သီတဂူစတား

သီတဂူစတား

11 January 2013

လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံကြောင့်

လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်များ|
By Good Health

အထိုင်များတာက သင့်ကျန်းမာရေး အတွက် မကောင်းသလို မတ်တတ် ရပ်တာ များရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့် တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့်နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့တာမှာ မတ်တတ်ရပ်တာနဲ့ ထိုင်တာကို မျှခြေဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်း မလုပ်တဲ့အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်းနေတာကြောင့် တက်ကြွ လန်းဆန်းမှုမရှိ ဖြစ်နေတတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ် လောက် ခန္ဓာကိုယ်ကို အကြော ဆန့်ပေးတာမျိုး လုပ်ဆောင်ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ထိုင်ရာက မထဘဲ စကား လှမ်းပြောမယ့်အစား နေရာ အရောက်သွားပြီး စကားပြောဆိုပါ။ ဖုန်း ပြောတဲ့အခါ လမ်းလျှောက်ပြီး ပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှားဆောင်ရွက် နေတာထက် ထိုင်နေတဲ့အချိန်က ပိုများနေပါ သလား။
လှုပ်ရှားမှုနည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေအပြင် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများစေပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေများတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဖြေရှင်းနည်းတွေကို ရေးသားလိုက်ပါတယ်။

(၁) နောက်ကျောနာကျင်ခြင်း
လှုပ်ရှားမှုနည်းတာကြောင့် နောက် ကျောနာကျင်မှုကို ဖြစ်စေတယ်လို့ နော် တင်ဟမ်တက္ကသိုလ်မှ အားကစားနဲ့ ဆေးပညာဆရာဝန် ဒေါက်တာ တင်ဘိတ်ကာက ပြောပါတယ်။ တက်ကြွလှုပ်ရှားတဲ့ နေ ထိုင်မှုပုံစံက သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားနဲ့ အရွတ်တွေရဲ့ လုပ်ဆောင်မှု တွေကိုလည်း ကောင်းစေပါတယ်။ လှုပ်ရှား မှုနည်းတာက ကြွက်သားတွေရဲ့ တောင့် တင်းအားကို လျော့နည်းစေပြီး နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။ သင်က လှုပ်ရှားမှုနည်းလို့ နောက်ကျောနာ ကျင်တဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင်တောင် လှုပ်ရှားမှုများတဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲနေ ထိုင်မယ်ဆိုရင် နာကျင်မှု ဝေဒနာတွေ လျော့နည်း သက်သာနိုင်ပါ တယ်။

(၂) အဝလွန်ခြင်း

အဝလွန်တဲ့လူတွေက လှုပ်ရှားမှု နည်းကြပြီး လှုပ်ရှားမှုနည်းတဲ့လူတွေက အဝလွန်တတ်ကြပါတယ်။ အဝလွန်တာနဲ့ လှုပ်ရှားမှုနည်းတာက ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်ဖြစ်တာလဲ ဆိုတာလိုပဲ ပြောရခက်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းနိုင်ပါတယ်။

(၃) ကြွက်သားများ ပျော့တွဲလာခြင်း

အချိန်ကြာရှည်စွာ ထိုင်တာက ကြွက်သားတွေပျော့တွဲလာစေပါတယ်။ ကြွက်သားတွေကို အသုံးမပြုတာ ကြာ လာတဲ့အခါ ကြွက်သားရဲ့ တောင့်တင်း အား ကျဆင်းလာပါတယ်။ ဒါကြောင့် ကြွက်သားတွေ တောင့်တင်းသန်မာလာ စေဖို့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ငါး ပါတယ်။

(၄) နှလုံးတိုက်ခိုက်ခံရခြင်း
သင်က လှုပ်ရှားမှုနည်းပြီး အထိုင် များတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေး လှည့်ပတ်မှုနည်းသွားတာက နှလုံးတိုက် ခိုက်ခံရနိုင်ခြေ များစေပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေရောက်ရှိဖို့အ တွက် ညှစ်ထုတ်ပေးပါတယ်။ လှုပ်ရှားမှု နည်းတာကြောင့် နှလုံးကြွက်သားတွေ လည်း အားနည်းလာပါတယ်။ နှလုံး ကြွက်သားတွေ သန်မာဖို့အတွက် ရေကူး တာ၊ ရွရွပြေးတာ၊ လမ်းလျှောက်တာ၊ လှေကားတက်တာနဲ့ ဥယျာဉ်ခြံစိုက်ပျိုး တာတွေကို လုပ်ဆောင်သင့်ပါတယ်။

(၅) လေဖြတ်ခြင်း
လှုပ်ရှားတက်ကြွမှုရှိတဲ့ နေထိုင်မှုပုံ စံကြောင့် လေဖြတ်နိုင်ခြေလျော့နည်းနိုင် ပါတယ်။ နှလုံးရောဂါရှိသူ၊ ကိုယ်အလေး ချိန်များသူ၊ လှုပ်ရှားမှု မရှိသူ၊ သွေးတိုးရှိ သူနဲ့ ဆေးလိပ်သောက်သူတွေဟာ လေ ဖြတ်နိုင်တဲ့ အခွင့်အလမ်းများသူတွေပါ။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ် ဆောင်တာတွေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၆) ကင်ဆာဖြစ်ခြင်း
လှုပ်ရှားတက်ကြွမှုမရှိတာကြောင့် ရင်သားကင်ဆာ၊ အူကင်ဆာနဲ့ သားအိမ် ကင်ဆာဖြစ်ပွားမှုကို များစေပါတယ်။ အင်္ဂလန်နိုင်ငံမှာ လှုပ်ရှား တက်ကြွတဲ့နေ ထိုင်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေ ကို လျှော့ချနိုင်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာကြောင့် ကိုယ်တွင်းအဆီတွေကို လျှော့ချပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါ
လှုပ်ရှားမှုနည်းတာကြောင့် သွေး တွင်း အင်ဆူလင်ပမာဏကို လျော့နည်း စေပြီး အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ လေ့ကျင့်ခန်း ကို တစ်နေ့ မိနစ် ၂၀နဲ့ တစ်ပတ် ငါးကြိမ် ပြုလုပ်ဖို့ လိုပါတယ်။

(၈) စိတ်ဓာတ်ကျခြင်း
Bristol တက္ကသိုလ်မှ သုတေသီတွေက လှုပ်ရှားမှုမရှိသူတွေဟာ စိတ်ဓာတ်ကျ ရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆခန့် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ လှုပ်ရှား မှုရှိသူတွေဟာ ခန္ဓာကိုယ်ကနေ ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိတာကြောင့် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

(၉) အယ်လ်ဇိုင်းမားရောဂါ
ချီကာဂိုတက္ကသိုလ်မှ လေ့လာသူ တွေက လေ့ကျင့်ခန်းလုပ်ဆောင်မှုနဲ့ အယ်လ်ဇိုင်းမားရောဂါ ဆက်စပ်မှုရှိတယ် လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ လှုပ် ရှားမှုမရှိတဲ့လူတွေဟာ လှုပ်ရှားမှုရှိသူတွေ ထက် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင် ခြေ ၄၅ ရာခိုင်နှုန်း ပိုမိုတာကို တွေ့ရှိခဲ့ပါ တယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သက်ကြီးသတိမေ့ရောဂါဖြစ်ပွားမှုကိုပါ လျှော့ချနိုင်ပါတယ်။ မျိုးရိုးမှာ အယ်လ် ဇိုင်းမားရောဂါရှိသူ ရှိပါက လှုပ်ရှားမှုများ တဲ့နေထိုင်မှုပုံစံနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချသင့်ပါတယ်။

(၁၀) အရိုးပါးရောဂါ

အရိုးသိပ်သည်းဆနည်းလာပြီး ကြွပ်ဆတ်လာတာကြောင့် အရိုးကျိုးနိုင် ခြေများလာပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာ တွေသာ မလုပ်ဆောင်ဘူးဆိုရင် အရိုးပါးလာပြီး ကျိုးနိုင်ခြေ များပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၀၁-၂၀၁၃

07 January 2013

အိမ်ဖော်မလေး၏ ဘ၀နဲ့ ကံကြမ္မာ

အိမ်ဖော်မလေး၏ ဘ၀နဲ့ ကံကြမ္မာ
 
စာမိတ်ဆက်
တနေ့က ကျောင်းအမတစ်ယောက်က စာရေးသူ၏ “ချစ်ခြင်းကို မခွဲပါနဲ့” ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး သူ့အတွေ့ကြုံနဲ့ပတ်သက်ပြီး မေးထားတာလေးဖြစ်သည်။ တပည့်တော်မကလေ လူမှန်းသိတတ်စထဲက ဘယ်သူ့အပေါ်ကိုမဆို ရိုင်းပြစွာ၊ မောက်မာစွာ မဆက်ဆံဘူးခဲ့ဘူး၊ အနိုင်လဲ မကျင့်ခဲ့ဖူးးဘူး၊ တပည့်တော်မကသာ သူများ အနိုင်ကျင့်တာကို အမြဲခံခဲ့ရတာလေ။ တပည့်တော်မတို့အိမ်မှာ အိမ်ဖေါ်ဘယ်တာ့မှ မထားဘူး၊ ဒါပေမဲ့ ဆွေမျိုးတွေထဲမှာ နဲနဲပါးပါးနွမ်းနေတဲ့ ဆွေမျိုးအချို့ကို မိဘတွေက ခေါ်ယူစောင့်ရှောက်ခဲ့။ အစ်ကိုအရွယ် အစ်မအရယ်၊ အရွယ်တူတွေ တစ်ယောက်ပြီး တစ်ယောက် အတူတူ နေကြတယ်။ သူတို့တတွေကို တပည့်တော်မက ဘယ်တုန်းကမှ မောက်မာ ရိုင်းစိုင်း ငြူစူတဲ့ အကျင့်မရှိခဲ့ဘူး။ ကိုယ်ကပဲ ကြည်ကြည်ဖြူဖြူ တပည့်တော်မ ပင်ကိုယ်စိတ်ဓာတ်ကိုက လူတစ်ဘက်သားကို သနားတတ်တယ်၊ အလျော့ပေးတတ်တယ်၊ အောက်ကျို့ခံပြီး ပေါင်းသင်းတတ်တယ်။
အဲလိုမျိုးနေခဲ့တာတောင်မှ တပည့်တော်မကို ငြူစူသူ၊ မောက်မာသူ အငြိုးအတေးထားသူတွေ ပေါ်ပေါ်လာတယ်။ ပေါ်လာတိုင်းလဲ သူတို့ကို မေတ္တာပို့ပေးတယ်၊ အာဃာတ ဆိုတာ မထားဘဲ နေတယ်။ အဲလိုမျိုး အပြုအမူခံရတာတွေက အခုလက်ရှိဘ၀ရဲ့ ကံတရား၊ ကံ၏ အကျိုးပေးကြောင့်လား၊ ဒါမှမဟုတ် ဟိုးအတိတ်ဘ၀ ဟောင်းတစ်ခုခု ကလား။

အခု လက်ရှိဘ၀မှာ တပည့်တော်မအနေနဲ့ ကောင်းအောင်နေပေမဲ့ ကိုယ့်အပေါ်မကြိုက်တဲ့သူတွေရှိနေတယ်။ အခုလို အပြုအမူတွေ ခံနေရတာတွေကို ပြေပျောက်အောင် တပည့်တော်မအနေနဲ့ ဘယ်လိုလုပ်ရမလဲ၊ ဆုံးမစကားလေးပေးပါ။ ဆုံးမ စကားတွေကိုလဲ လိုက်နာကျင့်သုံးပါ့မယ်။ ကျောင်းအမရဲ့ စာကို ဖတ်ပြီး ဘုရားလက်ထက်က ရဇ္ဇုမာလာ အစေခံမလေးအကြောင်းကို သတိရသွားသည်။ ထို့အတွက် ကံအကြောင်း တစ်စိတ်တစ်ဒေသကို ရဇ္ဇုမာလာဘ၀အကြောင်းနဲ့ ထင်ဟပ်စေလိုက်ပါသည်။

ရူးသွပ်စေသော ကံအကြောင်း
လောကမှာ မကြံစည်ကောင်း မကြံအပ်သော အရာ ၄ မျိုးရှိသည်၊ ဘုရားရှင်၏အရာ၊ ဈာန်အရာ၊ ကံ၊ ကံ၏အကျိုးနှင့် လောကကြီးအကြောင်းတို့သည် အလွန်ဆန်းပြား နက်နဲ ကျယ်ပြန့်သည်ဖြစ်ရကား ထိုအကြောင်းအရာများကို စဉ်းစားတွေးခေါ်နေလျှင် ပင်ပန်းမည်၊ ရူးသွပ်သွားမည်ဟု ဘုရားရှင် မိန့်ခဲ့သေးသည်။ ထို့ကြောင့် တချို့ကံ၏ အကျိုးတွေ ကိုယ့်ဥာဏ် ကိုယ့်အတွေး လိုက်မမီအောင် ဆန်းကျယ်သည်ကို တွေ့ရသည်။ သို့သော်လည်း ကိုယ်မီသလောက်လေးကိုပဲ တွေးဖြစ်ကြသည်၊ ရေးဖြစ်ကြသည်။

ကံအကြောင်းနဲ့ပတ်သက်တာကို စာရေးသူ၏ဆိုက်မှာ “ဘ၀ရဲ့အနိမ့်အမြင့်” ပို့စ်ကဲ့သို့ ပို့စ်တော်တော်များများမှာ ရေးခဲ့ဖူးသည်။ ထိုပို့စ်ကို ဖတ်လိုက်ခြင်းအားဖြင့် ဒီကနေ့ ဖြစ်ပေါ်နေသော လူတွေရဲ့ ဘ၀ အနိမ့်အမြင့်၊ ဆက်ဆံရေး၊ သဘောထားတွေရဲ့ တစ်စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်ပါလိမ့်မည်။ အထက်ပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ထိုပို့စ်က အထောက်ကူပြုပါလိမ့်မည်။

ကိုယ်က သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်၊ ကောင်းကောင်း ဆက်ဆံနေတယ်။ ဒါပေမဲ့ ကိုယ် ပြန်ရလိုက်တာက သူ့ရဲ့ အမုန်းတရား၊ သူ့ရဲ့ မောက်မာတဲ့ တုန့်ပြန်မှု၊ သူ့ရဲ့ ကြမ်းထမ်းတဲ့ အပြုအမူပဲ။ အဲဒါ ဘာကြောင့်ဘာလဲ၊ ဒီလိုမေးခွန်းအလားတူပဲ၊ ကိုယ်က ကောင်းကောင်းနေတယ်၊ သီလတွေလဲ မကျိုးအောင် ဆောက်တည် ကျင့်သုံးတယ်၊ ကိုယ်တတ်နိုင်သလောက်လဲ လိုအပ်နေသူတွေကို ဝေငှတယ်၊ ပေးကမ်းတယ်၊ လှူဒါန်းတယ်။ ဒီလောက် ကောင်းတာတွေချည်းလုပ်နေရဲ့သားနဲ့ အဆိုးတွေချည်း ရင်ဆိုင်နေရတယ်။ ဒီလိုပြဿနာတွေက လူ့လောကမှာ ဒူးနဲ့ဒေး တွေ့ကြုံနေရတယ်။ တချို့ကြပြန်တော့ သားသတ်၊ ငါးသတ်၊ ၀က်သတ်နဲ့ ကြီးပွားချမ်းသာနေလိုက်ကြတာ။ ဒီလိုအဖြစ်အမျိုးတွေ ကြုံတွေ့နေရတော့ လူတွေမှာ ကောင်းတာလုပ်ဖို့ ဇဝေဇ၀ါ ဖြစ်သွားကြတယ်၊ ကံတရားအပေါ် သံသယ၀င်လာကြတယ်။ တကယ်တော့ သူတို့တတွေ ကံတရားနှင့် ကံ၏အကျိုးတရားကို ကောင်းကောင်း နားမလည်သေးလို့ပါပဲ။

“မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ နပစ္စတိ” သတ္တ၀ါတွေဟာ အကုသိုလ်ကံ အကျိုးမပေးသေးခင်တော့ သူလုပ်နေတဲ့ အလုပ်တွေကို ပျားရည်လို ချိုမြိန်ကောင်း ချိုမြိန်နေပါလိမ့်မည်။ “ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ” အကျိုးပေးချိန်ကျပြီဆိုတော့မှ ဒုက္ခလှလှတွေ ခံစားကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့မှ ဓားသွားပေါ်က ပျားရည်ဆိုတာ သဘောလာကြတာ ဖြစ်ပါတယ်။ အကုသိုလ်ကံက ချက်ချင်းအကျိုးပေးတဲ့ ကံရှိသလို နောက်နောက် ဘ၀တွေမှ အကျိုးပေးတာလဲ ရှိပါတယ်။ ဘုရားရှင်အား ပြစ်မှားစော်ကားခဲ့တဲ့ အရှင်ဒေ၀တ်၊ အဖေကို ညှင်းပန်းနှိပ်စက်ပြီး သတ်ခဲ့တဲ့ အဇာတသတ်၊ ၀က်သတ်ရုံထောင်ပြီး နစ်ပေါင်းများစွာ အသက်မွေးဝမ်းကြောင်း ပြုခဲ့သော စုန္ဒတို့ ဒီဘ၀မှာပဲ အကျိုးပေးခြင်းကို ခံစားကြရသည်။ တခါတရံ အကုသိုလ်ကံအဟုန်က နည်းနေသေးရင် အကျိုးပေးရန် အချိန်တစ်ခုတော့ စောင့်သည်။ ထိုအချိန်မှာ ထိုအကုသိုလ်ကံတွေက ပျားရည်လို ချိုမြိန်နေသည်ဟု ထင်တတ်သည်။

ကုသိုလ်ကောင်းမှုတွေဆိုလဲ ထို့နည်းတူပါပဲ။ အကျိုးပေးချိန်တန်မှ အကျိုးပေးမှာပါ၊ သူဋ္ဌေးအလုပ်သမား မောင်ပုဏ္ဏ မယ်ဥတ္တရာတို့ဆို နိရောဓသမာပတ်ဝင်စားရာမှ ကြွတော်မူလာသော အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို အစေခံ အလုပ်သမားတွေ စားလေ့စားထရှိတဲ့ မုန့်ပိုင်းလေးများ လှူဒါန်းလိုက်ခြင်းကုသိုလ်ကံ ချက်ချင်းလက်ငင်း အကျိုးပေးသည်။ သူဆင်းရဲက သူဋ္ဌေးရာထူးဘွဲ့ရသွားသည်။ ကုသိုလ်ကံတို့၊ အကုသိုလ်ကံတို့၊ ၀ဋ်တို့ဆိုတာ တချိန်မဟုတ် တချိန်တော့ အကျိုးပေးပါလိမ့်မည်။ အကုသိုလ်ကံ အကျိုးပေးပုံလေးကို ရဇ္ဇုမာလာအမျိုးသမီးလေးဘ၀က ထင်ရှားစေပါလိမ့်မည်။

အစေခံမလေး ရဇ္ဇုမာလာ ဘဝ
ဘုရားလက်ထက်က အစေခံမလေးတစ်ယောက် သူဋ္ဌေးအိမ် ရောက်လာတယ်၊ သူဋ္ဌေးမက သူ့ကို မြင်မြင်ခြင်းပဲ ရန်ငြိုးဖွဲ့တယ်၊ သူမအပေါ်မှာ ဘယ်လို မုန်းမှန်းမသိ မုန်းနေခဲ့တယ်။ အစေခံမလေးက နေ့တိုင်း သူဋ္ဌေးမအပေါ် ရိုသေတယ်၊ လုပ်သင့်လုပ်ထိုက်တဲ့ အိမ်၏အမှုကိစ္စတွေကို တာဝန်ကျေအောင် လုပ်ပေးနေပေမဲ့ သူဋ္ဌေးမဆီက သူရလိုက်တာက အမုန်းတရားချည်းပဲ ဖြစ်သည်။ နေ့စဉ် ထုထောင်းခံရသည်။ နေ့စဉ် အဆူ အပူခံရရုံမဟုတ်ဘဲ ဆံပင် စွဲစောင့်ခြင်း၊ ဆံပင်ဆွဲပြီး အမျိုးမျိုး ညှင်းပန်း နိပ်စက်ခြင်းကို ခံရသည်။ အစေးခံမလေးလဲ မိန်းမသားပီးပီ သူမ၏ အလွန်လှပ ကျောရှင်းတဲ့ ဆံပင်ကို မြတ်နိုးတွယ်တာပေမဲ့ ဒီဆံပင်ကြောင့်ပဲ အမျိုးမျိုး နိပ်စက်ခံရသည့်အတွက်ကြောင့် ဆံပင်ဆိုင်သွားပြီး ခေါင်းတုန်းပစ်လိုက်တော့သည်။
ဒါပေမဲ့ သူမခင်မျာ မလွတ်ရှာ၊ ဆံပင်ဆွဲစရာ မရှိပေမဲ့ နောက်တစ်မျိုးနဲ့ နိက်စက်ပြန်သည်။ ခေါင်းကို ကြိုးနဲ့ပတ်ပြီး တိရစ္ဆာန်များကို ရိုက်သလို အရိုက်ခံရပါတော့သည်၊ ခေါင်းကို အောက်ကို ငုံ့စေကာ အမျိုးမျိုး ညှင်းပန်းခြင်းကို ခံရပြန်သည်။ ထိုအချိန်က စပြီး သူမကို ရဇ္ဇုမာလာဟု ခေါ်ကြသည်။ ခေါင်းမှာ ကြိုးရှိသူ၊ သို့မဟုတ် လည်ပင်းမှာ ကြိုးကွင်းရှိသူကို ရဇ္ဇုမာလာဟု ခေါ်သည်။ (ရဇ္ဇု-ကြိုး၊ မာလာ-ပန်းကုန်း။)

ကိုယ့်ကိုယ်ကို သေကြောင်းကြံ

ရဇ္ဇုမာလာသည် ကိုယ့်ကိုယ်ကို သေဖို့ရန် ကြိုးစားတော့သည်။ လူတွေဟာ ပြသနာတစ်ခုကို မဖြေရှင်းနိုင်ရင်သော်၎င်း၊ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ အလွန်အကဲများလာရင်သော်၎င်း၊ အကောင်းဆုံးနည်းကို မရွေးဘဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားတော့သည်။ ကိုယ်သေသွားလျှင် ပြသနာ အေးသွားပြီဟု ထင်တတ်ကြသည်။ တကယ်တော့ ကိုယ့်ကိုယ်ကိုသေကြောင်း ကြံသူတွေက ပြသနာကို ရင်မဆိုင်နိုင်လို့ ကိုယ်လွတ် ရုန်းထွက်ပြေးသော သူရဲဘောကြောင်သူများ ဖြစ်ကြသည်။ နောက်တစ်ခုက အတ္တကြီးသူများ ဖြစ်ကြသည်။ ကိုယ့်အတွက်ပဲ ကြည့်သည်၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအ၀ိုင်းကို မကြည့်တတ်သော အတ္တသမားများသာ ဖြစ်သည်။ ဒီလို စိတ်ဖိဆီးမှုတွေကို ကိုယ့်အပေါ် မကျရောက်စေချင်၊ မခံစားချင်သောကြောင့် ရှောင်လွဲသွားတတ်သော အတ္တသမားများသာ ဖြစ်သည်။ ဒီလိုအဖြစ်အမျိုးတွေ ဘုရားလက်ထက်ကထဲက ရှိခဲ့သည်၊ ယနေ့ခေတ်အထိ ဘုရားပွင့်ခဲ့ရာ အိန္ဒိယဒေသမှာ ပိုမိုတွေ့မြင်ရသည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည့် အမှုများသည် တစ်ခြားနိုင်ငံများထက် အိန္ဒိယမှာ ပိုအဖြစ်များသည်။ လူတွေဟာ ကိုယ်ရလာတဲ့ ရခဲတဲ့ လူ့ဘ၀ကို တန်ဖိုးထားရကောင်းမှန်းမသိ ဖြစ်နေတတ်သည်၊ ထိုအခါ လွယ်လွယ်နဲ့ တန်ဖိုးရှိတဲ့ ဘ၀ကို အလွယ်တကူစွန့်လွတ်နိုင်ခဲ့ကြသည်။ အသိတရားနဲပါးသည်ဟု ကောက်ချက်ချ ရတော့မည်ဖြစ်သည်။

ရဇ္ဇုမာလာလည်း ထိုနည်းတူစွာ သူဋ္ဌေးမ၏ ညှင်းပန်းနိက်စက်မှုကို မခံစားနိုင်ဖြစ်ရသည်။ “နေ့စဉ်နေ့စဉ် သူဋ္ဌေးမရဲ့ ကြမ်းတမ်းတဲ့ ဆဲသံဆိုသံပဲ ကြားရသည်၊ နေ့စဉ် သူဋ္ဌေးမရဲ့ အမျိုးမျိုးနိက်စက်တာကိုပဲ ခံနေရသည်၊ ဒီလို လူ့ဘ၀မှာ အသက်ရှင်နေခြင်းက ဘာမှအကျိုးမရှိ၊ သေတာမှ ကောင်းလိမ့်ဦးမည်” ဟု အသက်ဆက်ရှင်နေခြင်းကို ငြီးငွေ့လာသည်၊ ရေအိုးထဲ ကြိုးခွေကို ထည့်ပြီး ရေဆိပ်သို့ ရေခပ်ဟန် ထွက်ခဲ့သည်။ တောအုပ်ကြီးတစ်ခုထဲ ရောက်လာပြီး သစ်ပင်ကြီးတစ်ပင်ပေါ်တက်သည်၊ ကြိုးစတစ်စကို ကွင်းလုပ်ပြီး လည်ပင်းကို စွပ်လိုက်သည်၊ ကြိုးတစ်စကိုတော့ သစ်ပင်ကြီးက ကိုင်းတစ်ကိုင်းကို ချည်ထားလိုက်ပြီး ခုန်ချတော့မည့်ဟန်ပြင်လိုက်မှ ကံကောင်းချင်တော့ ထိုသစ်ပင်ကြီးအနီးအနားမှာ ဘုရားရှင်က စောင့်နေသည်။ ဘုရားရှင်ကို မြင်လိုက်တော့မှ “ဘုရားရှင်က ငါ့လိုလူကို အလေးထားပါ့မလား၊ ဘုရားရှင်၏ တရားနာခွင့်ရရင်တော့ ဒီလို စက်ဆုပ်ဖွယ် အသက်ရှင်နေရခြင်းက လွတ်ကောင်းပါရဲ့”ဟု အတွေးဝင်နေတဲ့ အချိန် ဘုရားရှင်က ချစ်သမီး ရဇ္ဇုမာလ လို့ခေါ်လိုက်သည်။ ငါ့လိုအစေခံမ၏ အမည်ကို ဘုရားရှင်က ခေါ်သည်၊ သောကတွေ ဒုက္ခတွေ၊ စိတ်ဖိစီးမှုတွေနဲ့ နောက်ဆုံး ထိုဒဏ်တွေကို မခံနိုင်လို့ ဘ၀ကို အရှုံးပေးတော့မည့်အချိန်မှာ ဘုရားရှင်၏ ရဇ္ဇုမာလဆိုတဲ့ ခေါ်သံက သူမအတွက် အမြိုက်ရေအေးနဲ့ သွန်းဖြန်းပေးလိုက်သလို ခံစားရသည်။ အလွန့်လွန်ကို အေးချမ်းသွားသည်။

ဘယ်သူမပြု မိမိမှု
သူ့ဆီချဉ်းကပ်လာသော ရဇ္ဇုမာလာအား ဘုရားရှင်က ယခုလို သူဋ္ဌေးမ၏ ဆဲဆို ကြိမ်းမောင်း၊ ညှင်းပန်းနိက်စက်ခြင်းကို ခံရတယ်ဆိုတာ သင်လုပ်ခဲ့တဲ့ ကံ ပြန်ခံရတာပဲ။ ဘယ်သူကမှ လုပ်တာမဟုတ် သင်ကိုယ်တိုင်ပဲ လုပ်ခဲ့တာ ဆိုပြီး အတိက်ဘ၀ ရဇ္ဇုမာလာသည် သူဋ္ဌေးမဖြစ်ခဲ့ဘူးသည်။ သူ့ကို ညှင်းဆဲတဲ့ သူဋ္ဌေးမက အိမ်အဖော်ဖြစ်ခဲ့သည်။ အတိတ်ဘ၀က အိမ်ဖော်မကို ဒီလိုပဲ ဆဲဆို ကြိမ်းမောင်း၊ ညှင်းပန်းနိပ်စက်ခဲ့ဖူးသည်။ ထို အကုသိုလ်ကံက အခု အကျိုးပေးတာပဲ ဆိုပြီး “ကိုယ့်ကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း” ကံ၊ ကံ၏ အကျိုးကို ဟောပေးလိုက်သည်။ ရဇ္ဇုမာလာ သောတာပန် အရိယာမကြီး ဖြစ်သွားသည်။

အိမ်ပြန်လမ်း
ရဇ္ဇုမာလာသည် သူဋ္ဌေးမ အိမ်သို့ပြန်သည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ တောထဲကို ရောက်လာသော ရဇ္ဇုမာလာ၏ မျက်နှာနှင့် အိမ်အပြန်လမ်း မျက်နှာတို့ မတူကွဲပြားလျှက်ရှိသည်။ လာတုန်းက စိုးရိမ်စိတ်၊ ပူပန်စိတ်နဲ့ ပင်ပန်းကြီးစွာ လာရသည်။ အိမ်အပြန်လမ်းမှာတော့ သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ ကရုဏာ၊ မေတ္တာတရားတွေနဲ့ “ သူဋ္ဌေးမသည် ငါ့ကို သတ်လျှင်လဲ သတ်ပါစေ၊ ညှင်းဆဲရင်လဲ ညှင်းဆဲပါစေ၊ သူပြုသမျှခံပါမည်”ဟု နှလုံးသွားထားသည်။ သို့သော်လည်း သူထင်သလို မဖြစ်ဘဲ သူဋ္ဌေးမက ဆီးကြိုနေသည်။ “သမီး ဘယ်သွားနေလဲ၊ ကြာလိုက်တာ” ဟု ပြုံးရွှင်သော မျက်နှာဖြင် ဆိုသတဲ့။ ဘုရားရှင်နဲ့တွေ့ခဲ့ပုံတွေ အကြောင်း ပြောပြတော့ အံသြခြင်၊ ၀မ်းသားခြင်းနဲ့အတူ ဘုရားရှင်နှင့် သံဃာတော်တွေကို အိမ်ပင့်ပြီး ဆွမ်းကပ်၊ ဘုရားရှင်က တရားဟောတော့ သူဋ္ဌေးနှင့် သူဋ္ဌေးကတော်တို့ ရတနာသုံးပါးကို ဆည်းကပ်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားသည်။ အစေခံမလေး ရဇ္ဇုမာလာသည်လည်း သူဋ္ဌေးကြီး၏ မွေးစားသမီး ဖြစ်သွားတော့သည်။

ကိုယ်က အကောင်းဆုံး ဖြစ်အောင် နေခဲ့ပေမဲ့၊ ကိုယ့်အပေါ်မှာတော့ ကံမကောင်း အကြောင်းမလှတာတွေချည်း ကျရောက်လာသည်။ ကိုယ်ပြုတဲ့ ကုသိုလ်အဟုန်က နဲနေသေးခြင်း၊ ရှေးရှေးဘ၀က ပြုခဲ့တဲ့ မကောင်းကံအဟုန်တွေ အားကောင်းနေဆဲ ဖြစ်သည်။ ရှေးယခင် အကုသိုလ်ကံတွေကို အရှိန်ရော့သွားအောင် နဲသွားအောင် ပါးသွားအောင် ကောင်းကံတွေ များများနဲ့ အစားထိုးဖို့လိုသည်။ အဖေသတ် အမေသတ် ဘုရားကို ပြစ်မားခြင်း စတဲ့ ကြီးလေးတဲ့ ဂရုကံကလွဲရင် သေးမွှားတဲ့ အကုသိုလ်ကံတွေကို ကုသိုလ်ကံဖြင့် အရှိန်ရော့သွားအောင် နဲသွားအောင် ပြုလုပ်နိုင်သည်၊ နောက်ဆုံး အကျိုးမပေးအောင် (အဟောသိကံ) လုပ်နိုင်သည်။ အဖေကို သတ်ခဲ့သော အဇာတသတ်သည် ဘုရားရှင်နဲ့တွေ့ပြီး ကုသိုလ်ကံကြီးကြီးမားမား ပြုလုပ်ခဲ့သဖြင့် ငရဲကျမည့် လျှော့ရက်များ ရသွားသည်။ အကုသိုလ်ကံများကို လုံးဝ ပယ်သတ်နိုင်သည်ကား မဂ်ကုသိုလ်များသာဖြစ်သည်။ နောက်ဆုံး အကုသိုလ်ကံကိုသာ မက ကုသိုလ်ကံများကိုလည်း ပယ်သတ်နိုင်သည်ကား အရဟတ္တမဂ် ဖြစ်သည်။ ရဟန္တာအရှင်မြတ်များသည် ဘ၀ သံသရာကို ရှည်စေသည့် ထိုကံနှစ်မျိုးလုံးကို လုံးဝပယ်နိုင်သွားကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၀-၂၀၁၂

03 January 2013

သမိုင်းဝင် ပေးစာ

သမိုင်းဝင် ပေးစာသုံးစောင်
စာမိတ်ဆက်
“သမိုင်းဝင်ပေးစာဟု ဆိုချင်ပါသည်။ ဒီစာပေးချိန်သည် စာရေးသူ အစိုးရဓမ္မာစရိယတန်းအောင်ပြီးနှစ်ဖြစ်သည် (ကြွားတာ)။ မှတ်မိမည် ထင်ပါသည်၊ အဲဒီနှစ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် တည်ထောင်သူ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ကြီး၏ နှစ်တစ်ရာပြည့် (ရာပြည့်) အထိမ်းအမှတ်ပွဲသို့ အစိုးရ အရာရှိများကို ဖိတ်မန်ထားသည်၊ သို့သော်လည်း  ရဟတ်ယဉ်မတော်တဆဖြစ်မှုကြာင့် အတွင်းရေးမှူ (၂) ဒုတိယဗိုလ်ချုပ်ကြီး ဦးတင်ဦးဆုံးသွားခဲ့ရခြင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြရသည်၊ ထို့အတွက်ကြောင့်လဲ နာရီပိုင်းအလိုမှ အတွင်းရေးမှူး (၁) လည်း ရာပြည့်ပွဲသို့ မလာနိုင်ဖြစ်ခဲ့ရသည့် နှစ်ဖြစ်သည်။
ထိုနှစ်ထိုအခါက နိုင်ငံ၏အရေးသည် တစ်ဖက်နှင့်တစ်ဖက် အထိမခံဖြစ်ခါ နိုင်ငံကြီးတစ်ခုလုံး ပူလုံးကြွနေသည့် အချိန်လည်း ဖြစ်သည်။ ဤသို့သောအခြေအနေမှာ ပြည်သူလှူသည့် ပစ္စည်းလေးပါးကို အမှီပြုနေရသော ဆရာတော်သံဃာတော်များလည်း ပြည်သူအပူအရှိန်ဟတ်ခံရသဖြင့် မနေသာ ဖြစ်ရသည်။ ထို့ကြောင့် ပြည်သူ၏အပူအတွက် ရင်မအေးသော တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ လက်ရှိ နာယကချုပ်ဆရာတော်ကြီးက နိုင်ငံတော်အတွက် အရေးပါသည်ဟု ထင်ရသော ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ၂။ လက်ရှိ အာဏာရ ဗိုလ်ချုပ်မှူးကြီးထံ၊ ၂။ အငြိမ်းစား ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး ဦးနေ၀င်းထံသို့ ပေးစာများဖြင့် မေတ္တာရပ်ခံထားသည်မှာ သမိုင်ဝင်ပေးစာအဖြစ် ဖော်ပြလိုက်ပါသည်။
သီတဂူစတား
၂-၀၁-၂၀၁၃
 ++++++++++++++++++++++++
သမိုင်းဝင်ပေးစာ၏နိဒါန်း

ဘာသာဋီကာဆရာတော်ကြီးသည် တိုင်းပြည်အရေးကို သာသနာရေးဖြင့် မြှင့်တင်ရန်ဟူသော ခံယူချက်ဖြင့် အမျိုးဘာသာ သာသနာအတွက် ကြိုးစားတော်မူခဲ့သည့်နည်းတူ တပည့်ဖြစ်သော မွေးနေ့ရှင်ဆရာတော်သည်လည်း မိမိခေတ်တွင် တွေ့ကြုံရသော အခြေနေတို့အရ သာသနာရေးသာမက တိုင်းပြည်နှင့်လူမျိုးတို့၏ အကျိုးအတွက်လည်း တာဝန်ကျေခဲ့ကြောင်း ဆရာတော်၏ မေတ္တာစေတနာ သရုပ်ကို ဤပေးစာဖြင့် သိရှိနိုင်ကြရန် ပြန်လည်ဖော်ပြလိုက်ပါသည်။ ထိုစာများကိုလည်း ယခုနှစ် နာယကချုပ်ဆရာတော်ကြီး၏ သက်တော် (၈၀)ပြည့် အထိမ်းအမှတ်စာဆောင်တွင် ဖော်ပြထားသည်ကို တွေ့ရသဖြင့် ကူယူဖော်ပြလိုက်ပါသည်။
(၅.၁၁.၁၉၉၉ခုနှစ်
ဒါယိကာမလေး အောင်ဆန်းစုကြည် နာယကချုပ်ထံ လာရောက်ဖူးမျှော်စဉ်)
 
သမိုင်းဝင်ပေးစာ (၁)

နေ့စွဲ။ ။ ၂၅.၁၁.၁၉၉၉
ဒါယိကာမလေး အောင်ဆန်းစုကြည်ထံ

ဘုန်းကြီးယခုပေးစာမှာ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိ သံဃာတော် (၁၀၀၀) ကျော်၏ကိုယ်စား ရေးသောစာဖြစ်ပါသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်ဆီတုန်းက ဒါယိကာမလေးတို့အဖွဲ့ အညာတစ်ခွင် လှည့်လည်စဉ် အမရပူရမြို့ မဟာဂန္ဓာရုံတိုက်သို့ ၀င်လာပြီး သံဃာတော် (၁၀၀၀) ကျော်ကို ဖူးမျှော်ကန်တော့ကာ သြ၀ါဒနာယူခဲ့ဖူးတာကို မှတ်မိပါသေးရဲ့လား။

ထိုစဉ်က ဘုန်းကြီးပေးလိုက်သောသြ၀ါဒတွင် “ယခုတွေ့ကြတာဟာ အဖေ့သားတွေနှင့် အဖေ့သမီးများ တွေ့ဆုံပွဲပါ၊ အားလုံးတပ်မတော်သားများနှင့် ဒါယိကာမလေးအပါအ၀င် မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအားလုံးဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အဖေ့သားတွေနှင့် အဖေ့သမီးတွေချည်းပါ။” လို့ပြောခဲ့ပါသည်။

တိုင်းပြည်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သားတွေ သမီးတွေ ဖြစ်ကြသလို တိုင်းပြည်လွတ်လပ်ရေးရလျှင် သာသနာဘက်ကလည်း ဘယ်လိုသန့်ရှင်းရေးတွေပြုပြီး သာသနာသန့်စင်စေရမည်လို့ အနာဂတ်သာသနာရေးကျမ်းစာ စသည်တွေကို ရေးပြီးပြင်ဆင်နေတဲ့ ကျမ်းပြုအကျော် အရှင်ဇနကာဘိဝံသရဲ့ သားတွေ သမီးတွေ ပြောလျှင်လည်း ရနိုင်တာမို့ အားလုံး အဖေ့သားတွေ အဖေ့သမီးတွေ မောင်နှမတွေချည်းသာဖြစ်ကြပါတယ်။

ယခုအခါ အဖေ့သမီးနှင့် အဖေ့သားများ ညီကိုမောင်နှမ အချင်းချင်း ကဲ့ရဲ့သဂြိုင်္ စကားတင်းဆိုပြီး ဆယ်နှစ်ဆယ်မိုးကျော်အောင် ရန်ဖြစ်နေကြသည်ကို မြင်တွေ့ကြားသိနေရသဖြင့် အဖေ့သားများဖြစ်ကြသော သံဃာတော် ရဟန်းတော်များမှာ နှလုံးစိတ်ဝမ်း မချမ်းသာကြပါ။
သို့ပါ၍ အဖေ့သားနှင့်အဖေ့သမီး အချင်းချင်း ….
၁။ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတိတ် အနာဂတ်တွေ မထား၊ သင်ပုန်းချေငြိမ်းချမ်းရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ကြရန်။
၂။ တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းကို အတူလက်တွဲ ကြိုးစားအားထုတ်ပြုလုပ်ကြရန် မေတ္တာရပ်ခံကြပါသည်။
အရှင်ကုဏ္ဍလာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
နာယကချုပ်ဆရာတော်
မဟာဂန္ဓာရုံကျောင်းတိုက် အမရပူရမြို့။
မိတ္တူကို
၁။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
၂။ ဗိုလ်ချုပ်ကြီးဦးနေ၀င်း
၃။ လက်ခံ
++++++++++++++++++
သမိုင်းဝင်ပေးစာ (၂)
နေ့စွဲ။ ။ ၂၅.၁၁.၁၉၉၉
ဒါယကာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ

ဤစာကို ဘုန်းကြီးသည် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိ သံဃာတော် (၁၀၀၀) ကျော်၏ကိုယ်စား ရေးသောစာဖြစ်ပါသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်ဆီက ဒါယိကာမ (ဒေါ်)အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ အထက်အညာတစ်ခွင် လှည့်လည်စဉ်က ဘုန်းကြီးတို့ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် သံဃာတော်(၁၀၀၀)ကျော် ထံမှောက်သို့လည်း ၀င်ရောက်ဖူးမျှော်ကန်တော့ခြင်း သြ၀ါဒနာယူချင်း ပြုခဲ့ပါသည်။

ထိုစဉ်က ဘုန်းကြီးပေးလိုက်သောသြ၀ါဒတွင် “ယခုတွေ့ကြတာဟာ အဖေ့သားတွေနှင့် အဖေ့သမီးများ တွေ့ဆုံပွဲပါ၊ အားလုံးတပ်မတော်သားများနှင့် ဒါယိကာမလေးအပါအ၀င် မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအားလုံးဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အဖေ့သားတွေနှင့် အဖေ့သမီးတွေချည်းပါ။” လို့ပြောခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းနေစဉ် တိုင်းပြည်လွတ်လပ်ရေးရက သာသနာဘက်လည်း သန့်ရှင်းပြီး စနစ်တကျဖြစ်စေဖို့ရာ အနာဂတ်သာသနာရေးစသော ကျမ်းစာများကို ရေး၍ စီမံကိန်းဆွဲနေခဲ့သော ကျမ်းပြုအကျော် အရှင်ဇနကာဘိဝံသရဲက သားသမီးများဟုဆိုလျှင်လည်း မမှားနိုင်ကြောင်း၊ အားလုံးသည် လောကုတ္တရာ အဖေ့သား အဖေ့သမီးများလည်း ဖြစ်ကြပါသည်။

ယခုအခါ အဖေ့သမီးနှင့် အဖေ့သားများ ညီကိုမောင်နှမ အချင်းချင်း ကဲ့ရဲ့သဂြိုင်္ စကားတင်းဆိုပြီး ဆယ်နှစ်ဆယ်မိုးကျော်အောင် ရန်ဖြစ်နေကြသည်ကို မြင်တွေ့ကြားသိနေရသဖြင့် အဖေ့သားများဖြစ်ကြသော သံဃာတော် ရဟန်းတော်များမှာ နှလုံးစိတ်ဝမ်း မချမ်းသာကြပါ။

သို့ပါ၍ အဖေ့သားနှင့်အဖေ့သမီး အချင်းချင်း ….
၁။ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတိတ် အနာဂတ်တွေ မထား၊ သင်ပုန်းချေငြိမ်းချမ်းရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ကြရန်။

၂။ သင်ပုန်းချေငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက် တိုင်းပြည်တည်ဆောက်ရေးကို ညီကိုမောင်နှမအချင်းချင်း အတူလက်တွဲ၍ ကြိုးစားအားထုတ်ပြုလုပ်ကြရန်။
အဖေ့သားများဖြစ်ကြသော သံဃာတော်များက မေတ္တာရပ်ခံကြပါသည်။
အရှင်ကုဏ္ဍလာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
နာယကချုပ်ဆရာတော်
မဟာဂန္ဓာရုံကျောင်းတိုက် အမရပူရမြို့။
မိတ္တူကို
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒါယကာကြီးဦးနေ၀င်း
၃။ လက်ခံ
++++++++++++++++++++

သမိုင်းဝင်ပေးစာ (၃)
နေ့စွဲ။ ။ ၂၅.၁၁.၁၉၉၉
ဒါယကာကြီးဦးနေ၀င်းထံ

ဒါယကာကြီးတို့ မိသားစု ကျန်းမာသက်ရှည် သက်ရှည်ကျန်းမာစေကြောင်း နေ့စဉ် နံက်တိုင်း ဘုရားအာရုံပြုပြီးနောက် ဆုတောင်းမေတ္တာပို့သနေပါ၏။ ယခုစာရေးသားသော ဘုန်းကြီးမှာ ဒါယကာကြီးတို့
အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ကျမ်းပြုအကျော် ကျေးဇူးရှင်ဆရာတော်ကြီးထံမှောက်သို့ သုံးကြိမ်သုံးခေါက် လာရောက်ဖူးမျှော်စဉ်က ဆရာတော်ကြီး အနီးအပါးမှာ အမြဲရှိနေခဲ့သော ဘုန်းကြီးဖြစ်ပါသည်။

ဒါယကာကြီးနှင့် ပါလာသော ဒကာကြီး၏ ဇနီး ဒေါ်ခင်မေသန်းနှင့် သားသမီးများကိုလည်းကောင်း၊ ထိုစဉ်က သာသနာရေးဝန်ကြီး ဗိုလ်မှုးကြီးကျော်စိုး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဗိုလ်မှုးကြီးသောင်းကြည် အမှုးပြုသော ဒါယကာကြီး၏နောက်ပါ ပရိတ်သတ်များကိုလည်းကောင်း မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း လိုက်လံပြသခဲ့သော ဘုန်းကြီးတစ်ပါးလည်းဖြစ်ပါသည်။

ယခုဤစာကို အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိ သံဃာတော် (၁၀၀၀) ကျော်၏ကိုယ်စား ရေးသောစာဖြစ်ပါသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ဆီက ဒါယိကာမ (ဒေါ်)အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ အထက်အညာတစ်ခွင် လှည့်လည်စဉ်က ဘုန်းကြီးတို့ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် သံဃာတော်(၁၀၀၀)ကျော် ထံမှောက်သို့လည်း ၀င်ရောက်ဖူးမျှော်ကန်တော့ခြင်း သြ၀ါဒနာယူချင်း ပြုခဲ့ပါသည်။

ထိုစဉ်က ဘုန်းကြီးပေးလိုက်သောသြ၀ါဒတွင် “ယခုတွေ့ကြတာဟာ အဖေ့သားတွေနှင့် အဖေ့သမီးများ တွေ့ဆုံပွဲပါ၊ အားလုံးတပ်မတော်သားများနှင့် ဒါယိကာမလေးအပါအ၀င် မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအားလုံးဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အဖေ့သားတွေနှင့် အဖေ့သမီးတွေချည်းပါ။” လို့ပြောခဲ့ပါသည်။

တိုင်းပြည်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားများသမီးများ သဖွယ်ဖြစ်သောကြောင့် အဖေ့သားနှင့် အဖေ့သမီးများချည်းသာ ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမရှိပြီးနောက် တိုင်းပြည်ကို ဆက်လက်စောင့်ရှောက်သော ဒကာကြီး၏ သားများသမီးများ သဖွယ်ဖြစ်သောကြောင့် အဖေ့သား အဖေ့သမီးများပင်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒါယကာကြီးတို့ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေစဉ် ဘုန်းကြီးတို့ ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ကလည်း တိုင်းပြည်လွတ်လပ်ရေးရလျှင် သာသနာဘက်လည်း အချက်ကျကျ ပြုပြင်ဦးဆောင်နိုင်အောင် အနာဂတ်သာသနာရေးစသောကျမ်းစာများကို ရေးသားလျက် ကြိုတင်ပြင်ဆင်နေသည်ဖြစ်သောကြောင့် လောကုတ္တရာ အဖေ့သား အဖေ့သမီးဟုလည်း ဆိုနိုင်ပါသည်။

ယခုလောကီ လောကုတ္တရာဖခင်ကြီးများ၏ အဖေ့သားသမီးများဖြစ်ကြသော ညီကိုမောင်နှမအချင်းချင်း ကဲ့ရဲ့သဂြိင်္ုဟ် စကားတင်း၍ ရန်ဖြစ်နေကြသည်ကို တွေ့မြင်ကြားသိရသဖြင့် အဖေ့သားကြီးများဖြစ်သော သံဃာတော်များမှာ နှလုံးစိတ်ဝမ်း မချမ်းသာကြပါ။

သို့ပါ၍ အဖေ့သားနှင့် အဖေ့သမီးများဖြစ်ကြသော ညီအစ်ကိုမောင်နှမအချင်းချင်း အတိတ်အနာဂတ်တွေ မထားကြဘဲ…
၁။ သင်ပုန်းချေ ငြိမ်းချမ်းရေးပြုလုပ်ကြရန်။
၂။ သင်ပုန်းချေ ငြိမ်းချမ်းရေး ပြုလုပ်ပြီးနောက်တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ညီကိုမောင် နှမချင်းလက်တွဲ၍ ကြိုးပမ်းအားထုတ်ပြုလုပ်ကြရန်။
အဖေ့သားများဖြစ်သော သံဃာတော်များက မေတ္တာရပ်ခံအပ်ပါသည်။
အရှင်ကုဏ္ဍလာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
နာယကချုပ်ဆရာတော်
မဟာဂန္ဓာရုံကျောင်းတိုက် အမရပူရမြို့။
မိတ္တူကို
၁။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ လက်ခံ
တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ ညီနှောင်တစ်ပါး ပေးပို့သဖြင့် သမိုင်းဝင် ပေးစာများကို ဖော်ပြလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၂-၀၁-၂၀၁၃

29 December 2012

၂၀၁၂ မြန်မာနိုင်ငံတွင် အထင်ရှားဆုံး

၂၀၁၂ မြန်မာနိုင်ငံတွင် အထင်ရှားဆုံး
 
ယခုနှစ်အတွင်း ထူးခြားထင်ရှားမှု အရှိဆုံးသူများအဖြစ် The VoiceWeekly အယ်ဒီတာအဖွဲ့က သတ်မှတ်ရွေးချယ် ဖော်ပြလိုက်သည့် ပုဂ္ဂိလ်များတွင် သီတဂူဆရာတော်ကြီးလည်းပါဝင်သည်။

လင်းပွင့်စ မြန်မာနိုင်ငံတွင် အကောင်းအဆိုး ရောပြွမ်း ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် ဘာသာ ရေးနှင့် လူမှုရေး လှူဒါန်းကူညီမှု များအပြင် နိုင်ငံ ခြား တိုင်းပြည်အချို့၏ အဓိက အရေးကိစ္စရပ် အချို့တွင်ပါ သြဇာ သက်ရောက်မှုရှိရှိ လှုပ်ရှားခဲ့သူ၊ ဘွဲ့တော်ရင်း ဒေါက်တာအရှင် ဉာဏိဿရ ဟု ခေါ်တွင်ကာ မွန်ပြည်နယ် သထုံမြို့ သပိတ်အိုင်တောရ စခန်းတွင် လေးနှစ်ကြာ တရားအားထုတ်ခဲ့ခြင်းကို အစွဲပြု၍ သပိတ်အိုင် ဆရာတော်ဟုလည်း လူသိများသူ သီတဂူဆရာတော်ကို ယခုနှစ်အတွက် ထူးခြားထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လူထု အာရုံစိုက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် လက်ပံတောင်းတောင်အရေး အပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မှ မြန်မာဘုန်းတော်ကြီးကျောင်း အရေးတို့တွင်လည်း သက်တော် ၇၆ နှစ်ရှိ ဆရာတော်၏ ပါဝင်ဆောင် ရွက်မှုတို့မှာ များစွာ အရေးပါ ခဲ့သည်။

"ဒီပြဿနာက ရေနဲ့ ဖျန်းတာပဲ၊ ဒါပေမဲ့ ငရဲပြည်က ရေဖြစ်နေတယ်" ၊ "သမိုင်းတွင်မည့် မီးသင့်သင်္ကန်း" စသည့် ဆရာတော်၏ မှတ်ချက် စကားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော သက်တမ်းနုနု အစိုးရအတွက် ယခုနှစ်အတွင်း အမည်းစက်ဖြစ်စေသော လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းမှုနှင့်ပတ်သက်၍ များစွာ ထင်ရှားခဲ့သည်။ အစိုးရက တရားဝင်ဝန်ချ တောင်းပန်အပြီး သံဃာတော်များ တစ်နိုင်ငံလုံး ဆန္ဒပြ အရှိန်တက်လာမည့်အရေးကို အစိုးရနှင့် ဦးဆောင်သံဃာ တို့အကြား ညှိနှိုင်း စေ့စပ်သူအဖြစ် ကြားဝင်ကာ ဆန္ဒပြမှုများ ရပ်တန့်ရန် မိန့်ကြားအပြီးတွင် ဆန္ဒပြမှုများ အရှိန် လျော့ကျခဲ့သည်။

ပဲခူးတိုင်း ဒေသကြီး သဲကုန်းမြို့နယ် ဇာတိ၊ သက်တော် ၃၀ ကျော်အရွယ်မှ စတင်၍ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သူ၊ ၁၉၇၈ ခုနှစ်တွင် သီတဂူ သာသနာပြု အဖွဲ့ကို တည်ထောင်ကာ ရေအလှူတော်၊ အာယုဒါန ဆေးရုံတော်၊ ဗုဒ္ဓတက္ကသိုလ်၊ ဓမ္မဝိဟာရ စသည့် သာသနာပြု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူ၊ ဗုဒ္ဓ တရားတော်ကို နေ့စဉ် အနည်းဆုံး တစ်ကြိမ် တရားရေအေး တိုက်ကျွေးလျက်ရှိသူ ဆရာတော်သည် နိုင်ငံ အတွင်းရှိ အရေးကိစ္စများတွင် မိန့်ကြားလေ့ရှိသော မှတ်ချက်စကားမှာလည်း များစွာ ထိရောက်လှပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် အစိုးရ၊ အတိုက်အခံတို့အပြင် နိုင်ငံတကာ ဆက်ဆံရေး စာမျက်နှာ တွင်လည်း များစွာ အရေးပါလှသောကြောင့် ယခုကဲ့သို့ရွေးချယ်ရခြင်း ဖြစ်ပါသည်။

thevoicemyanmar မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၁၂-၂၀၁၂

တိုင်းပြည် အနှစ်ရှိသူများ

တိုင်းပြည် အနှစ်ရှိသူများ

တနေ့က သီတဂူဆရာတော်ကြီး၏ နိုဝင်ဘာ ၃၀ ရက်နေ့ ရန်ကုန်မှာဟောခဲ့တဲ့ “ချမ်းမြေ့ ပျော်ရွှင်ပါစေ” ဆိုတဲ့ တရားကို နာပြီး အတွေးတွေ များစွာဝင်ခဲ့သည်။ ဆရာတော်ကြီးကလဲ အံ့သြလောက်အောင်ကို နေရာ အချိန်အခါ အံဝင်ခွင်ကျအောင် ဟောနိုင်သည်။ ဆရာတော်ကြီး၏ တရားတော်ထဲမှာ အနှစ်မရှိတဲ့ အမတ်တွေ ၀န်ကြီးတွေ အကြောင်းပြောထားတာလေး ပါရှိတယ်။ ထို အနှစ်မရှိတဲ့ အမတ်တစ်ယောက်ကြောင့် ရဟန်းတော်တွေ များစွာ အသက်ပေးခဲ့ရတယ်။

တခါတရံ တိုင်းပြည်မင်းလုပ်တဲ့သူက အလွန်တော်နေပေမဲ့ သူ့အနားမှာ နေတဲ့ အနှစ်မရှိတဲ့ ၀န်ကြီးတွေ၊ အမတ်တွေ၊ အရာရှိတွေ၊ အကြံပေးတွေက မြှောက်ထိုးပင့်ကော်မှုကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့ သာဓကတွေလဲ များစွာရှိခဲ့တယ်။ ဆရာတော်ကြီးက ဒါကိုလဲ မီးမှောင်းထိုးပြသွားသည်။

အဇာတသတ်မင်းကြီး ဘုရားရှင်နဲ့မတွေ့ခင် ဘုရားရှင်ကို အမြဲတမ်း ဆန့်ကျင်ခဲ့တဲ့ အရှင်ဒေ၀ဒတ်ရဲ့ မြှောက်ထိုးပင့်ကော်မှုကြောင့် အဖေရင်းကိုပါ သတ်မိခဲ့သည်။ အသောကမင်းကြီးလက်ထက်ကလဲ အလားတူပဲ ဖြစ်ခဲ့သည်၊ အနှစ်မရှိတဲ့ ၀န်ကြီးတစ်ယောက်ကြောင့် ရဟန်းတော်တွေ အသတ်ခံခဲ့ရဖူးသည်။ ဘုရင်ကြီးတွေ အဲဒီလို ကြီးကျယ်တဲ့ ညစ်ညမ်းတဲ့ အမှုကြီး ကျူးလွန်ပြီးမှ တွေးတိုင်း စိတ်မအေးရ ဖြစ်ခဲ့ရသည်။ မကျူးလွန်မီကထဲက ကိုယ်ကိုယ်တိုင်ကလဲ အနှစ်ရှိဖို့လိုသလို ကိုယ့်နားက အကြံပေးဆိုတဲ့ ၀န်ကြီးတွေကလဲ အနှစ်ရှိနေဖို့လိုတယ် ဆိုတာ မြတ်ဗုဒ္ဓက အောက်ပါ သုတ္တန်ကို ဟောခဲ့သည်။

တိုင်းပြည်ကြီးပွားကြောင်း လေးပါး
၁။ တိုင်းပြည် ခေါင်းဆောင်က အနှစ်ရှိပြီး နောက်လိုက်တပည့်တွေ ဘာမှမတတ်-အကာတွေ ခြံရံခြင်း။ တစ်ကိုယ်ကောင်းဆန်၊ တိုင်းပြည်နဲ့လူမျိုးကို မကြည့်တတ်သော နောက်လိုက်များ ခြံရခြင်း။ (သာရော ဖေဂ္ဂုပရိဝါရော)

၂။ တိုင်းပြည် ခေါင်းဆောင်က ဘာမှ မလုပ်တတ်၊ အကာတုံးကြီး ဖြစ်နေပြီး နောက်လိုက်တွေက အနှစ်တွေ (ပညာတတ်) (ဖေဂ္ဂု သာရပရိဝါရော)

၃။ တိုင်းပြည် ခေါင်းဆောင်ကလဲ အကာ၊ နောက်လိုက်ကလဲ အကာတွေချည်းဖြစ်နေသူ တစ်စု (ဖေဂ္ဂု ဖေဂ္ဂုပရိဝါရော)။

၎။ တိုင်းပြည် ခေါင်းဆောင်ကလဲ အနှစ်ရှိပြီး နောက်လိုက်တွေကလဲ အနှစ်ရှိသူကတစ်စု (သာရော သာရပရိဝါရော)။

နံပါတ် (၃) တိုင်းပြည်မှာ ခေါင်းဆောင်ရော နောက်လိုက်ပါ အကာတွေချည်း ဖြစ်နေရင် အဲဒီနိုင်ငံ အဲဒီတိုင်းပြည် ဘယ်တော့ မချမ်းသာနိုင်၊ ဘယ်တော့မှ မကြီးပွားနိုင်။ နံပါတ် (၂) နောက်လိုက်တွေ အနှစ်ရှိနေပမဲ့ အာဏာမရှိ၍၊ အာဏာရှိတဲ့ တိုင်းပြည်ခေါင်းဆောင်က အကာဖြစ်နေရင်လဲ ထိုတိုင်းပြည် ထိုနိုင်ငံ အရှုံးကြီး ရှုံးမည်။

သာရော သာရပရိဝါရော-ဆိုတဲ့အတိုင်း ခေါင်းဆောင် နောက်လိုက် အားလုံးက ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာအတွက် မေတ္တာ စေတနာ ထားတဲ့ အနှစ်ရှိသူများ ဖြစ်လျှင်-----ဆန္ဒပြုပါသည်။

အင်္ဂုတ္တရနိကာယ်၊ ရုက္ခသုတ်ကို ကိုးကားသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၂-၂၀၁၂

25 December 2012

သီတဂူနှင့်တိပိဋက ပူဇော်ပွဲ (မဟာဗောဓိ)

အထွေထွေ မှတ်စု (မဟာဗောဓိ)

စာမိတ်ဆက်

စာရေးသူ၏ ၂၀၁၂ ဒီဇင်ဘာ အထွေထွေမှတ်စုသည် မြတ်ဗုဒ္ဓပွင့်ရာ မဟာဗောဓိပင်အောက်တွင် (၈)ကြိမ်မြောက် နိုင်ငံတကာ တိပိဋက ရွတ်ဖတ်ပူဇော်ပွဲ အတွေ့အကြုံများဖြစ်သည်။ စာရေးသူအတွက် ဒုတိယအကြိမ်ရောက်ခြင်းဖြစ်သည်၊ ဒီပွဲကို နိုင်ငံတကာ ဗုဒ္ဓဘာသာများက အလှည့်ကျ ဦးစီး၍ ကျင်းပလေ့ရှိသည်။ ဒီလိုပွဲကြီးတစ်ပွဲ ဦးစီးကျင်းပနိုင်ဘို့ဆိုတာ မလွယ်ကူပါဘူး၊ အလွန်တာဝန်ကြီးသလို အကုန်အကျလဲ များပါသည်၊ တစ်ဦးတစ်ယောက်တည်း ဦးဆောင်လို့လဲ မရဘူး၊ အားလုံး စိတ်တူ ကိုယ်တူ လက်တွဲပြီး ကျရာတာဝန်ကိုယ်စီ ထမ်းဆောင်မှ အောင်မြင်နိုင်ပါသည်။ ထိုကဲ့သို့ လူအများကြီး၊ အဖွဲ့အသီးသီးက ကိုယ်ကျရာ တာဝန်ကို ယူကြပေမဲ့ ပုထုဇဉ်သဘာဝအလျောက် ကွဲကွဲပြဲပြဲလေးတွေ ဖြစ်တတ်တာလဲ သဘာဝပင်ဖြစ်သည်။ ဖြစ်တတ်တာလေးတွေကို တွေ့သမျှ စုစည်းပြီး အထွေထွေ မှတ်စုအဖြစ် မှတ်တမ်းတင်ထားပါသည်။

(အခမ်းအနားတွင် ဖူးမြင်ရသော မစိုးရိမ်ဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးနှင့် တိပိဋကဆရာတော် ၄ ပါး)

 
(မဟာဗောဓိပင်အောက်က သိတဂူဆရာတော်ကြီး၏ ညပိုင်းဓမ္မသဘင်)

ပွဲကြီး၏ အခမ်းအနား
ပွဲကြီးကြီး ပြုလုပ်ပြီဆိုရင် ထိုပွဲအတွက် ကော်မတီဆိုတာ ရှိသည်၊ ထိုကော်မတီအောက်မှာ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ နေရာချထားရေး စသည်စသည် ဌာနအသီးသီးလဲ ပါရှိမည်။ တာဝန်ကျ နိုင်ငံက နိုင်ငံအသီးအသီးအတွက် ဘုရားပရ၀ုဏ်အတွင်း မဏ္ဍပ်များ စီစဉ်ပေးရခြင်း၊ ကျန်းမာရေး အစားအသောက်က အစ အစစအရာရာ တာဝန်ယူရသည်။ ထောင်နဲ့ချီသော ရဟန်းသံဃာ၊ လူအုပ်ကြီးအတွက် နေရာပေးရ၊ ချက်ရပြုတ်ရ၊ ကျွေးရမွေးရတဲ့ တာဝန်ကလဲ မသေးလှ၊ မြန်မာအစားအစာ၊ ထိုင်းအစားအစာ၊ အိန္ဒိယအစားအစာများ အဓိက စီမံပေးထားသည်ကို တွေ့ရသည်။ ထောင်နဲ့ ချီတဲ့ လူအုပ်ကြီးဆန့်တဲ့ မဏ္ဍပ်ကြီးထဲမှာ တပြိုင်တည်း ကျွေးနိုင်အောင် စီမံရသည်။ ထိုမဏ္ဍပ်ကြီးနဘေးတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများ တင်ဆက်ရန်အတွက် မဏ္ဍပ်ကြီးတစ်ခုလဲ ခန်းခန်းနားနားတွေ့ရသည်၊ ၂ ရက်နေ့ နေ့လည်ပိုင်းနှင့် ညပိုင်း၊ ၃ ရက်နေ့ ညပိုင်းတို့မှာ သီတဂူဂီတဉ္စလီအဖွဲ့ (အလင်္ကာဝတ်ရည်) က မြန်မာ့ယဉ်ကျေးမှုများဖြစ်တဲ့ မြူးမြူးကြွကြွ ပခန်းမင်းအဆိုအက၊ သိမ်မွေ့နုညံ့လှတဲ့ ဗုဒ္ဓပြကွက်များကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားနိုင်ခဲ့သဖြင့် လာရောက်ကြည့်ရှု့သည့် ပရိသတ်များ နှစ်ထောင်းအားရမှုများ ရှိကြသည်။ ဒီလိုတင်ဆက်မှုမျိုး တစ်ခါမှ မမြင်ဖူးဘူး (I have never seen) ဟု ကော်မတီကြီးစတင်တည်ထောင် မစ်ဝမ်မိုးက ချီးကျူးစကားဆိုသည်၊ နောင်နှစ်တွေမှာ နိုင်ငံပေါင်းစုံက မိမိတို့ နိုင်ငံအလိုက် မိနစ် (၃၀)စာစီ ယဉ်ကျေးမှုအက အလှများကို တင်ဆက်နိုင်ရန် ကော်မတီက ဆုံးဖြတ်ထားသည်။

မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဓောဓိကြီးတစ်ခုလုံးကို ပန်းပေါင်းစုံတို့ဖြင့် ခြုံထားသည်၊ ဒီလိုပန်းအလှတန်ဆာဆင် ပူဇော်ခြင်းမျိုးကိုလဲ တစ်ခါဖူးမှ မဖြင်ဖူးဘူး (I have never seen)ဟု နိုင်ငံတကာက ပရိသတ်များက ချီးကျူးစကားဆိုကြသည်၊ အခမ်းအနားသိမ်းပွဲမှာ ထည့်သွင်းပြောသွားကြသည်။ ကျပ်သိန်းတစ်ရာကျော်ဖိုး အကုန်အကျခံပြီး မြန်မာမိသားစုများက အထူးသဖြင့် ဒေါ်အေးအေးမော် (မိုးသောက်ပန်းအဖွဲ့) တို့က ဘုရားရှင်အား ပန်းပေါင်းစုံတို့ဖြင့် ပူဇော်ကြသည်။ ဘုရားဝန်းပတ်ပတ်လည်မှာလဲ နိုင်ငံပေါင်းစုံက မဏ္ဍပ်များဖြင့် စည်ကား လှပလျှက်ရှိသည်၊ မြတ်ဗုဒ္ဓ၏ တရားတော်များကို မိမိတို့နိုင်ငံအလိုက် အသံအမျိုးအမျိုးဖြင့် ရွတ်ဆို ပူဇော်နေကြသည်မှာလည်း ဘ၀ဂ်ညံလို့နေသည်။ ဗုဒ္ဓဘာသာလူများရဲ့ မျက်နှာမှာလဲ အေးမြခြင်း၊ ကြည်နူးခြင်း၊ ပြုံးပျော်ကြခြင်း၊ စတဲ့ အချင်းချင်း မေတ္တာ ကရုဏာ အသွင်တွေကလဲ ကြည့်၍မ၀ ရှု၍မ၀ဖြစ်လှသည်။
 
(အခမ်းအနား ကျင်းပရာ မဟာဗောဓိသို့ ချီတက်လာသော မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမအဖွဲ့)


၂-၁၂-၂၀၁၂ ရက်မနက် ဖွင့်ပွဲ
ပွဲတော်ကြီး၏ ဖွင့်ပွဲအခမ်းအနားကို မဟောဗောဓိပင်အောက်မှာ ကျင်းပသည်။ ထိုနေ့ မနက်စောစော မြန်မာပြည် ဘုရားပွဲလှည့်သလို၊ ရှင်ပြုသောအခါ ၀င်းခင်းလှည့်သလိုမျိုး မြန်မာဘုန်းတော်ကြီးကျောင်းမှ မဟာဗောဓိပင် အထိ တန်းစီလှည့်လည် ပူဇော်ခံကြသည်၊ ထိုသို့ပူဇော်ခံလှည့်လည်ရာဝယ် မြန်မာ့အလံ၊ သာသနာ့အလံများ၊ ရဟန်းတော်များ၊ ၀င်းခင်းများ၊ အကများ၊ ၀တ်စုံညီဝတ်ဆင်သူများ၊ ပိဋကတ်တော် စာအုပ်များ ပင့်ဆောင်သူအဖွဲ့များ စသည်ဖြင့် ကြည့်ကောင်းအောင် စီစဉ်သူအဖွဲ့က စီးစဉ်ပေးသည်။ အလွန့်အလွန်ကို ကြည့်ကောင်းပါသည်။ သို့သော်လည်း မြန်မာလူမျိုးတို့ရဲ့ ဗီဇက အဲဒီမှာ ပေါ်လာသည်၊ အရှက်ကွဲမည်ဆိုလဲ ကွဲချင်စရာ။ နေရာ သိပ်လုကြခြင်းပင်ဖြစ်သည်၊ သူကရှေ့ကနေမယ်၊ ငါက ရှေ့ကနေမယ်၊ သူ့ကို ဘာလို့ရှေ့ကထားလဲ၊ ငါတို့ကို ဘာလို့ရှေ့ကမထားဘဲ နောက်ကထားလဲ၊ သူကဘာမို့လို့ ရှေ့ကိုပို့နေသလဲ စသည်ဖြင့် အငြင်းအပွားလေးများရှိခဲ့သည်။ အခမ်းအနားသိမ်းတဲ့နေ့က မြန်မာကျောင်းဆရာတော်က မိန့်သည်၊ သူများအဖွဲ့တွေလဲ ဒီလိုပဲ ကွဲကွဲပြဲပြဲလေးတွေ ရှိကြတာပဲ၊ ဒါပေမဲ့ လူမသိဘူး၊ မြန်မာကွဲတာ လူသိတယ်၊ မကောင်းဘူး၊ မဖြစ်သင့်ဘူး စသည် မိန့်ခဲ့သည်။ နောက်နှစ်မှာလဲ မြန်မာကပဲ ဦးဆောင်ရမည်ဖြစ်၍ ဒီလို အဖြစ်မျိုး မဖြစ်ဖို့ မိန့်သည်။
(အခမ်းအနား ကျင်းပရာ မဟာဗောဓိသို့ ချီတက်လာသော သီတဂူ ကျောင်းအမအဖွဲ့) 
(အခမ်းအနား ကျင်းပရာ မဟာဗောဓိသို့ ချီတက်လာသော အိန္ဒယမြန်မာကျောင်းသားများကျာင်းအမအဖွဲ့) 

ဒီအခမ်းးအနားမှာ ပါဝင် လုပ်ဆောင်သူတွေ အဖွဲ့အဖွဲ့တွေ များစွာ ပါရှိသည်။ သီတဂူအဖွဲ့၊ မြန်မာကျောင်းဆရာတော်ကြီးအဖွဲ့၊ မိုးသောက်ပန်းအဖွဲ့၊ မြန်မာကျောင်းသားများကျောင်းအမအဖွဲ့၊ မထင်မရှား များစွား အလှူပါကြသည့် မိသားစု စသည်စသည်အားဖြင့် များစွာရှိသည်၊ အများစုကတော့ နယ်ခံများ မဟုတ်ကြ၊ ဒီနှစ်ပွဲကျမှ ရောက်ကြသည့်သူများ ဖြစ်ကြသည်၊ မြန်မာကျောင်းသားများအဖွဲ့၏ ကျောင်းအမကြီးကတော့ နယ်ခံလိုလိုဖြစ်နေသည်၊ နှစ်စဉ်နှစ်တိုင်းလဲ မြန်မာမဏ္ဍပ်မှာ ဦးဆောင်ဦးရွက်လုပ်ပေးနေသည်ကို တွေ့ရသည်၊ အဝေးက ကြွလာသည့် ရဟန်းတော်များကိုလဲ ကျောင်းမှာ နံက်ဆွမ်း၊ နေ့ဆွမ်းကပ်လေ့ရှိသည့် ကျောင်းအမကြီးဖြစ်သည်၊ သူ့ကို စာရေးသူတို့က ဗုဒ္ဓဂယာဘက်မှာတော့ မြန်မာနိုင်ငံအတွက် တကယ့်အိမ်ရှင်ကောင်းဟု သက်မှတ်ထားသည်၊ သက်မှတ်ခံရလောက်အောင်လဲ အလုပ်လုပ်နိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကျောင်းအမကြီးအနေနဲ့က ဒီနှစ်မှရောက်လာသူများကို ကိုယ်က အိမ်ရှင်အနေနဲ့ ဦးစားပေး နေရာပေးနေရတာပဲလို့ သဘောထားစေချင်သည်။ နှစ်စဉ်နှစ်တိုင်း လုပ်ပေးနေရတဲ့ ကုသိုလ်စိတ်တွေ အိမ်ရှင်စိတ်တွေ ဒီလိုပွဲမျိုးမှာ ပြသနိုင်ရမှာ ဖြစ်သည်။ သူများတွေနဲ့အတူ လိုက်ပြီး တွက်ကပ် မနေသင့်။ တချို့က ဒီနှစ်မှာလာပြီး နေရာယူတယ်ဆိုပြီး ပုထုဇဉ်ပီပီ အတွေးဝင်တတ်သည်၊ ယောနိသော မနသိကာရလေးထားပြီး အသစ်အသစ် ပါဝင်လာသူမှန်သမျှကို ရှေ့တန်းတင်ဖို့လိုသည်၊ ကော်မတီအဖွဲ့အနေနဲ့ သီတဂူဆရာတော်ကြီးပြောသလို အလှူများစွာပါဝင်သူများ၊ အလုပ်လုပ်သူများကို ဣဿာ မစ္ဆရိယမထားဘဲ မုဒိတာစိတ်လေးဖြင့် ရှေ့သို့ ထွက်စေရမည်ဖြစ်သည်။
(မဟာဗောဓိပင်ကြီးကို ကျပ်သိန်း ရာချီပြီး ပန်းပေါင်းစုံတို့ဖြင့် ပူဇော်သော မိုးသောက်ပန်းအဖွဲ့)
(ပိဋကတ်ကျမ်းစာများကို ပင့်ဆောင်လာသော မြန်မာအဖွဲ့)

ပုထုဇဉ်များပီပီ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမှာ ဖြစ်သည်၊ ဒီလိုပါပဲ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြစ်တတ်တဲ့ အလေ့တစ်ခုရှိသည်၊ တချို့ကျောင်းအမတွေက ငါက ဒီကျောင်းရဲ့ ပင်တိုင်းကျောင်းအမ၊ ကျောင်းဒကာပဲ ဆိုပြီး ဂုဏ်ယူဝင့်ကြွားပြောလေ့ရှိသည်၊ နောက် အသစ်သစ်လာမည့် ကျောင်းဒကာ ဒကာမတွေကို နေရာ မပေးချင်၊ သူ့ထက်ပိုပြီး ဒီကျောင်း ဒီဆရာတော်နဲ့ ရင်းနှီးသွားမှာကို စိုးရိမ်သည်။ တချို့ကျောင်းတွေမှာဆို မူလကျောင်းဒကာ ဒကာမများကြောင့် ဒီကျောင်း ဒီဘုန်းကြီး အထီးကျန်နေရသည်။ ဘယ်သူမှ မလာရဲ ဖြစ်တဲ့ အထိ ဖြစ်လာသည်။ တကယ်ဆို ကိုယ်က မူလကျောင်းဒကာ ဒကာမပဲ၊ နောက်မှ လာတဲ့သူတွေကို ကြိုဆိုရမှာ ဖြစ်သည်၊ နေရာပေးရမှာ ဖြစ်သည်၊ ကိုယ့်ကျောင်း ကိုယ့်ဘုန်းကြီး ပိုလို့တောင် ပြီးပြည့်စုံမည်၊ သာသနာပြုရာဝယ် ပိုပြီး ခရီးပေါက်နိုင်သည်။ ကိုယ်လဲ ဂုဏ်ပိုလို့ မြင့်တက်လာသည်။ ကိုယ်ကုသိုလ်ရသလို သူတို့လဲ ရနိုင်ပါစေဆိုတဲ့ စိတ်မျိုး များများ မွေးနိုင်ဖို့လိုသည်။

သာသနာပြုရေးမှာပဲဖြစ်ဖြစ် လူမှုရေးမှာပဲ ဖြစ်ဖြစ် တစ်ယောက်တည်း မဖြစ်နိုင်တဲ့ ကိစ္စတိုင်းကိုမဆို ပေါင်းစုညီညာ အောင်ကြောင်းဖြာ ဆိုတဲ့အတိုင်း စုစုစည်းစည်းနဲ့ ကိုယ်စီတာဝန်ယူကြရမှာ ဖြစ်သည်။ ကိုယ်တစ်ယောက်တည်းလဲ မပြီး၊ သူချည်းလဲ မပြီး၊ သူရယ် ငါရယ် စုံညီမှ ညီညွတ်မှ အောင်မြင်မည်။ “မင်းမပါ ဘယ်ဟာမပြီး၊ မင်းချည်းတော့လည်း ဘယ်ဟာမပြီး။ သူမပါဘယ်ဟာမပြီး၊ သူ့ချည်းတော့လည်း ဘယ်ဟာမပြီး။ ငါမပါ ဘယ်ဟာမပြီး၊ ငါချည်းတော့လည်း ဘယ်ဟာမပြီး။ မင်းသူငါညီညာစုံမှ အလုံးစုံ အကုန်ပြီး ပြုကြစုစည်း။”ဟု ထီးဆောင်းဆရာတော်ပြောသလို ယခုလို အလုပ်ကြီးကြီးလုပ်ပြီဆိုရင် အားလုံးစုံညီ တက်ညီလက်ညီမှ အောင်မြင်မှာ ဖြစ်သည်၊ တစ်ယောက်ကတစ်မျိုး၊ တစ်ယောက်က တစ်ဖုံ၊ သူတစ်မင်း ငါတစ်မင်း သွားနေရင် ခရီးမပေါက်။ တချို့က ငါလုပ်လို့ ငါဦးဆောင်လို့ အောင်မြင်တယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ စိတ်ဓာတ်လေးတွေလဲ ပြင်ဖို့လိုသည်။ ထင်ပေါ်ကျော်ကြားချင်စိတ်တွေကြောင့် ရှေ့ကနေ ယားယားနေချင်တဲ့စိတ်၊ တကယ်အလုပ်လုပ်တဲ့သူကို နေရာ မပေးချင်တဲ့ စိတ်တွေ ပြင်ကြရမှာ ဖြစ်သည်။ ထိုအကြောင်းရာနှင့်စပ်ပြီး သီတဂူဆရာတော်ကြီးက ကျောင်းသားများအတွက် တစ်ပါး ဒေါ်လာတစ်ရာစီ လှူတဲ့ပွဲမှာ မိန့်သွားသေးသည်။ ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီးသော နိုင်ငံတကာ တိပိဋက ရွတ်ဆိုပူဇော်ပွဲကြီးကို မြန်မာပြည်သူပြည်သားတွေ အဖွဲ့လိုက် အဖွဲ့လိုက် ကိုယ်စီတာဝန်ယူခဲ့ကြလို့ အောင်မြင်စွာ ပြီးဆုံးရုံတင်မက မြန်မာပြည်သူတွေရဲ့ ဗုဒ္ဓ ဓမ္မ သံဃာ့အပေါ်မှာ ယုံကြည်မှု ပူဇော်မူကလဲ အံ့မခန်း ဖြစ်ကြောင်း ချီးကျူးမှုလည်း ရရှိခဲ့သည်။

အလားတူပဲ အခြားအခြားသော နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များကလဲ သူတို့နိုင်ငံပိုင်ကျောင်းအသီးသီးမှ မဟာဗောဓိပင်အထိ ချီတက်ကြသည်။ သူတို့နည်း သူတို့ဟန် သူတို့ ယဉ်ကျေးမှုနဲ့အတူ ချီတက်လာကြသည်မှာလည်း ကြည်နူးစရာ။ ဗုဒ္ဓရဲ့အမွှေနှစ်သာကျန်၍ ဓမ္မပျောက်ဆုံးရာ နေရာသည်လည်း ဓမ္မများ ပြန်လည် သယ်ဆောင်လာသည်ဟု ခံစား ကြည်နူးရသည်။ အခမ်းအနားကျင်းပရာ မဟာဗောဓိပင် ၀န်းကျင်တစ်ခုလုံးလည်း နိုင်ငံပေါင်းစုံးက ယဉ်ကျေးမှုပေါင်းစုံတို့ဖြင့် မြတ်ဗုဒ္ဓကို ပူဇော်နေကြသည့် မြင်ကွင်းကလဲ အလွန်အေးချမ်းသည်၊ အလွန် ငြိမ်းချမ်းသည်၊ အလွန် တင့်တယ် လှပသည်၊ အလွန် ကျက်သရေရှိလှသည်။ ကိုယ့်နိုင်ငံမဏ္ဍပ်အသီးအသီးမှာ နိုင်ငံပေါင်း ကိုးနိုင်ငံက ဗုဒ္ဓဘာသာ ရဟန်းတော်များ သူတော်စင်များ၏ နေ့စဉ် မြတ်ဗုဒ္ဓအဆုံးအမများကို ရွတ်ဆိုသံများကလည်း ဘ၀ဂ်အထိ မြည်ဟီးလို့နေသည်။ ညစဉ် မဟာဗောဓိပင်အောက်မှာ သီတဂူဆရာတော်ကြီးအပါအ၀င် နိုင်ငံပေါင်းစုံက မထေရ်တို့၏ အမြိုက်စည်ကြီး တီးခက်မှုကလဲ ဘ၀ဂ်ညံသည်။
(သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ တင်ဆက်မှု အစီအစဉ်များ)
(သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ တင်ဆက်မှု နှင့် ကျေးဇူးတင်ကြောင်းပြော နေသော မစ်ဝမ်မိုး)

သီတဂူ၏ ပါဝင်မှု
သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ တစ်သိန်းကျော် အကုန်အကျခံ၍ ထိုပွဲအတွက် ပါဝင်ခဲ့သည်၊ လာလာသမျှဧည့်သည်တော်များကို ထမင်းကျွေးနိုင်ရန် တစ်နေ့စာ ဒေါ်လာ တစ်သောင်းနှုံးဖြင့် ၃ ရက်စာ သုံးသောင်း တာဝန်ယူခဲ့သည်။ နိုင်ငံတကာတိပိဋကရွတ်ဆိုပူဇော်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် တိပိဋကဆရာတော် ၄ ပါးကိုလည်း စပွန်ဆာပေးပြီး ပင့်လာခဲ့သည်အတွက် နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးများက ချီးကြူးထောမနာ ပြုကြသည်၊ ဒီပွဲကြီးအတွက် ထိုအရှင်မြတ်များ ပါဝင်လာခြင်းကြောင့် ပိုမို ဂုဏ်ရောင်တက်လာသည်ဟုလဲ အခမ်းအနားဖွင့်ပွဲတွင် ပြောကြားသွားသည်။ သီတဂူဆရာတော်ကြီးကိုယ်တိုင်ပဲ မဟာဗောဓိပင်အောက်မှာ ညပိုင်း အင်္ဂလိပ်ဘာသာဖြင့် တစ်ည၊ မြန်မာဘာသာဖြင့် တစ်ည တရားများ ဟောကြားခဲ့သည်။ နှစ်စဉ်နှစ်တိုင်း အိန္ဒိယတက္ကသိုလ်အသီးအသီးတွင် ကျောင်းတက်နေကြသော မြန်မာရဟန်းတော် ၅၆၀ ပါးကို တစ်ပါးလျှင် အမေရိကန် ဒေါ်လာ တစ်ရာနှုံးဖြင့် ဒေါ်လာ ငါးသောင်း ခြောက်ထောင် (၅၆၀၀၀)ကို သီတဂူဆရာတော်နှင့် တပည့်ဒကာဒကာမများက ၅သောင်း ငါးထောင်နှင့် ကိုသီဟ မိသားစု (နယူးဒေလီ)က ငါးထောင် လှူဒါန်းခဲ့သည်။ ဒီအလှူပွဲအတွက် မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးက တော်တော်များများ စိုက်ထုတ်လှူသည်ကို တွေ့ရသည်။ ၂၀၁၁ခုနှစ်က အိန္ဒိယရောက် မြန်မာကျောင်းသား ရဟန်းတော် ၅၂၈ ပါးကို သူတစ်ယောက်တည်းက လှူဒါန်းခဲ့သည်။
(သီတဂူဂီတဉ္စလီရဲ့ တင်ဆက်မှုကို အားပေးနေသော သီတဂူအဖွဲ့တော်သားများ)

သီတဂူဂီတဉ္စလီနှင့် ဗုဒ္ဓဂယာ
သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် ဒီနှစ်မှာ ထူးထူးခြားခြား နိုင်ငံတကာတိပိဋက ရွတ်ဆိုပူဇော်ပွဲတွင် မြန်မာယဉ်ကျေးမှု အဆိုအက အလှနှင့် ဗုဒ္ဓ၀င်ပြခန်းများကို ထည့်သွင်း ဖျော်ဖြေသည်။ ထိုဖျော်ဖြေပွဲကို အလင်္ကာဝတ်ရည် ဦးမောင်မောင်အေးက ဦးဆောင်ပြီး အဆိုအက ကျွမ်းကျင်သူများဖြင့် သီတဂူဂီတဉ္စလီအဖွဲ့ ဖွဲ့စည်းပြီး ကပြ ဖျော်ဖြေသည်၊ လာရောက်အားပေးသည့် ပရိသတ်များ၏ အားပေးမှုကို ရရှိသည်၊ ဤကော်မတီကြီးကို ဦးဆောင်သူ မစ်စ်ဝမ်မိုက ဒီလို အဆို အက တင်ဆက်မှုမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ အလွန်အားရ ကျေနပ်မိကြောင်းပြောကြားသည်၊ နောင်နှစ်တွေမှာ နိုင်ငံခြားသားများ ပိုမိုနားလည်စေရန် အင်္ဂလိပ်စာတမ်းထိုးကိုပါ ထည့်သွင်းစေရန် အကြံပြုသေးသည်။ အဆိုရော အကရော သရုပ်ဖော်ရော ပညာရှင်များ ဖြစ်သဖြင့် အလွန်သေသပ်သည်၊ ပီပြင်သည်။ ဒီအဖွဲ့ နိုင်ငံတကာ အတွေ့အကြုံလည်းရှိထားသည်၊ မြန်မာပြည် အလှူမင်္ဂလာပွဲတွေမှာလဲ ဖျော်ဖြေသည်။ နိုင်ငံတကာဗုဒ္ဓဘာသာ အလယ်မှာ မြန်မာပြည်ရဲ့ အောင်မြင်မှုတစ်ရပ်ပင်ဖြစ်သည်။ နောင်နှစ်တွေမှာ နိုင်ငံတကာ ဖျော်ဖြေရေး အပြိုင်အဆိုင်မှာတော့ မြန်မာက ဘယ်လို တင်ဆက်မှုတွေနဲ့ ပါဝင်မလဲဆိုတာ မျှော်ကြည့်ကြမည်။ သီတဂူဂီတဉ္စလီအကြောင်းကို ပြောပြတဲ့အခါ ထိုအဖွဲ့ကို ဦးဆောင်သူ သီတဂူ ဦးမောင်မောင်အေး (အလင်္ကာဝတ်ရည်)အကြောင်းကို ထည့်သွင်း ဖော်ပြဖို့လိုသည်။ စိတ်ဝင်စားဖို့ကောင်းသည်။
ဗုဒ္ဓဂယာရောက် မစိုးရိမ်ဆရာတော်ကြီးအား သွားရောက် ကန်တော့၊ အမှတ်တရ သီတဂူစတား၊ ကိုနိုင်အေး၊ ဦပီကေဆင်)
 သီတဂူဆရာတော်နှင့်အတူပါလာသည့် အဖွဲ့တွေက များပြားသဖြင့် စာရေးသူကို ဂီတဉ္စလီအဖွဲ့၏ ကိစ္စအ၀၀ကို တာဝန်ယူရန် ပေးသသည်။ စာရေးသူလဲ သူတို့နဲ့အတူ ပွဲအစအဆုံး ရှိနေသည်၊ သံဝေဇနိယ ၄ ဌာနသို့လည်း ဘုရားဖူးလိုက်ရသည်။ စာရေးသူကိုယ်တိုင်က ဗုဒ္ဓဂယာ အကြိမ်အကြိမ်ရောက်ခဲ့ဖူးပေမဲ့ ဘုရားရှင်မွေးဖွားရာ လုမ္ဗိနီ (နီပေါနိုင်ငံ) ကိုတော့ နှစ်ကြိမ်မြောက်ပဲရောက်ဖူးသည်။ ဒါပေမဲ့ ကိုယ်က လိုက်ပို့သူ မဟုတ်ဘဲ သူတို့နောက်လိုက်သူ ဖြစ်နေသည်၊ သွားမည့်လမ်းကြောင်း သိပ်မကျွမ်းကျင်။ ပါလာတဲ့ အဆိုအက အဖွဲ့ ၂၆ ယောက်စာကို စားစရိတ် သွားစရိတ်၊ နေစရိတ်တွေက အစ သီတဂူ ဦးမောင်မောင်အေး (အလင်္ကာဝတ်ရည်)ကပဲ တာဝန်ယူသည်။ ဒါ့ပြင် သူတို့အတွက် မုန့်ဖိုး ဒေါ်လာ ၅၀၀ ကျော်စီလဲ ပေးသေးသည်။ သူတို့တစ်တွေလဲ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ မေတ္တာ စေတနာတွေကြောင့် ပျော်နေပုံရသည်။ မလှူဘဲ မနေနိုင်တဲ့ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရောက်ခဲ့သည့် နေရာတိုင်းမှာလဲ လှူဒါန်းခဲ့ကြသေးသည်။

သီတဂူ ဦးမောင်မောင်အေး (အလင်္ကာဝတ်ရည်)က သီတဂူဆရာတော်ကြီးအနား ရောက်နေသည်မှာ ကြာပြီ ဖြစ်သည်။ စာရေးသူလည်း ဘလော့ဂ် စရေးခါစက သီတဂူဆရာတော်ကြီးရဲ့ နာဂစ်အလှူတော်အတွက် ရမိသမျှလေးတွေ ရေးပြီးတင်လေ့ရှိရာက သီတဂူ ဦးမောင်မောင်အေး (အလင်္ကာဝတ်ရည်)ကို သတိထားမိလာသည်။ စာရေးသူ စုစည်းတဲ ဓာတ်ပုံတွေထဲမှာ သူက နေရာတော်တော်များများမှာ ပါနေသည်။ စာရေးသူ အမ်အေ (M.A Philo) အပြီး၊ Ph.Dအတွက် စောင့်ရင်း ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ စာချနေရင်းက ဦးမောင်မောင်အေး အကြောင်းကို တော်တော်လေးသိလာသည်၊ အထူးသဖြင့် သီတဂူကပ္ပိယ ကိုကျော်ရှိန်နဲ့ ဒေါ်အေးတို့က ပြောသည်။ စာရေးသူမှာ သူ့အကြောင်းတွေ တော်တော်များများ သိနေပေမဲ့ သူနဲ့ စကားမပြောဖူးသေး၊ ခင်လဲ မခင်သေး။ ကံကောင်းချင်တော့ သူဦးဆောင်သော ဂီတဉ္စလီအဖွဲ့ အိန္ဒိယသို့ရောက်လာသည်။ တိုက်ဆိုင်ချင်တော့လဲ ဒီအဖွဲ့ကို တာဝန်ယူပေးဖို့ စာရေးသူအား ဒေါက်တာကုမာရက ညွှန်ကြားသည်။ သူနဲ့စကားပြောခွင့်ရသည်။ သူ၏ စိတ်နေစိတ်ထား သဘောထားတွေ ကိုယ်တွေ့ သိခဲ့ရသည်။ သီတဂူဆရာတော်ကြီး အလွန့်အလွန် ကြည်ညိုသူဖြစ်သည်၊ သီတဂူဆရာတော်ကြီး၏ သာသနာရေး၊ လူမှုရေးအလုပ်တွေကို အများစု ပါဝင်သူ ဖြစ်နေသည်။

အလွန်ရိုးရှင်းသူတစ်ယောက် ဖြစ်သည့်အားလျှော်စွာ စိတ်ရှင်းသည်၊ အပြောရှင်းသည်၊ အလုပ်ရှင်းသည်။ တည်တည်ငြိမ်ငြိမ်နဲ့ ဘာဂုဏ် ရာထူး နေရာကိုမှ မမက်မောဘဲ သာသနာတော်ကို ကြည်ညိုရုံ၊ သီတဂူဆရာတော်ကြီး သာသနာစိတ်ဓာတ်ကို ကြည်ညိုရုံနဲ့ပဲ ရိုးရှင်းစွာ ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်တွေကို သာသနာတော်အား စွန့်လွတ်လှူဒါန်းသူဖြစ်သည်။ သူ၏ နယ်မှာလဲ ဆေးရုံကြီးတစ်ခု တည်ဆောက်ထားပြီး ထိုဆေးရုံအတွက် လိုလေသေးမရှိ ထောက်ပံ့နေဆဲဖြစ်သည်။ သီတဂူဆရာတော်ကြီး၏ ဆုံးမ ညွှန်ကြားမှုအတိုင်း ဆောင်ရွက်လေ့ရှိသူဖြစ်သည်၊ ဥာတတ္ထစရိယ-နယ်မှရှိတဲ့ ဆွေးမျိုးတွေအတွက် တက်နိုင်သလောက် ထောက်ပံ့သည်၊ လောကတ္ထစရိယ-သာသနာအတွက် လောကအတွက် ဆရာတော်ကြီးနဲ့လက်တွဲကာ ဆောင်ရွက်လျှက်ရှိသည်။ သူသည် သာသနာအတွက် လောကအတွက် ဆောင်ရွက်ပေးနေရုံမက တစ်ဖက်ကလည်း သူဝါသနာပါသည့် စာပေအလုပ်၊ အနုပညာ အလုပ်ကို အောင်မြင်စွာလုပ်ကိုင်လျှက်ရှိသည်။ သူကိုယ်ပိုင် အလင်္ကာဝတ်ရည်၊ န ဘယံ မဂ္ဂဇင်း စာစောင်များလည်း သူကိုယ်ပိုင် ပုံနှိပ်လုပ်ငန်းမှ လစဉ် ထုတ်ဝေလျှက်ရှိသည်။ အလုပ်ရှားပါးသည့်ခေတ်မှာ သူဝါသနာပါသည့်လုပ်ငန်းက စားဝတ်နေရေးအတွက် ၀န်ထမ်းလေးတွေကိုလည်း တစ်ဖက်တစ်လမ်းက အလုပ်ပေးနေသည်။ ဒါသည်ပင် လောကတ္ထစရိယ ဖြစ်နေသည်။
(မြေမြတ်မဟာမှာ လာရောက် လှူဒါန်းကြသော ဗီယတ်နမ်အဖွဲ့တစ်ဖွဲ့)

မြတ်ဗုဒ္ဓဖြစ်ခဲ့ရာ မြေမြတ်မဟာများကို လှည့်လည် သွားလာရင်း သူနဲ့စကားပြောရသည်မှာလဲ စာရေးသူအတွက် များစွာ ဗဟုသုတရသည်။ စာပေအလွန်ဝါသနာပါသည်၊ စာပေပေါင်းစုံကို ဖတ်ထားသဖြင့် စာကြည့်တိုက်ကြီးသဖွယ်ဖြစ်နေသည်။ လူမှုရေးအကြောင်းပြောမလား၊ နိုင်ငံရေးအကြောင်းပြောမလား ထဲထဲဝင်ဝင် သိနေသည်။ ဘာသာရေးအကြောင်း ပြောမလား ကောင်းကောင်းပြောနိုင်သည်။ စီးပွားရေးမှာ အောင်မြင်သူ တစ်ယောက်ဖြစ်နေသည်အတွက် စီးပွားရေးအကြောင်း ပြောမလား ကျယ်ကျယ်ပြန့်ပြန့်ကို ပြောနိုင်သည်။ ဒါ့ကြောင့် စာပေလောက၊ အနုပညာလောက၊ စီးပွားရေးလောက၊ လူမှုရေးလောက၊ ဘာသာရေးလောကတွေမှာ သူ့ကို အသိများကြသည်မှာ မဆန်းပါ။ စာရေးသူလည်း သူတို့နဲ့လိုက်ပါသွားခြင်းကြောင့် ဒေသန္တရဗဟုသုတရော ထိုသူတည်းဟု စာကြည့်တိုက်ထဲက ဗဟုသုတများစွာ ရယူလိုက်သည်အတွက် များစွာ ပီတိဖြစ်ရသည်။ ပြန်မည့်ရက်က “သူကိုယ်တိုင်ကလဲ တပည့်တော်တို့ကို သီတဂူမိသားစုအဖြစ် သတ်မှတ်တော်မူပါ”ဟု လျှောက်ထားသဖြင့် စာရေးသူတို့အတွက် ပိုမိုအားတက်ရသည်။ အားလုံးရဲ့ စိတ်ထဲမှာလဲ တကယ့်မိသားစုလိုပဲ နွေးနွေးထွေးထွေးရှိလှသည်။ သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ အောင်မြင်မှုက မသေးလှ။ နှောင်နှစ်တွေမှာ တခြားနိုင်ငံပေါင်း ကိုးနိုင်ငံကပါ ဒီလို ကိုယ့်နိုင်ငံကိုယ်စား ယဉ်ကျေးမှုတင်ဆက်မှုမျိုး ပါဝင်နိုင်အောင် စည်းရုံးနိုင်ခဲ့သည်၊ နောင်နှစ်မှာတော့ ဒီမြေမြတ်မဟာ မဟာဗောဓိပင်အနီးမှာ နိုင်ငံတကာယဉ်ကျေးမှု နှီးနောဖလှယ်ပွဲကြီး ပေါ်ပေါက်စေခဲ့သည်အထိ အောင်မြင်ခဲ့သည်။
 
(အောင်ပွဲ အခမ်းအနားတွင် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်နေသော မစ်ဝမ်မိုး)
ကျေးဇူးတင်စကား
အခမ်းအနားတွင် ကော်မတီကို စတင်တည်ထောင်သူ မစ်ဝမ်မိုးက ဒီပွဲတော်ကြီးအတွက် ပူးပေါင်းပါဝင်သူအားလုံး ကျေးဇူးတင်စကား ပြောကြားသည်။ သီတဂူဆရာတော်ကြီးနှင့် ဆရာတော်ကြီး၏ သာသနာရေးလုပ်ငန်း လူမှုရေးလုပ်ငန်းများအကြောင်းပြောရင်း ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါပြောကြားသည်။ အရေးထဲ မြန်မာအဖွဲ့တစ်ဖွဲ့က ကျေးဇူးတင်စကားထဲမှာ သူတို့အဖွဲ့ကို ထည့်ပြီး မပြောလို့ဆိုပြီး ပွတ်လောရိုက်သွားသေးသည်။ ကျေးဇူးတင်စကားက အရေးကြီးနေလား အလုပ်က အရေးကြီးနေလားဆိုတာ မခွဲခြားတတ်၊ သူ့အတွက် အလုပ်ထက် ကျေးဇူးတင်စကားက ပို အရေးကြီးနေပုံရသည်။ ဒါ ဒို့မြန်မာကွလို့ ကြွေးကြော်ပေးရမည့်ပုံ။ နောက်နေ့တွေမှာတော့ သူ့အတွက်ပါ ထည့်ပြောသွားသတဲ့။ ဒီလိုနဲ့ ပွဲတော်ကြီးပြီးဆုံးလို့ အခမ်းအနားသိမ်းပွဲ ကျင်းပ။ အခမ်းအနားသိမ်းပွဲမှာလဲ သူမကရော နိုင်ငံတကာက ခေါင်းဆောင်များကပါ မြန်မာကို အထူးကျေးဇူးတင်ကြောင်း ပြောသွားကြသည်။ သီရိလင်္ကာ ရဟန်းတော်တစ်ပါးက “ယနေ့ တကမ္ဘာလုံးက ကမ္ဘာကြီးပျက်မည်ဟု” ပူဆွေးသောကရောက်နေချိန်၊ ကြောက်ရွံ့နေကြချိန် ဗုဒ္ဓဘာသာဝင်များကတော့ တည်ငြိမ် အေးချမ်းလျှက် ပူလောင်နေသော ကမ္ဘာကြီးအေးချမ်းအောင် ကောင်းမှုများ ပြုလျှက်ရှိသည်။ ကျေးဇူးတင်ကြောင်းပြောသည်မှာလဲပဲ ပြည်နယ်ဝန်ကြီးက အစ၊ အလှူရှင်အားလုံး၊ အလုပ်လုပ်သူအားလုံး၊ လုံခြုံရေး အမိုက်ရှင်းကအစ ကျေးဇူးတင်ကြောင်းပြောသည်မှာလဲ အလွန်ကောင်းပါသည်။ တကယ်ဆို ဒီလိုစကားမျိုးတွေကို ဦးဆောင်ဦးရွက်ပြုနေတဲ့ မြန်မာနိုင်ငံက ပြောရမည်ဖြစ်သည်။ မြန်မာက မပြောနိုင်ဘဲ တခြားနိုင်ငံကလူက ဒေါင့်စေ့အောင် ပြောပြနေသည်မှာလဲ စဉ်းစားစရာဖြစ်သည်။ ဒီကနေ့ နိုင်ငံတကာ တိပိဋကရွတ်ဆိုပွဲကြီးတွင် ပါဝင်ကြသော မြန်မာနိုင်ငံမှ အဖွဲ့အားလုံးတို့သည် မြန်မာ့ဂုဏ်ကိုလဲ ဆောင်နိုင်ခဲ့သည်၊ သာသနာတော်ကြီးကိုလည်း အကြီးအကျယ် ထောက်ပံ့နိုင်ခဲ့သည်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးးး။

သိသလောက် မှတ်သလောက် မြင်သမျှ ကြားသမျှလောက်ကိုသာ မှတ်တမ်းတင်ထားပါသည်၊ ကျန်နေသော အဖွဲ့၊ စကားအမှားများအတွက် ခွင့်လွတ်တော်မူကြပါရန် မေတ္တာရပ်ခံပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၂-၂၀၁၂

23 December 2012

ဘုံဘေအလှူ (၂-ကြိမ်မြောက်)


ဒုတိယ အကြိမ်ဆွမ်းစရိတ်အလှူတော်

(စောမယကောလိပ် ကျောင်းသားများ ကိုယ်စား အရှင်ဝိစိတ္တာလင်္ကာရ အလှူရှင်မိသားများထံမှ အလှူခံပေးနေစဉ်)

အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ ဘုံဘေမြို့ (မွန်ဘိုင်း)၊ စောမယကောလိပ်တွင် Ph.Dအတွက် စာတမ်းပြုစုနေကြသော မြန်မာရဟန်းတော် အပါး ၂၀ ကျော်တို့အတွက် ဆွမ်းစရိတ်အလှူတော် အမေရိကန်ဒေါ်လာ ၅၀၀ တို့ကို အောက်ပါ မိသားစုများက (ဒုတိယ) အကြိမ်အဖြစ် လှူကြသည်။

၁။ ဒေါက်တာ ဦးမောင်မောင်ခင်+ဒေါ်ခင်အုန်း မိသားစု (ပြည်မြို့)             $ 200
၂။ ကိုအောင်နိုင်ဌေး+ ဒေါက်တာသော်သော် မိသားစု (ရန်ကုန်မြို့)            $ 100
၃။ ကိုပြည်ဆောင်+ မကြည်ကြည်ဝင်း မိသားစု (နယူးယောက်၊ အမေရိက)$ 100
၎။ ကိုပြည်စိုး+မမြမာလာသီ မိသားစု (စင်္ကာပူ)                                            $ 100

ထိုမိသားစုများကပဲ ပြီးခဲ့သည့်လက ပထမအကြိမ် အမေရိကန်ဒေါ်လာ ၇၀၀တို့ကို စောမယကောလိပ်တွင် Ph.Dအတွက် စာတမ်းပြုစုနေကြသော မြန်မာရဟန်းတော် အပါး ၂၀ တို့အား လှူဒါန်းခဲ့သေးသည်။

မြန်မာ၊ အမေရိက၊ စင်္ကာပူရှိ ဆွမ်းအလှူရှင်မိသားစု အားလုံးတို့အား ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသားလျှက် လောက-သာသနာ နှစ်ဖြာအလုပ်ကို စွမ်းစွမ်းတမံ ပြုလုပ်နိုင်ကြပါစေကြောင်း ဘုံဘေမြို့  စောမယကောလိပ်မှ မြန်မာရဟန်းတော်များက မေတ္တာပို့သနေပါကြောင်း---။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁၂-၂၀၁၂

21 December 2012

သီတဂူအထူးတရားပွဲ (စင်္ကာပူ)

 
(မဟာဗောဓိပင်အောက် အခမ်းအနားဖွင့်ပွဲ)

 လာမည့် စနေနှင့် တနင်္ဂနွေနေ့  (၂၂-၁၂-၂၀၁၂နှင့် ၂၃-၁၂-၂၀၁၃) ညနေ စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် သီတဂူဆရာတော်ဘုရားကြီး၏ တရားများပွဲကို အောက်ပါ ရုပ်သံလိုင်းများမှ အောက်ပါအစီအစဉ်အတိုင်း တိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။





သီတဂူဆရာတော်ဘုရားကြီး သည်

နေ့ ရက် ။ ။ ၂၂၊ ၁၂၊ ၂၀၁၂ (စနေနေ့ )

အချိန် ။ ။ စင်္ကာပူအချိန် ညနေ ၆း၃၀ မှ ၈း၃၀ အထိ (မြန်မာစံတော်ချိန် ညနေ၅း၀၀ မှ ၇း၀၀) GMT 10:30 am to 12:30 Pm

နေ့ ရက် ။ ။ ၂၃၊ ၁၂၊ ၂၀၁၂ (တနင်္ဂနွေနေ့ )

အချိန် ။ ။ စင်္ကာပူအချိန် ညနေ ၆း၃၀ မှ ၈း၃၀ အထိ (မြန်မာစံတော်ချိန် ညနေ၅း၀၀ မှ ၇း၀၀) GMT 10:30 am to 12:30 Pm
 
ဖေ့ဘုတ်သတင်းမှ ကူးယူဖော်ပြသည်
 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၂-၂၀၁၂

15 December 2012

နိုင်ငံတကာ ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ စာတမ်းဖတ်ပွဲ (သီတဂူ)

နိုင်ငံတကာ ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ စာတမ်းဖတ်ပွဲ (သီတဂူ)
 
(စာတမ်းဖတ်ပွဲအခမ်အနားဖွင့်ပွဲ သီတဂူဆရာတော်ကြီးနှင့် ဒုသမ္မတ ဆီမီးထွန်းပုံ)

ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ(International Seminar on Buddhist Cultural Heritage ) ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၈ နာရီ ၃၀ က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွင်းရှိ ဘွဲ့နှင်းသဘင်ခမ်းမဆောင် (ဓမ္မသဘာ)တွင် ကျင်းပခဲ့သည်။ ထိုစာတမ်းဖတ်ပွဲကြီးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ ယဉ်ကျေးမူဆက်ဆံရေးကောင်စီတို့က ကြီးမူးကျင်းပသည်။

ဗုဒ္ဓအမွေအနှစ်စာတမ်းဖတ်ပွဲဖွင့်ပွဲသို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်တို့လည်း တက်ရောက်ခဲ့သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အတွင်း သီတဂူဆရာတော်ကြီး ဒု-သမ္မတနှင့်အဖွဲ့အား လိုက်လံပြသ)
(ဒု-သမ္မတနှင့်အဖွဲ့အား သီတဂူ အလုပ်အမှုဆောင်အဖွဲ့က ကြိုဆို)


ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဗြိတိန်၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံတို့မှ ပညာရှင်များနှင့် မြန်မာနိုင်ငံမှပညာရှင်များက ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ စာတမ်းများဖတ်ကြားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(အခမ်းအနားသို့ကြွရောက်လာ ဧည့်ပရိသတ်များ)

သတင်းဓာတ်ပုံများကို 7Days News Journalနှင့် Popular Myanmar News Journal တို့မှ ကူးယူ ကိုးကား ဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၂-၂၀၁၂

03 December 2012

သီတဂူဆရာတော် ဗုဒ္ဓဂယာရောက်


သီတဂူဆရာတော်ကြီး  ဗုဒ္ဓဂယာရောက်

သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲနှင့် ဒီဇင်ဘာ(၁) ရက်နေ့ ဗုဒ္ဓဂယာသို့ ကြွရန် ရန်ကုန်ရောက်နေစဉ် မုံရွာ ကြေးနီတောင် အရေးခင်းကြောင့် သံဃာ တော်တော်များများ ဒဏ်ရာ ပြင်းထန်စွာ ရသည်ကို ကြားသိရသဖြင့် ချက်ချင်း မုံရွာဘက်သို့အရောက်သွားခဲ့သည်၊ ဒဏ်ရာရ သံဃာများနဲ့ လူဝတ်ကြောင်များကိုပါ အားပေးစကား ပြောကြားခဲ့သည်၊ အလှူငွေများလဲ ပေးလှူခဲ့သည်။ ထိုအရေးနဲ့ပတ်သက်ပြီး (၃၀)ရက်နေ့ည ရန်ကုန်တရားပွဲတွင် ထည့်သွင်း ဟောကြားခဲ့သည်ဟု ဆရာတော်ကြီးက မိန့်သည်။ ထိုတရားနာယူနိုင်ပါသည်။ တခါ ချက်ချင်းပဲ ရန်ကုန်ပြန်လာပြီး နောက်နေ့မနက် ဗုဒ္ဓဂယာဘက်သို့ ရောက်လာခဲ့သည်။
(သီတဂူဆရာတော်ကြီးနဲ့အတူ မစိုးရိမ်ဆရာတော်ကြီး၊ နာလန္ဒာတက္ကသိုလ် ဒေါက်တာပန့်တို့ ဗုဒ္ဓဂယာ အခမ်းအနားတွင် တွေ့ရစဉ်)

၂-၁၂-၂၀၁၂ (၈) ကြိမ်မြောက် နိုင်ငံတကာ တိပိဋကရွတ်ဆို ပူဇော်ပွဲကို အစဉ်အလာ မပြတ် ကျင်းပလျှက်ရှိသည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်တွင် ဒီဇင်ဘာ (၂) ရက်နေ့မှ (၁၂)နေ့အထိ ကျင်းပသည်။ ထိုပွဲကြီးကို ဗုဒ္ဓဘာသာနိုင်ငံများမှ အလှည့်အကျ ဦးဆောင်ဦးရွက် တာဝန်ယူကာ ကျင်းပလေ့ရှိရာ ဒီ (၈)ကြိမ်မြောက်မှာတော့ မြန်မာနိုင်ငံက တာဝန်ယူ ကျင်းပသည်။ ထိုင်းနိုင်ငံကဲ့သို့ တခြားနိုင်ငံတွေမှာတော့ အစိုးရပိုင်းကပါ အကူအညီများပေးသည်ကို တွေ့ရပေမဲ့ မြန်မာနိုင်ငံအလှည့်မှာတော့ ကိုယ်ထူ ကိုယ်ထ ကုသိုလ်ရှင်များ ဖွဲ့စည်းလျှက် တာဝန်ယူ ကျင်းပသည်။
သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာဒကာမများ၊ သီတဂူဂီတဉ္စလီအဖွဲ့ (အလင်္ကာဝတ်ရည်) (အဆို၊ အက၊ ဗုဒ္ဓ၀င်ပြဇာတ်သရုပ် တင်ဆက်)၊ မဇ္ဈိမသံဃာ့မာတာ ကျောင်းအမဒေါ်မြရှင်နှင့်အဖွဲ့နှင့် အစိုးရမဟုတ်သော မြန်မာ့ပြည် စေတနာရှင်များက ပါဝင်ကုသိုလ်ယူကြသည်ကိုလဲ တွေ့ရသည်။

သီတဂူစတား ဂယာရောက်
ထိုပွဲအတွက် ကြွရောက်လာသော သီတဂူဆရာတော်ကြီးကို ဖူးမျှော်လိုခြင်း၊ ဝေယျာဝေစ္စပြုလိုခြင်းနှင့် ဆရာတော်ကြီး၏ တပည့်ဒကာ ဒကာမများအတွက် လိုအပ်သည့်နေရာမှာ ၀ိုင်းဝန်းကူညီရန် သီတဂူစတားလဲ တခြားတပည့်များ နည်းတူ ဗုဒ္ဓဂယာသို့ နိုဝင်ဘာ (၂၈)ရက်နေ့ကထဲက ရောက်ရှိလာသည်။
 
(မြန်မာ့ရိုးရာ ဖျော်ဖြေရေး သီတဂူဂီတဉ္စလီအဖွဲ့နှင့် အမှတ်တရ) 

(မြန်မာ့ရိုးရာ ဖျော်ဖြေရေး သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ တခါမှ မမြင်ဖူးသေးတဲ့ ဗုဒ္ဓ၀င်ပြဇာတ်သရုပ်ဖော် အဆို အကတွေကို သဘောကျ ကျေနပ်အားရကြောင်း၊ ကျေးဇူးတင် စကားပြောနေသော မစ်စ် ၀မ်မို)
 နိုင်ငံတကာ တိပိဋကရွတ်ဆို ပူဇော်ပွဲကို မြန်မာပြည်မှ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပုံကို စာရေးသူ ဘုံဘေရောက်မှပဲ စာဖတ်သူများ ကြည်ညိုသဒ္ဓါပွားနိုင်ရန် တင်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes