အမျိုးသမီးအား
ငါးပါး
စာမိတ်ဆက်INGO နိုင်ငံတကာ NGO မှာ အမှုထမ်းနေတဲ့ သူတစ်ယောက်နဲ့တွေ့ဖြစ်သည်။ တစ်နေ့တော့ သူက အနောက်နိုင်ငံတစ်ခုမှာ Gender in Buddhism (ဗုဒ္ဓဘာသာမှာ အမျိုးသား အမျိုးသမီးခွဲခြားမှု) ပတ်သက်ပြီး စာတမ်းဖတ်မှာ ဖြစ်သည်။ စာရေးသူအား ဗုဒ္ဓဘာသာတွင် ကျား-မ ခွဲခြားမှု၊ ကျား-မ အခွင့်ရေးနှင့်ဆက်စပ်သော အကြောင်းအရာများကို မေးသည်၊ ဆွေးနွေးသည်၊ စာရေးသူလဲ အင်တာနက်ကနေ ဗုဒ္ဓဘာသာတွင် အမျိုးသမီးနှင့်ဆက်စပ်၍ ရေးသားထားသော ဆောင်းပါး ပို့စ်များကို ရှာဖွေပေးလိုက်သည်၊ ထိုထဲတွင် စာရေးသူကိုယ်တိုင် ရေးထားသည့် အမျိုးသမီးများနှင့်ဘုန်းကံ ဆိုတဲ့ ပို့စ်လဲပါသည်။ ထိုသို့ဆွေးနွေးရာမှ သူလဲ ဘယ်ဝက်ဘဆိုက်တွေကို ကြည့်ပြီး ပြောလဲမသိ၊ အမျိုးသမီးနဲ့ဆက်သော သုတ္တန်တွေကို စာရေးသူအား ပြသည်၊ သုတ္တန်များကို Roman အက္ခရာဖြင့် ရေးပေးရန် အကူညီတောင်းသည်။ စာရေးသူလဲ သူပေးသော သုတ္တန်များကို မူရင်းပါဠိတော်များတွင် ရှာဖွေကြည့်ရာ တချို့လဲ ခေါင်းစဉ်နဲ့ မစပ်ဟပ်။ ထိုထဲတွင် အမျိုးသမီးတို့၏ အရည်အသွေး ငါးမျိုး ဆိုတာလဲ ပါသည်။ စာရေးသူလဲ ငယ်ငယ် စာသင်သားဘ၀က ဒီသုတ္တန်ကို ဒီလို မတွေးမိခဲ့ဘူ။ “အမျိုးသမီးတို့၏ အရည်အသွေး ငါးမျိုး” လို့ အမည်ပေးထားတာကို သဘောကျမိသည်၊ စာရေးချင်စိတ်လဲ ပေါက်လာ၍ ရေးမိရေးရာ ရေးချမိလိုက်တော့သည်။
အရည်အသွေး ငါးမျိုးမှာ--
(၁) အမျိုးသ္မီးတို့၏ အဆင်း၊
(၂) အမျိုးသ္မီးတို့၏ အသံ၊
(၃) အမျိုးသ္မီးတို့၏ အနံ့၊
(၄) အမျိုးသ္မီးတို့၏ အနှစ်၊
(၅) အမျိုးသ္မီးတို့၏ အတွေ့၊
စာရေးသူလည်း အရည်အသွေးငါးမျိုးဆိုတဲ့ ခေါင်းစဉ်ကြည့်ပြီး ဘာကို ဆိုလိုမှန်း ချက်ခြင်းမသိ၊ ထို ၅ မျိုးအောက်မှာ အမျိုးသမီး၏ အဆင်း၊ အသံ၊ အနံ့စသည် ဆိုသဖြင့် သုတ္တန်တစ်ခုကို သွားသတိရမိသည်၊ အဂုင်္တ္တရနိကာယ်၏ အစဆုံး စာမျက်နှာတွင် ထို ငါးမျိုးပြထားသည်ကို တွေ့ရသည်။
တကယ်တော့ ဒီငါးပါးကို မြတ်ဗုဒ္ဓက သူ၏တပည့် ရဟန်းတော်တွေ အတွက် ဟောပေးခြင်းဖြစ်သည်။ ဒုက္ခကို မြင်အောင်၊ ကာမစည်းစိမ်ကို စက်ဆုပ်ပြီး ငြီးငွေ့လာအောင်၊ ဟောခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော အမျိုးသမီးများ၏ ထိုစွည်းရည် ငါးမျိုးက အလွန်ထက်ပြီး အလွန်အန္တရာယ်ကြီးသောကြောင့်ပင်ဖြစ်သည်။ ထိုငါးမျိုးကိုပင် သံယုတ်ပါဠိတော် ဗန္ဓနသုတ်မှာကား အမျိုးသမီးများ၏ ကွန်ယက်လို့ ဆိုထားသေးသည်၊ စာကလေးတွေ ငှက်ကလေးတွေ မုဆိုး၏ ပိုက်ကွန်ထောင်ချောက်ထဲ ကျရောက်လာပါက ပြန်လွတ်နိုင်ဖွယ် မရှိချေ၊ အလားတူပဲ ဆန့်ကျင်ဘက် ပုရိသတို့သည် အမျိုးသမီး၏ ကွန်ယက်ထဲ ကျရောက်သွားပါက ရုန်းထွက်နိုင်ဖို့ မလွယ်ပေ။ ရဟန်းတော်များ သတိလက်လွတ်ဖြစ်ပြီး အမြင်မတော် ၀တ်စားထားသော အမျိုးသမီး၏ အလှကို မြင်ပြီး တွေးမိတွေးရာ ကြံမိကြံရာ ကြံပြီး နောက်ဆုံး လူထွက်ရတဲ့ အထိရောက်သည်၊ ထိုသည်ပင် ထိုရဟန်း မိချောင်းဘေးအန္တရာယ် ကျရောက်ခြင်းဟူ၍ ဆိုထားသည်။ အကယ်၍ သတိတရားမရှိတဲ့ ရဟန်းတစ်ပါးဟာ ကာမဂုဏ်ခံစားနေသော လူဝတ်ကြောင်ဘ၀ကို မြင်တွေ့မိပါက ကြံမိကြံရာ ကြံပြီး လူဝတ်လဲသွားပါက ၀ဲဂယက်ထဲ ကျရောက်ခြင်းမည်သည်။ သတိသည် အလွန်အရေးကြီးလှပါသည်။ အမျိုးသမီး အရည်အသွေးကို စွမ်းအင်၊ ကွန်ယက်၊ ၀ဲဂယက်၊ မိချောင်း၊ ကာမဂုံ၊ စသည်အားဖြင့် အမည်များစွာ ရှိသည်။
(၁) အမျိုးသ္မီးတို့၏ အဆင်း၊
အမျိုးသမီးရဲ့ ရူပါရုံသည် အလွန်စွမ်းအားကြီးသော ဆွဲဆောင်မှုရှိသည်၊ အမျိုးသားများအတွက် ထိုအမျိုးသမီး၏ ရူပါရုံအစွမ်းအားထက် ဆွဲငင်အားကောင်းသည့် အရာ တခြား လောကမှာ မရှိဟုဆိုသည်။ မုဒုလက္ခဏဇာတ်တော်မှာ ရသေ့ကြီး ကောင်းကင်ခရီးကနေ ဈာန်အဟုန်စီးပြီး နန်းတော်ထဲ ဆွမ်းခံကြွလာသည်၊ ဘုရင်ကြီးမရှိခိုက် ရသေ့ကြီး နန်းတော်ထဲရောက်တော့ သိပ်လှ သိပ်နုပြီး အိစက် ၀င်းဝါသော အသားအရည်ရှိတဲ့ မုဒုလက္ခဏမိဖုရားကြီး ကမန်းကတန်း ကုတင်က ထလိုက်တော့ အလွန်ကောင်းပေ့ဆိုတဲ့ သိန်းချီတန်တဲ့ ပိုးထည်အ၀တ်က လျှောကျသွားသည်။ မိဘုရားရဲ့ ရူပါရုံဆွဲငင်အားကြောင့် တဒင်္ဂအကြည့်ခိုက်လေးမှာပင် သူတော်စင် ရသေ့ကြီး ဗို့အား ၁၅၀၀ ရှိတဲ့ ရာဂမီးတွေ ထတောက်သည်။ ရှိတဲ့ဈာန်တွေလဲ လျှောကျကုန်လေရဲ့။ မိဖုရားကြီးအလှ ရူပါရုံအမဓာတ် စွမ်းအင်နဲ့ ရသေ့ကြီး၏ မျက်စိပသာဒ အဖိုဓာတ် စွမ်းအင်တို့ ပေါင်းစပ် ထိတွေ့လိုက်သည်အခါ ဗို့အား ၁၅၀၀ ရှိ အချစ်မီးများ ထတောက်တော့သည်။
အလွန်စွမ်းအားပြင်းတဲ့ အမျိုးသမီးရူပါရုံကို အကြည့်ကလေး တစ်ချက်ကြောင့် ရသေ့ကြီးခမျာ ဒုက္ခတွေ ဆက်တိုက်ကျရောက်ပါတော့တယ်။ ရရှိပြီးတဲ့ လောကီဈာန်လဲ ဆုံးရှုံးသွားသည့်အပြင် ကျောင်းရောက်တော့လဲ မစားနိုင် မသောက်နိုင်ဖြစ်ရသည်၊ ရသေ့ကြီးရင်ဘက်ထဲ နှုတ်၍မရတဲ့ ဆူးငြောင့်တစ်ချောင်း စိုက်မိပြီး ဖြစ်သည်။ မစားနိုင် မသောက်နိုင်၊ တမှိုင်မှိုင်တထွေထွေ ဖြစ်နေသော ရသေ့ကြီးကို ကြည့်ပြီး ဘုရင်ကြီးလဲ စိတ်မကောင်းဖြစ်ရသည်။ အလွန့်လွန်ကို သဘောကောင်းသည့် ဘုရင်ကြီးက သူ၏ ချစ်လှစွာသော မိဖုရားကို ရသေ့ကြီး ကျေနပ်အောင် ပေးလိုက်သည်။
ဘုရင်နှင့်မိဖုရား ပညာပြပြီ
“ယောင်နှောက် ဆံထုံးပါ” ပါပဲ ကြားဖူးသည်၊ ဒါပေမဲ့ မိဘုရားကြီးက ယောင်ထုံးမပါတဲ့ ရသေ့ကြီးနောက်သို့ လိုက်ရပြီ၊ မိဘုရားကြီးက အတူနေဖို့ ဘုရင်ကြီးထံနေရာလေးတစ်နေရာ တောင်းခိုင်းတော့ ရသေ့ကြီး ရှေ့မျက်နှာနောက်ထားပြီး မျက်နှာပူပူနဲ့ သွားတောင်းသည်၊ ဘုရင်ကြီးလဲ သူတို့နှစ်ယောက်နေဖို့ ဥယျာဉ်ထဲက အိမ်သာပျက်ကြီးရှိတဲ့နေရာလေးကို ပေးလိုက်သည်၊ နေဖို့ထိုင်ဖို့ နေရာအတွက် ရှာရခြင်း၊ သန့်ရှင်းရေးတွေလုပ်ရခြင်း၊ စားဖို့သောက်ဖို့လုပ်ရခြင်း၊ နန်းတော်နဲ့ အိမ် ခေါက်တုန့်ခေါက်ပြန် မျက်နှာပူပူနဲ့ သွားနေရသည်။ မိဖုရားကြီးကလဲ တစ်ခုပြီးတစ်ခု ခိုင်းတော့သည်။ ရသေ့ကြီးခင်မျာ တဒင်္ဂကိလေသာစိတ်ကလေး မထိန်းနိုင်လိုက်တာနဲ့ မယားကျွန်ဘ၀ရောက်သွားရရှာပြီ။ ညချမ်းအချိန်အိပ်ယာဝင်တော့ ရသေ့ကြီးလဲ တနေကုန် အလုပ်တွေ ဖိလုပ်နေရတော့ ကိလေသာစိတ်တွေတောင် ပျောက်ကုန်သည်။ “အရင်တုန်းကတော့ ကောင်းကင်မှာ လေဟုန်စီးပြီး ဈာန်ပျံနိုင်ခဲ့တယ်၊ အခုတော့ ကျမနဲ့တွေ့လိုက်တာ ဘာမှ မရှိတော့ဘူး၊ ပင်ပန်းကြီးစွာ အလုပ်တွေလဲ လုပ်ရတော့ မောနေရှာပြီပေါ့နော်”လို့ မိဖုရားကြီး၏ စကားသံကို ကြားရတော့မှ ရှက်စိတ်တွေဝင်လာသည်၊ သံဝေဂတွေ ရလာသည်၊ မိဖုရားကြီးနဲ့ အိပ်တောင် မအိပ်လိုက်ရဘူး တစ်ခါတည်း တောထဲ လစ်ပြေးတော့တာပဲ၊ (ရဟန်းတရား အားထုတ်ရန်)။
ရသေ့ကြီး ဒုက္ခကို ကောင်းကောင်းကြီးမြင်သွားသည်။ ဒါ့ကြောင့် ဘုရားက ဒုက္ခကို ရှေးဦးစွာမြင်တတ်ဖို့ ဒုက္ခသစ္စာကို ဟောသည်၊ ဘ၀ရဲ့ဆင်းရဲမှု၊ ပင်ပန်းမှု၊ ရှုပ်ပွေမှု စတဲ့ ဒုက္ခသဘောတွေကို မြင်ပါမှ ထိုဘ၀ကို လိုချင် တပ်မက်တဲ့ စိတ်တွေ ပျောက်မည်၊ တပ်မက်တဲ့စိတ် (သမုဒယသစ္စာ) ပယ်သတ်နိုင်ပါမှ သံသရာဝဋ်က လွတ်မြောက်မည်။ (ဒုက္ခသစ္စံ ပဇာနန္တော-ဒုက္ခသစ္စာကို သိခြင်း၊ သမုဒယသစ္စံ ပဇဟန္တော-သမုဒယသစ္စာကို ပယ်ခြင်း၊ ဓမ္မစက္ကပ၀တ္တနသုတ်)
လူပျံတော်ကြီးတွေ စာရေးသူတို့လို ငယ်ပေါင်း ရဟန်းတော်များကို တွေ့လျှင် ပြောလေ့ရှိတဲ့စကား တစ်ခုရှိတယ်၊ “အရှင်ဘုရား၊ လူမထွက်နဲ့ဘုရား၊ လူ့ဘ၀က မလွယ်ဘူး၊ အရမ်းဆင်းရဲတာ၊ ဒီဘ၀လေးနဲ့ မြဲအောင်နေပါဘုရား”ဟူသတည်း။ လူပျံတော် ထိုဒကာတော်လဲ အရင်က ဒီလိုဒုက္ခတွေ မစဉ်းစားခဲ့မိလို့ပဲလား၊ ဒါမှမဟုတ် ဒုက္ခကိုပင် သုခထင်နေလို့ပဲလား၊ တချို့ကတော့ ပြောတယ်၊ ပင်ပန်းတာတော့ အမှန်ပဲ ဘုရား၊ ဒါပေမဲ့ အိမ်ပြန်ရောက်လို့ မိန်းမမျက်နှာ သားမျက်နှာ သမီးမျက်နှာလေး မြင်လိုက်ရရင် အဲဒီမောတာ ပန်းတာတွေ ပျောက်သွားတယ်ဘုရားတဲ့၊ “မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူး”ဆိုတဲ့ သီချင်းလိုပဲပေါ့။ သူတို့အတွက်ကတော့ မာဂဏ္ဍီပြောတဲ့ လောကနိဗ္ဗာန်လို့ပဲ ပြောရမည်ထင်၊ ဒီထက်ကောင်းတဲ့ နိဗ္ဗာန်အစစ် (ချမ်းသာအစစ်)ကိုကား သူ မတွေ့သေး။
တစ်ခါက သံဃာ့မဟာနာယက ဆရာတော်ကြီးတစ်ပါးက သူ့ဆီ အလည်လာသော ငယ်သူငယ်ချင်း လူပျံတော်ကို ပြောသတဲ့၊ “ကောင်းကြသေးရဲ့လား သူငယ်ချင်းရာ၊ အခု ကြည့်စမ်းပါအုန်း၊ မင်းမှာတော့ မယားပူ သားပူ သမီးပူ၊ ၀မ်းစာအတွက်ပူစတဲ့ အပူတွေနဲ့ နေနေရတယ်၊ ငါတို့မှာတော့ အဲဒီအပူပင်မျိုးလဲ မရှိဘူး၊ ခရီးသွားရင်တောင် ကောင်းကင်ကနေ လေယာဉ်ပျံကြီးစီးသွားနေရတဲ့ဘ၀”လို့ပြောတော့ လူပျံတော်က “အရှင်ဘုရားက လေယာဉ်ပျံပဲ စီးနိုင်တာပါဘုရား၊ တပည့်တော်ကတော့ လူကိုတောင် စီးနေရတာပါဘုရား”တဲ့၊)))))။ ရွှတ်နောက်နောက်ပြောလိုက်တဲ့ စကားကလဲ လောကနိဗ္ဗာန်ကို နိဗ္ဗာန်အစစ် ချမ်းသာအစစ်ထင်သူတွေ အတွက်ကတော့ ကွက်တိပဲ။ သူတို့လဲ အမျိုးသမီးရဲ့ အဆင်းရူပါရုံတည်းဟုသော အစွမ်းအင် ကွန်ရက်ထဲ ကျရောက်သွားသူ၊ ရုန်းမထွက်နိုင်သူများ ဖြစ်ကြလေတော့သည်။ အမျိုးသမီ၏ ခွန်းအား (ရူပဗလ)သည် ရုပ်ရည်အဆင်းလှပခြင်း ဖြစ်သည်။
အမျိုးသမီး၏ ရုပ်ရည်အဆင်း အလှတရား အစွမ်းအားသည် ဆန့်ကျင်ဘက် ပုရိသတို့ကို ရူးသွပ်စေနိုင်သည်။ ဥမ္မာဒန္တီ၏အလှကို မြင်သူတိုင်း သွက်သွက်ခါရူးမူးကြသည်။ တခါက စိတ္တမထေရ် ရဟန်းအိုကြီးတစ်ပါး အလွန်လှ အလွန်ချောမောတဲ့ ဒမိဠမိဖုရားရဲ့ အလှတရားအောက်မှာ ရုန်းမထွက်နိုင်အောင် သွပ်သွပ်ခါ ရူးသွပ်ခဲ့သည်။ မိဖုရားအလှကို မြင်တဲ့ အချိန်က စပြီး “ဒမိဠ ဒမိဠ ဒမိဠ ဒမိဠ” ဟု ပါးစပ်က တွတ်ပွ တွတ်ပွ ရွတ်နေတော့သည်။ သွားလဲ မိဖုရားကိုပဲ မြင်နေသည်၊ စားနေတဲ့အချိန်လဲ မိဖုရားအလှကိုပဲ မြင်နေသည်၊ အိပ်နေလဲ မိဘုရား အသွင်ပြင်ကို ပုံဖော်နေတော့သည်။ ဒီစိတ်နဲ့ပဲ ပါးစပ်က တတွတ်တတွတ် ရွတ်နေတော့သည်၊ သူ့ကို မြင်တဲ့ ကိုရင်လေးတွေက ဒီကိုယ်တော်တော့ ရူးသွားပြီ၊ အရူး ရဟန်းကြိးဟု ခေါ်ကြသည်။ ရုပ်ရည်အလှတရားသည် လူကို ရူးသွပ်စေသည်။ စွမ်းအင်တစ်ခု ဖြစ်သည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါဦးမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၉-၂၀၁၂
0 comments:
Post a Comment