကြား၍ အပြင်ထွက်ကြည့်ရာ တံခါးပေါက်အရောက် အမျိုးသမီးလဲ ရဟန်းအနောက်တွင် ကပ်လျှက်ပါလာသည်ကို ဘုရင်ကြီး ကိုယ်တိုင် မြင်သည်၊ သို့ပေမဲ့ အခန်းထဲ ၀င်ကြည့်ပြန်တော့ စောစောက အမျိုးသမီးကို မတွေ့၊ ဒီလိုနဲ့ တက်လိုက်ဆင်းလိုက် လုပ်ကြည့်ရာ ရဟန်းနောက်တွင် ထိုအမျိုးသမီးတွေ့ပေမဲ့ တကယ်တမ်း ၀င်ရှာကြည့်တော့ မတွေ့။

“မင်းကြီး--အားလုံးက ဦးဇင်းနောက်မှာ အမျိုးသမီးတစ်ယောက် ကပ်လျှက်ပါသည်ကို မြင်ကြတယ်၊ မြင်သူတိုင်းကလဲ ပြောကြသည်၊ ဝေဖန်ကြသည်၊ ကဲ့ရဲ့ကြသည်၊ အပြစ်တင်ကြသည်၊ ဒါပေမဲ့ ဦးဇင်းက မမြင်၊ မသိ၊” ဟု ဘုရင်ကြီးအား အကျိုးအကြောင်း ပြောပြတော့မှာ ဘုရင်ကြီးလဲ သံသယ ၀င်လာသည်၊ ထို့ကြောင့် ပြန်လည် စစ်ဆေးပြန်သည်၊ ဘုရင်ကြီးလဲ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်၊ “ဤအမျိုးသမီးသည် တကယ့်အမျိုးသမီး အစစ်ကား မဟုတ်၊ တစ်ယောက်ယောက်က ဖန်ဆင်းတာ ဖြစ်နိုင်သည်၊ ဒီရဟန်းကို ဘယ်သူမှ ဆွမ်းလောင်းလိမ့်မည်မဟုတ်၊ ငါကပဲ တာဝန်ယူ ထောက်ပံ့မှ ဖြစ်တော့မည်”ဟု သတည်း။ ဘုရင်ကြီးသည် ထိုရဟန်း၏ ပစ္စည်းလေးပါ ဒကာ ဖြစ်လာသည်။ ရဟန်းတွေသည်လဲ ဘုရင်ကြီးအား ကဲ့ရဲ့ကြပြန်သည်။ “ဘုရင်ကြီးက ဒီရဟန်းကို တိုင်းပြည်က နှင်ထုတ်မည်ဟု ကြုံးဝါးပြီးကာမှ နှင်မထုတ်တဲ့အပြင် ထိုရဟန်း၏ပစ္စည်းလေးပါး ဒကာအဖြစ် ခံယူလိုက်သေးတယ်၊ သူလဲပဲ အလိုတူပဲ”ဟု အမြင်လွဲ အထင်မှားကြသည်။ ဘုရားလက်ထက်တော်ကထဲက သာသနာသန့်ရှင်းရေးအတွက် ဓမ္မစက်အပြင် အာဏာစက်ပါ သုံးခဲ့သည်ကို ဤ၀တ္ထုက ထင်ရှားစေသည်။
ထိုရဟန်းလည်း အရင်က တစ်ယောက်တည်း သူ့ဘက်က ဘယ်သူမှ ကာကွယ် ပြောပေးမည့်သူ မရှိသဖြင့် ရဟန်းအားလုံးက ဒုဿီလ ဟု စွပ်စွဲသမျှ ခေါင်းငုံ့ ခံခဲ့သည်၊ ယခုအခါမှာတော့ ဘုရင်ကြီးကျောထောက် နောက်ခံရှိသဖြင့် သူ့ကို စွပ်စွဲတဲ့သူမှန်သမျှကို ဒုဿီလဟု ပြန်လည် စွပ်စွဲ ဆဲရေးတော့သည်။ ထိုရဟန်းကို နှင်ထုတ်ရေးအဓိကရုဏ်းသည် ရဟန်းသံဃာတွေထံ ရိုက်ခတ်ရုံမက ဘုရားအထံပါ ရောက်သွားတော့သည်။ မြတ်စွာဘုရားက တရားလို တရားသေ အားလုံးသော ရဟန်းသံဃာတွေ စုဝေးပြီး မေးမြန်းစစ်ဆေးသည်။ အဲဒီနောက်- မိန်းမကပ်လျှက်ပါခြင်းကြောင့် ဒုဿီလဟု စွပ်စွဲခံ ရဟန်းကို ဘုရားက အပြစ်တင်သည်မှာ-“ရဟန်းတွေက တကယ်မြင်လို့ သင့်ကို ဒုဿီလဟု ပြောတာ၊ သင်က ဘာမှ မမြင်ဘဲ သက်သက် ထိုရဟန်းတွေကို ပြန်ပြီး ဒုဿီလဟု စွပ်စွဲသည်၊ သင်ဟာ အရင်တုန်းကလဲ ဒီလို နုတ်ဝစီ မစောင့်ခဲ့၊ သူတပါးကို ခြောက်ချခဲ့လို့ သူတပါး ချစ်ခြင်းကို ခွဲခဲ့လို့ အခုလို သင်လဲ အလားတူ ပြန်ခံနေရတာပဲ” ဟု မိန့်ကာ ထိုရဟန်း အတိတ်က ပိသုဏ- သူတပါးချစ်ခြင်းကို ခွဲခဲ့ခြင်း အကြောင်းကို ဆက်မိန့်လေတော့သည်။
အတိတ်က ပိသုဏ
ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်က တစ်မိတည်းပေါက် ညီအစ်ကိုရင်းနှစ်ယောက်လို သိပ်ချစ် သိပ်ညီညွတ်ကြတဲ့ သူငယ်ချင်း ရဟန်း ၂ ပါးရှိခဲ့ဖူးသည်။ ထိုသူငယ်ချင်းနှစ်ယောက် သိပ်ချစ် သိပ်ညီညွတ်နေတာကို တာဝတိံသာက နတ်သားတစ်ယောက်က ကြည့်မရ ဖြစ်နေသည်။ သူတို့နှစ်ယောက် သိပ်ညီညွတ် သိပ်ချစ်နေတာကို ခွဲမယ်ဆိုတဲ့ အတွေးရိုင်း ၀င်လာသည်။ တနေ့တော့ ရဟန်းတော်များ ဥပုသ်ပြုကြဖို့ရန် သိမ်ရှိရာ နေရာသို့ စုဝေးကြသည်၊ အဲဒီခေတ်က သက်တော်ရှည် ဘုရားလက်ထက်တော် ဖြစ်သည့်အတွက် ဒီခေတ်လို လပြည့်-လကွယ်နေ့တိုင်း ဥပုသ်ပြုရသလို မဟုတ်ဘဲ တစ်နှစ်မှ တစ်ကြိမ်၊ ၆ လမှ တစ်ကြိမ်မျှသာ ဥပုသ်ပြုကြရသည်။ တောနယ်တွေမှာတော့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ တကျောင်း အလှမ်းဝေးပေမဲ့ အသက် သိက္ခာ အကြီးဆုံး မထေရ်ကြီး ရှိရာ ကျောင်းသို့ အနီးအနားမှာ ရှိသည့် ကျောင်းတွေက လာစုဝေးကြသည်။ စာရေးသူတို့ တောနယ်မှာဆို ရှေး မထေရ်ကြီးရှိစဉ်ကထဲက အစဉ်အလာကို ယနေ့အထိ ထိန်းသိမ်းတဲ့ ကျောင်းထိုင်ဆရာတော်က လပြည့် လကွယ်နေ့တိုင်း ညနေ ၄ နာရီ အနီးအနားရှိ ကျောင်းမှ ရဟန်းတော်များ ဥပုသ်ပြုကြွရန် ကြေးစည် ကြေးမောင်း အသံပေးလေ့ရှိသည်။ တောလမ်းတွေဆိုတော့ ချုံတွေ တောအုပ်တွေ အလွန်ပေါသည်။

ကဿပဘုရားလက်ထက်က ဥပုသ်ပြုသွားကြသော ရဟန်း ၂ ပါးလဲ ထိုကဲ့သို့သော တောအုပ်လမ်းလေးအတိုင်း ဖြတ်ပြီး ဥပုသ်ပြုသွားကြသည်။ တခါတော့ လမ်းခုလပ်မှာ ၀မ်းမထိန်းနိုင်ဖြစ်နေသည်၊ ထိုဝမ်းပြဿနာကို အနီးအနားမှာ ရှိသည့် တောအုပ်ကလေးထဲမှာပဲ ဖြေရှင်းလိုက်သည်။ ထိုအချိန်မျိုးကို စောင့်နေသော နတ်သားက ချုံပုတ်ကထွက်လာသော ရဟန်းနောက်က မိန်းကလေးဟန်ဆောင်ပြီး ကပ်လိုက်သည်၊ ဟိုကိစ္စ ဒီကိစ္စ ပြီးခဲ့သည် ဟန်ဖြင့် ထမီကိုပါ ပြင်ဝတ်ပြလိုက်သေးသည်။ အပြင်ကစောင့်နေသော အချစ်ဆုံးသူငယ်ချင်း ရဟန်းက ထိုအခြင်းအရာ အားလုံးကို မြင်သည်။ စိတ်လဲ အရမ်းဆိုးနေသည်၊ “အရှင်ဘုရားဟာ- တပည့်တော် သူငယ်ချင်းမဟုတ်တော့ဘူး၊ တပည့်တော် သူငယ်ချင်း ဖြစ်ဖို့ မတန်ဘူး၊ အရှင်ဘုရားမှာ ဘာသီလမှ မရှိတော့ဘူး” စသည်ဖြင် အချစ်ဆုံးသူငယ်ချင်းရဲ့ စိတ်ဆိုးမာန်ဆိုးပြောသော စကားကို သူ နားမလည်ရှာ ဘာပြောနေမှန်းလဲ မသိ။ မိန်းကလေးနဲ့ အတူ ချုံပုတ် ထဲမှာ သားမယားပြုတယ်ဆိုတဲ့ အကြောင်းပြောပြလိုက်တော့ ဦးခေါင်းကို မိုးကြိုးပစ်သလို ခံရသည်။ တပည့်တော် ဘာမှ မသိပါဘူးဘုရား ပြောလဲ မရတော့ချေ၊ အရှင်ဘုရားနဲ့အတူ ဥပုသ်လဲ အတူမပြုနိုင်တော့ဘူးဘုရား ဟု လမ်းခွဲကြရန် ပြောသောအခါ နတ်သားလဲ သူဟာ ကြီးလေးတဲ့ အမှားကြီးတစ်ခုကို လွန်ကျူးမိလိုက်ပြီဆိုတာ သိလိုက်ရပြီ၊ သံဝေဂလဲ ရသွားသည်၊ ရဟန်းနှစ်ပါးလုံးကို တောင်းပန်သည်၊ အရှင်ဘုရားတို့ တစ်ပါးနဲ့တစ်ပါး အမြင်မလွဲကြပါနဲ့ဘုရား၊ “စောစောက ချုံပုတ်ထဲမှာ အိမ်သာသွားသော ရဟန်းနောက်က မိန်းကလေးက တပည့်တော် နတ်သား အယောင်ဆာင်လိုက်လာတာပါဘုရား၊ အရှင်ဘုရားတို့ နှစ်ပါး သိပ်ချစ် သိပ်ညီညွတ်တာကို ခွဲချင်လို့ လုပ်မိတာပါဘုရား၊ တပည့်တော် အပြစ်ပါဘုရား”ဟု ၀န်ခံလိုက်မှ ထိုရဟန်းနှစ်ပါးလဲ ဥပုသ်အတူ ပြုနိုင်သည်၊ သို့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် အထင်သေး အမြင်သေး ပြောမိလိုက်ခြင်းကြောင့် သူတို့ နှလုံးသားမှာတော့ အစွန်းထင်သွားသည်၊ အရင်လို တစ်ပါးနဲ့တစ်ပါး သိပ်ပြီး လှိုက်လှိုက်လှဲလှဲ မဖြစ်တော့ချေ။ တာဝတိံနတ်သားသည် ထိုကဲ့သို့သော အကုသိုလ်ကြောင့် ဘုရားနှစ်ဆူ အကြားမှာ ငရဲခံရပြီး အကုသိုလ် အကြွင်းအကျန်အနေနဲ့ ၀ဋ်ကတော့မြဲနေသေးသည်။ ယခု ဘ၀မှာတော့ ကောဏ္ဍဓာန မထေရ်အဖြစ် ဆွမ်းခံကြွတိုင်း နောက်က အမျိုးသမီးတစ်ယောက် အရိပ်သဖွယ် လိုက်နေတော့သည်။ အများအမြင်မှာ ထင်ယောင်ထင်မှားဖြစ်စေတော့သည်။ ကုသိုလ်ကံ အကုသိုလ်ကံတွေ ကုန်လို့ ရဟန္တာ ဖြစ်သွားပေမဲ့ ၀ဋ်ကတော့ လိုက်မြဲပင် ဖြစ်သည်။

ဤ၀ဋ် ဤကံတို့သည် သူများ ချစ်ခြင်းကို ခွဲမိခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ချစ်ခြင်းကို မခွဲမိစေဖို့ သတိရစေပါသည်။

နိဂုံး
ကမ်တမ်းသော စကားကို အနဲငယ်မျှ မဆိုမိစေနဲ့၊ သင်ပြု သင်ပြောသမျှသော ကံတွေသည် သင့်ထံ မလွဲ မသွေ ပြန်ရောက်မှာ အမှန်ပင် ဖြစ်သည်၊ “သင်ဘာတွေး၊ ဘာပြော၊ ဘာလုပ်၊ သင်တွေးမျှ ပြောသမျှ လုပ်သမျှတို့သည် သင်၏ ကံ၊ သင်၏ ကိုယ်ကျင့်တရားများဖြစ်တော့သည်။”ဟု မှတ်ရမည်။ ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း ဟူသတည်းးးးးးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၄-၂၀၁၂

08 October 2012

ညီညွှတ်ကြီးပွားလမ်းစဉ်

ညီညွှတ်ကြီးပွားလမ်းစဉ် (သို့) သာရဏီယ တရား

စာမိတ်ဆက်
“ဖေ့စ်ဘုတ်မှာ သာရဏီယတရား ၆ ပါးနှင့် ထင်ရှား ပြည့်စုံသူများ”ဟုသော ခေါင်းစဉ်အောက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်နှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးယောက်ကို ပြထားတာ တွေ့ရတယ်။ မြန်မာကို ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ မိတ်ဆက်ပေးသူများဟူ၍လဲ ရေးထားသည်။ ထိုအောက်မှ ကွန့်မန့်တွေ ဖတ်ရင်း စိတ်ဝင်စားစရာလဲတွေ့ရ ရယ်စရာတွေ့၍လဲ ရယ်မိသည်။ တချို့လဲ အကောင်းမြင်ဝါဒဖြင့် ချီးမွမ်းထောမနာ ပြုထားကြသည်၊ တချို့ကတော့ ဘယ်သူကိုတော့ ဘာလို့မထည့်လဲဆိုပြီး နာမည်ကိုပါ ထည့်၍ မန့်ထားသည်။ စာရေးသူလဲ ဖေ့စဘုတ်ဂျိုးဖြစ်နေမှန်းမသိ ဖြစ်နေသည်၊ ဖေ့စ်ဘုတ်က ကွန်မန့်တွေ ဖတ်ရတာကို နှစ်သက်လာမိသည်။ တော်တဲ့သူကို တော်သလို ကောင်းတဲ့သူကို ကောင်းသလို ချီးမွမ်းခန်းတွေနဲ့ မန့်ထားသည်၊ ဆိုးသည်ဟု ယူဆရသောသူကိုတော့ အသားကုန် မန့်ထားသည်ကို တွေ့ရသည်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ် ဘာသာရေးမှာပဲဖြစ်ဖြစ် လူမှူရေးမှာပဲဖြစ်ဖြစ် တော်သူကို တော်သလို ဆိုးဝါးသူကို ဆိုးသလို အချက်ကျကျ ဝေဖန်သုံးသပ်ထားသည်ကိုလဲ တွေ့ရသည်။ ထိုကွန်မန့်များစွာထဲက သာရဏီယတရားအကြောင်း မန့်ထားတာလေးကိုလဲ တွေ့ရသည်။ ဒါနဲ့ပဲ သာရဏီယအကြောင်း ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးဖြစ်သွားခြင်းဖြစ်သည်။

ညီညွတ်ခြင်း၏ သင်္ကေတ (ဦးပိန်တံတား)

(မွေးနေ့တစ်ခုအတွက်နဲ့ နှစ်လည်အောင့်မေ့ဖွယ်အတွက် ဂုဏ်ပြုပေးသော စာရေးသူ၏ ပို့စ်တချို့မှာလဲ ထိုသာရဏီယတရားအကြောင်း အနဲငယ်ထည့်ရေးဖူးသည်။)

သာရဏီယတရားများ
အဂုင်္တ္တရနိကာယ် တိကနိပါတ်မှာတော့ သာရဏီယဆိုတာ တစ်သက်မမေ့ထိုက်သော အရာများ၊ မမေ့သင့် မမေ့ထိုက်သော၊ တစ်သက်တာ အမှတ်ရထိုက်သော အရာများဟု မေ ၁၆ ရဲ့မွေးနေ့ပို့စ်မှာ ရေးခဲ့ဖူးသည်။ ထိုသုတ်အရ မမေ့ထိုက်သော အရာ သုံးခုကို ပြထားသည်၊ ၁။မွေးနေ့၊ ၂။ဘ၀တစ်ခု၏ အလုပ်စလုပ်ရာနေ့ (ဘုရင်ဖြစ်သောနေ့၊ ရဟန်းဖြစ်သောနေ့စသည်) ၃။ အောင်မြင်သောနေ့ဟု ပြဆိုခဲ့ပြီး ဖြစ်သည်။


အဂုင်္တ္တရနိကာယ် ဆက္ကနိပါတ်မှာတော့ တစ်သက်တာ အမှတ်ရစေရမည့် အရာ ၆ မျိုးကို ပြထားသည်။ ထို ၆ မျိုးလုံးကို ခြံငုံသုံးသပ်လျှင် “သာရဏီယတရားသည် အချင်းအချင်း တစ်ဦးပေါ် တစ်ဦး ခိုက်ရန်မဖြစ်ခြင်း၊ ချစ်ခင်ကြင်နာခြင်း, လေးစားယုံကြည်ခြင်းတို့ကို ဖြစ်စေသောကြောင့် စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်း ကြီးပွားခြင်းတို့ကို ဖြစ်စေသည်သည်။ ထို့ကြောင့် ထိုသာရဏီယတရား ၆ပါးကို လူဝတ်ကြောင်ပဲ ဖြစ်ဖြစ် သာသနာအတွင်းက ရဟန်းသာမဏေများပဲ ဖြစ်ဖြစ် တစ်သက်တာအမှတ်ရစေရမည့် တရား ၆-ပါးအဖြစ် ပြုကျင့်၏ဟူ၍” ဆိုအပ်၏။

သာရဏီယ ၆ ပါး
(၁) တစ်ယောက်ကိုတစ်ယောက် ,ရှေ့မှာပဲဖြစ်စေ ဆိပ်ကွယ်ရာမှာဖြစ်စေ ကာယကံမေတ္တာထားခြင်း (မေတ္တံ ကာယကမ္မံ)။
ရဟန်းတော်များအတွက် အာဘိသမာစာရိက အချင်းအချင်းအပေါ် နားလည် လေးစား လိုက်နာရမည့် ကျင့်ဝတ်တွေကို မေတ္တာဖြင့် ပြုကျင့်ခြင်းဖြစ်သည်။ ဥပမာ-တပည့်တစ်ယောက်က ဆရာသမားအပေါ် သို့မဟုတ် မိတ်ဆွေတစ်ယောက်အပေါ် လုပ်သင့်လုပ်ထိုက်သော တာဝန်များရှိသည်၊ ထိုတာဝန်များကို မေတ္တာထားပြီး ကိုယ်ဖြင့်ပြုလုပ်သော အမှုများကို ကာယကံမေတ္တာ ထားခြင်းဟုဆိုသည်။
အလားတူပင် လူဝတ်ကြောင်များလဲ အချင်းအချင်းအပေါ် အပြန်အလှန် လေးစားရမည်၊ ပြုလုပ်သင့်သော တာဝန်များရှိသည်။ ထိုတာဝန်များကို ဖြည့်ဆည်းပေးရာဝယ် မေတ္တာစိတ်လေးထားလိုက်ရုံမျှဖြင့် ကာယကံမေတ္တာဖြစ်သွားသည်။ သူငယ်ချင်းတစ်ယောက် သို့မဟုတ် သူစိမ်းတစ်ယောက် အိမ်ကိုရောက်လာလျှင် နွေးနွေးထွေးကြိုဆိုလိုက်ခြင်း နေရာပေးခြင်း ရေအေးအေးလေးတိုက်ခြင်း စသည်စသည်ဖြင့် ဧည့်ဝတ်ပြုကြရသည်၊ ထိုသို့ဧည့်ဝတ်ပြုရာဝယ် မေတ္တာစိတ်လေးထားလိုက်ခြင်းသည်ပင် ကာယကံမေတ္တာမည်သည်။ ဘုရားဖူးသွားသည်ပဲ ဖြစ်ဖြစ်၊ ဘုရားဝတ်ပြုတာပဲ ဖြစ်ဖြစ်၊ သူတော်စင်တပါးပါးကို အိမ်သို့ပင့်တာပဲဖြစ်ဖြစ်၊ ကြွလာသော သူတော်စင်ကို ခရီးဦးကြိုခြင်း၊ နေရာထိုင်ခင်းပေးခြင်း စသည် ဝေယျာဝေစ္စအမှုများသည် မေတ္တာဦးစီးသောအခါ ကာကယံမေတ္တာ ဖြစ်သွားသည်။

(၂) အချင်းချင်း တစ်ဦးအပေါ် တစ်ဦး ၀စီကံမေတ္တာ ထားခြင်း (မေတ္တံ ၀စီကမ္မံ)
ဝစီကံမေတ္တာ သည်လည်း ကာယကံမေတ္တာနည်းတူ မေတ္တာဖြင့် နှုတ်ဝစီကို ဆိုခြင်းသည် ၀စီကံမေတ္တာမည်သွားသည်။ မေတ္တာစိတ်ဖြင့် ဓမ္မအကြောင်း ဘာသာရေးအကြောင်း လူမှုရေးအကြောင်း စီးပွားရေးအကြောင်း စသည်ဖြင့် ဗဟုသုတဖြစ်ဖွယ်၊ အကျိုးများဖွယ်ရှိသော စကားများကို ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆွေးနွေးခြင်းများသည် ၀စီကံမေတ္တာမည်သည်။ သူငယ်ချင်းရေ-- ဒီည ဘယ်ဆရာတော် တရားဟောမည်တဲ့၊ တရားသွားနာကြရအောင်ဟု ပြောဆိုခြင်း၊ မနက်ဖန် သံဃာ့ ဘုရားရှိခိုးမယ်၊ ပရိတ်ရွတ်မယ်၊ ပဌာန်းရွတ်မယ် စသည်အားဖြင့် မေတ္တာဖြင့် ပြောဆိုခြင်း၊ ရွတ်ဖတ်ခြင်းတို့သည် ၀စီကံမေတ္တာများဖြစ်သည်။ အမြင်မတော် လုပ်နေသော သူငယ်ချင်းကို “သူငယ်ချင်းရေ-ဒီအလုပ်တော့ မလုပ်သင့်ဘူး၊ ဒီလိုတော့ လုပ်သင့်တယ်၊ ဒီလိုတော့ မပြောသင့်ဘူး၊ ဒီလိုတော့ ပြောသင့်တယ်”ဟု မေတ္တာဖြင့် လမ်းညွှန်ပြသ ပြောဆိုခြင်းသည်လည်း ၀စီကံမေတ္တာ မည်သည်။ ဤသို့အား အကောင်းဘက်မှာ မေတ္တာနှင့်ယှဉ်၍ ပြောဆိုခြင်းအားလုံးကို ၀စီကံမေတ္တာ ဆိုပါသည်။

(၃) တစ်ယောက်အပေါ် တစ်ယောက် ရှေ့မှာပဲဖြစ်ဖြစ် မျက်ကွယ်မှာပဲဖြစ်ဖြစ် မေတ္တာပွားခြင်း (မေတ္တာ မနောကံ)
အချိန်မရွေး နေရာမရွေး တစ်ဦးနဲ့ တစ်ဦး မေတ္တာစိတ်တွေ မွေးနေရင် မေတ္တာ မနောကံ မည်သည်။ “ဤမြို့ ဤရွာ ဤနေရာ၌ နေကြကုန်သော သူတို့သည် စိတ်ဆင်းရဲခြင်းကင်းကြပါစေ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ” စသည်ဖြင့် တစ်ဦးချင်းကို ရည်ရွယ်ပြီး မေတ္တာပွားခြင်းပဲ ဖြစ်ဖြစ် (ဥဒ္ဒိဿမေတ္တာ)၊ ခြုံငုံ၍ မေတ္တာပွားခြင်းပဲဖြစ်ဖြစ် (အနောဒိဿမေတ္တာ) ဘယ်နည်းနဲ့မဆို မေတ္တာပို့ခြင်းမှန်သမျှသည် မေတ္တံ မနောကံမည်သည်။ မေတ္တံ-မနောကံဆိုတာ ကာယကံ မေတ္တာကဲ့သို့ ကိုယ်ထိလက်ရောက် မေတ္တာဖြင့် ပြုစုခြင်းမျိုးလဲ မဟုတ်၊ မေတ္တာစိတ်ဖြင့် နှုတ်ဝစီဖြင့် ထုတ်ဖော် ပြောဆိုခြင်းမျိုးလဲ မဟုတ်ဘဲ စိတ်ထဲမှာပဲ ပွားများခြင်းမျိုးဖြစ်သည်။

(၄) ရရှိလာတဲ့ ပစ္စည်းတွေကို အတူမျှဝေသုံးစွဲခြင်း (လာဘေဟိ အပ္ပဋိဝိဘတ္တဘောဂီ)
ရဟန်းသာမဏေများသည် ကိုယ့်ဘုန်းကိုယ့်ကံကြောင့် ရရှိလာတဲ့ လာဒ်လာဘတွေကို ကိုယ်တစ်ယောက်တည်း မသုံးဘဲ မိတ်ဆွေအပေါင်းသင်းများနဲ့ မျှဝေသုံးစွဲခြင်း။ ဘယ်သူ့ကိုပဲ မျှဝေမယ် ဘယ်သူ့ကိုတော့ မျှဝေ မပေးနိုင်ဘူးဆိုတဲ့ ခွဲခြားတဲ့စိတ်မထားဘဲ အတူနေသူအားလုံးကို တပြေညီတည်းသဘောထားပြီး အညီအမျှဝေခြမ်းပြီး သုံးစွဲခြင်းဖြစ်သည်။ စာရေးသူတို့ ငယ်ငယ်က ဆရာသမားများ၏ အဆိုအဆုံးအမကို နားကြားခဲ့ရသည်။ “စိတ်ကောင်းရှိဖို့က ပထမ”ဆိုတဲ့ ဥပဒေဆယ်ချက်ထဲက တစ်ချက်သည် အမရပူရမြို့မဟာဂန္ဓာရုံတိုက်ကြီး၏ စာသင်နည်းစနစ်တခုဖြစ်သည်။ သူတော်ကောင်းစိတ်ကို ဖြစ်စေဖို့ သဒ္ဓါတရားကို တိုးပွားစေဖို့၊ ဣဿာ မစ္ဆရိယစိတ်တွေ ဆုတ်ယုတ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ပရိယတ္တိစာပေများကို သင်ယူရသည်။ ဆရာများကလဲ ကိုယ့်မှာ ရရှိလာတဲ့ ပစ္စည်းပစ္စယလေးတွေကို အတူနေ သီတင်းသုံးဖော်တို့အား ပေးတတ်ကမ်းတတ်အောင် ဆိုဆုံးမလေ့ရှိသည်။ ဆိုလိုသည်မှာ နံပါတ် ၄ သာရဏီယ တရားကို ဖြစ်ကျင့်ဖို့ရန်ဖြစ်သည်။ စိတ်ကောင်းရှိဖို့ ပထမ ဟူသော ပထမဆုံး ဥပဒေသည်ပင် သာရဏီယ ၆ ပါးလုံး ဖြည့်ကျင့်စေဖို့ တိုးပွားစေဖို့ပဲ ဖြစ်သည်။ ကိုယ့်ရဲ့ ကျိုးပန်းမှုကြောင့် ရရှိလာတဲ့ ဘ၀စည်းစိမ် ဥစ္စာတွေကို ကိုယ်တည်း မသုံးစွဲဘဲ ကိုယ့်မိသားစုပဲ မသုံးစွဲဘဲ ကိုယ့်အိမ်အနီးအနားမှာရှိတဲ့ သူတွေကို မျှဝေပေးခြင်းသည် ၄ ခုမြောက် သာရဏီယဖြစ်သည်။ အလုပ်ရှင်၊ အရာရှိ အသီးအသီးတို့သည်လည်း ကိုယ်ချည်း မသုံးစွဲဘဲ ကိုယ့်အောက်ငယ်သားတွေကို ဝေမျှသုံးစွဲခြင်းဟုသော သာရဏီယ အကျင့်ကို လေ့ကျင့်သင့်သည်။

အထူးသတိပြုရသည်မှာ ပေးသူ ယူသူတို့ နှစ်ဦးလုံး ကိုယ်ကျင့်တရားရှိရမည်။ ကိုယ်ရှာဖွေလို့ ရလာတဲ့ စည်းစိမ်တို့သည် ဓမ္မိယလဒ္ဓဖြစ်ရမည်၊ အသက်မွေးဝမ်းကြောင်းစင်ကြယ်ပြီး ရတဲ့ ပစ္စည်းဖြစ်ရမည်။ မသန့်ရှင်းသော ပစ္စည်းဖြင့်ကား သာရဏီယ ကျင့်ဝတ်မဖြစ်နိုင်။ ထို့ကြောင့် ဒီသာရဏီယကျင့်ဝတ်သည် ကိုယ်ကျင့်တရားရှိသူသည်သာ ဖြည့်ကျင့်နိုင်သည်၊ ကိုယ်ကျင့်တရား မရှိသော ဒုဿီလ သမားကတော့ ဖြည့်ကျင့်ခွင့်မရ။ ကိုယ်ကျင့်တရားရှိသော မိတ်ဆွေ အပေါင်းသင်းများက နည်းမမှန်သောနည်း (၀ိသမလောဘ၊ မိစ္ဆာဇီဝ)ဖြင့် ရရှိလာသော ပစ္စည်းကို ဝေငှပါက လက်မခံနိုင်ကြ။ ဆိုလိုသည်မှာ ဒုဿီလပေးသော ပစ္စည်းလက်မခံ။ သာရဏီယဖြည့်ကျင့်ဖို့ရန်အတွက် အသက်မွေးဝမ်းကြောင်း စင်ကြယ်စေရမည်၊ သီလရှိရမည်ဟူသတည်း။

ပေးသူ+ယူသူနှစ်ဦးလုံးက ကိုယ်ကျင့်တရားနှင့် ပြည့်စုံကြသည်ဖြစ်သောကြောင့် သာရဏီယတရားကို ဖြည့်ကျင့်သူသည် ဣဿာ မစ္ဆရိယစိတ် မရှိခြင်း၊ လူရော နတ်ပါ ချစ်မြတ်နှိုးခြင်းကို ရရှိခြင်း၊ လာဘ်လာဘပေါများခြင်း၊ ပေးမကုန်အောင် ပေါများခြင်း။ ကိုယ့်မှာ အကြောက်တရားနှင့် ဆာလောင်မှုဘေးနဲ့ ရင်ဆိုင်ရရင်တောင် နတ်တွေရဲ့ အစောင့်အရှောက်ကို ရရှိခြင်း စသည်ဖြင့် အကျိုးကား ကြီးမားလှသည်။

(၅) တူညီသော ကိုယ်ကျင့်သီလရှိခြင်း (သီလသာမညဂတော)
“ရောမမှာနေ ရောမလိုကျင့်”ဆိုတာလို ရောက်တဲ့နေရာမှာ သီလရှိသူ ကိုယ်ကျင့်တရားရှိသူတွေနဲ့ တန်းတူနေနိုင်ခြင်း။ သာရဏီယတရားတို့သည် အကောင်းဘက်ကိုပဲ ရည်ရွယ်သဖြင့် သီလမရှိသူ ကိုယ်ကျင့်တရားမရှိသူတို့နှင့် တန်းတူစရာမလို။ ရောက်တဲ့နေရာတိုင်းမှာ သောတာပန်သီလရှိသူနဲ့ တန်းတူ သောတာပန်သီလအဖြစ် ဖြည့်ကျင့်၍နေခြင်း။ ကောင်းတဲ့သူနဲ့တွေ့တော့ သူနဲ့အဆင့်တူအောင် သူ့လိုနေပြရသည်။ သာရဏီယသဘောအရ သောတာပန်ပုဂ္ဂိုလ်တစ်ယောက်၏ သီလသည် သမုဒ္ဒရာတစ်ဘက်ကမ်း သို့မဟုတ် နတ်ပြည်မှာရှိသော သောတာပန်ပုဂ္ဂိုလ်တစ်ယောက်၏ သီလနဲ့ ဘယ်လိုမှ ခွဲခြား၍မရ၊ တစ်ထပ်တည်း ညီမျှနေသည်။

လောကလူသားတွေ အများစုက ကိုယ့်ထက် စည်းစိမ် ရာထူး ပညာ နိမ့်ပါးသူကို ကိုယ်နဲ့အဆင့်မတူဘူးဆိုပြီး တန်းတူမဆက်ဆံနိုင်ကြ၊ ကိုယ့်ထက် ကိုယ်ကျင့်တရားဘယ်လောက်ပဲ ကောင်းကောင်း ပိုက်ဆံရှိ ပညာတတ် လူ့ဗာလက အထင်သေး အမြင်သေးဆက်ဆံတတ်သည်။ ပညာရှိသူတော်ကောင်းကို ရှေ့တန်းမတင်ချင်ကြ၊ ကိုယ့်ထက်သာသူ မြင်ပြန်တော့လဲ ၀မ်းမသာနိုင်ဘဲ ဆွဲချဖို့ပဲ စဉ်းစားတတ်ကြသည်။ တကယ်ဆို သာရဏီယတရားအရ အသွင်မတူပေမဲ့ မွန်မြတ်တဲ့အသွင်ဖြစ်အောင် တန်းညှိပေးရသည်။ ကိုယ်က စည်းစိမ်ဥစ္စာဘယ်လောက်ပေါပေါ၊ ပညာတွေဘယ်လောက်ပဲ တတ်တတ်၊ ရာထူးတွေဘယ်လောက်ပဲ မြင့်မြင့် ကိုယ့်ထက်ကိုယ်ကျင့်သီလ မြင့်မြတ်သူကို တလေးတစားဆက်ဆံရမည်၊ ကိုယ့်ထက်သာသူကို ၀မ်းသာပေးရမည်အပြင် ကိုယ်လဲ သူ့လိုလူဖြစ်အောင်ကြိုးစားရမည်။

(၆) တစ်ယောက်နဲ့တစ်ယောက် အမြင်တူမျှခြင်း (ဒိဋ္ဌိသာမညဂတော)
သာရဏီယတရားတော်အရ အမြင်တူရမည်ဟုဆိုရာဝယ် သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ရေး အမြင်တူရခြင်းဖြစ်သည်။ ရောက်လေရာ အရပ်မှာ သံသရာလွတ်မြောက်ကြောင်း သမ္မာဒိဋ္ဌိအမြင်ရှိသူတွေနဲ့ တန်းတူနေနိုင်အောင် ကြိုးစားရမည်။

ဘာသာရေးမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ် အရေးများစွာတွင် အမြင်မတူရင်၊ အသွင်မတူရင် ပေါင်းရသင်းရ ခက်ခဲတတ်သည်၊ သို့သော်လည်း အသွင်မတူ အမြင်မတူရင် ညှိယူလို့ရသည်၊ အများစုက မျက်စိ ဇွတ်မိတ်ပြီး ကိုယ့်အမြင်က မှန်သည်ဟု ယူဆတတ်သည်၊ အတ္တကြီးသူ ဖြစ်တတ်သည်။ အတ္တလေး ဘေးဖယ်ထားပြီး ကိုယ့်အမြင် သူ့အမြင်များကို ပြန်လည်သုံးသပ်သင့်သည်။ အများအတွက် အကျိုးရှိမည့် အမှန်တရားကို လက်ခံသင့်သည်။ တစ်ဖတ်လူ၏ အမြင်သည် ကိုယ်အမြင်ထက် ပိုအကျိုးများနေပါက ထိုသူ့အမြင်နဲ့ တန်းညှိသင့်သည်။

အကျဉ်းချုပ်သော်----
(၁) တစ်ယောက်ကိုတစ်ယောက် ,ရှေ့မှာပဲဖြစ်စေ ဆိပ်ကွယ်ရာမှာဖြစ်စေ ကာယကံမေတ္တာထားခြင်း (မေတ္တံ ကာယကမ္မံ)
(၂) အချင်းချင်း တစ်ဦးအပေါ် တစ်ဦး ၀စီကံမေတ္တာ ထားခြင်း (မေတ္တံ ၀စီကမ္မံ)
(၃) တစ်ယောက်အပေါ် တစ်ယောက် ရှေ့မှာပဲဖြစ်ဖြစ် မျက်ကွယ်မှာပဲဖြစ်ဖြစ် မေတ္တာပွားခြင်း (မေတ္တာ မနောကံ)
(၄) ရရှိလာတဲ့ ပစ္စည်းတွေကို အတူမျှဝေသုံးစွဲခြင်း (လာဘေဟိ အပ္ပဋိဝိဘတ္တဘောဂီ)
(၅) တူညီသော ကိုယ်ကျင့်သီလရှိခြင်း (သီလသာမညဂတော)
(၆) တစ်ယောက်နဲ့တစ်ယောက် အမြင်တူမျှရခြင်း (ဒိဋ္ဌိသာမညဂတော)
ဘာပဲဖြစ်ဖြစ် အဓိကအားဖြင့် သာရဏီယတရားသည် အရိယာနယ်ပယ် သို့မဟုတ် ဘာသာရေးနယ်ပယ်ကို အဓိကထား ဖွင့်ဆိုထားပေမဲ့ ဘာသာရေးအပြင် လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာပါ စံနမူနာယူပြီး အသုံးချမည်ဆိုပါက ညီညွှတ်ရေး ငြိမ်းချမ်းရေး တည်ငြိမ်ရေး ကြီးပွားရေး စသည့် အရေးများစွာအတွက် များစွား အကျိုးများမည် ဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၇-၂၀၁၂

02 October 2012

သီတဂူဆရာတော်နှင့် မဟတ္တမဂန္ဒီ၏ ၁၄၃ ကြိမ်မြောက်မွေးနေ့

မဟတ္တမဂန္ဒီ၏ ၁၄၃ ကြိမ်မြောက်မွေးနေ့  သီတဂူဆရာတော် တက်ရောက် မိန့်ခွန်းပြော


အိန္ဒိယနိုင်ငံ၏ငြိမ်းချမ်းရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီ၏ ၁၄၃ ကြိမ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို “နိုင်ငံတကာအကြမ်းမဖက်ရေးနေ့”ဟု ကုလသမဂ္ဂမှ သတ်မှတ်ထားသည်။ ထိုနေ့အတွက် ယနေ့(အောက်တိုဘာ ၂ ရက်နေ့) တွင် ရန်ကုန်မြို့ရှိ၊ အိန္ဒိယသံရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက မဟတ္တမဂန္ဒီသည် ဗုဒ္ဓဘာသာဝင်တစ်ဦးမဟုတ်သော်လည်း ဗုဒ္ဓဘာသာ၏အခြေခံအချက်များဖြစ်သည့် ပါရမီ ၁၀ ပါးကိုကျင့်သုံးကြောင်းကို ဂန္ဒီ၏ဘ၀အတွေ့အကြုံ ဖြတ်သန်းမှုများနှင့်ယှဉ်ကာ “Life of Mahatama Gandhi & Buddhist Principles” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးဒေါက်တာဗီလာဆွန်ဒါရာရာဂျမ် ရှေရှာဒရီက သီတဂူဆရာတော်ကြီးအနေဖြင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ငြိမ်းချမ်းရေးအယူအဆများကို မဟတ္တမဂန္ဒီမွေးနေ့အထိမ်းအမှတ်ပွဲတွင် ဟောကြားပေးမှုကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

7 Day News မှ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၀-၂၀၁၂

29 September 2012

အလှူရှင် (၃)စု မှတ်တမ်း

အလှူရှင် (၃)စုမှတ်တမ်း

(၁) အလှူရှင် (စင်္ကာပူ)
Mr. Henry Tan and his daughter Miss Nicolette from Singapore donated lunch, three bags of rice, and some fruit to the 24 Ph.D students who are studying in Somaiya College, Mumbai in India at 26,09.2012.
May you be happy, healthy and wealthy!
ဒီကနေ့ ၂၆-၉--၂၀၁၂ နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်များ ဖြစ်ကြသော စင်္ကာပူနိုင်ငံမှ Mr. Henry Tanနှင့် သမီးဖြစ်သူ Miss Nicolette တို့က Mr. Henry Tan ၏ ၆၉ နှစ်ပြည့်မွေးနေ့နှင့် သမီးဖြစ်သူ Miss Nicolette ၏ ၂၂ နှစ်ပြည့် မွေးနေ့အတွက် ရည်မှန်းပြီး ဘုံဘေမြို့ စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော် ၂၄ ပါးတို့အား နေ့ဆွမ်း ကပ်ခြင်း၊ ဆန် အိပ် ၃ အိပ် လှူဒါန်းခြင်းများ ပြုလုပ်သည်။

(စင်္ကာပူအလှူရှင်) 

++++++++

(၂) အလှူရှင် မြန်မာ (ရန်ကုန်)
At the same day, the donors from Yangon, Myanmar donated $ 720 for four requisites to the Ph.D students who are studying in Somaiya College, Mumbai in India.
၂၆-၉-၂၀၁၂ ရက်နေ့ကပဲ ရန်ကုန်မြို့ရှိ အလှူရှင် မိသားစုကလဲ စောမယ ကောလိပ် Ph.D ကျောင်းသား ရဟန်းတော် များ၏ ဆွမ်း, သင်္ကန်း, နေစရာ, ဆေးဝါး ပစ္စည်းလေးပါး အတွက် ရည်စူးပြီး အမေရိကန် ဒေါ်လာ ၇၂၀ ကို လှူဒါန်းလိုက်ပါသည်။

အလှူရှင်များ----
၁။ ဒေါက်တာ ဦးမောင်မောင်ခင်+ဒေါ်ခင်အုံး မိသားစု ပြည်မြို့--------------$ 100
၂။ ဒေါက်တာ ၀င်းမောင်+ဒေါက်တာ အေးမိခင် ပေါင်းတည်မြို့--------------$ 100
၃။ မနှင်းနွယ်စိုး ရန်ကုန်မြို့---------------------------------------------------$ 20
၃။ ကိုနိုင်+ဒေါက်တာသော်သော် မိသားစု ရန်ကုန်--------------------------$ 200
၅။ ဦးမောင်သာထွန်း+ဒေါ်မီမီခိုင် သမီး မမဉ္ဇူသာထွန်း စမ်းချောင်း----------$ 100
၆။ ဦးသိန်းထိုက်+ဒေါ်ခင်သန္တာမြင့် မိသားစု သင်္ဃန်းကျွန်း-------------------$ 100
၇၊ ဦးဇော်နိုင်အား ရည်ဇူး၍ ဒေါ်မြင့်သိင်ဂီ သား မောင်ဇော်ရဲထက်နိုင်၊
မောင်ကောင်းခန့်နိုင် မိသားစု တောင်ဥက္ကလာပ----------------------------$ 100
ထိုမိသားစုအားလည်း စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော် များက မေတ္တာပို့ ဆုတောင်းပေးနေပါကြောင်း။
(အမေရိကန် ဒေါ်လာ (၇၂၀) အလှူရှင်များနှင့် အလှူများ)



May you be happy, healthy and wealthy!

++++++++++

(၃) အလှူရှင် (ရန်ကုန်/ဘုံဘေ)

At 28,09,2012, the donor is U Kyaw Swe+Daw Than Than Htay and family. The family always offers some rice together with great curry, fruit, juice and others for lunch to the Ph.D students who are studying in Somaiya College, Mumbai in India. Today, the family donates Indian rupees ten thousand (Rs-1,0000=$ 200) for the Ph.D students’ lunch.

၂၈-၉-၂၀၁၂ ရက်နေ့ အလှူရှင်ကတော့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် တာဝန် ထမ်းဆောင်နေသော ရန်ကုန်မြို့မှ ဦးကျော်ဆွေ+ ဒေါ်သန်းသန်းဌေး မိသားစု ဖြစ်သည်။ ထိုမိသားစု တစ်ပတ်ခြားလျှက် စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော်များကို ဆွမ်းကပ်လေ့ရှိသည်။ ယခုအခါ ဒကာမကြီးက မြန်မာပြည် ပြန်ရောက်နေသဖြင့် ဒကာကြီးတစ်ယောက်သာ ဘုံဘေမှာ ရှိနေသည်၊ ချက်ဖို့ပြုတ်ဖို့ အဆင်မပြေသဖြင့် ဆွမ်းအလှူတော်အတွက် ရူပီး တစ်သောင်း (၁၀၀၀၀= $ 200)၊ ဆန်၊ ဆီ၊ စသည်များကို လှူဒါန်းသွားသည်။
May you be happy, healthy and wealthy!

အထက်ဖော်ပြပါ မြန်မာ+စင်္ကာပူများမှ အလှူရှင်အားလုံး ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ။
May all of the Donors from Singapore and Myanmar be happy, healthy and wealthy!

မြန်မာစာ မဖတ်တတ်သော တရုပ်အလှူရှင်ပါ ၀မ်းသာဖွယ် (အနုမောဒနာ) ဖြစ်အောင် အင်္ဂလိပ်လို မတတ်တတတ်နဲ့ တွဲပြီး ဂုဏ်ပြုလိုက်သည်၊

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၉-၂၀၁၂

26 September 2012

သီတဂူ အထူးကြေငြာချက်

သီတဂူ အထူးကြေငြာချက်

Dear All,

Here is the "Important Announcement" that the Consecration & Inauguration of the
Shwe Si Khom Pagoda in Austin, Texas has to be postponed to 6th & 7th April, 2013.

ဓမ္မမိတ်ဆွေ အပေါင်းတို့
ခင်မင်လေးစားစွာ ကြေငြာအပ်ပါသည်။

သီတဂူဗုဒ္ဓ၀ိဟာရ (အော်စတင်၊ တက္ကဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု) တွင် တည်ဆောက်ပြီးသော ရွှေစည်းခုံစေတီတော်ကြီး၏ ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာအနေကဇာတင်ပွဲတော်ကို ၂၀၁၂ နိုဝင်ဘာလ ၂၄-၂၅ တွင်ကျင်းပမည်ဟု စီစဉ်ထားပြီး ဖိတ်စာများလဲ ပို့ထားပြီး ဖြစ်သည်။ သို့သော်လည်း မလွဲသာ မရှောင်သာ အကြောင်းများကြောင့် ထိုပွဲတော်ကို ရက်ရွှေ့လိုက်ပါသည်။

တက္ကဆက်ပြည်နယ်သည် တောမီးလောင်တတ်သော ဒေသဖြစ်၍ သီတဂူဗုဒ္ဓ၀ိဟာရကိုလည်း မီးကာကွယ်ရေး စနစ် (Wild Fire Protecting System) များ တပ်ဆင်ရန် မီးသတ်ဌာနမှ ညွှန်ကြားထားပါသည်၊ အဆောက်ဦးပေါင်း ၅၀ ခန့်ရှိသော သီတဂူဗုဒ္ဓ၀ိဟာရမှာ မီးသတ်ရေကန် (တိုင်ကီ) ရေပိုက်လိုင်း၊ ရေငုတ်တိုင်၊ အဆောက်ဦးများ၏ မျက်နှာကြပ်မှာ ရေပန်းများ တပ်ဆင်ရန် ညွှန်ကြားထားပါသည်။ ထို့အတွက် Fire Security System တည်ဆောက်ရန် အနည်းဆုံး သုံး (၃) လ အချိန်ပေးရမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ Consecration and Inauguration ပွဲတော်ကို ၂၀၁၃ ဧပြီလ ၆-၇ ရက်နေများသို့ ရွှေ့ဆိုင်းလိုက်ပါကြောင်း ရင်းနှီးစွာ ကြေငြာ အသိပေးအပ်ပါသည်။ ခရီစဉ်ရေးဆွဲပြီး၊ လေယာဉ်လက်မှတ် ၀ယ်ယူပြီး၊ ဗီဇာရထားပြီး ပုဂ္ဂိုလ်များ အားလုံး၏ အဆင်မပြေမှုများကို သည်းခံခွင့်လွတ်ကြပါရန် မေတ္တာရပ်ခံပါသည်။

မှတ်ချက်။ ။ ဗီဇာများ ပြင်ဆင်နိုင်ရန် ၂၀၁၃ ဇန်န၀ါရီလအတွင်း ဖိတ်စာများ ထပ်မံပို့ပါမည်။


ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေ
သီတဂူဆရာတော်
၂၆-၉-၂၀၁၂

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၉-၂၀၁၂

22 September 2012

သီတဂူဆရာတော် ဂုဏ်ပြုသော Global Citizen Award & Congressional Gold Medal ဆုရှင်



အမေရိကန်ပြည်ထောင်စုမှ 
Global Citizen Award & Congressional Gold Medal ဆုများ 
ရရှိသော ဒေါ်အောင်ဆန်းစုကြည် အား သီတဂူဆရာတော်ကြီးက ဂုဏ်ပြုလိုက်သည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၉-၂၀၁၂


19 September 2012

သီတဂူဆရာတော် အမေရိကန် Congress တက်ရောက်မည်

သီတဂူဆရာတော်
အမေရိကန် Congress လွတ်တော်သို့ တက်ရောက်မည်

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော သီတဂူဆရာတော်သည်၊ ဒီနေ့ (၁၈-၉-၂၀၁၂) သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ရှိရာ တက္ကဆက်ပြည်နယ် အော်စတင်မြို့ကနေ ၀ါရှင်တန်ဒီစီ လေဆိပ် (Dulla Airport) ကိုရောက်မည် ဖြစ်သည်။

ဆရာတော်ကြီးသည် ၁၉-၉-၂၀၁၂ နေ့မှာ Washington ရှိ Congress လွတ်တော်သို့ တက်ရောက်မည်ဖြစ်သည်။ ထိုနေ့မှာပဲ ထိုCongress အဆောက်ဦးတွင် မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး Gold Medal ဆုကို ချီးမြင့်မည်ဟု သိရသည်။
(၂၀၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးတွင် မိန့်ခွန်းပြောခဲ့စဉ်က)


ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနဲ့အတူ သီတဂူဗုဒ္ဓ၀ိဟာရ အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာအရှင်အရိယဓမ္မ (အမေရိက) နှင့် သီတဂူဒေါက်တာမြတ်သူ (အာရှတော်ဝင်) တို့ လိုက်ပါသွားကြသည်။

ဆရာတော်ကြီးနှင့်အဖွဲ့သည် အမေရိကန်အစိုးရ (States Department)က စီစဉ်ပေးသော ဟိုတယ်တစ်ခုတွင် သီတင်းသုံးမည်ဟု သိရသည်။

အမေရိကရှိ သီတဂူဆရာတော်ကြီး၏ တပည့် သတင်းပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၉-၂၀၁၂


ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes