သီတဂူစတား

သီတဂူစတား

11 October 2009

ဆုတောင်း ၆ မျိုး (အပိုင်း-၂)



သိကြားမင်းရဲ့လျှောက်ထားချက်
အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။
ဒီတော့ သိကြားမင်းက ''အရှင်ဘုရားလို အသားမည်းတဲ့ ရသေ့ကို မကြည်ညိုနိုင်ဘူး''လို့ ကဏှရသေ့ကို လျှောက်လိုက်တယ်။

ဟောတော်မူရာဌာန
ဘုရားရှင်သည် ဟောဒီကဏှဇာတ် အတ္ထုပ္ပတ် ဒေသနာတော်ကို သက္ကတိုင်း ကပိလဝတ်ရွှေမြို့တော်မှာ နေနေတုန်းက ဟောကြားတော်မူခဲ့ပါတယ်။
ကဏှရှင်ရသေ့ဆိုတာ မြတ်စွာဘုရားအလောင်းတော်ဘဲ။ မြတ်စွာဘုရားကိုယ်တော်မြတ် သက္ကတိုင်းရဲ့ မြို့တော် ကပိလဝတ် နိဂြောဓာရုံကျောင်းမှာ နေနေတုန်းက ဟောတော်မူခဲ့တယ်။
ဘုရားရှင်ရဲ့ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက နိဂြောဓဆိုတဲ့ ဥယျာဉ်ကြီးကို ကျောင်းတိုက်ကြီးတည်ပြီး ဘုရားကို လှူထားတာ။ အဲဒီနိဂြောဓာရုံကျောင်းဟာ ဟောတော်မူတဲ့ နေရာပါဘဲ။
နိဂြောဓာရုံကျောင်းမှာ ညနေစောင်းအချိန် အရှင်အာနန္ဒာ အရှင်အနုရုဒ္ဓါတို့ကိုခေါ်ပြီးမှ ကျောင်းမှာ အညောင်းပြေ မြတ်စွာဘုရားလမ်းလျှောက်တယ်။ ကျောင်းတိုက်ကို ကျွန်းတောကြီး ရှင်းပြီးတော့ တည်ထားတာ၊ အဲဒီကျွန်းတောထဲ လှည့်လည်လမ်းလျှောက်ရင်း ကျွန်းပင်ကြီးတစ်ပင်ရဲ့အောက်မှာ ဖျာလေးတစ်ချပ်စာလောက်ရှိတဲ့ မြေကွက်တစ်ကွက်ဟာ မည်းနေတာ။ လမ်းလျှောက်ရင်း မြတ်စွာဘုရားသွားတွေ့တာ။

ယနေ့နိဂြောဓာရုံ
ဒီကနေ့ ကပိလဝတ်မှာရှိတဲ့ နိဂြောဓာရုံကျောင်းကို ဘုန်းကြီးတို့ ရောက်သွားတော့ သွားသွားကြည့် တဲ့အခါ ကြတော့ကျွန်းပင်ဆိုလို့ မရှိတော့ဘူး။ အကုန်လုံးအမြစ်ပါ တူးပြီးတော့ ဘာတွေလုပ်ကြလဲ မသိတော့ဘူး၊ ဒီမှာလဲသစ်တောတွေ ပြုန်းပြုန်းကုန်တယ်ဆိုတာ အဲဒါဘဲ။
ဟိုမှာလဲအငုတ်ပါမကျန်ဘူး ကျွန်းပင်တွေပြောင် ပြုန်းပြီး ကွင်းကြီးတွေ ဖြစ်ကုန်တာ၊ ရှေးကတော့ကျားဆင် တွေအောင်းနေတာ။ ဘုရားလောင်းတရား ကျင့်တဲ့အခါ တုန်းကတောကြီးတွေဖြစ်တယ်။ အဲဒီတော့ ကျွန်းပင်ကိုလဲ မှတ်ဦး။ ပါဠိလိုခေါ်တာက''သာက''လို့ ခေါ်တယ်။ အဲဒီ ကျွန်းပင်တွေကို ရှင်းခုတ်ပြီးတော့မှ မြို့တည်တယ်။
အဲဒီမြို့တည်တဲ့နေရာကို ရှေးတုန်းက မြို့မတည် ခင်က ကပိလဆိုတဲ့ရသေ့က ကမ္မဋ္ဌာန်းကျောင်းလေး ဆောက်ပြီးတော့ တရားအားထုတ်သွားတယ်။ ကပိလရှင်ရသေ့၏ ကျောင်းနေရာမှာ တည်ဆောက်တာကြောင့် ''ကပိလဝတ္ထု''လို့ခေါ်တယ်။

သာကီဝင်ဆိုတာ
ကျွန်းတောကြီးရှင်းပြီးတော့ မြို့ကိုတည်ထောင်တယ်။ အဲဒီကျွန်းတောထဲမှာနေတဲ့ လူမျိုးတွေကို ''သာကိယ''လို့ခေါ်တယ်။ ကျွန်းပင်ကိုခေါ်တာက ''သာက'' ကျွန်းတောထဲနေတော့ ဒီလူမျိုးကို''သာကိယ''လို့ ခေါ်တယ်။ အေး...သာကိယမျိုး,သာကီဝင်မျိုးဆိုတာ ဘာမှမခက်ဘူး နော်။ ကျွန်းတောထဲနေတဲ့လူတွေကို ''သာကီဝင်''လို့ ခေါ်တာ။
မတောင်းတကလူတွေ သာကီဝင်ဖြစ်ချင်သလား လွယ်လွယ်လေး။ ကျွန်းပင်ကြီးတွေ ဝိုင်းနေအောင်စိုက်ထား လိုက်၊ အားလုံးသာကီဝင်ဖြစ်ဖို့ ကျွန်းပင်စိုက်ကြ၊ ခုတ်တော့မပစ်နဲ့၊ စိုက်ထား၊ အဲဒီတော့ ကျွန်းတောထဲနေရင် ''သာကီဝင်''ပဲ။ ကျွန်းတောထဲမှာ နေဖြစ်အောင်နေကြ။

ကောလိယမင်းမျိုး
ကလောတောထဲမှာနေတဲ့ လူမျိုးကြတော့ ''ကော လိယမင်းမျိုး''။ ဒါကြားဘူးတယ် မဟုတ်လား? ဒါဘုရား မျိုးတွေနော် ဘုရားရဲ့အဖေမျိုးက ကျွန်းတောထဲနေလို့ ''သာကိယ''။
အမေမျိုးက ကလောတောထဲနေလို့ ''ကောလိယ''၊ သာကိယနဲ့ကောလိယ အလယ်ခေါင်မြစ်ကလေး ပဲခြား တယ်။ ရေလုတဲ့စစ်ပွဲကြီးဖြစ်တယ်။

ဘုရားရှင်ပြုံးတော်မူ
အဲဒီတော့ ကျွန်းပင်တစ်ပင်အောက်မှာ မည်းနေ တဲ့ မြေကွက်ကြီး ဘုရားသွားတွေ့တော့ အဲဒီမြေကွက်ကြီးကို ဘုရားကြည့်ပြီးတော့ ဘုရားပြုံးတော်မူတယ်။ ဘုရားပြုံး တော်မူတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သွားလေးတွေက ပေါ်လာတယ်၊ သွားပေါ်အောင်ပြုံးတယ်။ သွားလေးတွေက ပေါ်လာတော့ ဘုရားကမပြုံးလို့ရှိရင် တခါတလေ သွားမ ပေါ်ဘူး၊ ဘုရားပြုံးတော်မူပုံက အမျိုးမျိုး၊ တခါတရံ သွားပေါ်အောင်ပြုံးတာ၊ အသံထွက်အောင်ရယ်တာမျိုးတော့ ဘုရားမှာ တစ်သက်လုံးမရှိဘူး။
အဲဒါကိုကြိုက်ရင် လိုက်နာကျင့်သုံးကြ၊ အလွန့် အလွန် ရယ်ချင်တယ်ဆိုရင် မြတ်စွာဘုရားက သွားပေါ် အောင်ပဲပြုံးတာ၊ ဒါ အကောင်းဆုံး၊ တချို့ကျတော့ အမြဲတမ်းပြုံး နေကြသလိုဘဲ။
သူတို့သွားတွေက အမြဲတမ်းဘာဖြစ်လဲဆိုရင်တော့ ဘုန်းကြီးက အော်..သူတို့ဟန်ကြတော့ သူတို့များ အမြဲတမ်း ပြုံးနေကြတာပဲ။ ဒါ ပြုံးရွှင်တဲ့မျက်နှာဆိုတာ သွားလေးတွေ ပေါ်နေတာ။

ရောင်ခြည်တော်ခြောက်သွယ်
မြတ်စွာဘုရား ပြုံးတော်မူတော့ သွားတော်တွေ ပေါ်လာတဲ့အခါမှာ ဖြူတဲ့ရောင်ခြည် ထွက်တယ်။ မျက်လုံးမှာ ဖြူတဲ့အပိုင်းက ဖြူတဲ့ရောင်ခြည် ထွက်တယ်။ အရိုးကလည်း ဖြူသောရောင်ခြည် ထွက်တယ်။
ဝါသောရောင်ခြည်တော်ဆို အဆီပြင်ကြီးတွေ ကထွက်မှာ၊ အဆီက ဝါတာ၊ နီသောရောင်ခြည်တော်ဆို သွေးတို့, လျှာတို့, အာခေါင်တို့, နှုတ်ခမ်းတို့က ထွက်တယ်။
မည်းတဲ့ရောင်ခြည်တော်ဆို ဆံပင်မွှေးက ထွက်တယ်။ သူ့အရောင်နဲ့ သူ့နေရာနဲ့ ဒီလိုထွက်နေတာ၊ ပေါင်းလိုက်တော့ ရောင်ခြည်တော်က ခြောက်မျိုးဖြစ်သွားတယ်၊ အခုပြုံးတော်မူတော့ သွားတွေက ဖြူသောရောင်ခြည် တော်ထွက်တယ်။ မည်းနေတဲ့မြေကွက်ကြီးပေါ်မှာ နွားနို့ အိုးကြီး မှောက်သွန်လိုက်သလိုဘဲ ဖြူသွားတယ်။
အဲဒါ ဘုရားနားက လိုက်လာတဲ့ အရှင်အာနန္ဒာ က ကြည့်ပြီးတော့ ဒီမှာမည်းနေတဲ့ မြေကွက်ကြီးပေါ်မှာ နွားနို့အိုးကြီးများ လောင်းသွန်းသလို ဖြူသွားတာဘဲ။ ဧကန္တ ဒီဖြူသောရောင်ခြည်တော်ဟာ မြတ်စွာဘုရားရဲ့ သွားတော် များကထွက်တာ။ ဘုရားကိုယ်တော်မြတ် ပြုံးတော်မူလို့ သွား ပေါ်တာ၊ သွားတော်ပေါ်လို့ ဖြူတဲ့ရောင်ခြည်ထွက်တာ။

(အပိုင်း-၃)မျှော်

10 October 2009

ဝါကျွတ်ပွဲတော်ကို မူဆလင်များ တိုက်ခိုက်သဖြင့် ဗုဒ္ဓဘာသာဝင်နှစ်ဦးဆေးရုံရောက်

ဝါကျွတ်ပွဲတော်ကို မူဆလင်များ တိုက်ခိုက်သဖြင့် ဗုဒ္ဓဘာသာဝင်နှစ်ဦးဆေးရုံရောက်

10/5/2009

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားခရိုင် သော်ဒီဂျာ ကျောင်းနားရွာတွင် ကျင်းပသော ၀ါကျွတ်ပွဲတော်အား မူဆလင် ဘင်္ဂလီများ ၀င်ရောက်တိုက်ခိုက်သဖြင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ဆေးရုံတင်ပို့လိုက်ရသော ရခိုင်အမျိုးသား နှစ်ဦးမှာ ဦးချီးလူး (အသက် ၃၆ နှစ်)နှင့် ဦးသိန်းရီ (၂၆ နှစ်) တို့ ဖြစ်သည်။ တခြား အမျိုးသမီး တဦးဖြစ်သူ ဒေါ်မထွီးတွင်လည်း ဒဏ်ရာ ရရှိသွားခဲ့သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော်က ယခုကဲ့သို့ နိရဉ္စရာသို့ မိန့်ကြားသည်။

“ ဦးဇင်းတို့က ၀ါကျွတ်လပြည့်နေ့မှာ ဘုန်းတော်ကြီး ကျောင်းထဲက မီးပုံးပျံ လွှတ်တင် ပါတယ်။ အချိန်က ၉ နာရီခန့်မှာပါ။ ဒါကို အနီးအနားက မူဆလင်တွေက လာပြီး ကျောက်ခဲတွေနဲ့ ပစ်ပါတယ်။ အဲသလို ပစ်တဲ့အတွက် ရွာသားတွေနဲ့ မူဆလင်တွေ အကြား စကားတွေ အကြီးအကျယ်များခဲ့ရပါတယ်။ အေးဒီနေ့က ပြဿနာ ပီးသွားခဲ့ပါတယ်။ နောက်တနေ့မှာ ဦးဇင်းတို့ ကျောင်းပေါ်မှာ ရွာသားတွေနဲ့ အစည်းအဝေးလုပ်နေတုန်း မူဆလင် ၃၀ ခန့်က ဘုန်းကြီးကျောင်းနားကို လာပီး တုတ်တွေ ကျောက်ခဲတွေနဲ့ တိုက်ခိုက်ပါတယ်။ အဲသလိုက် တိုက်ခိုက်တဲ့အတွက် ဦးချီးလူးနဲ့ ဦးသိန်းရီမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ဒေါ်မထွီးမှာတော့ အနည်းအကျဉ်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။”

အခင်းဖြစ်ပွားသော သော်ဒီဂျာ အလယ်ရွာမှာ ကော့ဘဇားခရိုင်အတွင်း တည်ရှိသော ရခိုင် ကျေးရွာကြီး တရွာဖြစ်ပြီး ၀ါကျွတ်လပြည့်တိုင်း မီးပုံးပျံ လွှတ်တင်ခြင်းကို ဘိုးစဉ် ဘောင်ဆက် ပြုလုပ်လာခဲ့ကြပြီး မီးပုံးပျံ လွှတ်တင်ခြင်းဖြင့် မည်သူကိုမှလည်း ထိခိုက်မူ မရှိဟုလည်း သိရသည်။

“ ဒက္ကားတို့ ကော့ဘဇားတို့လို မြို့တွေမှာတောင် ၀ါကျွတ် လပြည့်တိုင်း မီးပုံးပျံကို လွှတ်တင်နေကြတာပါဘဲ။ ဦးဇင်းတို့လို မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေမှာ မီးပုံးပျံတင်တာ ဘာမှ ပြဿနာမရှိပါဘူး။ သူတို့က ဘာသာရေး အမြင်အရ တိုက်ခိုက်တာ ဖြစ်ပါတယ်။ ပီးတော့ ဗုဒ္ဓဘာသာရွာတွေကို သူတို့က ဒီအနီးအနား ပတ်ဝန်းကျင်တွင် ရှိမနေစေချင်ဘူး။ ဒါကြောင့် သူတို့ တမင်ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ဆရာတော်မှ ဆက်မိန့်ကြားသည်။

မူဆလင်များ၏ တိုက်ခိုက်မူ ဖြစ်ပွားပြီးနောက် ဘင်္ဂလာရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းလိုက်ကာ ရခိုင်ကျေးရွာများကို ရဲအဖွဲ့ဝင်များက ယမန်နေ့က တနေ့လုံး စောင့်ကြပ်နေသည်ဟုလည်း သိရသည်။

အဆိုပါ ကျေးရွာ၏ ၀ါကျွတ်ပွဲတော်အား ဦးဆောင်တိုက်ခိုက်သူမှာ နာဇေလိုက်ဆိုသူ ဖြစ်ပြီး သူ့မှာ ဒေသအတွင်း ကျေးရွာ လူကြီး (မန်ဘာ) ဦးမော်နေရာမောက်၏ သားဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ တိုက်ခိုက်သူ ဘင်္ဂလီ (၂) ဦးကို ရဲအဖွဲ့မှ ဖမ်းဆီးလိုက်ပြီ ဖြစ်သော်လည်း ရဲအဖွဲ့ဝင်များ ပြန်သွားလျှင် မူဆလင်များ ဆက်လက် တိုက်ခိုက်လာနိုင်သဖြင့် ဗုဒ္ဓဘာသာ ရခိုင်များ အနေဖြင့် စိုးရိမ်နေကြရသည်။

၁၉၆၂ ခုနှစ်ပတ်ဝန်းကျင် ကော့ဘဇားခေါ် ဖလောင်းချိတ် မြို့ပေါ်တွင် ရခိုင်လူမျိုး နှစ်သိန်းနီးပါးခန့်ရှိခဲ့ပြီး ဒေသအတွင်းက မူဆလင် များ၏ အနိုင်ကျင့်မူကြောင့် အများစုမှာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့သွားကြသဖြင့် လက်ရှိ အခြေအနေတွင် ရခိုင်လူမျိုးမှာ ထောင်ဂဏန်း အဆင့်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

ပြောမယုံ ကြုံဖူးမှသိ ရင်နာမိပါ၏...

ဒီတိုင်းပြည်ခို၊ ဒီရေကိုသောက်၊
ဒီမြေအောက်က၊ ကူထောက်စီးပွား၊
ထုတ်ယူစားပြီ၊ ပြည်ဖွားအိမ်ရှင်၊
ရန်သူထင်၊ အသင်မှားနေပြီ.

အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော၊
မျိုးရိုးဘာသာ၊ သာသနာကို၊
ခြေရာနင်းလျှက်၊ အတင်းဖျက်၊
ရက်စက်လွန်းနေပြီ။

အိမ်ရှင်ကဖွား၊ သမီး သားကို၊
ဇနီးအဖြစ်၊ လင်အဖြစ်ဖြင့်၊
အနှစ်ကိုနှုတ်၊ အညစ်မြှပ်လျှက်၊
မွေးထုတ်ကလေး၊ စပ်တူသွေးတွင်၊
အရေးချက်ချာ၊ မျိုးဘာသာအား၊
လုယူထား၊ စော်ကားလွန်းနေပြီ။

သင့်အိမ်ခိုလျှက်၊ သင့်ကိုဖျက်၊
သင်လက်ခံမည်လော...?
သမီးပျော်ပါး၊ သားပျော်ပါး၊
စော်ကားခံမည်လော...?

ဖိုးပညော

09 October 2009

သီတဂူစတား ဓမ္မဒူတမှတ်တမ်း (အပိုင်း-၁)



မှတ်ချက်။ ။ ဒေါက်တာအမ်ဘေဒကာ၏ တပည့်များ နေရာဒေသဖြစ်၍ အမ်ဘေဒကာ၏ ဓမ္မအပေါ်သုံးသပ်ချက်တို့ကို ယူ၍ ဟောခဲ့ခြင်းဖြစ်သည်ကို ကြိုတင်နားလည်စေလိုပါသည်။ သီတဂူစတားတို့ရဲ့ စောဠပူမှ ဟောပြောခဲ့သည့် အကြောင်းအရာများကို မတင်ပြသေးမီ အိန္ဒိယနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ဒေါက်တာ အမ်ဘေဒကာ၏ အကြောင်းကိုတော့ အနည်းငယ် သိထားဘို့လိုပါသည်။ ဓမ္မမိတ်ဆွေများရဲ့တောင်းဆိုမှုကြောင့် တင်ပြရခြင်းဖြစ်ပါသည်။ အပိုင်းခွဲပြီး တင်ပြသွားပါမည်။

အိန္ဒိယနိုင်ငံနှင့် ဒေါက်တာအမ်ဘေဒကာ


မွေးဖွားခြင်း
ဒေါက်တာအမ်ဘေဒကာကို ခရစ်နှစ် ၁၈၉၁ ခု၊ ဧပြီလ၁၄-ရက်နေ့တွင် ဖခင် ရာမဂျီနှင့် မိခင်—-------တို့မှ အိန္ဒိယနိုင်ငံ ရတနာဂီရိခရိုင်၊ ခဒ်တလုကမြို့၊ အမ္ဗဝဒေကာရွာ၌ ဖွားမြင်ခဲ့သည်။ ဒေါက်တာ အမ်ဘေဒကာ ဖွားမြင်ခဲ့ရာ ဧပြီလ ၁၄-ရက်နေ့သည် ဂေါတမဗုဒ္ဓ ဖွားမြင်ရာနေ့ဖြစ်၍ထူးခြားမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူ၏နောက်လိုက်တပည့်များသည် ဧပြီ ၁၄ ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အထူးတန်ဘိုးထားကြသည်။ ဒေါက်တာအမ်ဘေဒကာ၏ ငယ်နာမည်မှာ ဘိဝရာမဂျိ အမ္ဗဝဒေကာ ဖြစ်ပြီး မျိုးနွယ်အမည်မှာ ဆန်ကပယ်လ ဖြစ်သည်။ အိန္ဒိယနိုင်ငံ ရိုးရာ ထုံးစံသတ်မှတ်ချက်အရ ဒေါက်တာအမ်ဘေဒကာ မွေးဖွားရာ မျိုးနွယ်သည် ဇာတ်နိမ့်မျိုးနွယ်ဖြစ်သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ဇာတ်မြင့်မျိုးနွယ်ဝင်များ၏ ဖိနှိပ်မှုဒဏ်ကို ခါးစည်းခံခဲ့ရပြီး၊ ထိုဒဏ်ရာများသည် ထူးချွန်ပြောင်မြောက်သည့် သူရဲကောင်းတစ်ယောက်ဖြစ်ဘို့ရန် ခွန်အားများ လက်နက်များဖြစ်လာသည်၊ နောက်ပိုင်းကာလတွင် ထူးချွန် ပြောင်မြောက်သည့် သူရဲကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။

ပညာသင်ယူခြင်း
ဒေါက်တာအမ်ဘေဒကာ အလောင်းအလျာ ဆန်ကပယ်လသည် ၁၉ဝဝ ခုနှစ်တွင် အစိုးရအထက် တန်းကျောင်း၌ ပညာစတင်သင်ကြားပြီး ၁၉ဝ၇ ခုနှစ်တွင် အထက်တန်းပညာရပ်များပြီးဆုံးသည်၊ ၁၉၁၂ ခုနှစ်တွင် အင်္ဂလိပ်၊ ပါရှားဘာသာရပ်ဖြင့် B.Aတန်းကို အောင်မြင်ခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် M.A ၊ ၁၉၂၁ နှစ်တွင် M.Sc ဘွဲ့တို့ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့သည်၊ ၁၉၁၆ ခုမှာပင် Ph.D အတွက်စာတမ်း တင်ခဲ့သည်၊ ၁၉၂၃ ခု နှစ် D.Sc (Eco) နှင့်ကျမ်းတင်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း
တန်းတူးအခွင့်ရေး၊ မိတ်ဆွေစိတ်ဓာတ်၊ သူငယ်ချင်းစိတ်ဓာတ် နှင့် လူသားဆန်သော ဆက်ဆံရေးတိုကို ဗုဒ္ဓဘာသာမှတပါး အခြား ဘာသာတို့၌ မတွေ့နိုင်၊ ဗုဒ္ဓဘာသာသည်သာလျင် ဇာတ်နိမ့် (untouchable) တွေကို ကယ်တင်နိုင်မည်၊ တန်းတူညီမျှသော လူ့အခွင့်ရေးကို ဗုဒ္ဓဘာသာကသာ ပေးနိုင်ကြောင်း တွေ့မြင်သည်။ ၁၉၅၆ ခုနှစ် မေလ ၂၄ ရက်နေ့ ဘုံဘေမြို့၌ ကျင်းပသည့် ဗုဒ္ဓဇယန္တိ ပွဲတော် အခမ်းအနားတွင် ဗုဒ္ဓဘာသာဝင်အဖြစ် ကြေငြာခဲ့သည်။ ထိုအချိန်မှစတင်၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည်အသက်ရှင်လာရေးအတွက် အထူးတလည် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဇာတ်နိမ့်ဘဝ လွတ်မြောက်ရေးနှင့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး အိန္ဒိယနိုင်ငံတော်အလံတွင် ဗုဒ္ဓဘာသာ၏ အမှတ်အသားဖြစ်သော ဓမ္မစကြာပုံနှင့် အသောကသာသနာပြုအမှတ်တံဆိပ်တို့ပါဝင်အောင် စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် အိန္ဒယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်လာ ရေးအတွက် အသက်ဆုံးတိုင်အထိ ကြိုးစားခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ပက်သက်သော ရိုးရာပွဲတော်များ ကျင်းပနိုင်ဘို့ရန် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည်။ မြန်မာနိုင်သို့ ၂ ကြိမ်ရောက်ခဲ့သည်ဟု မှတ်တမ်းမှာ တွေ့ရပါသည်၊ သူသည် ဆဋ္ဌသင်္ဂါယနာ တင်ပွဲတော်နှင့် အခြားဗုဒ္ဓဘာသာအခန်းအနားတစ်ခုသို့ တက်ရောက်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းဝါဒ
အိန္ဒိယနိုင်ငံသည် ဗြဟ္မဏဝါဒ အားကောင်းပြီး ဗြဟ္မဏဝါဒနှင့်အတူ ဇာတ်စနစ်ခွဲခြားမှုစနစ် ကြီးစိုးသော နိုင်ငံဖြစ်သည်။ ထိုဇာတ်စနစ်ခွဲခြားမှုသည် မြတ်ဗုဒ္ဓလက်ထက် မတိုင်မီကပင် အိန္ဒိယနိုင်ငံ၌ အမြစ်တွယ် တည်ရှိခဲ့သည်။ ဗြဟ္မဏဝါဒနှင့် ဇာတ်စနစ်ကို ချမှတ် တည်ထောင်ခဲ့သူ မှာ ပဇာပတိခေါ် ဗြဟ္မာဖြစ်သည် ဟုယူဆကြသည်။

ဇာတ်စနစ်ခွဲခြားမှု
ဗြဟ္မဏဝါဒတွင် လူသားများကို အဆင့်လေးမျိုးနှင့် ရပိုင်ခွင့် တာဝန်များကို ခွဲခြား သတ်မှတ်ထားသည်။ ဗြာဟ္မဏ-ပုဏ္ဏားမျိုးနွယ်သည် ပထမတန်းစား။ ခတ္တိယ-မင်းမျိုးမင်းနွယ်သည် ဒုတိယ၊ ဝေဿ-ကုန်သည်လယ်လုပ်များသည် တတိယ။ သုဒ္ဒ သူဆင်း ရဲမျိုးနွယ်သည် အညံ့စားဟု သတ်မှတ်သည်။ အမြင့်ဆုံးအမျိုးအနွယ်၏ တာဝန်မှာ အမြတ်ဆုံးပညာရပ်ဟု သတ်မှတ်ထားသော ဝေဒပညာရပ်များကို သင်ယူခြင်း ချပို့ခြင်းဖြစ်သည်။ ခတ္တိယအမျိုးအနွယ်သည် နိုင်ငံကို ကာကွယ် စောက်ရှောက်ရေး တာဝန်ယူရသည်။ ထို့ပြင် ဇာတ်မြင့်စာရင်းတွင် ပါဝင်သည်ဖြစ်ရကား ပညာသင်ခွင့်ရသည်။ ဝေဿအမျိုးအနွယ်သည် နိုင်ငံ၏ စီးပွားရေးကိုအထူး တာဝန်ယူရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝသည်၊ ဇာတ်မြင့် စာရင်းတွင် ပါဝင်သဖြင့် ပညာသင်ယူခွင့်ရပြန်သည်။ သို့သော် အမျိုးနွယ်အားလုံးသည် ဗြဟ္မဏမျိုးတို့၏ အလုပ်အကျွေးများသာဖြစ်သည်ဟုသတ်မှတ်သည်။
အထူးသဖြင့် သုဒ္ဒမျိုးနွယ်များသည် အထက်ပါ မျိုးနွယ်များ၏ အလုပ်အကျွေးသက်သက်သာဖြစ်သည်။ ပညာသင်ယူခြင်း၊ တိုင်းပြည်ရာထူးအာဏာပိုင်ဆိုင်ခြင်း၊ စီးပွားကူးသန်းရှာဖွေခြင်းများကို ပြုလုပ်ခွင့်မရှိပေ။ ထို့ကြောင့် သုဒ္ဒမျိုးနွယ်များသည် ခေတ်အဆက်ဆက် အနှိမ်ခံဘဝဖြင့် ရှင်သန်ရပ်တည်ခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ ငါးပုံတစ်ပုံသည်သုဒ္ဒ(ဇာတ်နိမ့်)များဖြစ်ပြီး အများစု၏ အသားအရောင်မှာ အနက်ရောင်ဖြစ်သည်။အတတ်ပညာ သင်ယူခွင့်မရသည့်အတွက် ပညာမဲ့လူတန်းစားများဖြစ်ကြသည်။ ယနေ့ မျက်မှောက်ခေတ်တွင် ဗြဟ္မဏမျိုး (ဇာတ်မြင့်) နှင့် သုဒ္ဒမျိုး (ဇာတ်နိမ့်) ဟူ၍ လူတန်းစား နှစ်မျိုးသာ ခွဲခြားမှုရှိတော့သည်။

အပိုင်း (၂)ဆက်ဖော်ပြပါမည်။
သီတဂူးစတား

08 October 2009

အနှစ်ကိုးပါး (အပိုင်း-၁၈)



ဇိမ်ခံဖို့နဲ့ ညှဉ်းဆဲဖို့ အားထုတ်နေကြတယ်
အဲဒီလိုသူတပါးဆီက ပစ္စည်းကို အတင်းယူဖို့ချည်း ကြိုးစားနေတဲ့ လူထုကြီးဟာ ကမ္ဘာမှာ အများကြီးပဲ။ အဲဒီ လိုဆင်းရဲတဲ့ လူတွေကစပြီးတော့ အထက်နည်းနည်း နည်း နည်း တက်တက်ပြီး ကြည့်လိုက်ပေါ့။
ဒါ့ကြောင့် ရတဲ့ပုဂ္ဂိုလ်တွေကလဲ ဘယ်လောက်ပဲ ရရ၊ မကျေနပ်ကြဘူး။ အဲဒါ လောဘ။ အဲဒီရတာတွေကို စည်းစိမ်ခံ၊ ကိုယ်ရသလို သူများကို မရစေချင်ဘူး။ အဲဒါ မစ္ဆရိယ။
မရှိဘူး, မရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကလဲ ရတဲ့ လူတွေ အပေါ်မှာ မကျေနပ်တဲ့ ဣဿာ(မနာလိုမှု)၊ အဲဒီ ဣဿာ ရဲ့ နောက်နားကနေ ''မင်းတို့တော့ ချလိုက်ဦးမယ်''ဆိုတဲ့ ဒေါသ။ တစ်ဘက်စွန်းပဲ။
မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ် ဝါဆိုလပြည့်နေ့ မိဂဒါဝုန်မှာ မြတ်စွာဘုရားရှင် ၅-ယောက်သော ပုဂ္ဂိုလ်တို့ ကို စတင်ဟောဖော် ကြွေးကြော် တော်မူခဲ့တဲ့ဒေသနာက ဓမ္မစကြာ။ အဲဒီတရားတော်ထဲမှာ အစွန်း ၂-ခုဆိုတာကို မိန့်တော်မူထားပါတယ်။
တစ်ဘက်က ဇိမ်ခံဖို့ အားထုတ်နေတာ။ တစ်ဘက်က ညှင်းဆဲမယ်လို့ အားထုတ်နေတာ။ ကိုယ့်ကိုယ်ကို ညှင်းဆဲရုံတင်မကဘူး၊ သူတပါး ညှင်းဆဲဖို့အားထုတ်တာက ပိုများတယ် ထင်တာပဲ။
အတ္တကိလမထာနုယောဂေါ၊ ကိုယ့်ကိုယ်ကို ညှင်း ဆဲဖို့အားထုတ်တယ်။
ကိုယ့်မှာ ဒေါသနဲဣဿာဖြစ်ရင် ကိုယ့်ကိုယ်ကို ညှင်းဆဲပြီသား။ သူတပါး ညှင်းဆဲတာက နောက်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုညှင်းဆဲတဲ့အလုပ်ဟာ ကိုယ့်ဒုက္ခ ကိုယ့်ကိုကိုယ် ဖန်တီးနေတာပဲ။
ကမ္ဘာမှာ ''စနစ်တွေ ဘယ်လောက်ပဲ များပါတယ်၊ ဝါဒတွေ ဘယ်လောက်ပဲများပါတယ်''ပြောပြော၊ အဲဒီနှစ်စု ထဲ အကုန်ဝင်နေတယ်။
မြတ်ဗုဒ္ဓက အဲဒီအစွန်း ၂-ခုကို ရှောင်သွားတယ်။ ဒီအစွန်း နှစ်ဘက်ကိုလဲ ရှောင်ဖို့ရန် တိုက်တွန်းခဲ့တယ်။
ဗုဒ္ဓဘာသာဖြစ်ခွင့် ရလိုက်တော့ အဲဒီအစွန်း၂-ဘက်ကို လွတ်အောင် ရှောင်နိုင်ကြတယ်။ ရှောင်တတ် ကြတယ်။

သာသနာဟာ အမြဲတမ်း ပြောင်းရွှေ့နေတယ်
ဒါ့ကြောင့် မြန်မာလူမျိုးတွေ မြန်မာပြည်က ပုဂ္ဂိုလ် တွေ ချမ်းသာနေကြတာဟာ အဲဒီအစွန်းနှစ်ခုကို လွတ် အောင် ရှောင်နိုင်ကြလို့ပါပဲ။
ကမ္ဘာမှာ အဲဒီအစွန်းနှစ်ဘက်ကို လွတ်အောင် မရှောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ သိပ်ကို ဒုက္ခဖြစ်နေကြတယ်။
ဆဋ္ဌသံင်္ဂါယနာတင်တဲ့ အချိန်တုန်းက ထေရဝါဒ သာသနာထွန်းကားတဲ့ နိုင်ငံဆိုလို့ မြန်မာရယ်၊ သီဟိုဠ်ရယ်၊ ကမ္ဘောဒီးယားရယ်၊ လာအိုရယ်၊ ယိုးဒယားရယ်ဆိုပြီး ၅-နိုင်ငံပဲ ရှိတယ်။
ဗုဒ္ဓဘာသာ သာသနာကြည်ညိုတဲ့ နိုင်ငံတွေ အများကြီးထဲက ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ကို နှစ်ပေါင်း (၂၅ဝဝ)စလုံး မပြုမပြင်ပဲနဲ့ ပကတိအတိုင်း ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ လာခဲ့တဲ့ ထေရဝါဒသာသနာ ထွန်း ကားတဲ့ နိုင်ငံသည် ဒီ ၅-နိုင်ငံပဲ။
သာသနာဟာ အမြဲတမ်းပြောင်းရွှေ့နေကြတယ်။ အိန္ဒိယပြည်မှာ အခု ပြောပြီးပြီ၊ သာသနာ့မှတ်တိုင်ပဲ ကျန် တော့တယ်။
ဗုဒ္ဓဂါယာက ဗောဓိပင်ကြီးအကြောင်း အခုနက ပြောပြီးပြီ။ မဟန့်တို့က အကုန်လုံး ဝင်နှောင့်ယှက်ထားတာ။ သန့်ရှင်းအောင် မနည်းလုပ်ယူရတယ်။ ဒီကနေ့ မှတ်တိုင် အဖြစ်ပဲ ကျန်တော့တယ်။ နောက်ပြီးတော့ ဟိုဘက်က မိဂဒါဝုန်စေတီတော်ကြီးလဲ ပြိုလို့။ ရွှေဆိုရင် တစမှ မရှိ တော့ဘူး။ ရာဇဂြိုဟ်ဆိုလို့ရှိရင်လဲ အထိမ်းအမှတ် အဖြစ် အုတ်ရိုးပဲ ရှိတော့တယ်။ သာဝတ္ထိမြို့ ဇေတဝန်ကျောင်း ဆိုတာလဲ အုတ်ရိုးပဲရှိတော့တယ်။ ဒီတော့ သာသနာဟာ နေရာ ရွေ့ရွေ့ သွားတယ်။
ရွေ့တယ်ဆိုရင် တော်သေးတာပေါ့။ လုံးဝ မကွယ်ပျောက်ဖို့ အရေးကြီးတယ်။ ဘာသာခြားတွေရဲ့ ခြေလှမ်းကို သတိထားဖို့ လိုတယ်။
တိဘက်တွေဆိုရင် တိုင်းပြည်ပါ ပျောက်သွားတယ်။ တိဘက်ဗုဒ္ဓဘာသာလူမျိုးတွေဟာ နီပေါနဲ့ အိန္ဒိယမှာ ခိုနေကြတယ်။ တိဘက်နိုင်ငံရယ်လို့ ကမ္ဘာမှာ ရှိကိုမရှိတော့ ဘူး။
နောက်ပြီးတော့ ဟိုဘက်က မွန်ဂိုလီယား ဆိုလို့ရှိ ရင်လဲ ရှိတော့ရှိတယ်။ ဒါပေမဲ့ ကမ္ဘာမှာ မထင်ရှားဘူး။ အညတရ ဖြစ်နေတယ်။ ဂျပန်ကျပြန်တော့ ''မဟာယာန''။ အရှေ့ဘက်ကတော့ အဲဒီလို ဖြစ်နေတယ်။
ဒီကနေ့ခေတ်မှာ အားရစရာ တစ်ခုကောင်းတာက အမေရိကတို့ အင်္ဂလန်တို့ ဥရောပတို့မှာ သာသနာ ရောက်နေခြင်းပဲ။ ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ဖို့တော့ လိုသေးတယ်။
မြတ်စွာဘုရား ဆုံးမတော်မူတဲ့ အဆုံးအမအတိုင်း ကျင့်ကြံအားထုတ်တော် မူကြတဲ့အတွက်ကြောင့် ချမ်းသာခွင့် ရကြတာ။

အစွန်းလွတ်အောင်နေ ကမ္ဘာကြီးချမ်းသာတယ်
ဘုန်းကြီး စင်္ကာပူနှင့် သီဟိုဠ်နိုင်ငံမှာ တရားဟောတုန်းက အစွန်း ၂-ပါးမှ လွတ်အောင်နေဖို့ အဓိက ဟော ခဲ့ပါတယ်။
ခုနက ပြောခဲ့တဲ့ ကမ္ဘာ့အုပ်စုကြီးနှစ်ခု ပဋိပက္ခ ဖြစ်နေတာကို ငြိမ်းချမ်းအောင် ဘယ့်နှယ့်လုပ်မလဲ၊ သူတို့က ''မေတ္တာတရားနဲ့လုပ်ရမယ်''လို့ ပြောလိမ့်မယ် ထင်ထားတာ။ အဲဒီနေရာမှာ ဘုန်းကြီးက မေတ္တာတရား ထပ်မပြောတော့ဘူး။ ပြောရင် သက်သက်လွတ်ပုဂ္ဂိုလ်နဲ့ တွေ့ရင် ခက်နေဦးမှာ။
''အစွန်းလွတ်အောင်နေ၊ ကမ္ဘာကြီးချမ်းသာတယ်'' ဆိုပြီး ဘုန်းကြီးက ဟောလိုက်တယ်။ အားလုံးငြိမ်နေတာ ပဲ။ တချို့ကလည်း ဦးခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေကြတယ်။

ပိဋကတ်တော်လာ အနှစ်သုံးပါး
ပိဋကတ်သုံးပုံကို အဆီ ညှစ်ထုတ်လိုက်တဲ့အခါ တရား သုံးမျိုးထွက်လာတယ်။
၁။ ရတနာသုံးပါး
၂။ လက္ခဏာသုံးပါး
၃။ သိက္ခာသုံးပါး
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ဒီသုံးခုကို ''ရတနာ''လို့ခေါ် တယ်။ ''ရတနာ''လို့ ခေါ်ခြင်းရဲ့ အကြောင်းတွေ ရှိပါတယ်။
''ရတနာ''ခေါ်ရခြင်း၏အကြောင်း
စိတ္တီကတံ မဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ။
အနောမသတ္တပရိဘောဂံ၊ ရတနံ တေန ဝုစ္စတိ။
စိတ္တီကတံစ၊ ဆန်းကြယ်သော သဘောရှိသည်၏ အဖြစ်လည်းကောင်း။ မဟဂ္ဃဉ္စ၊ တန်ဖိုးကြီးမားသည်၏ အဖြစ် ကြောင့်လည်းကောင်း။ အတုလံ၊ တုလို့မရ အတုမဲ့ တဲ့ သဘောလည်းကောင်း။ ဒုလ္လဘဒဿနံ၊ တွေ့ရခဲ ကြုံရခဲ ဆုံရခဲ မြင်ခဲတဲ့ သဘောလည်းကောင်း။ အနောမသတ္တ ပရိဘောဂံ၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့မှ သုံးဆောင်ထိုက်သည့် အဖြစ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေဟိ ကာရဏေ ဟိ၊ ဤအကြောင်းတို့ကြောင့်။ ရတနန္တိ၊ ရတနာဟူ၍။ ဝုစ္စတိ၊ မုချကိန်းသေ ဆိုအပ်ပါပေ၏။
စိန် ရွှေ ငွေစတဲ့ ပစ္စည်းတွေကို ''ရတနာ''လို့ခေါ် တယ်။ ရတနာခေါ်ထိုက်တဲ့ အကြောင်း ၅-ပါးရှိတယ်။
၁။ စိတ္တီကတ၊ ဆန်းကြယ်တဲ့သဘောခြင်း။
၂။ မဟဂ္ဃ၊ တန်ဖိုးကြီးမားခြင်း။
၃။ အတုလ၊ အတုမရှိခြင်း (အတူမရှိခြင်း)။
၎။ ဒုလ္လဘဒဿနံ၊ တွေ့ဖို့ရန်ခက်ခဲခြင်း။
၅။ အနောမသတ္တ ပရိဘောဂံ၊ မြတ်သော သူတို့မှ သာလျှင် သုံးစွဲထိုက်ခြင်းတို့ဖြစ်ပါတယ်။
ထိုနည်းတူစွာပါပဲ။ ဗုဒ္ဓ ဓမ္မ သံဃာ ဆိုတဲ့ ဒီ ရတနာ သုံးပါးဟာလဲပဲ အလွန်ဆန်းကြယ်ပါတယ်။ အလွန့် အလွန် တန်ဖိုးကြီးပါတယ်။ တုလို့လဲ မရကြပါဘူး။ တွေ့ရခဲ ကြုံရခဲပါတယ်။ မြတ်သော သူတို့မှသာလျှင် ဖူးတွေ့ရ တယ်။ ဒါ့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာကို ရတနာလို့ခေါ်တယ်။

(အပိုင်း-၁၈)ကိုမျှော

06 October 2009

ဆုတောင်း(၆)မျိုးတရားတော် (အပိုင်း-၁)


ဆုတောင်း(၆)မျိုးတရားတော်

၁၃၆၃-ခု ဝါခေါင်လပြည့်ကျော်(၃)ရက် ညချမ်း ကာလ (၇)နာရီ မိနစ်(၃ဝ) အချိန်မှစတင်လို့ စစ်ကိုင်းမြို့ နယ် ရွာသစ်ကြီး မတောင်းတရပ်ကွက်မှ သီးနှံနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးကြတဲ့ ဒကာဦးလှ သိန်း+ ဒကာမဒေါ်ခင်ဌေးကြည်မိသားစုက ဓမ္မဒါနပြု သဖြင့် ဆင်ယင်ကျင်းပအပ်သော ဓမ္မသဘင်ကို ယခုအခါ မေတ္တာအာသီသ မေတ္တာပတ္ထနာဖြင့် စတင်ဖွင့်လှစ်ပါပြီ။
ဓမ္မသဘင်ကို အားခဲရောက်ရှိလာကြတဲ့ တရား ချစ်ခင် သူတော်စင်အပေါင်းနှင့်တကွ (၃၁)ဘုံအရပ် ဆယ် မျက်နှာ အနန္တစကြာဝဠာမှာရှိကြတဲ့ အနန္တသတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ်စိတ် နှစ်ပါး အေးချမ်းကြပါစေလို့ မေတ္တာဓါတ်တွေ ဖြန့်ဝေပြီး တော့ ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ပါပြီ။

ကဏှဆိုတာ
ရွာသစ်ကြီးရဲ့ မတောင်းတရပ်မှာ ဆုတောင်း (၆)ပါး မတောင်းတတဲ့အကြောင်းကို ဟောမှာ၊ ရသေ့ နာမည်က 'ကဏှ' တဲ့။ ကဏှဆိုတဲ့ပါဠိက ဗမာလို အမည်းလို့ အမည်ရတယ်၊ ရသေ့က မည်းနေတာဘဲ ဘယ်လောက်မည်း သလဲဆိုရင် သပိတ်လိုမည်းနေတာ မီးသွေးတောင်းထဲမှာ ကျီးကန်းဝင်နေသလို မည်းနေတယ်၊ ရသေ့ကြီးက အသား မည်းသော်လည်း အသည်းဖြူတယ်လို့ ပြောနိုင်တယ်။
မတောင့်တက လူတွေလိုဘဲ အသားမည်းပေမယ့် အသည်းဖြူတယ်။ ကဏှရသေ့က မည်းလိုက်တာ၊ မည်းနက် တဲ့ မြေကွက်ပေါ်မှာ နေတယ်။ နေနေတဲ့မြေကြီးက လည်း မည်းနေတယ်၊ ဟိမဝန္တာတောင်ခြေက ကျွန်းတောကြီးထဲ မှာနေတယ်။
အဲဒီတော့ အသားကလည်းမည်းတယ်။ ပြီးတော့ မည်းတဲ့အဝတ်တွေကို ဝတ်ထားတယ်။ ရသေ့ကြီးရဲ့နေရာ ကလည်း မည်းတယ်။ အဝတ်လည်းမည်းတယ်။ အသား လည်းမည်းတယ်။
နောက်ထပ် မည်းတဲ့အစားအစားတွေကို စားနေ တယ်တဲ့။ အဝတ်မည်းတာ ဟုတ်ချင်ဟုတ်မှာပေါ့၊ သစ် ခေါက်တွေဆိုးထားတာဆိုတော့ အမည်းရောင်ဖြစ်လာမှာ ဘဲ။ ညောင်ခေါက် ပိန္နဲခေါက် ပျဉ်းကတိုးခေါက်စတဲ့ အဲဒီလို တောထဲကအခေါက်တွေ ဆိုးထားရင် ကြမ်းလည်းကြမ်း သေးတယ်၊ အဝတ်က တဖြည်းဖြည်းနဲ့ မည်းပုပ်ပုပ်ဖြစ်လာ တယ်၊ မလျှော်ဘဲထားရင် ပိုတောင်မည်းသေးတယ်။ အဝတ်မည်း၊ အသားမည်း၊ မြေကြီးမည်း၊ ဒါလည်းကိစ္စ မရှိဘူး။

မည်းတဲ့အစားအစာ
မည်းတဲ့အစားအစာ စားတယ်ဆိုတော့ ဘယ်လို အစားအစာများ စားသလဲ၊ ဒါလည်း စဉ်းစားစရာဘဲ။ ရိုးရိုး ဆန်ဘဲ ပြောင်းဘဲစားတယ်ဆိုရင်တော့ ဒါအမည်းတော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီး ရိုးရိုးတွေးကြည့်တာကတော့ ကောက်ညှင်းငချိတ်ကို ပုန်းရည်ကြီးနဲ့ နယ်စားပုံရတယ်၊ ဒါအမည်းဆုံးဘဲ ဒါထက်မည်းတာတော့ မရှိနိုင်ဘူး၊ နောက် တစ်ခုရှိသေးတယ်၊ ဘိတ်ကလာတဲ့ မုန့်တစ်မျိုးဟာ ကောက် ညှင်းငချိတ်, ပုန်းရည်ကြီး, ဒူးရင်းသီး, ထောပတ်သကြားနဲ့ လုပ်တယ်၊ မည်းနေတာဘဲ၊ အဲဒါ ဘုန်းကြီးတို့ ဘိတ်ကိုသွား တရားဟောလို့ရှိရင် တစ်ခါတစ်ခါ စားရတယ်။
စားလို့အလွန်ကောင်းတယ်။ အဲဒါ ဘာမုန့်လဲဆိုလို့ ရှိရင် 'မုန့်ကုလားမည်း'တဲ့၊ မုန့်မည်းဆို တော်ရောပေါ့၊ ကုလားမည်းတဲ့။ ကုလားမည်းဆိုတော့ ကုလားဖြူရှိသေး လားလို့ မေးစရာဖြစ်တယ်၊ အဲဒီတော့ ကုလားကအဖြူ လည်း ရှိမှာပေါ့။

တကယ်ဖြူတဲ့ကုလားတွေ
အိန္ဒိယပြည်မှာ တကယ်ဖြူတဲ့ ကုလားတွေ အများ ကြီးရှိတယ်၊ ဘုံဘေတို့လို ပန်ဂျပ်တို့လိုနော် ရာသီဥတုလဲ ကောင်းတယ်။ လူတွေလည်း ပစ္စည်းဥစ္စာ ချမ်းသာတယ်၊ အဲဒီလောက် အသားမည်းပြီးတော့ ဆင်းရဲတဲ့ လူတွေ အလွန်များပြီးတော့ အသားမည်းတဲ့ တိုင်းပြည် အိန္ဒိယမှာ ရှိတယ်။
အဲဒီလို ရာသီဥတုကောင်းဆိုတာ မပူပြင်းဘူး။ မိုးကလည်း မကြာမကြာရွာတယ်၊ သစ်တောကလည်း စိမ်းနေတယ်။ ဖုန်မထဘူး၊ နောက်တစ်ခုက မြောက်ပိုင်းနဲ့ အနောက်ပိုင်းအိန္ဒိယမှာ ဟိမဝန္တာတောင်ခြေတစ်ဝိုက်မှာ အေးတယ်။ ဆီးနှင်းတွေနဲ့ အေးပြီဆိုတော့ အဝတ်တွေကို တစ်ကိုယ်လုံးလုံအောင် ထူထူဝတ်လေ့ရှိတယ်၊ အဲဒီက လူတွေက အများအားဖြင့် အသားဖြူတယ်။
တစ်နှစ်လုံးပူပြီးတော့ အိုက်စပ်စပ်ဖြစ်နေတဲ့ အရပ်ကလူတွေက အသားမည်းတတ်တယ်။ အင်္ကျီချွတ်ပြီး တော့ တစ်ချို့နေသေးတာဘဲ ပြီးတော့လည်း ချွေးနဲ့ဖုန်နဲ့ လေနဲ့နေနဲ့ ထိတွေ့နေတော့ ဒီအသားက ဖြူဖို့ရန်ခက်တယ်။
အဲဒါကြောင့် အိန္ဒိယပြည် ပန်ဂျပ် ဘုံဘေတို့ နယူးဒေလီတို့ ဒါဂျီလင်တို့ဆိုတဲ့ ဟိမဝန္တာတောင်နားက မြို့တွေကို ရောက်သွားလို့ရှိရင် ညနေစောင်းအချိန် သစ်ပင် ဥယျာဉ်ကောင်းတဲ့ နေရာတွေမှာ တစ်ခါတစ်လေ လမ်း လျှောက်သွားပြီးကြည့်လိုက်ရင် ကုလားအထီးရော အမရော ဖွေးနေတာပဲ။ နတ်ပြည်က နတ်သားနတ်သမီးတွေများ ဆင်းလာသလားအောင့်မေ့ရတယ်။ ရုပ်ကလည်းချောတယ်။ အသားကလည်း ဖြူတယ်။ ဒီလို အဖြူတွေလည်းရှိ တယ်။
အခု ကဏှကအသားမည်းတယ်၊ အဝတ်မည်း တယ်၊ အစားမည်းတယ်၊ နေရာမည်းတယ်။

(အပိုင်း-၂)ဆက်ဖော်ပြပါမည်။

05 October 2009

သီတဂူဆရာတော် အရှင်ဉာဏိဿရ (သို့မဟုတ်) စာဆိုတော်ဓမ္မကထိက ------------




မိမိ၏ဇာတိရပ်ရွာ၌ သီတဂူဆရာတော်၏ တရားကို အလွန်ကြိုက်သော ဦးကြီးတစ်ယောက်ရှိ၏။ အာဘောင်အာရင်း သန်သန်နှင့် အပြောကောင်းလှ၏။ သူသည် ဆရာတော်၏ အကြောင်းကို မကြာမကြာ ပြော၏။ ထို့ကြောင့် မိမိသည် သီတဂူဆရာတော်ကို ကိုရင်ဘဝကပင် ကောင်းကောင်း သိနေလေတော့၏။ ဆရာတော်၏ တရားများကို နာရတာ အရသာ ရှိကြောင်း၊ ဆရာတော်သည် မိမိပြောလိုသည့် အကြောင်းအရာကို တစ်တစ်ခွခွ ပြောတတ်ကြောင်း၊ အသံသြဇာကလည်း ကောင်းကြောင်း၊ တရားကိုလည်း ရဲရင့် တည်ငြိမ်သောအသံဖြင့် ဟောကြောင်း စသဖြင့် ဆရာတော်၏ အကြောင်းကို ချီးမွမ်းခန်း ဖွင့်လေသည်။

''သက်ကြီးစကား သက်ငယ်ကြား''ဆိုသည့်အတိုင်း မိမိသည် ကိုရင်အရွယ် ရှိသေးရကား သူ၏ ပြောစကားများ ကို စိတ်ဝင်တစား နားထောင်ခဲ့ရပေသည်။ သူသည် နိဂုံးချုပ်ပြီဆိုရင် ပြောနေကြအတိုင်း ''ကိုရင်တို့လည်း ဆရာတော်ကို အတုယူကြ၊ စာပေကိုလည်း တတ်မြောက်အောင် ကြိုးစားကြ'' ဟု တိုက်တွန်းစကားဖြင့် အဆုံးသတ်လေ့ရှိ၏။
ဒကာမကြီးတစ်ယောက်၏ ပီတိမျက်ရည်

ဤသို့လျှင် ဆရာတော်၏တရားများကို လွန်လွန်ကဲကဲ နှစ်ခြိုက်ကြသူများကို ခဏခဏတွေ့ရပါသည်။ ထိုင်းနိုင်ငံ မှ ဒကာမ ကြီးတစ်ယောက်ဆိုလျှင် ဆရာတော်ကို တွေ့သော အခါ ဝမ်းသာပြီး ငိုပါတော့သည်။ ဆရာတော်သည် သာသနှာကိစ္စတစ်ခုဖြင့် ထိုင်းနိုင်ငံ ဖယောင်းမြို့သို့ ကြွရောက်တော်မူ၏။ ပရိသတ်များ ဆရာတော်ကို လာရောက် နှုတ်ဆက်ကန်တော့ကြ၏။ ထိုအထဲတွင် ဒေါ်အေးစိန်ဆိုသည့် ဒကာမကြီးလည်း ပါလာ၏။

ထိုဒကာမကြီးသည် သီတဂူဆရာတော်ကို အလွန် ကြည်ညို၏။ ဆရာတော်၏ တရားများကို အလွန်နှစ် ခြိုက်၏။ သို့သော်ဆရာတော်ကို တစ်ခါမှ မဖူးတွေ့ဘူးပေ။ ယင်းသို့ဖြစ်ရကား ဆရာတော်ကိုဖူးတွေ့ နေပါသော်လည်း ''ငါ သီတဂူဆရာတော်ကို ဖူးနေတာပဲ''ဟု မသိရှိပေ။ ထို့ကြောင့် ဒကာမကြီးက ''တပည့်တော်ဟာ ခရီး သွား ခရီးလာများမှတဆင့် မှာယူ၍ မြန်မာပြည်မှ တရားတိတ်ခွေများ နာရပါတယ်၊ ယခုလို မြန်မာဘုန်းတော်ကြီးများ ရောက်ရှိလာတော့ ဖူးရတာအလွန်ပင် ဝမ်းသာ မိပါတယ်ဘုရား''ဟု ဆရာတော်ကို လျှောက်၏။

''ဟုတ်တာပေါ့၊ နိုင်ငံရပ်ခြားမှာနေကြတဲ့ မြန်မာ လူမျိုးတွေဟာ ဘုန်းကြီးသံဃာတော်များကို သိပ်ဖူးချင် ကြတယ်၊ အမျိုးဘာသာသာသနာကို ချစ်တဲ့စိတ်ရှိလို့ပါပဲ၊ ဒါကိုဝံသာနုစိတ်လို့ခေါ်ပါတယ်၊ ဘုန်းကြီးတို့ အားရကျေ နပ်မိပါတယ်''။
''မှန်ပါဘုရား၊ ဆရာတော်ကို တစ်ခုလောက် အကူ အညီ တောင်းချင်ပါတယ်''။
''ရပါတယ် ဒကာမကြီး၊ ဘုန်းကြီး ကူညီမှာပေါ့''။
''တပည့်တော်ဟာ ဘဝတန်ဖိုးနဲ့ နိယာမငါးပါး တရားကို ဟောကြားတဲ့ သီတဂူဆရာတော်ကို ထိုင်းနိုင်ငံသို့ ပင့်ချင်ပါတယ်၊ ဒါကြောင့် သီတဂူဆရာတော်ကို မရရ အောင်ပင့်ပေးပါဘုရား''။
''အော် ဒကာမကြီးက သီတဂူဆရာတော်ကို တွေ့ချင်သလား”။
“မှန်ပါ တွေ့ချင်တာပေါ့ဘုရား”။
“ဒကာမကြီး သီတဂူဆရာတော်ကို အခြားနေရာတွေမှာ လိုက်ရှာစရာမလိုပါဘူး ဒကာမကြီးရယ်၊ အခု ဒကာမကြီးရှေ့က ထိုင်နေတဲ့ ဘုန်းကြီးပါပဲ''ဟု ဆရာတော်က အမိန့်ရှိလိုက်သောအခါ ဒကာမကြီး ဒေါ်အေးစိန်သည် သီတဂူဆရာတော်မှန်း သိသွားပြီး ရှိုက်ကြီး တငင် ငိုကြွေးပါတော့သည်။

ဆရာတော်က ''ဒကာမကြီး ဘာကြောင့် ငိုနေ သလဲ၊ ဒါ ငိုစရာမဟုတ်ပါဘူး''ဟု ပြောလိုက်၏။''ဆရာတော် တပည့်တော်ဟာ ထိုင်းနိုင်ငံရောက်တာ နှစ်ပေါင်း ၄ဝ-ကျော်ပြီဘုရား၊ မြန်မာနိုင်ငံကို တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးဘုရား၊ မြန်မာဆရာတော်များ၏ တရားတိတ်ခွေများ အမြဲနာကြားနေရာက ဘဝတန်ဖိုး တရားဟောကြားတဲ့ ဆရာတော်ကို ဖူးတွေ့လိုတဲ့ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်နေတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံကို မပြန်နိုင်ဘူး၊ ဒါကြောင့် ဒီတစ်သက်တွင် ဖူးတွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတယ်၊ ယခုလို မမျှော်လင့်ပဲ ဖူးတွေ့ရလို့ ဖော်မပြနိုင်လောက်အောင် ဝမ်းသာမိပါတယ်ဘုရား၊ ဝမ်းသာကြည်နူးလွန်းလို့ တပည့် တော် ငိုမိတာပါဘုရား''ဟု အားရပါးရ လျှောက်ထားလေ၏။

နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အမျိုး, ဘာသာ, သာသနာကို ချစ်မြတ်နိုးသည့် ဒကာမကြီးဒေါ်အေးစိန်၏ စိတ်ဓာတ်မျိုးကား မြန်မာလူမျိုးတိုင်း ရှိသင့်သည့်စိတ်ဓာတ်ပင် ဖြစ်၏။ ထိုဒကာ မကြီးကဲ့သို့ သီတဂူဆရာတော်ကို အလွန်အမင်း ကြည်ညိုနေသည့်သူများကား အနယ်နယ်အရပ်ရပ်မှာ ပေါများလှပါသည်။

မိမိလည်း ရှင်သာမဏေ ကိုရင်ဘဝက ''သဲကုန်း ဆရာတော်၊ သီတဂူဆရာတော်'' ဟူသော နာမည်ကို ထပ် ချည်းတလဲလဲ ကြားနေရသော်လည်း ဆရာတော်ကိုကား တစ်ခါမှ မဖူးတွေ့ဘူးသေးပေ။ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးသို့ သာမဏေကျော် စာမေးပွဲသွားရောက် ဖြေဆိုမှပင် ဆရာတော်၏ တရားကို ကိုယ်တိုင် ကိုယ်ကျ နာရလေသည်။ စည်ကားလှသော ပရိသတ်ကြီးနှင့် ဘေးပတ်ပတ်လည်၌ ဝန်းရံလျက်ရှိသော သံဃာတော်များကို အံ့မခန်း တွေ့ရလေ၏။ စိတ်ထဲမှာလည်း ''သြော် သီတဂူဆရာတော် ဆိုတာ ဒီဆရာတော်ပဲကိုး''ဟု အလိုလို ရေရွတ်မိလေသည်။

မှတ်မိနေသည့် သြဝါဒ
မိမိသည် ၁၃၆၃-ခုနှစ်, ဝါဆိုဦးတွင် သီတဂူဆရာတော်၏ ခြေတော်ရင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်က အိန္ဒိယတက္ကသိုလ်အသီးသီး၌ ပညာသင် ပို့လွှတ်ထားသော တပည့်များမှာ ၈-ပါးရှိပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ သီတင်းသုံးလျက်ရှိသော ဆရာတော်၏ အနီးနေတပည့်များမှာကား ၁ဝ-ပါးခန့်မျှသာ ရှိပါသည်။

ထိုနှစ် ဝါဆိုဦး၌ဆရာတော်က ''ငါ တပည့်တွေ အခုလိုရောက်လာတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ တယ်၊ ငါ့တပည့်တွေကို လုပ်ဖေါ်ကိုင်ဖက်လို သဘောထားပါတယ်၊ သီတဂူပရဟိတအလုပ်တွေကို ငါတို့ စွမ်းနိုင်သမျှ လုပ်မယ်လို့စိတ်ထဲမှာ ခံယူချက်ရှိကြဖို့ကိုလည်း တဆက်တည်း ပြောကြားလိုပါတယ်''ဟု မိန့်တော်မူ၏။

ယင်းသြဝါဒစကားကို အခုချိန်ထိ ကြားယောင်မိ၏။ ဆရာတော်ကား တပည့်တွေကို ''လက်အောက် ငယ်သား''လို သဘောမထား၊ ''လုပ်ဖေါ်ကိုင်ဘက်''လို သဘောထား၏။ ဤကားဆရာတော်၏ သင်္ဂဟ (ချီးမြှောက်မှု)တရားပင်တည်း။ တန်းတူရည်တူ ဆက်ဆံခြင်းသည် သင်္ဂဟတရားပင် မဟုတ်လော။ အောင်မြင်လိုသော ဆရာများ အတုယူသင့်လှ၏။

ဆရာတော်သည် ယင်းကဲ့သို့ စည်းရုံးရေး (သင်္ဂဟ) ကောင်းသောကြောင့်ပင် သီတဂူရေအလှူ, သီတဂူဆေးရုံအလှူ, ဗုဒ္ဓတက္ကသိုလ်အလှူစသော ပရဟိတလုပ်ငန်းများ တဟုန်ထိုး တိုးတက်အောင်မြင်ခြင်း ဖြစ်ပေသည်။ တချို့က လုပ်ငန်းကိစ္စများကို မှန်မှန်ကန်ကန် စနစ်တကျလုပ်သော်လည်း အပြောအဆို မလိမ္မာသော ကြောင့် တပည့်, ဒကာ, ဒကာမတို့နှင့် အဆင်မပြေ ဖြစ်ပြီး အောင်မြင်မှု မရရှိကြပေ။ ယင်းသို့ ဖြစ်ရခြင်းမှာ ချီးမြှောက်မှု သင်္ဂဟတရားကို မေ့နေသောကြောင့်ပင်တည်း။


ဆရာတော်၏ ပညာဒါန
ဆရာတော်သည် ရှင်ရဟန်းများ၏ ပရိယတ္တိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဝင်စား၏။ ရဟန်းတော်များကို ခေတ်နှင့်အညီရင်ဘောင်တမ်းနိုင်အောင် ကြိုးစားစေချင်၏။ မိမိတို့၏ ဘာသာသာသနာကို တည်တန့်ခိုင်မြဲအောင် လုပ်နိုင်ဖို့အတွက် အစစအရာရာ တတ်မြောက်စေချင်၏။ ထူးချွန်စေချင်၏။ ပိဋကတ်စာပေနှင့် ဘာသန္တရစာပေနှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်စေချင်သည့်ဆန္ဒမှာ သူမတူအောင် ကြီးမားလှပေသည်။

ထို့ကြောင့် နိုင်ငံတကာ တက္ကသိုလ်ကြီးများ, ကောလိပ်များသို့ သွားရောက်၍ သူတို့၏ပညာရေး စနစ်ကိုလေ့လာ၏။ အကဲခတ်၏။ အားနည်းချက်, အားသာချက် တို့ကိုမြင်အောင်ကြည့်၏။ အထူးအားဖြင့် ဆိုင်ရာဆိုင်ရာ တက္ကသိုလ် ကောလိပ်တို့၌ ပို့ချပေးသည့် သင်ရိုးညွှန်းတမ်းများကို ပို၍လေ့လာ၏။ ထိုလေ့လာခဲ့ သည့် နည်းများဖြင့်ပင် တပည့်ရဟန်းတော်များအား ပိဋကတ်စာပေများကို စနစ်တကျ ပို့ချခဲ့ပါသည်။

နောက်ပြီး ပညာရေးကြိုးစားသူမှန်သမျှကိုလည်း ဆရာတော်သည် အားပေး၏။ တတ်နိုင်သမျှလည်း ထောက်ပံ့၏။ ပြည်တွင်း၌ ဆေးတက္ကသိုလ်ကျောင်းသား, ကျောင်းသူများကို စရိတ်ထောက်ပံ့၍ ပံ့ပိုးလျက်ရှိ၏။ အိန္ဒိယ, သိရီလင်္ကာ, အင်္ဂလန်စသော နိုင်ငံရပ်ခြားတိုင်းပြည်များ၌လည်း တပည့်ရဟန်းတော်များကို ပညာသင်ပို့လွှတ်၏။ ယခုလောလောဆယ် ပို့လွှတ်ထားသည့် ရဟန်းတော်များမှာ အပါး ၂၀-ကျော်ရှိပေသည်။

မိမိ အိန္ဒိယကို ဝါဆိုသည့် ၁၃၆၉-နှစ်၌ ဆရာတော်သည် နောက်လိုက် ဒကာ, ဒကာမ ၇ဝ-လောက်နှင့်တကွ အိန္ဒိယနိုင်ငံသို့ ကြွရောက်တော်မူလာ၏။ ဆရာတော်သည် ဒကာ,ဒကာမများနှင့်တကွ သာသနာထွန်းကာစဖြစ်နေသည့် အိန္ဒိယနိုင်ငံ တြိပူပြည်နယ်၌ ဘုရားတည်ရန်အတွက် အလှူတော်ငွေများ ကိုလည်း ပေး အပ်လှူဒါန်းခဲ့၏။

ထို့အပြင် ဗုဒ္ဓဂယာရှိ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ပိုင် ကျောင်းတော်ကြီး၌ အိန္ဒိယနိုင်ငံ ရောက် မြန်မာကျောင်းသား ရဟန်းတော် ၂၃၁-ပါးကိုလည်း ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် တစ်ပါးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့ပါသည်။ ဆရာတော်က တပည့်ကျောင်းသားရဟန်းတော်များကို ဤကဲ့သို့ အမိန့်ရှိသေး၏။ ''တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူ ရတာကို ငါ စိတ်မကောင်းဘူးကွာ၊ ဘာ့ကြောင့်လဲဆိုရင် ဒီထက်ပိုပြီးမလှူနိုင်လို့ပဲ၊ ငါ့ တပည့်တွေ ကြိုးစားကြ၊ 'ဒီက ပြန်ရင် နိုင်ငံနှင့်သာသနာကို ဘယ်လိုကျေးဇူးဆပ်မလဲ'လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြ၊ ဒီမေးခွန်းကို မဖြေနိုင်သေးဘူး ဆိုရင်ဒီမှာလာရတာ အကျိုးမများလှဘူး၊ ဒေါ်လာရင်းပြီးတော့ လာကြတာဆိုတော့ ဒေါ်လာနှင့်ထိုက်တန်တဲ့ ပညာကို ရအောင်ယူကြ၊ သာသနာမှာ အလုပ်လုပ်တဲ့လူ နည်းသေးတယ်၊ ဒီကွက်လပ်ကို ငါ့ရှင်တို့က ဖြည့်ဆည်းပေးရမယ်၊ ငါ့တပည့်တွေ ဒီမှာ'ကျောင်းသားအဖွဲ့'ကိုဖွဲ့စည်းကာ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတာကို ကြည့်ပြီး ငါ အတော်လေး အားရကျေနပ်မိတယ်၊ ညီညွတ်ခြင်းရဲ့ ပြယုဂ်ပဲ၊ ငါရှင်တို့လည်း ခြေလှမ်းကြဲကြဲလှမ်းကြ၊ ဒါမှသူများ နောက်မီမှာ၊ နောက်နှစ်နောက်နှစ်တွေမှာလည်း စာသင်သား ရဟန်းတော်တွေ ဘယ်လောက် များများ ငါအနေနဲ့ ထောက်ပံ့သွားဦးမှာပါ''ဟု သြဝါဒစကားကိုလည်း မိန့် တော်မူခဲ့ပါသည်။ ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် မြန်မာကျောင်းသား ရဟန်းတော်များကို နှစ်စဉ် တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့သည်မှာ ၇-နှစ်ရှိသွားပေပြီ။ ''အခြေခံပညာရေးအုတ်မြစ်''ကို တည်ဆောက် နေခြင်းပင်ဖြစ်ပေသည်။

ဆရာတော်၏ lecture

ဆရာတော်သည် စာပေပို့ချလျှင် ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို မှတ်သားဖွယ်များနှင့်တကွ ဝေေ၀ဆာဆာ ပို့ချ၏။ သီတဂူဗုဒ္ဓတက္ကသိုလ်၌ တပည့်ရဟန်းတော်, သီလရှင်ဆရာလေးများကို ဝိသုဒ္ဓိမဂ်၊ မဟာသတိပဋ္ဌာန သုတ်၊ နိကာယ် ကျမ်းကြီးများမှ စင်္ကီ, ရဋ္ဌပါလစသော သင့်လျော်ရာရာ သုတ်များကို ပို့ချ၏။ထိုသို့ပို့ချသည့်အခါ သုတ်တစ်သုတ်၏ ဆိုလိုရင်းအနှစ်ချုပ်, အဓိပ္ပါယ်, ဝါဒန္တရ, အာစရိယဝါဒများကို အဋ္ဌကထာ, ဋီကာအဖွင့်များ နှင့် ရောနှောမွှေနှောက်၍ ပို့ချလေ၏။ တခါတရံ ရာဇဝင်, သာသနာဝင်တို့နှင့် ပတ်သက်သော သမိုင်းဖြစ်စဉ်များကို လည်း ဗုဒ္ဓသာသနိက ပထဝီ(မြေပုံ)ကို ထောက်ပြ၍ ပို့ချ၏။

မိမိသည် ထိုကဲ့သို့ အနှစ်အသားပါလှသော, အာဂမယုတ္တိ သဘာဝယုတ္တိရှိလှသော ''စာပေအယူအဆ'' များကို သိရှိရသောအခါ ''သြော် ဆရာတော်ဟာ အဟောကောင်းရုံ အပြောကောင်းရုံ သက်သက်မျှသာဖြစ်သော ဓမ္မကထိက မဟုတ်၊ တကယ့် နိကာယ်ကျမ်းကြီးများကိုလည်း ကျွမ်းကျင် တတ်မြောက်, ကမ္ဘာ့ဂန္ထ၀င်စာပေများကိုလည်း သိရှိနားလည်သည့် စာဆိုတော် ဓမ္မကထိကပါလား''ဟု စိတ်ထဲမှာ အလိုလို မှတ်ချက်ချမိသည်။

အချို့ဓမ္မကထိကသည် အသံကောင်း၍ အောင်မြင်၏။ အသံတော်ကား နားဝင်ချိုလှရကား ကြားရသူ လူအများ ကြက်သီးမွေးညင်းများပင် ထကြသတတ်။ သူ့ပါရမီနှင့်သူပင်တည်း။ သို့သော်အဆွဲအငင် များလွန်းသည့် အသံကို တော့ ပညာရှိသူတော်ကောင်းများ နှစ်ခြိုက်တော်မမူကြ။ အချို့ကား အပြောကောင်း၍ကျော်ကြား၏။ ဇာတ်နိပါတ်များလာ ဖြစ်စဉ်များကို အလွမ်း, အဆွေးတို့ဖြင့် တန်ဆာဆင်ပြီး ဟောလိုက်ရာ တရားနာသူပရိသတ်များသည် မျက်ရည်များတောင် ယိုစီးကြ သတတ်။ သူ့စန်းနှင့်သူပင်တည်း။ သို့သော် အပိုအဆာ များလွန်းလျှင်ကား လူကြီးလူကောင်းများ နားရှက် တော်မူကြ သည်။

မည်သို့ဖြစ်စေ၊ ဓမ္မကထိကများ သတိထားရမှာကား သီတဂူဆရာတော်ကဲ့သို့ စာပေနှံ့စပ်အောင် ကြိုးစားပြီး ''စာဆိုတော်ဓမ္မကထိက'' ဖြစ်အောင် ကြိုးစားဖို့ပင်တည်း။ သို့မဟုတ်ပါက မင်းပွဲစိုးပွဲများ, နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးပွဲများ၌ ဟောပြောရသည့်အခါ ''အိုးနင်းခွက်နင်း'' ဖြစ်တတ်ပေသည်။ ဆရာတော်သည် ပြည်ပရောက်သည့် အခါမှာလည်း တက္ကသိုလ်ကောလိပ် မြောက်မြားစွာတို့၌ ဆရာများနှင့် ကျောင်းသူ, ကျောင်းသားများကို lecture ပို့ချပေးလေ့ရှိပါသည်။

အိန္ဒိယရောက်ခဲ့စဉ်က နာလန္ဒာတက္ကသိုလ်၌ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ ကိုလည်း သီးသန့် lecture တစ်ခု ပို့ချခဲ့သည်။ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ အထူးနှစ်ခြိုက်သည်ကို တွေ့ရပါသည်။
ဗာရာဏသီမြို့ B. H. U တက္ကသိုလ်ကလည်း ဆရာတော်ကို lecture တစ်ခု ပို့ချပေးဖို့ လျှောက်သေး ၏။ သို့သော် အချိန်မရသဖြင့် ဆရာတော် မပို့ချခဲ့ရပေ။ ယနေ့အိန္ဒိယပြည်ကြီး၌ အထူးကျော်ကြားပြီး နာမည်ကြီးလျက်ရှိသော ပူနေးတက္ကသိုလ်မှ ပါမောက္ခဆရာကြီးတစ်ယောက်ကလည်း ဆရာတော်ကို တက္ကသိုလ်မှာ lecture တစ်ခု ပို့ချပေးဖို့ ကမ်းလှမ်းခဲ့သေး၏။ ထိုလျှောက်ထားချက်ကိုလည်း “နောင်တစ်ခေါက် အဆင်ပြေမည့်အချိန်ကြမှ ပို့ချပေးမည်”ဟု အကြောင်းပြန်ခဲ့ ရပါသည်။

မည်သည့်နေရာရောက်ရောက် ဆရာတော်ကို ပင့်ဖိတ်ချင်သူများကို မြောက်မြားစွာ တွေ့ရပါသည်။ ထို့ကြောင့် ဆရာတော်က ''အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ပေါင်းများစွာကို lecture ပေးဖို့အတွက် အိန္ဒိယကို နောက်တစ်ခေါက် လောက် သီးသန့် လာဦးမယ်ကွာ'' ဟု မိမိကို မိန့်မြွက်တော် မူ၏။ ''ပညာရှိများဟာ မည်သည့်နေရာ ရောက်ရောက် အပူဇော်ခံရတယ်''ဟူသော နီတိဆရာများ၏ အဆိုအမိန့်သည် ပြည်တန်ပတ္တမြားကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်ပါ တကား။


အရှင်ဒေ၀ိန္ဒာဘိဝံသ
(၄- ၁၀-၂ဝဝ၉)

04 October 2009

အနှစ်ကိုးပါး (အပိုင်း-၁၇)



ဆုတောင်းခြင်းနဲ့ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းက ဘာဆုတောင်းလဲ။ ဒါန၊ သီလ၊ သမာဓိ၊ ပညာ အဲဒီ ကောင်းမှုလေးမျိုး တစ်မျိုး မျိုး ပြုကျင့်ပြီးရင် ကိုယ်လုပ်ထားတဲ့ ကောင်းမှုအားလျော်စွာ ရထိုက်တဲ့ အခွင့်အရေးကို ကိုယ့်ဟာကိုယ် တောင်းတာ။
ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ရထိုက် တဲ့ အခွင့်အရေးကို တောင်းတာ။
တောင်းတာက တစ်စုံတစ်ယောက်က ပေးမှာကို မျှော်လင့်ပြီးတော့ တောင်းနေတာမဟုတ်ဘူး။ ကိုယ့်လုပ် အားအတိုင်း ကိုယ်ဖြစ်ချင်တာကို ဖွင့်ထုတ်ပြီးတော့ ဆိုခြင်း ပါပဲလို့ ပြောလိုက်တယ်။

ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ကိုယ် ရထိုက်တာကို ရချင်တဲ့ဆန္ဒကို ဖော်ကျူးလိုက်တာပါပဲ။
''တစ်စုံတစ်ယောက်က ကိုယ့်ကို ချပေးလိမ့် မယ်လို့ မျှော်လင့်ပြီးတော့ တောင်းနေတဲ့ ဆုတောင်း မျိုး မြန်မာမှာ မရှိဘူး''လို့ ဘုန်းကြီးက ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်တော့ ''မြန်မာတွေရဲ့ ဆုတောင်း က အဆင့်အတန်းမြင့်တယ်၊ မြန်မာတွေရဲ့ ဆုတောင်းက လက်စသတ်တော့ သူတို့အကျင့်ပေါ်မှာ သူတို့ ပြန်တည် တယ်''လို့ သူတို့တတွေ သဘောကျသွားကြတယ်။

အခြားဘာသာများက တောင်းတဲ့ဆုကတော့ ကိုယ့် အကျင့်တရားအပေါ်မှာ မတည်ပဲနဲ့ တစ်စုံတစ် ယောက်သောပုဂ္ဂိုလ်က ပေးမလားဆိုပြီးတော့ တောင်း တာ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ''ယုံကြည်မှုနဲ့ အသိ ဥာဏ်ကို ညီမျှစွာ ပေါင်းစပ်ပြီးတော့ ကျင့်ယူရတဲ့တရား'' ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့ မြန်မာပြည်က ဗုဒ္ဓဘာသာ ဝင် သူတော်စင်တွေဟာ ဒီလို အသိဥာဏ်မျိုးတွေကို သိခွင့် ရ၊ ဤကဲ့သို့သော ယုံကြည်မှုမျိုးတို့ကို ယုံကြည်ခွင့်ရ၊ ဤကဲ့သို့သော စရဏတရားတွေကို ကျင့်ခွင့်ရနေကြတာ ဟာ ငါတို့ ကံကောင်းလိုက်တာလို့ ကိုယ့်ဘဝရဲ့အဖိုးတန်ပုံကို နားလည်ကြပါ။

ကမ္ဘာမှာ အုပ်စုကြီး(၂)စုရှိတယ်

တို့တိုင်းပြည်မှာ လေယာဉ်ပျံလဲ မလုပ်နိုင်သေး ဘူး။ မော်တော်ကားလဲ မလုပ်နိုင်သေးဘူး။ ဒုံးပျံကြီးလဲ မဆောက်နိုင်သေးဘူး။ အထပ် ခြောက်ဆယ်လောက်ရှိတဲ့ တိုက်ကြီးတွေလဲ မရှိသေးဘူး။ တိုင်းပြည်က တယ်ပြီးတော့ အောက်ကျနောက်ကျနိုင်တာပဲလို့ ဒီလိုများ သွားပြီးတော့ မတွက်ပါနဲ့။ ကမ္ဘာမှာအုပ်စုကြီး (၂)ခုရှိနေတယ်။ တစ်အုပ်စုက အလွန်ကိုပဲ ကြီးပွားတိုးတက်ချမ်းသာ ပြီးတော့ စည်းစိမ်ခံ ဖို့ရန် ကြိုးစားနေတဲ့ လူစုကြီး။

သိပ် တိုးတက်နေတယ်။ သိပ်ကြီးပွားနေတယ်။ ပစ္စည်းတွေ အမျိုးမျိုးထုတ်လုပ်နေတယ်။ အဲဒီပုဂ္ဂိုလ်တွေက စည်းစိမ်ခံဖို့ချည်း ကြိုးစားနေကြတယ်။ သူတို့က တစ်ပိုင်း။ နောက်တစ်အုပ်စုကတော့ စည်းစိမ်ကို မခံစား နိုင်ဘူး။ စားစရာလဲ မလောက်တလောက်၊ ဝတ်စရာလဲ မလောက်တလောက်၊ နေဖို့ကလဲပဲ ကျိုးတိုးကျဲတဲ။ အဲဒီလို စားရေး၊ နေရေး၊ ဝတ်ရေးတွေ ချို့တဲ့ နေတဲ့ ဒီလူစုကလဲ 'ဟိုလူတွေဟာ မတရားသဖြင့် ချမ်းသာ တယ်ဆိုပြီး'တော့ ချမ်းသာတဲ့လူစုကြီးကို အံတကြိတ်ကြိတ် ဖြစ်နေကြတယ်။ သူတို့က တစ်အုပ်စု။

ကြီးပွားတိုးတက်လို့ စည်းစိမ်ခံနေတဲ့ လူစုမှာ ''လောဘ'' နှင့် ''မစ္ဆရိယ (ဝန်တိုမှု)''တရားက ပြဋ္ဌာန်းနေ တယ်။
လောဘက သိပ်ရချင်တယ်။ ရဖို့ချည်း သိပ် အား ထုတ်တယ်။ မစ္ဆရိယတရားက သူတို့ရတာတွေကို ဘယ်သူ့ ကိုမှ ဝေမပေး ချင်ဘူး။ သိပ်ဆင်းရဲနေတဲ့ လူစုမှာတော့ ''ဒေါသ''နဲ့ ''ဣဿာ'' (သူတပါး စည်းစိမ်ကို မနာလိုမှု)က လွှမ်းမိုးနေ ပါတယ်။
ကမ္ဘာမှာ အဲဒီလို ဟိုဘက်ဒီဘက် အစွန်းထွက်နေ ကြတယ်။ အစွန်းသို့ ရောက်နေကြတယ်။

ပြင်းထန်နေသော ပဋိပက္ခ (၂)ခု

အိန္ဒိယပြည်ကြီးမှာ သိပ်ချမ်းသာတဲ့ လူတွေကို ကြည့်လိုက်တော့ သိပ်ဇိမ်ခံကြတယ်။ သိပ်ဆင်းရဲတဲ့ လူ တွေကို ကြည့်လိုက်ပြန်တော့လဲ အမှိုက်ပုံလေးထဲ ကောက် စားနေကြတယ်။ ဒီလို ဖြစ်နေတယ်။ ဗောဓိပင်နားမှာ နေ့တိုင်းနေ့တိုင်း မနက်စော စောသွားရင် အရှေ့ဘက်နားမှာ သူတောင်းစား တစ်ရာ လောက် တန်းနေတယ်။ အနောက်ဘက်ပေါက်နားမှာလဲ တစ်ရာလောက် တန်းနေတယ်။

တစ်ယောက်ကို ငါးပြားလောက် သွားမပေးနဲ။ တစ်ရာလောက် ဝိုင်းပြီးတောင်းတော့တာပဲ။ ထွက်လို့ကို မရဘူး။ ကြောက်စရာတောင်ကောင်းလိုက်တာ။ ပေးချင် လျက်နဲ့ အဲဒါမပေးခဲ့ရဘူး။ လူစေ့အောင်လဲ ဘုန်းကြီးက မပေးနိုင်ဘူး။
တချို့သူတောင်းစားကတော့ ခေတ်မီလိုက်တာ။ ဘယ်လိုခေတ်မီသလဲဆိုတော့ လက်ထဲမှာ ခွက်ကလေးကိုင် ထားပြီး '' I am blind, I am blind ကျွန်ုပ် မျက်စိမမြင်ပါ, ကျွန်ုပ် မျက်စိမမြင်ပါ''လို့ ပြောပြီးတော့ တောင်းတယ်။ အဲဒီလို ခေတ်မီတဲ့ သူတောင်းစားလဲ ရှိသေးတယ်။

ဒီပဋိပက္ခနှစ်ခုဟာ ပြင်းထန်နေရင်တော့ ကမ္ဘာ့ ငြိမ်းချမ်းမှုဆိုတာ မရနိုင်ဘူး။ ဘာ့ကြောင့်လဲ၊ အစွန်းရောက်နေလို့။
လမ်းညွှန်ခ ငါးကျပ်ပေးရမယ်တဲ့၊ ဒီကနေ့ မြန်မာပြည်က လူတွေကတော့ တယ်ပြီးတော့ တော်ကြတယ်။ ချမ်းသာတဲ့ လူတွေကလဲ ကံ၊ ဥာဏ်၊ ဝီရိယရှိလို့ ချမ်းသာတာပဲဆိုပြီး ကျေနပ်လို့။ ကောင်းလိုက်တာ။

ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကျပြန်တော့လဲ တို့ ကံ၊ ဥာဏ်၊ ဝီရိယ နည်းလို့ ဆင်းရဲတာ။ ဆင်းရဲတဲ့လူကလဲ တရား သဘောကို ကောင်းကောင်းသိတယ်။ ဒီလို နားလည်တော့ ချမ်းသာတဲ့ လူတွေအပေါ်မှာ ဒေါသ, ဣဿာ မဖြစ်ကြ တော့ဘူး။
မြန်မာပြည်မှာ ချမ်းသာနေကြတဲ့ ပုဂ္ဂိုလ်တွေကလဲပဲ ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကို တတ်နိုင်သမျှ စွန့်ကြဲကြတယ်။ ဆန်တဆုပ်၊ ရေတမှုတ်ဆိုတာ မြန်မာပြည်မှာ ဘယ်နေရာ တောင်းတောင်း ရတယ်။ လိုချင်တိုင်း ရတယ်။ နိုင်ငံခြားမှာ သစ်ပင်ရိပ် ကလေးတောင် သွား မခိုလေနဲ့၊ သစ်ပင်ရိပ်ကလေး သွားခိုမိတာနဲ့ ''ငါ့သစ်ပင်ရိပ် မင်းလာခိုတာ၊ ပေး ငါးကျပ်'' ဆိုပြီး ဒီလိုတောင်းတာ။

ဘုန်းကြီးတို့ ဗာရာဏသီမှာ တည်းခိုမည့်ကျောင်း ရှာမတွေ့လို့မော်တော်ကားနဲ့တလည်လည် ဖြစ်နေတော့ လမ်းပေါ်မှာ ကားရပ်ပြီး လမ်းဘေးနားက လူပျိုအရွယ် ကုလားလေး သုံးလေးယောက်ကို လှမ်း မေးတယ်။ မေးတော့ သူတို့က လမ်းဘေးကနေ ''ဘယ်လမ်းကို သွား''လို့ လမ်းညွှန်တယ်။ အဲဒီအခါမှာ ဒရိုင်ဘာက ဂီယာ ကောက်ထိုးပြီး မောင်းထွက်မလို့ ဟန်ပြင်တော့ ရှေ့ တည့်တည့်က လာရပ်တယ်၊ ''ပေး ငါးကျပ်''တဲ့ ။ ''ဟာ မင်းကို ဘာလို့ပေးရမှာတုန်း'' ဆိုတော့ ''ခင်ဗျား မေးလို့ ကျုပ်တို့ လမ်းပြရတယ်၊ အဲဒီလမ်းပြခအတွက် ၅-ကျပ် ပေးရမယ်'' တဲ့။ မခက်ဘူးလား။

မြန်မာပြည်မှာသာဆိုရင် အိမ်အရောက်တောင် လိုက်ပို့လိုက်ဦးမယ်။ ရှိတာတောင် ချကျွေးလိုက်ဦးမယ်။ ''သြော် သူတို့ခရီးသည်တွေ အဝေးကြီးက လာကြတာ။ တတိုင်း တပြည်က လာကြတာ။ ပင်ပန်းနွမ်းနယ်လာကြ တယ်။ ရေလေးသောက်ပါဦး။ ထမင်းလေးစားပါဦး။ ဒီနေရာလေး ထိုင်ပါဦး''လို့တောင် ဖိတ်ကြဦးမယ်။ ဒီတော့ ဘုန်းကြီး စိတ်ထဲက သဒ္ဓါတရား ကုန်သွား တယ်။ အဲဒီကောင်ကို မပေးချင်တော့ဘူး။ ဒါကြောင့် ဒရိုင် ဘာကိုပြောလိုက်တယ်၊ ''အဲဒီကောင် ပြတဲ့လမ်းက မမောင်း နဲ့ကွာ၊ ဒီ့ပြင်လမ်းက မောင်း'' ဆိုပြီးတော့ အခြားလမ်းက မောင်းလာခဲ့တယ်။

အဲဒီကောင်ကလဲ နောက်ကနေ လိုက်ပြီးတော့ ''ဘာဘာ ဘာဘာ''နဲ့ဆိုပြီး လိုက်လာတယ်။ ''ဘာတုန်းကွ'' ဆိုတော့ ''ပေး ငါးကျပ်''တဲ့။ ''မင်းပြတဲ့လမ်း ငါတို့ မမောင်း ဘူးကွာ၊ ဘာပြုလို့ ပေးရမှာလဲ''လို့ ပြောပစ်ခဲ့တယ်။

(အပိုင်း-၁၈) ဆက်ဖော်ပြပါဦးမည်။

သတင်းကောင်း။ ။ ဆုတောင်း- ၆ မျိုးတရား နှင့် သီတဂူစတားရဲ့ အိန္ဒိယ ဇာတ်မြင့်ဇာတ်နိမ့်ဝါဒ တို့ကို ကြားဖြက်၍ ဖော်ပြသွားပါဦးမည်ဟု ကြိုတင် သတင်းကောင်းပါးလိုက်ပါတယ်။

03 October 2009

မိဘဂုဏ်(၁၂)ပါး






မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။


မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏ အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။ ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည် ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။

.................................................................................................................................

အမေဆိုတာ........ don't forget her love!




ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။
ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။အပျက်အစီးတွေကြားကနေ
သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ့ ကိုကိုင်းနေတဲ့
ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရား
ဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်
ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။ကယ်ဆယ်ရေး
အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်-
-ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။"လူရှိတယ်။ကလေး
တစ်ယောက်ရှိတယ်၊အသက်ရှင်လျက်ပဲ" လို့ထအော်လိုက်တယ်။ရှိသမျှ
ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။
သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး၊လေးလသားအရွယ်
ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။ကလေးကိုစစ်ဆေးဖို
့ ဆရာဝန်တစ်ဦးက
ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။
ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို တွေ့လိုက်ရတယ်...
"သားလေးရေ...တကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေ
အရမ်းချစ်တယ်ဆိုတာကို သေသေချာချာ မှတ်ထားပေးပါနော်။"တဲ့။
သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ
စီးကျလာခဲ့တယ်။
တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့
မရနိုင်ခဲ့ဘူး။မုချသေရတော့မယ်
ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက်
ပေးဆပ်သွားခဲ့တာ....သြော်...မိခင်တွေ...မိခင်တွေ......

ps: ဒီpostလေးဟာ ပုံပြင် မဟုတ်ပါဘူး။၂၀၀၈၊မေလ၁၂ရက်နေ့က
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ..
မိခင်မေတ္တာကို ခံစားရတာကြောင့် သူငယ်ချင်းတွေကို share လုပ်ပေး
လိုက်တာပါ..............

သီတဂူစတားရဲ့ သီတင်းကျွတ် ဆုတောင်း


ဒီနေ့သည် သီတင်းကျွတ်ပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အလေးမြတ်ထားရာ နေ့လည်းဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် တာဝတိံသာနတ်ပြည်ဝယ် မိခင်အားကျေးဇူးဆက်သည့်အနေအားဖြင့် အဘိဓမ္မာတရားများဟောကြားပြီး လူ့ပြည်လူလောကသို့ပြန်ကြွသည့်နေ့ဖြစ်ပါသည်၊ မြန်မာပြည်သူတွေသည် ထိုနေ့ကို နေ့ထူးနေ့မြတ်အဖြစ်သက်မှတ်ကာ မြတ်ဗုဒ္ဓအား ဆီးမီးများဖြင့်ပူဇော်ကြသည်။ ဒါ့ပြင် ရတနားသုံးပါးအား ပူဇောကန်တော့ကြသည်၊ အသက်ကြီးရွယ်အိုး အဘိုးအဖွားတို့အား ပူဇော်ကြသည်၊ ကန်တော့ကြသည်၊ အလွန်ချစ်စရာကောင်းသည့် မြန်မာပြည်သူတွေရဲ့ ဓလေ့ဖြစ်ပါသည်။ ဤနေ့သည် သံဃာတော်များသည် လှောင်အိမ် (အချုပ်)ထဲမှ လွတ်သည့်နေ့လည်းဖြစ်ပါသည်၊ ၀ါတွင်းသုံးလပတ်လုံး အချုပ်မိနေသည်၊ ဒီနေ့ရောက်ရင် ဘာရယ်မသိ အလိုလို စိတ်ထဲမှာ ပေါ့ပါးသလိုခံစားရသည်၊ ကိုယ့်အဖြစ်ကိုပမာပြုပြီး အခြားသူတွေမှာလဲ လွတ်မြောက်မှုကို မျော်နေကြမှာ အမှန်ဖြစ်သည်ဟု တွေးတောမိပါသည်။
လွတ်မြောက်မှုကိုတမ်းတ၊ မျော်လင့်နေကြတဲ့ မြန်မာပြည်သူအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး မိမိတို့မျော်လင့်နေတဲ့ လွတ်မြောက်မှုကို ရယူပိုင်ဆိုင်နိုင်ပါစေလို့ သီတင်းကျွတ်မှာ အကုန်လုံးလွတ် ကျွတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူစတား
၃-၁၀-၂၀၀၉

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes