သီတဂူဆရာတော်ဘုရားကြီးမွေးနေ့ ကန်တော့ပန်း
(မနောဖြူလေး)
(သီတဂူသုမေဓာဆေးရုံ၏ အတွင်းပိုင် လူနာဆောင်)
တပည့်တော် ၂၀၁၂ ခုနှစ် ၅ လပိုင်း ၁ ရက်နေ့က နှမ်းတစ်စေ့ဖြင့် အလှူတစ်ခု ပါဝင်ခဲ့ပါတယ်။ ဒါက ဘာအလှူလဲဆိုတော့ အွန်လိုင်းမှ စာပေ၀ါသနာပါသူများ စုပေါင်းဖွဲ့တည်ထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကနေ ပန်းတနော်မြို့နယ်၊ အစုကြီးကျေးရွာမှာ အတွင်းမှာ ဆောက်လုပ်နေဆဲ မြတောင်ကျောင်းဆရာတော်ဘုရားကြီး ဦးစီးတည်ဆောက်ပြီး ဘုန်းဘုန်းသီတဂူဆရာတော် မတည်ပေးထားတဲ့ သီတဂူသုမေဓာဆေးရုံကြီးကို သွားရောက်လှူဒါန်းမှု ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်ပေမယ့် ညောင်စေ့လောက် လှူသော် လည်း စေတနာ သဒ္ဒါတရား ထက်သန်မှု ကိန်းအောင်းနေရင်ဖြင့် ညောင်ပင်ကြီးလောက် ကုသိုလ်ရ ဆိုသလို အလှူအတွက် တတ်နိုင်သလောက် တစ်စိတ်တစ်ပိုင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရတာ အလွန်တရာမှ ရင်တွင်းပီတိကို ဖြစ်မိပါတယ်။ တပည့်တော် နှမ်းစေ့လောက် လှူဒါန်းမှု ပါဝင်တာတောင် ဒီလောက် ပီတိ ခံစားရရင် ဦးဆောင် ဦးရွက်ပြုတဲ့ ဘုန်းဘုန်းတို့တွေဆို ကုသိုလ်တွေ တစ်သီကြီး ရရှိမှာလို့လည်း တွေးမိနေ ပြန်ပါတယ်။ မနက်စောစော ဘုရင့်နောင်တံတားထိပ်နားမှာ အလှူသွားမယ့် ကားကို စောင့်ပြီး ပန်းတနော် မြို့နယ် မြတောင်ကျောင်းနားမှာရှိတဲ့ တံတားဦး ပြည့်စုံတိုက်ကျောင်းမှ မနက်စောစောစာကို တည်ခင်းဧည့်ခံ ကျွေးမွေးပါတယ်။ အဲဒီမှတစ်ဆင့် မြတောင်ဆရာတော်ကြီး ပါတဲ့ကားတစ်စီးနဲ့ အလှူပြုမယ့်အဖွဲ့က ကားတစ်စီးပေါင်း နှစ်စီးက အစုကြီးကျေးရွာအတွင်းမှာတည်ဆောက်နေတဲ့ လှူဒါန်းမှုပြုမယ့် သီတဂူ သုမေဓာ ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။ ရောက်တော့ ရွာခံတွေက အချိုပွဲတွေနဲ့ ဧည့်ခံပါတယ်။ နောက် နေ့လည်စာ ထမင်းကိုလည်း သီတဂူသုမေဓာဆေးရုံကြီးမှာပဲ ဧည့်ခံကျွေးမွေးပါတယ်။ စားသောက်ပြီးတာနဲ့ ဆေးရုံအတွင်း လိုက်လံ ကြည့်ရှုဖို့ ရွာခံတွေက ရှင်းလင်းလိုက်ပြပါတယ်။ ဆေးရုံကြီးက တည်ဆောက်လျက်စဆိုပေမယ့် အတော်စုံလင်စွာ စီမံထားရှိခြင်းကြောင့် ပန်းတနော်မြို့နယ်အနီးမှ ရွာပေါင်းများစွာက ကျန်းမာရေးချို့တဲ့သူများ အတွက် စိတ်ချမ်းသာမှုတွေ တစ်ပွေ့တစ်ပိုက်ရရှိခဲ့မိပါတယ်။ ဒီဆေးရုံကြီးသာ ပြီးသွားခဲ့ရင် ရွာအနီးအနားမှ လူနာများအတွက် အတော်အဆင်ပြေမယ်လို့လည်း ပြောခဲ့မိပါတယ်။
(သီတဂူသုမေဓာဆေးရုံတော်)
ဒါ့အပြင် ယခုလက်ရှိ ဆေးရုံကြီးဆောက်နေပေမယ့် ဆရာဝန်တွေ
မရှိသေးပေမယ့် သားဖွားဆရာမတော့ ရှိနေတယ်ဆိုတဲ့အကြောင်း အပြင်
ရွာနီးချုပ်စပ်မှသူများအတွက် ကွန်ပျူတာလေး နှစ်လုံးနဲ့ ကွန်ပျူတာသင်တန်းလေးကို
ပညာဒါန ပို့ချပေးနေတဲ့ ဦးဇင်းနဲ့လည်း တွေ့ရှိခဲ့ရပြန်ပါတယ်။
ဘုန်းဘုန်းသီတဂူဆရာတော်ရဲ့ အလှူတွေအတွက် ထပ်ဆင့်ပြီး အလှူပြုနေသူများကိုလည်း
မြင်တွေ့ရတာဟာ ရင်ထဲမှာ အလွန်တရာ လှိုက်လှဲပီတိကို ခံစားမိတာကြောင့် တပည့်တော်က
ဘုန်းဘုန်းအလှူများစွာထဲမှာ နှမ်းတစ်စေ့လောက် ကုသိုလ်ပါဝင်ခဲ့ရင်း ဘုန်းဘုန်းရဲ့
မွေးနေ့အတွက် ကန်တော့ပန်းဆင်ရင်း ဘုန်းဘုန်း ဟောပြသွန်သင်ခဲ့တဲ့ စကားလေးတွေကိုလည်း
ပြန်လည်ကြားယောင်နေမိပါတော့တယ်ရှင်။ ဘုန်းဘုန်းရဲ့ မှတ်သားစရာ စာသာလေးတွေကိုလည်း
အားလုံး မှတ်သားနိုင်စေရန်
ပြန်လည်ရေးသားလိုက်ပါတယ်။
ဘုန်းဘုန်း သီတဂူဆရာတော်က
မြင့်မြတ်သောစိတ်နှင့် နေ့စဉ်ဆုတောင်းပါ ဆိုတဲ့ ချမ်းမြေ့စွာဘ၀နေနည်း လေးကို ဟောပြ
ညွှန်ကြားထားပါတယ်။
၁။ မေတ္တာဟူသည် သူတစ်ပါး၏ ကောင်းကျိုးဆောင်လိုသောစိတ်
(ရေစက်ချလှူဒါန်းပွဲ ၊ ဆေးရုံတည်ဆောက်ပြီးစီးမှု
ပုံရိပ်များ)
၁။ မေတ္တာဟူသည် သူတစ်ပါး၏ ကောင်းကျိုးဆောင်လိုသောစိတ်
၂။ ငါသည် သူတစ်ပါးတို့ကို ဒုက္ခမပေးပါရစေနှင့်။
သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်ပါရစေဟု နေ့စဉ် ဆုတောင်းပါ။
၃။
ဂရုဏာဟူသည် သူတစ်ပါးတို့၏ ဒုက္ခကို ခံစားတတ်သောစိတ်။ သူတစ်ပါးဒုက္ခကို
ဖယ်ရှားပေးလိုသောစိတ်။
၎။ ငါသည် မည်သူ ဒုက္ခရောက်ရောက် သူ့ဒုက္ခကို
ပယ်ဖျောက်စောင့်ရှောက်နိုင်ရပါလို၏ဟု နေ့စဉ်ဆုတောင်းပါ။
၅။ မုဒိတာဟူသည်
မိမိထက် စီးပွား၊ ဥစ္စာ၊ ရာထူး၊ အာဏာ၊ ဂုဏ်ပါဝါ၊ သာလွန်သော မည်သည့်ပုဂ္ဂိုလ်တို့ကို
မဆို မြင်လျှင် ကြားလျှင် ၀မ်းမြောက်ကျေနပ်သောစိတ်ဖြစ်သည်။ ထိုသူတို့ကို
တုပဂုဏ်ပြိုင်မည့်အစား လက်တွဲဆောင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။
၆။ ငါသည်
ငါ့ထက်သာလွန်သူတို့ကို မည်သည့်အခါမျှ တုပြိုင်တိုက်ခိုက်ခြင်း မပြုပါရစေနှင့်၊
ဝမ်းမြောက်စွာ လက်တွဲနိုင်ရပါလို၏ဟု ဆုတောင်းပါ။
၇။ ဥပေက္ခာဟူသည်
မြေကြီးနှင့်တူသော အကျင့်ဖြစ်သည်။ မြေပေါ် နေ့စဉ်အညစ်အကြေး စွန့်ကြဲကုန်၏။
မြေကြီးသည် ဘယ်သောအခါမျှ စိတ်မပျက်။ No Depress, No Reject ထိုသူတို့ပင်
သစ်ပင်ပန်းပင်ကိုစိုက်၍ မြေကြီးကို အလှပြင်ကြကုန်၏။
မြေကြီးကား - မသာယာ၊ မမက်မော၊ မသိမ်းပိုက်။ No Attach, No accept
ငါသည် သာယာလှပခြင်းကိုလည်း မမက်မောပါရစေနှင့်။ ဆိုးသွမ်းယုတ်ညံ့သည်တို့ကို စိတ်ပျက်ညည်းညူခြင်း မရှိပါရစေနှင့်။ ဤအစွန်းနှစ်ဖက်ကို လွတ်အောင် ရှောင်ရပါလို၏ဟု နေ့စဉ်ဆုတောင်းပါ လို့….
မြေကြီးကား - မသာယာ၊ မမက်မော၊ မသိမ်းပိုက်။ No Attach, No accept
ငါသည် သာယာလှပခြင်းကိုလည်း မမက်မောပါရစေနှင့်။ ဆိုးသွမ်းယုတ်ညံ့သည်တို့ကို စိတ်ပျက်ညည်းညူခြင်း မရှိပါရစေနှင့်။ ဤအစွန်းနှစ်ဖက်ကို လွတ်အောင် ရှောင်ရပါလို၏ဟု နေ့စဉ်ဆုတောင်းပါ လို့….
ဘုန်းဘုန်းသီတဂူဆရာတော်ကြီးရဲ့ ဆုံးမသြ၀ါဒပို့ချတာကို
မှတ်သားထားမိပါတယ်။ ဘုန်းဘုန်း သီတဂူ ဆရာတော်ရဲ့ မွေးနေ့မှစပြီး
သက်ရှည်ကျန်းမာစွာဖြင့် သာသနာ့အကျိုး ဆတက်ပိုး ထမ်းရွက်နိုင်စေဖို့ တပည့်တော်
ဒီနေရာလေးကနေ မေတ္တာပို့
ဆုတောင်းနေမိပါတော့တယ်။
မနောဖြူလေး
24.2.2013
24.2.2013
(ယနေ့ တပေါင်းလဆန်း ( ၉) ရက်၊ လဆန်း ၁၄-၁၅ ရက်တို့တွင် သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲ သံဃာ ၁၀၀၀၊ သီလရှင် ၁၀၀၀နှင့် ပင့်သံဃာဆရာတော်များအား သံဃာဒါန လောင်းလှူပူဇော်ပွဲကြီး ခမ်းနားထည်ဝါ ကျင်းပမည်။)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၀၃-၂၀၁၃
0 comments:
Post a Comment