မိမိ၏ဇာတိရပ်ရွာ၌ သီတဂူဆရာတော်၏ တရားကို အလွန်ကြိုက်သော ဦးကြီးတစ်ယောက်ရှိ၏။ အာဘောင်အာရင်း သန်သန်နှင့် အပြောကောင်းလှ၏။ သူသည် ဆရာတော်၏ အကြောင်းကို မကြာမကြာ ပြော၏။ ထို့ကြောင့် မိမိသည် သီတဂူဆရာတော်ကို ကိုရင်ဘဝကပင် ကောင်းကောင်း သိနေလေတော့၏။ ဆရာတော်၏ တရားများကို နာရတာ အရသာ ရှိကြောင်း၊ ဆရာတော်သည် မိမိပြောလိုသည့် အကြောင်းအရာကို တစ်တစ်ခွခွ ပြောတတ်ကြောင်း၊ အသံသြဇာကလည်း ကောင်းကြောင်း၊ တရားကိုလည်း ရဲရင့် တည်ငြိမ်သောအသံဖြင့် ဟောကြောင်း စသဖြင့် ဆရာတော်၏ အကြောင်းကို ချီးမွမ်းခန်း ဖွင့်လေသည်။
''သက်ကြီးစကား သက်ငယ်ကြား''ဆိုသည့်အတိုင်း မိမိသည် ကိုရင်အရွယ် ရှိသေးရကား သူ၏ ပြောစကားများ ကို စိတ်ဝင်တစား နားထောင်ခဲ့ရပေသည်။ သူသည် နိဂုံးချုပ်ပြီဆိုရင် ပြောနေကြအတိုင်း ''ကိုရင်တို့လည်း ဆရာတော်ကို အတုယူကြ၊ စာပေကိုလည်း တတ်မြောက်အောင် ကြိုးစားကြ'' ဟု တိုက်တွန်းစကားဖြင့် အဆုံးသတ်လေ့ရှိ၏။
ဒကာမကြီးတစ်ယောက်၏ ပီတိမျက်ရည်
ဤသို့လျှင် ဆရာတော်၏တရားများကို လွန်လွန်ကဲကဲ နှစ်ခြိုက်ကြသူများကို ခဏခဏတွေ့ရပါသည်။ ထိုင်းနိုင်ငံ မှ ဒကာမ ကြီးတစ်ယောက်ဆိုလျှင် ဆရာတော်ကို တွေ့သော အခါ ဝမ်းသာပြီး ငိုပါတော့သည်။ ဆရာတော်သည် သာသနှာကိစ္စတစ်ခုဖြင့် ထိုင်းနိုင်ငံ ဖယောင်းမြို့သို့ ကြွရောက်တော်မူ၏။ ပရိသတ်များ ဆရာတော်ကို လာရောက် နှုတ်ဆက်ကန်တော့ကြ၏။ ထိုအထဲတွင် ဒေါ်အေးစိန်ဆိုသည့် ဒကာမကြီးလည်း ပါလာ၏။
ထိုဒကာမကြီးသည် သီတဂူဆရာတော်ကို အလွန် ကြည်ညို၏။ ဆရာတော်၏ တရားများကို အလွန်နှစ် ခြိုက်၏။ သို့သော်ဆရာတော်ကို တစ်ခါမှ မဖူးတွေ့ဘူးပေ။ ယင်းသို့ဖြစ်ရကား ဆရာတော်ကိုဖူးတွေ့ နေပါသော်လည်း ''ငါ သီတဂူဆရာတော်ကို ဖူးနေတာပဲ''ဟု မသိရှိပေ။ ထို့ကြောင့် ဒကာမကြီးက ''တပည့်တော်ဟာ ခရီး သွား ခရီးလာများမှတဆင့် မှာယူ၍ မြန်မာပြည်မှ တရားတိတ်ခွေများ နာရပါတယ်၊ ယခုလို မြန်မာဘုန်းတော်ကြီးများ ရောက်ရှိလာတော့ ဖူးရတာအလွန်ပင် ဝမ်းသာ မိပါတယ်ဘုရား''ဟု ဆရာတော်ကို လျှောက်၏။
''ဟုတ်တာပေါ့၊ နိုင်ငံရပ်ခြားမှာနေကြတဲ့ မြန်မာ လူမျိုးတွေဟာ ဘုန်းကြီးသံဃာတော်များကို သိပ်ဖူးချင် ကြတယ်၊ အမျိုးဘာသာသာသနာကို ချစ်တဲ့စိတ်ရှိလို့ပါပဲ၊ ဒါကိုဝံသာနုစိတ်လို့ခေါ်ပါတယ်၊ ဘုန်းကြီးတို့ အားရကျေ နပ်မိပါတယ်''။
''မှန်ပါဘုရား၊ ဆရာတော်ကို တစ်ခုလောက် အကူ အညီ တောင်းချင်ပါတယ်''။
''ရပါတယ် ဒကာမကြီး၊ ဘုန်းကြီး ကူညီမှာပေါ့''။
''တပည့်တော်ဟာ ဘဝတန်ဖိုးနဲ့ နိယာမငါးပါး တရားကို ဟောကြားတဲ့ သီတဂူဆရာတော်ကို ထိုင်းနိုင်ငံသို့ ပင့်ချင်ပါတယ်၊ ဒါကြောင့် သီတဂူဆရာတော်ကို မရရ အောင်ပင့်ပေးပါဘုရား''။
''အော် ဒကာမကြီးက သီတဂူဆရာတော်ကို တွေ့ချင်သလား”။
“မှန်ပါ တွေ့ချင်တာပေါ့ဘုရား”။
“ဒကာမကြီး သီတဂူဆရာတော်ကို အခြားနေရာတွေမှာ လိုက်ရှာစရာမလိုပါဘူး ဒကာမကြီးရယ်၊ အခု ဒကာမကြီးရှေ့က ထိုင်နေတဲ့ ဘုန်းကြီးပါပဲ''ဟု ဆရာတော်က အမိန့်ရှိလိုက်သောအခါ ဒကာမကြီး ဒေါ်အေးစိန်သည် သီတဂူဆရာတော်မှန်း သိသွားပြီး ရှိုက်ကြီး တငင် ငိုကြွေးပါတော့သည်။
ဆရာတော်က ''ဒကာမကြီး ဘာကြောင့် ငိုနေ သလဲ၊ ဒါ ငိုစရာမဟုတ်ပါဘူး''ဟု ပြောလိုက်၏။''ဆရာတော် တပည့်တော်ဟာ ထိုင်းနိုင်ငံရောက်တာ နှစ်ပေါင်း ၄ဝ-ကျော်ပြီဘုရား၊ မြန်မာနိုင်ငံကို တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးဘုရား၊ မြန်မာဆရာတော်များ၏ တရားတိတ်ခွေများ အမြဲနာကြားနေရာက ဘဝတန်ဖိုး တရားဟောကြားတဲ့ ဆရာတော်ကို ဖူးတွေ့လိုတဲ့ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်နေတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံကို မပြန်နိုင်ဘူး၊ ဒါကြောင့် ဒီတစ်သက်တွင် ဖူးတွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတယ်၊ ယခုလို မမျှော်လင့်ပဲ ဖူးတွေ့ရလို့ ဖော်မပြနိုင်လောက်အောင် ဝမ်းသာမိပါတယ်ဘုရား၊ ဝမ်းသာကြည်နူးလွန်းလို့ တပည့် တော် ငိုမိတာပါဘုရား''ဟု အားရပါးရ လျှောက်ထားလေ၏။
နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အမျိုး, ဘာသာ, သာသနာကို ချစ်မြတ်နိုးသည့် ဒကာမကြီးဒေါ်အေးစိန်၏ စိတ်ဓာတ်မျိုးကား မြန်မာလူမျိုးတိုင်း ရှိသင့်သည့်စိတ်ဓာတ်ပင် ဖြစ်၏။ ထိုဒကာ မကြီးကဲ့သို့ သီတဂူဆရာတော်ကို အလွန်အမင်း ကြည်ညိုနေသည့်သူများကား အနယ်နယ်အရပ်ရပ်မှာ ပေါများလှပါသည်။
မိမိလည်း ရှင်သာမဏေ ကိုရင်ဘဝက ''သဲကုန်း ဆရာတော်၊ သီတဂူဆရာတော်'' ဟူသော နာမည်ကို ထပ် ချည်းတလဲလဲ ကြားနေရသော်လည်း ဆရာတော်ကိုကား တစ်ခါမှ မဖူးတွေ့ဘူးသေးပေ။ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးသို့ သာမဏေကျော် စာမေးပွဲသွားရောက် ဖြေဆိုမှပင် ဆရာတော်၏ တရားကို ကိုယ်တိုင် ကိုယ်ကျ နာရလေသည်။ စည်ကားလှသော ပရိသတ်ကြီးနှင့် ဘေးပတ်ပတ်လည်၌ ဝန်းရံလျက်ရှိသော သံဃာတော်များကို အံ့မခန်း တွေ့ရလေ၏။ စိတ်ထဲမှာလည်း ''သြော် သီတဂူဆရာတော် ဆိုတာ ဒီဆရာတော်ပဲကိုး''ဟု အလိုလို ရေရွတ်မိလေသည်။
မှတ်မိနေသည့် သြဝါဒ
မိမိသည် ၁၃၆၃-ခုနှစ်, ဝါဆိုဦးတွင် သီတဂူဆရာတော်၏ ခြေတော်ရင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်က အိန္ဒိယတက္ကသိုလ်အသီးသီး၌ ပညာသင် ပို့လွှတ်ထားသော တပည့်များမှာ ၈-ပါးရှိပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ သီတင်းသုံးလျက်ရှိသော ဆရာတော်၏ အနီးနေတပည့်များမှာကား ၁ဝ-ပါးခန့်မျှသာ ရှိပါသည်။
ထိုနှစ် ဝါဆိုဦး၌ဆရာတော်က ''ငါ တပည့်တွေ အခုလိုရောက်လာတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ တယ်၊ ငါ့တပည့်တွေကို လုပ်ဖေါ်ကိုင်ဖက်လို သဘောထားပါတယ်၊ သီတဂူပရဟိတအလုပ်တွေကို ငါတို့ စွမ်းနိုင်သမျှ လုပ်မယ်လို့စိတ်ထဲမှာ ခံယူချက်ရှိကြဖို့ကိုလည်း တဆက်တည်း ပြောကြားလိုပါတယ်''ဟု မိန့်တော်မူ၏။
ယင်းသြဝါဒစကားကို အခုချိန်ထိ ကြားယောင်မိ၏။ ဆရာတော်ကား တပည့်တွေကို ''လက်အောက် ငယ်သား''လို သဘောမထား၊ ''လုပ်ဖေါ်ကိုင်ဘက်''လို သဘောထား၏။ ဤကားဆရာတော်၏ သင်္ဂဟ (ချီးမြှောက်မှု)တရားပင်တည်း။ တန်းတူရည်တူ ဆက်ဆံခြင်းသည် သင်္ဂဟတရားပင် မဟုတ်လော။ အောင်မြင်လိုသော ဆရာများ အတုယူသင့်လှ၏။
ဆရာတော်သည် ယင်းကဲ့သို့ စည်းရုံးရေး (သင်္ဂဟ) ကောင်းသောကြောင့်ပင် သီတဂူရေအလှူ, သီတဂူဆေးရုံအလှူ, ဗုဒ္ဓတက္ကသိုလ်အလှူစသော ပရဟိတလုပ်ငန်းများ တဟုန်ထိုး တိုးတက်အောင်မြင်ခြင်း ဖြစ်ပေသည်။ တချို့က လုပ်ငန်းကိစ္စများကို မှန်မှန်ကန်ကန် စနစ်တကျလုပ်သော်လည်း အပြောအဆို မလိမ္မာသော ကြောင့် တပည့်, ဒကာ, ဒကာမတို့နှင့် အဆင်မပြေ ဖြစ်ပြီး အောင်မြင်မှု မရရှိကြပေ။ ယင်းသို့ ဖြစ်ရခြင်းမှာ ချီးမြှောက်မှု သင်္ဂဟတရားကို မေ့နေသောကြောင့်ပင်တည်း။
ဆရာတော်၏ ပညာဒါန
ဆရာတော်သည် ရှင်ရဟန်းများ၏ ပရိယတ္တိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဝင်စား၏။ ရဟန်းတော်များကို ခေတ်နှင့်အညီရင်ဘောင်တမ်းနိုင်အောင် ကြိုးစားစေချင်၏။ မိမိတို့၏ ဘာသာသာသနာကို တည်တန့်ခိုင်မြဲအောင် လုပ်နိုင်ဖို့အတွက် အစစအရာရာ တတ်မြောက်စေချင်၏။ ထူးချွန်စေချင်၏။ ပိဋကတ်စာပေနှင့် ဘာသန္တရစာပေနှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်စေချင်သည့်ဆန္ဒမှာ သူမတူအောင် ကြီးမားလှပေသည်။
ထို့ကြောင့် နိုင်ငံတကာ တက္ကသိုလ်ကြီးများ, ကောလိပ်များသို့ သွားရောက်၍ သူတို့၏ပညာရေး စနစ်ကိုလေ့လာ၏။ အကဲခတ်၏။ အားနည်းချက်, အားသာချက် တို့ကိုမြင်အောင်ကြည့်၏။ အထူးအားဖြင့် ဆိုင်ရာဆိုင်ရာ တက္ကသိုလ် ကောလိပ်တို့၌ ပို့ချပေးသည့် သင်ရိုးညွှန်းတမ်းများကို ပို၍လေ့လာ၏။ ထိုလေ့လာခဲ့ သည့် နည်းများဖြင့်ပင် တပည့်ရဟန်းတော်များအား ပိဋကတ်စာပေများကို စနစ်တကျ ပို့ချခဲ့ပါသည်။
နောက်ပြီး ပညာရေးကြိုးစားသူမှန်သမျှကိုလည်း ဆရာတော်သည် အားပေး၏။ တတ်နိုင်သမျှလည်း ထောက်ပံ့၏။ ပြည်တွင်း၌ ဆေးတက္ကသိုလ်ကျောင်းသား, ကျောင်းသူများကို စရိတ်ထောက်ပံ့၍ ပံ့ပိုးလျက်ရှိ၏။ အိန္ဒိယ, သိရီလင်္ကာ, အင်္ဂလန်စသော နိုင်ငံရပ်ခြားတိုင်းပြည်များ၌လည်း တပည့်ရဟန်းတော်များကို ပညာသင်ပို့လွှတ်၏။ ယခုလောလောဆယ် ပို့လွှတ်ထားသည့် ရဟန်းတော်များမှာ အပါး ၂၀-ကျော်ရှိပေသည်။
မိမိ အိန္ဒိယကို ဝါဆိုသည့် ၁၃၆၉-နှစ်၌ ဆရာတော်သည် နောက်လိုက် ဒကာ, ဒကာမ ၇ဝ-လောက်နှင့်တကွ အိန္ဒိယနိုင်ငံသို့ ကြွရောက်တော်မူလာ၏။ ဆရာတော်သည် ဒကာ,ဒကာမများနှင့်တကွ သာသနာထွန်းကာစဖြစ်နေသည့် အိန္ဒိယနိုင်ငံ တြိပူပြည်နယ်၌ ဘုရားတည်ရန်အတွက် အလှူတော်ငွေများ ကိုလည်း ပေး အပ်လှူဒါန်းခဲ့၏။
ထို့အပြင် ဗုဒ္ဓဂယာရှိ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ပိုင် ကျောင်းတော်ကြီး၌ အိန္ဒိယနိုင်ငံ ရောက် မြန်မာကျောင်းသား ရဟန်းတော် ၂၃၁-ပါးကိုလည်း ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် တစ်ပါးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့ပါသည်။ ဆရာတော်က တပည့်ကျောင်းသားရဟန်းတော်များကို ဤကဲ့သို့ အမိန့်ရှိသေး၏။ ''တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူ ရတာကို ငါ စိတ်မကောင်းဘူးကွာ၊ ဘာ့ကြောင့်လဲဆိုရင် ဒီထက်ပိုပြီးမလှူနိုင်လို့ပဲ၊ ငါ့ တပည့်တွေ ကြိုးစားကြ၊ 'ဒီက ပြန်ရင် နိုင်ငံနှင့်သာသနာကို ဘယ်လိုကျေးဇူးဆပ်မလဲ'လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြ၊ ဒီမေးခွန်းကို မဖြေနိုင်သေးဘူး ဆိုရင်ဒီမှာလာရတာ အကျိုးမများလှဘူး၊ ဒေါ်လာရင်းပြီးတော့ လာကြတာဆိုတော့ ဒေါ်လာနှင့်ထိုက်တန်တဲ့ ပညာကို ရအောင်ယူကြ၊ သာသနာမှာ အလုပ်လုပ်တဲ့လူ နည်းသေးတယ်၊ ဒီကွက်လပ်ကို ငါ့ရှင်တို့က ဖြည့်ဆည်းပေးရမယ်၊ ငါ့တပည့်တွေ ဒီမှာ'ကျောင်းသားအဖွဲ့'ကိုဖွဲ့စည်းကာ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတာကို ကြည့်ပြီး ငါ အတော်လေး အားရကျေနပ်မိတယ်၊ ညီညွတ်ခြင်းရဲ့ ပြယုဂ်ပဲ၊ ငါရှင်တို့လည်း ခြေလှမ်းကြဲကြဲလှမ်းကြ၊ ဒါမှသူများ နောက်မီမှာ၊ နောက်နှစ်နောက်နှစ်တွေမှာလည်း စာသင်သား ရဟန်းတော်တွေ ဘယ်လောက် များများ ငါအနေနဲ့ ထောက်ပံ့သွားဦးမှာပါ''ဟု သြဝါဒစကားကိုလည်း မိန့် တော်မူခဲ့ပါသည်။ ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် မြန်မာကျောင်းသား ရဟန်းတော်များကို နှစ်စဉ် တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့သည်မှာ ၇-နှစ်ရှိသွားပေပြီ။ ''အခြေခံပညာရေးအုတ်မြစ်''ကို တည်ဆောက် နေခြင်းပင်ဖြစ်ပေသည်။
ဆရာတော်၏ lecture
ဆရာတော်သည် စာပေပို့ချလျှင် ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို မှတ်သားဖွယ်များနှင့်တကွ ဝေေ၀ဆာဆာ ပို့ချ၏။ သီတဂူဗုဒ္ဓတက္ကသိုလ်၌ တပည့်ရဟန်းတော်, သီလရှင်ဆရာလေးများကို ဝိသုဒ္ဓိမဂ်၊ မဟာသတိပဋ္ဌာန သုတ်၊ နိကာယ် ကျမ်းကြီးများမှ စင်္ကီ, ရဋ္ဌပါလစသော သင့်လျော်ရာရာ သုတ်များကို ပို့ချ၏။ထိုသို့ပို့ချသည့်အခါ သုတ်တစ်သုတ်၏ ဆိုလိုရင်းအနှစ်ချုပ်, အဓိပ္ပါယ်, ဝါဒန္တရ, အာစရိယဝါဒများကို အဋ္ဌကထာ, ဋီကာအဖွင့်များ နှင့် ရောနှောမွှေနှောက်၍ ပို့ချလေ၏။ တခါတရံ ရာဇဝင်, သာသနာဝင်တို့နှင့် ပတ်သက်သော သမိုင်းဖြစ်စဉ်များကို လည်း ဗုဒ္ဓသာသနိက ပထဝီ(မြေပုံ)ကို ထောက်ပြ၍ ပို့ချ၏။
မိမိသည် ထိုကဲ့သို့ အနှစ်အသားပါလှသော, အာဂမယုတ္တိ သဘာဝယုတ္တိရှိလှသော ''စာပေအယူအဆ'' များကို သိရှိရသောအခါ ''သြော် ဆရာတော်ဟာ အဟောကောင်းရုံ အပြောကောင်းရုံ သက်သက်မျှသာဖြစ်သော ဓမ္မကထိက မဟုတ်၊ တကယ့် နိကာယ်ကျမ်းကြီးများကိုလည်း ကျွမ်းကျင် တတ်မြောက်, ကမ္ဘာ့ဂန္ထ၀င်စာပေများကိုလည်း သိရှိနားလည်သည့် စာဆိုတော် ဓမ္မကထိကပါလား''ဟု စိတ်ထဲမှာ အလိုလို မှတ်ချက်ချမိသည်။
အချို့ဓမ္မကထိကသည် အသံကောင်း၍ အောင်မြင်၏။ အသံတော်ကား နားဝင်ချိုလှရကား ကြားရသူ လူအများ ကြက်သီးမွေးညင်းများပင် ထကြသတတ်။ သူ့ပါရမီနှင့်သူပင်တည်း။ သို့သော်အဆွဲအငင် များလွန်းသည့် အသံကို တော့ ပညာရှိသူတော်ကောင်းများ နှစ်ခြိုက်တော်မမူကြ။ အချို့ကား အပြောကောင်း၍ကျော်ကြား၏။ ဇာတ်နိပါတ်များလာ ဖြစ်စဉ်များကို အလွမ်း, အဆွေးတို့ဖြင့် တန်ဆာဆင်ပြီး ဟောလိုက်ရာ တရားနာသူပရိသတ်များသည် မျက်ရည်များတောင် ယိုစီးကြ သတတ်။ သူ့စန်းနှင့်သူပင်တည်း။ သို့သော် အပိုအဆာ များလွန်းလျှင်ကား လူကြီးလူကောင်းများ နားရှက် တော်မူကြ သည်။
မည်သို့ဖြစ်စေ၊ ဓမ္မကထိကများ သတိထားရမှာကား သီတဂူဆရာတော်ကဲ့သို့ စာပေနှံ့စပ်အောင် ကြိုးစားပြီး ''စာဆိုတော်ဓမ္မကထိက'' ဖြစ်အောင် ကြိုးစားဖို့ပင်တည်း။ သို့မဟုတ်ပါက မင်းပွဲစိုးပွဲများ, နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးပွဲများ၌ ဟောပြောရသည့်အခါ ''အိုးနင်းခွက်နင်း'' ဖြစ်တတ်ပေသည်။ ဆရာတော်သည် ပြည်ပရောက်သည့် အခါမှာလည်း တက္ကသိုလ်ကောလိပ် မြောက်မြားစွာတို့၌ ဆရာများနှင့် ကျောင်းသူ, ကျောင်းသားများကို lecture ပို့ချပေးလေ့ရှိပါသည်။
အိန္ဒိယရောက်ခဲ့စဉ်က နာလန္ဒာတက္ကသိုလ်၌ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ ကိုလည်း သီးသန့် lecture တစ်ခု ပို့ချခဲ့သည်။ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ အထူးနှစ်ခြိုက်သည်ကို တွေ့ရပါသည်။
ဗာရာဏသီမြို့ B. H. U တက္ကသိုလ်ကလည်း ဆရာတော်ကို lecture တစ်ခု ပို့ချပေးဖို့ လျှောက်သေး ၏။ သို့သော် အချိန်မရသဖြင့် ဆရာတော် မပို့ချခဲ့ရပေ။ ယနေ့အိန္ဒိယပြည်ကြီး၌ အထူးကျော်ကြားပြီး နာမည်ကြီးလျက်ရှိသော ပူနေးတက္ကသိုလ်မှ ပါမောက္ခဆရာကြီးတစ်ယောက်ကလည်း ဆရာတော်ကို တက္ကသိုလ်မှာ lecture တစ်ခု ပို့ချပေးဖို့ ကမ်းလှမ်းခဲ့သေး၏။ ထိုလျှောက်ထားချက်ကိုလည်း “နောင်တစ်ခေါက် အဆင်ပြေမည့်အချိန်ကြမှ ပို့ချပေးမည်”ဟု အကြောင်းပြန်ခဲ့ ရပါသည်။
မည်သည့်နေရာရောက်ရောက် ဆရာတော်ကို ပင့်ဖိတ်ချင်သူများကို မြောက်မြားစွာ တွေ့ရပါသည်။ ထို့ကြောင့် ဆရာတော်က ''အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ပေါင်းများစွာကို lecture ပေးဖို့အတွက် အိန္ဒိယကို နောက်တစ်ခေါက် လောက် သီးသန့် လာဦးမယ်ကွာ'' ဟု မိမိကို မိန့်မြွက်တော် မူ၏။ ''ပညာရှိများဟာ မည်သည့်နေရာ ရောက်ရောက် အပူဇော်ခံရတယ်''ဟူသော နီတိဆရာများ၏ အဆိုအမိန့်သည် ပြည်တန်ပတ္တမြားကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်ပါ တကား။
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၄- ၁၀-၂ဝဝ၉)
Posted in: ဆောင်းပါး
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment