သီတဂူစတား

သီတဂူစတား

02 April 2013

သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်)

အမှတ်စဉ် (၂၀) မြောက် သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်)
(ဆေးရုံတော်ကို သီတဂူဆရာတော်ကြီး ကိုယ်တိုင် ဖွင့်လှစ်ပေးစဉ်)
သီတဂူအာရောဂျဒါန ဆေးရုံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ၃၁.၃.၂၀၁၃ နေ့က ဖွင့်လှစ်ခဲ့သည်။ ထိုဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့်အလှူရှင်များ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သီတဂူအာယုဒါနဆေးရုံ ဆရာဝန်၊ သူနာပြုများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
(လှပတဲ့ ရပ်စောက်မြို့က သီတဂူအာရောဂျဒါနဆေးရုံတော်ကြီး)

 မျက်စိကုသမှုများ
ထိုဆေးရုံကြီးမှာပဲ မျက်စိဆရာဝန်ကြီး ဒေါက်တာသိန်းမြင့်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ မြအောင်၊ ဒေါက်တာမြသီတာအုန်းနှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာမိမိခင် ဦးဆောင်သော ဆေးရုံဝန်ထမ်း(၁၀)ဦးအဖွဲ့သည် လူနာပေါင်း ၇၄၁ယောက်ကို စမ်းသပ်စစ်ဆေးကာ မျက်စိဝေဒနာရှင်ပေါင်း (၁၃၂)ယောက် မျက်စိအလင်းဒါန လုပ်အားပြုခဲ့ကြပါသည်။
(မျက်စိဝေဒနာရှင်များအား အားပေးစကားပြောနေသော သီတဂူဆရာတော်)
ဖွင့်လှစ်ပြီးဆေးရုံများ
၁။ သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။
၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။
၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။
၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။
၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။
၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောက်မြို့၊ မကွေးတိုင်းဒေ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။
၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။ ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။
၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။
၃။ အမှတ်စဉ် (၁၃) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) 
 ၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့၊ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ ဖွင့်လှစ်ခဲ့သည်။
၁၄။ အမှတ်စဉ် (၁၇) သီတဂူအာယုပါလဆေးခန်း (မြင်းခြံ)
၁၃၇၄ ခု (၁-၉-၂၀၁၂) မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။
၁၅။ အမှတ်စဉ် (၁၄) သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
(၀၂-၁၁-၂၀၁၁)-ရက်နေ့ ဖွင့်လှစ်သည်ည်။(၀၅-၁၁-၁၁)-ရက်နေ့တွင် ကချင်ပြည်နယ်, ပူတာအို ဆေးရုံတွင် ဆေးရုံပစ္စည်းများ လှူဒါန်းသည်။
၁၆။ အမှတ်စဉ် (၁၅) သီတဂူတက်လမ်းစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)
ကယားပြည်နယ် လွိုင်ကော်မြို့ (၂၀-၁၂-၂၀၁၁)နေ့ ဖွင့်လှစ်သည်။
၁၇။ သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်)
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၂၇-၁၂-၂၀၁၁ နေ့က ဖွင့်လှစ်ခဲ့သည်။
၁၈။ အမှတ်စဉ် (၁၆) သီတဂူသုမေဓာဆေးရုံ
ပန်းတနော်မြို့ အစုကြီးကျေးရွာတွင် သီတဂူသုမေဓာဆေးရုံ ဆောက်လုပ်ထားသည်။
၁၉။ အမှတ်စဉ် (၁၉) သီတဂူစက္ခုဒါနဆေးရုံ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ၂၀၁၂- နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖွင့်လှစ်သည်။
၂၀။ အမှတ်စဉ် (၂၀) သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်)
၃၁.၃.၂၀၁၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ဖွင့်လှစ်သည်။

အမှတ်စဉ် (၁၉)ဆေးရုံဖွင့်ပွဲတုန်းက နမ်းခမ်းက ဆေးရုံအကြောင်း သတင်းရေးခဲ့ပေမဲ့၊ နောက်ပိုင်းဆေးရုံအကြောင်းတွေ မသိခဲ့သဖြင့် ယခုဆေးရုံသည် အမှတ်စဉ် (၂၀)လားဟု အသေချာ မသိ။ ဒါပေမဲ့ ဆေးရုံ အရေအတွက်များကို စာရေးသူ သိသမျှ စုစည်းထားသည်၊ တချို့ ဖွင့်ပြီး ဆေးရုံများ စာရင်းတွင် ကျန်နေသည်။

ယခုလအတွင်း ဆက်လက်ဖွင့်မည့် ဆေးရုံတော်များမှာ မော်လမြိုင်ကျွန်းမြို့ သီတဂူလှဆန်းယဉ်ဆေးရုံနှင့် နာဂအထူးသေ ဆေးရုံများဖြစ်သည်ဟုလဲ သိရသည်။ သဲကုန်း သီတဂူစက္ခုဒါနဆေးရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ပန္နပ်ချမင်္ဂလာကျင်းပခဲ့။

(ဓာတ်ပုံများကို ဗီဒီယိုနှင့်ကင်မရာမင်း သီတဂူထိန်းလင်းဦးထံမှ ရယူသည်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၄-၂၀၁၃

01 April 2013

Communal Violence Condemnation by Sitagu Sayadaw

Communal Violence Condemnation by Sitagu Sayadaw

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၀၄-၂၀၁၃
 

31 March 2013

အကြမ်းဖက်မှုအားလုံး ရှုတ်ချသည် By သီတဂူဆရာတော်

အကြမ်းဖက်မှုအားလုံး ရှုတ်ချသည်
By သီတဂူဆရာတော်
 
 
မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။

ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ မည်သည့်ထောင့် မည့်သည့်နေရာက မည်သူတို့ လှုံ့ဆော်သည်ဟု အတိအကျ မသိရနိုင်သော ဆူပူသောင်းကြမ်းမှုများ အကြမ်းဖက်မှုများ၊ ဘာသာ အယူဝါဒနှင့် လူမျိုးမတူ ထူးခြားသူများကို အခြားသော ဘာသာအယူဝါဒ မတူကြသော လူမျိုးခြင်း မတူကြသောသူတို့ဟာ အပြန်အလှန် ဆူပူသောင်းကြမ်း တိုက်ခိုက် နှောက်ယှက်နေကြပါတယ်။ အထူးသဖြင့် ရခိုင်ဒေသက စလိုက်သော လူမျိုးရေး ဘာသာရေး ဆူပူမှုတွေဟာ မန္တလေးတိုင်းထဲသို့ ကူးစက်ဝင်ရောက်လာပြီး မိတ္ထီလာမြို့မှာလဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရန်ဖြစ်ခဲ့ကြတယ်။ အဲဒီကနေ ကူးစက်ပြီးတော့ ပဲခူးတိုင်း အနောက်ဖက်ခြမ်းကို ကူးစက်သွားခဲ့တယ်။ အခြားတိုင်းနှင့်ပြည်နယ်တစ်ချို့မှာလဲ ထိတ်လန့်ဖွယ် ကောလာဟလတွေ ဖြစ်ပေါ်နေကြတယ်။

အဲ့ဒီ ကောလာဟလတွေဟာ ဒီနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လက်တွဲ နေထိုင်လိုကြတဲ့ မြန်မာ့မြေဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ကို စိုးရိမ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ ပူပန်စိတ်တွေ ဖြစ်ပွားစေခဲ့တယ်။ အဲ့ဒီကောလာဟလတွေဟာ နိုင်ငံသစ် စနစ်သစ် ငြိမ်းချမ်းသာယာသော လမ်းစဉ်သစ်တစ်ခု တည်ထောင်တဲ့နေရာမှာ ကြီးစွာသော အနှောက်အယှက်တွေ ဖြစ်စေခဲ့ပါတယ်။ ထို့ကြောင့် ဘာသာရေးအကြမ်းဖက်မှု လူမျိုးရေးအကြမ်းဖက်မှု စီးပွားရေးအကြမ်းဖက်မှုအားလုံး မည်သည့်အကြမ်းဖက်မျိုးကို မဆို သီတဂူဆရာတော်က ပြင်းထန်စွာ ရှုတ်ချပါသည်။
(ယာစွန် ဒေါက်တာ သီတဂူအရှင်ပညာသီဟာလင်္ကာရ)
ဘုရားသခင်အားလုံးရဲ့ (Non-Violence) အဟိံသ၀ါဒ
မြတ်ဗုဒ္ဓရဲ့ဝါဒဟာ အဟိံသ၀ါဒ (Non-Violence)၀ါဒသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ဝါဒဟာ အဟိံသ၀ါဒ ဖြစ်သလို ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဆိုတဲ့ အခြားဘာသာတရားတွေရဲ့ ၀ါဒများဟာလဲ Non-Violence ဆိုတဲ့ အဟိံသ၀ါဒ ဟူ၍သာ သီတဂူဆရာတော်က ယုံကြည် လက်ခံထားပါသည်။ ဘာသာတရား အားလုံးကို တည်ထောင်ခဲ့ကြတဲ့ ဘုရားသခင် အားလုံးတို့ဟာ လူသား အားလုံးတို့ကို ဆူပူသောင်းကြမ်းမှုတွေ ပြုလုပ်ကြဖို့ ဘယ်ဘုရားကမှ မဟောကြားခဲ့ကြပါဘူး။ ဘာသာအားလုံးတို့၏ တရားအမျိုးမျိုးတို့ကလည်း ငြိမ်းချမ်းရေး-သန္တိ၊ ညီညွတ်ရေး-သမဂ္ဂ၊ အတူလက်တွဲ နေထိုင်ရေး-သဟာယ Peace-Harmony-Coexistence ဆိုတဲ့ မူဝါဒများကို ဟောကြားဆုံးမတော်မူကြတယ်လို့ ယုံကြည်ပါတယ်။

ထို့ကြောင့် မိမိတို့ ယုံကြည်ရာ ဘာသာတရား အသီးသီးကို လိုက်နာကျင့်သုံးနေကြတဲ့ ကိုးကွယ်နေကြတဲ့ ဘာသာဝင် လူမျိုးအားလုံးတို့သည် ငြိမ်းချမ်းစွာ ညီညွတ်စွာဖြင့် အတူလက်တွဲ နေထိုင်ကြဘို့ အထူး မေတ္တာရပ်လိုပါတယ်။ Peace-Harmony-Coexistence ဆိုတဲ့ အခြေခံလမ်းစဉ် သုံးခုကို တည်ဆောက်တဲ့ နေရာမှာ သည်းခံခြင်း-ခန္တီ Tolerance၊ ခွင့်လွတ်ခြင်း-ခမာ Forgiveness၊ လူသားတစ်ယောက်က လူသားတစ်ယောက်၏ အပြစ်တို့ကို မေ့ပျောက်နိုင်ခြင်း Forgetness ဆိုတဲ့ ဒီသုံးခုဟာ အလွန်တရာမှ အရေးကြီးပါတယ်။

ကောလာဟလနဲ့ သံသယတွေကို မဖန်တီးကြပါနဲ့

နောက်ပြီးတော့ “မသင့်လျှော်သော ရည်ရွယ်ချက်တစ်ခုခုနဲ့ ဆူပူသောင်းကြမ်းမှုတစ်ခုခုကို ရည်ရွယ်ပြီးတော့ ကောလာဟလနဲ့ သံသယတွေကို မဖန်တီးကြပါနဲ့”လို့ တိုက်တွန်းလိုပါတယ်။ ကောလာဟလနဲ့ သံသယတွေဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဲ့ ကြီးကျယ်တဲ့ အနှောက်အယှက်တွေပဲ ဖြစ်ပါတယ်။ သံသယကို ဖန်တီးတဲ့ပုဂ္ဂိုလ်တွေဟာ ကြီးလေးသော ပြစ်မှုကြီးတွေကို လွန်ကျူးနေကြသလို ကောလာဟလကို ထုတ်လွင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာလဲ တည်ငြိမ်အေးချမ်းရေးရဲ့ အနှောက်အယှက်တွေပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက “မာ အနုဿဝေန ဂဏှိတ္ထ- တဆင့်စကား တဆင့်ကြားပြီး ချဲ့ထွင်ထားတဲ့ ကောလာဟလတွေကို လက်တွေ့ မျက်မြင် မပါဘဲ၊ ကိုယ်တိုင်လဲ သိမြင် နားလည်ခြင်းမရှိဘဲ အမှန်ဟု မယူဆမိကြစေ”ဘို့ အထူး မိန့်ကြားတော်မူလေ့ရှိပါတယ်။ အဲဒါကြောင့် တိုင်းသူပြည်သားတွေကလဲ ကောလာဟလတွေ ထွက်လာတိုင်း သံသယတွေဝင်ပြီးတော့ တလှုပ်လှုပ်တရွရွ မဖြစ်ကြဘို့ ကောလာဟလရဲ့ ယုတ္တိတွေကို စိစစ်ပြီးမှ စဉ်းစားပြီးမှ လုပ်ကိုင်ဆောင်ရွက်ကြဘို့ သီတဂူဆရာတော် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ လူရိုင်းတွေ နေတဲ့ နိုင်ငံမဟုတ်

မြန်မာနိုင်ငံဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်။ လူရိုင်းတွေ နေတဲ့ နိုင်ငံမဟုတ်ပါဘူး။ နှစ်ပေါင်းထောင်ချီ၍ ကြာညောင်းခဲ့ပြီ ဖြစ်တဲ့ ဘာသာရေး ယဉ်ကျေးမှု၊ ဆရာ မိဘ၊ သူတော်ကောင်း အဆုံးအမတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့၊ နောက်ခံ သမိုင်းကြောင်း ခိုင်မာတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမြန်မာမြေပေါ်မှာနေပြီးတော့ မြန်မာ့ရေကို အတူသောက်နေကြတဲ့ မြန်မာ့အလံအောက်က လူတွေ အားလုံး မြန်မာ့စိတ်ဓာတ်ကို တစ်ညီတစ်ညွတ်တည်းဖြင့် နေထိုင်ကြပါလို့ အထူးတိုက်တွန်းလိုက်ပါတယ်။

မြန်မာဆိုတာ ဗြဟ္မာကနေ တရွေ့ရွေ့ဆင်းသက်လာတာဖြစ်တယ်။ ဗြဟ္မာရဲ့ အဓိပ္ပါယ်က Noble မွန်မြတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ မေတ္တာတရားထားခြင်း၊ ကရုဏာတရားထားခြင်း၊ တရားမျှတခြင်း၊ အကြောင်းအကျိုး ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မြန်မာတွေဟာ မွန်မြတ်သော စိတ်ဓာတ်ကို နှလုံးသားမှာ အပြည့်ထားပြီး ဆူပူသောင်းကြမ်းမှုမှန်သမျှကို တစ်ညီတစ်ညွတ်တည်း တွန်းလှန်ကာကွယ်ဖို့နဲ့၊ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကို တစ်ညီတစ်ညွတ်တည်း တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဘုရားသားတော် သံဃာထုကို သီတဂူဆရာတော် တောင်းပန်လိုက်ခြင်း
မြန်မာနိုင်ငံတော်မှာ ဘုရားသားတော် သံဃာတော်ဦးရေ ငါးသိန်းနီးပါးရှိပါတယ်။ မြန်မာ့တပ်မတော်တစ်ခုလုံးရဲ့ အင်အားကြီးနဲ့ အညီအမျှလောက်ပဲ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က လက်နက်ကိုင်၍ တိုင်းပြည်ရဲ့ ရန်များကို တွန်းလှန် ကာကွယ်ပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေး တည်ဆောက်ရတာကို ကြည့်ပြီး အလွန်တရာ အင်အားကြီးမားတဲ့ ဘုရားသားတော် သံဃာ့အစည်းအရုံးကြီးကလဲ အကြမ်းမဖက်ဘဲ ဆူပူသောင်းကြမ်းခြင်းမှန်သမျှကို မေတ္တာလက်နက် ကိုင်စွဲ၍ ၀ိုင်းဝန်းနှိမ်နင်းတော်မူကြပါ။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလဲ အင်လိုက် အားလိုက် ၀ိုင်းဝန်းတည်ထောင် ပေးကြပါလို့ လျှောက်ထား တောင်းပန်လိုပါတယ်။ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် ညီညွတ်ရေးကို တည်ထောင်လိုသော မည်သည့်ဘာသာရေး ခေါင်းဆောင်များနှင့်မဆို လက်တွဲ ဆောင်ရွက်တော်မူကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ မြန်မာနိုင်ငံတော်ရဲ့ စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်ပြီးတော့ သမိုင်းအသစ်တစ်ခုကို ရေးကြဖို့ နိုင်ငံ့ခေါင်းဆောင်များအားလုံး ပြင်ဆင်နေကြတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာသာရေးခေါင်းဆာင်များ (Religious Leaders) အားလုံး, လူမှုရေးခေါင်းဆောင်များ (Social Leaders)အားလုံးနှင့် စိတ်ဓာတ်ရေးရာခေါင်းဆောင် (Spiritual Leaders) အားလုံးတို့ဟာ စိတ်ထားမှန်၍ ရည်ရွယ်ချက်မှန်မှန်ဖြင့် နိုင်ငံတော်ရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ကြမည့် နိုင်ငံ့ခေါင်းဆောင်အားလုံးတို့အား ဖေးမကူညီ စောင့်ရှောက်ပေးကြပါ။

နိဂုံးချုပ်

ဒီကနေ့ ဒီအချိန်မှာ ယခုကဲ့သို့ Peace- (သန္တိ)၊ Harmony-(သမဂ္ဂ)၊ Coexistence-(သဟာယ) ဆိုတဲ့ မွန်မြတ်သော အခြေံမူဝါဒတွေကို မတည်ဆောက်နိုင်ကြဘူးဆိုလျှင် သံသယတွေ ကောလာဟလတွေ ဆူပူသောင်းကြမ်းမှုတွေ အကြမ်းဖက်လုယက်မှုတွေရဲ့ နောက်ကွယ်မှာ မမြင်နိုင်သော စိုးရိမ်ဖွယ်ရာကောင်းသော အခြားကြီးမားသော အနှောက်အယှက် ဆန့်ကျင်ဘက်များ ဖြစ်ပေါ်လာနိုင်ပြီး ကုန်ဆုံးခါနီးဖြစ်သော ဆူးခင်းသောလမ်းကြမ်းကြီးမှ ပန်းခင်းသောလမ်းကြောင်းပေါ်သို့ ဆက် မလျှောက်နိုင်ဘဲ မီးကျီးခဲခင်းသော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားမှာကို အလွန် စိုးရိမ်ရပါတယ်။

အဲ့ဒါကြောင့် တိုင်းရင်းသားအားလုံး ဗြဟ္မာစိတ်ဓာတ်ကို မွေးထားကြတဲ့ မြန်မာအားလုံး အဟိံသ၀ါဒ (Non-Violence)ကို လက်ကိုင်ထားကြတဲ့ အခြားအခြားသော ဘာသာဝင်အားလုံးတို့ သည်းခံခြင်း Tolerance၊ ခွင့်လွတ်ခြင်း-ခမာ Forgiveness၊ လူသားတစ်ယောက်၏ မေ့ပျောက်နိုင်ခြင်း Forgetness Harmoniously Coexistence ဆိုတဲ့ လောကပါလတရားများ လက်ကိုင်ထား၍ ဆူပူသောင်းကြမ်းခြင်း အားလုံးတို့ကို ၀ိုင်းဝန်းတားဆီးကြပါ။ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကို ၀ိုင်းဝန်းတည်ဆောက်ကြပါလို့ အလေးအနက် တိုက်တွန်းလိုက်ရပါတည်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာအရှင်ဥာဏိဿရ (Ph.D, D.Litt.)
အဓိပတိ-သီတဂူဆရာတော်

မှတ်ချက်။ ။ ၃၀-၃-၂၀၁၃ နေ့လည်(၂)နာရီ၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေလီလမ်း မြန်မာငြိမ်းချမ်းရေးစင်တာ“Myanmar Peace Center”မှာ ကျင်းပခဲ့တဲ့ “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့စည်းများနဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲ” ခေါင်းစဉ်နဲ့ကျင်းပတဲ့ ဆွေးနွေးပွဲအတွက် သီတဂူဆရာတော်ကြီး၏ သ၀ဏ်လွှာမိန့်ခွန်းကို သင်ကြားစီမံ ဒေါက်တာပညာသီဟာလင်္ကာရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖတ်ကြားသည်။) (ဓာတ်ပုံများကိုတော့ the voice weekly နှင့် Yangon Media Group တို့မှ ကူးယူသည်)

အထူးမေတ္တာရပ်ခံ။  ။ဤမိန့်ခွန်းကို လိုရာ ကွက်ကြား ဖြတ်တောက်ခြင်း၊ ပြင်ဆင်ခြင်းများ မပြုလုပ်ကြဘဲ အပြည့်အစုံ ကော်ပီယူပြီး ရှယ်နိုင်ကြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၃-၂၀၁၃

29 March 2013

အောင်ဆန်း တကယ် မသေ သေးဘူး by သီတဂူဆရာတော်

အောင်ဆန်း တကယ် မသေ သေးဘူး
by သီတဂူဆရာတော် 
“အောင်ဆန်း”ကွန်ပျုတာ ဖွင့်လှစ်ပွဲ
မကွေးတိုင်း၊ နက်မောက်မြို့၊ ဗိုလ်ချုပ်မွေးရပ်မြေ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ထိုမြို့ရှိ ဗိုလ်ချုပ်အမှတ်တရ အထက (၁) အခြေံပညာ အထက်တန်းကျောင်းတွင်၊ ကွန်ပျူတာကျောင်းဆောင်နှင့် ကွန်ပျူတာများကို ကျပ်သိန်း ၁၆၀၀ (တစ်ထောင့်ခြောက်ရာ)ကျော် အကုန်ကျခံ၍ သီတဂူဆရာတော်ကြီးနှင့် ဘယ်လ်ဂျီယံအလှူရှင် အထွေထွေခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဘိုကုတို့က မတည်လှူကြသည်။
(ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်စဉ်)

တက်ရောက်လာသော လူကြီးမင်းများ
ဒီကနေ့ ၂၈-၃-၂၀၁၃ နေ့၊ မနက်ကပဲ သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့၊ အလှူရှင် ဒေါက်တာဘိုကု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ထိုကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲသည် ကမ္ဘာကျော်ပုဂ္ဂိုလ်များနှင့် ဒေသခံ မြို့မိ မြို့ဖများ စည်ကားလျှက်ရှိသည်။
(အခမ်းအနား မစမီ သီတဂူဆရာတော် သြ၀ါဒတရားချီးမြင့်)
(မင်္ဂလာအခါတော်အချိန်ကျရောက်ပါပြီ)
(ဒေါ်အောင်ဆန်းစုကြည်နှင့် အလှူရှင် ဖဲကြိုးဖြတ် ဖွင့်လှစ်)

ဆရာတော်ကြီး၏ မှာကြားချက်များ
“ထိုကျောင်းအတွက် တပ်ဆင်လှူဒါန်းထားသော ကွန်ပျူတာများကို ထိုကျောင်းကပဲ အသုံးပြုရန်ဖြစ်သည်၊ မည်သည့်ကျောင်း၊ မည်သည့် အခမ်းအနားအတွက်ကိုမှ ငှါးရမ်း ထုတ်ယူ မသုံးစွဲကြရန်”ကိုလည်း သီတဂူဆရာတော်ကြီးက မှာကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် လှူဒါန်းဖွင့်လှစ်ပွဲသို့ တက်ရောက် အားပေးသော ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်အား ကျေးဇူးတင်ကြောင်း မိန့်သည်၊ ကျောင်းသား ကျောင်းသူများနှင့် ကြွရောက်လာကြသော ပရိသတ်အား “အသက်ရှင်သမျှကာလပက်လုံး သင်ယူကြရန်၊ သင်နေသမျှ ကာလပတ်လုံး အသက်ရှင်နေရန်”ကို သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့သည်။ ထိုမိန့်ကြားချက်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပြန်လည် ဟောကြားခဲ့သည်။
(ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ အလှူရှင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်)
(ဆရာတော်နှင့် သီတဂူကျောင်းအမများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်)
 (ဆရာတော်နှင့် ဆရာ ဆရာမများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်)

ဗိုလ်ချုပ်မသေသေး
“အောင်ဆန်းကို လုပ်ကြံခံရလို့ သေပြီဆိုတာ တကယ် မဟုတ်ဘူး၊ အောင်ဆန်း ရှင်နေဆဲ၊ အောင်ဆန်း အသက်ရှင်နေတာကို သိချင်ရင် အောင်ဆန်းစုကြည်ကို ကြည့်လိုက်၊ အဲလို အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ကို ဆက်လက် အသက်ရှည်အောင် ဒို့တတွေ ၀ိုင်းလုပ်ကြရမှာ။” ဟု နက်မောက်မြိ့၊ “အောင်ဆန်း”ကွန်ပျူတာကျောင်းဆောင်ဖွင့်ပွဲ အပြီးတွင် သီတဂူဆရာတော်မိန့်သည်။

လွန်ခဲ့သော နှစ်က ထိုမြို့မှာပဲ သီတဂူဆရာတော်ကြီးနှင့် တပည့်များက သီတဂူဒီပင်္ကရာစက္ခုဒါန ဆေးရုံကြီးတစ်ခု ဆောက်လုပ် လှူခဲ့ပြီးဖြစ်သည်။
(အခမ်းအနားအပြီး လူထုအား မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်) 
(ဓာတ်ပုံနှင့် သတင်းများကို ဗီဒီယိုနှင့်ကင်မရာမင်း သီတဂူထိန်လင်းဦးထံမှ ရယူသည်) 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၃-၂၀၁၃

26 March 2013

သီတဂူဆရာတော်မွေးနေ့ပွဲ (ဘုံဘေ)

သီတဂူဆရာတော်မွေးနေ့ပွဲ (ဘုံဘေ)

ဒီကနေ့ဟာ တပေါင်းလပြည့်ဖြစ်သည်၊ သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ ဖြစ်သည်။ ဒီကနေ့ဆိုရင် ဆရာတော်ကြီး၏ မွေးနေ့ပွဲကို အကြောင်းပြုပြီး စစ်ကိုင်းမှာ သံဃာ အပါး (၁၀၀၀) တစ်ထောင် သံဃာဒါန အလှူပွဲကြီးကျင်းပသည်၊ မနေ့က တပေါင်းလဆန်း (၁၄) မက်လ ၂၅ ရက်နေ့က သီလရှင် ဆရာလေး အပါး (၁၀၀၀) တစ်ထောင် လှူတဲ့ပွဲ ကျင်းပခဲ့သည်။

( Happy Birthday ကိတ်ပြင်ဆင်)

ဘုံဘေက သီတဂူဆရာတော်ကြီး မွေးနေ့
သီတဂူဆရာတော်ကြီး၏ မွေးပွဲအထိမ်းအမှတ်အနေနဲ့ နယ်နယ်ရပ်ရပ်ရှိ တပည့်များက မိမိတို့ နေရာအသီးသီးမှာ မွေးနေ့အလှူများ ပြုလုပ်ကြသည်။ အလားတူ အိန္ဒိယနိုင်ငံ၊ ဘုံဘေ (မွမ်ဘိုင်း)မြို့တွင် Ph.D အတွက် စာတမ်းပြုစုနေကြသော သီတဂူတပည့်များက ဆရာတော်ကြီးကို ပူဇော်သောအားဖြင့် မွေးနေ့အလှူ လုပ်ကြပါသည်။ ပြည်ပရောက် Ph.D ကျောင်းသားများအား တစ်နေ့တာ အလှူ ပြုလုပ်ပါသည်။
(ဒီနေ့ မွေးနေ့အတွက် အလှူရှင်တွေကတော့ ဘုံဘေမြို့ရှိ သီတဂူတပည့်များ)

အကောင်းဆုံးပူဇော်ခြင်း
တကယ်တော့ ဒီလိုအလှူမျိုးက image (အမြင်)အနေနဲ့ ပူဇော်ပွဲလို့ ပြောလို့ရပါတယ်၊ အကောင်းဆုံးပူဇော်နည်းမဟုတ်စေကာမူ ဆရာတော်ကြီး၏ သာသနာနှင့် တိုင်းပြည်အတွက် အလုပ်လုပ်ခြင်းနှင့် သီလဂုဏ် သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို အာရုံပြု၍ ပြုလုပ်သော အလှူသည်ကား ဒါနမင်္ဂလာအပြင် ဂါရ၀မင်္ဂလာ၊ နိဝါတမင်္ဂလာ စတဲ့ မင်္ဂလာတွေ ရရှိပါတယ်။
ဆရာတော်ကြီး၏ သွန်သင်ဆုံးမခဲ့သည်အတိုင်း လိုက်နာ ကျင့်သုံးနေသူတွေအတွက်ကတော့ ဆရာတော်ကြီးကို အကောင်းဆုံး ပူဇော်ခြင်းမည်ပါသည်။ မြတ်စွာဘုရား၏ “ ငါ့ဘုရားရှင်ကို ပန်းနံ့သာ စသော အလှူတွေနဲ့ ပူဇော်တာထက်၊ ငါ့ဘုရားရှင်အဆုံးအမတိုင်း လိုက်နာ ကျင့်သုံးခြင်းက ငါ့ဘုရားကို အကောင်းဆုံး ပူဇော်ရာရောက်၏” ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမတိုင်း တပည့်ကောင်းဖြစ်ဖို့ ဆရာ့ရဲ့ လမ်းညွှန်မှုကို လက်တွေ့ကျကျ ကျင့်သုံး အလုပ်လုပ်နေခြင်းဖြင့် အကောင်းဆုံး ပူဇော်နိုင်ကြပါစေသတည်းးးး။
(သူငယ်ချင်းတွေ မွေးနေ့အတွက် စီစဉ်ထားစဉ်)

Happy Birthday Sayadaw! May you be happy, healthy and long life!
ဆရာတော်ဘုရား---မွေးနေ့ပေါင်းများစွာ အလှူဒါနများ ပြုလုပ်နိုင်ပါစေ၊ သာသနာနှင့်တိုင်းပြည်၊ ကမ္ဘာသူ ကမ္ဘာသားများ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်နိုင်ကြဖို့ အေးချမ်းတဲ့ ဓမ္မတွေ ဆထက်တိုး၍ ကျန်းမာစွာ ဟောပြော၊ ဝေငှနိုင်ပါစေ။

အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ရှိ သီတဂူဆရာတော် တပည့်များ
၁။ အရှင်ကောဝိဒသိရီ (သီတဂူစတား)
၂။ အရှင်မေဓာနန္ဒ
၃။ အရှင်သြသဓာလင်္ကာရ
၎။ အရှင်ခေမာစာရာလင်္ကာရ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၃-၂၀၁၃

24 March 2013

ချင်းပြည်နယ်က သီတဂူမျက်လုံးအလှူတော်

သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်မြို့) 
မျက်စိအလှူတော်
(သီတဂူသူနာပြု မျက်စိစမ်းသပ်၊ ဆေးထည့်ပေးနေစဉ်၊)
 

သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်)ကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၂၇-၁၂-၂၀၁၁ နေ့က သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့် ဒကာ ဒကာမများက ဖွင့်လှစ်ပေးခဲ့သည်။ ထိုဆေးရုံတွင် နှစ်စဉ်နှစ်တိုင်း ထိုဒေသရှိ ရပ်ဝေး ရပ်နီးမှ မျက်စိအလင်းလိုသူများနှင့် မျက်စိ ဝေဒနာရှင်များကို မြန်မာနိုင်ငံ (အထက်၊အောက်) ရှိ မျက်စိပါရဂူဆရာဝန်ကြီးများနှင့် ပြည်ပမှ မျက်စိပါရဂူဆရာဝန်ကြီးများက လာရောက် မျက်စအလင်းများ ပေးသည်၊ မျက်စိဝေဒနာများ ကုသပေးသည်။

ယခုနှစ်အစီအစဉ်
သီတဂူမျက်စိအထူးကုအဖွဲ့သည် ၁၆-၃-၂၀၁၃မှ ၁၉-၃-၂၀၁၃ ရက်အထိ မျက်စိလူနာပေါင်း ၂၇၁၀ကို စမ်းသပ်စစ်ဆေးပြီး (၆၂၈)ယောက်ကို ခွဲစိတ်ပြီး မျက်စိအလင်းများ အလှူဒါနပြုခဲ့သည်။ ထိုအဖွဲ့ကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ မျက်စိဆရာဝန်ကြီး ဒေါက်တာ သိန်းမြင့်၊ ပရော်ဖက်ဆာဦးမြအောင်၊ ပရော်ဖက်ဆာ ဒေါက်တာဒေါ်မြင့်ခိုင်နှင့် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ ဒေါက်တာမိမိခင်နှင့် ကျွမ်းကျင်သူနာပြုဝန်ထမ်း(၁၃)ယောက်တို့က မျက်စိစမ်းသပ်ခြင်း၊ ဆေးပေးခြင်း စတဲ့ ကြိုတင်စမ်းသပ်မှုများ ပြုလုပ်ပေးဖြင့် လုပ်အားဒါနပြုကြသည်။
(မျက်စိခွဲစိပ်ရန် စောင့်နေသော ချင်းအမျိုးသား)

(သတင်းနှင့်ဓာတ်ပုံများကို ဗီဒီယိုကင်မရာ သီတဂူထိန်လင်းဦး ဖေ့ဘုတ်မှရရှိသည်။)

(Sitagu International Buddhist Academy ဖေ့ဘုတ်မှ တဆင့်ဝေငှသည်။)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၃-၂၀၁၃

21 March 2013

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို By သီတဂူဆရာတော်

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို
By သီတဂူဆရာတော်

ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပထမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။
(၂၀၁၁နှစ်က သီတဂူကမ္ဘာ့တက္ကသိုလ်ဖွင့်ပွဲဓာတ်ပုံ)
ဧည့်သည်ဘာသာဝင်တွေ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။
 (နာဂစ်တုန်းက လာရောက်လှူဒါန်းကြသော ခရစ်ယာန်ဘာသာဝင်များ) 
(ဘန်ကောက် ခရစ်ယာန်တက္ကသိုလ်က ပါမောက္ခများနှင့်အတူ) 

ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်
ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။

မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို
အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။

မြန်မာ့ရာဇ၀င်က မွတ်စလင်

ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။

ငြိမ်းချမ်းစွာ လက်တွဲလို
အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။


မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၃

20 March 2013

သီတဂူဆရာတော်ဘုရားကြီးမွေးနေ့ ကန်တော့ပန်း (မနောဖြူလေး)

သီတဂူဆရာတော်ဘုရားကြီးမွေးနေ့ ကန်တော့ပန်း
(မနောဖြူလေး)

သီတဂူဆရာတော်ကြီးသည် ယခုနှစ် ၂၀၁၃ မတ်လ (၇) တပေါင်းလပြည့်နေ့မှာ ၇၆ နှစ် ပြည့်မည်လို့ ဘုန်းဘုန်းသီတဂူစတားက ပြောလာပါသည်။ တပည့်တော်သည် ဘုန်းဘုန်းသီတဂူဆရာတော်ကြီးရဲ့ ဂုဏ်အင်တွေကို ဖွဲ့ဆိုနိုင်ဖို့ငြား အတတ်ပညာ အသိပညာမရှိပါမူလည်း တပည့်တော်ရဲ့ စာပေပန်းကုံးဖြင့် ဘုန်ဘုန်းသီတဂူဆရာတော်ရဲ့ မွေးနေ့တွင် အလှူအဖြင့် ပါဝင်ကုသိုလ်ပြုခွင့်ပေးဖို့ ဘုန်းဘုန်းသီတဂူစတားကို ခွင့်ပန်ခဲ့ပါသည်။ သို့ပေသည့်ငြား သာသနာရေးတင်မက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ပရဟိတ လုပ်ငန်းတွေကိုပါ အင်တိုက်အားတိုက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သာနာပြုနေသော ဘုန်းဘုန်းသီတဂူ ဆရာတော်ကြီးအတွက် စာပန်းကုံးသီရေးဖို့ရန် လက်တွန့်နေခဲ့ပါသည်။ အမှန်ပြောရလျှင် တပည့်တော် ဘာရေးလို့ ရေးရမှန်းမသိအောင် ဖြစ်မိပါသည်ဘုရား။ ရေးစရာမရှိလို့တော့မဟုတ်ပါဘူး။ ရေးမယ်ဆိုတော့ ဆရာတော်ကြီးရဲ့ ကုသိုလ်တရားတွေ ဒါန၊ သီလ၊ ဘာဝနာတွေ အလွန်များပြားနေသဖြင့် ဘယ်ကနေ စမှန်းမသိဖြစ်နေမိပါသည်။ တပည့်တော် အမှားများ ပါသွားမှာလည်း အလွန်စိုးရိမ်မိပါသည်။ ဘုန်းဘုန်း သီတဂူစတားကတော့ ပြောပါသည်။ အဆင်ပြေသလိုသာ ရေးပေးပါတဲ့။ တပည့်တော် စာပေဖြင့် ကန်တော့ပန်း ဆင်ချင်လွန်းသဖြင့် အမှားများ ပါခဲ့သည်ရှိသော် ဒီနေရာလေးမှ လက်ဆယ်ဖြာ ဦးထိပ်မိုးလျှက် ကန်တော့အပ် ပါသည်ဘုရား။
(သီတဂူသုမေဓာဆေးရုံ၏ အတွင်းပိုင် လူနာဆောင်)

တပည့်တော် ၂၀၁၂ ခုနှစ် ၅ လပိုင်း ၁ ရက်နေ့က နှမ်းတစ်စေ့ဖြင့် အလှူတစ်ခု ပါဝင်ခဲ့ပါတယ်။ ဒါက ဘာအလှူလဲဆိုတော့ အွန်လိုင်းမှ စာပေ၀ါသနာပါသူများ စုပေါင်းဖွဲ့တည်ထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကနေ ပန်းတနော်မြို့နယ်၊ အစုကြီးကျေးရွာမှာ အတွင်းမှာ ဆောက်လုပ်နေဆဲ မြတောင်ကျောင်းဆရာတော်ဘုရားကြီး ဦးစီးတည်ဆောက်ပြီး ဘုန်းဘုန်းသီတဂူဆရာတော် မတည်ပေးထားတဲ့ သီတဂူသုမေဓာဆေးရုံကြီးကို သွားရောက်လှူဒါန်းမှု ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်ပေမယ့် ညောင်စေ့လောက် လှူသော် လည်း စေတနာ သဒ္ဒါတရား ထက်သန်မှု ကိန်းအောင်းနေရင်ဖြင့် ညောင်ပင်ကြီးလောက် ကုသိုလ်ရ ဆိုသလို အလှူအတွက် တတ်နိုင်သလောက် တစ်စိတ်တစ်ပိုင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရတာ အလွန်တရာမှ ရင်တွင်းပီတိကို ဖြစ်မိပါတယ်။ တပည့်တော် နှမ်းစေ့လောက် လှူဒါန်းမှု ပါဝင်တာတောင် ဒီလောက် ပီတိ ခံစားရရင် ဦးဆောင် ဦးရွက်ပြုတဲ့ ဘုန်းဘုန်းတို့တွေဆို ကုသိုလ်တွေ တစ်သီကြီး ရရှိမှာလို့လည်း တွေးမိနေ ပြန်ပါတယ်။ မနက်စောစော ဘုရင့်နောင်တံတားထိပ်နားမှာ အလှူသွားမယ့် ကားကို စောင့်ပြီး ပန်းတနော် မြို့နယ် မြတောင်ကျောင်းနားမှာရှိတဲ့ တံတားဦး ပြည့်စုံတိုက်ကျောင်းမှ မနက်စောစောစာကို တည်ခင်းဧည့်ခံ ကျွေးမွေးပါတယ်။ အဲဒီမှတစ်ဆင့် မြတောင်ဆရာတော်ကြီး ပါတဲ့ကားတစ်စီးနဲ့ အလှူပြုမယ့်အဖွဲ့က ကားတစ်စီးပေါင်း နှစ်စီးက အစုကြီးကျေးရွာအတွင်းမှာတည်ဆောက်နေတဲ့ လှူဒါန်းမှုပြုမယ့် သီတဂူ သုမေဓာ ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။ ရောက်တော့ ရွာခံတွေက အချိုပွဲတွေနဲ့ ဧည့်ခံပါတယ်။ နောက် နေ့လည်စာ ထမင်းကိုလည်း သီတဂူသုမေဓာဆေးရုံကြီးမှာပဲ ဧည့်ခံကျွေးမွေးပါတယ်။ စားသောက်ပြီးတာနဲ့ ဆေးရုံအတွင်း လိုက်လံ ကြည့်ရှုဖို့ ရွာခံတွေက ရှင်းလင်းလိုက်ပြပါတယ်။ ဆေးရုံကြီးက တည်ဆောက်လျက်စဆိုပေမယ့် အတော်စုံလင်စွာ စီမံထားရှိခြင်းကြောင့် ပန်းတနော်မြို့နယ်အနီးမှ ရွာပေါင်းများစွာက ကျန်းမာရေးချို့တဲ့သူများ အတွက် စိတ်ချမ်းသာမှုတွေ တစ်ပွေ့တစ်ပိုက်ရရှိခဲ့မိပါတယ်။ ဒီဆေးရုံကြီးသာ ပြီးသွားခဲ့ရင် ရွာအနီးအနားမှ လူနာများအတွက် အတော်အဆင်ပြေမယ်လို့လည်း ပြောခဲ့မိပါတယ်။
(သီတဂူသုမေဓာဆေးရုံတော်)
 
ဒါ့အပြင် ယခုလက်ရှိ ဆေးရုံကြီးဆောက်နေပေမယ့် ဆရာဝန်တွေ မရှိသေးပေမယ့် သားဖွားဆရာမတော့ ရှိနေတယ်ဆိုတဲ့အကြောင်း အပြင် ရွာနီးချုပ်စပ်မှသူများအတွက် ကွန်ပျူတာလေး နှစ်လုံးနဲ့ ကွန်ပျူတာသင်တန်းလေးကို ပညာဒါန ပို့ချပေးနေတဲ့ ဦးဇင်းနဲ့လည်း တွေ့ရှိခဲ့ရပြန်ပါတယ်။ ဘုန်းဘုန်းသီတဂူဆရာတော်ရဲ့ အလှူတွေအတွက် ထပ်ဆင့်ပြီး အလှူပြုနေသူများကိုလည်း မြင်တွေ့ရတာဟာ ရင်ထဲမှာ အလွန်တရာ လှိုက်လှဲပီတိကို ခံစားမိတာကြောင့် တပည့်တော်က ဘုန်းဘုန်းအလှူများစွာထဲမှာ နှမ်းတစ်စေ့လောက် ကုသိုလ်ပါဝင်ခဲ့ရင်း ဘုန်းဘုန်းရဲ့ မွေးနေ့အတွက် ကန်တော့ပန်းဆင်ရင်း ဘုန်းဘုန်း ဟောပြသွန်သင်ခဲ့တဲ့ စကားလေးတွေကိုလည်း ပြန်လည်ကြားယောင်နေမိပါတော့တယ်ရှင်။ ဘုန်းဘုန်းရဲ့ မှတ်သားစရာ စာသာလေးတွေကိုလည်း အားလုံး မှတ်သားနိုင်စေရန် ပြန်လည်ရေးသားလိုက်ပါတယ်။

(ရေစက်ချလှူဒါန်းပွဲ ၊ ဆေးရုံတည်ဆောက်ပြီးစီးမှု ပုံရိပ်များ)

ဘုန်းဘုန်း သီတဂူဆရာတော်က မြင့်မြတ်သောစိတ်နှင့် နေ့စဉ်ဆုတောင်းပါ ဆိုတဲ့ ချမ်းမြေ့စွာဘ၀နေနည်း လေးကို ဟောပြ ညွှန်ကြားထားပါတယ်။

၁။ မေတ္တာဟူသည် သူတစ်ပါး၏ ကောင်းကျိုးဆောင်လိုသောစိတ်
၂။ ငါသည် သူတစ်ပါးတို့ကို ဒုက္ခမပေးပါရစေနှင့်။ သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်ပါရစေဟု နေ့စဉ် ဆုတောင်းပါ။
၃။ ဂရုဏာဟူသည် သူတစ်ပါးတို့၏ ဒုက္ခကို ခံစားတတ်သောစိတ်။ သူတစ်ပါးဒုက္ခကို ဖယ်ရှားပေးလိုသောစိတ်။
၎။ ငါသည် မည်သူ ဒုက္ခရောက်ရောက် သူ့ဒုက္ခကို ပယ်ဖျောက်စောင့်ရှောက်နိုင်ရပါလို၏ဟု နေ့စဉ်ဆုတောင်းပါ။
၅။ မုဒိတာဟူသည် မိမိထက် စီးပွား၊ ဥစ္စာ၊ ရာထူး၊ အာဏာ၊ ဂုဏ်ပါဝါ၊ သာလွန်သော မည်သည့်ပုဂ္ဂိုလ်တို့ကို မဆို မြင်လျှင် ကြားလျှင် ၀မ်းမြောက်ကျေနပ်သောစိတ်ဖြစ်သည်။ ထိုသူတို့ကို တုပဂုဏ်ပြိုင်မည့်အစား လက်တွဲဆောင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။
၆။ ငါသည် ငါ့ထက်သာလွန်သူတို့ကို မည်သည့်အခါမျှ တုပြိုင်တိုက်ခိုက်ခြင်း မပြုပါရစေနှင့်၊ ၀မ်းမြောက်စွာ လက်တွဲနိုင်ရပါလို၏ဟု ဆုတောင်းပါ။
၇။ ဥပေက္ခာဟူသည် မြေကြီးနှင့်တူသော အကျင့်ဖြစ်သည်။ မြေပေါ် နေ့စဉ်အညစ်အကြေး စွန့်ကြဲကုန်၏။ မြေကြီးသည် ဘယ်သောအခါမျှ စိတ်မပျက်။ No Depress, No Reject ထိုသူတို့ပင် သစ်ပင်ပန်းပင်ကိုစိုက်၍ မြေကြီးကို အလှပြင်ကြကုန်၏။

မြေကြီးကား - မသာယာ၊ မမက်မော၊ မသိမ်းပိုက်။ No Attach, No accept

ငါသည် သာယာလှပခြင်းကိုလည်း မမက်မောပါရစေနှင့်။ ဆိုးသွမ်းယုတ်ညံ့သည်တို့ကို စိတ်ပျက်ညည်းညူခြင်း မရှိပါရစေနှင့်။ ဤအစွန်းနှစ်ဖက်ကို လွတ်အောင် ရှောင်ရပါလို၏ဟု နေ့စဉ်ဆုတောင်းပါ လို့….
ဘုန်းဘုန်းသီတဂူဆရာတော်ကြီးရဲ့ ဆုံးမသြ၀ါဒပို့ချတာကို မှတ်သားထားမိပါတယ်။ ဘုန်းဘုန်း သီတဂူ ဆရာတော်ရဲ့ မွေးနေ့မှစပြီး သက်ရှည်ကျန်းမာစွာဖြင့် သာသနာ့အကျိုး ဆတက်ပိုး ထမ်းရွက်နိုင်စေဖို့ တပည့်တော် ဒီနေရာလေးကနေ မေတ္တာပို့ ဆုတောင်းနေမိပါတော့တယ်။

 
(ယနေ့ တပေါင်းလဆန်း ( ၉) ရက်၊ လဆန်း ၁၄-၁၅ ရက်တို့တွင် သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲ သံဃာ ၁၀၀၀၊ သီလရှင် ၁၀၀၀နှင့် ပင့်သံဃာဆရာတော်များအား သံဃာဒါန လောင်းလှူပူဇော်ပွဲကြီး ခမ်းနားထည်ဝါ ကျင်းပမည်။)
 
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၀၃-၂၀၁၃

16 March 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း by
သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ
ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး

နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ

အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)
ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ကုလားကျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၃-၂၀၁၃

13 March 2013

သီလနဲ့ပညာ ဟန်ချက်ညီစေ (ပန်းကဗျာ)

သီလနဲ့ပညာ ဟန်ချက်ညီစေ
 (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟာချူလာလောင်ကွန်တက္ကသိုလ် အဓိပတိဆရာတော်ကြီးက  သီတဂူဆရာတော်ကြီးအား စာပေပါရဂူ Ph.D ဒေါက်တာဘွဲ့ ဆက်ကပ်စဉ်)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ၁၃၇၄ခုနှစ် တပေါင်းလပြည့် (၂၆-၃-၂၀၁၃)နေ့တွင် ကျရောက်သည့် သက်တော်(၇၆)နှစ်ပြည့် မွေးနေ့မင်္ဂလာ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ပူဇော်ပါသည် ဘုရား………

“သီတဂူအဓိဋ္ဌာန်”

ငါတို့ဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မန်မချ၊ မာနမပါ
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ
ဒို့ပြည်ရွာကို
သာယာစေမှု၊ လုံ့လပြုအံ့။


အထက်ပါ အဓိဌာန်အတိုင်း ဆရာတော်ကြီးသည် ”ဘ၀သမိုင်း မရိုင်းစေရန်” စာသားအတိုင်း ဘ၀သမိုင်းမရိုင်းအောင် တိုင်းပြည်နဲ့သာသနာအတွက် ကောင်းတဲ့လုပ်ငန်းမှန်သမျှကို လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက် ဆောင်ရွက်လျှက်ရှိပါသည်။ ဆရာတော်ကြီးသည် မိမိခန္ဓာ ကျန်းမာသရွေ့ လူမျိုးဘာသာ သာသနာအတွက် ရေအလှူတော်များ၊ ဆေးရုံအလှူတော်များ၊ တက္ကသိုလ်အလှူတော်များ၊ ပညာရေးအလှူတော်များ၊ ကျန်းမာရေးအလှူတော်များ၊ သဘာဝဘေးဒဏ်အတွက် အလှူတော်များ စသည် စသည်အားဖြင့် ပြုလုပ်အားထုတ်ခဲ့သည်မှာ သက်တော် ၇၆ နှစ်ပင် ရှိလာပြီဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ ယခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီးဆေးရုံ (၂၀) ခုရှိပါသည်။ ဆရာတော်ကြီး၏ တရာတော်များမှ၊ တရားဓမ္မအဆုံးအများ သာမက အသိဥာဏ် ဗဟုသုတများ နာယူမှတ်သားစရာများစွာ ပါရှိပါသည်။ “သီလသည်သာ လူသားတို့၏ ဘ၀တရား”…ဟူသော ဆရာတော်ကြီး၏ တရားတော်တွင် ငါးပါးသီလစွမ်းရည်နှင့် ပတ်သက်သော ဗဟုသုတများစွာ ရရှိခဲ့ပါသည်။ ထို့ကြောင့် သီလရဲ့ စွမ်းရည်သတ္တိ သီလရဲ့ .. ကိုယ်ကျင့်တရားကို စောင့်ရှောက်ထိန်းသိမ်းချင်စိတ်ပေါက် အောင်..

“လူမှာလည်း သီလလောက် တကယ်စစ်မှန်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အရာဝတ္တူ မရှိပါဘူး…”.
“သီလ သည် နတ်ပြည်တက်ဖို့ စောင်းတန်း၊ သီလ မရှိရင် နတ်ပြည်တက်ဖို့ စောင်းတန်းမရှိသလိုပါပဲ”
“အထက်တန်းဘ၀ကို တက်လှမ်းဖို့ရာ လှေကားဟာ သီလပါပဲ…. သီလမရှိရင် ဘယ်လူမျိုးရဲ့ ဘယ်ဘ၀ပဲဖြစ်ဖြစ် ဘ၀ အထက်တန်းကိုရောက်စရာ မရှိပါဘူး”။
“သီလဆိုတာ လူသားတိုင်းရဲ့ ဘ၀ကိုမြှင့်ပေးတဲ့ ဘ၀အထက်တန်းကို ရောက်စေနိုင်တဲ့ စည်းကမ်းပါပဲ…”
“သီလဆိုတာ….ကိုယ်အမူအရာနဲ့ နှုတ်အမူအရာကို စောင့်ရှောက်တဲ့ စည်းကမ်းပါပဲ “ ဟူသော အချက်များဖြင့် သီလကို အထူး စောင့်ထိန်းရန်အတွက် တရားတော်ထဲတွင် ထည့်သွင်း ဟောကြားခဲ့ပါသည်။
နေ့စဉ် မိမိတို့ စောင့်ထိန်းနေသော…….ငါးပါးသီလ ထဲမှ ကာယကံ၊ ၀စီကံဖြင့် လိုက်နာ ဆောင်ရွက်သင့်သည်များကိုလည်း ဟောပြောညွန်ကြားခဲ့ပါသည်။

ပါဏာတိပါတာ= သူတပါး၏အသက်ကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်ပါ၏(ကာယကံအား စောင့်ထိန်းခြင်း)

အဒိန္နာဒါနာ= ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏)(ကာယကံအား စောင့်ထိန်းခြင်း)

ကာမေသုမိစ္ဆာစာရာ= (ကာမဂုဏ်အမှားအယွင်းကင်းခြင်းမှ ရှောင်ကြဉ်ပါ၏)( ကာယကံအား စောင့်ထိန်းခြင်း)

မုသာဝါဒါ=( မဟုတ်မမှန် မှားမှားယွင်းယွင်း ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏) (၀စီကံ အား စောင့်ထိန်းခြင်း)
ဝစီကံ ပါးစပ်ကိုထိန်း တဲ့ စည်းကမ်းကိုလည်း လိုက်နာစရာ အောက်ပါအချက်များအတိုင်း အကျယ်ချဲ့ ဟောကြားခဲ့ပါသည်။

• မှန်တာပြောမယ် မှားတာမပြောဘူးဆိုတဲ့စကား နဲ့တင်မလုံလောက်ပါဘူး။
• မှန်သောစကားပေမယ့် လူအချင်းချင်း ရန်ဖြစ်စေမယ့် စကားများ မပြောရပါ။
• ချစ်ခင်ညီညွတ်မှုကို အားဖြည့်မည့်စကားသာပြောပါ။
• ကြမ်းတမ်းရိုင်းစိုင်းသောစကားမပြောရ၊ ယဉ်ကျေးသိမ်မွေ့သောစကားသာပြောရပါမည်။
• အချိန်အခါနဲ့ ပြောဆိုရပါမည်။ အရှိကို အရှိတိုင်း/ အကျိုးရှိ/မရှိ ဓမ္မနဲ့ညီ/မညီ ၊ စည်းနဲ့ကမ်းနဲ့ပြောဆို ရပါမည်။
• နားထောင်သောသူများက မှတ်သားသိမ်းဆည်းနိုင်အောင် ပြောဆိုရပါမည်။
• အခိုင်အမာ ကျမ်းဂန်အကိုးအကားနှင့် ပြောဆိုရပါမည်။
• အပိုင်းအခြား အကန့်အသတ်နဲ့ ပြောဆိုရပါမည်။
• မိမိပြောလိုက်သော စကားတစ်လုံးကြောင့် ကြားကြသူ နားထောင်သူအပေါင်း အမှာ အသိအမှတ် များ အလွဲ၂အမှား၂ မဖြစ်အောင် ပြောဆိုရပါမည်။
• လောကကြီးလမ်းလွဲကိုမရောက် အောင် ငါနှုတ်ကို စောင့်ပြီးပြောဆိုရပါမည်…………… ဟု ၀စီကံနှင့် ပတ်သက်သော မှတ်သားစရာများကို ဆုံးမခဲ့ပါသည်။
ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါကြောင်းကိုလည်း အထက်ပါ အချက်များဖြင့် ဟောပြောညွန်ပြခဲ့ပါသည်။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ= ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေတတ်သော သေရည်သေရက်ကို သောက်သုံးခြင်းမှရှောင်ကြဉ်ပါ၏)( ကာယကံအား စောင့်ထိန်းခြင်း )
“ကာယကံလွန်ကျူးမှု ဒုစရိုက်၊ ၀စီကံ လွန်ကျူးမှုဒုစရိုက် မဖြစ်ရအောင် ကိုယ်အမူအရာနဲ့ စိတ်အမူအရာကို ထိန်းသိမ်းတာတဲ့ စည်းကမ်းဟာ သီလပဲဖြစ်ပါတယ်… ”
“ကိုယ်ကျင့်တရားဆိုတာ လူတို့၏ခြေထောက်သာဖြစ်ကြောင်း၊ ဘယ်ဘ၀၊ ဘယ်အနေအထား ဘယ်ပန်းတိုင် ဘာနဲ့သွားမလည်းဆိုရင် အကျင့်နဲ့ သွားရပါမည်။ ကိုယ်ကျင့်တရားနှင့်ပြည့်စုံလျှင် ခရီးလမ်းမှန်ကို ဖြောင့်ဖြောင့် သွားနိုင်ပြီး ကိုယ်ကျင့်တရားကုန်သောရင် ဘယ်လမ်းမှ သွားလို့မရပဲ…လမ်းခုလတ် အကုန်ရပ်ပါသည်။” ဟု မိမိကိုယ်ကျင့်တရားကို ထိန်းသိမ်းရပါမည်။

ကမ္ဘာလောကကြီးတွင် ကိုယ်ကျင့်တရားသီလကို ထိန်းသိမ်းခြင်းဖြင့် လူ့လောကကြီးတွင် ဘေးအန္တရယ်များ ကင်းရှင်းစေပါသည်..ဟု ဟောကြား တော်မူခဲ့သည်။ သို့သော် အဲဒီလမ်းကို လျှောက်သောလမ်းမှာ ခြေထောက်နှစ်ဘက် ကောင်းသော်လည်း မျက်လုံးမပါသောလမ်း (အကန်းလမ်းလျှောက်သလို) လမ်းမှား မလျှောက်ရအောင်. ခြေထောက်လည်း စုံအောင် မျက်လုံးလည်း ကောင်းဖို့ လိုပါသည်။ လူဘ၀အတွက် မရှိမဖြစ်ဟာ ခြေထောက်နှစ်ခု(အကျင့်သီလ) နှင့် မျက်စိနှလုံး(ပညာ) ဖြစ်ပါကြောင်း သီလနှင့်ပညာ အပြန်အလှန်မေးပြီး အချင်းချင်း တောက်ပြောင်အောင် ဘ၀ကိုမြှင့်တင်ဖို့လိုပါသည်။ ဘ၀ရဲ့ အရင်းအနှီးဟာ သီလနှင့်ပညာ နှစ်ခုသာဖြစ်ပါကြောင်းကိုလည်း ထည့်သွင်းဟောကြားခဲ့ပါသည်။

မြတ်ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမခံယူပြီး လိုက်နာကျင့်သုံးနေသော ဗုဒ္ဓဘာသာလူငယ်များ အတွက် မှတ်သားစရာ အချက်များကိုလည်း ဗုဒ္ဓဘာသာဆိုတဲ့ စကား၊ အင်္ဂါရပ်များနှင့် ညီညွတ်အောင်… လိုအပ်တဲ့ အချက် များကိုသိအောင် လည်း တရားတော်များတွင် ထည့်သွင်းဟောကြားတော် မူခဲ့ပါသည်မှာ တပည့်တော် တို့အတွက် အလွန် တန်ဖိုးရှိလှပါသည်။

တုနှိုင်းမရသော ဆရာတော်ကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်နှင့် သာသာနာအပေါ်တွင် ထားသည့် မေတ္တာ၊ စေတနာတို့အား တပည့်တော် ဒီစာမူဖြင့် ရေးသားပူဇော်ပါတယ်ဘုရား။ ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ပြုလုပ်ငန်းများနှင့် တပည့်တော်တို့အား တရားဓမ္မများကို ဆက်လက်ပေး စွမ်းနိုင်ပါစေလို့  ဆုတောင်း ပူဇော်ကန်တော့ပါတယ် ဘုရား ။ သီတဂူဆရာတော်ကြီး ကျန်းမာချမ်းသာပါစေ ဘုရား။

တပည့်တော်တို့ ဧရာဝတီစာကြည့်တိုက်မှ သာသနာတော်အတွက် အားကိုးဖြစ်တော်မူသော သီတဂူဆရာတော်ကြီးမွေးနေ့ ပူဇာအတွက် ရေးသားပူဇော်ခွင့်ပေးသော ဘုန်းဘုန်း အရှင်ကောဝိဒသိရီ (သီတဂူစတား) အား အထူးကျေးဇူးတင်ပါတယ်။
ပန်းကဗျာ
ဧရာဝတီစာကြည့်တိုက်
+++++++++++++++

 ပို့ထားသည့် ကျေးဇူးရင် သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ပူဇာ ပို့စ်များကို ဆက်လက် ဖော်ပြသွားပါမည်။ 

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၃-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes